“စုန်းထီးကြီး ဦးဘသာနှင့် မြိုင်သာရှာပုံတော်”(စ/ဆုံး)

Posted on

Unicode Version

“စုန်းထီးကြီး ဦးဘသာနှင့် မြိုင်သာရှာပုံတော်”(စ/ဆုံး)
————————————————————————
အပိုင်း(၅)ဇာတ်သိမ်း

(၁၄)

ရုံးတော်ထဲကနေ ကျုပ်တို့ကိုလျှောက်လမ်းကြီးတစ်ခုအတိုင်းခေါ်သွားကြတယ်၊ ရုံးခန်းတွေကိုဖြတ်လို့အပြီးမှာတော့ လျှောက်လမ်းအဆုံးက တံခါးတစ်ချပ်ရှေ့မှာရပ်လိုက်ကြတယ်ဗျ၊ တံခါးက ကျွန်းတံခါးကြီးဗျာ၊ အဲဒီတံခါးရဲ့အရှေ့မှာလည်း သံပန်းသံတိုင်တွေနဲ့ နောက်ထပ်တံခါးတစ်ထပ်ရှိသေးတယ်ဗျ၊ အရှေ့ကသွားတဲ့လူတွေက တံခါးကိုဖွင့်လိုက်ပြီးတော့ ဆင်းသွားကြသဗျာ၊ တံခါးအနောက်မှာတော့ အောက်ဘက်ကိုဆင်းတဲ့ လှေကားထစ်တစ်ခုရှိတယ်၊ လှေကားထစ်အတိုင်းဆင်းသွားပြီး မှောင်မဲနေတဲ့လျှောက်လမ်းကြီးအတိုင်း ဆက်လျှောက်ရတယ်ဗျ၊ လျှောက်လမ်းထဲမှာတော့ ကြွက်တွေတွေ့ရသလို၊ လျှောက်လမ်းအမိုးပေါ်မှာ တွဲလောင်းဆွဲနေတဲ့ လင်းနို့တွေကိုလည်းတွေ့ရသေးတယ်၊ ကျုပ်တို့ဝင်လာတော့ ဒီအကောင်တွေက အသံပေးပြီး ပျံသန်းနေကြပါရောဗျာ။

လျှောက်လမ်းအဆုံးကိုရောက်သွားတဲ့အခါမှ တံခါးကြီးတစ်ချပ်ကိုတွေ့လိုက်ရတယ်ဗျ၊ တံခါးကြီးက ဖုန်တွေတက်၊ ပင့်ကူမျှင်တွေတက်နေလို့ပေါ့ဗျာ၊ ကြီးကြပ်သူတစ်ယောက်က တံခါးမှာတပ်နေတဲ့ ပင့်ကူမျှင်တွေကို ဖယ်ရှားလိုက်တယ်၊ ထောင်ထောင်မောင်းမောင်းနဲ့လူက တံခါးအရှေ့ကိုရပ်လိုက်ပြီးတော့ သော့တွဲတစ်ခုကိုထုတ်လိုက်သဗျ၊ အဲဒီသော့တွဲထဲကနေ တစ်ထွာလောက်ရှိမယ့် အကြီးဆုံးသော့ကြီးတစ်ချောင်းကို ယူလိုက်ပြီးတော့ တံခါးက သော့ပေါက်ထဲကိုထိုးထည့်ပြီး လှည့်ဖွင့်လိုက်တယ်။

ဂျိန်းခနဲအသံကြီးနဲ့အတူ တံခါးကြီးပွင့်ထွက်သွားပြီးတော့ အထဲကနေလေတွေထွက်လာတော့တာပဲဗျာ၊ ထောင်ထောင်မောင်းမောင်းနဲ့လူအပြင် နောက်ထပ်လူနှစ်ယောက်လောက်က တံခါးကြီးကိုခြေကန်ပြီး အားကုန်ဆွဲရသဗျ၊ ဒီတော့မှ တံခါးကြီးက ဖြည်းဖြည်းချင်းပွင့်တော့တာ၊ တံခါးအထူက လက်ငါးလုံးစာလောက်တောင်ရှိတယ်ဗျ၊ တံခါးကိုလည်းသံနဲ့မဟုတ်ဘဲ ကြေးဝါနဲ့လုပ်ထားတာဗျ၊ အခန်းထဲမှာတော့ ရွှေရောင်လိုအလင်းရောင်တွေဝင်းလက်နေတယ်။ အားလုံးဝင်သွားတော့ ကျုပ်လည်းလိုက်ဝင်ရတယ်ဗျ။

“ကြေးတိုက်ဆိုတာ ဒါကြီးလားဟင်”

ကျုပ်မေးလိုက်တော့ ဘေးနားက ဗေဒါရီက ခေါင်းညိတ်ပြီးတော့

“ဒါပေါ့ရှင်၊ ကြေးတိုက်ဆိုတာ ဘယ်လိုစုန်းကဝေမျိုးမှ အဝင်အထွက်လုပ်လို့မရအောင် စီရင်ထားတဲ့နေရာပေါ့ရှင်”

ကျုပ်လည်း တအံ့တသြနဲ့လိုက်ကြည့်နေမိတယ်ဗျ၊ အမိုးမျက်နှာကျက်ကလည်း ပေနှစ်ဆယ်လောက်နီးနိးကိုမြင့်တာဗျာ၊ အမိုးအလယ်လောက်မှာတော့ အလင်းလုံးကြီးတစ်ခုကထိန်လင်းနေသဗျ၊ ကြေးတိုက်က ပေငါးဆယ်ပတ်လယ်လောက် ကျယ်မယ်ထင်တာပါပဲ၊ လေးဖက်လေးတန်စလုံးရော၊ ကြမ်းပြင်နဲ့ မျက်နှာကျက်တွေမှာရော ကြေးပြားတွေနဲ့ကာထားတာဗျ၊ ကြေးပြားတွေက ချောမွတ်ပြီးတော့ မှန်တွေလိုဝင်းလက်နေတယ်၊ ဘယ်လောက်တောင်ချောသလဲဆိုရင်ကျုပ်တို့ကိုယ်ကျုပ်တို့ ပြန်မြင်နေရတယ်ဗျာ။

အဲဒီကြေးတိုက်ကြီးရဲ့အလယ်တည့််တည့်မှာတော့ ကြေးနဲ့လုပ်ထားတဲ့ ခေါင်းတလားကြီးတစ်လုံးရှိသဗျ၊ ခေါင်းတလားကြီးက လူတစ်ယောက်ပုံစံလိုပဲ ပြုလုပ်ထားတယ်၊ ဦးဘသာကို သယ်မပြီးတော့ အဲဒီခေါင်းတလားထဲကို သွားပြီးထည့်လိုက်ကြတယ်ဗျာ။ ခေါင်းတလားဆိုပေမယ့်လည်း ပုံစံကတော့ သေတ္တာတစ်လုံးနဲ့တူတယ်၊ ဦးဘသာကိုထည့်ပြီးတာနဲ့ ပတ္တာတပ်ထားတဲ့ ခေါင်းတလားအဖုံးကြီးကို ပြန်ပိတ်တယ်၊ ကြေးသော့ကိုအထက်အောက်သုံးချက်တိတိခတ်ပြီးတော့ ပိတ်လိုက်တယ်ဗျ၊ အဲဒီခေါင်းတလားကြီးရဲ့ မျက်နှာနေရာလောက်မှာတော့ အပေါက်ဖောက်ထားသဗျာ၊ အဲဒီနေရာကနေ ဦးဘသာကိုမျက်နှာကိုမြင်နေရတယ်ဗျ၊ ခေါင်းတလားထဲကို ထည့်ပြီးတာနဲ့ ခေါင်းတလားကြီးကိုမတ်တပ်ဖြစ်အောင်ထောင်ထားလိုက်တယ်။ ကြေးခေါင်းတလားကြီးရဲ့ ရင်ညွန့်နေရာလောက်မှာတော့ ကျပ်ပြားဝိုင်းလောက် အပေါက်တစ်ခုရှိသဗျ။

“ဦးဘသာ အဆင်ပြေရဲ့လားဗျာ”

ကျုပ်ကပြေးပြီးမေးလိုက်တယ်၊ ဦးဘသာက

“အေးပြေပါတယ်ကွာ”

ဗေဒါရီကလည်း

“နေရထိုင်ရ အဆင်မပြေဖြစ်ရင်ပြောနော်ဦးလေး”

“ကြေးတိုက်ဆိုတော့လည်း အပြင်နဲ့တော့ ဘယ်တူမှာလဲတူမကြီးရာ၊ ဒီလိုပဲပေါ့”

“ဒါနဲ့ ဒီရင်ဘတ်က အပေါက်ကလေးက ဘာလုပ်တာလဲဗျ”

“အဲဒါက စုန်းတွေကိုသတ်တဲ့အပေါက်ပေါ့၊ ကြေးခေါင်းတလားထဲချုပ်ထားရင်း စုန်းတွေကိုသတ်မယ်ဆိုရင် အဲဒီအပေါက်ကနေပြီးတော့ စို့သွင်းထိုးစိုက်ပြီးတော့ သတ်ရတယ်”

ဗေဒါရီပြောတော့ ကျုပ်တောင်မှကြောက်သွားတယ်ဗျာ။

ဒီအချိန်မှာပဲ အခန်းထဲကို ပုပုကွကွနဲ့လူက ဝင်လာသဗျ၊ သူကခေါင်းညိတ်ပြလိုက်တော့ ကြီးကြပ်သူတွေအကုန်လုံးပြန်ထွက်သွားကြတယ်၊ အခန်းထဲမှာ ကျုပ်ရယ်၊ ဗေဒါရီရယ်၊ ထောင်ထောင်မောင်းမောင်းနဲ့လူရယ်၊ ခုနကမှဝင်လာတဲ့ ကြီးကြပ်ရေးမှူးလို့ခေါ်တဲ့ မောင်ကောင်းဆိုတာရယ်ပဲကျန်ခဲ့တယ်၊ ဦးဘသာကြီးကတော့ ခေါင်းတလားကြီးထဲ ချုပ်ထားလျှက်သားပေါ့ဗျာ။

ကြေးတိုက်တံခါးကြီးက ဂျိန်းခနဲပိတ်သွားတော့ ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ပတ်ပတ်လည်အလုံပိတ်ထားတဲ့အခန်းကြီးထဲ ရောက်နေတယ်ဆိုတဲ့အသိကပဲ ကျုပ်ကိုခြောက်လှန့်နေတယ်ဗျ၊ ကျုပ်လည်း ဗေဒါရီကိုကြည့်လိုက်ရင်း

“ကျုပ်တို့ပါအထဲမှာနေရမှာလားဗျာ၊ ဒါနဲ့ခုနက ပြောတော့ ဦးဘသာအဆင်ပြေတယ်ဆိုရင် ကျုပ်တို့ကထွက်ရမှာဆို”

ဗေဒါရီက ကျုပ်ကိုလှည့်ကြည့်ရင်း

“ရှင်တို့နှစ်ယောက်က ဒီထဲမှာမနေရပါဘူး၊ ဒီထဲမှာသေရမှာ”

ဗေဒါရီက ကျုပ်ကိုပြောပြီးတာနဲ့ ကျုပ်ရင်ဘတ်ကို သူ့လက်နဲ့တွန်းထည့်လိုက်တယ်ဗျ၊ ကျုပ်လည်းအနောက်ကိုလွင့်ထွက်သွားပြီးတော့ ခပ်လှမ်းလှမ်းကိုဖင်ထိုင်ကျသွားတော့တာပေါ့ဗျာ၊ ဦးဘသာက အော်တယ်ဗျ။

“ဟေ့၊ မင်းတို့ဘာလုပ်ကြတာလဲ၊ အလတ်ကောင်ကိုမထိနဲ့”

ဗေဒါရီက ဦးဘသာကိုလှည့်ကြည့်ပြီးတော့

“ထိရုံတင်မကဘူး၊ ဒီလိုလူရှုပ်လူပွေကို သတ်မလို့ရှင့်”

ဗေဒါရီက လက်ဝါးကိုဖြန့်လိုက်တော့ သူ့လက်ညှိုးနဲ့လက်သူကြွယ်ကြားထဲမှာ ငွေအပ်ကလေးတစ်စင်းက ဝင်းလက်နေသဗျာ၊ အဲဒီငွေအပ်ကိုင်ထားတဲ့ သူ့အနောက်မှာကြောင်အမ်းအမ်းနဲ့ရပ်နေတဲ့ ထောင်ထောင်မောင်းမောင်းနဲ့လူရဲ့ နဖူးကိုလှည့်ပြီးရိုက်ထည့်လိုက်တာပဲဗျာ၊ ဖြောင်းခနဲအသံကြီးမြည်သွားပြီးတော့ ထောင်ထောင်မောင်းမောင်းနဲ့လူက အနောက်ကိုပက်လက်လန်ပြီးတော့ ဆန့်ဆန့်ကြီးလဲကျသွားသဗျာ။ ကျုပ်လည်း ဗေဒါရီကိုလက်ညှိုးထိုးပြီးတော့

“မင်း၊ လတ်စသတ်တော့ မင်းက လူသတ်သမားပဲ၊ ဒီလူတွေကို မင်းကလိုက်သတ်နေခဲ့တာပဲ ဗေဒါရီ”

ဗေဒါရီက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးတော့

“ကျွန်မနာမည်ကလည်း ဗေဒါရီမဟုတ်ပါဘူးရှင်၊ ကျွန်မနာမည် ခင်ရီပါ”

“ဘာတွေလဲဗျာ၊ ဘာတွေဖြစ်ကုန်တာလဲ”

ဒီအခါ ပုပုကွကွနဲ့ မောင်ကောင်းက ရယ်မောရင်း

“ခင်ဗျားတို့ ကျုပ်တို့ရဲ့လှည့်ကွက်ထဲကို ဝင်ခဲ့ကြတာပဲဗျာ”

ဒီလူက စကားကိုမပီမသနဲ့ပြောတယ်ဗျ၊ ကျုပ်လည်းထူးဆန်းသွားပြီးတော့

“ကိုဂျပု ခင်ဗျားပါးစပ်ကဘာဖြစ်တာလဲ”

ကျုပ်ပြောလိုက်တော့ မောင်ကောင်းက သူ့ပါးစပ်ကိုဟပြတယ်ဗျ၊ သူ့သွားတွေကျိုးနေတာ မြင်မကောင်းဘူးဗျာ၊ အရှေ့သွားတွေရော၊ သွားစွယ်တွေရော ကျိုးနေပါလားဗျ။

“ငါ့ကိုမင်းလုပ်တာ”

ဗေဒါရီက

“ရှင်ပြောမနေပါနဲ့ ကိုကောင်းရယ်၊ ပါးစပ်ထိထားတော့ ပင်ပန်းနေပါအုံးမယ်”

ကျုပ်လည်း ဒီတော့မှစဉ်းစားမိတယ်ဗျ၊ သွားထိတာဆိုတော့ ဒီလူက ကျုပ်ကျောက်ခဲနဲ့ပစ်ထည့်လိုက်တဲ့လူများလား၊ ဦးဘသာဆီကနေ အစွမ်းတွေစုပ်ယူနေတဲ့အချိန် ကျုပ်ကျောက်ခဲနဲ့ပါးစပ်ကိုတည့်တည့်ပစ်ထည့်လိုက်တာလေဗျာ။

“ဟာ၊ ဒါဆို ခင်ဗျားက ကုန်းသာရပ်ကွက်မှာ ကျုပ်နဲ့ဦးဘသာနဲ့ကို တိုက်ခိုက်ခဲ့တဲ့လူပေါ့”

ဒီလူက ပြုံးရင်းကြည့်တယ်ဗျ၊ နောက်တော့မှ သွားနာသွားလို့ထင်တယ်၊ သူ့ပါးစပ်ကိုလက်နဲ့အုပ်ထားတယ်။ ဦးဘသာက ဒေါသတကြီးနဲ့မျက်မှောင်ကြုတ်ပြီးတော့

“လတ်စသတ်တော့ မင်းတို့ငါ့ကို ချောက်ချတာပဲ၊ ဟေ့ကောင်တွေ မင်းတို့ဘာဖြစ်လို့ ငါ့ကိုလုပ်ရတာလဲကွာ”

ဗေဒါရီက ဦးဘသာအနားကိုတိုးကပ်သွားပြီးတော့

“ပြောပြမယ်၊ ရှင်တို့ငတုံးတွေသိအောင် ပြောပြရအုံးမယ်ရှင့်”

(၁၅)

ဗေဒါရီတစ်ဖြစ်လဲ ခင်ရီက စပြီးပြောပြတယ်ဗျ။

“ဟောဒါကတော့ ကိုကောင်းလို့ခေါ်တယ်၊ ကိုကောင်းရဲ့အဖေက ဦးကောင်းမွန်လို့ခေါ်တယ်၊ ဦးကောင်းမွန်က အဂ္ဂိရတ်လမ်းစဉ်ကနေပြီး ထွက်ရပ်လမ်းစဉ်ကိုလိုက်နေတဲ့ လူတစ်ယောက်ပေါ့၊ တစ်နေ့တော့ ဦးကောင်းက ပြဒါးကိုသတ်ရင်းနဲ့ ပြဒါးကမသေဘဲ အရှင်ဖြစ်သွားခဲ့ရာကနေ ပြဒါးရှင်လုံးတစ်လုံးကိုရရှိခဲ့တယ်၊ သူ့ရဲ့အောင်မြင်မှုကို အစွဲပြုပြီးတော့ ဦးကောင်းကိုလူတွေက ပြဒါးရှင်ဘိုးတော်လို့ပဲခေါ်ကြတော့တယ်”

ကျုပ်နဲ့ဦးဘသာလည်း တစ်ပြိုင်နက်တည်း “ဟေ” ဆိုပြီးရေရွတ်လိုက်မိတယ်ဗျ။

“ဒါဆိုရင် ပြဒါးရှင်ဘိုးတော်ရဲ့သားက အခုကိုကောင်းပေါ့၊ ဒါဆို ခင်ဗျားက ဒေါ်ပျင်းကြီးကိုလက်စားချေဖို့လာတာလား”

မောင်ကောင်းက ခေါင်းညိတ်ပြတယ်ဗျ။

“ဒေါ်ပျင်းကိုလက်စားချေဖို့ကြိုးစားခဲ့ပေမယ့် ဒေါ်ပျင်းက သေသွားပြီမဟုတ်လား၊ ဒါနဲ့ သူ့ရဲ့သားဖြစ်တဲ့ ဦးသာစံကိုပဲ လက်စားချေရမယ်လို့တွေးတယ်၊ ပြီးတော့တစ်ခါတည်း အဖေ့ရဲ့အမွေပစ္စည်းဖြစ်တဲ့ ပြဒါးရှင်လုံးကို ပြန်ရအောင်ယူမယ်ဆိုတဲ့အကြံအစည်နဲ့ပေါ့ရှင်”

ဦးဘသာက

“မင်းအဖေက အထက်လမ်းလိုက်တဲ့လူကောင်းသူကောင်းဆိုပေမယ့် မင်းကတော့ အောက်လမ်းစုန်းကဝေလမ်းမှားကို လိုက်ခဲ့တာပဲ မောင်ကောင်း”

မောင်ကောင်းက ဦးဘသာကိုကြည့်ရင်း

“ကျုပ်အဖေတတ်တဲ့ပညာက ခင်ဗျားအမေတတ်တဲ့ပညာလောက်မစွမ်းဘူးဆိုတာကို ကျုပ်သိပြီးတဲ့နောက်မှာ၊ ကျုပ်က ပိုစွမ်းတဲ့နည်းလမ်းကိုရွေးချယ်ခဲ့တယ်၊ ကျုပ်အဖေပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းကို ကဝေတွေလက်ထဲကနေ ပြန်ယူမယ်၊ နောက်ပြီးတော့ ကျုပ်အဖေကို ရှုံးနိမ့်အောင်လုပ်ခဲ့တယ် ခင်ဗျားအမေရဲ့ကိုယ်စား ခင်ဗျားကိုလည်း ပြန်ပြီးလက်စားချေရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်”

ဦးဘသာက

“ဒါပေမယ့်မောင်ကောင်း၊ မင်းညနေက သုံးခဲ့တဲ့ အတတ်က ကဝေတွေတတ်အပ်တဲ့အတတ်တစ်ခုမဟုတ်ဘူးကွ၊ မင်းအဲဒီအတတ်ကိုဘယ်ကရသလဲ”

“ကျုပ်က ကဝေတွေထက်စွမ်းတဲ့ ကဝေရှင်ဗျ”

မောင်ကောင်းက သူ့ကိုယ်သူလက်ညှိုးထိုးပြီးပြောလိုက်တဲ့အခါမှာ ဦးဘသာက အထူးအဆန်းဖြစ်သွားတယ်ဗျ၊ ကျုပ်လည်း သူ့ကိုကြည့်ပြီး

“ကဝေရှင်ဆိုတာ ဘာလဲဗျ”

ဦးဘသာက ကြားဖြတ်ဝင်ဖြေတယ်။

“ကဝေရှင်ဆိုတာ ကဝေတွေကို လိုက်လံနှိမ်နင်းဖမ်းဆီးတဲ့လူတွေပေါ့ကွာ၊ ဒါပေမယ့် ကဝေရှင်တွေက အခုထိရှိရော ရှိသေးလို့လား”

“ရှိတာပေါ့ ဦးသာစံရာ၊ ရှိလို့ပဲ ခင်ဗျားရှေ့မှာ မတ်တပ်ရပ်နေပြီမဟုတ်လား”

“ဒါပေမယ့် ငါ့ပုံစံလုပ်ပြီး ယောင်ဆောင်တာ မင်းမဟုတ်လောက်ဘူး”

ဒီအခါ ခင်ရီက ပြုံးရယ်ပြီးတော့

“အဲဒါကတော့ ကျွန်မအစွမ်းပေါ့ရှင်”

ခင်ရီက ပြောဆိုရင်း သူ့နဖူးကိုသူလက်နဲ့သုံးလေးချက်ပွတ်လိုက်တယ်ဗျ၊ ဒီအခါ သူ့မျက်နှာကြီးကတဖြည်းဖြည်းပြောင်းလဲလာပြီးတော့ နောက်ဆုံးတော့ ဦးဘသာပုံစံကြီးဖြစ်သွားသဗျာ၊ ဝတ်ထားတဲ့အဝတ်အစားကအစ ဦးဘသာပုံစံနဲ့ချွတ်စွပ်ပဲဗျ။ ကျုပ်လည်းကြည့်ရင်း အတော်အံ့သြနေတာ။

“ဟာ၊ တူလိုက်တာဗျာ၊ ဦးဘသာနဲ့တစ်ပုံစံထဲပဲဗျ”

ဦးဘသာတစ်ဖြစ်လဲ ခင်ရီက ကျုပ်ကိုပြုံးပြပြီးတော့

“ဘယ်လိုလဲအလတ်ကောင်၊ ငါ့ကိုမှတ်မိရဲ့လားကွ”

အသံအနေအထားကအစ ဦးဘသာအသံပဲဗျာ၊ ကျုပ်ဖြင့်အံ့သြနေမိတာ။

“ဘယ်လိုလုပ်ပြီးတော့၊ ခင်ဗျားတို့ဘယ်လိုလုပ်ပြီးတော့ ဒီလိုလုပ်တတ်တာလဲဗျာ”

ဒီအခါ ကြေးခေါင်းတလားထဲရောက်နေတဲ့ဦးဘသာက

“ဒါကြောင့်ကိုးကွ”

ဆိုပြီးထရေရွတ်တယ်၊ ကျုပ်လည်းသိချင်တာနဲ့

“ဦးဘသာ၊ ဘယ်လိုဖြစ်ရတာလဲဗျာ”

“ဘယ်လိုဖြစ်ရမလဲကွ၊ ငါ့အထင် ဒီကောင်မလေးက သူယောင်စုန်းဖြစ်မယ်ထင်တယ်၊ စုန်းမျိုးကိုးဆယ့်ကိုးမျိုးထဲမှာမှ သူယောင်စုန်းဆိုတာ အရှားပါးဆုံးပဲကွ၊ သူယောင်စုန်းဆိုတာ ကိုယ်အလိုရှိတဲ့လူပုံစံကို အမျိုးမျိုးပြောင်းလဲဖန်တီးနိုင်တယ်ဆိုပဲကွ”

ဒီအခါ ခင်ရီဖန်တီးထားတဲ့ ဦးဘသာက တဟားဟားနဲ့ရယ်မောပြီးတော့

“ဒါပေါ့ရှင်၊ ဦးသာစံကတော့ ကျွန်မတို့ကြားဖူးထားတဲ့အတိုင်း အသိပညာဗဟုသုတနဲ့ ပြည့်စုံပါပေတယ်”

“ဒါပေမယ့် သူယောင်စုန်းတွေက သူတို့ဖန်ဆင်းချင်တဲ့လူရဲ့ပုံကိုရဖို့ အဲဒီလူကိုယ်တိုင်က လိုလိုလားလားပေးလိုက်တဲ့ ပစ္စည်းတစ်ခုခုလိုတယ်မဟုတ်လား”

ဦးဘသာမေးလိုက်တော့ ခင်ရီက ခပ်ပြုံးပြုံးနဲ့

“ဦးသာစံ ဒီကိုလာဖို့ လိုင်းကားစီးတာမှတ်မိသလား”

မှတ်မိတာပေါ့ဗျာ၊ မြိုင်သာမှာ ကားပြင်ဖို့လာတဲ့ကားကြီးနဲ့ ကျုပ်နဲ့ဦးဘသာ ချောင်ချောင်ချိချိစီးခဲ့ရတာလေဗျာ၊ ဦးဘသာက ခင်ရီပြောပြီးတော့ တစ်ချက်စဉ်းစားရင်း

“ဒါကြောင့်ကိုးကွ၊ လတ်စသတ်တော့ ငါ့ဆီက တစ်မတ်စေ့နှစ်စေ့မရမကတောင်းတာ မင်းကိုး၊ အလတ်ကောင် မင်းမှတ်မိလား၊ ကားခကို တစ်မတ်စေ့နှစ်စေ့တောင်းတာလေကွာ၊ မင်းက အကြွေစေ့ရှာနေတုန်း ငါ့ဆီက အကြွေစေ့ကိုပေးလိုက်တာလေ”

“ဟုတ်ပြီဗျို့၊ မှတ်မိပြီ၊ ဒါဆို အဲဒီစပယ်ယာဆိုတာက . . .”

“ကျွန်မပါပဲရှင်၊ ဟင်း၊ ဟင်း”

ကျုပ်လည်း တော်တော်ဒေါသထွက်လာတယ်ဗျ၊ ဦးဘသာကတော့ ဆက်မေးတယ်။

“ဒါဆို မယ်နှင်းကိုသတ်တာမင်းပေါ့”

“ဟုတ်ပါတယ်၊ ဦးသာစံပုံစံလုပ်ပြီး မယ်နှင်းကိုသတ်လိုက်တာ ကျွန်မပါပဲ”

“ဒါကြောင့်ကိုး၊ ဒါကြောင့်အားလုံးက ငါလုပ်တယ်ဆိုပြီးပြောကြတာကိုး”

ကျုပ်လည်းထပြီးတော့

“နေပါအုံး၊ မယ်နှင်းကိုသတ်တာကနောက်နေ့မဟုတ်လား၊ ကျုပ်လက်ဆောင်ဝယ်လာတဲ့ ဆေးလိပ်စည်းထဲကို ပြဒါးရှင်လုံးရောက်နေတာကရောဗျာ”

မောင်ကောင်းက ပြုံးရင်း

“ဒီလောက်လုံခြုံရေးတွေ အထပ်ထပ်ချထားတဲ့ ငွေတိုက်ထဲကို ဝင်နိုင်တာငါပေါ့ကွာ၊ ငါက ပြဒါးရှင်လုံးကိုယူပြီးတော့ မြခြူးဆေးလိပ်အစည်းထဲထည့်ထားလိုက်တာကွ”

ကျုပ်လည်း ခင်ရီကိုကြည့်ပြီးတော့

“ကျုပ်သိပြီ၊ ဆေးလိပ်ခုံက မိန်းကလေးက ခင်ဗျားမဟုတ်လား၊ ကျုပ်ကိုဆေးလိပ်စည်းပေးလိုက်တာလဲ ခင်ဗျားပဲလေဗျာ”

ခင်ရီက ခေါင်းပဲညိတ်ပြတယ်။

“ဒါကြောင့်မို့ပေါ့ဗျာ၊ ဗေဒါရီကိုတွေ့တုန်းက ကျုပ်တွေ့ဖူးပါတယ်လို့ ပြောတယ်မဟုတ်လား၊ ခင်ဗျားက ဗြောင်ငြင်းလွှတ်နေလို့သာပေါ့”

“ဒါကြောင့်ရှင့်ကိုပါ နှုတ်ပိတ်ပစ်ဖို့စဉ်းစားလိုက်တာပေါ့ရှင်”

ခင်ရီစကားကြားတော့ ကျုပ်ကျောချမ်းသွားတယ်ဗျ။

“အစကတော့ ရှင့်ကိုလွှတ်ပေးမလို့ဘဲ၊ ဒါပေမယ့် ရှင့်ကတော်တော်များများကိုမှတ်မိနေတယ်၊ ဘူးပေါက်တစ်ရာကို ပိတ်ဖို့လွယ်ပေမယ့် လူ့ပါးစပ်တစ်ပေါက်ကိုပိတ်ဖို့မလွယ်ဘူးမဟုတ်လား၊ ဒါကြောင့် ရှင့်ကိုပါသတ်ရတော့မှာပဲ”

ဦးဘသာက အံကြိတ်ရင်း

“ဒါဆို ရာဂျတ်ကိုသတ်တာလည်းမင်းပေါ့”

“အမှန်ပေါ့ရှင်၊ ရာဂျတ်ကိုသတ်ပြီးတော့ ရာဂျတ်ကညွှန်လိုက်တဲ့ ရှေ့နေ ဒေါ်ဗေဒါရီကို သတ်လိုက်တာလည်း ကျွန်မပါပဲ”

ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“ငါထင်တော့ထင်ပါတယ်၊ ရာဂျတ်က ဒေါ်ဗေဒါရီလို့ခေါ်ပုံထောက်တော့ ဒီလောက်အသက်အရွယ်နဲ့ မဖြစ်နိုင်လောက်ဘူးလို့ ထင်ပြီးသားပါ”

“ဘာပဲဖြစ်ဖြစ် ရှင်တို့ပေါ့ဆခဲ့တယ်မဟုတ်လား၊ ဒေါ်ဗေဒါရီကို ရှင်းပစ်ပြီးတော့ ရှင်းလင်းနေတဲ့အချိန်မှာ ရှင်တို့ကုန်းသာရပ်ကွက်ထဲရောက်လာလို့ ကိုကောင်းကထွက်ပြီးတိုက်ခိုက်ရင်း ရှင်တို့ကိုအချိန်ဆွဲခဲ့တာပဲ”

“ခင်ဗျားတို့ တော်တော်အကြံပက်စက်တဲ့လူတွေပဲဗျာ”

“ဆက်နားထောင်ပါအုံးရှင်၊ ရာဂျတ်ကိုသတ်ပြီးတော့ ခြေချုပ်ဖြေတဲ့ဆေးကို ပုလင်းချင်းလှယ်ပြီးတော့ ယူလာခဲ့တယ်၊ ကုလားလေးရှေ့မှာ မော့သောက်ပြတာက ဟန်လုပ်တာပါ၊ တကယ့်ဆေးကိုတော့ ရှင်တို့သောက်တဲ့ စံပယ်ပန်းလက်ဖက်ခြောက်ထဲမှာ ခပ်ခဲ့တယ်လေ”

ဦးဘသာက

“ငါထင်တော့ထင်သား၊ အဲဒီရေနွေးသောက်ရမှာ ငါ့စိတ်ကတစ်မျိုးဖြစ်နေပါတယ်လို့၊ လတ်စသတ်တော့ မင်းရဲ့လှည့်ကွက်ကိုးကွ”

“ယုံမိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ကြပါရှင်၊ ရှင်တို့ကလည်း ကျွန်မပြောတဲ့အတိုင်း မယ်နှင်းအလောင်းကို သွားဖော်တယ်မဟုတ်လား၊ ရှင်တို့သုဿန်ထဲကအထွက်မှာ မယ်နှင်းအလောင်းကို လောင်မီးကျအောင်လုပ်လိုက်တာလဲ ကျွန်မပါပဲရှင်”

ကျုပ်လည်း စဉ်းစားရင်း ဦးနှောက်ခြောက်လာတယ်ဗျ။

“နေစမ်းပါအုံး၊ ခင်ဗျားက ကျုပ်တို့ကိုအပြစ်ကြီးအောင်လုပ်တာက ထားပါတော့၊ ဒါပေမယ့် ခုနက ဘာဖြစ်လို့ဦးဘသာကိုမြင်လိုက်တဲ့ မျက်မြင်သက်သေတွေခေါ်လာတာလဲဗျာ၊ ဒီလိုလုပ်တာ ကူညီတာမဟုတ်ဘူးလားဗျ”

ဦးဘသာက သက်ပြင်းချရင်း

“အလတ်ကောင်၊ မင်းကတော့ တော်တော်တုံးတဲ့အကောင်ပဲကွာ၊ သူငါတို့ကိုကူညီသလိုလိုလုပ်တာက ငါ့ကိုချည်ပြီးတုပ်ပြီး ဟောဒီကြေးတိုက်ထဲကိုရောက်အောင်လို့ လုပ်တာပဲဟေ့”

ခင်ရီက ခပ်ယဲ့ယဲ့ပြုံးရင်း

“ရှင့်လူက တော်တော်တုံးတာပဲဦးသာစံ၊ ဟုတ်တယ်၊ ဟောဒီကြေးတိုက်ထဲရောက်တော့မှ ကျွန်မတို့လုပ်ချင်တာတွေ လုပ်လို့ရမယ်မဟုတ်လား”

