ထူးဆန်းသော အသုဘ

Posted on

ထူးဆန်းသော အသုဘ(စ/ဆုံး)
—————————–
“ဆရာကြီး … ညနေကျောင်းလွှတ်ရင် အဘိုးက အိမ်ကိုခဏလောက်ကြွခဲ့ပါဦးတဲ့”

“ဘာဖြစ်လို့လဲ မောင်သိန်း”

“သားလည်းမသိဘူး။ အဘိုးက ဆရာကြီးကို ပြောခိုင်းလိုက်လို့”

“အေး … ထမင်းစားပြီရင်လာခဲ့မယ်လို့ပြောလိုက်”

“ဟုတ်ကဲ့ဆရာကြီး”

၈ တန်းမှ တပည့်မောင်သိန်းက ကျောင်းဆင်းချိန် စားပွဲပေါ်ရှိ စာရွက်တွေ သိမ်းနေသော ကျွန်တော့်ကို လာပြောခြင်းဖြစ်သည်။

သူကအဘိုးဟုပြောသည့် ဦးဘမြင့်သည် ကျောင်းအကျိုးတော်ဆောင်တစ်ဦးဖြစ်သည့်အပြင် ကျောင်းကိစ္စ မှန်သမျှသာမက၊ အရပ်ကိစ္စလည်း လက်မနှေးသည့် သစ်ကုန်သည်ကြီးတစ်ဦးဖြစ်သည်။ ရွာတွင် လူချမ်းသာ အဆင့်ဖြစ်ပြီး အင်္ဂလိပ်ခေတ်က တောခေါင်းကြီးလည်းဖြစ်ခဲ့ရာ သူ့ဩဇာမှာ ဤနယ်တစ်ဝိုက်တွင် အလွန်ကြီး သည်။

ရွာတွင် စာတတ်ပေတတ်ရှားသည့်အထဲတွင် ဦးဘမြင့်တို့လို ၇၀ ကျော်ပိုင်းတွေအထဲ၌ သူ့လောက်စာတတ်သူ မရှိဟု ပြောရမည်ဖြစ်သည်။ သူက ၉ တန်းလောက်အထိ ကျောင်းနေခဲ့ဖူးပြီး၊ အင်္ဂလိပ်တွေထံတွင် စာရေးလေး အဆင့်ဖြင့် အမှုထမ်းခဲ့သည်ဖြစ်ရာ အင်္ဂလိပ်လိုလည်း မွှတ်နေအောင် ပြောနိုင် ဖတ်နိုင်သည်။ မြန်မာစာ အနေဖြင့်လည်း သူ့အိမ် ဧည့်ခန်းတွင်ရှိသော စာအုပ်ဗီရိုတွေထဲက စာပေတွေကိုကြည့်ခြင်းအားဖြင့် လည်းကောင်း၊ သူပြောဆိုသည်တို့ကို နားထောင်ရခြင်းဖြင့်လည်းကောင်း သူ့အဆင့်အတန်းကိုသိနိုင်သည်။

ကျွန်တော်က ကျောင်းဆင်းအပြီး ရေမိုးချိုးကာ ထမင်းစားသောက်ပြီးမှ ညနေမှောင်လုလုအချိန်၌ ရွာထဲကို ထွက်ခဲ့သည်။ ဦးဘမြင့်နေထိုင်သည့် အိမ်ဝင်းကြီးမှာ ရွာပြင် ဘုန်းကြီးကျောင်းနှင့် ကပ်လျက်ဖြစ်ပြီး သူ့အိမ်ကြီးမှာ ဘုန်းကြီးကျောင်းနှင့်အပြိုင် ကြီးကျယ်ခမ်းနားလှပေသည်။ တစ်အိမ်လုံးကို ကျွန်း၊ ပျဉ်းကတိုး တွေနှင့် ဆောက်ထားပြီး တိုင်တွေက အလုံးအတိုင်းတွေဖြစ်သည်။ အိမ်ကြီးကို အဆင့်မြင့်မြင့် လှပစွာ မွမ်းမံ ထားပြီး တစ်အိမ်လုံးကို ရေနံတွေဝနေအောင်သုတ်ထားသဖြင့် အိမ်မဲကြီးဟုလည်း အရပ်က ခေါ်ကြသည်။

