ငါ့အပေါ်ကဆင်းကြ

Posted on

ငါ့အပေါ်ကဆင်းကြ(စ/ဆုံး)

—————————

မင်္ဂလာပါ ကျွန်တော်နာမည်က မောင်မောင်စိုး (၅)တန်းကျောင်သား တစ်ဦးဖြစ်ပြီး အသက်ကတော့(၁၂)နှစ်ဝန်းကျင်သာ ရှိသေးသည်…
ကျွန်တော်မှာ ဖိုးထွေး။ နေရဲ ။ထွန်းမောင်။ကျော်ဝင်း။ညီပုဆိုတဲ့ အခင်ဆုံး သူငယ်ချင်း ငါးယောက်ရှိ၏…

သွားအတူ လာအတူ စားအတူနှင့် ကစားဖော် ကစားဖက်တွေ ဖြစ်သည်…
ကျောင်းမှာတော့ ကျွန်တော်တို့ကို အမြဲလိုက်လိုက်စနေတဲ့ သူတစ်ယောက်ရှိပြီး သူ့နာမည်က ရဲရင့်ဟု ခေါ်၏…

ရဲရင့်က အတန်းထဲမှာ အကြီးဆုံးဖြစ်ပြီး မိဘတွေကလည်း အဆင်ပြေကြတော့ ဆရာမစကားကိုလည်း သိပ်နားမထောင်သလို ကြောက်လည်းမကြောက်ပေ…
အတန်းထဲမှ ကျေားင်သားတွေ ရဲရင်ကို မကြောက်သူမရှိ အဲ့သည်ထဲ ကျွန်တော်တို့ သူငယ်ချင်း တစ်စုလည်းပါသည်…

ကျောင်းသားငယ်များကို လိုက်ပြီး အနိုင်ကျင့်၍ နေရာတကာ ဗိုလ်ကျနေသည်…
ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကစားရင်လည်း အမြဲလိုက်နှောက်ယှက်၏…

ကျွန်တော်တို့ စာသင်နေသောကျောင်းရဲ့ မနီးမဝေးမှ ဘုန်းကြီးကျောင်းရှိပြီး ဘုန်းကြီးကျောင်းဝန်းထဲ၌ သစ်ပင်ကြီး တစ်ပင်လည်းရှိသည်…
သစ်ပင်ကြီးက အကိုင်းအလက်တွေ များတာကြောင့် သစ်ပင်ပေါ်သို့ အလွယ်တကူ တွယ်တက်နိုင်တာကြောင့် စာအံပြီး နားချိန်ရောက်ရင် ကျောင်းသားများအားလုံး အဲ့သည်မှာ သွားကစားကြ၏…

ကျောင်းခြံဝန်းကလည်း ကျယ်ပြန်တော့ လွတ်လွတ်လပ်လပ် ကစားနိုင်သည်…
သို့ပေမယ့် ကျောင်းထိုင်ဘုန်းဘုန်းကတော့ သစ်ပင်ပေါ် မတက်ဖို့ အမြဲမှာတတ်သည်…
ဘာကြောင့်လည်း ဆိုတာတော့ ကျွန်တော်မသိ သို့ပေမယ့် ကျောင်းသားအများစုကတော့ ဘုန်းဘုန်းစကားကို နားမထောင်ကြပေ…

တစ်နေ့မှာ စာအံပြီး နားချိန်ရောက်တော့ ကျောင်းသားများအားလုံး ဘုန်းဘုန်းခြံထဲ သွားစကားကြကာ အချို့သော ကျောင်းသားများက သစ်ပင်ကြီးပေါ်သို့ တွက်တက်ကြလေ၏…

,,ဟဲ့…ဟဲ့…ဟဲ့….အို..ကလေးတို့…သစ်ပင်ပေါ် မတက်ပါနဲ့ ဘုန်းဘုန်းပြောထားတယ်မလားကွယ်…ဆင်းခဲ့ကြ….ဆင်းခဲ့ကြ….,,

ကျွန်တော်တို့တွေ ကစားနေရင်းမှ ဘယ်ချိန်ရောက်လာမှန်း မသိပဲ ဘုန်းဘုန်းရဲ့ စကားသံကြောင့် ဘုန်းဘုန်းကို ခေတ္တခဏ ရပ်ကြည့်မိသည်….
ဘုန်းဘုန်းပြောလိုက်မှ ကုပ်ကုပ်ကပ်ကပ်နှင့် သစ်ပင်ပေါ် တွယ်တက်နေသော ကျောင်းသားအားလုံးလည်း သစ်ပင်ပေါ်ကနေ ပြန်ဆင်းလာကြလေ၏…

