ပြည်ပန်းမိုး
ကုလားဘိုတီးနှင့် လှေစီးကဏန်း
ဖောင်းစီးကဏန်းတို့သည် ဖောင်ကိုမစီး၊ လှေကိုသာ စီးကြကုန်၏။
ထိုအခါ “ဖောင်စီးကဏန်း” အမည်ပျောက်ပြီး“လှေစီးကဏန်း” ဘဝသို့ ရောက်တော့၏။
မည်သို့ဆိုစေ မိမိဘဝကို မေ့၍ လှေကိုစီးသောအခါ ကုလားဘိုတီးက လှေစီးကဏန်းဟု ခေါ်လေသည်။ ထို့နောက် အတွဲလိုက်၊ အစုလိုက်၊ အပုံလိုက်ကိုဖမ်းဆီးပြီး ကုလားဘိုတီးက ငါးပိရုံသို့ ပို့သတဲ့။
ပြီးတော့ ကုလားဘိုတီးကပြောသေး၏။
“ကဏန်းတော့ ကဏန်းပဲ၊ အကောင်ကသေးပြီး ပူးနေတော့ ဘရိတ်က သေးတာပေါ့။ ဘရိတ်သေးတော့ ငွေအရနည်းတာပေါ့” တဲ့။
ထို့ကြောင့် ကဏန်းလောက၌ ဖောင်စီးကဏန်း၊ ကဏန်းပျော့ ကဏန်းမာဟူ၍ ကဏန်းအမျိုးမျိုးရှိသည့်အနက် “လှေစီးကဏန်း” လည်း ရှိသေးကြောင်း ကျွန်ုပ်တို့၏ ကုလားဘိုတီးက ဤဝါးတစ်ရာ မြစ်ကြီးအား သက်သေထား၍ ပြဆိုလိုက်ပေအံ့။
ယခုတစ်လော ကုလားဘိုတီး ကျန်းမာရေး သိပ်မကောင်းချင်။ လူရော လှေပါ မုန်တိုင်းမိပြီးကတည်းက ထိတ်ခနဲဆိုလျှင် လန့်ချင်၏။ အိပ်ရာမှ ဖြုန်းခနဲ ထလိုက်လျှင် ခေါင်းထဲ၌ မကြည်တော့။ မူးနောက်နောက်နှင့် ရီဝေနေတတ်သည်။
“မင်းက အရက်သောက်နေကျ အရက်မသောက်တော့ အဲဒီလို ဖြစ်တာပေါ့။ အရင်လို အချမ်းဒဏ် အမောဒဏ်ကို ဘယ်ခံနိုင်တော့မလဲ။ သွေးလည်ပတ်မှုတွေ ထုံထိုင်းသွားတယ်နဲ့ တူတယ်”
ဓားမြဟန် ယောက်ဖကြီးလေ။ သူကတော့ ယခင်အတိုင်း မနက်တစ်ပိုင်း၊ ညနေတစ်ပိုင်း ပုံမှန်သောက်သည်။ အလုပ်ကို ခါတိုင်းလိုပင် လုပ်နိုင် ကိုင်နိုင်သည်။ အမောခံနိုင်သည်။ အကြမ်းခံနိုင်သည်။ ပြီးတော့ အချမ်းခံနိုင်သည်။
“အရေးကြီးတာက လူကသာ အရက်ကို သောက်ပစေ၊ အရက်က လူကို ပြန်သောက်ပြီဆိုရင် မကြာတော့ဘူး၊ သင်္ချိုင်းကုန်းကို မျက်စောင်းထိုးတော့တာပဲ။ မသောက်ရရင် လက်တွေ ခြေတွေတုန်ပြီး ဘာမှမလုပ်နိုင် မကိုင်နိုင်တော့ဘူး။ အချိန်ပြည့် အရက်သောက်ဖို့ပဲ စိတ်ကူးနေတော့တာ။ အဲဒါ အရက်က လူကိုသောက်နေတာကွ။
ဒီလို အဖြစ်မျိုး မရောက်အောင်တော့ ကြပ်ကြပ် ဆင်ခြင်ရမယ်။ ပြီးတော့ သောက်သာသောက် မမူးစေနဲ့၊ မူသားမူး မမှားစေနဲ့တဲ့။ ဒါဟာ အရက်သမားတွေရဲ့ အဘိဓမ္မာပဲ။ တို့လုပ်ငန်းနဲ့ ပတ်သက်ရင်လည်း မူးရင် မြစ်ထဲမဆင်းနဲ့၊ ဆင်းရင် မမူးစေနဲ့တဲ့။ မူးပြီး မြစ်ထဲဆင်းလို့ကတော့ လှိုင်းကမြူး လှေကလူးလူကမူးဆိုရင် သေဖို့သာပြင်ပေတော့။ မူးပြီး ရေထဲထိုးကျသွားတတ်တယ်လေ။ ဒါတွေ မင်းသိပါတယ်ကွာ”
ဓားမြဟန် ယောက်ဖကြီးက သောက်ဖော်သောက်ဖက်တစ်ဦး အလျော့မခံနိုင်၍ပင် ပြောလေသလား၊ ကျန်းမာရေးအတွက်ပင် ပြောလေသလားမသိ။
မှန်သည်၊ သူတို့ကသောက်သည်။ အစားကို ဝအောင် စားသည်။ အလုပ်ကို ကောင်းကောင်းလုပ်သည်။
မည်သို့ဆိုစေ၊ အရက်သမားထုံးစံအတိုင်း အချိန်ကျ၍ မသောက်ရလျှင် တအေ့အေ့နှင့် လေနာ ထသည်။ ထမင်းပင် စားချင်စိတ် မရှိ။
သောက်တုန်းကမူ ထမင်းဆိုလျှင် စားကောင်းသလား မမေးနှင့်။ သောက်စားပြီး အိပ်လိုက်လျှင် သစ်တုံးကြီးတစ်တုံးပမာ တုတ်တုတ်ပင် မလှုပ်တော့။ အိပ်ရာက နိုးသည်နှင့် ဗိုက်က အရမ်းဆာ သည်။ အဆာပြေစားပြီးသည်နှင့် ပိုက်ထမ်း၍ မြစ်ထဲဆင်း၏။ မြစ်ထဲတွင် သီချင်းတကြော်ကြော် သီဆိုပြီး ပိုက်ချရသည်မှာ ပင်ပမ်း၍ ပင်ပမ်းမှန်းပင် မသိ။ ယခုလို ညောင်နာညောင်နာလည်း မဟုတ်။
