ချစ်မိတော့လည်း

Posted on

“ချစ်မိတော့လည်း”(စ/ဆုံး)

————————-
ကျွန်မနံမည်က “သက်ထား” ပါ၊ တကယ်တော့အဖေတို့ အမေတို့ပေးထားတဲ့နံမည်က “သက်မောင်”တဲ့၊ ဒီနံမည်ကိုမကြိုက်ပါဘူး၊ ကျောင်းစတက်လို့ကျောင်းမှာသူငယ်ချင်းတွေက-

“နင့်နံမည်ဘယ်သူလည်း” လို့မေးရင် “သက်ထား”လို့ဖြေလိုက်တာပါဘဲ၊ ကျွန်မနံမည်ကိုကြားတော့သူတို့ကဝိုင်းရယ်ကြတယ်လေ၊

“ဟယ်-သက်မောင်ရယ်၊ နင်ကယောက်ကျားလေးလေ၊ ဘာလို့မိန်းမနံမည်ပြောရတာလည်း၊”

“ငါမှသက်မောင်ဆိုတဲ့နံမည်ကိုမကြိုက်တာ၊ ငါ့နံမည်က “သက်ထား”၊ နင်တို့မှတ်ထားကြ၊ ငါ့ကိုခေါ်ရင် “သက်ထား”လို့ခေါ်မှပြန်ထူးမယ်၊

“ဟား-ဟား-ဟား၊

သူငယ်ချင်းများကဝိုင်းရယ်ကြသည်၊ ရယ်ချင်ရယ်ပေါ့၊ သက်ထားမှဒီလိုယောက်ကျားလေးဘဝဖြစ်တည်မှုကိုမကြိုက်တာမှ ရင်ထဲအသည်းထဲကကိုမကြိုက်တာ၊

လူမှန်းသိတတ်စအရွယ်ထဲက အမေ့သနပ်ခါးတုန်းနဲ့ အမေ့ကျောက်ပျဥ်ပေါ်ကသနပ်ခါးဝါဝါလေးများကိုနှစ်သက်သဘောကျသည်၊ အမေကခလေးမို့ရေချိုးပြီးတာနဲ့ အသားအေးအောင်သနပ်ခါးမွှေးမွှေးလေးလိမ်းပေးတာကိုအရမ်းကြိုက်ခဲ့သည်၊

ကျောင်းနေရမဲ့အရွယ်ရောက်လာတော့ရွာဦးထိပ်ကဘုန်းတော်ကြီးစာသင်ကျောင်းကိုသွားရတာမို့၊ အမေကသနပ်ခါးမလိမ်းပေးတော့၊ သက်ထားကတော့ရေချိုးပြီးတာနဲ့ အမေ့ကျောက်ပျဥ်မှာကဗျာကယာသနပ်ခါးကိုပြေးသွေးပြီး၊ မျက်နှာပေါ်ကမန်းကတမ်းပွတ်လိုက်တာပင်၊

ဒီတော့ဘုန်းကြီးကျောင်းမှာသက်ထားတယောက်ထဲယောက်ကျားလေးတွေဘက်ခြမ်းမှာသနပ်ခါးအဖွေးသားနှင့်၊ ဒီတော့ကျန်သူငယ်ချင်းတွေကစနောက်ကြတော့တာပေါ့၊

ဘယ်သူတွေကဘယ်လိုဘဲစစ၊ နောက်နောက်၊ သက်ထားကတော့သနပ်ခါးကိုပါးကွက်လေးကွက်၍လိမ်းမြဲပင်၊

ဒီလိုနဲ့သက်ထားတို့ဘုန်းကြီးကျောင်းမှာက ၄ တန်းအထိဘဲရှိတော့၊ ၄ တန်းအောင်ရင်မြို့မှာကျောင်းသွားတက်ရမှာကို၊ အိမ်ကအဖေတို့၊ အမေတို့ကစိတ်မချလို့မပို့ပေးတာကြောင့်၊ သက်ထားရဲ့ ပညာရေးကလည်း ၄ တန်းအောင်တာနဲ့ရပ်သွားရတာပင်၊