ခင်ရီက မောင်ကောင်းကို ခေါင်းအသာညိတ်ပြလိုက်တဲ့အချိန် မောင်ကောင်းက သူ့ခါးကြားထိုးထားတဲ့ စို့အချွန်ကြီးကိုထုတ်လိုက်တယ်ဗျ။ ဦးဘသာက အဲဒီအချွန်ကြီးကိုတွေ့တော့ အတော်ကြောက်လန့်သွားတယ်။

“ဟေ့ကောင်၊ မင်းတို့တော်တော်ယုတ်မာတဲ့ကောင်တွေပဲ၊ မင်းတို့သတ္တိရှိရင် ငါ့ကိုလွှတ်ပေးလေကွာ၊ ငါတို့ယောက်ျားချင်း၊ ပညာသည်ချင်း မျှမျှတတယှဉ်ပြိုင်ကြတာပေါ့”

မောင်ကောင်းက ရယ်မောရင်း ဦးဘသာမျက်နှာနားအထိတိုးကပ်လိုက်ပြီးတော့

“ဟား၊ ဟား ခင်ဗျားကြီးနဲ့ မျှမျှတတပြိုင်ချင်တယ်ဆိုမှတော့ ဒီအခြေအနေအထိဖြစ်အောင်လုပ်ယူပါ့မလားဗျာ၊ ခင်ဗျားကြီးမကြောက်စမ်းပါနဲ့ ဦးသာစံရာ၊ ခင်ဗျားကိုကျုပ်မသတ်ပါဘူး၊ ခင်ဗျားဝမ်းထဲမှာရှိနေတဲ့ ဂန္ဒဗ္ဗစုန်းဘူးတွေကို အရင်စုပ်ယူမယ်ဗျာ၊ ပြီးတော့ကျမှ ခင်ဗျားကို လူအရှင်လတ်လတ်ကနေ မကောင်းဆိုးဝါးဖြစ်အောင်ပြောင်းလဲပေးမယ်၊ ပြီးရင်တော့ ခင်ဗျားကိုကျုပ်ကမွေးထားပြီး ကျုပ်ခိုင်းစေချင်တဲ့အတိုင်း ခိုင်းစားမယ်ဗျ”

မောင်ကောင်းက သူ့လက်ထဲက စို့တံအချွန်ကြီးနဲ့ ဦးဘသာကြီးကို ထိုးမယ်ဆိုပြီး ကိုင်မြှောက်လိုက်တော့ ဦးဘသာကြီးက ဟက်ဟက်ပက်ပက်ထရယ်ပါရောဗျာ၊ စို့တံကိုင်ထားတဲ့ မောင်ကောင်းတောင်မှ ကြောင်အမ်းအမ်းနဲ့ဗျ။

“ခင်ဗျားကြီး ဘာဖြစ်တာလဲ၊ ဘာလဲ၊ သေရမှာသိလို့ ဝမ်းသာပြီးရယ်နေတာလား”

ဒီအခါ ကျုပ်လည်းထပြီးရယ်လိုက်မိတယ်ဗျ၊ ခင်ရီနဲ့ မောင်ကောင်းကိုလက်ညှိုးထိုးပြီးတော့ကို ဟက်ဟက်ပက်ပက်နဲ့ရယ်တာ၊ ခင်ရီလည်း ကြောင်တောင်တောင်နဲ့ကျုပ်တို့ကိုကြည့်ရင်း

“ဒီလူတွေ သေခါနီးလို့ စိတ်ဖောက်ပြီး ရူးသွားကြပြီထင်တယ်”

ကျုပ်လည်း ရယ်လိုက်ရတာ အူတွေကိုနာတယ်ဗျာ၊ နောက်တော့မှ ရယ်တာကိုထိန်းရင်း

“မဟုတ်ပါဘူးဗျာ၊ ခင်ဗျားတို့ နှစ်ယောက်ကိုရယ်ချင်လို့ပါ”

“အောင်မာ၊ ဟဲ့ကောင် ငါတို့လုပ်နေတာ ဘာတွေရယ်စရာတွေပါနေလို့လဲ”

“မဟုတ်ပါဘူးဗျာ၊ ခင်ဗျားတို့ခံလိုက်ရပြီဆိုတာကို သိပြီးရယ်တယ်ဗျ”

မောင်ကောင်းနဲ့ခင်ရီက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးတော့ အချင်းချင်းမျက်မှောင်ကြုတ်ပြတယ်ဗျ။

“နေပါအုံး ငါတို့က ဘာကိုခံလိုက်ရတာလဲ”

ဒီအချိန် ကြေးတိုက်ကိုပတ်ပတ်လည်ကာရံထားတဲ့ ကြေးပြားကြီးတွေက ပတ်ပတ်လည်သွားပြီးတော့ လူတွေဝင်လာကြတယ်ဗျ၊ မောင်ကောင်းနဲ့ ခင်ရီတို့လည်း အတော်ထိတ်လန့်သွားကြတာပေါ့ဗျာ၊ ဝင်လာတဲ့လူတွေက ကောင်စီလူကြီးတွေအပါအဝင် မယ်တော်နဲ့ တခြားကြီးကြပ်သူတွေလည်း ပါတယ်ဗျ။

“အဲဒါပေါ့ကွာ၊ လည်လွန်းတဲ့ဘေး ချေးသင့်ဆိုတာပေါ့၊ ဟား၊ ဟား”

ဦးဘသာက အသံပြဲကြီးနဲ့ အော်ရယ်လိုက်ပါတော့တယ်ဗျာ။

(၁၆)

မောင်ကောင်းက ဘေးဘီကိုကြည့်ရင်း

“ဘာတွေဖြစ်ကုန်တာလဲ မင်းတို့ဘယ်လိုလုပ်ပြီးသိကုန်တာလဲကွ”

ကျုပ်လည်း ကိုယ်မှာပေနေတဲ့ဖုန်တွေကိုခါလိုက်ရင်း

“ထင်မထားဘူးမဟုတ်လားဗျာ၊ ကျုပ်တို့စွပ်စွဲခံရပြီးတော့ တစ်ခုခုတော့မဟုတ်တော့ဘူးဆို သိပြီးသားဗျ၊ ပိုပြီးသေချာသွားတာကတော့ ရှေ့နေမကြီး ဒေါ်ဗေဒါရီဆီကိုသွားတဲ့အချိန်ပဲဗျာ၊ အဲဒီအိမ်ကိုရောက်တော့ ခင်ဗျားက ကျုပ်ကိုမမှတ်မိဘူးလို့ပြောတယ်လေဗျ၊ အဲဒါအသာထားပါတော့ဗျာ၊ ခင်ဗျားအိမ်နောက်ဖေးဘက်ကိုဝင်သွားတဲ့အချိန်မှာ ကျုပ်က ဟိုကိုင်ကြည့်ဒီကိုင်ကြည့်နဲ့ ကိုင်ကြည့်တယ်မဟုတ်လား၊ ဒီအခါ နံရံပေါ်က ဓါတ်ပုံအောက်မှာ ရှေ့နေဒေါ်ဗေဒါရီလို့ စာတန်းကလေးသေးသေးထိုးထားသဗျ၊ ပုံကလည်းအဒေါ်ကြီးတစ်ယောက်ရဲ့ပုံစံပဲ၊ သေချာအောင်လို့ ခင်ဗျားကိုမေးတော့ ခင်ဗျားက ခင်ဗျားအမေလို့ပြောတယ်မဟုတ်လား၊ ဒီတော့မှ ကျုပ်က ခင်ဗျားလိမ်နေတယ်ဆိုတာသိလိုက်တာ၊ ခင်ဗျားဒေါ်ဗေဒါရီမဟုတ်မှန်းသိလိုက်တာ”

ခင်ရီက ကျုပ်ကိုမျက်စောင်းထိုးကြည့်တယ်ဗျ၊ ကျုပ်လည်း စုံထောက်မောင်စံရှားစတိုင် မေးစေ့ကိုလက်နဲ့ပွတ်ရင်း

“နောက်တစ်ခုကတော့ စာအုပ်ကျသွားတဲ့ကြမ်းပြင်က ရွံ့ဗွက်တွေ၊ ဖုန်မှုန့်တွေနဲ့ညစ်ပတ်နေသဗျ၊ ကျုပ်စာအုပ်ပြန်ကောက်ရင်းကြည့်တော့ ကြမ်းပြင်မှာလည်း ဆံပင်စတွေတွေ့တယ်၊ နောက်ပြီးတော့ ဖုန်ထူနေတဲ့ကြမ်းပြင်ကြီးမှာ စွတ်ကြောင်းကြီးတစ်ခုကိုလည်းတွေ့လိုက်ရသေးတယ်၊ ဒီအတိုင်းဆိုရင် ဒေါ်ဗေဒါရီတစ်ယောက် တစ်ခုခုဖြစ်နေပြီလို့ ကျုပ်သိလိုက်တယ်၊ ဒါကတစ်ချက်ပေါ့ဗျာ”

“ပိုပြီးသေချာသွားရတာကတော့ နောက်ဆုံးပြန်ခါနီး ခင်ဗျားကိုသန့်ရှင်းရေးလုပ်ဖို့ပြောတဲ့အချိန်ပဲ၊ ခင်ဗျားက ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်းနေရလို့ သန့်ရှင်းရေးမလုပ်နိုင်တာလို့ပြောပေမယ့် အိမ်အဝင်ဖိနပ်ချွတ်က ဖိနပ်စင်မှာ ယောက်ျားဖိနပ်တွေတွေ့လိုက်ရတာပဲ၊ ဖိနပ်ကလည်း တစ်ရံနှစ်ရံမကဘူးဗျာ၊ တစ်ယောက်တည်းနေတဲ့ဘယ်မိန်းကလေးကများ ယောက်ျားစီးဖိနပ်တွေကို ဖိနပ်စင်ရှုပ်အောင်တင်ထားမှာလဲဗျာ မဟုတ်ဘူးလား”

“အဲ၊ ကိုဂျပုကို သိသွားရတာကတော့ ဟောဒီရွှေအပဲ့လေးကြောင့်ပဲဗျ”

ကျုပ်လည်းပြောဆိုပြီးတော့ အိတ်ထဲက ရွှေအပိုင်းအစကလေးကိုထုတ်ယူလိုက်တယ်။

“ဦးဘသာကို ချုံခိုတိုက်ခိုက်တဲ့လူကို ကျုပ်က ခဲနဲ့ပေါက်လိုက်တယ်မဟုတ်လားဗျာ၊ ခဲက ပါးစပ်ကိုတည့်တည့်ထိပြီးတော့ အဲဒီလူတော်တော်နာသွားတယ်ဗျ၊ မြေကြီးမှာလည်း သွားအပဲ့လေးတွေအပြင် ရွှေစကလေးတစ်ကိုတွေ့ရသေးတယ်၊ ဒီလူတွေအားလုံးထဲမှာ ရွှေသွားတပ်ထားတဲ့လူက ခင်ဗျားပဲရှိတာမဟုတ်လား”

ကျုပ်က ပြီတီတီနဲ့ပြုံးပြလိုက်တော့ ခင်ရီက ကျုပ်ကိုလက်ညှိုးထိုးပြီး

“လူရှုပ်လူပွေ၊ နင့်ကိုငါသတ်မယ်”

ခင်ရီက ကျုပ်ဆီကိုပြေးလာတယ်ဗျ၊ ပြေးလာတာမှ မြန်လိုက်တာပြောမနေပါနဲ့ဗျာ၊ ဝှစ်ခနဲဆိုပြီးတော့ ကျုပ်အနားကိုရောက်လာပါရော၊ ပြီးတော့ သူ့လက်ဝါးနဲ့ကျုပ်နဖူးကို ပိတ်ရိုက်ထည့်လိုက်တယ်ဗျ၊ ကျုပ်ကလည်း သူ့ထက်လျင်ပါတယ်ဗျာ၊ သူ့လက်ကို လက်ကောက်ဝတ်ကနေဖမ်းဆုပ်ပြီးတော့ ချုပ်ထားလိုက်တယ်၊ ခင်ရီက ချက်ချင်းပဲ ကျန်တဲ့လက်တစ်ဖက်နဲ့ ကျုပ်ရင်ဘတ်ကို တွန်းထည့်လိုက်တယ်ဗျ၊ ကျုပ်လည်း ရင်ကိုကော့ပြီးခံပေးထည့်လိုက်တော့ ဝုန်းခနဲအသံကြီးနဲ့အတူ ခင်ရီတစ်ယောက်အနောက်ကိုလွင့်ထွက်သွားတယ်။

ခင်ရီက ကျုပ်ကိုမျက်စောင်းကြီးခဲပြီးတော့

“နင့်ပညာကလည်းမသေးဘူးကိုး”

“တကယ်တတ်တဲ့လူက ခင်ဗျားတို့လိုမော်ကြွားမနေဘူးဗျ”

ကျုပ်လည်း ခင်ရီအမြင်ကတ်လောက်အောင်ကို ဆောင့်ကြွားကြွားနဲ့ပြောလိုက်တယ်ဗျ၊ ခင်ရီက ချက်ချင်းပဲ အပ်သုံးစင်းကိုထုတ်ပြီးတော့

“အသက်ခြွေငွေအပ်တဲ့ဟေ့”

အဲဒီအပ်သုံးစင်းကို ကျုပ်ဆီကိုတန်းတန်းမတ်မတ်ပစ်လွှတ်လိုက်တာပါပဲဗျာ၊ ကျုပ်ကလည်း အပ်တွေကို လက်နှစ်ဖက်နဲ့ တစ်ဖက်တစ်ချောင်းစီဖမ်းပြလိုက်တယ်ဗျ၊ ခင်ရီက တအံ့တသြနဲ့ကြည့်ရင်း

“ကျန်တဲ့အပ်တစ်စင်းက ဘယ်ရောက်သွားသလဲ”

ကျုပ်က ပါးစပ်နဲ့ကျန်တဲ့အပ်တစ်စင်းကို ကိုက်ထားတာဗျာ၊ ပြီးတာနဲ့ အဲဒီအပ်တွေကို ခင်ရီဆီကိုလှမ်းပစ်လွှတ်လိုက်တယ်ဗျ၊ ခင်ရီက အပ်သုံးစင်းကို မနည်းရှောင်ရတယ်။ မောင်ကောင်းက ခင်ရီကိုကြည့်ပြီး

“ဒီလိုဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ၊ ခင်ရီ နင်ကျန်တဲ့လူတွေကိုထိန်းထား၊ ငါက ဦးသာစံကိုကြည့်လုပ်မယ်”

မောင်ကောင်းက ပြောဆိုပြီးတော့ ဦးဘသာရင်ဘတ်ကို စို့အချွန်နဲ့ထိုးလိုက်တယ်ဗျ၊ ကြေးခေါင်းတလားကြီးက ရင်ညွန့်နေရာမှာ ကျပ်ပြားဝိုင်းလောက်အပေါက်တစ်ခုရှိတယ်မဟုတ်လားဗျာ။ စို့ထိုးပြီးတော့ ဦးဘသာက ငြိမ်သွားတယ်ဗျ၊ ဒီအချိန်မှာပဲ မောင်ကောင်းက သူ့ပါးစပ်ကိုဖြဲလိုက်ပြီးတော့ ဦးဘသာရဲ့မျက်နှာအနားကိုတိုးကပ်လိုက်တယ်၊ ဦးဘသာရဲ့ကိုယ်ထဲက ဂန္ဒဗ္ဗစုန်းဘူးတွေကို စုပ်ယူပြီးတော့ သူ့ကိုယ်ထဲထည့်ဖို့နေမှာပေါ့ဗျာ။

ဝမ်းတွင်းမှာ သိုက်နန်းဖွဲ့ပြီးနေတတ်တဲ့ ဂန္ဒဗ္ဗတွေက သယ်ဆောင်သူတွေက လွဲပြောင်းပေးလို့ရတယ်၊ မဟုတ်ရင်တော့ အဲဒီသယ်ဆောင်သူတွေ သေလုနီးနီးအချိန်မှာ သူတို့ကိုယ်ထဲကနေ ဆွဲထုတ်လို့ရတယ်ဗျ၊ အဲဒီအချိန်ဆွဲမထုတ်ဘူးဆိုရင်တော့ ဂန္ဒဗ္ဗတွေနေတဲ့ သိုက်နန်းက ပျက်စီးသွားပြီးတော့ ဂန္ဒဗ္ဗတွေက တခြားနေရာမှာ သိုက်နန်းအသစ်ဆောက်ဖို့ ထွက်သွားကြတယ်လို့ ဦးဘသာက ကျုပ်ကိုပြောဖူးတယ်မဟုတ်လားဗျာ။

အခုလည်း မောင်ကောင်းက ဘူးတွေကိုလွှဲပြောင်းယူနေပြီဗျ၊ မယ်တော်က ခင်ရီကိုလက်ညှိုးထိုးပြီးတော့

“နင်တို့ရပ်တန်းကရပ်လိုက်ကြစမ်း”

ခင်ရီက မရပ်တော့ မယ်တော်ကိုယ်တိုင်ခင်ရီကိုပြေးပြီးတိုက်ရတော့တာပဲဗျာ၊ မောင်ကောင်းက တအံ့တသြနဲ့

“ဟင်၊ ခင်ဗျားဆီက ဘာမှထွက်လာပါလားဗျ”

ဦးဘသာက ပြုံးရယ်ရင်း

“မင်းမှားပြီကွ၊ ငါ့ဝမ်းထဲမှာ ဘူးတွေမရှိတော့ဘူး၊ သူများကိုပေးလိုက်ပြီ”

“ဟင်၊ ခင်ဗျားဘယ်သူ့ကိုပေးလိုက်တာလဲ”

ဦးဘသာက ကျုပ်ကိုမျက်စပစ်ပြတယ်ဗျ၊ မောင်ကောင်းက ကျုပ်ကိုတအံ့တသြနဲ့ကြည့်တော့ ကျုပ်လည်းသူ့ကိုပြုံးပြရင်း

“ခင်ဗျားသိပ်အံ့သြသွားတယ်မဟုတ်လား”

“ဘယ်လိုလုပ်ပြီးတော့ . . . ဦးသာစံကဘယ်လိုလုပ်ပြီးတော့ မင်းဆီကိုပေးလိုက်တာလဲ”

“သူကျွေးတဲ့ကွမ်းယာကို သုဿန်အထွက်မှာ စားခဲ့တဲ့အချိန်ကပေါ့ဗျာ”

ကျုပ်လည်း ပြောပြီးတာနဲ့ မောင်ကောင်းဆီကိုပြေးဝင်သွားလိုက်တာပဲဗျ၊ မောင်ကောင်းက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့ စက်လက်နက်တွေနဲ့ပစ်ပါရောဗျာ၊ ကျုပ်လည်း ပြေးရင်းလွှားရင်း အဲဒီစက်လက်နက်တွေကို လက်နဲ့ပုတ်ချထည့်လိုက်တာဗျ၊ တရွီးရွီးနဲ့ ပြေးဝင်လာတဲ့ စက်လက်နက်တွေက ကျုပ်လက်နဲ့ပုတ်ချလိုက်တိုင်း ကြမ်းပေါ်ကို တဘုတ်ဘုတ်နဲ့ကျကုန်တော့တာပါပဲ။ ကျုပ်လည်း မောင်ကောင်းအနားကိုရောက်သွားတယ်ဆိုရင်ပဲ မောင်ကောင်းရဲ့မေးရိုးကို ပင့်လက်သီးတစ်လုံးပစ်ကျွေးလိုက်တော့တာပါပဲဗျာ။

လက်သီးက ဘယ်လောက်အားပြင်းသလဲတော့မသိဘူးဗျာ၊ မောင်ကောင်းတစ်ယောက် ဝုန်းခနဲလေပေါ်မြောက်တက်သွားပြီးတော့ ခပ်လှမ်းလှမ်းကိုပြန်ကျသွားတာပါပဲ၊ သူ့သွားတွေလည်း ကျိုးကုန်လို့ဗျ။ မယ်တော်ကလည်း ခင်ရီကိုဖမ်းမိသွားပြီ၊ ခင်ရီက မယ်တော်ရဲ့အရှေ့မှာ ဒူးတုပ်ပြီးထိုင်နေပါရောဗျာ။

“ကဲ ကိုဂျပု၊ ခင်ဗျားအခြေအနေကို ခင်ဗျားသိလောက်ရောပေါ့ဗျာ”

မောင်ကောင်းက လဲကျနေရင်းနဲ့ရယ်တယ်ဗျ၊ သူ့ပါးစပ်ကနေ သွားကျိုးတွေရော၊ သွေးတွေရော စီးကျလာပါရောဗျာ၊

“ဟား၊ ဟား ဒီလောက်နဲ့ရမလားကွ၊ မင်းတို့လူလက်တစ်ဆုပ်စာလောက်နဲ့ ငါ့ကိုနိုင်ပါ့မလားကွ”

မောင်ကောင်းကပြောဆိုပြီးတော့ သူ့အိတ်ကပ်ထဲက ပြဒါးရှင်လုံးကိုထုတ်လိုက်တယ်ဗျ၊ အဲဒီဝင်းလက်နေတဲ့ ပြဒါးရှင်လုံးကို သူ့ပါးစပ်ထဲကိုပစ်ထည့်လိုက်ပါရော။

“မလုပ်နဲ့”

မယ်တော်က အော်ထည့်လိုက်တယ်ဗျ၊ ပြဒါးရှင်လုံးက မောင်ကောင်းပါးစပ်ထဲကိုရောက်သွားတာနဲ့ ဝုန်းခနဲအသံကြီးနဲ့အတူတူ အနီရောင်မီးခိုးငွေ့တွေက အခန်းထဲကိုဖုံးအုပ်သွားတော့တယ်၊ ကျုပ်တို့တွေတစ်ယောက်နဲ့တစ်ယောက်တောင်မှ မမြင်ရတော့ဘူးဗျ၊ အနီရောင်မီးခိုးတွေက ပိန်းပိတ်နေအောင်ကျတာဗျ၊ ဒီအချိန် ကျုပ်ပခုံးကို တစ်ယောက်ယောက်က လာပြီးပုတ်လိုက်တာကိုခံရတယ်၊ ကျုပ်အနောက်ကိုလှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိတော့ဘူးဗျ။

“ဦးဘသာ၊ ဦးဘသာ”

ကျုပ်လည်း ကြေးခေါင်းတလားကြီးရှိတဲ့နေရာကိုမှန်းပြီးတော့ ပြေးသွားလိုက်တယ်ဗျ၊ ကြေးခေါင်းတလားကြီးအနားမှာတော့ မောင်ကောင်းက မတ်တပ်ရပ်နေသဗျာ၊ သူ့တစ်ကိုယ်လုံးကလည်း အသားတွေနီရဲနေပြီးတော့ အနီရောင်အခိုးအငွေ့တွေလည်း လျှံထွက်နေသေးတယ်၊ သူက ဦးဘသာကြီးရဲ့ရင်ဘတ်ကို အနီလုံးကြီးတစ်လုံးနဲ့ပစ်သွင်းဖို့လုပ်နေတာဗျ၊ ကျုပ်လည်း သူ့ကိုပြေးပြီးတွန်းထည့်လိုက်တယ်၊ မောင်ကောင်းရဲ့အသားတွေက မီးခဲကြီးလို ပူခြစ်နေတာပါပဲဗျာ၊ အမှတ်တမဲ့မို့လို့ သူလည်း လဲကျသွားတယ်၊ ပြီးတော့ ကျုပ်ကိုကြည့်ရင်း သူ့လက်ထဲက အလုံးကြီးနဲ့ပစ်ထည့်လိုက်ပါရောဗျာ။

အလုံးကြီးက ကျုပ်ရင်ဘတ်ကိုထိတဲ့အခါ မီးစနဲ့အထိုးခံရသလို နာကျင်ပြီးတော့ ကျုပ်လည်းဟိုးအဝေးကိုလွင့်ထွက်သွားပါရောဗျာ၊ ဒီအချိန်မှာ မယ်တော်ကဆင်းလာသဗျ၊ မောင်ကောင်းနဲ့မယ်တော်နဲ့ တိုက်ခိုက်ကြပါရောဗျာ၊ ကျုပ်လည်းတစ်ကိုယ်လုံးဆန့်ငင်ဆန့်ငင်ဖြစ်နေပြီးတော့ တော်တော်နဲ့မထနိုင်ဘူးဗျ၊ မယ်တော်ရဲ့တိုက်ချက်တွေက မောင်ကောင်းကိုထိပေမယ့် ဘယ်လိုမှကိုမနေဘူးဗျာ၊ မောင်ကောင်းရဲ့ပစ်ချက်တွေကိုတော့ မယ်တော်က အလူးအလဲရှောင်နေရသဗျ၊ ဒီအချိန် ဦးဘသာအသံကိုကျုပ်နားထဲကြားရတယ်။

“အလတ်ကောင်၊ ငါ့ဆီကိုလာခဲ့၊ ငါ့ရဲ့ ဂန္ဒဗ္ဗစုန်းဘူးတွေကိုပြန်ပေး”

ကျုပ်ကျိုးစားပြီးထပေမယ့် လက်တွေခြေတွေက မမြှောက်နိုင်ဘူးဗျာ၊ ဒါနဲ့ အံကိုကြိတ်ပြီးအတင်းထတော့မှ ဒူးတစ်ဖက်ထောင်နိုင်တယ်ဗျ၊ တစ်ကိုယ်လုံးကို လေးလံပြီးတော့ အတော်နေရခက်နေတာ။

“အလတ်ကောင်၊ မြန်မြန်လုပ်တော့၊ ဒီအတိုင်းဆိုရင်မလွယ်ဘူးကွ”

ကျုပ်လည်း အားကုန်ထည့်ပြီးကျုံးထလိုက်တယ်ဗျ၊ ဒါပေမယ့် ဒူးတွေကအားမရှိတော့ မတ်တပ်ရပ်လို့မရဘူးဗျာ၊ မတ်တပ်ရပ်လို့မရလည်း လေးဘက်သွားမယ်ဆိုပြီး ဦးဘသာဆီကိုလေးဖက်ထောက်ပြီးသွားရတော့တာပဲ၊ လေးဖက်ထောက်သွားတယ်ဆိုပေမယ့်လည်း မချောင်ဘူးဗျ၊ လက်တစ်ဖက်၊ ခြေတစ်ဖက်လှမ်းဖို့ကို မနည်းအားယူပြီးတော့ လှမ်းနေရတာ။

ဒီအချိန်မှာ ဝုန်းခနဲမြည်သံကြီးကို ကြားလိုက်ရပြီးတော့ မယ်တော်ကလွင့်ထွက်သွားတယ်ဗျ၊ ကြေးတိုက်နံရံကြီးနဲ့ဆောင့်မိပြီးတော့ မယ်တော်အတော်ထိနာသွားတဲ့ပုံပဲဗျာ၊ ကြေးတိုက်နံရံမှာကာထားတဲ့ ကြေးပြားတွေတောင် ချိုင့်ကုန်တယ်ဗျ၊ မယ်တော်ကျသွားတာနဲ့ ကောင်စီလူကြီးတွေက မောင်ကောင်းကိုတိုက်ခိုက်ကြပါရောဗျာ၊ ဒါ့အပြင်ကြီးကြပ်သူတွေကလည်း ဝိုင်းတိုက်ခိုက်တယ်ဗျ၊ လူအယောက်နှစ်ဆယ်လောက်နဲ့ မောင်ကောင်းတစ်ယောက်နဲ့ ပညာစက်တွေနဲ့အပြန်အလှန်တိုက်ခိုက်နေကြပါရော၊ သူတို့တိုက်ခိုက်နေတဲ့အချိန်မှာ ကျုပ်လည်း ဦးဘသာအနီးအနားကိုကပ်လာခဲ့တယ်ဗျ။

“မြန်မြန်လုပ်ကွ၊ အလတ်ကောင်ရ”

ကျုပ်လည်း ကြေးအခေါင်းကြီးကိုကိုင်ပြီးတော့ လက်အားနဲ့ဆွဲရင်း မတ်တပ်ထယူရတယ်ဗျာ၊ တော်သေးတာက ခြေထောက်တွေက နည်းနည်းပြန်ထောက်လို့ရလာတယ်၊ ဒီအချိန် ကောင်စီလူကြီးတွေနဲ့ ကြီးကြပ်သူတွေက မောင်ကောင်းကိုဖမ်းမိသွားတယ်ဗျ၊ မောင်ကောင်းက သူတို့တွေအလယ်မှာ လေးဖက်ထောက်ရင်းလဲကျနေတယ်၊ ကောင်စီလူကြီးတစ်ယောက်က အရှေ့ကိုတိုးကပ်သွားပြီးတော့

“မောင်ကောင်း၊ မင်းအညံ့ခံလိုက်ပါ၊ ငါတို့တွေအားလုံးကို မင်းမနိုင်ပါဘူးကွ”

မောင်ကောင်းကတော့ ဘာမှမပြောဘဲနဲ့ ခေါင်းကြီးငုံ့ပြီးတော့ လေးဖက်ထောက်နေသဗျ၊ ခဏကြာတော့မှ မောင်ကောင်းက ခေါင်းကြီးပြန်ထောင်လာတယ်၊ သူ့မျက်လုံးတွေထဲက အနီရောင်အလင်းတွေထွက်နေသလို၊ သူ့နှာခေါင်းပေါက်၊ နားရွက်ပေါက်တွေကလည်း အနီရောင်အခိုးအငွေ့တွေ ထွက်လို့ဗျ။

ပြီးတာနဲ့ သူ့ပါးစပ်ကြီးကိုဖြဲလိုက်ပြီးတော့ ဝေါင်းခနဲတစ်ချက်အော်လိုက်တယ်ဗျာ၊ ဒီအခါ ပါးစပ်ထဲကနေ အနီရောင်အလင်းလှိုင်းကြီးတွေတိုးထွက်လာပြီးတော့ ပတ်ပတ်လည်ကိုပြန့်သွားတယ်ဗျ၊ အနားမှာရှိတဲ့လူတွေအားလုံးကိုထိမှန်သွားတော့တာပေါ့ဗျာ၊ ကောင်စီလူကြီးတွေရော ကြီးကြပ်သူတွေရော အကုန်လုံး လဲကျကုန်တော့တယ်ဗျ၊ ကျုပ်တောင်မှ လှိုင်းအရှိန်ကြောင့် လဲတော့မလို့ဗျာ၊ ဒါပေမယ့် ကြေးခေါင်းကြီးကိုလက်နှစ်ဖက်နဲ့အသေဖက်ထားတာဆိုတော့ ဟန်ချက်ပျက်သွားတာလောက်ပဲဖြစ်သွားတယ်။

မောင်ကောင်းကို ဘယ်သူမှ မတိုက်ခိုက်နိုင်တော့ဘူးဗျ၊ မောင်ကောင်းက ဦးဘသာကြီးကို စိုက်ကြည့်ရင်း

“ကျုပ်အဖေအတွက် ခင်ဗျားအကြွေးပြန်ဆပ်ရမယ်ဗျ”

နောက်တော့ မောင်ကောင်းက ကျုပ်တို့ဆီကိုတစ်လှမ်းချင်း လှမ်းလာတာပါပဲဗျာ၊

“အလတ်ကောင် မြန်မြန်လုပ်ကွ”

ကျုပ်မျက်နှာကို ဦးဘသာမျက်နှာနဲ့အမြန်ကပ်လိုက်ပြီးတော့ ပါးစပ်ချင်းတေ့လိုက်တယ်ဗျ၊ စိတ်ထဲကနေလည်း

“ကျုပ်ရဲ့ဝမ်းကြာတိုက်ထဲမှာ နေထိုင်ကြတဲ့ ဂန္ဒဗ္ဗနတ်စုန်းတွေအားလုံးကို ဦးဘသာကြီးဆီကို ပြန်ပေးပါတယ်”

အဲဒီလိုပြောလိုက်တဲ့အခါ ကျုပ်ကိုယ်ထဲကနေ စွမ်းအင်တစ်ခုခုက တိုးထွက်သွားသလိုမျိုးပဲဗျ၊ ကျုပ်တစ်ကိုယ်လုံး ဘယ်လိုကြီးဖြစ်သွားတယ်မသိပါဘူးဗျာ၊ မောင်ကောင်းက ကျုပ်တို့ဆီကို အနီရောင်အလင်းလုံးကြီးနှစ်လုံးနဲ့ လှမ်းပစ်လိုက်တာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရတယ်။

ကျုပ်တစ်ကိုယ်လုံး လေပေါ်မြောက်တက်သွားပြီးတော့ နားတွေကလည်း ဘာကိုမှမကြားရတော့ဘူးဗျ၊ တစီစီနဲ့အသံတွေကိုပဲ ကြားနေရတော့တယ်၊ ပြီးတော့ အမြင့်ကြီးကနေ ဟိုးအောက်ကိုပြန်ကျတယ်ဗျ၊ ကြေးပြားပေါ်ကျတာ ဘယ်လောက်နာသလဲဆိုတာကိုတောင်မသိတော့ပါဘူးဗျာ၊ ကျုပ်တစ်ကိုယ်လုံးက ရှိသမျှအရိုးတွေအကုန် ကျိုးကြေကုန်ပြီထင်တာဗျ၊ နာရတာများတာလည်း ထုံလာတယ်ဆိုတာမျိုးဖြစ်မှာပေါ့ဗျာ။

ကျုပ်ကြမ်းပြင်ပေါ်ကိုဘေးစောင်းကြီးကျပြီးတော့ မလှုပ်ရှားနိုင်တော့ဘူး၊ ဦးဘသာကိုတော့ မမှိတ်မသုန်ကြည့်နေမိတယ်ဗျ၊ ကြေးအခေါင်းကြီးက ဝုန်းခနဲပွင့်ထွက်သွားပြီးတော့ မီးခိုးလုံးတွေနဲ့အတူတူ ဦးဘသာကြီးကထွက်လာသဗျ။