“လာ ဆရာ … အဖေက အပေါ်ထပ်မှာ”

ကျွန်တော် ခြံထဲဝင်လိုက်သည်နှင့် ဦးဘမြင့်၏သားကြီး မောင်စောလုကကြိုဆိုပြီး ကျွန်တော့်ကို အိမ်အပေါ် ထပ်သို့ ခေါ်သွားသည်။ အပေါ်ထပ်တွင် အောက်လင်းမီးအိမ်ကြီးကို ထွန်းထားသဖြင့် လင်းနေသည်။ ဦးဘမြင့်က ခုတင်ပေါ်တွင် ခေါင်းအုံးများကို ကျောမှီပြီထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေသည်။

“ဆရာ … ကြွပါခင်ဗျာ” ဟု သူက စာအုပ်ကိုပိတ်ကာ ဘေးနားတွင်ချလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် ခြေထောက်တွေ မထောက်နိုင်လို့ ဒီအတိုင်းနေမယ်နော်”

သူ့ခြေထောက်တွေကဖောယောင်နေသည်။

“ရပါတယ်ခင်ဗျာ နေသာသလိုနေပါ … ရပါတယ်။ ဒါနဲ့ ကျွန်တော့်ကို ခေါ်ရတဲ့ အကြောင်းက …”

“မောင်စောလု”

“ခင်ဗျာ အဖေ”

“သားတွေ သမီးတွေ … မြေးတွေ ချွေးမတွေ အားလုံး ခေါ်လိုက်စမ်းကွယ်”

“ဟုတ်ကဲ့အဖေ”

သားဖြစ်သူစောလုက အိမ်ပေါ်က ပြန်ဆင်းသွားသည်။

“ဆရာ … ဒီရွာမှာက ကျွန်တော်နဲ့ စကားပြောနိုင်တဲ့သူဆိုလို့ ဆရာတစ်ယောက်တည်း ရှိပါတယ်။ ဒီည ဆရာ့ကို တိုင်တည်ခဲ့ပြီး ပြောစရာရှိလို့ပါ”

“ဘာများလဲခင်ဗျာ”

“သူတို့လာပါလိမ့်ဆရာ … ဆရာ ရေနွေးကြမ်းနဲ့ လက်ဖက်လေးများ သုံးဆောင်ပါဦး”

“ဟုတ်ကဲ့”

မကြာမီ သူ့မိသားစုအားလုံးနီးပါး အိမ်အပေါ်ထပ်ကိုရောက်လာကာ ခုတင်ကြီး ပတ်လည်တွင် ဝိုင်းထိုင်နေကြ သည်။

“စုံပြီလားဟေ့”

“အဖေ့သားမက် ရွှေခဲတော့ နွားလိုက်ရင်း ပြန်မလာသေးဘူး”

“အရေးမကြီးဘူး … သားတွေ သမီးတွေ အားလုံးစုံလား”

“စုံတယ်အဖေ”

“ကိုင်း ဒါဆိုရင် ငါပြောမယ် သေသေချာချာ နားထောင်။ ဟောဒီဆရာရှေ့မှာ တိုင်တည်ပြီး ပြောခဲ့မယ်”

သူက ခေတ္တစကားရပ်လိုက်ချိန်တွင် အားလုံးက ခုတင်ပေါ်ရှိသူ့ထံကို စိတ်ဝင်စားစွာဖြင့် ကြည့်နေကြသည်။

