နေညိုချိန်လွန်သော်(စ/ဆုံး)
————————
ရှေ့မှာဆော့နေတဲ့ကလေးက သူ့ရဲ့တီမျိုးနွယ်လေး ။
” ဟဲ့ ကလေး ခုံပေါ်တက်မဆော့နဲ့လေ ။ ပြုတ်ကျမယ် အောက်ကိုဆင်း ”
၃ နှစ်သားကလေးက လေသံသဲ့သဲ့နဲ့သူအော်တာဂရုမစိုက် ။ ခုံပုလေးပေါ်ကနေ စင်ပေါ်ကပစ္စည်းတခုခုကို ဆွဲချဖို့ကြိုးစားနေတာ ။
” ဟဲ့ ပြုတ်ကျမယ် ။ ကလေးအမေရေ ဒီမှာ ညည်းသား ပြုတ်ကျတော့မယ် လာကြည့်အုန်း ”
ပြောတုန်းရှိသေး ကလေးက ဝုန်းကနဲ ခွေးခြေပုလေးပေါ်ကစောင်းပြီးပြုတ်ကျလာတော့သည် ။
” ဟီးးးဟီးးး
နာတယ် နာတယ် ”
ပြုတ်ကျလို့ တဗြဲဗြဲအော်ငိုသံကြားမှ မီးဖိုချောင်မှာချက်ပြုတ်နေတဲ့ ကလေးအမေက ပြာပြာသလဲ ပြေးထွက်လာသည် ။
သူ့ကလေးကို ဥုံဖွ လုပ်ချော့နေတုန်း နှာခေါင်းထဲ ငရုတ်သီးတူးနံ့က စူးစူးရှရှတိုးဝင်လာပြန်သည် ။
” ဟဲ့ ကလေးအမေရေ !!!!!
ညည်းဘာအိုးတည်ခဲ့တာလဲ ။ငရုတ်သီးတူးနံ့ ထွက်နေတယ် ”
” အဲတော် !!!!!
ကျမ ဟင်းအိုးတူးပြီ ”
ကလေးအမေက သူ့သားကိုချီပြီးချော့နေရာကနေ ကလေးကို ကြမ်းပြင်ပေါ် ပစ်ချခဲ့ပြီး မီးဖိုဆောင်ဘက် ပြန်ပြေးပြန်တော့သည် ။
အခန်း ၂
ဟူးးး
အခုခေတ်လူငယ်တွေ သူ့မျက်စိထဲ အတော်မတွေ့တာ ။
အားရင်လေးထောင့်မှန်ပြားတခုကိုင်ပြီး တလောကလုံးကိုမေ့နေတတ်တာမျိုး ။
ကလေးအမေက သူ့မြစ်ရဲ့မိန်းမဆိုတော့ မြစ်မလေး ။
သူ့လင်ကလယ်ထဲ အလုပ်သွားပြီဆို တနေကုန်မှန်ပြားတချပ်နဲ့အလုပ်ရှုပ်နေတတ်သည် ။
လင်ကလည်း လက်ကြောတင်းလှတာမဟုတ် ။
အဖေဖြစ်သူ သူ့မြေးကသာ အစစအရာရာဦးဆောင်နေတာမျိုး ။
အရင်ကတော့ သူ့သားတွေကို စိတ်တိုင်းမကျပဲ အမြဲဆူပူကြိမ်းမောင်းခဲ့ရသည် ။
သားတွေကမွေးတဲ့မြေးတွေရလာတော့ သူစိတ်တွေ အတော်လျော့လိုက်ရသည် ။
မြေးကမွေးတဲ့ မြစ်ရလာတော့ သူ့အမြင် သူ့အတွေး သူ့အသိနဲ့လားလားမှ အံမဝင် မအပ်စပ်လို့ သူတို့ခေတ် သူတို့သဘောသာ မှတ်ယူပြီး သူနှုတ်ဆိတ်သွားခဲ့ရတာ ကြာပြီ ။
မြစ်ဖြစ်သူကမွေးလာတဲ့ တီသားလေးရလာတော့ သူက အိမ်ရှေ့ဧည့်ခန်းမှာအလှပြထားတဲ့ ရှေးဟောင်းပစ္စည်းတခုသာသာ ဘဝ ။
ခေတ်ကာလကွာခြားသွားသလို ယဥ်ကျေးမှု့ ဓလေ့စရိုက်တွေပါ ကွာခြားသွားသည် ။
သူတို့ငယ်ငယ်ကဆို မိဘတွေရှေ့က ဖြတ်ရပြီဆို လက်ကလေးပိုက် ခေါင်းလေးငုံ့ ခါးလေးကိုင်း ။
