ငကျောက်ဖားဂူ

Posted on

ငကျောက်ဖားဂူ (စ/ဆုံး)
ရေးသားသူ…တာတေ

ဒီနာမည်ကို ကျုပ်တို့ တစ်နယ်လုံး
မကြားဘူးတဲ့သူဘယ်ရှိလိမ့်မတုံး၊
ငကျောက်ဖားဂူနဲ့ ပတ်သက်တဲ့ သ
တင်းတွေကတော့ တစ်ခါ တစ်ခါ
ထွက်စမြဲပဲဗျို့။ငကျောက်ဖားဂူ
ဆိုတာက အလယ်ရိုးကြီးပေါ်မှာ
လူအရောက်အပေါက် အတော်
နည်းတဲ့နေရာပေါ့ဗျာ။ ဝါးခုတ်
တဲ့သူတွေတော့ တစ်ခါ တစ်ခါ
စွန့်ပြီး သွားကြတယ်။

ဒါကလည်း တခြားနေရာမှာ ဝါးရှားမှ
သွားတာပါ။ တခြားဘက်မှာ ဝါးပေါ
နေလို့ကတော့ အဲဒီဘက်ကိုသွားဖို့
ဝေးသားလားဗျာ။ လူအရောက်အ
ပေါက် သိပ်မရှိတော့လည်း သစ်ဝါး
လွှတ်ပေါတော့တာပေါ့ဗျာ။

အဲ နေဦးဗျ။ ကျုပ်အဘတော့ ငယ်
ငယ်က တစ်ခါရောက်ဖူးတယ် ပြော
တယ်။ ငကျောက်ဖားဂူဘက်မှာ ဝါး
ခုတ်ဖို့ သွားကြတာတဲ့ဗျ။ ဒါပေမဲ့
အဲဒီဂူကြီးနားလည်းရောက်ရော…

“အူး၊ ဝူး၊ ဝူး၊ အူး”

ဆိုတဲ့ အသံကြီး ဂူထဲက ထွက်လာ
ရောတဲ့ဗျို့။ ဘယ်လိုသတ္တဝါမျိုးက
အော်လိုက်မှန်းတော့ မသိဘူးတဲ့ဗျာ။
အဘတို့အဖွဲ့လည်း ဓါးတွေထမ်းပြီး
တောင်ပေါ်ကနေ ပြေးဆင်းကြတာ
ဆိုပဲဗျ။နောက်လည်း အဲဒီဘက်ကို
တစ်ခါမှမသွားတော့ဘူးတဲ့ဗျို့။

တစ်ချို့ပြောတာတော့ ကျောက်ဖားဂူ
ကြီးထဲမှာဘီလူးကြီးတစ်ကောင်နေ
တယ်တဲ့ဗျ။ တောထဲမှာသမင်၊ ဒရယ်
တွေ မကြာ မကြာ ထွက်ဖမ်းတယ်ဆို
ပဲ။အဲဒီဘီလူးက လူနှစ်ပြန်လောက်
အရပ်ကြီးရှည်ပြီး လူသုံးကိုယ်စာ
လောက် ကိုယ်လုံးကြီးရှိဆိုပဲ။

ဆံပင်လား၊ အမွေးတွေလာတော့
မပြောတတ်ဘူးတဲ့။ တစ်ကိုယ်လုံး
ဖုံးနေတာတဲ့ဗျ။မျက်လုံးတစ်လုံး
တစ်လုံးကို ဟင်းသောက်ပန်းကန်
လောက် ရှိတာဆိုပဲ။ နီနီရဲရဲကြီး
တွေတဲ့ဗျာ။ သမင်၊ ဒရယ်တွေကို
များ နောက်က လိုက်ဖမ်းနေရ
တယ် မဟုတ်ဘူးတဲ့ဗျ။

စိတ်ညှို့သလို ညှို့ခေါ်လိုက်တာ
ဆိုပဲ။ အဲဒီတောကောင်က ဘာမှ
မသိတော့သလို ဖြစ်သွားပြီး ဘီလူး
ကြီးဆီကို တန်းသွားတော့တာဆိုပဲ။
ဒီတော့မှ ဘီလူးက သမင်တွေ၊ဒရယ်
တွေ ဂျီတွေကို နှစ်ကောင်လောက်
ပခုံးမှာ ထမ်းပြီး တောင်ပေါ်တက်
သွားတာတဲ့ဗျ။

သူ ဂူကြီးထဲကို ဘယ်လိုဝင်သွားမှန်း
ကို မသိတာတဲ့ဗျို။ တောကြီးထဲမှာ
ပျောက်သွားတာပဲ မြင်ကြရတာတဲ့။

တချို့က ပြောတော့လည်း အဲဒီဘီလူး
ကြီးရဲ့နာမည်က ငကျောက်ဖားလို့ ခေါ်
သလိုလို၊ ဂူကြီးနာမည်ကပဲ ကျောက်
ဖားရုပ်ကြီးရှိလို့ ငကျောက်ဖားဂူလို့
ခေါ်သလိုလို ပြောကြတာဗျို့။

တကယ်တော့ ငကျောက်ဖားဆိုတာ
ဂူနာမည်လား၊ ဘီလူးနာမည်လား
ဆိုတာလည်း ဘယ်သူမှ သေသေ
ချာချာ မသိဘူးဗျ။ဒါပေမဲ့ လူဆိုတာ
သေသေချာချာ မသိတာကို ပိုပြီး
ကြောက်တဲ့သဘော ရှိတာကိုးဗျ။
ငကျောက်ဖားဂူရဲ့ဇာတ်လမ်းတွေ
က ကျုပ်တို့နယ်က ကလေးတွေ
ရဲ့ အိပ်ရာဝင် ပုံပြင်တွေ ဖြစ်ခဲ့
တာပေါ့ဗျာ။

ကျုပ်စိတ်ထင်တော့ ငကျောက်ဖား
ပုံပြင်တွေဟာ တော်တော်များများက
ကျုပ်တို့နယ်သားတွေ ဖန်တီးထား
တာတွေ ဖြစ်မှာပါဗျာ။ဘာဖြစ်လို့တုံး
ဆိုတော့ ငကျောက်ဖားဂူကြီးနဲ့ ပတ်
သက်တဲ့ ပုံပြင်တွေက ပြောရတာ
ရိုးလာမှာကိုးဗျ။ ဒီတော့လည်း ပုံပြင်
ကောင်းတဲ့ အဘိုး၊ အဘွားတွေက
ပုံပြင်အသစ်တွေ ဖန်တီးရတာနေ
မှာပေါ့ဗျာ။ အဲ သေချာတာတစ်ခု
တော့ ရှိတယ်ဗျ။ကျုပ်တို့နယ်က
ကလေးမှန်သမျှ ကျုပ်လည်း ပါ
တာပေါ့ဗျာ။ငယ်ငယ်တုန်းကဆိုရင်
ငကျောက်ဖားကို မကြောက်တဲ့က
လေးတစ်ယောက်မှ မရှိတာဗျို့။

“ဟဲ့ အိပ်စမ်း၊ ငကျောက်ဖား
လာလိမ့်မယ်”

ဆိုရင် မီးခဲကို ရေလောင်းငြိမ်းလိုက်
သလိုကို ငြိမ်သွားတာဗျို့။ ကလေး
တွေ ပြောမရအောင် ဆော့နေရင်
လည်း ဒီအတိုင်းပဲဗျ။

