ဆိုးတဲ့အမေ

Posted on

ဆိုးတဲ့အမေ(စ/ဆုံး)
————————-
အဖေ တောတက်သွားရင်း ပိုးထိတော့ ညီထွေးက မီးတွင်းထဲမှာပေါ့။ အသက်၂၈နှစ်အရွယ် အမေဟာ သားငါးယောက်နဲ့ မုဆိုးမဖြစ်ခဲ့ရသည်။အမေက ကျုပ်တို့ ညီအစ်ကို‌တွေကို နှစ်နှစ်ခြားတယောက် ဆိုသလို မွေးခဲ့ခြင်းဖြစ်သည်။
အဖေမရှိတော့သည့် နောက်ပိုင်း အမေဟာ ဘောက်အလုပ်တွေကို လိုက်လုပ်ခဲ့ရသည်။ အောက်ပြည်သူ အမေဟာ အညာသား အဖေ့နောက်ကို လင့်မျက်နှာ တရွာထင်ပြီး လိုက်လာခဲ့သူ။ မာနကြီးတဲ့အမေက အဖေ့အမျိုးတွေနဲ့ ခပ်တန်းတန်းသာ၊အရောတဝင်မရှိလှ။
အမေတစ်ယောက်လုပ်အားနဲ့ စီးပွားရေးက ချောင်လည်လားဆိုတော့ ဝါးလုံးခေါင်းထဲ ဆင်ဝင်တိုးသလိုပါပဲ။ ထမင်းနပ်မှန်အောင်တောင် အနိုင်နိုင်။ ဟင်းဆိုတာက အိမ်မှာပေါက်တဲ့ ကြက်ဟင်းခါးသီးမီးဖုတ်ထောင်းနဲ့ ငါးပိစိမ်းစားတို့စားလည်းဖြစ်သည်။ တခါတရံ ကန်စွန်းရွက် ရေလုံပြုတ်နဲ့ မန်ကျည်းရွက်ထောင်း။အများအားဖြင့်တော့ ငါးပိရည်ကျိုပြီး ထမင်းနဲ့နယ်စားကြသည်သာ။ ငပိရည်ကျိုမှာတောင် ငရုတ်သီးမှုန့်က ပါတခါ ပျောက်တလှည့်။ ဒါပေမယ့် ကျုပ်တို့ညီအစ်ကိုတွေက ထမင်းခဲကို ထန်းလျက်နဲ့ ကိုက်စားရရင်တောင် နတ်သုဒ္ဒါ ထင်မှတ်နေတာမျိုး။
ဒီလိုအခြေအနေမှာ ပိုက်ဆံအများကြီးကို အမေ့လက်မှာ တခါလား မြင်ဖူးခဲ့သည်။အဖေ့အမေဆုံးလို့ အမွေရခြင်းဖြစ်သည်။ တခြားမောင်နှမတွေ ဆယ်သိန်းရချိန်မှာ အမေ့ကို ဒေါ်ဒေါ်ကြီးက ငါးသိန်းလာပေးသည်။ အမွေခွဲဖို့ လာခဲ့ပါခေါ်တာကို အမေမလာလို့ ဆိုပြီး တဗြစ်တောက်တောက်ပြောသွားသည်။ အဲ့ဒီပိုက်ဆံကို အမေက ကျုပ်လက်ကိုဆွဲပြီး ဘုန်းကြီးကျောင်း အုတ်တံတိုင်းအတွက် သွားလှူခဲ့သည်။
အမေက ဘာပြောလဲဆို‌တော့ နင့်အဖေအတွက်ပေးတာ သူ့အတွက်ပဲသုံးရမှာပေါ့တဲ့။ ဒါကြောင့်လည်း အဖေ့နံမည်နဲ့ ကမ္ဗည်းထိုးလှူခဲ့သည်။အမေ့နံမည်တောင် မထည့်ခဲ့။ ဒါကို အဖေ့အမျိုးတွေသိတော့ လူနေခြုံကြား စိတ်နေဘုံဖျား လို့ အမေ့နားပေါက်အောင် ပြောကြသည်။
