ချိုမြိန်ကလဲ့စား

Posted on

ချိုမြိန်ကလဲ့စား(စ/ဆုံး)

———————

သူ ရူးသွားပြီတဲ့။
သူ ရူးသွားပြီဆိုပဲ။
အခု အရူးထောင်ထဲတောင် ရောက်သွားပြီတဲ့လေ။ အဟင်း ဟင်း။ ကျွန်မလိုချင်တာ ဒါပဲလေ။

ဒီသတင်းက ကျွန်မ အကြားချင်ဆုံး၊ အင်မတန်မှ မျှော်လင့်တောင့်တနေခဲ့သော သတင်းပေါ့။ အခုတော့ ကျွန်မ မျှော်လင့်ချက်တို့ ပြည့်ဝခဲ့ပြီ။ ဒီလို‌နေ့လေးကိုရောက်ဖို့၊ ဒီသတင်းလေးကိုကြားရဖို့ ကျွန်မ သုံးနှစ်လောက်တောင် စောင့်ခဲ့ရတာ။ ကျွန်မမှာ ဘဝပျက်မတတ်ပေးဆပ်ခဲ့ရတာ။ အခုတော့ တန်သွားပြီ။ ကျေနပ်တယ်။ ကျွန်မ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်တယ်။

ဒီနေ့က ကျွန်မရဲ့ အပျော်ဆုံးနေ့လို့ ပြောလို့ရတယ်။ ဒီသတင်းကို ကြားကြားခြင်း ကျွန်မလေ ကလေးငယ်တစ်ယောက်လို ပျော်ရွှင်စွာ ခုန်ပေါက်‌နေမိတာ။ ဝမ်းသာလွန်းလို့ပါရှင်။ ‌အခုတော့ ကျွန်မစိတ်ထဲမှာရှိနေတဲ့ အလုံးကြီး ပြုတ်ကျသွားခဲ့ပြီ။ ကျွန်မ အေးအေးချမ်းချမ်းပဲ နေတော့မယ်။ ဘဝအသစ်ကို စတော့မယ်။

********************************************

ဖုန်းစခရင်ပေါ်က နံပါတ်တွေကို နှိပ်ဖို့ ကျွန်မလက်တွေ တုန်‌ရီနေတယ်။ ကျွန်မရဲ့ ရင်ဘတ်ကြီးတစ်ခုလုံးကတော့ တစ်ဒိန်းဒိန်းနဲ့ ခုန်လို့။ ရင်ဘတ်ကြီးက ခုန်နေတာလား၊ တုန်နေတာလားတောင် ကျွန်မ မဝေခွဲတတ်တော့ဘူး။ ကျွန်မ ခေါင်းတွေလည်း ချာချာလည်နေပြီ။ မျက်လုံးတွေကလည်း ငိုထားရလွန်းလို့ မို့အစ်နေပြီ။ ကျွန်မကိုယ် ကျွန်မ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်တော့ဘူး။

ဖုန်းစရင်ပေါ်က နံပါတ်တွေကို ကျွန်မ တစ်လုံးချင်း နှိပ်လိုက်တယ်။ လိုချင်တဲ့ နံပါတ်အလုံးအရေအတွက်အဆုံးမှာ တူ ဆိုပြီး သံရှည်ဆွဲကာ ဝင်သွားတဲ့ ဖုန်းဝင်သံကြောင့် ကျွန်မမှာ ပျာယာတွေခတ်၊ လက်တွေ၊ ခြေတွေ တုန်နေပြီ။ ငါ့အသံကြားတာနဲ့ ဖုန်းကို ချပစ်မလား၊ ဒါမှမဟုတ် ငါ့ကို ပက်ပက်စက်စက် ပြောဆိုနေမလား ဆိုတဲ့ အတွေးပေါင်းကို စုံလို့။

“တူ တူ ”

တူ ဆိုတဲ့ သံရှည်ဆွဲသံ ငါးခါလောက်ကြားအပြီးမှာ တစ်ဖက်မှ “ဟယ်လို” ဆိုတဲ့ နူးညံ့ညင်သာတဲ့ အသံလေးကို စကြားလိုက်ရတယ်။ ကျွန်မ အကြားချင်ဆုံး အသံပေါ့။ ကျွန်မအသည်းနင့်အောင် ချစ်ခဲ့ရတဲ့ သူ့အသံလေးပေါ့။

သေချာတယ်။ ဒီလို နူးညံ့ညင်သာတဲ့ အသံလေးထွက်လာတာ သူ့ဆီ ဝင်သွားတဲ့ ကျွန်မရဲ့ ဖုန်းနံပါတ်မဟုတ်တဲ့ ဖုန်းနံပါတ်အသစ်တစ်ခုကြောင့်ဆိုတာ။ ကျွန်မဖုန်းနံပါတ်တွေကို သူက ဘလော့ထားတယ်လေ။ ဒါ့ကြောင့် တစ်ခြားသူရဲ့ ဖုန်းနဲ့ သူ့ကို ခေါ်လိုက်တာ။

