မထင်ရှားသောကွက်လပ်

Posted on

မထင်ရှားသောကွက်လပ်(စ/ဆုံး)

———————————-
“”ဗျို့ဆရာလေး
ဟင်းစားလာပေးတာဗျ””
ဦးဖိုးနီက
သူနေသောအဆောင်နှင့်ဝေးသေးသော
လည်း ကန်သင်းရိုး မှနေ၍လှမ်းအော်လေသည်။
ကြည့်လိုက်တော့ငါးရံ့တစ်ဆွဲနှင့်ဖြစ်ကာ
လက်ထဲမှပလိုင်းတစ်လုံးနှင့်ဘာတွေလည်းမသိပေ။
ဒီရွာရောက်စကအပြောအဆိုအမူအရာများက
သူလိုမြို့သားအဖို့အကျွမ်းမဝင်လှတာမို့
ရိုင်းလိုက်လေဟုထင်မိသေးသည်။
နောက်မှထိုရွာကလေးရှိရွာသူရွာသားများမှာ
အပြောသာမတတ်ကြလျက်သဘောဖြူအူစင်း
များဖြစ်ကြောင်းဆရာလေး””အောင်ကျော်သူ””
နားလည်လာမိသည်။
တစ်ရွာလုံးငါးရှာဖားရှာနှင့်
လယ်ထဲ၊ယာထဲတွင်သာအချိန်ကုန်နေကြကာ
ပညာရေးသည်သူတို့အတွက်အလှမ်းဝေးသော
ခူးရန်မမှီသောစပျစ်သီးလိုပင်။
ချိုမှန်းသိပါလျက်
တကယ်မခူးဆွတ်နိုင်ကြသည့်အခါ
ချဉ်ပါတယ်ဟုလစ်လျှူရှုကြတာပင်။
ခုလည်းဘာထူးလဲ။
ထိုရွာက ကလေးတွေပညာတစ်ပိုင်းတစ်စသင်၊
အချိန်တန်လယ်ထဲယာထဲရောက်မယ့်တူတူ
ငယ်ငယ်လေးတည်းက ကလေးကူထိန်းတန်ထိန်း။
သို့မဟုတ်ရင်နွားစာမြက်သယ်စသည်ဖြင့်
ခိုင်းကောင်းကောင်းဖြင့်ခိုင်းထားကြကာ
မူလတန်းကျောင်းကလေးတွင်ကျောင်းသား
ငါးဆယ်ပြည့်ဖို့အနိုင်နိုင်။
ဆရာလေး””အောင်ကျော်သူ””
ရောက်လာမှဆွယ်တရားဟောကောင်း၍
ကျောင်းသားဦးရေတက်လာတာဖြစ်သည်။
အောင်ကျော်သူမှာအတွေးစကိုဖြတ်လိုက်ရင်းဦးဖိုးနီပေးလာသောငါးရံ့ကိုခုတ်သင်လိုက်ကာ
ဟင်းတစ်အိုးဖန်တီးလိုက်သည် ။ထမင်းတစ်အိုးချက်လိုက်ရင်ဒီနေ့ဆရာလေးအောင်ကျော်သူအတွက်ဖူလုံပေပြီ။
ဒီရောက်စက
ရွာကလည်းခေါင်၊ထမင်းဟင်းကလည်းမချက်တတ်နှင့်အတော်
ဒုက္ခရောက်ရသည်။ထမင်းကမြို့တွေမှာလိုပလပ်ထိုး
လိုက်သည်နှင့်ထမင်းတစ်အိုးဖြစ်မလာပေ။
ထင်းကိုခက်ခဲတကြီးမီးမွေးနိုင်မှ
ထမင်းကောင်းတစ်အိုးဖြစ်လေသည်။
ဒီစရောက်တဲ့ရက်ကမှတ်မိနေသေးသည်။
လှေတစ်တန်ကားတစ်တန်ဖြင့်ရောက်လာခဲ့ရသမျှ
ရွာအခြေအနေမြင်တော့လှည့်ပြန်ပြေးချင်သည်။
တဲသာသာအိမ်ကလေးကသူနေရန်
အဆောင်ဟုဆိုလာတော့
စိတ်ဓာတ်ကျလိုက်သည်ဖြစ်ခြင်း။
သူ့အတွက်ပေးသောအဆောင်လေး
တွင်သူ့တွင်ပါလာသောအထုပ်များကို
ချကာကျောဆန့်လိုက်သည်။
မကြာပါဝါးခြမ်းကြမ်းခင်းကို
