တစ်ဖက်ကန်း(စ/ဆုံး)
——————
နယုန်လရဲ့ မိုးက နွေအပူရှိန်တွေကို လွှမ်းခြုံပစ်လိုက်တာ ပထမရွာစတော့ မြေငွေ့ရနံ့က
ကြိုင်လှိုင်နေသေးသည်။
တဖြေးဖြေးနဲ့ သည်းလာပြီး မိုးရေများလာတဲ့အချိန်မှာတော့ အအေးလှိုင်းကလေးအဖြစ် ပြောင်းလဲလာလိုက်တာ အခုလို ညနေခင်းအချိန်ရောက်လာတော့
လချီမဝတ်ပဲ ခေါက်သိမ်းထားသော အိင်္ကျီလက်ရှည်ခပ်ပါးပါးလေးတွေကို ထုတ်ဝတ်ရတဲ့အထိ အေးစိမ့်လာချေပြီ။
ကလေးအကြီးနှစ်ယောက်ကိုပါ နွေးထွေးအောင်ဝတ်ဆင်ပေးပြီး သုံးလသာရှိသေးတဲ့ သမီးငယ်ကို
ပုဆိုးဟောင်းနှင့်သေချာထုတ်ပြီး အပေါ်ကနေ စောင်ခြုံပေးထားလိုက်သည်။
ညစာအတွက် ချက်ပြုတ်ရအုံးမည်မို့ မီးဖိုရှိရာ
လှေကားအဆင်းက စင်ကလေးဆီ ဆင်းလာခဲ့ပြီး
မီးသွေးဖို မီးမွှေးကာ ထမင်းအိုးတည်ထားရင်း
ဟင်းချက်ဖို့ စဥ်းစားရပြန်သည်။
ဒီနှစ်နွေဦးအစကတည်းက အိမ်ရဲ့ စားဝတ်နေရေးက ကြပ်တည်းနေခဲ့သည်။ ကလေးမီးဖွားစရိတ် သမီးအကြီးဆုံးလေးရဲ့ မူကြိုလစာ ဘာလိုလိုနဲ့
ဒီနှစ်ဆို သမီးကြီးကို ကျောင်းစအပ်ရတော့မည်။
ကျွန်မနာမည်က မနှင်းပါ ယောက်ကျားက လက်သမားလုပ်ပြီး ကျွန်မတို့သားအမိကို ရှာကျွေးနေခဲ့သူ။ အခုသူက ဖျားရာကနေ ဆေးထိုးမှားလို့
ပေါင်တဘက်မှာ အနာဖြစ်ပြီး အလုပ်ကမလုပ်နိုင်သေး။
မနှင်းကလည်း သွေးနုသားနုနှင့် ဘာမှလုပ်မရဝင်ငွေကမရှိ။ အလုပ်ရှိတုန်းက စုမိဆောင်းမိတာလေးတွေကလည်း တတိတိနဲ့ ကုန်လာလိုက်တာ
တနေ့တခြား ကြပ်တည်းလာတဲ့ အခြေနေဖြစ်လာ၏။
မကြာခင်ထမင်းအိုးက ဆူတော့မည်။ ရှည်ရှည်ဝေးဝေး မစဥ်းစားတော့ ထုတ်တန်းမှာ ချိတ်ထားတဲ့
ထီးကို ဖြုတ်ယူပြီး ဖွင့်လိုက်ရင်း
” သမီးကြီး သားငယ် အမေ မြောက်နားလေးမှာ
ပဲပြုတ်သွားဝယ်လိုက်အုံးမယ် မဆူကြနဲ့နော် ညီမလေးအိပ်နေတယ် နိုးလိမ့်မယ် ”
ဘုရားစင်အောက်နားမှာ တွက်တီးတွက်တာနဲ့ ကစားနေတဲ့ ကလေးနှစ်ယောက်ကို လှမ်းပြောပြီး
မိုးရေထဲ ထီးဆောင်းထွက်လိုက်သည်။
လေးအိမ်ကျော်က ပဲပြုပ်သည် အဒေါ်ကြီးအိမ်မှာ
ပဲပြုပ်တစ်ရာဖိုးဝယ်ပြီး ခပ်သုတ်သုတ်ပြန်လာ၏။
အိမ်အရောက် ထမင်းအိုးဆူတာနဲ့ ထမင်းအိုးငှဲ့ပြီး
မီးခဲတင်နှပ်ထားလိုက်သည်။ ဝယ်လာတဲ့ပဲပြုတ်ကို
