မီ

Posted on

မီ (စ/ဆုံး)

——–

မီ… တဲ့။

မီ….. မီ….. မီကို မမြင်ဖူးခင်ကတည်းက သည်နာမည် ကလေးကို ဘယ်လောက် ဘယ်လောက်များ တ,ရပါလိမ့်။

ပထမတော့ နာမည်ကလေး ဆန်းဆန်းမို့ ခေါ်ကောင်း ကောင်းနှင့် ခေါ်မိသည်။

နောက်တော့ ယောက်ျားတစ်ယောက်ကို ပေါ့ပေါ့ကလေး သေစေနိုင်သူမို့ နောက်တော့ ဘယ်သူ့ကိုမှ မရခဲ့လျှင် သူ့အမြီး သူပြန်ခဲသည့် ကျားနာလို ရက်စက်သူမို့…

ယခုမှာမူ ကျွန်တော်သည် ပတ်ကြားအက်ကွဲနေသော အသည်းနှလုံးနှင့် မှုန်ရီဝေးကွာခဲ့သည့် မီ၏အတိတ်က အရိပ်တွေကို လိုက်လံဖမ်းယူကာ မီ….. မီ….. မီ ဟု မောဟိုက် တမ်းရှိုက် မိပါသည်။

🌸🌸🌸

လေး…

ညက လေးကို အိပ်မက် မက်တယ်။

လှေကားထစ်တွေက….. အို အရှည်ကြီးပဲတဲ့ လေးရယ် ….ကွေ့ကောက်ကောက်နဲ့ မဆုံးနိုင်ဘူး….. နေ့လား ညလားမသိဘူး မှောင်တော့ ခပ်မှောင်မှောင်မှာ လေးနဲ့ မီ လှေကားတစ်ထစ်ပြီး တစ်ထစ်၊ တစ်ထစ်ပြီး တစ်ထစ် ဆင်းကြပါရောတဲ့…။

အိပ်မက်ထဲမှာ လေးက ကြောက်လို့တဲ့လေ….. တစမ်းစမ်းနဲ့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာမို့ မီက လာပါ….လေးရဲ့…. လာပါလို့ ခေါ်ပြီး အတင်းဆွဲရသတဲ့။ လေးက မီ့လက်မောင်းကို မှေးကိုင်ပြီး လိုက်လာလို့ မီက လမ်းပြလိုလို ဖြစ်နေတာပေါ့…။

အောက်ဆုံး သုံးလေးထစ်တည်းကျန်လို့ မီတို့နှစ်ယောက် ငုံ့အကြည့်လိုက် မှောင်ကြီးမှ တကယ့်အမှောင်ကြီးပဲ နက်လိုက်တာကလည်း လွန်ရော။ အဲဒီထဲကျသွားရင်….. ဘယ်မှမရောက် နိုင်တော့ဘဲ ပတ်ချာလည်နေရမယ်တဲ့….. အိပ်မက်ဆိုတာ ဒီလိုပဲနော်….. အိပ်မက်ထဲမှာ ပြောပြမယ့် လူမရှိပေမယ့် အလိုလို သိနေတာပဲ။

နောက်တော့ ဘာဖြစ်လို့ရယ်မသိပါဘူး။ မီတို့နှစ်ယောက် မှောင်ကြီးကိုမေ့ပြီး လှေကားရင်းဘက် ထောင့်မှာကပ်လို့ တစ်ယောက်နှင့်တစ်ယောက် မှီထိုင်နေကြတယ်တဲ့ စိုစိုစွတ်စွတ်နဲ့ မိုးဖွားလေးတွေက တဖြောက်ဖြောက်ကျလို့ပေါ့….. မီတို့နှစ်ယောက် မျက်နှာမှာ မိုးရေလား၊ မျက်ရည်လား တစ်ခုခုပဲ ရွှဲ လို့တဲ့ လေးရယ်၊ အို…… မျက်ရည်ပဲဖြစ်ရမှာပေါ့နော်….. ။ မီတို့နှစ်ယောက်က ငြိမ်ထိုင်ပြီး စကားမပြော ဘာမပြော နေလိုက်ကြတာ တစ်ညလုံးပဲထင်ပါရဲ့။ မီလန့်နိုးတော့….. အဲဒီထိုင်တုန်း တစ်ဝက်တစ်ပျက်ပဲ ရှိသေးတယ်။

ကဲ ဒါဟာ အိပ်မက်တဲ့၊ မီကတော့ နိမိတ်ပဲထင်တာပဲ မောင်၊ အိပ်မက်က မဆုံးသေးခင် နိုးလာလို့ပေါ့ ဆုံးအောင်သာ မက်မယ့်ဟာဆိုရင် မှောင်ကြီးထဲ နှစ်ယောက်သား လိမ့်ကျလိမ့်မယ်နဲ့တူတယ် လေးရေ…..

သိပ်စင်းတဲ့ အိပ်မက်ပဲနော်…..

လေးရယ်…… မီကတော့ သွားမယ့်လူပဲ။ မကောင်းတာ၊ မသင့်တာ၊ မတော်တာတွေမှန်သမျှ လုပ်ပြီးခဲ့လို့ သက်တမ်းမစေ့ခင် စောစောစီးစီး သေရတော့မှာဟာ မီ့လမ်းပဲ….. ။

အမှန်တော့ မီဟာ လေးကို အိပ်မက်ထဲကအတိုင်း အတင်းဆွဲခေါ်ပြီး ဒုက္ခတွေ တွေ့စေတာပဲ၊ လေးနဲ့ မီစတွေ့ကတည်းက မီဟာ တစ်ခါမှ ကောင်းကျိုး မပေးခဲ့သေးဘူးနော်၊
လေးဟာ မီအပြစ်တွေအတွက် မီ့ကို သေသေချာချာ မုန်းလိုက်ဖို့ ကောင်းတယ်၊ လေး ခုလို မီ့ဆီက ထွက်ပြေး လို့တော့.…… မီ့ဒဏ်က လွတ်မယ်ထင်သလား…..။

လေးဟာ မီ့ကိုမုန်းပြီး မေ့လိုက်မှ အေးမှာ၊ လေးဟာ ခုလို မီ့အတွက် စိတ်ညစ်ပြီးထင်ရာတွေ လုပ်နေဖို့ မကောင်းပါဘူး’ မီ့ကို လှေကားရင်း မှောင်စပ်မှာ ပစ်ထားပြီး အပေါ်သာ ပြန်တက်ပြေးပါတော့ကွယ်.…..။ အပေါ်မှာ ပျော်စရာတွေရှိတယ်တဲ့၊ မီ့ဒုက္ခတွေကို မီ့အပြစ်တွေကို မဆိုင်ဘဲနဲ့ စေမခံချင်ပါနဲ့တော့….။

မီလည်း နီးပါပြီ။ ပြန်မြင်နေသေးတယ် လေးရယ်….. ရှေ့ကလည်း မှောင်ကြီး၊ လှေကားထစ်ကလည်း သုံးလေးထစ်ပဲ ကျန်တော့တယ်…..။

မှောင်ကြောက်ပြီးတော့ လွဲဖယ်သွားစရာလည်း မရှိဘူး။ မီကမှောင်ကြောက်ပြီးတော့ လွဲဖယ်သွားစရာလည်း မရှိဘူး။ မီကတော့ အပေါ်မှာ ဘာတွေရှိရှိ ပြန်တက်မပြေးချင် တော့ပါဘူး။ အမှောင်ဆီကိုပဲကျရအောင် တမင်ဆင်းခဲ့ရတာ မဟုတ်လား။