“ဟယ်လို”

သူ့ဆီက ဟယ်လို ဆိုပြီး တစ်ကြိမ်ထပ်ပြီး ကြားလိုက်ရတယ်။ ကျွန်မရဲ့ အသံက သူ့ကို “ဟယ်လို” ဆိုပြီး ပြောဖို့ မဝံ့ရဲခဲ့ဘူး။ ကျွန်မရဲ့အသံကြားတာနဲ့ သူ့ဆီက ပြောထွက်လာမယ့်စကားသံတွေကို မခံစားနိုင်လို့ပါပဲ။ ဖုန်းကို နားနားကပ်ထားပြီး ကျွန်မပါးစပ်က ဆွံ့အနေခဲ့တယ်။

“ဟယ်လို”

ဒီတစ်ကြိမ်တော့ သူ့ဆီက စိတ်မရှည်တဲ့လေသံမျိုး ထူးသံကြားလိုက်ရတယ်။

“ဟယ်လို…မောင်လား ကျွန်မပါ”

“ဘယ်သူလဲ။ ဘယ်က ကျွန်မလဲ။ မသိဘူး” ဆိုပြီး ဖုန်းကို ချသွားတယ်။ ကျွန်မလေ ကျွန်မ ရင်တွေ အသည်းတွေ အစိတ်အစိတ်အမွှာမွှာ ကြေကွဲရပြန်ပြီ။

အခုလို သူ ကျွန်မအပေါ် ဘယ်လိုကနေ ဘယ်လိုကြောင့် သူစိမ်းဆန်ဆန်ကြီး ဖြစ်သွားရတာလဲ ဆိုတာ ကျွန်မ ဘယ်လိုမှကို မစဉ်းစားတတ်တာပါ။ ကျွန်မအနေနဲ့ သူ့အပေါ်ကို ဘာအပြစ်တစ်ခုမှကို မလုပ်ခဲ့ဖူးတာပါ။

ကျွန်မဖုန်းနံပါတ်တွေကို သူမ‌ဘလော့သေးခင် မနက်အစောက သူ့ဆီ ခါတိုင်းလိုပဲ ကျွန်မ ဖုန်းဆက်နေကျ။ ကျွန်မက Facebook ကို အခုမှ စပြီးသုံးတတ်ခါစရယ်ပါ။ ကျွန်မအကောင့်ကို သူလုပ်ပေးထားတာ။ ကျွန်မက သိပ်မသုံးတတ်သေးတော့ သူ့wall ထဲလည်း ဝင်မကြည့်တတ်ဘူး။ မှတ်မှတ်ရရ ဒီနေ့မနက်အစောကြီးက သူ ပုံတွေတင်ထားလို့ သူ့ပုံတွေ တစ်ပုံချင်းဝင်ကြည့်ရင်း သူ့ profile ကပုံလေးကို နှိပ်မိလိုက်တော့ သူ့wallထဲကို ရောက်သွားတယ်။ အဲ့ဒီမှာ သူ ကောင်မလေးတစ်ယောက်ကို tag တွဲပြီး အဲဒီကောင်မလေးပုံလေးနဲ့ စာလေးရောရေးထားတယ်။ “Happy Birthday ပါ ချစ်ကလေးရေ မွေးနေ့မှစပြီး နှစ်ပေါင်းများစွာ အသက်ထက်ဆုံး ပျော်ရွှင်ပါစေ။ ချစ်ကလေးကို ဒီထက်မက ပိုချစ်သွားပါ့မယ်။ ကိုကို အများကြီး လိမ္မာပါတော့မယ်”ဆိုပြီး ရေးထားတာ။

အဲ့ဒီစာကို မြင်လိုက်ရတဲ့အချိန် ကျွန်မရင်တစ်ခုလုံး ဗြောင်းဆန်သွားတယ်။ ရင်တွေလည်း တစ်ဒိန်းဒိန်းခုန်လို့။ ဒါကြောင့် သူ့ဆီကို ကျွန်မ ချက်ချင်း ဖုန်းခေါ်လိုက်တယ်။ ဖုန်းဝင်သွားတော့ သူကလည်း ချက်ချင်းကိုင်တယ်။

“ဟယ်လို မောင်။ သဇင်လေး ဆိုတာ ဘယ်သူလဲ”

“မင်းက ဘာလုပ်မလို့လဲ”

“ရှင်နဲ့ သူနဲ့က ဘယ်လို ပတ်သက်တာလဲ ကျွန်မကို ပြောပါ မောင်”

“အေး မင်းပြောတော့ Facebook မသုံးတော့ဘူးဆို။ ဘာလဲ ငါ့ကို ညာတာလား”

“ကျွန်မ Facebook သုံးတာ မသုံးတာက အရေးကြီးသလား မောင်။ သဇင်လေးဆိုတာ ဘယ်သူလဲပဲ ကျွန်မသိချင်တယ် ပြောပြပါ”