လမ်းလျှောက်တာတောင် အသံကြားရင် ရိုင်းပျတာမျိုးဖြစ်မှာဆိုးတာကြောင့် ခြေကိုဖွဖွလေးနင်းဖြတ်လျှောက်ရသည် ။
မိဘကို ခံပြော ခံအော်ဖို့ဆိုတာဝေးလို့ မိဘက အဖြူဆိုရင်တောင် မဲကာမှမဲ ဖြူလိုက်ရတာမျိုး ။
အခုချိန်သူမြင်တွေ့နေရတာတွေနဲ့ဆန့်ကျင်ဘက်တွေ ။
ဒါပေမဲ့ အဲ့ဒါကို သွားဆုံးမလိုက်ရင် ခေတ်ဟောင်းနာရီအိုကြီးက အသံထမြည်ပြန်ပြီဆိုပြီး အတင်းပြောခံရသေးသည် ။
ကုသိုလ်ကံက ကောင်းတာလား ဆိုးတာလားမပြောတတ် ။
သူ့အသက် ၁၀၀ကျော်လာပေမဲ့ နားတွေ မျက်လုံးတွေ မထိုင်းသေး မမွဲသေး ။
ဒါကြောင့်လည်း သူအကုန်မြင် အကုန်ကြားပြီးအကုန်ထုတ်ပြောခွင့်မသာပဲ ရင်ထဲထည့်ထားရသည်မှာ တခါတရံပင်ပန်းလှသည် ။
အခန်း ၃
သူ့မှာ မွေးချင်း မောင်နှမ၃ ယောက်ရှိပေမဲ့ အကုန်ကွယ်လွန်သွားကြပြီ ။
သူ့အပေါ်အစစအရာရာ အလိုက်သိတဲ့ သူ့မိန်းမ ခင်စုလည်း သူ့ကိုထားသွားခဲ့တာ အနှစ် ၄၀ကျော် ။
သား ၃ ယောက်မွေးခဲ့တာလည်း တယောက်ပြီးတယောက် တဖြုတ်ဖြုတ်ကြွေကုန်ကြပြီ ။
အခု သူနေတာက မြေးအကြီးဆုံးနဲ့အတူ ။
ထိုမြေးအကြီးဆုံးတောင် အဖိုးအခေါ်ခံနေရပြီ ။
တခြားမြေးတွေကတော့ ရေကြည်ရာ မြက်နုရာ အိမ်ထောင်တွေကျပြီး ရွာမှာ မရှိကြတော့ ။
ရွာထဲကလူတွေက အဘ ဖိုးသက်ရှည်ဟုအလွယ်တကူခေါ်ကြသလို အိမ်ကလူတွေကတော့ ဘဘကြီးဟုသာခေါ်ကြသည် ။
ခုအရွယ်မှာ သူပါဝင်ရသည့်အခန်းကဏ္ဍကနည်းလွန်းပါသည် ။
နှစ်ဦးသက်ကြီးပူဇော်ပွဲရောက်ရင်တော့ သူကရွာရဲ့အဓိက ဇာတ်လိုက်ကျော်အဖြစ်ပါဝင်ရသည် ။
တခြားအချိန်တွေမှာတော့ အိမ်ရဲ့အလှပြ ရှေးဟောင်းအရုပ်တခုလိုသာ သူ့ကိုယ်သူခံစားမိတော့သည် ။
ဒါကိုဝမ်းနည်းလားဆိုတော့ ထူးပြီး ဝမ်းနည်းတာမျိုးလည်းမဖြစ်ခဲ့ ။
သူဝမ်းနည်းခဲ့ရတဲ့ အရာပေါင်းများစွာကြား အခုအချိန်မှာတော့ခံစားချက်က ထုံပေပေနိုင်လာပြီ ။
သူ့မိဘတွေသေတုန်းက သူဝမ်းနည်းခဲ့ဖူးသည် ။
သူ့ကိုချစ်တဲ့အစ်မတွေ အစ်ကိုတွေကွယ်လွန်ချိန်သူဝမ်းနည်းစွာ ငိုကြွေးခဲ့ဖူးပြီ ။
နောင်တော့သူ့ကိုချစ်လှစွာသော ဇနီး ။
ထို့နောက်မှာတော့ သူ့ရဲ့ရင်နှစ်သည်းချာ သားတွေ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးကုန်ကြသည် ။
ဒီလိုအရာတွေကို သူတယောက်တည်းဘာကြောင့်ရည်စည်းခံစားရသလဲ ။