အသောက်ကို ချင့်ချိန်၍ သောက်သည်။ အစားကို ချင့်ချိန်၍ စားသည်။ ကုလားဘိုတီး အရက်မသောက်ဖြစ်သည်မှာ ရှင်ငြိမ်းသာကြောင့်လည်း ပါသည်။
“ကိုကုလားဘိုတီးရေ ကျုပ်ဘဝမှာ အလိုအပ်ဆုံးဟာ ဘာလဲဆိုတာ ကျုပ်သိသွားပြီ။ ရှင် မုန်တိုင်းမိပြီးကတည်းက ရှင်မရှိရင် ကျုပ် နေလို့မရဘူးဆိုတာ ကျုပ်နားလည်သွားပြီ။ ဒီတော့ ကိုယ့်ကျန်းမာရေးကို ကိုယ် ဂရုစိုက်။ မြစ်ထဲ ဆင်းချင်ဆင်း မဆင်းချင်နေ ကျုပ် ဘာမှ မပြောလိုဘူး။ မရှိရင် ရှိတာရောင်းစားမယ်။ ကျွန်မတို့နှစ်ယောက် ညားပြီးကတည်းက ရှင်ဟာ မြစ်ထဲကကို တက်ရတယ်မရှိဘူး။ အဲဒီ တော့ ရှင့်ကျန်းမာရေးကောင်းအောင် ကောင်းကောင်းအနားယူ၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား။ အိမ်ကနေ ဘယ်မှမသွားနဲ့”
ပြောလည်းပြောသည်၊ အိမ်အလုပ်တွေမှန်သမျှ သူချည်း ဒိုင်ခံလုပ်သည်။ သူ မနိုင်သောကိစ္စဆိုလျှင် သားဖြစ်သူ မောင်တင်ထွန်းကို ခေါ်ခိုင်းတတ်သည်။ သားကလည်း အမေခိုင်းသမျှ မညည်းမညူ လုပ်ကိုင်ပေး၍ တော်တော့သည်။ ကုလားဘိုတီးကိုမူ သူ့မျက်စိအောက်က အပျောက်မခံနိုင်။ ဘယ်ကိုမှ သွားသည်လာသည်ကို သိပ်မကြိုက်တော့။
“ကိုကုလားဘိုတီး ရှင့်ရောဂါက အရက်မသောက်ရတဲ့ ရောဂါနဲ့တူတယ်။ ကိစ္စမရှိဘူး။ ရွှေပြည်တန်ကို မသွားနဲ့၊ ကျုပ်ကိုယ်တိုင်ဝယ် ပေးမယ်။ သောက်ချင်ရင် အိမ်မှာပဲ နည်းနည်းပါးပါးသောက်”
ငယ်လင်ငယ်မယားမို့ ကုလားဘိုတီးအပေါ် ဒေါ်ငြိမ်းသာက အတော်ဂရုစိုက်သည်။ ကြင်နာသည်။
ဟော ယခုတော့ သူကိုယ်တိုင်ပင် တစ်နေ့ကို အရက်တစ်လုံးဝယ်ဝယ်ပေးသည်။ အမြည်းကောင်း ကောင်း လုပ်ပေးသည်။ ထို့ကြောင့် ကုလားဘိုတီး ပါးစပ်မကောင်းတာတွေ ပျောက်ပြီး အခု ကောင်းကောင်းပြန်စားနိုင်သည်။ အားအင်တွေလည်း ပြန်လည် ပြည့်ဖြိုးလာပြီ။ နည်းနည်းသောက်၊ များများစား ကောင်းကောင်းအိပ်။
“ရှင်ငြိမ်းသာရေ မနက်ဖြန်ကျရင် ကိုယ် မြစ်ထဲဆင်းမှနဲ့တူတယ်။ ကိုယ့်ကျန်းမာရေး ကောင်းသွားပြီကွ။ အခု အရင်လို မမောတော့ဘူး။ ကိုယ် တစ်နေ့က မြစ်ထဲဆင်းပြီး လှေစမ်းလှော်ကြည့်တာ အဆင်ပြေသားပဲ”
“နားလက်စနဲ့ နားပါဦးရှင်။ နောက် သုံး လေးရက် နားပြီးမှ အခြေအနေကောင်းရင် ဆင်းတာပေါ့”
“မင်းက ဆင်းတာပေါ့ … ဆင်းတာပေါ့နဲ့။ အခု ခြံထဲကဝက်တွေ လျော့လျော့လာပြီ။ တော်ကြာ ဝက်ခြံတစ်ခြံလုံး ပြုတ်မယ့်ကိန်းပဲ”
“ပြုတ်ပြုတ်တော်၊ တစ်ကောင်မှမကျန်လည်း အေးတာပဲ။ အရေးကြီးတာက တော် ကျန်းကျန်းမာမာနဲ့ ကျုပ် မျက်စိအောက်မှာ ရှိရင်ပြီးတာပဲ။ ပစ္စည်းဆိုတာ ရှိတော့လည်း တန်ဆာပေါ့။ မရှိတော့လည်း ဝမ်းစာပေါ့။ ဘာမှ ပူပန်စရာမလိုဘူး။ သေရင်ကိုယ့်နောက်ကို ဘာမှမပါဘူး။
အခုလို အနားယူနေတုန်း ရွာဦးကျောင်းဆရာတော်ဆီလည်း သွားဦး။ တစ်သက်လုံး အကုသိုလ်အလုပ်တွေချည်း လုပ်လာတာ ကုသိုလ်ကောင်းမှုလေး ဘာလေးလည်း လုပ်ဦး။ မနက်ဖြန်ဥပုသ်နေ့၊ ကျောင်းသွားပြီး ကျွန်မတို့နှစ်ယောက် ဥပုသ်စောင့် သီလယူရမယ်””
“မင်းကပြောတော့ လွယ်တယ်။ ငါက ညစာထမင်း မစားပဲ နေမှ မနေနိုင်တာ။ ဒီတော့ တစ်ထိုင်ဥပုသ်ပဲ ယူရမှာပေါ့”
