ပန်းဝေ(စ/ဆုံး)
————
အခုလက်ရှိ အခြေနေအရ ညဘက်လမ်းထွက်ဖို့မသင့်တော်မှန်း ပန်းဝေသိပေမဲ့ ပန်းဝေဘာကိုမှကြောက်မနေအား။ ပန်းဝေအလုပ်က အမှောင်ကိုမှီခိုအားထားပြီး လုပ်ရတဲ့အလုပ်မလား။ စံပယ်ပန်း၊ ရွှေပန်းနှင့်ငွေပန်းအပြင် ခရေပန်းကုံးလေးများပါ လက်ကကိုင်ဆွဲပြီး ခေါက်ဘလိပ်ဓားတစ်ချောင်းနဲ့လွယ်နေကျခပ်နွမ်းနွမ်းလွယ်အိတ်လေးကိုလွယ်ကာ နေထိုင်ရာရထားသံလမ်းဘေးကျူးကျော်တဲဆီကကျောခိုင်းထွက်လာခဲ့သည်။ မှောင်ရီပျိုးစအချိန်လေးမို့ လမ်းပေါ်တွင်သွားလာလှုပ်ရှားသူများရှိနေကြသေးသည်။ ပန်းဝေရောင်းနေကြ မြောက်ဥက္ကလာအဝိုင်းမှတ်တိုင်ကို ဦးတည်ထွက်လာခဲ့သည်။
“ဟဲ့ ပန်းဝေ ခေတ်ကာလကကောင်းတာမဟုတ်ဘူးနော်။ ပန်းရောင်းဖို့အခုမှထွက်လာရသလား။ ညည်း ပန်းရောင်းတဲ့အချိန်ကလဲ တဖြေးဖြေးနောက်ကျလာသလိုပဲနော်။ ”
“ဟုတ်တယ် ကြီးထွေးရေ။ အိမ်မှာ အဖေ့ကိုလိုအပ်တာအကူန်လုပ်ပေးခဲ့ရသေးတယ်လေ။ ပြီးတော့အငယ်နှစ်ကောင်အတွက် ညစာစားဖို့ မနက်ကျောင်းသွားဖို့အကုန်လုပ်ပေးခဲ့ရသေးတယ်။ ”
“အင်း ညည်းလဲအရွယ်နဲ့မလိုက် ဒုက္ခကလဲမသေးပါလားအေ။ညည်းအဖေဒုက္ခိတကတစ်မျိုး၊ အငယ်နှစ်ကောင်ကတစ်မျိုးနဲ့ ။လူကြီးတွေတောင် ရှာဖွေစားသောက်ရတာ မလွယ်ရတဲ့ကြားထဲ ညည်းအတွက်ရင်လေးမိတယ် ပန်းဝေရေ။”
ကြီးထွေးစကားကို ပန်းဝေဘာမှတုန့်ပြန်မပြောဖြစ်။ ကိုယ့်ဝမ်းနာကိုယ်သာသိသမို့ ပန်းဝေခြေလှမ်းတို့က အဝိုင်းမီးပိုင့်ရောက်ဖို့အပြေးလေးလှမ်းနေမိတော့သည်။
****************
“အမရေ ပန်းလေး အားပေးပါအုန်းလား။ အစ်ကိုကြီး စံပယ်လေး အားပေးသွားပါအုန်းလား။ ”
“ငါးရာဖိုးပေးနော်။ ”
“ဟုတ် ကျေးဇူးပါအစ်ကိုကြီး။ ”
ပန်းဝေ အလှဆုံးအပြုံးတစ်ခုဖန်တီးပြီး ကျေးဇူးတင်စကား
နှင့်အတူ ပြန်အမ်းငွေငါးရာကိုလှမ်းပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်ရှင့်”
“ရတယ် ညီမလေး ပြန်မအမ်းနဲ့တော့ ယူထားလိုက်တော့နော်။ ”
“ကျေးဇူးပါ အစ်ကိုကြီး”
တကယ်တော့ ပန်းဝေအလကားရတဲ့ငွေ အချောင်လိုချင်စိတ်ရှိသူမဟုတ်။ သို့ပေမဲ့ လက်ရှိအနေထားအရ ပန်းဝေ
ငြင်းလိုက်ဖို့ အင်အားမရှိတာတော့အမှန်။ အိပ်ယာထဲလဲနေရှာသောအဖေနှင့် ကျောင်းတက်နေရှာသော ပန်းဝေ၏ ညီမလေးနှစ်ယောက်အတွက် သိမ်ငယ်မှု၊ အားနာမှု၊ ရှက်ရွံ့မှု၊ တွေဝေမှု အားလုံးကိုယ်နှင့်မသက်ဆိုင်သလိုနေခဲ့ရသည်။
