တုံ့လှည့်မေတ္တာ

Posted on

တုံ့လှည့်မေတ္တာ(စ/ဆုံး)
——————
“ဟဲ့ … ခုထိ အိပ်ရာက မထသေးဘူးလား … ဒီလိုပုံနဲ့များ ကြီးပွားဖို့နေနေသာသာ … ငါရှိလို့ နင်ငတ်မသေတာ … ထ … ခုထ”

မိခင်ဖြစ်သူက ခြင်ထောင်ထဲတွင် ကွေးကွေးလေး အိပ်နေသော မောင်သုတကို စိတ်မရှည်သည့်အဆုံးတွင် ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်သည်။

“အမေကလည်းဗျာ … ညက တစ်ညလုံး ကင်းစောင့်ထားရတာ … ၈ နာရီထိုးလောက်အထိတော့ အိပ်ပါရစေ”

“ခု … ၉ နာရီထိုးနေပြီ … ဘယ်တော့သွားပြီး အလုပ်လုပ်မှာလဲ”

မောင်သုတက ခြင်ထောင်ထဲမှထွက်ကာ အိပ်ရာကို သိမ်းလိုက်သည်။

“အမေ”

“ဘာလဲ”

“သား အလုပ်ပြုတ်သွားပြီ”

“ဟယ် … ဘာဖြစ်လို့လဲ”

“စက်ရုံက အလုပ်သမားတွေကို ငွေမရှင်းနိုင်တော့ဘူးတဲ့။ သူတို့မှာလည်း ဒေါ်လာဆိုလား … ဘာဆိုလား … ပြဿနာတွေရှိလို့ ပို့ကုန်တွေလည်း မပို့နိုင်။ ကုန်တွေမပို့နိုင်တော့ ပိုက်ဆံမရှိ။ ပိုက်ဆံမရှိတော့ အလုပ်သမား တွေကို ဖြုတ်မယ်ဆိုပြီးတော့ ပြောနေတဲ့အထဲ သားက ပထမအသုတ်မှာ ဈေးဦးပေါက်သွားတာ”

“ဟယ်တော် … ဒါဆိုရင် ဘယ်လို လုပ်ကြမလဲ”

“ဟုတ်တယ်အမေ … တနင်္လာနေ့ကစပြီး အလုပ်မဆင်းနဲ့တော့လို့ မနေ့ကတည်းက ပြောလိုက်တယ်”

“ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ … အိမ်ရဲ့ စားဝတ်နေရေးကို ဘယ်လိုလုပ်ကြမလဲ။ ကျောင်းတက် နေတဲ့ကလေးတွေ ဘယ်လို လုပ်ကြမလဲကွယ်”

“မပူပါနဲ့ အမေရယ် … သား အလုပ်တစ်ခုခု ရှာပါ့မယ်။ ဘာအလုပ်မှ မရရင်လည်း ဆိုင်ကယ် ကယ်ရီထွက်ဆွဲ မှာပေါ့”

“ဆိုင်ကယ်တွေကို ဒီလောက်ဖမ်းနေတာ ဘယ်လိုလုပ်မှာလဲ … ခေါင်းရင်းအိမ်က သန်းမြင့်တောင် မနေ့က ဆိုင်ကယ် အဖမ်းခံလိုက်ရတာ ခုထိ ပြန်မရသေးဘူး”

“စိတ်မပူပါနဲ့ အမေရာ … အလုပ်တစ်ခုခုတော့ ရှိမှာပါ”

ရေမိုးချိုး ထမင်းစားပြီးနောက် မောင်သုတသည် စက်ဘီးကလေးစီးကာ အပြင်ကို ထွက်လာသည်။ သူက လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းတွေကို မျှော်သည်။ ဆောက်လုပ်ရေးပဲဖြစ်ဖြစ် တစ်ခုခုရရာ လုပ်ရန် ဆုံးဖြတ်ထားသည်။ သို့သော် တစ်ယောက်မျှ ပေါ်မလာသဖြင့် သူငယ်ချင်း လှရွှေရှိရာ ဇရပ်ကလေးရွာဘက်ကို စက်ဘီးနင်းလာသည်။

သူနေသည့် ကံပင်းရွာမှ ဇရပ်ကလေးကို ၆ မိုင်ဝေးသည်။ မည်သို့ဆိုစေ လှရွှေက ဆောက်လုပ်ရေးတွင် အလုပ်သမားခေါင်းဖြစ်သောကြောင့် အလုပ်တစ်ခုခုတော့ သူ့အတွက် စီမံပေးနိုင်လိမ့်မည်ဟု ယူဆကာ စက်ဘီးလေးကို နင်းလာသည်။

