ကေသီ

Posted on

ကေသီ(စ/ဆုံး)

————-

”ကေသီ ဆိုတဲ့နာမည်ကြားလိုက်ကတည်းက
ကျနော်အိပ်လို့မပျော်တော့။

”ငါသိတဲ့ ကေသီများဖြစ်နေမလား”’
အတွေးတွေက ယောက်ယက်ခက်နေသည်။

ဒီနေ့ည အိပ်ယာဝင်မဲ့ဆဲဆဲမှာ အမျိုးသမီးရဲ့
မောင်ဝမ်းကွဲဆီက ဖုန်းလာသည်။

”မမစိုး ကျွန်တော် မိန်းမခိုးလာပြီ…

”ဟယ်… ဟုတ်လား ကောင်မလေးနာမည်ကရော
ဘယ်သူတုန်း..မြို့ပေါ်ကပဲလား…

”မဟုတ်ဖူးဗျ…သူ့နာမည်က ကေသီတဲ့…တောင်သာက..

ကေသီ…တောင်သာ ဆိုတဲ့အသံကြားလိုက်တော့
ကျနော့်တကိုယ်လုံး ဆတ်ကနဲ့ဖြစ်သွားမိသည်။
စပီကာဖွှင့်ပြီး ဖုန်းပြောနေတဲ့အတွက် တဖက်က
အသံကို ကျနော်ပါ ကောင်းကောင်းကြီး ကြားနေရသည်။

”အင်းပါ မနက်ဖြန် မမစိုး လာခဲ့မယ် ဒါပဲနော်..

ကျနော်အမျိုးသမီးက ဖုန်းချလိုက်ပြီး အိပ်ယာထဲက
ကျနော့်ကို…

”အောင်ဇော်လတ် မိန်းမခိုးလာလို့တဲ့မောင်ရေ…လို့ပြောရင်း
အိပ်ယာထဲကို သူမကပါ ဝင်အိပ်လိုက်သည်။

ကျနော့်ဘေးက အမျိုးသမီးက အသက်ရှူသံမှန်မှန်နဲ့
အိပ်ပျော်သွားပေမဲ့ ကျနော်က အိပ်လို့ မပျော်အောင်
ဖြစ်နေသည်။

”တောင်သာမြို့က ကေသီ….

……………………….

အဲဒီအချိန်တုန်းက မန္တလေးမှာ ကျနော်အလုပ်တစ်ခု
လုပ်နေတုန်းကဖြစ်သည်။
တက္ကသိုလ်တတ်တဲ့ အကိုတွေနဲ့ နေရတဲ့အချိန်ကပေါ့။
အဒေါ်တစ်ယောက်ရဲ့အိမ်မှာ ​ေနရင်း အကိုတွေက
ကျောင်းတတ် ၊ကျနော်က ရွာနဲ့မြို့ကို ပြန်လိုက်သွားလိုက်
လုပ်ရင်း…ယောင်ခြောက်ဆယ် လုပ်နေတဲ့အချိန်။

တစ်ရက်ကျတော့ အလုပ်က အပြန် လစာလေးရတာနဲ့
ခေါက်ဆွဲကြော်ဆိုင်က ခေါက်ဆွဲသုံးပွဲဝယ်လာပြီး
လမ်းလျှောက်လာခဲ့သည်။
လမ်းဘေး မီးတိုင်တွေက ဝါကျင့်ကျင့်နဲ့
နီယွန်မီးတွေတောင် ထွန်းထားပြီ။
ကျနော်လုပ်တဲ့အလုပ်နဲ့ နေရတဲ့အဒေါ့်အိမ်က
မိနစ်၂၀လောက်လမ်းလျှောက်ရသည်။
ပြောရရင် နည်းနည်းခေါင်တဲ့ရပ်ကွက်ကလေးပေါ့။

ဒီလို လျှောက်လာရင်းနဲ့ တနေရာရောက်တော့
လမ်းဘေးက ဗာဒံပင်ရဲ့ မှောင်ရိပ်ခပ်ကျကျမှာ
လူသုံးယောက် ရုန်းလားဆွဲလားဖြစ်နေကြတာကို
လမ်းပေါ်ကနေ ခဏရပ်ကြည့်မိပေမဲ့…

”မြို့ပေါ်မှာ ကိုယ်နဲ့မဆိုင်ရင် ဘာမှ ဝင်မရှူပ်ရဘူး…
ဆိုတဲ့ အကိုတွေစကားကို ပြန်ကြားမိပြီး..ကိုယ်လမ်းကို
ဆက်လျှောက်လိုက်သည်။

”အစ်ကို ကယ်ပါအုံး..

မိန်းကလေးတစ်ယောက်ရဲ့ အသံကြောင့်
ကျနော့်ခြေလှမ်းတွေ တုန့်ကနဲ့ဖြစ်သွားသည်။
နေရာကလည်း ရပ်ကွက် ဓမ္မာရုံနားမို့ လူနေအိမ်တွေနဲ့
လှမ်းနေသည်။
​လမ်းပေါ်ကနေ ပြူးပြဲပြီး ကျနော်ကြည့်လိုက်တော့
မိန်းကလေးတစ်ယောက်ကို ကောင်နှစ်ယောက်က
ဆွဲလားရမ်းလား လုပ်နေကြခြင်းဖြစ်သည်။

ကျနော်က သတ္တိမကောင်းပါဘူး။
ဒါပေမဲ့ မိန်းကလေးကို သနားတာနဲ့…
ဟန်ကိုယ့်ဖို့လုပ်ပြီး…ဗာဒံပင်ရိပ်ဆီ ခပ်တည်တည်နဲ့
သွားလိုက်သည်။
မတော်လို့ ဟိုငတိနှစ်ကောင်က ပြန်ဆော်ရင်တော့
ငါတော့သေပြီ..ဆိုပြီးလည်း တွေးလိုက်မိသည်။

”ဟေ့ကောင်တွေ ကောင်မလေးကို လွှတ်လိုက်စမ်း….