၄ တန်းအောင်တော့အသက်ကလည်း ၁၀ နှစ်ဝန်းကျင်ကိုရောက်လာပေမဲ့၊လူပုံကခပ်နွဲ့နွဲ့မို့၊ အိမ်မှာလည်းဘာမှအသုံးမဝင်၊ အဖေတို့ အမေတို့ကတော့တောသူတောင်သားတွေဆိုတော့လယ်ထဲမှာနွားနဲ့ရုန်း၊ လုပ်ကိုင်ရသူတွေဖြစ်ပေမဲ့၊ သက်ထားကတော့ဒီလိုကြမ်းကြမ်းတမ်းတမ်းအလုပ်တွေလည်းမလုပ်နိုင်တာကြောင့်၊ ရွာဦးဘုန်းကြီးကျောင်းမှာဘဲ၊ ဘုန်းကြီးကျောင်းသားအဖြစ်ပို့ထားလိုက်ပါတော့တယ်၊

မနက်မိုးမလင်းခင်အိပ်ရာထ၊ဘုန်းဘုန်းတို့အတွက် အာရုံဆွမ်းပြင်ပေး၊ ဘုန်းဘုန်းတို့ဆွမ်းဘုန်းပေးပြီးရင်၊ သူတို့ဘုန်းကြီးကျောင်းသားက ၃ ယောက်ရှိတာမို့ခွဲဝေစါးကြ၊ သပိတ်တွေဘာတွေဆေးကြော၊ ဘုန်းကြီးကျောင်းဝန်းထဲတံမျက်စည်းလှည်း၊ ဆွမ်းခဲချိန်ကျရင်ဆရာတော်ဘုရားနောက်ကဆွမ်းချိုင့်ဆွဲပြီးလိုက်၊ ဘုန်းကြီးကျောင်းမှာအလျူတွေ ဘာတွေရှိရင်ဝိုင်းကူလုပ်နဲ့၊ သက်ထားဘဝဒီလိုဘဲရိုးစင်းစွာကြီးပြင်းလာရပါတယ်၊

သက်ထားအသက် ၁၆ နှစ်လောက်ရောက်တဲ့အချိန်မှာဖုံးတွေလည်းစပေါ်လာပြီဖြစ်လို့၊ အိမ်ကအမေတို့ကိုဝယ်ပေးဖို့ပူဆာတော့၊ အမေတို့ကလည်းသူတို့စကားနားထောင်ပြီး ဘုန်းကြီးကျောင်းသားလုပ်နေတဲ့သက်ထားကိုဝယ်ပေးကြပါတယ်၊

ဖုံးရပြီးကတည်းကသက်ထားမအားတော့ပါဘူး၊ fb ဆိုတာချည်လည်းပေါ်လာတော့ သက်ထားမှာသူငယ်ချင်းတွေအများကြီးရှိလာတယ်၊ သက်ထားက ရွာလယ်ကွင်းတွေနောက်ခံထားပြီးဓါတ်ပုံလှလှလေးနဲ့ fb မှာတင်ထားတော့ သက်ထားကိုလှလိုက်တာဆိုပြီး၊ ဝိုင်းချီးကျူးကြတယ်လေ၊

အဲဒီလိုလူတွေထဲမှာ “ကိုကို”ကတော့အဆိုးဆုံးပေါ့၊ သက်ထားကိုအပြင်မှာတွေ့ချင်လိုက်တာဆိုပြီးတဖွဖွတောင်းဆိုတယ်၊ သက်ထားနေတဲ့နေရာနဲ့ ကိုကိုနေတဲ့ ရန်ကုန်ဆိုတာဝေးလွန်းလှပါတယ်၊

သက်ထားကဘယ်မှလည်းသွားဘူးတာမဟုတ်တော့ “ကိုကို့”ကိုတွေ့ခြင်ပေမဲ့ မလာရဲပါဘူးနော်၊

ဒါကိုသိရတော့ကိုကိုကသက်ထားစီးလာမဲ့အဝေးပြေးကားကြီးဆီကိုသူကိုယ်တိုင်လာကြိုပါ့မယ်တဲ့၊ သူတို့အိမ်မှာဘဲတည်းပါတဲ့၊ ဒီလိုစကားခဏ ခဏပြောလာတော့ သက်ထားလည်း အရဲစွဲ့ပြီး ကိုကို့ဆီလာခဲ့လိုက်တာပေါ့ကွယ်၊

