“ကြည်နူးရိပ်မြုံ…(စ-ဆုံး)”
“အမေရေ…သားအလုပ်သွားပြီနော်”
“အေးအေး…သားရေ…ဂရုစိုက်ပြီးသွားဦး”
ကျော်ခင်တစ်ယောက် အိမ်ပေါက်ဝတွင်ရပ်၍
မိခင်ဖြစ်သူအား နှုတ်ဆက်ပြီးမှ အိမ်အတွင်း
ဘက်သို့ပြန်လှည့်ကာ…
“ဒါနဲ့…သူဇာခင် နဲ့ သူဇာချို တို့ရော…မထကြသေးဘူးလား”
ဟုပြန်မေးလိုက်ရာ မိခင်ဖြစ်သူက မျက်နှာကို မဲ့ရွဲ့ကာ…
“နင့်ညီမတွေအကြောင်းသိရဲ့သားနဲ့…
ဒီအချိန် ဘယ်တုန်းကအိပ်ယာကထဖူးလို့လဲ..အထူးအဆန်းလုပ်ပြီးတော့မေးနေသေးတယ်”
ဟုပြောလိုက်ရာ ကျော်ခင်က…
“ဟုတ်ပါတယ်…သူတို့ကဒီအချိန်အိပ်ရာမှ
မနိုးသေးတာ…သူတို့ကိုလည်းနှုတ်ဆက်သွားတယ်လို့ပြောပေးဦးနော်”
“အေးအေး…ပြောပေးမယ်”
မပြောစဖူးစကားများပြောကာထွက်သွားသော သားဖြစ်သူ ကျော်ခင်အားကြည့်ကာ…
ဒေါ်လှအေး သက်ပြင်းချလိုက်မိသည်။
ကျော်ခင် သူတာဝန်ယူလုပ်ကိုင်နေသည့်
ဆောက်လုပ်ရေးဝင်းထဲသို့ကားကို ချိုးကွေ့ဝင်လိုက်သည်။ကားတံခါးကိုဖွင့်ကာ
ဆင်းလိုက်ပြီး ရုံးခန်းရှိရာဘက်သို့
ထွက်ခဲ့သည်။သူ၏တပည့်ဖြစ်သူ တင်အောင်က သူ့ထံခပ်သွက်သွက်
လှမ်းလာကာ လက်ဆွဲအိတ်ကိုလှမ်းယူရင်း..
“ဆရာ့ကောင်မလေးကိုမခေါ်ဘူးလားဆရာ..
ဘာလဲ…ဆရာတို့အပြင်ပြန်ထွက်မလို့ ကားထဲမှာပဲစောင့်ခိုင်းထားတာလား”
ဟုမေးလိုက်ရာ သူလည်း အူကြောင်ကြောင်
ဖြစ်သွားသည်။
“ဘယ်ကကောင်မလေးတုန်း…ငါတစ်ယောက်တည်းလာတာပါဟ”
“ဆရာ့ကားနောက်ခန်းမှာပါလာတဲ့တစ်ယောက်လေ…ဟိုမှာ…အဲ..ဘယ်ရောက်သွားတာလဲ”
တင်အောင်က ကားဆီလက်ညှိုးထိုးပြပြီး
ပြောနေရင်း အူကြောင်ကြောင်ဖြစ်သွားသည်။
“မင်း ညကများသွားတယ်နဲ့တူတယ်…
ကဲကဲ…အလုပ်ဝင်ကြရအောင်”
တစ်နေကုန်စိတ်များလေးလံနေသဖြင့်
သူအလုပ်ထဲအာရုံစိုက်၍မရ။သူ၏ ချစ်သူဖြစ်သော ရိုစီ ကနေ့လည်စာအတူစားရန်ဖုန်းဆက်ပြောလာသည်။သူလည်း လာခဲ့မည်ဟုပြော၍
တွက်လက်စ စာရင်းကိုဆက်တွက်နေလိုက်သည်။
နေ့လည် ဆယ့်နှစ်နာရီ ထိုးပြီဖြစ်၍ အလုပ်သမားများ အလုပ်သိမ်းကာ မိမိအစုနှင့်မိမိထမင်းဝိုင်းဖွဲ့စားသောက်ရန်
ပြင်ဆင်နေကြပြီ။သူလည်း ရိုစီနှင့်ချိန်းထားသဖြင့် လက်စွဲအိတ်ကိုကိုင်ကာ ရုံးခန်းမှထွက်ခဲ့သည်။ကားဆီသို့လျှောက်လာရင်း ဆောက်လက်စတိုက်တစ်လုံးထဲတွင် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူလှမ်းကြည့်လိုက်သည်။
“ဟင်…ရိုစီပါလား…ဘယ်လိုရောက်နေပါလိမ့်…လာမယ်လို့ပြောထားတာကို”
သူတီးတိုးရေရွတ်ကာ ရိုစီရှိရာ ဆောက်လက်စ လေးထပ်တိုက်ထံလျှောက်သွားလိုက်သည်။
ထိုတိုက်က အကြမ်းထည်ပြီးနေပြီဖြစ်သည်။အခန်းများမကန့်ရသေး သော်လည်း အဆောက်အဦးမှာ
ရုပ်လုံးပေါ်နေပြီဖြစ်သည်။ရိုစီက သူ့အား
မကြည့်ပဲ အပေါ်ထပ်သို့ လှေကားမှတက်သွားရာ သူလည်း လိုက်သွားမိသည်။
“ရိုစီ..ရိုစီ နေဦးလေ…
ကိုယ့်ဆီလိုက်လာတာလား”
သူမေးသော်လည်း ရိုစီကဘာမှမပြောပဲ
အပေါ်ထပ်သို့သာထပ်တက်သွားသည်။
သူလည်းနောက်မှလိုက်တက်ခဲ့ရင်း အပေါ်ဆုံးထပ်သို့ရောက်သွားသည်။အပေါ်ဆုံးထပ်တွင် ဘာအကာအရံမှမရှိ။လုပ်ငန်းသုံး ဂေါ်ပြား
ပေါက်တူးအချို့နှင့် ဘိလပ်မြေအိတ် အချို့ကို ဟိုတစ်စု ဒီတစ်စု တွေ့ရသည်။
ထိုအရာများမှလွဲ၍ ဘာမှမရှိ။ရိုစီ လည်းမရှိ။
“ဘယ်ရောက်သွားတာလဲ…ပုန်းဖို့နေရာလည်း မရှိပါဘူး”
သူတွေးရင်းနှင့် တိုက်အစွန်သို့ ရောက်သွားကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။အောက်တွင် အလုပ်သမား အချို့ထမင်းစားနေဆဲပင်။
ထိုစဉ် သူ့တစ်ကိ်ုယ်လုံး အေးစိမ့်သွားကာ
ကြက်သီးမွှေးညှင်းများထသွားသည်။
“တီ…..တီ…..တီ”
ရုတ်တရက်…ဘောင်းဘီအိတ်ထဲမှ ဖုန်းမြည်သံကြားလိုက်ရသဖြင့် သူ့လန့်သွားမိသည်။ပြီးမှ ဖုန်းကို နှိုက်ကာ
ဖုန်းနံပါတ်အားကြည့်လိုက်သည်။
“ရိုစီ”
“ဟင်…ရိုစီက စောစောကပဲ ငါ့ရှေ့က တက်သွားတာမဟုတ်လား”
သူဖုန်းကိုင်လိုက်ရာ တစ်ဖက်မှ ရိုစီ၏ အသံကို ကြားလိုက်ရသည်။
“ကို ဘာလုပ်နေတာလဲ…
မရောက်သေးဘူးလား”
သူဘာမှပြန်မပြောနိုင်ပဲကြောင်အမ်းနေမိသည်။ထိုစဉ်…သူ၏ အနောက်မှ မိန်းကလေးတစ်ယောက်၏ ညည်းညူသံကို
ကြားလိုက်ရသည်။အသံက နာကျင်လွန်းသဖြင့် ညည်းညူနေသည့်အသံမျိုး။