“အေး မင်းနဲ့ငါ ဒီနေ့ကစ ပြတ်ပြီ ဒါပဲ”

ဟောတော့။ ဘုရားရေ။ ကျွန်မ ဘာဆက်လုပ်ရမလဲ။ လတ်တလောတော့ ကျွန်မလက်တွေရော၊ ရင်တွေရော တုန်နေတယ်။ ခဏတော့ ကျွန်မ အသိစိတ်ပျောက်သွားခဲ့တယ်။ ကျွန်မအသိစိတ်ဝင်လာတဲ့အချိန်မှာ သူ့ဖုန်းကို နောက်တစ်ကြိမ် ထပ်ခေါ်မိရက်သားဖြစ်နေတယ်။

“အေး ငါ မအားဘူး အလုပ်လုပ်နေတယ်လို့ ပြောနေတယ်နော်။ မင်းနဲ့ငါ ပြတ်ပြီ ငါ့ဘက်ကစပြီး လမ်းခွဲတယ်လို့လည်း ပြောပြီးပြီနော်။ နောက်ထပ် ငါ့ဆီကို ဖုန်းမဆက်နဲ့။ ဒါပဲ”

“နေပါဦး မောင်ရယ်။ ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ။ ကျွန်မ မောင့်အပေါ်ကို ဘာတွေများ မှားခဲ့ဖူးလို့လဲ”

“ငါ မင်းကို အေးအေးဆေးဆေးပြောနေတယ်နော်။ ငါ့ဆီကို ခဏ ခဏ ဖုန်းမဆက်နဲ့တော့”

“မောင်ရယ်။ မောင့်ကို ကျွန်မမှာ ပြောစရာတွေ အများကြီးရှိ…”

ကျွန်မစကားပင်မဆုံးလိုက်။ သူ ဖုန်းကို ချသွားခဲ့ပြီ။ ကျွန်မ လက်တွေ တုန်နေတုန်းပဲ။ ဟင့်အင်း မရဘူး။ ကျွန်မမှာ သူ့ကို အရမ်းကို ချစ်ခဲ့ရတာ။ ကျွန်မ သူနဲ့ လမ်းမခွဲချင်သေးဘူး။ ကျွန်မ သူ့ဖုန်းကို ပြန်ခေါ်တယ်။

ပထမတစ်ကြိမ် တူ ဆိုပြီး သံရှည်ကြီးဆွဲကာ မြည်အပြီး

“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မှာ ဆက်သွယ်၍ မရနိုင်ပါရှင်” တဲ့။

မရဘူး။ ကျွန်မ ထပ်ခေါ်တယ်။ ထပ်ခေါ်တဲ့ အတိုင်းလည်း လူကြီးမင်း ခေါ်ဆိုသော ဆိုပြီးပဲ အကြိမ်ကြိမ် ကြားနေရတုန်း။ ကျွန်မ သူ့ဖုန်းကို ခေါ်မိတာ ဘယ်နှကြိမ်မှန်းတောင် မသိတော့။ ဖုန်းကို ကြည့်လိုက်မိတော့ သူ့ဆီကို ကျွန်မခေါ်ထားတဲ့ အကြိမ်အရေအတွက်က ၁၀၅ ကြိမ်တဲ့။ သူ့ဆီကို မက်ဆေ့တွေပို့နေမိတာကလည်း အစောင်ရေ မရေတွက်နိုင်တော့။ Viber မှာရော၊ Facebook မှာရော သူ ကျွန်မကို block သွားခဲ့တယ်။ ကျွန်မမှာတော့ အရူးတစ်ပိုင်း ဖြစ်နေပြီ။

သူ့ဆီက လမ်းခွဲစကား ကြားအပြီး ကျွန်မ ဘာအလုပ်မှ မလုပ်ချင်တော့ဘူး။ ဘာမှလည်း မစားချင်တော့ဘူး။ ဘယ်သုနဲ့မှလည်း စကားမပြောချင်တော့ဘူး။ ကျွန်မအတွက် ဘာဆိုဘာမှကို အဓိပ္ပါယ်မရှိတော့သလို။

ကျွန်မ အလူးအလဲ ခံစားလိုက်ရတယ်။ အသည်းကွဲတယ်ဆိုတာကို သူများတွေ ပြောတာကိုပဲ ကြားဖူးခဲ့တာ။ အခုတော့ ကျွန်မမှာ လက်တွေ့ဖြစ်နေပြီ။ ကျွန်မ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိ လုပ်ခဲ့တာ။ သေကံမကြုံသေးလို့ နေမယ်။ သေကြောင်းကြံတာ တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူး။

တစ်ရက်
တစ်ပတ်
တစ်လ
တစ်လအထိကို ကျွန်မ အိပ်ရာထဲပဲ လူးလိမ့်ကြေကွဲနေခဲ့တယ်။ အစားအသောက်ကတော့ စားတစ်ချက်၊ မစားတစ်ချက်။ မစားတဲ့အချိန်က များတော့ လူက ပိန်ကပ်သွားလိုက်တာ အရိုးပြိုင်းပြိုင်းကိုထလို့။ အမေကတော့ ကျွန်မကို မဆူရက်ဘဲ စိတ်မကောင်းဖြစ်လို့ပေါ့။