“ဟဲ့ တိတ်ကြစမ်း ဒီကလေးတွေ၊
ငကျောက်ဖား လာပြီ ထင်တယ်၊
ခြေသံကြီး ကြားတယ် ဟော ကြား
တယ်”

လို့ ခြောက်လိုက်ရင် ကလေးတွေ လန့်ပြီး
ငုတ်တုတ်ကလေးတွေ ထိုင်ပြီးငြိမ်သွား
ရောဗျို့။ ကျုပ်တို့နယ်တွေမှာ ငကျောက်
ဖားပုံပြင်တွေ ပြောလာကြတော့ နှစ်ပေါင်း
ဘယ်လောက်တောင်ရှိပြီဆိုတာ ဘယ်
သူမှ မသိနိုင်ဘူးဗျ။ကျုပ်အဘ ပြောတာ
တော့ သူတို့အဘတွေ ငယ်ငယ်တည်း
က ငကျောက်ဖားကို ကြောက်ကြတာ
ဆိုပဲဗျ။ငကျောက်ဖားပုံပြင်တွေ၊ ဇာတ်
လမ်းတွေအများကြီးရှိတဲ့အထဲမှာ ကျုပ်
ရင်ထဲမှာ စွဲနေတဲ့ ငကျောက်ဖားဇာတ်
လမ်းလေးတစ်ပုဒ်ရှိတယ်ဗျ။

ဒါလည်း ကျုပ်တို့နယ်မှာ လူတိုင်းသိ
တဲ့ဇာတ်လမ်းပေါ့ဗျာ၊ နှစ်ပေါင်း ဘယ်
လောက်ကတည်းက စပြီးပြောခဲ့တာ
တလည်းတော့ ကျုပ် မသိဘူးပေါ့ဗျာ။
ခင်ဗျားကို ကျုပ်ပြန်ပြောပါ့မယ်။သေ
သေချာချာ နားထောင်ကြည့်ဗျာ။

ဘုရင်ကြီးတစ်ပါးရဲ့လက်ထပ်တော်
တဲ့ဗျ။ ဘယ်ဘုရင်မှန်းတော့ ဘယ်
သူမှ မသိဘူးဗျ။ အဲဒီဘုရင်မှာ သား
တော်နှစ်ပါး ရှိတယ်တဲ့။သားတော်
ကြီးက ထုံးစံအတိုင်း အိမ်ရှေ့စံ ဥ
ပရာဇာပေါ့ဗျာ။သားတော်အငယ်
ကတော့ သာမန်မင်သားပေါ့။အဲဒီ
သားတော်အငယ်က ကလေးဘဝ
ကတည်းက လောဘ၊ဒေါသလွှတ်
ကြီးတယ်ဆိုပဲ။

ဒီဘုရင်ကြီး စံမြန်းတဲ့ နန်းတော်ကြီး
က သူ့လက်ထက်မှာ သူကိုယ်တိုင်
တည်ဆောက်တာ မဟုတ်ဘူးတဲ့ဗျ။
သူ့အဖေဘုရင်ကြီး တည်ဆောက်
ထားတာတဲ့။ အတော်ကိုလှပြီး အ
တော်ကို အကွက်ကျတာဆိုပဲ။ ဘု
ရင်ကြီးရဲ့ ကိုယ်ရံတော် တပ်မှူးကြီး
မှာ သားလေး တစ်ယောက်ရှိတယ်
တဲ့ဗျ။ နာမည်က မောင်မွန်လို့ခေါ်
တယ်။ထူးခြားတာကတော့ အဲဒီ
တပ်မှူးကြီးရဲ့သားကလေးကို နန်း
တော်ထဲ တစ်ခါ ခေါ်ခဲ့ဖူးသတဲ့။

ဘုရင်ကြီးက အဲဒီမောင်မွန်လေးကို
မြင်မြင်ချင်းကို ချစ်တာတဲ့ဗျာ။ က
လေးကို မောင်မွန်လို့တောင် မခေါ်
ဘူးတဲ့။ချစ်စနိုးနဲ့ ‘ကျောက်ဖားလေး’
လို့ ခေါ်တယ်ဆိုပဲ။ ဘုရင့်နန်းတော်
ဆိုတာ ဝင်ချင်တိုင်းဝင်လို့ရတာမှ
မဟုတ်တာ။ဘုရင်ကိုယ်တိုင်က
ဝင်ခွင့်ပြုမှ ဝင်ရတာလေဗျာ။

တပ်မှူးကြီးရဲ့ သားကလေးကို ဘုရင်
ကြီးက ညီလာခံမှာ တရားဝင် နန်းတော်
ထဲကို ‘ဝင်စေ၊ ထွက်စေ’ဝင်ခွင့်ပေးတော်
မူသတဲ့ဗျို့။

ကလေး မလာတာကြာရင်လည်း သူက
သတိရတယ်ဆိုပဲ။

“ဟဲ့ တပ်မှူးကြီးရဲ့၊ငါ့သား ငကျောက်ဖား
လေးကို ခေါ်ခဲ့ပါဦးဟဲ့”

လို့ မှာတတ်သတဲ့။ ဒီအခါ တပ်မှူးကြီးက
ခေါ်ခေါ်လာရသတဲ့။ဘုရင်ကြီးဟာ ဒီက
လေးကို ဘယ်လိုကြောင့် ဒီလောက်ချစ်
မှန်း မသိဘူးတဲ့ဗျို့။ပွဲတော်ကျကိုတောင်
စားခွင့်ပြုတယ်ဆိုပဲ။

ဒီလိုနေလာရင်းနဲ့ဘုရင်ကြီးလည်း
သက်တော်ကြီးလာ။သားတော်ကြီး၊
သားတော်ငယ်နဲ့ ငကျောက်ဖားကို
လည်း သူ့သားတော်တွေနဲ့ အတူတူ
ဓါးခုတ်၊ လှံထိုး စတဲ့ ပညာအပြင် စစ်
အင်္ဂါ အခင်းအကျင်းတွေကိုပါ အတူ
သင်စေတာတဲ့ဗျ။ ငကျောက်ဖားက
လည်း ကြီးလာတော့ သတ္တိလည်း
ကောင်း၊ဓါးခုတ်၊ လှံထိုး၊ဆင်စီး၊မြင်း
စီးမှစလို့ ကျွမ်းကျင်ရုံမကဘဲ အ
တော်ကို ထူးချွန်တာ ဆိုပဲဗျ။

ငကျောက်ဖားရဲ့ဖခင် တပ်မှူးကြီးဟာ
အသက်လည်း ကြီးလာ၊ ရောဂါဘယ
လည်း စွဲကပ်လေတော့ ကွယ်လွန်သွား
ရော ဆိုပဲဗျ။ဒီမှာတင် ဘုရင်ကြီးက
ငကျောက်ဖားကို ကိုယ်ရံတော်တပ်မှာ
တပ်မှူးလေး ခန့်ချင်တယ်။သားတော်
နှစ်ပါးရဲ့ ဒီကိစ္စကို တိုင်ပင်တော့သား
တော်ငယ်က ဘုရင်ကြီးကို လျှောက်
တင်သတဲ့။

