ပညာသည်လင်မယား(စ/ဆုံး)
——————————
“အဘိုး…စုန်းတို့ ကဝေတို့ဆိုတာ တစ်ကယ်ရှိလား”
ချမ်းအေးလှသည့် ညလေးတစ်ည၌ မီးပုံဖိုကာ မီးလှူံထဲနေကြသည့်သူများအထဲမှ သာလှဟုအမည်တွင်သော ကာလသားတစ်ယောက်က ဘိုးမင်းအောင်အား မေးခွန်းတစ်ခု မေးလိုက်လေ၏။ သာလှနှင့်အတူ ဆိုးပေ၊ ကျောက်ဒိုးနှင့် တခြားရွာသူ၊ ရွာသားများကလည်း
ထိုမီးပုံကြီးအား ဝိုင်းဖွဲ့ကာထိုင်၍ မီးလှူံနေကြသေးသည်။ ထိုအချိန် ဘိုးမင်းအောင်က သောက်လက်စရေနွေးကြမ်းပန်းကန်အား အောက်သို့ချလိုက်ကာ သာလှ၏အမေးကို ပြန်ဖြေတော့လေ၏။
“ရှိတာပေါ့ကွဲ့…မောင်သာလှရဲ့…ရှိတာပေါ့”
“ဒါဆို…အဘိုးကရော အဲ့လိုလူတွေနဲ့ ကြုံခဲ့ဖူးသေးလား”
ဆိုးပေက ဝင်မေးလိုက်ခြင်းဖြစ်လေ၏။
“ဒါပေါ့…ကြုံဖူးတာပေါ့..အခြားမှာမဟုတ်ဘူး…ဒီရွာမှာတင်ဖြစ်သွားခဲ့ဖူးတာလေ”
“ဟာ…ဟုတ်လား….ဒါဆို ကျုပ်တို့ကို ပြောပြပါဦး အဘိုးရဲ့”
“ဟုတ်ပါပြီ…ဟုတ်ပါပြီ…ကျုပ်ပြောပြပါ့မယ်…သေသေချာချာနားထောင်နော်”
“ဟုတ်ကဲ့…အဘိုး”
“ဖြစ်ပုံက ဒီလိုကွယ့်”
ဤသို့ဖြင့် ဘိုးမင်းအောင်က သူ၏ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအား စတင်ပြောပြတော့လေ၏။
********
အဲ့ဒီ့တုန်းက ရန်ကုန်မြို့၊ လမ်းမတော်(၁၄)လမ်းမှာနေထိုင်တဲ့ လူမိုက်ကြီး ဖိုးတုတ် ခေတ်စားနေတဲ့အချိန်ပေါ့ကွာ။ အေး…အဲ့ဒီ့အချိန် ကျုပ်တို့ဒီရွာမှာလည်း လူမိုက် ဖိုးတုတ်ဆိုတာရှိတယ်ကွဲ့။ ဒီရွာကဆိုတော့ လမ်းမတော် ဖိုးတုတ်မဟုတ်ပဲ အေးသာယာ ဖိုးတုတ်ပေါ့ကွာ။ သူ့ကိုတစ်ချို့လူတွေက နောက်တစ်မျိုးခေါ်ကြသေးတယ်။ “ဝါးရင်းတုတ် ဖိုးတုတ်” တဲ့။ သူ့ကလည်းနာမည်နဲ့လိုက်အောင် ရန်တွေဘာတွေဖြစ်ပြီဆိုရင် အခြားလက်နက်မသုံးဘူး။ ဝါးရင်းတုတ်နဲ့ပဲဆော်တာ။
တစ်ခါကသူ့ရဲ့ အကြီးအကျယ်ဆုံးရန်ပွဲတစ်ခုဖြစ်သေးတယ်။ ကြက်ဝိုင်းမှာ အခြားရွာကကောင်တွေနဲ့ ကြက်တိုက်ရင်း ရန်ဖြစ်ကြတာ။ ဟိုဘက်ကကောင်တွေက ငှက်ကြီးတောင်ဓားကြီးတွေနဲ့. သုံးယောက်၊ ဖိုးတုတ်ကတော့သူ့အနားမှာရှိတဲ့ ဝါးရင်းတုတ်နဲ့ပြန်ချတာ။
သုံးယောက်တစ်ယောက်ဆိုပေမယ့် ဖိုးတုတ်က ဘာဒဏ်ရာမှမရလိုက်ဘူး။ ဟိုသုံးကောင်ကတော့ ခေါင်းကွဲတဲ့ကောင်ကကွဲ။ လက်ဖျံရိုးကျိုးတဲ့ကောင်က ကျိုးကုန်တာ။ ဖိုးတုတ်ရိုက်လိုက်တဲ့ ဝါးရင်းတုတ်ကလည်း ဝါးဆစ်ပိတ် အစိမ်းကြီးလေ။ အဲ့ဒီ့တော့ ခံလိုက်ရတဲ့ကောင်တွေက မရှူမလှပဲပေါ့။ ဒီလိုနဲ့ ကျုပ်တို့ရွာတင်မကဘူး။ အနီးနားကရွာတွေကပါ “အေးသာယာက ဝါးရင်းတုတ် ဖိုးတုတ်” ဆိုတာနဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြတာဗျို့။
အဲ့ဒီ့အချိန် ကျုပ်တို့ရွာက အရက်သမား၊ ဖဲသမား၊ ကြက်သမားတွေက ဖိုးတုတ်ရဲ့တပည့်အဖြစ် ခံယူလာကြတယ်။ ပြီးတော့
သူတို့ကပါ ‘ဖိုးတုတ်ရဲ့ တပည့်ကွ’ ဆိုပြီး လုပ်ချင်တာလုပ်ကြတော့တာပေါ့။ ဖိုးတုတ်မှာက တပည့်တပန်း အားကြီးပေါတာ။ ကျုပ်တို့ဒီရွာတင်မကဘူး အခြားရွာတွေမှာပါ ဖိုးတုတ်ရဲ့တပည့်တွေရှိတယ်။ ဒီလိုနဲ့ ဖိုးတုတ်က ဒီနယ်တကြောမှာ ဘုရင်တစ်ပါးလိုဖြစ်နေတာပေါ့ကွာ။ ရွာသူကြီးတောင်
သူ့လောက်အာဏာမရှိဘူး။ တစ်ခါတလေ လူပျိုပေါက်အရွယ်ကောင်လေးတွေက ပြောမရမဆိုမရဖြစ်နေရင်
‘ဟဲ့ ငါဖိုးတုတ်နဲ့သွားတိုင်လိုက်ရမလား’ ဆိုတာနဲ့ ချက်ချင်းကို ငြိမ်ကျသွားတာဗျို့။ ဖိုးတုတ်က အဲ့လောက်အထိ သြဇာအာဏာရှိတာဗျ။
တစ်နေ့ ကျုပ်တို့ရွာကို အသက် ငါးဆယ်ဝန်းကျင်လောက်ရှိတဲ့ လင်မယားနှစ်ယောက်ရောက်လာတယ်။ သူတို့က ဆေးသမားတော်တွေဆိုတော့ ကျုပ်တို့သူကြီးကလည်း လွယ်လွယ်ကူကူနဲ့ပဲ လက်ခံထားလိုက်တာပေါ့။ အဲ့ဒီ့လင်မယားနှစ်ယောက်မှာ ယောကျာ်းဖြစ်သူရဲ့နာမည်က ဦးသာလွန်းတဲ့။ ဆံပင်ရှည်ကြီးကို သေချာစည်းထားပြီးကျောပြင်မှာချထားတာ။ နှူတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ ဥပဓိကရုပ်ကတော့ ခပ်ကောင်းကောင်း။ သူက အသားကလည်းဖြူသေးတယ်။
