#တွင်းကြီးဝမ်းမောင်
ထူးခြားဆန်းကြယ်
ကျုပ်သည် ကျုပ်အိမ်၊ ကျုပ်မိသားစု၊ ကျုပ်အခြေအနေကို စောစောက မရိပ်မိ။
ဖိုးသူတော်ကြီး လုပ်ကိုင်နေသည်ကို ကြည့်ရင်း ကြည့်ရင်းမှ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို တစ်စတစ်စ ရိပ်မိသိရှိလာသောအခါ ကျုပ် အကြီးအကျယ် ထိတ်လန့်တုန်လှုပ် ချောက်ချားမှု စတင်လာသည်။
အဆိုးနှင့် အကောင်း၊ အဖြစ်နှင့် အပျက်၊ အရနှင့် အပေး၊ အနိုင်နှင့် အရှုံး၊ ဝမ်းသာမှုနှင့် ဝမ်းနည်းမှု၊ သုခနှင့် ဒုက္ခ၊ ပျော်ရွှင်ခြင်းနှင့် ကြေကွဲရမှု။ ထိုအရာ ဆန့်ကျင်ဘက် ဒွန်တွဲနေမှုများထဲတွင် ကျုပ် ရရှိခံစားရမည့် အနာဂတ်ရလဒ်သည် ဘာများဖြစ်လာမည်နည်း။
ကျုပ် မတွေးရဲ။ ကျုပ် ဆက်မတွေးဝံ့။
ဖိုးသူတော်ကြီး ခိုင်းစေသည့်အတိုင်း ဗွီဒီယိုပြစက်နှင့် အသံဖမ်းလေလှိုင်းသံတို့ကို ဆက်သွယ်ထားသော ကြိုးကိုဖြုတ်၊ မြေရောက်ခါနီး၌ ဓားဖြင့်ဖြတ်၊ ကြိုးပွားလေးချောင်းကို ဝိုင်ယာကြိုးမှဆက်၊ ကြက်ဥလေးလုံးကို အဝတ်ဟောင်းနှင့်ထုပ်၊ မြေမြှုပ်ရန် လုပ်နေကြသည်။
လေတိုင်ကြိုးမှ ဆင်းလာသော ဝိုင်ယာကြိုးကို ဆက်သွယ်ပွားထားသည်က ဝိုင်ယာကြိုး လေးချောင်း။
ထိုကြိုးလေးချောင်း လက်လှမ်းမီရာ မြေပြင်တွင် တောင်ဆုပ်ခန့် အနက်၊ ကြက်ဥတစ်လုံးချစာရုံ တူးဖော်ထားသော မြေကျင်းလေးကျင်း။ မြေကျင်းလေးကျင်းသည် အရှေ့ အနောက် တူးထားရပြီး တစ်ကျင်းနှင့် တစ်ကျင်း တောင်ဆုပ်ခန့်သာဝေးကွာသည်။
သတို့သားဖခင် ကျုပ် ဦးမင်းနိုင်၊ အသက် (၅၃)။
သတို့သားမိခင် ကျုပ်ဇနီး ဒေါ်ယဉ်နွယ်၊ အသက် (၅၃)။
သတို့သား ကျုပ်သား ကျော်ဇင်ဝင်း၊ အသက် (၂၇)။
သတို့သမီး ကျုပ်ချွေးမ ပန်းအိဖြူ၊ အသက် (၂၇) နှစ် တို့၏ အင်္ကျီဝတ်ပြီးသား အဟောင်းအစုတ်တို့ဖြင့် ထုပ်ထားသော ကြက်ဥလေးလုံးကို ဖိုးသူတော်ကြီးက မန်းမှုတ်ပြီးပေးသည်။ မကွဲမအက်စေရန် မြေကျင်းထဲ ချခိုင်းပြီး လေတိုင်ကြိုးမှ ဆက်ထားသော ဝါယာကြိုး လေးချောင်းကို ကြက်ဥအထက် ထိနေစေပြီး မြေမြှုပ်ခိုင်းသည်။
အခြား ပြင်ပလူမှန်သမျှ မဝင်ရဟု တားမြစ်ရုံမျှမက ကျုပ်တို့ မိသားစုပါ ထွက်ပေးရမည်မို့ ထွက်ပေးချိန် နီး မနီး မင်္ဂလာမဏ္ဍပ်၌ ချိတ်ဆွဲထားသော နာရီကို ကျုပ် လှမ်းကြည့်လိုက်မိသည်။
နေ့လယ် ၂ နာရီ ၂ မိနစ်။
မင်္ဂလာမဏ္ဍပ်ထိပ် စားပွဲကြီးတစ်ချပ်ပေါ်တွင် ယာယီကိန်းဝပ်စံပယ်နေတော်မူသော ဖိုးသူတော်ကြီး ပင့်ဆောင်လာသည့် ဒက္ခိဏသာခါ ရုပ်ပွားတော်မြတ်ရှေ့သို့ ဖိုးသူတော်ကြီး ဦးဆောင်ကာ ကျုပ်တို့ ရောက်ရှိကန်တော့ကြသည်။
“ကဲ… ကျုပ်က စတင်ပြီး ဘုရားကို စိတ်မှဆုတောင်းကာ ရေ ကန်တော့မယ်။ ကျုပ် သက်စေ့ ၅၆ ခွက်ပေါ့။ ကိုရင်လေးတို့ မိသားစုလည်း ကိုယ့်သက်စေ့ကို ကန်တော့ပေါ့။ ခွက်ရေ မမှားအောင် ကိုယ်တိုင်လည်း သတိထား။ ဘေးကလည်း စိတ်မှတ်မှတ်ပြီး အပိုအလိုမရှိအောင် သတိပေး”
ဖိုးသူတော်ကြီးသည် နောက်ဆုံး တိုက်ပွဲဝင် စစ်သည်ဗိုလ်ပါတို့ကဲ့သို့ စေ့စပ်သေချာစွာ အလေးအနက် ပြုလုပ်နေ၏။
