မထားရက်ခဲ့သော်လည်း

Posted on

“မထားရက်ခဲ့သော်လည်း”(စ/ဆုံး)

—————————-

ကျွန်မဘယ်ရောက်နေတာလည်း၊ ကျွန်မမျက်လုံးဖွင့်ကြည့်လိုက်တော့အမှောင်ထုကဖုံးလွှမ်းနေတယ်၊ မှောင်မှောင်မည်းမည်းထဲမှာကျွန်မလမ်းလျှောက်နေတာလား၊ ခန္ဓာကိုယ်ကပေါ့ပါးနေတယ် ၊ ခုနကမောနေတာတွေ၊ အားနည်းလို့အသက်ရှုမဝတာတွေမဖြစ်တော့ဘူး၊ နေလို့ကောင်းလိုက်တာ၊

အသက်ရှုလို့ကောင်းနေတာနဲ့ ကျွန်မအကြောင်းပြန်တွေးလိုက်တော့ ၊ သတိရပြီ ၊ ကျွန်မနံမည်က မော်မော် ပါ၊ ရင်းနှီးတဲ့သူငယ်ချင်းတွေကတော့ မော်လေး လို့ခေါ်ကြပါတယ်၊

ကျွန်မကကျောင်းဆရာမတဦးပါ၊ ကျွန်မမှာချစ်ရတဲ့ ယောကျာ်းနဲ့ သားတယောက်၊ သမီးတယောက်ရှိပါတယ်၊ ယောကျာ်းနဲ့သားကအင်ဂျင်နီယာတွေမို့ ရွာထဲကအိမ်တွေဆောက်လိုက် ၊ တိုက်ဆောက် ၊ဘုန်းကြီးကျောင်းတွေမှာဇရပ်ဆောက်စတဲ့ လုပ်ငန်းများလုပ်ကိုင်ကြပါတယ်၊

သမီးလေးကတော့မွေးရာပါဥာဏ်ရည်နိမ့်တဲ့ဒေါင်းပုံစံမျက်နှာပိုင်ရှင်လေးမို့ အသနားပိုပြီးချစ်ရတဲ့သမီးလေးပါ ၊ သားနဲ့သမီးက ၁၀ နှစ်နီပါးအသက်ကွာတာမို့ သမီးလေးကိုရလာချိန်မှာကျွန်မတို့လင်မယားအရမ်းကိုပျော်ရွှင်ရပါတယ်၊

ဒါပေမဲ့သမီးလေးကိုမွေးတဲ့အချိန်မှာတော့ သမီးလေးမျက်နှာကတခြားကလေးတွေနဲ့မတူဘူးလို့တော့ထင်မိပေမဲ့ ဒေါင်းပုံစံကလေးဖြစ်လာမယ်လို့တော့မမျှော်လင့်ခဲ့မိပါဘူး၊

မွေးလာကတည်းကဖြူဖြူဖွေးဖွေးလေးမို့သမီးနံမည်ကို “ဖွေးဖွေး “လို့ဘဲ နံမည်ပေးခဲ့ပါတယ်၊ တဖြေးဖြေးကြီးလာတော့သမီးပုံစံဟာလက်မခံခြင်ပေမဲ့ လက်ခံရတော့မဲ့ ဒေါင်းကလေးပုံစံဖြစ်နေခဲ့ပါတယ်၊

သမီးလေးကျောင်းနေရတော့မဲ့အရွယ်ရောက်လာတော့ကျောင်းကိုခေါ်လာပြီး ၊ သူငယ်တန်းကသူငယ်ချင်းဆရာမလက်ထဲအပ်ပြီးစာစသင်ပေးခဲ့ပေမဲ့ သမီးလေးကတခြားကလေးတွေလိုစာမလိုက်နိုင်ရှာပါဘူး၊