သူ့မိန်းမကျပြန်တော့ နာမည်က ဒေါ်မယ်တင်တဲ့။ သူကျအသားက ခပ်မဲမဲဗျ။ မျက်နှာကလည်း မရယ်မပြုံးနဲ့မျက်နှာသေကြီး။ သူ့ရဲ့ထင်ရှားတဲ့အမှတ်အသားကတော့ ဘယ်ဘက်ပါးပြင်မှာမှဲ့အကြီးကြီးပါတာပဲဗျို့။
တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားမသိဘူး။ အဲ့ဒီ့ ဦးသာလွန်းနဲ့ဒေါ်မယ်တင်တို့ ရောက်တဲ့နေ့ကစပြီး ကျုပ်တို့ရွာကလူတွေအားလုံးနီးပါး တစ်နေ့တစ်မျိုးမရိုးရအောင်ကို နာဖျားကြတော့တာ။ အဲ့ဒီ့အချိန်ဆို ဦးသာလွန်းကရောက်လာပြီးကုပေးလိုက်ရင် လုံးဝအရှင်းပျောက်သွားတယ်။ တစ်ခါတလေဆိုရင်တော့ ဒေါ်မယ်တင်က လာကုပေးတယ်။ သူတို့လင်မယားနှစ်ယောက်မှာ ဘယ်သူပဲကုကု ရောဂါကယူပစ်သလို အရှင်းပျောက်သွားတော့တာဗျို့။
ဦးသာလွန်းနဲ့ ဒေါ်မယ်တင်က ဆေးကုပြီးရင် လူနာရှင်ဘက်က ပေးသလောက်ကိုပဲ ယူတာ။ တစ်ခါမှလည်း ပိုမတောင်းဘူး။ တစ်ချို့ ငွေကြေးမတတ်နိုင်တဲ့ သူဆိုရင် အလကားတောင်ကုသပေးတာ။ အဲ့ဒီ့တော့ ကျုပ်တို့ ရွာတင်မကဘူး။ အခြားရွာတွေကပါ ဦးသာလွန်းနဲ့ ဒေါ်မယ်တင်တို့ကို အနာရောဂါနဲ့ပတ်သတ်ပြီး လွှတ်အားကိုးကြတာဗျို့။ သူတို့လင်မယားနှစ်ယောက်က ဘယ်လိုရောဂါဖြစ်နေပါစေ ရအောင်ကုပေးတယ်။ ကုန်ကုန်ပြောရရင် အနာရောဂါနဲ့ပတ်သတ်ပြီး သူတို့မသိတာ မရှိဘူး။ ‘မ’ တစ်လုံးကျေတယ်လို့တောင် ပြောလို့ရတယ်။
တစ်ခါက ကျုပ်တို့ရွာသား သောင်းဖေက အမဲလိုက်ပြီးတောထဲကပြန်လာတဲ့အချိန် တောစပ်နားမှာပိုးထိသွားတာ။ တစ်ကိုယ်လုံးလည်း ပြာနှမ်းနေပြီး အကြောတွေလည်းဆွဲနေတာ။ အဲ့ဒီ့အချိန် သူနဲ့အဖော်ပါလာတဲ့သူ နှစ်ယောက်ထဲကမှ တစ်ယောက်ဖြစ်တဲ့ လှမောင်က ဦးသာလွန်းဆီကို တန်းနေအောင်ပြေးတော့တာပေါ့။ ဟိုရောက်တော့ ဦးသာလွန်းက မေးတယ်။
“ဟဲ့…ဘာဖြစ်လာတာလဲ…အလောတကြီးနဲ့”
“ဆရာကြီး…သောင်းဖေ…သောင်းဖေ… ပိုးထိသွားလို့ပါ…တစ်ကိုယ်လုံးလည်းပြာနှမ်းနေပြီ…အဲ့ဒါကြောင့် ဆရာကြီးကိုအရင် လာခေါ်တာပါ”
“ဟေ…သောင်းဖေက အခုဘယ်နားမှာတုန်း”
“တောစပ်မှာပါ ဆရာ”
“တယ်…ဒီလောက်အဝေးကြီးကို…. ကျုပ်ဟိုရောက်တာနဲ့သောင်းဖေက သေနေလောက်ပြီ”
“..ဗျာ…ဒါဆိုဘယ်လိုလုပ်ကြမလဲ… ဆရာကြီး”
“သောင်းဖေက ဘယ်နေရာကို ပိုးထိခံရတာတုန်း”
“ညာဘက် ခြေမျက်စိနားကိုပါ ဆရာကြီး”
“ဟုတ်လား…လာ လာ မင်းဒီမှာလာထိုင်စမ်း”
“ဗျာ”
“ထိုင်ဆိုထိုင်စမ်းပါဟ…ခြေထောက်ပါ ဆင်းထား”
“ဟုတ်…ဟုတ်…ဆရာကြီး”
ဒီလိုနဲ့ ဆရာကြီးက လှမောင်ရဲ့ ညာဘက်ခြေမျက်စိနားကို သူ့ရဲ့လက်နဲ့အုပ်ပြီး ပါးစပ်ကနေ ဂါထာလိုလို၊ မန္တန်လိုလိုတွေကို ပွစိပွစိနဲ့ အဆက်မပြတ်ရွတ်နေတော့တာ။ ပြီးရင် လက်နဲ့ခြေဖဝါးအထိ သပ်ချလိုက်တာ။ အဲ့လိုမျိုး လက်နဲ့သုံးလေးခါလောက် သပ်ချပြီး
ခဏကြာတော့ ဦးသာလွန်းက ပြောတယ်။
“ရပြီ…သွားတော့…သောင်းဖေ သက်သာသွားပြီ”
“ဗျာ”
အဲ့ဒါနဲ့ လှမောင်ကလည်း တောစပ်ကိုတစ်ကျိုးတည်းပြန်ပြေးတော့တာပေါ့။ ဟိုလည်းရောက်ရော သောင်းဖေက အကြောဆွဲနေရာကနေ ချက်ချင်းသက်သာသွားပြီး လမ်းတွေဘာတွေတောင် ထလျှောက်နေတာ။ ပိုးထိခံရတဲ့ နေရာကနေလည်း အဆိပ်တွေက သူ့အလိုလိုထွက်ကုန်တာ။ ဦးသာလွန်းဆိုတဲ့လူက အဲ့ဒီ့လောက်တောင် စွမ်းတာဗျို့။