ကျုပ်နှင့် ကျုပ်ဇနီးက ၅၃ ခွက်။ မင်္ဂလာသတို့သမီး၊ သတို့သားက ၂၇ ခွက်စီ ရေပူဇော်ကန်တော့ပြီးမှ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ကြရသည်။ ဘုရားကန်တော့ ငါးပါးသီလခံယူ၊ မေတ္တာပို့၊ အမျှဝေပြီးချိန်၌ နေ့လယ် ၂ နာရီ ၂၅ မိနစ်။
“ဖြစ်နိုင်ရင် ဒီအိမ်နဲ့ ဝေးတဲ့နေရာဖြစ်တဲ့ သတို့သမီး မိဘအိမ်ကို သွားနေပါ။ (၃) နာရီထိုးရင် ကျုပ် ပုတီးစိပ်နေနေ၊ သမထထိုင်နေနေ အချက်ပေး သတိပေး ဝင်ပြောပါ။ (၃) နာရီ မထိုးမချင်း တစ်ယောက်မှ ဒီဝင်း၊ ဒီအိမ်၊ ဒီမဏ္ဍပ်ထဲကို ဝင်မလာပါနဲ့။ ဝင်းအပြင်မှ လူစောင့်ထား သတိပေးပါ။ ဝင်လာရင်တော့ ကျုပ် တာဝန် မရှိဘူး။ အထူးသဖြင့် ရပ်ဝေးဧည့်သည်နဲ့၊ ရွာထဲက အမူးသမားနဲ့၊ မယုံကြည်လို့ ကိုယ်ကျိုးမရှိဘဲ စမ်းသပ်ချင်တဲ့လူတွေ”
ကျုပ်သည် မျက်စိသူငယ် နားသူငယ်ဖြင့် ခေါင်းညိတ်တာဝန်ယူကာ ကျုပ်သမီးချွေးမ ပန်းအိဖြူ၏ အိမ်ဘက်သို့ ကျန်သုံးဦးကို ခေါ်ယူကာ ထွက်ခဲ့သည်။ ကျုပ်တူ ငါးယောက်ကို အိမ်ဝင်းပတ်ပတ်လည်၌ အစောင့်အရှောက် ချထားခဲ့ပြီး ကျုပ်တို့ တောင်ဘက် သုံးလမ်းခြားသော ပန်းအိဖြူအိမ် ရောက်ရှိသည့်တိုင် ကျုပ်ကိုယ်ကျုပ် လုံခြုံပြီဟု စိတ်ချမရ။
ကျုပ်မှသာ မဟုတ်။ ကျုပ်ဇနီးရော ကျုပ်သမီးချွေးမနှင့် ကျုပ်သားတို့ပါ ထူးခြားသောဖြစ်ရပ် ဖြစ်လာနိုင်သည့် အနေအထားကို ယေဘုယျနားလည်နေကြသည်။ ကျုပ်တို့ အဝတ်ဟောင်းများဖြင့် ထုပ်ထားသော ကြက်ဥလေးလုံး အရှေ့အနောက်တန်းစီတူးထားသော မြေကျင်းလေးကျင်း၊ ဗွီဒီယိုပြစက်ကို အသိမ်းခိုင်းပြီး အသံဖမ်းတိုင်နှင့် ဆက်ထားသော အရပ်အခေါ် လေကြိုးကို မူလအတိုင်း တွဲလောင်းချ၊ ဝါယာလေးပင်ပွားဆက်ယူ တစ်ကျင်း ဝါယာတစ်ကြိုးထည့်၊ ကြက်ဥနှင့် ထိထား၊ မြေမြှုပ်.. ဘာလုပ် တာလဲ။
ဘာလုပ်တာလဲ။
ဘာသဘောလဲ။
ဘာအဖြေ ထွက်စေချင်လို့လဲ။
ဒက္ခိဏသာခါ ရုပ်ပွားတော်မြတ်အား ရေသပ္ပာယ်ရမှု…။
စိတ်မှလိုသောဆုတောင်းခိုင်းမှု…။
ကျုပ် ဆက်စပ် ဆက်စပ် တွေးရင်း တွေးရင်း တစ်ခုတည်းသော အဖြေကို မရသော်လည်း ရလာသော အဖြေများ၏ အဓိပ္ပာယ်ကား တစ်ခုတည်းသာ။
သတိ- အကွေ့ရှိသည်ဖြည်းဖြည်းမောင်း မဟုတ်။
သတိ- အကွေ့ ရှိသည်။
အကွေ့၌ လွင့်စဉ် လဲကျ လိမ့်လဲ ကျိုးပဲ့၊ သေကျေဆုံးရှုံးမှု မဖြစ်ရန် လိုသည်။ အသက် ဉာဏ်စောင့်၊ ဥစ္စာ ကံစောင့်။
ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ယုံကြည်ပူဇော်။
လောကီနယ်သား၊ လောကီသားသည် လောကီသဘာဝ တန်ခိုးဣဒ္ဓိပါဒ်ကို ယုံကြည်၊ လောကီကိစ္စ၌ လောကီပညာရှင်ကို ဆည်းကပ် အကူအညီတောင်း ဟူသော အဖြေ ပေါ်ပေါက်လာသည်။ ဒါ ဘဝထဲက လာတဲ့ အသိပညာ၊ အဘိဓမ္မာပညာပါပဲ။
ကျုပ်သည် ပန်းအိဖြူ ချပေးသော ပက်လက်ကုလားထိုင်၌ မျက်စိကို စုံမှိတ်ကာ ဖိုးသူတော်ကြီးနှင့် ကျုပ်တို့ တွေ့ဆုံမှုကို အစအဆုံး စဉ်းစားနေမိ၏။
xxx xxx xxx
“တဝေဝေ … တဝေဝေ … တဝေဝေ”
မင်္ဂလာမဏ္ဍပ်ပေါက်ဝ အဝင်ဝ၌ ရပ်၍ ကြေးစည်တီးနေသော ဖိုးသူတော်ကြီး တစ်ပါး၊ ဤက အစပြု၍ ကျုပ်တို့ တွေ့ဆုံခဲ့သည်။
“ဟေး…. လာပြီကွ .. လာပြီ၊ ဆရာဦးပေါစံ ဟောတဲ့အတိုင်း မှန်နေပြီကွ ၊ လာပြီ … လာပြီ”
ကျေးလက်ထုံးတမ်းစဉ်လာအရ မင်္ဂလာမဏ္ဍပ်သည် အိမ်ရှေ့ဥပစာ၌ ဆောက်စမြဲ။ အိမ်က မင်္ဂလာမဏ္ဍပ် နောက်မှာ ထားစမြဲ။