တကျွီကျွီမြင်အောင်နင်းတက်လာသောခြေသံကြောင့်
မျက်လုံးဖွင့်ကြည့်လိုက်ရာ
အသက်ဆယ်နှစ်၊ဆယ့်နှစ်နှစ်အရွယ်ကလေး
လေးငါးယောက်။ကလေးသေးသေးလေးပါ
လက်ဆွဲလျက်ပါလာသေးသည်။
သူကြည့်လိုက်တော့တချက်တွန့်သွားကာ
လက်ထဲမှပစ္စည်းလေးများကို
သူ့ဘေးတွင်ချကာပြန်သွားရန်ပြင်ကြသည်။
သူက
“”နေပါဦးသားတို့သမီးတို့ရဲ့””
သူပြုံးပြကာပြောလိုက်တော့မျက်နှာများအနည်းငယ်
ဝင်းလက်လာကြသည်။
သူကပါလာသောဘီစကစ်ထုပ်ကိုဖောက်လိုက်ကာ
တစ်ထုပ်စီဝေပေးလိုက်လေသည်။
“”ကဲနေပါဦးသားတို့နာမည်လေးတွေပြောပါဦး”””
အနည်းငယ်သွက်လက်ပုံရသောကောင်လေးက
“”ငါ့နာမည်ကဂျစ်တူး၊သူကမိပေါက်၊သူကဖိုးကျော်”””
အောင်ကျော်သူမှာဂျစ်တူးဆိုသောကောင်လေး
အသုံးအနှုန်းကြောင့်အံ့သြသွားရကာ
“”နေနေနေပါဦးသားရယ်သားတို့စကား
ပြောရင်ဒီလိုပဲငါ လို့ပြောတာလား””
“”ဟုတ်တယ်လေဒါနဲ့နင့်နာမည်ကရော
နင်ကကြည့်လို့ကောင်းတယ်”””
ပြောရင်းလက်မဲမဲလေးကမျက်နှာလာထိသည်။
သူပြုံးလိုက်မိကာအပြစ်လည်းမတင်ရက်ပါ။
သူရောက်စကနဲ့စာရင်ခုတော့
အပြောအဆိုအသုံးအနှုန်းတွေယဉ်ကျေးစပြုလာလေပြီ။
သူအတွေးစကိုဖြတ်လိုက်ကာ
နာရီကြည့်လိုက်တော့ရှစ်နာရီထိုးတော့မည်
ရေအပြေးအလွှားချိုးကာ
ကျောင်းသို့ပြေးရတော့မည်။
~~~~~~~~~~~~~~~~~~~~~
{၂}
ဒီရွာကလေးကတစ်ရွာတည်းပေမယ့်
တောင်ကျချောင်းကလေးတစ်ချောင်းရှိကာ
မိုးဆိုအတော်ခက်ခဲလေသည်။
နွေဆိုချောင်းကလေးမှာရေခမ်းလျက်သာမန်
လမ်းကလေးတစ်ခုမျှသာ
ခုတော့ရေများကပြည့်လျှံနေလေသည်။
ယာယီတံတားလေးက
ချောင်းကိုဖြတ်ကူးကာကျောင်းသို့
လာရသောကလေးများအဖို့
လုံလောက်မှုမရှိပေ။
“”အောင်ကျော်သူ””မှာကျောင်းရောက်သည်နှင့်
ကလေးများစုံမစုံမျှော်ရတာသူ့အလုပ်ဖြစ်လို့နေသည်
တစ်ကျောင်းလုံးတွင်အထွေထွေလုပ်သားသက်ထူးနှင့် သူသာရှိကာဆရာကြီးကလွန်ခဲ့သောတစ်လကရာထူးတိုးနှင့်ပြောင်းရွှေ့ပါလေပြီ။
လက်ရှိဤကျောင်းတွင်သူသာတာဝန်အရှိဆုံးဖြစ်၍နေလေသည်။
တစ်နေ့
ထိုနေ့ကားကံဆိုးမိုးမှောင်ကျသောနေ့ဖြစ်သည်။
ညတည်းကလေပြင်းတွေတိုက်နေရာ
မနက်ရောက်တော့မိုးပါပါလာလေသည်။
ဒီအတိုင်းဆိုကျောင်းလာတဲ့ကလေးတွေအခက်တွေ့တော့မည်။
ဒီနေရာမှာကမြို့မှာလိုမိုးကာတွေထီးတွေရှိတာမဟုတ်။