ကြက်သွန်ဖြူလေး ဆီသတ်ပြီး ပဲကိုကြေအောင်
ဇွန်းနဲ့ဖိချေကာ ဟင်းရည်ချက်လိုက်သည်။
ငပိအနည်းငယ်ယူကာ မီးဖိုရဲ့ ပြာထုတ်ပေါက်ထဲ
ထည့်ပြီး ကင်လိုက်သည်။ ကြက်သွန်နီ နှစ်ဥကိုခပ်ပါးပါးလှီ ငရုပ်သီးစိမ်းပါးပါးလှီးပြီး
ကင်ထားသော ငပိကို သုပ်လိုက်၏။ ပဲဟင်းချိုအိုး
တည်ထားတုန်း အိမ်နောက်ဖေးက ကန်းစွန်းရွက်
လက်တဆုပ်ကြီးကြီး ခူးကာ ရေဆေးပြီး
ဆီပါတယ်ဆိုရုံလေးထည့်ပြီး ကြော်လိုက်သည်။
ညစာအတွက် ထမင်းဟင်းက ချက်ပြုပ်ပြီးလေပြီ။
~~~~~~~~~~~
မိုးက အားနဲ့မာန်နဲ့ သည်းလာလိုက် နားလိုက်နှင့်
မှောင်ရီပြိုးစအချိန်ထိ မိုးက တစိမ့်စိမ့်နှင့် ရွာမစဲ
ထိုအချိန် ရေခပ်လာသော ဝမ်းကွဲယောင်းမက
” မနှင်း နင်ယောက်ကျားက ပြန်မလာသေးဘူးလား
မနက်ကတည်းကသွားတာလားလို့ ”
” ပြန်မရောက်သေးဘူး မကြီးရေ အနာက အကင်းမသေသေးဘူး မသွားနဲ့လို့တားတာကို သွားတာ
မတော် ထိမိခိုက်မိရင် ပိုဆိုးအုံးမယ် ”
” အမလေးဟဲ့ အဲ့လောက်လဲ ပူပြမနေစမ်းပါအေ
အလကားဟုတ်တာလဲ မဟုတ်ပဲနဲ့ ”
” မကြီးစကားက ဘာကြီးလဲ ကျွန်မယောက်ကျားကို
စိတ်ပူလို့ပူတယ်ပြောတာ ဘာကို အလကားလဲ ”
” မဟုတ်လို့လား လင်ကဒီလောက် ကျန်းမာရေးဖြစ်ထားတာ နင်လည်း ကလေးမွေးထားတာ သုံးလရှိပြီပဲ အလုပ်လုပ်လိုရပါပြီ တကတည်း ကိုယ်မှ စားစရာမရှိပါဆို နုပြနေသေးတယ် ”
” မကြီးစကားက လွန်လှပါလား ”
” ကဲ ကဲ စကားများမနေနဲ့ မနှင်း နင်လည်း နင့်အစ်မပြောတာ ဘာစိတ်ဆိုးစရာရှိလည်း နင်တို့အတွက်လည်း ငါလည်းဝမ်းပူပါတယ်ဟာ အကြီးကောင်ပြန်လာရင်တော့ ကိုယ့်ဘာသာ ဘေးမှာအိမ်ငှားရှာနေလို့ပြောတာ အေးပါတယ် ”
ဒါက စကားမများဖို့ ဖြန်ဖြေတဲ့နည်းလား။ ယောက္ခမ ( အဖေ ) ရဲ့စကားက လူခန္ဓာကိုယ်ကိုပါ
သေးကြုံ့သွားလောက်တဲ့အထိကို သိမ်ငယ်စေရပါ၏။
ပဲဟင်းရည်ဆမ်းပြီး ကန်စွန်းရွက်ကြော်နဲ့ ထမင်းဇလုံလေးတွေကိုယ်စီနဲ့ ထမင်းစားနေသော ကလေးနှစ်ယောက်က ကြောင်စီစီလေးတွေ လှမ်းကြည့်နေရှာ၏။
ယောက္ခမ ( အမေ ) ဆုံးပြီးတော့ မိသားစုနည်းသော
ကြောင့် မနှင်းတို့မိသားစုကို သူတို့အိမ်ဝိုင်းထဲ ပြောင်းနေဖို့ ခေါ်ခဲ့တာလည်း အဖေပါပဲ။