ကျုပ်နှင့် ကျုပ်သား ဇနီးမောင်နှံတို့သည် သားက အားရဝမ်းသာ အော်ဟစ်ကတည်းက ပီတိဖြစ်ကာ ဖိုးသူတော်ကြီး ရပ်နေရာသို့ အလျင်အမြန် သွားခဲ့ကြသည်။ မျှော်ကာတတဲ့ သော်တာလ ထွက်လာ၍ ဝမ်းသာပုံ မျိုးပါပဲ။
မပင့် အလှူခံကို ကျုပ်တို့ မျှော်နေခဲ့ကြ၏။
မျှော်လင့်ခြင်းကလည်း နာမည်ကျော် ဗေဒင်ဆရာကြီး စေတနာဆရာ ဦးပေါစံ ကြိုတင်ဟောပြောထားမှုကြောင့်ပါ။
တွင်းကြီးဆရာဦးပေါစံတို့ မျိုးရိုးသည် ထူးဆန်းသော မျိုးရိုးဟု တင်စားနိုင်သည်။ ဦးပေါစံ ဖခင်က တိုင်းရင်းမြန်မာ ဆေးဆရာကြီး ဦးထွန်းတင်။
ဦးထွန်းတင်သည် ဆေးရုံ၊ ဆေးခန်း ပြသရန် အခက်အခဲ ရှိသူများ၊ ဆေးရုံဆေးခန်းပြန်များ လွန်စွာ အားကိုးရသည်။ အထူးသဖြင့် မိန်းမရောဂါများ ကုသရာ၌ လွန်စွာကျော်ကြားသော ဆရာကြီး။
ခြေကြွခယူဖို့ ဝေလာဝေး၊ ဆေးဖိုးဝါးခ လုံးဝမယူ။ အချိန်မရွေး လာပင့်၊ ဆင်းရဲချမ်းသာမရွေး မညည်းမညူ လိုက်လံကုသပေးသည်။ အခါသမယနေ့များ၌ ကန်တော့ပွဲမျိုးစုံဖြင့် ကန်တော့ကြသည်မှာ နွားလှည်း လေး ငါး ခြောက်စီးတိုက် မနိုင်အောင် ကန်တော့လာ ပရိသတ်များမှများ။
(ဆရာကြီး ဦးထွန်းတင်၏ ဆေးကုသမှုဒါနအလှူကို ဆရာကြီး၏သမီးရင်း ဆရာမ ဒေါ်မြသန်းက ဆက်ခံကုသပေးနေပါသည်။)
ဆရာကြီး ဦးထွန်းတင်၏သား ဆရာဦးပေါစံမှာ ရွာနှင့်ဝေးသော သရက်ခြံကြီးထဲမှာ တစ်ဦးတည်းနေပြီး သမထကျင့်၊ ဝိပဿနာရှု၊ ပုတီးစိပ်၊ အဓိဋ္ဌာန်ဝင်ကာ ဗေဒင်လက္ခဏာ ဟောပြောသည်။ ယတြာ ပေးသည်။
ဟောပြောခ တစ်ကျပ်တစ်ပြားမှမယူ၊ အခမဲ့ဟောပြောသော်လည်း အများစုက မှန်ကန်သည်ဟု ယူဆလက်ခံ၍ ရပ်နီးရပ်ဝေးမှ ရှေ့လူ နောက်လူ မပြတ်အောင် လာမေးနေကြသည်။
မျက်နှာကြီးငယ်မရွေး လာသမျှကို ဟောပြောပေးနေသည်။ ဆရာဦးပေါစံမှာ ကွမ်းဝါးသူဖြစ်၍ ကွမ်းယာထုပ်၊ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ရှား၊ ဆေး ကန်တော့သူ ပေါသည်။
ဖယောင်းတိုင်၊ အမွှေးတိုင်၊ ကိတ်မုန့်၊ ပေါင်မုန့်၊ မုန့်စိုမုန့်ခြောက်၊ နို့ဆီဘူး၊ ဖျော်ရည်ဘူး၊ ကော်ဖီမစ်၊ ပုဆိုး၊ အင်္ကျီ၊ တဘက်အမျိုးမျိုးတို့ကို အသီးသီး ကန်တော့ကြသည်။
ရပ်ဝေးမှ ဇာတာပို့၊ မွေးသက္ကရာဇ်ပို့၍ ဟောစာတမ်း ရေးခိုင်းလည်း ဟောစာတမ်း ရေးပေးသည်။ ငွေကြေး ကန်တော့က လုံးဝလက်မခံ။ ငွေယူစရှိ၍ ယူမိက ငွေစကြေးစ မရှိသူမတတ်နိုင်သူတို့က စိတ်အားငယ်ပြီး လာမေးဝံ့တော့မည် မဟုတ်သောကြောင့် မယူကြောင်း အကျေအညက် ရှင်းပြသည်။
ကျုပ်သားနှင့် ကျုပ်သမီး ချွေးမတို့ မင်္ဂလာဆောင်မည် စီစဉ်သောအခါ ဆရာဦးပေါစံထံ ကျုပ်ကိုယ်တိုင် လိုက်ပါပြီး မဏ္ဍပ်ဆောက်ရက်၊ မင်္ဂလာဆောင်ရက်ကို တွက်ချက်သတ်မှတ်ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။
“မင်္ဂလာဆောင် အစရက်မှာ မိုးဆင် လေဆင် ရှိလိမ့်မယ်၊ ဒါပေမဲ့ မင်္ဂလာပွဲကို ပျက်စီးလောက်အောင်တော့ ဖြစ်မှာမဟုတ်ဘူး။ မင်္ဂလာဆောင် ဧည့်ခံရက်မှာ မပင့် အလှူခံလာရင် ဆွမ်းချိန်၊ ထမင်းချိန်ဆိုရင် ဆွမ်းကပ်ပါ၊ ထမင်းကျွေးပါ။
ရဟန်းသံဃာဆိုရင် သင်္ကန်းကပ်လှူပါ။ ရသေ့၊ ဖိုးသူတော်၊ သီလရင်ဆိုရင် စောင့်ခိုင်းပြီး ဝတ်စုံချုပ် ကပ်ပါ။