ထိန်းပြီးပြောလိုက်ပေမဲ့ ကျနော့်အသံက နည်းနည်းတော့
တုန်ခါနေတယ်လို့ထင်သည်။

”တောက်…နင်သတိထား..

တောက်တစ်ချက်ခေါက်ပြီး မိန်းကလေးကို
ကျိန်းဝါးကာ ငတိနှစ်ယောက်က ထွက်သွားသည်။
ဒီတော့မှ လေပူတစ်ချက် ကျိတ်ပြီး ကျနော် မှုတ်ထုတ်
လိုက်မိသည်။

”ဟူး..တော်ပါသေးရဲ့ တွယ်လို့ကတော့ ငါသေမှာ..

ကျနော့်ကို ရှိန်လို့လား..
ဒါမဟုတ် သူတို့အကြောင်းနဲ့ သူတို့လားတော့မသ်ိ။
ငတိနှစ်ယောက်ထွက်သွားတော့ မိန်းကလေးက
ကျနော့်ကို သူရဲကောင်းကြီးဆန်ဆန်
အလွန်အထင်ကြီးတဲ့ အကြည့်တွေနဲ့ကြည့်ရင်း….

”ကျေးဇူးတင်လိုက်တာ အစ်ကိုရယ်
အစ်ကိုသာ မကူညီရင် ညီမကတော့….ဟင့်

တဆတ်ဆတ်တုန်ရင်း ကြောက်နေရှာတဲ့မိန်းကလေးကို
လမ်းမီးတိုင်အောက် ကိုကျော်ကြီး ကွမ်းယာဆိုင်က
ခုံတန်းလေးပေါ် ထိုင်ခိုင်းလိုက်သည်။
နေ့ဘက်မှာရောင်းပြီး ညဘက်တွေမှာ ဆိုင်ပိတ်ထားတဲ့
ကွမ်းယာဆိုင်လေးဖြစ်သည်။

”မကြောက်တော့နဲ့လေ သူတို့မရှိတော့ပါဘူး…
ဒါနဲ့မင်းက ဒီအချိန်ကြီး ဘာလို့ တစ်ယောက်တည်း
ထွက်လာတာလဲ..ဒီနားက လူပျက်တယ်

”ဟိုလေ ညီမက ဟိုဘက်လမ်းထိပ်က ထမင်းဆိုင်မှာ
ဟင်းသွားဝယ်မလို့ပါ။

ကျနော့်ကို အသေချာကြည့်ရင်း မိန်းကလေးကဖြေသည်။
ဒီတော့မှ မိန်းကလေးမျက်နှာကို ကျနော် ကြည့်မိတော့
ကျနော်မြင်ဖူးသမျှမိန်းမလှတွေထဲက…
လှပါတယ်ဆိုတဲ့ မိန်းမတွေထက် မလျော့တဲ့အလှမျိုး
မိန်းက​လေးမှာ ရှိနေတယ်ဆိုတာ မြင်လိုက်မိသည်။

မျက်လုံးလေးက ဘယ်လို….
နုတ်ခမ်းလေးက ဘယ်ဝါ…ဆိုတာမျိုးတွေ ကျနော်က
မဖွဲ့မနွှဲ့တက်တော့ အတော်လှတဲ့ မိန်းမတစ်ယောက်
လို့ပဲ ပြောရလိမ့်မည်။

”ထမင်းဆိုင်အထိဆို မင်းတစ်ယောက်တည်း
တော်တော်ကြီးလျှောက်ရအုံးမှာ…
ရော့…ခေါက်ဆွဲကြော်ယူသွား….

ကျနော်က လက်ထဲက ခေါက်ဆွဲကြော် သုံးပွဲကို
မိန်းကလေးအား ပေးလိုက်သည်။
မှတ်မှတ်ရရ အဲဒီခေါက်ဆွဲကြော်ဆိုင်က
တခြားဆိုင်တွေလို ဖော့ဗူးနဲ့ မထည့်ပဲ…
ကြာရွက်ကြီးတွေနဲ့ ခေါက်ဆွဲကြော်ကို ထုပ်ပေးတာ။

”မယူပါရစေနဲ့ အစ်ကိုရယ်…

မိန်းကလေးကငြင်းသည်။

”ယူပါကွာ..ငါကလည်း မင်းနောက်ကို ပြန်မလိုက်နိူင်ဘူး…
အိမ်မှာ ငါ့အကိုတွေက မျှော်နေမှာ…

”အဲဆို တစ်ထုပ်ပဲပေးလေ ညီမတစ်ယောက်ပဲစားမှာ..

ကျနော့်လက်ထဲက ခေါက်ဆွဲတစ်ထုပ်ကို ယူရင်း..

”ရော့..အစ်ကို

”အဲတာ ဘာလဲ..

”ခေါက်ဆွဲကြော်ဖိုးလေ…

”နေပါကွာ…ငါသွားပြီ..