ရန်ကုန်သွားဖို့လမ်းစရိတ်မရှိလို့ဘုန်းဘုန်းကြီးကျိမ်းနေတုန်း ငွေ ၁၀ သိန်းတအုပ်ယူလာခဲ့တာပင်၊

ဘုန်းဘုန်းကြီးကအသက်ကြီးနေတော့ သူ့ဆီလာလျူတဲ့ငွေတွေကိုသက်ထားကဘဲသိမ်းထားပေးရတာဆိုတော့၊ သက်ထားကအလွယ်တကူယူလာလို့ရနေတာပေါ့၊

ရန်ကုန်ရွှေမြို့တော်ကြီးကိုရောက်တော့ သက်ထားကိုအပြင်မှာတခါမှမတွေ့မမြင်ဘူးပေးမဲ့၊ ကိုကိုကတော့ကားပေါ်ကဆင်းလာတဲ့သက်ထားဆီဆိုက်ဆိုက်မြိုက်မြိုက်လာကြိုပေးလို့သက်ထားမှာပျှော်လိုက်ရတာ၊
ကိုကိုတို့နေတဲ့တိုက်ခန်းကကျဥ်းပေမဲ့၊ ကိုကို့ အဖေရယ်၊ အမေရယ်၊ ကိုကိုရယ်ဘဲနေကြတာမို့ သက်ထားတို့လည်းလွတ်လွတ်လပ်လပ်နေလို့ရခဲ့ပါတယ်၊

ရန်ကုန်မှာမရောက်ဘူးတဲ့နေရာ၊ ဘုရား၊ ပန်းခြံ၊ မစါးဘူးတဲ့အစါးအစါ၊ အကုန် ကိုကိုကလိုက်ပို့လို့နေရာအနှံ့ရောက်ခဲ့၊ သွားခဲ့ရပါတယ်၊ ပိုက်ဆံကတော့သက်ထားယူသွားတဲ့ငွေ ၁၀ သိန်းထဲကသုံးလိုက်ကြတာ တပါတ်ကြာတော့ကုန်ရော၊

ကိုကိုကိုင်နေတဲ့ဖုံးလေးကအစုတ်လေးမို့ သက်ထားအဖေတို့ဝယ်ပေးထားတဲ့ဖုံးလေးကို သူ့ကိုလက်ဆောင်အနေနဲ့ပေးလိုက်ပြီး ကိုကို့ဖုံးအစုတ်လေးကိုဘဲ၊သက်ထားအိမ်အပြန်မှာအမြတ်တနိုးယူလာခဲ့ပါတယ်၊

သက်ထားရွာပြန်ရောက်ပြီးတလလောက်အကြာမှာတော့ fb ပေါ်မှာကိုကိုနဲ့တခြားမိန်းခလေးတယောက်နဲ့ မဂ်လာဆောင်နေတဲ့ပုံတွေတက်တာတာမြင်ရတဲ့အချိန်မှာသက်ထားတယောက်ရင်ကွဲရပြီပေါ့၊

သက်ထားနေ့နေ့ညညငိုလို့မဆုံးပါဘူး၊ ကိုကို့ဆီဖုံးဆက်ပြီးလည်းရန်တွေ့မိတယ်၊ ကိုကိုကပထမတော့ဖုံးဘယ်လိုဆက်ဆက်မကိုင်ပါဘူး၊ သက်ထားကအကြိမ်ကြိမ်ဆက်နေတော့မှ သူ့မိန်းမကအရင်လာကိုင်တယ်၊ သက်ထားကိုလည်းသူ့ယောက်ကျားနဲ့ မပါတ်သက်ဖို့၊ မဆက်သွယ်ဖို့ရန်စကားပြောတယ်၊

သက်ထားကငိုပြီး ကိုကိုနဲ့စကားလေးပြောပါရစေလို့ အသနားခံပြောမှ၊ ကိုကိုနဲ့ဖုံးပေးပြောတယ်၊ သက်ထားလည်းကိုကို့အသံကြားရတော့ ဘယ်လိုမှစိတ်မထိန်းနိုင်ဘဲ၊ ရှိုက်ကြီးတငင်ငိုမိတယ်၊

ဒီတော့လည်းကိုကိုကချော့ပြီး သူ့မိဘတွေပေးစါးလို့ယူလိုက်ရတာပါတဲ့၊ သက်ထားဒီစကားကိုတော့ယုံမိတယ်၊ ကိုကိုကသက်ထားကိုတကယ်ချစ်တယ်လို့အရမ်းယုံထားတာပါ၊