တစ်အိမ်စီနေကြပေမယ့် သားရဲ့လုပ်အားကလည်း
သူတို့အတွက် အသုံးဝင်ခဲ့သည်။
ဝင်ငွေရဲ့ သုံးပုံတစ်ပုံကို သူ့အဖေနဲ့ညီမတွေကို ပေးနေခဲ့တာလည်း မသိမဟုတ်သိသည်။
မတားခဲ့ပါဘူး။ ဘာလို့ဆို မနှင်းမှာလည်း မိဘရှိသည့်အတွက် မိဘကိုပေးတဲ့အခြေနေတွေကို မဟန့်တားမပိတ်ပင်ခဲ့ပါ။ သူကလည်း အိမ်ထောင့်တာဝန်ကျေပွန်တဲ့ ယောက်ကျားတစ်ယောက်မို့
အိမ်ထောင်သက်တစ်လျှောက် စကားအကြီးအကျယ်များတာလည်းမရှိခဲ့။
မနှင်းက သူ့ထက် ကိုးနှစ်နီးပါး ငယ်သူမို့ ဆိုးနွဲ့တာမျိုးတွေလောက်သာရှိခဲ့သည်။ ဒါကလည်းသားသမီးတွေရလာတော့ လူကြီးစိတ်မွေးပြီး
ယောက်ကျားကိုလည်း အစ်ကိုလို မောင်လိုသာလျှင်
ပြောဆိုဆက်ဆံခဲ့သည်။
ခံပြင်းနာကျည်းစရာတော့ ကောင်းပါ၏။
ယောက်ကျားက မိဘ မောင်နှမလို့ သိတတ်ပေမယ့်
အဖေက သားအပေါ်မှာ ညီတွေညီမတွေက အစ်ကိုအပေါ်မှာထားတဲ့ စိတ်ဓာတ်တွေကတော့ တရားရစရာ ကောင်းလှသည်။
ယောင်းမတွေရဲ့ မတူမတန်သလိုဆက်ဆံပုံတွေ
ယောက္ခမရဲ့ ငြိုငြင်မှုတွေဆိုတာ ယောက္ခမတွေ ယောင်းမတွေရဲ့ အရိပ်နဲ့မလွတ်လေလေ ပိုပိုပြီး
သိမ်ငယ်ရလေလေပါပဲ။
ယုတ်စွအဆုံး ယောက်ကျားက မိန်းမနဲ့သားသမီးတွေအတွက်ဟုဆိုကာ အလုပ်ကအပြန် စားသောက်စရာလေးတွေကအစ ဂရုစိုက်လေတော့ ပို၍ပင်
မျက်စောင်းထိုးတတ်ကြပြန်၏။
ဘုရားပန်းလှူဖို့ရန် မနှင်းအကြိုက် နှင်းဆီစိမ်းတွေဝယ်လာတဲ့နေ့ကဆိုလျှင် ဘုရားစင်ကို အိမ်ရှေ့ကဖြတ်အလျှောက် လှမ်းကြည့်ပြီး မျက်စောင်းထိုးသွားတဲ့ ပုံကို ဘယ်လိုမှပင်မေ့မရ။
ကလေးမီးဖွားပြီးစ အိမ်ရှေ့က ရေတွင်းအနီးမှာ ရေဒီယိုကို တစ်မနက်လုံး အသံကိုဒိတ်ကုန်ချဲ့ပြီး
ဖွင့်ထားခဲ့တာလည်း တစ်ရက်မဟုတ် နေ့စဥ်လိုလုပ်သည်။ အစ်ကိုဖြစ်တဲ့ မနှင်းယောက်ကျားကလည်း
အဖေမျက်နှာကြည့် ညီမတွေမျက်နှာကြည့်နေရတော့ မပိတ်ဝံ့မပြောဝံ့။
ကလေးမွေးတာကို လက်ဖဝါးကဆူးထွင်သလို ပေါ့ပေါ့ကလေးတွေးပြီး ကဲရန်သည်းရန်ကောဟုပင်
ခနဲ့လှောင်ပြောင်စကား ဆိုရက်ကြသည့်သူတွေပင်။
ဘာပဲဖြစ်ဖြစ် ရှိစေတော့ဟု အတတ်နိုင်ဆုံး ဥပေက္ခာပြုနေခဲ့ရသည်။