“ဖခမည်းတော်ဘုရား ငကျောက်ဖား
ဟာ ဓါးခုတ်၊လှံထိုးသာမကဘဲ စစ်ချီ၊
စစ်တက် စစ်ခင်းတဲ့အတတ်မှာ သူမ
တူအောင် ကျွမ်းကျင်လှပါတယ်ဘုရား
ငကျောက်ဖားလို လူတစ်ယောက်ကို
နန်းတော်ရဲ့ကိုယ်ရံတော်တပ်မှာ ထား
လိုက်ရင် အလွန်ကို နှမြောဖို့ ကောင်း
လှပါတယ်ဘုရား။ဒါ့အပြင် သားတော်
နှစ်ပါး ဝန်းရံထားတဲ့ ဖခမည်းတော်မှာ
ဘယ်လိုရန်မျိုးမှ မရှိနိုင်ပါဘူးဘုရား၊
ဒါကြောင့် ငကျောက်ဖားကိုသားတော်
ရဲ့တပ်မှာ တပ်မှူးခန့်ပါရစေဘုရား၊
သားတော်တို့မှာ တိုင်းတစ်ပါးရဲ့ခြိမ်း
ခြောက်မှုလည်း မကြာမကြာ ပေါ်နေ
တော့ ငကျောက်ဖားလို လူကို သား
တော် အားပြုချင်လို့ပါဘုရား”

လို့ လျှောက်သတဲ့ဗျ။ ဘုရင်ကြီးရော၊
နောင်တော် အိမ်ရှေ့မင်းသားကရော
သားတော်အငယ် လျှောက်တင်တာ
ဟာ သဘာဝကျလှပေတယ်ဆိုပြီး
ငကျောက်ဖားကို သားတော်ငယ်ရဲ့
တပ်မှာ တပ်မှူးခန့်ဖို့ ခွင့်ပြုလိုက်
တယ်တဲ့ဗျာ။ ငကျောက်ဖားတို့ တိုင်း
ပြည်ကို တချို့တိုင်းပြည်တွေကကျူး
ကျော်ရန်စတာတွေကို သားတော်နှစ်
ပါးနဲ့ ငကျောက်ဖားတို့ကစစ်ကြောင်း
တစ်ကြောင်းစီနဲ့ ခံတိုက်ကြတာ
တိုက်ပွဲတိုင်းနိုင်ကြသတဲ့ဗျာ။

ဒီမှာတင် သားတော်အငယ်ဟာ
မာန်မာနတွေတက်လာရောတဲ့ဗျို့။
ငကျောက်ဖားလို လူတစ်ယောက်
သူ့ဘက်မှာသာရှိရင် ဘာမဆို သူ
ရင်ဆိုင်နိုင်ပြီလို့ ထင်လာရောတဲ့
ဗျာ။ ငကျောက်ဖားကိုလည်း သူ့
လူရင်းဖြစ်အောင် မွေးတော့တာ
တဲ့ဗျို့။ငကျောက်ဖား လိုသမျှ
ဘာမဆို ရစေတာတဲ့ဗျာ။ ဒီလိုနဲ့
ငကျောက်ဖားဟာ သားတော်
ငယ်ရဲ့ ကျွန်ယုံလူရင်း ဖြစ်တော့
တာပေါ့ဗျာ။ သားတော်ငယ်ဟာ
ကိစ္စတစ်ခုကို ကြိတ်ပြီးကြံစည်
တယ်တဲ့ဗျ။ ငကျောက်ဖားကို
တောင် အသိမပေးဘူးဆိုပဲ။
အားလုံးစီမံလို့ပြီးမှ ငကျောက်
ဖားကို သစ္စာရေတိုက်ပြီး ကျိန်
ခိုင်းသတဲ့ဗျို့။

“ကျုပ် ငကျောက်ဖားဟာ ကိုယ်တော်
လေးရဲ့ သစ္စာကို ခံယူပါတယ်။ဒီသစ္စာ
ကို ချိုးဖောက်ခဲ့ပါက အသေဆိုးနဲ့သေ
ရပါစေ၊ သေပြီးတဲ့နောက်မှာလည်း
လူ့ပြည် လူ့ရွာ ပြန်မလာရဘဲ ဘီလူး၊
သဘက်ကြီးဘဝနဲ့ နှစ်ပေါင်းများစွာ
တစ်ရာမက ခံရပါစေသား”

သစ္စာရေသောက်ပြီး သုံးလေးလ
ကြာတော့မှ သားတော်အငယ်က
သူကြိတ်ကြံထားတဲ့ အစီအမံကို
ငကျောက်ဖားကို ဖွင့်ပြောပြတယ်
လွန်သွားပြီပေါ့ဗျာ။ ငကျောက်ဖား
က ကိုယ်တော်လေးရဲ့သစ္စာရေကို
သောက်ခဲ့ပြီးပြီလေ။သားတော်အ
ငယ်ရဲ့အကြံအစည်ကခမည်းတော်
နဲ့ နောင်တော်ကို ပုန်ကန်တိုက်ခိုက်
ပြီး လုပ်ကြံသတ်ဖြတ်ဖို့နဲ့ထီးနန်း
ကို သိမ်းပိုက်ဖို့တဲ့ဗျာ။

အဲဒီအကြံအစည်မှာ ငကျောက်ဖား
ရဲ့တာဝန်က ဘုရင်ကြီးကို နန်းတော်
ထဲဝင်ပြီး လုပ်ကြံဖို့နဲ့၊ဘုရင်ကြီးကိုင်
တဲ့သန်လျက်နဲ့ မင်းမြှောက်တန်ဆာ
တွေ သိမ်းပိုက်ဖို့ဗျ။သားတော်အငယ်
ကတော့ နန်းတော်ရဲ့ကိုယ်ရံတော်
တပ်တွေကို တိုက်ခိုက်မယ်ပေါ့ဗျာ။

သူ့မှာ ငကျောက်ဖားလို သစ္စာခံတပ်
သား လူတော်တွေ တစ်ကျိပ်ရှိတယ်
တဲ့ဗျ။အဲဒီလူစွမ်းကောင်းတစ်ကျိပ်နဲ့
နန်းရိပ်ထီးဖြူကို လုယူဖို့ကြံစည်တာ
ပေါ့ဗျာ။ နန်းတော်ကို သိမ်းပိုက်ပြီးမှ
နောင်တော်ကို လက်ရဖမ်းပြီး သုတ်
သင်ဖို့တဲ့ဗျို့။ဖခင်အရင်းတစ်ယောက်
ကို သူ့လက်နဲ့ သတ်ဖို့ဆိုတာ မဖြစ်သင့်
လို့ အဲဒီတာဝန်ကို ငကျောက်ဖားကို
လွှဲအပ်တာတဲ့ဗျ။

သတ်မှတ်ထားတဲ့အချိန်မှာ နန်းရိပ်ထီး
ဖြူ လုယူတဲ့ပွဲကြီးစတော့တာပေါ့ဗျာ။
ဘုရင်မင်းမြတ်ရဲ့နန်းတော်ကြီးထဲမှာ
သားတော်ငယ်ရဲ့လက်ရွေးစင်တပ်
တွေနဲ့ ခုတ်ကြထစ်ကြတော့တာပေါ့
ဗျာ။ငကျောက်ဖားက နဂိုအစီအစဉ်
အတိုင်း နန်းတော်ထဲကို ထိုးဖောက်
ဝင်သွားတယ်။ ကိုယ်ရံတော်တပ်တွေ
ဟာ ငကျောက်ဖားရဲ့နောက်ကိုလိုက်
မယ်အလုပ်မှာသားတော်ငယ်ရဲ့လက်
ရွေးစင်တပ်က ကာပြီး တိုက်ထားတာ
ပေါ့ဗျာ။