,,ဟူး….တယ်လည်းခက်တဲ့ ကလေးတွေပဲကိုး….,,

ဘုန်းဘုန်းက သက်ပြင်းရှည်တစ်ချက်ချပြီး ကျောင်းသို့ ပြန်ကြွသွားလေ၏…
ဘုန်းဘုန်ပြန်ကြွသွားတော့ မကြာပါဘူး ကျောင်းသားတွေလည်း သစ်ပင်ပေါ်သို့ ကုပ်တက်ပြန်သည်…
အဲ့သည်ထဲမှာတော့ ရဲရင်က အကဲဆုံး…

ရယ်လိုက်ရွှင်လိုက်နှင့် ရဲရင့်တို့ ကစားတာကို ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကြည့်နေရင်းမှ ရဲရင့်က ဘာဖြစ်သွားမှန်းမသိ အသံအကျယ်ကြီးကို အော်ဟစ်လေ၏…

,,အား…..ငါ့ပေါ်ကနေ ဆင်းကြ…..,,

ကျယ်လောင်လှသော ရဲရင့်ရဲ့ အော်သံကြောင့် ကျွန်တော်အပါအဝင် ကျန်ကျောင်းသားတွေလည်း ကြောင်တောင်တောင် ဖြစ်ကုန်၏…
ရဲရင့်ရဲ့ အော်သံမှာ ကလေးတစ်ယောက်ရဲ့ အသံမဟုတ်ပဲ လူကြီးအသံဖြစ်ကာ ကျန်ကလေးငယ်များကို မျက်ထောင့်နီနီနှင့် စိုက်ကြည့်လေသည်…

ကြောက်မက်ဖွယ် ရဲ့ရင့်ရဲ့ပုံသ္ဌာန်ကြောင့် ကျန်ကလေးငယ်များက ရဲရင့်အနား မကပ်ရဲတော့ပေ…
ရဲရင့်က ကျွန်တော်တို့ကို အမြဲအနိုင်သူ တစ်ယောက်ဆိုပေမယ့် တစ်ကျောင်းတည်း အတူနေကြတဲ့ သူတွေမို့ သူတစ်ခုခုဖြစ်မှာ စိုးရိမ်၍ ကျွန်တော်ဘုန်းဘုန်ကို ပြေးသွားခေါ်လိုက်၏….

ဘုန်းဘုန်က ရဲရင့်ကို ကျောင်းထဲ ခေါ်ဝင်ဖို့ ကျွန်တော်တို့ကို ခိုင်းတွဲလေသည်…
သို့သော်…အဲ့သည်အချိန်မှာ ရဲရင့်က ဘယ်ကအားရလာမှန်းမသိပဲ ကျွန်တော်တို့ လေးငါးယောက် တွဲတာတောင် မနိုင်ပေ…

ထိုကြောင့်မို့ ဘုန်းဘုန်းက ဦးဇင်းလေးတစ်ယောက်ကိုခေါ်၍ ရဲရင့်ကိုချီပြီး ကျောင်းပေါ်သို့ ပို့ပေးလိုက်၏…
ကျောင်းပေါ်ရောက်တော့ ရဲရင့်ကို ခုံတစ်ခုမှာ ပေးထိုင်ကာ ဘုန်းဘုန်းက ပုလ္လင်ပေါ် ထိုင်လိုက်သည်…

,,ကဲ့…ဒကာမလေး…ကလးကို ဘာကြောင့် ဒုက္ခပေးရတာလဲကွယ်…လွတ်ပေးလိုက်ပါ…,,

,,မလွတ်ပေးနိုင်ဘူး…ဒီကလေးက ကျွန်မအပေါ် အရင်တက်လာတာ ကျွန်မသူ့ကို မကျေနပ်ဘူး သူ့ရဲ့ဝိညာဉ်ကိုနှုတ်ပြီး ကျွန်မခေါ်သွားမယ်…,,

အသံက ရဲရင့်ရဲ့ အသံမဟုတ်ပဲ တခြားမိန်းကလေး အသံတစ်သံဖြစ်ကာ ဘုန်းဘုန်းကိုလည်း မျက်ထောင့်နီနီ မကျေနပ်သည့် အကြည့်တွေနှင့် ကြည့်လေ၏…
ထိုအချိန်မှပဲ မကျွတ်မလွတ် နာနာဘဝက ရဲရင့်ကိုယ်ထဲ ဝင်ပူးနေမှန်းကို ကျွန်တော်သိလိုက်သည်…