မိန်းကလေးကိုင်ထားတဲ့ တစ်ထောင်တန်
ပိုက်ဆံလိပ်ကလေးကို ပြန်တွန်းပို့ရင်း…
ကျနော်ထွက်လာခဲ့သည်။
……………………………

နောက်တစ်နေ့ အလုပ်က ပြန်တော့ ထုံးစံအတိုင်း
ကတ္တရာလမ်းမထက်မှာ နီယွန်မီးတွေ ဖြာဆင်းနေပြီ။

”အစ်ကို….

တွေးရင်း ငေးရင်းလမ်းလျှောက်လာတဲ့ ကျနော်
အသံကြားတဲ့ဖက်ကြည့်လိုက်တော့…ကိုကျော်ကြီး
ကွမ်းယာဆိုင်ဘေးမှာ မနေ့ကတွေ့ခဲ့တဲ့ မိန်းကလေး။

”အစ်ကို ပြန်လာပြီလား…

”မင်း..ဒီနေရာမှာ ဘာလုပ်နေတာလဲ…

ကျနော်က တအံ့တဩနဲ့ မေးလိုက်သည်။

”အစ်ကို့ကိုလာစောင့်နေတာ…

”မင်းတစ်ယောက်တည်းလား…ညဘက်ကြီးကို

သဘောမတွေ့တာကြောင့်ကျနော်က မေးလိုက်မိသည်။

”ညီမအလုပ်က ညဆိုင်းဆင်းရတာအစ်ကိုရဲ့
ဒီနားလေးတင်ပဲ..အစ်ကိုလာမယ်ထင်လို့ ညီမစောင့်နေတာ..ရော့အစ်ကို

ပလက်စတစ်အိပ်အမည်းနဲ့ ထည့်ထားတဲ့…
အထုပ်တစ်ထုပ်ကို ကျနော့်လက်ထဲထည့်ပေးလိုက်သည်။
ယောင်နနနဲ့ ကျနော်ကလည်း ယူလိုက်မိသည်။

”ညီမသွားပြီနော် အစ်ကို…

ပြောရင်း မိန်းကလေးက ကျနော့်ကိုထားပြီး
ထွက်သွားသည်။
ကျနော်သာ အိတ်တစ်အိတ်ကို လက်မှာဆွဲရင်း
လမ်းမထက် မက်တပ်ရပ်ရင်း ကျန်နေခဲ့သည်။

အိမ်ကို ရောက်လို့ ညီအစ်ကိုတတွေ ဖွှင့်ကြည့်လိုက်တော့..
အေးစက်နေတဲ့ ဘီယာပုလင်းတွေနဲ့ ကြက်ကင်တွေကို
တွေ့ရသည်။
ဒီတော့မှ အရင်နေ့က ဖြစ်ပျက်စုံကို ကျနော်က
အကိုတွေကိုပြောပြလိုက်သည်။

”ကောင်မလေးက လှလားကွ…

”တော်တော်ကိုလှတယ်ဗျ…

”ငါတို့ အဆင်ပြေမဲ့ရက် လိုက်ကြည့်မယ်ကွာ…
အားတက်သရော ပြောလိုက်တဲ့ အကိုတွေကို ကျနော်က..

”ဟာဗျာ…သူက ဘယ်နေမှန်းမှ ကျနော်မသိတာ…
နောက်ပြီး နောက်နေ့တွေမှာ တွေ့မယ် မတွေ့ဘူးဆိုတာ
ကျနော်ဘယ်သိမလဲဗျ…

”အေးပါကွာ..လောလောဆယ်တော့ ဒါတွေ
ကစ်ရအောင်…
………………………..

ဒီလိုနဲ့ ကျနော်အလုပ်က ပြန်လာတိုင်း မိန်းကလေးက
စောင့်နေတတ်သည်။
တစ်ပါတ်လောက်နေတော့ ကျနော်နဲ့မိန်းကလေး
တော်တော်ကြီးကို ရင်းနှီးခင်မင်သွားကြသည်။

မိန်းကလေးနာမည်က ကေသီတဲ့။
ညတိုင်းလိုလို ကိုကျော်ကြီးရဲ့ နီယွန်မီးရောင်အောက်က
ကွမ်းယာဆိုင်ခုံတန်းလေးပေါ်ထိုင်ရင်း
ကေသီနဲ့ကျနော် စကားတွေပြောဖြစ်ကြသည်။

”အစ်ကို ပိုက်ဆံတွေဘာတွေ အသုံးလိုရင်ပြောနော်
ကေသီဆီမှာရှိတယ်….

ကေသီစကားကြားတော့ ထောင်းကနဲ့ ကျနော်
ဒေါသဖြစ်သွားမိသည်။
ဒီနေ့အချိန်အထိ ပိုက်ဆံနဲ့ပတ်သက်လာရင်
ဘယ်သူ့ဆီကမှ အလကားသက်သက် အချောင်
မယူဘူးတဲ့အတွက်ကြောင့် ကျနော့်မာနနဲ့ ဂုဏ်သိက္ခာကို
စော်ကားလိုက်သည်လို့ ယူဆသောကြောင့်ဖြစ်သည်။

”မင်းဘာစကားပြောတာလဲ….

