ကျွန်မအိမ်ကဘယ်မှာလဲ(စ/ဆုံး)
——————————–
“အမေ အမေ သမီးပြန်လာပြီ”
နားထဲတွင် ချိုမာလွင်၏အသံကို ကြားနေရသည်။ အိမ်မက်လေလားဟု ဒေါ်ညိုမြစိတ်တွင် အထင်ရှိတုန်း
“အမေ အမေ သမီးပြန်လာပြီ “ဝင်းတံခါးကိုဆွဲဖွင့်ပြီး အိမ်ဝိုင်းထဲဝင်လာချိန်တွင် အိပ်နေရာက ဖြတ်ခနဲအထတွင် ခေါင်းမိုက်ခနဲမူးသွား၏။
အမေ့ဘေးမှာအိပ်နေသော အဖေသည် အမေကိုထိန်းပေးလိုက်ကာ
“ဟယ် ပြန်လာမယ်ဆိုကြိုမပြောဘူး အမေမှာ ညည်းအသံကြားပြီး လန့်သွားတာပဲ” အိမ်ကိုပြန်လာခဲ့မည်ဟု ကြိုမပြောထားသောကြောင့် အမေသည်စိုးရိမ်စိတ်တဝက်ဖြင့် ချိုမာလွင်ကို ဝမ်းသာအားရ ထွေးဖက်ထားလိုက်၏။
“အမေ အံ့သြဝမ်းသာသွားအောင်လို့ ကြိုမပြောပဲ ပြန်လာခဲ့လိုက်တာ”
“ညည်းနှယ်အေ အမေ့မှာသွေးတိုးရှိတာ တော်သေးလို့ မူးရုံမို့ရယ် “အမေ့ရင်ခွင်လေးထဲကို ပြေးဝင်လိုက်ရတော့ ဝေးကွာနေသည့်ရက်များအတွင်း အထီးကျန်ဆန်မှုတွေ ပျောက်ပျက်ကုန်ရပြီ။
ချိုမာလွင်သည် ထိုင်းက စက်ရုံတွင် ငါးနှစ်အလုပ်လုပ်ပြီးပြန်လာခဲ့သည်။ အမေအိမ်လေးသို့ ပြန်မရောက်ခဲ့သည်မှာ ငါးနှစ်ကျော် ခြောက်နှစ်နီးပါးရှိပြီဖြစ်၏။ ချိုမာလွင် ပြည်ပကိုထွက်စက ဝါးကြမ်းခင်းလေးတွေ ကျို့တို့ကျဲတဲနှင့် သူများဆီက အတိုးနှင့်အကြွေးယူကာ ပြည်ပသို့ထွက်ခဲ့ရသည်။ ထိုင်းကိုရောက်သည့် အလုပ်သမားအများစုသည် အဆင်မပြေသူများသော်လည်း ချိုမာလွင်သည် ပိတ်ရက်များကို မုန့်လုပ်ရောင်းခြင်း၊ စက်ရုံထဲမှအလုပ်သမားများကို အကြော်အလှော်ရောင်းခြင်းဖြင့် တဘက်လမ်းက ဝင်ငွေရသည်။
ချိုမာလွင်တို့ မောင်နှများထဲတွင် အိမ်ထောင်မကျသေးသော ညီမလေးနှင့် သူမက မိဘကိုပြန်ငဲ့ကြည့်နိုင်ခဲ့ကြပါသည်။ ချိုမာလွင် ထိုင်းမတက်ခင်တုန်းက ညီမလေးက တက္ကသိုလ် နောက်ဆုံးနှစ်ဖြစ်သည်။ ညီမလေးသည် အရောင်းဝန်ထမ်းဖြင့်ရသည့်လခကို အမေ့ကိုပေးသည်။ ချိုမာလွင်လည်း ရသမျှကုတ်ကပ်စုကာ အိမ်လေးကို နှစ်ထပ်တိုက်လေးပြန်ဆောက်လိုက်၏။
ယခု ချိုမာလွင်တို့အိမ်လေးသည် ဝါးကြမ်းခင်းမရှိ၊မိုးမလုံ၍ ပြန်မိုးရသော သက်ကယ်မိုးအိမ်လေးလည်းမဟုတ်တော့။ သက်ကယ်မိုးပြဲနေသည့်ကြားက လသာသည့်အခါ ကောင်းကင်မှာသာသည့် လမင်းကိုလည်းမမြင်ရတော့။ လသာသာညများတွင် စိတ်ကူးယဥ်ခဲ့ရဖူးသည်။ အမေ့အိမ်လေး မိုးလုံလေလုံရှိဖို့ရာ ချိုမာလွင်အိမ်မက် မက်ခဲ့ရပါ၏။ အမေသည် ချို့အသံကိုကြားတော့ အိမ်မက်လေလားထင်ယောင်မှားသကဲ့သို့ ချို့မှာလည်း ဤအိမ်သည် ချို့အိမ်မှ ဟုတ်ပါလေစထင်မှားရပါသည်။
