မိထွေး(စ/ဆုံး)
———–
“အစ်မ ပန်းဝယ်ပါဦးရှင့်”
ချစ်စဘွယ် ကလေးမလေးဟာ ပါးနှစ်ဖက်ပေါက်အောင်ရယ်ရင်း အနားသို့တိုးကပ်လာခဲ့တယ်။
မီးစိမ်းအောင်စောင့်နေတဲ့ ကားတွေဆီကို တိုးဝင်ပန်းရောင်းနေသူလေး။
အလွန်ဆုံးရှိလှမှ ကိုးနှစ်လား။
ရှစ်နှစ်၊ အို ခုနစ်နှစ်လဲဖြစ်နိုင်တာပဲ။
ငယ်ရွယ်နုပျိုမှုကို စားသုံးခွင့်မရရှာတဲ့ကလေးလေးကို
ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်မြင်မိတဲ့အခါ. …
ငါလဲ ဒီအရွယ်မှာ
နွေးထွေးတဲ့ရင်ငွေ့မရရှိခဲ့ဘူးလေ။ ဒီကလေးမလေးအပြန်
နွေးထွေးမှုတွေနဲ့ကြိုမဲ့ မိဘရှိချင်ရှိဦးမှာ ..
ငါ့တုန်းကတော့…
“ဒိုရာ ကလေးကို ပန်းဖိုးပေးလိုက်ဦးလေ”
ကိုကို့အသံကြောင့် အတွေးကလန့်နိုးခွင့်ရသွားခဲ့တယ်။
ပိုက်ဆံကိုလှမ်းယူပြီး
ပါးခွက်အောင် ရယ်ပြနေပြန်တယ်။
“ကျေးဇူးတင်ပါတယ်ရှင့်”
ချစ်စနိုးနဲ့ ပါးဖောင်းလေးကို
လက်ညှိုးနဲ့တို့ကာ..
“နာမည်လေးက ဘယ်လိုလဲဟင်”
“မိထွေးပါရှင့်”
“ဘာ”
“မိထွေးပါ”
” အို…သွား… သွားစမ်း”
သတိလက်လွတ်အော်ထုတ်ပြီး ကားမှန်ကိုချပစ်လိုက်တယ်။ ရင်အစုံဟာ ဖားဖိုလို
နိမ့်ချည်မြင့်ချည်။
“ကလေးကို ဘာလို့အော်ထုတ်တာလဲဒိုရာရယ်၊ သနားပါတယ်”
“ကိုကို မသိဘူးလား
မိထွေးဆိုရင် အသံတောင်မကြားချင်လောက်အောင်
ဒိုရာမုန်းတယ်ဆိုတာ”
ကိုကိုက သက်ပြင်းချရင်း
ဒိုရာ့ခေါင်းကိုအုပ်ကိုင်ကာ
“သူက မိဒွေးမဟုတ်ဘူး
မိထွေး လူနာမည်မိထွေးလေ ဒိုရာ”
“တော်တော့ကိုကို
နာမည်ဘဲဖြစ်ဖြစ်
အဖေတွေရဲ့နောက်မယားပဲဖြစ်ဖြစ်
မိထွေးကို ဒိုရာမုန်းတယ်”
ကားကူရှင်မှာမှီပြီး
မျက်စေ့ကို စုံမှိတ်ထားလိုက်တဲ့အခါ မျက်ရည်နွေးတို့ ရစ်ဝိုင်းစီးကျလာလာသည်ထိ။
ဒိုရာအကဲပိုတာမဟုတ်ဘူးဆိုတာကို ကိုကို့အား ပြောပြရပါဦးမယ်။
ဒိုရာ မိထွေးကိုမုန်းဖို့
လုံလောက်ခဲ့ပါတယ်ကိုကိုရဲ့။
(၂)
” သမီးတို့ လာဦး၊ ဒီနေ့ ပါပါးက သမီးတို့ကို စားသောက်ဆိုင်မှာ လိုက်ကျွေးမလို့”
“ဟယ် ပျော်လိုက်တာ
တကယ်နော် ပါပါး …
ဆိုဖီရေ ဆိုဖီ
ငါတို့ကို ပါပါးက အပြင်ခေါ်ပြီးမုန့်ကျွေးမလို့တဲ့ဟေ့”
ဒိုရာဟာ ပျော်လွန်းလို့ခုန်ပေါက်နေခဲ့တယ်။
လေးနှစ်သမီးလေး
ဆိုဖီကရော ဘာထူးလဲ။
ဂျွမ်းတောင် ထိုးနေသေးရဲ့။
အခန်းကျယ်ကြီးတစ်ခုမှာ
သီးသန့်စားပွဲကြီး။
ကြက်ကင်အကောင်လိုက်။
ဒိုရာ့အကြိုက်။
ဟော ဝက်ပေါင်ခြောက်ကင်တွေကောပဲ။ ဆိုဖီ့အကြိုက်လေ။
ညီအစ်မနှစ်ယောက်ပေါ့။ ပါပါးကို
ပါပါးကြီး ဆိုကာ ဖက်နမ်းကြတယ်။ ပျော်လိုက်တာ။
အမြဲခရီးထွက်နေရတဲ့ ပါးပါးနဲ့ ခုလိုအပြင်မှာမဆုံစဖူးမို့ ပိုပျော်ကြတာပေါ့။
“ပါပါး ဗိုက်ဆာပြီ”
“စားကြလေ..”