နှီးခမောက်အရှည်ကြီးများကိုသာသုံးနိုင်ကြသည်။
ဆရာလေး””အောင်ကျော်သူ””တစ်ယောက်
စိတ်မအေးနိုင်ဖြစ်ကာမိုးကာတစ်ထည်
ထီးတစ်ချောင်းနှင့်ချောင်းဘက်ထွက်လာခဲ့သည်။
မိုးကတစ်ညလုံးစွေချင်တိုင်းစွေထားတာမို့
ရေစီးကကြမ်းလှကာယာယီဝါးတံတားလေးက
ယိမ်းထိုးနေလေသည်။
ဆရာလေးအောင်ကျော်သူမှာ
င်္ထးအကြီးတစ်ချောင်းနှင့်မိုးကာဝတ်ထားသည့်တိုင်
လုံချည်အနားစများကစိုရွှဲနေကြလေပြီ။
ချောင်းရဲ့တစ်ဖက်မှာတော့မသဲမကွဲသော
အရိပ်လေးများကသူ့ကလေးများဆိုတာ
ပြောစရာမလိုပေ။
သူထီးကိုဝှေ့ယမ်းပြလိုက်တော့
သူမှန်းသိသွား၍ထင်သည်။
ရေစီးအရှိန်ကြောင့်ခါယမ်းနေသောချောင်းကလေး
ကိုကူးလာကြလေသည်။
“”ဆရာ”””
တစ်ခေါ်ခန့်သာဝေးသော်လည်း
မိုးသံလေသံများကြားကခေါ်သံသဲ့သဲ့လေးကြားနေရသည်။
အသံနှင့်မရှေးမနှောင်းမှာပင်
“”ဝုန်းဖလော”””
“”အားးးးဂျစ်တူးကျသွားပြီလုပ်ကြပါဦး”””
ဆရာလေး””အောင်ကျော်သူ”မှာအသံကြားရုံရှိသေရသည်။
ယိမ်းထိုးနေသောဝါးတံတားလေးကို
အမြန်ဖြတ်ကျော်ကာဂျစ်တူးကျသွားရာဆီမှန်းကာ
ခုန်ချလိုက်လေသည်။
“”ဝုန်းးးးး”””
ရေကူး၍မည်မျှပင်တော်တယ်ဆိုစေကာမူ
ရေစီးကြားမှာလူးကာလိမ့်ကာဖြင့်
ပေါ်တစ်လှည့်မြုပ်တစ်လှည့်ဖြစ်နေသော
ဂျစ်တူး၏ကုတ်ပိုးအင်္ကျီစကိုဆွဲယူနိုင်လိုက်လေသည်။
ရေအဆန်ပြန်ကူးရတာမို့ခြေကုန်လက်ပန်းကျလုပြီဖြစ်သော်လည်း
သူတစ်ယောက်ထဲမဟုတ်တာမို့အားတင်ထားမိသည်။
မိုးကတိတ်လုလုဖြစ်လာကာ
အနည်းငယ်သာလှမ်းတော့သောဝါးတံတားလေးပေါ်ဂျစ်တူး
ကိုလှမ်းတင်လိုက်ပြီးသူတွက်တက်ရန်လက်အကမ်း
ခြေထောက်ဆီမှမခံမရပ်နိုင်စွာစူးအောင့်
လာသောဝေဒနာကြောင့်လက်ကတံတားဆီမကမ်းမိဘဲ
လူလည်းရေစီးထဲမျောပါသွားလေတော့သည်။
“”ဆရာ”””
ကျောင်းသူလေးများ၏အော်သံကချောင်းရိုးတစ်လျှောက်ပဲ့
တင်ထပ်သွားလေသည်။
ကံဆိုးမိုးမှောင်ကျစွာပင်ဆရာလေး
“”အောင်ကျော်သူ””၏ဇီဝိန်ကင်းမဲ့နေသောအလောင်းအား
စိတ်မကောင်းဖွယ်ရာရွှံနွံများကြားထဲ
ရှာဖွေတွေ့ရှိခဲ့လေတော့သည်။
~~~~~~~~~~~~~~~~~~~
{၃}
ဇာတ်သိမ်း
~~~~~~~~~~~~~~~~~
ဆရာလေးအောင်ကျော်သူသေပြီးတစ်ပတ်ခန့်အကြာ
အထွေထွေလုပ်သားတစ်ယောက်သာကျန်တော့သော
