ချိုတမြမြခင်မမ

Posted on

ချိုတမြမြခင်မမ(စ/ဆုံး)

———————-

“မင်း ငါ့ကို မဟုတ်တာ မစွပ်စွဲနဲ့နော် မိစံ”

” နင့်ဖုန်းမက်ဆေ့ကို
ပြန်ကြည့်၊ ဒီမှာ …ပြူးနေအောင်ကြည့်”

ဖုန်းမက်ဆေ့ကစာတွေကို
ရိုက်ထားတဲ့ပုံထဲမှာ
သက်သေတွေက ပြုံးပြနေတယ်။

“ဟာ ကွာ
မင်း ငါ့ဖုန်းကို ဘာလို့ကိုင်တာလဲမိစံ
မင်း လူတစ်ဖက်သားရဲ့ privacy ကို
ဘာလို့ချိုးဖောက်ချင်ရတာလဲ”

“အဲဒီလူတစ်ဖက်သားဆိုတာ
တခြားလူမဟုတ်ဘူးလေ
ငါ့လင်လေ ဟဲ့၊ ငါ့ရှေ့ကို
ရောက်လာတဲ့မက်ဆေ့ကို
မကြည့်ချင် မြင်လျက်သားဖြစ်ခဲ့ရတာပါ ဦးဖြိုးဝေရဲ့”

သူဘာပြောရမှန်းမသိပုံနဲ့
ခေါင်းကုတ်နေလေရဲ့။
လုပ်ရက်လိုက်ကြတာ။
ကျွန်မရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ဖောက်ပြန်နေခဲ့ကြတာလေ။
ကျွန်မမှာနွားမ လုံးလုံးကိုဖြစ်လို့ရှင့်။

“ဟင်း ဟင်း ဟင်း
မောင်နှမပါဆိုပြီး ငါ့ကွယ်ရာမှာ ဘင်္ဂလားမောင်နှမလုပ်တမ်း ဆော့နေခဲ့ကြတာကိုး၊
အရှက်သိက္ခာမရှိတဲ့ဟာတွေ ကဲဟာ”

ကျွန်မဟာပြောနေရင်း ဒေါသပိုကြီးထွားလာကာ စိတ်မထိန်းနိုင်တော့ပဲ
မှန်ကို စာရွက်ဖိတဲ့ဖန်တုံးနဲ့ ပစ်ပေါက်လိုက်မိတယ်။

ကျယ်လောင်လှတဲ့မှန်ကွဲသံ။
ဒါဟာ မှန်ကွဲသံမဟုတ်ဘူး။
ကျွန်မအသည်းကွဲသွားတဲ့အသံပါ။
အပိုင်းအစတွေ စင်လာတာကလဲ မှန်ကွဲစ,တွေ မဟုတ်ပါဘူး။
ကျွန်မအသည်း ကွဲစင်ကျလာတာပါ။

ကျွန်မတို့ရဲ့ မင်္ဂလာဦးမှန်ကြီးဟာ တစ်ခြမ်းကွဲကျပြီးနောက် အိမ်ထောင်ရေးဆိုတာ ဘယ်လောက်တောင် နူးညံ့တဲ့ ပစ္စည်းလေးလဲဆိုတာ ကျွန်မနားလည်နေခဲ့တယ်။

ကျွန်မ နှစ်နှစ်လောက် သိပ်ချစ်ပြီးနောက် လက်ထပ်ခဲ့တဲ့ ဖြိုးဝေဟာ ဒီမှန်ကြီးရဲ့ အခြားတစ်ဖက်မှာ ရပ်နေသေးတယ်။ ဒါပေမယ့် သူနဲ့အတူ ရပ်နေတာက ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်း(ကျွန်မထင်ခဲ့တာပေါ့လေ)၊ ကျွန်မရဲ့ ယောင်းမ ခင်မမပဲဖြစ်ပါတယ်။

အရာအားလုံးဟာ လှည့်စားမှုတစ်ခုလိုပါပဲ။

ဒီလှည့်စားမှုမှာ ပါဝင်ပတ်သက်ခဲ့ရတဲ့ကျွန်မ သိပ်နာကျင်ခဲ့ရပြီ။

🌿🌿🌿

ကျွန်မနေရိပ်စံရယ် ၊ ဖြိုးဝေနဲ့ ခင်မမတို့ဟာ သူငယ်ချင်းတွေဖြစ်ပါတယ်။

တက္ကသိုလ်မှာ တွေ့ကြတာပါ။
မေဂျာတူမို့ ကျွန်မတို့သုံးယောက်ဟာ အတူရှိနေကျ။
practical လဲတစ်ဖွဲ့ထဲ။