“ဟေး…”
ညီအစ်မနှစ်ယောက်အားပါးတရ စားနေကြတုန်းမှာ ပါပါးက..
“ဟော လာပါပြီဗျား”
စားနေကြတာကို ရပ်ပြီးကြည့်လိုက်ကြတယ်ဆိုရင်ပဲ
မိန်းမတစ်ယောက်၊ တိတိပပပြောရရင် ပါပါးထက် အတော်ငယ်မဲ့ အမျိုးသမီးလှလှလေးဟာ ကနွဲ့ကယနဲ့ လျှောက်လာနေခဲ့တယ်။
“လာ ခင်ကြူ၊ အစ်ကိုမျှော်နေတာ”
“နဲနဲနောက်ကျသွားတယ်အစ်ကိုရယ်”
ဟင့်။ ချွဲပျစ်နေတဲ့အသံနဲ့ပါလား။ ပါပါးက ပါးစပ်ကြီးကိုဖြဲလို့ရယ်။
“ဒါက ဒိုရာ၊ သမီးကြီးလေ
ဆယ်နှစ်ရှိပြီ၊
သူလေးက ဆိုဖီ၊ ဒိုရာနဲ့ ခြောက်နှစ်ကွာတယ်”
ဆိုဖီက ဝက်ကင်ကိုသာငုံ့စားနေပေမဲ့ ဒိုရာခမျာ ဆက်မစားနိုင်တော့ဘူး။
ဘာလို့ဆို
ခံစားချက်မကောင်းတော့လို့ပေါ့။ ဒီမိန်းမဟာ နာမည်နဲ့လိုက်အောင် ပါပါးကို ကြူနေတာ သူ့မျက်လုံးမှာတွေ့နေရလို့ပဲ။
ဘာမှမစားရသေးပဲ
ဗိုက်ဝသွားခဲ့ရပြီ။
“သမီးတို့ရေ..ဒါ သမီးတို့ရဲ့မေမေအသစ်နော်”
ဘုရားကယ်ပါ။ မေမေအသစ်တဲ့။ မိထွေးပေါ့နော်။
Snow White နဲ့ Cinderella တို့ရဲ့ မိထွေးကိုတောင် ဇာတ်ကားကြည့်တိုင်း
ကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေခဲ့ဖူးတဲ့ဒိုရာပါ။
“ချစ်ဖို့ကောင်းလိုက်တာကွယ်၊ ဒိုရာနဲ့ဆိုဖီတဲ့လား
ကိုကိုက နာမည်ပေးသိပ်ခေတ်ဆန်တာပဲ ဟင်း ဟင်း ဟင်း’
“သူတို့အမေက အင်ဂလိုနဲနဲစပ်တယ်လေ၊ သူတို့အမေပေးတဲ့နာမည်တွေ ကြူရဲ့”
“အဲမမက နာမည်ပေးသိပ်တော်တာနော် ကိုကို ဟင်းဟင်း ဟင်း”
စကားတစ်ခွန်းမှာ ရယ်နေတာကအကြာကြီး။
ဒီလိုလေသံ၊ ဒီလိုအပြောမျိုးနဲ့ ပါပါးကို
ဒီမိန်းမဆွဲဆောင်ခဲ့တာကိုး။ ဒိုရာ့မနောမှာ
ဒီမိန်းမ မူမမှန်တာသိသလောက် ပါပါကတော့ မာယာညွှတ်ကွင်းမှာ သက်ဆင်းနေခဲ့ရှာပြီ။
အဲဒီမိန်းမ ဘယ်လောက်အရှက်အကြောက် နည်းသလဲဆိုတာကြည့်ကြပါဦး။
ဒိုရာတို့ကို စေ့စေ့ကြည့်ပြီး…
“သမီးတို့ကို မေမေချစ်တယ်နော် ၊ မေမေလို့ခေါ်ကြသိလား”
တဲ့လေ။
မဖြစ်နိုင်တာ။ ခုမှမြင်ဖူးကြတာများ။ ချစ်တယ်ဆိုပဲ။ ကဲ..။
အတင်းကာရော မေမေလုပ်နေပြန်သေးရဲ့။
အဲဒီနေ့ညနေဟာ ဒိုရာတို့အတွက် စုန်းမကြီးဖြစ်လာမဲ့
ခင်ကြူကို ခေါ်ဆောင်လာခဲ့တယ်။
နောက်နေ့မှာ လက်ဆွဲအိတ်လေးတစ်အိတ်ထဲ အဝတ်အနည်းငယ်ထည့်လာဟန်နဲ့
ပေါ့ပေါ့ပါးပါးပဲ ခင်ကြူရောက်လာခဲ့တော့တယ်။
သူဆင်းရဲမဟာ သူဌေးကတော်အဖြစ်
ပါပါးနဲ့အတူ မေမေနေခဲ့တဲ့
အခန်းထဲ မင်းမူပြီပေါ့လေ။
ဒိုရာတို့ ဘာမှမတတ်နိုင်တော့တဲ့အဖြစ်။
ဒိုရာငါးနှစ်ကျော် မှာ ဆိုဖီကိုမွေးပြီးချင်း မေမေဆုံးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လုံးမေမေ့ကိုသတိရတိုင်း မူးပြီးငိုနေတတ်တဲ့ပါပါးကို ဒိုရာသနားမိခဲ့တယ်။