“ဖောင်း”

သူ့စက်ဘီးဆီက ဖြစ်သည်

“ဟာ ဒုက်ခပဲ”

သူက စက်ဘီးပေါ်မှဆင်းလိုက်သည်။ စက်ဘီးက ဘီးပေါက်သွားသည်။ ယခုသူရောက်နေသည့် နေရာမှာ နှစ်ရွာကြားတွင် ဖြစ်နေသဖြင့် စက်ဘီးဖာရန်အတွက် ကံပင်းကို ပြန်ပြီး စက်ဘီးတွန်းရပြန်သည်။

နေပူပူထဲတွင် လမ်းဘေးကိုဆင်းကာ စက်ဘီးကိုတွန်းလာရင်း

“တောက် … အဆင်များ မပြေချင်ရင် အဲသည်လို” ဟုဆိုကာ ရေရွတ်လာသည်။

သူက စက်ဘီးကို တွန်းလာစဉ် မျက်နှာချင်းဆိုင်မှ မောင်းလာသည့် ကားတစ်စီးသည် သူ့တည့်တည့်ကို ဝင်လာသည်

“ဟ … ဘာကြီးလဲ”

မောင်သုတသည် စက်ဘီးကို ပစ်ချပြီး ကားလမ်းဘေးကို ဆင်းပြေးသည်။ ကားက သူ့စက်ဘီးကို တိုက်ပြီး လမ်းဘေး တစ်နေရာတွင် ထိုးရပ်သွားသည်။

မောင်သုတက သူ့စက်ဘီးလေးကို ကြည့်လိုက်သည်။ ကားကြိတ်သဖြင့် ပြားချပ်သွားသည်။ စိတ်ဆိုးဆိုးဖြင့် ကားဆီသို့သွားပြီး ငုံ့ကြည့်လိုက်ရာ ကားမောင်းသည့် နေရာတွင် လူကြီးတစ်ယောက်သည် ကားလက်ကိုင်ခွေ ပေါ်တွင် မျက်နှာကိုအပ်ပြီး မေ့နေသည်ကို တွေ့လိုက်ရသည်။

သူက ကားတံခါးကို ဆွဲဖွင့်ပြီး

“ဦီးလေး … ဦးလေး” ဟု ခေါ်လိုက်သည်။

မထူးသဖြင့် ထိုလူကြီးကို ကားပေါ်ကဆွဲချကာ ကားလမ်းဘေးတွင် လှဲခိုင်းထားပြီး လယ်ကွင်းထဲက ရေကို လက်ခုပ်ဖြင့်ယူကာ မျက်နှာပေါ် လောင်းချပေးလိုက်သည်။ ခဏအကြာတွင် ထိုလူကြီးက သတိပြန်ရလာသည်။

“ဟင် … ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ”

“ဦးလေးကားက ကျွန်တော့် စက်ဘီးကို ဝင်တိုက်တယ် … ပြီးတော့ ထိုးရပ်သွားတယ်။ ဦးလေး သတိမေ့နေလို့ ကျွန်တော် ရေနဲ့ မျက်နှာကို ပက်ထားတာ”

“အင်း … ငါ့တူကို ကျေးဇူးတင်လိုက်တာကွယ် … ဦးလည်း ကားမောင်းလာရင်း ဘာဖြစ်သွားမှန်းမသိဘူး … မိုက်ခနဲ ဖြစ်သွားတာပဲ သိလိုက်တယ်”

“ဦးလေး ဘယ်မှာ နေတာလဲ … ကျွန်တော် ဘာလုပ်ပေးရမလဲ”

“ဦးလေးက ရန်ကုန်မှာ နေတာပါကွယ် ဇရပ်ကလေးက ညီမတစ်ယောက်ဆီကို လာလည်ရင်း ခုလိုဖြစ်တာပဲ”

“ကားကတော်သေးတယ် … လယ်ကွင်းထဲကျမသွားလို့ … စက်နှိုးကြည့်ပါဦး … မောင်းလို့ရမယ် ထင်တာပဲ”

“မောင်ရင်ရယ် ကျေးဇူးတင်ပါတယ် … ဒါပေမဲ့ ဦးခေါင်းထဲက မူးနောက်နောက် ဖြစ်နေလို့ ခဏလောက် နေပါရစေဦး”

