တံခါးခေါက်သံများ

Posted on

တံခါးခေါက်သံများ(စ/ဆုံး)
————————

ကျွန်တော် ဘေးက မဟေသီလေးမျက်နှာ
လှည့်ကြည့်ရင်း စိတ်ထဲက ကြည်နူးမိတယ်။
ညားကာစ လင်မယားဆိုတော့
ချစ်စခင်စ ကြင်နာစပေါ့…
ဒီအဆောင်လိုင်းခန်းလေးမှာ လင်မယားနှစ်ယောက် လွတ်လွတ်လပ်လပ်နေလို့ရအောင် မနေ့ကပဲ စရံသတ်လို့ လာငှားထားခဲ့တာလေ။
ညားတာ တစ်လပြည့်ပြီ ဆိုပေမယ့် ကျွန်တော် တို့ကလည်း အဆောင်ခန်းငှားနေတာဖြစ်တဲ့အပြင်
အဖေရာ်၊အမေရယ် ၊ ကျွန်တော် ညီရယ် ညီမရယ် နဲ့တင် အခန်းက ကြပ်ညှပ်လို့နေလေပြီ။
လူငါးယောက်ဖြစ်နေလို့ အဆောင်ရှင်က ငှားချင်တာမဟုတ်ဘူး။
ကျွန်တော်တို့မိသားစုက အနေအေးတာမို့ အဆောင်ရှင်က ချွင်းချက်ပေးထားတာ။
ကျွန်တော် က မိန်းမ ထပ်ခိုးလာတော့ အခန်းက ဘယ်လိုမှ အဆင်မပြေတော့ဘူး။
ဒါကြောင့် မင်္ဂလာဆောင်ပြီးတာနဲ့ စျေးသက်သာတဲ့အခန်းလေးရှာပြီး ပြောင်းဖို့စီစဥ်ရတာပဲ။

ကျွန်တော် မိန်းမ ရော ကျွန်တော် ရော ရန်ကုန်ကမဟုတ်ဘူး…သူမတို့လည်း ကျွန်တော်တို့လို နယ်မြို့လေးတစ်မြို့ကနေ ရန်ကုန်မှာ မိသားစုလိုက်ပြောင်းရွေ့နေထိုင်ကြတယ်။
ကျွန်တော် မိန်းမနံမည်က ဝတ်ရည်…
သူ နဲ့ကျွန်တော်ကြိုက်တာလည်း ရက်ပိုင်းလေးပဲရှိသေးသလိုသူရော ကျွန်တော်ရော မနေ့တနေ့ကမှ အသက်ပြည့်ထားတဲ့သူတွေပါ။

ဝတ်ရည် ကို facebook မှာ စတွေ့ရင်း ချစ်မိရာက အရဲစွန့်ချစ်ရေး​ဆိုကြည်ံ့မိတယ်။
ချစ်ရေးသာ​ဆိုကြည့်ပေမယ့် ဝတ်ရည်လို အချောလေးက ကျွန်တော်လို သာမာန်ရုပ်ရည်ကို ပြန်ကြိုက်လိမ့်မယ် မထင်မိပါဘူး။
ဒါပေမဲ့ …ည ဘက်က စာပို့ပြီး ရည်းစားစကားပြောလိုက်တာ မနက်ဖုန်းဖွင့်တော့ ချစ်ပါတယ်.. လို့ အဖြေပြန်ပေးထားတယ်။
အမယ်…ငါ စန်းပွင့်ရချည်လားပေါ့…

ဝတ်ရည် အကောင့် နံမည်က တာရာဝတ်ရည်လင်း.. တဲ့
ဒါဆို သူမနံမည်မှာ ကျိန်းသေ ဝတ်ရည်…ဒါမှမဟုတ် လင်း… အစရှိတဲ့ နာမ်စားလေးတွေ ပါလိမ့်မယ်။
ကျွန်တော် ကတော့ အပြင်နံမည် အောင်အောင် မို့
အောင် လို့ အကောင့်ဖွင့်ထားတာ။
ဝတ်ရည် က ဝတ်တာစားတာက အစ အရမ်းမိုက်တယ်။
တင်လာသမျှပုံလေးတွေက သိပ်ချစ်ဖို့ကောင်းတာပဲ…
လက်ထဲကိုင်ထားတဲ့ တပတ်ရစ်ဖုန်းလေးကို ကျေးဇူး တင်လိုက်တာဗျာ….
သူ့ကြောင့် ဝတ်ရည် နဲ့ ဆုံရတာမဟုတ်လား…
ဒီဖုန်းလေးကိုင်ရဖို့ ငါးလလောက်အမေ့ကို ပူဆာခဲ့ရတာလေ။