“တစ်ထိုင်မကလို့ နှစ်ထိုင်ပဲဖြစ်ဖြစ် ရသလောက် စောင့်၊ စောင့်နိုင်ရင် အကျိုးရှိတာပဲ။ အိမ်မှာနေတာထက်စာရင် ကျောင်းမှာနေတာက ကုသိုလ်တွေ ပိုရတာ”
“အေးပါ ရှင်ငြိမ်းသာသဘော၊ စောင့်ဆိုလည်း စောင့်ပါ့မယ်ကွာ”
ရှင်ငြိမ်းသာက ကုလားဘိုတီးစိတ်တွေ မတည်မငြိမ် ဖြစ်နေသည်ကို ထိန်းပေးသည်။ ကုလားဘိုတီး၏ တံငါသည် သက်တမ်းတစ်လျှောက်၌ ဒီလိုအဖြစ်မျိုး မကြုံဘူးချေ။ တံငါသည် ရေနစ်သည့်ကိန်းလေ။
ကြည့်စမ်း … ထိုနေ့က မိုးမှောင်တွေကျပြီး ရုတ်ခြည်း ကောင်းကင်တစ်ခုလုံး နီရဲတက်လာသည်။ ထို့နောက် တဝေါဝေါနှင့် အော်ဟစ်ပြီး မြစ်ပြင်ထက်က ရေနှင့်အတူ အရာဝတ္ထုမှန်သမျှ ချားရဟတ်လို ဝဲလည်ပြီး မိုးပေါ်ပျံတက်သွားသည်။ မိမိလှေမှာလည်း မုန်တိုင်း၏ စုပ်ဆွဲမှုကြောင့် မြင်းပြေးသလို တရိပ်ရိပ်နှင်ပြေးတော့၏။ ထို့ပြင် ပိုက်ထဲ၌ မိနေသော ငါးနှင့်တူသည့်အရာ ဆွဲပြေး၍ လှေမှာ ဤမျှ မြန်ဆန် ခြင်းလည်း ဖြစ်နိုင်၏။ ထို့နောက် လေနှင့်အတူ တဝေါဝေါ အော်သံကြီးသည် နားကွဲမတတ် ကြားရသည်။ ထိုအသံတွေထဲမှ
“မုန်တိုင်းလာ ပြီ ခုန်ချ … ခုန်ချ။ ဟိုး ရေအောက်ရောက်အောင် ငုပ်နေ”
ဟူသော အသံတွေကို ထူးဆန်းစွာ ကြားရသည်။ ထို့ကြောင့် မိမိမှာ သေချင်လည်းသေ ဖြစ်ချင်ရာဖြစ်ဆိုပြီး လှေပေါ်မှ ခုန်ချပြီး ရေထဲသို့ ထိုးငုပ်ပစ်လိုက်သည်။ အတော်မောမှ ရေပေါ်သို့ ဖွားခနဲ ပြန်တက်လာသည်။
ထိုသို့ မလုပ်၍ မရ။ လှေပေါ်၌သာ ထိုင်နေလျှင် လေမုန်တိုင်းထဲသို့ လွင့်မျောပြီး ပါသွားမည်သာ။ ထို့ကြောင့် မိမိအသက်ကို ပဓာနမထားပဲ မုန်တိုင်းနှင့်ပြိုင်ပြီး ရေအောက်သို့ ငုပ်လျှိုးနေသည်။
ရေအောက်၌ တတ်နိုင်သမျှ ကြာအောင်နေပြီးမှ ရေပေါ်သို့ ပေါ်တက်လာသည်။ ထိုအခါ သူနှင့်မလှမ်းမကမ်း၌ မည်းမှောင်နေသော သစ်လုံးကြီးကြီး တစ်လုံးကို လျှပ်စီးအလက်၌ မြင်တွေ့လိုက်ရ၏။
ထိုအခါ မောပမ်းနေသော မိမိအဖို့ ရေဆက်ကူးရန် မလွယ်တော့။ ထို့ကြောင့် အသင့်တွေ့ရသော သစ်လုံးကြီးကြီးပေါ်သို့ ဖက်တွယ်လိုက်ပါလာရင်း လူလည်းမောဟိုက်၍ မေ့မြောသွားလေသည်။ မိမိကိုယ်မိမိ ဝါးတစ်ရာရွာသို့ မည်သို့မည်ပုံ ရောက်လာမှန်းပင်မသိ။ ဓားမြဟန်၏ လှေနှင့်ပင် လာသလိုလို သစ်လုံးစီးပြီးလာသလိုလိုနှင့် စိတ်ထဲ၌ ဝိုးတဝါ ဖြစ်နေသည်။
“ရှင့်ကို ရှင့်ယောက်ဖကယ်လာတာ။ သစ်လုံးကြီးပေါ်မှာ မှောက်လျက်ဖြစ်ပြီး သတိလစ်နေတာတဲ့။ အဲဒါ သူ့လှေပေါ်ကို တွဲတင်ပြီး ရွာရောက်အောင် ခေါ်လာတာ”
ဟု ရှင်ငြိမ်းသာက ရှင်းပြ၍ ယောက်ဖကြီး “ဓား”မြဟန်ကို ကျေးဇူးအထူးတင်ရသေးသည်။ စင်စစ် မိမိ၏အသက်မှာ “ဓား”မြဟန် ကယ်တင်ခဲ့၍သာ ခုလို အသက်ရှင်နေရသည်။
“ဒီတစ်ခါ မြစ်ထဲဆင်းလို့ အဆင်ပြေရင် ငါ့ယောက်ဖကို ကောင်းကောင်း ပြုစုရမယ်”
ဟုလည်း ကုလားဘိုတီး တွေးထားသည်။
ယခု ကုလားဘိုတီးအဖို့ ကျန်းမာရေးလည်း အတော်ကောင်းသွားပြီ။ မနက်ဖြန် ရှင်ငြိမ်းသာနှင့် လိုက်၍ ဘုန်းကြီးကျောင်းသွားမည်၊ ဥပုသ်စောင့် သီလယူမည်။ နောက်တစ်နေ့၌ မြစ်ထဲဆင်းမည်ဟု ကုလားဘိုတီး ဆုံးဖြတ်ချက်ချလိုက်လေသည်။
xxx xxx xxx xxx