ခုတော့ ပါပါးမငိုရတော့ဘူး။
မိထွေးခင်ကြူက အချွဲ အခရာထိပ်ခေါင်တင်ဆိုတော့ကာ….။
ဒိုရာရှေ့တောင်မရှောင်။
ပါပါးပြန်လာတာနဲ့ အတင်းဖက်တက် ပလီနေတာများ
တရော်ကင်ပွန်းရှုံးရရဲ့။ ပါပါးကတော့ ရယ်ပြီးရင်းရယ်နေခဲ့ရပြီ။ မေမေ့ကိုလဲ
သူမေ့ပစ်လိုက်ပြီထင်ပါတယ်။
ခင်ကြူရောက်လာကာစက ဒိုရာတို့အပေါ်သိပ်ချိုသာခဲ့တယ်။ ပါပါးမရှိတုန်း
လာထိန်းပေးတတ်တဲ့ မေမေ့ညီမဝမ်းကွဲ အန်တီမြင့်မြင့်ကိုလဲ…
” အစ်မရေ သမီးလေးတွေကို
ကြူထိန်းနိုင်ပါတယ်နော်၊ စိတ်ချနော်အစ်မ ၊ ကြူကအပျိုပေမဲ့ ကလေးချစ်တတ်တော့ ကိုယ့်သမီးလေးတွေလို ချစ်တာပါအစ်မရယ်၊ ယုံပါနော်”
အန်တီမြင့်မြင့်တို့
ယုံသလားတော့မမေးနဲ့။ ဒိုရာတို့ကို စိတ်ချလွန်လွန်းလို့ တရားစခန်းဝင်သွားတာသာကြည့်။
တစ်ရက် ဒိုရာကျောင်းကပြန်လာချိန် ဆိုဖီ့ကိုမတွေ့ဘူး။
“ဆိုဖီရေ ဆိုဖီ”
ခင်ကြူထွက်လာခဲ့တယ်။
” ဆိုဖီ မူကြိုကအပြန်
အိပ်ချင်လို့ဆိုပြီး အိပ်နေတယ်ဒိုရာ၊ ဘာလို့အသံဗြဲနဲ့ အော်နေရတာလဲ”
ဒိုရာဘာမှမပြောချင်။ လှည့်ထွက်လာခဲ့တဲ့အခါ
လက်မောင်းက်ု ဆောင့်ဆွဲခံရရော။
“လူကြီးကိုပမာမခန့်လုပ်ဖို့
နင့်အမေသင်ပေးခဲ့တာလားဒိုရာ”
ဒိုရာ မုန်းတီးလွန်းလို့ ဘာမှပြန်မပြော။
သူ့လက်သည်းရှည်တွေနဲ့ဝမ်းဗိုက်ကို ဆွဲလိမ်ပါတော့တယ်။
“အ.. နာတယ် လွှတ်..
“နောက် မေမေ့ကို ရိုသေပါ့မယ်လို့ပြော”
နာလွန်းလို့ မျက်ရည်ပေါက်ပေါက်ကျရင်းက
ဒိုရာပြောလိုက်ရပါတယ်။
“နောက် မေမေ့ကို မေမေ့ကို
ရို သေ ပါ့ မယ်”
ခင်ကြူရယ်တယ်။
” မှတ်ထားနော်၊ နောက်ဆိုဒီထက်ဆိုးမယ်”
ပါပါးကတော့
သူ့လမ်းခရီးတလျှောက်လုံးမှာ
ခင်ကြူကောင်းကြောင်း
သမီးတွေအပေါ် အမေရင်းလို
ဂရုစိုက်ကြောင်း လျှောက်ကြွားနေတုန်း။
အိမ်မှာတော့ သူ့သမီးနှစ်ယောက်ကို စုန်းမကြီးက နှိပ်စက်နေခဲ့ပြီလေ။
အဲဒီနေ့က ဆိုဖီလဲ အရ ိုက်ခံထားရရှာတယ်။ မူကြိုမှာ
ထမင်းမကုန်လာလို့တဲ့။
ဖြုန်းတီးရမလားဆိုပြီး
ကြိမ်စာကျွေးထားတယ်လေ။
ညဖက် ဆိုဖီအဖျားတက်ပြီး
ငိုနေတော့လည်း…
ဝင်လာကြည့်ပြီး
ငေါက်တယ်။
“တိတ်စမ်း၊ ကျက်သရေမရှိ ငိုမနေနဲ့၊ နင်တို့အဖေက လမ်းခရီးမှာ တခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ”
ဆိုဖီလေးဟာ ပါးစပ်ကိုလက်ဝါးနဲ့ပိတ်ကာ ကျိတ်ပြီးရှိုက်နေခဲ့တယ်။ ရင်နာလိုက်ရတာ။
ဒီလိုပဲ။
ဆိုဖီလေးတစ်ယောက်
ထမင်းစားပွဲမှာ မတော်တဆ ပန်းကန်ပြားမှောက်ကျရင်ဖြစ်ဖြစ်၊ ကြက်မာသားတွေ မနူးတာကိုကိုက်ရင်း လွတ်ကျရင်ဖြစ်ဖြစ် ထပ်စားခွင့်မရတော့ဘူး။
လက်ဆေးခိုင်းပြီး
ကြိမ်လုံးသေးသေးလေးနဲ့
ဆော်တာ။ ဒိုရာက ဆိုဖီ့ကိုဖက်ပြီး အစားဝင်ခံပေးမှ သက်သာတယ်။