***************
“အဟွတ် ၊ အဟွတ် ပန်းဝေ၊ ပန်းဝေ”
“ရှင် အဖေ။ ”
“သြော် ပြန်ရောက်နေပြီလား။ ဒီနေ့တော့ပြန်လာတာစောလှချည်လား။ ဘုရားစဥ်ဘေးကတန်းပေါ်မှာ လျှက်စားဘူးလေးပေးပါဦး။”
“ဟုတ် အဖေ။ ”
ပန်းဝေ အိအ်ရာပေါ်ကလူးလဲထလိုက်ပြီး လျှက်ဆားဗူးလေးနှင့်အတူသောက်ရေအိုးထဲကရေတစ်ခွက်ကို ကမ်းပေးလိုက်သည်။
“အဖေသက်သာရဲ့လား။ မနက်ဖြန်ဆေးရုံရက်ချိန်းပြရမယ်နော် အဖေ။ ”
ပန်းဝေစကားအဆုံးမှာ အဖေ့ဆီကသက်ပြင်းရှိုက်သံကို အထင်းသားကြားလိုက်ရသည်။
“ဆေးရုံဆေးခန်းလဲ သွားမနေချင်တော့ပါဘူး သမီးရယ်။
အဖေ့ခြေထောက်က ပြန်ကောင်းလာဖို့မှမရှိတော့တာပဲ။ ဒီကြားထဲ အသက်ရလာတော့ ဘေးရောဂါတွေကြောင့်ပိုဆိုးလာနေပြီ။ အသက်ရှင်ချင်စိတ်တောင်မရှိတော့ပါဘူး။အဖေက လူပိုတစ်ယောက်ဖြစ်နေပြီ။ သမီးတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေပြီလေ။ တောက် အေးမြ ခွေးတိရိစ္ဆာန်မ ကလေးတွေမျက်နှာမှမထောက် လုပ်ရက်လိုက်တာ။ ဒင်း တနေ့ ဒုက္ခလှလှတွေ့အုန်းမှာပါ။”
“အို အဖေရယ် စိတ်ညစ်စရာတွေ တွေးမနေပါနဲ့။အဖေနေပြန်ကောင်းလာမှာပါ။အဖေဘာမှလုပ်မပေးနိုင်တော့ပေမဲ့ အဖေရှိနေတယ်ဆိုတဲ့စိတ်ကြောင့် သမီးတို့ဘဝလေး လုံခြုံနွေးထွေးရပါတယ် အဖေ။ ပြီးခဲ့တာတွေတွေးပြီး အဖေစိတ်ဆိုးဒေါသထွက်နေလို့ရော ဘာမှထူးလာမှာမှမဟုတ်တာ။ အဖေ စိတ်သက်သာအောင်နေပါ။ မနက်ကျ ဆေးရုံပြရအုန်းမှာဆိုတော့ အဖေ ပြန်အိပ်လိုက်တော့နော်။ ”
အဖေ့ကိုအိပ်ရာထဲသိပ်ခဲ့ပြီး ပန်းဝေ ညီမလေးနှစ်ယောက်နား
ပြန်လှဲနေလိုက်သည်။ နေပူသက်သာရုံမိုးထားတဲ့ ခပ်ကျဲကျဲသွပ်ခေါင်မိုးပေါက်က လရောင်ကိုလှမ်းမြင်နေရသည်။ ဘေးနားက အငယ်နှစ်ယောက်ရဲ့ ဟောက်သံကတိတ်ဆိတ်နေသော ပတ်ဝန်းကျင်အား လွှမ်းမိုးထားဆဲ။ အဖေ့အိပ်ရာထဲကရှိုက်သံကြောင့် ပန်းဝေပါ အလိုလိုမျက်ရည်ကျလာမိသည်။ အဖေဒီလိုငိုနေခဲ့တာနှစ်ချီလာခဲ့ပြီ။ ရှစ်မိုင်လမ်းဆုံမှာ ပန်းရောင်းရင်းကားတိုက်ခံလိုက်ရတာမို့ ခြေထောက်ကျိုးကာအိပ်ရာပေါ်လဲသွားခဲ့တော့သည်။ အဖေဒုက္ခိတမဖြစ်ခင် ဘာမှမလုပ်ခဲ့ရသည့်အမေ။ အဖေအိပ်ရာပေါ်လဲတော့ ခြေမကိုင်မိ လက်မကိုင်မိ။ အဖေဒုက္ခိတဖြစ်ချိန် သောကတွေနှင့် ပူလောင်ရတော့သည်။လမ်းမပေါ် ပန်းရောင်းရမှာကိုလဲ အမေကရှက်နေသည်။ ဘာအလုပ်မှ မယ်မယ်ရရလုပ်ကိုင်မစားတတ်။ကြုံသည့်နေရာငွေချေး၊ ရလာသမျှ ရှိသလိုသုံးနေတာမို့ အကြွေးပူကနစ်သထက်နစ်လာခဲ့သည်။ အဖေကရရာအလုပ်လုပ်ပြီး အမေ့ကိုအလိုလိုက်ချစ်ပေးခဲ့သော်လည်း အမေကတော့ အဖေဒုက္ခိတဖြစ်ပြီး ခြောက်လအကြာမှာ အကြွေးတွေနှင့်အတူအဖေနဲ့ပန်းဝေတို့ညီအစ်မသုံးယောက်ကိုထားခဲ့ပြီး နောက်အိမ်ထောင်ထူသွားခဲ့တော့သည်။ရှေ့နောက်ဘာမှမစဥ်းစားပဲ အမေလုပ်ခဲ့သမျှ ကြွေးပူတွေနှင့်အကြီးဆုံးဖြစ်သူ ပန်းဝေခေါင်းပေါ်ဒုက္ခတွေတသီကြီးပုံထားပေးခဲ့တော့သည်။ ပန်းဝေ လေးတန်းကျောင်းသူဘဝနှင့်လမ်းပေါ်ရောက်ခဲ့ရပါပြီ။ လောကကြီးတရားသလား။ မတရားတာလား ပန်းဝေ မတွေးအားခဲ့။အမေ့ကိုသိပ်ချစ်ရှာခဲ့သောအဖေ။ သံလမ်းဘေးကျူးကျော်လိုနေရာမှာ အမေ့လောက်ကံကောင်းသူတစ်ယောက်မှမရှိခဲ့။ နေ့လည်ဆိုက်ကားနင်း ညဘက် ပန်းရောင်းနှင့် အဖေရှာသမျှ ချွေတာမှုမရှိ။ အရေးကြုံတော့ အမေ့လက်ထဲ ငွေဆိုလို့ မူးလို့ရှူစရာပင်မရှိခဲ့။ သနပ်ခါးအဖွေးသားလူးပြီး အိမ်လည် ဖဲရိုက်တတ်သေးသည့်အမေ။
အမေလိုအပ်သမျှ မငြီးမငြူရသမျှအလုပ်လုပ်ကာ ရှာဖွေကျွေးခဲ့တဲ့ အဖေ။အဖေ့ကိုသနားလွန်းလို့ အမေ့အကြောင်းလုံးဝမဟခဲ့။ပန်းဝေ လမ်းပေါ်မှာအလုပ်လုပ်နေရသူမို့ အမေနှင့် မကြာခဏဆုံတွေ့ခဲ့ရသည်။ ပန်းဝေကိုမျက်စိရှေ့မြင်နေပါလျှက်နှင့် မသိချင်ယောင်ဆောင်သွားသည့်အမေ။ နှုတ်ဆက်ဖို့တော့အဝေးကြီးပါပဲ။ အမေလို့ အားပါတရအော်ခေါ်လိုက်ချင်ပေမဲ့ ခေါ်ခွင့်မရခဲ့ ။အငယ်နှစ်ယောက်က အမေ့ကိုမေးတိုင်း ပန်းဝေတစ်ယောက်ထဲကြိတ်ပြီးငိုခဲ့ရသည်။ နောက်အိမ်ထောင်ယူသွားတာပါလို့ ပန်းဝေဘယ်လိုပြောထွက်ပါ့မလဲ။ ရှစ်နှစ်အရွယ်ညီမလေးလွမ်းဝေ၊ ငါးနှစ်ကျော်အရွယ်ညီမလေး နှင်းဝေ တို့ကို တစ်ချက်လေးတောင် ပြန်မကြည့်ခဲ့တာမို့ အမေ့ကိုပန်းဝေနာကြည်းမိသည်။
ယောကျ်ားတစ်ယောက်ရဲ့ နာကျင်စွာထွက်ပေါ်လာတဲ့ ရှိုက်သံတွေက ပန်းဝေအတွက်ခံစားမှုတိုးပွားစေခဲ့သည်။
**************
“လာပါ ညီမလေးရဲ့။ စကားအေးဆေးပြောလို့ရအောင် ခေါ်တာပါ။ တခြားဘာမှမဟုတ်ဘူး။ လာ ကားပေါ်တက်။ ”