စကားတော့ပီပီသသပြောနိုင်ပြီး ၊ ဥာဏ်ရည်ကတော့အရမ်းကြီးမနိမ့်ကျတာကိုတွေ့ရပါတယ်၊ သူ့ပတ်ဝန်းကျင်ကသူငယ်ချင်းတွေအားလုံးနဲ့ ကျွန်မသူငယ်ချင်းဆရာမတွေရဲ့နံမည်တွေကိုမှတ်မိပါတယ်၊ ကျောင်းစာကိုတော့မလိုက်နိုင်၊ မသင်နိုင်ရှာပါဘူး၊

အတန်းတင်စာမေးပွဲတွေစစ်တဲ့အခါ သူ့ဘေးနားထိုင်တဲ့သူငယ်ချင်းတွေဆီကစာကိုကူးချပြီးဖြေပါတယ်၊ သူ့နားမှာစာမေးပွဲဖြေနေတဲ့သူငယ်ချင်းကိုလည်းအဖြေလွှာမပြမချ​င်းတတွတ်တွတ်နဲ့ပြခိုင်းနေပြီး၊ သူကတော့အတင်းကြည့်ပြီးလိုက်ကူးရေးဖြေတာပါဘဲ၊

ကျောင်းကဆရာမတွေကလည်းကျွန်မသမီးအခြေအနေကိုသိနေတော့ ၊ ဒီအတိုင်းလွတ်ပေးထားလို့ စာမေးပွဲတိုင်းဖြေဆိုအောင်မြင်ပြီး တတန်းပြီးတတန်းတက်လာလိုက်တာ ၈ တန်းကျောင်းသူတောင်ဖြစ်နေပါပြီ၊ သူကဥာဏ်ရည်မမှီသူဖြစ်သော်လည်း ကျောင်းတွေဖွင့်လို့ သူ့သူငယ်ချင်းတွေစာမေးပွဲအောင်လို့အတန်းတက်သွားရင်သူကလည်းအဲဒီအတန်းမှာသွားထိုင်နေတော့တာပါဘဲ၊

သမီးလေးရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်းဖွံ့ဖြိုးလာလို့ အပျိုပေါက်အရွယ်တောင်ရောက်လာတော့၊ မနက်ကျောင်းသွားရင်ဆိုင်ကယ် ကယ်ရီသမားကလာခေါ် ၊ ညနေကျောင်းဆင်းရင်ပြန်ပို့နဲ့ နှစ်ယောက်ထဲဒီလိုသွားလာနေတာကို သူငယ်ချင်းဆရာမတွေကစိတ်မချဘဲ စိုးရိမ်လာကြပါတယ်၊

ကျွန်မကလည်းမနက်ကျောင်းမသွားမှီကျူရှင်ပြ၊ ညနေကျောင်းဆင်းရင် ကျူရှင်ပြနဲ့မို့မအားရပါဘူး၊ သူ့အဖေနဲ့အစ်ကိုကလည်းရွာထဲတင်မက တခြားမြို့နယ်များအထိ အိမ်ဆောက် ၊ တိုက်ဆောက်လုပ်နေရလို့ မအားကြတော့ သမီးလေးကိုအနီးကပ်ကြည့်ရှုပေးမဲ့သူလည်းမရှိဖြစ်နေရတာပါ၊

နောက်တချက်ကအခုဆိုဖုံးတွေကလည်းကိုင်လာကြတော့သမီးလေးကိုလည်း လိုတဲ့အခါဆက်သွယ်လို့ရအောင် ဖုံးဝယ်ပေးထားတော့ သမီးကဥာဏ်ရည်နိမ့်သူဆိုပေမဲ့ ဖုံးကိုတော့ကောင်းကောင်းသုံးတတ်ပြီး ၊ ဖုံးထဲပါတဲ့အကြောင်းအရာတွေကိုကောင်းကောင်းရှာဖွေကြည့်တတ်နေတော့စိတ်ကစားတတ်တဲ့အရွယ်လေးမို့ သူ့ကိုထိန်းကြောင်းရခက်လာပါတယ်၊