ရရှိမယ့်အကျိုးကျေးဇူးကတော့ ဘေးအန္တရာယ် ကင်းရှင်းမယ်၊ သားဦးရတနာ မွေးပြီး အဲဒီ သားဦးရတနာဟာ တိပိဋက သုံးပုံဆောင် ပုဂ္ဂိုလ်ဖြစ်ရင်ဖြစ်၊ အနိမ့်ဆုံးအဆင့် အဲဒီလို မဖြစ်တောင် စာချတန်းကျမ်းပြီး နာမည်ကျော် ဓမ္မကထိက ဖြစ်လိမ့်မယ်။
ဦးမင်းနိုင်တို့ လင်မယားရော၊ မောင်ကျော်ဇင်ဝင်းနဲ့ မပန်းအိဖြူတို့ လင်မယားရော ကျမ်းဂန် ပေစာတတ် ရှင်ဒါယကာ ဒါယိကာမ အမွေကို ခံယူရပါလိမ့်မယ်။
ဆရာ ဟောရင် လွဲခဲပါတယ်။ တွင်းကြီးကျေးလက်သာသနာမှာ ဓမ္မာစရိယတွေ ပေါ်ထွက်များပြား လိမ့်မယ် ဟောခဲ့တာ ခုဆိုရင် ငါးပါးတောင် အစိုးရ ဓမ္မာစရိယဘွဲ့တော် ဆက်ကပ်ခံခဲ့ရပြီ။ ဟုတ်တယ်နော် သားတို့ သမီးတို့”
ဆရာဦးပေါစံ ဟောသည့် အထဲမှာပါသော ကျမ်းဂန်စာပေတတ် ရှင်ဒါယကာ၊ ဒါယိကာမ ဖြစ်မည်ဆိုသော ဟောပြောချက်က ဆွဲဆောင်အား ပြင်းထန်လှသည်။ တောသား မိရိုးဖလာ ဗုဒ္ဓဘာသာ၊ တော လူချမ်းသာများ အနေဖြင့် ဘာသာသာသနာအမွေ ခံယူခွင့်ရခြင်းကို အမွန်မြတ်ဆုံး ကုသိုလ်ထူးမှာ တစ်ခုအပါအဝင်ဟု ယူဆကြသည်။
ကျုပ်ကရော ဘယ်ကလဲ၊ ကျုပ်သားနဲ့ သမီးကရော ဘယ်ကလဲ။ သူတို့လည်း တောသား ဗုဒ္ဓဘာသာ လူချမ်းသာ သားသမီး။ ကျုပ်လည်းပဲ သူတို့လို တောလူချမ်းသာ ဗုဒ္ဓဘာသာ၊ ကျုပ်လည်း အမွန်အမြတ်ထား၊ မက်မက်မောမော ရှိလှ၏။ ဆရာဦးပေါစံလည်း မှန်ပါစေ၊ ကျုပ်တို့ဆီကို မပင့်အလှူခံလည်း လာပါစေဟု ဆုတောင်းရ၏။
မပင့်အလှူခံ။
မဆစ်ဆီ။
ချိုင့်ကြီးရွာသုံး ကျေးလက်ဝေါဟာရများ၊
ဈေးမဆစ်ရဘဲ ဆိုသမျှ ပေးဝယ်ရသော ဆီကို မဆစ်ဆီ။
မပင့်မဖိတ် မလျှောက်ထားဘဲ ကြွရောက်လာသော အလှူခံကို မပင့်အလှူခံဟု ကျုပ်တို့ဆီမှာ ခေါ်သည်။
မပင့် အလှူခံကို ရဟန်း သံဃာ ရှင်သာမဏေဟု ယူသူက ယူဆ။
ရဟန်း၊ ရှင်သာမဏေ၊ ဖိုးသူတော်၊ ရသေ့၊ မယ်သီလဟု သတ်မှတ်သူက သတ်မှတ်။
အချို့က ဆုတောင်းစား (သူတောင်းစား)ပါ ထည့်တွက်သူတွက်နှင့် ကိုယ်နှစ်သက်သလို အဓိပ္ပာယ်ဖွင့်ဆိုကြသည်။
ကျုပ်ကတော့ လှူခွင့်သာ အဓိက ရချင်သည်။ မပင့်အလှူခံကို သတ်မှတ်ချင်ရာ သတ်မှတ်ကြပေတော့။ ကျုပ်တို့မိသားစု လိုချင်သည်က မပင့်အလှူခံ။ မပင့်အလှူခံ မျှော်လင့်ချက် ထက်သန်စေရန် ဆရာဦးပေါစံ၏ ရှေ့ပြေးဟောပြောချက်က မှန်မှမှန်။
ဆရာဦးပေါစံက မင်္ဂလာဆောင် အစရက်မှာ လေဆင် မိုးဆင် ရှိသည်ဟု ဟောခဲ့၏။ မိုးရိပ် လေရိပ် ပြလာ၍ ချက်ပြုတ်နေရာမှန်သမျှကို မိုးလုံအောင် လုပ်ပေးခဲ့သည်။
ကျုပ်သား မင်္ဂလာဆောင်သည် တောရွာ မင်္ဂလာဆောင်ကြီး။ တောမင်္ဂလာဆောင်သည် မြို့ပြမှာကဲ့သို့ အစားအသောက်ကို အော်ဒါပေးမှာသော ထုံးစံမရှိ။
ကိုယ်တိုင်ဝိုင်းချက်၊ ကိုယ်တိုင် ဝိုင်းကျွေး။ ငွေကြေး မတတ်နိုင်က အဖြစ်မင်္ဂလာဆောင်။ ကျုပ်သားလို ငွေကြေး တတ်နိုင်သော မင်္ဂလာဆောင်က ရှယ်။
ရှယ်မင်္ဂလာဆောင်ပီပီ ဒိုင်ခံကျွေးမည်က ဝက်သားနီချက်။ ဝက်သားမစားက အမဲနှပ်။ ဝက်၊ အမဲ မစားပါက ငါးကြော်ချက်။
ဟင်း အရံ က ကုလားပဲနှပ်ဆီပြန်၊ ငရုတ်ကြော်၊ သရက်ချဉ်၊ ဟင်းချို၊ တောအခေါ်က ငါးခွက်ကျွေး မင်္ဂလာပွဲ။
အရပ်ရှစ်မျက်နှာရှိ မိတ်ဆွေသင်္ဂဟများကို အားကုန်အင်ကုန် ဖိတ်ထားရာ မင်္ဂလာဆောင် အစနေ့ကတည်းက သဲသဲ မဲမဲ ခုတ်ကြ ထစ်ကြ ချက်ကြပြုတ်ကြ ချွေးတဒီးဒီး။