မီကတော့ နီးပါပြီ….. ညက ချောင်းဆိုးတယ်လေ….. သွေးတော်တော်ပါတယ်။ ဘေးကလူတွေတောင် လန့်ကုန်တယ်လေ….. မီမကြားဘူးမှတ်လို့ တိုးတိုးပြောကြသေးတယ်။ သွေးတွေ ကလည်း များလိုက်တာ ချင်းချင်းနီနေတာပဲတဲ့…။

မနီပါဘူး အဟုတ်ကို မနီပါဘူး၊ မည်းနေတာပဲ….. မည်းလွန်းလို့ မှောင်နေတာ မီမြင်ရဲ့သားနဲ့။ ခုတော့ မီ့ရှေ့မှာ မှောင်ကြီးပဲပေါ့…..ဘာကိုကြည့်ကြည့် အမည်းချည်း မြင်တာပဲ…..။

လေး ဒီစာကိုဖတ်ပြီး မငိုနဲ့ဦးနော်၊ လေးဟာ ကလေးပဲ ရှိသေးတယ်….. ငိုစရှိ တန်းငိုပဲ၊ စင်စစ်တော့ ငိုစရာမဟုတ်ပါဘူး။ ဒါဟာ ရယ်စရာကြီးပါမောင်၊ ရယ်စရာကြီးပါ၊ မီတော့ ရယ်တာပဲ”

“လေးရဲ့ မီ….”

သည်ကစပြီး မေ့ကို ကျွန်တော် သိပေသည်။ မီသည် ယောက်ျားတစ်ယောက်ကို ဘယ်လို သိမ်းဆည်းရ မည်ဆိုတာကို သိပေသည်။

ခုကြည့်ပါ… မောင်ကိုလေးသည် မီမှာသလို မငိုနိုင်အောင်ကို စိတ်ထိခိုက်နေပေသည်။

ကျွန်တော့်လက်တွင်းက သူ့မီ၏ စာကလေးကို ငေးမော တွေစိုက်ပြီးနေ၏။

ကျွန်တော့်ကို မကြည့်ဘဲ… “မီသေရင် ကျွန်တော်မနေဘူး” ဟု မိုက်မဲစွာ ပြော၏။

မောင်ကိုလေးသည် သည့်လောက် မိုက်မဲအောင်ပဲ ငယ်သေးသည်။

သူ့မှာ လူငယ်တို့၏ အရည်အချင်းဖြစ်သည့် ယုံလွယ်သောစိတ်၊ မိုက်ရူးရဲစိတ်၊ မြန်လွန်းသော စိတ်ရှိသည်။

သို့သော်… စစ်ထဲဝင်နိုင်လောက်အောင် စွန့်စားခြင်းမှာ လည်း ဝါသနာမပါ။

နိုင်ငံကို မချစ်လှသောကြောင့် သူ စစ်သား ဖြစ်နေသည်ကို ကျွန်တော် နားမလည်ပေ။

နောက်ဆုံး၌ လူငယ်ပီပီ အချစ်ကိစ္စဖြင့် စိတ်အခန့်မသင့် ဖြစ်ကာ ကျွန်တော်တို့တပ်ထဲ ရောက်လာမှန်း သိရလေ၏။

မောင်ကိုလေးသည် မီ့ကို အသက်ငယ်ငယ် ကောင်ကလေးများ ချစ်တတ်သည့် ကမူးရှူးထိုးစိတ်ဖြင့် ပြင်းထန်စွာ ချစ်မိပါတော့သည်။ မီကတော့…..

“မီကတော့…..အင်း….. မီ့သဘောကို ကျွန်တော် နားမလည်ပါဘူး။ တစ်ခါတစ်ခါ မီဟာ ကျွန်တော့်ကို သိပ်ချစ်တယ်လို့ ထင်တယ်…..။ တစ်ခါတစ်ခါတော့ သိပ်မုန်းတယ် ထင်တယ်”

မောင်ကိုလေး၏ စကား…..

“မီဟာ လှတယ်။ ဒါပေမယ့် ဒါ့ထက်ပိုတာတစ်ခု ရှိတယ်။ ဘာလဲတော့ မသိဘူး။ ရှင်းရှင်းပြောရရင် မီ့မှာ ကျွန် တော့်ကို ရူးစေတဲ့ အရာတစ်ခု ရှိတယ်…… ။ မီ့ဆံပင်က အညိုရောင်ကလေး၊ မျက်လုံးက မီးခိုးရောင် လိုလိုပဲ၊ အသားက ဖြူပြီးတော့ ဖျော့တယ်…… ကိုယ်အနေ ကလည်း ခပ်ပါးပါးမို့ သိပ်နွဲ့တယ်……။

“မီဟာ မြန်မာနဲ့လည်း သိပ်မတူဘူး၊ သူလှပုံက တစ်မျိုးပဲ၊ နာမည်ပေးရမယ်ဆိုရင် ဒီ့အလှဟာ ဖျော့တော့တဲ့ အလှ….. ဖျော့တော့တဲ့အလှ…..”

မောင်ကိုလေးသည် မီ့ကို တွေးသည့်အတွေးများမှ မူးမေ့ရင်း ကျွန်တော့်အား မီနှင့် မတွေ့ဘူးခင်ကတည်းက မိတ်ဆက်ပေး၏။

“မီဟာ ကျွန်တော်မကြိုက်တဲ့ အလုပ်တွေ သိပ်လုပ်တယ်။ ဘယ်သူ့ကိုမှလည်း မမှုဘူး၊ ပြီးတော့ ကျွန်တော့်ကို သူချစ်စရာ အပြုအမူလေးတွေနဲ့ စိတ်ပြေအောင်လုပ်တယ်”

“မီဟာ ကျွန်တော့်ကို ရူးခိုင်းတဲ့အခါတွေ အများကြီး ရှိတာပဲ၊ အမြဲလိုလိုပါပဲလေ၊ ဒါပေမယ့် ကျွန်တော့်အနားကို တိတ်တိတ်ကလေး ရောက်တတ်တဲ့အခါမှာဆိုရင် အို…..

ကျွန်တော် စားပွဲတစ်ခုမှာ လက်ထောက်ရင်း ထိုင်တယ် ဆိုပါစို့….. ပထမဆုံး အီးဗနင်းအင်ပဲရစ် အနံ့ကလေးရမယ်။ ပြီးတော့.………. မျက်နှာလေးတစ်ခြမ်းဟာ ကျွန်တော့် ပါးပြင်နားကို ကပ်လာမယ်။

ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်ပဲ၊ ခပ်တွန့်တွန့်နဲ့ပဲ သူ့လက် ကလေးတွေကို ဆုပ်လိုက်တယ်။

လက်ကလေးတွေဟာဗျာ သိပ်ပျော့ပြီး သိပ်သွယ်တာပဲ၊ ဆင်စွယ်လို ချောပြီးဖြူနေတယ်…..

အဲဒါဟာ ကျွန်တော် အရူးဆုံးအချိန်ပဲ၊ မီ့မှာ ကျွန်တော် မသိအောင် နောက်ကလာပြီး ချော့တတ်တဲ့ အကျင့်လေး ရှိတယ်…..”