“အီး…အင်း…ကျွတ်ကျွတ်ကျွတ်”
သူနောက်သို့ လှည့်ကြည့်လိုက်မိသည်။မိန်းကလေးတစ်ယောက်…သူမ၏ဝမ်းဗိုက်ကို ဖိကာ ညည်းညူနေသည်။သူမ၏ ခါးအောက်ပိုင်း
တစ်လျှောက်လုံးတွင်သွေးများက မြင်မကောင်းအောင်စွန်းထင်းနေသည်။
သွေးများက ကြမ်းပြင်ပေါ်တွင်ပင်အိုင်ထွန်းနေသည်။
သူကြောင်အမ်း ကြည့်နေစဉ်မှာပင် မိန်းကလေးက သူ့အား
စူးရဲစွာကြည့်ကာ သူ့အနီးသို့ လျှင်မြန်စွာပြေးလာပြီး တွန်းချလိုက်သည်။
“စားကြပါဟ…ငါ့မိန်းမက ဒီနေ့ သူ့မွေးနေ့မို့
ငါ့ကို ဟင်းကောင်းချက်ပေးလာတာ”
“မင့်ဟင်းကောင်းကလည်း ကန်စွန်းရွက်ချဉ်ရေပါလားကွ”
“အေးလေ…သူ့မွေးနေ့ဆိုတော့ သက်သက်လွတ်ချက်စားတာပေါ့ဟ…
မင်းတို့က ငါ့ဟင်းကိုစား…ငါကတော့ မင်းတို့ဆီက ဟော့ဒီအမဲသားကို ဟော့လိုစားမလို့ဟေ့”
မုတ်ဆိတ် ခေါ် ထွန်းမြင့်က ပြောပြောဆိုဆို
အမဲသားတုံးအားထမင်းပန်းကန်ထဲ ခပ်ထည့်ကာ အားရပါးရ စားမည်အပြု…
“ဘုတ်…”
ဆိုသော အသံနှင့်အတူ သူ၏မျက်နှာတစ်ဝိုက် ပေကျံသွားသော အနီရောင်အရည်များကြောင့် ထမင်းလုပ်က
လေထဲတွင်ရပ်တန့်သွားသည်။သူ၏ဘေးတွင် ကျလာသောအရာကို ကြည့်လိုက်သည်။
သူနှင့်အတူ ထမင်းစုစားနေကြသော သူများလည်းကြည့်လိုက်ကြသည်။
လူတစ်ယောက်…မှောက်လျက်အနေအထားဖြင့်သွေးအိုင်ထဲ ငြိမ်သက်သေဆုံးနေသည်။
ခေါင်းတစ်ခြမ်းက ပွင့်ထွက်နေသည်။
ဝမ်းဗိုက်က တစ်စုံတစ်ခုနှင့် ဆွဲဖြဲထားသကဲ့သို့ ပြဲနေပြီး အူတစ်ချို့က
ဘေးတွင်ပြန့်ကျဲလျှက်…။
“အား…ဆရာ…ဆရာကျော်ခင်”
မကြာမီ ရဲများ ဆေးရုံကားများရောက်လာသည်။ဒုရဲအုပ်
ကျော်စွာက အလောင်းကို သေချာကြည့်သည်။ထို့နောက် အပေါ်သို့
မော့ကြည့်သည်။သေသူကို ကိုကျော်ခင်ကိုသူသိသည်။မကြာမီကပင်
သူတို့အိမ်တွင် လူသေမှုဖြစ်ခဲ့သဖြင့် တာဝန်အရ သူလိုက်လံစစ်ဆေးခဲ့ရသေးသည်။ယခု ကိစ္စ
ကရော…ဘယ်လိုပတ်သက်မှုရှိသလဲ။
ဒါမှမဟုတ်…မပတ်သက်ဘူးလား…။
* * *
ကျော်ခင်၏ ရက်လည်အပြီးတွင် မိခင်ဖြစ်သူက စိတ်တည်ငြိမ်ရန်တရားအားထုတ်လိုသည်ဟု ဆိုကာ တရားစခန်းဝင်သွားသည်။အိမ်တွင် ကျော်ခင်၏ ညီမများဖြစ်သော သူဇာခင် နှင့်
သူဇာချိုတို့သာ ကျန်ခဲ့သည်။ခြံစောင့်ကြီး
ဦးအောင်မြင့် က အစေခံတန်းလျားတွင်
နေသည်။အိမ်အကူမိန်းကလေး လှမေက
ညနေစောင်းတွင် သူမအိမ်ပြန်အိပ်သည်။
အလုပ်ကိစ္စကိုတော့ ဘကြီးဖြစ်သူ ဦးမင်းဒင်က ဦးစီးလုပ်ကိုင်ထားပေးသည်။
ဆယ့်ငါးရက်ခန့်ကြာတော့မိခင်ဖြစ်သူ ဒေါ်လှအေး ပြန်ရောက်လာသည်။အချိန် နှစ်လခန့်ကြာသော အခါ အရာအားလုံး
ပုံမှန်အတိုင်း ပြန်လည်ပတ်နေသည်။
တစိခါတစ်ရံ သေဆုံးသွားသော ကျော်ခင်အား သတိရမိသည်မှလွဲ၍ သူတို့အားလုံးနေသားကျလာကြသည်။
နှစ်လကျော်ကြာပြီး တစ်ည…သူဇာခင်
အိပ်ပျော်နေရင်းမှ သူမ၏ ကိ်ုယ်လုံးအား
တစ်စုံတစ်ခုက ရှပ်ထိနေသလိုခံစားနေရသည်။တစ်ခါတည်းမဟုတ်…ထပ်ခါ ထပ်ခါ ထိနေသဖြင့် သူမ
အိပ်နေရာမှ နိုးလာသည်။အခန်းက မှောင်မဲနေသဖြင့် ဘာမှသဲသဲကွဲကွဲမတွေ့ရ။
အတန်ကြာမှ သူမမျက်လုံးများအမှောင်ထဲတွင် ကျင့်သားရသွားသည်။ထို့တော့မှ သူမအပေါ် မျက်နှာကြပ်တွင် တွဲလောင်းကျကာ…
ဘေးနှစ်ဖက်သို့ လှုပ်ရမ်းနေသော အလောင်းတစ်လောင်းကိုတွေ့လိုက်ရသည်။
အလောင်းကောင်၏ခြေထောက်က သူမ၏
ကိုယ်လုံးကို ပွတ်မိနေခြင်းဖြစ်သည်။
သူမလည်း အသံကုန်အော်ဟစ်လိုက်သော်လည်း အသံက လည်ချောင်းထဲတွင်ပင် ပျောက်ဆုံးသွားကာ အပြင်သို့ ထွက်မလာပေ။ထိုစဉ် အလောင်းကောင်၏
လည်ပင်းတွင်စွပ်နေသော ကြိုးက ပြတ်သွားကာ ထိုအလောင်းကောင်က သူမအပေါ်သို့ ထပ်လျက်သား ကျလာသည်။
အလောင်းကောင်ထံမှ သွေးညှီနံ့လိုလို…
အပုပ်နံ့လိုလို အနံ့တို့က သူမ၏နှာခေါင်းထဲ
တိုးဝင်လာသည်။အလောင်က မိန်းကလေးတစ်ယောက်၏အလောင်းဖြစ်သည်။သူမ၏မျက်နှာသည် သွေးမရှိသကဲ့သို့
ဖြူဖွေးနေကာ ဆံပင်တို့က ရှည်လျားလွန်းလှသည်။သူမ အားကုန်သုံးကာ အလောင်းကောင်အား
တွန်းဖယ်ချနေမိစဉ် အလောင်းကောင်၏
မျက်လုံးများ ပွင့်လာကာ သူမအား စိုက်ကြည့်နေသည်။သူမလည်း ကြောက်လန့်တကြားဖြင့် တွန်းထိုးရုန်းကန်နေစဉ်…
“အငယ်မ…သမီး…ထထ….