ချက်ပြုတ် ခုတ်ထစ် လုပ်ကိုင်နေဆဲမှာပင်လျှင် ရှေ့ပြေးလေနုအေး သွေးသည်။ နောက် လေပြင်းဝင်သည်။ နောက် ဝေါခနဲ၊ ဝေါခနဲ မိုးရွာချက်ကဖြင့် အိုးလှဲရေသွန် ရေဖွေးဖွေးလှုပ်လှုပ်။
မိနစ်ပိုင်း မိုးရေဖွေးဖွေးက ကျုပ်တို့ကို ဗျာများစေခဲ့သည်။ မိုးကို လက်ကာမရ၊ ပဝါတားမရ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသော ကျုပ်တို့ကို ဘေးလူများက တစ်ယောက်တစ်ပေါက် ကောင်းနိုးရာရာခိုင်း၏။
ရှင်ဥပဂုတ် တင်ပါတဲ့တင်ဟ မြန်မြန်။
ရွာတော်ရှင် နတ်စင်ပွဲပြပါတဲ့။
သွားဟ ချက်ချင်းမိုးတားဆရာကိုခေါ် မိုးတားပါတဲ့။ ခေါ်စမ်းဟ အခု။
ဘာလုပ်၍ ဘယ်လို မိုးရပ်သွားသည်တော့ မသိ။ မိုးသည် တဖွဲဖွဲ ကျနေရာမှ ရပ်၍ ရပ်၍ သွား၏။ မိုးအုံ့ပျပျရှိသော်လည်း မိုးဆက်မရွာတော့။
မိုးတား ဆရာရှိန်က သူ့မိုးတားပညာ အစွမ်းတဲ့။
ဟုတ်ကဲ့ပါ ဆရာ၊ ကြောင်ရုပ်နဲ့ ကြွက်ငြိမ်လည်း ငြိမ်ဖို့ က အဓိကပါဟု ကျုပ် ပြောမိသည်။
ကျုပ်တို့ ချိုင့်ကြီးရွာ မင်္ဂလာပွဲများထဲတွင် ကျုပ်သား မင်္ဂလာပွဲသည် ပွဲကြီးပွဲကောင်း။ ကျုပ်ဘက်ကလည်း ကုန်တင်ကား၊ တောပွဲရုံ၊ ဗွီဒီယိုရုံ၊ အဝေးပြောဖုန်း၊ သီးနှံလှောင်သော လူချမ်းသာ။
ကျုပ်သားကို လက်ဖွဲ့ မင်္ဂလာကြေး ပေးသည်က ယာ ဧက ၂ဝ၊ ငွေသိန်း ၃ဝ၊ ရွှေအစိတ်သား။
သတို့သမီးဘက်ကလည်း သူတို့သမီး ပန်းအိဖြူကို ယာဧက ၂ဝ၊ ငွေသိန်း ၃ဝ နှင့် ရွှေအစိတ်သား။
တန်းတူချီးမြှင့်သော မော်တော်ပိုင်ရှင်၊ တောပွဲရုံ၊ ဗွီဒီယိုရုံ၊ အနီးအဝေးပြောဖုန်း၊ သီးနှံလှောင်သော ပစ္စည်းရှိများ။
သည် မျက်နှာကြီး ရှယ်မင်္ဂလာဆောင် ကျွေးမွေးဧည့်ခံမည့်အချိန်၌ မိုးဖျက်မှာကို စိုးရိမ်ကြသည်။
ဆရာဦးပေါစံ ဟောသော မိုးဆင် လေဆင်တော့ ရှိသည်။ ဒါပေမဲ့ မင်္ဂလာပွဲ ပျက်စီးလောက်အောင်တော့ မဖြစ်ဟူသည့် ဟောပြောချက် မှန်ပါစေဟု ကျုပ် တိတ်တခိုး ဆုတောင်းမိ၏။
မှန်မှ မှန်။ ရပ်သွားသော မိုးသည် ထပ်မံ မရွာ။ မနက် ကျွေးမွေးဧည့်ခံချိန်မှ နှစ်ဖက်မင်္ဂလာပွဲ ကျင်းပပြီးသော အချိန်အထိ မိုး တစ်စက်တစ်ပေါက်မှ မကျလာ။
လောဘတင်းတောင်း လောင်းတိုင်းမပြည့်ဟုဆိုလိုက ဆိုကြပါတော့။ အစလောဘက မိုးကင်း လေကင်း မင်္ဂလာပွဲ အောင်အောင်မြင်မြင် ပြုလုပ်လိုခြင်း။
သည်ဆန္ဒ ပြည့်ဝသွားသော အချိန်၌ မပင့်အလှူခံ ကြွလာစေချင်သောဆန္ဒ ထက်သန်လာ၏။
သားရတနာ၊ မြေးရတနာ၊ သာသနာ့ အာဇာနည် ရှင်ဒါယိကာ ဖြစ်တော့မည့် အတိတ် နိမိတ်အဖြစ် မပင့်အလှူခံ ဖိုးသူတော် ကြွရောက်လာပြီ။ ဆန္ဒပြည့်ဝတော့မည်မို့ ကျုပ်တို့ ပီတိ ဖြာဖြာဝေဝေ။
ကြေးစည်ရှင် ဖိုးသူတော်ကြီးမှာ ဥပဓိရုပ် ထောင်ထောင်မောင်းမောင်း၊ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း၊ မျက်နှာတည်တည်ကြည်ကြည်၊ အသားညိုညို၊ မျက်လုံးများက စူးရှထက်မြက်ခြင်းတို့ထက် တည်ငြိမ်ရင့်ကျက်ခြင်းဘက် ပိုကဲနေ၏။
ကျုပ်ရော သတို့သားနှင့် သတို့သမီးပါ ဖိုးသူတော်ကြီး အနီး ချဉ်းကပ်၍ မတ်တတ်ရပ်လျက် ဂါရဝပြုသည်။ မမျှော်လင့်ဘဲ ဖိုးသူတော်ကြီးက ပြန်လည်၍ ကျုပ်တို့အား ဂါရဝပြုရာ သွေးများပွက်ဆူပြီး ကြက်သီးမွေးညင်း ထမိ၏။
