နှောင်ဖွဲ့အိမ်

Posted on

နှောင်ဖွဲ့အိမ်(စ/ဆုံး)

—————-

“ရှင်သေချာစဥ်းစား ကိုမင်းနောင် ကျွန်မကို မကြည့်ချင်၊မမြင်ချင်လောက်အောင်ဖြစ်နေရင်တောင် ကျွန်မတို့ ရဲ့ သားသမီးတွေ အတွက်ထည့်စဉ်းစားပေးပါ။ ကျွန်မ ရှိခိုးတောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်။ ဒီထက် ပိုပြီး အရှက်ရအောင် မလုပ်ပါနဲ့တော့ရှင်”

“မင်းတို့ မိန်းမတွေ ဒါပဲ။ ငါပြောပြီးပြီလေ အလုပ် သဘောအရပါဆိုတာ မင်း နားလည် မပေးနိုင်ဘူးလား”

“ဒီမှာ ကို မင်းနောင် အလုပ်သဘောအရက ညအိပ်ပေးရလောက်တဲ့ အထိ လိုလား။ ကျွန်မ အိမ်ထဲမှာ နေနေပေမယ့် ကျွန်မ ဘေးမှာ ကြားနေတဲ့နားတွေ၊မြင်နေတဲ့ မျက်လူံတွေ အများကြီး ။ ရှင်တို့ အချိန်မလွန်ခင် ဆင်ခြင်လိုက်တာကောင်းမယ် ”

“မင်း ငါ့ကို အမိန့်ပေးနေတာလား မြနှင်း ။ ငါဆိုတဲ့ ကောင်က ဘယ်သူမှ အမိန့်ပေးစေခိုင်းတာကို လိုက်နာနေတဲ့ ကောင်မဟုတ်ဖူး ဆိုတာ မင်းသိတယ်နော်။ ”

“ရှင့်ကို အမိန့်ပေးနေတာ မဟုတ်ဘူး။ ရှင့်ရဲ့ တရားဝင်လက်ထပ်ထားတဲ့ ဇနီး၊မယား တစ်ယောက် အနေနဲ့ ပြောနေတာ။နှစ်ဆယ့်ငါးနှစ်ဆိုတဲ့ သက်တမ်းတလျှောက် ရှင် ဘာလုပ်လုပ် ကျွန်မ အကောင်းအဆိုး ဝေဖန်ဖူးသလား။ ရှင့်ရဲ့ ဂုဏ် သိက္ခာကို ပျက်ပြားသွားအောင် မယုံတဲ့ စကားတစ်ခွန်းလေးတောင် မဟ ခဲ့ပါဘူး။ ရှင် အသိဆုံးပါ”

“အေးလေ ဒီလ်ိုဆို မင်းနေမြဲ အတိုင်းနေလေ။ဘာဖြစ်လို့ မလိုအပ်တဲ့ စကားတွေနဲ့ ငါ့ကို စိတ်ရှုပ်အောင် လာလုပ်နေတာလဲ။ မင်းတို့ မိသားစု ပြေလည်အောင် ငါ တာဝန်ကျေတယ်။ အိမ်ထောင်ဦးစီးပီသတယ်။ သားသမီးလေးယောက် တက္ကသိုလ် ရောက်နေတဲ့ အထိ၊ဘွဲ့ရပြီတဲ့ လူတွေတောင် ရှိနေပြီ။ ငါဘာများ ပျက်ကွက် နေလို့လည်းကွ။ပြောစမ်းပါ”

“မှန်ပါတယ် ကိုမင်းနောင် ဒါပေမယ့် အသက်ကြီးမှာ ပတ်ဝန်းကျင်မှာ ပြောစရာတွေ ဖြစ်လာမှာစ်ိုးလို့ပါ။
ရှင် အနေအထိုင်၊အသွားအလာလေး ဆင်ခြင်ပါနော်။ ဒါ ကျွန်မ ဘဝမှာ ပထမဆုံး ရင်ထဲက ခံစားချက်ကို တောင်းဆိုရတာပါ။ကိုမင်းနောင်ရယ်”

“တောက် တော်တော် စိတ်ပျက်စရာကောင်းတယ်ကွာ”