တခါက အကြီးကောင်တစ်ယောက် ငါးသွားနှိုက်ပြီး ငါးတွေရလာတော့ ကျုပ်တို့ညီအစ်ကို‌‌တွေ ပျော်လိုက်သည့်ဖြစ်ခြင်း။ ညနေစာ အတွက် အမေမလာခင် ငါးကြိုကင်ပြီး အမေပျော်သွားအောင် လုပ်မယ်ဆိုပြီးပေါ့။ ညနေစာ ထမင်းဝိုင်းကို ရင်တခုန်ခုန် ဗိုက်တဂွမ်ဂွမ်နဲ့ စောင့်နေခဲ့သည်။ အဲ့ဒီနေ့မှ အမေကလည်း နောက်ကျလေခြင်း။ပေါ်မလာ ပေါ်မလာနဲ့ မှောင်ရည်ဖြိုးဖြအချိန်သို့ ရောက်မှ အမေပြန်လာသည်။
အမေဝယ်လာတဲ့ဆန်နဲ့ ထမင်းကို အပြေးအလွှားချက်ပြီး ငါးကင်နဲ့ ကင်ပွန်းချဥ်ရည်ကို ထမင်းဝိုင်းအလည်မှာ ခန့်ခန့်ကြီး တည်ထားလိုက်ကြသည်။ ငါးကင်ကိုမြင်ပြီး အမေပျော်သွားမှာပဲ ဆိုတဲ့အတွေးက ပြန့်ကျဲသွားတဲ့ ထမင်းလုံးတွေနဲ့အတူ လွင့်ပျောက်သွားခဲ့ရသည်။ဝုန်းဆိုတဲ့အသံနဲ့အတူ ထမင်းစားပွဲလည်း မှောက်သွားခဲ့သည်။ ကြက်သေသေနေတဲ့ကျုပ်တို့ကို ကြည့်ပြီး အမေက ဘာပြောတယ်မှတ်သလဲ သူများအသက်သေပြီးမှ ငါတို့က အသက်ရှင်ရမှာလားတဲ့။ တော်တော်ခက်တဲ့ အမေပါပဲ ။ဘုရားစာ‌မရွတ်တဲ့အမေက သူ့များအသက်သတ်မှာ စိုးသတဲ့။ ဘုရားစာတွေ အကျယ်ကြီး ရွတ်တတ်တဲ့ ခေါင်းရင်းအိမ်က ဒေါ်ဒေါ်ပုတို့နဲ့များကွာပ။ အရက်သမား ကိုဖိုးထောင်က ငါးဟင်းစားလာပေးရင် ပြုံးလို့ပျော်လို့ ။နောက်ပြီး ပြောသေးတယ် ဒေါ်ဒေါ်က ငါးဆိုလတ်မှချိုမှ ကြိုက်တာတဲ့။ ကိုဖိုးထောင်ကို အရက်ဖိုးတောင် ပေးလိုက်သေးသည်။
တခါကတော့ ကျုပ်အထက်ကကောင် ငတိုးပေါ့ လောက်လေးခွကို အိမ်ယူလာတာ အမေတွေ့တော့ ဘာပြောကောင်းမလဲ ‌ငတိုးကို လောက်စာလုံးခံဒူးထောက်ခိုင်းတာ နှစ်ရက်လောက် လမ်းမလျှောက်နိုင်ရှာဘူး။ နောက်တော့ သူ့ခမျာ လေးခွမြင်ရင်ကို လန့်နေတော့သည်။
ကျုပ်တို့ ညီအစ်ကိုအားလုံး ဘကကျောင်း တက်ကြရသည်။ အမေက မုန့်ဖိုးအစား အိမ်က အသီးတွေထည့်ပေးတတ်သည်။ အိမ်မှာကလည်း သီးပင်စားပင်တွေ စုံလှသည်။ ငှက်ပျောပင်၊မာလကာပင်၊ဩဇာပင်၊ ပိန္နဲပင်၊သရက်ပင်၊ဆီးသီးပင်၊သပြေသီးပင်ရယ်လို့ စုံလို့ပါပဲ။ ရာသီစာ အသီးကတော့ မစားချင်မှအဆုံး အဝအလင် စားကြရသည်။ မုန့်ဆိုင်ကမုန့်တွေ စားရဖို့မှာတော့ အလှမ်းဝေးလှသည်။