ဦးသာလွန်းကစွမ်းသလို ဒေါ်မယ်တင်ကလည်း ခေသူတော့မဟုတ်ဘူး။ တစ်ခါက ကျုပ်တို့ရွာက ဒေါ်သောင်းရီ ဗိုက်အောင့်တယ်ဆိုပြီး မြေပြင်မှာလူးလှိမ့်ပြီးအော်နေတာ။ အဲ့တာကို ဒေါ်မယ်တင်က သူ့လက်ကလေးနဲ့ပဲ သပ်ချပေးလိုက်တာ ဒေါ်သောင်းရီဗိုက်အောင့်တာ ချက်ချင်းပျောက်သွားတယ်။ တစ်ခါတလေ နွားတွေပျောက်တယ်ဆိုရင်လည်း ဒေါ်မယ်တင် နေရာအတိအကျကို ပြောပြလိုက်တာ။ နွားပိုင်ရှင်ကလည်း ဒေါ်မယ်တင်ပြောပြတဲ့နေရာကို သွားကြည့်လိုက်ရင် သူ့နွားတွေက အဲ့ဒီ့နေရာမှာ ရှိနေပြန်ရော။ ဒေါ်မယ်တင်လည်း အဲ့လောက်ထိကို တော်တာဗျို့။
တစ်ခါက ကိုသာအေးဆိုတဲ့လူ ညနေစောင်းအချိန်ကြီး သရက်ပင်ပေါ်တက်ပြီး သရက်သီးတက်ခူးတာ။ အဲ့ဒီ့သရက်ပင်ပေါ်က သရဲမကြီးက သူ့ကိုကန်ချလိုက်တာလေ။ အမြင့်ကနေပြုတ်ကျတာဆိုတော့ ကိုသာအေးတစ်ယောက် လက်ဖျံရိုးကြီးကျိုးသွားပြီး အပြင်ကိုတောင် ငေါထွက်သွားတာ။
အဲ့ဒါနဲ့ ထုံးစံအတိုင်း ဦးသာလွန်းတို့ဆီကို ပြေးကြတာပေါ့။ ဟိုရောက်တော့ ဦးသာလွန်းကမရှိဘူး။ ဒေါ်မယ်တင်ပဲရှိတယ်။ အဲ့တာနဲ့ ဒေါ်မယ်တင်က ကိုသာအေးရဲ့လက်ကျိုးတဲ့နေရာကို ပုလင်းတစ်ခုထဲက ဆေးရည်ကိုယူပြီးလိမ်းပေးလိုက်ပြီးတော့ အဲ့ဒီ့နေရာကို အနက်ရောင်ပုဝါစကလေးနဲ့ဖုံးလိုက်တယ်။ ပုဝါအပေါ်ကနေ သူ့ရဲ့လက်နဲ့ဖြည်းဖြည်းချင်း သပ်ချလိုက်တာ။ ခဏကြာတော့ ကိုသာအေးရဲ့လက်က အကောင်းအတိုင်းပြန်ဖြစ်သွားတယ်ဗျ။ ဒေါ်မယ်တင်က အဲ့ဒီ့လောက်ကို တော်တာဗျို့။
ဒီလိုနဲ့ အချိန်တွေကြာလာတော့ ဦးသာလွန်းတို့လင်မယားနှစ်ယောက်ကလည်း ရွှေတွေငွေတွေနဲ့ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့ အပေါက်ကလည်း ဆိုးလာရောဗျ။ အရင်လိုလည်း သဘောမကောင်းတော့ဘူး။ ပိုက်ဆံပေးရင်ကုပေးတယ်။ ပိုက်ဆံမပေးရင် လုံးဝကုမပေးတော့ဘူး။ ဒါပေမယ့်လည်း ကျုပ်တို့ရွာက တစ်ယောက်မဟုတ် တစ်ယောက်က နေ့တိုင်းအနာရောဂါဖြစ်နေတော့ သူတို့ကိုပဲအားကိုးနေရတာပေါ့။
ဒါပေမယ့် သူတို့လင်မယားကို ကျုပ်တို့တစ်ရွာလုံးက သိပ်တော့မသင်္ကာဘူး။ မပြောရဲလို့သာ ငြိမ်နေကြတာဗျ။ တစ်နေ့တော့ ကျုပ်တို့တိတိတ်ဆိတ်ဆိတ်လေး တိုင်ပင်ပြီး သူတို့လင်မယားနှစ်ယောက်ကို စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။
အဲ့တာနဲ့ပဲ သူတို့လင်မယား နောက်ကို လိုက်စုံစမ်းတော့တာပေါ့ဗျာ။ ဒီလိုနဲ့အချိန်တွေ ကြာလာတော့ သူတို့လင်မယာနှစ်ယောက်လုံးက ကဝေလိုလိုစုန်းလိုလို ဖြစ်နေကြတယ်ဆိုတာကို ကျုပ်တို့သတိထားမိလိုက်ကြတယ်။
မှတ်မှတ်ရရ အဲ့ဒီ့နေက ဦးသာလွန်းက ဂုန်လျှော်ကြိုးတစ်ချောင်းကိုကိုင်ပြီး သူ့အိမ်ထဲကိုဝင်သွားကို ကျုပ်ကလှမ်းမြင်လိုက်တယ်ဗျ။ အဲ့တာနဲ့ ကျုပ်လည်း သူ့အိမ်အနားအထိကိုကပ်သွားပြီး အပေါက်လေးတစ်ပေါက်ကနေ ချောင်းကြည့်လိုက်တာ။ ဦးသာလွန်းက သူ့လက်ထဲကိုင်ထားတဲ့ ဂုန်လျှော်ကြိုးကို ထန်းခေါက်ဖာထဲထည့်လိုက်တယ်။ ပြီးတော့ အပေါ်ကနေအဖုံးအုပ်ပြီး ပွစိပွစိနဲ့ တစ်ခုခုကိုရွတ်ဆိုနေတယ်။ ဘေးနားမှာရှိတဲ့ လူဦးခေါင်းခွံကိုလည်း လူအရိုးတစ်ချောင်းနဲ့ ‘တတောက်တောက်နဲ့ မြည်နေအောင်’ ခေါက်နေသေးတယ်။ ခဏကြာတော့ ထန်းခေါက်ဖာကို ဖွင့်လိုက်တဲ့အချိန်မှာ စောစောကထည့်ထားတဲ့ ဂုန်လျှော်ကြိုးကနေ မြွေအနက်ကြီးတစ်ကောင်ဖြစ်သွားတာဗျို့။ ကျုပ်ဖြင့် ကြက်သီးတွေတောင် ထသွားတယ်။
အဲ့ဒီ့နေ့ချင်းပဲ ကျုပ်တို့ရွာထဲက လူတစ်ယောက် မြွေပေါက်ခံလိုက်ရတယ်။
ပေါက်တဲ့မြွေကိုလည်း သေချာဖမ်းထားပြီး အိမ်အနောက်မှာထားထားလိုက်တယ်။ ဒါကတော့ ကျုပ်အကြံပေါ့ဗျာ။ ကျုပ်ကမသင်္ကာလို့ အခုလိုလုပ်ထားတာ။
ထုံးစံအတိုင်း ဦးသာလွန်းက ရောက်လာပြီး မြွေပေါက်တဲ့နေရာကို လက်နဲ့သပ်ချလိုက်တာ သေမလိုဖြစ်နေတဲ့လူက ချက်ချင်းသက်သာသွားရော။ အဲ့ဒီ့အချိန်မှာပဲ အိမ်အနောက်မှာဖမ်းထားတဲ့ မြွေကနေ ဂုန်လျှော်ကြိုးအဖြစ်ပြန်ပြောင်းသွားတာဗျို့။ ဦးသာလွန်းကတော့ ဆေးကုလို့ရတဲ့ပိုက်ဆံကိုယူပြီး မြောက်ကြွမြောက်ကြွနဲ့ ပြန်သွားတော့တာ။