နေ့စဥ်နှင့်အမျှ ပန်းဝေဆီအားပေးနေကျ ဖောက်သည်။ အသက်ရွယ်က ပန်းဝေအဖေနှင့် သိပ်မကွာ။ ဖွင့်ပေးလိုက်
သည့်ကားပေါ်သို့ ပန်းဝေအသင့်တက်ထိုင်လိုက်သည်။
“ညီမလေး ဘာစားပြီးပြီလဲ။ အစ်ကိုတို့တစ်ခုခု သွားစားကြမလား။ ”
“ဟင်အင်း ပန်းဝေ ထမင်းစားပြီးပါပြီ။ ”
“နာမည်က ပန်းဝေတဲ့လား။ အသက်ဘယ်လောက်ရှိပြီလဲ။ ”
“ဆယ့်လေးနှစ်ပြည့်တော့မှာပါ။ ”
“သြော် ငယ်သေးတာပဲ။ ညီမလေး ကျောင်းမတက်တော့ဘူးလား။ ”
“ဟုတ် မတက်တော့ပါဘူး။ ပန်းဝေက အိမ်မှာအကြီးဆုံးလေ။”
“ကဲ ရောက်ပြီ ဆင်းတော့။ အဲ့ပန်းတွေကားပေါ်မှာထားခဲ့။ လာ ပန်းဝေကို အစ်ကိုကမုန့်ကျွေးချင်လို့ပါ။ ”
ပန်းဝေ ကြောင်အမ်းအမ်းနှင့် ထိုလူခေါ်ရာသို့ လိုက်လာခဲ့မိသည်။ ကြီးကျယ်ခမ်းနားသောဆိုင်အပြင်ဆင်က ပန်းဝေရဲ့စိတ်ကို သိမ်ငယ်စေသည်။မှာထားပေးတဲ့ခေါက်ဆွဲကြော်နှင့်အအေးကိုအားပါးတရစားလိုက်မိသည်။ ဆန်ကြမ်းကြမ်းနှင့်ချက်ထားသောထမင်းကို ငါးပိရည်၊ချည်ရည်ဟင်းနဲ့စားခဲ့ရတာတစ်လမှာ ရက်နှစ်ဆယ်လောက်ရှိခဲ့သည်။ကြက်ဥ၊ဘဲဥတောင်အနားမကပ်နိုင်ခဲ့။ အစားကောင်းစားရတော့ လွမ်းဝေနဲ့နှင်းဝေကို သတိရမိသည်။ သူတို့လေးတွေလဲဘယ်လောက်စားချင်ရှာမလဲ။
“ညီမလေးစားလေ။ ဘာလဲ အိမ်ကလူတွေသတိရနေတာမလား။ အပြန်ကျပါဆယ်ယူသွား။ ကဲစားလက်စကုန်အောင်စားလိုက်။ပြီးရင် အစ်ကိုပြန်လိုက်ပို့ပေးမယ်။”
ဆိုင်တွင်းရှိနေချိန်ရော အိမ်ပြန်လမ်းတလျှောက် ပန်းဝေရဲ့မိသားစုအကြောင်း အားလုံးပြောပြပြီးငိုကြွေးမိတော့ သူ့ရင်ခွင်ထဲထွေးပွေ့ပြီး အားပေးနှစ်သိမ့်စကားဆိုခဲ့သည်။ခဏတာခိုဝင်ခဲ့ဖူးတဲ့ရင်ခွင်နွေးနွေးကို ပန်းဝေ ပြန်တွေးတိုင်းကျေနပ်နှစ်သက်နေခဲ့မိသည်။ တနေကုန်ရေထမ်းရောင်းရ၊ အဖေ့ကိုပြုစုရ၊ ထမင်းဟင်းချက်ရ ပင်ပမ်းလွန်းနေပေမဲ့ညနေစောင်းပြီဆိုတာနဲ့ ရေချိုးသနပ်ခါးရေကျဲလေးပွတ်ပြီးပန်းရောင်းထွက်နေရတဲ့ ပန်းဝေအဖို့ ယောကျ်ားတစ်ယောက်ရဲ့အထိတွေ့ကသာယာစေခဲ့သည်။နေ့စဥ်လုပ်နေရတဲ့ အလုပ်တစ်ခုက အခုမှပျော်ရွှင်ခြင်းတွေနဲ့အစပြုလာခဲ့တော့သည်။