ဟိုတလောက အမေ့အစ်ကို အောက်ပြည်ကဦးလေး လာလည်တော့ မုန့်ဖိုးတွေပေးသွားခဲ့သည်။ ဒီတခါတော့ မုန့်စားရချည်သေးရဲ့လို့ ပျော်လို့ပေါ့။ ဒါပေမယ့် အမေရယ်လေ ဘဘုန်းဆီသွားပြီး ကလေးတွေအတွက် သင့်တော်တဲ့စာအုပ်ဝယ်ပေးပါဆိုပြီး ပေးလိုက်သတဲ့။ ကျုပ်တို့လည်း မုန့်နဲ့ဝေး ချာလန်တေးခဲ့ရသည်။
ရွာအလှူက ဗြောသံတွေ တစည်စည်တဝေဝေနဲ့ဆိုတော့ ကျုပ်တို့လည်းအလှူကို သွားကြည့်ချင်လို့ ဖင်တကြွကြွ ဖြစ်နေသည်။ အမေလည်း အလုပ်မသွားတော့ ရေမိုးချိုး သနပ်ခါးလိမ်းပြီး သားအမိတတွေ အလှူသွားကြမယ်ပေါ့။သနပ်ခါး ရေကျဲ၊ဘီးဆံပတ်ထုံးနဲ့အမေဟာ ထူးထူးခြားခြားလှပလို့‌နေသည်။အဲ့ဒီအချိန်မှာပဲ ညီထွေးလေးက ဘာဖြစ်၍မှန်းမသိ ကော့၍ ကော့၍ ငိုတော့သည်။
အကြာကြီးငိုနေတဲ့ ညီထွေးကိုကြည့်ပြီး အမေလည်း စိတ်ပူလာပုံရသည်။ အမေ့လက်ထဲလည်း ပိုက်ဆံရှိပုံမရ ။အဲ့ဒီချိန်မှာ အမေကဖြတ်ခနဲထ၍ ကတ်ကြေးယူပြီး သူ့ဆံပင်သူဖြတ်ကာ အကြီးကောင်ကို သွားရောင်းခိုင်းသည်။ ဆေးခန်းက ပြန်လာချိန်မှာတော့ ညီထွေးမျက်နှာက ကြည်လို့ရွှင်လို့‌ ။ ရွာက အလှူအလှည့်လည်း ပြီးသွားခဲ့ပြီ။ အမေ့ဆံပင်လည်း စည်းလို့မဖြစ်အောင် တိုသွားသည်မှာ ကြည့်ရ ဆိုးလှသည်။ အမေကတော့ ပြုံးလို့ ပျော်လို့ပါပဲ။
ဒီနှစ် သရက်တွေ သီးတော့ အမေက သရက်သီးပေါက်ပြီး အခြောက်လှမ်းဖို့ပြင်သည်။ ဒီလိုဆို တနှစ်စာဟင်းစား မပူရတော့ဘူးမလား။ အမေနဲ့မလှမ်းမကမ်းမှာ ကျုပ်နဲ့ ကျုပ်အောက်ကအငယ်ကောင် ဆော့နေကြသည်။ ကျုပ်ကိုင်ထားတဲ့ ရွှံ့ရုပ်ကို အငယ်ကောင်က ဆွဲလုပြေးပြီး ချိုးပစ်လိုက်တော့ စိတ်တိုတိုနဲ့ ကျုပ်ဆဲမိသွားသည်။ ကျုပ်ကလည်း ကျုပ်ပါပဲ အမေကိုင်ပြီး ဆဲလိုက်မိသည်။ အဓိပ္ပာယ်ကို နားမလည်ပဲ ကြားဖူးနားဝ ဆဲလိုက်ခြင်းသာဖြစ်သည်။ အဲဒီအချိန် ကျုပ်နဖူးမှာ ပူခနဲ ဖြစ်သွားပြီး သွေးတွေဖြိုင်ဖြိုင် ကျလာသည်။ ဘာဖြစ်ရမလဲ အမေရယ်ပေါ့ သူသရက်သီးလှီးနေတဲ့ဓားနဲ့ လှမ်းပေါက်လိုက်ခြင်း ဖြစ်သည်။ အမေက အဲ့သလောက်ကို စိတ်ကြီးတာပါ။