ကျွန်မ သူနဲ့ တွဲခဲ့တာ အိမ်က မိဘတွေအသိ၊ သူငယ်ချင်းတွေအသိ၊ ပတ်ဝန်းကျင်အသိကိုး။ သူနဲ့ ကျွန်မ တွဲခဲ့တာ တစ်နှစ်ကျော်ကျော် နှစ်နှစ်။ ကျွန်မက သူ့ကို ရူးမတတ်ချစ်သွားမိတာကိုး။ ထားပါတော့။ အခုမှ ဇာတ်လမ်းက စမှာ။

********************************************

ကျွန်မ သူနဲ့ လမ်းခွဲအပြီး တစ်နှစ်လောက်အကြာမှာတော့ ကျွန်မစိတ်တွေ အနည်းငယ် တည်ငြိမ်စပြုပြီ။ တစ်ခါတစ်လေ တိုက်ဆိုင်မှုရှိရင် သတိရမိတာက လွဲရင် အေးဆေးနေတတ်ခဲ့ပြီ။ ဒါပေမယ့် သူ ကျွန်မအပေါ် လုပ်သွားခဲ့တဲ့ လုပ်ရပ်အတွက်တော့ ကျွန်မ တစ်စက္ကန့်၊ တစ်မိနစ် မှကို မမေ့ခဲ့တာ။ မေ့လို့ကို မရခဲ့တာ။ ကျွန်မမှာ ဘာအပြစ်မှ မရှိဘဲ ကျွန်မအသည်းကို ရက်ရက်စက်စက် ခွဲသွားခဲ့တဲ့သူ့ကို တစ်နေ့တော့ ကျွန်မအကြောင်းသိစေရမယ် လို့ စိတ်ထဲမှာ တေးထားခဲ့တာ။

“အေး သဇင်လေးက ငါ့ရဲ့ ငယ်ချစ်ဦးပဲ။ သူနဲ့ ခဏတာ စိတ်ဆိုးနေတုန်း မင်းနဲ့ ခဏတွဲခဲ့တာ။ ငါ့စိတ်ကို ခဏ ကုစားခဲ့တာ။ သူ့ကို အရွဲ့တိုက်ချင်လို့။ အခု သူနဲ့ငါ အဆင်ပြေသွားကြပြီ။ ဒါ့ကြောင့် ငါ့အတွက် မင်းက မလိုအပ်တော့ဘူး”

သူ ကျွန်မကို ပြောခဲ့တဲ့ စကားလုံးတွေ။ ကျွန်မရင်ကို ဓါးနဲ့ အစိတ်စိတ်အမွှမွှာ မွှမ်းခံရသလိုကို ခံစားခဲ့ရတာ။

“မင်းကို ငါက ချစ်လို့ တွဲခဲ့တယ် ထင်နေသလား ဟား ဟား။ မင်းလိုမျိုး အတတ မိန်းမ တစ်ယောက်ကို ငါက ယူမတဲ့လား စဉ်းစား” ဆိုပြီး ကျွန်မကို လှောင်ပြောင်ဟားတိုက်ပြီး ပြောခဲ့တဲ့ သူ့စကားတွေက ကျွန်မ ဦးနှောက်ထဲကနေ တစ်လုံးမှကို ထွက်မသွားဘူး။

အဲ့ဒီစကားလုံးတွေက ကျွန်မ ဦးနှောက်ထဲမှာ စွဲမြဲလို့ကို နေတာ။

“နင် ပျော်‌ပျော်နေနိုင်ပါစေ” ဆိုတဲ့ သူ့ကို တောင်းပေးတဲ့ ကျွန်မရဲ့ ဆုတွေကတော့ သူ့အတွက် ပြည့်လို့နေခဲ့တယ်။

ကောင်မလေး တစ်ယောက်ပြီးတစ်ယောက် ထည်လဲ တွဲနေခဲ့တဲ့သူ့ပုံတွေကို မမြင်ချင်မှအဆုံး ကျွန်မသူငယ်ချင်းတွေဆီကနေ မြင်ရတယ်။ ကြားရတယ်။ အသည်းကွဲခါစတုန်းကတော့ ကျွန်မမှာ သူ့သတင်းကို ကြားရတိုင်း ရင်တွေ တုန်နေမိတုန်းပေါ့။ နောက်တော့ တစ်ဖြည်းဖြည်းနဲ့ နေသားကျလာတယ်။ အချိန်တွေကြာလာတော့လည်း သူ့ကို ချစ်ခဲ့ဖူးတဲ့ ကျွန်မစိတ်တွေက ဝေဝါးလာပြီး သူ့ကို ကျွန်မခံစားခဲ့ရသလို ခံစားရစေမယ်ဆိုတဲ့ စိတ်ကသာ နေရာ ဝင်ယူသွားတယ်။