အစ်ကိုကြီးပေးလိုက်သည့် မုန့်ဖိုးနဲ့သနပ်ခါးဘူး ၊ စျေးပေါတဲ့နှုတ်ခမ်းနီတောင့်လေးဝယ်လာခဲ့မိသည်။ ညနေပန်းရောင်းထွက်တိုင်း ပန်းဝေအလှပြင်တတ်ခဲ့ပြီ။ညရှစ်နာရီပန်းရောင်းသိမ်းခါနီးတိုင်း အစ်ကိုကြီးရောက်လာတတ်ပြီး အစ်ကိုကြီးကားပေါ် ပန်းဝေလိုက်သွားမိနေတော့သည်။
“ချစ်တယ် ပန်းဝေရယ်။ အစ်ကိုကြီးကို ချစ်လားဟင်။”
“ဟင်အင်း ပန်းဝေမပြောတတ်ဘူး အစ်ကိုကြီး။ဒါပေမဲ့”
“ဒါပေမဲ့ ဘာဖြစ်လဲ ဆက်ပြောလေ ပန်းဝေ။”
“ပန်းဝေ ပန်းဝေ အစ်ကိုကြီးကိုနေ့တိုင်းတွေ့ချင်နေမိတာ။
ပန်းဝေ တို့ကအစ်ကိုကြီးတို့ရဲ့ဘဝနဲ့အလှမ်းဝေးမှန်း ပန်းဝေ သိပါတယ်။ ”
“အဲ့ဒါတွေပြောမနေပါနဲ့ ပန်းဝေ။ အစ်ကိုကြီးသိတာတော့ ပန်းဝေကိုချစ်တာပဲသိတယ်။ ချစ်တယ် ပန်းဝေ။”
“အစ်ကိုကြီး အဲ့လိုတွေမလုပ်ပါနဲ့။ ပန်းဝေကြောက်တယ် အစ်ကိုကြီး လွှတ်ပါနော်။”
“မလွှတ်တော့ဘူး ပန်းဝေ။ ပန်းဝေ အစ်ကိုကြီးကိုနားလည်ပေးပါ။ ချစ်တယ် ပန်းဝေ”
ပန်းဝေ ပါးစပ်ကငြင်းနေမိပေမဲ့ အစ်ကိုကြီးရဲ့အပြုစုအယုယကြားမှာ နစ်မြောသွားမိတော့သည်။ နှုတ်ခမ်းဖျားမှအစ လည်တိုင်တို့ကိုနမ်းရှိုက်ရင်း အစ်ကိုကြီးလက်အစုံက ပန်းဝေရဲ့ရင်အစုံပွတ်သပ်ရင်းတစစနဲ့ ပန်းဝေခန္ဓာကိုယ်ပေါ်ကအဝတ်တို့ဗလာနတ္တိ။ အထိတွေ့နဲ့သွေးသားရဲ့တောင်းဆိုမှုတွေကြား ပန်းဝေရဲ့အပျိုစင်ဘဝလေး အစ်ကိုကြီးရဲ့ကားပေါ်မှာပေးဆပ်လိုက်မိသည်။ ဆယ့်လေးနှစ်ဆိုတဲ့အရွယ်လေးမှာ ပန်းဝေ ယောကျ်ားတစ်ယောက်ရဲ့အထိတွေ့ကိုနှစ်သက်သွားမိခဲ့သည်။ အစ်ကိုကြီးက ဘယ်ကလဲ၊ ဘယ်မှာနေသလဲ ပန်းဝေ သေချာမသိ။ ပန်းဝေသိတာက အစ်ကိုကြီးပေးတဲ့လက်ဆောင်ပစ္စည်းတွေ၊ မဖြစ်စလောက်ငွေကြေးနဲ့ အယုယအကြင်နာ။
ပန်းဝေ ရူးမိုက်စွာနဲ့မက်မောမိခဲ့တာ နေ့စဥ်အစ်ကိုကြီးနဲ့တွေ့ရဖို့။ အစ်ကိုကြီးပေးထားတဲ့ လက်ပတ်နာရီလေးကို မကြာခဏကြည့်ရင်း မျှော်လိုက်ရတာ လည်ပင်းကျိုးကျမတတ်။ ခုရက်ပိုင်း အစ်ကိုကြီး အလာကျဲသွားခဲ့ပြီ။ မတွေ့ရတဲ့နေ့တွေများဆို မျက်ရည်ကျတဲ့ထိ လွမ်းဆွတ်နေခဲ့မိတဲ့ထိ။ ငယ်ရွယ်နုနယ်တဲ့နှလုံးသားလေး ဒဏ်ရာအနာတရတွေနဲ့ ကျန်နေခဲ့မှာ
ပန်းဝေကြောက်တယ်လေ။ အစ်ကိုကြီးဆီက ဘာမှမရလဲ မပြောဖြစ်တော့ဘူး။ အခု ပန်းဝေဖြစ်နေတာက အစ်ကိုကြီးနဲ့တွေ့ရဖို့၊ အစ်ကိုကြီးရဲ့မေတ္တာအကြင်နာတွေရဖို့ မျှော်လင့်မိရုံလေးပါပဲ။