သူက ဒိုရာတို့ညီအစ်မ၂ယောက်စလုံးကို
ဒီအိမ်ကြီးထဲကနေ ပျောက်ဆုံးသွားစေချင်နေပုံပါပဲ။
တော်ပါသေးရဲ့။
ဒီမိန်းမက ကိုယ်ပိုင်ကလေးမမွေးပေလို့ပဲ။
မဟုတ်ရင်
ဒိုရာတို့ အသက်နဲ့ကိုယ် မြဲပါ့မလားမသိ။
(၃)
ခြောက်လလောက်အကြာမှာ
ဒိုရာတို့ညီအစ်နှစ်ယောက်လဲ အဖိုးအဖွားအရင်းကြီးတွေနဲ့
ဆွေမျိုးတွေရှိပြီး မေမေခေါင်းချခဲ့တဲ့ အရင်နေရာဟောင်းကို နှုတ်ဆက်ခဲ့ရပြန်တယ်။
မိထွေးမက ပါပါးမှာရှိသမျှ သူသိမ်းပိုက်ဖို့ဆိုတဲ့အကြံဆိုးနဲ့ ဒိုရာတို့ညီအစ်မကို
ဆွေးမျိုးမရှိတဲ့အရပ်မှာ သူထင်တိုင်းကြဲခွင့်သာအောင် လုပ်လိုက်တာလေ ။
ပါပါးကို ဒိုရာဟိုတုန်းက သိပ်ချစ်တယ်။ ခု မချစ်တော့ဘူး။
အရက်အတူထိုင်သောက်ပေးတဲ့ မိန်းမယုတ်ကို သူကသိပ်ချစ်သွားခဲ့ပြီလေ ။
မေမေ့ဓါတ်ပုံကိုတောင်
ဖြုတ်ပေးတဲ့အထိ သူ့နောက်မိန်းမကို
ပိုချစ်သွားခဲ့ပြီ။
အရင်ကထက် ပိုမူးပြီး
ပိုအသိစိတ်ပျောက်လာတဲ့ပါပါးအဖို့ ဒိုရာတို့ညီအစ်မကို လုံးဝဂရုမစိုက်နိုင်တော့တာ မဆန်းပါ။
ဒိုရာတို့ညီအစ်မဟာ။မိထွေးမရဲ့အနိုင်ကျင့်ဖိနှိပ်မှုမှာ
ကြောက်ရွံ့နေခဲ့ရတာကိုလဲ သူမသိဘူးလေ။
သူကိုယ်တိုင် မိထွေးမရဲ့
မဟုတ်တမ်းတရားတွေကို ယုံပြီး ဒိုရာတို့ကို ခနခနyateက် တတ်လာခဲ့တယ်။။
စုန်းမကြီးက ဖုန်းလဲ ပေးမကိုင်ခိုင်းဘူး။
စာစိတ်မဝင်စားမှာစိုးလို့ကိုကိုရဲ့ ဆိုကာ ပါပါးကိုအချိုသပ်ပြီး ဆွေမျိုးတွေနဲ့ပါ အဆက်ဖြတ်ပစ်လိုက်ပါတယ်။
သူ့အကြောင်းကို တိုင်မှာစိုးလို့ပဲပေါ့။
ဒိုရာတို့ ဘာမှမတတ်နိုင်ပါဘူး။
အချိန်ပြည့်အိမ်မှာရှိတဲ့
ဒီမိန်းမကို ကြောက်ရတယ်လေ။ သူ စိတ်မလိုရင်မလိုသလို လည်ပင်းပါ ထညှစ်တတ်သူ။
ဒိုရာတို့ညီအစ်မအတွက်
အိပ်မက်ဆိုးတွေနဲ့ ပြည့်နေခဲ့တဲ့နှစ်တွေမှ မနည်းဘူးပဲ။
ဖေဖေ့ရှေ့မှာတော့ သူက မေမေအရင်းထက်တောင်
ချစ်ပြနေခဲ့တာဆိုတော့…။
ဖေဖေ့အဖို့ သိပ်အိမ်လုံနေပြီ ထင်မှာပေါ့။
ဟိုမိထွေးမက ခုလိုဖြစ်လာအောင်လုပ်လိုက်တာကိုး။
တစ်နေ့,
” ဒိုရာ
ညည်းအဖေပေးထားတဲ့ ငါ့စိန်လော့ကက်လေးယူထားလား”
ဒိုရာ ရှစ်တန်းရောက်နေခဲ့ပါပြီ။ ဆိုဖီက နှစ်တန်း။ ညီမလေးကို လက်ဆွဲပြီးကျောင်းကပြန်အလာမှာ ခင်ကြူဆီက
ကြားလိုက်ရခြင်းပါ။
“ဒိုရာက မေမေ့လော့ကက်ကို ဘာလို့ယူရမှာလဲ”
“မနာလိုလို့ပေါ့၊ ညည်းအမေဝတ်ခဲ့တဲ့လော့ကက်ဆိုပြီး
ညည်း ငါ့ကိုမသထာလို့ပေါ့”
“မဟုတ်တာ၊ မေမေ့ဟာ ဘယ်နားထားမိလဲ ရှာပါဦး”
“ရှာပြီးပြီ၊ တစ်အိမ်လုံးနှံ့နေပြီ၊ ငါ့မှန်တင်ခုံကနေ ဘယ်မှ အတောင်ပေါက်ပြီး ပျံမသွားဘူး”
တိုက်တိုက်ဆိုင်ဆိုင်
ပါပါးရောက်လာတာနဲ့ ကြုံရော။