ဘယ်သူဘာပဲပြောပြော အစ်ကိုက မနှင်းကိုချစ်သည် အလိုလိုက်သည် ဒီမိသားစုရဲ့ အိမ်ဝိုင်းထဲကမထွက်နိုင်သေးလို့သာ သည်းခံပြီးနေရကြောင်းကို လင်မယားနှစ်ယောက်လုံးနားလည်ထားကြ၍
ထွေထူးပြောစရာမရှိ။
ငွေရေးကြေးရေးကြောင့်ပင် စကားမများရသော
မနှင်းတို့လင်မယားမှာ တခါတရံ ညီမတွေကြောင့်
တော့ ဖြစ်ချင်ချင်။ သို့သော် စိတ်အခန့်မသင့်လျှင်
သိပ်စကားမပြောပဲ နေလိုက်ကြခြင်းဖြင့်
နှစ်သိမ့်လိုက်ကြရပြန်သည်။
ရင်ထဲမှာတော့ ဖွဲမီးဖိုပေါ့။
~~~~~~~~~~~
တစိမ့်စိမ့်ရွာနေတဲ့ မိုးက တကယ့်မိုးတွင်းကြီးသဖွယ်။ ညရှစ်နာရီသာ ရှိသေးပေမယ့် မိုးသားတွေကြောင်း ညကပိုနက်နေနေသလိုလို။
လမ်းမီးတိုင်ရဲ့ အလင်းရောင်နဲ့ တဖွဲဖွဲကျနေတဲ့ မိုးစက်မျှင်တန်းတို့မှာ ပိုးမျှင်ပိုးချည်တို့ လူးလွန့်နေသလို နွဲ့နွဲ့လေးယိမ်းလို့။
ဟော….. မိုးဖွဲဖွဲကျနေတဲ့ လမ်းမထက်မှာ ခြေထောက်တစ်ဘက် ထော့နဲ့နဲ့ နှင့် လျှောက်လာတဲ့ အစ်ကို့ကိုမြင်လိုက်ရတော့မှ ကလေးကိုရင်ခွင်ထဲထည့်ပြီး နို့တိုက်နေရင်းက မနှင်းပြုံးနိုင်တော့သည်။
ခမောက်ဆောင်းထားပေမယ့် ကျောနဲ့ လက်မောင်းတို့မှာ မိုးရေစိုရွှဲလာတာ လမ်းမီးရောင်နဲ့မြင်နေရသည်။
တိုတိုဝတ်ထားတဲ့ ပုဆိုးကလည်း စိုလျက်သား။
ကလေးနို့တိုက်ရက်က ထပြီး သေတ္တာပေါ်ခေါက်တင်ထားတဲ့ ပုဆိုးအိင်္ကျီတို့ကို အဆင်သင့်ယူပေးပြီး
” ရော့ အစ်ကိုရေ ဒီမှာ အဝတ်အစားလဲလိုက်အုံး ”
လှေကားထိတ်က ဝါးလုံတန်းပေါ်တင်ထားပေးလိုက်သည်။ လှေကားတစ်ဝက်ထိတက်လာ၍ အဝတ်အစားလဲကာ အိမ်ပေါ်တက်လာတော့မှ
” အစ်ကို မိုးချုပ်တာကွာ အနာကရော သက်သာရဲ့လား အခုလည်းမိုးကမိပြန်ပြီ ပြန်ဖျားနေအုံးမယ်နော် ”
” ဘာလဲ ငါဖျားတော့ မင့်ထမင်းငတ်မှာစိုးလို့လား
ပူမနေနဲ့ မပူတတ်ပဲနဲ့ ”
” အစ်ကို့စကားဘာကြီးလဲ ဘာဖြစ်လာတာလဲ ”
” ငါ ဘာဖြစ်လည်း မသိတာလား မသ်ိဟန်ဆောင်နေတာလား မင့်က ”
” ဘာကိုမသိဟန်ဆောင်ရမှာလဲ တော့်ကိုကျုပ်က
ဘာတွေ မသိဟန်ဆောင်ရမှာတုန်း ”
စကားပြောပုံက အရင်ကနဲ့မတူပဲ တစ်မျိုးဖြစ်နေသည်။ စိတ်လည်းမတိုစဖူး တိုနေပုံက
မနှင်း နားမလည်နိုင်အောင်ဖြစ်ရပါ၏။
” မင့် ညနေက မကြီးကို ဘာတွေပြောလိုက်လဲ လင်ကွယ်ရာတမျိုး ရှေ့တမျိုးတွေ ပြောတတ်နေပြီလား