အတူထိုင်နေရာကနေ ဝုန်းကနဲ့ထရပ်ရင်း
ကျနော်က အော်လိုက်သည်။

ကျနော့်ပုံစံကြည့်ပြီး ကေသီက ​မျက်လုံးလေးပြူးကာ
ထိတ်လန့်နေသည်။

”နေပါအုံးကွ ငါပုံစံက မိန်းမတွေဆီက
ချူစားတဲ့ ပိုင်းလုံးကောင်ပုံစံဖြစ်နေလို့လား…

”မဟုတ်ပါဘူးအစ်ကိုရယ်.တမျိုးမထင်ပါနဲ့နော်

မျက်ရည်လေးဝိုင်းပြီး ကေသီက ကျနော့်ကို
တောင်းပန်သည်။
အဲဒီအချိန်တုန်းက မျက်ရည်မြင်ရင်သနားစရာလို့
ကျနော်က ထင်နေတဲ့အချိန်။
ခု…နောက်ပိုင်း အရွယ်တခုကို ရောက်လာမှ…
တချို့တွေရဲ့ မျက်ရည်ဟာ လိုသလိုချူလို့ရတဲ့
မျက်ရည်တု မျက်ရည်အပေါစား..
ချူဆီတွေမှန်းနားလည်လာရသည်။

”မငိုပါနဲ့ကေသီ…ကျနော့်ကို ကေသီ အထင်သေးလို့
ပြောတယ်ဆိုပြီး စိတ်ဆိုးသွားလို့ပါ…

”စတွေ့ကတည်းက အစ်ကို့ကို ကေသီက အထင်ကြီးတာ..

နီယွန်မီးရောင်အောက်မှာ အရောင်တွေ တဖျက်ဖျက်
လက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်ရင်း
ကေသီက ကျနော့်ကိုပြောသည်။

”အဲတာဆို ဘာကိုကြည့်ပြီး ကျနော့်ကို ငွေစကား
ပြောတာလဲ ကေသီ…..

”အစ်ကို စိတ်မဆိုးရဘူးနော်…

မျက်လွှာလေးချပြီး ကေသီကပြောသည်။

”အစ်ကိုနဲ့ကေသီတွေ့တာ ဒီညနဲ့ဆို ရှစ်ရက်ရှိပြီ…
အဲတာ..အစ်ကို……

ကေသီက စကားကို မဆက်ပဲ ပြုံးစစနဲ့ ကျနော့်ကို
ကြည့်နေသည်။

”အင်း..ပြောပါအုံး ရှစ်ရက်ရှိတော့ ဘာဖြစ်လဲ…

”စိတ်မဆိုးရဘူးနော်..အစ်ကို…

”အေးပါကွာ..ပြောစမ်းပါ…

ကျနော်က ရယ်ပြီးပြောမှ…

”ဟိုလေ..ရှစ်ရက်သာရှိလာတယ်…အစ်ကိုဝတ်တဲ့
ဘောင်းဘီ…ပုဆိုးနဲ့ အကျင်္ီတွေက ငါးစုံတည်းရယ်…
အဲတာကြောင့် အစ်ကို အဆင်မပြေလို့ အဝတ်စား
မဝယ်တာနေမှာဆိုပြီး ကေသီက တွေးမိလို့
ပိုက်ဆံကြောင်းပြောလိုက်မိတာ….

ကေသီပြောလိုက်မှ ကျနော် တော်တော်ကြီးကို
ရှက်သွားမိသည်။
ဟုတ်ပါသည် ကျနော့်မှာ ဝတ်စရာဆိုလို့
ဒီငါးစုံပဲရှိသည်။
အကိုတွေ အဝတ်စား ယူဝတ်ရအောင်လည်း
ကျနော့်ထက် ဆိုဒ်ကြီးတဲ့သူနဲ့ ဆိုဒ်သေးသူတွေ။
ဆိုဒ်တူ ဂိုက်တူကမရှိတော့..
ဘယ်လိုမှ အဆင်မပြေ။

မိန်းမတစ်ယောက်က ခုလိုကြီး ပြောလိုက်တော့
သိမ်ငယ်သွားတာလား….
ရှက်တာလားတော့မသိ…
ကျနော်ပြန်တော့မယ်ဆိုပြီး…ကေသီအနားက
အမြန်ထွက်လာခဲ့မိသည်။

ကျနော့်ရဲ့ လူပျိုဘဝ အဲလို တောက်ပြောင်ခဲ့တာ။
………………………….

”ရော့ အစ်ကို…

စက္ကူပုံးလေးတစ်ခုကို ကေသီက ကျနော့်ကိုပေးသည်။

”ဘာတွေလဲ ….

”အစ်ကို့အတွက် ပုဆိုး နဲ့ အကျင်္ီ…ဘောင်းဘီကတော့
အစ်ကို နံပါတ်ဘယ်လောက်ဝတ်လဲ ကေသီမသိလို့…

”ကျနော်မယူချင်ပါဘူး ကေသီ
ဒီနေ့အထိ ဘယ်သူ့ဆီကမှ ကျနော်
အကြောင်းမဲ့သက်သက် ဘာပစ္စည်းမှ မယူဖူးဘူး။
ကျနော့်ကို ခင်ရင် နောက်ဒါမျိုး မလုပ်ပါနဲ့…

ခပ်မာမာနဲ့ ကျနော်ကပြောလိုက်တော့….

”ကေသီက အစ်ကို့ကို အစ်ကိုတစ်ယောက်လို
သဘောထားပြီးဝယ်ပေးတာပါ….
ကေသီကို ညီမလေးလို သဘောထားရင် အစ်ကိုယူ…

”မယူချင်ပါဘူးကွာ….