“ချွင်၊ချွင်၊ ခွပ်၊ အား၊ ဒုန်း”

ဆိုတဲ့ ခုတ်သံ၊ အော်သံ၊လဲပြိုကျတဲ့
အသံတွေ နန်းရင်ပြင်ကြီးထဲမှာ ဆူ
ညံနေတော့တာပေါ့ဗျာ။ ငကျောက်
ဖားက မင်းကြီးရဲ့အိပ်ဆောင်ထဲကို
ဓါးကြီးဝင့်ပြီး ပြေးဝင်လာတော့ မင်း
ကြီးက ငကျောက်ဖားကို မြင်သွားပြီ
အံ့သြသွားတာပေါ့ဗျာ။ဒါပေမဲ့ အခြေ
အနေကို ချက်ချင်းသဘောပေါက်
သွားသတဲ့ဗျို့။

“သြော်…ငါကိုယ်တော် ချစ်ခင်ခဲ့တဲ့
ကျောက်ဖားလေးက ငါ့ကို လုပ်ကြံ
တော့မှာပါလား”

မင်းကြီး ပြောလိုက်တော့ ဒီအသံကို
ကြားလိုက်တော့ ငကျောက်ဖားဟာ
ဘာလုပ်ရမှန်း မသိတော့ဘဲ မြှောက်
ထားတဲ့ ဓါးကို အောက်ပြန်ချလိုက်ပြီး

“အရှင်မင်းမြတ် ငကျောက်ဖား
နားမလည်ပါးမလည်နဲ့ ကိုယ်တော်
လေးရဲ့ သစ္စာတွေ စူးသွားလို့ပါဘုရား”

“သြော် သြော် ဒါကြောင့်ကိုး၊
ကဲ ဒါဆိုရင်လည်း သတ်ပေါ့
ကျောက်ဖားလေးရယ်”

မင်းကြီးက ပြောပြောဆိုဆိုနဲ့ ဇက်
စင်းပေးတယ်တဲ့ဗျာ။ဒီမှာတင် င
ကျောက်ဖားရဲ့ မျက်လုံးအိမ်ထဲက
မျက်ရည်တွေ ပါးပေါ်ကို တသွင်
သွင် စီးကျလာပြီး…

“မင်းကြီး အချိန်မရှိတော့ဘူး၊
ခု ချက်ချင်း ကြွပါဘုရား”

လို့ မင်းကြီးကို လျှောက်လိုက်ပြီး
မင်းကြီးရဲ့လက်ကို ဆွဲခေါ်ခဲ့တယ်
ပြီးတော့ နန်းဆောင်တစ်ခုထဲကို
ပြေးဝင်ပြီး ဘယ်သူမှ မသိနိုင်တဲ့
လျှို့ဝှက်တံခါးကို ဖွင့်လိုက်တယ်။

“ဟာ ကျောက်ဖားလေး၊ ဒီနေရာမှာ
လျှို့ဝှက်တံခါးရှိတာ ငါကိုယ်တော်
တောင် မသိခဲ့ပါလား၊ မင်း ဒါကို
ဘယ်လိုလုပ်ပြီး သိနေတာတုံး”

“ကျနော်မျိုးရဲ့ဖခင် မသေခင်က
ပြသွားခဲ့တာပါဘုရား၊ မင်းကြီးမှာ
အသက်အန္တရာယ်ကြုံတဲ့အခါမှာ
ဒီလျှို့ဝှက်တံခါးက ကယ်ထုတ်
သွားဖို့ မှာခဲ့ပါတယ်ဘုရား၊ကြွ
တော်မူပါဘုရား၊တံခါးကို သေ
သေချာချာ ပြန်ပိတ်လိုက်ပြီး မြေ
တိုက်လှေကားကို ဆင်းတယ်။
အသင့်ရှိတဲ့ မီးတိုင်ကို မီးထွန်းပြီး
လိုဏ်ခေါင်းလမ်းအတိုင်း မင်းကြီး
ကို ငကျောက်ဖား ခေါ်ထုတ်လာ
ခဲ့တယ်။ဒီလိုဏ်ခေါင်းဆုံးရင်
မြောက်ဘက်ဥယျာဉ်တော်
ထဲက မင်းကြီးရဲ့ပင်မကိုယ်ရံ
တော်တပ်ကြီးထဲကိုရောက်သွား
မယ်တဲ့ဗျ။လိုဏ်ခေါင်းဆုံးတော့
မြောက်ဘက်ဥယျာဉ်ရဲ့ မင်းကြီး
စံနန်းဆောင်ထဲကိုရောက်သွားတယ်။

မင်းကြီးဟာအံ့သြလွန်းလို့တဲ့။ဒီတော့မှ
မမျှော်လင့်ဘဲ စံနန်းဆောင်ထဲကိုရောက်
နေတဲ့ဘုရင်ကြီးကိုတွေ့တော့မှ ကိုယ်
ရံတော် တပ်မှူးတွေ အံ့သြပြီးပြေးလာ
ကြတယ်။ မင်းကြီးက ချက်ချင်းအမိန့်
ပေးပြီး သားတော်ကြီးကို အကြောင်း
ကြားခိုင်းတယ်။ငကျောက်ဖားကတော့
မင်းကြီးကို ရှိခိုးပြီး ဥယျာဉ်ကြီးထဲက
ထွက်ခဲ့တာပေါ့ဗျာ။ ငကျောက်ဖား
ဥယျာဉ်ထဲကမထွက်ခင်မှာမင်းကြီးက

“ဟဲ့ ကျောက်ဖားလေး၊
ရှေ့တော်တိုးစမ်း”

ဆိုပြီး သူ့လက်မှာ ဝတ်ထားတဲ့
နန်းစဉ်ပတ္တာမြားလက်စွပ်ကို ချွတ်
ယူပြီး ငကျောက်ဖားရဲ့လက်မှာ
ကိုယ်တိုင် ဝတ်ပေးလိုက်တယ်

“ကျောက်ဖားလေးရယ်၊မင်းကို ငါချစ်
ခင်ခဲ့ရကျိုး နပ်လိုက်လေကွယ်၊မင်းဒို့
သားအဖဟာ ငါ့ရဲ့အသက်သခင်တွေ
ပါပဲကွယ်”

လို့ မိန့်လိုက်သတဲ့ဗျာ။အဲဒီအချိန်မှာ
ပဲ နန်းတော်ထဲမှာတော့ သားတော်
အငယ်ဟာအံ့သြစရာကောင်းလောက်
အောင် ပျောက်သွားတဲ့ ဘုရင်မင်းမြတ်
နဲ့ငကျောက်ဖားကို ပိုက်စိပ်တိုက်ပြီး
လိုက်ရှာကြရောတဲ့ဗျို့။

ဒီအချိန်မှာပဲ…

“ကိုယ်တော်လေး၊ကိုယ်တော်လေး
အိမ်ရှေ့မင်းရဲ့တပ်တွေ ချီလာကြပြီ
တဲ့၊အင်အားအများကြီးပဲတဲ့၊ခုချက်
ချင်း ရှောင်ကြမှဖြစ်မယ်ဘုရား”