“ကျွန်တော် ကားကို စမ်းကြည့်ရမလားဦး”

“ကားမောင်းတတ်သလား”

“မောင်းတတ်ပါတယ်ဦး … ကျွန်တော် စက်ရုံမှာ ကားမောင်းနေတာပါ”

“စမ်းကြည့်လေကွယ်”

မောင်သုတက ကားပေါ်တက်ပြီး စက်ကိုနှိုးကြည့်သည်

“ဦးလေး ကားကဘာမှ မဖြစ်ဘူး တော်သေးတယ်”

သူက ကားပေါ်က ဆင်းလာသည်။ ထိုလူကြီးက

“ကားက ဘာမှ မဖြစ်ပေမယ့် မောင်ရင့် စက်ဘီးလေးကတော့ ရစရာကို မရှိတော့ဘူး … ဦးလေး ဘယ်လောက် လျော်ပေးရမလဲကွယ် … ဒါမှမဟုတ် စက်ဘီးအသစ်တစ်စီး အစားပြန်ဝယ်ပေးဆိုလည်း ဝယ်ပေးပါ့မယ်”

“စက်ဘီးက ပျက်သွားပြီပဲ အရေးမကြီးတော့ပါဘူး … ဦးလေးကို ဆေးခန်းပြဖို့ လိုမယ်ထင်တယ် … ကျွန်တော်တို့ ကံပင်းမှာ အလွန်တော်တဲ့ ဆရာဝန်တစ်ယောက်ရှိတယ်။ သူ့ဆေးခန်းမှာ လိုက်ပြပါလား”

“ဦးက ကားမမောင်းနိုင်သေးဘူးနဲ့တူတယ်”

“ကျွန်တော် မောင်းပေးပါ့မယ်”

“ကဲ ဒါဆိုလည်း သွားရအောင်ကွယ်”

မောင်သုတက သူ့ကို ကားပေါ်တွဲတင်သည်။

“မောင့် စက်ဘီးလည်း ကားနောက်ခန်းမှာ တင်လိုက်ကွယ်”

သူက စက်ဘီးစုတ်လေးကို ကားနောက်တံခါးဖွင့်ကာ တင်လိုက်ပြီး ကံပင်းရှိ စေတနာမွန် ဆေးခန်းကို ထိုလူကြီးအား ခေါ်လာသည်။ ဆရာဝန်၏ ကုသမှုကို ခံယူပြီးနောက် ကားမမောင်းသင့် သေးကြောင်း ညွှန်ကြားသဖြင့် မောင်သုတသည် သူ့စက်ဘီးစုတ်လေးကို ဆေးခန်းတွင် ခေတ္တအပ်ခဲ့ပြီး ထိုလူကြီးကို ဇရပ်ကလေးရွာအရောက် ပို့ပေးခဲ့သည်။

“ကျွန်တော်လည်း ဇရပ်ကလေးကို သွားတာပဲ … လမ်းမှာ စက်ဘီး ဘီးပေါက်လို့ ပြန်လှည့်လာတာ”

သူကကားမောင်းလာရင်း ဘေးတွင် ထိုင်လိုက်လာသော ထိုလူကြီးကို ပြောလိုက်သည်။

“ဇရပ်ကလေးမှာ နေတာလား”

“မဟုတ်ဘူးခင်ဗျ … ဇရပ်ကလေးက သူငယ်ချင်းဆီကိုသွားရင်း ခုလိုဖြစ်တာပဲ”

“မောင်ရင်က ကားမောင်း ကျွမ်းကျင်သားပဲ … နာမည် ဘယ်လိုခေါ်သလဲ”

“မောင်သုတပါတဲ့ခင်ဗျာ”

“ဦးနာမည် မှတ်ထား ဦးစိန်လှမောင်လို့ခေါ်တယ်”

“ဟုတ်ကဲ့”

“ဦးက ဇရပ်ကလေးမှာ နှစ်ရက်လောက် နေဦးမှာ။ ညီမတွေက အလှူလုပ်မှာမို့ ရန်ကုန်ကနေလာခဲ့တာ”

“ဦး ညီမတွေက ဘယ်သူတွေများလဲ”

“ခင်လှကြည်လို့ ခေါ်သကွယ့် … ဆန်ပွဲရုံထောင်ထားတယ်”