မောင်ကောင်းက ဦးဘသာဆီကို အနီရောင်မီးလုံးကြီးတစ်ခုနဲ့ ပစ်ပြန်ရောဗျာ၊ ဦးဘသာက သူ့ဆီတည့်တည့်ဝင်လာတဲ့ မီးလုံးကြိးကို လက်ဝါးနဲ့ကာပြီးဖမ်းလိုက်သဗျ၊ မီးလုံးကြီးရဲ့အရှိန်က ပြင်းလွန်းလို့ ဦးဘသာတောင် ခြေတစ်ဖက်အနောက်ဆုတ်လိုက်ရတယ်၊ ပြီးတာနဲ့ လက်ကိုအားပြန်ပြုပြီးတော့ အဲဒီမီးလုံးကြီးကို မောင်ကောင်းဆီပြန်ပစ်လွှတ်လိုက်တာပါပဲ၊ မောင်ကောင်းက မီးလုံးကိုလက်ဝါးနဲ့ပုတ်ချလိုက်တော့ မီးလုံးကြီးက ကြမ်းပြင်ပေါ်ကိုကျပြီးပေါက်ကွဲသွားပါရောဗျာ။

“ခင်ဗျားက ကျုပ်ကိုယှဉ်နိုင်မယ်ထင်လို့လား ဦးသာစံ”

“နိုင်မနိုင်တော့ ယှဉ်ကြည့်မှသိမှာပေါ့ကွာ”

ဦးဘသာနဲ့ မောင်ကောင်းတို့အပြန်အလှန်ဆော်ကုန်ကြပါရောဗျာ၊ မောင်ကောင်းကလည်း ပြဒါးရှင်လုံးအစွမ်းနဲ့ ဟုန်းဟုန်းတောက်နေတဲ့လူဆိုတော့ လက်ရည်ချင်းက သိပ်မကွာဘူးဗျ၊ နောက်တော့ ဦးဘသာက လက်အုပ်ချီလိုက်ပြီး မျက်လုံးကိုသေသေချာချာမှိတ်လိုက်တယ်ဗျ၊ ဒီအခါ ဦးဘသာရဲ့နဖူးပြောင်ပြောင်ကြီးမှာ အမောက်ချွန်ချွန်ကြီးသုံးခုက ထိုးထွက်လာသဗျ၊ အမောက်တွေက တြိဂံပုံစံချွန်ချွန်ကြီးတွေဗျ၊ အလယ်ကအမောက်ကြီးက ရွှေရောင်ဝင်းလက်နေတယ်၊ ဘေးကအမောက်တစ်ခုကတော့ အနီရောင်၊ နောက်ဘေးက အမောက်တစ်ခုကတော့ အစိမ်းရောင်ဗျ၊ ဒါအမောက်တွေက ဦးဘသာရဲ့အမောက်တွေပေါ့ဗျာ၊ ဦးဘသာဝမ်းတွင်းက ဂန္ဒဗ္ဗနတ်မင်းတွေ နေထိုင်ကြတဲ့အမောက်တွေကိုး။

“အနောက်အရပ်မှာအရင်းတည်၊ အနီရောင်အမောက်ကိုးခုနဲ့ နာဂဒေဝီ နဂါးနီကို ကျွန်တော်မျိုးပင့်ဖိတ်ပါသည်၊ ယခုအရပ်သို့ကြွမြန်းတော်မူပါ”

ဒီအခါ အနီရောင်အမောက်ကြီးထဲကနေ ရှည်မျောမျောနဂါးကြီးတစ်ကောင်ထွက်လာသဗျ၊ နဂါးဆိုပေမယ့်လည်း အကောင်အထည်တော့မဟုတ်ဘူးဗျ၊ အရိပ်လိုလို၊ တိမ်ခိုးလိုလိုပါပဲဗျာ၊ တစ်ကိုယ်လုံးတော့ အနီရောင်တောက်နေသဗျ၊ နဂါးကြီးရဲ့ခေါင်းမှာလည်း အမောက်ကိုးခုက ချွန်ထက်နေတာပဲဗျာ၊ ဒီနဂါးကြီးက မောင်ကောင်းဆီကိုပြေးဝင်သွားပြီးတော့ မောင်ကောင်းတစ်ကိုယ်လုံးကို တစ်ရစ်ချင်းစီ ရစ်ပတ်တော့တာပဲဗျာ။

ဦးဘသာက လက်အုပ်ချီရင်း

“တစ်ခါ၊ မြောက်အရပ်ကိုပိုင်စိုးတဲ့ အစိမ်းရောင်ကိုယ်အဆင်းနဲ့ ယက္ခဘီလူးမင်းကြီးကိုဆင့်ခေါ်ပါတယ်၊ ဒီငမိုက်သားကို ဆုံးမအပြစ်ပေးတော်မူပါ”

အစိမ်းရောင်အမောက်ထဲကနေ ဘီလူးအစိမ်းကြီးတစ်ကောင်ခုန်ထွက်လာတယ်ဗျ၊ မောင်ကောင်းက လက်တွေခြေတွေမလှုပ်နိုင်ပေမယ့် ခေါင်းကတော့ လှုပ်နိုင်သေးတယ်မဟုတ်လားဗျာ၊ ဘီလူးကြီးက မောင်ကောင်းရဲ့အနောက်ကိုသွားရပ်ပြီးတော့ ခေါင်းကိုလက်နှစ်ဖက်နဲ့ချုပ်ကိုင်ထားလိုက်တယ်၊ မောင်ကောင်းက ကြိုးစားပြီးရုန်းကန်တယ်ဆိုပေမယ့် ဘယ်လိုမှကို ရုန်းလို့မရဘူးဗျာ။

“နောက်ဆုံးအနေနဲ့ကတော့ ရွှေရောင်အဆင်း၊ ရွှေရောင်အဝင်းဖြင့် ရွှေအမောက်မှာစံပျော်တဲ့ ဂန္ဒဗ္ဗနတ်မင်းကြီးကို ဆင့်ခေါ်ပါတယ်”

ရွှေရောင်အမောက်ထဲကနေ ရွှေရောင်တွေလင်းနေတဲ့ နတ်မင်းကြီးကထွက်လာတယ်ဗျာ၊ သူက မောင်ကောင်းရဲ့အရှေ့မှာ ရပ်လိုက်ပြီးတော့ မောင်ကောင်းရဲ့နဖူးကိုလက်ညှိုးနဲ့ထောက်ထားတယ်။ မကြာပါဘူးဗျာ၊ မောင်ကောင်းတစ်ယောက် တစ်ကိုယ်လုံးတုန်ယင်လာပြီးတော့ သူ့ပါးစပ်ပွင့်သွားပြီး ပြဒါးရှင်လုံးကလေးက ပါးစပ်ထဲကနေထွက်လာသဗျာ၊ ရွှေရောင်နတ်မင်းကြီးက ပြဒါးရှင်လုံးကိုယူပြီးတော့ ဦးဘသာလက်ထဲကိုလှမ်းပေးလိုက်သဗျ၊ ဦးဘသာက တီးတိုးရွတ်လိုက်တာနဲ့ ခုနက နဂါးနီရော၊ ဘီလူးကြီးရော၊ ရွှေရောင်နတ်မင်းကြီးပါ အကုန်လုံးကွယ်ပျောက်သွားကုန်ကြတယ်။

မောင်ကောင်းကတော့ ကြမ်းပြင်ပေါ်ကို ဒူးထောက်လျှက်သားလဲကျသွားတယ်ဗျ၊ ဦးဘသာက ပြဒါးရှင်လုံးကို ကိုင်ပြီးတော့

“ဒီမှာမောင်ကောင်း၊ ဒီပြဒါးရှင်လုံးက ငွေတိုက်ထဲကိုဘာကြောင့် ရောက်နေတာလဲဆိုတာမင်းသိရဲ့လား”

မောင်ကောင်းက ဦးဘသာကိုမော့ကြည့်တယ်ဗျ။

“ဒီပြဒါးရှင်လုံးက ဖျက်ဆီးနိုင်တဲ့အစွမ်းရှိလို့ပဲ မောင်ကောင်း၊ ဒီပြဒါးရှင်လုံးဟာ အမှတ်တမဲ့အောင်သွားတာမို့လို့ မကောင်းတဲ့ကောင်းကင်တာရာနက္ခတ်တွေနဲ့ ကြုံကြိုက်ပြီးတော့ အဖျက်ဓါတ်လုံးဖြစ်ခဲ့တယ်၊ ကောင်းတဲ့လုပ်ငန်းထက် မကောင်းတဲ့လုပ်ငန်းမှာ ပိုပြီးတော့ တန်ခိုးရှိခဲ့လို့ပဲကွ”

(၁၇)

ဦးဘသာက ဆက်ပြောတယ်ဗျ။

“မင်းတို့မသိသေးတဲ့ဖြစ်ရပ်မှန်တစ်ခုကိုပြောပြမယ်၊ မင်းရဲ့အဖေ ပြဒါးရှင်ဘိုးတော်ကြီးက ဒီဓါတ်လုံးကို ငါ့အမေဆီကိုစွန့်သွားတာကွ၊ မကောင်းတဲ့အရာတစ်ခုမှန်းသိလို့ စွန့်သွားတာ၊ ဒါကိုမသိတဲ့လူတွေက ငါ့အမေက ဘိုးတော်ကိုအနိုင်ယူပြီးတော့ ပြဒါးရှင်လုံးရသွားတယ်လို့ထင်ကြတယ်”

မောင်ကောင်းမျက်လုံးတွေ ပြူးကျယ်သွားတယ်။

“ဒါ၊ ဒါတကယ်ပဲလား”

ဦးဘသာက ခေါင်းညိတ်ပြတယ်ဗျ၊ မယ်တော်က အရှေ့တက်လာရင်း

“အဟုတ်ပဲ၊ မယ်တော်တွေသာကြည့်ရတဲ့ စုန်းကဝေမှတ်တမ်းပေါင်းချုပ်ထဲမှာ ဒီအကြောင်းအရာကိုရေးသားထားတယ်”

ဦးဘသာကဆက်ပြီး

“ငါ့အမေက ဒီပြဒါးရှင်လုံးကိုရသွားတဲ့အခါမှာ မကောင်းတဲ့နေရာမှာအသုံးချခဲ့တယ်၊ ပြဒါးရှင်လုံးရဲ့အစွမ်းနဲ့ ပေါင်းစပ်ပြီးတော့ တန်ခိုးထွားခဲ့တယ်၊ နောက်ဆုံး မယ်တော်တွေကိုတောင်မှ တက်ပြီးစော်ကားနိုင်ခဲ့တယ်ကွ၊ မယ်တော်တွေက ဒီပြဒါးရှင်လုံးကြောင့် အကျိုးဆက်တွေမကောင်းနိုင်တာသိလို့ ငါ့အမေကို အကွက်ချစီစဉ်ပြီး ဟောဒီပြဒါးရှင်လုံးကို ခက်ခက်ခဲခဲယူထားရတာကွ”

မောင်ကောင်းက

“ဒါဆို ခင်ဗျားစိတ်မနာဘူးလား၊ ဟောဒီမယ်တော်နဲ့ ဒီကလူတွေအားလုံးက ခင်ဗျားအမေကို အကွက်ချ၊ သစ္စာဖောက်ပြီးတော့ ယုတ်မာခဲ့တာကို ခင်ဗျားသိသိနဲ့ ဒီအတိုင်းနေနိုင်သလားဗျာ”

ဦးဘသာက ခေါင်းညိတ်ရင်း

“အစကတော့ စိတ်နာခဲ့တယ်၊ လူငယ်ပီပီနာကျည်းခဲ့တယ်၊ ဒါကြောင့်လည်း ဒေါ်ဝတုတ်ကို တစ်သက်လုံးမထနိုင်အောင်လုပ်ပစ်ခဲ့တာပေါ့ကွာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့မှ ငါအမြင်မှန်ရလာခဲ့တယ်၊ တကယ်လို့ ငါ့အမေသာ ဒီပြဒါးရှင်လုံး အစွမ်းနဲ့လုပ်ချင်သလိုလုပ်ခဲ့ရင် စုန်းကဝေတွေတင်မက လူ့လောကကြီးတစ်ခုလုံး ရှုပ်ထွေးလာနိုင်တယ်ဆိုတာ ငါသိလာခဲ့တယ်၊ စစသိချင်းတုန်းကတော့ မယ်တော်တွေကိုမုန်းတီးခဲ့ပေမယ့် နောက်တော့ လူသားလောကကြီးတစ်ခုလုံးအတွက် သူတို့လုပ်ကိုင်ခဲ့တာပါလားလို့ တွေးမိပြီး အားလုံးကိုခွင့်လွှတ်နိုင်ခဲ့တယ်၊ ရှင်းရှင်းပြောရရင်တော့ ဟောဒီလူ့ဘောင်လောကကြီးတစ်ခုလုံး ငြိမ်းချမ်းဖို့အတွက် ငါ့အမေကို အဆုံးရှုံးခံလိုက်တာပဲ”

ကျုပ်ဖြင့်ကြည့်နေရင်း ဦးဘသာကိုလေးစားသွားတယ်ဗျာ။ ဦးဘသာရဲ့စိတ်ဓါတ်က ကြောက်ခမန်းလိလိပါပဲဗျာ။ ဦးဘသာက မယ်တော်ဆီကိုလှမ်းလျှောက်သွားပြီးတော့ ပြဒါးရှင်လုံးကို မယ်တော်ကိုပေးလိုက်တယ်ဗျ။

“မယ်တော်၊ ဒီပြဒါးရှင်လုံးက စွမ်းအားအရမ်းကြီးတာမို့လို့ ဖျက်ဆီးသင့်တယ်လို့ ကျုပ်မပြောခဲ့ဘူးလား”

မယ်တော်က ခေါင်းညိတ်ပြီးတော့ ပြဒါးရှင်လုံးကိုယူကြည့်ရင်း

“အစကတော့ ငွေတိုက်ထဲမှာလုံမယ်လို့ထင်ခဲ့တာပဲ သာစံ၊ အခုတော့ ဒီပစ္စည်းကြောင့် မဖြစ်သင့်တာတွေဖြစ်ခဲ့ရပြီမဟုတ်လား၊ ဒီလိုမကောင်းတဲ့ပစ္စည်းမျိုးကို ဖက်တွယ်မနေတော့ဘဲ ဝိဇ္ဇာကြီးတွေရဲ့ လုံကြီးထဲကိုထည့်ပြီး ဖျက်ဆီးပစ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ”

မယ်တော်က ပြဒါးရှင်လုံးကို လက်တစ်ဖက်က ကိုင်မြှောက်ရင်း

“အို၊ ပြဒါးရှင်လုံး၊ သင်ပြုထားခဲ့သဗျ အစွမ်းလုပ်ရပ်တွေအကုန်လုံးကို သင်ပြန်လည်ရုပ်သိမ်းပေးပါ”

မယ်တော်ပြောလိုက်တဲ့အချိန်မှာပဲ ပြဒါးရှင်လုံးက တဖြည်းဖြည်းတောက်လောင်လာတယ်ဗျ၊ ပြီးတော့ အလင်းတန်းတွေထွက်လာပြီးတော့ အခန်းတစ်ခုလုံးလင်းထိန်သွားတယ်၊ ကျုပ်လည်း လဲကျနေရာကနေ အားယူပြီးပြန်ထလိုက်တော့ တစ်ကိုယ်လုံးအကောင်းပကတိဖြစ်နေသဗျ၊ ခုနကလဲကျသွားတဲ့လူတွေအားလုံးလည်း ပြန်ထလာကြတယ်ဗျာ။ မယ်တော်က မောင်ကောင်းကိုကြည့်ပြီး

“မောင်ကောင်း၊ မင်းရဲ့အပြစ်တွေက ကြီးလေးလွန်းတယ်၊ ဒါကြောင့် မင်းရဲ့အသက်ကို နှုတ်ယူရလိမ့်မယ်”

မောင်ကောင်းက ဘာမှမပြောတော့ဘဲ ခေါင်းငိုက်စိုက်ချလိုက်တယ်ဗျ၊ ဒီအခါ ဦးဘသာကြီးက မယ်တော်အရှေ့ကိုဝင်လိုက်ပြီး

“ကျုပ်တစ်ခုတောင်းဆိုပါရစေမယ်တော်၊ မောင်ကောင်းက အပြစ်တွေလုပ်ခဲ့မိပေမယ့် သူ့ရဲ့မှားယွင်းတဲ့အတွေးအခေါ်အယူအဆတွေနဲ့ မိဘအတွက်လက်တုန့်ပြန်မယ်ဆိုတဲ့စိတ်ကြောင့် ပြုလုပ်ခဲ့မိတာပါ၊ အသက်နှုတ်မှာကို ပြန်ပြီးစဉ်းစားပေးပါ”

မယ်တော်က ဦးဘသာကိုစူးစိုက်ကြည့်ရင်း

“ဒီမှာသာစံ၊ သူလုပ်ထားတာတွေအတွက် သူဘယ်လိုပြန်ပြီးပေးဆပ်မလဲ၊ သူတို့ကြောင့် မယ်နှင်း၊ ရာဂျတ်နဲ့ ဗေဒါရီတို့ သေဆုံးခဲ့ပြီးပြီမဟုတ်လား”

“ဟုတ်တော့ဟုတ်ပါတယ်မယ်တော်၊ ကျုပ်စာတစ်ခုဖတ်ဖူးတယ်၊ လူတစ်ယောက်ကိုသတ်တဲ့အခါ သေတဲ့လူက ခဏတာခံစားရပြီး သတ်တဲ့လူက တစ်သက်လုံးခံစားရတတ်တယ်တဲ့မယ်တော်၊ အခု မောင်ကောင်းလည်း သူသတ်ခဲ့ရတဲ့လူတွေအတွက် သူခံစားနေရလောက်မှာပါ၊ ကျုပ်ကတော့ မောင်ကောင်းတတ်ထားတဲ့ ပညာတွေကို အကုန်နှုတ်ယူလိုက်ပြီးတော့ သာမန်လူအဖြစ်နဲ့ နှယ်နှင်လိုက်မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ယူဆပါတယ်၊ သူလည်း သူလုပ်ခဲ့တဲ့အပြစ်တွေအတွက် တစ်သက်လုံးနောင်တရပြီးနေရပါလိမ့်မယ်”

မယ်တော်က တစ်ချက်စဉ်းစားပြီးတော့ ခေါင်းညိတ်တယ်ဗျ။

“ကောင်းပြီ၊ မင်းပြောတဲ့အတိုင်းပဲရှိပါစေတော့”

မယ်တော်က မောင်ကောင်းရဲ့ခေါင်းကိုလက်နဲ့အုပ်ကိုင်လိုက်ပြီးတဲ့နောက် မယ်တော်ရဲ့လက်က တစ်ချက်လင်းခနဲဖြစ်သွားပြီး မောင်ကောင်းက ထပြီးအော်ဟစ်လိုက်တယ်ဗျ။ မယ်တော်က မောင်ကောင်းကိုကြည့်ပြီး

“ကဲ မင်းရဲ့အသက်သခင်ကျေးဇူးရှင်ကို မင်းကျေးဇူးတင်လိုက်စမ်းပါအုံး”

ဒီလိုပြောတဲ့အခါ မောင်ကောင်းက ဦးဘသာကိုမော့ကြည့်ပြီး

“ဦးသာစံကို ကျုပ်ကျေးဇူးတင်ပါတယ်ဗျာ၊ ကျုပ်တစ်သက်လုံး အယူလွဲပြီးတော့ ဦးသာစံရဲ့အမေက ကျုပ်အဖေဆီကနေ ပြဒါးရှင်လုံးလုယူတယ်လို့ပဲ ကျုပ်ထင်နေခဲ့မိတာပါ၊ ကျုပ်အမှားတွေကို ကျုပ်သိပါပြီဗျာ”

ဦးဘသာက ပြုံးရင်း

“ကောင်းတာပေါ့ကွာ၊ မှားမှန်းသိတာကိုက လူတော်တဲ့ကွ၊ မှားမှန်းသိပြီးအမှန်ကို ပြန်ပြင်ဆင်နိုင်တဲ့လူကျတော့ လူကောင်းလို့ခေါ်သကွ”

မယ်တော်က အားလုံးဖက်ကိုလှည့်လိုက်ပြီးတော့

“ဒီအမှုမှာ စွပ်စွဲချက်တွေအားလုံးကို ပိတ်သိမ်းပါတယ်၊ ပြီးတော့ မြိုင်သာနယ်က စုန်းကဝေတွေအရေးမှာ စွမ်းစွမ်းတမံပါဝင်ထမ်းဆောင်ခဲ့တဲ့ ဦးသာစံကို မြိုင်သာမြို့ရဲ့သူရဲကောင်းအဖြစ် အသိအမှတ်ပြုပါတယ်”

ဒီအခါ ကောင်စီလူကြီးတွေအားလုံးက ခေါင်းညိတ်ပြီးတော့ မယ်တော်ရဲ့စကားကိုထောက်ခံကြတယ်ဗျ၊ ကျုပ်လည်း ဦးဘသာဆီပြေးသွားပြီးတော့

“ဟာ၊ ဦးဘသာကို သူရဲကောင်းတဲ့ဗျ၊ နောက်ဆုံးတော့ ဦးဘသာကြီး သူရဲကောင်းဖြစ်ပြီ”

ဦးဘသာက ပြုံးရင်း

“အေး၊ ငါသူရဲကောင်းဘွဲ့ရတာ မင်းကြောင့်လည်းအများကြီးပါပါတယ်အလတ်ကောင်ရာ၊ မြိုင်သာက မင်းကိုသူရဲကောင်းဘွဲ့ ပေးပေးမပေးပေး မင်းက ငါ့အတွက်တော့ သူရဲကောင်းပါ အလတ်ကောင်ရာ”

ဦးဘသာလည်း ပျော်နေတယ်ဗျ၊ နောက်တော့ ဦးဘသာမျက်နှာကြီးက ရှုံ့မဲ့လာတယ်ဗျ၊ သူ့နှလုံးနေရာကို လက်နဲ့ဖိပြီးတော့ နဖူးမှာချွေးသီးချွေးပေါက်တွေကျလာတယ်။ ကျုပ်ဖြင့် လန့်သွားတာပဲဗျာ။

“ဟာ၊ ဦးဘသာ ဘာဖြစ်လို့လဲ”

ဦးဘသာက အသက်ရှုူတွေမြန်လာပြီး ရှူးရှဲရှူးရှဲနဲ့ဖြစ်နေသဗျာ၊ ကျုပ်လည်း ဦးဘသာက စနောက်နေတယ်အထင်နဲ့

“ဦးဘသာ၊ ဒီလိုမစနောက်ကောင်းပါဘူးဗျာ”

“အ . . . အလတ်ကောင်၊ ငါစနောက်နေတာမဟုတ်ဘူးကွ”

ပြောဆိုပြီးတော့ ဦးဘသာက လဲကျသွားတယ်၊ မယ်တော်က ပြေးလာပြီးတော့ ဦးဘသာရဲ့လည်ပင်းသွေးကြောကိုစမ်းကြည့်ရင်း

“သေတော့မသေသေးဘူး၊ ဒါပေမယ့် သွေးခုန်နှုန်းတအားနှေးနေတယ်”

ဦးဘသာဘာဖြစ်သွားသလဲဆိုတာ ကျုပ်တို့အဖြေရှာမရဘူးဖြစ်နေကြတာပေါ့၊ ဒီအခါ မောင်ကောင်းက မတ်တပ်ထရပ်လိုက်ပြီးတော့

“ဟာ၊ ဟုတ်ပြီ၊ ခင်ရီ . . . ခင်ရီဘယ်ရောက်သွားလဲ”

ကျုပ်တို့လည်းအခုမှ သူယောင်စုန်းခင်ရီကိုသတိရတယ်ဗျ၊ ခင်ရီဆိုတဲ့မိန်းမက အလည်ဗျ၊ ကျုပ်တို့တိုက်ခိုက်နေကြတုန်း ရှုပ်ထွေးနေတဲ့အချိန်မှာ မသိမသာကလေးလစ်ထွက်သွားတာပဲဗျာ။

“ခင်ရီပြေးပြီထင်တယ်”

မောင်ကောင်းက

“ခင်ရီဆီမှာ နောက်ဆုံးအကြံအစည်တစ်ခုရှိသေးတယ်”

ကျုပ်တို့အားလုံးသိချင်ဇောနဲ့ မောင်ကောင်းကိုဝိုင်းပြီးငေးကြည့်နေမိတယ်၊၊ မောင်ကောင်းက

“တကယ်လို့ ကျုပ်တို့အကြံအစည်မအောင်မြင်ခဲ့ဘူးဆိုရင် နောက်ဆုံးအကြံအစည်ကတော့ ဦးသာစံကိုရအောင်သတ်ဖို့ပဲ”

“ဘယ်လိုသတ်မှာလဲ”

“ဦးသာစံဆီက တစ်မတ်စေ့နှစ်စေ့ရထားတယ်မဟုတ်လား၊ အဲဒီတစ်မတ်စေ့နဲ့ ကူးတို့ခလှယ်တဲ့အစီအရင်လုပ်ထားတယ်”

ကျုပ်လည်း မျက်မှောင်ကြုတ်လိုက်ပြီးတော့

“ကူးတို့ခလှယ်တယ်ဆိုတာ ဘာလဲဗျ”

ဘေးနားကမယ်တော်က

“အဆင့်မြင့်တဲ့အောက်လမ်းပညာရပ်တစ်ခုပဲ၊ လောလောလတ်လတ်သေဆုံးထားတဲ့ လူသေရဲ့ပါးစပ်ထဲက ကူးတို့ခနဲ့ ကိုယ်သေစေချင်တဲ့လူကိုယ်တိုင် ပေးထားတဲ့ ကူးတို့ခနဲ့ကိုလဲလှယ်လိုက်တာပဲ၊ ဒီလိုဆိုရင် သေမင်းက သေတဲ့လူဆီက အသက်မနှုတ်ဘဲ ကူးတို့ခပေးထားတဲ့လူဆီက အသက်ကိုနှုတ်ယူတဲ့အစီအရင်ပဲ”

ကျုပ်လည်း အတော်ထိတ်လန့်သွားပြီးတော့ မောင်ကောင်းကို လှုပ်ကိုင်ရင်း

“လုပ်ပါအုံးဗျာ၊ အဲဒီအစီအစဉ်ကိုဖျက်ပေးပါ၊ ဦးဘသာကို ကယ်ပေးကြပါ”

မောင်ကောင်းက ခေါင်းကိုလေးလေးကြီးခါပြီးတော့

“တကယ်လို့ ခင်ရီကိုဖမ်းမိမယ်ဆိုရင်တောင်မှ အစီအရင်ကိုဖျက်ဖို့မလွယ်တော့ဘူး၊ ဘာလို့လဲဆိုတော့ သေမင်းက သူ့ဆီကိုလာနေပြီလေ”

ကျုပ်လည်း မယ်တော်တို့ဘက်ကိုလှည့်ကြည့်ပြီး

“လုပ်ကြပါအုံးဗျာ၊ ခင်ဗျားတို့ သူ့အတွက်တစ်ခုခုမလုပ်ပေးတတ်တော့ဘူးလား”

ကောင်စီလူကြီးတွေရော ကြီးကြပ်သူတွေကပါ အားလုံးကခေါင်းခါကြတယ်ဗျ၊ သူတို့လည်း ဘာမှမတတ်နိုင်တော့ဘူးထင်ပါတယ်ဗျာ၊ ဒီအချိန် ကုလားမကြီး မာယာက အရှေ့ကိုတက်လာပြီးတော့ သူ့လည်ပင်းမှာဆွဲထားတဲ့ ရွှေဆွဲကြိုးကြီးကို ကိုင်လိုက်တယ်ဗျ၊ ရွှေဆွဲကြိုးထိပ်မှာတော့ မြအကြီးကြီးတပ်ထားတဲ့ လော့ကတ်သီးကြီးရှိတယ်၊ မာယာက အဲဒီလော့ကတ်သီးကို ဖြုတ်ကိုင်ရင်း

“ဟောဒီဟာက မြမဟုတ်ပါဘူး၊ ဖန်သားထူထူနဲ့ထွင်းထားတဲ့ ပုလင်းတစ်ခုပါ၊ ဒီအထဲမှာတော့ ရာဂျတ်ခက်ခက်ခဲခဲအားထုတ်ဖော်စပ်ထားရတဲ့ ဆေးရည်တစ်ခုရှိပါတယ်၊ အဲဒါကတော့ သေမင်းကိုလှည့်စားတဲ့ဆေးရည်လို့ခေါ်ပါတယ်”

“ဗျာ၊ အဲဒါဆိုရင်လည်း အဲဒီဆေးရည်ကို တိုက်လိုက်တော့လေဗျာ”

မာယာက ခေါင်းခါပြပြီးတော့

“ခက်တာက ဒီဆေးရည်ကို သူ့ချည်းသောက်လို့မရပါဘူး၊ အရင်ဆုံး ဆေးရည်ကို သူနဲ့သွေးသားတော်စပ်တဲ့လူက သောက်ရပါတယ်၊ သွေးသားတော်စပ်တဲ့လူသောက်ပြီးတော့ အဲဒီလူကျတဲ့မျက်ရည်ကိုခံပြီး မျက်စဉ်းခတ်ပေးမှ ရမှာပါ”

ကျုပ်ဖြင့်ငိုင်ကျသွားတော့တယ်ဗျာ။

“ဦးဘသာက တစ်ကောင်ကြွက်လေဗျာ၊ သူ့မှာအိမ်ထောင်တို့ သားသမီးတို့ဆိုတာလည်းရှိတာမဟုတ်ဘူး၊ သူ့အမေကလည်း သေတာကြာပြီဆိုတော့ ဘယ်လိုလုပ်ပြီးတော့ သွေးသားတော်စပ်တော့လူကျန်တော့မှာလဲဗျာ”

ကျုပ်လည်း ငိုသံပါကြီးနဲ့ပြောရင်း ဦးဘသာကိုဖက်ပြီးတော့

“အောင်မယ်လေး ဦးဘသာရဲ့၊ အဖြစ်ဆိုးလှချည်လားဗျာ၊ သူများတွေကိုတော့ အမျိုးမျိုးကူညီ၊ သူများအသက်တွေကို ကယ်တင်ပေးခဲ့တဲ့လူကြီး၊ အခု ဦးဘသာကိုကျတော့ ဘယ်သူမှ မကယ်နိုင်ကြတော့ပါလားဗျာ”

ကျုပ်လည်း ကလေးတစ်ယောက်လိုအော်ဟစ်ပြီး ငိုနေမိတော့တယ်၊ အားလုံးကလည်း ဦးဘသာကို စိတ်မကောင်းတဲ့အကြည့်တွေနဲ့ကြည့်ရုံကလွဲပြီးတော့ ဘာမှမတတ်နိုင်ကြတော့ဘူးလေဗျာ၊ ဦးဘသာလက်ဖျားတွေဆိုရင် အေးစက်တောင့်တင်းလာသဗျ၊ ကိုယ်ငွေ့နွေးနွေးကလေးပဲ ကျန်တော့တယ်ဗျာ။။

ဒီအချိန်မယ်တော်က ကျုပ်ပခုံးကိုလာပုတ်ပြီးတော့

“မင်းသောက်လို့ရတယ်”

“ဗျာ၊ ကျုပ်သောက်လို့ရတယ်တဲ့လား၊ ကျုပ်က ဦးဘသာနဲ့ ဘာမှသွေးမတော်သားမစပ်တဲ့လူလေဗျာ”

“ဒီအတိုင်းနေတာထက်စာရင် စမ်းကြည့်တာပိုကောင်းတယ်မဟုတ်ဘူးလား”

်”ဒါပေမယ့် ကျုပ်က သူနဲ့မှဘာမှမတော်တာ”

“ဒီမှာကောင်လေး၊ လောကမှာ ခင်ရာဆွေမျိုးပဲကွ၊ ကိုယ်နဲ့ခင်တဲ့ရပ်ဆွေရပ်မျိုးဆိုတာ သွေးမတော်သားမစပ်ပေမယ့် ခင်မင်မှုကတော့ သွေးသားတော်တဲ့အမျိုးအဆွေတွေထက်တောင်မှ ပိုချင်ပိုသေးတာမဟုတ်လား၊ ဒီတော့ မင်းစမ်းကြည့်တာကောင်းမယ်လို့ ငါယူဆတယ်”

မယ်တော်စကားကလည်း ဟုတ်သလိုလိုပဲဗျ၊ ဒါနဲ့ကျုပ်လည်း ခေါင်းညိတ်ပြီးတော့ မာယာကိုကြည့်လိုက်တယ်၊ မာယာက မြပုံစံလုပ်ထားတဲ့ လော့ကတ်သီးခေါင်းကိုဖွင့်ပြီး ကျုပ်ကိုလှမ်းပေးတာနဲ့ ကျုပ်လည်းလှမ်းယူပြီးတော့ မော့ချလိုက်တော့တာပါပဲဗျာ။ ဆေးရည်အရသာက ဆိုးတယ်ဗျ၊ ပူစီနံအရွက်တွေကို ကြိတ်ပြီးလုပ်ထားသလိုပဲ၊ ပူပူရှိန်းရှိန်းနဲ့ ခါးခါးကြီးဗျာ။

သောက်လည်းသောက်ပြီးရော ကျုပ်စိတ်ထဲဘယ်လိုဖြစ်လာတယ်မသိပါဘူးဗျာ၊ ရင်ထဲဆို့နင့်ပြီးတော့ ဝမ်းနည်းတတ်လာတယ်ဗျ၊ ငြိမ်သက်နေတဲ့ဦးဘသာရဲ့ မျက်နှာကိုကြည့်ပြီးတော့ ဟိုးငယ်ငယ်ကတည်းက ဦးဘသာနဲ့ခင်မင်ခဲ့တာတွေကို ပြန်တွေးပြီးတော့ ဝမ်းနည်းလာတယ်၊ ကျုပ်မသိလိုက်ခင်မှာပဲ မျက်ရည်တွေက သူ့အလိုလိုကျဆင်းလာတယ်ဗျ၊ မယ်တော်က ကျုပ်ကိုကြည့်ပြီးတော့

“ဟော၊ မျက်ရည်တွေကျလာပြီ”