ဘာဖြစ်နေတာလဲ”
ဆိုသော မိခင်၏အသံကို ကြားလိုက်ရမှ
သူမအိပ်မက်ဆိုးမှ လန့်နိုးလာသည်။
“သမီး…အိပ်မက်ဆိုးမက်နေလို့အမေ…
အိပ်မက်ထဲမှာ သမီး သူ့ကိုတွေ့တယ်အမေ..
ဒီကောင်မ မကျွတ်လွတ်ဘူးထင်တယ်”
သူမစကားမဆုံးခင် မိခင်ဖြစ်သူက…
“အဲ့ဒါထားလိုက်ဦး…ဟိုမှာ အကြီးမ တစ်ယောက်တည်း မီးဖိုခန်းဘက် ထွက်သွားတယ်…အမေသူ့ကိုမေးတော့လည်း ဘာမှမပြောဘူး…အမေက အိမ်သာကပြန်လာရင်း သူအခန်းပြင်ထွက်လာတာတွေ့တာ…သူ့မျက်လုံးတွေက ပြူးပြီး မျက်စံမရှိသလို အဖြူရောင်ကြီးဖြစ်နေတယ်…အဲ့ဒါနဲ့ အမေလည်း တစ်ယောက်တည်းလိုက်မကြည့်ရဲလို့ သမီးကိုလာခေါ်တာ…မြန်မြန်လာ”
ဟုပြောလိုက်သဖြင့် သူမလည်းမိခင် နှင့်အတူ အခန်းအပြင်သို့လိုက်သွားလိုက်သည်။
အချိန်ကား…ည ဆယ့်တစ်နာရီကျော်။
သူမတို့ နှစ်ဦး တိတ်ဆိတ်စွာဖြင့် မီးဖိုခန်းဘက်သို့ လျှောက်လာသည်။
မီးဖိုခန်းတွင် မီးပိတ်ထားသဖြင့် မှောင်မဲနေသည်။သို့သော် အသံတစ်ခုကိုတော့ သူမတို့ ကြားနေရသည်။ထိုအသံက…တစ်စုံတစ်ရာကို အားပါးတရ ကိုက်ဖြတ်စားသောက်နေသော အသံမျိုး။
သူမတို့လည်း တစ်ယောက်လက်တစ်ယောက်ကိုင်ကာ…
မီးဖိုခန်းအနီးတိုးကပ်သွားကာ…အခန်းဝမှ
မီးခလုတ်ကို ဖွင့်လိုက်သည်။မီးလင်းသွားသောအချိန်တွင်
သူမတို့ အခန်းထဲသို့ ကြည့်လိုက်ကြသည်။
“အမလေး…ဘုရားရေ…အကြီးမ ဘာလုပ်နေတာလဲ”
“ဟင်အမ…ဘာလုပ်”
သူမတို့တွေ့လိုက်ရသည်က…လက်ထဲတွင်
တစ်စုံတစ်ခု ကိုကိုင်ကာ အားရပါးရ ကိုက်ဆွဲစားသောက်နေသော သူဇာချို…။
သူမ စားနေသော အရာကို သေချာကြည့်လိုက်သောအခါ…
လက်သုံးလုံးအရွယ်ခန့်ရှိသော တောက်တဲ့ကြီးတစ်ကောင်ဖြစ်နေသည်။
သူမတို့ အသံကြောင့် သူဇာချိုက ခေါင်းမော့ကြည့်သည်။သူမ၏ ပါးစပ်တွင်တော့ ကိုယ်တစ်ပိုင်းအပြင်ရောက်နေသော
တောက်တဲ့ကြီးက အကြောဆွဲကာ တစ်ဆက်ဆက်တုန်နေသည်။
ဦးခေါင်းကတော့ သူဇာချို၏ ပါးစပ်ထဲ
ရောက်နေသည်။သူမတို့လည်း သူဇာချိုအား
အတင်းဝင်ဆွဲကာ ပါးစပ်မှ တောက်တဲ့ကြီးအား ဆွဲထုတ်သော်လည်း
မရ။သုံးယောက်သား လုံးထွေးနေရင်း သူဇာချိုက အနီးမှ ဓားတစ်ချောင်းဖြင့်
သူဇာခင်၏ မျက်နှာအား လှီးချလိုက်သည်။
သူဇာခင်က ဘေးဘက်သို့ လွှဲကာ ရှောင်လိုက်သော်လည်း မလွတ်။ဓါးသွားက
သူမ၏ ပါးချောင်မှ နှုတ်ခမ်းအထိ ခွဲချသွားသဖြင့် သူမလည်း မျက်နှာကို လက်ဖြင့်အုပ်ကာ အော်လိုက်မိသည်။
“အား…ငါ့ပါးစပ်…”
ဒေါ်လှအေး လက်မှ သူဇာချို လွတ်သွားသည်။ထို့နောက် မီးဖိုခန်းအပြင်သို့ ပြေးထွက်သွားသည်။
ဒေါ်လှအေးက မျက်နှာကို လက်ဖြင့် အုပ်ကာ
ငိုနေရှာသော သူဇာခင်အား ထွေးပွေ့ထားလိုက်သည်။ထိုစဉ်…
“ဒုတ်…ဒုတ်…ဒုတ်”
ဆိုသော အသံတစ်ခုက တိတ်ဆိတ်နေသော
ညအချိန်ကို ဖြိုခွဲကာ ထွက်ပေါ်လာသည်။
အသံက ရေချိုးခန်းဘက်မှဖြစ်သည်။
ဒေါ်လှအေးလည်း သမီးကြီးအားစိုးရိမ်သွားမိကာ အသံကြားရာ ရေချိုးခန်းရီရာသို့ ပြေးသွားလိုက်မိသည်။တွေ့လိုက်ရသော
မြင်ကွင်းကြောင့် သူမ ကြက်သေသေသွားမိသည်။သူဇာချို သည်
အသိစိတ်လွတ်နေသူ တစ်ဦးကဲ့သို့ သူမ၏
ခေါင်းကို အုတ်နံရံနှင့် အချက်များစွာ ဆောင့်နေသည်။
“ဟားဟားဟား…ဟီးဟီးဟီ”
ထိုသို့ဆောင့်နေရင်းမှလည်း အားရပါးရ
ရယ်မောနေသည်။သူမ ဘာလုပ်ရမှန်းမသိ
ဖြစ်နေစဉ်မှာပင် သူဇာချို လည်း ထိုနေရာမှာပင် ပုံလျက်သား လဲကျသွားသည်။ကြွေပြားခင်းထားသော
ရေချိုးခန်းကြမ်းပြင်ပေါ်တွင် သွေးများက
အိုင်ထွန်းနေသည်။ထိုသွေးအိုင်ထဲတွင်တော့
ဦးခေါင်းတစ်ခြမ်းကြေမွကာ သေဆုံးနေသော သူဇာချို၏အလောင်း။
ဒေါ်လှအေး ဘာလုပ်ရမှန်းမသိတော့။သူမ မျက်ဝန်းအိမ်မှ မျက်ရည်များစီးကျလာသည်။အတန်ကြာမှ
သတိရကာ ဆေးရုံကားအား ဖုန်းဆက်လိုက်သည်။မျက်နှာကိုဓါးဖြင့်လှီးခံထားရသော သူဇာခင်အား ဆေးရုံဝန်ထမ်းများက
ခေါ်ဆောင်သွားကြသည်။သူဇာချို၏
အလောင်းကိုလည်း သယ်ဆောင်သွားကြသည်။
ဒေါ်လှအေးလည်း
ဆေးရုံသို့လိုက်သွားသည်။