“ဘာဖြစ်နေကြတာလဲ ကြူကြူ”
“ဘာဖြစ်ရမလဲ၊ ကိုကို့သမီးတွေ ကြူဆုံးမနေတဲ့ကြားက
သိပ်ရိုင်းတယ်၊ ခုလဲ ဒိုရာက
ကြူ့စိန်လော့ကက်ကို ခိုးသွားတယ်လေ”
” ဟင် ဟုတ်လားဒိုရာ”
ပါပါးရဲ့ အရက်ဝနေတဲ့ နီရဲစပ်ဖျဥ်းမျက်လုံးမှာ ဒေါသကအပြည့်။
“ဒိုရာသိလဲမသိ၊ ယူလဲမယူဘူးပါပါး”
“လိမ်တာကိုကို၊
ဒီအရွယ်လေးနဲ့ ရည်းစားထားနေပြီနေမှာ ၊ သူ့ရည်းစားခိုးပေးသလား သေချာမေး”
ဘုရားရေ။ ခုမှ ၁၄နှစ်ဝင်ကာစပါ။ ဒိုရာဟာ ထွားကျိုင်းတာတော့ မှန်ပေမယ့် ယောက်ကျားသနာကို စိတ်ဝင်စားဖို့နေနေသာသာ။ ဒီအိမ်က။ဘယ်လိုလွတ်မြောက်မလဲပဲ
ကြံစည်နေခဲ့သူပါ။
” အတတ်ကောင်းတတ်နေပြီပေါ့ ဟုတ်လား မိဒိုရာ”
ပါပါးက ဒိုရာ့ကို
ဒေါသတကြီး။လှမ်းရိုက်လိုက်တာ နှာနုရိုးကိုထိတော့ သတိလစ်မတတ်နာသွားခဲ့တယ်။
” မမကို မ ရိ ုက် ပါနဲ့ ပါပါးရယ်၊ ဒိုရာနာနေပြီ ပါပါးရဲ့”
ဆိုဖီလေးက ဒိုရာကိုဖက်တွယ်ပြီး အော်ငိုတယ်။
ဖေဖေ့ရဲ့ အရက်ဒေါသက သမီးတွေကို သမီးရင်းလို့ မမြင်နိုင်တော့ပါဘူး။
ရိုက်နေကျ ကြိမ်လုံးကို
မသိမသာလာချပေးတဲ့မိထွေးမကြောင့်
ဒိုရာ့ကို ကာကွယ်ဖက်ထားရှာတဲ့ ဆိုဖီပါ
ကြိမ်လုံးနဲ့ ရ ိုက်ခံရပါတယ်။ ဆီုဖီလေးကတော့ ဒိုရာ့ကိုတိုးဖက်ကာကွယ်ပေးတယ်လေ။
” ပါပါး ဆိုဖီနာနေပြီ
ဒိုရာ့ကိုသာ ေ သအောင် ရိ ုက်ပါ ပါပါးရယ်”
မိထွေးစုန်းမကြီးက
အနားမှာထိုင်ကာ အေးအေးလူလူထိုင်ကာနေကြည့်ခဲ့လေရဲ့။
ဆိုဖီဟာ နာကျင်စွာငိုနေရာက ပါပါးတို့အိပ်ခန်းထဲ
ပြေးဝင်သွားခဲ့တယ်။
ဝုန်းဆို ကုတ်အနွေးအင်္ကျီ
တစ်ထည်ကို တရွတ်တိုက်ဆွဲလာခဲ့တာကို တွေ့ကြရတယ်။
“ပါပါး ခင်ကြူက သူ့လော့ကက်ကို ဒီအင်္ကျီအိတ်ထဲထည့်နေတာကို
မနေ့က ဆိုဖီတွေ့လိုက်တယ် အီး ဟီး ဟီး”
ပါပါးက အင်္ကျီကိုလှမ်းယူကာ အိတ်တွေထဲ နှိုက်ကြည့်နေတယ်။
မိန်းမယုတ်ခင်ကြူကတော့ သူ့မေ့လျော့မှုကိုခုမှသတိရသွားသူလို
မျက်နှာမကောင်းပဲ ကြည့်နေခဲ့တယ်။
ဆိုဖီလေးက ငိုရှိုက်နေဆဲ။
သနားလိုက်တာ။ ဒို
ရာ့ညီမလေးဟာ ဒိုရာ့ကိုဖက်ပြီး
နာကျင်စွာ ငိုနေခဲ့တယ်။
မေမေလို့မခေါ်ရင် နာကျင်အောင်လုပ်တတ်တာကို သူသိရဲ့နဲ့
ခင်ကြူလို့ခေါ်လိုက်ပြီ။
ဒိုရာအတွက်တော့
ဆိုဖီလေးဟာ မေမေဖန်ဆင်းပေးခဲ့တဲ့ နတ်သမီးလေးပါ။
လက်သေးသေးလေးတွေနဲ့ ဆိုဖီ့ကိုကာကွယ်တတ်နေခဲ့ပြီလေ။
ဒိုရာ့ခေါင်းတွေ ကျောတွေလည်း ကျိန်းစပ်နေတာပါပဲ။
ပါပါးအားနဲ့ ကြိမ်လုံးဒါဏ်က မသေးလှဘူးလေ။
“ပါပါး ခင်ကြူလော့ကက်က သူ့အင်္ကျီအိတ်ထဲမှာပါပါး”
ဆိုဖီ ထပ်အော်ပြောမှ
ပါပါးကရပ်လိုက်ပြီး
မိန်းမယုတ်ကို မေးရော။
” ဟုတ်လား ကြူကြူ”