ဒီနေ့ ရာသီဥတုကောင်း၍ မိုးလေကင်းစင်သည်။ ဝါးတစ်ရာမြစ်ပြင်၏ ကောင်းကင်သည် ကြည်ကြည်လင်လင် ဖြစ်နေ၏။ မိုးတွင်းကာလပင် ဖြစ်သော်လည်း ဆောင်းဦးပေါက် ပုံသဏ္ဌာန်လို နှင်းမြူတို့ပင် မြစ်ပြင်ကို ခပ်ပါးပါးလေး သိုင်းခြုံထား၏။ ညင်းသွဲ့သောလေပြည်လေးကြောင့် အသက်ရှူ၍ ကောင်းလှ၏။ ကုလားဘိုတီး၏ တစ်ကိုယ်လုံးလည်း လန်းဆန်းတက်ကြွနေသည်။ ထို့ကြောင့် ပိုက်လိပ်ကို ထမ်း၍ လှော်တက်ကို ကိုင်ပြီး မြစ်ဆိပ်ထဲသို့ ဆင်းလာခဲ့လေသည်
“ဟိုက် ဘိုတီးကုလား၊ ကုလား ဘိုတီး သရဲ … သရဲ”
“ဝုန်း… ဖောင်း… ဖောင်း“
“ကီးရော့ ကွတ်.. ကွတ်…ကွတ်”
ရုတ်တရက် မြစ်ကမ်းစပ်အနီး မှ ကြက်တွေထမ်း၍လာသော ကြက်ကုလား ပြန်ဒယားကို ကုလားဘိုတီး လှမ်း၍ မြင်လိုက်ရသည်။
ကြက်ကုလားကြီး ပြန်ဒယားသည် ကုလားဘိုတီးကို မြင်သည် နှင့် “သရဲ … သရဲ” ဟု အော်ပြီး ထွက်ပြေး၏။ ထိုအခါ ခဲတစ်လုံးကို ခလုတ်တိုက်၍ ဟပ်ထိုးလဲကျသွားသည်။ ထို့ကြောင့် သူ့ပခုံးပေါ်၌ ထမ်းထားသော ကြက်ထမ်းကြီးမှာ လွင့်စဉ်ကျသွား၏။ လူတစ်ခြား ကြက်ထမ်းတစ်ခြား ဖြစ်သွား၏။
ထို့ကြောင့် သူ့ထမ်းပိုးနှင့် လျှို၍ ထမ်းထားသော ကြက်တွေမှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပစ်ကျသည်။ ထို့ကြောင့် ကြက်တွေက အလန့်တကြား အော်တော့သည်။ ကြက်တွေမှာ ခြေထောက်များအားလုံးကို ကြိုးနှင့် စုစည်းချည်နှောင်ထားသည်မို့ အခြားသို့ ထွက်မပြေးနိုင်၊ တောင်ပံများ တဖောင်းဖောင်း ရိုက်သဖြင့် အသံပေါင်းစုံတို့ ထွက်ပေါ်လာသည်။
“ဟဲ့… ကြက်ကုလား ပြန်ဒယား နင် ဘာဖြစ်တာလဲ”
“ဘာဖြစ်ဒယ်နော် မမေးနဲ့။ ဘိုတီးကုလားနော် လေမုန်တိုင်းထဲပါသွားပြီး ဒီလို ဒီလိုနော်လည်ဒယ်။ ပြီးတော့ သေဒယ်။ အခုနော် သရဲဖြစ်ဒယ်လို့ ငါ့မီးမနော် ပြောဒယ်။ အခု နင့်ကိုနော် ငါတွေ့ဒယ်။ နင်နော် သရဲမဟုတ်ဘူးဖြစ်ဒယ်။ ငါနော် ဘိုတီးကုလားကိုနော် သရဲမှတ်ပြီး ကြောက်သွားဒယ်။ နင်နော် မသေဘူးဖြစ်ဒယ်။ သရဲနော် အခု မဖြစ်သေးရင် ဘယ်တော့ ဘိုတီးသရဲဖြစ်မှာလဲ။ အားရိုးရိုး … နာလိုက်ဒါ။ ဘိုတီးသရဲ၊ သရဲဘိုတီး … ဟီး … ဟီး”
အရေးထဲမှာ ဒီကြက်ကုလား ငကြောင်က တစ်မျိုး။
ကြက်ကုလား ပြန်ဒယားက သရဲ အရမ်းကြောက်တတ်၏။ ကုလားဘိုတီး မုန်တိုင်းထဲပါသွား၍ သေပြီး သရဲဖြစ်နေသည်ဟု သူ့မိန်းမက ဆိုသည်။ ယခုတစ်လောလည်း ကုလားဘိုတီးက မြစ်ထဲမဆင်းဖြစ်။ ထို့ကြောင့် ကုလားဘိုတီး သေပြီဟု ကြက်ကုလား ပြန်ဒယား ထင်နေ၏။ ယခုလို ဖြုန်းခနဲ ကုလားဘိုတီးကို ပိုက်ထမ်း၍ တွေ့လိုက်ရသောအခါ ကုလား ဘိုတီးသည် သရဲဖြစ်ပြီး သူ့ကို လာခြောက်သည်ဟု ထင်၏။ ထို့ကြောင့် ကြောက်လန့်ပြီး ထွက်ပြေးရာ ခလုတ်တိုက်၍ ချော်လဲခြင်းပင် ဖြစ်လေသည်။
“ဟ ဒီကောင် ဘာတွေ လျှောက်ပြောနေတာလဲ။ မသေလို့ အခုလို မြစ်ထဲဆင်းနိုင်တာပေါ့”
“အာရိုရိုး ငါနော် ဘိုတီးသရဲကို အရမ်းကြောက်သွားဒယ်။ ဘိုတီးနော် လူအစစ်၊ သရဲနော် မဟုတ်ဘူး ဖြစ်ဒယ်”
စိတ်ဆိုးရအခက်၊ ဒေါသဖြစ်ရအခက်။ ကြက်ကုလားပြန်ဒယား၏ သံသယစိတ်ကို ပြေပျောက်အောင် ကုလားဘိုတီးက အတော်ချေဖျက်ရဦးမည် ဖြစ်သည်။
“ကဲ ကိုင်ကြည့် လူမှ လူအစစ်။ ဒီမှာပိုက် ဒီမှာလျှောက်တယ်။ ငါ သရဲ မဖြစ်သေးဘူး။ ငါသာ သရဲဖြစ်ရင် ကြက်ကို အလေးခိုးရောင်းတဲ့ ပြန်ဒယားကို အရင်ဆုံး ကုပ်ချိုးသတ်ပစ်မယ်”