“အခုတော့ သူ ပျော်နေပါစေဦးလေ”

*******************************************

သူငယ်ချင်းတွေနဲ့အတူ စိတ်ပြေလက်ပျောက် အထည်တွေ စပြီးရောင်းရင်းကနေ တစ်စထက် တစ်စ ကျွန်မဆိုင်လေးတစ်ခု ဖွင့်နိုင်ခဲ့တယ်။ နှစ်နှစ်လောက်နေတော့ အခုဆို ကျွန်မဆိုင်က လက်လီအနေနဲ့မရောင်းတော့ဘဲ လက်ကားရောင်းနေပြီ။

သူနဲ့ လမ်းခွဲခဲ့တာ အခုဆိုရင် သုံးနှစ်ပြည့်တော့မယ်။ ကျွန်မ သူ့အကြောင်းတွေကို မသိမသာ စုံစမ်းနေခဲ့တာ။ လောလောဆယ် ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ မြဲနေတယ်တဲ့။ မြဲပါစေလေ။

ကျွန်မ Facebook ကို ကောက်ဖွင့်ပြီး အပျင်းပြေ ကြည့်နေလိုက်တယ်။ newfeed ကို ဆွဲ ဆွဲ ကြည့်ရင်း တစ်နေရာ ‌အရောက်

“ဟယ် လှလိုက်တာဟယ်။ ဘယ်ဘဝက ကုသိုလ်တွေကြောင့် ဒီလောက်တောင် လှရက်နိုင်တာလဲဟာ။ ဟဲ့ မိစုမ ကြည့်ပါဦး ဒီကောင်မလေးကို။ လှတယ်ဟာ။ ငါနဲ့သူ Facebook ကနေ သိလာတာကြာပြီ။ တစ်ခါတစ်ခါ ငါ့ကိုတောင် စကားတွေ လာလာပြောတာဟ။ ကြည့်ဦး ဘယ်လောက် လှတဲ့ ကောင်မလေးလဲ”

“ဟေ ပြပါဦးဟဲ့။ ငါ့သူငယ်ချင်းက အဲ့လောက်အထိ ချီးကျူးနေမှတော့ ကြည့်ရအောင်”

ကျွန်မက မိစုမကို ဖုန်းထိုးပေးလိုက်တယ်။

“ဒီမှာလေ သူပဲ”

“အာ…သူ့လား။ ငါ အပြင်မှာလည်း တွေ့ဖူးတယ်။ တအားကြီးကို လှတာဟ။ နုဖက်နေတာပဲ။ အသားအရေကဆို ဝင်းဝါလို့။ စကားပြောတာလေးကအစ ယောကျာ်းလေးတွေ မပြောနဲ့ ငါတောင် ကြွေတာ”

“ဟင် နင်က သူ့ကို ဘယ်လိုသိ။ သူနဲ့ ခင်တာလား နင်က”

“ငါနဲ့တော့ မခင်ပါဘူး။ ငါ့ယောကျာ်းရဲ့ သူငယ်ချင်းတွေနဲ့ ခင်တာ။ ဒါပေမယ့် သူက အပြောလေးကောင်းပြီး ရုပ်ကလေးလှသလောက် တစ်ခုတော့ မကောင်းဘူးဟ”

မိစုမက အကြောင်းစုံ ပြောပြမှပဲ ကျွန်မမှာ အံ့ဩနေရတယ်။ ဒီလိုမိန်းကလေးမျိုးလည်း ရှိသေးတာလား ဆိုပြီး အံဩပြီးရင်း အံ့ဩမိသူက ကျွန်မပါပဲ။ ဒါကလည်း ရှေးဘဝက သူ့ရဲ့ ဝဋ်ကြွေးပဲ နေမှာပေါ့လေ။

“ဝိုး မိုက်ပြီ”

လက်ဖျောက်တစ်ချက်တီးပြီး ဝမ်းသာအားရ ကျွန်မပြောလိုက်တော့ မိစုမက အလန့်တကြားနဲ့ ကျွန်မကို ပြူးပြီးကြည့်နေတာ။

နောက်နေ့

“ဟိုင်း ညီမလေးရေ၊ စကားမပြောဖြစ်တာတောင် ကြာပြီနော်၊ နေကောင်းရဲ့လား”

အဲ့ကောင်မလေးနဲ့ ကျွန်မ အပြင်မှာ တွေ့ဖို့လိုပြီလေ။ ကျွန်မ သူ့ကို စပြီး စကားပြောလိုက်တယ်ဆိုရင်ပဲ

“ဟုတ်ပါ့နော် မမ။ မီးကလည်း အခုတလော အလုပ်နည်းနည်းရှုပ်နေတာနဲ့ မမနဲ့တောင် စကားမပြောဖြစ်တာ ကြာပြီ။ သတိရပါတယ် မမရေ”