ကျွန်တော်လည်း စိတ်ဝင်စားကာ…

“ဒါနဲ့ မင်းက ဘာ ပြုလို့ စစ်ထဲဝင်ရတာလဲ”

ဟု မေးလျှင် သူက မသာယာသော အပြုံးကို အရင်ပြုံး၏။

“ကျွန်တော် ဒီအကြောင်းကို မတွေးချင်ဘူး၊ ဒါပေမယ့် အမြဲတွေးတယ်။ ပြီးတော့ငိုတယ်။ မရှက်ပါဘူး…..။ ကျွန်တော် မီ့ အတွက် ခဏခဏပဲ ငိုတယ်…..”

ကျွန်တော်နဲ့ မီ့ကို တွေ့တဲ့သူဟာ…..သိပ်ချစ်တဲ့သူ နှစ်ယောက်လို့ ထင်လိမ့်မယ်။ ကျွန်တော့်ဘက်ကတော့ ဟုတ်တာပေါ့….. မီကတော့…..

“ကျွန်တော်ပြောခဲ့ပြီမဟုတ်လား မီဟာ ကျွန်တော့်ကို သိပ်ချစ်တယ်လို့ တစ်ခါတစ်ခါ ထင်တယ်။ တစ်ခါတစ်ခါတော့လည်း သိပ်မုန်းတယ်လို့ ထင်တယ်ဆိုတာ…..

မီဟာ.………. ကျွန်တော်နဲ့ သွားချင်ရာ သွားနေတာပဲ၊ ကျွန်တော့်ကို ခေါ်ပုံကလည်း လေးတဲ့ဗျာ၊ ကျွန်တော်က ချစ်တယ်၊ ချစ်တယ် ပြောချင်သလောက်ပြော မီပြုံးနေတယ်….. ဒါပေမယ့် မီခေါင်းခါတယ် “မီမချစ်နိုင်ပါဘူး၊ မမုန်း နိုင်ပါဘူး” လို့ အပြီးပိတ်ပြောတယ်…..

“ဘာဖြစ်လို့ မချစ်တာလဲ။ မေးဦးမလား မီက… မချစ်လို့ပေါ့” လို့ ဖြေမယ်…..

ကျွန်တော့်ကို ဂရုမစိုက် လုပ်ပစ်တယ်။ ဒါပေမယ့် ကျွန်တော့်အပေါ်တော့ သိပ်ရင်းရင်းနှီးနှီးနေတယ်…..

အို . တကယ့် သမီးရည်းစားလိုပါပဲ…..

ကိုင်း ကျွန်တော်မှမရူးရင် ဘယ်သူရူးဦးမလဲ။ ကျွန်တော်လည်း မနေနိုင်တော့ဘူး…..

ဒေါသလည်းထွက်၊ ရှက်လည်းရှက် ဝမ်းလည်းနည်းပြီး….

“မီဟာ မောင့်ကိုချစ်ရက်သားနဲ့ မုန်းဟန်ဆောင်နေတာလား။ မုန်းရက်သားနဲ့ ချစ်ဟန်ဆောင်နေတာလား”လို့ မေးတော့တာပေါ့…..

မီက အေးအေးပဲ “နှစ်ခုစလုံး မဟုတ်ဘူး” တဲ့….. ကျွန်တော်က ဒါနဲ့ “မောင်သေသွားရင် မီဘယ့်နှယ်နေ မလဲ” လို့ဆိုတော့- “သုံးလေးရက် ဝမ်းနည်းမှာပေါ့” တဲ့ ဗျာ….. ကျွန်တော်ဘာဖြစ်သွားတယ်ဆိုတာ ခင်ဗျားသိချင် သလား၊ သိအောင်လည်း ကျွန်တော်ပြောပြနိုင်မှာ မဟုတ်ပါဘူး။ ခင်ဗျားကိုယ်တိုင် ဒီလိုခံရမှ သိမယ်…..

ကျွန်တော် မခံချင်လို့ ထပ်ထပ်မေးတယ်။ ဒီအဖြေပဲ၊ ရက်စက်လိုက်တဲ့ မီ၊ သုံးလေးရက်ပဲ ဝမ်းနည်းမှာပေါ့တဲ့။ ကျွန်တော်ကတော့ မီသေရင် မနေဘူးလို့ တွက်ထားတယ်…..

ဒီတော့ သူ စကားပြောရင် နောက်နေတာလား အတည်လားလို့ လက်ဦးတွေးရတယ်။

ကျွန်တော် ဒီနှစ်ခုကို မခွဲခြားနိုင်ခဲ့ပါဘူး….. ။

ဒါနဲ့ ကျွန်တော်လည်း သိပ်ရှက်ပြီး သိပ်နာသွားတယ်.……။

ဒါကြောင့် “မီ့အပေါ် ကြောက်စရာကောင်းအောင် ချစ်တဲ့လူကို ကြောက်စရာကောင်းအောင်ပဲ မုန်းမိတဲ့ ဒီအမုန်း အတွက် မီကို သုံးလေးရက် ဝမ်းနည်းရအောင်တော့ ဒဏ်ပေးဦးမယ် ဆိုပြီး စစ်ထဲဝင်လိုက်တယ်…..

သေဖို့ဝင်ခဲ့တယ်၊ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး….. ခုတော့ မီက စာတွေရေးပြန်ပြီ၊ ရေးပုံက လွမ်းလောက်စရာပါပဲ၊ ဖတ်ပြီးတော့ ခင်ဗျား ဘယ့်နှယ်ထင်သလဲ၊ ကျွန်တော့်ကို မီ ချစ်တယ်ထင် သလား…… ကျွန်တော်ကတော့ တွေးတုန်းပဲ၊ မီခုလိုလုပ်နေတာဟာ နောက်နေတာလား….. အတည်လားလို့”

မောင်ကိုလေးသည် ဤသို့ မီ့အတွက်ရူး၏။ အရမ်း ကာရောပင် ရူး၏။

မီကိုယ်တိုင်ကတော့ ဘယ်လောက်စွမ်းလိမ့်မည်မသိ၊ မီ့စာများကတော့ သူ့ကို ငိုသည့်အခါ ငိုစေ၍ ရယ်သည့်အခါ ရယ်စေ၏။

ကျွန်တော်သည် မောင်ကိုလေးအတွက် မခံချိမခံသာ ဖြစ်ကာ မီဟာ ဘယ်လိုမိန်းကလေးမျိုးပါလိမ့် ဟု တွေးလေ၏။ ထိုခဏမှာ အေးစက်စက် မထိတရိ မီ့ကို တွေ့၏။ မီသည် မောင်ကိုလေး ပခုံးကိုကိုင်ကာ သူငိုသည်ကို ပြုံးကြည့်၏။ အပြုံးနှင့် မျက်ရည်တို့သည် နှစ်ခုပြောင်းပြန်ဖြစ်နေပုံ ကို ကြည့်ပါဦး၊ မိန်းကလေးကပြုံးလို့ ယောက်ျားလေးက ငိုရသတဲ့။

မမြင်ဘူးသေးတဲ့ မီ့ကို ကျွန်တော်မုန်း၏။ မုန်းလျက်က စွဲလန်း၏။ တွေးချိန်ရတိုင်း မီ့ကိုတွေးကာ မီ………… ဟု တ,သမိပါသည်။

မီ့ထံမှ စာတွေလာသမျှ ကျွန်တော့်အား ပြသည်။ ကျွန်တော်က မဖတ်တော့ချေ။ မီ့သဘောကို ဟိုတစ်စောင်ဖတ်ကတည်းက ရိပ်ဖမ်းမိပါပြီ။