“ဦးသူတော် ကျွန်တော်က ဟောဒီ သတို့သားနဲ့ သတို့သမီးရဲ့ ဖခင်ပါ။ သမီးနဲ့သားတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားဟာ စောစောလေးကမှပဲ အောင်အောင်မြင်မြင် ကျင်းပပြီးစီးလို့ ဧည့်ကွဲသွားပါတယ်။ မင်္ဂလာပွဲကို ချီးမြှင့်တဲ့အနေနဲ့ ဦးသူတော်ကို ကျွန်တော်တို့က မနက်စာ ကျွေးမွေးလှူဒါန်း လိုပါတယ်။ လက်ခံ သုံးဆောင်တော်မူပါ”
“ချီးမြှင့် သုံးဆောင်သွားပါ ဦးသူတော်။ သားနဲ့သမီးတို့ကလည်း ဦးသူတော်အတွက် ဝတ်စုံတစ်စုံ မင်္ဂလာဦးဒါန လှူဒါန်းချင်ပါတယ်၊ ဦးသူတော်နဲ့ တော်မယ့် အတိုင်းအထွာတိုင်းပြီး ချက်ချင်း ချုပ်ခိုင်းပါ့မယ်။ ဦးသူတော်အနေနဲ့ ရွာထဲ ဆန်အလှူခံချင်စိတ်ရှိရင် လှည့်လည်အလှူခံပါ။ ရွာထဲမှာ အလှူမခံဘဲ ဝတ်စုံစောင့်ရင်း သားတို့ မင်္ဂလာမဏ္ဍပ်ထဲက စောင့်ရင်း အနားယူချင်လည်း ယူပါ။ အပြန်မှာ ဦးသူတော် ထမ်းနိုင်သမျှဆန်ကို တောင်းနှစ်လုံးအပြည့် ကန်တော့လိုက်ပါ့မယ်”
“ကျွန်တော်တို့ရဲ့ ဖိတ်ကြားမှုကို လက်ခံ မခံ သိပါရစေ ဦးသူတော်”
“သားတို့ သမီးတို့ကတော့ မင်္ဂလာဦးဒါနကို လက်ခံချီးမြှင့်ဖို့ တောင်းပန်ပါတယ် ဦးသူတော်”
ကျုပ်တို့ သုံးဦးသား၏ စကားကို လုံးဝပြန်ကြားခြင်း မရှိသော ဖိုးသူတော်ကြီးအား ကျုပ်တို့ စေ့စေ့စပ်စပ် ကြည့်သည်။ မည်းနက်သော ဂုဏ်တော်ပုတီးကို လည်ပင်းဆွဲထားသော ဖိုးသူတော်ကြီး လည်ပင်း၌ ကျောင်းသား ကျောင်းသူများ ကျောက်တံ၊ ခဲတံ၊ ခဲဖျက် အစရှိသည်တို့ စုထည့်သော အိတ်ရှုံ့လို အိတ်ရှုံ့ကြီးပါ ထပ်ဆင့်ဆွဲထားသည်။
လက်တစ်ဖက်က တောင်ဝှေး၊ လက်တစ်ဖက်က ကြေးစည်ထုသည့် လက်ခတ်၊ တောင်းလေးက ရှေ့တစ်လုံး၊ နောက်တစ်လုံး။ တောင်း နှစ်လုံးစလုံး အဖုံးကိုယ်စီ ပါသည်။ ရှေ့က အဖုံးပေါ်မှာ ဆန်အလှူခံ ကြေးခွက် ကြေးဖလား တစ်လုံး။
“စိတ်တော့ မရှိပါနဲ့ဦးသူတော် ပွင့်ပွင့်လင်းလင်း မေးပါရစေ။ ကျွန်တော်တို့ဆီက အခြား အလှူခံစရာများ ရှိနေပါသလား။ ဘာကိုများ အလှူခံလိုပါသလဲ။ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပါ ဦးသူတော်။ တတ်နိုင် သမျှ လှူဒါန်းဖို့ ဝန်မလေးပါဘူး”
ကျုပ်၏ ရေလာမြောင်းပေးစကားက ဖိုးသူတော်ကြီးကို တိုက်ရိုက် ထိမှန်ဟန်ရှိသည်။ ဣန္ဒြေငြိမ်သက်သည်ဟု ကျုပ်ယူဆခဲ့သော ဖိုးသူတော် ကြီး၏ မျက်နှာ၌ လျှပ်တစ်ပြက်မျှ အမူအရာ ပြောင်းသွား၏။
ဟုတ်ပြီ၊ ယခုမှ အနာနှင့်ဆေး တွေ့တော့မည်။ ကျုပ်ပြုံးသလို သားနှင့်သမီး ချွေးမ တို့ကလည်း ပြိုင်တူပြုံးသည်။ အထာပေါက်ပြီဟူသော သဘောပင်။
“ပြောပါ ဦးသူတော်အားမနာပါနဲ့။ အလှူခံစရာရှိ ပွင့်ပွင့် လင်းလင်း ပြောပါ”
“အဖေ ပြောတာဟုတ်ပါတယ် ဦးသူတော်။ သားတို့၊ သမီးတို့ မင်္ဂလာဦးဒါနအနေနဲ့ တတ်အားသမျှ လှူဒါန်းပါ့မယ်။ ပြောဖို့သာ ဝန်လေးမနေပါနဲ့”
ဖိုးသူတော်ကြီးသည် မျက်လုံးကို စုံမှိတ်၏။ ခတ္တခဏမျှ တစ်ခုကို အာရုံပြုဟန်ရှိသည်။ အတန်ကြာမှ မျက်လုံး ပြန်ဖွင့်သည်။
“ကျုပ်သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောတော့မယ်နော်”
“ပြောပါ ဦးသူတော်”