လို့ပြောရင်း သူ့လက်သည်းရှည်နဲ့ ကျုပ်ပါးပြင်က မျက်ရည်တွေကိုခံတယ်ဗျ၊ လက်သည်းရှည်အခွက်ထဲကို မျက်ရည်သုံးလေးစက်တော့ ဝင်မယ်ထင်ပါတယ်ဗျာ၊ နောက်တော့ ကျုပ်လည်း ဦးဘသာမျက်ခွံတွေကိုဆွဲဖွင့်လိုက်တယ်၊ မယ်တော်က သူ့လက်သည်းထဲက မျက်ရည်စက်ကလေးတစ်စက်ကို မျက်လုံးထဲကိုချလိုက်တယ်၊ နောက်မျက်လုံးတစ်ဖက်ကိုလည်း အဲဒီလိုပဲလုပ်လိုက်တာပေါ့ဗျာ၊ အချိန်တော်တော်ကြာတဲ့အထိ ဘာမှမထူးခြားသေးဘူးဗျ။ ကျုပ်လည်း တော်တော်စိတ်ဓါတ်ကျသွားတယ်။

“မယ်တော်၊ ကျုပ်အထင်တော့ ဘာမှမထူးဘူးထင်ပါတယ်ဗျာ၊ ဆေးရည်က သွေးသားတော်စပ်တဲ့လူတွေ လုပ်မှစွမ်းတယ်လို့ပြောတယ်မဟုတ်လား”

မယ်တော်က ခေါင်းခါရင်း

“ငါထင်တဲ့အတိုင်းဆိုရင်တော့ ဆေးကစွမ်းရမယ်၊ ဘယ်လိုဖြစ်တာပါလိမ့်”

“သွေးသားမတော်စပ်ဘူးလေဗျာ”

ကျုပ်ပြောလိုက်တော့ မယ်တော်က ကျုပ်ကိုဒေါသတကြီးနဲ့ကြည့်ပြီး

“ဒီသွေးမတော်ဘူးဆိုတာဘဲ အထပ်ထပ်ပြောနေတယ်၊ တကယ်တော့ သူနဲ့မင်းက ဆွေမျိုးတော်တယ်၊ သွေးစပ်တယ်ဟ”

ကျုပ်လည်း အံ့သြသွားမိတယ်ဗျ။

“ဘာပြောတယ်မယ်တော်၊ ကျုပ်နဲ့ဦးဘသာနဲ့က သွေးသားတော်စပ်တယ်တဲ့လား၊ မဖြစ်နိုင်ပါဘူးဗျာ၊ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဗျ၊ သွေးသားတော်တယ်ပြောရအောင် အဖေလူပျိုပေါက်ဖြစ်တော့ ဒေါ်ပျင်းကြီးက သေသွားပြီလေဗျာ၊ ဘယ်လိုလုပ်ပြီးတော့ ကလေးမွေးနိုင်မှာလဲ”

မယ်တော်က သူ့လက်ဝါးနဲ့ သူ့နဖူးကိုသူရိုက်လိုက်တော့တယ်၊ မာယာက ကျုပ်ကိုကြည့်ရင်း

“မင်းအဖေနဲ့မဟုတ်ပေမယ့် မင်းအဘိုးနဲ့ရော မဖြစ်နိုင်ဘူးလား”

ဟုတ်သားဗျ၊ ကျုပ်နဲ့သွေးသားတော်တယ်ဆိုတာနဲ့ ကျုပ်ကလည်း မဟုတ်တဲ့လူတွေနဲ့ တွဲစပ်ပေးနေမိတော့တာ။ ဒါနဲ့ မယ်တော်ကိုကြည့်လိုက်ရင်း

“ဒါဆို ကျုပ်အဘိုး၊ ကျုပ်အဘိုးသူကြီးနဲ့များ ဒေါ်ပျင်းက ညားခဲ့တာလား”

မယ်တော်က ခေါင်းကိုအသာညိတ်ရင်း

“ဒေါ်ပျင်းအပျိုဖြစ်ခါစမှာ မင်းအဘိုးကလည်း လူပျိုပဲရှိသေးတယ်၊ မင်းအဘိုးက ရွာမှာသူကြီးဖြစ်တဲ့အချိန် သူ့ကိုမနာလိုတဲ့သူတွေ၊ မထောက်ခံတဲ့လူတွေအများကြီးရှိတယ်၊ အဲဒီလူတွေကို ခြိမ်းချောက်ဖို့အတွက် ဒေါ်ပျင်းကိုအသုံးချခဲ့တာပဲ၊ ဒေါ်ပျင်းက မင်းတို့အဘိုးနဲ့မတည့်တဲ့လူတွေကို ရှင်းပေးရတယ်၊ မင်းတို့အဘိုးက ဒေါ်ပျင်းကို ငွေကြေးကအစ အရာရာထောက်ပံ့ခဲ့တယ်၊ ဒီလိုနဲ့ အပျိုလူပျိုတွေ့ဆုံကြရင်း တစ်ခါတော့ မင်းရဲ့အဘိုးနဲ့ ဒေါ်ပျင်းနဲ့ ငြိစွန်းခဲ့ကြတာပဲ”

“ဟာ၊ အဲဒါဆို ဦးဘသာက ကျုပ်အဘိုးနဲ့ရတာပေါ့”

“မှန်တယ်၊ မင်းအဘိုးကလည်း ဒေါ်ပျင်းကိုတကယ်ချစ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒေါ်ပျင်းက စုန်းတစ်ယောက်မဟုတ်လား၊ လူဆိုတာ အသိုင်းအဝိုင်းကလည်းရှိသေးတော့ နောက်ဆုံးမင်းအဘိုးက ဒေါ်ပျင်းကိုတရားဝင်ဇနီးမယားတစ်ယောက်အဖြစ်နဲ့ မပေါင်းဖက်ခဲ့ဘူး”

“ကျုပ်သိပြီ၊ ကျုပ်သိပြီ၊ ဒါကြောင့်် အဘိုးက အရင်က ဒေါ်ပျင်းကြီးကိုစုန်းမမှန်းသိရက်သားနဲ့ ပြတ်ပြတ်သားသားမလုပ်နိုင်ခဲ့သလို၊ ဒေါ်ပျင်းကြီးကလည်း တစ်ရွာလုံးကို ပြုစားရင်ပြုစားမယ်၊ အဘိုးကိုတော့ ဘာမှမလုပ်ခဲ့တာကိုးဗျာ”

“အချစ်လို့ပဲပြောရမယ်ထင်တာပဲ၊ မင်းအဘိုးသူကြီးနဲ့ ဒေါ်ပျင်းက တစ်ယောက်နဲ့တစ်ယောက် အချစ်စစ်နဲ့ချစ်ခဲ့ကြပေမယ့် ပေါင်းဖက်ခွင့်မရခဲ့ကြတဲ့သူတွေပါ”

ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီးတော့

“ဒါနဲ့၊ ဒီအကြောင်းတွေကို ဦးဘသာကြီးရောသိသလားဗျာ”

မယ်တော်က ခေါင်းခါရင်း

“ဒေါ်ပျင်းက သူ့သားကိုအဖေနဲ့ပတ်သက်တာ တစ်ခုမှမပြောခဲ့ဘူး၊ သာစံက အဖေအကြောင်းပြောရင်လည်း မကြိုက်ခဲ့ဘူး၊ ဒါကြောင့် သာစံက ဒီအကြောင်းတွေကိုမသိလောက်ဘူး”

ကျုပ်လည်း ဦးဘသာမျက်နှာကိုသေသေချာချာကြည့်ရင်း

“ဒါဆို ဦးဘသာက အဖေ့ရဲ့အကိုကြီးပေါ့၊ ဒါဆို ကျုပ် . . . ကျုပ်နဲ့ဘကြီးတော်တာပေါ့နော်”

မယ်တော်က

“မင်းတို့ရော သာစံရော ဒီအကြောင်းတွေကိုမသိပေမယ့် သွေးကစကားပြောတယ်လို့ပဲပြောရမလား၊ သာစံက တစ်ရွာလုံးနဲ့မခင်တွယ်လည်း မင်းတို့မိသားစုနဲ့ သူနဲ့ကျတော့ အတော်ခင်တယ်မဟုတ်လား၊ မင်းတို့မိသားစုတစ်ခုခုဖြစ်မှာကို သူမလိုလားဘူးမဟုတ်လား၊ ပြီးတော့ မင်းပေါ့၊ မင်းနဲ့သူနဲ့က တကယ့်တူဝရီးတွေလို ချစ်ခင်ကြတယ်မဟုတ်လား”

“ဟုတ်ပါ့ဗျာ၊ ဟုတ်ပ၊ သွေးကစကားပြောတယ်ဆိုတာ နေမှာ၊ ဦးဘသာက ကျုပ်အတွက်တော့ ကျုပ်ဦးလေးအရင်းတစ်ယောက်လိုခင်ခဲ့ရတဲ့သူပါ၊ အခုမှ ကျုပ်ဘကြီးဖြစ်နေမှန်းသိရတော့တယ်ဗျာ”

မယ်တော်က လူတွေအားလုံးကိုကြည့်လိုက်ပြီးတော့

“ဒီအကြောင်းတွေကို ရှင်တို့ဝမ်းထဲမှာပဲသိုသိပ်ထားကြပါ၊ ဒေါ်ပျင်းကြီးကတောင် သူ့သားရဲ့အဖေဘယ်သူဆိုတာကို မပြောခဲ့မှတော့ ရှင်တို့ကျုပ်တို့ကလည်း ကြားဝင်ပြောစရာဘာအကြောင်းမှမရှိဘူး”

နောက်တော့ မယ်တော်က ကျုပ်ကိုကြည့်ရင်း

“မင်းလည်း ဒီကိစ္စကိုနှုတ်လုံရမယ်”

ကျုပ်လည်းခေါင်းညိတ်ပြီးတော့

“တကယ်တမ်း သွေးကစကားပြောတယ်ဆိုရင် အခုအချိန် ဆေးစွမ်းပြသင့်နေပြီဗျ”

ကျုပ်ဆုပ်ကိုင်ထားတဲ့ ဦးဘသာလက်တွေက ပြန်ပြီးနွေးလာသဗျ၊ နောက်တော့ ဦးဘသာက ချောင်းတစ်ချက်နှစ်ချက်ဆိုးတယ်ဗျာ၊ ပြီးတော့ မျက်လုံးတွေပွင့်လာပါရော။

“ဟာ၊ ဦးဘသာ၊ ဦးဘသာ နိုးပြီလား”

“ဟင်၊ အလတ်ကောင်၊ ငါအိပ်တာ ဘယ်လောက်ကြာသွားလဲကွ”

ကျုပ်လည်း ဦးဘသာကြီးပြန်နိုးလာလို့ ပျော်နေမိတယ်ဗျ၊ ဦးဘသာက ကျုပ်ပေါင်ပေါ်လှဲချနေရာကနေ ထထိုင်လိုက်တဲ့အချိန်မှာ ကျုပ်က ဦးဘသာကို အနောက်ကျောကနေ ဖက်ထားလိုက်မိတယ်ဗျ၊ ဦးဘသာက ရှက်ကိုးရှက်ကန်းနဲ့

“အလတ်ကောင်၊ မင်းဘာဖြစ်နေတာလဲ၊ လူတွေအများကြီးကြားထဲမှာ ဘာဖြစ်လို့ငါ့ကိုထဖက်ရတာလဲကွ၊ ရှက်စရာကြီးကွာ”

“အိုဗျာ၊ ဖက်တာပဲ ဘာဖြစ်လို့ဖက်ရမှာလဲ၊ ချစ်လို့ . . . ချစ်လို့ဖက်တာပေါ့ဗျ”

ဦးဘသာက ကျုပ်ကိုအတင်းဖယ်ထုတ်ရင်း

“ဟာ၊ ဟေ့ကောင် မင်းကြောင်ချင်တယ်ဆိုရင်လည်း နောက်မှကြောင်ကွာ၊ လူကြားထဲတော့မလုပ်ပါနဲ့”

“မသိဘူးဗျာ၊ ချစ်တယ် . . . ချစ်တယ်၊ မွ”

ကျုပ်လည်း ဦးဘသာပါးကို နမ်းလိုက်တော့ ဦးဘသာက ကျုပ်ကိုတအားတွန်းလှဲပြီးတော့ ကြေးတိုက်ထဲကနေထွက်ပြေးသွားပါရောဗျာ၊ ကျုပ်က ပက်လက်လန်ပြီးတော့ ကျန်နေခဲ့တာပေါ့ဗျ၊ ခပ်လှမ်းလှမ်းရောက်သွားတဲ့ ဦးဘသာကိုကြည့်ရင်း

“ဟာ၊ ဦးဘသာ၊ ကျုပ်ကိုစောင့်အုံးလေဗျာ”

ဦးဘသာက ကျုပ်ကိုပြန်လှည့်ကြည့်ပြီး

“ငါ့လခွမ်းကွာ၊ မင်းငါ့ကို အာဘွားပေးဖို့ဆိုရင် ငါ့နောက်လိုက်မလာနဲ့၊ ငါ့နောက်လိုက်မလာနဲ့”

ဦးဘသာက ဆက်ပြေးထွက်သွားတာပဲဗျာ၊ ကောင်စီလူကြီးနဲ့ ကြေးတိုက်ထဲကလူတွေလည်း အားလုံးရယ်ကြတာပေါ့၊ ကျုပ်လည်း ကမန်းကတမ်းထပြီးတော့ ဦးဘသာအနောက်ကိုပြေးလိုက်ခဲ့ရတာပါပဲ၊ ကောင်စီလူကြီးတွေကိုတောင် မနှုတ်ဆက်လိုက်ရဘူးဗျာ။

အပြင်ရောက်တော့ မိုးလင်းတော့မယ်ဗျ၊ ရောင်နီတွေတောင်လာနေရောပေါ့။ ကြေးတိုက်ထဲမှာဆိုတော့ အချိန်တွေကုန်မှန်းမသိ ကုန်သွားတာဖြစ်မယ်၊ ဦးဘသာအနောက်ကိုပြေးလိုက်ခဲ့ရင်းနဲ့ နောက်တော့ မြို့အပြင်နားကိုရောက်ခဲ့ပါရောဗျာ။

“ဦးဘသာ၊ ကျုပ်ကိုစောင့်ပါအုံးဗျာ”

“မင်းငါ့ကို အာဘွားမပေးတော့ဘူးဆိုရင် စောင့်မယ်”

“မပေးတော့ပါဘူးဗျာ၊ နေပါအုံးဗျ”

ကျုပ်လည်းတော်တော်မောနေပြီပေါ့ဗျာ၊ ကျုပ်နဲ့ဦးဘသာနဲ့လျှောက်လာကြတာ မြိုင်သာအထွက်နားတောင်ရောက်နေပြီဗျ၊ ဦးဘသာက တစ်နေရာကိုကြည့်ရင်း

“ဟာ၊ ဟောဟိုကုက္ကိုပင်ကြီးအောက်မှာ မင်းအကိုကြီးမဟုတ်လား”

ဦးဘသာညွှန်ပြတဲ့နေရာကို ကျုပ်ကြည့််လိုက်တော့ အကိုကြီးက လှည်းတစ်စီးဘေးနားမှာ မတ်တပ်ရပ်လို့ဗျ၊ ဒါနဲ့ကျုပ်လည်း အကိုကြီးကိုလက်လှမ်းပြပြီးတော့

“အကိုကြီး၊ အကိုကြီး”

ကျုပ်ခေါ်လိုက်တော့ အကိုကြီးက ကျုပ်ကိုလှမ်းကြည့်ပြီး ဘီလူးသရဲတစ်ကောင်ကိုမြင်လိုက်ရသလိုမျိုး အတော်အံ့အားသင့်သွားသဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း အကိုကြီးဆီကိုပြေးလာခဲ့တာပေါ့၊ အကိုကြီးက လှည်းနံရံမှာဆောင်ထားတတ်တဲ့ ဓါးရှည်ကိုဆွဲထုတ်ပြီး

“ဟေ့၊ ငါ့အနားကိုမကပ်နဲ့၊ ငါ့အနားကိုမလာနဲ့နော်”

“ဟာ၊ အကိုကြီး ဘာဖြစ်တာလဲဗျ”

“မင်းတို့သရဲတွေဆိုတာငါသိတယ်၊ ငါ့ညီအယောင်ဆောင်ပြီး ငါ့ကိုခြောက်လှန့်ဖို့တော့ စိတ်မကူးနဲ့၊ ဓါးစာမိသွားမယ်ကွ”

“ဟာဗျာ၊ အကိုကြီးက ဘယ်လိုဖြစ်တာလဲဗျ၊ ကျုပ်လေဗျာ၊ အလတ်ကောင်မှ အလတ်ကောင်အစစ်၊ ဟောဒီမှာ ဦးဘသာကြီးတောင်ပါသေးတယ်ဗျ”

“မဖြစ်နိုင်ဘူး၊ ငါ့ညီအလတ်ကောင်က လှည်းထဲမှာကွ”

ကျုပ်လည်းအတော်အံ့သြသွားတယ်ဗျ၊ ဒါနဲ့လှည်းထဲကိုကြည့်လိုက်တော့ ကျုပ်မှကျုပ်ဗျာ၊ လှည်းကြမ်းခင်းပေါ်မှာ ခွေခွေကလေးအိပ်နေတာဗျ၊ ကျုပ်ဖြင့် ဘယ်လိုဖြစ်သွားမှန်းကိုမတွေးတတ်တော့ပါဘူးဗျာ။

“အကိုကြီး ကျုပ်ပြောတာယုံပါဗျာ၊ ကျုပ်က အလတ်ကောင်ပါ၊ အကိုကြီးရဲ့ညီအစစ်ပါ၊ အခုလှည်းပေါ်ရောက်နေတဲ့လူက အတု၊ အလတ်ကောင်အတုဗျ”

အကိုကြီးက ကြောင်စီစီနဲ့

“ကဲ ဒါဆိုငါမင်းကိုမေးမယ်၊ သုံးငါးလီဘယ်လောက်လဲကွာ”

ကျုပ်လည်းတွက်မလို့လုပ်နေတုန်း

“ဟေ့ကောင်တွက်မနေနဲ့၊ မြန်မြန်ဖြေ”

ဒါနဲ့ကျုပ်လည်း မတွက်တော့ဘဲ စိတ်မှန်းနဲ့

“နှစ်ဆယ်ဗျာ”

ကျုပ်ဖြေလိုက်တော့ အကိုကြီးက ကျုပ်ကိုကြည့်ရင်း လက်ထဲက ဓါးကိုချလိုက်တယ်ဗျ။

“အေးကွ၊ မင်းကအလတ်ကောင်အစစ်ပဲ၊ အလတ်ကောင်အစစ်က သင်္ချာညံ့တယ်ဟ၊ ဘယ်တော့မှ အလီမမှန်ဘူး”

ဦးဘသာက ကျုပ်တို့ညီအကိုနှစ်ယောက်ကိုပြုံးကြည့်နေရင်း

“မင်းတို့ညီအကိုတွေ မှတ်ထားပုံမှတ်ထားနည်းကလည်း အဆန်းပါလားကွာ၊ တစ်ယောက်ကလည်း သုံးငါလီကို နှစ်ဆယ်တဲ့”

ဦးဘသာက ခါးထောက်ပြီးတော့ ရယ်နေတော့တယ်၊ အကိုကြီးက လှည်းပေါ်ကလူကိုကြည့်ရင်း

“ဒါဆို ဒီကောင်ကဘာကောင်လဲကွ”

“နေပါအုံး၊ အကိုကြီးက ဘယ်လိုတွေ့ခဲ့တာလဲ”

“ဒီလိုကွ၊ မင်းမနေ့ညနေက ပြန်မလာလို့ ဘာများဖြစ်သလဲဆိုပြီးတော့ တန်းမြင့်ရွာကနေ လှည်းနဲ့လိုက်လာခဲ့တာ၊ ဒီရောက်တော့ မိုးအတော်ချုပ်ပြီးညည့်နက်နေပြီကွ၊ ဒါနဲ့ ဒီကုက္ကိုပင်ရိပ်မှာ လှည်းဖြုတ်ပြီးတစ်ညနားလိုက်တာပဲကွာ၊ ဒီနေ့မနက် မင်းကိုလိုက်ရှာမယ်လို့တွေးပြီး အိပ်ရာထလိုက်တော့ မင်းကငါ့လှည်းအနားကနေ ခပ်သုတ်သုတ်နဲ့ဖြတ်သွားသကွ၊ ငါလည်း မင်းကိုလိုက်ခေါ်တော့ မင်းက ငါ့ကိုမသိသလိုလိုနဲ့ ငါ့လက်ကိုပုတ်ချသွားသကွာ၊ ဒါနဲ့ငါလည်း ဒေါသထွက်ထွက်နဲ့မင်းရဲ့ဇက်ပိုးကို လှည်းဒေါက်ခွနဲ့အုပ်ထည့်လိုက်တာ မင်းမေ့သွားတယ်လေကွာ”

ဦးဘသာက သေသေချာချာကြည့်ပြီးတော့

“သေချာတယ်ဟေ့၊ ခင်ရီမှ ခင်ရီအစစ်ကွ”

ကျုပ်လည်းပြန်တွေးရင်း

“ဟုတ်မယ်ဗျ၊ ကြေးတိုက်ထဲမှာ အနီရောင်မီးခိုးလုံးတွေထွက်တဲ့အချိန် ကျုပ်ပုခုံးကိုလူတစ်ယောက်လာပုတ်သွားတယ်ဗျ၊ ဧကန္တခင်ရီက ကျုပ်ယောင်ဆောင်ပြီးထွက်ပြေးချင်လို့ ပုတ်သွားတာများလား”

“အစစ်ပေါ့၊ ကဲကွာ လက်စနဲ့လှည်းကိုမြို့ထဲမောင်းခဲ့၊ ခင်ရီကို ကြီးကြပ်သူတွေဆီ အပ်ရအောင်ဟေ့”

ကျုပ်တို့ပြောတာကို အကိုကြီးက ပါးစပ်အဟောင်းသားနဲ့ထိုင်ကြည့်နေသဗျ၊

“နေပါအုံး၊ ခင်ရီကဘယ်သူလဲ၊ ပြီးတော့ ကြီးကြပ်သူဆိုတာကရော”

ကျုပ်နဲ့ဦးဘသာလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့

“တခြား မဟုတ်ပါဘူးအကိုကြီးရာ၊ ခင်ရီက ရုပ်ပြောင်းရုပ်လွှဲဝိဇ္ဇာဗျ၊ ရုပ်ဖျက်ပြီးတော့ လူတွေကိုလိုက်လိမ်စားနေတာ၊ အခုလူလိမ်ပေါ်ပြီဆိုတော့ ရဲလက်အပ်ရမှာပေါ့ဗျာ။

ကျုပ်တို့လည်း လှည်းနဲ့မြိုင်သာထဲပြန်ဝင်ခဲ့တယ်၊ ကြီးကြပ်သူတွေလာခေါ်သွားတဲ့အထိ ခင်ရီက မနိုးသေးဘူးဗျာ၊ အကိုကြီးလက်ဆတယ်ပြင်းပုံရသဗျ၊ မြို့ထဲကပြန်မယ်လုပ်တော့ အကိုကြီးက

“ဟေ့အလတ်ကောင်၊ ငါမှာတဲ့ မြခြူးဆေးလိပ်ဝယ်ပြီးပြီလား”

“ဟာ၊ ဟုတ်ပဗျာ၊ အခုမှသတိရတယ်”

ဒါနဲ့ မြခြူးဆေးလိပ်ဆိုင်မှာ ဆေးလိပ်ဝင်ဝယ်ကြတာပေါ့ဗျာ၊ ခင်ရီတစ်ဖြစ်လဲ ကျုပ်ငမ်းခဲ့ရတဲ့ ကောင်မလေးကိုတော့ မတွေ့တော့ဘူးဗျ၊ အလိပ်ငါးဆယ်ပါတဲ့ ဆေးလိပ်တစ်စည်းဆွဲပြီးတာနဲ့ ကျုပ်တို့လည်း လှည်းနဲ့ပြန်ခဲ့ကြတာပေါ့ဗျာ။

“မင်းတို့ဘာဖြစ်လို့နောက်ကျနေတာလဲကွ”

“မပြောတတ်တော့ပါဘူး အကိုကြီးရာ”

“အစည်းအဝေးကရောဘယ်လိုလဲ၊ ဘာတွေစည်းဝေးကြတာလဲ၊ အစည်းအဝေးမှာပြောတဲ့ဟာတွေကို အဖေပြောတဲ့အတိုင်း သေသေချာချာရေးမှတ်လာသလားကွ”

ကျုပ်လည်း အကိုကြီးမေးတာတွေကို မဖြေနိုင်တော့တာနဲ့ လှည်းပေါ်အိပ်လှဲချလိုက်ပြီးတော့

“ဝှါး၊ အိပ်ချင်လိုက်တာအကိုကြီးရာ၊ တစ်ညလုံးလည်း မအိပ်ရသေးဘူးဗျ”

“ဟင်၊ တစ်ညလုံးမအိပ်ရအောင် မင်းတို့ကဘာလုပ်နေလို့လဲကွ”

ဦးဘသာက ရယ်ကျဲကျဲနဲ့

“ဘာမှမဟုတ်ပါဘူးကွာ၊ မြိုင်သာမြို့စွန် ချောင်းဝဘက်က အလှူပွဲမှာ ဆိုင်းကလည်းကောင်း၊ မင်းသမီးကလည်း ချောတယ်ဆိုတာနဲ့ ငါနဲ့အလတ်ကောင်နဲ့မိုးလင်းပေါက်ကြည့်မိတယ်ဆိုပါတော့ကွာ”

“ဟာ၊ လုပ်ရက်လိုက်တာကွာ၊ ငါကတော့ မင်းတို့မလာလို့ဘာများဖြစ်သလဲဆိုပြီး စိုးရိမ်မိလို့ မြိုင်သာအထိ လှည်းနဲ့လိုက်လာခဲ့တာကွ၊ နေအုံး၊ အိမ်ရောက်တော့မှ မင်းနဲ့ငါနဲ့တွေ့မယ်အလတ်ကောင်”

ကျုပ်လည်း အကိုကြီးပြောတာတွေကို နားထောင်နေရင်း မျက်ခွံတွေလေးလာပြီးတော့ အိပ်ချင်လာတယ်။

“ဦးဘသာ၊ လှည်းကဆောင့်တော့ ဒီတိုင်းအိပ်ရတာ ခေါင်းနာတယ်ဗျာ၊ ဦးဘသာရဲ့ပေါင်ပေါ်မှာ ခေါင်းအုံးအိပ်ချင်တယ် ရမလား”

ဦးဘသာက ရယ်မောရင်း

“ရပါတယ်ကွာ၊ အိပ်စမ်းပါကွ၊ အလတ်ကောင်ကတော့ လှည်းစီးရင်းတောင်မှ ဇိမ်ခံချင်တဲ့ကောင်ပါလားကွ”

ကျုပ်လည်း ဦးဘသာပေါင်ပေါ်ခေါင်းတင်ပြီး အိပ်ရင်းလိုက်လာခဲ့တော့တယ်၊ အရင်ကလည်း ဦးဘသာနဲ့ရင်းနှီးတယ်ဆိုပေမယ့် အခုတော့ ဦးဘသာက ကျုပ်ဘကြီးဆိုတာသိလိုက်ရတဲ့အချိန်မှာ ပိုပြီးနွေးထွေးတဲ့ ခံစားမှုလေးတစ်ခုကို ခံစားလိုက်ရသလိုပဲဗျ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီး ဦးဘသာႏွင့္ ၿမိဳင္သာရွာပုံေတာ္”(စ/ဆုံး)
————————————————————————
အပိုင္း(၅)ဇာတ္သိမ္း

(၁၄)

႐ုံးေတာ္ထဲကေန က်ဳပ္တို႔ကိုေလွ်ာက္လမ္းႀကီးတစ္ခုအတိုင္းေခၚသြားၾကတယ္၊ ႐ုံးခန္းေတြကိုျဖတ္လို႔အၿပီးမွာေတာ့ ေလွ်ာက္လမ္းအဆုံးက တံခါးတစ္ခ်ပ္ေရွ႕မွာရပ္လိုက္ၾကတယ္ဗ်၊ တံခါးက ကြၽန္းတံခါးႀကီးဗ်ာ၊ အဲဒီတံခါးရဲ႕အေရွ႕မွာလည္း သံပန္းသံတိုင္ေတြနဲ႔ ေနာက္ထပ္တံခါးတစ္ထပ္ရွိေသးတယ္ဗ်၊ အေရွ႕ကသြားတဲ့လူေတြက တံခါးကိုဖြင့္လိုက္ၿပီးေတာ့ ဆင္းသြားၾကသဗ်ာ၊ တံခါးအေနာက္မွာေတာ့ ေအာက္ဘက္ကိုဆင္းတဲ့ ေလွကားထစ္တစ္ခုရွိတယ္၊ ေလွကားထစ္အတိုင္းဆင္းသြားၿပီး ေမွာင္မဲေနတဲ့ေလွ်ာက္လမ္းႀကီးအတိုင္း ဆက္ေလွ်ာက္ရတယ္ဗ်၊ ေလွ်ာက္လမ္းထဲမွာေတာ့ ႂကြက္ေတြေတြ႕ရသလို၊ ေလွ်ာက္လမ္းအမိုးေပၚမွာ တြဲေလာင္းဆြဲေနတဲ့ လင္းႏို႔ေတြကိုလည္းေတြ႕ရေသးတယ္၊ က်ဳပ္တို႔ဝင္လာေတာ့ ဒီအေကာင္ေတြက အသံေပးၿပီး ပ်ံသန္းေနၾကပါေရာဗ်ာ။

ေလွ်ာက္လမ္းအဆုံးကိုေရာက္သြားတဲ့အခါမွ တံခါးႀကီးတစ္ခ်ပ္ကိုေတြ႕လိုက္ရတယ္ဗ်၊ တံခါးႀကီးက ဖုန္ေတြတက္၊ ပင့္ကူမွ်င္ေတြတက္ေနလို႔ေပါ့ဗ်ာ၊ ႀကီးၾကပ္သူတစ္ေယာက္က တံခါးမွာတပ္ေနတဲ့ ပင့္ကူမွ်င္ေတြကို ဖယ္ရွားလိုက္တယ္၊ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူက တံခါးအေရွ႕ကိုရပ္လိုက္ၿပီးေတာ့ ေသာ့တြဲတစ္ခုကိုထုတ္လိုက္သဗ်၊ အဲဒီေသာ့တြဲထဲကေန တစ္ထြာေလာက္ရွိမယ့္ အႀကီးဆုံးေသာ့ႀကီးတစ္ေခ်ာင္းကို ယူလိုက္ၿပီးေတာ့ တံခါးက ေသာ့ေပါက္ထဲကိုထိုးထည့္ၿပီး လွည့္ဖြင့္လိုက္တယ္။

ဂ်ိန္းခနဲအသံႀကီးနဲ႔အတူ တံခါးႀကီးပြင့္ထြက္သြားၿပီးေတာ့ အထဲကေနေလေတြထြက္လာေတာ့တာပဲဗ်ာ၊ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူအျပင္ ေနာက္ထပ္လူႏွစ္ေယာက္ေလာက္က တံခါးႀကီးကိုေျခကန္ၿပီး အားကုန္ဆြဲရသဗ်၊ ဒီေတာ့မွ တံခါးႀကီးက ျဖည္းျဖည္းခ်င္းပြင့္ေတာ့တာ၊ တံခါးအထူက လက္ငါးလုံးစာေလာက္ေတာင္ရွိတယ္ဗ်၊ တံခါးကိုလည္းသံနဲ႔မဟုတ္ဘဲ ေၾကးဝါနဲ႔လုပ္ထားတာဗ်၊ အခန္းထဲမွာေတာ့ ေ႐ႊေရာင္လိုအလင္းေရာင္ေတြဝင္းလက္ေနတယ္။ အားလုံးဝင္သြားေတာ့ က်ဳပ္လည္းလိုက္ဝင္ရတယ္ဗ်။

“ေၾကးတိုက္ဆိုတာ ဒါႀကီးလားဟင္”

က်ဳပ္ေမးလိုက္ေတာ့ ေဘးနားက ေဗဒါရီက ေခါင္းညိတ္ၿပီးေတာ့

“ဒါေပါ့ရွင္၊ ေၾကးတိုက္ဆိုတာ ဘယ္လိုစုန္းကေဝမ်ိဳးမွ အဝင္အထြက္လုပ္လို႔မရေအာင္ စီရင္ထားတဲ့ေနရာေပါ့ရွင္”

က်ဳပ္လည္း တအံ့တၾသနဲ႔လိုက္ၾကည့္ေနမိတယ္ဗ်၊ အမိုးမ်က္ႏွာက်က္ကလည္း ေပႏွစ္ဆယ္ေလာက္နီးနိးကိုျမင့္တာဗ်ာ၊ အမိုးအလယ္ေလာက္မွာေတာ့ အလင္းလုံးႀကီးတစ္ခုကထိန္လင္းေနသဗ်၊ ေၾကးတိုက္က ေပငါးဆယ္ပတ္လယ္ေလာက္ က်ယ္မယ္ထင္တာပါပဲ၊ ေလးဖက္ေလးတန္စလုံးေရာ၊ ၾကမ္းျပင္နဲ႔ မ်က္ႏွာက်က္ေတြမွာေရာ ေၾကးျပားေတြနဲ႔ကာထားတာဗ်၊ ေၾကးျပားေတြက ေခ်ာမြတ္ၿပီးေတာ့ မွန္ေတြလိုဝင္းလက္ေနတယ္၊ ဘယ္ေလာက္ေတာင္ေခ်ာသလဲဆိုရင္က်ဳပ္တို႔ကိုယ္က်ဳပ္တို႔ ျပန္ျမင္ေနရတယ္ဗ်ာ။