ထိုညတွင်ပင် တာဝန်ရှိသူများ ဆေးရုံသို့ရောက်ရှိလာကာ
ဒေါ်လှအေး အားမေးမြန်းစစ်ဆေးကြသည်။
သူမလည်း တွေ့ခဲ့ရသမျှကို ပြန်ပြောပြသည်။တာဝန်ရှိသူအချို့က
သူဇာချို သည် စိတ်ရောဂါအခံရှိသူဖြစ်၍
ထိုကဲ့သို့ ညီမဖြစ်သူအား ဓားဖြင့်လှီးကာ
မိမိကိုယ်ကို သေကြောင်းကြံခြင်း ဖြစ်မည်ဟု မှတ်ချက်ချသည်။အချို့ကလည်း ဒေါ်လှအေး ၏ထွက်ချက်ကို မယုံကြည်ကြပေ။ထိုညက သူဇာခင် အား
ဆရာဝန်က ဒါဏ်ရာအားချုပ်ပေးသည်။
အလုံးစုံပြီးသော အခါ လူနာခန်းသို့ ပို့ဆောင်စေသည်။ဒေါ်လှအေးလည်း သမီးဖြစ်သူ၏ ကုတင်ဘေးတွင် လူနာစောင့်ပေးနေသည်။အလွန်အမင်း အိပ်ချင်နေသော်လည်း မအိပ်ပဲ သူမ ပေတေနေသည်။သို့သော် သူမ မှေးကနဲဖြစ်ကာ အိပ်ပျော်သွားသည်။
ထိုအချိန်တွင် အိပ်ပျော်နေသော သူဇာခင်၏
မျက်လုံးအစုံက ရုတ်တရက်ပွင့်လာသည်။
သူမ၏မျက်လုံးတို့သည် အဖြူချည်းသက်သက်ဖြစ်နေသည်။
မျက်စံမရှိ။သူမက ဒေါ်လှအေး အား မျက်တောင်မခပ်ပဲ အတန်ကြာ စိုက်ကြည့်နေသည်။ထို့နောက်…ကုတင်ပေါ်မှ အောက်သို့ အသက်မဲ့နေသော သူတစ်ယောက်ကဲ့သို့ ဆင်းလိုက်သည်။ထို့နောက်…အခန်းအပြင်သို့ တစ်လှမ်းချင်းထွက်ကာ ဝရန်တာဆီသို့ရောက်သွားသည်။ဝရန်တာ
လက်ရန်းပေါ်သို့တက်ကာ အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူမ အားရပါးရ ကျယ်လောင်စွာရယ်မောလိုက်သည်။
ိုအထပ်က ခြောက်ထပ်မြောက်။မကြာမီမှာပင်…
ဆေးရုံပေါ်မှ ခုန်ချသွားသော လူနာဝတ်စုံနှင့်
မိန်းကလေးတစ်ဦးအား ဆေးရုံ ညစောင့်
နှစ်ဦးက တွေ့လိုက်ကြသည်။သူမ၏ ဦးခေါင်းမှာ ကြေမွကာ သွေးများက အိုင်ထွန်းနေသည်။
* * *
သူဇာခင် နှင့် သူဇာချိုတို့၏ ရက်လည်အပြီးတွင် ဒုရဲအုပ်ကျော်စွာ နှင့်
သူ၏တပည့် ချစ်အောင်တို့ ထိုအိမ်သို့ ရောက်ရှိလာကြသည်။သူတို့လည်း
ခြံဝင်းထဲသို့ဝင်ကာ အိမ်အနီးသို့ လျှောက်သွားလိုက်သည်။အိမ်ပေါက်ဝတွင်
ဒေါ်လှအေး အား ယောဂီဝတ်စုံဖြင့်တွေ့ရသည်။
သူမဘေးတွင်လည်း အဝတ်အစားများထည့်ထားဟန်တူသော
အိတ်တစ်လုံးကိုတွေ့ရသည်။ကိုကျော်စွာ အား သူမက…
“ဆရာတို့ အိမ်ထဲကိုကြွပါရှင်”
ဟုဖိတ်ခေါ်လိုက်သဖြင့် ကိုကျော်စွာက အိမ်ထဲလှမ်းဝင်ရင်းမေးလိုက်သည်။
“အဒေါ်က ခရီးထွက်မလို့ထင်တယ်”
“ဟုတ်ပါတယ်ကွယ်…ဒီ နှစ်လသုံးလအတွင်းမှာပဲ အဒေါ့်ရဲ့ သားနဲ့ သမီးနှစ်ယောက်ကို ဆုံးရှုံးလိုက်ရတာလေ…
အဲ့ဒါကြောင့် စိတ်တည်ငြိမ်အောင်ဆိုပြီး
တရားစခန်းရက်ရှည်ဝင်မလို့ကွယ့်…ဆရာတို့ လာရင်းကိစ္စက”
“သြော်…ဘာရယ်မဟုတ်ပါဘူး…ဒီအတိုင်းပဲ
နည်းနည်းစုံစမ်းစရာရှိလို့ပါ…အဒေါ်သွားရင်
သွားလေ…သော့တွေက ခြံစောင့်ကြီးကို
အပ်သွားမှမလား”
သူ၏စကားကြောင့် ဒေါ်သူဇာက အလိုမကျသကဲ့သို့ မျက်မှောင်ကျုံ့သွားပြီးမှ မျက်နှာကို ပြန်ပြင်ကာ ပြုံးရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့…ဆရာလေးတို့သဘောပါ…ကဲ…
အဒေါ်လည်းသွားလိုက်ဦးမယ်နော်…ဟိုမှာ
အဒေါ်ဖုန်းဆက်ပြီးခေါ်ထားတဲ့ တက္ကစီရောက်နေပြီ”
ဟုပြောဆိုရင်း ကားပေါ်သို့. သူမ၏ အိတ်ကိုဆွဲရင်း တက်သွားသည်။ကျော်စွာလည်း အိမ်ထဲသို့ဝင်ကာ ဤအိမ်သို့ သူ ပထမဆုံး
ရောက်လာခဲ့ရစဉ်က ကိုယ့်ကိုကိုယ် သက်သေသွားသည် ဆိုသောမိန်းကလေး၏
အခန်းသို့ဝင်ခဲ့သည်။ထိုစဉ်က ထိုမိန်းကလေး၏အလောင်းအား သူသေချာ
စစ်ဆေးခဲ့သည်။မိန်းကလေး၏ အသားအရေက သာမာန်ထက်ဖြူဖွေးနေသည်ကိုသတိထားမိသည်။မိန်းကလေးက ကြိုးဆွဲချ၍ သက်သေသွားခြင်းဖြစ်သည်။
အခန်းမျက်နှာကြပ်မှ ပန်ကာတွင် ကြိုးစတစ်စကိုချည်ပြီး ကျန်တစ်စကို လည်ပင်းတွင်စွပ်ကာ သေနေခြင်းဖြစ်သည်။ဒေါ်လှအေးက
“ကလေးမလေးက အန်တီ့ ခင်ပွန်းဘက်က
ပါလာတာပါ…နာမည်က ကြည်နူးရိပ်တဲ့…
သူက ဒီလိုမလုပ်ခင်မှ ကိုယ်ဝန်ဖျတ်ချထားသေးတယ်”
“ကိ်ုယ်ဝန်ဖျတ်ချတယ် ဟုတ်လား…သူ့မှာ
ယောက်ျားရှိတယ်ပေါ့”
“မရှိပါဘူးဆရာရယ်…ကိုယ်ဝန်က အိမ်မှာ
ခိုင်းဖို့ခေါ်ထားတဲ့ သန့်စင် ဆိုတဲ့ကောင်နဲ့