စက္ကူပုံးကို ထိုင်နေတဲ့ ကေသီပေါင်ပေါ် ကျနော်က
ပြန်တင်လိုက်သည်။

”ဒါဆို ဒီလိုလုပ် အစ်ကိုက ကေသီဆီက အလကား
ယူတယ်မဖြစ်ရအောင်…ကေသီကို တစ်ခုခု
ပြန်ဝယ်ပေးလေ….မကောင်းဘူးလား….

”အဲလိုကျတော့လဲ…အဝှာလေ…ဟို…..

သုံးစရာတောင်မလောက်လို့ ဟိုအကိုဆီက ဆွဲသုံး
ဒီအကိုဆီက ဆွဲယူ လုပ်နေရတဲ့ကျနော်က…
ဘယ်မှာလာပြီး ကေသီကို တစ်ခုခုဝယ်ပေးနိူင်မလဲ။

”စ တာပါ အစ်ကိုရယ် …ယူနော်

ကျနော့်ပုံစံကိုကြည့်ပြီး ကေသီက ရယ်သည်။
………………………………..

”မင်းနဲ့ ကေသီဆိုတဲ့ ကောင်မလေးက ရိုးရော
ရိုးကြသေးလားကွာ…..

”ဟာ..ရိုးရိုးသားသားပါဗျ..ဒီနေ့အထိ ကျနော်က
သူ့အပေါ်ဘာမှ မရိုးမသားမလုပ်သလို….
သူကလည်း မရိုးသားတဲ့ အရိပ်အယောင်တောင်
ကျနော့်ကိုမပြပါဘူးဗျာ…

ကေသီနဲ့ကျနော့်ကို အကိုတွေက ဝိုင်းပြီး စ ကြသည်။
ဒါပေမဲ့ ခုထိတော့ သူတို့အားလုံး ကေသီကို မမြင်ဘူးကြ။

နောက်နေ့ည ကျနော်ပြန်လာတော့ ကိုကျော်ကြီးရဲ့
ကွမ်းယာဆိုင်က ခုံတန်းလေးပေါ်မှာ ကေသီကိုမတွေ့ရ။
ဒီတင် ကျနော်တစ်ယောက်တည်း ခုံတန်းလေးပေါ်ထိုင်ရင်း
ကေသီကို မျှော်နေမိသည်။
ရင်ထဲမှာလည်း ဟာတာတာကြီးနဲ့ ဘာလိုလို့
လိုနေမှန်းမသိ။
အချိန်တော်တော်ကြာအောင် ထိုင်ပြီးမှ…
ကျနော် နီယွန်မီးရောင်အောက်က ခုံတန်းလေးကို
ကျောခိုင်းပြီး ပြန်လာခဲ့သည်။

နောက်တစ်နေ့ညကျတော့လည်း ခုံတန်းလေးပေါ်မှာ
ကေသီကို မတွေ့ရ။

”ကေသီ ဘာများဖြစ်နေလို့ပါလိမ့်….

ကေသီနေတဲ့ နေရာကို မမေးမိတဲ့အတွက်
ကျနော့်ကိုယ်ကျနော် မကျေမနပ်ဖြစ်ရသည်။
……………………….

”အစ်ကို….

ကွမ်းယာဆိုင်လေးနား ကျနော်မရောက်ခင်ကတည်းက
အပြေးလေးလာပြီး ကေသီက ကျနော့်ကိုကြိုသည်။
ကျနော်ကလည်း ကေသီရဲ့ ခေါင်းက ဆံပင်လေးတွေကို
ခပ်ကြမ်းကြမ်းပွတ်ရင်း…..

”အရင်ညတွေက ဘယ်သွားနေတာလဲ..ပြော

”အစ်ကိုက ကေသီကို မျှော်နေတာလား…

ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကေသီကမေးသည်။

”စိတ်ပူတာပေါ့ ဘယ်များသွားလဲလို့….

ကျနော်ပြောလိုက်တော့ မျက်နှာလေးညှိုးသွားပြီး….

”’ကေသီ အိမ်ကို အရွဲ့တိုက်ခဲ့မိတာ နောင်တ
သိပ်ရတာပဲအစ်ကိုရယ်…

”ဟင်..ဘာပြောတာလဲ ကေသီ..

ဒီတော့မှ ဖျက်ကနဲ့ ပြုံးပြီး ကေသီက..

”ဘာမှမဟုတ်ပါဘူး အစ်ကိုရယ်…အရင်နှစ်ရက်က
ကေသီနေမကောင်းလို့ အလုပ်မလာနိုင်တာပါ…

”အော်..အဲလိုလား…ဒါဆို ကေသီလိပ်စာ ကျနော့်ကို
ပေးထားလေ…ခုလိုမျိုးဆို သတင်းလေးဘာလေး
မေးရတာပေါ့….

ကျနော်က ကေသီဆီ သူမနေထိုင်တဲ့ လိပ်စာကို
တောင်းလိုက်သည်။

”အို…အစ်ကိုကလည်း နောက်ဆို ကေသီက ခုလို
မဖြစ်တော့ပါဘူးနော်…

လိပ်စာမပေးချင်လို့ ပြောမှန်းသိတဲ့အတွက်
ကျနော်က ထက်ပြီး အတွန့်မတက်ဖြစ်တော့ပါဘူး။
ဒီလိုပဲ နီယွန်မီးရောင်အောက်က ခုံတန်းလေးပေါ်
ထိုင်ရင်း ကေသီနဲ့ကျနော် အရင်ညတွေကလို
စကားတွေပြောဖြစ်ခဲ့ကြသည်။
……………………………….