ခုတလောလာသည့် မီ့စာများသည် ဒုက္ခအတော်ပေးဟန် တူသည်။

မောင်ကိုလေးသည် ငိုတစ်ခါ၊ ရယ်တစ်လှည့် မဟုတ်တော့ဘဲ ငြိမ်ငြိမ်ထိုင်ကာ တွေမှိုင်လာ၏။ “သေချင်တယ်….. သေချင်တယ်” နှင့် ညည်းလာ၏။

ကျွန်တော်ကမူ “မင်းဟာ ယောက်ျားစိတ် မရှိဘူး” ဟုလည်း မဆူပွက်တော့၊ လက်ပိုက်ပြီး ကြည့်နေလိုက်သည်။

သူဖြစ်ချင်သလို ဖြစ်နေ ကျွန်တော် ကြည့်ကာသာ နေ၏။ ဒါကြောင့် မချိမဆန့် ပိုဖြစ်လာသလားတော့ မသိပေ။

တစ်ညမှာ ၂ နာရီကျော်ကျော်လောက်ထင်သည်။ ကျွန်တော့်အား အတင်းလှုပ်နှိုး၏။

အိပ်မောကျနေသူပီပီ အလန့်တကြား တွက်ပစ်ရင်း ထ,လိုက်သည်။

စိတ်တွင် ရှောင်တခင် စစ်ပွဲတော့လာပြီဟု ထင်သည်။ မောင်ကိုလေးက လုံးလုံးလျားလျား နှိုးမိသည်အထိပင် စောင့်၏။ ပြီးတော့ မီ့အကြောင်းကို ပြောသည်။

“မီဟာ ကျွန်တော့်ကို ဘယ်လောက်မုန်းတယ်ဆိုတာ ခုမှသိတယ်၊ မီက သေပါစေ ဆုတောင်းနေတာဗျ…..

ကျွန်တော် စစ်ထဲဝင်တုန်းက ပျော်နေတာပဲ၊ မီပျော်နေတာပဲ၊ ကျွန်တော်မရှိမှ သူတွဲချင်တဲ့ လူနဲ့ တွဲရမှာပေါ့၊ ပြီးတော့ “သူရဲကောင်းကြီးတဲ့” လှောင်လိုက်သေးတယ်…..

မီဟာ အမြဲကို လှောင်နေတာပဲ။ ကျွန်တော်ကသာ အကောင်းမှတ်နေတာ…..

ခု၊ မီအိမ်ပြောင်းသွားပြီ။ ကျွန်တော့်ကို လိပ်စာမပေးဘူး။

အလိမ္မာလေးနဲ့ ဖြတ်လိုက်တာပေါ့၊ သိပ်တော်တဲ့ မီ၊ အစက ဒီလောက်တော်မှန်း မသိဘူး…..

ပြီးတော့ ရေးလိုက်တဲ့စာလည်း သူ့ကောင်တွေအကြောင်း ချည်းပဲ၊ သူ့မှာ ပေါကြောင်း သိပါတယ်ဗျာ…..

ဒါပေမယ့် ကျွန်တော် ဘာဖြစ်နေတယ်ဆိုတာ စဉ်းစားဖို့ကောင်းပါတယ်။ ဒါလောက် ရက်စက်ဖို့ မကောင်းပါဘူး”

ဤသို့ မောင်ကိုလေးလာနှိုးသည့် အကြောင်းရင်းကို သိရပါသည်။

သည်လို ကလေးသာသာ အရွယ်လူငယ်ကလေးဟာ သည်လောက်ကြီးတဲ့ ဒုက္ခတန်ပါသလား။

ဘာပဲဖြစ်ဖြစ် မောင်ကိုလေး၏ လူငယ်ဘဝဟာဖြင့် ပျက်စီးခဲ့ပါပြီ။

မီသည် မောင်ကိုလေး၏ ပျော်ရွှင်မှုကို ချေပစ်လိုက်ပြီ။ ချေတာမှ ခြေနဲ့ကို နင်းချေလိုက်တာပဲ။ သန်းခေါင်ကျော်လေသည် အေးလှ၏။ ရက်စက်၏။ ဖျော့တော့သည့်အလှကလေးသည်လည်း သည်လိုပင် အေး၍ ရက်စက်ပေလိမ့်မည်။

မီသည် မောင်ကိုလေးအား ညှင်းဆဲရသည်ကို အရသာ ပေါ်နေဟန်တူ၏။

မီသာမဟုတ်၊ ဘယ်မိန်းမ မဆို သူတို့အတွက် လူတစ်ယောက်ယောက် ဒုက္ခရောက်နေရပါသည်ဆိုလျှင်…..ပျော်၏။ အားရ၏။

ပြီးတော့ သူတို့ ရက်စက်မှုအတွက် ဂုဏ်ယူလိုက်ချင် သေးသည်။ သို့ပေမယ့် မီကတော့ ပို၏။

အေးလှသည့် လေနှင့် မီ့အတွေးများကြောင့် ….. ကျွန်တော်သည် အိပ်ချင်စိတ် ပျောက်သွားသည်။

မောင်ကိုလေးက မျက်နှာခပ်လွှဲလွှဲနှင့် နေ၏။ သူ့စိတ်ထဲ ဘယ်လိုများ နေပါလိမ့်မလဲ။

ကျွန်တော်သည် မောင်ကိုလေးကို နှစ်သိမ့်စေချင်၏။ သို့သော် ဘာပြောရ၊ ဘာလုပ်ရမှန်းမသိပေ။

“အေးလိုက်တာ” ဟု စကားမရှိ စကားရှာပြီးပြောကာ တစ်ကိုယ်လုံး တွန့်လိုက်မိပါသည်။

မောင်ကိုလေးက ကျွန်တော့်အား မမြင်သော မျက်လုံးများဖြင့် စိုက်ကြည့်သည့် အဓိပ္ပါယ် နားလည်သလို “သိပ်အေး တာပဲဗျ” ဟု စိတ်မပါဘဲ ပြောလိုက်လေသည်။

“အေးတယ်” ဆိုလို့ တစ်ညကို သတိရတယ်၊ ပြာသို တစ်ညပေါ့….။ ခုနစ်နာရီလောက် ရှိသေးပေမယ့်….. သိပ်ည နက်နေပြီ ထင်ရတယ်….. ။

လမ်းပေါ်မှာ လူမရှိတော့ဘူး၊ အိမ်တံခါးတွေလည်း ပိတ်ထားကြတယ် ……။

မီက သွားချင်တယ် ဆိုလို့ လိုက်ပို့ရတယ်၊ ပထမတော့ သူ ဆာလို့အောက်မေ့တယ်၊ ဒါပေမယ့် ဘာမှ မစားဘူး။ အဲဒီညမှာ ကျွန်တော် အသည်းကွဲတဲ့ညပဲ။ မနက်ကတော့…..မီလဲတာပဲ ….သွေးတွေ သိပ်အန်တာကိုး ကျွန်တော် မကြည့်ဝံ့ဘူး။ သူကတော့ ပြုံးနေလိုက် သေးတယ်၊ ပြီးတော့သေစကားချည်းပဲ ပြောနေတယ်။

ကျွန်တော်ကတော့ သေနတ်ချည်း စမ်းစမ်းနေတာပဲ၊ ဆရာဝန်ကသာ ပြောလိုက် မီဟာ သေတော့မယ်… ကျွန်တော် သူ့ကို ဝေဒနာမခံရအောင် ပစ်သတ်မယ်၊ ပြီးတော့…..ကျွန်တော်လည်း လိုက်သွားမယ်…..