လို့ လျှောက်တင်ကြတာနဲ့ လက်
လွတ်ပြေးရတော့တာတဲ့ဗျာ။နန်းရပ်
ထီးဖြူ လုယူတဲ့ပွဲမှာ သားတော်ငယ်
ရှုံးနိမ့်ခဲ့ပြီပေါ့ဗျာ။ တောထဲတောင်ထဲ
ဝင်ပြီး လွတ်အောင်ပြေးရုံပဲ ရှိတော့
တာပေါ့။

တောထဲကို သားတော်ငယ်နဲ့ သူ့ရဲ့
ရဲမက်တစ်ကျိပ်တိုးဝင်လိုက်တာနဲ့
မားမားကြီးရပ်ပြီး သူတို့ကို ကြိုစောင့်
နေတဲ့ ငကျောက်ဖားကို တွေ့ရတဲ့ဗျာ။

“သစ္စာဖောက် ငကျောက်ဖာ”

လို့ သားတော်ငယ်က အသံကျယ်
ကြီးနဲ့ ကုန်းအော်လိုက်ပြီး ငကျောက်
ဖားကို ကြိုးနဲ့တုပ်ခေါ်ခဲ့ဖို့ အမိန့်ပေး
လိုက်တယ်။ငကျောက်ဖားကတော့
ဘာမှကို မပြောတော့ဘူးတဲ့ဗျာ။

“အောင်မာ ဒင်းရဲ့လက်မှာ နန်းစင်
ပတ္တမြားလက်စွပ်ကြီးနဲ့ပါလား၊ လက်စ
သတ်တော့ ငါ့ခမည်းတော်ကသူ့အသက်
ကို ကယ်ခဲ့လို့ ဒီလက်စွပ် မင်းကို ချီးမြှင့်
လိုက်တာပေါ့လေ”

ပြောပြောဆိုဆိုနဲ့ လက်စွပ်ကို ဆောင့်
ဆွဲပြီး သားတော်ငယ်က ချွတ်ယူလိုက်
သတဲ့ဗ်။

“မင်းလိုကောင်ကို ငါ ဓါးနဲ့ မသက်ဘူး၊
သစ္စာဆိုတာ ဖောက်ရင် ဘယ်လိုဒဏ်
မျိုးခံရတယ်ဆိုတာ မင်း သိစေမယ့်ဟေ့
ငကျောက်ဖားရဲ့”

လို့ ပြောပြီး ရိုးမပေါ်က ကျောက်ဂူထဲ
မှာ ငကျောက်ဖားကို မလှုပ်နိုင်အောင်
ကြိုးနဲ့တုပ်ပြီးကျောက်ဂူကြီးကိုကျောက်
တုံးတွေနဲ့ အသေပိတ်ပစ်လိုက်တယ်။

“အဲဒီဂူထဲမှာ တစိမ့်စိမ့် ခံစားပြီး မင်း
သေရစ်ပေတော့၊မင်းဆိုခဲ့တဲ့ သစ္စာ
ဟာ မင်းအတွက်တော့ ကျိန်စာဖြစ်
ပြီပေါ့ ငကျောက်ဖားရယ်”

လို့ ပြောပြီး ရိုးမတောကြီးထဲကိုဝင်
သွားတယ်။ဒါပေမဲ့ ဘုရင့်တပ်က ရဲ
မက်တွေဟာ နောက်က ထပ်ကြပ်
မကွာ လိုက်သွားပြီး အားလုံးကို
သုတ်သင်ပစ်လိုက်သတဲ့ဗျာ။

ငကျောက်ဖားကတော့ အဲဒီဂူကြီးထဲ
မှာ သေသွားပြီး သူဆိုခဲ့တဲ့ သစ္စာတွေ
စူးပြီး ဘီလူးကြီး ဖြစ်သွားသတဲ့ဗျို့။
ဒါဟာ ကျုပ်ငယ်ငယ်က သိပ်ကြိုက်
ခဲ့တဲ့ ငကျောက်ဖားလို့ခေါ်တဲ့ကိုယ်
ရံတော် တပ်မှူးကြီးရဲ့သား မောင်
မွန်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့ဗျာ။

ခင်ဗျားကို ကျုပ် ဒီအကြောင်းတွေ
ပြောပြနေတာ အကြောင်းရှိလို့ဗျ။
ပြီးခဲ့တဲ့ နှစ်ရက်က ရိုးမအခြေက
ရွာလေးမှာ နွားတစ်ကောင်ကို ဘီ
လူးကြီး ဝင်ဆွဲသွားလို့တဲ့ဗျာ။ ရွာ
သားတွေက ညဘက် ဆိုပေမဲ့
သေသေချာချာကို မြင်လိုက်ရ
တာတဲ့ဗျို့။ အားလုံးကတော့
အဲဒါ ငကျောက်ဖားကြီးလို့
ပြောကြတာဗျ။

နွားကို လည်ပင်းလိမ်ချိုးပြီးချိုင်းကြားမှာ
ညှပ်ယူသွားတာတဲ့ဗျာ။ခင်ဗျား စဉ်းစား
ကြည့်လေ။နွားတစ်ကောင်ကို ချိုင်းကြား
မှာ ညှပ်ယူသွားတဲ့ အရွယ်အစားဟာ
ဘယ်လောက်ကြီးမလဲဆိုတာလေဗျာ။

အဲဒီတော့ ကျုပ်တို့ရွာတွေမှာ ငကျောက်
ဖားပုံပြင်တွေဟာ ချက်ချင်းကို သက်ဝင်
လာတော့တာပေါ့ဗျာ။

အိမ်တိုင်းမှာ ပြောနေတာက ဒီအကြောင်း
ချည်းပဲဗျို့။ညရောက်ရင် ကလေးတွေ
တင်မကဘဲ လူကြီးတွေပါ အိမ်ပြင်မ
ထွက်ရဲကြတော့ဘူးဗျ။

ကျုပ်ထမင်းစားသောက်ပြီး ဆေးလိပ်
ဖွာတယ်။ခဏနေတော့ နာရီမော့ကြည့်
တယ်။ညဆယ်နာရီတောင် ရှိပြီဗျ။အ
ဘနဲ့ အမေကတော့ ငကျောက်ဖား
အကြောင်း ပြောလို့ဗျ။အဘကလည်း
ငကျောက်ဖားဂူကို သူရောက်ခဲ့ဖူး
တဲ့အကြောင်းပြောသဗျ။

အမေကလည်း သူကြားဖူးတဲ့
ငကျောက်ဖားအကြောင်းတွေ
ပြောတာပေါ့ဗျာ။

“ဘီလူးကြီးဟေ့၊ ဘီလူးကြီး၊နွားကြီး
ဆွဲသွားပြီ”

မြောက်ပိုင်းက အော်လိုက်တဲ့အသံဗျ။

“ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒေါင်၊ ဒေါင်၊ဒေါင်”

ဟာ သံပုံးတွေတီးကြ၊ သံချောင်းတွေ
ခေါက်ကြနဲ့ ကျုပ်တို့တစ်ရွာလုံး ဆူ
ညံသွားလိုက်တာဗျာ။

“ဟဲ့ ကလေးတွေ ဘယ်ထွက်တာတုံး၊
အိမ်ထဲဝင်နေစမ်း”