“”အေးပါ အောင်အောင်ရယ် ဝယ်ပေးပါ့မယ်…
နင်သာ…အလုပ်ကို ရက်မပျက်အောင် ဆင်းစမ်းပါ။
မနေ့က လှမိုး ကပြောတယ်…
ဒေါ်အေးမာ သား က မဆလာဖျော်ရမယ်တို့၊ ကျောက်လောင်ရမယ်တို့ ဆိုရင် ခေါင်းမူးလို့ ၊ဗိုက်အောင့်လို့ ဆိုပြီး အလုပ်ပျက်တယ်…တဲ့…
ကိုယ့်က ရှစ်တန်းတောင်အောင်တာမဟုတ်ဘူး။
ရန်ကုန်မှာ ဒီအဆင့်လောက်နဲ့ ပန်းရံအလုပ်နဲ့ အလုပ်ကြမ်းပဲ လုပ်ရမှာ…ကိုယ့်ဘဝအကြောင်းကိုယ်သိ…ပြောလို့ ပြောတာမဟုတ်ဘူး။
အိမ်မှာ မောင်မောင် နဲ့ သင်းသင်း က အလုပ်လည်းမရွေးသလို၊ အလုပ်လည်းမပျင်းဘူး။
ရသမျှ အကုန် ဒီမအေကို အပ်ရှာတယ်…
နင်ကတော့ တစ်လကို ဆယ့်ငါးရက်လောက်အလုပ်လုပ်ပြီး ဟိုဟာလိုချင်၊ ဒီဟာလိုချင်နဲ့ တအားပူဆာတာ…ရန်ကုန်ဆိုတာ၊ ရကုန် နော်….
ကိုယ့်မှာ မပြေလည်တာနင်နားလည်…နင့်အဖေကလည်း ကျန်းမာရေး ကောင်းတာမဟုတ်ဘူး…””

ဖုန်းအဟောင်းလေးတစ်လုံးရဖို့ကို တရားတွေက အတော်လေးနာခဲ့ရသေးတာ။
ကျွန်တော်ကလည်း ကျွန်တော် ပါပဲ။
ပန်းရံအလုပ်ကို လုပ်ပေမယ့် အလုပ်ရှိလည်း ဆက်တိုက်မဆင်းချင်ဘူး။
ပိုပင်ပန်းမယ်ထင်တဲ့နေ့တွေဆိုရင် ကျွန်တော်ဘာသာအလုပ်ပိတ်ပြီး နားပစ်လိုက်တာပဲ။
ဖုန်းလေး လက်ထဲရပြီး တစ်လမကြာပါပဲ ရည်းစားရလို့ အခုတော့ ကျွန်တော် နဲ့ ဝတ်ရည်လည်း အကြောင်းပါခဲ့ရလေပြီ။

အမေက ကျွန်တော်ကို သိပ်ကြည်လင်တာမဟုတ်ဘူး။
ကျွန်တော်ကြောင့် ဝတ်ရည်တို့ဘက်က ပြောတာဆိုတာတွေ ခံလိုက်ရလို့ ဆိုပြီး မကျေနပ်တာလေ။
ဝတ်ရည်တို့ဘက်က မင်္ဂလာကြေး သိန်းနှစ်ဆယ်တောင်းတယ်။
အမေက ဘုရားတွေ တ တဲ့ အထိ မျက်လုံးကြီးပြူးလို့။
ကျွန်တော် တို့မိသားစုမှာ သိန်းနှစ်ဆယ်မပြောနဲ့ အင်္ဂလိပ်ရက် နှစ်ဆယ်ကျော်ရင် လက်ထဲ နှစ်သောင်းတောင်မရှိကြဘူး။
အမေက ချေးငှားပြီး မင်္ဂလာဆောင်အတွက် သုံးသိန်းရှာပေးတယ်။
ဝတ်ရည်တို့ ဘက် က မကျေနပ်ဘူး။
မကျေနပ်လို့သာ မကျေနပ်တာ…ဝတ်ရည်တို့မိဘတွေလည်း ကျွန်တော် တို့ အခြေအနေနဲ့ ထူးမခြားနား….
အမေချေးငှားပေးတဲ့ ပိုက်ဆံကို ယူတော့ယူလိုက်ကြတယ်…ဒါပေမဲ့ ဘာမင်္ဂလာမှ မဆောင်ဖြစ်လိုက်ဘူး။
စကားတွေများကြ၊ ကတောက်ကဆတွေဖြစ်ရင်း
မင်္ဂလာ မဆောင်ဖြစ်တော့ပဲ ပြန်အပ်တဲ့နေ့က ရပ်ကွက်လူကြီး တွေကိုတိုက်လိုက်တဲ့ လက်ဖက်ရည်နဲ့ ကိစ္စပြတ်သွားလေရဲ့….