”မင်း ငါတို့နဲ့ လိုက်ခဲ့အုံး…

အကိုသုံးယောက်က အလုပ်သွားဖို့ အပြင်နေတဲ့
ကျနော့်ကို လမ်းထိပ် လက်ဖက်ရည်ဆိုင်ဆီ ခေါ်လာ
ခဲ့ကြသည်။

”ငါတို့ ဒီမယ်ဟေ့..

ဆိုင်ထဲရောက်တော့ အရင်ရောက်နှင့်နေတဲ့
လူငယ်နှစ်ယောက် ကျနော်တို့ကို လှမ်းပြီး
အသံပေးသည်။
ဒါနဲ့ပဲ သူတို့ ဝိုင်းဆီကို ကျနော်တို့က သွားလိုက်သည်။
ဒီလူငယ်နှစ်ယောက်ကို ကျနော်ကမသိပေမင့်
ကျနော့်အကိုတွေရဲ့ ဘော်ဒါဖြစ်လိမ့်မယ်လို့
တွေးလိုက်မိသည်။

”ဆောရီး လန်ဘားရာ..နည်းနည်းနောက်ကျသွားတယ်..

ကျနော့်အကိုက ရှည်ကိုင်းကိုင်းနဲ့လူငယ်ကို
ပြောလိုက်သည်။

”ရပါတယ်ကွာ…ငါတို့လည်း မကြာသေးပါဘူး…

အီကြာကွေးချောင်းကို လက်ဖက်ရည်ခွက်ထဲ
နှစ်ရင်း လန်ဘားဆိုသူက ပြောလိုက်သည်။

”ငါ့ညီ မင်းတို့ကို သိလား….

ဆံပင်ကို အရှည်ထားပြီး အလယ်ခွဲထားတဲ့
လူငယ်က ကျနော့်ကို ကြည့်ပြီးမေးသည်။

”မသိဘူးဗျ . ….

ကျနော်က မသိတဲ့အကြောင်းပြောတော့
အဲဒီလူငယ်ကပဲ. ..

”ငါတို့ကတော့ မင်းကိုသိတယ်….ဇော်မင်းထွေးတို့..
ဇင်နိူင်ဦးတို့ ညီဆိုတာလဲသိတယ်…

”အော်. ဟုတ်လား..ကျနော်က အကိုတို့ မသိဘူးဗျ…

ပြုံးပြရင်း ကျနော် ဖြေလိုက်သည်။

”မင်း ပြီးခဲ့ ရက်နှစ်ဆယ်လောက်တုန်းက…
ဓမ္မာရုံဘေးကမှောက်ရိပ်မှာ ကောင်မတစ်ယောက်နဲ့
ပြဿနာဖြစ်နေတာသိလား….

”ဗျာ…

”အဲတုန်းက ဘဲနှစ်ယောက်က ငါတို့ နှစ်ယောက်ပဲ….

ကေသီကို စော်ကားမော်ကားလုပ်တာ ဒီကောင်တွေဆိုတာ
သိလိုက်တာနဲ့ လက်သီးကို ကျစ်ကျစ်မြည်အောင်
ကျနော်ဆုပ်လိုက်မိသည်။

”ဟေ့ကောင် ဇော်မင်းထွေး မင်းညီဖြစ်သွားတာလဲ
ကြည့်အုံး…ဟားဟား..

လန်ဘားတို့က ကျနော့်ကိုကြည့်ပြီး ရယ်ကြသည်။

”အဲဒီညက မင်းငါတို့ဆီကိုလာတော့ မင်းကို
ဒီကောင်တွေညီမှန်းသိလို့ ငါတို့က ရှောင်သွားတာ….

ဆံပင်လယ်ခွဲနဲ့ကောင်ပြောမှ ထိုညက သူတို့
ကျနော့်ကို ဘာမှမလုပ်ပဲ ရှောင်သွားမှန်းသိရသည်။

”ခု မင်းက အဲဒီကောင်မနဲ့ တွဲနေတာ ငါတို့သိတယ်…
သူ့ကို မင်း ဘယ်လိုထင်လဲ….

လန်ဘားစကားကို မဖြေပဲ ကျနော်က ရှုတင်းတင်း
ပြန်ကြည့်နေလိုက်သည်။

”အဲဆော်က လိုင်းထဲက ငါတို့ချနေကျ ကောင်မ….

”ဘာကွ….

စားပွဲကို ဒုန်းကနဲ့ထုပြီး ကျနော်က ထရပ်လိုက်သည်။
ဆိုင်ထဲကလူတွေ အားလုံးက ကျနော်တို့ ဝိုင်းက်ို
ကြည့်နေကြသည်။

”ဇင်နိူင်ဦး မင်းညီထိန်းအုံး…

လန်ဘားကပြောသည်။

”ငယ်လေး ပြန်ထိုင်စမ်း…..