“မဟုတ်တာ ကိုကိုရယ်၊ ကြူလေးက ဘာလို့ ကိုယ့်အပိုင် ပစ္စည်းကို အင်္ကျီအိတ်ထဲ ဖွက် (ဝှက်)ရမှာတုန်း”
ပါပါးက ဆိုဖီ့ကိုကြည့်ပြီး…
‘ဆိုဖီ အမှန်အတိုင်းပြောနော်၊ မဟုတ်ပဲပြောရင် နင်တို့နှစ်ယောက်လုံး ဒီထက်နာမယ်”
နှစ်တန်းအရွယ်
ဆိုဖီဟာ နာမည်နဲ့လိုက်အောင် ဉာဏ်ကောင်းသူလေးပါ။
” မနေ့က သမီးတကယ်တွေ့လိုက်တာပါပါး၊ မေမေ့စိန်ထည်တွေကို သူဝတ်ကြည့်ပြီး လော့ကက်ကို အဲဒီကုတ်ထဲထည့်လိုက်တာကို
သမီးမြင်လိုက်ရတာ တကယ်ပါ”
“တွေ့လား
ကိုကို့သမီးတွေ ခိုးကြောင်ခိုးဝှက်နဲ့
လုပ်တတ်နေပြီ၊ ကြူ့ကိုချောင်းကြည့်ပြီး
မဟုတ်တမ်းတရား
ပြောနေတာ တွေ့လား ”
ဆိုဖီဟာ ပါပါးလက်ထဲကအင်္ကျီကို ဆွဲယူပြီးစမ်းနေချိန် ဒိုရာ့မှာ အသည်းတအေးအေးရယ်။
ဒိုရာသာမှားပြောရင်
ပါပါ့လက်သံအောက်မှာ
ညီအစ်မနှစ်ယောက် အသက်ရှင်ဖို့မမြင်သလို
မိထွေးမအတွက်လည်း
နှိုက်စက်ကွက် ပိုရလာတော့မယ်။
“ဆိုဖီ ညည်းဟာငယ်သလောက် ကလိန်ကကျစ်လေးပါလား၊ ရှာစမ်း၊
မတွေ့လို့ကတော့ ငါဒီအတိုင်းထားမယ်မထင်နဲ့
ဖေဖေဟာ ဆိုဖီ့ကိုကြည့်ပြီး ငိုင်တွေနေတုန်း ဒိုရာက အရဲစွန့်ပြောလိုက်တာပေါ့။
” ဒီအင်္ကျီထဲမှာ လော့ကက်မတွေ့ရင် သမီးတို့ကို အေ သရိ ုက်လိုက်ပါပါပါး၊ တွေ့ခဲ့ရင်တော့ သမီးတို့ညီအစ်မကို အဖွားတို့ဆီ ပို့ပေးပါနော်”
“ညည်းေ _ာက်ပေါက် ပိတ်ထားစမ်းမိဒိုရာ”
ဒိုရာတို့ညီအစ်မ နှစ်ယောက်စလုံးရဲ့ရင်ထဲမယ် ထိတ်လန့်မှုနဲ့ အေးစက်နေခဲ့တာကို စာမဖွဲ့ပြတတ်ဘူး။ ကြောက်လိုက်တာ ပြောမနေပါနဲ့တော့။
” ဒိုရာ လာ …. လာကြည့်ပေးဦး”
ကုတ်အင်္ကျီက ရှည်လွန်းသလို အိတ်ဝှက်လေးတွေပါခဲ့တာကြောင့်
ကြောက်လန့်တကြားရှာနေတဲ့ ဆိုဖီ့အဖို့ ခရီးမတွင်ဘူး။
လက်တွေကတုန်နေခဲ့တာရောပေါ့။
ဒိုရာပါဝင်ကူပြီး။အင်္ကျီတစ်ထည်လုံးကို လိုက်ပြီးပွတ်သပ်ဖျစ်ညှစ်ရှာမှ…
မာမာလေးတစ်ခု စမ်းမိရော။
တွေ့ပါပြီ။
ကုတ်ကော်လံအတွင်းသားကို ဓါးနှင့်ခွဲပြီး စိန်လောကက်ကိုထည့်ကာ လော့ကက်ကွင်းကိုပါ
ချည်နှင့်ချည်တွဲပြီး ပြန်အပ်ချုပ်လိုက်ထားသည်ကြောင့် အိတ်တွေထဲ ရှာမရခြင်းဖြစ်ပါတယ်။
ခင်ကြူခိုးပြီး
ထည့်ထားခဲ့တဲ့လော့ကတ်ကိုတွေ့ဖို့ အင်္ကျီအတွင်းသားကို ခဲတန်ချွန်ဓါးနှင့်ခွဲချလိုက်သည်။
ခင်ကြူအော်တော့တယ်။
“ဟဲ့ ငါ့အင်္ကျီအကောင်းစားကို လုပ်ရသလား
ပေးစမ်း”
“ခင်ကြူ နင် ထိုင်နေစမ်း”
တော်ပါသေးရဲ့။ ပါပါးစိတ်ကောင်းဝင်နေလို့။
ခွဲကြောင်းထဲက တလက်လက်ထနေတဲ့စိန်လော့ကက်။
မေမေ့အိမ်ထောင်ဦးပစ္စည်းလေး။
လော့ကက်ကိုလဲ တွေ့ရော။
ပါပါးအနားက ပြေးထွက်မလိုလုပ်တဲ့ စုန်းမခင်ကြူလက်ကို ဆိုဖီက သူ့လက်လေးနှစ်ဖက်နဲ့ ဆွဲထားတယ်။
‘ဟဲ့ လွှတ်စမ်း..”