“ဘိုတီးကုလား … ကုလားဘိုတီးနော်။ နင် ဒီလို မပြောနဲ့။ နင် လူဆိုဒါ အခု ငါ ယုံသွားပြီဖြစ်ဒယ်။ နင်နော် ဘိုတီးကုလား သေဒယ်။ သရဲဖြစ်ဒယ်နော်။ ကုလားနော် ဒီဝါးတစ်ရာမှာ မနေဘူး။ ဒီလို ဒီလို ကြက်တွေထမ်းပြီး ဒီလို ပြေးဒယ် … ပြေးဒယ်”
“ကီးရော ကွတ် ကွတ်”
ပြောပြောဆိုဆို ကြက်ကုလား ပြန်ဒယားက သူ့ကြက်တွေကို ဆတ်ခနဲ ဖမ်းယူသည်။ ထို့နောက် ထမ်းပိုး၌ လျှိုထမ်းပြီး ကုလားဘိုတီး ရှေ့က ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးထွက် သွားလေတော့သည်။ ထိုအခါ သူ့ထမ်းပိုးထဲတွင် ကိုးလိုးကန့်လန့်ပါသွားသော ကြက်တွေက တကော်ကော် အော်မြည်၍ ပြန်ဒယား ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားလေတော့သည်။
ကုလားဘိုတီးသည် မိမိ သရဲဖြစ်လျှင် ကုပ်ချိုးသတ်မည်ပြောသဖြင့် ကြောက်လန့်၍ ထွက်ပြေးသွားသော ကြက်ကုလားပြန်ဒယားကို ကြည့်၍ ပြုံးလိုက်မိသည်။
“အင်း တော်တော် သရဲကြောက်တတ်တဲ့ ကောင်ပဲ”
ဟု တွေးနေမိသည်။
မည်သို့ဆိုစေ အသေအချာ စူးစမ်းဆင်ခြင်ခြင်းမရှိပဲ တွေးတောကြောက်ရွံ့ခြင်းသည် အန္တရာယ်ဖြစ်တတ်သည်ကို ကြက်ကုလားပြန်ဒယား နားလည်ပါစေဟုသာ ကုလားဘိုတီးက ဆုတောင်းလိုက်လေတော့သည်။
xxx xxx xxx xxx
“အို ငါးကြင်းတွေဆန်၊ ငါးတန်တွေ အေးဟေ့အေး ၊ ဝါးတစ်ရာ မြစ်အတွင်းမှာ၊ ပေါလှပါပေါ့ အေး ဟေ့အေးလေး”
သံကွဲ သံပြဲကြီးနှင့် သီဆိုလိုက်သော သီချင်းသံမှာ ဝါးတစ်ရာမြစ်အတွင်းကို လွှမ်းခြုံထွက်ပေါ်လာသည်။
ဒီအသံကို ကြားသည်နှင့် “ဟေ့ ဘယ်သူတုံး” ဟု မေးရန်မလို။ ကုလားဘိုတီး၏ အသံဖြစ်ကြောင်း မြစ်တွင်းက ပိုက်သမားများအားလုံး သိပြီးဖြစ်သည်။
မှန်သည်။ ကုလားဘိုတီး မြစ်ထဲသို့ဆင်းပြီး ပိုက်ချပြီ ဖြစ်သည်။ ဒီအသံကိုကြားလျှင် သူရဲ့ရွှေယောက်ဖ ဓားမြဟန်သည် ကြားရာအရပ်က သူ့ထံသို့ အရောက်လာနေကျပင်။ ထို့နောက်
“မဆိုရင် ဘယ်လောက်ပေးရမလဲ။ မလုပ်ပါနဲ့ကွာ၊ မင်းရဲ့ အသံဆိုး အသံကြောင်ကြီးကြောင့် ငါးတွေလန့်ပြေးကုန်ပါ့မယ်။ မြစ်နာတယ်”
ဟု စတတ် နောက်တတ်သော ရွှေယောက်ဖလည်း ဘယ်သို့ရောက်နေပြီ မသိ။ မြစ်ထဲမှ ဆင်းနိုင်ရဲ့လား မည်သည့်နေရာ၌ အသုဘကိစ္စတွေ ပေါ်နေပြီနည်းဟု တွေးပြီး လှေကို မြစ်ကမ်းစပ်မှ ကပ်၍ လှော်ခတ်နေမိသည်။ ပိုက်တစ်ချက် အကွက်မိဖို့ အရေးကြီးသည်။
ဟော ရာသီဥတုက တစ်မျိုးပြောင်းသွားပြန်၏။
ညင်းညင်းသွဲ့သွဲ့ တိုက်ခတ်နေသောလေမှာ ခပ်ကြမ်းကြမ်းလေး တိုက်လာသည်။ လေနှင့်အတူ မိုးစက် မိုးဖွဲလေးတို့က တဖွဲဖွဲနှင့် ကျဆင်းလာသည်။ ရေစီးသည် ညင်ညင်သာသာ စီးဆင်းနေရာမှ တရိပ်ရိပ်နှင့် လျင်မြန်စွာ စီးဆင်းလာသည်။ ဒီရေစီးကို အဖော်ပြုပြီး ပိုက်ချ၍ မျှောလိုက်သွားလျှင် ကောင်းမည်ဟု ကုလားဘိုတီး တွေးနေမိသည်။ ကုလားဘိုတီးက မျှောပိုက်ချရန် နေရာကို စိတ်တိုင်းကျ ရွေးချယ်နေ၏။
မိမိလှေရောက်နေသော နေရာမှာ ရွှေပြည်သာ မြစ်ကူးတံတားကို ကျော်လွန်ပြီး “တက်ဖြိုးဝေ” ရေခဲစက်ကမ်းနဖူးသို့ ရောက်ရှိနေ၏။ တက်ဖြိုးဝေ ရေခဲစက်မှ တစ်ဖက်ကမ်းသို့ လှမ်းမျှော်ကြည့်လိုက်လျှင် ရွှေလင်ပန်းစက်မှုဇုန်ကို မြင်နေရသည်။ ရွှေလင်ပန်း စက်မှုဇုန်ကမ်းနံဘေး၌ ငွေပင်လယ်ငါးလုပ်ငန်းနှင့် အအေးခန်းများ တည်ရှိရာ စက်ရုံကြီးကို လှမ်းမြင်နေရ၏။