“ဝါး ၊ ဝါး “

မအေတွေက ကလေးတွေကို ဆောင့်
ဆွဲတွန်းထိုးလုပ်တော့ ကလေးတွေက
အော်ငိုတဲ့သူ ငိုပေါ့ဗျာ။ ချက်ချင်းပါဗျာ။
တစ်ရွာလုံး ညံသွားတာဗျို့။ကျုပ်မြောက်
ပိုင်းကို ထွက်လာခဲ့တယ်။

“ဟဲ့ တာတေ မြန်မြန်ပြန်ခဲ့”

လို့ အမေက လှမ်းအော်လိုက်သေး
တာဗျ။ ကျုပ်လိုပဲ ရွာထဲက ယောက်ျား
တွေ တုတ်တွေ၊ ဓါးတွေ ဆွဲပြီး မြောက်
ပိုင်းကို ပြေးကြတာဗျ။

“ဟေ့ ဘယ်သူ့နွားတုံး၊ ဘယ်သူ့
နွားတုံး”

“မြောက်ပိုင်းက ဘိုးညီမောင်ရဲ့
နွားကြီးတဲ့ကွ”

“ဟာ နွားကြီး အကြီးကြီးပါလား”

ကျုပ်တို့ ဘိုးညီမောင်ရဲ့ ဝိုင်းထဲကို
ရောက်တော့ နွားတင်းကုတ်ထဲမှာ
သွေးကွက်ကြီးတွေဗျာ နွားဖြူကြီး
ကို လည်ပင်းလိမ်ချိုးပြီး ချိုင်းကြား
မှာ ညှပ်သွားတာတဲ့ဗျ။ခြံစည်းရိုး
ကို ဆောင့်တိုးပြီး ဝင်လာတာတဲ့
ဗျ။ နွားတင်းကုတ်နောက်က ခြံ
စည်းရိုးတွေ ကြေမွနေတာဗျ။

“ဟာ ဒီမှာ ခြေရာကြီးတွေဟေ့၊
နဲတာကြီးတွေ မဟုတ်ဘူးကွ”

ကိုသာမောင်ကြီး အော်နေတာဗျို့။
ကျုပ်လည်း ကိုသာမောင် ဓါတ်မီးထိုး
ပြတဲ့နေရာကို ကြည့်လိုက်တယ်။ဟာ
ဟုတ်ပါရဲ့ဗျာ။ လူခြေရာ အကြီးကြီး
ဗျ။ ကျုပ်တို့ လူခြေရာ ငါးဆလောက်
ကြီးတယ်ဗျို့။

“ဟာ ဒါ ငကျောက်ဖားကြီးပဲ
ဖြစ်မှာဟေ့”

တစ်ယောက်တစ်ပေါက်ပေါ့ဗျာ။
ကြွက်စီ ကြွက်စီနဲ့ နေတာဗျို့။

” ဘကြီးသာမောင်၊ဘကြီးသာမောင်”

“ဟေ ဘာတုံး ငပြူး”

“ကျုပ်နဲ့ ညှက်စီနဲ့ နှမ်းထောင်းစောင့်
နေကြတာဗျ။ဘီလူးကြီး ထန်းတော
ဘက်ကို ပြေးသွားတာမြင်လိုက်လို့
ကျုပ်တို့နဲ့ နီးတော့မနီးဘူးပေါ့ဗျာ။
နွားဖြူကြီးကို ချိုင်းကြားမှာညှပ်ပြီး
ပြေးတာဗျ။ အရပ်ကြီးက ထန်းပင်
တစ်ဝက်လောက် ရှိမယ်ထင်တယ်။

“ဟေ ဟုတ်လား ညှက်စိ”

“ဟုတ်တယ်ဗျ။ ငပြူး ပြလို့
ကျုပ်မြင်တာ”

လူတွေစုပြီး ရွာစည်းရိုးတွေ လိုက်စစ်
ကြတယ်။ဟုတ်တာပေါ့ဗျာ။ ရွာစည်း
ရိုးတွေ ကြေမွနေတာဗျို့။ဒီအကောင်
ကြီး ရွာစည်းရိုးကို တိုးဝင်ပြီး အဲဒီအ
ပေါက်ကပဲ ပြန်ထွက်သွားပုံပဲဗျ။

တစ်ညလုံး ဘယ်သူမှကို မအိပ်ရဲကြ
တော့ဘူးပေါ့ဗျာ။ တစ်အိမ် တစ်အိမ်
မှာ လူတွေ စုပြီး ဓါတ်မီးနဲ့ ဟိုထိုး
ဒီထိုးပေါ့ဗျာ။ ရွာထဲက ခွေးတွေက
တော့ လွှတ်အားကိုးရတာဗျို့။အမြီး
တွေကုပ်ပြီး အသားတောင် တဆတ်
ဆတ် တုန်နေသေးသဗျို့။တချို့ခွေး
တွေဆိုရင် ကြောက်လွန်းလို့ တဆတ်
ဆတ်တုန်ပြီး သေးတွေတောင် ထွက်
ကြတာဗျာ။ နွားကြီး ပါသွားတဲ့ ဘိုး
ညီမောင်ရဲ့မိန်းမကြီး ဒေါ်ဝိုင်းကြည်
ကတော့ တရှုံ့ရှုံ့နဲ့ ငိုလို့တဲ့ဗျို့။

ကျုပ်တို့ငယ်ငယ်က ကြားခဲ့တဲ့
ငကျောက်ဖား ပုံပြင်တွေဟာ
တကယ်ဆိုတော့ ယုံရတော့မလို
ဖြစ်ပြီပေါ့ဗျာ။ ကျုပ်ကတော့ နဂါး
ဆေးပေါ့လိပ်ကလေး ဖွာပြီး ဘာ
လုပ်ရမလဲလို့ တွေးရတော့တာ
ပေါ့ဗျာ။ ဒီလိုသာ ရွာထဲတွေ ဝင်
ဆွဲနေရင် တစ်ခါမဟုတ် တစ်ခါ
တော့ လူနဲ့ ပက်ပင်းတိုးမှာပေါ့ဗျာ။

အဲဒီအခါကျရင် လူကို ဆွဲသွားမလား
လို့ ကျုပ်တွေးပြီး ပူရောဗျို့။ပြီးတော့
ကျုပ်လည်း ကြောက်လာတာပေါ့ဗျာ။

နောက်နေ့ မိုးလင်းကတည်းက ကျုပ်
ရယ်၊ ကျောက်ခဲရယ်၊ သံမဏိရယ်၊
လုပ်စရာတွေ ပြင်ဆင်လုပ်ကိုင်ရ
တော့တာပေါ့ဗျာ။

ဒေါ်တုတ်ကိုလည်း အဆင်သင့်
ခေါ်ထားရတယ်။ ညမိုးချုပ်သွား
တော့ ကျုပ်မှာ စိတ်တွေတောင်
လှုပ်ရှားနေတာဗျို့။

“တာတေရယ်၊ နင် သင်္ချိုင်းထဲသွားဖို့
သွားလို့ ဖြစ်ပါ့မလား”