 

တကယ်တော့ ဖြိုးနဲ့ခင်မမက
မောင်နှမနှစ်ဝမ်းကွဲ။ ဖြိုးအမေရဲ့မောင်တစ်ဝမ်းကွဲကမွေးတဲ့ခင်မမကို
တောကနေ မြို့ရောက်အောင်ခေါ်ပြီး
ဖြိုးတို့က ကျောင်းထားပေးခဲ့ကြတာ။
ဒီတော့ တက္ကသိုလ်ရောက်တော့လဲ
မေဂျာတူမောင်နှမအဖြစ် ကျွန်မတို့က သိထားကြတယ်လေ။

တောကနေ ခေါ်လာစဉ်ကတည်းက
ခင်မမဟာ အသက်ဆယ်နှစ်ရှိပြီးတာတောင်
ကျောင်းမနေရသေးသူ။

ကျွန်မနဲ့ဖြိုးထက် သူက လေးနှစ်ကြီးပါတယ်။ ကျွန်မကိုသူက ညီမလေးလို့ခေါ်ပြီး ဖြိုးဝေကိုတော့
ဖြိုးလေးလို့ ခေါ်တတ်သူ။

ချစ်သူဘဝကတည်းက ဖြိုးနဲ့ ကျွန်မ စကားများရင် ခင်မမက အမြဲကြားဝင် ညှိပေးတတ်တယ်။ ကျွန်မ စိတ်ဆိုးနေရင် ကျွန်မဘက်က ရပ်တည်ပြီး ဖြိုးကိုပြောပေးတတ်တယ်။ ကျွန်မတို့နှစ်ယောက် ပြန်သင့်မြတ်အောင် သူပဲအကျိုးဆောင်ပေးနေကျမို့ သူ့ကိုကျွန်မ သူငယ်ချင်းလိုရော ယောင်းမလိုပါ သိပ်ခင်တွယ်ယုံစားခဲ့ပါတယ်။

“ညီမလေး ဖြိုးကိုစိတ်တိုနေတာလား၊
စိတ်ဆိုးအောင် သူလုပ်လာရင် မမကိုပြော၊ ဒီယောင်းမကို အားကိုးလို့ရတယ်လေ၊ ဖြိုးလေးကို မမရိုက်ဆုံးမပေးမယ်သိလား”

လို့ သူက အမြဲတမ်းပြောတယ်။

ဒီလိုနဲ့ ချစ်သူသက်တမ်းနှစ်နှစ် ၊ ကျောင်းပြီးပြီးချင်း နှစ်ဖက်မိဘသဘောတူညီမှုနဲ့ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်။

အိမ်ထောင်ကျတော့လည်း ယောင်းမကို အားကိုးခဲ့တယ်။ သူမဟာ ကျွန်မရဲ့အိမ်ထောင်ရေး လှေကားထစ်တွေ ခိုင်မာအောင်၊ မြဲမြံအောင် ထောက်ပံ့ပေးတဲ့၊ အားကိုးရတဲ့၊ သံယောဇဉ်ကြီးတဲ့ ယောင်းမတစ်ယောက်လို့ ခံစားရတယ်။

ကျွန်မတို့သီးသန့်နေတဲ့တိုက်ခန်းကို ခင်မမက ခန ခနလာလည်တတ်တယ်။
ကျွန်မတို့သုံးယောက် ရှေးဟောင်းနှောင်းဖြစ်ပြောကြ၊ စားကြ သောက်ကြနဲ့ သိပ်ပျော်ခဲ့ရပါတယ်။

ဖြိုးအလုပ်က ကုန်သည်မို့ အများနဲ့ဆက်ဆံတဲ့အခါ အရက်ဆိုတာ မပါမဖြစ် ယောက်ကျားချင်း ရင်းနှီးမှုအတွက် ကြားခံဖြစ်လို့နေခဲ့တယ်။

ကျွန်မက အရက်နံ့ကိုတောင်မခံနိုင်သူ။

ဒီတော့…
တခါတရံ သူ့သူငယ်ချင်းတွေနဲ့ အိမ်မှာဝိုင်းဖွဲ့စားသောက်ကြတဲ့အခါ ခင်မမသာ ဖြိုးတို့နဲ့တသားတည်း။ သောက်ဖောက်သောက်ဖက်အဖြစ်။