ကောင်မလေးဆီက စာလေးရောက်လာတော့ ကျွန်မနဲ့ ကောင်မလေး နာရီဝက်လောက် စကားတွေ ပြောဖြစ်ကြတယ်။ အသံမက်ဆေ့တွေနဲ့ရော၊ video call နဲ့ရောပေါ့။

“သူ ချောလား ညီမလေး”

ကျွန်မ ကောင်မလေးဆီကို ပုံလေးတစ်ပုံ ပို့လိုက်တယ်။ ကျွန်မ အရမ်းကြွေခဲ့ရတဲ့ ပုံလေးပေါ့။

“ဝါး ချောလိုက်တာ မမရယ်။ သဘောကျသွားပြီ။ အကောင့်ရယ်၊ ဖုန်းနံပါတ်ရယ် မီးကို ပေးပါလားဟင် အဟီး”

“အိုကေ ညီမလေး။ မနက်ဖြန် ညီမလေးနဲ့ မမ ဆုံကြမယ်”

မနက်ဖြန် ကောင်မလေးနဲ့ တွေ့ဖို့ တစ်နေရာမှာ ချိန်းလိုက်တယ်။ ရတယ် ကျွန်မ အဆင်ပြေတယ်။ လူတွေ ကျွန်မကို ဘယ်လို ထင်ကြ ထင်ကြ ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မ ရည်မှန်းချက် အောင်မြင်ဖို့ပဲ လိုတယ်။

*******************************************

“မမရေ အရမ်း အရမ်းကို ကျေးဇူးတင်ပါတယ်နော်။ အခု မီးလေ သူနဲ့ တစ်ညလောက် ဆုံခဲ့ပြီးပြီ။ မီးတော့ ကျေနပ်သွားပြီ အဟိ”

ကောင်မလေးနဲ့ ကျွန်မ တစ်နေရာမှာ တွေ့ခဲ့ပြီး သူ လိုချင်နေတဲ့ အရာတွေကို ကျွန်မ ပေးခဲ့အပြီး တစ်လနီးပါးလောက်အကြာမှာ ကောင်မလေးဆီကနေ ကျွန်မအကြားချင်ဆုံး၊ ကျွမအမျှော်လင့်ဆုံး သတင်းစကားလေးကို ကြားလိုက်ရတယ်။

“ညီမလေးတို့ အဆင်ပြေတယ်ဆိုရင်ပဲ မမ ဝမ်းသာပါပြီနော်”

“ဒါနဲ့ မမရေ။ အဲ့ဒီဘဲကြီးက ဒီလောက်နဲ့ မကျေနပ်ဘူးတဲ့။ မီးကို လက်ထပ်ရအောင် ပြောနေတယ်။ ဘယ်လိုလုပ်ကြမလဲ။ မီးက ဘယ်သူနဲ့မှ လက်မထပ်ချင်ပါဘူးဆို။ ဘယ်လောက်ပဲ ရှင့်လိုလူကို လက်မထပ်ဘူး ပြောပြော မရဘူး။ အတင်းကို လိုက်ကပ်နေတာ။ စိတ်ညစ်စရာကြီး”

“ညီမလေးက သူ့ကို မကြိုက်ဘူးလား”

“ကြိုက်တော့ ကြိုက်တာပေါ့ မမရဲ့။ ဒါပေမယ့် သူနဲ့ယူပြီးရင် မီးက သူနဲ့ပဲ တစ်ဘလုံး နေရတော့မှာလေ။ မီး နေချင်သလို နေရမှာ မဟုတ်တော့ဘူး။ မီးက တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ မချစ်ချင်ဘူး။ အားလုံးနဲ့ ချစ်ချင်တာ”

ဒီကောင်မလေးအကြောင်း အားလုံးကို သိပြီးပေမယ့် သူ့နေမှာ ကိုယ့်ညီမလေးသာဆိုရင်ဆိုတဲ့ အတွေးလေးတော့ ဖျက်ကနဲ ဝင်လိုက်မိတယ်။ ဒါပေမယ့် တစ်ခြားယောကျာ်းတွေနဲ့ အမြဲတမ်း အခုလိုနေမယ့်အစား ယောကျာ်းတစ်ယောက်ကို စွဲစွဲမြဲမြဲချစ်ပြီး ပေါင်းရင် ကောင်းမှာပဲလို့ တွေးလိုက်မိသေးတယ်။

“သူက တွေ့တာတောင်မကြာသေးဘဲ လက်ထပ်ချင်တာတဲ့လား ညီမလေး”

“မီး အတွက်ကတော့ မထူးဆန်းတော့ပါဘူးလေ။ ဒါပေမယ့် မမရယ်၊ မီးလေ ဒီဘဲကြီးကိုတော့ အားလုံးထက် နည်းနည်း ပိုကြွေမိသလိုပဲ။ မီး စဉ်းစားဦးမယ် မမ”