ထိုမှ ကျော်လွန်၍ မြစ်အထက်သို့ မျှော်ကြည့်လိုက်လျှင် အင်းစိန်နှင့် လှိုင်သာယာသို့ ဆက်သွယ်ထား သော လှပခံ့ညားသည့် ကြိုးတံတားသစ်ကြီးကိုလည်း အထင်းသား မြင်နေရ၏။ ဝန်းကျင်၏ ကြည်နူးရိပ်သည် ကုလားဘိုတီး၏ ရင်ကို ငြိမ်းချမ်းရပါ၏။
“ဟိုက်… ဘာကောင်တွေလဲဟ”
ကုလားဘိုတီး မျက်လုံးပြူးသွား၏ တသွင်သွင် စီးဆင်းနေသော မြစ်ရေပြင်ထဲက နီနီရဲရဲ အကောင်လေးတွေသည် ကုလားဘိုတီး၏ လှေပေါ်ကို အတင်းဖက်တွယ်၍ အလုအယက်တက်နေကြသည်။
မှန်သည် ရေအစီး၌ အမှိုက်များ၊ ကျူရိုးကျူတံ အကျိုးအပဲ့များပေါ်၌ ဖောင်စီးကဏန်း နီနီရဲရဲလေးများမှာ အုပ်လိုက် အုပ်လိုက် စီးနင်းလိုက်ပါလာကြသည်။ များပြားလှသော ဖောင်စီးကဏန်းတို့မှာ ဘယ်ဘယ်လို မျောလာပြီး ဒီမြစ်ထဲသို့ ရောက်လာကြသည် မသိ။
မြစ်ထဲ၌ ငါးပိုက်ချရန် စီစဉ်နေသော ကုလားဘိုတီး၏လှေကို မြင်သောအခါ သူတို့စီးနင်းလိုက်ပါလာသော အမှိုက်သရိုက်များကို စွန့်ခွာ၍ ကုလားဘိုတီး၏ လှေပေါ်သို့ တွယ်တက်ကြသည်။
ရေစီးသည် ကမ်းနှင့် မလှမ်းမကမ်း၌ရှိသော ကုလားဘိုတီး၏လှေအား ဦးတိုက်စီးဆင်းနေသည်။
ကုလားဘိုတီးကလည်း မြစ်အတွင်း၌ ပိုက်ချရန် လှေကို ထိုးဝါးစိုက်၍ ရပ်တန့်ထားသည်မို့ ဖောင်စီးကဏန်းတို့ လိုက်ပါလာသော ရေစီးကြောင်းတွင် သွားရောက် ပေါင်းဆုံခြင်းပင်ဖြစ်သည်။
“ဟာ ဖောင်စီးကဏန်းတွေပါလား”
ဟု ဆိုပြီး ကုလားဘိုတီးက သူ့လှေပေါ်သို့ တွယ်တက်နေသော ဖောင်စီးကဏန်းများကို ဖယ်ပစ်၏။
သို့ရာတွင် ကဏန်းကောင် နီနီရဲရဲတို့သည် သူတို့ လက်မကလေးများ ထောင်၍ ကုလားဘိုတီးဖယ်နေသည့်ကြားထဲက လှေပေါ်သို့ အုပ်လိုက် ကျင်းလိုက် တွယ်တက်နေကြသည်။
ကုလားဘိုတီးမှာ မြစ်ထဲ၌ ပိုက်ချ၍မရတော့။ လှေဦးစိုက်ထားသော ထိုးဝါးကို ဆွဲနုတ်၍ ရေစီးနှင့်လှော်ခတ်ပြီး ဖောင်စီးကဏန်းများလာရာ လမ်းကြောင်းမှ ပြောင်းဖို့ အသင့်ပြင်သည်။ သို့သော် နောက်ကျသွားပြီ။
ပင်လယ်ရေငန်ပိုင်းရှိ ကျောက်ကြား၊ လွင်ပြင်၌ နေထိုင်ကြသော ဖောင်စီးကဏန်းတို့မှာ ဒီရေရောက်မှုကြောင့် ရေစီးနှင့် မျောပါလာဟန်တူ၏။ တစ်ခါဖူးမျှ ဒီမြစ်ရိုးသို့ ယခုလို အုပ်လိုက် စုန်ဆင်းခြင်းမျိုး မရှိ။ ယခုတော့ မည်သို့ဖြစ်သည်မသိ။
ဝါးတစ်ရာမြစ်ရိုး၌ လေဆင်နှာမောင်း မွှေပြီးကတည်းက ရေစီးကြောင်းပြောင်းသွားသလား။ မုန်တိုင်းနောက်သို့ လိုက်ပါသွားကြသော ကဏန်းကောင်ငယ် များ အုပ်ကျင်းဖွဲ့၍ ပင်လယ်ဘက်မှ ပြန်ဆင်းသက် လာကြသလားကို ကုလားဘိုတီး တွေးရခက်နေသည်။
မည်သို့ဆိုစေ မြစ်အတွင်း၌ ကျရေကို အဖော်ပြု၍ ကျားပိုက်ချနေသော လှေတို့ဆီမှ အသံဗလံတွေ ကြားရ၏။
“ဟာ ဖောင်စီးကဏန်းတွေဟေ့။ ဖမ်းကြ … ဖမ်းကြ။ ရည်ကျိုငါးပိလုပ်တဲ့ဆီ ပြန်ရောင်းလို့ရတယ်”
“ဟား… ဟား… ပျော်စရာကြီး။ ကဏန်းတွေဟာ တစ်ကောင်နဲ့ တစ်ကောင် ပူးကပ်တွဲနေတာ။ အပူးကဏန်းဆိုတော့ အထူးတန်းဝင်မယ့်သဘောပေါ့”
ကဏန်းနီနီရဲရဲတို့သည် တွေ့ရာလှေတွေပေါ်သို့ ဖက်တက်လာကြသည်။ ထို့ကြောင့် လှေပေါ်မှလူတွေက ကဏန်းကောင်းလေးတွေကို ကျုံးပြီး အသင့်ပါလာသော မြွေရေခွံအိတ်များနှင့် ထည့်ကြသည်။ ကျုံးရင်းထည့်ရင်းနှင့် ထည့်၍မနိုင်သလိုပင် ဖြစ်လာသည်။ ကုလားဘိုတီးလည်း ယခုမှ သတိရကာ လှေပေါ်၌ ပစ္စည်းပစ္စယများထည့် ထားသော မြွေရေခွံအိတ်ထဲမှ ပစ္စည်းများကိုသွန်ပြီး လှေပေါ်သို့တွယ်တက်လာသော ကဏန်းအကောင်အတွဲလေးများကို အိတ်ထဲသို့ ကျုံးကျုံးထည့်၏။