အဲဒီေၾကးတိုက္ႀကီးရဲ႕အလယ္တည့္္တည့္မွာေတာ့ ေၾကးနဲ႔လုပ္ထားတဲ့ ေခါင္းတလားႀကီးတစ္လုံးရွိသဗ်၊ ေခါင္းတလားႀကီးက လူတစ္ေယာက္ပုံစံလိုပဲ ျပဳလုပ္ထားတယ္၊ ဦးဘသာကို သယ္မၿပီးေတာ့ အဲဒီေခါင္းတလားထဲကို သြားၿပီးထည့္လိုက္ၾကတယ္ဗ်ာ။ ေခါင္းတလားဆိုေပမယ့္လည္း ပုံစံကေတာ့ ေသတၱာတစ္လုံးနဲ႔တူတယ္၊ ဦးဘသာကိုထည့္ၿပီးတာနဲ႔ ပတၱာတပ္ထားတဲ့ ေခါင္းတလားအဖုံးႀကီးကို ျပန္ပိတ္တယ္၊ ေၾကးေသာ့ကိုအထက္ေအာက္သုံးခ်က္တိတိခတ္ၿပီးေတာ့ ပိတ္လိုက္တယ္ဗ်၊ အဲဒီေခါင္းတလားႀကီးရဲ႕ မ်က္ႏွာေနရာေလာက္မွာေတာ့ အေပါက္ေဖာက္ထားသဗ်ာ၊ အဲဒီေနရာကေန ဦးဘသာကိုမ်က္ႏွာကိုျမင္ေနရတယ္ဗ်၊ ေခါင္းတလားထဲကို ထည့္ၿပီးတာနဲ႔ ေခါင္းတလားႀကီးကိုမတ္တပ္ျဖစ္ေအာင္ေထာင္ထားလိုက္တယ္။ ေၾကးေခါင္းတလားႀကီးရဲ႕ ရင္ၫြန႔္ေနရာေလာက္မွာေတာ့ က်ပ္ျပားဝိုင္းေလာက္ အေပါက္တစ္ခုရွိသဗ်။

“ဦးဘသာ အဆင္ေျပရဲ႕လားဗ်ာ”

က်ဳပ္ကေျပးၿပီးေမးလိုက္တယ္၊ ဦးဘသာက

“ေအးေျပပါတယ္ကြာ”

ေဗဒါရီကလည္း

“ေနရထိုင္ရ အဆင္မေျပျဖစ္ရင္ေျပာေနာ္ဦးေလး”

“ေၾကးတိုက္ဆိုေတာ့လည္း အျပင္နဲ႔ေတာ့ ဘယ္တူမွာလဲတူမႀကီးရာ၊ ဒီလိုပဲေပါ့”

“ဒါနဲ႔ ဒီရင္ဘတ္က အေပါက္ကေလးက ဘာလုပ္တာလဲဗ်”

“အဲဒါက စုန္းေတြကိုသတ္တဲ့အေပါက္ေပါ့၊ ေၾကးေခါင္းတလားထဲခ်ဳပ္ထားရင္း စုန္းေတြကိုသတ္မယ္ဆိုရင္ အဲဒီအေပါက္ကေနၿပီးေတာ့ စို႔သြင္းထိုးစိုက္ၿပီးေတာ့ သတ္ရတယ္”

ေဗဒါရီေျပာေတာ့ က်ဳပ္ေတာင္မွေၾကာက္သြားတယ္ဗ်ာ။

ဒီအခ်ိန္မွာပဲ အခန္းထဲကို ပုပုကြကြနဲ႔လူက ဝင္လာသဗ်၊ သူကေခါင္းညိတ္ျပလိုက္ေတာ့ ႀကီးၾကပ္သူေတြအကုန္လုံးျပန္ထြက္သြားၾကတယ္၊ အခန္းထဲမွာ က်ဳပ္ရယ္၊ ေဗဒါရီရယ္၊ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူရယ္၊ ခုနကမွဝင္လာတဲ့ ႀကီးၾကပ္ေရးမႉးလို႔ေခၚတဲ့ ေမာင္ေကာင္းဆိုတာရယ္ပဲက်န္ခဲ့တယ္၊ ဦးဘသာႀကီးကေတာ့ ေခါင္းတလားႀကီးထဲ ခ်ဳပ္ထားလွ်က္သားေပါ့ဗ်ာ။

ေၾကးတိုက္တံခါးႀကီးက ဂ်ိန္းခနဲပိတ္သြားေတာ့ က်ဳပ္ျဖင့္လန႔္သြားတာပဲဗ်ာ၊ ပတ္ပတ္လည္အလုံပိတ္ထားတဲ့အခန္းႀကီးထဲ ေရာက္ေနတယ္ဆိုတဲ့အသိကပဲ က်ဳပ္ကိုေျခာက္လွန႔္ေနတယ္ဗ်၊ က်ဳပ္လည္း ေဗဒါရီကိုၾကည့္လိုက္ရင္း

“က်ဳပ္တို႔ပါအထဲမွာေနရမွာလားဗ်ာ၊ ဒါနဲ႔ခုနက ေျပာေတာ့ ဦးဘသာအဆင္ေျပတယ္ဆိုရင္ က်ဳပ္တို႔ကထြက္ရမွာဆို”

ေဗဒါရီက က်ဳပ္ကိုလွည့္ၾကည့္ရင္း

“ရွင္တို႔ႏွစ္ေယာက္က ဒီထဲမွာမေနရပါဘူး၊ ဒီထဲမွာေသရမွာ”

ေဗဒါရီက က်ဳပ္ကိုေျပာၿပီးတာနဲ႔ က်ဳပ္ရင္ဘတ္ကို သူ႔လက္နဲ႔တြန္းထည့္လိုက္တယ္ဗ်၊ က်ဳပ္လည္းအေနာက္ကိုလြင့္ထြက္သြားၿပီးေတာ့ ခပ္လွမ္းလွမ္းကိုဖင္ထိုင္က်သြားေတာ့တာေပါ့ဗ်ာ၊ ဦးဘသာက ေအာ္တယ္ဗ်။

“ေဟ့၊ မင္းတို႔ဘာလုပ္ၾကတာလဲ၊ အလတ္ေကာင္ကိုမထိနဲ႔”

ေဗဒါရီက ဦးဘသာကိုလွည့္ၾကည့္ၿပီးေတာ့

“ထိ႐ုံတင္မကဘူး၊ ဒီလိုလူရႈပ္လူေပြကို သတ္မလို႔ရွင့္”

ေဗဒါရီက လက္ဝါးကိုျဖန႔္လိုက္ေတာ့ သူ႔လက္ညႇိဳးနဲ႔လက္သူႂကြယ္ၾကားထဲမွာ ေငြအပ္ကေလးတစ္စင္းက ဝင္းလက္ေနသဗ်ာ၊ အဲဒီေငြအပ္ကိုင္ထားတဲ့ သူ႔အေနာက္မွာေၾကာင္အမ္းအမ္းနဲ႔ရပ္ေနတဲ့ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူရဲ႕ နဖူးကိုလွည့္ၿပီး႐ိုက္ထည့္လိုက္တာပဲဗ်ာ၊ ေျဖာင္းခနဲအသံႀကီးျမည္သြားၿပီးေတာ့ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူက အေနာက္ကိုပက္လက္လန္ၿပီးေတာ့ ဆန႔္ဆန႔္ႀကီးလဲက်သြားသဗ်ာ။ က်ဳပ္လည္း ေဗဒါရီကိုလက္ညႇိဳးထိုးၿပီးေတာ့

“မင္း၊ လတ္စသတ္ေတာ့ မင္းက လူသတ္သမားပဲ၊ ဒီလူေတြကို မင္းကလိုက္သတ္ေနခဲ့တာပဲ ေဗဒါရီ”

ေဗဒါရီက ဟက္ဟက္ပက္ပက္ရယ္ေမာလိုက္ၿပီးေတာ့

“ကြၽန္မနာမည္ကလည္း ေဗဒါရီမဟုတ္ပါဘူးရွင္၊ ကြၽန္မနာမည္ ခင္ရီပါ”

“ဘာေတြလဲဗ်ာ၊ ဘာေတြျဖစ္ကုန္တာလဲ”

ဒီအခါ ပုပုကြကြနဲ႔ ေမာင္ေကာင္းက ရယ္ေမာရင္း

“ခင္ဗ်ားတို႔ က်ဳပ္တို႔ရဲ႕လွည့္ကြက္ထဲကို ဝင္ခဲ့ၾကတာပဲဗ်ာ”

ဒီလူက စကားကိုမပီမသနဲ႔ေျပာတယ္ဗ်၊ က်ဳပ္လည္းထူးဆန္းသြားၿပီးေတာ့

“ကိုဂ်ပု ခင္ဗ်ားပါးစပ္ကဘာျဖစ္တာလဲ”

က်ဳပ္ေျပာလိုက္ေတာ့ ေမာင္ေကာင္းက သူ႔ပါးစပ္ကိုဟျပတယ္ဗ်၊ သူ႔သြားေတြက်ိဳးေနတာ ျမင္မေကာင္းဘူးဗ်ာ၊ အေရွ႕သြားေတြေရာ၊ သြားစြယ္ေတြေရာ က်ိဳးေနပါလားဗ်။

“ငါ့ကိုမင္းလုပ္တာ”

ေဗဒါရီက

“ရွင္ေျပာမေနပါနဲ႔ ကိုေကာင္းရယ္၊ ပါးစပ္ထိထားေတာ့ ပင္ပန္းေနပါအုံးမယ္”

က်ဳပ္လည္း ဒီေတာ့မွစဥ္းစားမိတယ္ဗ်၊ သြားထိတာဆိုေတာ့ ဒီလူက က်ဳပ္ေက်ာက္ခဲနဲ႔ပစ္ထည့္လိုက္တဲ့လူမ်ားလား၊ ဦးဘသာဆီကေန အစြမ္းေတြစုပ္ယူေနတဲ့အခ်ိန္ က်ဳပ္ေက်ာက္ခဲနဲ႔ပါးစပ္ကိုတည့္တည့္ပစ္ထည့္လိုက္တာေလဗ်ာ။

“ဟာ၊ ဒါဆို ခင္ဗ်ားက ကုန္းသာရပ္ကြက္မွာ က်ဳပ္နဲ႔ဦးဘသာနဲ႔ကို တိုက္ခိုက္ခဲ့တဲ့လူေပါ့”

ဒီလူက ၿပဳံးရင္းၾကည့္တယ္ဗ်၊ ေနာက္ေတာ့မွ သြားနာသြားလို႔ထင္တယ္၊ သူ႔ပါးစပ္ကိုလက္နဲ႔အုပ္ထားတယ္။ ဦးဘသာက ေဒါသတႀကီးနဲ႔မ်က္ေမွာင္ၾကဳတ္ၿပီးေတာ့

“လတ္စသတ္ေတာ့ မင္းတို႔ငါ့ကို ေခ်ာက္ခ်တာပဲ၊ ေဟ့ေကာင္ေတြ မင္းတို႔ဘာျဖစ္လို႔ ငါ့ကိုလုပ္ရတာလဲကြာ”

ေဗဒါရီက ဦးဘသာအနားကိုတိုးကပ္သြားၿပီးေတာ့

“ေျပာျပမယ္၊ ရွင္တို႔ငတုံးေတြသိေအာင္ ေျပာျပရအုံးမယ္ရွင့္”

(၁၅)

ေဗဒါရီတစ္ျဖစ္လဲ ခင္ရီက စၿပီးေျပာျပတယ္ဗ်။

“ေဟာဒါကေတာ့ ကိုေကာင္းလို႔ေခၚတယ္၊ ကိုေကာင္းရဲ႕အေဖက ဦးေကာင္းမြန္လို႔ေခၚတယ္၊ ဦးေကာင္းမြန္က အဂၢိရတ္လမ္းစဥ္ကေနၿပီး ထြက္ရပ္လမ္းစဥ္ကိုလိုက္ေနတဲ့ လူတစ္ေယာက္ေပါ့၊ တစ္ေန႔ေတာ့ ဦးေကာင္းက ျပဒါးကိုသတ္ရင္းနဲ႔ ျပဒါးကမေသဘဲ အရွင္ျဖစ္သြားခဲ့ရာကေန ျပဒါးရွင္လုံးတစ္လုံးကိုရရွိခဲ့တယ္၊ သူ႔ရဲ႕ေအာင္ျမင္မႈကို အစြဲျပဳၿပီးေတာ့ ဦးေကာင္းကိုလူေတြက ျပဒါးရွင္ဘိုးေတာ္လို႔ပဲေခၚၾကေတာ့တယ္”

က်ဳပ္နဲ႔ဦးဘသာလည္း တစ္ၿပိဳင္နက္တည္း “ေဟ” ဆိုၿပီးေရ႐ြတ္လိုက္မိတယ္ဗ်။

“ဒါဆိုရင္ ျပဒါးရွင္ဘိုးေတာ္ရဲ႕သားက အခုကိုေကာင္းေပါ့၊ ဒါဆို ခင္ဗ်ားက ေဒၚပ်င္းႀကီးကိုလက္စားေခ်ဖို႔လာတာလား”

ေမာင္ေကာင္းက ေခါင္းညိတ္ျပတယ္ဗ်။

“ေဒၚပ်င္းကိုလက္စားေခ်ဖို႔ႀကိဳးစားခဲ့ေပမယ့္ ေဒၚပ်င္းက ေသသြားၿပီမဟုတ္လား၊ ဒါနဲ႔ သူ႔ရဲ႕သားျဖစ္တဲ့ ဦးသာစံကိုပဲ လက္စားေခ်ရမယ္လို႔ေတြးတယ္၊ ၿပီးေတာ့တစ္ခါတည္း အေဖ့ရဲ႕အေမြပစၥည္းျဖစ္တဲ့ ျပဒါးရွင္လုံးကို ျပန္ရေအာင္ယူမယ္ဆိုတဲ့အႀကံအစည္နဲ႔ေပါ့ရွင္”

ဦးဘသာက

“မင္းအေဖက အထက္လမ္းလိုက္တဲ့လူေကာင္းသူေကာင္းဆိုေပမယ့္ မင္းကေတာ့ ေအာက္လမ္းစုန္းကေဝလမ္းမွားကို လိုက္ခဲ့တာပဲ ေမာင္ေကာင္း”

ေမာင္ေကာင္းက ဦးဘသာကိုၾကည့္ရင္း

“က်ဳပ္အေဖတတ္တဲ့ပညာက ခင္ဗ်ားအေမတတ္တဲ့ပညာေလာက္မစြမ္းဘူးဆိုတာကို က်ဳပ္သိၿပီးတဲ့ေနာက္မွာ၊ က်ဳပ္က ပိုစြမ္းတဲ့နည္းလမ္းကိုေ႐ြးခ်ယ္ခဲ့တယ္၊ က်ဳပ္အေဖပိုင္ဆိုင္ခဲ့တဲ့ပစၥည္းကို ကေဝေတြလက္ထဲကေန ျပန္ယူမယ္၊ ေနာက္ၿပီးေတာ့ က်ဳပ္အေဖကို ရႈံးနိမ့္ေအာင္လုပ္ခဲ့တယ္ ခင္ဗ်ားအေမရဲ႕ကိုယ္စား ခင္ဗ်ားကိုလည္း ျပန္ၿပီးလက္စားေခ်ရမယ္ဆိုၿပီး ဆုံးျဖတ္ခဲ့တယ္”

ဦးဘသာက

“ဒါေပမယ့္ေမာင္ေကာင္း၊ မင္းညေနက သုံးခဲ့တဲ့ အတတ္က ကေဝေတြတတ္အပ္တဲ့အတတ္တစ္ခုမဟုတ္ဘူးကြ၊ မင္းအဲဒီအတတ္ကိုဘယ္ကရသလဲ”

“က်ဳပ္က ကေဝေတြထက္စြမ္းတဲ့ ကေဝရွင္ဗ်”

ေမာင္ေကာင္းက သူ႔ကိုယ္သူလက္ညႇိဳးထိုးၿပီးေျပာလိုက္တဲ့အခါမွာ ဦးဘသာက အထူးအဆန္းျဖစ္သြားတယ္ဗ်၊ က်ဳပ္လည္း သူ႔ကိုၾကည့္ၿပီး

“ကေဝရွင္ဆိုတာ ဘာလဲဗ်”

ဦးဘသာက ၾကားျဖတ္ဝင္ေျဖတယ္။

“ကေဝရွင္ဆိုတာ ကေဝေတြကို လိုက္လံႏွိမ္နင္းဖမ္းဆီးတဲ့လူေတြေပါ့ကြာ၊ ဒါေပမယ့္ ကေဝရွင္ေတြက အခုထိရွိေရာ ရွိေသးလို႔လား”

“ရွိတာေပါ့ ဦးသာစံရာ၊ ရွိလို႔ပဲ ခင္ဗ်ားေရွ႕မွာ မတ္တပ္ရပ္ေနၿပီမဟုတ္လား”

“ဒါေပမယ့္ ငါ့ပုံစံလုပ္ၿပီး ေယာင္ေဆာင္တာ မင္းမဟုတ္ေလာက္ဘူး”

ဒီအခါ ခင္ရီက ၿပဳံးရယ္ၿပီးေတာ့

“အဲဒါကေတာ့ ကြၽန္မအစြမ္းေပါ့ရွင္”

ခင္ရီက ေျပာဆိုရင္း သူ႔နဖူးကိုသူလက္နဲ႔သုံးေလးခ်က္ပြတ္လိုက္တယ္ဗ်၊ ဒီအခါ သူ႔မ်က္ႏွာႀကီးကတျဖည္းျဖည္းေျပာင္းလဲလာၿပီးေတာ့ ေနာက္ဆုံးေတာ့ ဦးဘသာပုံစံႀကီးျဖစ္သြားသဗ်ာ၊ ဝတ္ထားတဲ့အဝတ္အစားကအစ ဦးဘသာပုံစံနဲ႔ခြၽတ္စြပ္ပဲဗ်။ က်ဳပ္လည္းၾကည့္ရင္း အေတာ္အံ့ၾသေနတာ။

“ဟာ၊ တူလိုက္တာဗ်ာ၊ ဦးဘသာနဲ႔တစ္ပုံစံထဲပဲဗ်”

ဦးဘသာတစ္ျဖစ္လဲ ခင္ရီက က်ဳပ္ကိုၿပဳံးျပၿပီးေတာ့

“ဘယ္လိုလဲအလတ္ေကာင္၊ ငါ့ကိုမွတ္မိရဲ႕လားကြ”

အသံအေနအထားကအစ ဦးဘသာအသံပဲဗ်ာ၊ က်ဳပ္ျဖင့္အံ့ၾသေနမိတာ။

“ဘယ္လိုလုပ္ၿပီးေတာ့၊ ခင္ဗ်ားတို႔ဘယ္လိုလုပ္ၿပီးေတာ့ ဒီလိုလုပ္တတ္တာလဲဗ်ာ”

ဒီအခါ ေၾကးေခါင္းတလားထဲေရာက္ေနတဲ့ဦးဘသာက

“ဒါေၾကာင့္ကိုးကြ”

ဆိုၿပီးထေရ႐ြတ္တယ္၊ က်ဳပ္လည္းသိခ်င္တာနဲ႔

“ဦးဘသာ၊ ဘယ္လိုျဖစ္ရတာလဲဗ်ာ”

“ဘယ္လိုျဖစ္ရမလဲကြ၊ ငါ့အထင္ ဒီေကာင္မေလးက သူေယာင္စုန္းျဖစ္မယ္ထင္တယ္၊ စုန္းမ်ိဳးကိုးဆယ့္ကိုးမ်ိဳးထဲမွာမွ သူေယာင္စုန္းဆိုတာ အရွားပါးဆုံးပဲကြ၊ သူေယာင္စုန္းဆိုတာ ကိုယ္အလိုရွိတဲ့လူပုံစံကို အမ်ိဳးမ်ိဳးေျပာင္းလဲဖန္တီးႏိုင္တယ္ဆိုပဲကြ”

ဒီအခါ ခင္ရီဖန္တီးထားတဲ့ ဦးဘသာက တဟားဟားနဲ႔ရယ္ေမာၿပီးေတာ့

“ဒါေပါ့ရွင္၊ ဦးသာစံကေတာ့ ကြၽန္မတို႔ၾကားဖူးထားတဲ့အတိုင္း အသိပညာဗဟုသုတနဲ႔ ျပည့္စုံပါေပတယ္”

“ဒါေပမယ့္ သူေယာင္စုန္းေတြက သူတို႔ဖန္ဆင္းခ်င္တဲ့လူရဲ႕ပုံကိုရဖို႔ အဲဒီလူကိုယ္တိုင္က လိုလိုလားလားေပးလိုက္တဲ့ ပစၥည္းတစ္ခုခုလိုတယ္မဟုတ္လား”

ဦးဘသာေမးလိုက္ေတာ့ ခင္ရီက ခပ္ၿပဳံးၿပဳံးနဲ႔

“ဦးသာစံ ဒီကိုလာဖို႔ လိုင္းကားစီးတာမွတ္မိသလား”

မွတ္မိတာေပါ့ဗ်ာ၊ ၿမိဳင္သာမွာ ကားျပင္ဖို႔လာတဲ့ကားႀကီးနဲ႔ က်ဳပ္နဲ႔ဦးဘသာ ေခ်ာင္ေခ်ာင္ခ်ိခ်ိစီးခဲ့ရတာေလဗ်ာ၊ ဦးဘသာက ခင္ရီေျပာၿပီးေတာ့ တစ္ခ်က္စဥ္းစားရင္း

“ဒါေၾကာင့္ကိုးကြ၊ လတ္စသတ္ေတာ့ ငါ့ဆီက တစ္မတ္ေစ့ႏွစ္ေစ့မရမကေတာင္းတာ မင္းကိုး၊ အလတ္ေကာင္ မင္းမွတ္မိလား၊ ကားခကို တစ္မတ္ေစ့ႏွစ္ေစ့ေတာင္းတာေလကြာ၊ မင္းက အေႂကြေစ့ရွာေနတုန္း ငါ့ဆီက အေႂကြေစ့ကိုေပးလိုက္တာေလ”

“ဟုတ္ၿပီဗ်ိဳ႕၊ မွတ္မိၿပီ၊ ဒါဆို အဲဒီစပယ္ယာဆိုတာက . . .”

“ကြၽန္မပါပဲရွင္၊ ဟင္း၊ ဟင္း”

က်ဳပ္လည္း ေတာ္ေတာ္ေဒါသထြက္လာတယ္ဗ်၊ ဦးဘသာကေတာ့ ဆက္ေမးတယ္။

“ဒါဆို မယ္ႏွင္းကိုသတ္တာမင္းေပါ့”

“ဟုတ္ပါတယ္၊ ဦးသာစံပုံစံလုပ္ၿပီး မယ္ႏွင္းကိုသတ္လိုက္တာ ကြၽန္မပါပဲ”

“ဒါေၾကာင့္ကိုး၊ ဒါေၾကာင့္အားလုံးက ငါလုပ္တယ္ဆိုၿပီးေျပာၾကတာကိုး”

က်ဳပ္လည္းထၿပီးေတာ့

“ေနပါအုံး၊ မယ္ႏွင္းကိုသတ္တာကေနာက္ေန႔မဟုတ္လား၊ က်ဳပ္လက္ေဆာင္ဝယ္လာတဲ့ ေဆးလိပ္စည္းထဲကို ျပဒါးရွင္လုံးေရာက္ေနတာကေရာဗ်ာ”

ေမာင္ေကာင္းက ၿပဳံးရင္း

“ဒီေလာက္လုံၿခဳံေရးေတြ အထပ္ထပ္ခ်ထားတဲ့ ေငြတိုက္ထဲကို ဝင္ႏိုင္တာငါေပါ့ကြာ၊ ငါက ျပဒါးရွင္လုံးကိုယူၿပီးေတာ့ ျမျခဴးေဆးလိပ္အစည္းထဲထည့္ထားလိုက္တာကြ”

က်ဳပ္လည္း ခင္ရီကိုၾကည့္ၿပီးေတာ့

“က်ဳပ္သိၿပီ၊ ေဆးလိပ္ခုံက မိန္းကေလးက ခင္ဗ်ားမဟုတ္လား၊ က်ဳပ္ကိုေဆးလိပ္စည္းေပးလိုက္တာလဲ ခင္ဗ်ားပဲေလဗ်ာ”

ခင္ရီက ေခါင္းပဲညိတ္ျပတယ္။

“ဒါေၾကာင့္မို႔ေပါ့ဗ်ာ၊ ေဗဒါရီကိုေတြ႕တုန္းက က်ဳပ္ေတြ႕ဖူးပါတယ္လို႔ ေျပာတယ္မဟုတ္လား၊ ခင္ဗ်ားက ေျဗာင္ျငင္းလႊတ္ေနလို႔သာေပါ့”

“ဒါေၾကာင့္ရွင့္ကိုပါ ႏႈတ္ပိတ္ပစ္ဖို႔စဥ္းစားလိုက္တာေပါ့ရွင္”

ခင္ရီစကားၾကားေတာ့ က်ဳပ္ေက်ာခ်မ္းသြားတယ္ဗ်။

“အစကေတာ့ ရွင့္ကိုလႊတ္ေပးမလို႔ဘဲ၊ ဒါေပမယ့္ ရွင့္ကေတာ္ေတာ္မ်ားမ်ားကိုမွတ္မိေနတယ္၊ ဘူးေပါက္တစ္ရာကို ပိတ္ဖို႔လြယ္ေပမယ့္ လူ႔ပါးစပ္တစ္ေပါက္ကိုပိတ္ဖို႔မလြယ္ဘူးမဟုတ္လား၊ ဒါေၾကာင့္ ရွင့္ကိုပါသတ္ရေတာ့မွာပဲ”

ဦးဘသာက အံႀကိတ္ရင္း

“ဒါဆို ရာဂ်တ္ကိုသတ္တာလည္းမင္းေပါ့”

“အမွန္ေပါ့ရွင္၊ ရာဂ်တ္ကိုသတ္ၿပီးေတာ့ ရာဂ်တ္ကၫႊန္လိုက္တဲ့ ေရွ႕ေန ေဒၚေဗဒါရီကို သတ္လိုက္တာလည္း ကြၽန္မပါပဲ”

ဦးဘသာက ေခါင္းတဆတ္ဆတ္ညိတ္ရင္း

“ငါထင္ေတာ့ထင္ပါတယ္၊ ရာဂ်တ္က ေဒၚေဗဒါရီလို႔ေခၚပုံေထာက္ေတာ့ ဒီေလာက္အသက္အ႐ြယ္နဲ႔ မျဖစ္ႏိုင္ေလာက္ဘူးလို႔ ထင္ၿပီးသားပါ”

“ဘာပဲျဖစ္ျဖစ္ ရွင္တို႔ေပါ့ဆခဲ့တယ္မဟုတ္လား၊ ေဒၚေဗဒါရီကို ရွင္းပစ္ၿပီးေတာ့ ရွင္းလင္းေနတဲ့အခ်ိန္မွာ ရွင္တို႔ကုန္းသာရပ္ကြက္ထဲေရာက္လာလို႔ ကိုေကာင္းကထြက္ၿပီးတိုက္ခိုက္ရင္း ရွင္တို႔ကိုအခ်ိန္ဆြဲခဲ့တာပဲ”

“ခင္ဗ်ားတို႔ ေတာ္ေတာ္အႀကံပက္စက္တဲ့လူေတြပဲဗ်ာ”

“ဆက္နားေထာင္ပါအုံးရွင္၊ ရာဂ်တ္ကိုသတ္ၿပီးေတာ့ ေျခခ်ဳပ္ေျဖတဲ့ေဆးကို ပုလင္းခ်င္းလွယ္ၿပီးေတာ့ ယူလာခဲ့တယ္၊ ကုလားေလးေရွ႕မွာ ေမာ့ေသာက္ျပတာက ဟန္လုပ္တာပါ၊ တကယ့္ေဆးကိုေတာ့ ရွင္တို႔ေသာက္တဲ့ စံပယ္ပန္းလက္ဖက္ေျခာက္ထဲမွာ ခပ္ခဲ့တယ္ေလ”

ဦးဘသာက

“ငါထင္ေတာ့ထင္သား၊ အဲဒီေရေႏြးေသာက္ရမွာ ငါ့စိတ္ကတစ္မ်ိဳးျဖစ္ေနပါတယ္လို႔၊ လတ္စသတ္ေတာ့ မင္းရဲ႕လွည့္ကြက္ကိုးကြ”

“ယုံမိတဲ့ ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္ၾကပါရွင္၊ ရွင္တို႔ကလည္း ကြၽန္မေျပာတဲ့အတိုင္း မယ္ႏွင္းအေလာင္းကို သြားေဖာ္တယ္မဟုတ္လား၊ ရွင္တို႔သုႆန္ထဲကအထြက္မွာ မယ္ႏွင္းအေလာင္းကို ေလာင္မီးက်ေအာင္လုပ္လိုက္တာလဲ ကြၽန္မပါပဲရွင္”

က်ဳပ္လည္း စဥ္းစားရင္း ဦးေႏွာက္ေျခာက္လာတယ္ဗ်။

“ေနစမ္းပါအုံး၊ ခင္ဗ်ားက က်ဳပ္တို႔ကိုအျပစ္ႀကီးေအာင္လုပ္တာက ထားပါေတာ့၊ ဒါေပမယ့္ ခုနက ဘာျဖစ္လို႔ဦးဘသာကိုျမင္လိုက္တဲ့ မ်က္ျမင္သက္ေသေတြေခၚလာတာလဲဗ်ာ၊ ဒီလိုလုပ္တာ ကူညီတာမဟုတ္ဘူးလားဗ်”

ဦးဘသာက သက္ျပင္းခ်ရင္း

“အလတ္ေကာင္၊ မင္းကေတာ့ ေတာ္ေတာ္တုံးတဲ့အေကာင္ပဲကြာ၊ သူငါတို႔ကိုကူညီသလိုလိုလုပ္တာက ငါ့ကိုခ်ည္ၿပီးတုပ္ၿပီး ေဟာဒီေၾကးတိုက္ထဲကိုေရာက္ေအာင္လို႔ လုပ္တာပဲေဟ့”

ခင္ရီက ခပ္ယဲ့ယဲ့ၿပဳံးရင္း

“ရွင့္လူက ေတာ္ေတာ္တုံးတာပဲဦးသာစံ၊ ဟုတ္တယ္၊ ေဟာဒီေၾကးတိုက္ထဲေရာက္ေတာ့မွ ကြၽန္မတို႔လုပ္ခ်င္တာေတြ လုပ္လို႔ရမယ္မဟုတ္လား”

ခင္ရီက ေမာင္ေကာင္းကို ေခါင္းအသာညိတ္ျပလိုက္တဲ့အခ်ိန္ ေမာင္ေကာင္းက သူ႔ခါးၾကားထိုးထားတဲ့ စို႔အခြၽန္ႀကီးကိုထုတ္လိုက္တယ္ဗ်။ ဦးဘသာက အဲဒီအခြၽန္ႀကီးကိုေတြ႕ေတာ့ အေတာ္ေၾကာက္လန႔္သြားတယ္။

“ေဟ့ေကာင္၊ မင္းတို႔ေတာ္ေတာ္ယုတ္မာတဲ့ေကာင္ေတြပဲ၊ မင္းတို႔သတၱိရွိရင္ ငါ့ကိုလႊတ္ေပးေလကြာ၊ ငါတို႔ေယာက္်ားခ်င္း၊ ပညာသည္ခ်င္း မွ်မွ်တတယွဥ္ၿပိဳင္ၾကတာေပါ့”

ေမာင္ေကာင္းက ရယ္ေမာရင္း ဦးဘသာမ်က္ႏွာနားအထိတိုးကပ္လိုက္ၿပီးေတာ့

“ဟား၊ ဟား ခင္ဗ်ားႀကီးနဲ႔ မွ်မွ်တတၿပိဳင္ခ်င္တယ္ဆိုမွေတာ့ ဒီအေျခအေနအထိျဖစ္ေအာင္လုပ္ယူပါ့မလားဗ်ာ၊ ခင္ဗ်ားႀကီးမေၾကာက္စမ္းပါနဲ႔ ဦးသာစံရာ၊ ခင္ဗ်ားကိုက်ဳပ္မသတ္ပါဘူး၊ ခင္ဗ်ားဝမ္းထဲမွာရွိေနတဲ့ ဂႏၵဗၺစုန္းဘူးေတြကို အရင္စုပ္ယူမယ္ဗ်ာ၊ ၿပီးေတာ့က်မွ ခင္ဗ်ားကို လူအရွင္လတ္လတ္ကေန မေကာင္းဆိုးဝါးျဖစ္ေအာင္ေျပာင္းလဲေပးမယ္၊ ၿပီးရင္ေတာ့ ခင္ဗ်ားကိုက်ဳပ္ကေမြးထားၿပီး က်ဳပ္ခိုင္းေစခ်င္တဲ့အတိုင္း ခိုင္းစားမယ္ဗ်”

ေမာင္ေကာင္းက သူ႔လက္ထဲက စို႔တံအခြၽန္ႀကီးနဲ႔ ဦးဘသာႀကီးကို ထိုးမယ္ဆိုၿပီး ကိုင္ေျမႇာက္လိုက္ေတာ့ ဦးဘသာႀကီးက ဟက္ဟက္ပက္ပက္ထရယ္ပါေရာဗ်ာ၊ စို႔တံကိုင္ထားတဲ့ ေမာင္ေကာင္းေတာင္မွ ေၾကာင္အမ္းအမ္းနဲ႔ဗ်။

“ခင္ဗ်ားႀကီး ဘာျဖစ္တာလဲ၊ ဘာလဲ၊ ေသရမွာသိလို႔ ဝမ္းသာၿပီးရယ္ေနတာလား”

ဒီအခါ က်ဳပ္လည္းထၿပီးရယ္လိုက္မိတယ္ဗ်၊ ခင္ရီနဲ႔ ေမာင္ေကာင္းကိုလက္ညႇိဳးထိုးၿပီးေတာ့ကို ဟက္ဟက္ပက္ပက္နဲ႔ရယ္တာ၊ ခင္ရီလည္း ေၾကာင္ေတာင္ေတာင္နဲ႔က်ဳပ္တို႔ကိုၾကည့္ရင္း

“ဒီလူေတြ ေသခါနီးလို႔ စိတ္ေဖာက္ၿပီး ႐ူးသြားၾကၿပီထင္တယ္”