ခြေလှမ်းကျဲကြီးနှင့်ထွက်သွားသော လင်ယောကျာ်းကို ကြည့်၍ မြနှင်းတစ်ယောက် အရုပ်ကြိုးပျက် လဲကျသွားတော့သည်။ တသိမ့်သိမ့် ရှိုက်ငိုနေရင်း
ရင်တွင်းအပူကိုဖြေကြည့်သည်။ သို့သော် ဘယ်လိုမှ ဖြေလို့မရနိုင်။ ကျလာသည့် မျက်ရည်တွေက သားသမီးတွေ အတွက်ကြောင့်လား။လင်ယောကျာ်းကို ဆုံးရှုံးရမှာ ကြောင့်လို့လား။ပတ်ဝန်းကျင် ပြောစကားတွေကြောင့်လား။ လား ပေါင်းများစွာနှင့် စိတ်ရှုပ်ထွေးမှုတွေက ပို၍လာသည်။ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာမတွေ့သေးပေ။ ဘဝမှာ မျှော်လင့်မထားသည့် ကံကြမ္မာဆိုးကြီးက သူတို့မိသားစုထံ အမှန်တကယ်ရောက်လာခဲ့ပြီလားလို့ တွေးရင်း ဝမ်းနည်းကြေကွဲမှုက ဖြေမရနိုင်ခဲ့ပေ။

“အမေ အဖေ့ကိုကြည့်ပြောအုံးနော်။ ကြားရတဲ့ သတင်းမကောင်းဘူး”

“ဟုတ်တယ် အမေ အသက်(၅၀)ကျော်မှ ဘာဖြစ်ရတာလဲ အဖေက သမီးတော့ ရှက်တယ်နော်။ ဒီထက် ရှေ့တိုးလာရင်တော့ ဒီအိမ်မှာ မနေနိုင်ဘူး။ တခြားတစ်နေရာထွက်သွားမှာ။ သမီးအလုပ်ထဲမှာ ဘယ်လို မျက်နှာပြရမှာလည်း ”

” သားသူငယ်ချင်းတွေတောင် သိတယ်။ မင်းတို့ အဖေ လူပြောများနေပြီတဲ့။ ပါသွားမယ်လို့ ပြောနေကြတာ။ အဖေကလည်ဗျာ ။ဘာတွေ လုပ်နေမှန်း မသိဘူး။ စိတ်ပျက်စရာ ကောင်းတယ်”

“မီးငယ်ကတော့ အိမ်မှာ မနေဘူးနော်။ အဆောင် သွားနေမှာ ဒီနားက ပတ်ဝန်းကျင်ကို မျက်နှာတောင် မပြရဲဘူး”

အများပြောစကားထက် ကိုယ့်ရင်နှင့်လွယ်ပြီး မွေးထားသည့် သားသမီးတွေကပါ ပြောလာကြပြီမို့ မြနှင်းတစ်ယောက် အရူးမီးဝိုင်းသလို သောကဝေဒနာကို ခံစားနေတော့သည်။

(၂)