ဒေါ်မယ်တင်ကျပြန်တော့ အသား၊ ငါး တွေကိုအစိမ်းလိုက်ကြီးစားတာ။ တစ်ခါတစ်ခါဆို ကြက်ရဲ့လည်ပင်းကနေကိုက်ပြီး သွေးစုပ်ပစ်တာ။ အဲ့ဒါကိုတော့ သောင်းဖေကတွေ့ခဲ့တာ။
ဒီလိုနဲ့ တဖြည်းဖြည်းကျုပ်တို့ရွာကလူတွေက အကုန်ရိပ်မိလာကြတော့ အထက်လမ်းဆရာတွေကို လိုက်ရှာကြတာပေါ့။ ဒါပေမယ့်လည်း ဘယ်အထက်လမ်းဆရာမှ ရွာထဲအထိကိုမရောက်လိုက်ဘူး။ ရွာအပြင်မှာတင် သေသွားကြတာချည်းပဲ။
တစ်ခါက အထက်လမ်းဆရာတစ်ယောက်က သူ့ကိုယ်သူ အဆင့်ငါးရှိတဲ့ အထက်လမ်းဆရာကွဆိုပြီး ရွာထဲကိုဝင်လာတယ်။ ဦးသာလွန်းတို့အိမ်ရှေ့အထိကိုသွားပြီး စိန်ခေါ်နေသေးတာ။ အဲ့ဒီ့အချိန် ကျုပ်တို့လည်း အားတက်သွားတာပေါ့။ ဘာလို့ဆို အရင်ကဒီရွာကိုလာတဲ့ အထက်လမ်းဆရာမှန်သမျှက ရွာထဲအထိတောင်မရောက်လိုက်ဘူး ရွာအပြင်မှာတင်သေသွားကြတာလေ။ မသေရင်တောင် ပြန်လှည့်ပြေးရတာချည်းပဲ။
အခုရောက်လာတဲ့ဆရာကျတော့ ရွာထဲဝင်လာရုံတင်မကဘူး။ ဦးသာလွန်းတို့အိမ်အရှေ့အထိသွားပြီး စိန်ခေါ်နေတာဆိုတော့ ကျုပ်တို့လည်းအရမ်းဝမ်းသာသွားတာပေါ့။
အဲ့ဒီ့အချိန် ဦးသာလွန်းတို့က အိမ်အပြင်တောင်ထွက်မလာဘူး။ ငြိမ်နေတာ။ ကျုပ်တို့ကလည်း အထက်လမ်းဆရာကြီးကို ကြောက်လို့ငြိမ်နေတယ်လို့ ထင်တာပေါ့။ ခဏကြာတော့ အဲ့ဒီ့အိမ်ထဲက
‘တတောက်တောက်’ နဲ့ တစ်ခုခုကိုထုရိုက်နေတဲ့အသံကိုကြားလိုက်ရတယ်ဗျ။ ကျုပ်အထင်ကတော့ လူဦးခေါင်းခွံကို ထုရိုက်နေတယ်လို့ထင်တယ်ဗျ။
အဲ့ဒီ့ ဦးခေါင်းခွံကို ထုရိုက်နေတဲ့အသံလည်းထွက်လာရော အထက်လမ်းဆရာကြီးက ဘာမှဆက်မပြောတော့ပဲ ကြောင်တောင်တောင်ကြီးနဲ့ရပ်နေတာ။ ပြီးတော့ ဘေးမှာရှိတဲ့သစ်ပင်တွေကို သူ့ခေါင်းနဲ့ပြေးပြေးဆောင့်နေတာ။ ခဏကြာတော့ သူဝတ်ထားတဲ့ အဝတ်အစားတွေကိုချွတ်ပြီး ကိုယ်လုံးတီးကြီးနဲ့ ရွာထဲပတ်ပြေးနေတော့တာဗျို့။ ပါးစပ်ကနေလည်း ‘အား…ကြောက်တယ်..မလာနဲ့..မြွေ..မြွေတွေ..အများကြီးပဲ..ပြေးကြဟေ့..ပြေးကြ’ ဆိုပြီးအော်နေတာ။ နောက်နှစ်ရက်လောက်ကြာတော့ အဲ့ဒီ့အထက်လမ်းဆရာလည်း ရေတွင်းပျက်ကြီးထဲပြုတ်ကျပြီး သေသွားပါလေရော။
နောက်မှ ကျုပ်တို့အတိအကျသိခဲ့ရတာက ဦးသာလွန်းက အောက်လမ်းဆရာကြီးဖြစ်နေတာဗျို့။
အဲ့ဒီ့အောက်လမ်းပညာကိုလိုက်စားတဲ့သူတွေက အင်မတန်မှ ငရဲကြီးတာ။ သူတို့ပညာရဲ့သဘောက မကောင်းတာကိုဖိလုပ်လေ ပိုပြီးအစွမ်းထက်လေပဲ။ အောက်လမ်းဆေးအစီအရင်တွေသုံးပြီး သူများသား၊ မယားကိုဖျက်ဆီးတယ်။ သူတို့ ပညာနဲ့ သရဲ၊ တစ္ဆေတွေကို ခေါ်ပြီးခိုင်းစားတယ်။ သူတို့ကိုယ်သူတို့လည်း သေရင်အဝီစိငရဲအထိ တန်းကျမှာကိုသိတယ်။ ဒါပေမယ့်လည်း မထူးဇာတ်ကိုကပြီး မိုက်ပြီးရင်းမိုက်မဲနေကြတဲ့သူတွေ။ သူတို့က ဒီတစ်ဘဝပဲ အသက်ရှင်ရတော့မှာဆိုတော့ သက်ဆိုးရှည်နေကြတာလေ။
ဒေါ်မယ်တင်ကျတော့ ပိုဆိုးတယ်။ သူက ကဝေမကြီးတစ်ယောက်ဗျ။ ကဝေတောင်ရိုးရိုးကဝေမဟုတ်ဘူး။ ကဝေမြောက်စွန်းအမျိုးအစားထဲကဖြစ်တယ်။
“ကဝေ ဆိုတာဘယ်လိုမျိုးလဲဟင် အဘိုး”
ဆိုးပေက ထမေးလိုက်ခြင်းဖြစ်၏။ ထိုအချိန် ဘိုးမင်းအောင်က ပြောလက်စ စကားကိုခဏရပ်ထားတာ ရေနွေးကြမ်းကလေးအား မော့သောက်လိုက်လေသည်။ ပြီးမှ စကားဆက်လေ၏။
“ကဝေဆိုတာ ကဝိသဒ္ဒါကဆင်းသက်လာပြီး အကျော်အမော်လို့အဓိပ္ပါယ်ရတယ်ကွဲ့…သာမန်အဆင့်ကနေ (၁၂)ကြိုးကဝေတွေဖြစ်တဲ့ ဇော်ဂနီ၊ ဇော်ဂနက်၊ မောက်လုံး၊ မောက်ပြား၊ မောက်တို၊ မောက်ရှည် စတဲ့အဆင့်တွေအထိ စက်ကြိုးလို့ခေါ်တဲ့ စုန်းကြိုး၊ ကဝေကြိုးတွေနဲ့ အဆင့်တက်ကြရတယ်…
သူတို့က စက်ကြိုးယန္တရားအတတ်ကို အသုံးပြုပြီးတော့ ကောင်းကင်ပေါ်ကိုပျံတက်နိုင်ကြတယ်…စုန်း၊ ကဝေ အမျိုးအစားပေါင်း (၉၉)မျိုးရှိတဲ့အထဲကမှ