က်ဳပ္လည္း ရယ္လိုက္ရတာ အူေတြကိုနာတယ္ဗ်ာ၊ ေနာက္ေတာ့မွ ရယ္တာကိုထိန္းရင္း

“မဟုတ္ပါဘူးဗ်ာ၊ ခင္ဗ်ားတို႔ ႏွစ္ေယာက္ကိုရယ္ခ်င္လို႔ပါ”

“ေအာင္မာ၊ ဟဲ့ေကာင္ ငါတို႔လုပ္ေနတာ ဘာေတြရယ္စရာေတြပါေနလို႔လဲ”

“မဟုတ္ပါဘူးဗ်ာ၊ ခင္ဗ်ားတို႔ခံလိုက္ရၿပီဆိုတာကို သိၿပီးရယ္တယ္ဗ်”

ေမာင္ေကာင္းနဲ႔ခင္ရီက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၿပီးေတာ့ အခ်င္းခ်င္းမ်က္ေမွာင္ၾကဳတ္ျပတယ္ဗ်။

“ေနပါအုံး ငါတို႔က ဘာကိုခံလိုက္ရတာလဲ”

ဒီအခ်ိန္ ေၾကးတိုက္ကိုပတ္ပတ္လည္ကာရံထားတဲ့ ေၾကးျပားႀကီးေတြက ပတ္ပတ္လည္သြားၿပီးေတာ့ လူေတြဝင္လာၾကတယ္ဗ်၊ ေမာင္ေကာင္းနဲ႔ ခင္ရီတို႔လည္း အေတာ္ထိတ္လန႔္သြားၾကတာေပါ့ဗ်ာ၊ ဝင္လာတဲ့လူေတြက ေကာင္စီလူႀကီးေတြအပါအဝင္ မယ္ေတာ္နဲ႔ တျခားႀကီးၾကပ္သူေတြလည္း ပါတယ္ဗ်။

“အဲဒါေပါ့ကြာ၊ လည္လြန္းတဲ့ေဘး ေခ်းသင့္ဆိုတာေပါ့၊ ဟား၊ ဟား”

ဦးဘသာက အသံၿပဲႀကီးနဲ႔ ေအာ္ရယ္လိုက္ပါေတာ့တယ္ဗ်ာ။

(၁၆)

ေမာင္ေကာင္းက ေဘးဘီကိုၾကည့္ရင္း

“ဘာေတြျဖစ္ကုန္တာလဲ မင္းတို႔ဘယ္လိုလုပ္ၿပီးသိကုန္တာလဲကြ”

က်ဳပ္လည္း ကိုယ္မွာေပေနတဲ့ဖုန္ေတြကိုခါလိုက္ရင္း

“ထင္မထားဘူးမဟုတ္လားဗ်ာ၊ က်ဳပ္တို႔စြပ္စြဲခံရၿပီးေတာ့ တစ္ခုခုေတာ့မဟုတ္ေတာ့ဘူးဆို သိၿပီးသားဗ်၊ ပိုၿပီးေသခ်ာသြားတာကေတာ့ ေရွ႕ေနမႀကီး ေဒၚေဗဒါရီဆီကိုသြားတဲ့အခ်ိန္ပဲဗ်ာ၊ အဲဒီအိမ္ကိုေရာက္ေတာ့ ခင္ဗ်ားက က်ဳပ္ကိုမမွတ္မိဘူးလို႔ေျပာတယ္ေလဗ်၊ အဲဒါအသာထားပါေတာ့ဗ်ာ၊ ခင္ဗ်ားအိမ္ေနာက္ေဖးဘက္ကိုဝင္သြားတဲ့အခ်ိန္မွာ က်ဳပ္က ဟိုကိုင္ၾကည့္ဒီကိုင္ၾကည့္နဲ႔ ကိုင္ၾကည့္တယ္မဟုတ္လား၊ ဒီအခါ နံရံေပၚက ဓါတ္ပုံေအာက္မွာ ေရွ႕ေနေဒၚေဗဒါရီလို႔ စာတန္းကေလးေသးေသးထိုးထားသဗ်၊ ပုံကလည္းအေဒၚႀကီးတစ္ေယာက္ရဲ႕ပုံစံပဲ၊ ေသခ်ာေအာင္လို႔ ခင္ဗ်ားကိုေမးေတာ့ ခင္ဗ်ားက ခင္ဗ်ားအေမလို႔ေျပာတယ္မဟုတ္လား၊ ဒီေတာ့မွ က်ဳပ္က ခင္ဗ်ားလိမ္ေနတယ္ဆိုတာသိလိုက္တာ၊ ခင္ဗ်ားေဒၚေဗဒါရီမဟုတ္မွန္းသိလိုက္တာ”

ခင္ရီက က်ဳပ္ကိုမ်က္ေစာင္းထိုးၾကည့္တယ္ဗ်၊ က်ဳပ္လည္း စုံေထာက္ေမာင္စံရွားစတိုင္ ေမးေစ့ကိုလက္နဲ႔ပြတ္ရင္း

“ေနာက္တစ္ခုကေတာ့ စာအုပ္က်သြားတဲ့ၾကမ္းျပင္က ႐ြံ႕ဗြက္ေတြ၊ ဖုန္မႈန႔္ေတြနဲ႔ညစ္ပတ္ေနသဗ်၊ က်ဳပ္စာအုပ္ျပန္ေကာက္ရင္းၾကည့္ေတာ့ ၾကမ္းျပင္မွာလည္း ဆံပင္စေတြေတြ႕တယ္၊ ေနာက္ၿပီးေတာ့ ဖုန္ထူေနတဲ့ၾကမ္းျပင္ႀကီးမွာ စြတ္ေၾကာင္းႀကီးတစ္ခုကိုလည္းေတြ႕လိုက္ရေသးတယ္၊ ဒီအတိုင္းဆိုရင္ ေဒၚေဗဒါရီတစ္ေယာက္ တစ္ခုခုျဖစ္ေနၿပီလို႔ က်ဳပ္သိလိုက္တယ္၊ ဒါကတစ္ခ်က္ေပါ့ဗ်ာ”

“ပိုၿပီးေသခ်ာသြားရတာကေတာ့ ေနာက္ဆုံးျပန္ခါနီး ခင္ဗ်ားကိုသန႔္ရွင္းေရးလုပ္ဖို႔ေျပာတဲ့အခ်ိန္ပဲ၊ ခင္ဗ်ားက ဒီအိမ္ႀကီးထဲမွာ တစ္ေယာက္တည္းေနရလို႔ သန႔္ရွင္းေရးမလုပ္ႏိုင္တာလို႔ေျပာေပမယ့္ အိမ္အဝင္ဖိနပ္ခြၽတ္က ဖိနပ္စင္မွာ ေယာက္်ားဖိနပ္ေတြေတြ႕လိုက္ရတာပဲ၊ ဖိနပ္ကလည္း တစ္ရံႏွစ္ရံမကဘူးဗ်ာ၊ တစ္ေယာက္တည္းေနတဲ့ဘယ္မိန္းကေလးကမ်ား ေယာက္်ားစီးဖိနပ္ေတြကို ဖိနပ္စင္ရႈပ္ေအာင္တင္ထားမွာလဲဗ်ာ မဟုတ္ဘူးလား”

“အဲ၊ ကိုဂ်ပုကို သိသြားရတာကေတာ့ ေဟာဒီေ႐ႊအပဲ့ေလးေၾကာင့္ပဲဗ်”

က်ဳပ္လည္းေျပာဆိုၿပီးေတာ့ အိတ္ထဲက ေ႐ႊအပိုင္းအစကေလးကိုထုတ္ယူလိုက္တယ္။

“ဦးဘသာကို ခ်ဳံခိုတိုက္ခိုက္တဲ့လူကို က်ဳပ္က ခဲနဲ႔ေပါက္လိုက္တယ္မဟုတ္လားဗ်ာ၊ ခဲက ပါးစပ္ကိုတည့္တည့္ထိၿပီးေတာ့ အဲဒီလူေတာ္ေတာ္နာသြားတယ္ဗ်၊ ေျမႀကီးမွာလည္း သြားအပဲ့ေလးေတြအျပင္ ေ႐ႊစကေလးတစ္ကိုေတြ႕ရေသးတယ္၊ ဒီလူေတြအားလုံးထဲမွာ ေ႐ႊသြားတပ္ထားတဲ့လူက ခင္ဗ်ားပဲရွိတာမဟုတ္လား”

က်ဳပ္က ၿပီတီတီနဲ႔ၿပဳံးျပလိုက္ေတာ့ ခင္ရီက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီး

“လူရႈပ္လူေပြ၊ နင့္ကိုငါသတ္မယ္”

ခင္ရီက က်ဳပ္ဆီကိုေျပးလာတယ္ဗ်၊ ေျပးလာတာမွ ျမန္လိုက္တာေျပာမေနပါနဲ႔ဗ်ာ၊ ဝွစ္ခနဲဆိုၿပီးေတာ့ က်ဳပ္အနားကိုေရာက္လာပါေရာ၊ ၿပီးေတာ့ သူ႔လက္ဝါးနဲ႔က်ဳပ္နဖူးကို ပိတ္႐ိုက္ထည့္လိုက္တယ္ဗ်၊ က်ဳပ္ကလည္း သူ႔ထက္လ်င္ပါတယ္ဗ်ာ၊ သူ႔လက္ကို လက္ေကာက္ဝတ္ကေနဖမ္းဆုပ္ၿပီးေတာ့ ခ်ဳပ္ထားလိုက္တယ္၊ ခင္ရီက ခ်က္ခ်င္းပဲ က်န္တဲ့လက္တစ္ဖက္နဲ႔ က်ဳပ္ရင္ဘတ္ကို တြန္းထည့္လိုက္တယ္ဗ်၊ က်ဳပ္လည္း ရင္ကိုေကာ့ၿပီးခံေပးထည့္လိုက္ေတာ့ ဝုန္းခနဲအသံႀကီးနဲ႔အတူ ခင္ရီတစ္ေယာက္အေနာက္ကိုလြင့္ထြက္သြားတယ္။

ခင္ရီက က်ဳပ္ကိုမ်က္ေစာင္းႀကီးခဲၿပီးေတာ့

“နင့္ပညာကလည္းမေသးဘူးကိုး”

“တကယ္တတ္တဲ့လူက ခင္ဗ်ားတို႔လိုေမာ္ႂကြားမေနဘူးဗ်”

က်ဳပ္လည္း ခင္ရီအျမင္ကတ္ေလာက္ေအာင္ကို ေဆာင့္ႂကြားႂကြားနဲ႔ေျပာလိုက္တယ္ဗ်၊ ခင္ရီက ခ်က္ခ်င္းပဲ အပ္သုံးစင္းကိုထုတ္ၿပီးေတာ့

“အသက္ေႁခြေငြအပ္တဲ့ေဟ့”

အဲဒီအပ္သုံးစင္းကို က်ဳပ္ဆီကိုတန္းတန္းမတ္မတ္ပစ္လႊတ္လိုက္တာပါပဲဗ်ာ၊ က်ဳပ္ကလည္း အပ္ေတြကို လက္ႏွစ္ဖက္နဲ႔ တစ္ဖက္တစ္ေခ်ာင္းစီဖမ္းျပလိုက္တယ္ဗ်၊ ခင္ရီက တအံ့တၾသနဲ႔ၾကည့္ရင္း

“က်န္တဲ့အပ္တစ္စင္းက ဘယ္ေရာက္သြားသလဲ”

က်ဳပ္က ပါးစပ္နဲ႔က်န္တဲ့အပ္တစ္စင္းကို ကိုက္ထားတာဗ်ာ၊ ၿပီးတာနဲ႔ အဲဒီအပ္ေတြကို ခင္ရီဆီကိုလွမ္းပစ္လႊတ္လိုက္တယ္ဗ်၊ ခင္ရီက အပ္သုံးစင္းကို မနည္းေရွာင္ရတယ္။ ေမာင္ေကာင္းက ခင္ရီကိုၾကည့္ၿပီး

“ဒီလိုျဖစ္လာမွေတာ့ ဘယ္တတ္ႏိုင္မလဲ၊ ခင္ရီ နင္က်န္တဲ့လူေတြကိုထိန္းထား၊ ငါက ဦးသာစံကိုၾကည့္လုပ္မယ္”

ေမာင္ေကာင္းက ေျပာဆိုၿပီးေတာ့ ဦးဘသာရင္ဘတ္ကို စို႔အခြၽန္နဲ႔ထိုးလိုက္တယ္ဗ်၊ ေၾကးေခါင္းတလားႀကီးက ရင္ၫြန႔္ေနရာမွာ က်ပ္ျပားဝိုင္းေလာက္အေပါက္တစ္ခုရွိတယ္မဟုတ္လားဗ်ာ။ စို႔ထိုးၿပီးေတာ့ ဦးဘသာက ၿငိမ္သြားတယ္ဗ်၊ ဒီအခ်ိန္မွာပဲ ေမာင္ေကာင္းက သူ႔ပါးစပ္ကိုၿဖဲလိုက္ၿပီးေတာ့ ဦးဘသာရဲ႕မ်က္ႏွာအနားကိုတိုးကပ္လိုက္တယ္၊ ဦးဘသာရဲ႕ကိုယ္ထဲက ဂႏၵဗၺစုန္းဘူးေတြကို စုပ္ယူၿပီးေတာ့ သူ႔ကိုယ္ထဲထည့္ဖို႔ေနမွာေပါ့ဗ်ာ။

ဝမ္းတြင္းမွာ သိုက္နန္းဖြဲ႕ၿပီးေနတတ္တဲ့ ဂႏၵဗၺေတြက သယ္ေဆာင္သူေတြက လြဲေျပာင္းေပးလို႔ရတယ္၊ မဟုတ္ရင္ေတာ့ အဲဒီသယ္ေဆာင္သူေတြ ေသလုနီးနီးအခ်ိန္မွာ သူတို႔ကိုယ္ထဲကေန ဆြဲထုတ္လို႔ရတယ္ဗ်၊ အဲဒီအခ်ိန္ဆြဲမထုတ္ဘူးဆိုရင္ေတာ့ ဂႏၵဗၺေတြေနတဲ့ သိုက္နန္းက ပ်က္စီးသြားၿပီးေတာ့ ဂႏၵဗၺေတြက တျခားေနရာမွာ သိုက္နန္းအသစ္ေဆာက္ဖို႔ ထြက္သြားၾကတယ္လို႔ ဦးဘသာက က်ဳပ္ကိုေျပာဖူးတယ္မဟုတ္လားဗ်ာ။

အခုလည္း ေမာင္ေကာင္းက ဘူးေတြကိုလႊဲေျပာင္းယူေနၿပီဗ်၊ မယ္ေတာ္က ခင္ရီကိုလက္ညႇိဳးထိုးၿပီးေတာ့

“နင္တို႔ရပ္တန္းကရပ္လိုက္ၾကစမ္း”

ခင္ရီက မရပ္ေတာ့ မယ္ေတာ္ကိုယ္တိုင္ခင္ရီကိုေျပးၿပီးတိုက္ရေတာ့တာပဲဗ်ာ၊ ေမာင္ေကာင္းက တအံ့တၾသနဲ႔

“ဟင္၊ ခင္ဗ်ားဆီက ဘာမွထြက္လာပါလားဗ်”

ဦးဘသာက ၿပဳံးရယ္ရင္း

“မင္းမွားၿပီကြ၊ ငါ့ဝမ္းထဲမွာ ဘူးေတြမရွိေတာ့ဘူး၊ သူမ်ားကိုေပးလိုက္ၿပီ”

“ဟင္၊ ခင္ဗ်ားဘယ္သူ႔ကိုေပးလိုက္တာလဲ”

ဦးဘသာက က်ဳပ္ကိုမ်က္စပစ္ျပတယ္ဗ်၊ ေမာင္ေကာင္းက က်ဳပ္ကိုတအံ့တၾသနဲ႔ၾကည့္ေတာ့ က်ဳပ္လည္းသူ႔ကိုၿပဳံးျပရင္း

“ခင္ဗ်ားသိပ္အံ့ၾသသြားတယ္မဟုတ္လား”

“ဘယ္လိုလုပ္ၿပီးေတာ့ . . . ဦးသာစံကဘယ္လိုလုပ္ၿပီးေတာ့ မင္းဆီကိုေပးလိုက္တာလဲ”

“သူေကြၽးတဲ့ကြမ္းယာကို သုႆန္အထြက္မွာ စားခဲ့တဲ့အခ်ိန္ကေပါ့ဗ်ာ”

က်ဳပ္လည္း ေျပာၿပီးတာနဲ႔ ေမာင္ေကာင္းဆီကိုေျပးဝင္သြားလိုက္တာပဲဗ်၊ ေမာင္ေကာင္းက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီးေတာ့ စက္လက္နက္ေတြနဲ႔ပစ္ပါေရာဗ်ာ၊ က်ဳပ္လည္း ေျပးရင္းလႊားရင္း အဲဒီစက္လက္နက္ေတြကို လက္နဲ႔ပုတ္ခ်ထည့္လိုက္တာဗ်၊ တ႐ြီး႐ြီးနဲ႔ ေျပးဝင္လာတဲ့ စက္လက္နက္ေတြက က်ဳပ္လက္နဲ႔ပုတ္ခ်လိုက္တိုင္း ၾကမ္းေပၚကို တဘုတ္ဘုတ္နဲ႔က်ကုန္ေတာ့တာပါပဲ။ က်ဳပ္လည္း ေမာင္ေကာင္းအနားကိုေရာက္သြားတယ္ဆိုရင္ပဲ ေမာင္ေကာင္းရဲ႕ေမး႐ိုးကို ပင့္လက္သီးတစ္လုံးပစ္ေကြၽးလိုက္ေတာ့တာပါပဲဗ်ာ။

လက္သီးက ဘယ္ေလာက္အားျပင္းသလဲေတာ့မသိဘူးဗ်ာ၊ ေမာင္ေကာင္းတစ္ေယာက္ ဝုန္းခနဲေလေပၚေျမာက္တက္သြားၿပီးေတာ့ ခပ္လွမ္းလွမ္းကိုျပန္က်သြားတာပါပဲ၊ သူ႔သြားေတြလည္း က်ိဳးကုန္လို႔ဗ်။ မယ္ေတာ္ကလည္း ခင္ရီကိုဖမ္းမိသြားၿပီ၊ ခင္ရီက မယ္ေတာ္ရဲ႕အေရွ႕မွာ ဒူးတုပ္ၿပီးထိုင္ေနပါေရာဗ်ာ။

“ကဲ ကိုဂ်ပု၊ ခင္ဗ်ားအေျခအေနကို ခင္ဗ်ားသိေလာက္ေရာေပါ့ဗ်ာ”

ေမာင္ေကာင္းက လဲက်ေနရင္းနဲ႔ရယ္တယ္ဗ်၊ သူ႔ပါးစပ္ကေန သြားက်ိဳးေတြေရာ၊ ေသြးေတြေရာ စီးက်လာပါေရာဗ်ာ၊

“ဟား၊ ဟား ဒီေလာက္နဲ႔ရမလားကြ၊ မင္းတို႔လူလက္တစ္ဆုပ္စာေလာက္နဲ႔ ငါ့ကိုႏိုင္ပါ့မလားကြ”

ေမာင္ေကာင္းကေျပာဆိုၿပီးေတာ့ သူ႔အိတ္ကပ္ထဲက ျပဒါးရွင္လုံးကိုထုတ္လိုက္တယ္ဗ်၊ အဲဒီဝင္းလက္ေနတဲ့ ျပဒါးရွင္လုံးကို သူ႔ပါးစပ္ထဲကိုပစ္ထည့္လိုက္ပါေရာ။

“မလုပ္နဲ႔”

မယ္ေတာ္က ေအာ္ထည့္လိုက္တယ္ဗ်၊ ျပဒါးရွင္လုံးက ေမာင္ေကာင္းပါးစပ္ထဲကိုေရာက္သြားတာနဲ႔ ဝုန္းခနဲအသံႀကီးနဲ႔အတူတူ အနီေရာင္မီးခိုးေငြ႕ေတြက အခန္းထဲကိုဖုံးအုပ္သြားေတာ့တယ္၊ က်ဳပ္တို႔ေတြတစ္ေယာက္နဲ႔တစ္ေယာက္ေတာင္မွ မျမင္ရေတာ့ဘူးဗ်၊ အနီေရာင္မီးခိုးေတြက ပိန္းပိတ္ေနေအာင္က်တာဗ်၊ ဒီအခ်ိန္ က်ဳပ္ပခုံးကို တစ္ေယာက္ေယာက္က လာၿပီးပုတ္လိုက္တာကိုခံရတယ္၊ က်ဳပ္အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ဘယ္သူမွမရွိေတာ့ဘူးဗ်။

“ဦးဘသာ၊ ဦးဘသာ”

က်ဳပ္လည္း ေၾကးေခါင္းတလားႀကီးရွိတဲ့ေနရာကိုမွန္းၿပီးေတာ့ ေျပးသြားလိုက္တယ္ဗ်၊ ေၾကးေခါင္းတလားႀကီးအနားမွာေတာ့ ေမာင္ေကာင္းက မတ္တပ္ရပ္ေနသဗ်ာ၊ သူ႔တစ္ကိုယ္လုံးကလည္း အသားေတြနီရဲေနၿပီးေတာ့ အနီေရာင္အခိုးအေငြ႕ေတြလည္း လွ်ံထြက္ေနေသးတယ္၊ သူက ဦးဘသာႀကီးရဲ႕ရင္ဘတ္ကို အနီလုံးႀကီးတစ္လုံးနဲ႔ပစ္သြင္းဖို႔လုပ္ေနတာဗ်၊ က်ဳပ္လည္း သူ႔ကိုေျပးၿပီးတြန္းထည့္လိုက္တယ္၊ ေမာင္ေကာင္းရဲ႕အသားေတြက မီးခဲႀကီးလို ပူျခစ္ေနတာပါပဲဗ်ာ၊ အမွတ္တမဲ့မို႔လို႔ သူလည္း လဲက်သြားတယ္၊ ၿပီးေတာ့ က်ဳပ္ကိုၾကည့္ရင္း သူ႔လက္ထဲက အလုံးႀကီးနဲ႔ပစ္ထည့္လိုက္ပါေရာဗ်ာ။

အလုံးႀကီးက က်ဳပ္ရင္ဘတ္ကိုထိတဲ့အခါ မီးစနဲ႔အထိုးခံရသလို နာက်င္ၿပီးေတာ့ က်ဳပ္လည္းဟိုးအေဝးကိုလြင့္ထြက္သြားပါေရာဗ်ာ၊ ဒီအခ်ိန္မွာ မယ္ေတာ္ကဆင္းလာသဗ်၊ ေမာင္ေကာင္းနဲ႔မယ္ေတာ္နဲ႔ တိုက္ခိုက္ၾကပါေရာဗ်ာ၊ က်ဳပ္လည္းတစ္ကိုယ္လုံးဆန႔္ငင္ဆန႔္ငင္ျဖစ္ေနၿပီးေတာ့ ေတာ္ေတာ္နဲ႔မထႏိုင္ဘူးဗ်၊ မယ္ေတာ္ရဲ႕တိုက္ခ်က္ေတြက ေမာင္ေကာင္းကိုထိေပမယ့္ ဘယ္လိုမွကိုမေနဘူးဗ်ာ၊ ေမာင္ေကာင္းရဲ႕ပစ္ခ်က္ေတြကိုေတာ့ မယ္ေတာ္က အလူးအလဲေရွာင္ေနရသဗ်၊ ဒီအခ်ိန္ ဦးဘသာအသံကိုက်ဳပ္နားထဲၾကားရတယ္။

“အလတ္ေကာင္၊ ငါ့ဆီကိုလာခဲ့၊ ငါ့ရဲ႕ ဂႏၵဗၺစုန္းဘူးေတြကိုျပန္ေပး”

က်ဳပ္က်ိဳးစားၿပီးထေပမယ့္ လက္ေတြေျခေတြက မေျမႇာက္ႏိုင္ဘူးဗ်ာ၊ ဒါနဲ႔ အံကိုႀကိတ္ၿပီးအတင္းထေတာ့မွ ဒူးတစ္ဖက္ေထာင္ႏိုင္တယ္ဗ်၊ တစ္ကိုယ္လုံးကို ေလးလံၿပီးေတာ့ အေတာ္ေနရခက္ေနတာ။

“အလတ္ေကာင္၊ ျမန္ျမန္လုပ္ေတာ့၊ ဒီအတိုင္းဆိုရင္မလြယ္ဘူးကြ”

က်ဳပ္လည္း အားကုန္ထည့္ၿပီးက်ဳံးထလိုက္တယ္ဗ်၊ ဒါေပမယ့္ ဒူးေတြကအားမရွိေတာ့ မတ္တပ္ရပ္လို႔မရဘူးဗ်ာ၊ မတ္တပ္ရပ္လို႔မရလည္း ေလးဘက္သြားမယ္ဆိုၿပီး ဦးဘသာဆီကိုေလးဖက္ေထာက္ၿပီးသြားရေတာ့တာပဲ၊ ေလးဖက္ေထာက္သြားတယ္ဆိုေပမယ့္လည္း မေခ်ာင္ဘူးဗ်၊ လက္တစ္ဖက္၊ ေျခတစ္ဖက္လွမ္းဖို႔ကို မနည္းအားယူၿပီးေတာ့ လွမ္းေနရတာ။

ဒီအခ်ိန္မွာ ဝုန္းခနဲျမည္သံႀကီးကို ၾကားလိုက္ရၿပီးေတာ့ မယ္ေတာ္ကလြင့္ထြက္သြားတယ္ဗ်၊ ေၾကးတိုက္နံရံႀကီးနဲ႔ေဆာင့္မိၿပီးေတာ့ မယ္ေတာ္အေတာ္ထိနာသြားတဲ့ပုံပဲဗ်ာ၊ ေၾကးတိုက္နံရံမွာကာထားတဲ့ ေၾကးျပားေတြေတာင္ ခ်ိဳင့္ကုန္တယ္ဗ်၊ မယ္ေတာ္က်သြားတာနဲ႔ ေကာင္စီလူႀကီးေတြက ေမာင္ေကာင္းကိုတိုက္ခိုက္ၾကပါေရာဗ်ာ၊ ဒါ့အျပင္ႀကီးၾကပ္သူေတြကလည္း ဝိုင္းတိုက္ခိုက္တယ္ဗ်၊ လူအေယာက္ႏွစ္ဆယ္ေလာက္နဲ႔ ေမာင္ေကာင္းတစ္ေယာက္နဲ႔ ပညာစက္ေတြနဲ႔အျပန္အလွန္တိုက္ခိုက္ေနၾကပါေရာ၊ သူတို႔တိုက္ခိုက္ေနတဲ့အခ်ိန္မွာ က်ဳပ္လည္း ဦးဘသာအနီးအနားကိုကပ္လာခဲ့တယ္ဗ်။

“ျမန္ျမန္လုပ္ကြ၊ အလတ္ေကာင္ရ”

က်ဳပ္လည္း ေၾကးအေခါင္းႀကီးကိုကိုင္ၿပီးေတာ့ လက္အားနဲ႔ဆြဲရင္း မတ္တပ္ထယူရတယ္ဗ်ာ၊ ေတာ္ေသးတာက ေျခေထာက္ေတြက နည္းနည္းျပန္ေထာက္လို႔ရလာတယ္၊ ဒီအခ်ိန္ ေကာင္စီလူႀကီးေတြနဲ႔ ႀကီးၾကပ္သူေတြက ေမာင္ေကာင္းကိုဖမ္းမိသြားတယ္ဗ်၊ ေမာင္ေကာင္းက သူတို႔ေတြအလယ္မွာ ေလးဖက္ေထာက္ရင္းလဲက်ေနတယ္၊ ေကာင္စီလူႀကီးတစ္ေယာက္က အေရွ႕ကိုတိုးကပ္သြားၿပီးေတာ့

“ေမာင္ေကာင္း၊ မင္းအညံ့ခံလိုက္ပါ၊ ငါတို႔ေတြအားလုံးကို မင္းမႏိုင္ပါဘူးကြ”

ေမာင္ေကာင္းကေတာ့ ဘာမွမေျပာဘဲနဲ႔ ေခါင္းႀကီးငုံ႔ၿပီးေတာ့ ေလးဖက္ေထာက္ေနသဗ်၊ ခဏၾကာေတာ့မွ ေမာင္ေကာင္းက ေခါင္းႀကီးျပန္ေထာင္လာတယ္၊ သူ႔မ်က္လုံးေတြထဲက အနီေရာင္အလင္းေတြထြက္ေနသလို၊ သူ႔ႏွာေခါင္းေပါက္၊ နား႐ြက္ေပါက္ေတြကလည္း အနီေရာင္အခိုးအေငြ႕ေတြ ထြက္လို႔ဗ်။

ၿပီးတာနဲ႔ သူ႔ပါးစပ္ႀကီးကိုၿဖဲလိုက္ၿပီးေတာ့ ေဝါင္းခနဲတစ္ခ်က္ေအာ္လိုက္တယ္ဗ်ာ၊ ဒီအခါ ပါးစပ္ထဲကေန အနီေရာင္အလင္းလႈိင္းႀကီးေတြတိုးထြက္လာၿပီးေတာ့ ပတ္ပတ္လည္ကိုျပန႔္သြားတယ္ဗ်၊ အနားမွာရွိတဲ့လူေတြအားလုံးကိုထိမွန္သြားေတာ့တာေပါ့ဗ်ာ၊ ေကာင္စီလူႀကီးေတြေရာ ႀကီးၾကပ္သူေတြေရာ အကုန္လုံး လဲက်ကုန္ေတာ့တယ္ဗ်၊ က်ဳပ္ေတာင္မွ လႈိင္းအရွိန္ေၾကာင့္ လဲေတာ့မလို႔ဗ်ာ၊ ဒါေပမယ့္ ေၾကးေခါင္းႀကီးကိုလက္ႏွစ္ဖက္နဲ႔အေသဖက္ထားတာဆိုေတာ့ ဟန္ခ်က္ပ်က္သြားတာေလာက္ပဲျဖစ္သြားတယ္။

ေမာင္ေကာင္းကို ဘယ္သူမွ မတိုက္ခိုက္ႏိုင္ေတာ့ဘူးဗ်၊ ေမာင္ေကာင္းက ဦးဘသာႀကီးကို စိုက္ၾကည့္ရင္း

“က်ဳပ္အေဖအတြက္ ခင္ဗ်ားအေႂကြးျပန္ဆပ္ရမယ္ဗ်”

ေနာက္ေတာ့ ေမာင္ေကာင္းက က်ဳပ္တို႔ဆီကိုတစ္လွမ္းခ်င္း လွမ္းလာတာပါပဲဗ်ာ၊

“အလတ္ေကာင္ ျမန္ျမန္လုပ္ကြ”

က်ဳပ္မ်က္ႏွာကို ဦးဘသာမ်က္ႏွာနဲ႔အျမန္ကပ္လိုက္ၿပီးေတာ့ ပါးစပ္ခ်င္းေတ့လိုက္တယ္ဗ်၊ စိတ္ထဲကေနလည္း

“က်ဳပ္ရဲ႕ဝမ္းၾကာတိုက္ထဲမွာ ေနထိုင္ၾကတဲ့ ဂႏၵဗၺနတ္စုန္းေတြအားလုံးကို ဦးဘသာႀကီးဆီကို ျပန္ေပးပါတယ္”

အဲဒီလိုေျပာလိုက္တဲ့အခါ က်ဳပ္ကိုယ္ထဲကေန စြမ္းအင္တစ္ခုခုက တိုးထြက္သြားသလိုမ်ိဳးပဲဗ်၊ က်ဳပ္တစ္ကိုယ္လုံး ဘယ္လိုႀကီးျဖစ္သြားတယ္မသိပါဘူးဗ်ာ၊ ေမာင္ေကာင္းက က်ဳပ္တို႔ဆီကို အနီေရာင္အလင္းလုံးႀကီးႏွစ္လုံးနဲ႔ လွမ္းပစ္လိုက္တာကို မ်က္လုံးေထာင့္ကေန ျမင္လိုက္ရတယ္။

က်ဳပ္တစ္ကိုယ္လုံး ေလေပၚေျမာက္တက္သြားၿပီးေတာ့ နားေတြကလည္း ဘာကိုမွမၾကားရေတာ့ဘူးဗ်၊ တစီစီနဲ႔အသံေတြကိုပဲ ၾကားေနရေတာ့တယ္၊ ၿပီးေတာ့ အျမင့္ႀကီးကေန ဟိုးေအာက္ကိုျပန္က်တယ္ဗ်၊ ေၾကးျပားေပၚက်တာ ဘယ္ေလာက္နာသလဲဆိုတာကိုေတာင္မသိေတာ့ပါဘူးဗ်ာ၊ က်ဳပ္တစ္ကိုယ္လုံးက ရွိသမွ်အ႐ိုးေတြအကုန္ က်ိဳးေၾကကုန္ၿပီထင္တာဗ်၊ နာရတာမ်ားတာလည္း ထုံလာတယ္ဆိုတာမ်ိဳးျဖစ္မွာေပါ့ဗ်ာ။

က်ဳပ္ၾကမ္းျပင္ေပၚကိုေဘးေစာင္းႀကီးက်ၿပီးေတာ့ မလႈပ္ရွားႏိုင္ေတာ့ဘူး၊ ဦးဘသာကိုေတာ့ မမွိတ္မသုန္ၾကည့္ေနမိတယ္ဗ်၊ ေၾကးအေခါင္းႀကီးက ဝုန္းခနဲပြင့္ထြက္သြားၿပီးေတာ့ မီးခိုးလုံးေတြနဲ႔အတူတူ ဦးဘသာႀကီးကထြက္လာသဗ်။