ကိုမင်းနောင်နှင့် မြနှင်းက မိဘတွေ သဘောတွေ သဘောဆန္ဒအရ ဘဝတစ်ခုကို ‌ထူထောင်ခဲ့ကြသူတွေ။ ကိုမင်းနောင် အသက်(၂၇)နှစ်။မြနှင်းအသက်(၂၅)မှာ မိဘတွေပေးစားလို့ လက်ထပ်ခဲ့ကြသည်။ မိဘတွေ၏ ပွဲရုံလုပ်ငန်းကို လက်လွှဲယူ ဦးစီးနိုင်ခဲ့ပြီး အိမ်ထောင့်တာဝန်ကို ကျေပွန်သူပင်ဖြစ်သည်။ ဇနီးနှင့် သားသမီးတွေအပေါ် အိမ်ထောင်ဦးစီးပီသသူပင်။ ချစ်ကြိုက်လို့ ယူခဲ့တာမဟုတ်ပေမယ့် ဝတ္တရားကျေပွန်သော လင်ယောကျာ်းအပေါ် မြနှင်း သံယောဇဉ်ပိုသည်။ အိမ်ထောင်သက်ကြာလာသည်နှင့် အမျှ သားသမီး လေးယောက် ထွန်းကားလာသလို ခင်ပွန်းသည်အပေါ်မှာလည်း မယားဝတ္တရားကျေပွန်အောင် နေထိုင်ခဲ့သည်။ ငယ်ငယ်ကတည်းက ရိုးရိုးအေးအေးသာ နေထိုင်တတ်သည့် မြနှင်းအဖို့ အိမ်ဝေယျာဝစ္စနှင့်ပင် အချိန်တွေ ကုန်လွန်ခဲ့သည်။
စားဝတ်နေရေးအတွက် ငွေရှာပေးနေသည့် ခင်ပွန်းအတွက်၊သားသမီးလေးယောက်၏ ကိစ္စတွေကို လုပ်ကိုင်ပေးရင်း အပေါင်းအသင်း၊မိတ်‌ဆွေ သူငယ်ချင်းတွေနဲ့ တစ်ကမ္ဘာခြားသလို ဝေးကွာခဲ့ရသည်။ ဒါပေမယ့် သူပျော်သည်။ ဘဝအတွက် အိုအေစစ်လေးလို သတ်မှတ်ထားသည့် မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားလို့ ကျေနပ်မိသူဖြစ်သည်။
ဒီအသက်အရွယ်ရောက်မှ မမျှော်လင့်ထားသည့် ကံကြမ္မာဆိုးက သူတို့ မိသားစုအပေါ် ကြမ်းကြမ်းတမ်းတမ်း မုန်တိုင်းတစ်ခုလို ဝင်မွှေတော့သည်။ပြောပြမတတ်အောင် ကြောက်ရွံ့တုန်လှုပ်နေမိသည်။ ခု မြနှင်း အသက်(၅၀)။ သားကြီးတောင် ဘွဲ့ရလို့ ကုမ္မဏီအလုပ်ဝင်နေပြီ။ နောက်နှစ်ဆို သူ့ရည်ရွယ်ထားသူနှင့် အိမ်ထောင်ပြုတော့မည်။ သမီးလတ်လည်း မနှစ်ကမှ ဘွဲ့ရလို့ ပုဂ္ဂလိက ဘဏ်မှာ သူ့အဖေ အဆက်အသွယ်နှင့် အလုပ်ချက်ချင်းရခဲ့သည်။ သားငယ်က တတိယနှစ်ကျောင်းသား။ သမီးအငယ်ဆုံးလေးက ပထမနှစ်စတက်နေသူ။ ကြီးကျယ်ခမ်းနားစွာမပြည့်စုံ မချမ်းသာပေမယ့် အလယ်အလတ်တန်းစားလောက်မှာ ရပ်တည်ခွင့်ရသည့် သူ့မိသားစုဘဝလေးကို ကျေနပ်သည်။အရွယ်ကောင်း ရုပ်ရည်မကျသေးသည့် ငါးဆယ်ကျော် လင်ယော်ကျားကို ရစမှသည် အရင်လကထိ သူ့၏ဂုဏ်သိက္ခာ၊ကိုယ်ကျင့်တရားကို ယုံကြည်စိတ်ချခဲ့သည်။ ခုတော့ မဖြစ်နိုင်တော့။ အများပြောစကားကို လက်မခံခဲ့ပေမယ့် သားသမီးတွေ ကိုယ်တိုင်ကော။ မျက်မြင်တွေ့ခဲ့သည့် သူတွေပါရှိနေတော့ စိုးရိမ်သောက က ပိုကြီးထွားလာခဲ့သည်။
သေချာ စုံစမ်းကြည့်တော့ တစ်နှစ်လောက်ရှိနေပြီလို့ သိရတော့ မြနှင်း တုန်လှုပ်သွားခဲ့သည်။

“ဘွားတော်က ငါးဆယ့်ငါးလောက်ရှိပြီ။ မုဆိုးမတဲ့။သားသမီးလည်း မရှိတော့ အရွယ်တင်ပေါ့ဟာ။ အလုပ်ကနေ ရင်နှီးသွားနာ နေမှာပေါ့။ ကုန်သည်ပွဲစားပဲဟ။ ငါးဆယ်ကျော် မထင်ရဘူး။ သုံးဆယ်လောက် ထင်ရတာနော်။ နင်ယော်ကျားကလည်း အရွယ်မကျ ခပ်သန့်သန့်ဆိုတော့ ဟိုကလည်း ကပ်နေမှာပေါ့ဟာ။ သေချာကြည့်ထိန်းအုံး။ ငါတွေ့တာ လေးငါးကြိမ် မကတော့ဘူး”