ငါ အလုပ်မလုပ်နိုင်တာနဲ့ပဲ ”
” အစ်ကိုဘာတွေဖြစ်လာတာလဲ ကျုပ်က ဘယ်သူ့ကိုဘာပြောရမှာတုန်း မဟုတ်သေးပါဘူး ”
” ဘာကွ ကဲဟာ ပြောအုံး ”
ဖြောင်းခနဲ မြည်သွားတဲ့ အသံအောက်မှာ
မနှင်းရဲ့ အမြင်တွေ မိုးညထက် ပို၍မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။
” အား အစ်ကိုဘာဖြစ်လာတာလည်းလို့ ”
” ငါ့ကို ပြန်မမေးနဲ့ ပြန်မပေးနဲ့ ”
ပါးစပ်ကလည်း ပြော လက်ကလည်း မနားမနေရိုက်နေသည်မှာ ညာဘက်ပါးတစ်ဘက်တည်းကို ရှစ်ချက်ကိုးချက်ပင် ကျော်နေမည်လားမသိတော့။
လည်ထွက်နေတဲ့ ခေါင်းကို မနည်းကြီးအားယူ၍
မတ်ယူရသည်အထိ ကျောရိုတလျှောက် ကျင်တက်သွားတဲ့ ခံစားမှုရယ် ထူပူထုံထိုင်းသွားတဲ့ ပါးနဲ့
မီးစနဲ့ထိုးလိုက်သလို ပူပြင်းနေတဲ့ နားတစ်ဘက်ရယ်ဟာ ကမ္ဘာပျက်နေသူအလား ငိုဖို့ပင် အားယူရခက်တဲ့ အနေအထားကို တစ်သက်နဲ့တစ်ကိုယ် ခံစားလိုက်ရတဲ့ ခံစားမှုက ဘာနဲ့နှိုင်းပြရမှန်းပင်မသိ။
” နင် ရိုက်လို့ အားရပြီလား ဟင် မကျေနပ်သေးရင်
ထပ်ရိုက် လာပါ ရိုက်စမ်းပါ ငါတို့လင်မယားပေါင်းလာတဲ့တစ်လျှောက် ဘယ်သူက ဘယ်လိုအကျင့် ရှိတယ်ဆို သိပြီးသားတွေပါ ဘာမှ တစ်ယောက်နဲ့တစ်ယောက် အမြင်မှာအထင်မှားစရာအကြောင်းမှမရှိတာ အဲ့ဒါပဲ အဲ့ဒါပဲ တွန်းပါတိုက်အာများတော့
နင်လည်း နဲ့လာပြီပဲ မိန်းမတစ်ယောက်ကို ရက်ရက်စက်စက်ရိုက်နှက်ရဲတဲ့ နင့်ရဲ့စိတ်ဓာတ်ကိုတော့ လေးစားသွားပြီ ”
ရင်ခွင်ထဲက သမီးငယ်ကို ထွေးပွေ့ပြီး ကလေးနှစ်ယောက်အိပ်နေတဲ့ ခြင်ထောင်ရဲ့ တစ်ဘက်မှာ
ကလေးကိုချသိပ်ပြီး မနှင်းလည်း ကလေးနဲ့အတူ
လှဲအိပ်နေလိုက်သည်။
ခြင်ထောင်ထဲရောက်မှ ရှိုက်ငိုမိရင်း နားကိုလက်နဲ့အုပ်ကိုင်လိုက်တော့ လက်ဖဝါးမှာ ပူနွေးစေးပျစ်နေတဲ့ အရာကို ထိတွေ့ခံစားလိုက်ရသည်။
” ဟင်…… ”
လက်ဖဝါးကို ဖြန့်ကြည့်လိုက်တဲ့ခဏ
မီးရောင်နဲ့မြင်လိုက်ရတာ သွေးတွေပါလား ။
” ဒါ ဒါတွေက ဟာ…… ငါ့ နား ငါ့နားတစ်ဘက်
အိပ်နေရာက ရုပ်ခနဲ ထထိုင်ပြီး ခြင်ထောင်အပြင်ထွက်ကာ မီးချောင်းအောက်ကို သွားပြီး သေချာအောင်လက်ဝါးကိုဖြန့်ကြည့်ပြန်၏။
” သွားပြီ အားးး ”