ရွာကလေးသို့ဆရာမလေးနှစ်ယောက်ရောက်လာခဲ့လေသည်။
“”ရွာကလေးကသာယာလိုက်တာနှင်းမို့ရယ်”””
“”အေးဟယ်ဘာပဲဖြစ်ဖြစ်ကိုယ်ဝါသနာပါရာ
အလုပ်မို့ဘယ်နေရာရောက်ရောက်သာသာယာယာပဲပေါ့
ပုလဲရယ်”””
“”ဒါနဲ့ရွာကလူတွေကတို့လာတာမသိဘူးထင်တယ်
လာမကြိုကြဘူးနော်””
“”အေးဟယ်”””
သူငယ်ချင်းနှစ်ယောက်ညည်းရင်းပြောရင်း
ချောင်းကူးတံတားလေးနားရောက်လာခဲ့သည်။
“”အလိုဒီဝါးတံတားလေးက
ငါတို့အထုပ်တွေနဲ့ဘယ်လိုကူးရမလဲ”””
“”ကျွန်တော်ကူသယ်ပါ့မယ်”””
ရုတ်တရက်ထွက်လာသောယောကျာ်းအသံကြောင့်
ပုလဲတို့သူငယ်ချင်းနှစ်ယောက်ကြည့်လိုက်ရာ
ရည်ရည်မွန်မွန်နှင့်လူတစ်ယောက်ဖြစ်နေလေသည်။
“”ဟုတ်ကဲ့ကူညီပါရှင်””
“”ရပါတယ်ဗျာကျုပ်တို့ကျောင်းကိုလာတဲ့
ဆရာမလေးတွေပဲ””
နှင်းမို့ကအံ့သြတကြီးဖြင့်
“”အစ်ကိုကကျွန်မတို့ဆရာမမှန်းဘယ်လိုသိတာလဲ
ကျွန်မတို့ကိုဒီရွာလေးမှာလိုအပ်တယ်ဆိုလို့
ယာယီခန့်ပေးလိုက်တာ
ရွာကတောင်မသိဘူးထင်တယ်””
“”သြော်ညီမတို့ပုံစံကြည့်တာနဲ့ဆရာမမှန်းသိပါတယ်”””
“”အစ်ကိုကဒီရွာသားနဲ့မတူဘူးနော်””
“”ကျွန်တော်ကဒီရွာမှာအလုပ်ကျတဲ့ကျောင်းဆရာပါ”””
ပုလဲနှင့်နှင်းမို့အနည်းငယ်ထူးဆန်းသွားရသည်
ပညာရေးမှူးပြောတာတော့
ဆရာတစ်ယောက်မှမရှိလို့သူမတို့ကိုယာယီခန့်လိုက်ရသည်ဆိုသည်။
ခုတော့ကျောင်းဆရာတဲ့။
“”ကဲဆရာမတို့အထုပ်တွေယူသွားမယ်
သေချာလိုက်ခဲ့ပေတော့”””
ဆရာဆိုသူကရှေ့မှအထုပ်ဆွဲသွားတော့
ပုလဲတို့နှစ်ယောက်နောက်မှလိုက်ခဲ့သည်။
ချောင်းတစ်ဖက်ကမ်းရောက်တော့
လူတစ်စုပုလဲတို့ဘက်လာနေလေသည်။
သူအတို့အနားရောက်သည်နှင့်
ရှေ့ဆုံးမှလူက
“”ဦးကရွာလူကြီးပါ
ဆရာမလေးတွေထင်ပါတယ်””
“”ဟုတ်ကဲ့ရှင်””
“”အားနာလိုက်တာဗျာကျုပ်တို့အသိနောက်ကျလို့
လာကြိုတာနောက်ကျသွားတာခွင့်လွတ်ပါဗျာ”””
“”ဟုတ်ကဲ့ရှင်ကျွန်မတို့လည်းရုတ်တရက်ကြီးရောက်လာတာ
မို့ပါရှင်”””
“”ဒီတံတားကအထုပ်ကြီးတွေနဲ့ဖြတ်လာရတာ
တော်တော်ပင်ပန်းခဲ့မှာပဲ”””
“”ဆရာတစ်ယောက်ကကူညီလိုက်တယ်ရှင့်
ဒီရွာကျောင်းကပဲဆို”””
“”ဗျာ””
သူကြီးမှာအံ့သြသလို””ဗျာ””သွားတာမို့
နှင်းမို့တို့အံ့သြရပြန်သည်။ဆရာအားကျေးဇူးတင်စကား
ပြောရန်အကြည့်
“”ဟင်ခုဏရှိနေသေးတာဘယ်ရောက်သွားပါလိမ့်””