သူကဘာလို့ ငယ်ရွယ်သူတွေထက်ရှေ့ကအရင်မသေရတာလဲ ။
အရင်ဘဝတွေက သီလကုသိုလ်ကံကောင်းလွန်းလို့ဟု သူ့ကို ရွာထဲက အားကျကြသည် ။
အသက်ရှည်တာနဲ့အမျှ အထီးကျန်ဆန်လာတာ ဘယ်သူမှ သတိမထားမိကြ ။
သူနဲ့အတူ မျှဝေခံစားပေးမဲ့ အဖော်အမွန်ကို သူတောင့်တမိသည် ။
ဒါသည်လည်း သူနဲ့အရွယ်တူမှ ခံစားချက်ချင်းတူညီမည် ။
တခါတလေ သူလူပျိုဘဝတုန်းက ခင်စုအကြောင်းကို အမြဲရင်ဖွင့်တိုင်ပင်ဖြစ်တဲ့ ကိုရင်စံဌေးကို သတိရမိသည် ။
သူကတော့ ဘုန်းကြီးဝတ်နဲ့ပျံလွန်တော်မူခဲ့တာကြာပြီ ။
ဘုန်းကြီးပျံပွဲမှာ ဆရာတော်ရဲ့ငယ်ရည်းစား ကျော့ခင်က မျက်ရည်လည်ရွဲနဲ့ဧရင်လာကျူးပေးခဲ့တာ ။
ဒီကောင် သူ့ရည်းစားဧရင်ကျူးမင်းသမီးဖြစ်နေလို့ ဘုန်းကြီးဝတ်သွားခဲ့တာများလား ။
ငယ်ငယ်ကသူငယ်ချင်းအကြောင်းတွေးမိတော့ နှုတ်ခမ်းတွေက အလိုလိုပြုံးမိသည် ။
အခန်း ၄
ရွာထဲကို တခြားဒေသကလူတွေဝင်လာနေထိုင်ကြသလို ရွာခံလူတချို့လည်း ရေကြည်ရာမြက်နုရာဆိုသလိုပြောင်းရွှေ့နေထိုင်ကြသည်။
သူ့ရွာလေးသည် အရင်ကတော့ တောသဘာဝအပြည့်အဝ ။
လယ်စိုက်ရင် ကျွဲတွေနွားတွေနှင့်ထွန်ရေးပြင်ကြရသလို ကောက်ရိတ်ချိန်မှာလည်း ရှိသမျှမိသားစုဝင်တွေလယ်ထဲဆင်းကြရသည် ။
အခုတော့ ခေတ်ကြီးက အရမ်းကို တိုးတက်လာသည် ။
သူတို့ရွာချောင်းထဲမှာ အရင်က လက်လှော်လှေတွေသာရှိပေမဲ့အခုတော့ ဖွတ်ချက် ဖွတ်ချက် စက်တပ်ယာဥ်တွေမျိုးစုံ ။
အရင်က လူအားနဲ့စပါးစိုက်ရ ရိတ်ရပေမဲ့ အခုတော့ စက်တွေမျိုးစုံပေါ်လာတာကြားနေရသည် ။
သူ့မိန်းမ ခင်ခင်စုကိုမြင်စေချင်စမ်းပါသည် ။
မဟုတ်သေးပါဘူး ။
မမြင်တာပိုကောင်းပါတယ် ။
တိုးတက်လာတဲ့စက်ပစ္စည်းတွေကြားမှာ အထီးကျန်ဆန်လာတဲ့ ဝေဒနာကို သူ့လိုမခံစားစေချင်ပါဘူး ။
သူတို့ငယ်ငယ်တုန်းကတော့ တိုင်းပြည်က လွတ်လပ်ရေးမရသေး ။
ခေတ်တွေပြောင်းလဲလာခဲ့တာများ ။
ခင်စုနဲ့ပြန်တွေ့ရင် သူ့မှာ ပြောစရာစကားတွေ အများကြီး ။
အရုပ်တွေ အသံတွေကြားရသည့် tv ဆိုတာကြီး အိမ်ရောက်လာတော့ သူ့မှာ အထူးအဆန်းဖြစ်ရတာ ။
နောက်ထပ် အောက်စက် ။ အဲ့ဒီကနေမှ စလောင်းဆိုသည့် ဒယ်အိုးဖုံးတွေတပ်ပြီး ကြည့်ချင်တာကြည့်လို့ရတော့ အထူးအဆန်းတွေကြီး ။
ဟော !!!