ေမာင္ေကာင္းက ဦးဘသာဆီကို အနီေရာင္မီးလုံးႀကီးတစ္ခုနဲ႔ ပစ္ျပန္ေရာဗ်ာ၊ ဦးဘသာက သူ႔ဆီတည့္တည့္ဝင္လာတဲ့ မီးလုံးႀကိးကို လက္ဝါးနဲ႔ကာၿပီးဖမ္းလိုက္သဗ်၊ မီးလုံးႀကီးရဲ႕အရွိန္က ျပင္းလြန္းလို႔ ဦးဘသာေတာင္ ေျခတစ္ဖက္အေနာက္ဆုတ္လိုက္ရတယ္၊ ၿပီးတာနဲ႔ လက္ကိုအားျပန္ျပဳၿပီးေတာ့ အဲဒီမီးလုံးႀကီးကို ေမာင္ေကာင္းဆီျပန္ပစ္လႊတ္လိုက္တာပါပဲ၊ ေမာင္ေကာင္းက မီးလုံးကိုလက္ဝါးနဲ႔ပုတ္ခ်လိုက္ေတာ့ မီးလုံးႀကီးက ၾကမ္းျပင္ေပၚကိုက်ၿပီးေပါက္ကြဲသြားပါေရာဗ်ာ။

“ခင္ဗ်ားက က်ဳပ္ကိုယွဥ္ႏိုင္မယ္ထင္လို႔လား ဦးသာစံ”

“ႏိုင္မႏိုင္ေတာ့ ယွဥ္ၾကည့္မွသိမွာေပါ့ကြာ”

ဦးဘသာနဲ႔ ေမာင္ေကာင္းတို႔အျပန္အလွန္ေဆာ္ကုန္ၾကပါေရာဗ်ာ၊ ေမာင္ေကာင္းကလည္း ျပဒါးရွင္လုံးအစြမ္းနဲ႔ ဟုန္းဟုန္းေတာက္ေနတဲ့လူဆိုေတာ့ လက္ရည္ခ်င္းက သိပ္မကြာဘူးဗ်၊ ေနာက္ေတာ့ ဦးဘသာက လက္အုပ္ခ်ီလိုက္ၿပီး မ်က္လုံးကိုေသေသခ်ာခ်ာမွိတ္လိုက္တယ္ဗ်၊ ဒီအခါ ဦးဘသာရဲ႕နဖူးေျပာင္ေျပာင္ႀကီးမွာ အေမာက္ခြၽန္ခြၽန္ႀကီးသုံးခုက ထိုးထြက္လာသဗ်၊ အေမာက္ေတြက ႀတိဂံပုံစံခြၽန္ခြၽန္ႀကီးေတြဗ်၊ အလယ္ကအေမာက္ႀကီးက ေ႐ႊေရာင္ဝင္းလက္ေနတယ္၊ ေဘးကအေမာက္တစ္ခုကေတာ့ အနီေရာင္၊ ေနာက္ေဘးက အေမာက္တစ္ခုကေတာ့ အစိမ္းေရာင္ဗ်၊ ဒါအေမာက္ေတြက ဦးဘသာရဲ႕အေမာက္ေတြေပါ့ဗ်ာ၊ ဦးဘသာဝမ္းတြင္းက ဂႏၵဗၺနတ္မင္းေတြ ေနထိုင္ၾကတဲ့အေမာက္ေတြကိုး။

“အေနာက္အရပ္မွာအရင္းတည္၊ အနီေရာင္အေမာက္ကိုးခုနဲ႔ နာဂေဒဝီ နဂါးနီကို ကြၽန္ေတာ္မ်ိဳးပင့္ဖိတ္ပါသည္၊ ယခုအရပ္သို႔ႂကြျမန္းေတာ္မူပါ”

ဒီအခါ အနီေရာင္အေမာက္ႀကီးထဲကေန ရွည္ေမ်ာေမ်ာနဂါးႀကီးတစ္ေကာင္ထြက္လာသဗ်၊ နဂါးဆိုေပမယ့္လည္း အေကာင္အထည္ေတာ့မဟုတ္ဘူးဗ်၊ အရိပ္လိုလို၊ တိမ္ခိုးလိုလိုပါပဲဗ်ာ၊ တစ္ကိုယ္လုံးေတာ့ အနီေရာင္ေတာက္ေနသဗ်၊ နဂါးႀကီးရဲ႕ေခါင္းမွာလည္း အေမာက္ကိုးခုက ခြၽန္ထက္ေနတာပဲဗ်ာ၊ ဒီနဂါးႀကီးက ေမာင္ေကာင္းဆီကိုေျပးဝင္သြားၿပီးေတာ့ ေမာင္ေကာင္းတစ္ကိုယ္လုံးကို တစ္ရစ္ခ်င္းစီ ရစ္ပတ္ေတာ့တာပဲဗ်ာ။

ဦးဘသာက လက္အုပ္ခ်ီရင္း

“တစ္ခါ၊ ေျမာက္အရပ္ကိုပိုင္စိုးတဲ့ အစိမ္းေရာင္ကိုယ္အဆင္းနဲ႔ ယကၡဘီလူးမင္းႀကီးကိုဆင့္ေခၚပါတယ္၊ ဒီငမိုက္သားကို ဆုံးမအျပစ္ေပးေတာ္မူပါ”

အစိမ္းေရာင္အေမာက္ထဲကေန ဘီလူးအစိမ္းႀကီးတစ္ေကာင္ခုန္ထြက္လာတယ္ဗ်၊ ေမာင္ေကာင္းက လက္ေတြေျခေတြမလႈပ္ႏိုင္ေပမယ့္ ေခါင္းကေတာ့ လႈပ္ႏိုင္ေသးတယ္မဟုတ္လားဗ်ာ၊ ဘီလူးႀကီးက ေမာင္ေကာင္းရဲ႕အေနာက္ကိုသြားရပ္ၿပီးေတာ့ ေခါင္းကိုလက္ႏွစ္ဖက္နဲ႔ခ်ဳပ္ကိုင္ထားလိုက္တယ္၊ ေမာင္ေကာင္းက ႀကိဳးစားၿပီး႐ုန္းကန္တယ္ဆိုေပမယ့္ ဘယ္လိုမွကို ႐ုန္းလို႔မရဘူးဗ်ာ။

“ေနာက္ဆုံးအေနနဲ႔ကေတာ့ ေ႐ႊေရာင္အဆင္း၊ ေ႐ႊေရာင္အဝင္းျဖင့္ ေ႐ႊအေမာက္မွာစံေပ်ာ္တဲ့ ဂႏၵဗၺနတ္မင္းႀကီးကို ဆင့္ေခၚပါတယ္”

ေ႐ႊေရာင္အေမာက္ထဲကေန ေ႐ႊေရာင္ေတြလင္းေနတဲ့ နတ္မင္းႀကီးကထြက္လာတယ္ဗ်ာ၊ သူက ေမာင္ေကာင္းရဲ႕အေရွ႕မွာ ရပ္လိုက္ၿပီးေတာ့ ေမာင္ေကာင္းရဲ႕နဖူးကိုလက္ညႇိဳးနဲ႔ေထာက္ထားတယ္။ မၾကာပါဘူးဗ်ာ၊ ေမာင္ေကာင္းတစ္ေယာက္ တစ္ကိုယ္လုံးတုန္ယင္လာၿပီးေတာ့ သူ႔ပါးစပ္ပြင့္သြားၿပီး ျပဒါးရွင္လုံးကေလးက ပါးစပ္ထဲကေနထြက္လာသဗ်ာ၊ ေ႐ႊေရာင္နတ္မင္းႀကီးက ျပဒါးရွင္လုံးကိုယူၿပီးေတာ့ ဦးဘသာလက္ထဲကိုလွမ္းေပးလိုက္သဗ်၊ ဦးဘသာက တီးတိုး႐ြတ္လိုက္တာနဲ႔ ခုနက နဂါးနီေရာ၊ ဘီလူးႀကီးေရာ၊ ေ႐ႊေရာင္နတ္မင္းႀကီးပါ အကုန္လုံးကြယ္ေပ်ာက္သြားကုန္ၾကတယ္။

ေမာင္ေကာင္းကေတာ့ ၾကမ္းျပင္ေပၚကို ဒူးေထာက္လွ်က္သားလဲက်သြားတယ္ဗ်၊ ဦးဘသာက ျပဒါးရွင္လုံးကို ကိုင္ၿပီးေတာ့

“ဒီမွာေမာင္ေကာင္း၊ ဒီျပဒါးရွင္လုံးက ေငြတိုက္ထဲကိုဘာေၾကာင့္ ေရာက္ေနတာလဲဆိုတာမင္းသိရဲ႕လား”

ေမာင္ေကာင္းက ဦးဘသာကိုေမာ့ၾကည့္တယ္ဗ်။

“ဒီျပဒါးရွင္လုံးက ဖ်က္ဆီးႏိုင္တဲ့အစြမ္းရွိလို႔ပဲ ေမာင္ေကာင္း၊ ဒီျပဒါးရွင္လုံးဟာ အမွတ္တမဲ့ေအာင္သြားတာမို႔လို႔ မေကာင္းတဲ့ေကာင္းကင္တာရာနကၡတ္ေတြနဲ႔ ႀကဳံႀကိဳက္ၿပီးေတာ့ အဖ်က္ဓါတ္လုံးျဖစ္ခဲ့တယ္၊ ေကာင္းတဲ့လုပ္ငန္းထက္ မေကာင္းတဲ့လုပ္ငန္းမွာ ပိုၿပီးေတာ့ တန္ခိုးရွိခဲ့လို႔ပဲကြ”

(၁၇)

ဦးဘသာက ဆက္ေျပာတယ္ဗ်။

“မင္းတို႔မသိေသးတဲ့ျဖစ္ရပ္မွန္တစ္ခုကိုေျပာျပမယ္၊ မင္းရဲ႕အေဖ ျပဒါးရွင္ဘိုးေတာ္ႀကီးက ဒီဓါတ္လုံးကို ငါ့အေမဆီကိုစြန႔္သြားတာကြ၊ မေကာင္းတဲ့အရာတစ္ခုမွန္းသိလို႔ စြန႔္သြားတာ၊ ဒါကိုမသိတဲ့လူေတြက ငါ့အေမက ဘိုးေတာ္ကိုအႏိုင္ယူၿပီးေတာ့ ျပဒါးရွင္လုံးရသြားတယ္လို႔ထင္ၾကတယ္”

ေမာင္ေကာင္းမ်က္လုံးေတြ ျပဴးက်ယ္သြားတယ္။

“ဒါ၊ ဒါတကယ္ပဲလား”

ဦးဘသာက ေခါင္းညိတ္ျပတယ္ဗ်၊ မယ္ေတာ္က အေရွ႕တက္လာရင္း

“အဟုတ္ပဲ၊ မယ္ေတာ္ေတြသာၾကည့္ရတဲ့ စုန္းကေဝမွတ္တမ္းေပါင္းခ်ဳပ္ထဲမွာ ဒီအေၾကာင္းအရာကိုေရးသားထားတယ္”

ဦးဘသာကဆက္ၿပီး

“ငါ့အေမက ဒီျပဒါးရွင္လုံးကိုရသြားတဲ့အခါမွာ မေကာင္းတဲ့ေနရာမွာအသုံးခ်ခဲ့တယ္၊ ျပဒါးရွင္လုံးရဲ႕အစြမ္းနဲ႔ ေပါင္းစပ္ၿပီးေတာ့ တန္ခိုးထြားခဲ့တယ္၊ ေနာက္ဆုံး မယ္ေတာ္ေတြကိုေတာင္မွ တက္ၿပီးေစာ္ကားႏိုင္ခဲ့တယ္ကြ၊ မယ္ေတာ္ေတြက ဒီျပဒါးရွင္လုံးေၾကာင့္ အက်ိဳးဆက္ေတြမေကာင္းႏိုင္တာသိလို႔ ငါ့အေမကို အကြက္ခ်စီစဥ္ၿပီး ေဟာဒီျပဒါးရွင္လုံးကို ခက္ခက္ခဲခဲယူထားရတာကြ”

ေမာင္ေကာင္းက

“ဒါဆို ခင္ဗ်ားစိတ္မနာဘူးလား၊ ေဟာဒီမယ္ေတာ္နဲ႔ ဒီကလူေတြအားလုံးက ခင္ဗ်ားအေမကို အကြက္ခ်၊ သစၥာေဖာက္ၿပီးေတာ့ ယုတ္မာခဲ့တာကို ခင္ဗ်ားသိသိနဲ႔ ဒီအတိုင္းေနႏိုင္သလားဗ်ာ”

ဦးဘသာက ေခါင္းညိတ္ရင္း

“အစကေတာ့ စိတ္နာခဲ့တယ္၊ လူငယ္ပီပီနာက်ည္းခဲ့တယ္၊ ဒါေၾကာင့္လည္း ေဒၚဝတုတ္ကို တစ္သက္လုံးမထႏိုင္ေအာင္လုပ္ပစ္ခဲ့တာေပါ့ကြာ၊ ဒါေပမယ့္ ေနာက္ပိုင္းက်ေတာ့မွ ငါအျမင္မွန္ရလာခဲ့တယ္၊ တကယ္လို႔ ငါ့အေမသာ ဒီျပဒါးရွင္လုံး အစြမ္းနဲ႔လုပ္ခ်င္သလိုလုပ္ခဲ့ရင္ စုန္းကေဝေတြတင္မက လူ႔ေလာကႀကီးတစ္ခုလုံး ရႈပ္ေထြးလာႏိုင္တယ္ဆိုတာ ငါသိလာခဲ့တယ္၊ စစသိခ်င္းတုန္းကေတာ့ မယ္ေတာ္ေတြကိုမုန္းတီးခဲ့ေပမယ့္ ေနာက္ေတာ့ လူသားေလာကႀကီးတစ္ခုလုံးအတြက္ သူတို႔လုပ္ကိုင္ခဲ့တာပါလားလို႔ ေတြးမိၿပီး အားလုံးကိုခြင့္လႊတ္ႏိုင္ခဲ့တယ္၊ ရွင္းရွင္းေျပာရရင္ေတာ့ ေဟာဒီလူ႔ေဘာင္ေလာကႀကီးတစ္ခုလုံး ၿငိမ္းခ်မ္းဖို႔အတြက္ ငါ့အေမကို အဆုံးရႈံးခံလိုက္တာပဲ”

က်ဳပ္ျဖင့္ၾကည့္ေနရင္း ဦးဘသာကိုေလးစားသြားတယ္ဗ်ာ။ ဦးဘသာရဲ႕စိတ္ဓါတ္က ေၾကာက္ခမန္းလိလိပါပဲဗ်ာ။ ဦးဘသာက မယ္ေတာ္ဆီကိုလွမ္းေလွ်ာက္သြားၿပီးေတာ့ ျပဒါးရွင္လုံးကို မယ္ေတာ္ကိုေပးလိုက္တယ္ဗ်။

“မယ္ေတာ္၊ ဒီျပဒါးရွင္လုံးက စြမ္းအားအရမ္းႀကီးတာမို႔လို႔ ဖ်က္ဆီးသင့္တယ္လို႔ က်ဳပ္မေျပာခဲ့ဘူးလား”

မယ္ေတာ္က ေခါင္းညိတ္ၿပီးေတာ့ ျပဒါးရွင္လုံးကိုယူၾကည့္ရင္း

“အစကေတာ့ ေငြတိုက္ထဲမွာလုံမယ္လို႔ထင္ခဲ့တာပဲ သာစံ၊ အခုေတာ့ ဒီပစၥည္းေၾကာင့္ မျဖစ္သင့္တာေတြျဖစ္ခဲ့ရၿပီမဟုတ္လား၊ ဒီလိုမေကာင္းတဲ့ပစၥည္းမ်ိဳးကို ဖက္တြယ္မေနေတာ့ဘဲ ဝိဇၨာႀကီးေတြရဲ႕ လုံႀကီးထဲကိုထည့္ၿပီး ဖ်က္ဆီးပစ္လိုက္ေတာ့မယ္လို႔ ဆုံးျဖတ္လိုက္ပါၿပီ”

မယ္ေတာ္က ျပဒါးရွင္လုံးကို လက္တစ္ဖက္က ကိုင္ေျမႇာက္ရင္း

“အို၊ ျပဒါးရွင္လုံး၊ သင္ျပဳထားခဲ့သဗ် အစြမ္းလုပ္ရပ္ေတြအကုန္လုံးကို သင္ျပန္လည္႐ုပ္သိမ္းေပးပါ”

မယ္ေတာ္ေျပာလိုက္တဲ့အခ်ိန္မွာပဲ ျပဒါးရွင္လုံးက တျဖည္းျဖည္းေတာက္ေလာင္လာတယ္ဗ်၊ ၿပီးေတာ့ အလင္းတန္းေတြထြက္လာၿပီးေတာ့ အခန္းတစ္ခုလုံးလင္းထိန္သြားတယ္၊ က်ဳပ္လည္း လဲက်ေနရာကေန အားယူၿပီးျပန္ထလိုက္ေတာ့ တစ္ကိုယ္လုံးအေကာင္းပကတိျဖစ္ေနသဗ်၊ ခုနကလဲက်သြားတဲ့လူေတြအားလုံးလည္း ျပန္ထလာၾကတယ္ဗ်ာ။ မယ္ေတာ္က ေမာင္ေကာင္းကိုၾကည့္ၿပီး

“ေမာင္ေကာင္း၊ မင္းရဲ႕အျပစ္ေတြက ႀကီးေလးလြန္းတယ္၊ ဒါေၾကာင့္ မင္းရဲ႕အသက္ကို ႏႈတ္ယူရလိမ့္မယ္”

ေမာင္ေကာင္းက ဘာမွမေျပာေတာ့ဘဲ ေခါင္းငိုက္စိုက္ခ်လိုက္တယ္ဗ်၊ ဒီအခါ ဦးဘသာႀကီးက မယ္ေတာ္အေရွ႕ကိုဝင္လိုက္ၿပီး

“က်ဳပ္တစ္ခုေတာင္းဆိုပါရေစမယ္ေတာ္၊ ေမာင္ေကာင္းက အျပစ္ေတြလုပ္ခဲ့မိေပမယ့္ သူ႔ရဲ႕မွားယြင္းတဲ့အေတြးအေခၚအယူအဆေတြနဲ႔ မိဘအတြက္လက္တုန႔္ျပန္မယ္ဆိုတဲ့စိတ္ေၾကာင့္ ျပဳလုပ္ခဲ့မိတာပါ၊ အသက္ႏႈတ္မွာကို ျပန္ၿပီးစဥ္းစားေပးပါ”

မယ္ေတာ္က ဦးဘသာကိုစူးစိုက္ၾကည့္ရင္း

“ဒီမွာသာစံ၊ သူလုပ္ထားတာေတြအတြက္ သူဘယ္လိုျပန္ၿပီးေပးဆပ္မလဲ၊ သူတို႔ေၾကာင့္ မယ္ႏွင္း၊ ရာဂ်တ္နဲ႔ ေဗဒါရီတို႔ ေသဆုံးခဲ့ၿပီးၿပီမဟုတ္လား”

“ဟုတ္ေတာ့ဟုတ္ပါတယ္မယ္ေတာ္၊ က်ဳပ္စာတစ္ခုဖတ္ဖူးတယ္၊ လူတစ္ေယာက္ကိုသတ္တဲ့အခါ ေသတဲ့လူက ခဏတာခံစားရၿပီး သတ္တဲ့လူက တစ္သက္လုံးခံစားရတတ္တယ္တဲ့မယ္ေတာ္၊ အခု ေမာင္ေကာင္းလည္း သူသတ္ခဲ့ရတဲ့လူေတြအတြက္ သူခံစားေနရေလာက္မွာပါ၊ က်ဳပ္ကေတာ့ ေမာင္ေကာင္းတတ္ထားတဲ့ ပညာေတြကို အကုန္ႏႈတ္ယူလိုက္ၿပီးေတာ့ သာမန္လူအျဖစ္နဲ႔ ႏွယ္ႏွင္လိုက္မယ္ဆိုရင္ ပိုၿပီးေကာင္းမယ္လို႔ယူဆပါတယ္၊ သူလည္း သူလုပ္ခဲ့တဲ့အျပစ္ေတြအတြက္ တစ္သက္လုံးေနာင္တရၿပီးေနရပါလိမ့္မယ္”

မယ္ေတာ္က တစ္ခ်က္စဥ္းစားၿပီးေတာ့ ေခါင္းညိတ္တယ္ဗ်။

“ေကာင္းၿပီ၊ မင္းေျပာတဲ့အတိုင္းပဲရွိပါေစေတာ့”

မယ္ေတာ္က ေမာင္ေကာင္းရဲ႕ေခါင္းကိုလက္နဲ႔အုပ္ကိုင္လိုက္ၿပီးတဲ့ေနာက္ မယ္ေတာ္ရဲ႕လက္က တစ္ခ်က္လင္းခနဲျဖစ္သြားၿပီး ေမာင္ေကာင္းက ထၿပီးေအာ္ဟစ္လိုက္တယ္ဗ်။ မယ္ေတာ္က ေမာင္ေကာင္းကိုၾကည့္ၿပီး

“ကဲ မင္းရဲ႕အသက္သခင္ေက်းဇူးရွင္ကို မင္းေက်းဇူးတင္လိုက္စမ္းပါအုံး”

ဒီလိုေျပာတဲ့အခါ ေမာင္ေကာင္းက ဦးဘသာကိုေမာ့ၾကည့္ၿပီး

“ဦးသာစံကို က်ဳပ္ေက်းဇူးတင္ပါတယ္ဗ်ာ၊ က်ဳပ္တစ္သက္လုံး အယူလြဲၿပီးေတာ့ ဦးသာစံရဲ႕အေမက က်ဳပ္အေဖဆီကေန ျပဒါးရွင္လုံးလုယူတယ္လို႔ပဲ က်ဳပ္ထင္ေနခဲ့မိတာပါ၊ က်ဳပ္အမွားေတြကို က်ဳပ္သိပါၿပီဗ်ာ”

ဦးဘသာက ၿပဳံးရင္း

“ေကာင္းတာေပါ့ကြာ၊ မွားမွန္းသိတာကိုက လူေတာ္တဲ့ကြ၊ မွားမွန္းသိၿပီးအမွန္ကို ျပန္ျပင္ဆင္ႏိုင္တဲ့လူက်ေတာ့ လူေကာင္းလို႔ေခၚသကြ”

မယ္ေတာ္က အားလုံးဖက္ကိုလွည့္လိုက္ၿပီးေတာ့

“ဒီအမႈမွာ စြပ္စြဲခ်က္ေတြအားလုံးကို ပိတ္သိမ္းပါတယ္၊ ၿပီးေတာ့ ၿမိဳင္သာနယ္က စုန္းကေဝေတြအေရးမွာ စြမ္းစြမ္းတမံပါဝင္ထမ္းေဆာင္ခဲ့တဲ့ ဦးသာစံကို ၿမိဳင္သာၿမိဳ႕ရဲ႕သူရဲေကာင္းအျဖစ္ အသိအမွတ္ျပဳပါတယ္”

ဒီအခါ ေကာင္စီလူႀကီးေတြအားလုံးက ေခါင္းညိတ္ၿပီးေတာ့ မယ္ေတာ္ရဲ႕စကားကိုေထာက္ခံၾကတယ္ဗ်၊ က်ဳပ္လည္း ဦးဘသာဆီေျပးသြားၿပီးေတာ့

“ဟာ၊ ဦးဘသာကို သူရဲေကာင္းတဲ့ဗ်၊ ေနာက္ဆုံးေတာ့ ဦးဘသာႀကီး သူရဲေကာင္းျဖစ္ၿပီ”

ဦးဘသာက ၿပဳံးရင္း

“ေအး၊ ငါသူရဲေကာင္းဘြဲ႕ရတာ မင္းေၾကာင့္လည္းအမ်ားႀကီးပါပါတယ္အလတ္ေကာင္ရာ၊ ၿမိဳင္သာက မင္းကိုသူရဲေကာင္းဘြဲ႕ ေပးေပးမေပးေပး မင္းက ငါ့အတြက္ေတာ့ သူရဲေကာင္းပါ အလတ္ေကာင္ရာ”

ဦးဘသာလည္း ေပ်ာ္ေနတယ္ဗ်၊ ေနာက္ေတာ့ ဦးဘသာမ်က္ႏွာႀကီးက ရႈံ႕မဲ့လာတယ္ဗ်၊ သူ႔ႏွလုံးေနရာကို လက္နဲ႔ဖိၿပီးေတာ့ နဖူးမွာေခြၽးသီးေခြၽးေပါက္ေတြက်လာတယ္။ က်ဳပ္ျဖင့္ လန႔္သြားတာပဲဗ်ာ။

“ဟာ၊ ဦးဘသာ ဘာျဖစ္လို႔လဲ”

ဦးဘသာက အသက္ရႈူေတြျမန္လာၿပီး ရႉးရွဲရႉးရွဲနဲ႔ျဖစ္ေနသဗ်ာ၊ က်ဳပ္လည္း ဦးဘသာက စေနာက္ေနတယ္အထင္နဲ႔

“ဦးဘသာ၊ ဒီလိုမစေနာက္ေကာင္းပါဘူးဗ်ာ”

“အ . . . အလတ္ေကာင္၊ ငါစေနာက္ေနတာမဟုတ္ဘူးကြ”

ေျပာဆိုၿပီးေတာ့ ဦးဘသာက လဲက်သြားတယ္၊ မယ္ေတာ္က ေျပးလာၿပီးေတာ့ ဦးဘသာရဲ႕လည္ပင္းေသြးေၾကာကိုစမ္းၾကည့္ရင္း

“ေသေတာ့မေသေသးဘူး၊ ဒါေပမယ့္ ေသြးခုန္ႏႈန္းတအားေႏွးေနတယ္”

ဦးဘသာဘာျဖစ္သြားသလဲဆိုတာ က်ဳပ္တို႔အေျဖရွာမရဘူးျဖစ္ေနၾကတာေပါ့၊ ဒီအခါ ေမာင္ေကာင္းက မတ္တပ္ထရပ္လိုက္ၿပီးေတာ့

“ဟာ၊ ဟုတ္ၿပီ၊ ခင္ရီ . . . ခင္ရီဘယ္ေရာက္သြားလဲ”

က်ဳပ္တို႔လည္းအခုမွ သူေယာင္စုန္းခင္ရီကိုသတိရတယ္ဗ်၊ ခင္ရီဆိုတဲ့မိန္းမက အလည္ဗ်၊ က်ဳပ္တို႔တိုက္ခိုက္ေနၾကတုန္း ရႈပ္ေထြးေနတဲ့အခ်ိန္မွာ မသိမသာကေလးလစ္ထြက္သြားတာပဲဗ်ာ။

“ခင္ရီေျပးၿပီထင္တယ္”

ေမာင္ေကာင္းက

“ခင္ရီဆီမွာ ေနာက္ဆုံးအႀကံအစည္တစ္ခုရွိေသးတယ္”

က်ဳပ္တို႔အားလုံးသိခ်င္ေဇာနဲ႔ ေမာင္ေကာင္းကိုဝိုင္းၿပီးေငးၾကည့္ေနမိတယ္၊၊ ေမာင္ေကာင္းက

“တကယ္လို႔ က်ဳပ္တို႔အႀကံအစည္မေအာင္ျမင္ခဲ့ဘူးဆိုရင္ ေနာက္ဆုံးအႀကံအစည္ကေတာ့ ဦးသာစံကိုရေအာင္သတ္ဖို႔ပဲ”

“ဘယ္လိုသတ္မွာလဲ”

“ဦးသာစံဆီက တစ္မတ္ေစ့ႏွစ္ေစ့ရထားတယ္မဟုတ္လား၊ အဲဒီတစ္မတ္ေစ့နဲ႔ ကူးတို႔ခလွယ္တဲ့အစီအရင္လုပ္ထားတယ္”

က်ဳပ္လည္း မ်က္ေမွာင္ၾကဳတ္လိုက္ၿပီးေတာ့

“ကူးတို႔ခလွယ္တယ္ဆိုတာ ဘာလဲဗ်”

ေဘးနားကမယ္ေတာ္က

“အဆင့္ျမင့္တဲ့ေအာက္လမ္းပညာရပ္တစ္ခုပဲ၊ ေလာေလာလတ္လတ္ေသဆုံးထားတဲ့ လူေသရဲ႕ပါးစပ္ထဲက ကူးတို႔ခနဲ႔ ကိုယ္ေသေစခ်င္တဲ့လူကိုယ္တိုင္ ေပးထားတဲ့ ကူးတို႔ခနဲ႔ကိုလဲလွယ္လိုက္တာပဲ၊ ဒီလိုဆိုရင္ ေသမင္းက ေသတဲ့လူဆီက အသက္မႏႈတ္ဘဲ ကူးတို႔ခေပးထားတဲ့လူဆီက အသက္ကိုႏႈတ္ယူတဲ့အစီအရင္ပဲ”

က်ဳပ္လည္း အေတာ္ထိတ္လန႔္သြားၿပီးေတာ့ ေမာင္ေကာင္းကို လႈပ္ကိုင္ရင္း

“လုပ္ပါအုံးဗ်ာ၊ အဲဒီအစီအစဥ္ကိုဖ်က္ေပးပါ၊ ဦးဘသာကို ကယ္ေပးၾကပါ”

ေမာင္ေကာင္းက ေခါင္းကိုေလးေလးႀကီးခါၿပီးေတာ့

“တကယ္လို႔ ခင္ရီကိုဖမ္းမိမယ္ဆိုရင္ေတာင္မွ အစီအရင္ကိုဖ်က္ဖို႔မလြယ္ေတာ့ဘူး၊ ဘာလို႔လဲဆိုေတာ့ ေသမင္းက သူ႔ဆီကိုလာေနၿပီေလ”

က်ဳပ္လည္း မယ္ေတာ္တို႔ဘက္ကိုလွည့္ၾကည့္ၿပီး

“လုပ္ၾကပါအုံးဗ်ာ၊ ခင္ဗ်ားတို႔ သူ႔အတြက္တစ္ခုခုမလုပ္ေပးတတ္ေတာ့ဘူးလား”

ေကာင္စီလူႀကီးေတြေရာ ႀကီးၾကပ္သူေတြကပါ အားလုံးကေခါင္းခါၾကတယ္ဗ်၊ သူတို႔လည္း ဘာမွမတတ္ႏိုင္ေတာ့ဘူးထင္ပါတယ္ဗ်ာ၊ ဒီအခ်ိန္ ကုလားမႀကီး မာယာက အေရွ႕ကိုတက္လာၿပီးေတာ့ သူ႔လည္ပင္းမွာဆြဲထားတဲ့ ေ႐ႊဆြဲႀကိဳးႀကီးကို ကိုင္လိုက္တယ္ဗ်၊ ေ႐ႊဆြဲႀကိဳးထိပ္မွာေတာ့ ျမအႀကီးႀကီးတပ္ထားတဲ့ ေလာ့ကတ္သီးႀကီးရွိတယ္၊ မာယာက အဲဒီေလာ့ကတ္သီးကို ျဖဳတ္ကိုင္ရင္း

“ေဟာဒီဟာက ျမမဟုတ္ပါဘူး၊ ဖန္သားထူထူနဲ႔ထြင္းထားတဲ့ ပုလင္းတစ္ခုပါ၊ ဒီအထဲမွာေတာ့ ရာဂ်တ္ခက္ခက္ခဲခဲအားထုတ္ေဖာ္စပ္ထားရတဲ့ ေဆးရည္တစ္ခုရွိပါတယ္၊ အဲဒါကေတာ့ ေသမင္းကိုလွည့္စားတဲ့ေဆးရည္လို႔ေခၚပါတယ္”

“ဗ်ာ၊ အဲဒါဆိုရင္လည္း အဲဒီေဆးရည္ကို တိုက္လိုက္ေတာ့ေလဗ်ာ”

မာယာက ေခါင္းခါျပၿပီးေတာ့

“ခက္တာက ဒီေဆးရည္ကို သူ႔ခ်ည္းေသာက္လို႔မရပါဘူး၊ အရင္ဆုံး ေဆးရည္ကို သူနဲ႔ေသြးသားေတာ္စပ္တဲ့လူက ေသာက္ရပါတယ္၊ ေသြးသားေတာ္စပ္တဲ့လူေသာက္ၿပီးေတာ့ အဲဒီလူက်တဲ့မ်က္ရည္ကိုခံၿပီး မ်က္စဥ္းခတ္ေပးမွ ရမွာပါ”

က်ဳပ္ျဖင့္ငိုင္က်သြားေတာ့တယ္ဗ်ာ။

“ဦးဘသာက တစ္ေကာင္ႂကြက္ေလဗ်ာ၊ သူ႔မွာအိမ္ေထာင္တို႔ သားသမီးတို႔ဆိုတာလည္းရွိတာမဟုတ္ဘူး၊ သူ႔အေမကလည္း ေသတာၾကာၿပီဆိုေတာ့ ဘယ္လိုလုပ္ၿပီးေတာ့ ေသြးသားေတာ္စပ္ေတာ့လူက်န္ေတာ့မွာလဲဗ်ာ”

က်ဳပ္လည္း ငိုသံပါႀကီးနဲ႔ေျပာရင္း ဦးဘသာကိုဖက္ၿပီးေတာ့

“ေအာင္မယ္ေလး ဦးဘသာရဲ႕၊ အျဖစ္ဆိုးလွခ်ည္လားဗ်ာ၊ သူမ်ားေတြကိုေတာ့ အမ်ိဳးမ်ိဳးကူညီ၊ သူမ်ားအသက္ေတြကို ကယ္တင္ေပးခဲ့တဲ့လူႀကီး၊ အခု ဦးဘသာကိုက်ေတာ့ ဘယ္သူမွ မကယ္ႏိုင္ၾကေတာ့ပါလားဗ်ာ”

က်ဳပ္လည္း ကေလးတစ္ေယာက္လိုေအာ္ဟစ္ၿပီး ငိုေနမိေတာ့တယ္၊ အားလုံးကလည္း ဦးဘသာကို စိတ္မေကာင္းတဲ့အၾကည့္ေတြနဲ႔ၾကည့္႐ုံကလြဲၿပီးေတာ့ ဘာမွမတတ္ႏိုင္ၾကေတာ့ဘူးေလဗ်ာ၊ ဦးဘသာလက္ဖ်ားေတြဆိုရင္ ေအးစက္ေတာင့္တင္းလာသဗ်၊ ကိုယ္ေငြ႕ေႏြးေႏြးကေလးပဲ က်န္ေတာ့တယ္ဗ်ာ။။