ကျွန်မကတော့ ဝတ္တရားမပျက် ချက်ပြုတ်ကြော်လှော်ပေးခဲ့ပြီး အခန်းထဲဝင်နေတာများပါတယ်။

ဖြိုးဟာ မူးရင်သွေးဆိုးတတ်သူ။
ဖြိုးကြောင့် ကျွန်မဒေါသထွက် စိတ်ညစ်ရတဲ့အခါတိုင်း ခင်မမက…

“ဖြိုးလေး။နင်သိပ်ဆိုးနေပါလား
မူးရင် ကောင်းကောင်းနေလေ”

ခင်မမကိုယ်တိုင်လဲ အာလေးလျှာလေးနဲ့ရယ်။ ခင်မမဟာ
အရက်အတော်သောက်နိုင်သူကြီးပါ။
မိန်းမတန်မဲ့အရက်သောက်တယ်လို့
အပြစ်မဆိုသာတဲ့ခေတ်မှာကျွန်မ နေရိပ်စံရောက်နေခဲ့ပါတယ်။

” မမ မသိပါဘူး၊ မိစံက သိပ်နားပူအောင်လုပ်တာ
အရက်နံ့မခံနိုင်လို့တဲ့ ကျွန်တော့ကို
အခန်းထဲက အမြဲနှင်ထုတ်တယ်ဗျာ
အဲဒါ ကောင်းလားဟင်”

“အရက်သောက်တာ ငါမကြိုက်ဘူးလေဖြိုး၊ အနံ့လဲမခံနိုင်ဘူး၊ နင် ခနခနသောက်ရာကစွဲသွားရင် ဘယ်လိုလုပ်မလဲ”

“ဟ ငါတို့ယောက်ကျားတွေ မပြောနဲ့
ခုခေတ်မှာ မိန်းမတွေတောင်သောက်နေကြတာ၊ အရက်ဟာ ယဉ်ကျေးတဲ့လူတွေကြားမှာ မပါမဖြစ်ယဉ်ကျေးမှုကြားခံပစ္စည်းကွ၊ မင်းက ဘာမှမသိတဲ့ငတုံး

ဖြစ်ရလေ။ ယဉ်ကျေးမှုထဲမှာ အရက်သောက်တာပါ ဆွဲထည့်တဲ့ငမူးကများ။ ကျွန်မကို ငတုံးတဲ့။ စိတ်ပေါက်ပေါက်နဲ့ ခေါင်းကိုထုကာ နှင်ထုတ်ပစ်လိုက်တယ်။

“သွား ဘေးခန်းမှာသွားအိပ်၊ ငါ့အခန်းထဲမနေနဲ့ အရက်သမားကြီး”

“နေမှာပဲ ရဘူး”

လျှာလေးအာလေးနဲ့ သူကပြန်အော်တယ်။

ခင်မမက ဖြိုးလက်ကိုဆွဲပြီး
ချော့နေတယ်။

“ဖြိုးလေး
ယောင်းမက အရက်နံ့မခံနိုင်တာကို
နားလည်ပေးလိုက်ပါမောင်လေးရယ်၊
လာ ဟိုဖက်ခန်းမှာသွားအိပ်
စံစံ…အိပ်တော့၊ သူ့ကို မမချော့ပြောလိုက်မယ်နော်”

ဒယီးဒယိုင်နဲ့ ထွက်သွားကာအော်သွားသေးရဲ့။

“ကျန်ခဲ့ မိန်းမရိုင်းကြီး ၊ ငါ့အစ်မကမှ
ငါနဲ့စိတ်တူကိုယ်တူရှိသေးတယ်
နော် …မမ”

“အေးပါ ဖြိုးလေးရယ်”
အေးပါ

ကျွန်မလဲ စိတ်ပေါက်ပေါက်နဲ့
ကြည့်နေလိုက်တယ်။
အိပ်လို့မပျော်တော့တဲ့တူတူ
ဖုန်းကြည့်နေလိုက်တယ်။
အတော်ကြာမှ ခင်မမဟာ
တံခါးလာခေါက်တယ်။

“မမကို hair dryer လေးပေးပါဦးယောင်းမလေး”

“မမ မအိပ်သေးဘူးလား၊ ‌ညည့်နက်နေပြီ ခေါင်းဘာလို့လျှော်တာလဲ”

ရေစိုခေါင်းကို တဘက်ပတ်ထားတဲ့မမက အပြုံးတစ်မျိုးနဲ့ ကျွန်မကိုကြည့်လာတော့ ရင်ထဲမှာတခုခုထင့်နေသလိုပဲ။ ဘာဆိုတာလဲ ကျွန်မအမည်မတပ်တတ်ဘူးလေ။