အခုဆိုရင် သူတို့ကိုင်နေသည့် မှန်ပြားလေးတွေ ။
အဲ့ဒါလေးကနေတဆင့် ကိုယ်ဆက်သွယ်ချင်တဲ့အရပ်ကို ဘယ်လောက်ဝေးဝေး ဆက်သွယ်လို့ရသည့်နည်းလမ်းတွေရှိသည်တဲ့ ။
ရွာကနေ နိုင်ငံခြားထွက်အလုပ်လုပ်နေကြတဲ့သူတွေဆီကို ထိုမှန်ပြားလေးကနေတဆင့်အဆက်အသွယ်ပြုလုပ်လို့ရတာလည်းကြားမိသည် ။
အိမ်က ကလေးတွေကလည်း အလုပ်နားပြီဆို တယောက်နဲ့တယောက် စကားစမြည်ထိုင်ပြောသည်မရှိလှပဲ ထိုမှန်ပြားလေးတွေကိုင်ပြီးနေတတ်ကြတာ ။
ဧည့်ခန်းထဲက အရုပ်မမြင်ရတာကြာပြီဖြစ်တဲ့ tv တောင်ပြင်မပေးကြတော့ ။
အရင်ကမှ အလုပ်နားချိန် tv ရှေ့လူစုံတက်စုံ ဇာတ်လမ်းတွေလာကြည့်ကြတာမလို့ သူ့မှာ အပျင်းပြေရသေး ။
အခုတော့ သူကဧည့်ခန်းကပက်လက်ကုလားထိုင်မှာ အရုပ်တရုပ်လို ။
အဖော်က လက်ထဲက ပုတီး ။
အာရုံရလားဆိုတော့ ပုတီးတပတ်မှာ သူ့အတွေးကလည်း သုံးလေးပတ်မကတွေးနေတတ်တာမျိုး ။
အခန်း ၅
ကုလားထိုင်လက်တန်းပေါ်တင်ထားတဲ့ သူ့လက်တွေကိုကြည့်မိတော့ အရေပြားက ငါးအကြေးခွံလို အကွက်လည်နေသည် ။
သူဘယ်လောက်အိုမင်းရင့်ရော်ခဲ့ပြီလည်းဆိုတာ ။
ခပ်ငယ်ငယ်ကဆို မှန်ကို တနေ့အနည်းဆုံး ၃ ခါလောက်ကြည့်ဖြစ်သည် ။
အခုနောက်ပိုင်း မှန်ကြည့်ခြင်းမကြည့်ခြင်းက သူ့အတွက်ထူးလှသည်ဟု မထင်တော့ ။
သူ့အိမ်က တီသားပေါက်ကလေးက သူ့အနားကပ်လာပြီး လက်က အရေပြားကို အထူးအဆန်းဖြစ် လာလာဆွဲကြည့်တတ်သည် ။
အရေပြားတွေက ဆွဲလိုက်ရင် အချပ်လိုက် ကွာထွက်သွားမတတ် ။
ပြောရမည်ဆို ထိုကလေးတွေကသူ့အပေါ် အထူးအဆန်းအရုပ်တရုပ်လိုသာ ။
မြေးလောက်အထိ လက်ပွန်းတတီးနေခဲ့ပေမဲ့ မြစ်တွေရလာတော့ စပြီး အနေစိမ်းလာသလိုပင် ။
တဖြည်းဖြည်းနဲ့ သူက သွေးဝေးသွားလို့လားမသိ ။
သူတို့ကိုလည်း အပြစ်မမြင်သာ ။
သူကိုယ်တိုင်ကလည်း မြင်ရ တွေ့ရတဲ့အရာရာ အပေါ် စိတ်ကုန်စပြုလာသလို ငြီးငွေ့လာသလို ။
သူတို့အော်ဆိုနေသည့်သီချင်းတွေ သူနားမလည်သလို သူတို့ဝတ်စားဆင်ယင်မှု့တွေကြည့်ပြီးလည်း မနှစ်မြို့ ။
ပိုဆိုးသည်မှာ သူတို့ခေတ်တုန်းကဆံပင်နီကြောင်ကြောင်ဆို ကျက်သရေမရှိဟုယူဆခဲ့သော်လည်း အခု အိမ်က ကလေးအမေ မြစ်မလေးခေါင်းက ပြောင်းဖူးမွှေးဆန်ဆန် ။
ဆီမရှိ ပြားမရှိ ဖွာလန်ထွက်နေတာကို အလှအပတခုအဖြစ် တသသထားနေတာ မြင်ရလို့ အံ့သြမဆုံး ။
အဝတ်အစားဝတ်တော့လည်း မိန်းမကဘောင်းဘီ ဖင်ကြပ်နဲ့ ။
သူ့မျက်စိထဲ ဆံပင်နီနီ ေဘာင်းဘီဖင်ကြပ်နဲ့ထိုကလေးအမေကို မျောက်မလေးလိုလိုသာမြင်မိသည် ။
ယောက်ကျားဖြစ်သူ သူ့မြစ်လေးကိုကြည့်တော့လည်း ဆံပင်နီနီ ဘောင်းဘီဖင်ကြပ်နှင့် ထူးမခြားနား ။