ဒီလိုနဲ့သက်ထားတို့နှစ်ယောက်ကွဲသွားကြတာ ၆ လလောက်ကြာသွားတယ်၊

မနေ့ညကကိုကိုကဖုံးမဆက်စဖူးဆက်လာတယ်၊ သက်ထားကိုလွမ်းလို့တွေ့ချင်လို့၊ ရန်ကုန်လာခဲ့ပါတဲ့၊

သက်ထားလည်းကိုကို့ကိုလွမ်းလွန်းလို့တွေ့ချင်ပေမဲ့၊ လမ်းစရတ်လာ်းမရှိဘူး၊ ဘုန်းဘုန်းကြီးကလည်းအရင်တခါရန်ကုန်သွားတုန်းကသူ့ပိုက်ဆံ ၁၀ သိန်းယူသွားတာသိသွားလို့၊ သက်ထားကိုပိုက်ဆံပေးမကိုင်တော့ဘူး၊

သက်ထားရန်ကုန်သွားဖို့လမ်းစရိတ်မရှိလို့၊ ဘယ်လိုလုပ်ရပါ့မလည်းလို့၊ နေ့တိုင်းအကြံထုတ်နေမိတယ်၊ ဘုန်းဘုန်းကြီးကလည်းမနက်ဖြန်အာရုံဆွမ်းကိုရွာထဲကပင့်ထားလို့သက်ထားလိုက်ခဲ့ရမယ်တဲ့၊ အဲဒီအိမ်ကရွာထဲမှာပိုက်ဆံရှိတယ်လို့ကြားဘူးတယ်၊ သက်ထားလိုက်သွားပြီး၊ မီးစင်ကြည့်က ရမှာဘဲ၊

ရွာထဲကအလျူအိမ်ရောက်တော့မနက်စေါစေါမို့လူသိပ်မရှိသေးဘူး၊ အဲဒီအချိန်မှာဘဲ ဘီဒိုပေါ်မှာတင်ထားတဲ့ဖုံးတလုံးတွေ့တာနဲ့၊ သက်ထားအသာလေးယူပြီးအိတ်ထဲထည့်ထားလိုက်တယ်၊

ဘုန်းဘုန်းကြီးတို့ဆွမ်းစါးပြီး၊ သက်ထားတို့ဘုန်းကြီးကျောင်းသားတွေလည်းစါးသောက်ပြီးချိန်ထိ၊ သူတို့ဖုံးယူထားတာဘယ်သူမှသိပုံမပေါ်ဘူး၊

သက်ထားလည်းကျောင်းပြန်ရောက်ပြီး၊ ခဏနေရင်အဲဒီဖုံးကိုဟိုဘက်ရွာမှာသွားရောင်းပြီးရတဲ့ပိုက်ဆံနဲ့စရိတ်လုပ်ပြီး၊ ရန်ကုန်သွားရတော့မယ်ဆိုပြီးပျှော်နေချိန်မှာဘဲ၊ ကျောင်းအောက်ကဆူဆူညံညံအသံတွေကြားလို့ဆင်းကြည့်လိုက်ချိန်မှာဘဲ၊

သူ့လက်မောင်းနှစ်ဘက်ကိုသူကြီးအိမ်ကလူ ၂ ယောက်ကလာဆွဲပြီး၊ အောက်ကိုဆွဲခေါ်သွားပါတော့တယ်၊

သက်ထားလည်းမရုန်းသာဘဲပါသွားပြီး၊ သူ့အိတ်ထဲနှိုက်ရှာလိုက်ချိန်မှာ သူခိုးယူလာတဲ့ဖုန်းကိုတွေ့သွားကြပါတယ်၊

ခိုးရာပါပစ္စည်းနဲ့အတူမိသွားတာမို့ သူလည်းဘာမှမတတ်နိုင်ဘဲ၊ သူကြီးနဲ့ သူ့လူတွေခေါ်ရာနောက်ကိုလိုက်သွားလိုက်ရပါတယ်၊

ရန်ကုန်ကကိုကို့ဆီသွားဖို့ အိပ်မက်လည်းတစဆီလွင့်ပြယ်သွားရပါပြီ။

မေသင်းလှိုင်(ရွှေဘို)