ရတာပါ…ကိုယ်ဝန်ရလာတာသိတော့ ဟိုအကောင်က တာဝန်မယူနိုင်ဘူးဆိုပြီး
သူနေတဲ့ရွာကိုပြန်ပြေးသွားတယ်လေ”
“သူက ဘယ်ရွာကလဲ”
“အဲ့ဒါတော့အဒေါ်မသိဘူးကွယ့်…အဲ့ကောင်က အလုပ်လိုချင်တယ်ဆိုလို့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ အဒေါ်က အလုပ်ခေါ်ခိုင်းထားတာ…ပန်းပင်ရေလောင်း
ခြံသန့်ရှင်းရေးလုပ်ပေါ့…ဘယ်ကလဲဆိုတာတော့ အဒေါ်လည်းမမေးမိဘူးကွယ်”
သေသူမိန်းကလေးက သွေးအားနည်းနေသည့် လက္ခဏာရှိသည်။
ပိန်လှီကာ အရိုးပေါ်အရေတင်ဖြစ်နေသည်။
သူမ၏ မသေမီကဓါတ်ပုံကို သူကြည့်လိုက်မိသည်။
သေဆုံးသူ ကြည်နူးရိပ် သည် အလွန်ပင်
ချောမောလှပသူဖြစ်ကြောင်း သူဝန်ခံမိသည်။ထိုအမှုတွင် မျက်မြင်သက်သေလည်းမရှိ အထောက်အထားလည်း မခိုင်လုံသဖြင့်
လူသေမှုအဖြစ်သာ အမှုပိတ်လိုက်ရသည်။
သန့်စင် ကိုတော့ဖမ်းဝရမ်း
ထုတ်ထားခဲ့သည်။မကြာမီမှာပင် သန့်စင်ကို
တွေ့ခဲ့ကြသည်။အရှင်တော့မဟုတ်…
ရေအိုင်တစ်အိုင်ထဲတွင် မှောက်လျက်သား
သေဆုံးနေသော သန့်စင်၏ အလောင်းကို
တွေ့ခဲ့ရခြင်းဖြစ်သည်။
ကျော်စွာလည်း အတွေးစတို့ကို ဖြတ်ကာ
အခန်းတွင်း လိုက်လံရှာဖွေကြည့်နေလိုက်သည်။အဝတ်ဗီရိုအတွင်းသို့လည်း မွှေနှောက်ရှာဖွေသည်။
ကုတင်ပေါ်…ကုတင်အောက်…အလုံးစုံ ရှာဖွေပြီးနောက် ဘာမှထူးထူးခြားခြားမတွေ့ရသဖြင့် စိတ်လျှော့ကာ အနီးမှ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ချလိုက်ပြီး
စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိက်လိုက်မိသည်။ထို့နောက် ကုလားထိုင်နောက်မှီကို မှီရင်း တွေးတောနေမိသည်။သူ၏ မျက်လုံးများ မှေးကနဲဖြစ်သွားကာအိပ်ပျော်သလိုဖြစ်သွားသည်။ထိုအချိန်သူ၏ ဘေးတွင် မိန်းကလေးတစ်ယောက်ရပ်နေသည်ကို
သတိထားမိသဖြင့် လှည့်ကြည့်လိုက်ရာ
သေဆုံးပြီးသွားပြီဖြစ်သော ကြည်နူးရိပ်ကို
တွေ့လိုက်ရသည်။သူမက အခန်းထောင့်တစ်နေရာမှ အဝတ်ဘီရိုကို
လက်ညှိုးထိုးပြသည်။ထို့နောက် ဖျတ်ကနဲ့
ပျောက်ကွယ်သွားရာ သူလည်း မှေးကနဲ
ဖြစ်သွားရာမှလန့်နိုးလာသည်။
သူ့တစ်ကိုယ်လုံးချွေးစေးများထွက်နေသည်။သူလည်းအလျှင်အမြန်ပင် ထကာ အခန်းထောင့်မှ အဝတ်ဘီရိုထံလျှောက်သွားလိုက်သည်။
ထိုဘီရိုကို သူရှာပြီးပြီ…ဘာမှမရှိ။ဒါဆို
ကြည်နူးရိပ်က ဘာကြောင့် ဒီဘီဒိုကို လက်ညှိုးထိုးပြသလဲ။သူစဉ်းစားနေစဉ်
မှာပင်…ဘီဒိုအောက်မှ ပိုးဟပ်တစ်ကောင်က သူ၏ ခြေထောက်ပေါ်တက်လာသဖြင့်
ခါချလိုက်ရင်း သူ တစ်စုံတစ်ခုတွေးတော
မိသွားသည်။အတွေးနှင့်အတူ ဗီရိုအောက်ခြေသို့ကြည့်လိုက်မိသည်။
အောက်ခြေတွင် လက်ငါးလုံးခန့်ရှိသော
ခြေထောက်ပြုလုပ်ထားသည်ကိုတွေ့လိုက်ရသည်။ထိုဗီရိုအောက်သို့ လက်ကိုထိုး၍ ရှာလိုက်ရာ တစ်စုံတစ်ခုကို စမ်းမိသဖြင့်
သူဆွဲထုတ်လိုက်သည်။စာအုပ်တစ်အုပ်။
သူလည်းစောစောကထိုင်ခဲ့သော ကုလားထိုင်တွင်ပြန်ထိုင်လိုက်ပြီး စီးကရက်
တစ်လိပ်ကိုထုတ်ယူမီးညှိကာ စာအုပ်ကို
ဖွင့်ဖတ်လိုက်သည်။ပထမဆုံးစာမျက်နှာတွင်
ရေးထားသော စာကြောင်းကပင် သူ့အားစိတ်ဝင်စားသွားစေသည်။
“ထမင်းမစားရတာ ဒီနေ့နဲ့ဆိုရင် သုံးရက် ရှိပြီ…ဒီလောကကြီးထဲမှာမနေချင်တော့ဘူး…ဖေဖေနဲ့မေမေကတော့ သမီးအဖြစ်ကို သိမှာမဟုတ်ပါဘူး…မသိတာပဲ ကောင်းပါတယ်လေ…သိရင် ဖေဖေတို့ မေမေတို့ စိတ်ဆင်းရဲရလိမ့်မယ်…”
သူ…သောက်လက်စ စီးကရက်ကို အားပါးတရ ရှိုက်ဖွာကာ ဆက်ဖတ်လိုက်သည်။
“ကြည်နူးရိပ်မြုံ”
အိမ်ခြံဝင်းအုတ်တံတိုင်းတွင် နေရာယူထားသော ခန့်ငြားလှပသော ဆိုင်းဘုတ်လေး။ထိုဆိုင်းဘုတ်လေးနှင့် ညီစွာ အိမ်ခြံဝင်းလေးက အပင်များစိမ်းစိမ်း
စိုစို နှင့် သာယာလှသည်။ခြံဝင်းအတွင်းတွင်
ပန်းမျိုးစုံကိုလည်းစိုက်ပျိုးထားသည်။
တစ်ခါတစ်ရံတွင် ကလေးငယ်လေးတစ်ယောက်၏ ရယ်သံလွင်လွင်လေးကိုလည်း သဲ့သဲ့ကြားရတတ်သည်။ကလေးမလေးသည် သစ်ပင်ကြီးတစ်ပင်၏ ဖြာထွက်နေသော ကိုင်းတစ်ကိုင်းတွင် ချည်၍ပြုလုပ်ထားသော ဒန်းကလေးပေါ်တွင် ထိုင်နေသည်။မိခင်ဖြစ်သူက ထိုဒန်းကလေးအား လွှဲပေးနေသည်။