ကုလားဘိုတီး၏ အတွေးထဲ၌ မိမိတို့လှေငယ်များမှာ ပင်လယ်ပြင်၏ တစ်နေရာသို့ ရောက်နေသည်ဟု ထင်နေမိသည်။
မှန်သည်၊ ပင်လယ်ပိုင်း၌ ယခုလိုရာသီမျိုးမှာ ပင်လယ်ဖောင်စီးကဏန်း ဆင်းချိန်ပင်။ ထိုအခါ ရေစီးနှင့်ပါလာသော ကဏန်းငယ်များသည် ယခုလိုပင် စက်လှေများ သင်္ဘောကြီးများပေါ်သို့ သူ့ထက်ငါ တွယ်တက်ကြသည်။ အချို့စက်လှေများဆို လှေကိုပင်မမြင်ရတော့ဘဲ ကဏန်းများနှင့် ပြည့်လျှံပြီး တောင်ကြီးတစ်လုံးပမာ မို့တက်နေကာ ကဏန်းလှေကြီးများအဖြစ် လွှမ်းခြုံခြင်းပင် ခံရတတ်၏။
ထိုအခါ စက်လှေပါပျက်စီးပြီး လူတွေဒုက္ခရောက်ကြသည့်အကြောင်း ကုလားဘိုတီး ကြားဖူးနားဝ ရှိသည်။
ယခုလည်း ဝါးတစ်ရာမြစ်ရိုးတစ်လျှောက် ကဏန်းမြစ်ကြီးဖြစ်ပြီး မြစ်တစ်ခုလုံးကို စိုးမိုးမင်းမူနေတော့သည်။ မြစ်တွင်း၌ ရေစီးနှင့် မျောပါလာသော ဒိုက်သရောပုံများပေါ်၌ အလုံးအရင်းနှင့် တွယ်ကပ် ပြီး စီးနင်းလိုက်ပါလာကြသည်။ မြစ်ထဲ၌ ဆိုက်ကပ်ထားသော တံငါလှေ၊ ကျားပိုက်လှေများပေါ်သို့ တွယ်တက်ကြ၏။ ဒီအဖြစ်ကလည်း သိပ်မကြာလိုက်။ တက်ရေငြိမ်သွားသောအခါ မြစ်ထဲမှ ကဏန်းတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားကြသည်။ လှေများပေါ်၌ တွယ်တက်နေသော ကဏန်းများသာ ကျန်ရစ်ခဲ့၏။
ကုလားဘိုတီးက လှေပေါ်သို့ တွယ်တက်လာသော ဖောင်စီးကဏန်းများကို မြွေရေခွံအိတ်ကြီးနှင့် ကျုံးထည့်ရာ အိတ်တစ်လုံးအပြည့်ပင် ရလိုက်သည်။ ရရှိလာသော ကဏန်းအိတ်ကြီးကို သေချာချည်နှောင်ပြီး လှေပေါ်တင်၍ ရည်ကျိုငါးပိပြုလုပ်သော မွန်တင်ရွှေတို့ ငါးပိပွဲရုံသို့ လှော်ခတ်သွားလေတော့သည်။
ကဏန်းငယ်များကို ရည်ကျိုငါးပိပြုလုပ်သောပွဲရုံက ဈေးကောင်းပေး၍ ဝယ်ယူသည်။ ထိုကဏန်းငယ်များကို ရေစင်ကြယ်စွာဆေးကြော၍ သံပရာပိုင်းဒယ်များနှင့် လှော်၏။ ထို့နောက် နေလှန်း၍ ရည်ကျိုငါးပိလုပ်သော ငါးတွေနှင့်ရောပြီး ထောင်းလိုက်သည်။
ငါးပိကို နှပ်ထားလိုက်သောအခါ ငါးပိထဲမှ ထွက်ပေါ်လာသော ငါးငံပြာရည်သည် အလွန်ချိုပြီး အရသာရှိသလို ငါးပိရည်ကျိုမှာလည်း ကျိုလိုက်သည့်အခါ ပျစ်ခဲချိုဆိမ့် မွှေးကြိုင်သော အရသာထူးကို ခံစားရ၏။
မြန်မာနိုင်ငံ၌ ကဏန်းပျော့များကို မွေးမြူထုတ်လုပ်လျက်ရှိရာ သန်လျင်ကျောက်တန်းဒေသတွင် မွေးမြူရေးဇုန်အဖြစ် သတ်မှတ်၍ ကဏန်းပျော့များ စမ်းသပ်မွေးမြူလျက်ရှိ၏။ ကဏန်းပျော့၏ ဈေး ကွက်အခြေအနေမှာ ရိုးရိုးသာမန်ကဏန်းအဖြစ် မွေးမြူလျှင် တစ်ကီလို ကျပ် (၁၅၀၀)သာ ရရှိ၏။ ကဏန်းပျော့အဖြစ် သုံးလခန့် မွေးမြူလိုက်ပါက တစ်ကီလိုကို အမေရိကန်ဒေါ်လာ (၅)ဒေါ်လာအထိ ရရှိနိုင်၏။
အဓိက ပြည်ပဈေးကွက်မှာ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်တို့မှ ဝယ်ယူသည်ဟု သိရှိရ၏။ ထို့ပြင် ကဏန်းပျော့များကို အရှေ့အလယ်ပိုင်းဒေသများသို့လည်း တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရ၏။