ကျနော့်အကိုက ခပ်မာမာ ပြောလိုက်တော့
မျက်ရည်တွေ တတောက်တောက်ကျရင်း အံကျိတ်
ထားလိုက်မိသည်။

”မင်းမယုံရင် အဲကောင်မကို မေးကြည့်လိုက် ငါ့ညီ…
အဲဒီညကလည်း ငါတို့က သူကို ချိတ်ပြီးသား….
တွေ့ကျတော့မှ နေမကောင်းလို့ပါ ဘာညာပြောပြီး
မလိုက်ဖူးလုပ်လို့ ငါတို့ ကွိုင်တတ်ကြတာ…
မင်းကို ယောကျ်ားချင်း ကိုယ်ချင်းစာလို့…
ငါတို့က သတိပေးတာ….
ကျန်တာတော့ မင်းအပိုင်းပဲ ညီလေး….

လန်းဘားက ကျနော့်ပခုံးကို ပုတ်ရင်းပြောသည်။

ထိုနေ့က တစ်နေ့လုံး အလုပ်ထဲမှာ စိတ်မဝင်စားပဲ
အလုပ်ဆင်းချိန် ရောက်ဖို့ကိုပဲ စိတ်စောနေမိသည်။

အဲဒီညက နီယွန်မီးရောင်တွေက ခါတိုင်းလို
လင်းလင်းချင်းချင်းမရှိပဲ မှုန်ဝါးဝါးဆန်နေသည်။
အသေချာကြည့်တော့မှ ကျနော့် မျက်လုံးအိမ်ထဲက
ဝဲတတ်နေတဲ့ မျက်ရည်တွေကြောင့် မှုန်ဝါးနေမှန်း
သတ်ိပြုမိသည်။
စို့တတ်နေတဲ့ မျက်ရည်တွေကို အကျင်္ီလက်ဖမိုးနဲ့
ခပ်ကြမ်းကြမ်း သုတ်ရင်း….ကွမ်းယာဆိုင်က
ခုန်တန်းလေးဆီ ကျနော် အမြန်လျှောက်လာခဲ့သည်။

”အစ်ကို ….

ခါတိုင်း ညတွေကလိုပဲ ကေသီက ကျနော့်ကို
နုတ်ဆက်သည်။

”မင်းငါ့ကို ဘာလို့ အရူးလုပ်နေတာလဲ ……..

ကေသီပခုံးနှစ်ဖက်ကို တအားဆုပ်ကိုင် လှုပ်ယမ်းရင်း
ကျနော်က ေအာ်လိုက်သည်။

”အစ်ကို….

ကေသီက ပြန်အော်သည်။

”အစ်ကို့ကို ကျွန်မအထင်ကြီးထားတာ အလကားပါလား..
အစ်ကိုလည်း တခြားကောင်တွေလို အားနွဲ့တဲ့ မိန်းမတွေကို
ဒီလို အကြမ်းဖက်တာပဲလား….
နောက်ပြီး စ တွေ့ကတည်းက ဒီနေ့အထိ အစ်ကို့ကို
ကေသီက ဘာတွေများ လုပ်ခဲ့လို့လည်း…
ပြောလေ အစ်ကို…..အဟင့် ဟင့်…

ပြောရင်း ကေသီက ခုံတန်းလေးပေါ်ထိုင်ရင်း…
တရှူံ့ရှူံ့နဲ့ ငိုချလ်ိုက်သည်။
ဒီတော့မှ မိန်းကလေးတစ်ယောက်အပေါ်
လွန်သွားမှန်း ကျနော့်ကိုယ်ကျနော် သိလိုက်သည်။

”သူမှ ခုထိ ငါ့အပေါ် ဘာမှမလုပ်သေးတာပဲ…
ဆိုတဲ့ အတွေးကိုလည်း တွေးလိုက်မိသည်။

”ကေသီ…ညီမက…

စကားမဆက်နိုင်တဲ့ကျနော့်ကို အလန့်တကြားနဲ့
ကေသီက မော့ကြည့်သည်။

”အစ်ကို သိသွားပြီပေါ့နော်…..

ပြောရင်း သဲသဲမည်းမည်းကို ကေသီက ငိုတော့သည်။

”ဟုတ်ပါတယ်…ကေသီက အပျက်မပါ….
ယောကျ်ားတကာနဲ့ အိပ်တဲ့ အပျက်မပါအစ်ကို….

”’တော်ပါတော့….တော်ပါတော့ကွာ…

မကြားရက်စရာ…
မကြားဝံ့စရာ စကားတွေမို့ ငိုသံပါကြီးနဲ့
ကျနော်က ပြောလိုက်မိသည်။

”အစ်ကိုကို့ နုတ်ဆက်ချင်လို့ ကေသီစောင့်နေတာ….

”နုတ်ဆက်ချင်လို့….