,,လွတ်ပေးလိုက်ပါကွယ်…ကလေးတွေက သိမှမသိပဲ…,,

,,မလွတ်ပေးနိုင်ဘူးလို့ ပြောပြီးပြီနော်..ဒီကလေးရဲ့ ဝိညာဉ်ကို တစ်ခါတည်း နှုတ်ယူသွားမယ်…,,

,,မိစံ…သြော်…နင်က ဒီလိုလား..ရတယ်လေ ကောင်းကောင်းပြောလို့ မရလည်း တွေ့ကြသေးတာပေါ့…,,

ဘုန်းဘုန်းစကားကြားတော့ ကျွန်တော်အံသြမိသည်။ဘာကြောင့်လည်းဆို ဘုန်းဘုန်က သရဲမရဲ့ နာမည်ကို ခေါ်လိုက်ခြင်းဖြစ်၏…

,,ဟီး…..ဟီး….ဟီ….,,

သရဲမကြီးက တုန်တုန်ယင်ယင်နှင့် တဟီဟီအော်ရင်း ကြောက်မက်ဖွယ် ပုံသ္ဌာန်အမျိုးမျိုးကို လုပ်ပြလေသည်….

,,ကဲ့…ဦဇင်းငယ်တို့ သူကိုချုပ်ထား ထွက်မပြေးစေနဲ့…,,

,,တင်ပါ့ဘုရား…,,

ဘုန်းဘုန်းက ပြောရင်းဆိုရင်း ကြိမ်းခန်းဝင်သွားပြီး အမွေးတိုင်နှင့် ရေမန်းဖလားကို ယူလာလေ၏….

,,ကဲ့…မိစံ..နင်ကလေးကို လွတ်ပေးမလား…မလွတ်ပေးဘူးလား…,,

,,မလွတ်ပေးနိုင်ဘူး…ဟီး….ဟီး….,,

,,ကောင်းပြီလေ…ကဲ့ဟာ…ကဲ့ဟာ…,,

,,အား….ပူတယ်…ပူတယ်…,,

ဘုန်းဘုန်းက သရဲမကို ရေမန်းနှင့် ဖျန်းလိုက်တော့ သရဲမရဲ့ တစ်ကိုယ်လုံး နာကျင်သလို ငြီးလေ၏….

,,အား….ပူတယ်…ပူတယ်…..မဖျန်းပါနဲ့တော့ဘုရား…မပည့်တော်မ နောက်ဒီလို မလုပ်တော့ပါဘူး…ပူတယ်…ပူတယ်…,,

သရဲမ စကားကြောင့် ဘုန်းဘုန်းက ဖျန်းလက်စ ရေမှန်းရည်ကို ဆက်မဖျန်းတော့ပေ…

,,ကောင်းပြီလေ..နင့်စကားနဲ့ နင်တည်ပါစေနော်…,,

,,တည်ပါတယ်…တည်ပါတယ်ဘုရား…,,

,,အေး…အဲ့ဒါဆို ကောင်းကောင်းမွန်မွန် ထွက်သွားတော့…,,

,,တင်ပါ့…တင်ပါ့…တပည့်တော်မ ထွက်သွားပါတော့မယ်…,,

ပြောရင်းနှင့်ပင် ရဲရင့်ကိုက ကြမ်းပြင်ပေါ် ခွေခွေလေး လှဲကျသွား၏…
ခဏအကြာတော့ ရဲရင့် သတိရလာလေသည်….

,,ဟင်…ငါ…ငါဘယ်ရောက်နေတာလဲ…,,

,,ဘုန်းကြီးကျောင်းပေါ် ရောက်နေတာလေ နင့်ကိုယ်ထဲ သရဲမ ဝင်ပူးနေလို့…,,

ရဲရင့်အမေးကို ကျန်ကျောင်းသား တစ်ဦးက ဖြေပေးလိုက်၏…

,,ဘုန်းဘုန်း..အဲ့ဒီသရဲမအကြောင်းကို တပည့်တော် သိချင်လို့ ပြောပြပါလားဘုရား…,,

ထိုသရဲမအကြောင်းကို သိပ်ဝင်စား၍ ဘုန်းဘုန်ကို ကျွန်တော်လျှောက်တင်လိုက်သည်…

,,ကဲ…ဒကာလေးတို့…စာအံချိန်လည်း ရောက်တော့မယ် ကျောင်းကိုပြန်ကြတော့ကွယ်…အဲ့သရဲမအကြောင်းကို နောက်နေ့တွေမှပဲ ဆက်ပြောကြတာပေါ့…,,

ဟုတ်ပေသည်။နားချိန်ကုန်လို့ စာအံချိန်တောင် ရောက်တော့မည်ဖြစ်၏….