*****************
“ဟဲ့ မိန်းမတွေ အသံတွေထွက်မနေနဲ့။ နင်တို့အပေါက်တွေပိတ်ထားကြနော်။ ငါမသိပဲနဲ့ အောက်ဆိုဒ်ထွက်မယ် မစဥ်းစားကြနဲ့။ ငါလုပ်စားလာတာ အံတိုနေပြီ။ ကြည့်နေကြည့်စားကြ။အကျော်ခွဇယားတွေကြားလို့ကတော့ ငါ့အကြောင်းသိတယ်မလား။ အလုပ်ပါလုပ်စားမရအောင် ငါလုပ်လိုက်မှာ။”
“မာမီရယ် မာမီ့ကိုတော့ဘယ်သူမှ မကျော်ရဲပါဘူး။
ဒေစီတို့က တစ်ခုခုဆို မာမီ့ကိုသတင်းကြိုပို့ပြီးမှ လုပ်ရဲတာပါ။ မာမီက အလုပ်အပ်ပေးရင်တောင် သမီးတို့အပေါ်ခေါင်းပုံမဖြတ်ဘူး။ တန်ရာတန်ကြေးရဖို့ လုပ်ပေးခဲ့တာ ။ မာမီ့စေတနာတွေ သမီးတို့နားလည်ပြီးသားပါ။ ”
ငယ်ရွယ်နုနယ်စဥ်အချိန်မှာ အချစ်ကိုဗန်းပြပြီး ဘဝကိုအချိုချောင်စျေးနဲ့ နှိုက်တတ်တဲ့ယောကျ်ားတွေလောကမှာအများကြီး ရှိနေခဲ့တာ ပန်းဝေ ဘဝနဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာပါ။
လမ်းဘေးမှာမိသားစုအတွက် ရရာအလုပ်လုပ်ပြီး ကြိုးစားရုန်းကန်နေကြသူတွေကို တဏှာရမ္မက်တစ်ခုအတွက် ပန်းကောင်းအညွှန့်ချိုးသွားခဲ့သူ ဦးကျော်မိုးနဲ့ ပန်းဝေ ပြန်ဆုံခဲ့ပါသေးတယ်။မနူးမနပ်အရွယ်မှာ အထိတွေ့ကိုသာယာပြီး မိုက်ခဲ့မိတဲ့ ပန်းဝေ။ ဗိုက်တစ်လုံးနဲ့အဖေရောမိသားစုပါ ခေါင်းမဖော်နိုင်အောင် ဖြစ်ခဲ့ရသည်။ ရပ်ကွက်လိုမဆိုသာတဲ့ ကျူးကျော်လိုနေရာလေးက မိန်းကလေးတစ်ယောက်အစော်ကားခံရပြီး ဘဝပျက်သွားခဲ့တာ ဘယ်သူကမှအရေးယူကာကွယ်မှုမရှိခဲ့ပါဘူး။ သောကဒုက္ခတွေ ပင်လယ်ဝေပြီး အောက်ဆုံးထိထိုးကျသွားခဲ့ရတဲ့ဘဝတွေ ဘယ်လောက်တောင်များလိုက်သလဲ။ တစ်လတောင်မကြာလိုက်တဲ့အချိန်လေးတစ်ခုမှာ သူတို့လိုတာရဖို့အတွက် ငွေ၊ လက်ဆောင်ပစ္စည်းလေးမဖြစ်စလောက်ပေးပြီး အသက်မပြည့်သေးသည့်ကလေးသာသာအရွယ်လေးတွေကို စည်းရုံးသိမ်းသွင်းသည်။
လိုတာရသွားချိန်မှာ ပြန်လှည့်မကြည့်ခဲ့တဲ့ တချို့သောအိမ်ထောင်ရှိအမျိုးသားတွေ စည်းမစောင့်တတ်မှုကြောင့်
ပန်းဝေလို အသွေးသားရောင်းစားကြရတဲ့ထိ ဘဝပျက်သွားကြသူအများကြီး။ ဘယ်သူမပြု မိမိမှုရယ်လို့ ဆိုရိုးရှိခဲ့ပေမဲ့
မသိနားမလည်သေးတဲ့အရွယ်လေးတွေ ကူညီဖေးဖပေးသူမရှိတာမို့ ရိုးရိုးသားသား လမ်းဘေးပန်းရောင်းနေရတဲ့ဘဝကနေ မရိုးမသားစီးပွားရှာရတဲ့ ညဥ်ငှက်မလေးတွေအဖြစ် ကူးပြောင်းသွားခဲ့ကြတာ ပန်းဝေအပါဝင် ဆယ့်တစ်ယောက်။