ကျနော်က ကေသီစကားကို သံယောင်လိုက်ပြီး
ပြောလိုက်သည်။

”အမှန်တိုင်းပြောရရင် ကေသီဘဝကို
အစ်ကိုမသိစေချင်ဘူး….
အစ်ကိုသိသွားမှာလဲ ကေသီကြောက်တယ်…
ခု…နုတ်ဆက်ဖို့ဆိုတာကလည်း ကေသီ မွေးရပ်ကို
ပြန်တော့မယ်လို့ နုတ်ဆက်မလို့ပါ။
ကေသီမိဘတွေက ပိုက်ဆံရှိတယ်အစ်ကိုရဲ့….
မိဘတွေကို အရွဲ့တိုက်ရင်း အလုပ်လုပ်မယ်ဆိုပြီး
ရွာကိုလာတဲ့ မိန်းမကြီးတစ်ယောက်နဲ့ ကေသီအပါ၊
မိန်းကလေးသုံးယောက် အိမ်ကမသိပဲခိုးလိုက်ခဲ့ကြတာ…
ပထမတော့ တရုတ်နယ်စပ်က တရုတ်အဖိုးကြီး
တစ်ယောက်ဆီမှာ အငှားမယားအဖြစ် ကေသီ
ရောင်းစားခံရတယ်…ခြောက်လလောက်နေတော့
နယ်စပ်ကနေ ခိုးပြေးလာပြီး မန်းလေးဘက်ကို
တက္ကစီငှားစီးရင်း ကားပေါ်က ဒရိုင်ဘာ လင်မယားကို
ကေသီအကြောင်းပြောပြီး တောင်သာကို လိုက်ပို့ပေးဖို့
ပြောတယ်။သူတို့ကလည်း စိတ်ချညီမလေးတဲ့…
ကူညီမယ်ဆိုပြီး ခု ဒီနေရာက ဖာတန်းမှာ ပြန်ရောင်းစား
ခဲ့ကြတယ်…..ညီမက လော်လည်ပြီး တဏှာရူးနေတဲ့
မိန်းမမျိုးလို့ အစ်ကိုထင်နေတာလား…ပြောလေ..

ကျနော့်ရင်ဘတ်ကို ကေသီက သူ့လက်သီးဆုပ်လေး
တွေနဲ့ထုရင်း ငိုသည်။

”ခုရော….ဘာလို့မွေးမြေကို ပြန်မှာလဲဟင်…

တုန်အက်နေတဲ့ အသံနဲ့ ကျနော်က မေးလိုက်သည်။

”နားနဲ့မနာ ဖဝါးနဲ့နာပါအစ်ကို….ခု ကေသီမှာ
ကလေးရှိနေလို့ပါ……

”ဟင်…သူ့အဖေက ဘယ်သူလဲ ကေသီ…

ကျနော့် စကားကြားတော့ ကေသီက မဲ့ကနဲ့
တချက်ရယ်လိုက်ပြီး…

”ဟင်း..ဟင်း..အစ်ကိုရယ် ကေသီလို အပျက်မက
ဘယ်လိုလုပ် ကလေးအဖေပေါ်မှာလဲ….

”ဟာ….

ကျနော့် စိတ်ထဲမှာ နင့်ပြီး အတော်ကြီး ခံစားလိုက်သည်။

”ကေသီဘဝက မထူးတော့ဘူးအစ်ကို လုံးဝ စုတ်ပြက်
သတ်သွားပြီ…ဒါပေမဲ့ ကေသီ ဗိုက်ထဲက ဘာမှမသိတဲ့
ကလေးလေးကိုတော့ ကေသီသနားတယ်…
ဖျက်လည်းမချရက်ဘူး။
ဒီကလေးလေး ကေသီမှာရှိနေပြီလို့ သိလိုက်ရတော့မှ
မိဘတွေရဲ့မေတ္တာကို ကေသီခံစားမိလာတာ။
ခုဆို ကေသီ အိမ်ကထွက်လာတာ သုံးနှစ်ကျော်နေပြီ…
အဖေနဲ့အမေက ကေသီကို မျှော်နေရှာမှာ….
အစ်ကိုလည်း နောက်ကြုံရင် ကေသီတို့ဆီ ဝင်လည်နော်..

တောင်သာမြို့နယ်ထဲက ရွာလေးတစ်ရွာရဲ့နာမည်ကို
ကေသီက ကျနော့်ကိုပြောပြသည်။

”ကေသီနုတ်ဆက်ခဲ့တယ်နော် အစ်ကို….
အစ်ကိုနဲ့ စကားတွေပြောခဲ့တဲ့
နီယွန်မီးရောင်အောက်က ဟောဒီခုံတန်းလေးနဲ့ အစ်ကို့ကို
တစ်သက်လုံး ကေသီသတိရနေမှာ….

ပြောပြီးတာနဲ့ ကျနော့်အနားကနေ
ကေသီက ပြေးထွက်သွားသည်။
ဝူးကနဲ့ဖျက်မောင်းသွားတဲ့ လမ်းပေါ်က
ကုန်တင်ကားကြီးရဲ့အောက်မှာ ကျနော့်နှလုံးသားက
ဖြုတ်ကနဲ့ခုန်ထွက်သွားပြီး အကျိတ်ခံလိုက်ရလို…
နာနာကျင်ကျင် ခံစားလိုက်ရသည်။

နှစ်တွေသာကြာခဲ့ပေမဲ့ ကေသီပြောတဲ့ တောင်သာနယ်ထဲက
ရွာလေးကိုတော့ ကျနော် မသွားဖြစ်ခဲ့။

”ခုရော…ကေသီ ဘာလုပ်နေမလဲ…
သူကလေးလေးလဲ အရွယ်ရောက်ရောပေါ့…..
……………….

တခါမှ ဒီအကြောင်းကို ပြောမပြခဲ့မိတဲ့အတွက်
ကျနော့်အမျိုးသမီးမေစိုးကို ဒီနေရာကနေ
ကျနော်တောင်းပန်ပါတယ်။
အပျက်မလေးဆိုပေမဲ့ ကေသီနဲ့မောင်…ဘာမှ
မဘာခဲ့ပါဘူးဆိုတာ…ယုံစေချင်ပါတယ်…😔😔

#ပီယ_ရွှေညာမြေ