သူတို့ကိုင်နေသည့်မှန်ပြားပေါ်ကနေတွေ့ကြပြီး ယူကြတာဟု နားစွန်နားဖျားကြားမိသည် ။
ကလေးသာသာပဲရှိသေး ယူကြသည်ဟု သူကတော့မြင်သည် ။
သူ့မိန်းမ ခင်စုကိုတော့ ထိုကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ကြောင်းပြောပြချင်သည် ။
သူ့မြေးဖြစ်သူ ကလေးတွေအဖိုးကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့မလို့ သူမကျေနပ်တာ ဖွင့်မပြောချင် ။
ဘာပြောပြော အခုချိန်ထိ လယ်ပိုင်ချောင်းပိုင်လေးရှိနေတော့ မပူမပင် စားသောက်နေနိုင်တာတော်ပါသေးသည် ။
တချို့ဆို ပေါင်နှံရောင်းချ တလက်ပြီး တလက်ပြောင်းကုန်ကြပြီ ။
ဒီလိုတွေးတော့လည်း သူ့မြေးတွေ မြစ်တွေ မဆိုးလှသေး ။
ဒါပေမဲ့လည်း ။
အခန်း ၆
ငယ်ရွယ်နုပျိုမှု့တွေသူ့မှာ အရိပ်အယောင်လေးမျှတောင်မကျန်တော့ ။
သွားတွေအကုန်နီးပါးကျိုးကုန်ပြီ ။
မြို့ပေါ်တက်ပြီး အံကပ်လုပ်ပေးခဲ့ပေမဲ့ သူ့အတွက်အဆင်မပြေလှဟု ထင်မိသည် ။
ထမင်းခပ်ပျော့ပျော့ကို အရည်တမျိုးမျိုးနဲ့လုံးထွေးမျိုချစားရသည် ။
မျက်စိနဲ့နားကတော့ အသုံးပြုလို့အဆင်ပြေနေသေးသည် ။
အရင်ကရွာထဲမှာ အရပ်မြင့်မြင့် ခပ်ဖြောင့်ဖြောင့် ရုပ်ချောသောသူ ။
အခုတော့ ကိုင်းလာတဲ့ခါးနဲ့ယိုင်နဲ့ပြီးစိတ်သွားရာကိုယ်မပါတဲ့ခန္ဓာကို တောင်ဝှေးနဲ့အဖော်ပြုရသည် ။
ခပ်ကျဲကျဲဖြစ်လာတဲ့ခေါင်းက လေထိမခံ နေထိမခံတာကြောင့် နေ့နေ့ညည ခေါင်းစွပ်စွပ်ထားရသည် ။
သူတခါသွားဖူးခဲ့တဲ့ သကျမဟာသီရိ ဘုရားကြီးထဲက သူအို သူနာ သူသေ ရုပ်ထုကို မြင်ယောင်ပြီး အရိုးပေါ်အရေတင်နေတဲ့ သူ့ခန္ဓာနဲ့နှိုင်းယှဥ်မြင်ယောင်ကြည့်မိသည် ။
ဘုရားအကြောင်းအတွေးရောက်တော့မှ သူ့ဘဝမှာ ဘုရားသွား ကျောင်းတက်လုပ်သည့်အချိန်ကနည်းလှသည် ။
သားရေး ၊ သမီးရေး ၊ မြေးအရေးရောက်သည်ထိ သူ့မှာ တခြားအရေးတွေနဲ့သာ အချိန်ကုန်လိုက်ရတာမျိုး ။
သူ့မိန်းမခင်စုကတော့ ဝိပဿနာဆိုသည့်တရားမျိုး ရိပ်သာဝင်အားထုတ်ခဲ့ဘူးသည် ။
သူကတော့ ထိုတရားတွေမသိ ။ မိဘတွေစိတ်သည့်အရဟံပုတီးကိုသာ အသက်ရလာတော့ စွဲစွဲမြဲမြဲ စိတ်ဖြစ်သည် ။
ဒါကလည်း စိတ်သာစိတ်နေပေမဲ့ အာရုံတခြား အရဟံတခြား ပုတီးတခြား ။
တခါတလေ ပုတီးစိတ်ရင်း ခင်စုနဲ့သူနဲ့စတွေ့သည့်ငယ်ဘဝကနေ သား၃ယောက်ရသည်အထိ အတွေးကမရပ်သေး ။
အခုနောက်ပိုင်းမှာ သူ အတိတ်တွေမှာသာ ပျော်မွေ့ရှင်သန်ချင်မိသည် ။
လက်ရှိဘဝမှာ သူနဲ့ခင်မင်ရင်းနှီးသည့် အပေါင်းအဖော် မိတ်ဆွေရင်းချာ ဘယ်သူမှ မရှိ ။