ထားပါတော့လေ…
ဝတ်ရည်အကြောင်းနည်းနည်းပြောဦးမယ်…
ကျွန်တော်က ဝတ်ရည် လို့ နူတ်ကျိုးနေလို့သာ ဆက်ခေါ်နေခဲ့တာ…ဝတ်ရည်ရဲ့ နံမည်အရင်းက
သိန်းသိန်းအေး…တဲ့။
နံမည်အရင်းကြားကြားချင်း ကျွန်တော် ရယ်မိတာ ပြောမနေပါနဲ့တော့ ။
သိန်းသိန်းအေး ခေါ် ဝတ်ရည်ကလည်း ကျွန်တော် ကိုမျက်စောင်းတွေချည်းပိတ်ထိုးတာ။
ပြီးတော့.. ရှိသေးတယ် ဗျ။
ဝတ်ရည်ကလေ ဖုန်းထဲကလို နုဖက်အုအက်မနေဘူး။
ရွက်ကြမ်းရည်ကြို ရုပ်….
ဖုန်းထဲမှာတော့ သူဋ္ဌေးသမီးလိုလို၊ ကျောင်းသူလေးလိုလို နဲ့…တကယ်တမ်းက ဝတ်ရည်က သုံးတန်းတောင်မအောင်ဘူး။
မြို့တက်လာကာစက အထည်ချုပ်လုပ်ဖူးပေမယ့် အဆင်မပြေလို့ ကွမ်းသီးပွဲရုံမှာ ကွမ်းသီးညှပ်တဲ့အလုပ်လုပ်ရတဲ့ အလုပ်သမလေး….
ဒါပေမဲ့ လည်း…ရပါတယ် ။
ကျွန်တော် အဆင်ပြေပါတယ်…ချစ်လည်းချစ်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ ညားပြီဆိုတော့ ဟိုဘက်မိဘအိမ်လည်းနေမဖြစ်၊ ဒီဘက်မိဘအိမ်လည်းရေရှည်နေမရတာမို့ အခုတော့ ပိုက်ဆံစုပြီး ကိုယ်ပိုင်အခန်းလေးထဲ အငှားဘဝနဲ့ စ နေရပြီပေါ့ဗျာ…
အိမ်ရှင် ကလည်း သဘောတော် အလွန်ကောင်း…
မနေ့က အခန်းလာငှားတော့ ရေမီးအစုံနဲ့ လေထီး ခုန်လို့ရတယ် တဲ့လေ။
ရေအကြိုက်သုံး၊ မီးအကြိုက်သုံး…
အခန်းခက လေးသောင်း…မီးဖိုးက သုံးထောင်..ဆိုတော့ ဝတ်ရည် ကွမ်းသီးညှပ်တာရယ်၊ ကျွန်တော် ပန်းရံဆင်းတာရယ်နဲ့ လင်မယားနှစ်ယောက် အိုကေမှာ စိုပြေပြီပေါ့ဗျာ….

လင်မယားဖြစ်တာက တစ်လကြာပြီဆိုပေမယ့်
လူတွေများတဲ့ အခန်းထဲ နှမအပျိုကလည်းရှိတော့ အနေအထိုင် အတော်ခက်ခဲ့တာ…
အခုတော့ လင်မယားနှစ်ယောက် ထဲ…ကိုယ့်အခန်းနဲ့ကိုယ်….
အဟီး…အခန်းတံခါးပိတ်….စန္ဒယား နှိပ် ကြမယ်ပေါ့…..

“”ဝတ်ရည်…တံခါးပိတ်လိုက်မယ်နော်….အဟီး…””

“”အို….သွပ်မိုး သွပ်ကာ၊ ပြတင်းပေါက်မရှိ ဝင်လိုက်ရုံနဲ့ ဒီမှာ ဇောချွေးတောင် ပျံနေတာကို ဘာတွေ တံခါးပိတ်ချင်နေတာလဲ…””

“”ဟာ ဝတ်ရည်ကလည်း ပူတာလည်း ပူတာပေါ့
ဒါပေမယ့် ပူ ပူ….””