မြောက်စွန်းအမျိုးအစားက အသားစားစုန်းမျိုးဖြစ်တယ်…လူသား၊ လူသွေးနဲ့ လူရိုးတို့ကိုလည်း စားသုံးကြတယ်…
တချို့ကျတော့ ကြက်၊ ဝက်၊ ဘဲ စတဲ့တိရစ္ဆာန်တွေကို အရှင်လတ်လတ်စားသောက်တတ်ကြတယ်…သူတို့က ပြုစားလိုသူရဲ့နာမည်ကိုသိရုံနဲ့ အဲ့ဒီ့လူရဲ့ကိုယ်စောင့်နတ်ကိုတောင် စေခိုင်းပြီး ဖမ်းစားနိုင်တဲ့အစွမ်းတွေရှိတယ်…”
“ဪ…ဟုတ် အဘိုး”
ဒီလိုနဲ့ ဦးသာလွန်းက ပြုစားလိုက်၊ ဒေါ်မယ်တင်က အခကြေးငွေယူပြီး ဆေးကုပေးလိုက်၊ တစ်ဖန် ဒော်မယ်တင်က ပြုစားလိုက် ဦးသာလွန်းက အခကြေးငွေယူပြီး ဆေးကုပေးလိုက်လုပ်ရင်း ပိုက်ဆံလိမ်ယူနေတာကို ကျုပ်တို့ရွာသားတွေအကုန် သိလာကြတယ်။ ဒါပေမယ့်လည်းဗျာ အထက်လမ်းဆရာတွေတောင် သူတို့လင်မယားကို မနိုင်ကြတာ ကျုပ်တို့လို သာမန်လူတွေက ဘာတတ်နိုင်မှာတုန်း။ ဒီအတိုင်းပဲ ငြိမ်ခံနေရပြီး အထက်လမ်းဆရာကြီးတွေကို တိတ်တဆိတ်ရှာဖွေကြရတော့တာပေါ့။
ဒီလိုနဲ့ တစ်နေ့ကျတော့ ဒေါ်သောင်းရီက ဗိုက်အောင့်တယ်ဆိုပြီး ဒေါ်မယ်တင်ဆီကိုပြေးသွားတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန် ဒေါ်သောင်းရီဆီမှာက ပိုက်ဆံပြတ်လပ်နေတဲ့အချိန်ဖြစ်နေတာ။ ဒေါ်မယ်တင်ကလည်း ပိုက်ဆံမရရင်လုံးဝကုမပေးနိုင်ဘူးချည်း ပြောနေတော့တာ။ အဲ့ဒီလိုနဲ့ ဒေါ်သောင်းရီနဲ့ ဒေါ်မယ်တင် စကားများနေရင်းကနေ ဒေါ်သောင်းရီကရုတ်တရက် ခွေခနဲလဲကျသွားတယ်။ အနီးပတ်ဝန်းကျင်ကလူတွေကလည်း ဒေါ်သောင်းရီကို ပြေးပြီးထူကြတာပေါ့။ အဲ့ဒီ့အချိန် ဒေါ်သောင်းရီရဲ့ ဇာတ်ကကျိုးနေပြီ။ အသက်လည်း မရှူတော့ဘူး။ အနီးနားကလူတွေကလည်း ဒါကဒေါ်မယ်တင်လက်ချက်ဆိုတာကို သိနေကြတာပေါ့ဗျာ။ ဒါပေမယ့် ဘယ်သူမှပါးစပ်မဟရဲကြဘူး။ ဒါနဲ့ပဲ ဒေါ်သောင်းရီကို သူ့အိမ်ပြန်သယ်လာပြီး အသုဘမြေချဖို့စီစဉ်ရတော့တာပေါ့ဗျာ။
ခဏကြာတော့ ပုဆိုးကွက်ပျောက်ကြီးတစ်ထည်ကို ဒူးအပေါ်အထိရောက်အောင်ဝတ်ထားတဲ့ လူတစ်ယောက်က ဦးသာလွန်းတို့အိမ်အရှေ့ကိုရောက်လာတယ်။ အဲ့လူက အင်္ကျီတော့ဝတ်မထားဘူးဗျ။ ကျောကုန်းနဲ့ရင်ဘတ်တွေမှာလည်း ဆေးမှင်ကြောင်တွေအပြည့်ထိုးထားသေးတယ်။ ဆံပင်ကလည်း ကတုံးဆံတောက်နဲ့။ အဲ့ဒီ့လူက အခြားသူမဟုတ်ဘူး။ ဝါးရင်းတုတ် ဖိုးတုတ်ကြီးဗျ။
ပြီးတော့ ဖိုးတုတ်က အော်ဆဲနေတာ။
“ဟေ့…စောက်အဖိုးကြီးနဲ့အဖွားကြီး ထွက်ခဲ့စမ်း…စောက်အောက်လမ်းကောင်ကြီး…စောက်စုန်းမကြီး…ထွက်ခဲ့…ထွက်ခဲ့လေ ဘာလဲအခုမှကြောက်နေတာလား…ဟေ့ ဦးသာလွန်း ခင်ဗျားရဲ့တိုက်မြွေနဲ့ ကျုပ်ကို လာကိုက်ခိုင်းလေ…ဟေ….အခုမှကြောက်နေပြီလား”
ဖိုးတုန်းရဲ့ညာဘက်လက်မှာက ဝါးရင်းတုတ်၊ ဘယ်ဘက်လက်မှာက ရဲဒင်းကြီးကိုင်ပြီး ဦးသာလွန်းနဲ့ ဒေါ်မယ်တင်ကို ဆဲဆိုနေတာလေ။ ဘာလို့လဲဆိုတော့ ဒေါ်မယ်တင်ပြုစားပြီးသတ်လိုက်တဲ့ ဒေါ်သောင်းရီ ဆိုတာ ဖိုးတုတ်ရဲ့အမေလေ။ အဲ့ဒီ့တော့ ဖိုးတုတ်က သောင်းကျန်းပြီပေါ့။
“ကျုပ်အမေသေသလို… ခင်ဗျာတို့လင်မယားနှစ်ယောက်လည်း သေကိုသေစေရမယ်…ထွက်ခဲ့စမ်း”
အဲ့ဒီ့အချိန် ကျုပ်တို့ရွာသားတွေကလည်း ဒီလင်မယားနှစ်ယောက်ကို အခဲမကြေဖြစ်နေကြတာဆိုတော့ ဖိုးတုတ်ဘက်ကနေရပ်တည်ပေးကြတာပေါ့ဗျာ။ ဒီလိုနဲ့ ဦးသာလွန်းနဲ့ ဒေါ်မယ်တင်တို့ အိမ်ရှေ့ကို ကျုပ်တို့တစ်ရွာလုံးနီးပါးက လက်နက်ကိုယ်စီနဲ့ ရောက်လာကြတာဗျ။ အိမ်ခေါင်မိုးကိုလည်း ခဲတွေနဲ့ပစ်လို့ပစ်ပေါ့ဗျာ။