“ငါသေရင် … ဘုန်းကြီး မပင့်နဲ့ … သရဏဂုံမတင်နဲ့။ ငါ့အလောင်းကို မီးမရှို့နဲ့။ ဂူမသွင်းနဲ့။ အလောင်းကို မြေမြှုပ်လိုက်ကြ။ အခေါင်းကို လှူလိုက်ကြ။ ပြီးတော့ ရက်လည်လည်း မလုပ်နဲ့။ အိမ်ကို ဘယ်ဘုန်းကြီးမှ ပင့်ပြီးတော့ ဆွမ်းသွပ်တာတွေ အမျှဝေတာတွေ မလုပ်ကြနဲ့။ နားလည်ပြီလား။ ဒီစကားကို ဟောဒီ ကျောင်းဆရာကြီးကို တိုင်တည်ပြီးပြောတယ်။ အသံချဲ့စက်တွေဘာတွေ မဖွင့်နဲ့။ ဒီနေ့သေ အချိန်ရှိသေးရင် ဒီနေ့ချလိုက်ကြ။ မမှီရင် နောက်နေ့ချ။ စုံရက် မရက် မရွေးနဲ့။ ဘယ်သူမှ မငိုနဲ့။ ငါ့မသာကို မကစားစေနဲ့။ လှည်းပေါ်ကို အခေါင်းတင်ပြီး ချက်ချင်းချ။ သင်္ချိုင်း ရောက်ရင် မြေမြှုပ်လိုက်ကြ။ ကြားရဲ့လား …”

“ဟုတ်ကဲ့”

သားကြီးက သူ့အဖေခုတင်ဘေးတွင် ထိုင်ရင်းပြောလိုက်သည်။

“ထပ်ပြောမယ် … ဘယ်ဘုန်းကြီးမှ ပင့်စရာ မလိုဘူး။ ငါသေရင် ငါ့ဘာသာ အေးအေးဆေးဆေး ထွက်သွားမှာ။ ငါ့ဘဝမှာ မကောင်းတာ တစ်ခုမှ မလုပ်ခဲ့တဲ့သူဆိုတော့ ငါသေရင် ဘယ်ရောက်မယ်၊ ညာရောက်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတာတွေ အစွဲထားစရာ မလိုဘူး၊ မင်းတို့ဆီလည်း ပြန်မလာဘူး”

ကျွန်တော်က ထူးဆန်းသော မှာတမ်းကို နားထောင်ရင်း အံ့အားသင့်နေသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

“ကိုင်း ငါပြောတာ နားလည်ရင် သွားကြတော့။ အလုပ်ရှိတာလုပ်ကြ”

အားလုံး အိမ်ပေါ်က ပြန်ဆင်းသွားကြသည်။ နောက်ဆုံး အိမ်အပေါ်ထပ်တွင် ဦးဘမြင့်နှင့် ကျွန်တော် နှစ်ဦးသာ ကျန်တော့သည်။

“ဆရာရေ … ရေနွေးလေးတစ်ခွက်လောက် ကမ်းစမ်းပါဗျာ”

ကျွန်တော်က သူ့ကို ရေနွေးတစ်ခွက် ကမ်းပေးလိုက်သည်။ သူက ရေနွေးကို မှုတ်သောက်ရင်းက

“ဆရာ … ကျွန်တော်သေရင် မှာခဲ့ချင်တာတွေကို ဆရာ့ကို တိုင်တည်ပြီး မှာရတာ”

“ကျွန်တော့်ကို ဘာဖြစ်လို့ တိုင်တည်ရတာလဲခင်ဗျာ”

“ကျွန်တော်မကြိုက်တာတွေ သူတို့လုပ်မှာ စိုးလို့ပေါ့ဆရာ။ ဆရာကျတော့ ကျွန်တော့်အိမ်က သားသမီးတွေ အားလုံးလောက်နီးပါးကို စာသင်ဖူးသူဆိုတော့ ကျွန်တော်မရှိရင် သူတို့ကြောက်ရမယ့်သူဆိုလို့ ဆရာပဲရှိ တယ်လေ”

“ဦးရယ် … ဦးမှာတာတွေက ဆန်းလွန်းလို့ ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူးခင်ဗျာ”

“ဘာတွေများဆန်းနေလို့လဲဆရာ”

“ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဦးစကားက ဆန်းမနေဘူးလားခင်ဗျာ။ ဦးသေရင် ဘုန်းကြီးတွေကို အိမ်မလာစေနဲ့၊ သရဏဂုံမတင်နဲ့၊ ဆွမ်းမသွပ်နဲ့၊ အမျှမဝေနဲ့ ဆိုတာတွေက အစွန်းရောက်လွန်း မနေဘူးလား ခင်ဗျာ”