ဖခင်ဖြစ်သူက ထိုမြင်ကွင်းကို မနီးမဝေးမှ
လှမ်းကြည့်ကာ ပြုံးနေသည်။ထိုမိန်းကလေးကား ဤ ကြည်နူးရိပ်မြုံ အိမ်ကြီးအား ပိုင်ဆိုင်သော
ပိုင်ရှင်၏ တစ်ဦးတည်းသောသမီးလေး
ကြည်နူးရိပ်ပင်ဖြစ်သည်။ထိုကာလများ
အတွင်းက သူမအတွက် လိုလေသေးမရှိ
ပြီးပြည့်စုံသော ဘဝမျိုးကိုပိုင်ဆိုင်ခဲ့ရသည်။
ဖခင်၏အလိုလိုက်မှု မိခင်၏ ဂရုစိုက်မှုများ အောက်တွင်သူမ၏ ငယ်ဘဝနေ့ရက်များက
စိတ်ချမ်းသာဖွယ်အတိဖြစ်နေခဲ့သည်။
ထိုဘဝမှာ…မိခင်ဖြစ်သူ ဒေါ်မြနှစ် ရင်သားကင်ဆာဖြစ်ပြီး ဆုံးပါးသွားသည့်
နောက်ပိုင်းတွင် အားလုံးဆုံးရှုံးခဲ့ရသည်။
ဖခင်ဖြစ်သူ ဦးထွန်းခင် သည်မိခင်ဖြစ်သူ
ဆုံးပါးသွားသည့်နောက်ပိုင်း အရက်သေစာ
သောက်စားစပြုလာသည်။အလွန်အကျွံတော့မဟုတ်။မိခင်ဖြစ်သူ ကွယ်လွန်ပြီး တစ်နှစ်ခွဲ ခန့်ကြာသောအချိန်တွင်သူမအတွက် ဘဝမုန်တိုင်းကျခဲ့ရသည်။သူမတို့အိမ်သို့
ဒေါ်လှအေး ဆိုသော မိန်းမကြီးသည် ဖခင်ဖြစ်သူ၏ ဒုတိယမယားအဖြစ်ရောက်လာခဲ့သည်။
သူမနှင့်အတူ သူဇာချို သူဇာခင် နှင့် ကျော်ခင် ဆိုသော သူမ၏ သားသမီးများလည်းပါလာကြသည်။
သူတို့သည် သူမထက် အသက်ကြီးကြသည်။ထိုစဉ်က သူမအသက်
တစ်ဆယ့်ငါးနှစ်ဖြစ်ပြီး ကျော်ခင်က တစ်ဆယ့်ရှစ်နှစ်။သူဇာခင်က နှစ်ဆယ့်လေးနှစ် သူဇာခင်က နှစ်ဆယ့်တစ်နှစ်။ဖခင်ဖြစ်သူ အလုပ်သွားသည်နှင့် သူမ ငရဲကျတော့သည်။မိထွေးနှင့် သူ၏ သားသမီးများက သူမအားအိမ်အလုပ်များ
အားလုံးသိမ်းကြုံးလုပ်ခိုင်းသည်။ထိုစဉ်က
သူမမှာ ကိုးတန်းအောင်ပြီး ဆယ်တန်းတက်ရမည်ဖြစ်သော်လည်း
မိထွေးဖြစ်သူက ဖခင်အား မည်သို့ပြောထားသည် မသိ သူမကျောင်းဆက်တက်ခွင့်မရခဲ့တော့။
အိမ်စေတစ်ဦးကဲ့သို့ အိမ်အလုပ်များ သိမ်းကြုံးလုပ်နေခဲ့ရသည်။မိထွေးဖြစ်သူသည် အပြင်ပန်းတွင် ဘုရားတရားကိုင်းရှိုင်းသည့်ပုံ ဖမ်းထားသော်လည်း အတွင်းစိတ်မှာ ယုတ်မာလွန်းလှသည်။သူမ အသက်တစ်ဆယ့်ကိုးနှစ်တွင် ဖခင်ဖြစ်သူ
ကွယ်လွန်ခဲ့သည်။မကွယ်လွန်မီတွင် ဖခင်ဖြစ်သူက သူမအား အနီးသို့ခေါ်ကာ
တီးတိုးပြောရှာသည်။
“သမီးလေး သူတို့နဲ့နေရတာ ဒုက္ခရောက်တယ်ဆိုတာအဖေသိပါတယ်ကွယ်…ဒါပေမယ့်အဖေလည်း ဘာမှမတက်နိုင်လို့ပါ…မလှအေး ဆီမှာ အဖေတို့နဲ့ပတ်သက်တဲ့ အရာရှိနေလို့ အဖေဘာမှမပြောသာတာပါကွယ်၊
သမီးအဖေ့ကို စိတ်မဆိုးပါနဲ့နော်…အဖေက
လုပ်ကြံခံခဲ့ရတာပါသမီးရယ်”
ထိုစဉ်က ဖခင်၏ဆိုလိုရင်းကိုသူမမသိခဲ့။
ဖခင်ဆုံးပါးပြီးနောက် ကျန်ရစ်ခဲ့သော အမွေများကို သူမကတစ်ဝက် မိထွေးဖြစ်သူ
ဒေါ်လှအေးတို့က တစ်ဝက်ရရှိခဲ့သည်။
သူမမှာ သဘောထားကြီးပြီး ရိုးသားလွန်းလှသူဖြစ်၍ မိထွေးဖြစ်သူက
အမွေအားလုံးရရန် သူမ၏အသက်ကို ရန်ရှာနေသည်ကိုသတိမပြုမိခဲ့ရှာပေ။
သူမအတွက် ကံဆိုးမိုးမှောင်ကျခဲ့ရသော တစ်ည။ထိုညတွင် အရက်မူးလွန်နေသော
ကျော်ခင်ကသူမ၏အိပ်ခန်းထဲ အတင်းဝင်ကာ သူမအား သားမယားပြုကျင့်ခဲ့သည်။ထိုအကြောင်းကို
ဒေါ်လှအေးနှင့်သမီးနှစ်ယောက်က သိသော်လည်း မသိဟန်ဆောင်ခဲ့သည်။
သူမအတွက် တိုင်ပင်ဖော်တိုင်ပင်ဖက်မရှိ။
အားကိုးရာလည်းမရှိ။တစ်ရက်တွင် သူမ
အဝတ်လျှော်နေရင်း ပျို့တက်လာကာ အန်ချလိုက်သည်။ခေါင်းလည်းမူးဝေနေပြီး
ကောင်းကောင်းမရပ်နိုင်။ထိုအချင်းအရာကို
သူဇာချိုကတွေ့သည်။သူမအား မထူပေးသည့်အပြင် တွန်းချလိုက်ရာ
ရေချိုးခန်းနံရံနှင့် သူမ၏ဦးခေါင်းဆောင့်မိကာ သတိမေ့သွားခဲ့ရသည်။သူမသတိပြရလာတော့ ဒေါ်လှအေး၏ အသံကိုကြားရသည်။
“ဟဲ့ကောင်မ…ညည်းကိုယ်ဝန်က ဘယ်သူနဲ့
ရတာလဲ”
“သူမ ခေါင်းများချာချာလည်သွားခဲ့ရသည်။
ဘာပြန်ပြောရမှန်းမသိတော့ပဲ ဒေါ်လှအေးနှင့် သမီးဖြစ်သူနှစ်ဦးကို မုန်းတီး
စွာကြည့်လိုက်မိသည်။
“ဟိုအကောင်သန့်စင်နဲ့မဟုတ်လား…အေး…
ခု အဲ့ကောင်လည်းပြေးပြီ…
ရွာပြန်သွားတာလား ဘယ်လဲတော့မသိဘူး..