” နည်း နည်းမူးနောက်နေတာနဲ့
ခေါင်းကပါလောင်းလိုက်တာယောင်းမရေ”

” ဖြိုးရော အိပ်ပြီလားမမ”

“ခုလောက်ရှိ အိပ်ရောပေါ့”

ပေါ့ပေါ့လေးပြောကာ
ခင်မမဟာ သူအိပ်နေကျ ထပ်ခိုးပေါ်တက်သွားခဲ့တယ်။

ဘေးခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အခါမှာတော့ ဖြိုးတစ်ယောက် မှောက်လျက်ကြီး အိပ်ပျော်နေတာ ဟောက်သံပါထွက်လို့ပေါ့။

🌿🌿🌿

ဒီတစ်ခါတော့ ခင်မမဟာ
ကျွန်မတို့အိမ်မှာပဲ သောင်တင်နေတာကြာလှပြီ။

ဖြိုးတို့မိဘအိမ်ကိုမပြန်ပဲ
ကျွန်မတို့အိမ်နဲ့နီးတဲ့ ဒီဇိုင်းနာသင်တန်းကို အသွားအပြန်တက်နေခဲ့တယ်။

ထုံးစံအတိုင်း
ဖြိုးနဲ့ကျွန်မကြား ဖျန်ဖြေရေးနဲ့ ဖြေဖျော်ရေးကို စိတ်ပါပါလက်ပါ လုပ်ပေးနေသူ ကျွန်မရဲ့အားကိုးရတဲ့ချစ်ယောင်းမကြီးအနေနဲ့ပေါ့။

တစ်ညတလေဆို
ဖြိုးနဲ့သူ ဝါသနာတူ အရက်တူတူသောက်ကြ ငြင်းကြနဲ့ ။ ကျွန်မမှာ
သူတို့ကြား အမြည်းစားရင်း ရယ်နေခဲ့ရသေးရဲ့။

တစ်နေ့တော့ ဖြိုးရဲ့ ဖုန်းမှာ မက်ဆေ့ဂျ်တစ်စောင် ဝင်လာခဲ့တယ်။
ဖြိုး ရေချိုးနေချိန် ကျွန်မကလဲ မှန်တင်ခုံမှာထိုင်ကာ အလှပြင်နေတုန်း
အမှတ်တမဲ့ တင်ထားခဲ့တဲ့ဖြိုးရဲ့ဖုန်းက မက်ဆေ့ကို ဖတ်လိုက်မိတယ်ဆိုရင်
ကျွန်ခေါင်းနှစ်ခြမ်း ကွဲထွက်မတတ် ဖြစ်သွားရတော့တယ်။

“သူငယ်ချင်းတွေနဲ့ အပြင်ထွက်မယ်လို့ ယောင်းမကို မမပြောထားပါတယ်ညနက်မှ ပြန်ရောက်မယ်လို့ ”

ကျွန်မက သူ့ဖုန်းကို ယူကြည့်မိတော့မှ…

အောက်က နောက်မက်ဆေ့ဂျ်လေးတွေကိုပါ ဖတ်ရတော့တယ်။

“ဘယ်သူ့ကိုမှ မပြောပါနဲ့နော်… ငါတို့ဟာကို ငါတို့ပဲသိပါစေ၊ ငါတို့ တွေ့နေကျ နေရာမှာစောင့်နေမယ်”

ဆိုပြီး စာသားတို့ကို ဖတ်ရပြန်တယ် ။

နှလုံးသားက ရင်ဘတ်ထဲမှာ ဗြောင်းဆန်ကန်ထွက်မတတ်မို့ အသက်ရှူ ရပ်မတတ်ပါပဲ။

ခင်မမရဲ့ နာမည်နဲ့ နံပါတ်ကို မြင်လိုက်ရတဲ့အချိန် ကျွန်မရဲ့ကမ္ဘာကြီး တစ်ခုလုံး သွက်သွက်ခါခါ လည်သွားပါတယ်။

ခင်မမဆိုတဲ့ယောင်းမဟာ.. ကျွန်မရဲ့ အိမ်ထောင်ကို ကာကွယ်ပေးတဲ့သူ
မဟုတ်ပါလား။ သူမဟာ… ကျွန်မရဲ့ ယုံကြည်မှုအားလုံးကို သယ်ဆောင်ထားတဲ့သူ မဟုတ်ဘူးလား။