,,တင်ပါ့ဘုရား…တပည့်တော်တို့ ပြန်လိုက်ပါဦးမယ်…,,

ကျွန်တော်တို့ ဘုန်းဘုန်းကို ဦးချကန်တော့ ကြပြီး ကျောင်းပြန်သွားကြတော့သည်…
နောက်တစ်နေ့ စာအံပြီး နားချိန်ရောက်တော့ ကျွန်တော်တို့တွေ ဘုန်ကြီးကျောင်းသို့ ရောက်လာပြန်၏…

သည်နေ့တော့ ကျွန်တော်နှင့် ကျောင်းသားတွေအားလုံး မကစားတော့ပဲ ရဲရင့်ကို ဝင်ပူသော သရဲမအကြောင်းကို သိချင်ကြ၍ ဘုန်းဘုန်းရဲ့ ကျောင်းပေါ်သို့ တက်ကြလေသည်…

ကျောင်းပေါ်ရောက်၍ ဘုန်းဘုန်းကို ဦးစွာဖူးမြော်ပြီး သရဲမအကြောင်းကို ကျွန်တော်ပင် လျှောက်တင်မေးမြန်းလိုက်၏…

,,ဘုန်းဘုန်း မနေ့က ရဲရင့်ကို ဝင်ပူးတဲ့ သရဲမအကြောင်းကို တပည့်တော်တို့အားလုံး သိချင်ပါတယ်ဘုရား ပြောပြပါဘုရား…,,

,,အေးကွယ်…ဒကာလေးတို့က သိချင်ကြတော့ ဘုန်းဘုန်က ပြောပြရမှာပါ့ကွယ်…,,

,,တင်ပါ့ဘုရား တပည့်တော်တို့ စိတ်ဝင်တစား နားထောင်နေပါတယ်ဘုရား…,,

,,အင်း….ဒီလို့ကွဲ…,,

တချိန်တုန်းက သည်ရွာကလေးမှာ ကိုဖိုးတင်နှင့် မိစံတို့ လင်မယားနှစ်ယောက် နေထိုင်ကြ၏…
ကိုဖိုးတင်က အရက်သောက်တတ်သူ တစ်ယောက်မို့ အရက်မူးပြီးပြန်လာတိုင်း အိမ်ကဇနီးဖြစ်သူ မိစံကို အမြဲပြသနာ ရှာတတ်သည်…

သူတို့စကားများရင် ကြီးကြီးကျယ်ကျယ်တော့ မဖြစ်ဖူးပေ…
သို့ပေမယ့် တစ်နေ့မှာ ကိုဖိုးတင်က အရက်မူး၍ မိစံနှင့် စကားအကြီးအကျယ် များကြ၍ ဖိုးတင်က ဒေါသထွက်ထွက်နှင့် ဇနီးဖြစ်သူ မိစံရဲ့ မျက်နှာကို ဓားနှင့်ခုတ်ချလေ၏…

မိစံလည်း ကိုဖိုးတင်ရှေ့ မနေရဲတော့ပဲ ကြောက်ကြောက်နှင့် ထွက်ပြေးလာကာ ဘုန်းကြီးကျောင်းရဲ့ ခြံဝန်းထဲက သစ်ပင်နောက်မှာ လာပုန်းနေသည်…
မိစံက နဂိုကတည်းက သူမရဲ့ မျက်နှာအလှလေးကို တန်ဖိုးထား မြတ်နိုးသူ တစ်ယောက်ဖြစ်၏…

မိစံရဲ့ မျက်နှက်ပေါ်မှ ဓားချပ်ထားသည့် ဒါဏ်ရာကြောင့် အရမ်းကို နာကျင်ပြီး ရုပ်ဆိုးလှ၍ သစ်ပင်ပေါ် မှ ကြိုးကိုချည်၍ သူကိုယ်သူ ဆွဲကြိုးချသေတော့သည်…

ယောကျာ်းဖြစ်သူ ဖိုးတင်က ဇနီးဖြစ်သူ ပျောက်သွား၍ နှစ်ရက်သုံးရက် လိုက်ရှာပေမယ့် လုံးဝမတွေ့ပေ…
နောက်တစ်နေ့တော့ ဘုန်းကြီးကျောင်းက ဦးဇင်းလေး တစ်ပါးက ဆေးလိပ်သောက်ချင်၍ သစ်ပင်ခြေရင်းမှာထိုင်ကာ ဆေးလိပ်သောက်လေ၏…