“ဟာ ဒေါ်ခင်လှကြည် အစ်ကိုလား … ဒေါ်ခင်လှကြည်ကို သိတာပေါ့ … ဇရပ်ကလေးမှာ သူဌေးတွေပဲ။ ဆန်စက်ကြီးလည်း ပိုင်တာပဲ”

“အေးကွယ် … ဒါနဲ့ မောင်ရင်က ဘာများ လုပ်သလဲကွယ်”

“မနေ့ကအထိတော့ စက်ရုံမှာ ကားဒရိုင်ဘာပေါ့ခင်ဗျာ”

“အလို စကားက အဆန်းသားပဲ … မနေ့ကအထိ ဆိုတာ ဘာကြီးလဲ”

“ဒီနေ့တော့ အလုပ်ပြုတ်သွားပြီ … အဲဒါ ဇရပ်ကလေးက သူငယ်ချင်းဆီမှာ အလုပ်ရှာဖို့ ထွက်လာရင်း ဦးနဲ့ တွေ့တာပဲ”

ဦးစိန်လှမောင်က

“ဘဝဆိုတာ ဒီလိုပါပဲကွယ် … ဒီခေတ် ဒီကာလကတော့ လူတိုင်း ဒုက္ခတွေကိုယ်စီနဲ့ပေါ့”

“ဇရပ်ကလေး ရောက်ပြီ ဦးလေး … ဆန်ပွဲရုံကို မောင်းပေးရမလား”

“ဘုန်းကြီးကျောင်းကို မောင်းပါကွယ် … ဘုန်းကြီးကျောင်းကို အရင်သွားချင်လို့”

“ဟုတ်ကဲ့ဦး”

ဘုန်းကြီးကျောင်းသို့ ရောက်သောအခါတွင် ဦးစိန်လှမောင်က

“မောင်သုတရေ ကူညီလက်စနဲ့ ကူညီပါဦးကွယ် … အချိန်ရတယ် မဟုတ်လား”

“ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ”

“ဦးညီမ ပွဲရုံကို သွားပြီးတော့ ဦးညီမကို ခေါ်လာပေးပါလား … ဦးနေမကောင်းတာကို သွားမပြောနဲ့ … ဘုန်းကြီးကျောင်း ရောက်နေတယ် ဆိုတာလောက်ပဲပြော။ ပြီးတော့ ငွေ ၅ သိန်းပေးလိုက်ပါလို့ ပြောချေကွယ်”

“ဦးရယ် ကျွန်တော် ပြောလို့ ပိုက်ဆံကို အလွယ်ထုတ်ပေးပါ့မလားခင်ဗျာ … ကျွန်တော်နဲ့မှ မသိတာ”

“ကားယူသွားလေကွယ် … ဦးက ဖုန်းနဲ့ ကြိုပြီး ပြောထားလိုက်မယ် … ဟုတ်ပြီလား”

ဦးစိန်လှမောင်က ဖုန်းဆက်သည်။ မောင်သုတက ကားမောင်းထွက်ခဲ့သည်။ သူက ဆန်ပွဲရုံသို့ရောက်လာသည့် အခါတွင် ဒေါ်ခင်လှကြည်က ပွဲရုံအပြင်တွင် ထွက်စောင့်နေသည်။

“မောင်သုတလား”

“ဟုတ်ကဲ့ပါခင်ဗျာ”

“ရော့ကွယ် … အစ်ကိုကြီးတောင်းထားတဲ့ ငွေ ငါးသိန်း”

“ဟုတ်ကဲ့”

မောင်သုတက ပိုက်ဆံကိုယူပြီး ကားကို ဘုန်းကြီးကျောင်းသို့ ပြန်မောင်းလာသည်။ သူက ကားကို ဘုန်းကြီး ကျောင်းအောက်တွင်ရပ်ပြီး ပိုက်ဆံထုပ်ကိုကိုင်ကာ ကျောင်းပေါ်တက်လာသည်။ ဆရာတော်ရှေ့တွင် ဦးစိန်လှမောင်ကို တွေ့လိုက်ရသည်။

“ဒီသူငယ်ပဲ အရှင်ဘုရား … တပည့်တော်အသက်ကို ကယ်ခဲ့တာ”

“အင်း လူ့ကုသိုလ်ကံများ တယ်ဆန်းတာပဲ … သူတော်ကောင်း နတ်ကောင်းမတယ်လို့ သဘောထားကွယ်”