ဖုန်းမက်ဆေ့ကို
ဓါတ်ပုံရိုက်ထားလိုက်ပြီး
မသိသလိုနေလိုက်ပါတယ်။ ခနအကြာမှာ လှပမွှေးကြိုင်စွာနဲ့ အလန်းဇယားဝတ်ထားသူ ခင်မမက အရင်လာနှုတ်ဆက်တယ်။

“ယောင်းမလေးရေ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်မလို့ ညနက်မှ ပြန်ရောက်မှာနော်၊ မမကိုထမင်းစားမစောင့်နဲ့သိလား ”

မျက်နှာကို ကွဲလန်ထွက်သွားအောင်
ဖြတ် ယိုက်လိုက်ချင်စိတ်ကြောင့် လက်သီးကို တင်းတင်းဆုပ်ထားရတာ မသက်သာလှပါဘူး။

သိပ်မကြာပြန်။
မောင်ဖြိုးဝေတို့ ဂျင်းပြာဝမ်းဆက်ဝတ်ရင်း…

“မိစံရေ၊ ဖြိုးကိုထမင်းစားမစောင့်နဲ့နော်၊ စီးပွားဖက်တစ်ယောက်နဲ့ ကိစ္စရှိလို့ စားသောက်ရင်းညနက်မယ်ထင်တယ်”

ကျွန်မပြုံးလိုက်တယ်။
ဖြိုးအင်္ကျီကြယ်သီးကို ကူတပ်ပေးရင်း…

“ယောင်းမရော ပါမှာလားဖြိုး”

မလုံမလဲဖြစ်သွားတဲ့ ဖြိုးမျက်နှာဟာ
သိပ်ရယ်ချင်စရာကောင်းနေရော။ ဟန်ဆောင်အားတင်းပြီး
ထွက်လာသံက ညောင်နာနာ။

*ဘာကိစ္စ သူကပါရမှာလဲ၊ နင်မေးတာကြီးကလဲ”

*ဟင်း ဟင်း ဟင်း၊ နင့်အစ်မက နင်နဲ့သောက်ဖော်သောက်ဖက် စိတ်တူကိုယ်တူမို့ မေးကြည့်တာပါ”

ဖြိုးက ဘာမှပြန်မပြောပဲ နှုတ်ဆက်ကာ ထွက်သွားတော့မှ ဖုန်းနံပါတ်တစ်ခုကို လှည့်လိုက်တော့တယ်။

“ဟလို မေမေဝေလား”

ဖြိုးတို့မေမေကို ကျွန်မက မေမေဝေလို့ ခေါ်ပါတယ်။ သူတို့က ကျွန်မနဲ့အတော်အတန်ဝေးတဲ့ မြိုးတစ်မြို့မှာရှိနေခဲ့လို့ တက်စီနဲ့လာခဲ့ဖို့ ပြောလိုက်ပါတယ်။

နင်တို့ခိုးစားလို့ရအောင် ငါကမသိချင်ယောင်ဆောင်ပြီး ကျိတ်ငိုနေရမှာလား။ ဝေး သေး။

🌿🌿🌿

” ဟာ မေမေနဲ့ဖေဖေရောက်နေတာလား …ဒီမှာအိပ်ကြမလို့လား”

အကြောင်းစုံသိပြီးဖြစ်တဲ့ ယောက်ခမများက အေးဟုသာ တစ်ခွန်းဆိုကာ
ဘာမှမပြော။

ဖြိုးဝေဟာ အပြစ်ရှိသူတို့ထုံးစံအတိုင်း ကုပ်ကုပ်ကလေး အိပ်ခန်းထဲ ဝင်လာခဲ့တယ်။

” ငါ့မိဘတွေ ဒီအချိန်ကြီးဘာလာလုပ်တာတဲ့လဲ”

“သူ့သားကို အောင်းမေ့လို့နေမှာပေါ့”

” ငါ့ကိုလဲ ဖုန်းမဆက်ဘူး”

မကြားချင်ယောင်ဆောင်ပြီး
ဧည့်ခန်းဆီ ထွက်လာခဲ့လိုက်တယ်။

သိပ်မကြာပါဘူး။
စနိုက်ကြော်မဟာ မျက်နှာပြောင်ပြောင်၊ အရက်ခိုးတဝေဝေနဲ့
အရှက်မဲ့စွာ ဝင်လာခဲ့ပါတယ်။

“ဟင် …ဖေဖေကြီးနဲ့ မေမေကြီးပါလား”

မေမေဝေဟာ ဗြုန်းဆိုထရပ်လိုက်ကာ ခင်မမရှေ့လှမ်းသွားရင်း

“ဟုတ်တယ်၊ ငါတို့ရောက်လာခဲ့တာ
နင့်ကိုဆုံးမ မလို့ဘဲခင်မမ”