ဒီအခ်ိန္မယ္ေတာ္က က်ဳပ္ပခုံးကိုလာပုတ္ၿပီးေတာ့

“မင္းေသာက္လို႔ရတယ္”

“ဗ်ာ၊ က်ဳပ္ေသာက္လို႔ရတယ္တဲ့လား၊ က်ဳပ္က ဦးဘသာနဲ႔ ဘာမွေသြးမေတာ္သားမစပ္တဲ့လူေလဗ်ာ”

“ဒီအတိုင္းေနတာထက္စာရင္ စမ္းၾကည့္တာပိုေကာင္းတယ္မဟုတ္ဘူးလား”

္”ဒါေပမယ့္ က်ဳပ္က သူနဲ႔မွဘာမွမေတာ္တာ”

“ဒီမွာေကာင္ေလး၊ ေလာကမွာ ခင္ရာေဆြမ်ိဳးပဲကြ၊ ကိုယ္နဲ႔ခင္တဲ့ရပ္ေဆြရပ္မ်ိဳးဆိုတာ ေသြးမေတာ္သားမစပ္ေပမယ့္ ခင္မင္မႈကေတာ့ ေသြးသားေတာ္တဲ့အမ်ိဳးအေဆြေတြထက္ေတာင္မွ ပိုခ်င္ပိုေသးတာမဟုတ္လား၊ ဒီေတာ့ မင္းစမ္းၾကည့္တာေကာင္းမယ္လို႔ ငါယူဆတယ္”

မယ္ေတာ္စကားကလည္း ဟုတ္သလိုလိုပဲဗ်၊ ဒါနဲ႔က်ဳပ္လည္း ေခါင္းညိတ္ၿပီးေတာ့ မာယာကိုၾကည့္လိုက္တယ္၊ မာယာက ျမပုံစံလုပ္ထားတဲ့ ေလာ့ကတ္သီးေခါင္းကိုဖြင့္ၿပီး က်ဳပ္ကိုလွမ္းေပးတာနဲ႔ က်ဳပ္လည္းလွမ္းယူၿပီးေတာ့ ေမာ့ခ်လိုက္ေတာ့တာပါပဲဗ်ာ။ ေဆးရည္အရသာက ဆိုးတယ္ဗ်၊ ပူစီနံအ႐ြက္ေတြကို ႀကိတ္ၿပီးလုပ္ထားသလိုပဲ၊ ပူပူရွိန္းရွိန္းနဲ႔ ခါးခါးႀကီးဗ်ာ။

ေသာက္လည္းေသာက္ၿပီးေရာ က်ဳပ္စိတ္ထဲဘယ္လိုျဖစ္လာတယ္မသိပါဘူးဗ်ာ၊ ရင္ထဲဆို႔နင့္ၿပီးေတာ့ ဝမ္းနည္းတတ္လာတယ္ဗ်၊ ၿငိမ္သက္ေနတဲ့ဦးဘသာရဲ႕ မ်က္ႏွာကိုၾကည့္ၿပီးေတာ့ ဟိုးငယ္ငယ္ကတည္းက ဦးဘသာနဲ႔ခင္မင္ခဲ့တာေတြကို ျပန္ေတြးၿပီးေတာ့ ဝမ္းနည္းလာတယ္၊ က်ဳပ္မသိလိုက္ခင္မွာပဲ မ်က္ရည္ေတြက သူ႔အလိုလိုက်ဆင္းလာတယ္ဗ်၊ မယ္ေတာ္က က်ဳပ္ကိုၾကည့္ၿပီးေတာ့

“ေဟာ၊ မ်က္ရည္ေတြက်လာၿပီ”

လို႔ေျပာရင္း သူ႔လက္သည္းရွည္နဲ႔ က်ဳပ္ပါးျပင္က မ်က္ရည္ေတြကိုခံတယ္ဗ်၊ လက္သည္းရွည္အခြက္ထဲကို မ်က္ရည္သုံးေလးစက္ေတာ့ ဝင္မယ္ထင္ပါတယ္ဗ်ာ၊ ေနာက္ေတာ့ က်ဳပ္လည္း ဦးဘသာမ်က္ခြံေတြကိုဆြဲဖြင့္လိုက္တယ္၊ မယ္ေတာ္က သူ႔လက္သည္းထဲက မ်က္ရည္စက္ကေလးတစ္စက္ကို မ်က္လုံးထဲကိုခ်လိုက္တယ္၊ ေနာက္မ်က္လုံးတစ္ဖက္ကိုလည္း အဲဒီလိုပဲလုပ္လိုက္တာေပါ့ဗ်ာ၊ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ ဘာမွမထူးျခားေသးဘူးဗ်။ က်ဳပ္လည္း ေတာ္ေတာ္စိတ္ဓါတ္က်သြားတယ္။

“မယ္ေတာ္၊ က်ဳပ္အထင္ေတာ့ ဘာမွမထူးဘူးထင္ပါတယ္ဗ်ာ၊ ေဆးရည္က ေသြးသားေတာ္စပ္တဲ့လူေတြ လုပ္မွစြမ္းတယ္လို႔ေျပာတယ္မဟုတ္လား”

မယ္ေတာ္က ေခါင္းခါရင္း

“ငါထင္တဲ့အတိုင္းဆိုရင္ေတာ့ ေဆးကစြမ္းရမယ္၊ ဘယ္လိုျဖစ္တာပါလိမ့္”

“ေသြးသားမေတာ္စပ္ဘူးေလဗ်ာ”

က်ဳပ္ေျပာလိုက္ေတာ့ မယ္ေတာ္က က်ဳပ္ကိုေဒါသတႀကီးနဲ႔ၾကည့္ၿပီး

“ဒီေသြးမေတာ္ဘူးဆိုတာဘဲ အထပ္ထပ္ေျပာေနတယ္၊ တကယ္ေတာ့ သူနဲ႔မင္းက ေဆြမ်ိဳးေတာ္တယ္၊ ေသြးစပ္တယ္ဟ”

က်ဳပ္လည္း အံ့ၾသသြားမိတယ္ဗ်။

“ဘာေျပာတယ္မယ္ေတာ္၊ က်ဳပ္နဲ႔ဦးဘသာနဲ႔က ေသြးသားေတာ္စပ္တယ္တဲ့လား၊ မျဖစ္ႏိုင္ပါဘူးဗ်ာ၊ ဘယ္လိုလုပ္ၿပီးျဖစ္ႏိုင္မွာလဲဗ်၊ ေသြးသားေတာ္တယ္ေျပာရေအာင္ အေဖလူပ်ိဳေပါက္ျဖစ္ေတာ့ ေဒၚပ်င္းႀကီးက ေသသြားၿပီေလဗ်ာ၊ ဘယ္လိုလုပ္ၿပီးေတာ့ ကေလးေမြးႏိုင္မွာလဲ”

မယ္ေတာ္က သူ႔လက္ဝါးနဲ႔ သူ႔နဖူးကိုသူ႐ိုက္လိုက္ေတာ့တယ္၊ မာယာက က်ဳပ္ကိုၾကည့္ရင္း

“မင္းအေဖနဲ႔မဟုတ္ေပမယ့္ မင္းအဘိုးနဲ႔ေရာ မျဖစ္ႏိုင္ဘူးလား”

ဟုတ္သားဗ်၊ က်ဳပ္နဲ႔ေသြးသားေတာ္တယ္ဆိုတာနဲ႔ က်ဳပ္ကလည္း မဟုတ္တဲ့လူေတြနဲ႔ တြဲစပ္ေပးေနမိေတာ့တာ။ ဒါနဲ႔ မယ္ေတာ္ကိုၾကည့္လိုက္ရင္း

“ဒါဆို က်ဳပ္အဘိုး၊ က်ဳပ္အဘိုးသူႀကီးနဲ႔မ်ား ေဒၚပ်င္းက ညားခဲ့တာလား”

မယ္ေတာ္က ေခါင္းကိုအသာညိတ္ရင္း

“ေဒၚပ်င္းအပ်ိဳျဖစ္ခါစမွာ မင္းအဘိုးကလည္း လူပ်ိဳပဲရွိေသးတယ္၊ မင္းအဘိုးက ႐ြာမွာသူႀကီးျဖစ္တဲ့အခ်ိန္ သူ႔ကိုမနာလိုတဲ့သူေတြ၊ မေထာက္ခံတဲ့လူေတြအမ်ားႀကီးရွိတယ္၊ အဲဒီလူေတြကို ၿခိမ္းေခ်ာက္ဖို႔အတြက္ ေဒၚပ်င္းကိုအသုံးခ်ခဲ့တာပဲ၊ ေဒၚပ်င္းက မင္းတို႔အဘိုးနဲ႔မတည့္တဲ့လူေတြကို ရွင္းေပးရတယ္၊ မင္းတို႔အဘိုးက ေဒၚပ်င္းကို ေငြေၾကးကအစ အရာရာေထာက္ပံ့ခဲ့တယ္၊ ဒီလိုနဲ႔ အပ်ိဳလူပ်ိဳေတြ႕ဆုံၾကရင္း တစ္ခါေတာ့ မင္းရဲ႕အဘိုးနဲ႔ ေဒၚပ်င္းနဲ႔ ၿငိစြန္းခဲ့ၾကတာပဲ”

“ဟာ၊ အဲဒါဆို ဦးဘသာက က်ဳပ္အဘိုးနဲ႔ရတာေပါ့”

“မွန္တယ္၊ မင္းအဘိုးကလည္း ေဒၚပ်င္းကိုတကယ္ခ်စ္ခဲ့ပါတယ္၊ ဒါေပမယ့္ ေဒၚပ်င္းက စုန္းတစ္ေယာက္မဟုတ္လား၊ လူဆိုတာ အသိုင္းအဝိုင္းကလည္းရွိေသးေတာ့ ေနာက္ဆုံးမင္းအဘိုးက ေဒၚပ်င္းကိုတရားဝင္ဇနီးမယားတစ္ေယာက္အျဖစ္နဲ႔ မေပါင္းဖက္ခဲ့ဘူး”

“က်ဳပ္သိၿပီ၊ က်ဳပ္သိၿပီ၊ ဒါေၾကာင့္္ အဘိုးက အရင္က ေဒၚပ်င္းႀကီးကိုစုန္းမမွန္းသိရက္သားနဲ႔ ျပတ္ျပတ္သားသားမလုပ္ႏိုင္ခဲ့သလို၊ ေဒၚပ်င္းႀကီးကလည္း တစ္႐ြာလုံးကို ျပဳစားရင္ျပဳစားမယ္၊ အဘိုးကိုေတာ့ ဘာမွမလုပ္ခဲ့တာကိုးဗ်ာ”

“အခ်စ္လို႔ပဲေျပာရမယ္ထင္တာပဲ၊ မင္းအဘိုးသူႀကီးနဲ႔ ေဒၚပ်င္းက တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္စစ္နဲ႔ခ်စ္ခဲ့ၾကေပမယ့္ ေပါင္းဖက္ခြင့္မရခဲ့ၾကတဲ့သူေတြပါ”

က်ဳပ္လည္း ေခါင္းညိတ္လိုက္ၿပီးေတာ့

“ဒါနဲ႔၊ ဒီအေၾကာင္းေတြကို ဦးဘသာႀကီးေရာသိသလားဗ်ာ”

မယ္ေတာ္က ေခါင္းခါရင္း

“ေဒၚပ်င္းက သူ႔သားကိုအေဖနဲ႔ပတ္သက္တာ တစ္ခုမွမေျပာခဲ့ဘူး၊ သာစံက အေဖအေၾကာင္းေျပာရင္လည္း မႀကိဳက္ခဲ့ဘူး၊ ဒါေၾကာင့္ သာစံက ဒီအေၾကာင္းေတြကိုမသိေလာက္ဘူး”

က်ဳပ္လည္း ဦးဘသာမ်က္ႏွာကိုေသေသခ်ာခ်ာၾကည့္ရင္း

“ဒါဆို ဦးဘသာက အေဖ့ရဲ႕အကိုႀကီးေပါ့၊ ဒါဆို က်ဳပ္ . . . က်ဳပ္နဲ႔ဘႀကီးေတာ္တာေပါ့ေနာ္”

မယ္ေတာ္က

“မင္းတို႔ေရာ သာစံေရာ ဒီအေၾကာင္းေတြကိုမသိေပမယ့္ ေသြးကစကားေျပာတယ္လို႔ပဲေျပာရမလား၊ သာစံက တစ္႐ြာလုံးနဲ႔မခင္တြယ္လည္း မင္းတို႔မိသားစုနဲ႔ သူနဲ႔က်ေတာ့ အေတာ္ခင္တယ္မဟုတ္လား၊ မင္းတို႔မိသားစုတစ္ခုခုျဖစ္မွာကို သူမလိုလားဘူးမဟုတ္လား၊ ၿပီးေတာ့ မင္းေပါ့၊ မင္းနဲ႔သူနဲ႔က တကယ့္တူဝရီးေတြလို ခ်စ္ခင္ၾကတယ္မဟုတ္လား”

“ဟုတ္ပါ့ဗ်ာ၊ ဟုတ္ပ၊ ေသြးကစကားေျပာတယ္ဆိုတာ ေနမွာ၊ ဦးဘသာက က်ဳပ္အတြက္ေတာ့ က်ဳပ္ဦးေလးအရင္းတစ္ေယာက္လိုခင္ခဲ့ရတဲ့သူပါ၊ အခုမွ က်ဳပ္ဘႀကီးျဖစ္ေနမွန္းသိရေတာ့တယ္ဗ်ာ”

မယ္ေတာ္က လူေတြအားလုံးကိုၾကည့္လိုက္ၿပီးေတာ့

“ဒီအေၾကာင္းေတြကို ရွင္တို႔ဝမ္းထဲမွာပဲသိုသိပ္ထားၾကပါ၊ ေဒၚပ်င္းႀကီးကေတာင္ သူ႔သားရဲ႕အေဖဘယ္သူဆိုတာကို မေျပာခဲ့မွေတာ့ ရွင္တို႔က်ဳပ္တို႔ကလည္း ၾကားဝင္ေျပာစရာဘာအေၾကာင္းမွမရွိဘူး”

ေနာက္ေတာ့ မယ္ေတာ္က က်ဳပ္ကိုၾကည့္ရင္း

“မင္းလည္း ဒီကိစၥကိုႏႈတ္လုံရမယ္”

က်ဳပ္လည္းေခါင္းညိတ္ၿပီးေတာ့

“တကယ္တမ္း ေသြးကစကားေျပာတယ္ဆိုရင္ အခုအခ်ိန္ ေဆးစြမ္းျပသင့္ေနၿပီဗ်”

က်ဳပ္ဆုပ္ကိုင္ထားတဲ့ ဦးဘသာလက္ေတြက ျပန္ၿပီးေႏြးလာသဗ်၊ ေနာက္ေတာ့ ဦးဘသာက ေခ်ာင္းတစ္ခ်က္ႏွစ္ခ်က္ဆိုးတယ္ဗ်ာ၊ ၿပီးေတာ့ မ်က္လုံးေတြပြင့္လာပါေရာ။

“ဟာ၊ ဦးဘသာ၊ ဦးဘသာ ႏိုးၿပီလား”

“ဟင္၊ အလတ္ေကာင္၊ ငါအိပ္တာ ဘယ္ေလာက္ၾကာသြားလဲကြ”

က်ဳပ္လည္း ဦးဘသာႀကီးျပန္ႏိုးလာလို႔ ေပ်ာ္ေနမိတယ္ဗ်၊ ဦးဘသာက က်ဳပ္ေပါင္ေပၚလွဲခ်ေနရာကေန ထထိုင္လိုက္တဲ့အခ်ိန္မွာ က်ဳပ္က ဦးဘသာကို အေနာက္ေက်ာကေန ဖက္ထားလိုက္မိတယ္ဗ်၊ ဦးဘသာက ရွက္ကိုးရွက္ကန္းနဲ႔

“အလတ္ေကာင္၊ မင္းဘာျဖစ္ေနတာလဲ၊ လူေတြအမ်ားႀကီးၾကားထဲမွာ ဘာျဖစ္လို႔ငါ့ကိုထဖက္ရတာလဲကြ၊ ရွက္စရာႀကီးကြာ”

“အိုဗ်ာ၊ ဖက္တာပဲ ဘာျဖစ္လို႔ဖက္ရမွာလဲ၊ ခ်စ္လို႔ . . . ခ်စ္လို႔ဖက္တာေပါ့ဗ်”

ဦးဘသာက က်ဳပ္ကိုအတင္းဖယ္ထုတ္ရင္း

“ဟာ၊ ေဟ့ေကာင္ မင္းေၾကာင္ခ်င္တယ္ဆိုရင္လည္း ေနာက္မွေၾကာင္ကြာ၊ လူၾကားထဲေတာ့မလုပ္ပါနဲ႔”

“မသိဘူးဗ်ာ၊ ခ်စ္တယ္ . . . ခ်စ္တယ္၊ မြ”

က်ဳပ္လည္း ဦးဘသာပါးကို နမ္းလိုက္ေတာ့ ဦးဘသာက က်ဳပ္ကိုတအားတြန္းလွဲၿပီးေတာ့ ေၾကးတိုက္ထဲကေနထြက္ေျပးသြားပါေရာဗ်ာ၊ က်ဳပ္က ပက္လက္လန္ၿပီးေတာ့ က်န္ေနခဲ့တာေပါ့ဗ်၊ ခပ္လွမ္းလွမ္းေရာက္သြားတဲ့ ဦးဘသာကိုၾကည့္ရင္း

“ဟာ၊ ဦးဘသာ၊ က်ဳပ္ကိုေစာင့္အုံးေလဗ်ာ”

ဦးဘသာက က်ဳပ္ကိုျပန္လွည့္ၾကည့္ၿပီး

“ငါ့လခြမ္းကြာ၊ မင္းငါ့ကို အာဘြားေပးဖို႔ဆိုရင္ ငါ့ေနာက္လိုက္မလာနဲ႔၊ ငါ့ေနာက္လိုက္မလာနဲ႔”

ဦးဘသာက ဆက္ေျပးထြက္သြားတာပဲဗ်ာ၊ ေကာင္စီလူႀကီးနဲ႔ ေၾကးတိုက္ထဲကလူေတြလည္း အားလုံးရယ္ၾကတာေပါ့၊ က်ဳပ္လည္း ကမန္းကတမ္းထၿပီးေတာ့ ဦးဘသာအေနာက္ကိုေျပးလိုက္ခဲ့ရတာပါပဲ၊ ေကာင္စီလူႀကီးေတြကိုေတာင္ မႏႈတ္ဆက္လိုက္ရဘူးဗ်ာ။

အျပင္ေရာက္ေတာ့ မိုးလင္းေတာ့မယ္ဗ်၊ ေရာင္နီေတြေတာင္လာေနေရာေပါ့။ ေၾကးတိုက္ထဲမွာဆိုေတာ့ အခ်ိန္ေတြကုန္မွန္းမသိ ကုန္သြားတာျဖစ္မယ္၊ ဦးဘသာအေနာက္ကိုေျပးလိုက္ခဲ့ရင္းနဲ႔ ေနာက္ေတာ့ ၿမိဳ႕အျပင္နားကိုေရာက္ခဲ့ပါေရာဗ်ာ။

“ဦးဘသာ၊ က်ဳပ္ကိုေစာင့္ပါအုံးဗ်ာ”

“မင္းငါ့ကို အာဘြားမေပးေတာ့ဘူးဆိုရင္ ေစာင့္မယ္”

“မေပးေတာ့ပါဘူးဗ်ာ၊ ေနပါအုံးဗ်”

က်ဳပ္လည္းေတာ္ေတာ္ေမာေနၿပီေပါ့ဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာနဲ႔ေလွ်ာက္လာၾကတာ ၿမိဳင္သာအထြက္နားေတာင္ေရာက္ေနၿပီဗ်၊ ဦးဘသာက တစ္ေနရာကိုၾကည့္ရင္း

“ဟာ၊ ေဟာဟိုကုကၠိဳပင္ႀကီးေအာက္မွာ မင္းအကိုႀကီးမဟုတ္လား”

ဦးဘသာၫႊန္ျပတဲ့ေနရာကို က်ဳပ္ၾကည့္္လိုက္ေတာ့ အကိုႀကီးက လွည္းတစ္စီးေဘးနားမွာ မတ္တပ္ရပ္လို႔ဗ်၊ ဒါနဲ႔က်ဳပ္လည္း အကိုႀကီးကိုလက္လွမ္းျပၿပီးေတာ့

“အကိုႀကီး၊ အကိုႀကီး”

က်ဳပ္ေခၚလိုက္ေတာ့ အကိုႀကီးက က်ဳပ္ကိုလွမ္းၾကည့္ၿပီး ဘီလူးသရဲတစ္ေကာင္ကိုျမင္လိုက္ရသလိုမ်ိဳး အေတာ္အံ့အားသင့္သြားသဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာလည္း အကိုႀကီးဆီကိုေျပးလာခဲ့တာေပါ့၊ အကိုႀကီးက လွည္းနံရံမွာေဆာင္ထားတတ္တဲ့ ဓါးရွည္ကိုဆြဲထုတ္ၿပီး

“ေဟ့၊ ငါ့အနားကိုမကပ္နဲ႔၊ ငါ့အနားကိုမလာနဲ႔ေနာ္”

“ဟာ၊ အကိုႀကီး ဘာျဖစ္တာလဲဗ်”

“မင္းတို႔သရဲေတြဆိုတာငါသိတယ္၊ ငါ့ညီအေယာင္ေဆာင္ၿပီး ငါ့ကိုေျခာက္လွန႔္ဖို႔ေတာ့ စိတ္မကူးနဲ႔၊ ဓါးစာမိသြားမယ္ကြ”

“ဟာဗ်ာ၊ အကိုႀကီးက ဘယ္လိုျဖစ္တာလဲဗ်၊ က်ဳပ္ေလဗ်ာ၊ အလတ္ေကာင္မွ အလတ္ေကာင္အစစ္၊ ေဟာဒီမွာ ဦးဘသာႀကီးေတာင္ပါေသးတယ္ဗ်”

“မျဖစ္ႏိုင္ဘူး၊ ငါ့ညီအလတ္ေကာင္က လွည္းထဲမွာကြ”

က်ဳပ္လည္းအေတာ္အံ့ၾသသြားတယ္ဗ်၊ ဒါနဲ႔လွည္းထဲကိုၾကည့္လိုက္ေတာ့ က်ဳပ္မွက်ဳပ္ဗ်ာ၊ လွည္းၾကမ္းခင္းေပၚမွာ ေခြေခြကေလးအိပ္ေနတာဗ်၊ က်ဳပ္ျဖင့္ ဘယ္လိုျဖစ္သြားမွန္းကိုမေတြးတတ္ေတာ့ပါဘူးဗ်ာ။

“အကိုႀကီး က်ဳပ္ေျပာတာယုံပါဗ်ာ၊ က်ဳပ္က အလတ္ေကာင္ပါ၊ အကိုႀကီးရဲ႕ညီအစစ္ပါ၊ အခုလွည္းေပၚေရာက္ေနတဲ့လူက အတု၊ အလတ္ေကာင္အတုဗ်”

အကိုႀကီးက ေၾကာင္စီစီနဲ႔

“ကဲ ဒါဆိုငါမင္းကိုေမးမယ္၊ သုံးငါးလီဘယ္ေလာက္လဲကြာ”

က်ဳပ္လည္းတြက္မလို႔လုပ္ေနတုန္း

“ေဟ့ေကာင္တြက္မေနနဲ႔၊ ျမန္ျမန္ေျဖ”

ဒါနဲ႔က်ဳပ္လည္း မတြက္ေတာ့ဘဲ စိတ္မွန္းနဲ႔

“ႏွစ္ဆယ္ဗ်ာ”

က်ဳပ္ေျဖလိုက္ေတာ့ အကိုႀကီးက က်ဳပ္ကိုၾကည့္ရင္း လက္ထဲက ဓါးကိုခ်လိုက္တယ္ဗ်။

“ေအးကြ၊ မင္းကအလတ္ေကာင္အစစ္ပဲ၊ အလတ္ေကာင္အစစ္က သခ်ၤာညံ့တယ္ဟ၊ ဘယ္ေတာ့မွ အလီမမွန္ဘူး”

ဦးဘသာက က်ဳပ္တို႔ညီအကိုႏွစ္ေယာက္ကိုၿပဳံးၾကည့္ေနရင္း

“မင္းတို႔ညီအကိုေတြ မွတ္ထားပုံမွတ္ထားနည္းကလည္း အဆန္းပါလားကြာ၊ တစ္ေယာက္ကလည္း သုံးငါလီကို ႏွစ္ဆယ္တဲ့”

ဦးဘသာက ခါးေထာက္ၿပီးေတာ့ ရယ္ေနေတာ့တယ္၊ အကိုႀကီးက လွည္းေပၚကလူကိုၾကည့္ရင္း

“ဒါဆို ဒီေကာင္ကဘာေကာင္လဲကြ”

“ေနပါအုံး၊ အကိုႀကီးက ဘယ္လိုေတြ႕ခဲ့တာလဲ”

“ဒီလိုကြ၊ မင္းမေန႔ညေနက ျပန္မလာလို႔ ဘာမ်ားျဖစ္သလဲဆိုၿပီးေတာ့ တန္းျမင့္႐ြာကေန လွည္းနဲ႔လိုက္လာခဲ့တာ၊ ဒီေရာက္ေတာ့ မိုးအေတာ္ခ်ဳပ္ၿပီးညည့္နက္ေနၿပီကြ၊ ဒါနဲ႔ ဒီကုကၠိဳပင္ရိပ္မွာ လွည္းျဖဳတ္ၿပီးတစ္ညနားလိုက္တာပဲကြာ၊ ဒီေန႔မနက္ မင္းကိုလိုက္ရွာမယ္လို႔ေတြးၿပီး အိပ္ရာထလိုက္ေတာ့ မင္းကငါ့လွည္းအနားကေန ခပ္သုတ္သုတ္နဲ႔ျဖတ္သြားသကြ၊ ငါလည္း မင္းကိုလိုက္ေခၚေတာ့ မင္းက ငါ့ကိုမသိသလိုလိုနဲ႔ ငါ့လက္ကိုပုတ္ခ်သြားသကြာ၊ ဒါနဲ႔ငါလည္း ေဒါသထြက္ထြက္နဲ႔မင္းရဲ႕ဇက္ပိုးကို လွည္းေဒါက္ခြနဲ႔အုပ္ထည့္လိုက္တာ မင္းေမ့သြားတယ္ေလကြာ”

ဦးဘသာက ေသေသခ်ာခ်ာၾကည့္ၿပီးေတာ့

“ေသခ်ာတယ္ေဟ့၊ ခင္ရီမွ ခင္ရီအစစ္ကြ”

က်ဳပ္လည္းျပန္ေတြးရင္း

“ဟုတ္မယ္ဗ်၊ ေၾကးတိုက္ထဲမွာ အနီေရာင္မီးခိုးလုံးေတြထြက္တဲ့အခ်ိန္ က်ဳပ္ပုခုံးကိုလူတစ္ေယာက္လာပုတ္သြားတယ္ဗ်၊ ဧကႏၲခင္ရီက က်ဳပ္ေယာင္ေဆာင္ၿပီးထြက္ေျပးခ်င္လို႔ ပုတ္သြားတာမ်ားလား”

“အစစ္ေပါ့၊ ကဲကြာ လက္စနဲ႔လွည္းကိုၿမိဳ႕ထဲေမာင္းခဲ့၊ ခင္ရီကို ႀကီးၾကပ္သူေတြဆီ အပ္ရေအာင္ေဟ့”

က်ဳပ္တို႔ေျပာတာကို အကိုႀကီးက ပါးစပ္အေဟာင္းသားနဲ႔ထိုင္ၾကည့္ေနသဗ်၊

“ေနပါအုံး၊ ခင္ရီကဘယ္သူလဲ၊ ၿပီးေတာ့ ႀကီးၾကပ္သူဆိုတာကေရာ”

က်ဳပ္နဲ႔ဦးဘသာလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးေတာ့

“တျခား မဟုတ္ပါဘူးအကိုႀကီးရာ၊ ခင္ရီက ႐ုပ္ေျပာင္း႐ုပ္လႊဲဝိဇၨာဗ်၊ ႐ုပ္ဖ်က္ၿပီးေတာ့ လူေတြကိုလိုက္လိမ္စားေနတာ၊ အခုလူလိမ္ေပၚၿပီဆိုေတာ့ ရဲလက္အပ္ရမွာေပါ့ဗ်ာ။

က်ဳပ္တို႔လည္း လွည္းနဲ႔ၿမိဳင္သာထဲျပန္ဝင္ခဲ့တယ္၊ ႀကီးၾကပ္သူေတြလာေခၚသြားတဲ့အထိ ခင္ရီက မႏိုးေသးဘူးဗ်ာ၊ အကိုႀကီးလက္ဆတယ္ျပင္းပုံရသဗ်၊ ၿမိဳ႕ထဲကျပန္မယ္လုပ္ေတာ့ အကိုႀကီးက

“ေဟ့အလတ္ေကာင္၊ ငါမွာတဲ့ ျမျခဴးေဆးလိပ္ဝယ္ၿပီးၿပီလား”

“ဟာ၊ ဟုတ္ပဗ်ာ၊ အခုမွသတိရတယ္”

ဒါနဲ႔ ျမျခဴးေဆးလိပ္ဆိုင္မွာ ေဆးလိပ္ဝင္ဝယ္ၾကတာေပါ့ဗ်ာ၊ ခင္ရီတစ္ျဖစ္လဲ က်ဳပ္ငမ္းခဲ့ရတဲ့ ေကာင္မေလးကိုေတာ့ မေတြ႕ေတာ့ဘူးဗ်၊ အလိပ္ငါးဆယ္ပါတဲ့ ေဆးလိပ္တစ္စည္းဆြဲၿပီးတာနဲ႔ က်ဳပ္တို႔လည္း လွည္းနဲ႔ျပန္ခဲ့ၾကတာေပါ့ဗ်ာ။

“မင္းတို႔ဘာျဖစ္လို႔ေနာက္က်ေနတာလဲကြ”

“မေျပာတတ္ေတာ့ပါဘူး အကိုႀကီးရာ”

“အစည္းအေဝးကေရာဘယ္လိုလဲ၊ ဘာေတြစည္းေဝးၾကတာလဲ၊ အစည္းအေဝးမွာေျပာတဲ့ဟာေတြကို အေဖေျပာတဲ့အတိုင္း ေသေသခ်ာခ်ာေရးမွတ္လာသလားကြ”

က်ဳပ္လည္း အကိုႀကီးေမးတာေတြကို မေျဖႏိုင္ေတာ့တာနဲ႔ လွည္းေပၚအိပ္လွဲခ်လိုက္ၿပီးေတာ့

“ဝွါး၊ အိပ္ခ်င္လိုက္တာအကိုႀကီးရာ၊ တစ္ညလုံးလည္း မအိပ္ရေသးဘူးဗ်”

“ဟင္၊ တစ္ညလုံးမအိပ္ရေအာင္ မင္းတို႔ကဘာလုပ္ေနလို႔လဲကြ”

ဦးဘသာက ရယ္က်ဲက်ဲနဲ႔

“ဘာမွမဟုတ္ပါဘူးကြာ၊ ၿမိဳင္သာၿမိဳ႕စြန္ ေခ်ာင္းဝဘက္က အလႉပြဲမွာ ဆိုင္းကလည္းေကာင္း၊ မင္းသမီးကလည္း ေခ်ာတယ္ဆိုတာနဲ႔ ငါနဲ႔အလတ္ေကာင္နဲ႔မိုးလင္းေပါက္ၾကည့္မိတယ္ဆိုပါေတာ့ကြာ”

“ဟာ၊ လုပ္ရက္လိုက္တာကြာ၊ ငါကေတာ့ မင္းတို႔မလာလို႔ဘာမ်ားျဖစ္သလဲဆိုၿပီး စိုးရိမ္မိလို႔ ၿမိဳင္သာအထိ လွည္းနဲ႔လိုက္လာခဲ့တာကြ၊ ေနအုံး၊ အိမ္ေရာက္ေတာ့မွ မင္းနဲ႔ငါနဲ႔ေတြ႕မယ္အလတ္ေကာင္”

က်ဳပ္လည္း အကိုႀကီးေျပာတာေတြကို နားေထာင္ေနရင္း မ်က္ခြံေတြေလးလာၿပီးေတာ့ အိပ္ခ်င္လာတယ္။

“ဦးဘသာ၊ လွည္းကေဆာင့္ေတာ့ ဒီတိုင္းအိပ္ရတာ ေခါင္းနာတယ္ဗ်ာ၊ ဦးဘသာရဲ႕ေပါင္ေပၚမွာ ေခါင္းအုံးအိပ္ခ်င္တယ္ ရမလား”

ဦးဘသာက ရယ္ေမာရင္း

“ရပါတယ္ကြာ၊ အိပ္စမ္းပါကြ၊ အလတ္ေကာင္ကေတာ့ လွည္းစီးရင္းေတာင္မွ ဇိမ္ခံခ်င္တဲ့ေကာင္ပါလားကြ”

က်ဳပ္လည္း ဦးဘသာေပါင္ေပၚေခါင္းတင္ၿပီး အိပ္ရင္းလိုက္လာခဲ့ေတာ့တယ္၊ အရင္ကလည္း ဦးဘသာနဲ႔ရင္းႏွီးတယ္ဆိုေပမယ့္ အခုေတာ့ ဦးဘသာက က်ဳပ္ဘႀကီးဆိုတာသိလိုက္ရတဲ့အခ်ိန္မွာ ပိုၿပီးေႏြးေထြးတဲ့ ခံစားမႈေလးတစ္ခုကို ခံစားလိုက္ရသလိုပဲဗ်။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