မောင်သုတက ဆရာတော်ကို ကန်တော့ပြီးနောက်

“ဦးလေး ယူခိုင်းလိုက်တဲ့ ငွေတွေပါခင်ဗျာ … ဒေါ်ခင်လှကြည်က သူလည်း လိုက်လာမယ်လို့ ပြောလိုက်ပါတယ်”

မောင်သုတက ဦးစိန်လှမောင်ကို ပိုက်ဆံထုပ် ကမ်းပေးလိုက်သည်။ ဦးစိန်လှမောင်က ပိုက်ဆံထုပ်ကို ယူလိုက်ပြီး

“မောင်သုတ”

“ခင်ဗျာ”

“ရော့”

“ဘာများလဲခင်ဗျာ”

“ဒီငွေတွေက မောင့်ကို ဦးက ကျေးဇူးဆပ်တာ”

“ဦးလေးအပေါ်မှာ ဘာကျေးဇူးများရှိလို့လဲခင်ဗျာ”

“မောင်ရင်က ဦးအသက်ကို ကယ်ခဲ့တာကြောင့်ပါ။ ပြီးတော့ မောင့်မှာ စက်ဘီးတစ်စီးလည်း ဆုံးရှုံးသွားတယ် မဟုတ်လား”

“ဦးခင်ဗျာ … ကျွန်တော် ပြောရမှာတော့ အားနာပါတယ်”

“ဘာများလဲ မောင်သုတရယ်”

“ဦးလေးက ကျွန်တော့ စေတနာကို တန်ဖိုးဖြတ်တာလား … ကျွန်တော့်စက်ဘီးကို တန်ဖိုး ဖြတ်တာလားခင်ဗျာ။ ကျွန်တော့် စက်ဘီးက လေးငါးသောင်းလောက်ပဲတန်ပါတယ်။ ကျွန်တော့်ကိုပါ အဲဒီငွေနဲ့ရောပြီး တန်ဖိုး ဖြတ်တာဆိုရင် ကျွန်တော့် တန်ကြေးက လေးသိန်းခွဲလောက်ပဲ တန်တဲ့ကောင်ဖြစ်မနေဘူးလား ခင်ဗျာ”

“ဦးကမောင့်ကို ဒီငွေတွေပေးတာ အဲဒီသဘောနဲ မဟုတ်ပါဘူးကွယ် … မောင်က အလုပ်လည်း ပြုတ်ထားတာ ဆိုတော့ အထောက်အပံ့လေးတစ်ခုခု ဖြစ်အောင် ကူညီတာပါ။ မောင်က ဦးနဲ့ဆွေမတော် မျိုးမတော် ကူညီခဲ့ဖူး သလို ဦးကလည်း ကျေးဇူး ပြန်ပြီး တုံ့ပြန်တဲ့သဘောပါ”

ထိုအချိန်တွင် ဒေါ်ခင်လှကြည်သည် သူ့အမျိုးသားနှင့်အတူ ကျောင်းပေါ်ကို တက်လာသည်။ ဆရာတော်ကို ဝတ်ပြုပြီးနောက်

“အစ်ကိုကြီးက ပွဲရုံကို ဘာဖြစ်လို့ တန်းမလာရတာလဲ”

ဦးစိန်လှမောင်က လမ်းတွင် ဖြစ်ပျက်သမျှကို ရှင်းပြပြီးနောက်

“အဲဒါ မောင်သုတကို ကူညီချင်လို့ ပိုက်ဆံယူခိုင်းလိုက်တာပဲ ညီမရယ်”

“ကျေးဇူးတင်လိုက်တာကွယ် … မင်းက အစ်ကိုကြီးရဲ့ ကျေးဇူးရှင်ပဲ … ဒီငွေကို လက်ခံလိုက်ပါနော်”

“ကျေးဇူးတင်ပါတယ် ဦးလေးတို့ … အဒေါ်တို့ခင်ဗျား … ကျွန်တော် ပြန်ပါဦးမယ် … ကျွန်တော်က ပိုက်ဆံနဲ့ တန်ဖိုးဖြတ်တဲ့ ကျေးဇူးကို လက်မခံတတ်ပါဘူး။ မေတ္တာကို မေတ္တာနဲ့ ပြန်ပြီး တုံ့ပြန်တာကိုပဲ တန်ဖိုးထားပါ တယ်။ ကျွန်တော် ပြန်တော့မယ်”