ပါးကို တဖြန်းဖြန်းမြည်အောင်တရစပ်ရို -က်ခံလိုက်ရတဲ့ခင်မမကိုကြည့်ပြီး အရသာရှိလိုက်တာ။

“မေ..မေကြီး ခင်မကိုဘာလို့ယို က်တာလဲဟင်”

“နင့်ကို ယိုက်ရုံတင်မက
အချုပ်ထဲပါပို့ချင်တာ၊ သူများအိမ်ထောင်ကို ဖျက်ဆီးချင်တဲ့ဟာမ၊ နင့်ကိုမြေတောင်မြှောက်ပေးတဲ့ ငါတို့မျက်နှာမှ မထောက်၊ မောင်နှမတော်တာတောင် မရှောင် ကဲ ကဲ”

“သမီး သမီး ဘာအမှားမှမလုပ်မိပါဘူးမေမေကြီးရယ် ဟင့် ဟင့်”

ခင်မမက နားမလည်သလို သရုပ်ဆောင်နေတုန်း
ဖြိုးဝေရောက်လာခဲ့တယ်။

“ဘာတွေဖြစ်နေကြတာလဲဟင်”

ငိုနေတဲ့ခင်မမနားကို ကပ်ရပ်ပြီး
မေးနေတဲ့ဖြိုးဝေကို ကျွန်မက…

“နင်နဲ့ခင်မမ ဖောက်ပြန်နေကြတာကို
သိသွားကြလို့ ဆုံးမနေကြတာလေ ”

ဖြိုးဝေထိတ်လန့်သွားပုံက
မျက်နှာမှာ သွေးတစ်စက်မရှိတော့အောင် ဖြူဆုပ်သွားလေရဲ့။

“မင်း ငါတို့ကို မဟုတ်တာ မစွပ်စွဲနဲ့နော် မိစံ”

“နင့်ဖုန်းမက်ဆေ့ကို
ပြန်ကြည့်၊ ဒီမှာ ပြူးနေအောင်ကြည့်”

ဖုန်းမက်ဆေ့ကစာတွေကို
ရိုက်ထားတဲ့ပုံထဲမှာ
သက်သေတွေက ပြုံးပြနေတယ်။
ဖြိုးဝေကော အကောင်းစားယောင်းမကော တုန်လှုပ် ဖြူဖျော့သွားကြတာ သိပ်ကြည့်လို့ကောင်းတာပဲ။

“တောက် ရှက်ဖို့ကောင်းလိုက်တာ
ဖြိုးဝေရာ၊ ငါတို့အမျိုးမှာ
ဖောက်ပြန်တတ်တဲ့သူ မရှိဘူးကွ၊
ခင်မမကလဲ မောင်နှမချင်းကိုတောင်စည်းမစောင့်ဘူး၊
ယုတ်ညံ့လိုက်တာ ကမ်းကုန်ရော”

ငြင်းလို့မရတဲ့အခါ သူတို့က ဝန်ခံရရောလေ။ ဖြိုးဝေမိဘဆိုတာ
ရင်ဘတ်စည်တီးပါပဲ။

ခင်မမကတော့။မေမေဝေက ခေါင်းကိုထုလိုက်၊ ကျောကိုချလိုက်၊ ခြေနဲ့ကန်လိုက် လုပ်နေလို့
အတော်အီနေမှာပါပဲ။

“တော်ပါတော့ မေမေဝေရယ်
ယောင်းမ သနားပါတယ်”

ဆိုကာ အသင့်ယူလာတဲ့ အရက်ပုလင်းကို ခင်မမခေါင်းပေါ်ကလောင်းချရင်း ကျွန်မကရယ်သံနဲ့ ဝင်ဟန့်လိုက်တော့…

ခင်မမဆိုတာ မျက်လုံးထဲကမျက်ရည်တွေ ဗူးသီးလောက်ကျလာကာ ကျွန်မကို မုန်းတီးစွာ ကြည့်လာတယ်။

ကျွန်မ သူတို့ကိုထားခဲ့ပြီး
အခန်းထဲသို့ ပြန်ဝင်လာခဲ့တယ်။
ဖြိုးဝေပါ လိုက်ပြီးဝင်လာတယ်လေ။

” နင် လုပ်ရက်တယ်နော် ဖြိုးဝေ”