တခါလေ သူအိုတယောက်ရဲ့ ရင်တွင်းခံစားချက်ချင်းဖလှယ်စရာ ရွယ်တူ တန်းတူ မိတ်ဆွေတယောက်လောက် ဘာကြောင့် မကျန်တော့တာလည်းဆိုပြီး လောကကြီးကို အပြစ်မြင်မိသေးသည် ။
အခန်း ၇
သူအစားမစားနိုင်တာ ရက်အတော်ကြာခဲ့ပြီ ။
သူ့စိတ်ကိုက စားချင်စိတ် မရှိတော့တာ ။
ဘာစားချင်လဲအမေးကို ဘာမှစားချင်စိတ်ထူးပြီးဖြစ်မလာတာကြောင့် ဖြေလည်းဖြေမနေချင်တော့ ။
အခုနောက်ပိုင်း သူနေရသည့်ဘဝက ဘာအဓိပ္ပါယ်မှ မရှိသလိုခံစားလာရသည် ။
သူ့မိသားစုဆိုသည်ကလည်း သူနဲ့သူစိမ်းတွေလိုပင် ။
သူတို့ကိုင်သည့် လေးထောင့်မှန်ပြားလေးတွေက ဘယ်နေရာရောက်နေတဲ့သူကိုမဆို ခေါ်နိုင်သည်ဟုပြောတော့သူ ခင်စုကို ထိုအရာနှင့်လှမ်းခေါ်ပြီးစကားတွေပြောပြချင်သည် ။
ဒါကြောင့်လည်း အိမ်သားတွေအိပ်တဲ့ညလယ်မှာ အပြင်မှာကျန်ခဲ့တဲ့ထိုလေးထောင့်မှန်ပြားလေးကိုယူပြီးခင်စုနဲ့စကားတွေပြောခဲ့လိုက်သည် ။
သူခင်စုကိုလွမ်းနေကြောင်း ၊ သူ့ကိုတယောက်တည်းထားသွားလို့ စိတ်မကောင်းဖြစ်ရကြောင်းလည်း ငိုပြီးပြောပြမိသည် ။
သားတွေကလည်း ခင်စုစကားသာနားထောင်ပေမဲ့ ခင်စုမရှိသည့်နောက်ပိုင်း သူ့စကားကြနားမထောင်တဲ့အကြောင်းပါ တိုင်ပြော ပြောပြမိသည် ။
ခင်စုကိုသားတွေနဲ့တွေ့သေးလားဟုလည်းမေးမိသည် ။
နောက်ရက်တွေမှာလည်း လစ်ရင် လစ်သလို ခင်စုနဲ့ထိုမှန်ပြားလေးကနေတဆင့်စကားတွေပြောဖြစ်သည် ။
မြေးတွေရသည့်အကြောင်းတွေကော သူစိတ်တိုင်းမကျသည့် ဆံပင်နီနီအကြောင်းကော ။
ခင်စုကတော့ ဟိုးအရင်ကတည်းက ခပ်အေးအေးမိန်းမ မလို့ ဘာမှမပြောရှာ ။
သူကသာ အမေပျောက်သည့်ကလေးတယောက်လို ခင်စုကို အကုန်ရင်ဖွင့်ပြောပြတာမျိုး ။
ဘာဖြစ်ဖြစ် သူအရင်လောက်အထီးမကျန်တော့ ။
အခန်း ၈
သူ့အသက်ကို အိမ်သားတွေ တယောက်မှအတိအကျမသိ ။
သူကိုယ်တိုင်လည်း မမှတ်မိတော့ ။
ဒါပေမဲ့ မိဘတွေဖွဲ့ပေးထားသည့်ပေစာရွက်ပေါ်က စနေသားမောင်ထွန်းသာ အသက်၁၂၀ ရှည်စေသော်ဝ်ဆိုသည့် ဇာတာကတော့ ခုတိုင်မပျက်မစီးရှိသေးသည် ။
သူ့အသက်သိချင်တဲ့အခါ သေတ္တာလေးထဲမှာ ပရုတ်လုံးထည့်ပြီးသိမ်းထားတဲ့ ဇာတာလေးထုတ်ကြည့်ပြီး တွက်နေကြ ။
ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း လက်ထဲက ဇာတာလေးကို ကြည့်လိုက်မိသည် ။
သူခဏခဏ တွေးမိခဲ့တာက အသက် ၁၂၀ ကျော်ရှည်စေသော်ဝ်ဆိုတဲ့ ဆုတောင်းစာလေးက သူ့အတွက် ကျိန်စာတခုလိုပင် ။
ရွယ်တူတန်းတူခံစားချက်တူအဖော်တယောက်မှ မကျန်တော့တဲ့လောကအသစ်မှာ သူဟာ ကျိန်စာမိနေတဲ့သူလို အထီးကျန်စွာအသက်ရှင်နေရသည် ။
ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်လေးပေါ်ထိုင်ရင်း အသက်မဲ့တဲ့အရုပ်တရုပ်လို အသက်ရှင်နေရင်း သူ့မြေးသေတာ မြင်တွေ့ရအုန်းမှာလား ။