ဒိုရာကလဲ နောက်ကျောကအားကုန်တွန်းပြီး ပါပါးရှေ့ရောက်အောင်ပို့ရော။ သူ ပြေးလို့ မရတော့ဘူး။
“ကဲ ပြောစမ်းပါဦးခင်ကြူ
ဘယ်လင်ငယ်ကိုပေးမလို့။ဝှက်ထားတာလဲ”
“ကို ကိုကိုရယ် ဟိုလေ
အဲဒါ သူတို့ညီအစ်မထည့်ထားတာနေမှာပေါ့ကိုကိုရဲ့
ကြည့်စမ်း ဆိုဖီကပါ ကြံရာပါဖြစ်နေတာကိုး”
“ဖြန်း”
“အ.. ကိုကိုရယ်”
လည်ထွက်သွားတဲ့ မျက်နှာ။ နှုတ်ခမ်းပါ ဟက်တက်ကွဲသွားအောင် လက်ဆပြင်းတဲ့ပါပါး။
သူ့သမီးတွေကို ဒီမိန်းမဂုံးတိုက်မှုအောက်မှာ မမေးမစမ်း ရ ိုက်ခဲ့ပေါင်းများပြီဆိုတာ ပါပါးအသိဆုံးလေ။
ခုတော့
ဆံပင်ရှည်အဖျားကနေ ဆောင့်ဆွဲပြီး အခန်းထဲသွင်းကာ တံခါးကို ချက်ချလိုက်ပြီးနောက်မှာတော့..။
“တော်ပါတော့ကိုကိုရဲ့
ကြူလေးမှားပါတယ်ရှင်”
“အမလေး
နာလွန်းလှပါပြီ ကိုကိုရယ်”
“နောက် မလုပ်တော့ပါဘူး
ကိုကိုရဲ့”
ဆိုတဲ့ အသံတွေကို သာယာစွာကြားရတဲ့အတွက်
ညီအစ်မနှစ်ယောက် ဖက်ပြီးငိုကြရပြန်တယ်။
ဝမ်းသာလွန်းလို့ပါ။
“ဆိုဖီကလေ အဲဒီစုန်းမကြီးကို အမြဲ စောင့်ကြည့်နေခဲ့တာဒိုရာရဲ့၊ သူ့အမှားကိုသိမှ ဆိုဖီတို့
ပါပါးဆီမှာ အရိုက်မခံရမှာလေ”
“တော်လိုက်တာ ညီမလေးရယ်”
သူ့လက်သေးသေးလေးနဲ့
အစ်မကိုကာကွယ်ပေးခဲ့တာများ တကယ့်ကိုမယုံနိုင်စရာ။
သံယောဇဉ်ကြိုးမျှင်လေးက သေးပေမဲ့ တလောကလုံးမှာ
ဒီညီအစ်မနှစ်ယောက်ပဲ အပြန်အလှန်အားကိုးရမယ်ဆိုတဲ့အသိလေးနဲ့ အသက်ဆက်လာခဲ့ကြတာကိုး။
မေမေဟာ ဒိုရာ့ကို
သမီးအကြီးမို့ လက်ဆောင်လေးလို့ အဓိပ္ပါယ်ရတဲ့ နာမည်ကို မှည့်ပေးခဲ့တယ်။
Dora တဲ့။
သူ့သမီးငယ်လေးကိုတော့
ဉာဏ်အမြော်အမြင်ကြီးမဲ့သူဆိုတာ ကြိုသိလေခဲ့သလားပဲ။
ဆိုဖီ Sophieတဲ့လေ။
(၄)
ခင်ကြူကို နှင်ထုတ်လိုက်နိုင်သူ ပါပါးကို ဒိုရာပြန်ချစ်ခဲ့ပါတယ်။ ပါပါးဟာဒိုရာတို့ညီအစ်မရဲ့ အရှိုးရာတွေနဲ့ပြည့်နေတဲ့ ကိုယ်သေးသေးလေးကို ဖက်ပြီးခနခနငိုတတ်တယ်။
ပြီးနောက်။ဒိုရာတို့ညီအစ်မကို အဖိုးအဖွားအိမ်ကို ပို့ပေးပြီး သူကတော့ ကျန်ခဲ့တယ်။
“ပါပါးရော ဒိုရာတို့နဲ့အတူနေရအောင်လေ”
“သမီးတို့သာ လိမ်လိမ်မာမာနဲ့
စာကြိုးစားနော်၊ ပါပါး နောက်မိန်းမ လုံးဝမယူတော့ဘူးသိလား၊
ပိတ်ရက်ဆို
ပြန်တွေ့ကြမယ်နော် သမီးတို့”
ပါပါး သက်ဆိုးမရှည်ခဲ့ပါဘူး။
ပါပါးစည်းစိမ်ကိုလိုချင်တဲ့ခင်ကြူဟာ သူ့အမြှောင်ယောက်ကျားနဲ့ပေါင်းပြီး
ပါပါးမူးနေချိန် ညတစ်ညမှာ အိမ်ထဲဝင်ပြီး
ချွန်ထက်တဲ့အရာနဲ့ လုပ်ကြံကာ ပစ္စည်းနဲ့ငွေတွေကို ယူပြေးကြတယ်လေ။