အခုတော့ အမေ့အကြောင်းတွေကို ပြန်ပြောရင်း လွမ်းနေရတယ်အမေ။ တချိန်ကငိုစရာတွေက အခုချိန်မှာတော့ ရယ်စရာတွေပေါ့။ တစ်နှစ်တခါသာ ဆုံဖြစ်ကြတဲ့ ကျုပ်တို့ ညီအစ်ကိုတွေလည်း စကားတွေ ရေပက်မဝင်‌အောင် ပြောဖြစ်ကြတယ် အမေ။ အများဆုံးကတော့ အမေ့အကြောင်း‌ တွေပေါ့။ ရွာကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျုပ်ကလွဲရင် ကျန်တဲ့သူတွေက တနယ်တကျေးမှာ အလုပ်တာဝန်ကိုယ်စီနဲ့ရောက်နေကြတယ် အမေ။
အခုလို အမေ့ဆွမ်းကပ်အတွက်မှမဟုတ်ရင် အိမ်မှာလူမစုံတော့ဘူးအမေ။ ငယ်ငယ်က အစားအသောက်ကြိုက်တဲ့ အကြီးကောင်ကလည်း သူ့စားသောက်ဆိုင်က ပစ်ထားလို့မရဘူးတဲ့အမေ။ငယ်ငယ်က ကြက်ပစ်ငှက်ပစ်ဝါသနာပါတဲ့ ဦးဇင်းငတိုးလည်း စာဝါတွေချရင်း မအားလပ်နိုင်ရှာဘူးအမေ။ အစအနောက်သန်တဲ့အမေ့သားအငယ်ကောင်ကတော့ ကုမ္ပဏီရဲ့ စာရင်းအင်းတွေကြားမှာ ခေါင်းနစ်နေတယ်ဆိုပဲ။ ငယ်ငယ်ကကျန်းမာရေးချူချာတဲ့ညီထွေးကတော့ တောင်ပေါ်ဒေသတခုမှာ ကျန်းမာရေးမှူးတာဝန်ထမ်းဆောင်နေတာဆိုတော့ ဘယ်လာလို့လွယ်ပါ့မလဲ‌လေ။ ဘယ်လိုပဲဖြစ်ဖြစ် အမေ့အတွက်ဆိုတဲ့စိတ်နဲ့ အမေနှုတ်ဆက်ထွက်ခွာသွားတဲ့‌နေ့ကိုကုသိုလ်ပြုပေးဖို့အတွက်‌တော့ အမေ့သားတွေ နှစ်စဉ် မမေ့လျော့ခဲ့ပါဘူးအမေ။
ငယ်စဥ်က ဆိုးတယ်လို့ ကျုပ်တို့ထင်ခဲ့တဲ့အမေ့ကို ရွာထဲက လူတွေက ” မအေးမြက သားငါးယောက်ကို ထွန်းပေါက်အောင် ထိန်းကျောင်းနိုင်တာ ဘယ်ဆိုးလို့လဲအေ “ဆိုတဲ့စကားကိုသာ အမေကြားရင် ဝမ်းသာနေမလား။တကယ်တော့ အမေဟာ မဆိုးခဲ့ပါဘူးဗျာ။ဒါ‌ကြောင့်လည်း အမေပျိုးခဲ့တဲ့ မျိုးစေ့လေးတွေ အခုလို ကောင်းကောင်းမွန်မွန် ရှင်သန်နေတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို အမေ့သားတွေ ကျေးဇူးဆပ်နိုင်ချိန်မှာ အမေရှိမနေနိုင်တာကတော့ တကယ်ဆိုးလွန်းပါတယ်ဗျာ။