သူ့ရဲ့ရှင်သန်ခြင်းက အထီးကျန်ဆန်လွန်းလှပြီး ကျိန်စာမိနေသလိုပင် ။
ထိုကျိန်စာကို သူဖျောက်ပစ်မှဖြစ်တော့မည် ။
သူ့မြေးက အပြင်မှာအေးလာတာကြောင့် ညဥ့်နက်တဲ့ထိ မနေပဲ အခန်းထဲဝင်ဖို့လာခေါ်တာကြောင့် မြေးအဖိုး ၂ ယောက်အိပ်ရာစောစောဝင်ခဲ့သည် ။
သူနဲ့အနီးစပ်ဆုံးသွေးသားအရင်းအချာက တလောကလုံးမှာ သည်မြေးတယေက်ပဲရှိနေတော့သလိုလို ။
သည်မြေးလေးများ သူ့ထက်အရင်သေခဲ့ရင်
သူဆက်မတွေးချင်တော့ ။
အခန်း ၉
ညလယ်မှာ တိတ်တဆိတ်အခန်းထဲက ထွက်လာခဲ့သည် ။
ဧည့်ခန်းထဲက သူထိုင်နေကြ ကုလားထိုင်လေးမှာဝင်ထိုင်ရင်း ဘေးနားက ပြူတင်းတံခါးကို ဖွင့်လိုက်သည် ။
လသာရက်ဖြစ်တာကြောင့် လရောင်က ဧည့်ခန်းထဲအထိ ဖြာကျနေသလိုပင် ။
ရွာအထိ မီးရနေပြီဆိုပေမဲ့ ညဘက်တွေမှာ လာတလှည့် မလာတလှည့်သာ ။
ဧည့်ခန်းထောင့်စွန်းက ကြမ်းပြင်ပေါ်မှာပြုတ်ကျနေတဲ့ ခင်စုနဲ့တခုတည်းသောဆက်သွယ်ရာ လေးထောင့်မှန်ပြားကို သူကောက်ယူလိုက်သည် ။
အစောပိုင်းကထားခဲ့တဲ့ ဇာတာပေရွက်ကိုယူပြီး သူထိုင်နေတဲ့ကုလားထိုင်ရှေ့မှာ မီးရှို့လိုက်သည် ။
ပြာကျသွားတော့မှ ခင်စုဆီ သူလှမ်းဆက်သွယ်လိုက်သည် ။
သူ့ကို မဆူဖို့နဲ့သူထပ်ပြီးအသက်ရှည်ရှည်ရှင်သန်မနေချင်တော့တဲ့အကြောင်းတွေ ။
ခင်စုက ထူးထူးခြားခြား ဘာကြောင့်မနေချင်ရတာလဲလို့ သူ့ကိုပြန်မေးတာကြောင့် သူ့ခံစားချက်တွေ ပြောပြလိုက်သည် ။
” မင်းသာ ငါ့နေရာမှာဆိုလည်း နေချင်မှာမဟုတ်ဘူးခင်စု ။
မင်းသိလား ။
အိမ်ရှေ့ခန်းမှာ လာသမျှဧည့်သည် ဘယ်သူမှမသိပဲ အရယ်အပြုံးမရှိ အရုပ်တရုပ်လို ဘယ်သူနေချင်ပါ့မလဲ ။
ပြီးတော့ ဘာမှမလုပ်နိုင်မကိုင်နိုင်ဘဝနဲ့ ဘယ်နေရာမှာမှ ငါအရေးပါတဲ့နေရာမရှိတော့ဘူး ။
ငါက လူပိုသက်သက်လိုခံစားချက်ကြီးနဲ့ ရှင်သန်ရတာ ။
မင်းကော နေနိုင်မလား ။
ငါလည်းမရှိ မင်းရဲ့သားတွေလည်းမရှိ မင်းအဖော်အပေါင်းတွေလည်း မရှိပဲလေ ။
ဒီကြားထဲ အိမ်မှာလူတွေသာရှိနေကြပေမဲ့ အခုမင်းနဲ့ပြောနေတဲ့ဒီမှန်ပြားတခုစီကိုင် ငြိမ်နေကြတာ ။
အဲ့ဒီထဲ သိချင်တာ မြင်ချင်တွေ့ချင်တာ အကုန်ကြည့်လို့ရနေတာတဲ့ ။
ငါနဲ့ဘယ်သူမှ စကားပြောဖို့စိတ်မဝင်စားဘူး ။
ကလေးတွေကလည်း လမ်းလျှောက်တတ်မယ်မကြံသေးဘူး အဲ့ဒါလေးတကိုင်ကိုင်နဲ့သဘောတွေကျနေတာ ။
ငါတို့သားတွေတုန်းကလိုကလေးချော့တေးတွေနဲ့သိပ်စရာမလိုဘူး ။
ရွာလမ်းမမှာ ကလေးတွေလူစုပြီး မဆော့ကြတော့ဘူး ။
ငါ့မြေးဖတ်ခဲ့တဲ့စာထဲကလို ညအခါ လသာသာ ၊ ကစားမလား ၊ နားမလား ဆိုတာက စာအဖြစ်ပဲရှိတော့တာ ။