အချိန်နဲ့အမျှ ပြောင်းလဲသွားတတ်သည့် လူ့စိတ်မနောတွေလဲ ပန်းဝေ နားလည်ခဲ့ပြီ။ ဦးကျော်မိုးနဲ့ပြန်တွေ့တော့လဲ အခုမှတွေ့ဖူးကြတဲ့သူတွေလိုပါပဲ။ သူ့အမျိုးသမီးလေးနဲ့ပါ ပန်းဝေကိုမိတ်ဆက်ပေးခဲ့သေးသည်။ ပန်းဝေ ဘယ်သူပါလို့တော့ ပြောပြမသွားခဲ့။ ပန်းဝေလက်ဆွဲထားတဲ့ ကလေးလေးရဲ့အဖေကိုမြင်နေရပေမဲ့ ဘာခံစားချက်မှရှိမနေတော့တာ အံ့သြစရာ ကောင်းလှသည်။ ချမ်းသာသူတွေက ခရီးသွားဟန်လွဲ
ဗွက်အိုင်ထဲ နင်းမိခဲ့တယ်ဆိုပေမဲ့ ဗွက်အိုင်ထဲက ဖားတစ်ပိုင်းငါးတစ်ပိုင်းကတော့ ဒဏ်ရာဗလပွနဲ့ အသက်ရှင်ဖို့မနည်းရုန်းကန်ခဲ့ရတယ်ဆိုတာ
လောကကြီးကနေတဆင့် ပြောပြလိုက်ချင်ပါသေးတယ်။
အခုတော့ ပန်းဝေ လွမ်းမနေတော့ပါဘူးလို့။
×××××××××××××××
အချိန်ကာလတစ်ခုက လူ့ဘဝကိုအများကြီး ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။ ပန်းဝေလို့ကြားလိုက်တဲ့အချိန် ကျောထဲစိမ့်ကနဲ။မိုးပေါ်ကိုတက်သွားတဲ့ မီးခိုးငွေ့တွေကိုကြည့်ပြီး
မျက်ရည်တို့စီးကျလာခဲ့သည်။ ရင်ထဲကအကြိမ်ကြိမ်တောင်းပန်မိတဲ့စကားက သမီးကိုခွင့်လွှတ်ပါ မာမီရယ်။ မာမီ့စေတနာတွေကိုသမီး နားမလည်ပဲ ဆိုးမိုက်မိခဲ့တာတွေအတွက် သမီးတောင်းပန်ပါတယ်။ ပြည့်တန်ဆာလုပ်စားတဲ့အမေတစ်ယောက်အဖြစ် အရမ်းကိုနာကြည်းမုန်းတီးမိခဲ့သည်။ ဒီနေ့ထိ အမေအဖြစ်အသိမှတ်ပြုပြီး မခေါ်ခဲ့မိတာရင်နာမဆုံးဖြစ်ရသည်။ ခရေ့အတွက်ဘာမှလိုလေသေးမရှိအောင် တာဝန်ယူပေးခဲ့တဲ့ မွေးမိခင်။
“ညီမလေး ခရေဖြူ ပြန်ကြရအောင်နော်။ ”
အနောက်ကခေါ်လိုက်တဲ့ မမလွမ်းဝေ။ အဒေါ်တော်ပေမဲ့ မမလွမ်းဝေလို့သာ ခေါ်ခွင့်ရခဲ့သူ။
“အဟင့် မမလွမ်းဝေရယ် ခရေ သိပ်မှားခဲ့တယ် မမရယ်။ မာမီခရေ့ကိုနာကြည်းမုန်းတီးနေမလား မသိဘူး။ မာမီရဲ့နောက်ဆုံးအချိန်မှာတောင် ခရေ အရောက်မလာနိုင်ခဲ့ဘူး။ မာမီ့ကို ခရေချစ်တယ်လို့တောင်ပြောခွင့်မရလိုက်ဘူး မမရယ်။ ”