ဖြိုးကခေါင်းငိုက်စိုက်ချကာ…

“မင်းကို စိတ်ထိခိုက်မှာစိုးလို့ မပြောခဲ့တာ… ခင်မမက ငါတို့အိမ်ထောင်ကို ကယ်တင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး…၊ ငါတို့အိမ်ထောင်ရေးကို ဖျက်ဆီးဖို့သူကြံနေတာ၊ သူကစ ဆွဲဆောင်ခဲ့တာ”

” နင့်စိတ်မပါရင် သူကြံတိုင်းမရပါဘူးဖြိုးဝေ၊ နင့်ကိုငါထောင်ထဲမထည့်ဘူး၊
မကွာရှင်းဘူး၊ ဒါပေမဲ့ နင် ငါ့အိမ်ပေါ်မှာလဲ နေခွင့်မရှိဘူး ကြားရဲ့လား၊
နင်..ခုလိုလုပ်ရက်တာ
ဘာကြောင့်လဲ…”

ဘာကြောင့်လဲ…” လို့ပဲ ကျွန်မ တုန်ယင်လျက် မေးလိုက်မိတယ်။

“ခင်မမက… မင်းထက်စာရင် ငါ့ကို ပိုနားလည်တယ်လို့ ခံစားရတယ်… သူဟာငါ့အတွက် အရာအားလုံး တူညီအောင်လိုက်ညှိနိုင်သူဖြစ်နေတယ်မိစံ…”

ဖြိုးဝေရဲ့ အသံထဲမှာ သိမ်ငယ်မှူတို့နဲ့ ပြည့်နေခဲ့တယ်။

စကားလုံးတိုင်းဟာ ဓားသဘွယ်၊ ကျွန်မရဲ့နှလုံးသားထဲကို ဓားသဘွယ်
ထိုးနှက်လာတယ်။

“ဟင်း ဟင်း ဟင်း
မောင်နှမပါဆိုပြီး ငါ့ကွယ်ရာမှာ ဘင်္ဂလားမောင်နှမလုပ်တမ်း ဆော့နေခဲ့ကြတာကိုး၊
အရှက်သိက္ခာမရှိတဲ့ဟာတွေ ကဲဟာ”

ကျွန်မသည်းမခံနိုင်တော့ဘူး။
ကျွန်မဟာပြောနေရင်း ဒေါသပိုကြီးထွားလာကာ စိတ်မထိန်းနိုင်တော့ပဲ
မှန်ကို စာရွက်ဖိတဲ့ဖန်တုံးနဲ့ ပစ်ပေါက်လိုက်မိတယ်။

ကျယ်လောင်လှတဲ့မှန်ကွဲသံ။
ဒါဟာ မှန်ကွဲသံမဟုတ်ဘူး။
ကျွန်မအသည်းကွဲသွားတဲ့အသံပါ။
အပိုင်းအစတွေ စင်လာတာကလဲ မှန်ကွဲစ,တွေ မဟုတ်ပါဘူး။
ကျွန်မအသည်း ကွဲစင်ကျလာတာပါ။

ကျွန်မတို့ရဲ့ မင်္ဂလာဦးမှန်ကြီးဟာ တစ်ခြမ်းကွဲကျပြီးနောက် အိမ်ထောင်ရေးဆိုတာ ဘယ်လောက်တောင် နူးညံ့တဲ့ ပစ္စည်းလေးလဲဆိုတာ ကျွန်မနားလည်နေခဲ့တယ်။

ကျွန်မ နှစ်နှစ်လောက် သိပ်ချစ်ပြီးနောက် လက်ထပ်ခဲ့တဲ့ ဖြိုးဝေဟာ ဒီမှန်ကြီးရဲ့ အခြားတစ်ဖက်မှာ ရပ်နေသေးတယ်။ ဒါပေမယ့် သူနဲ့အတူ ရပ်နေတာက ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်း(ကျွန်မထင်ခဲ့တာပေါ့လေ)၊ ကျွန်မရဲ့ ယောင်းမ ခင်မမပဲဖြစ်ပါတယ်။

အရာအားလုံးဟာ လှည့်စားမှုတစ်ခုလိုပါပဲ။

ဒီလှည့်စားမှုမှာ ပါဝင်ပတ်သက်ခဲ့ရတဲ့ကျွန်မ သိပ်နာကျင်ခဲ့ရပြီ။

ကျွန်မရဲ့ ယောင်းမ၊ ကျွန်မရဲ့ အိမ်ထောင်ရေး၊ ကျွန်မရဲ့ ယုံကြည်မှုအားလုံး… အားလုံး မှန်ကြီးလို ကွဲထွက်သွားတယ်။ မှန်ခြမ်းစတိုင်းမှာ ကျွန်မရဲ့ မျက်ရည်တွေ၊ ကျွန်မရဲ့ အသည်းကွဲသံတွေ၊ ကျွန်မရဲ့ ယုံကြည်ချက်တွေကြေမွသွားတဲ့ အသံတွေကို မြင်နေရတယ်။