“ကိုရင်လေးတို့အိမ်မှာ ခု လူဘယ်နှယောက် ရှိသလဲ”
“ခုရှိတာ လေးယောက်ပါ၊ ကျွန်တော်တို့ လင်မယားရယ်၊ ဒီနေ့မှ စတိုးလာမယ့် သမီးချွေးမနဲ့ သားရယ်ပေါ့၊ သတို့သား အထက်က အစ်ကိုအရင်းက ကျွန်တော်တို့ အစုရှယ်ယာပါထားတဲ့ ကုမ္ပဏီရဲ့ တာဝန်နဲ့ အိန္ဒိယမှာ ရောက်နေပါတယ်။ ခြောက်လကျော်သွားပါပြီ။ သူတစ်ဦး လျော့သွားတော့ လေးယောက်က သုံးယောက်ဖြစ်၊ ကနေ့ သတို့သမီးတစ်ယောက် တိုးတော့ သုံးယောက်က လေးယောက်ဖြစ်ပေါ့”
“အိန္ဒိယမှာ ကုမ္ပဏီတာဝန် ထမ်းနေတာ လျော့တစ်၊ ကနေ့ တိုးတစ်ဆိုတော့ လေးယောက်ပေါ့၊ ကောင်းပြီလေ၊ ကျုပ်ကို ထမင်းစားစေချင်ရင်၊ လှူဒါန်းတာကို လက်ခံစေချင်ရင် ကျုပ်ပြောတာ သဘောတူဖို့ ကတိ ပေးပါ။ သဘောတူ မတူ ပြောပါ။ ကိုရင်လေး ပြောသလို ပြောင်ပေါ့”
“ဘာတွေပြောမှာလဲ ဦးသူတော်၊ ချက်ချင်း အကြောင်းပြန်ပါ့မယ်”
“အခု ဘယ်နှနာရီလဲ”
“မနက် ဆယ်နာရီပါ ဦးသူတော်”
“ကျုပ် လိုချင်တာက နေ့လယ်နာရီပြန် နှစ်ချက်ခွဲကနေ သုံးနာရီအထိ နာရီဝက်တိတိကို ကိုရင်လေး အိမ်ဝင်း သက်ရှိ သက်မဲ့ ရှိရှိသမျှကို ကျုပ်ကို လှူစေချင်တယ်”
“ခင်ဗျာ”
“ရှင်”
“နှစ်ချက်ခွဲကနေ သုံးနာရီအထိ လှူဒါန်းပြီး ကိုရင်လေးတို့ မိသားစုလေးဦးစလုံး ကျုပ်ခိုင်းတဲ့ အချိန်မှာ အပြီးထွက်ပေးရမယ်။ မထွက်သေးခင်မှာ ကျုပ် ခိုင်းတာမှန်သမျှ လုပ်ပေးသွားရမယ်။ ရှာပေးသွားရမယ်။ သုံးနာရီထိုးပြီးပြီးချင်း ကိုရင်လေးတို့ ကျုပ်ဆီ ပြန်လာရမယ်။ အဲဒီအချိန်ကျမှ ဝတ်စုံလှူ၊ ဆန်တစ်ပြည်လှူ၊ ကိစ္စဝိစ္စပြီးတာနဲ့ ကျုပ်ကို ပြန်ခွင့်ပြုရမယ်။ လုံးဝ မတားရဘူး”
ကျုပ်တို့ သားအဖသုံးဦးသား ခေါင်းချင်းဆိုင် တိုင်ပင်ရ၏။ နောက်ဆုံး၌ ကျုပ်က သဘောတူကြောင်း ပြန်ပြောသည်။
“ဦးသူတော် ပြောတာကို ကျုပ်တို့ လက်ခံပါတယ်၊ နှစ်ချက်ခွဲမှ သုံးနာရီအထိ နာရီဝက်အတွင်း အားလုံး လှူဒါန်းပါတယ်၊ ခုချိန်ကစပြီး မဏ္ဍပ်နဲ့ အိမ်ကို ယာယီကျောင်းသင်္ခမ်း သဘောထားပြီး နေထိုင်ပါ၊ မဏ္ဍပ်ထဲက သံဃာစင်ခုတင်ပေါ် ကြွရောက်ပြီး နားနေပါ”
“သာဓု၊ သာဓု၊ သာဓု၊ သတို့သား ဖခင်ရော၊ သတို့သမီး သတို့သားရော မှန်ကန်သော ဤစေတနာ အကြောင်းကြောင့် ဘေးအန္တရာယ် ကင်းရှင်းပါစေ”
ဖိုးသူတော်ကြီးသည် မဏ္ဍပ်ထဲ ရောက်သောအခါ သူ့အိတ်ရှုံ့အတွင်း၌ ထည့်သွင်းလွယ်လာသော ဒက္ခိဏသာခါ ဗုဒ္ဓရုပ်ပွားဆင်းတုတော်အား ယာယီစံကျောင်း၌ တဘက်ခင်း၍ ကိန်းဝပ်ပူဇော်ခြင်း။ ကြက်ဥ လေးလုံး၊ အဝတ်ဟောင်း လေးစုတ်၊ ကျင်း လေးကျင်း၊ ကြိုးလေးကြိုး စီစဉ်ခဲ့သည်။ ထမင်းစားပြီးနောက် မည်သူနှင့်မျှ စကားမပြောတော့ဘဲ ရွတ်ဖတ်သရဇ္ဈာယ်သည်။ ကျုပ်တို့ ခေတ္တစွန့်ခွာပေးရန် ပြောချိန်မှသာ စကားဆိုတော့သည်။
xxx xxx xxx
“အဖေ အိပ်နေသလား၊ သံပရာရည် သောက်ပါဦး။ လေတွေမိုးတွေ ဆင်ပြီး တက်လာပြီ”
ပန်းအိဖြူ ပေးလာသော သံပရာရည်ခွက်ကို သောက်ပြီး ပက်လက်ကုလားထိုင်မှ ထကာ ထက်အောက်ဝန်းကျင် ပြင်ပ ဝဲယာကို ကျုပ်
ကြည့်သည်။
လေကြီးမိုးကြီး စတင်လာပြီဖြစ်ကြောင်း တဝေါဝေါ အသံပေးကာ အဝေးမှ မိုးရောလေပါ တရကြမ်း လာနေ၏။
လေတဝေါဝေါ မိုးတဖြောင်းဖြောင်း လျှပ်စစ် တထောင်းထောင်း ထရာမှ လျှပ်ကောက်လက်ပြီး