“သမီးရယ် မမကသမီးကိုသိပ်ချစ်တာပါ။ ဒါကြောင့် သမီးရဲ့ဖြူစင်တဲ့ဘဝလေးကို သူ့ဘဝထဲအဝင်မခံခဲ့တာပေါ့။ မမတို့နဲ့ညီအမတွေအဖြစ် ဘဝသစ်တစ်ခုကိုသူဖန်တီးပေးခဲ့တာ။ ညစ်ထေးပြီးစုတ်ပြတ်နေတဲ့ သူ့ဘဝရဲ့အရိပ်မဲတွေ သမီးလေးကိုကူးစက်လာမှာစိုးလို့ အဝေးကနေပဲ သူစောင့်ရှောက်ခဲ့တာပါ။ ပြီးတော့ သူ့ဟာသမီးထင်နေသလို ဘဝတစ်လျှောက်လုံးပြည့်တန်ဆာခေါင်းဆိုတဲ့ဘဝကြီးနဲ့ ရပ်တည်ခဲ့တာမဟုတ်ပါဘူး။ မတတ်သာလို့ ဒီဘဝကြီးထဲရောက်ခဲ့ရပေမဲ့ သူကိုယ်တိုင်ရအောင်ရုန်းထွက်ခဲ့သလို သူ့ပတ်ဝန်းကျင်မှာရောက်လာသမျှကိုလဲ မိန်းမသားချင်းကိုယ်ချင်းစာတရားတွေနဲ့ ကောင်းမွန်တဲ့ဘဝတွေရရှိအောင် လူမှုပတ်ဝန်းကျင်ကောင်းလေးတွေမှာ အသက်ရှင်ရပ်တည်လို့ရအောင် အများကြီးသူကြိုးစားပေးခဲ့လို့ တော်တော်များများ လမ်းမှန်ပေါ်ရောက်အောင် တွန်းပို့ပေးနိုင်ခဲ့ပါတယ်။ လူဆိုတာ က်ုယ်ဖြစ်ချင်တဲ့ဘဝကို ရကြတာမှမဟုတ်တာ။ ရလာတဲ့ဘဝမှာ အကောင်းဆိုး အကြောင်းကျိုးခွဲခြားပြီး မှန်ကန်တဲ့လမ်းကိုရွေးတတ်ကြဖို့ပဲ လိုအပ်တာပါ။ သူ့ရွေးချယ်မှုတွေမှန်ကန်ခဲ့လို့ မမလွမ်းဝေ၊ မမနှင်းဝေနဲ့ ခရေလေးတို့ကို သူအရိပ်မဲလွှမ်းမိုးမှုမရှိတဲ့ နေရာမှာ ဖြူစင်သန့်ရှင်းတဲ့ ဘွဲ့ရပညာတတ်ညီအမသုံးယောက်အဖြစ် လောကကြီးထဲမှာစိတ်ချစွာထားခဲ့နိုင်တာပေါ့။ သူမှားခဲ့တဲ့အမှားထဲကနေသင်ခန်းစာယူပြီး တခြားသူတွေကိုပါ အထောက်ပံ့ကောင်းတွေနဲ့ပြုပြင်ပေးနိုင်လို့ ဒေစီတို့ စကားဝါတို့တွေ အေးချမ်းကောင်းမွန်တဲ့မိသားစုတွေပိုင်ဆိုင်နေကြပြီလေ။ ဒါကြောင့် ခရေ မမနဲ့ပတ်သက်ပြီးနာကြည်းမုန်းတီးနေတာတွေ ဖြေလျော့လိုက်တော့နော်။ လူ့ဘဝရောက်လာခဲ့စဥ်မှာ မမက သူ့တာဝန်သူကျေပွန်အောင် ပေးဆပ်ခဲ့ပြီးပြီ။ မမတို့မှာ တာဝန်တွေအများကြီးရှိနေသေးတယ်။ မမထားခဲ့တဲ့ လူမမယ်ကလေးတွေဘဝလုံခြုမှုရအောင်ကာကွယ်စောင့်ရှောက်ဖို့ ပြုစုပျိုးထောင်ဖို့ ပန်းဝေ
ဂေဟာလေးကို တာဝန်ယူကြရအောင်နော်။ လာ ပြန်ကြစို့”
မမရေ ကောင်းမွန်ရာဘဝကို အေးချမ်းစွာသွားပါတော့နော်
အရာရာတွက် မမကိုကျေးဇူးတင်ပါတယ်။ လူတစ်ယောက််ကို တစ်ခါသာချစ်ခဲ့ပြီး တစ်ဘဝလုံး အလွမ်းတွေနဲ့သိမ်းထားခဲ့တဲ့ ပန်းဝေ။ ပန်းကောင်းအညွန့်ချိုးခံဘဝကနေ ပြန်ရုန်းထပြီး လူတကာလေးစားခံရတဲ့ ဘဝထိကြိုးစားပြသွားခဲ့တဲ့ မမတွက် ညီမလေးတို့ဂုဏ်ယူနေမှာပါ။ မမထားခဲ့တဲ့ ပန်းဝေဂေဟာလေးအတွက် စိတ်ချနေပါတော့နော်။ အညွန့်ချိုးခံဘဝလေးတွေမဖြစ်ဖို့ လွမ်းဝေတို့ကြိုးစားစောင့်ရှောက်ပါ့မယ်
ကြယ်စင်/လားရှိုး
12-5-25