ဒီလိုနဲ့ခဏကြာတော့ မြွေတွန်သံတွေကို တရွှီးရွှီးနဲ့ မြည်နေအောင်ကြားလိုက်ရတယ်ဗျ။ ပြီးတော့ မကြာပါဘူး ဦးသာလွန်းတို့အိမ်ထဲကနေ မြွေအနက်ချည်းပဲ အကောင်နှစ်ဆယ်လောက်ပြေးထွက်လာတာ ဖိုးတုတ်နဲ့အတူ ကျုပ်တို့ရွာသားတွေကလည်း အဲ့ဒီ့မြေတွေကို လိုက်ရိုက်သတ်တာပေါ့။ မြွေတွေက အခြားနေရာတွေကို ခုတ်ဖြတ်ရင် ဘာမှဖြစ်မသွားဘူး။ ခေါင်းကိုဖြတ်ပစ်မှသေသွားတာ။ အဲ့ဒီ့လိုသေသွားရင်လည်း ချက်ချင်း ဂုန်လျှော်ကြိုးတွေဖြစ်ကုန်တာဗျ။ အဲ့ဒီ့မြွေတွေကြောင့် ကျုပ်တို့ရွာသား ငါးယောက်လောက်က နေရာတင် အကြောတွေဆန့်ကုန်ပြီး ပွဲချင်းပြီးသေသွားသေးတယ်။
ဒီလိုနဲ့ ခဏကြာတော့ ဖိုးတုတ်ကဦးဆောင်ပြီး ဦးသာလွန်းတို့အိမ်ထဲကို ပြေးဝင်သွားရော။ ကျုပ်တို့ရွာသားတွေကလည်း သူ့နောက်ကလိုက်ခဲ့ကြတာပေါ့။ ပြီးတော့ ဖိုးတုတ်ကပြောတယ်။
“ဟေ့ရောင်တွေ…ဒီကောင်တွေ အိမ်ထဲမှာမရှိတော့ဘူး အခြားနေရာကိုအမြန်လိုက်ရှာကြ”
ဖိုးတုတ်က အဲ့လိုလည်းပြောပြီးရော ဦးသာလွန်းတို့အိမ်ပေါ်ကို မီးတုတ်ကြီးပစ်တင်လိုက်ပါလေရော။ ဘယ်ကြာလိမ့်မတုန်း အိမ်ကခဏလေးအတွင်းပဲ ပြာကျသွားတယ်။ အဲ့ဒီ့အချိန် ကျုပ်တို့ရွာသားတွေကလည်း ပျော်နေကြတာတော့ဗျာ။ ဒီအောက်လမ်းနဲ့ ကဝေမကြီးရဲ့ ဒဏ်ကိုခံလာခဲ့ရတဲ့အချိန်က နည်းတာမှမဟုတ်တာ။ အဲ့ဒီ့တော့ ပျော်ကြတာပေါ့။
“ဆရာ…ဒီမှာတွေ့ပြီဆရာ”
ဖိုးတုတ်ရဲ့ တပည့်တစ်ယောက်က လှမ်းအော်ပြောလိုက်တာလေ။ အဲ့တာနဲ့ ဖိုးတုတ်ကလည်းသွားကြည့်လိုက်တော့ ဒေါ်မယ်တင်ကြီးဖြစ်နေတာဗျ။
“မင်းတော်တယ်…သွား..ဒီဟာမကြီးကို သစ်ပင်မှာချည်ပြီး မင်းတို့စိတ်ကျေနပ်တဲ့အထိရိုက်ကြ”
“ဟုတ် ဆရာ”
အဲ့ဒီ့လိုနဲ့ ဒေါ်မယ်တင်က သစ်ပင်မှာကြိုးချည်ခံရတော့တာပေါ့။ ပြီးတော့ ဖိုးတုတ်တပည့်တွေတင်မကဘူး။ ကျုပ်တို့ရွာကလူတွေပါ ဒေါ်မယ်တင်ကို တုတ်နဲ့ရိုက်တဲ့သူကရိုက်၊ ခဲနဲ့ပေါက်တဲ့သူကပေါက်၊ ဓားနဲ့ထိုးတဲ့သူကထိုးနဲ့ ဝိုင်းပြီးလုပ်ကြတော့တာပေါ့။ ဒါပေမယ့် ဒေါ်မယ်တင်ကြီးက ဘာမှမဖြစ်ဘူးဗျာ။ တဟားဟားနဲ့တောင်အော်ရယ်နေသေးတာ။ အဲ့ဒီ့အချိန် ခြုံတစ်ခြုံရဲ့အနောက်ဘက်ကနေ ဖိုးတုတ်တပည့်တစ်ယောက်က လှမ်းအော်ပြောတယ်ဗျ။
“ဆရာဖိုးတုတ်…ဒီဘက်မှာအောက်လမ်းကောင်ကြီးကိုတွေ့ပြီ”
“ဟုတ်လား…ခေါ်လာခဲ့စမ်းကွာ…ဒီကို”
“ခေါ်လို့မရဘူးဆရာ..ကျုပ်တို့နှစ်ယောက် ဝိုင်းဆွဲတာတောင် ဒီလူကြီးကနည်းနည်းမှမလှူပ်ဘူး”
အဲ့တာနဲ့ ဖိုးတုတ်ကလည်း သူ့တပည့်အနားကိုသွားလိုက်တဲ့အခါ ဟုတ်ပါ့ဗျာ ဦးသာလွန်းကြီးက တောင့်တောင့်ကြီးရပ်နေတာ လုံးဝကိုမလှူပ်ဘူး။ အဲ့ဒီ့အချိန် ဖိုးတုတ်က ပြောတယ်ဗျ။
“ဟေ့ရောင် ဒီအတိုင်ခေါ်မရရင် ဓားနဲ့ထိုးပြီးခေါ်လာခဲ့”
“မရဘူးဆရာ ဓားကသူ့အသားထဲကိုဝင်မသွားဘူး”
“ဟေ…ပေးစမ်း ငါ့ကိုဓား”
အဲ့တာနဲ့ ဖိုးတုတ်ကလည်း ဦးသာလွန်းကို ဓားနဲ့တရစပ်ထိုးတော့တာပေါ့။ ဦးသာလွန်းကလည်းဘာမှမဖြစ်ဘူးဗျာ။ မသိရင် ရာဘာတုံးကြီးကို ထိုးနေသလိုကြီးဖြစ်နေတာဗျို့။ ကျုပ်တို့လည်း အံ့သြနေကြတာ။ အဲ့တာနဲ့ ဖိုးတုတ်က စိတ်မရှည်တာနဲ့ သူ့လက်ထဲက ဝါးဆစ်ပိတ်တုတ်အစိမ်းကြီးနဲ့ ဦးသာလွန်းရဲ့ ခေါင်းကိုချည်းရိုက်နေတော့တာ။ ကျုပ်အထင် အချက်နှစ်ဆယ်ကျော်လောက်တော့ရှိမယ်ဗျ။ အဲ့ဒီ့တော့မှ ဦးသာလွန်းက နည်းနည်းပျော့ခွေသွားတော့တယ်။ ဒါပေမယ့် သူ့ခေါင်းမှာတော့ ဘာဒဏ်ရာမှ ရှိမနေဘူးဗျ။
ဒီလိုနဲ့ ဦးသာလွန်းကိုပါခေါ်လာပြီး ဒေါ်မယ်တင်အနားမှာကြိုးနဲ့ကပ်ချည်ထားလိုက်တယ်။ ပြီးတော့ ဖိုးတုတ်က ရဲဒင်းကြီးနဲ့ သူတို့လင်မယားနှစ်ယောက်ကို လိုက်ခုတ်တာ ဘာမှဖြစ်မသွားဘူးဗျာ။ ရဲဒင်းကြီးက ပြန်ပြီးကန်ထွက်လာတာ။ ကျုပ်တို့တစ်ရွာလုံးကလူတွေကလည်း အံ့သြနေကြတာဗျို့။ အဲ့ဒီ့အချိန် ဖိုးတုတ်တပည့်တစ်ယောက်က ဝင်ပြောတယ်။
“ဆရာဖိုးတုတ် သူတို့နှစ်ယောက်က တုတ်ပြီး၊ ဓားပြီးနေတယ်ဆရာ…သူတို့ကိုဘယ်လိုမှသတ်လို့ရမယ်မထင်ဘူး”
“ဒီမှာ…ဟေ့ရောင် သူတို့ဘာသာ တုတ်ပြီးပြီး၊ ဓားပြီးပြီး ငါရအောင်သတ်မယ်ကွာ..