မီ့မှာ တီဘီရှိတယ်.……ကျွန်တော်ကတော့ မကြောက်ပါဘူး၊ ကျွန်တော့ကိုကူးကူး၊ သေသေ မီ့ကို ပိုသနားတယ်။ မီဟာ ကျွန်တော့်ကို ချစ်ပါတယ်ဗျာ။ သူ့ရောဂါကြီးကြောင့် ငြင်းတာပဲ၊ ငြင်းလို့မရလို့ ကျွန်တော်စိတ်ပျက်အောင် မီ တမင် ထင်ရာတွေ လုပ်နေတာပဲ…..

မီဟာ ကျွန်တော်မခံနိုင်ဆုံး စကားလုံးကို သိပ်ပြော တတ်တယ်။ “မုန်းလိုက်…… မုန်းလိုက်” တဲ့၊ ရောဂါကြီးနဲ့ မိန်းကလေးတစ်ယောက် နေရတဲ့ မီကို ဘယ်သူမုန်းနိုင်ပါ့မလဲ၊ မီဟာ သနားစရာ သက်သက်ပါ…..

မီ ကျွန်တော့်ကို ချစ်ပါတယ်၊ “လေးဟာမီ့အတွက် ဘဝအဆုံးမခံပါနဲ့” တဲ့၊ “လေးဟာ ကလေးလေးပဲ၊ တကယ့်ကို ကလေးလေးပဲ” လို့ မီညည်းရှာတယ်၊ မီက ကျွန်တော့်ထက် သုံးနှစ်ကြီးတယ်’”

မောင်ကိုလေးသည် မီ၏ အချစ်နှင့် အမုန်းကြားဝယ် ပတ်ချာလည်ကာ ဓားနှင့် အခိုက်ခံရသူ၏ ညည်းသံမျိုးဖြင့် ရှည်လျားစွာ ကြောက်မက်ဖွယ် ညည်း၏။

ကျွန်တော်တို့တပ်၏ အခြေအနေသည် ဆိုးလှ၏။ တပ်သားများသည် အိမ်အကြောင်းပြောဖို့ သတိမရတော့ဘဲ တိုက်ပွဲသာ မျှော်ရ၏။ လက်နက်များ ပြင်ဆင်ရ၏။ အကူတပ်ကိုလည်း ဝမ်းတွင်းမှ တိတ်တဆိတ် မျှော်ကြ၏။

သည်အတွင်းမှာ…..မောင်ကိုလေးသည် စစ်သွေးလုံးလုံး မဝင်ဘဲ မီ၊ မီ၊ မီနှင့် မီကာ….. နေရာမှ ဆိတ်ငြိမ်သွား၏။ မည်သည့်လက္ခဏာလည်းတော့ မသိချေ။

ကျွန်တော့်ကိုပင် စကားမပြောတော့ တစ်ယောက်တည်းသာ နေပါတော့သည်။

တိုက်ပွဲတစ်ခု ဖြစ်ပွား၏။

အင်္ဂလိပ်အစိုးရ၏ ဂေါ်ရခါးစစ်သားများသည် သစ်လွင် လှပါသည်။

သေစရာရှိလျှင် အဆွေတော် နီပွန်တို့သည် နောက်ကွယ်မှ ရှောင်နေသည်။

ကျွန်တော်တို့သည် မခံချင်စိတ်၊ ရှက်စိတ်ဖြင့် ဇွတ်သာတိုက်၏။

ထို့ကြောင့် တပ်လုံး ပြုတ်တော့မလို ဖြစ်နေသည်။

ဂေါ်ရခါးစစ်သားတစ်စုသည် အမြစ်မှကျွတ်ပြီး လဲနေသော ကျွန်းပင်ကြီးနောက်မှာရှိ၏။

ထိုတစ်ခုကြောင့် တပ်သားအများဆုံး သေ၏။

ကျွန်းပင်ကြီး၏ ပင်စည်မှာ လဲနေလျက်က လူ့ တစ်ရပ်ခန့် ရှိပေသည်။ ထိုအပင်ပေါ်ကို တပ်သားတစ်ယောက် ခုန်ပြေးပြီး တက်လိုက်၏။

လက်ထဲမှာ လက်ပစ်ဗုံး၊ ကားခနဲဖြစ်သွားသည့် ခြေထောက်သည် ပြန်အစု၊ အရပ် မားခနဲ မြင့်အလာမှာ ထပြီး ပေါက်ကွဲ၏။

မောင်ကိုလေး။

ထိုတပ်သားကို မောင်ကိုလေးဟု ပေါက်ကွဲပြီးမှ နောက်ကျစွာ သိရလေ၏။ တိုက်ပွဲပြီးသွား၍ အခိုးအငွေ့များ သေသည့် အခါ ကျွန်တော်တို့ တပ်သားများ အလောင်းကောက်ကြသည်။ ကျွန်းပင်၏ အမြစ်အတက်များအကြား ဂေါ်ရခါးစစ်သား များအောက်မှာ မောင်ကိုလေးသည် မှောက်လျက်ကားရားကြီး နေ၏။

သူ့မှာ နောက်စေ့မရှိတော့ချေ။

အားလုံးကိုဖယ်ပစ်၍ မောင်ကိုလေး၏ အလောင်းကို ပက်လက်လှန်လိုက်သော် သူ့အင်္ကျီရင်ပတ်အောက်မှ ရည်းစားစာတွေ တစ်ထပ်ကြီး ထွက်ကျလာလေသည်။

 

စစ်ပြီးသွားသည့်အခါ ကျွန်တော်လည်း တပ်တွင်းမှ ထွက်လိုက်၏။

 

စစ်သားလူထွက်ပီပီ ဘယ်နေရာ ဘယ်အလုပ်မှာမှ အတည်တကျ မနေနိုင်ဘဲ လျှောက်ပြီး လေလွင့်နေ၏။

 

ကျွန်တော့်မိဘများမှ အလုပ်အကိုင်မပျက် ပြန်၍လုပ်နေသဖြင့် ကျွန်တော်သည် ထင်သလိုပင် လေလွင့်နေနိုင်၏။ ကျွန်တော်သည် မီ့ကိုသာ ရှာ၍နေမိပါသည်။ မီ့ကို ဘိန်းစွဲသလို စွဲနေ၏။

 

ကိုယ့်ကို ဖျက်ဆီးမှန်းလည်း သိ၏။ တပ်မက်နှစ်သက်ပြီးလည်းနေသည်။

 

ပြီးတော့ မောင်ကိုလေးကို သတ်သည့် လက်သည်၏ မျက်နှာကို စေ့စေ့လည်း ကြည့်လိုပေသည်။

 

မီ့ကို တွေ့အောင် ခဲခဲယဉ်းယဉ်း မရှာရပါ။ မီသည် ကျော်စော၏။ ပွဲလမ်းသဘင်မှာ ထင်ရှား၏။

 

ညစ်ညမ်းသော အဓိပ္ပါယ်နှင့် မျက်စပစ်တတ်သူ ယောက်ျားများ၏ ပါးစပ်မှာ မီ့ကိုရှာပါ။

 

အင်္ဂလိပ် ကပွဲများပေးသည့် ဟိုတယ်တစ်ခုက ပရိသတ်ထဲမှာ မီကို တွေ့ရလေသည်။

 