ထိုညက ကျွန်တော်နှင့် ဦးဘမြင့်တို့ ညဉ့်နက်သည်အထိ ဆွေးနွေးကြပါသည်။

ဆွေးနွေးကြသည့် အကြောင်းအရာများမှာ ပညာတတ် စာအလွန်ဖတ်သောသူတစ်ဦးဖြစ်သည့်အားလျော်စွာ အလွန်ကျိုးကြောင်း သင့်လျော်လှသည်ဆိုသော်လည်း ကျွန်တော် ချရေးရန် မဖြစ်နိုင်ပါ။

ဦးဘမြင့်ကို ကျွန်တော်က ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းသူတစ်ဦးဟု ထင်ထားသော်လည်း ထိုညမှ သိရသည်မှာ သူသည် ဘာသာမဲ့တစ်ဦးဖြစ်နေခြင်းပင်။ သူ့အိမ်အပေါ်ထပ်တွင် ဘုရားစင်မရှိမှန်း ထိုအချိန်မှ ကျွန်တော်လည်း သတိထားမိသည်။

ကျွန်တော် မထင်မှတ်လောက်အောင် ဖြစ်ခဲ့ရသည်။ ဦးဘမြင့်သည် ဘုန်းကြီးကျောင်းသိမ်ကြီးကို ပြင်ဆောက် ပေးရာတွင် တစ်ဦးတည်းမတည်ကာ အကုန်အကျခံတည်ဆောက်ပေးသူဖြစ်သည်။ ကျွန်တော့်ကျောင်းတွင် လည်း အိမ်သာလေးလုံးကို သူတစ်ဦးတည်း အကုန်ခံကာ ဆောက်ပေးသည်။ ရွာနှစ်ရွာချောင်းကူးတံတားကို လည်း သူပဲဆောက်ပေးခဲ့သည်။ နှစ်စဉ် ရွာဦးဘုရားပွဲတွင်လည်း ပွဲငှားမည်ဆိုလျှင် သူကအများဆုံးထုတ်ပေး တတ်သူဖြစ်သည်။

ကောင်းမှုကုသိုလ်ကိစ္စမှန်သမျှ လက်မနှေးသည့် ဦးဘမြင့်က

“ကျွန်တော် ဘာမှ မကိုးကွယ်ဘူးဆရာ။ ဒါပေမဲ့ သားသမီးတွေကိုတော့ သူတို့အမေသဘောဆိုပြီး ခွင့်ပြုပေး ထားတယ်။ ဒါကြောင့် ကျွန်တော့်အိမ်မှာ ကျွန်တော်နေတဲ့နေရာက ဘုရားစင်မရှိဘူး။ ကလေးတွေနဲ့ သူ့အမေ နေတဲ့ နေရာ အောက်ထပ်မှာ ဘုရားစင်ရှိတယ်။ ဒီအိမ်မှာ ကျွန်တော်တစ်ယောက်ပဲ ဘာမှမကိုးကွယ်တာ။ ကွယ်လွန်သွားတဲ့ ကျွန်တော့် မိန်းမကတော့ ကမ္ဘာပေါ်မှာ ကိုးကွယ်လို့ရတာမှန်သမျှ သူကိုးကွယ်တာပဲဗျ … ဟား … ဟား … ဟား”

သူက အားရပါးရအော်ရယ်နေသည်။

ညဉ့်နက်ပြီဖြစ်သဖြင့် ကျွန်တော်သူ့ကို နှုတ်ဆက်ပြီး ပြန်ခဲ့သည်။ သူ့နောက်ဆုံးစကားမှာ

“ဆရာရေ … မြတ်စွာဘုရားက သေဆုံးသွားတဲ့သူတွေ အထူးသဖြင့်တော့ ပေတဘုံမှာ ရောက်နေတဲ့သူတွေ အတွက် ဆွေမျိုးသားချင်းတွေက ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးပြီး အမျှဝေတဲ့အခါ သာဓုခေါ်နိုင်ရင် သူခံစားနေရတဲ့ဆင်းရဲဒုက္ခကနေ လွတ်မြောက်နိုင်တယ်လို့ ဟောကြားခဲ့တာနော်။ အဲဒီတော့ ပေတဘုံမှာ ရောက်နေတဲ့ သူတွေအတွက်ပဲဗျ။ ကျွန်တော် သေရင် ပေတဘုံရောက်မယ်လို့ ဆရာထင်သလား”