တုန်လှုပ်ခြောက်ခြားပြီး အသံကုန်အော်လိုက်မိသလား အော်တဲ့အသံက လည်ချောင်းဝတင် ထစ်နေခဲ့သလားပင် သေချာမသိလိုက်။
သူ့လက်ဝါးသူငုံ့ကြည့်ရင်း ငူငေါင်နေတဲ့ ထိုလူသား
က မနှင်းကို ကြောင်ကြောင်ကြီးပြန်ကြည့်နေတာ
သူ့ကိုဘာလုပ်ရမလဲ ပြန်ပြီးပြေးရိုက်လိုက်ရမလား
အိမ်ပေါ်ကတွန်းချလိုက်ရမလား။
တဒင်္ဂ အချိန်လေးအတွင်းမှာ ဖြစ် ပျက်ပြောင်းလဲသွားလိုက်တာ တစ်မိုးအောက်ထဲ တစ်အိမ်ထဲမှာ မျက်နှာချင်းဆိုင်ရပ်နေတဲ့ လူနှစ်ယောက်က သူစိမ်းတွေလို ခတ္တမျှ မင်သက်နေခဲ့ကြသည်။
သူ့ကိုကြည့်လိုက် ကိုယ်လက်ဖဝါးကို ပြန်ကြည့်လိုက်နှင့် စိတ်လေလွင့်နေသော မနှင်းကိုကြည့်ပြီး
အိမ်တိုင်းကို လက်သီးနဲ့ ပြေးထိုးနေလိုက်တာ
လက်ဆစ်တွေ ပေါက်ပြဲလို့သွေးစို့လာမှ ရပ်လိုက်သည်။
” ညီမ အစ်ကို ပြောမယ် အစ်ကိုပြောမယ်နော် ”
” ဟင့်အင်း ကျွန်မကိုမထိပါနဲ့ ”
ပခုံးနှစ်ဘက်ပေါ်ဆုပ်ကိုင်လာတဲ့ လက်နှစ်ဘက်ကို ပုတ်ချပြီး ကလေးတွေရှိတဲ့ ခြင်ထောင်ထဲ ပြေးဝင်ခဲ့ကာ ကလေးတွေကြားမှာ လှဲအိပ်နေလိုက်တော့သည်။
ဝမ်းသာနေတဲ့ ယောင်းမတွေရဲ့ အပြုံးမျက်နှာတွေ
သားသမီးခြင်းကိုယ်ချင်းမစာ ဟန့်တားခြင်းတောင်မပြုနိုင်အားတဲ့ ယောက္ခမရဲ့ မျက်နှာထားတွေ
ရှက်လိုက်တာ မနက်မိုးလင်းရင် ယောင်ကိုင်းနေမယ့် ပါးတစ်ဘက်ကို ဘယ်အဝတ်နဲ့အုပ်ပြီး အိမ်ပြင်ထွက်ရမှာပါလိမ့်။
မရိုက်စဖူး ရိုက်တဲ့ သူ့ကိုရော ဘယ်လိုစိတ်နဲ့
ခေါ်ပြောရမှာပါလိမ့်။
သူကတော့ အိမ်တိုင်ကိုအားရအောင်ထိုးပြီး အိမ်ထဲကထွက်သွားတာ ဘယ်ဆီကိုဦးတည်မယ်မသိ။
သေချာတာတစ်ခုက သူနောင်တရနေလိမ့်မည်။
မွန်းကြပ်လှောင်ပိတ်နေတဲ့ စိတ်ကို မနှင်းအပေါ်မှာ
ဒေါသတွေနဲ့ ဖြေချပြီးစိတ်ထွက်ပေါက်ပေးလိုက်ပုံကို သူ တစ်သက်လုံးနောင်တရနေတော့မှာ သေချာပါသည်။
ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချလိုက်တာကတော့ ဒီအသိုင်းအဝိုင်းနဲ့ ကင်းလွတ်အောင်
မနှင်း ရုန်းထွက်တော့မည်။
နားတစ်ဘက်ပေးဆပ်ခဲ့ပြီးပြီ တန်လောက်ပါပြီ။
ဝမ်းသာနေကြမယ့် သူတွေကိုလည်း အပြစ်မတင်လိုတော့။ တစ်ခုပဲ စိုးရိမ်စရာရှိပါ၏။
မနှင်းရဲ့ ဝဋ်တွေ မလည်ကြပါစေနဲ့လို့သာ…….
စိမ်းခက်ဝေ ( မြစ်သာ )