” အေး မြနှင်းရေ လွှတ်မထားနဲ့နော်။ အခြေအနေ မဆိုးခင် တားအုံး။ ငါ့သူငယ်ချင်းအတွက် စိတ်ပူလိုပြောတာ။ နင်က အိမ်ထဲက အိမ်ပြင်ထွက်တာ မဟုတ်ဘူးဟာ။ အပြင်လည်း လေ့လာပါအုံးဟ”

” နင်ပါသွားမှ မငိုနဲ့နော် မိမြနှင်း၊အချိန်မလွန်ခင် ထိန်း”

ဖုန်းနှင့်ကော ။အိမ်အထိပါ လာရောက် သတင်းပေးကြသည့် သူငယ်ချင်း အပေါင်းအသင်းတွေ၏ စကားကြောင့် ဇဝေဇဇဝါဖြစ်နေသည့် မမြနှင်းတစ်ယောက် သားသမီးတွေကပါ ပြောလာတော့ ပို၍ ထိန့်လန့်ရတော့သည်။

(၃)

“အမေ ငိုနေလို့ မပြီးဘူးနော်။ ဒီအတိုင်း လွှတ်ထားရင် အခြေအနေဆိုးကုန်မယ်ဗျာ။ ပြတ်ပြတ်သားသားပြောလိုက်တော့”

“ဟုတ်တယ် အမေ အရှက်တကွဲ အကျိုးနဲတော့ အဖြစ်မခံနဲ့ အဖေ့ကို သေချာမေးတော့အမေ။ ”

“သားကတော့ ဖေကြီးကို ချစ်တယ် အဆုံးရှုံးမခံနိုင်ဘူး အမေ။ ဖေကြီး သူများနောက် ပါသွားမှာ သားကြောက်တယ်”

“သမီးရော အမေ။ ဖေကြီးကို မပေးနိုင်ဘူး။ သမီး အပါမခံနိုင်ဘူး အမေ။ တကယ်စဉ်းစားကြည့်ရင် သမီးရင်ကွဲပြီးသေမှာ”

အဖေဆုံးရှုံးမှာကို ကြောက်လို့ ငိုနေကြသည့် အငယ်နှစ်ယောက်ကို ကြည့်ပြီး သူ့ရင်ထဲမီးတောက်နေပီ့ဖြစ်သည်။ အကြီးနှစ်ယောက်က ဟန်ဆောင် မျက်နှာတင်းထားကြပေမယ့် မျက်ရည်တွေကို ထိန်းထားကြပုံပေါက်သည်။ ကွယ်ရာမှာဆို ငိုချတော့မယ့်ပုံပင်။

“သားတို့ သမီးတို့ရယ် ‌အမေလည်း အင်မတန်ကြောက်နေပါတယ်။ အမေ့ရင်ထဲကို ဝင်ကြည့်ကြပါ။ အမေက ပိုပြီး ပူလောင်နေပါတယ်ကွယ်”

စိတ်ထဲက အော်ဟစ်ငိုယိုပြီး သားသမီးတွေမှာ ဟန်ဆောင် မာန်တင်းနေရတာ ပို၍ ပင်ပန်းသည်။
သာယာနေသည့် သူတို့မိသားစု ဘဝလေး ခုတော့ ငိုရှိုက်သံတွေနှင့် အကျည်းတန်နေပြီဖြစ်သည်။

“အစတုန်းက သား အဖေ့ကို မုန်းပြီးရှက်နေတာ။ ခုတော့ အဖေ့ကို ဆုံးရှုံးသွားမှာ ပိုကြောက်တာ အမေရယ်။ သား ဖေကြီးကို အဆုံးရှုံးမခံနိုင်ဘူး”