တရက်ကျွန်မကျောင်းသွားဖို့ဆိုင်ကယ် ကယ်ရီနဲ့အသွား ကျွန်မဝတ်ထားတဲ့ ကျောင်းလုံချည်ကချောပြီး ၊ဆိုင်ကယ်ပေါ်ကပြုတ်ကျသွားပါရော ၊ ဖင်ထိုင်ရက်ကျသွားတာမို့ မထနိုင်တော့တာနဲ့ရွာထဲကသူငယ်ချင်းဆရာမရဲ့ ယောကျာ်းဆေးခန်းကိုပွေ့ချီပြီးဝိုင်းပို့ပေးကြရပါတယ်၊

ဆရာဝန်ကခြေမထောက်နိုင်တော့လို့ကျိုးသွားတာဖြစ်မယ်ဆိုပြီး ဆေးရုံသွားခိုင်းလိုက်လို့ သူငယ်ချင်းနဲ့အတူဆေးရုံကိုသွားပြီး ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ ပေါ​င်ကျိုးသွားပြီး ၊ တင်ပဆုံရိုးအက်သွားတာကြောင့်ကျောက်ပတ်တီးစီး၊ ပေါင်ကျ်ုးတာကိုတော့စတီးချောင်းထည့်ပြီးခွဲစိတ်ခန်းမှာနာရီတော်တော်ကြာခွဲစိတ်ကုခဲ့ရပါတယ်၊

ဒီဒဏ်ရာတွေကြောင့် ကျောင်းလည်းမသွားနိုင်တော့ဘဲ ပင်စင်ယူလိုက်ရပြီး ၊ အိမ်မှာဘဲအနားယူနေရတော့ သမီးလည်းကျောင်းမသွားရတော့ဘူးဆိုပါတော့၊ တမျိုးတော့ကောင်းတာပါဘဲ၊

သမီးလေးနဲ့ရင်အုပ်မကွာနေရပြီး ကိုယ့်မျက်စိအောက်မှာဘဲ နေရတာဆိုတော့ ၊ သူ့ဖာသာဖုံးထဲပါတာတွေကြည့် ၊ သူငယ်ချင်းတွေဆီဖုံးဆက် ၊ဒီလိုနဲ့နေလာလိုက်တာ ကျွန်မလည်းပေါင်ကျိုးတာပြန်ကောင်းသွားပြီး၊ အိမ်မှာဘဲနေသားတကျနေ နေတဲ့အချိန်မှာ ကိုဗစ်ဆိုတဲ့ရောဂါပိုးအကြောင်းစသိလာခဲ့ရပါတယ်၊

စျေးသွားတာကလွဲလို့တခြားဘယ်မှမထွက်သူမို့ဒီရောဂါပိုးကူးစက်ခံရမှာမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့၊ တခြံထဲမှာနေတဲ့ကျွန်မမောင်လေးနဲ့ ညီမလေးတို့က ကိုဗစ်စဖြစ်လာကြပါတယ်၊

တခြံထဲမှာတိုက် ၂ လုံးဆောက်ပြီးနေကြတာမို့ အမေတို့နေတဲ့အိမ်ဘက်မှာမောင်လေးနဲ့ညီမလေးတို့ ကိုဗစ်ဖြစ်နေတာသိပေမဲ့၊ အမေ့ကိုလည်းစိတ်ပူတာနဲ့ mask တပ်ပြီး သွားကြည့်ပေးရပါသေးတယ်၊

နောက်တော့အမေ့ကိုတရားရိပ်သာပို့ထားလိုက်ပါတယ်၊ အမေကတရားစခန်းရက်ရှည်အမြဲဝင်နေတဲ့သူမို့ သူ့အတွက်အဆင်ပြေပါတယ်၊

သတိရှိရှိနဲ့အိမ်ကလူတွေကိုခဏခဏလက်ဆေးခိုင်း၊ အိမ်ထဲမှာနေတာတောင်း mask တပ်ခိုင်းပြီး နေကြပေမဲ့၊ အဲဒီရောဂါပိုးက ကျွန်မကိုကူးစက်လာပါတော့တယ်၊ ကျွန်မကဆီးချို၊ သွေးတိုးရောဂါအခံရှိသူမို့စဖျားဖျားခြင်းအားနည်းသွားပြီး အောက်ဆီဂျင်ကျလာပါတော့တယ်၊