ဝေးကွာသွားသည့်တိုင် အမေသည် နွေးထွေးစွာဖြင့်ကြိုဆိုသော်လည်း ကျွန်မနေခဲ့ဖူးသောအိမ်လေးမဟုတ်သည့်အတွက် ချို့ရင်မှာ စိမ်းသက်သလိုခံစားရသည်။
ပြန်ရောက်ပြီး သုံးရက်လောက်ကြာတော့ ချိုမာလွင်သည် မနေတတ်တော့။နေ့စဥ်အလုပ်နှင့်လက် မပြတ်နေခဲ့ရပြီး၊ ရွာပြန်လာကာ အမေချက်ကျွေးသမျှနှင့်၊ သူငယ်ချင်းတွေက တစ်ယောက်တစ်လှည့် ထမင်းစားဖိတ်ကျွေးကြသည်။ ဝမ်းသာမှူနှင့် ပျော်ရွှင်ရသော်လည်း တစ်ပတ်ကျော်လာသည်နှင့် ဝင်ငွေမရှိတော့ ငြိီးငွေ့လာသည်။
ရွာမှာလည်း ချိုမာလွင်နေသားမကျတော့။ နေ့စဥ်ဝင်ငွေရဖို့ခက်ခဲသည့် တောနယ်လေးဖြစ်သည့်အတွက် ရန်ကုန်တွင် အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
“အမေ သမီးရန်ကုန်မှာ စျေးဆိုင်လေးဖွင့်ချင်တယ် ရွာမှာဆိုဘာဝင်ငွေမှမရှိတော့မနေတတ်ဘူး၊ လယ်ကလည်းလုပ်ရင်းအကြွေးပဲတင်တာမို့ ဆိုင်ပဲဖွင့်မယ်စိတ်ကူးထားတယ်”
“ရန်ကုန်မှာ အပေါင်းအသင်းမရှိဘာမရှိနဲ့ ညည်းတစ်ယောက်ထဲ အဆင်ပြေပါ့မလားအေရယ်၊ အမေတို့နဲ့ပဲ မရှိအတူ၊ရှိအတူနေပါတော့လား”
“သမီးသူငယ်ချင်းတွေရှိပါတယ်အမေရ စိတ်မပူပါနဲ့ အဆင်ပြေပါတယ်” အမေ့ကိုနှစ်သိမ့်ပေးပြီရန်ကုန်သို့ ပြန်လာခဲ့သည်။
ရန်ကုန်မှာ သူငယ်ချင်းအကူညီဖြင့် လူနေ၍ရသည့်ဆိုင်ခန်းလေးငှားကာ ကုန်စုံဆိုဖွင့်ခဲ့သည်။
တစ်ပတ်ကိုတစ်ရက်ပိတ်ပြီး စျေးဝယ်ရသည်။ စျေးမသွားနိုင်သည့်ရက်များတွင် ဖောက်သည်လာပေးသော ကုန်များနှင့်လည်ပတ်ကာ အလုပ်သမားတစ်ယောက်လောက်ပင် မငှားနိုင်တော့ ချိုမာလွင်တွင် ကသီလွန်းလှ၏။
လကုန်လျှင် ဆိုင်ခန်းခ၊ ရေဖိုး၊မီးဖိုးတို့အပြင် အမေ့ကို တစ်လလျှင် နှစ်သိန်းကျပ်ပြန်ပို့နိုင်ဖို့ရာ အတော်လေးရုန်းကန်ရပါသည်။ ကုန်စုံဆိုင်အစား ထမင်းဆိုင်ပြန်ဖွင့်ရာတွင် အလုပ်သမားအကူလေးငှားရတော့၏။
ချိုမာလွင်သည် လစဥ် အိမ်လခဖိုးပေးရသည့်အပြင် အမေ့အိမ်ကိုတော့ တစ်နှစ်နေ၍ နှစ်ခေါက်လောက်သာပြန်ရောက်ဖြစ်ပါသည်။
ပြည်ပမှာအနေကြာ၍ အိမ်ကိုမခင်တွယ်လေသလား။ တစ်လကို ဆယ့်ငါးသိန်းကျော်ဝင်ငွေရှိခဲ့ပြီးမှ ရွာမှာ မယ်မယ်ရရ ဘာမျှလုပ်စရာမရှိတာကိုသဘောမကျ။
အနှစ်နှစ်အလလ ဝေးကွာနေခဲ့ပြီးမှ ရွာကိုပြန်ရောက်ခဲ့ရပြီမို့ ချို့နှလုံးသားကို အချိန်တွေက တိုက်စားသွားလေသလား။
ရန်ကုန်သို့ပြန်လာခဲ့ရသည့်အချိန်တိုင်းတွင် ”
“ကျွန်မ အိမ်က ဘယ်မှာလဲ”လို့ မေးမိချန်တိုင်း
နှလုံးသားက ဒဏ်ရာတွေဖြင့် နာကျင်ရပါသည်။
ဒေါင်းရှင်သွေး
22/5/2025Thursday