“မထင်ပါဘူးခင်ဗျာ။ ဦးက ကောင်းမှုတွေ အများကြီး လုပ်ခဲ့တဲ့သူပဲ”

“ဒါကြောင့်ပြောတာ ကျွန်တော်က ပေတဘုံရောက်မယ့်သူမှ မဟုတ်တာ။ သူတို့ပြောနေတဲ့ နတ်ပြည် သို့မဟုတ် လူ့ပြည်ကို ပြန်ရောက်နေရင် အမျှတွေဝေ ကောင်းမှုတွေလုပ်ပေးနေတာ အလကားဖြစ်တော့မပေါ့။ ဒါကြောင့် ကျွန်တော်သေရင် အေးအေးဆေးဆေးပဲ သွားပါရစေဆရာရယ်”

ကျွန်တော်သူနှင့် အငြင်းအခုံ မလုပ်ခဲ့ပါ။ သူလည်း လွတ်လပ်စွာ ယုံကြည်ခွင့်၊ မယုံကြည်ခွင့်ရှိသလို ကျွန်တော် လည်း ကျွန်တော်ခံယူချက်နှင့် ကျွန်တော်ဖြစ်သည်။ သူနှင့် ကျွန်တော်ထိုညက ၈ နာရီခန့် စကားတွေ ပြောခဲ့ခြင်းသည် ကျွန်တော်နှစ်ယောက်တွေ့ဆုံခဲ့ရသည့် ကာလအတွင်း အချိန်အကြာဆုံး ပြောဆိုခဲ့ရခြင်း ဖြစ်ပါသည်။

နောက်သုံးရက်အကြာတွင် ဦးဘမြင့် ကွယ်လွန်ပါသည်။

ကျွန်တော် သူသေဆုံးကြောင်း ကြားသည်နှင့် အိမ်ကိုရောက်သွားခဲ့သည်။ သူကွယ်လွန်ချိန်မှာ မနက် ၈ နာရီခန့် ဖြစ်သဖြင့် နေ့ချင်းအသုဘချရန် စီစဉ်ကြပါသည်။

ကျွန်တော်က အိမ်ဦးခန်း ဦးဘမြင့်အလောင်း ခုတင်ဘေးတွင် ထိုင်နေသည်။ သားတွေ သမီးတွေ ဘာလုပ် မည်နည်းဆိုသည်ကို ကြည့်နေသည်။

သူတို့အဖေ မှာသည့်အတိုင်းပင် နေ့ချင်းအသုဘချသည်။ ကျွန်းအခေါင်းကြီးကို ဘုန်းကြီးကျောင်းလှူသည်။ မြေမြှုပ်သင်္ဂြိုဟ်သည်။ မည်သည့် ဘုန်းကြီးမျှ ပင့်ခြင်းမရှိ။ လိုက်ပို့သူကလည်း ၁၀ ယောက်လောက်သာရှိ သည်။ ရွာထုံးစံအရ သေလျှင်တစ်ပတ်ခန့်ထားသည်ဖြစ်ရာ မထင်မှတ်သော အသုဘကြောင့် လိုက်မပို့နိုင်ကြ ခြင်းဖြစ်သည်။

ရက်လည်လည်း ဆွမ်းမကျွေး။ အသံချဲ့စက်မထောင်။ သူ့အဖေမှာသည့်အတိုင်း ကျောင်းကိုလာပြီး ကျောင်းရှိ ကလေးတွေ အားလုံးကို ကြက်သားဟင်း၊ ပဲဟင်း၊ ငါးပိကြော်တွေနှင့် ထမင်းလာကျွေးသည်။ ဘုန်းကြီး ကျောင်းကို ဆွမ်းချိုင့်ပို့သည်။

ကျွန်တော့်ဘဝတွင် အထူးခြားဆုံး အသုဘတစ်ခုကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

တင်ညွန့်

၁၃.၆.၂၀၂၅