.ဒီနှစ်ကောင်ကို ခဲကြီးကြီးနဲ့တွဲချည်ပြီး ရေတွင်းထဲပစ်ချပြီးသတ်မယ်ကွာ..သေကိုသေစေရမယ်…”
“ဟာ….ဟုတ်တယ် ဆရာဖိုးတုတ်…အဲ့လိုဆိုသူတို့ခံနိုင်မှာမဟုတ်ဘူး”
“အေး…ဒါဆိုလည်း သတ်ဖို့ပြင်တော့”
“ဟုတ်…ဆရာ”
ဖိုးတုတ်ရဲ့တပည့်တွေက ဦးသာလွန်းတို့လင်မယားနှစ်ယောက်ကို ခဲကြီးကြီးနဲ့တွဲပြီး ကြိုးချည်နေတဲ့အချိန်မှာ အသက်ခြောက်ဆယ်ကျော်လောက်ရှိပြီလို့ထင်ရတဲ့ အဘကြီးနှစ်ယောက် ရောက်လာတယ်။ တစ်ယောက်က တောင်ဝှေးကိုကိုင်ထားပြီး တစ်ယောက်က စိပ်ပုတီးကြီးကို စိပ်နေရင်းစကားစပြောလိုက်တာဗျ။
“လူလေးတို့…ကျုပ်တို့က အထက်ဂိုဏ်းဆရာတွေပါ။ ရွာစဉ်လှည့်ပြီး စုန်းကဝေ၊ အောက်လမ်းပညာသည်တွေဆီကနေ သူတို့ပညာစက်တွေကို အလှူခံပြီး ဖျက်ဆီးပစ်နေတဲ့သူတွေပါ”
“အခု ဘာကိစ္စနဲ့ကျုပ်တို့ဆီ လာတာတုန်း”
“အသက်နှစ်ချောင်းကို အလှူခံချင်လို့ပါ”
“အလှူခံတွေ အလိုမရှိဘူး ပြန်တော့”
ဖိုးတုတ်က ခပ်ပြတ်ပြတ်ပြောလိုက်တာဗျ။ အဲ့ဒီ့အချိန် အထက်လမ်းဆရာကြီးတစ်ယောက်က ပြောတယ်။
“လူလေးတို့ကို…မမိုက်မှားစေချင်ဘူး…လူလေးတို့အခုသတ်ဖြတ်နေတဲ့ ဒီနှစ်ယောက်ကို ကျုပ်တို့လက်ထဲအပ်လိုက်ပါ။ သူတို့ရဲ့ပညာစက်တွေကို နုတ်ယူပြီးဖျက်ဆီးလိုက်ရင် သူတို့ဟာ သာမန်လူတွေဖြစ်သွားပြီး ဘယ်သူ့ကိုမှလည်းဒုက္ခမပေးနိုင်တော့ပါဘူး”
“ဘာလို့အပ်ရမှာလဲ…မအပ်ဘူး…ဒီနှစ်ကောင်က ကျုပ်အမေကိုသတ်ပစ်တဲ့ကောင်တွေ…ကျုပ်လက်နဲ့ပဲ လက်စားပြန်ချေမယ်”
“ဒေါသကို ရှေ့တန်းမတင်ပါနဲ့ကွယ်…”.
“ဟာဗျာ…ကိုယ့်လမ်းကိုယ်သွားစမ်းပါဗျာ…”
ဖိုးတုတ်ကလည်း အတင်းကိုခေါင်းမာနေတာဗျို့။ အဲ့ဒီ့အချိန် ရွာသူကြီးကဝင်ပြောတယ်ဗျ။
“ဟုတ်ပါတယ်…ဖိုးတုတ်ရာ..ဒီဆရာတွေဆီကို အပ်လိုက်တာ အကောင်းဆုံးပါပဲကွာ..သူတို့ကို.မင်းလည်းသတ်နိုင်တာမှမဟုတ်တာ”
“ဘာလို့မရရမှာလဲ…ကျုပ်ရအောင်သတ်မှာ”
အဲ့ဒီ့အချိန် ဖိုးတုတ်နဲ့ ဘကြီးတော်စပ်တဲ့ ဦးကြီးသောင်းစိန်က ဝင်ပြောတယ်ဗျ။ ဦးကြီးသောင်းစိန်က ဖိုးတုတ်အမေ ဒေါ်သောင်းရီရဲ့ အစ်ကိုလေ။
“ဖိုးတုတ်…ဘကြီးပြောတာကိုနားထောင်…သာလွန်းနဲ့မယ်တင်ကို ဟောဒီက ဆရာကြီးတွေဆီကိုအပ်လိုက်တာက ပိုပြီးနည်းလမ်းကျပါတယ်ကွာ…
သာလွန်းနဲ့မယ်တင်ဆိုတာကလည်း မကြာခင်သူ့စရိတ်နဲ့သူ သွားကြတော့မှာပါ မင်းသတ်စရာတောင်မလိုပါဘူး…ဒီဆရာတွေလက်ထဲအပ်လိုက်ရင် သူတို့နှစ်ယောက်ရဲ့ ပညာစက်တွေကုန်ပြီး ကျားဘဝကနေ ကြောင်ဘဝကိုပြောင်းရတော့မှာပါကွာ…
မင်းကခေါင်းမာပြီး ရေတွင်းထဲပစ်ချပြီးသတ်တာတောင် မသေဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ…အဲ့ဒီ့တော့မှ အခုထပ်အခြေအနေပိုဆိုးကုန်ပါဦးမယ်ကွာ…
ကျုပ်ကပဲ ကြားထဲကတောင်းပန်တယ် ဟုတ်ပြီလား…ဒီလင်မယားနှစ်ယောက်ကို ဆရာကြီးတွေလက်ထဲ အပ်လိုက်ပါတော့”
“ကောင်းပြီလေ…ကျုပ်ဘကြီးကိုယ်တိုင်တောင်းပန်လို့ ဆရာကြီးတွေလက်ထဲကျုပ် အပ်မယ်ဗျာ”
ဒီလိုနဲ့ပဲ အထက်လမ်းလမ်းဆရာကြီးတွေက ရွာလူကြီးတွေအကူအညီနဲ့ ငှက်ပျောပွဲ၊ အုန်းပွဲတွေ ပြင်လိုက်ကြတယ်။ ဖိုးတုတ်နဲ့ သူ့တပည့်တွေကတော့ ဓားတပြင်ပြင် တုတ်တပြင်ပြင်နဲ့ ဘေးနားကနေအကဲခတ်နေကြတာ။
ခဏကြာတော့ အထက်လမ်းဆရာကြီးက ဦးသာလွန်းကဒေါ်မယ်တင်ကို ပညာစက်တွေအပ်ခိုင်းတယ်။ ဒါပေမယ့်သူတို့က မအပ်ချင်ကြဘူး။ အင်တင်တင် ပေစောင်းစောင်းလုပ်နေကြတာ။ အဲ့တာနဲ့ ဆရာကြီးတွေကလည်း အင်းစောင့်တွေ၊ ဆေးစောင့်တွေနဲ့ ဆုံးမခိုင်းတော့တာပေါ့…။