ကျုပ်ကိုကြည့်ပြီး ဒေါ်တုတ်က
ပြောတယ်။ ဒီတော့မှ ကျုပ်လည်း
နည်းနည်းလန့်သွားရောဗျို့။ကဲ
ကျုပ်တစ်ယောက်တည်းသွားမယ်
လုပ်ရတော့တာပေါ့ဗျာ။မသွားလို့
လို့တော့ ဘယ်လိုမှကို မဖြစ်တာဗျ။

“ကိုကြီးတာတေ ကျုပ်တို့ကတော့
လိုက်မှာဗျ”

“ဟဲ့ ငါကလည်း နောက်မတွန့်ပါဘူး
ဟဲ့ တာတေရဲ့”

“ကဲ ဒါဆိုလည်း သွားစို့ကွာ၊ ကျောက်ခဲရာ”

ကျုပ်တို့ သင်္ချိုင်းထဲရောက်တော့မှ
ပိုတောင်ကြောက်လာသလိုပဲဗျ။ ကျုပ်
ဂူကြီးပေါ်မှာခါတိုင်းလိုပဲ မဖဲဝါအတွက်
ထမင်းပွဲပြင်တယ်။ ဒေါ်တုတ်ကလည်း
အဆင်သင့်ဖြစ်နေပြီ။ကျုပ် မဖဲဝါကို
ပင့်ရပြီပေါ့ဗျာ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟာ မဖဲဝါလာပြီဗျို့။ချက်ချင်းကို ရောက်
လာပါလား။ဟာ ဖြူဖြူကြီး ရွေ့လာတာဗျ။
ဟော ဝင်ပြီ၊ ဒေါ်တုတ်ဆီကို ပြေးဝင်သွား
ပြီဗျာ။ ဒေါ်တုတ် ဂူကြီးပေါ် ခုန်တက်သွား
တယ်။ ထမင်းစားပြီးဗျို့။အားရပါးရကိုစား
တာဗျာ။ဟော ကျုပ်ကို လှမ်းကြည့်ပြီ။
ကျုပ် ပြောဖို့ဟန်ပြင်လိုက်တယ်။

“တာတေ၊ ငါ နင့်ကို တွေ့ချင်နေတာ”

ဟာ ကျုပ်မပြောခင် မဖဲဝါကစပြောတာဗျို့။

“အဲဒါ ဘီလူး မဟုတ်ဘူး၊ ဖုတ်ကောင်၊
တပ်မှူးငကျောက်ဖား သစ္စာစူးပြီး ဖုတ်
ကောင်ကြီး ဖြစ်နေတာဟေ့။တောထဲ
မှာ သားကောင်ရှားသွားလို့ ရွာတွေဘက်
ကို ရောက်လာပြီး နွားတွေ ဝင်ဆွဲတာ”

“ဟာ ငကျောက်ဖားဆိုတာ တကယ်
ရှိတာပေါ့ ဟုတ်လားဗျ မဖဲဝါ”

“ရှိတယ် တာတေ၊ ဂူထဲမှာ အပိတ်ခံရပြီး
သေသွားတာ၊ အဲဒီမှာ တော်တော်ကို ထူး
ထူးဆန်းဆန်း ဖြစ်သွားတာ၊ သေပြီးမှ င
ကျောက်ဖားရဲ့ ဝိညာဉ်က သူ့ကိုယ်ထဲကို
ပြန်ဝင်သွားတာ။ဒါပေမဲ့ သေပြီးပြီဆိုတော့
ဘဝပြောင်းသွားပြီပဲ၊ သူ ဘာမှမသိတော့
ဘူး။ သရဲသဘက်ကြီးတစ်ကောင် ဖြစ်
သွားရောဟေ့၊ ဂူကြီးကို သူ့ဟာသူ ဝင်
ပေါက် ထွက်ပေါက် ဖောက်ပြီး ဂူထဲမှာ
ပဲနေတယ်။ တောထဲမှာ သားကောင်
ရှာစားတယ်။ ငကျောက်ဖားသေတာ
နှစ်ခါရှိပြီ၊ သေပြီးတိုင်း သူ့ကိုယ်ထဲကို
ပြန်ပြန်ဝင်သွားပြီး ဘဝအသစ်ဖြစ်ပြန်
ဖြစ်သွားတယ်။အဲဒါ ကျိန်စာမိနေတဲ့
ဟဲ့ တာတေရဲ့။ အကောင်ကြီးလည်း
အကြီးကြီး ဖြစ်ဖြစ်လာတယ်။အခုတစ်
ခါသေဖို့ အချိန်ရောက်ပြန်ပြီ။ ဒီတစ်ခါ
တော့ ကိုယ်ထဲကို ပြန်မဝင်နိုင်အောင်
သူ့ကိုယ်ကြီးကို ဖျက်ဆီးပစ်ရမယ်။ပြီး
ရင် သူ့ကို ကျွတ်အောင်လွတ်အောင်
လုပ်ပေးရမယ်။အဲဒါကို နင်လုပ်ပေး
ပေတော့ တာတေ”

မဖဲဝါက ကျုပ်လုပ်ရမှာတွေကို ညွှန်
ကြားတယ်ဗျ။ ကျုပ် မဖဲဝါ ညွှန်ကြား
တဲ့အတိုင်း လိုတဲ့ပစ္စည်းတွေ အကုန်
ယူပြီး ငကျောက်ဖားဂူရှိတဲ့ ရိုးမတော
ကြီးထဲကို ဝင်ခဲ့တယ်။

ညမိုးချုပ်တော့ ကောင်းကင်မှာ လ
ကွေးကွေးလေးသာနေတယ်။အလင်း
ရောင်ဖျော့ဖျော့လေးက တောထဲကို
မှိန်မှိန်လေး ထိုးကျနေတာဗျ

“အား၊ အီး၊ အား၊ အီး၊ အီး”

ဟာ ဂူထဲက အော်သံကြီးဗျို့။
ကျုပ်ဖြင့် ကျောထဲမှာ ဖျန်းကနဲ
ဖျန်းကနဲ ဖြစ်သွားတာ။

“ဖျန်း၊ ဖျန်း၊ ဖျန်း၊ ဖျန်း”

တောကျီးကန်းကြီးတွေလည်း
လန့်ပျံကုန်ပြီဗျို့။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ”

ဟာ မဖဲဝါရဲ့ ခွေးကြီးအသံဗျ။
မဖဲဝါ ကျုပ်နောက်ကနေ ပါလာတာ
ဗျ။ဧကန္တတော့ အချိန်ကျပြီထင်တယ်

“ဖျောင်း၊ ဖျောင်း၊ ဖျောင်း”

ဝါးပင်တွေ ကျိုးတဲ့အသံဗျ။ ဟာ
ဝါးပင်တွေ လှုပ်သွားတဲ့နေရာကနေ
ဘွားကနဲ ပေါ်လာတာဗျို့။အောင်
မယ်လေး နည်းနည်းနောနော အ
ကောင်ကြီးမှ မဟုတ်တာ။သူထွက်
လာတဲ့ ဂူပေါက်ဝမှာ မားမားကြီး
ရပ်ပြီး အကဲခတ်နေတာဗျ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး”

မဖဲဝါရဲ့ ခွေးကြီးအသံက ကျုပ်ကို
ကျော်ပြီး ငကျောက်ဖားကြီးဘက်
ကို သွားနေတာဗျ။ ဟာ တွေ့ပြီဗျို့။
တွေ့ပြီ။ မဖဲဝါရဲ့ခွေးကြီးဗျ။ငကျောက်
ဖားကြီးဆီကို တန်းတန်းမတ်မတ်သွား
နေတာဗျို့။ နွားပေါက်လောက်ရှိတဲ့
ခွေးနက်ကြီးလေဗျာ။