ကောင်မလေးနဲ့ စကားပြောအပြီး ကျွန်မ စဉ်းစားခန်းဝင်နေမိပြီ။ ဟူး…

“ငါက ဒီကောင့်ကို ငါခံစားရသလို ခံစားစေချင်တာလေ။ အခုက ကောင်မလေးကပါ ပြန်ချစ်နေသလိုလို ဖြစ်နေပြီဆိုတော့ သူကပဲ အမြဲတမ်းကံကောင်းနေတတ်တာလား” ဒီလို အတွေးတွေနဲ့ ကျွန်မမှာ သူ့ရဲ့ wall ထဲကို အကောင့်တုတစ်ခုနဲ့ ဝင်ကြည့်ခဲ့တယ်။

“ချစ်လိုက်ရတာ ဘေဘီရာ၊ ကိုကို့အသည်းကို မခွဲပါနဲ့နော်။ ဘေဘီ့အကြိုက် ကိုကိုနေပေးပါ့မယ်။ တစ်ခုပဲ ကိုကို့ကိုပဲ လက်ထပ်ပါ” ဆိုပြီး သူတို့ တွဲရိုက်ထားတဲ့ ပုံတွေ ဆယ်ပုံလောက် တင်ထားတာ။ အေးပေါ့လေ နင်ကပဲ အမြဲကံကောင်းနေမလား။ ငါကပဲ နင့်အပေါ် ကလဲ့စားချေနိုင်မလား ကြည့်ကြသေးတာပေါ့။

သူ့ပုံတွေအောက်က ment တွေ လိုက်ဖတ်ကြည့်တော့ ဒီကောင်မလေးအကြောင်း တော်တော်များများသိကြတယ်။ ကောင်မလေးအကြောင်းတွေ ပြောထားတာမှ စုံလို့။ တစ်ချို့ဆို ကိုယ်တွေ့နဲ့တောင် ပါသေး။

ဒါတောင် သူက ပြန်ရေးထားတယ်။ သူ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို ရအောင်ယူမှာတဲ့။ သူ့ကို ချစ်တယ်တဲ့။ ခွင့်လွှတ်နိုင်တယ်တဲ့လေ။

ကျွန်မရဲ့ ရည်မှန်းချက်တွေ တက်တက်စင်အောင် လွဲသွားခဲ့ပြီလား။

********************************************

သူ အရူးထောင်ကို ရောက်သွားပြီတဲ့။

ဒီမနက် ကြားလိုက်ရတဲ့ သတင်းစကားက ကျွန်မမှာ အံ့ဩဝမ်းသာကြီး ဖြစ်လို့နေခဲ့တာ။ ဒီစကားကြားရဖို့ ကျွန်မ ဘယ်လောက်အထိ စောင့်ခဲ့ရသလဲဆိုတာ ရှင်တို့အသိပဲလေ။

မိစုမက

“ဟဲ့ မိကလျာ ညည်းရဲ့ အချစ်ဦးကြီး အရူးထောင်ထဲရောက်သွားပြီတဲ့။ အဲဒါ ညည်းသိပြီးပြီလား”

“ငါ နင်ပြောမှ သိတာလေ။ အဲဒီတော့ ဘာဖြစ်လဲ။ သူ အနည်းဆုံးတော့ ရူးဖူးသွားတာပေါ့။ ဘာများအရေးပါလို့လဲ”

သွေးအေးအေးနဲ့ ကျွန်မက ပြောလိုက်တော့ မိစုမ မျက်နှာမှာ အံဩလွန်းတဲ့ ပုံစံနဲ့

“ကလျာမ ဒါ ဒါ နင့်စနက်တွေမဟုတ်လား။ ငါ အခုမှ သတိထားမိတယ်။ ဟို ဝါသနာရှင် ကောင်မလေးနဲ့ အဲ့ကောင်နဲ့ ဘုရား ဘုရား။ နင် ချိတ်ဆက်ပေးလိုက်တာလား ကလျာမ”

“ဪ ဒါကတော့ သူ့ကံကြမ္မာပဲလေ။ ငါ ချိတ်ဆက်ပေးလည်း သူ ကြိုက်မှ ဖြစ်တာလေ။ သူကိုက မိန်းမလှလှလေးတွေ မြင်ရင် ကြိုက်တတ်တာကိုး။ ငါနဲ့ အနေသာကြီး”

ကျွန်မက ပခုံးနှစ်ဖက်တွန့်ပြပြီးပြောလိုက်တော့

“ငါဟယ် ယုံတောင်မ‌ယုံနိုင်ဘူး။ အဲ့ကောင်က ကောင်မလေးကို အဲ့လောက်အထိ စွဲလန်းလိမ့်မယ်လို့လေ။ ဒီကောင်မလေးအကြောင်းကို ကြားခါစက ဝဋ်ကြွေးတစ်မျိုးပဲ ဆိုပြီး သနားမိတာ။ တစ်ကယ်လည်း ဝဋ်ကြွေးပဲလေနော”