အခန်းတံခါး ကို ဇွတ်ကြီး ပိတ်ချပစ်လိုက်တယ်။
ဝတ်ရည်ရဲ့ မျက်စောင်းလှလှကြီး က ဒိုင်းကနဲ…
ရင်တွေလည်း တဒိတ်ဒိတ်ခုန်နေရင်းက ဝတ်ရည်ပခုံးလေးကို အဖက်….

“”ကောင်လေးနဲ့ ကောင်မလေး…ဒုန်း…ဒုန်း…””

“”ဟာ ဘယ်သူလဲ မသိဘူး အခန်းကို လာခေါက်နေတယ်..””

ညည်းတွားရင်း တံခါးဖွင့်လိုက်တော့ အိမ်ရှင်အဒေါ်ကြီးကို တွေ့လိုက်ရတယ်။

“”အဒေါ် ဘာလဲဗျ…””

“”ဧည့်စရင်းတိုင်ဖို့ လုပ်ရမယ်လေ….နင်တို့ မှတ်ပုံတင် တွေပေး….
ဟဲ့ နင်တို့က ချွေးတွေ ပျံနေပါလား…””

အရေးထဲ အဒေါ်ကြီးက စပ်စုနေပြန်တယ်။

“”ပျံ မှာ ပေါ့… မနေ့က အခန်းကို သေချာမကြည့်မိဘူး…ပြတင်းပေါက်မှ မပါတာ…
တံခါးလည်းပိတ်လိုက်ရော..ဓာတ်ဘူးကြီးထဲ ရောက်သလိုဖြစ်ပြီး…ချွေးပျံပြီပေါ့ ဗျ…
ရော့ ရော့ မှတ်ပုံတင်… “”

“”ဟဲ့ မှတ်ပုံတင် ပဲမပေးနဲ့လေ…ပိုက်ဆံပေးဦး…
ဟိုမှာ ပေးရတာ..400…ငါက 600..ဆိုတော့ 1000..ပေး…တစ်ပတ်တစ်ခါ တိုင်ရမှာနော်…””

“”အမ်…နေပါဦး…အဒေါ်ကြီး က ဘာလို့.. 600..ယူတာလဲ…””

“”အောင်မယ် ငါ့က ရပ်ကွက်ရုံး ကို လမ်းလျှောက်သွားရမှာလား…မပေးချင်နေလေ…နင်တို့ဘာသာ သွားတိုင်ချေ…””

အဒေါ်ကြီး စိတ်ဆိုးပြီမို့ ပြန်တောင်းပန်ရတယ်။

“”သြော် မသိလို့ပါ အဒေါ်ရယ် ရော့ ရော့..1000..””

အဒေါ်ကြီး ပြန်သွားတော့ ဇာတ်လမ်းကို ပြန်စမယ်ပေါ့…ဝတ်ရည် အနားတိုးကပ်ထိုင်လိုက်ချိန်…

“”ဒုန်း…ဒုန်း…””

တံခါးဖွင့်ကြည့်လိုက်တော့ အိမ်ရှင်အဒေါ်ကြီးရဲ့ သမီး….

“”ဘာလဲ အမကြီး…””

“”ရေမောင်းတော့မလို့ နင်တို့ ရေထည့်စရာ ပုံးတွေ ၊ဇလားတွေပါလား…ရေတိုင်ကီ လည်း မပါလာဘူးထင်တယ်..””

“”ဟာဗျာ…မနေ့တနေ့ကမှ ညားတာ အဲ့ဒါတွေ မပါဘူး…အနောက်မှာ ရေအုတ်ကန်မရှိဘူးလားဗျ…””

“”မရှိဘူး…ရေက တနေ့ကို တစ်ခါမောင်းပေးတယ်။
မောင်းတဲ့အချိန်…ကိုယ့်ဘာသာထည့်စရာနဲ့ ခံ…””

ပြောပုံကိုက…
ဒီအတိုင်းဆို…ထည့်စရာ ပုံးကမရှိနဲ့ ဒုက္ခပါပဲ။

“”ရတယ်ဗျာ…ထည့်စရာလည်း မရှိဘူး…
ဒီနေ့တော့ ကျွန်တော် တို့အမေအိမ်ဘက်မှာ ရေသွားချိုးမယ် …ရေ မထည့်သေးဘူး..””