ဆေးလိပ်သောက်နေရင်းမှ အပုပ်နံ့ရ၍ လိုက်ရှာကြည့်စဉ် ယင်ကောင်များ ဝိုင်းအုံကာ သစ်ပင်ပေါ်ကနေ တွဲလောင်းသေဆုံးနေသော အလောင်းကို တွေ့ရလေသည်…
ဦးဇင်းလည်း ကျောင်းထိုင်ဘုန်းကြီးနှင့့်တကွ ရွာလူကြီးတို့ကိုပါ အကြောင်းကြားလေ၏…

အလောင်းကို သဂြိုလ်ပေးပြီး အလှူအတန်း လုပ်ပေးပေမယ့် မိစံက မကျွတ်လွတ်၍ ကျောင်းထိုင်ဘုန်းကြီးက မိစံစွဲလမ်းနေသော ထိုသစ်ပင်ကို မိစံအား အပိုင်ပေးလိုက်သည်…
မနက်ခင်း ဦးဇင်းနှင့်ကိုရင်လေးတို့ ဆွမ်းခံကြွရင် သစ်ပင်အောက်မှ ငုတ်တုတ်ထိုင်နေသည့် မိစံကို မကြာခဏ တွေ့ရတတ်၏…

,,အဖြစ်တွေက အဲ့ဒါပါပဲ ဒကာလေးတို့…,,

,,သြော်…ဒေါ်မိစံရဲ့ ဘဝကလည်း သနားစရာပါဘုရား…ဒါဆို အဲသစ်ပင်က ဒေါ်မိစံ ပိုင်တဲ့ သစ်ပင်ကြီးလားဘုရား…,,

,,မှန်ပါတယ် ဒကာလေး…,,

ကျွန်တော်ရဲ့ အမေးကို ဘုန်းဘုန်က ပြန်ဖြေပေး၏…

,,ဒကာလေးတို့ မှတ်သားရမှာက နောက်တစ်ခါ အဲ့ဒီသစ်ပင်ပေါ် မတက်ကြဖို့ပါပဲကွယ်…,,

,,တင်ပါ့ဘုရား…နောက်ဆို မတက်တော့ပါဘူးဘုရား…,,

ကျွန်တော်ရယ် ရဲရင့်အပါအဝင် အားလုံးက သံပြိုင် ကတိပေးလိုက်သည်…

,,အေး…ကွယ်…ကောင်းပါပြီ..ကဲ့..ကဲ့..ဒကာလေးတို့လည်း စာအံချိန်ရောက်တော့မယ် ပြန်ကြပါတော့ကွယ်…,,

,,တင်ပါ့ဘုရား…,,

ကျွန်တော်တို့ ကျောင်းသားအားလုံး ဘုန်းဘုန်ကို ဦးချကန်တော့ ကြကုန်၏…

,,အေးကွယ်…သာဓု..သာဓု…သာဓု…ဒကာလေးတို့တွေ ဤသို့ ပြုရတဲ့ ကုသိုလ်ကောင်းမှုကြောင့် စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပြီး ဘေးအန္တာရယ် အသွယ်သွယ်မှ ကင်းလွတ်နိုင်ကာ သာသနာအကျိုး နိုင်ငံအကျိုးကို သယ်ပိုးနိုင်ပြီး မိဘတွေ အားကိုးအားထားရတဲ့ သားသမီး လိမ္မာလေးတွေ ဖြစ်ကြပါစေကွယ်…,,

,,ပေးတဲ့ဆုနဲ့ ပြည့်ပါစေဘုရား…,,

ကျွန်တော်တို့အားလုံး ကျောင်းကို ပြန်လာ၍ အဲ့သည်နေ့မှစ၍ ဒေါ်မိစံပိုင်သော သစ်ပင်ပေါ်သို့ လုံးဝမတက်တော့ပေ…

ပြီး…./

ဝါသနာရှင်သာမို့ အမှားများပါရင် ခွင့်လွှတ်ဖို့ မေတ္တာရပ်ခံရင်း အားလုံးသော ဆရာ/မနှင့်တကွ စာဖတ်သူ အားလုံးကို အဖြဲချစ်ခင် လေးစားလျှက်👉ကြင်ယာတော်👈(ဒုံဝန်းသူ)