ညည်းကမြင်းကြောထလို့ဖြစ်တဲ့ကိစ္စ…
ညည်းဘာသာညည်းခံ…မွေးချင်မွေး မမွေးချင်နေ တို့နဲ့ဘာမှမဆိုင်ဘူး”
သူမ တစ်ခုခုပြန်ပြောချင်သော်လည်း အသံက လည်ချောင်းထဲတွင် တစ်ဆို့နေသည်။ပြောမထွက်…
စကားလုံးများအစား သူမ မျက်ဝန်းအိမ်မှ
မျက်ရည်များသာ စီးကျလာတော့သည်။
ထိုနေ့မှ စ၍ သူမ၏ငရဲခန်းမှာ အရှိန်မြင့်တက်လာသည်။သူမမှာ ကိုယ်ဝန်
အရင့်အမာကြီးနှင့် အဝတ်လျှော် ထမင်းဟင်းချက် အိမ်သန့်ရှင်းရေး လုပ်ရသည်။သူဇာခင်က နေ့စဉ် သူမအား
ဆေးတစ်လုံးလာတိုက်သည်။
“ကိုယ်ဝန်ဆောင်အားဆေးဟဲ့…နင့်ကိုသနားလို့ အမေမသိအောင်ငါလာခိုးတိုက်တာ”
ဟုပြောသဖြင့် သူမလည်းသောက်နေမိသည်။သူမ မသိသည်က ထိုဆေးမှာ
ကိုယ်ဝန်ပျက်စေသော ဆေးဖြစ်ကြောင်းပင်။ကိုယ်ဝန်က ခြောက်လပြည့်လာပြီဖြစ်၍ ဗိုက်က သိသိသာသာဖောင်းကားလာသည်။သူမ
ဆေးရုံဆေးခန်း သွားမပြခဲ့ရ။သို့သော်…
သူမတွင် မိခင်စိတ်ရှိသည်။ထိုကလေးကို
မဖြစ်ဖြစ်သည့်နည်းနှင့်သူမမွေးမည်။
ကလေးမွေးပြီးလျှင် အဒေါ်ရှိသော တောမှ
ရွာကလေးတွင် သွားရောက်၍အေးအေးချမ်းချမ်းနေထိုင်မည်ဟု သူမစိတ်ကူးထားသည်။သူမ၏
ဗိုက်ထဲမှ ကလေးကလည်းမာဟန်ရှိသည်။
သူဇာခင်က ကိုယ်ဝန်ဖျတ်ချဆေးကို လိမ်၍
တိုက်နေသည့်ကြားမှပင် ဘာမှမဖြစ်။
တစ်ရက်တွင် သူမ လျှော်ပြီးသား အဝတ်ဇလားကြီးကို မ ၍ရေချိုးခန်းအပြင်သို့အထွက်…သူမနောက်မှ နေ၍ တစ်စုံတစ်ယောက်က အရှိန်ဖြင့် တွန်းလိုက်ရာ သူမလည်း ကြမ်းပြင်ပေါ်သို့
မှောက်လျက်သား လဲကျသွားသည်။သူမ၏
ဗိုက်က ကြမ်းပြင်နှင့်ဆောင့်မိကာ နာကျင်လွန်းသောဝေဒနာကိုခံစားလိုက်ရသည်။နောက်သို့စောင်းငဲ့ကြည့်လိုက်ရာ ကျောခိုင်းထွက်သွားသော ဒေါ်လှအေးကို
တွေ့လိုက်ရသည်။သွေးများက သူမ ပေါင်ခြံတစ်လျှောက် တွင်စိုရွှဲသွားသည်။
သွေးထွက်လွန်ပြီး သူမ သတိမေ့သွားတော့သည်။သတိပြန်ရလာတော့ အရပ်ထဲမှ ဝမ်းဆွဲသည် အဒေါ်ကြီးကို
တွေ့လိုက်ရသည်။ဒေါ်လှအေး၏ အသံကိုလည်း ကြားနေရသည်။
“အဲ့ဒါပဲ မမြင့်ရေ…သူက ဟိုကောင်နဲ့ ဖြစ်ချင်တိုင်းဖြစ်ပြီး ကိုယ်ဝန်ရလာတော့မှ
ဖျတ်ချဖို့လုပ်တယ်လေ…ဒီဆေးတွေကို သူ့အခန်းထဲမှာတွေ့တာ…သူက ကိုယ်ဝန်ဖျတ်တဲ့ဆေးတွေခိုးသောက်နေတာ
ညီမတို့ကမသိဘူး…ခုလည်း ဘယ်လိုဖြစ်တာလဲမသိဘူး…ရေချိုးခန်းက
အော်သံကြားလို့ပြေးကြည့်မှ ဒီလိုတွေ့ရတာပဲ”
“ကလေးကတော့ ပျက်သွားပြီ…မိခင်ကတော့ ကံကောင်းတယ်ပြောရမယ်…
အသက်အန္တရာယ်တော့
မစိုးရိမ်ရတော့ပါဘူး”
သူမ ကမ္ဘာတစ်ခုလုံး ချာချာလည်သွားခဲ့ရသည်။ဒေါ်မြင့် ပြန်သွားပြီးနောက် သူမထံသို့ မည်သူမှ ရောက်မလာ။သူမမှာ ကိုယ်ဝန်ပျက်ထားသဖြင့် မထနိုင်။ဘာမှလည်း မလုပ်ချင် မကိုင်ချင်။
ဗိုက်ဆာနေသော်လည်း မည်သူမှ ထမင်းလာမကျွေး။ရေပင်လာမတိုက်…။
ထိုအချိန်တွင် သူမစိတ်ထဲ တမ်းတမိသည်က
အဖေနှင့်အမေ။သူမ ဆုံးဖြတ်ချက်တစ်ခုကို
လေးနက်စွာချလိုက်သည်။အဖေနှင့်အမေတို့ထံ လိုက်သွားတော့မည်။မိထွေးဖြစ်သူ နှင့်
သားသမီးများ၏ ယုတ်မာမှုများကို တစ်စုံတစ်ယောက်ဖြစ်ဖြစ် သိစေရန်
ဒိုင်ယာရီတစ်အုပ်ကို အလျှင်အမြန် အတိုချုံးရေးကာ ဒေါ်လှအေးတို့မိသားစု
မတွေ့စေရန် အဝတ်ဗီရို အောက်သို့ ထိုးထည့်ထားရန် ဆုံးဖြတ်လိုက်ပြီးနောက်….။
* * *
ဒေါ်လှအေး… ဝဲတက်လာသောမျက်ရည်စကို လက်ဖမိုးဖြင့် ပွတ်သပ်လိုက်သည်။သူမ ရည်မှန်းထားသည့်အတိုင်း အမွေများ အားလုံး ရရှိပြီးမှ ကံကြမ္မာဆိုးများ ဝင်ရောက်လာသည်။အမှန်တော့ ဒီကိစ္စမှာ
အဓိကတရားခံကသူမ။ပါတီပွဲတစ်ညတွင်
ကိုထွန်းခင်၏အရက်ခွက်ထဲ သူမမေ့ဆေးခပ်ခဲ့သည်။မေ့ဆေးအရှိန်ကြောင့် ကိုထွန်းခင် မေ့မျောနေစဉ် သူမနှင့် တစ်ဝမ်းကွဲ အကိုဖြစ်သူက ကိုထွန်းခင်အား အိပ်ယာထဲတွဲသွားကာ အဝတ်အစားများကို
ချွတ်၍ သူမတို့ နှစ်ဦးကို ဓာတ်ပုံတွဲရိုက်ခဲ့သည်။နှစ်ဦးစလုံးက ဝတ်လစ်စလစ်များနှင့်။ထိုဓာတ်ပုံများဖြင်ကိုထွန်းခင်အားအကျပ်ကိုင်ကာ သူမအား
တာဝန်ယူရန်ပြောခဲ့သည်။တာဝန်မယူပါက
ကိုထွန်းခင် သိက္ခာကျစေရန် ထိုဓါတ်ပုံများကို ဖြန့်မည်ဟုပြောသဖြင့်
ကိုထွန်းခင်မှာ မငြင်းသာပဲ သူမ လက်တွင်းမှ
ရုပ်သေးရုပ်ဖြစ်ခဲ့ရသည်။သူမ၏ အကိုဝမ်းကွဲက ကိုထွန်းခင်နှင့် စီးပွားဖက်။
သူ့ထက်အောင်မြင်နေသော ကိုထွန်းခင်အား
မနာလိုဖြစ်ကာ ထိုသို့ လုပ်ဆောင်ခိုင်းခြင်း
ဖြစ်သည်။သူမမှာလည်း လင်သားသေဆုံး
သွားသည့်နောက် ကလေးသုံးယောက် နှင်