မှန်ပြားထဲကအရုပ်တွေနဲ့နေကြတာ ။
ငါ့ကိုလည်း အဘိုးရယ်လို့ ချစ်ချစ်ခင်ခင်လည်း ဘယ်သူမှ မရှိတော့ဘူးလေ ။
မင်းစဥ်းစားကြည့် ။
မင်းသေတုန်းက ငါနဲ့ငါ့သားတွေ ငိုလိုက်ရတာ ။
ငါသေရင် ဘယ်သူများ လွမ်းလွမ်းဆွေးဆွေး ငိုမဲ့သူရှိလဲ ။
ဟိုကောင်စံဌေး အဲလေ ဆရာတော်စံဌေးသေတုန်းကမှ သူ့ငယ်ရည်းစားက ဧရင်ကျူးငိုမဲ့သူရှိသေး ။
ငါ့အလှည့်ကြ ပျက်သွားတဲ့အရုပ်တရုပ် သင်းချိုင်းပို့သလိုပဲရှိမှာ ။
ရွာထဲ ငါ့အပေါ်သံယောဇဥ်ရှိသူ ဘယ်သူမှ မကျန်တော့ဘူးလေကွာ ။
နောက်မွေးလာတဲ့ ကလေးတွေပဲရှိတော့တာ ။
ပြောလေ ။
မင်းသာ ငါ့နေရာဆိုနေချင်ပါ့မလား ဒီလောက်သက်တမ်းရှည်ကြီးကို ။
တရားအလုပ်နဲ့နေဆိုပြီး ပြောချင်သေးလို့လား ။
တရားမရှိတဲ့ ငါ့အတွက်ကတော့ ခုလိုအသက်ရှည်ရတာကိုက ကျိန်စာတခုလိုပါပဲ ။
မင်းနေမကောင်းတုန်းကမှ ငါနဲ့သားတွေက ခြေဆုပ်လက်နယ်ဘေးကပူပင်ကြသေး ။
ခုဆို ငါ့ခြေထောက်တွေတောင့်နေရင်တောင် ငါ့ဘာသာပဲဆေးလူးနေရတဲ့ဘဝ ။
မင်းက မြေးကိုခိုင်းပါလား ပြောချင်ပြောမယ် ။
ဒါပေမဲ့ တနေကုန်လယ်ထဲဆင်းအလုပ်လုပ်နေကြတဲ့ ငါ့မြေးကို အိမ်ပြန်နားချိန်မှ အိမ်မှာထိုင်နေတဲ့ငါက ခိုင်းရက်ပါ့မလား ။
မိန်းမတွေ ကလေးတွေကလည်း ငါ့ကို ဘယ်စိတ်ရှည်ပါ့မလဲ ။
နောင်ဒီထက်ဆိုးပြီး အိပ်ရာပေါ်မထနိုင်ရင် ဘယ်သူက ငါ့ရဲ့ဝေယျာဝစ္စကို စိတ်ရှည်လက်ရှည် ပြုစုပေးမှာလဲ ။
ငါကတော့ ဒီ့ထက်အသက်ပိုရှည်ရင် ကျိန်စာလို့ပဲ မှတ်ယူတော့လို့ ဇာတာကိုမီးရှို့လိုက်တာ ။
မဆိုင်ဘူးလို့မင်းတွေးနေလား ။ ငါ့စိတ်ထဲက ဆိုင်နေသလိုဖြစ်နေလို့လေ ။
ငါသေသွားရင် မင်းနဲ့လည်းပြန်တွေ့ရမယ်လို့ယုံကြည်တယ် ။
အဲ့ဒါ ငါမှားသလား ”
ခင်စုဆီက မှားတယ်ဆိုတဲ့အဖြေပြန်မထွက်လာတာကြောင့် သူဝမ်းသာသွားသည် ။
ဝေ့ကနဲတိုက်ခတ်လာသည့်ဆောင်းလေက သူ့ရင်ထဲအထိကို အေးစိမ့်သွားစေသည် ။
လက်ထဲမှာကိုင်ထားသည့် ကလေးဆော့စရာအဖြစ် ပစ်ထားတဲ့ ဖုန်းစုတ်လေးက သူ့ရင်ဘတ်ပေါ်ကတဆင့် ကြမ်းပြင်ကို ခုန်ဆင်းသွားသည် ။
ကုလားထိုင်အောက်ထိ အသည်းအသန် လိုက်ငုံ့ဖမ်းပေမဲ့ မမိိတော့ ။
ခေါင်းပြန်အမော့မှာ သူ့ရှေ့မှာ ရောက်နေတဲ့ခင်ခင်စုကို မြင်လိုက်ရတာကြောင့် ဝမ်းသာအားရ သူထရပ်လိုက်မိသည် ။
ခင်စု ရှိရာကို အပြေးတပိုင်းလှမ်းလိုက်မိတဲ့အချိန်မှာ သူကိုင်နေကြ တောင်ဝှေးလည်းသတိမရတော့ ။
သူ့ခြေလှမ်းတွေက ကြမ်းပြင်နဲ့မထိပဲ လေဟုန်စီးနေတဲ့ ဂွမ်းစလေးတစလို လွင့်မျောပေါ့ပါးစွာနဲ့ ခင်စုရှိရာဆီကို ။ ။
ယဥ်ယဥ် ( ရွှေခယ််မြေ )