မီ၏ဘေးမှာ စိန်လက်စွပ် ခပ်ကြီးကြီးကို နှစ်ကွင်း ဆင့်ဝတ်ထားသည့် ယောက်ျားခန့်ခန့် တစ်ယောက်ထိုင်၏။

 

သူတို့စားပွဲပေါ်မှာ ဘရန်ဒီပုလင်းနှင့် ဖန်ခွက်များ ရှိပေသည်။

 

မီ့ကို တွေ့တွေ့ချင်း ဖြစ်ပေါ်သည့်စိတ်မှာ ဘယ်လို မုန်းရမှန်းမသိအောင် မုန်းသည့်အမုန်းဖြစ်၏။

 

ကျွန်တော်သည် မီ့စားပွဲသို့သွားကာ…

 

“မီဆိုတာ မဟုတ်လား”

 

ဟု မေးလိုက်ပါသည်။

 

မီ့ကို မီမှန်းသိခဲ့ပါပြီ။ ကျွန်တော်၏ မိတ်ဆွေတစ်ယောက်က ကျွန်တော်ရောက်စကပင် လက်ညှိုးထိုး၍ ပြခဲ့ပေပြီ။ ပြီးတော့ မီ၏ ထူးခြားဖျော့တော့သည့် အလှနှင့် ဘေးဘီကို မမှုသည့်ဟန်က ထင်ပေါ်လှသည်။

 

မီက နှုတ်ခမ်းမှ စီးကရက်ပင် မချွတ်ဘဲ မျက်လွှာကို မှေးကြည့်ပြီး…

 

“မီမှန်း ဘယ်လိုသိပါသလဲ”

 

ဟု ခပ်ပြတ်ပြတ် မေး၏။

 

သူ့ဘေးကလူက မျက်မှောင်ကုပ်ပြီး စောင့်ကြည့်၏။

 

“ကျွန်တော်ဟာ မောင်ကိုလေးကို သိခဲ့ရင် မီ့ကိုလည်း သိရမှာပေါ့”

 

ကျွန်တော်၏ မျက်နှာမှာ မီ့ကို ရှုတ်ချသရော်ဟန် ပေါ်လိမ့်မည် ထင်သည်။

 

မီက ကျွန်တော့်စကားကို နားလည်ကာ တစ်ချက် ရယ်လိုက်၏။

 

ထို့နောက်…

 

“အော်….. စစ်ထဲဝင်သွားတဲ့ ကောင်လေး ဟာ ထင်ပါတယ်”

 

ဟု ကျွန်တော့်အရှိုက်ကို ဆောင့်သည့် အေးစက်စက် အမူအရာဖြင့် ပြောလေ၏။

 

“ဟုတ်တာပေါ့ မိန်းမတစ်ယောက်က ခိုင်းလို့ စစ်ထဲ ဝင်ပြီး သေပေးရတဲ့ မောင်ကိုလေးဟာပေါ့”

 

မီက ဂရုမစိုက်ဘဲ ရွှေစီးကရက်ဘူးကလေးကို ထိုးပေးကာ…

 

“သောက်ပါအုံး ဦးသော်ဆွေ”

 

ဟု ကျွန်တော့်နာမည်ကို တမင် ပီပီသသ ခေါ်လိုက်ပေ၏။

 

ကျွန်တော့်နာမည်သိခြင်းကို အံ့သြစေလိုဟန်တူပါသည်။ ဒါပေမယ့် အံ့ဩစရာလား၊ မောင်ကိုလေးဆီက သိနိုင်သည်။

 

ဘာပဲဆိုဆို ကျွန်တော်သည် အနည်းငယ် နေမထိ ထိုင်မသာတော့ ဖြစ်သွား၏။

 

ကျွန်တော်လည်း ကုလားထိုင်တစ်ခုမှာ ဝင်ထိုင်ရင်း စီးကရက် တည်သည်ကို တစ်လိပ်ယူလိုက်ပါသည်။ မီးခြစ်ကိုခြစ်၍ ညှိမည်အပြုမှာ…

 

ပန်းငုံ မဖောင်းတဖောင်းကလေးလို ပွင့်ဖူးနေသည့် ပန်းနုရောင် မေ့နှုတ်ခမ်းကလေးများကို သတိထားမိရင်း….. ကျွန်တော့်မျက်လုံးများ အနည်းငယ် အခြေပျက်သွားပေသည်။ မီ၏ ဖျော့တော့သော အလှသည် ယောက်ျားတစ်ယောက်ကို မချိတရိ ဖြစ်စေနိုင်၏။

 

မိန်းမအလှကို ကျွန်တော် ဂရုမပြုလှသော်လည်း မီ ကျတော့ နှစ်လိုမိသည်။ မီ့ကိုကြည့်ရင်း ကဗျာတောင် ဆန်လာသည်။ မီ့ဆံပင်လေးများဟာ ပိုးမျှင်လိုနူးညံ့ပြီး အညိုဖျော့ဖျော့ လက်နေတာပဲ အသားရောင်က အဖြူဖျော့ဖျော့၊ မျက်လုံးက မိုးတိမ်ဖျော့ဖျော့၊ မီသည် လေမှာလွင့်သည့် ပုလဲရောင် လည်စီးနှင့်သာ တူတော့သည်။

 

နွဲ့လျသည့်မီက ကျွန်တော့်လက်မောင်းကို ရင်းနှီးရဲတင်းစွာကိုင်၍ ထ,လိုက်၏။

 

ဘေးကလူကို…

 

“မီ…..သူနဲ့လိုက်သွားအုံးမယ် ကိုမောင်၊ ပြီးတော့ အိမ်ပြန်နှင့်မယ်လေ”

 

ဟု မြှူချော့ပြီးပြောကာ ကျွန်တော့်အား မေးတစ်ချက် ဆတ်ပြသည်။

 

သူ့လူက မျက်နှာမဲ့ကာ…

 

“အင်း… အင်း”

 

ဟု ပါးစပ် ပိတ်ပြီး ပြော၏။

 

ကျွန်တော်လည်း သူ့ကို ရန်သူလိုထင်မိကာ…… မီ့ နောက်ကို တမင်လိုက်မိ၏။

 

ကျွန်တော်သည် စပါးကြီးညို့မှာ မိနေသူပမာ ကိုယ့်ကို စားမည်စောင့်သည့် စပါးကြီးရှိရာလမ်းကို သိလျက်ပင် တတန်းတန်းလိုက်နေပြီ….. ဒါကို မီက စင်းစင်းကြီးသိသည်။

 

ကျွန်တော် မိုက်မဲရာတော့ကျတာပေါ့၊ ဒါပေမယ့်…. မိုက်မဲတာသည် ဘေးလူအမြင်မှာ… ဘာပဲဖြစ်နေနေ ရသူအဖို့ကတော့…. ပျော်စရာ၊ မီနှင့်တွေ့လျှင် မိုက်မဲရခြင်းသည် ပျော်စရာ။

 

ဆူးလေဘုရားကို ပတ်လျှောက်ရင်း မီ့အစွမ်းသတ္တိကို တွေးနေမိရာက…

 

“မီဟာ မြန်မာလား…. မီ ဗုဒ္ဓဘာသာ ဟုတ်ရဲ့လား”

 

ဟု မေးလိုက်ရာ သဘောကျသွားသလို…..ဟက်ဟက်ပက်ပက် ကလေး ရယ်ပစ်လိုက်၏။ ဖြေကား မဖြေချေ။

 

“မီဟာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ယောက်နဲ့

မတူဘူး၊ မီဟာ အံ့ဩစရာကောင်းတယ်…”

 

ကျွန်တော်သည် သည်လိုချီးမွမ်းဟန်နှင့် အပြစ်တင်လိုက်သည်ကို မီဘာမှ ပြန်မပြောချေ။

 

အမှန်တော့ သည်လိုပြောလိုက်ခြင်းဟာ ရင်းနှီးလွန်းရာ မကျဘူးလား။ ကျွန်တော့်စိတ်ထဲမှာ မီ့ကို ခုတွေ့ဖူး စကားပြောဖူးသော်လည်း ရင်းနှီးခဲ့သည်မှာ ကြာပြီ။

 

သို့ပင် မီသည် မြန်မာမိန်းကလေးတစ်ယောက် နေပုံထိုင်ပုံနှင့် အင်မတန်ကိုပင် ဖီလာဖြစ်နေသဖြင့်လည်း ပြောမိခြင်း ဖြစ်သည် ထင်ပါ၏။

 

“မီ မြန်မာပါပဲ”

 

ဘာသာကိုတော့ မီက မဖြေပါ။

 

စကားမဆက်ဖြစ်ဘဲ နှစ်ယောက်သား လျှောက်လာရင်း မီက ဖြုန်းခနဲ ကျွန်တော့်လက်ကို ဆွဲကာ…

 

“လေးသေပုံ ပြောပြစမ်းပါ… ဦးသော်ဆွေရယ်….”

 

ဟု လည်တံကြော့ကို မော့ပြီး ပြော၏။

 

သူ့မျက်လုံးများလက်နေသည်မှာ မျက်ရည်ကြောင့်ပေလား….. လက်ကလေးများကလည်း တုန်လို့နေပါကော။

 

မောင်ကိုလေး၏ အကြောင်းကိုပြောပြစဉ်မှာ…… မီသည် ငိုရှိုက်နေသလို ထင်ရသည်။

 

သေသေချာချာ ကြည့်ပြန်တော့လည်း ငိုရှိုက်နေသည် မဟုတ်ချေ။

 

မီ ငိုသည်ထင်၍ ငုံ့ကြည့်လိုက်၊ မငိုတာမြင်၍ ပြန်လှည့်သွားလိုက်၊ ကျွန်တော့်မှာ အတော်လေးကြောင်ရလေသည်။

 

“မီဟာ မောင်ကိုလေးသေလို့ လွမ်းလှတယ်ဆိုပြီး ငိုချင်ယောင်ဆောင်နေတယ်။ တကယ်ငိုလို့တော့ မရဘူး”

 

ဟု ကျွန်တော်တွေးကာ မုန်းစိတ်များ ထလာ၏။

 

သူကိုင်ထားသည့် ကျွန်တော့်လက်မောင်းကို ခပ်ကြမ်းကြမ်းပြုတ်သွားအောင် ရုန်းလိုက်၏။

 

မီက လမ်းလျှောက်ရပ်လိုက်ပြီး… အံ့အားသင့်သွားသလို ငေးပြီး ကြည့်၏။

 

“ကျွန်တော့်စိတ်ထဲမှာ… မောင်ကိုလေးကို… မီသတ်တာပဲ လို့ ထားတယ်။ မောင်ကိုလေးဟာတော့ ခု ပြာအိုးပဲ ကျန်တော့တယ်၊ ပြာတောင် ရှိပါသေးရဲ့လား မသိဘူး…။ မီကတော့ ဟိုတယ်မှာ ကပွဲကြည့်နေတယ်။ မောင်ကိုလေးပြောခဲ့တဲ့ မီ့အရည်အချင်းတွေကို ကျွန်တော် ခုတွေ့ပါပြီ… ကိုင်း… မီ့ အိမ်ကို ကျွန်တော် ပို့ပါရစေတော့”

 

မီက ငြိမ်နေ၏။

 

ပြီးတော့ ဟန်ဆောင်ရှက်လား….. တကယ်ရှက်လား မသိ၊ ရှက်ပြီး ဒေါသကလေးထွက်ကာ… ကျွန်တော့်လက်ကို ပြန်ဆောင့်ဆွဲ၏။

 

“မိန်းကလေးတစ်ယောက်ကို ကြိုက်၊ တစ်ယောက်တည်း ရူးပြီး စစ်ထဲဝင်သေတာ ဘယ်သူ့အပြစ်လဲ”

 

ဟု အော်လိုက်ပြီး… ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်၍ ရယ်ကာ…

 

“ဦးသော်ဆွေ ရှင်ဟာ သိပ်ရယ်စရာကောင်းတဲ့လူပဲ”

 

ဟု အချက်ကို ခွတ်လိုက်၏။ ကျွန်တော်သည် ဘယ်တော့မှ ရယ်စရာကောင်းသူ မဟုတ်ပေ။ ဒါသည် ကျွန်တော်၏ မာနပင်ဖြစ်ပေသည်။

 

မိန်းမများကို ရန်တွေ့ပါစေ…။ ယောက်ျားများက စော်ကားပါစေ….. ကျွန်တော်သည် ကျောခိုင်းလိုက်ခြင်းဖြင့် လည်းကောင်း၊ လက်သီးဖြင့်လည်းကောင်း တုန့်ပြန်နိုင်။

 

အရယ်ခံရခြင်းကိုမူ မတုန့်ပြန်တတ်အောင် အခံရခက် ပေသည်။

 

ကျွန်တော်သည် ဘယ်သူ၏ ရယ်စရာသတ္တဝါ အဖြစ်မှ မခံနိုင်ပေ။

 

နှုတ်အ,ကာသာ၊ မီ့ကို စူးစိုက်ကြည့်လိုက်ရာ… မီ၏ ညိုလက်လက် အေးစက်စက်မျက်လုံးများကို မြင်ရပါသည်။

 

ကျွန်တော်ကပင် စပြီး မျက်လုံးလွှဲရ၏။ မီ၏ အနိုင်ကို တွေ့တွေ့ခြင်းပင် ခံရပေပြီ။ မီက ကျွန်တော့်မျက်နှာထားကို ဂရုမစိုက်ဘဲ… ဘာမှ မဖြစ်သလို ပျော့ပျောင်းစွာ…

 

“လေးဟာ သနားစရာပဲ သူတို့ အရွယ်လေးတွေဟာ ခက်တယ်…။ လေးဟာ အချစ်ဆိုတာကို နားမလည်သေးပါဘူး ဦးသော်ဆွေရယ်…

 

“ဒါ ဘာမှမဟုတ်ဘူး၊ စိတ်လှုပ်ရှားမှုပဲ… လေးဟာ မီနဲ့ ခင်ခင်မင်မင်နေရလို့ လူငယ်တို့ဘာဝ စိတ်လှုပ်ရှားတာပဲ”

 

ဟု မှုံမှိုင်းသော မျက်လုံးများကို တစ်ဝက်ပိတ်ကာ ပြောလေသည်။ မီက ဤသို့ပြောလိုက်သည့်အခါ ကျွန်တော်၏ ဒေါသသည် ပျောက်ကွယ်သွား၏။

 

ပြီးတော့ ကိုယ့်ကိုယ့်ကို ဒေါသထွက်၏။

 

ဘာကြောင့် ကျွန်တော်သည် မီ့မှာ သာယာရပါသလဲ…။ မီ့လက်ကလေးအထိမှာ တုန်လှုပ်ရပါသလဲ။ မီ ရပ်နေသည်မှာ ကျွန်တော်နှင့် နီးလွန်းသည်။