ပြောပြီး တံခါးကို ပိတ်လိုက်တယ်။
ဝတ်ရည်က ပင်ပန်းလို့ ထင်ပါရဲ့ အိပ်ပျော်လို့ပင်နေလေပြီ။
ဝတ်ရည်ရဲ့ ဆံစလေးတွေကို အသာအယာထိတွေ့ရင်း ငုံနမ်းဖို့ ပြင်နေစဥ်

“”ဒုန်း…ဒုန်း…””

ဒီတစ်ခါတော့ စိတ်တွေ အတော်လေး တို လာပါပြီ…
တံခါးကို ခပ်ပြင်းပြင်း ဆွဲဖွင့်လိုက်ပြီး တံခါးလာခေါက်သူကို မျက်နှာချင်းဆိုင်ပစ်လိုက်ရာ..
ရုတ်တရက် ဘယ်သူမှ ရှိမနေပေ။

“”အဟိ…ဟိ.. “”

ရယ်သံကြောင့် ငုံကြည့်လိုက်ရာ လေးနှစ်အရွယ်လောက်ရှိတဲ့ ကောင်လေးကိုတွေ့လိုက်ရပါတယ်။
နှပ်ချေးတွေးက ပါးနှစ်ဘက်မှာ လက်ဖြင့်ဆွဲ သုတ်ထားပုံရတာမို့ ပေတူးနေလေတယ်။
လူက ချက်ချင်းဆိုသလို ပျို့တက်လာချင်နေပြီ။

“”ဘာလဲ..ကွ…””

“”အူး အူး မုန့်ချားချင်သယ်…မုန့်ပိုးပေး…အဟိ..””

ရုပ်က ကလေးပေမယ့် ပြောင်ချော်ချော် လာလုပ်နေသေးတယ်။
စိတ်ရှိလက်ရှိ ပိတ်တီးပစ်လိုက်ချင်တယ်။

“”သွား….သွား…အာရုံပဲ..ဒိုးလိုက်တော့… ထပ်လာရင် ရိုက်မှာနော်…””

အသံ ခပ်အုပ်အုပ်နဲ့ ပြောရပြန်တယ်။
တော်ကြာ ကလေးမိဘတွေ သိသွားမှ ဖြင့်….

စိတ်ပျက်စွာ တံခါးပြန်ပိတ်လိုက်တယ်။
စိတ်က ခုနကလို မတက်ကြွတော့…
ပိုက်ဆံမရှိပဲ မိန်းမ ယူလိုက်မိတဲ့ အကျိုးဆက်တွေလို့သာ နြင်မိတော့တယ်။
အားသွင်းထားတဲ့ တစ်ပတ်နွမ်း ဖုန်းကြီး ကို ကြည့်ရင်း…ဒင်း ကြောင့်…လို့ အံကြိတ်မိလိုက်တယ်။

“”ဒုန်း…ဒုန်း…ဒုန်း….””

တံခါးနားမှာမို့ ဆွဲဖွင့်ရင်း နူတ်ကနဲ့.. wီး လို့ ရေရွတ်လိုက်မိတယ်……

“”အောင်မယ် ငါ့မအေ ကို ဆဲတယ်ပေါ့….
တေ နာ ကောင်…မလေးမခန့်နဲ့… နင်တို့ ညနေ မြို လို့ရအောင်…ဟင်း လာပို့တာ….””

“”ကန်တော့ ကန်တော့ အမေရေ
အမေမှန်းမသိလို့ပါ…ဗျာ….ပေး ပေး…ဟာ မိုက်တယ် ကြက်သားဟင်း…””

အမေပြန်သွားတော့ ဝတ်ရည် တဖြစ်လဲ သိန်းသိန်းအေး လည်း ပူပူအိုက်အိုက်အခန်းထဲ အိပ်လို့သာအိပ်နေတာ..ချွေးစေးတွေတောင်ပျံလို့ ပါလား..
ဟူး…ပူလွန်းပါတယ်….
အခန်းတံခါးကို လုံးဝ ဖွင့် ပစ်လိုက်တယ် ။
ရုတ်တရက်ဘယ်ကမှန်းမသိတဲ့ လေအေးအေးလေးတစ်ချက်က ဝေ့တိုက်လာတယ်။
ခေါင်းအုံးကို ယူပြီး အခန်းဝမှာခေါင်းပေးလို့ အိပ်ချပစ်လိုက်ပါတော့တယ်။
နောက်ထပ်ဘယ်သူကမှလည်း…တံခါးလာမခေါက်ကြတော့ပေ။

#ယွန်းနှင်းဆီခိုင်

ဘဝထဲက ဟာသ တစ်ခုပါ။
ဟာသအမြင်ဖြင့်သာဖတ်ရှုပေးကြပါရှင်