ဒိုရာတို့ကမ္ဘာ ထပ်ပျက်ရပြန်တာပေါ့။
ရဲအင်စပက်တော်ဖြစ်ခဲ့သူ
မေမေ့အဖေ ဖိုးဖိုးတပည့်တွေ အလိုက်ကောင်းလို့ဖမ်းမိပြီး ၂ယောက်လုံး ဂျေးအောင်း သွားခဲ့ပေမဲ့
ဒိုရာတို့ လုံးဝမကျေနပ်ခဲ့ဘူး။
အိုမင်းတဲ့အဖိုးအဖွားအိမ်မှာမိဘမဲ့ဘဝနဲ့ အထောက်အပံ့မရှိနေခဲ့ရပါတယ်။ ပါပါးနဲ့မေမေ့လက်ထက်ပွားပစ္စည်းမှန်သမျှ ခင်ကြူ့မာယာအောက်မှာ ကုန်ဆုံးသွားခဲ့ပြီကိုး။
လက်ကျန် အခွံသာသာအိမ်ကို ရောင်းတဲ့ငွေလေးနဲ့ဒိုရာတို့ညီအစ်မ အသက်ဆက်ခဲ့ရတယ်။
ကြိုးစားမှုရဲ့ရလဒ်ကတော့
ဒိုရာဟာ ခုချိန်မှာ အတန်အသင့်ကြီးတဲ့ စတိုးဆိုင်ပိုင်ရှင်မလေး ဖြစ်နေခဲ့ပြီ။
ဉာဏ်ကောင်းတဲ့ ဆိုဖီ့လေးကလဲ စီးပွားရေးဘွဲ့ရထားပြီးပြီ။
ဆိုဖီစာဆက်သင်ချင်သလောက်သင်။
ဒိုရာ့ညီမလေးအတွက် ဒိုရာဖြည့်ဆည်းပေးဖို့ အဆင်သင့်။
ဒိုရာချစ်တဲ့ကိုကိုနဲ့ ဒိုရာတို့ ဘဝလမ်းကို အတူလျှောက်ဖို့ ဆုံးဖြတ်ကြတဲ့နေ့က တစ်ခုပဲ ကတိတောင်းခဲ့တယ်။
“မတော်တဆ ဒိုရာအရင် ဆုံးသွားမယ်ဆိုရင်
ကိုကို နောက်အိမ်ထောင် လုံးဝမပြုဘူး၊ ဒိုရာ့ကလေးတွေကို အမေအသစ်ဆိုပြီး မိတ်ဆက်မပေးဘူးလို့ ကတိပေးနိုင်သလား”
“ပေးနိုင်တယ် ဒိုရာ”
“ဒိုရာဟာ ဘုရားကျောင်းဆောင်ပေါ်က သောက်တော်ရေခွက် တစ်ခွက်ကိုယူလိုက်ပြီး
ရော့ ကိုကိုလိုက်ဆို”
“တပည့်တော်သည်
မတော်တဆ ဒိုရာအသက်ဆုံးသွားပါက
နောက်အိမ်ထောင် လုံးဝမပြုပါ၊ သားသမီးများအတွက် မိထွေးလုံးဝမရှာပေးပါ”
ဤကတိစကား မမှန်ခဲ့ပါက
သွေး ပွက်ပွက်အန်ကာ ေ သရပါစေသား”
ချစ်တာသေချာလို့လားမသိ။
ကိုကိုဟာ ဒိုရာတိုင်ပေးသမျှ
မတွန့်မဆုတ်ရွတ်ပြီး သစ္စာဆိုခဲ့လေသည်။
ဒိုရာကတော့ မိထွေးဆိုသည့်
နာမည်ကိုကြားသည်နှင့်
Step mother’s phobia
ဖြစ်ကာ ဒေါသတွေ ကြီးလာတတ်သည်မှာ ခုထိ။
မိဒွေးလို့ပဲ အသံထွက်ထွက်၊
မိထွေးလို့ပဲ အသံထွက်ထွက်
မိထွေးနာမည် ကြားတာနဲ့
ဒိုရာ သိပ်ဒေါသဖြစ်ရတာတော့ မတတ်နိုင်။
မိဒွေးယုတ်ကြောင့် ရခဲ့တဲ့
ထရော်မာတွေက သိပ်များခဲ့တာကိုး။
ဒိုရာတို့လို
မိထွေးယုတ်ဒါဏ်ကို ခံခဲ့ရသူတွေလဲ ဒီလိုပဲစိတ်ခံစားချက်ဖြစ်နေကြမှာမလွဲ။
မိဒွေးကောင်း မရှိမဟုတ်။
ရှိနိုင်ပါသည်။
တစ်သောင်းတစ်ယောက်ပဲဖြစ်ပါလိမ့်မယ်။
တလောကလုံးက
မေမေတို့ရဲ့ သားသမီးလေးတွေ ဒိုရာတို့ညီအစ်မလို မိထွေးယုတ်နဲ့
ဝေးကြပါစေလို့
အမြဲဆုတောင်းနေမိပါတယ်
မိဒွေးယုတ်နဲ့ ဝေးကြပါစေနော်။
ချစ်တဲ့,
#နေနုနီနီ
#မိထွေး
#မည်သူ့ကိုမှမရည်ရွယ်ပါ။
အဖြစ်ချင်းဆင်တူပါက
တိုက်ဆိုင်မှုသက်သက်သာ။