“ဂျင်း… ဂျင်း…ဂျိန်း… အိန်း… အိန်း… ဝုန်း… အုန်း”
ဖြင့် မိုးကြိုးပစ်ရာ နား၌ ကပ်ပစ်သလို နားပွင့်ခမန်း ထင်ရသည်။ မိုးကြိုးစက်သည် ကျုပ်ကို လာဟပ်သလားထင်ပြီး ကိုယ့်ကိုယ်ကိုယ် ပွတ်သပ်ကြည့်မိသည်။
လျှပ်ကောက်တဝင်းဝင်းလက်၊ မိုးထစ်သံ တဂျင်းဂျင်းပေး၍ မိုးကြိုးသုံးချက်ဆက်တိုက် စဉ်တိုက်နီးပါး ထင်ရလုခမန်း ပစ်သည်။ ပန်းအိဖြူတို့အိမ်မှ ပြသဆဲ ဗွီဒီယိုမှာ ထိုးရပ်ပြီး ပြစက် မည်းမှောင်ပျက်စီးသွားသည်။
ပထမမိုးကြိုးက ရွာဦးသစ်ခြောက်ပင်ကို ပစ်သည်။ လောင်မီးကျသည်မှာ မိုးရပ်သွားသော်လည်း မီးလောင်မရပ်။ ရွာအရှေ့ဖျား တီဗွီ၊ ဗွီဒီယို အားလုံး လောင်ကျွမ်းသည်။
ဒုတိယမိုးကြိုးက ဘယ်ပစ်သည်ဟု မသိရသေး။
တတိယ မိုးကြိုးက ရွာအနောက်ဖျား ကုက္ကိုပင်ကြီးပစ်ရာ ခါးလယ်မှ ပြတ်ကျပြီး ရွာအနောက်ဖျား တီဗွီ၊ ဗွီဒီယိုအားလုံး လောင်ကျွမ်းပျက်စီး သွားသည်ဟု အိမ်သို့ မပြန်မီ ကျုပ် သတင်းကြားရ၏။
(၃) နာရီ ထိုးပြီ။ မိုးရပ်စဲသွားသောအခါ ကျုပ်တို့လေးဦးအပြင် ပန်းအိဖြူ၊ မိဘနှစ်ပါးပါ ကျုပ်အိမ်သို့ လိုက်လာသည်။ ကျုပ်အိမ်သို့ ရောက်သောအခါ ဖိုးသူတော်ကြီးကို ကျုပ် စိုးရိမ်တကြီး ကြည့်မိသည်။
ဒက္ခိဏသာခါ ဘုရားဆင်းတုတော်ရှေ့တွင် ပုတီးစိပ်နေဆဲ ဖြစ်၏။ ဤမျှ လေကြမ်း မိုးကြမ်း ကျရောက်သော်လည်း သူကန်တော့ထားသော ဖယောင်းတိုင်များက မငြိမ်း။ အခြား နေရာများ၌ မိုးပက်သဖြင့် ရွဲရွဲစိုနေသော်လည်း ဖိုးသူတော်ကြီး ထိုင်နေရာနှင့် ဘုရားဆင်းတုတော်ဝန်းကျင် ရေမစို။
ကျုပ်သည် ဖိုးသူတော်ကြီးအား သူ မူလမှာထားသည့် သတိပေးချက်အတိုင်း ကျုပ်တို့ ရောက်ရှိကြောင်း အသံကျယ်ကျယ်ဖြင့် ပြောကြားမှ သူ့ပုတီးစိပ်ရပ်သည်။ ဘုရားရှိခိုး ဝပ်ချကန်တော့ကာ ဆုတောင်းသံ ကျုပ်ကြားရ၏။
“ဒုတိယ မိုးကြိုးပစ်သော နေရာ၌ သေဆုံးသွားသော ကြက်ဥလေးလုံးပါ ကြက်သန္ဓေတို့အား တပည့်တော် မေတ္တာပို့ အမျှပေးဝေပါ၏ အရှင်ဘုရား။ လူသားလေးဦး၏ အသက်ကို ကယ်တင်နိုင်ရန် တပည့်တော် ပြုလုပ်ခိုင်းမိခြင်းကို သည်းခံခွင့်လွှတ်တော်မူပါ ဘုရား။ တပည့်တော်သည် ယခုကဲ့သို့ လောကီပညာရှင် ဖိုးသူတော်ဘဝမှ မြင့်မြတ်သော မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့် လောကုတ္တရာ ဖိုးသူတော် ဖြစ်ရပါလို၏ ဘုရား။ သတို့သမီးတွင် သားဦးကိုယ်ဝန် သုံးလကျော် ရှိနိုင်ရာ သာသနာ့အမွေ ခံယူနိုင်မည်ဟုယူဆ၍ တပည့်တော် ကယ်တင်ရပါ၏ အရှင်ဘုရား”
ဖိုးသူတော်ကြီးစကားကြားမှ ကျုပ်တို့ သွေးပျက်ခမန်း ချောက်ချားတုန်လှုပ်၏။ ပန်းအိဖြူက သူ့၌ ကိုယ်ဝန်သုံးလကျော်ပြီဟု ပြောသောအခါ ပိုမို တုန်လှုပ်၏။ ဖိုးသူတော်ကြီးကို တိုင်ပင်မထားရဘဲ လူအားလုံး ရှိခိုးဦးချလိုက်ကြ၏။
(မှတ်ချက်။ ။ သတို့သမီးနှင့် သတို့သားတို့မှာ နှစ်ဖက် ခွင့်ပြုချက်ဖြင့် မင်္ဂလာမဆောင်မီ ကတည်းက အတူတူနေထိုင်ခဲ့၍ ကိုယ်ဝန်ရရှိခဲ့ပါသည်။)
[သူရဇ္ဇမဂ္ဂဇင်း အတွဲ ၁ဝ၊ အမှတ် ၂၊
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ]
– ပြီး –
စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