အဖေ့ကို အင်မတန်ချစ်သော သားငယ်ကို ရင်ခွင်ထဲ
ထားပြီး နှစ်သိမ့်ပေးရပေမယ့် ကိုယ်တိုင်လည်း မွန်းကြပ်လွန်းလို့ အသက်ရှုပင် ကြပ်နေမိသည်။သမီးငယ်လေးကတော့ သူ အမကြီး ရင်ခွင်ထဲ ဝင်ပြီး ငိုနေရှာသည်။ သမီးကြီးလည်း မာန်မတင်းနိုင်တော့ ။အတူတူဖက်၍ ငိုနေကြလေပြီ။
သားကြီးကတော့ အံကြိတ်လိုသာနေနေတော့သည်။ ဧည့်ခန်းထဲက မိသားစု ဓါတ်ပုံလေးကို ငေးကြည့်ရင်း ကျလုဆဲဆဲ မျက်ရည်တွေကို သုတ်လိုက်သည်။ နာရီလက်တံက ည(၁၁)နာရီကို ညွှန်ပြနေပြီမို့ သည်ညလည်း အဖေ ပြန်မလာမှာ အသေအချာပင်ဖြစ်သည်။
အကျည်းတန်လွန်းသည့် ညတွေက များလွန်းလှပြီမို့ မြန်မြန်ကုန်ဆုံးချင်မိသည်။ ဒီ အမှောင်ထုကြီး အောက်ကလည်း သူတို့ မိသားစု အမြန်ဆုံး ရုန်းထွက်ချင်မိသည်။ နာကျင်ကြေကွဲ ငိုကြွေးသံတွေကို သူထပ်မကြားချင်တော့ပေ။

(၄)

“ဟာ သားကြီး အဖေ့ပွဲရုံထိ လိုက်လာတယ် ဟုတ်လား။အလုပ်မသွားဘူးလား”

“ဟုတ်တယ် အဖေ။ဒီနေ့ တနဂ်နွေလေ အဖေ။ အလုပ်အားရက်ပါ။ အဖေ့ကို တွေ့ချင်လို့ သားလားတာ”

“ဟုတ်ပြီ အဖေလည်း အလုပ်ရှုပ်နေတာကွာ။ နေ့လည် ထမင်းစားချိန်လည်း ရောက်ပြီဆ်ိုတော့ ရှေ့က စားသောက်ဆိုင်မှာ သားစောင့်နေ။အဖေ လာခဲ့မယ်နော်”

“ဟုတ် အဖေ”

သားကြီးကို စားသောက်ဆိုင်သို့ အရင်လွှတ်လိုက်ပြီး သူအလုပ်ကို လက်စသပ်ကာ အမြန်လိုက်သွားသည်။ မှာစရာရှိတာ မှာ၍ သားအဖနှစ်ယောက် နေ့လည်စာ ထမင်းစားနေပေမယ့် တိတ်ဆိတ်နေသည်။
သူကပဲ စကား စ၍

“သားကြီး အလုပ်မှာရော အဆင်ပြေရဲ့လား”

“ပြေပါတယ်အဖေ”

“အင်း သားကြီးလည်း အိမ်ထောင်ပြုတော့မယ်နော်။ ဒီဝါကျွတ် မို့လား”

“ဟုတ်တယ် အဖေ။ဒါပေမယ့် သား သဇင့်ကို မယူတော့ဘူး။ ”

သားကြီး စကားကြောင့် သူ အံဩသွားသည်။

“ဘယ်လိုကွ။ မင်း တောင်းရမ်းထားပြီးမှ မယူလို့ ဖြစ်မလားကွ။ လူသိရှင်ကြား သတင်းစာထဲမှာ ထည့်ထားတာလေ။ မင်း မင်း ဘာစိတ်ကူးပေါက်တာလည်း သားကြီး”

” ကျွန်တော့် စိတ်က သူ့အပေါ် ရိုးသွားလို့ ပေါ့ အဖေရာ။ ခု သား အလုပ်ထဲမှာ တွေ့နေပြီ။သားထက် ရာထူးကြီးတယ်။ သူကတစ်ခုလပ် အိမ်ပိုင်၊ဝိုင်းပိုင် နဲ့ သဇင့်ထက် အများကြီးသာလို့ ရွေးလိုက်တာ”

“ဘာကွ”

သူတို့ စားသောက်နေတာ သီးသန့်ခန်းဖြစ်၍ လွတ်လွတ်လပ်လပ် စကားပြောရတာ အဆင်ပြေနေခြင်းဖြစ်သည်။

“မင်း မင်း က ပိုင်းလုံးလုပ်နေတာပေါ့ဟုတ်လား။ မင်းမှာ ကိုယ်ချင်းစာတရားမရှိဘူးလား။ ဟုတ်လား”