သူကြီးကသူ့လူများအားအထုပ်တွေ
သယ်ခိုင်းလိုက်ကာဘာမျှမပြောတော့။
မျက်နှာတော့ပျက်၍နေလေသည်။
သူမတို့ကိုမဆောင်သို့ပို့ပေးပြီး
ပြန်သွားကြလေသည်။
ပုလဲတို့ရေမိုးချိုးပြီးတစ်အောင့်နားတော့သူကြီးအိမ်မှ
ထမင်းစားရန်လာခေါ်လေသည်။
သူကြီးအိမ်ရောက်တော့နှင်းမို့က
“”ဟိုဆရာလည်းမတွေ့ပါလားဦးလေး””
“”ခင်ဗျာ””
“”သြော်ကျွန်မတို့ကတစ်ရွာတည်းသင်မယ့်
သူချင်းသိထားချင်လို့ပါရှင့်””
“”ကျုပ်ဘယ်လိုပြောရမလဲမသိတော့ဘူးဗျာ””
ပုလဲက
“”ပွင့်ပွင့်လင်းလင်းပြောပါရှင်””
“”ဆရာမလေးတို့ဆရာလေး””အောင်ကျော်သူ””ကိုကြားဖူးလား””
“”အင်းကြားဖူးသလိုပဲသြော်ရုံးမှာနာမည်ကြီးနေတဲ့
ကျောင်းသားလေးကိုကယ်ရင်းအသက်ပေးသွားတဲ့စေတနာ
ဆရာလေး”””
“”အဲဒါပါပဲဗျာ””
ပုလဲကနားမလည်စွာဖြင့်
“”ဘာကိုလဲရှင့်””
“”ဆရာမလေးတို့ကိုတံတားမှာကူညီခဲ့တာဒီဆရာလေးပါပဲ””
ပုလဲနှင့်နှင်းမို့မျက်လုံးပြူးသွားကာ
“”ရှင်ဘယ်လိုဆရာလေးကသေသွားပြီပဲ
ဒါဒါဆို”””
သူကြီးမှာစိတ်မကောင်းသောမျက်နှာဖြင့်
“”သူ့ခမျာသေတာတောင်စိတ်မဖြောင့်ရှာဘူးထင်ပါရဲ့ဗျာ””
‘””ဘုရားကယ်ပါအမျှမဝေကြဘူးလားဟင်””
“”ရွာကအမျှဝေပေးပြီးပါပြီ
မနက်ဖြန်ဆရာလေးတို့မိသားစုလာမယ်
ဝါးတံတားလေးနေရာမှာဆရာလေးကို
ရည်စူးပြီးတံတားအသစ်လှူမှာတဲ့””
“”စိတ်မကောင်းလိုက်တာရှင်”””
ထိုနေ့ကပုလဲတို့နှစ်ယောက်မှာ
မထင်မှတ်ပဲကြုံလိုက်ရသောအဖြစ်အပျက်တိုက်ဆိုင်မှုကြောင့်
အိပ်၍မပျော်ကြပေ။အသက်ရှည်စဉ်က
ဖြည့်ဆဲရှိသောကွက်လပ်ကိုသေတဲ့ထိဖြည့်လို့
မပြည့်ပါလားဆရာလေးရယ်။
ကြောက်စိတ်ထက်သနားစိတ်ကပုလဲတို့ရင်ထဲပိုမိလေသည်။
ဒီလိုနဲ့ပုလဲတို့ရောက်ပြီးတစ်လခန့်အကြာ
ဆရာလေးအောင်ကျော်သူ၏မိသားစုများဆရာလေးအတွက်
ရည်စူးလှူဒါန်းသောတံတားရေစက်ချပွဲအလှူကို
ပုလဲတို့နှစ်ယောက်လည်းရွာသားမျာင့်အတူ
တက်ရောက်ခဲ့လေသည်။
အမျှဝေရာ၌
မျက်ရည်မကျသူမရှိပေ။
ထိုအထဲတွင်ဂျစ်တူးလေးကထိပ်ဆုံးကပါဝင်သည်။
ပုလဲတို့ကတော့
“”ဆရာလေးကောင်းရာသုဂတိလားပါစေဟုသာ””
ရင်ထဲမှလှိုက်လှိုက်လှဲလှဲဆုတောင်းပေးမိလေတော့သည်။

~~~~~~~~~~~~~~~~~~~
The end.
8:12pm
Writer’ Mon Mon Khaing
#MMKhorrorstories