ကျွန်မချစ်ခင်ကိုးစားခဲ့တဲ့
ယောင်းမက ကျွန်မတို့ရဲ့
အိမ်ထောင်ကို ဖျက်ဆီးဖို့ စောင့်ဆိုင်းနေခဲ့တာကိုး ။

ကျွန်မရဲ့ နှလုံးသားထဲက အိမ်ထောင်ရေးဆိုတဲ့ အိပ်မက်တွေ၊ ယောင်းမဆိုတဲ့ ယုံကြည်မှုတွေ အားလုံးကို ချန်ထားခဲ့ရတယ်။ ကွဲထွက်သွားတဲ့ မှန်ကြီးရဲ့ အကြွင်းအကျန်တွေလို ကျွန်မရဲ့ဘဝဟာလည်း အပိုင်းပိုင်းအစစတွေ ဖြစ်သွားခဲ့ရတယ်။
သူတို့ကို ခိုးစားခွင့်မပေးသလို
ပေါ်တင်နေခွင့်လဲမရှိစေရအောင်
Social media platform တိုင်းမှာ
သူတို့ဖောက်ပြန်တာကို သူတို့ဓါတ်ပုံတွေနဲ့တင်ခဲ့တယ်။

ကျွန်မအသိုင်းအဝိုင်းက
ကျွန်မကို ဆူပူကြရော။

နင်မရှက်ဘူး လားတဲ့။

မရှက်ပါဘူး။ ဖောက်ပြန်သူက
ကျွန်မမှမဟုတ်တာ။
ဘာလို့ရှက်ရမှာလဲ။

နိုင်ငံပိုင်သတင်းစာတိုင်းမှာလဲ ကြော်ငြာခဲ့တယ်။

“ကျွန်မ၏ယောက်ကျား
ကိုဖြိုးဝေဟာ သူ့အစ်မတစ်ဝမ်းကွဲဖြစ်သူ ခင်မမနဲ့ဖောက်ပြန်တာကို လက်ပူးလက်ကျပ်မိတဲ့နေ့ကစပြီး
ယောက်ကျားအဖြစ်က စွန့်လွှတ်လိုက်ကြောင်း”

ခင်မမတစ်ယောက် social media ပေါ်ကသတင်းတွေနဲ့အတူ
သတင်းစာထဲက ကြော်ငြာကိုပါ
ဖတ်ရပြီးနောက် ဘယ်မှမသွားမလာရဲ‌တော့ပဲ သူ့ရွာကတဲစုတ်လေးမှာနေရင်း လက်ကောက်ဝတ်လှီးကာ သော်ကေကြောင်းကြံခဲ့သတဲ့။

ဖြိုးဝေကတော့
USA ကို ထွက်သွားခဲ့သတဲ့။

ကျွန်မကလား။
ကျွန်မက စင်ပေါ်ကလူလေ။
မှန်ကန်သူက ရဲရင့်စမြဲပေါ့။

ဒါပေမယ့်..
ဒီအကြောင်းကို ပြန်တွေးမိတိုင်းတော့ ကျွန်မရဲ့ နှလုံးသားထဲမှာ မုန်းခြင်းမီးစတွေနဲ့ ထိုးမိတဲ့ နာကျင်မှုကို ခံစားရဆဲ။

ယောင်းမနဲ့
အိမ်ထောင်ဖက်ဆိုတဲ့ စကားလုံးနှစ်လုံးဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ အနာမကျက်တော့မဲ့ ဒဏ်ရာကြီးတစ်ခုပဲဖြစ်ပါတယ်။
(ပြီးပါပြီ)

ခုခေတ်က
မိန်းမတွေဟာ ယောက်ကျားထက်သာအောင်ကို
မူးယစ်တဲ့အရာတွေက်ုမှီဝဲကြတဲ့ခေတ်မို့ မောင်နှမ၊ သားအဖ၊ သားအမိ မတော်တရော် ဇာတ်လမ်းတွေအများကြီးကို အိမ်ထောင်ရှင်အမျိုးသမီးများ သတိချပ်ကြဖို့
ပါးပါးလေး သတိပေးရေးပေးထားပါတယ်။

#ခင်မမ
#ချစ်တဲ့နေနုနီနီ