“ဟား ဟား ဘာကိုယ်ချင်းစာတရားလည်း အဖေရာ။ သား ဘဝအတွက် ရွေးချယ်တာလေ။ ကိုယ်ချင်းစာတရားဘာလုပ်ရမှာလည်းဗျာ”

“ဟေ့ကောင် မိုက်ရိုင်းတဲ့ကောင် မင်းမှာ စာနာတတ်တဲ့ စိတ်မရှိဘူးလားကွ။ မင်းမှာ နှမချင်း ကိုယ်ချင်းစာတတ်တဲ့ စိတ်ရှိရမယ်လေ။ မင်းမှာ ညိီမတွေ ရှိသေးတယ်ကွ။ ရွံ့စရာ ကောင်းတဲ့ စိတ်ဓါတ်ကွာ။ ငါ့သားလို့ပြောရမှာကို ရှက်တယ်ကွ”

“အဖေကလည်းဗျာ ချစ်သူသက်တမ်းသုံးနှစ်၊တောင်းရမ်းထားတာလေးပဲရှိတာ။မေ့ပြစ်လို့ရပါတယ်။ ဘာ အနှောင်အဖွဲ့မှ မရှိဘူး။ခေါက်ထားလိုက်တယ်ဗျာ။ ကျွန်တော့ ဘဝအတွက် သိုက်တူးသင့်ရင် တူးရမှာပဲလေ”

“ဘာကွ”

“ခွပ်”

သူ သားကြီးစကားကြောင့် ဒေါသတကြီး လက်ပါသွားမိသည်။သားကြီးက ရှေ့တိုး၍

“ထပ်ထိုး အဖေ ထပ်ထိုးလိုက် အကျင့်မကောင်းတဲ့ကောင်၊ပိုင်းလုံးကောင်၊တန်ဖိုးမရှိတဲ့ကောင်ကို။
ဒါပေမယ့် သားနဲ့ သဇင် ဝေးသွားကွဲသွားရင်တောင် ဘာအနှောင်အဖွဲ့မှ မရှိဘူး။ သာယာတဲ့ မိသားစု ဘဝလေးလည်း မတည်ဆောက်ရသေးဘူးအဖေ။
အဖေကသာ အဖေကသာ အီးဟီး ဟီး
နှစ်ဆယ့်ငါးနှစ်လုံး ချည်နှောင်ထားတဲ့ မိသားစု သံယောဇဉ်တွေကို ဖြတ်ဖို့ ကြိုးစားနေတာဗျ”

သားကြီး စကားကြောင့် သူထိန့်လန့်စွာ နောက်ဆုတ်သွားမိသည်။

“သံယောဇဉ်တွေ ရစ်ပတ် နှောင်ဖွဲ့နေမှ အမေ့ရဲ့ သံယောဇဉ်၊ညီလေးသံယောဇဉ်၊ညီမလေးတွေရဲ့ သံယောဇဉ်၊အားလုံးရဲ့ သံယောဇဉ်တွေကို ဖြတ်တောက်ပစ်ဖို့ အဖေကြိုးစားနေတယ်မို့လား အဖေ ပြောပါအုံးဗျာ”

“သားကြီး အဖေ အဖေ လေ…..”

မျက်စီမျက်နှာပျက်နေသည့် အဖေ့ရှေ့မှာ သူ ဒူးထောက်ထိုင်ချရင်း

“အဖေ သား တောင်းပန်ပါတယ် အဖေရယ်။နှစ်ပေါင်းများစွာ တည်မြဲနေတဲ့ သားတို့ မိသားစု အိမ်လေးကို အဖေ့ရဲ့ ခဏလေးသာယာမှု့အတွက် မဖျတ်ဆီးလိုက်ပါနဲ့ဗျာနော် အဖေ။ ခု သားတို့ အိမ်မှာ အားလုံး စိတ်ဆင်းရဲနေရပြီအဖေရယ်”

သူ ငိုရှိုက်နေသော သားကြီးကို ပွေ့ဖက်ပြီး ရောငိုမိတော့သည်။

“သားကြီးရယ်။ အဖေ အဖေ အထိအတွေ့နောက်မှာ သာယာမိသွားတယ်ကွာ။ အဖေ့ကို ခွင့်လွှတ်ပါနော်။ အဖေ အဖေ့ အဖေ့ရဲ့ အမှားအတွက် အားလုံးကို တောင်းပန်ပါ့မယ်နော်။ သားကြီးလည်း ဟိုဟို ကလေးမလေးကို…”