မောင်သုတက ဆရာတော်ကို ဦးချပြီးနောက် သူတို့ကို လှည့်မကြည့်ဘဲ ကျောင်းပေါ်ကဆင်းကာ သူငယ်ချင်း ဖြစ်သူ လှရွှေထံလာခဲ့သည်။

အလုပ်နားရက်ဖြစ်သောကြောင့် လှရွှေကို အိမ်တွင် အခန့်သင့်တွေ့သည်။

“လှရွှေရေ … ငါ့ကိုမင်းဆိုက်မှာ အလုပ်လေးတစ်ခုလောက် ပေးဦးကွာ”

“သူငယ်ချင်းရာ … အလုပ်တွေက အဆင်ပြေတာ မဟုတ်ဘူး။ ငါတောင် ဒီတိုက်ပြီးရင် ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိဘူး”

“အေးကွာ ငါလည်း ဘာမှကြံရာမရလို့ မင်းဆီကို ထွက်လာတာ။ လမ်းမှာ စက်ဘီးကပေါက်၊ ကားတိုက်ခံရပြီး စက်ဘီးက ဘဝပျက်။ လူလည်း ဘဝပျက်ဖို့ လက်တစ်ကမ်းအလိုပေါ့ကွာ”

“အေးပါကွာ … ငါ နောက်အလုပ်တစ်ခုရရင် မင်းဆီကို အကြောင်းကြားလိုက်ပါ့မယ်”

“ငါပြန်ဦးမယ်ကွာ”

“ဘာနဲ့ပြန်မှာလဲ”

“ဆိုင်ကယ်ငှားပြီး ပြန်မှာပေါ့ … ငါ့ကို ပိုက်ဆံ ၅၀၀ လောက် ချေးကွာ”

“ရော့”

လှရွှေက သူ့အိတ်ထဲက ငွေ တစ်ထောင်တန် တစ်ရွက်ကို ထုတ်ပေးလိုက်သည်။
မောင်သုတက ဆိုင်ကယ် ဂိတ်ကိုလာပြီး ဆိုင်ကယ်ငှားကာ ပြန်လာသည်။

လမ်းတွင် ကားတစ်စီးက သူတို့ ဆိုင်ကယ်ကို ကျော်တက်လိုက်ပြီး ရပ်ရန်လက်ပြသည်။ ဆိုင်ကယ်သမားက ရပ်ပေးလိုက်သည်။ ကားပေါ်က ဆင်းလာသူမှာ ဒေါ်ခင်လှကြည်ဖြစ်သည်

“မောင်သုတ”

“ခင်ဗျာ”

“မင်း အလုပ်တစ်ခုလောက် မလိုချင်ဘူးလား”

“အလုပ်ရရင် လိုချင်တာပေါ့ခင်ဗျာ”

“အေးကွယ် … မနက်ဖြန်ကစပြီး အဒေါ်တို့ ဆန်ပွဲရုံမှာ မောင်သုတကို အလုပ်စဆင်းပါလို့ ပြောချင်တယ်။ ပင်ပင်ပန်းပန်း ဆန်အိတ်ထမ်းတဲ့ အလုပ်မဟုတ်ပါဘူး။ အဒေါ်တို့ဆန်ကားကို မောင်းပေးဖို့ပါပဲ။ မောင်သုတ အရင်လုပ်တဲ့ စက်ရုံက ကားမောင်းတဲ့လစာထက် မနည်းစေရဘူးလို့ အဒေါ် အာမခံပါတယ်။ မောင်သုတနဲ့ အေးအေးဆေးဆေး မနက်ဖြန်မှ လစာကိစ္စ ဆွေးနွေးမယ်”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ”

“ဒီအလုပ်ပေးတာ အစ်ကိုကြီးနဲ့ ဘာမှ မဆိုင်ဘူးနော် … အဒေါ်တို့မှာ လိုအပ်လို့ ခေါ်တာ”

“ဟုတ်ကဲ့ပါခင်ဗျာ … မနက်ဖြန် ကျွန်တော် လာခဲ့ပါ့မယ်”

“အဒေါ်တို့ပွဲရုံက မနက် ၈ နာရီမှာစဖွင့်တယ်ကွယ့်”

“ဟုတ်ကဲ့ ကျွန်တော် ၈ နာရီအရောက် လာခဲ့ပါ့မယ်ခင်ဗျာ”

#တင်ညွန့်

၇.၉.၂၀၂၂