ငကျောက်ဖားက ခွေးနက်ကြီးကို
သေသေချာချာ ကြည့်နေတယ်။
ခွေးနက်ကြီးကလည်း သူ့ကိုကြည့်
နေတယ်ဗျ။ ဟော ငကျောက်ဖား
က ခွေးနက်ကြီးကို စိတ်ညှို့သလို
ညှို့နေတဲ့ပုံပဲဗျ။ ဟော သွားပြီ၊
သွားပြီ။ ခွေးနက်ကြီးကငကျောက်
ဖားကြီးဆီကို တစ်လှမ်းချင်း ကပ်
သွားနေပြီဗျ။

ဟော ငကျောက်ဖားက ခါးကြီးကုန်း
ပြီး ခွေးနက်ကြီးကို လှမ်းဆွဲတယ်။
ခွေးနက်ကြီးက နောက်ဂျွမ်းပစ်ပြီး
ခုန်ထွက်လိုက်တယ်။

“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဒုန်း၊ဒုန်း၊ဒုန်း”

ဟာ ငကျောက်ဖား အရှိန်လွန်ပြီး
တောင်ပေါ်က ကျလာပြီဗျို့။ အို
အရှိန်နဲ့ကို လိမ့်ဆင်းလာတာဗျို့။

“ခွပ်”

ဟာ ကျောက်တုံးကြီးနဲ့ ခေါင်းနဲ့
ဝင်ဆောင့်ပြီး ငြိမ်သွားပြီဗျို့။င
ကျောက်ဖား တတိယအကြိမ်
သေပြန်ပြီပေါ့ဗျာ။

“တာတေ လုပ်တော့ “

မဖဲဝါရဲ့ အော်သံကြီးဗျို့။ကျုပ်နောက်
ခပ်လှမ်းလှမ်းက ထွက်လာတဲ့အသံဗျ။
သူ ကျုပ်ကို ဘာလုပ်ရမယ်ဆိုတာ
ညွှန်ကြားပြီသားဗျ။

ကျုပ် ငကျောက်ဖားရဲ့ အလောင်းကြီး
ဆီကိုပြေးပြီး ကျုပ်လွယ်လာတဲ့ အိတ်
ထဲက ရေနံဆီပုလင်းကိုထုတ်၊ အဖုံး
ဖွင့်ပြီး ဖုတ်ကောင်ကြီးရဲ့ တစ်ကိုယ်
လုံးကို လိုက်ဖြန်းလိုက်တယ်။ပြီးတော့
ယမ်းမီးခြစ် သုံးလေးဆံပူးပြီး မီးခြစ်
တယ်။

“ရွဲ”

လေကွယ်ပြီး မီးတောက်ကို အရှိန်ယူ
လိုက်တယ်။ ကျုပ်ပစ်လိုက်ပြီဗျို့။င
ကျောက်ဖားရဲ့ အလောင်းကြီးပေါ်
ကို မီးတောက်ပစ်တင်လိုက်တယ်။

“ဝုန်း”

ရေနံဆီက ချက်ချင်းထတောက်တယ်။
လောင်ပြီဗျို့။လောင်ပြီ။

“ဝုန်း၊ ဝုန်း၊ ဝုန်း”

မီးက ချက်ချင်းကို အရှိန်ရလာပြီး
ငကျောက်ဖားရဲ့ အလောင်းကြီး
ကို လောင်ရောဗျို့။

“အီး၊ အီး၊ အီး၊ အီး”

ဟာ ခန္ဓာကိုယ်ကြီးထဲက ထွက်သွားတဲ့
ငကျောက်ဖားရဲ့ ဝိညာဉ်ဗျ။ ဖြူဖြူပုံစံ
ကြီးဗျ။ တောတွေထဲက ဖြတ်ပြီး ပြန်
ရောက်လာတာပေါ့ဗျာ။မီးဟုန်းဟုန်း
တောက်နေတဲ့ သူ့ခန္ဓာကိုယ်ကြီးကို
တွေ့တော့ တုန့်ကနဲ ရပ်သွားတယ်။

ကျုပ် မဖဲဝါ ညွှန်ကြားထားတဲ့အတိုင်း
သစ်ပင်မှာ ချိတ်ထားတဲ့ ကျုပ်ရဲ့လွယ်
အိတ်ထဲက ဘုရားဆင်းတုတော်ကို
ပင့်ယူလိုက်တယ်။ ပြီးတော့ ကျုပ်ရင်
ဘတ်မှာ ဆင်းတုတော်ကို ကပ်ပြီး
ပိုက်ထားတယ်။

ငကျောက်ဖားရဲ့ ဝိညာဉ်ဆီကို
ကျုပ် တစ်လှမ်းချင်း တိုးသွားတယ်။
ဟာ ဒူးထောက်လိုက်ပြီဗျို့။ကျိန်စာ
တွေ ပြီးဆုံးချိန် ရောက်ပြီထင်ပါရဲ့
ဗျာ။ ဝိညာဉ်ဖြူဖြူကြီးက ဘုရား
ဆင်းတုတော်ကို စိုက်ကြည့်နေ
တယ်ဗျ။ ဟော ရှိခိုးပြီ၊ ရှိခိုးပြီ။
ဘုရားဆင်းတုတော်ကို ဦးသုံး
ကြိမ်ချပြီး ရှိခိုးတယ်ဗျို့။

ဟာ ပျောက်သွားပြီဗျာ၊ ငကျောက်
ဖားရဲ့ဝိညာဉ်ဖြူကြီး ဗြုန်းကနဲပျောက်
သွားတာဗျို့။ကျုပ်တောင် အံ့အား
သင့်ပြီး ကြည့်နေမိတာ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ”

ဟာ မဖဲဝါရဲ့ခွေးကြီး ပြန်သွားပြီဗျ။

မဖဲဝါလည်း ပြန်ပြီထင်တယ်။

ငကျောက်ဖားရဲ့ အလောင်းကြီး
ကတော့ တဖြည်းဖြည်း ပြာကျသွား
ပြီဗျို့။ ကျုပ်လည်း လွယ်အိတ်ကို
စလွယ်သိုင်းလွယ်ပြီး ဘုရားဆင်း
တုတော်ကို တစ်ဖက်ကပွေ့၊ တစ်
ဖက်က ငါးတောင့်ထိုးဓါတ်မီးကို
ထိုးရင်း ရိုးမပေါ်က ပြန်ဆင်းလာ
ခဲ့တယ်။

လူတွေက ဘီလူးကြီးလို့
ထင်ကြတဲ့ ဖုတ်ကောင်ကြီး
ငကျောက်ဖားရဲ့ ရန်က ကင်း
ဝေးကြပြီပေါ့ဗျာ။

ငကျောက်ဖားလည်း ကျွတ်လွတ်
သွားပြီဆိုတော့ ကျုင်ရင်ထဲမှာ
ဝမ်းသာမိတယ်။ အဲဒီညက ကျုပ်
အိမ်ပြန်ရောက်တော့ လင်းကြက်
တောင် တွန်ပေါ့။

မူရင်းရေးသူ ဆရာ တာတေ