အဆင်ပြေစေရန်ထိုသို့ လုပ်ခဲ့ခြင်းဖြစ်သည်။
ကိုထွန်းခင်သေတော့ အမွေ တစ်ဝက်ရသည်။သူမ မကျေနပ်…သူမက
အမွေအားလုံးလိုချင်သည်။သူမ၏ သားဖြစ်သူနှင့် ကြည်နူးရိပ် ကိုယ်ဝန်ရသွားတော့ သန့်စင် ဆိုသော
ခိုင်းရန်ခေါ်ထားသည့် ကောင်လေးအား
ငွေပေး၍ ထိုအိမ်မှ ပ ထုတ်ခဲ့ပြီး သန့်စက်အပေါ် အပြစ်ပုံချခဲ့သည်။ကလေးမွေးခိုင်း၍ မဖြစ်။
ကိုယ်ဝန်ကို မရရအောင်ဖျတ်ပစ်ရမည်။
ကိုယ်ဝန်ပျက်စေသောဆေးများကို သူဇာခင်မှ တစ်ဆင့်တိုက်ခိုင်းသော်လည်း
အကြောင်းမထူးသဖြင့် သူမကိုယ်တိုင်
ကြည်နူးရိပ် ရေချိုးခန်းမှအထွက် နောက်မှ
တွန်းချခဲ့သည်။အစီအစဉ်က သူမထင်ထားသကဲ့သို့ပင် အလုံးစုံအောင်မြင်ခဲ့သည်။သန့်စင်က ထိုအကြောင်းအရာအားလုံးကို သိနေသဖြင့်
မကြာခဏ အိမ်သို့ ရောက်လာကာ ငွေညှစ်တတ်သည်။လေးခါမြောက် သန့်စင်
ညဘက် အိမ်သို့ လာသည့်အခါတွင်တော့
သူမ သည်းမခံနိုင်တော့။အရက်ထဲသို့
အဆိပ်ခပ်ကာ သန့်စင်အား အချိုသက်၍
တိုက်လိုက်သည်။သန့်စင် သေဆုံးသွားမှ
ရက်ကွက်နှင့် အလွန်ဝေးသော နေရာမှ
ရေအိုင်တွင် သွားပစ်ထားရန် သားဖြစ်သူအား စေခိုင်းခဲ့သည်။ကြည်နူးရိပ်
သေဆုံးသွားသဖြင့် အမွေအားလုံးကို
သူမတို့မိသားစုကရရှိခဲ့သည်။အရာအားလုံး
အဆင်ပြေပြီးမှယခုကဲ့သို့ အဖြစ်ဆိုးများ
ပေါ်လာသဖြင့် သူမစိတ်ဓါတ်ကျနေမိသည်။
အရာအားလုံး
အဆင်ပြေပြီးမှယခုကဲ့သို့ အဖြစ်ဆိုးများ
ပေါ်လာသဖြင့် သူမစိတ်ဓါတ်ကျနေမိသည်။
“ဘူတာရုံရောက်ပြီ ဒေါ်လေး”
တက္ကစီ သမား၏စကားကြောင့် ကျသင့်ငွေရှင်းကာ သူမ ကားပေါ်မှဆင်းသည်။ကားပေါ်မှ ဆင်းဆင်းချင်း သူမအား တစ်စုံတစ်ယောက်
စိုက်ကြည့်နေသကဲ့သို့ခံစားရသဖြင့် ဘေးဘီသို့လိုက်ကြည့်လိုက်သည်။
ဘူတာတွင် တောင်းရမ်းစားသောက်နေကျ
အရူးမ သည်သူမအားစူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။သူမလည်း ဂရုမစိုက်အားပဲ ဘူတာရုံအတွင်းသို့ဝင်လာလိုက်သည်။
ရထားလက်မှတ်က မနေ့ကတည်းက ကြိုတင်ဝယ်ယူထားပြီးဖြစ်၍ ခုံတန်းတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ထိုစဉ်
သူမ မျက်နှာရှေ့သို့လက်တစ်ဖက် ရောက်လာကာ လက်ဝါးကို ဖြန့်၍…
“မိန်းမယုတ်ကြီး…ငါ့အကြွေးပြန်ပေး”
ဆိုသောအသံကြောင့် မော့ကြည့်လိုက်ရာ
အရူးမဖြစ်နေသည်။ဘေးဘီမှ လူများက
ထိုအဖြစ်ကို ကြည့်ကာ ပြုံးစိစိ ဖြစ်နေကြသည်။သူမစိတ်ထဲတွင်တော့
ကြောက်လန့်နေမိသည်။အရူးမ၏ အသံကို
သူမ ရင်းနှီးနေသလို ခံစားရသည်။
ထိုအသံက ကြည်နူးရိပ်၏ အသံ။သူမလည်း
နေရာမှ ထကာ ရထားလမ်းဘက်လျှောက်လာရင်း ရထားအမြန်လာပါတော့ဟု ဆုတောင်းနေမိသည်။မကြာမီ ရထားက ဥသြဆွဲကာ ဘူတာအနီးရောက်လာသည်။
သူမလည်း ရထားပေါ်သို့ အမြန်တက်လိုသဖြင့် ရထားလမ်းဘက် တိုး၍လျှောက်သွားသည်။ရထားက သူမအနီး ရောက်လာသည်။ထိုစဉ် သူမ နောက်မှ နေ၍….
“မိန်းမယုတ်ကြီး…ဒီတစ်ခါ နင့်အလှည့်ပဲ”
ဆိုသော အသံနှင့်အတူ သူမ ကျောကုန်းအား
အရှိန်ဖြင့် တွန်းချခံလိုက်ရသည်။သူမ ရထားလမ်းပေါ် မှောက်လျက်သား လဲကျ
သွားချိန်တွင် ရထားက သူမအား သုံးပိုင်း
ဖြစ်အောင် ဖြတ်ကြိတ်သွားခြင်း ခံလိုက်ရတော့သည်။ဘူတာမှလူများမှာ
ကြက်သေသေနေကြသည်။အရူးမကတော့
ထိုအချင်းအရာကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်ရင်း ထိုအနားမှ
ပြေးလွှားခုန်ပေါက်ကာ ထွက်သွားတော့သည်။
“ဟယ်လို…ဆရာကျော်စွာ…ဒေါ်လှအေး ရထားကြိတ်ခံလိုက်ရလို့ဆရာ…ဘူတာရုံကို
လာခဲ့ပါဦး”
“သြော် ဟုတ်ကဲ့…ခုပဲလာခဲ့ပါ့မယ်”
ကျော်စွာက ဖုန်းကိုချလိုက်ပြီး ကြည်နူးရိပ်၏ ဒိုင်ယာရီစာအုပ်လေးကို
ကိုင်ရင်း အခန်းမှ ထွက်ခဲ့သည်။အိမ်ပေါက်ဝသို့ အရောက်တွင်
စီးကရက်တစ်လိပ်ကို မီးညှိကာ ဖွာရှိုက်ရင်း
စိမ်းစိုနေသော ခြံဝင်းအားကြည့်လိုက်သည်။
စီးကရက် မီးခိုများကြားတွင် ဒန်းစီးနေသော
ကလေးမလေးတစ်ယောက်ကိုမြင်ယေညင်မိသည်။ထိုဒန်းကိုမိခင်ဖြစ်သူက လွှဲပေးနေပြီး
ဖခင်ဖြစ်သူက ထိုမြင်ကွင်းကို ငေးကြည့်ရင်း
ပြုံးနေသည်။ကျော်စွာပြုံးလိုက်ပြီး
စိတ်ထဲမှ ပြောလိုက်မိသည်။
“ကြည်နူးရိပ်မြုံ စံအိမ်ရဲ့သခင်မလေး ကြည်နူးရိပ်ရေ…မင်းရစရာရှိတဲ့ အကြွေးတွေ မင်းရသွားပြီပဲ…တမလွန်မှာ
မင်းမိဘတွေနဲ့ ပြန်တွေ့ပြီး ပျော်ပျော်ရွှင်ရွှင်
နေနိုင်ပါစေကွာ…နောက်နောင်ဘဝတွေမှာလည်း ခုလိုအဖြစ်ဆိုးမျိုးတွေ ထပ်မကြုံပါရစေနဲ့ကွာ”
ပြီးပါပြီ….