မွေးမြူရေး၏ အဓိကကုန်ကြမ်းဖြစ်သော ကဏန်းအမာများကို ဧရာဝတီတိုင်း လပ္ပတ္တာ ဘိုကလေးနှင့် ဖျာပုံစသော အရပ်ဒေသများမှ ဝယ်ယူရရှိသည်။ ၄င်းတို့ကို သန်လျင် မှော်ဝန်းချောင်းမှတစ်ဆင့် ရေငန်များကို သွင်းယူပြီး အခွံချွတ်ရသည်။ ကဏန်းမာများ အခွံကျွတ်၍ ပျော့သွားသောအခါ ရေချိုတွင်းထဲသို့ (၂၄)နာရီအတွင်း ချက်ချင်းထည့်သွင်းရ၏။
ယခုအခါ မွေးမြူရေးဇုန်၌ ကဏန်းအပျော့သာမက ကဏန်းမာများပါ မွေးမြူထားသည်ကို လေ့လာတွေ့ရှိရသည်။ ကဏန်းမာဈေးကွက်မှာ ဂရမ် (၁၅ဝ) အထက်ရှိသော ကဏန်းကြီးများပင် ဖြစ်၏။ ထိုကဏန်းကြီးမျိုးဆိုလျှင် ကဏန်းပျော့အဖြစ် မွေးမြူရန် တွက်ခြေမကိုက်တော့ချေ။ ထို့ကြောင့် အမာအတိုင်းပင် ဈေးကွက်သို့ တင်ပို့ရသည်။ စင်စစ် ကဏန်းပျော့အဖြစ် မွေးမြူသောကဏန်းမှာ အရွယ်အစားအားဖြင့် ဂရမ် (၁ဝဝ) ခန့်ရှိ၏။ ထိုသို့ ကဏန်းကုန်ကြမ်းများရရှိဖို့ လိုအပ်ကြောင်း လေ့လာသိရှိရသည်။
(၂၇-၇-၂၀၀၉ ထုတ် မြန်မာ့အလင်းသတင်းစာမှ အချက် အလက်တို့ကို ထုတ်နုတ်၍ တင်ပြခြင်းဖြစ်၏။)
ကုလားဘိုတီး ကံကောင်းသွားသည်။ ကြံကြံဖန်ဖန် ရုတ်ခြည်း မြစ်အတွင်းသို့ ဝင်ရောက်လာကြသော ကဏန်းတစ်အိတ်ကို ဒိုင်၌သွင်းရာ မပင်ပန်းဘဲနှင့် ငွေလေး ငါးထောင် ပက်ခနဲ ရလိုက်သည်။ ရရှိသော ပိုက်ဆံများကို ကျစ်ကျစ်ပါအောင် သိမ်းဆည်း၍ ရှင်ငြိမ်းသာရှိရာ ဝါးတစ်ရာရွာသို့ လှေကို ဝမ်းသာအားရ လှော်ခတ်လာလေတော့သည်။
“ဘာငါးတွေရပြီး ရောင်းလို့ ဒီငွေတွေရတာလဲ”
“မပြောပါနဲ့ ရှင်ငြိမ်းသာရယ်၊ ငါးရှာထွက်တာ ဖောင်စီးကဏန်းတွေနဲ့ ညားလာတာကွ”
“ကိုဘိုတီးကတော့ လုပ်ပြီ။ ငါးရှာသွားတဲ့ ပိုက်သမား၊ ဖောင်စီးကဏန်းနဲ့ ညားရတယ်လို့ ဟားဟား”
“ဖောင်ကိုစီးတဲ့ ဖောင်စီးကဏန်းမဟုတ်ဘူးဟေ့။ လှေကို အချောင်လာစီးတဲ့ လှေစီးကဏန်းဟ။ ဒီတော့ ကုလားဘိုတီးနဲ့တွေ့ပြီး ငါးပိပွဲရုံကို တိုက်ရိုက်ရောက်သွားတာပေါ့”
ဟု ရယ်မောပြောဆိုပြီး အိမ်ပေါ်တက်သွားလေတော့သည်
“ဝေး… ယောက်ဖကြီး၊ မြစ်ထဲဆင်းတယ်ဆို။ ဘယ့်နှယ် ကဏန်းတွေရတယ်ဆိုတာ ဟုတ်လား”
“ဟုတ်ပါ့။ ခုပဲ ဒိုင်မှာသွင်းပြီး ပြန်လာတာ။ ကဏန်းတော့ ကဏန်း။ သေးတော့ သိပ်ဈေးမကိုက်ဘူး။ “ဘရိတ်”က သေးတာကိုးကွ ဟဲဟဲ”
“အေးကွ၊ သူများတွေ ကဏန်းရတယ်ကြားလို့ ငါလည်း မြစ်ထဲဆင်းရော ဘာကဏန်းမှ မတွေ့ဘူး။ အရက်သမားငဆန်းနဲ့တွေ့လို့ ကမန်းကတန်းလစ်ပြေးလာရတယ်။ ဒီကောင်က မလွယ်ဘူး”
“ဟုတ်လား၊ ဒါဆိုရင် မင်း အရက်ဖိုးမပေးလိုက်ရဘူးပေါ့”
“သူ့ပေးဖို့နေနေသာသာ ကိုယ်တောင် ရွှေပြည်တန်မှာ အကြွေးခံဖို့ စဉ်းစားနေတာ။ ယောက်ဖကြီး ငွေရွှင်တယ်ကြားတော့ တို့သမီးယောက်ဖ ရွှေပြည်တန်သွားဖို့ဟန်ကျသွားတာပေါ့။ ငါအခုပဲ ရေမိုးချိုး ပြီး မင်းဆီ ထွက်လာတာ”
“အေးလေ၊ ငါလည်း မရောက်တာကြာပြီ။ ကဲ.. ရှင်ငြိမ်းသာရေ တို့ကို ကဏန်းဖိုး အဲလေ…တစ်လုံးဖိုးလောက် မစလိုက်ပါကွာ”
ရှင်ငြိမ်းသာက ပြုံးပြုံးရွှင်ရွှင်နှင့် ကြည်ဖြူစွာပင် ငါးရာတန် ငွေစက္ကူတစ်ချပ်ကို ထုတ်ပေးလိုက်၏။ ကုလားဘိုတီးနှင့် “ဓား”မြဟန်တို့ တစ်ဦးနှစ်တစ်ဦး လည်ပင်းဖက်၍ ရွှေပြည်တန် စားသောက်ဆိုင် ဘက်သို့ အားမန်အပြည့် ချီတက်သွားကြလေတော့သည်။
[ဇန်နဝါရီလ၊ ၂၀၁၀ ခုနှစ် သိဒ္ဓိမိုးမဂ္ဂဇင်း]
– ပြီး –
စာရေးသူ – ပြည်ပန်းမိုး
စာစီစာရိုက် – မုဆိုးတံငါစာပေများ