အဲဒီကောင်မလေးရဲ့ မကောင်းတဲ့အကျင့်တစ်ခုကို ရှင်တို့ကို ပြောပြဖို့ ကျွန်မ တမင်ချန်ထားခဲ့တာ။ အခုတော့ ကျွန်မရဲ့ ရည်မှန်းချက်၊ ကျွန်မရဲ့ ကလဲ့စားဟာ အောင်မြင်ပြီဆိုတော့ ကျွန်မ ပြောပြပါ့မယ်။

အဲဒီကောင်မလေးက မိဘကလည်း အချမ်းသာကြီးမဟုတ်တောင် လူလတ်တန်းစား။ နေနိုင်၊ စားနိုင်၊ သောက်နိုင်တယ်။ ဒါပေမယ့် သူ့အမေက သူငယ်ငယ်ကတည်းက ဆုံးသွားလို့ မိထွေးနဲ့ပဲ နေခဲ့ရတာတဲ့။ သူ့မှာ ပညာ၊ ရုပ်ရည် အားလုံးရှိပေမယ့် ယောကျာ်းတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ တွဲချင်တာ၊ အတူနေချင်တာ၊ အတူအိပ်ဖူးချင်တာတွေကတော့ သူ့ရဲ့ ဝါသနာတဲ့။ ဒီဝါသနာကြီးက မကောင်းမှန်းသိပေမယ့် သူ့အနေနဲ့ ဘယ်လိုမှကို မပြင်နိုင်ဘူးတဲ့။ အဲ့ဒါကြောင့် သူ ကြိုက်သလိုနေတယ်။ ယောကျာ်းတွေက ခေါ်ရင်လိုက်တယ်။ အတူနေတယ်။ အတူအိပ်တယ်တဲ့။ ဒါက သူ့ရဲ့ဝါသနာဆိုပဲ။ ကောင်မလေးအဖေက သူ့သမီးအကြောင်းမသိသေးဘူးဆိုပဲ။ ကောင်မလေးအတွက် ဒါက မွေးရာပါ ဗီဇလို့ပဲ ခေါ်မလား၊ အရွယ်ရောက်မှ ဝါသနာပါလာတာလားဆိုတာကတော့ ကောင်မလေးကိုယ်တိုင်ကပဲ သိနိုင်လိမ့်မယ်။ ကျွန်မလည်း မသိတော့ဘူး။

အဲဒီ ညှို့ချက်ပြင်းတဲ့ ကောင်မလေးရဲ့ ညှို့ကွက်တွေအောက်မှာ ကျရှုံးခဲ့သူ‌တွေ အများကြီးထဲကမှ သူ ဆိုတဲ့ ကျွန်မ တစ်ချိန်က အသည်းနင့်အောင် ချစ်ခဲ့ဖူးတဲ့ သူပေါ့လေ။ အခုတော့ ရူးလို့ အရူးထောင်တောင် ရောက်သွားပြီတဲ့ အဟက်။

သူတို့ နှစ်ယောက် နှစ်လလောက်တွဲပြီး လက်ထပ်လိုက်ကြတယ်ဆိုပဲ။ ကောင်မလေးအနေနဲ့ကလည်း သူ့ကို ချစ်လို့ လက်ထပ်ခဲ့ပေမယ့် သူ့ရဲ့ ဗီဇ ခေါ်မလား ဝါသနာပဲ ခေါ်မလား အဲ့ဒီအရာက မပျောက်တော့ တစ်နေ့ထက် တစ်နေ့ ပြဿနာတွေက ကြီးထွားလာကြတယ်ဆိုပဲ။ ကောင်မလေးက တစ်ခြားတစ်ယောက်ယောက်နဲ့ အမြဲတမ်းလိုလို ဖြစ်ပျက်နေတာကို သူ ‌အကြာကြီးသည်းမခံနိုင်တဲ့အဆုံး အခုလို အရူးထောင်ကို ရောက်သွားတဲ့အထိ ဖြစ်သွားပုံ ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ကျေနပ်ပြီ၊ အရမ်းပျော်ခဲ့ပြီလေ။

သူလည်းပျော်မှာပါ။ ရူးသွားပြီဆိုတော့ ဘာမှမသိ၊ ဘာမှ မစဉ်းစားတတ်လောက်တော့ဘူးလေ‌နော။ စိတ်ညစ်စရာတွေ တွေးမိမှာမဟုတ်တော့ သူလည်း ပျော်‌မှာပေါ့။ အမြဲတမ်းပျော်နေပါတော့။

နောက်ဘဝတော့ သူ့လိုလူနဲ့ မဆုံစည်းပါရစေနဲ့လို့ အကြိမ်ကြိမ်အခါခါ ဆုတောင်းရင်း ဒီနေ့က ကျွန်မအပျော်ဆုံးနေ့ပေါ့။

ပြီးပါပြီ။

စိတ်ကူးယဉ်ပြီး ရေးထားတာပါနော်။
ဘယ်သူ့ကိုမှ နစ်နာစေလိုခြင်း မရှိပါဘူးရှင်။
အားလုံးပဲ ပျော်ရွှင်ကြပါစေ။

#မေသက်အောင်
#ခိုင်ခိုင်တက်တိုး