တခြံထဲမှာကိုဗစ်ဖြစ်နေတဲ့သူ ၃ ယောက်ဖြစ်နေတာမို့ တအိမ်ထဲနေတဲ့သူတွေကိုအနားမကပ်ခိုင်းဘဲ၊ ကိုယ့်ဖာသာဆေးသောက် ၊ အားရှိတာတွေစားနေရင်းနဲ့တဖြေးဖြေးအောက်ဆီဂျင်ကျလာတာ ၇၀ လောက်အထိဖြစ်လာပါတော့တယ်၊

အဲဒီအချိန်ကတယောက်နဲ့တယောက်မကူန်ုင်တဲ့အချိန်ဖြစ်နေတာကြောင့်၊ အောက်ဆီဂျင်ဗူးရဖို့ ပရဟိတအသင်းတွေဆီဆက်သွယ်အကြောင်းကြားအကူအညီတောင်းပေမဲ့၊ ချက်ချင်းတော့မရခဲ့ပါဘူး၊ ညအချိန် ၁၂ နာရီထိုးချိန်မှာတော့ကျွန်မအောက်ဆီဂျင်က ၆၅ အောက်မီာရောက်နေပါပြီ၊

ဒါနဲ့သားကိုခေါ်ပြီး စာအုပ်တအုပ်နဲ့ကျွန်မကပေးရန်ရှိငွေတွေ၊ ရရန်ရှိငွေတွေကိုမှတ်ခိုင်းရပါတယ်၊ ကျွန်မသတိရှိနေတုန်းပြောရတာမို့၊ သားကလည်းမိက်ရည်ဖြိုင်ဖြိုင်ကျရင်း လိုက်မှတ်ပေးရှာပါတယ်၊ သူ့ခင်မျာ ကျွန်မကိုစိတ်မပူဖို့ပြောရှာပါတယ်၊

ယောကျာ်းနဲ့သမီးလေးကိုကျွန်မအခန်းထဲမဝင်ခိုင်းဘဲ ကျွန်မလုပ်စရာရှိတာတွေကိုစဥ်းစားမိသလောက်၊ သားကိုရေးခိုင်း ၊ မှတ်ခိုင်း ပြီးချိန်မှာတော့ ည ၂ နာရီထိုးနေပါပြီ၊ အားလုံးပြီးသွားချ်န်မှာကျွန်မရဲ့အောက်ဆီဂျင်က ၅၀ လောက်အထိကျနေပါပြီ၊

ကျွန်မအသက်ရှုလို့လည်းမကောင်းတော့ဘူး၊ အားကလည်းအရမ်းနည်းနေသလို ခြေတွေ လက်တွေကလည်းမလှုပ်နိုင်တော့ပါဘူး၊ ကျွန်မချစ်ရတဲ့ အမေ၊ ယောကျာ်း၊ သားလေးနဲ့သမီးလေးတို့ကိုမထားရက်ခဲ့ပေမဲ့၊ ကျွန်မခွဲသွားရတော့မှာပါ၊ ကျွန်မအမှောင်ထုထဲတဖြေးတဖြေးဝင်ရောက်လာခဲ့ရပါတယ်၊

မေသင်းလှိုင် (ရွှေဘို)

( ၆ ရက် ဇူလိုင်လ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကူးစက်ခံရပြီးကွယ်လွန်သွားသော သူငယ်ချင်းဆရာမ၏ခံစားချက်ကိုရည်ညွန်းရေးသားပါသည်၊ ၁၈.၇.၂၀၂၁ တွင် သူ၏ညီမ၊ ၂၆. ၇. ၂၀၂၁ တွင်သူ၏မောင်လေးတို့လည်းဆုံးပါးသွားခဲ့ပါသည်၊ တလထဲတနှစ်ထဲတွင်မောင်နှမ ၃ ယောက်လုံး ကိုဗစ်ကြောင့်သေဆုံးသွားခဲ့ရသည်၊)

Leave a Reply

Your email address will not be published. Required fields are marked *