“အား…ပူတယ် ပူတယ်”
.ဒါက ဒေါ်မယ်တင်အော်နေတဲ့ အသံဗျ။ အာခေါင်ခြစ်ပြီးတော့ကို အော်နေတာ။
“တိုက်ဆင်နဲ့နင်း…အစွယ်နဲ့ထိုး…မသေစေနဲ့”
ဆရာကြီးတွေကလည်း သြဇာအာဏာပါလှတဲ့ အသံနဲ့ကို ပြောနေတာဗျ။ အဲ့ဒီ့အချိန်
“အား…ကြောက်ပါပြီ..အပ်ပါတော့မယ်..ပညာစက်တွေအကုန်အပ်ပါ့မယ်…မလုပ်ပါနဲ့တော့…မခံနိုင်တော့လို့ပါ”
အဲ့ဒီ့တော့မှ ဦးသာလွန်းနဲ့ ဒေါ်မယ်တင်က သူတို့ပညာစက်တွေကို အပ်လိုက်တော့တာ။
“အေး…အကုန်အပ်…ဘာတစ်ခုမှမချန်ထားနဲ့”
အထက်လမ်းဆရာကြီးတွေက အဲ့လိုပြောနေတဲ့အချိန် ဒေါ်မယ်တင်ကြီးက ဖိုးတုတ်ကိုမျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတော့တာ။ ပြီးတော့ ပါးစပ်ကနေလည်း ပွစိပွစိနဲ့ ရွတ်နေသေးတာဗျ။ ခဏကြာတော့ ဖိုးတုတ်က သူ့အနားကတစ်ယောက်ကို လက်ထဲက ဝါးရင်းတုတ်နဲ့ ငယ်ထိပ်တည့်တည့်ကနေ အားရပါးရရိုက်ချလိုက်တာ ဟက်တက်ကြီးကွဲသွားတယ်။ အဲ့ဒီ့အချိန် ရိုက်ခံလိုက်ရတဲ့သူရဲ့ အစ်ကိုဖြစ်သူက ဖိုးတုတ်ကိုဓားမြှောင်နဲ့ပြေးထိုးလိုက်ရော။ ဖိုးတုတ်ရဲ့တပည့်တစ်ယောက်ကလည်း သူ့ဆရာကိုဓားမြှောင်နဲ့ထိုးတဲ့သူကို ဓားနဲ့ဝင်ခုတ်ရော။ အဲ့ဒီ့လိုနဲ့ ရွာသားအချင်းချင်း တစ်ယေင်ာနဲ့တစ်ယောက် ဓားတွေတုတ်တွေနဲ့ ခုတ်ကြရိုက်ကြတော့ အနီးကတစ်ချို့လူတွေကတော့ထွက်ပြေးကြတာပေါ့။ အဲ့ဒီလိုဖြစ်အောင် ဒေါ်မယ်တင်ကြီးက တမင်လုပ်လိုက်တာလေ။
ခဏကြာတော့ အထက်လမ်းဆရာကြီးတွေက ပညာစက်ဖြတ်တဲ့အနေနဲ့ ဦးသာလွန်းနဲ့ဒေါ်မယ်တင်တို့ကို
ခေါင်းကနေ ပုတီးတစ်ကုံးစီ စွပ်ချပေးလိုက်တယ်။ အဲ့ဒီ့တော့မှ ခုနကရန်ဖြစ်ပြီးခုတ်ထစ်နေကြတဲ့သူတွေက ငြိမ်သွားတော့တယ်။ ဖိုးတုတ်ကတော့ ဗိုက်မှာဓားတန်းလန်းကြီးနဲ့ ခဏကြာတော့သွေးထွက်လွန်ပြီးသေသွားရော။ အဲ့ဒီ့တုန်းက ငါးယောက်လောက်ကသေပြီး ဆယ်ယောက်လောက်က ဒဏ်ရာရကုန်ကြတာလေ။ ကျန်တဲ့လူတွေကလည်း ဦးသာလွန်းနဲ့ဒေါ်မယ်တင်ကို သတ်မယ်ချည်းတကဲကဲလုပ်နေလို့ အထက်လမ်းဆရာကြီးတွေနဲ့ ရွာလူကြီးတွေက ဝိုင်းပြီးတားထားရသေးတယ်။ နောက်တော့မှ အဲ့ဒီ့လင်မယားနှစ်ယောက်ကို ရွာကနေနှင်ထုတ်လိုက်ကြတာပေါ့ကွာ။
ဘိုးမင်းအောင်က ပြောနေရင်းဖြင့် လက်ထဲရှိပြောင်းဖူးဖတ်ဆေးလိပ်ကလေးကို နှစ်ဖွာသုံးဖွာလောက် ဆက်တိုက်ဖွာနေလေသည်။ ထိုအချိန် ဆိုးပေက ဘိုးမင်းအောင်အားပြောလေ၏။
“ဒါဆို…အဲ့ဒီ့လင်မယားနှစ်ယောက်က သာမန်လူတွေပြန်ဖြစ်သွားတာပေါ့နော် အဘိုး”
“အေးပေါ့ကွ…ဘာပညာမှမရှိတော့ပဲ…သာမန်လူတစ်ယောက်ဖြစ်သွားတော့တာပေါ့…
သူတို့ရဲ့ကံကလည်း အဲ့လောက်ပဲပါတယ်ထင်ပါရဲ့..ကျုပ်တို့ရွာက ထွက်သွားပြီး နောက်နေ့လောက်ကျတော့ လင်မယားနှစ်ယောက်စလုံး ကျုပ်တို့ရွာအပြင်က လယ်ကွင်းထဲမှာဓားတန်းလန်းနဲ့ သေနေကြတာလေ ဘယ်သူသတ်လို့ သတ်သွားမှန်းတောင် မသိလိုက်ကြဘူး”
“ဪ….ဟုတ် အဘိုး”
“ကိုင်း…မိုးလည်းအတော်ချုပ်နေပြီ…အိမ်ပြန်ကြတော့ တော်ကြာအိမ်ကလူကြီးတွေစိတ်ပူနေရော့မယ်”
“ဟုတ်ကဲ့…အဘိုး…နောက်နေ့ကျရင်လည်း အခုလိုထူးဆန်းတာတွေ ပြောပြဦးနော်”
“အေးပါ..ဟုတ်ပါပြီ…ကျုပ်ပြောပြပါ့မယ်”
“ဟုတ်…အဘိုး…ဒါဆိုကျုပ်တို့ပြန်လိုက်ပါဦးမယ်”
“အေး အေး”
ဤသို့ဖြင့် အအေးဒဏ်ကိုခုခံကာကွယ်ရန်အတွက် မီးလှူံနေရင်း ပြောနေကြသည့် ဘိုးမင်းအောင်တို့၏
စကားဝိုင်းကလေးမှာ ထိုမျှလောက်နှင့်သာ ပြီးဆုံးသွားတော့လေတည်း။
•––ပြီးပါပြီ––•
စာဖတ်သူများအား
အစဉ်ချစ်ခင် လေးစားလျှက်…..
–•–စိုင်း(ချယ်ရီမြေ)–•–