“ဟာ အဖေကလည်း အဲဒါက လိမ်ပြောတာပါ။ တမင် ဇာတ်လမ်းဆင်ထားတာ။ အပြင်မှာ မရှိပါဘူးဗျာ”

“ခွေးကောင်”

သားစကားကြောင့် သူပေါ့ပေါ့ပါးပါး ရယ်မိတော့သည်။ သူ့စိတ်တွေ မှောင်မိုက်နေတာကိုလည် သားကြီးက အလင်းဖွင့်ပေးခဲ့လေပြီ။

(၅)

အိမ်ပြန်လမ်းလေးက အရင်ကထက် ရင်ခုန်စရာကောင်းလှသည်။ ထူးထူးခြားခြား ဒီနေ့ဟာ သူတို့ လင်မယားရဲ့ မဂ်လာသက်တမ်း နှစ်ဆယ့်ငါးနှစ်ပြည့်မို့ ချစ်ဇနီးအတွက် သူ အမှတ်တရလက်ဆောင်တွေ ဝယ်လာခဲ့သည်။
မိဘတွေ စီစဉ်လို့ လက်ခံခဲ့ပေမယ့် သူ မြနှင်းအပေါ် လင်ဝတ္တရားကျေပွန်ခဲ့သည်။ ချစ်သူရည်စား ဘဝလို ချစ်စကားက်ြိုက်စကား မဆိုခဲ့ပေမယ့် အိမ်ထောင်ရေး သာယာအောင်ဖန်တီးနိုင်ခဲ့သည်။ မြနှင်းကလည်း သူ့အပေါ် ဇနီးကောင်း ပီသသလို မယားဝတ္တရား ကျေပွန်သည်။ အိမ်ထောင်မှုနိုင်နင်းသည်။ ရိုးအေးလွန်းသော ဇနီးမယားသည် သူ့အပေါ် ယုံကြည်စိတ်ချသည်။ ဘယ်သွားသွား၊ဘာလုပ်လုပ် မယုံကြည်သည့် စကားတစ်ခွန်းမှ မပြောခဲ့။ သူကိုယ်တိုင်လည်း အနေအထိုင်ကအစ ဆင်ခြင်ခဲ့သည်။ ပြီးခဲ့သည့် နှစ်ကစလို့ လုပ်ငန်းကိစ္စနှင့်ပတ်သတ်ပြီး မုဆိုးမ ကလျာနှင့်တွေ့ ပြီးမှ သူ့စိတ်တွေ ပျက်ပြားသွားခဲ့ရသည်။
သာယာမှုနောက်လိုက်ပြီး ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်နိုင်ခဲ့ပေ။ ခုတော့ သူ၏ ခဏတာ သာယာမှု အကျိုးဆက်က မိသားစု အားလုံး ကြေကွဲခံစားနေရပြီဖြစ်သည်။
သားကြီးကြောင့် သူအမှောင်နွံထဲမှ လွှတ်မြောက်လာရပြီမို့ သံယောဇဉ် အထပ်ထပ်နှင့် ချည်နှောင်ထားသည့် နှောင်ဖွဲ့အိမ်ကလေးကို လက်လွှတ်မဆုံးရှုံးရခြင်းဖြစ်သည်။သူ ဆုံးဖြတ်ချက်ချလိုက်သည်။
ဒီနေ့ အိမ်ထောင်သက် နှစ်ဆယ့်ငါးနှစ် သက်တမ်းမှတည် ရတုအဆက်ဆက်
သူ၏ မိသားစုလေးနှင့် သား၊မြေး၊တီ၊တွတ် မဆုံးသည့် အထိ။ သက်ဆုံးတိုင် တည်မြဲသည့် နှောင်ကြိုးတွေနှင့် အထပ်ထပ်ချည်နှောင်လို့ လှပသည့် ဘုံဗိမာန်လေးကို တည်ဆောက်ထားဖို့ ရည်ရွယ်ထားပြီ ဖြစ်ပေတော့သည်။

ပြီး
ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)