 

မောင်ကိုလေးဟာ ရူးတာပဲထားပါဦး… မီက ဘာဖြစ်လို့ လိုက်လျောရသလဲ၊ ဒီသဘောသာ သူ့စကားနှင့် တစ်ထပ်တည်း ကျလျှင်… မီသည် မောင်ကိုလေးနှင့် ခုလို အရောတဝင်နေ၊ ချစ်သူလို ပေါင်းနေဖို့ မရှိပါတကား။

 

မီသည် လိမ်၏… မောင်ကိုလေးခေါ်ရာ မီလိုက်ခဲ့ပုံတွေ။ မောင်ကိုလေးကို မီချော့မော့ခဲ့ပုံတွေ၊ ဒါတွေကို မြှုပ်ပြီး မောင်ကိုလေးက သူ့ဘာသာနေသည့် မီ့ကို လိုက်ကြိုက်။ ရူးပြီး… သေသလိုဖြစ်အောင် မီပြော၏။

 

တတ်နိုင်ပါပေ့ မီရယ်… ။

 

ဒါပေမယ့် မီက သည်လောက် ကြည်လဲ့သည့် လေသံကလေးဖြင့် သည်လိုလွမ်းဆွတ်ဖွယ် ညည်းညူလိုက်ခြင်းမှာ ကျွန်တော့်ဒေါသကို အမှုန့်ချေပစ်လို့ အကောင်းဆုံး နည်းဖြစ်သည်။ မောင်ကိုလေးကို မေ့ကာ စစ်သားစိတ်ကို ကဗျာဆန်အောင်လုပ်နိုင်သည့် မီ၏ ပမ်းနွဲ့နေဟန်ကလေးကို စိတ်ဝင်စား လာ၏။

 

မီသည် လှလွန်း၏၊ ဒါ့ထက် လည်လွန်း၏။

 

ကျွန်တော်ကမူ ဒီအနှောင်အဖွဲ့ကို မြင်လျက်က ကန်းကာ တိုးလျက်ရှိသည်။

 

မီသည် တခြားလူအဖို့တော့ မသိ၊ ကျွန်တော့်အဖို့တော့ မောင်ကိုလေး မိတ်ဆက်ပေးခဲ့သည့် မီမဟုတ်ချေ။

 

လေးရဲ့ မီကမူ လောကကို ရွဲ့နေသည့် သနားစရာမီ…

 

လူငယ်တစ်ယောက်ကို ကြိုးလျော့၊ ကြိုးတင်းဖြင့် ကမ်း၍ ကျွန်တော့်လို အသက်သုံးဆယ်အရွယ်ကို ပျော့ကွေးကျလာသည့် တွယ်ရာမဲ့သော မီအဖြစ် ဖမ်းသည်မှာ မီ၏ အပါးအနပ်ပင် ဖြစ်လေသည်။

 

ကျွန်တော်သည် မီ့နောက်သို့ တကပ်ကပ်လိုက်ကာ မီ အရမ်းကျသမျှကို ရွံရှာစွာ ပြောဆိုတားမြစ်မိတော့သည်။

 

မီနှင့် ကျွန်တော်သည် ဟိုတယ်သို့ ညတိုင်းလိုလို ရောက်၏။

 

မီ့ကို တခြားလူတွေနှင့် မသွားစေလို၍ ကျွန်တော်လိုက် ပို့ရ၏။

 

မီ့အသိတွေကတော့…. ဘယ်သွားသွား မလွတ်၊ ပြီးတော့ ယောက်ျားချည်းပဲ…. ယောက်ျားချည်းပဲ….။

 

“ဒီလူဟာ အလကားလူ- မီမသွားနဲ့”

 

မီနှင့်ကျွန်တော်….လိမ္မော်ရည်သောက်နေစဉ် လူတစ်ယောက်က မလှမ်းမကမ်းမှာရပ်ပြီး ခေါင်းညိတ်ခေါ်၏။

 

ထိုသူ၏ နာမည် မသိသော်လည်း ဟိုတယ်တကာတွင် ရမ်းကားလှသဖြင့် ကျွန်တော်သိ၏။

 

“မြို့ပိုင် ဦးဘချစ်လေ…. မီနဲ့ သိပ်ခင်တာ”

 

“ဒီလူမျိုးနဲ့ ခင်ရတာ…. မီ့အဖို့ ကြောက်စရာပဲ၊ မီ ဘာဖြစ်လို့ ဦးဘချစ်နဲ့ တွဲချင်ရတာလဲ”

 

“သူကလဲ မေးလိမ့်မယ်… ဘာဖြစ်လို့ ဦးသော်ဆွေနဲ့ တွဲသလဲလို့”

 

“ကိုယ်က မီ့ကို စောင့်ရှောက်နေတာ”

 

“မီ့ကို စောင့်ရှောက်နေတဲ့ လူက ဦးသော်ဆွေ တစ်ယောက်တည်း မဟုတ်ပါဘူး၊ အများကြီးပဲ”

 

“သူတို့စောင့်ရှောက်နေပုံက မပြောချင်ပါဘူး မီရယ်၊ မီဟာ မိန်းကလေး တစ်ယောက်တည်း….. တစ်နေ့မှာ မီးပွင့် လိမ့်မယ်”

 

ကျွန်တော်က ရိုင်းရိုင်းပင်ပြောလိုက်၏။

 

ပြီးတော့….အငွေ့မသေ့တသေ စီးကရက်တိုကို ကျွန်တော့် ရင်ဘတ်သို့ ပေါက်လိုက်၏။

 

“မီးဟာ ကြောက်စရာလား”

 

မီသည် ဦးဘချစ်က ပိုင်စိုးပိုင်နင်း ပခုံးကို ကြိုပွေ့ကာ နှစ်ယောက်သား သွားကြ၏။

 

ဟိုတယ်ပျော်လူတစ်စုက ကျွန်တော်တို့သုံးယောက်ဖြစ်ပုံကိုကြည့်ကာ…. ပွဲအကျကြီးကျပြီး ရယ်ကြ၏။

 

ကျွန်တော်သည် မိနစ်ပေါင်းများစွာ ငေးငိုင်ကာ…. ကျန်ရစ်ခဲ့ရာမှ ဖြုန်းခနဲထကာ….မီ့ကို လိုက်ရှာသည်။ ဘယ်စားပွဲမှ မတွေ့ပေ။

 

စိတ်ရှုပ်ရှုပ်နှင့် ဆင်ဝင် လသာခန်းကို ထွက်လာကာ ရောက်ရာပေါက်ရာ တွေးနေမိ၏။

 

မီဟာ ဘာဖြစ်လို့ ဒီလိုလုပ်ရပါလိမ့်.….. ငါ့ကိုများ အရွဲ့တိုက် နေတာလား… မီကိုရွံတယ်၊ မုန်းတယ်ပြောခဲ့ဘူးလို့ ချစ်တယ်ပြောဖြစ်အောင် အစ်တာလေလား။

 

ထိုစဉ်မှာ လူတစ်ယောက်သည် မေးခွန်းတစ်ခုနှင့် အတူ ရောက်လာ၏။

 

“မီ့ကို ရှာလို့တွေ့လား”

 

ကျွန်တော်က ခေါင်းခါလိုက်သည်။

 

“ဘယ်တွေ့မလဲ… မီက ဦးဘချစ်နောက် ကားတစ်စီးနဲ့ ပါသွားပြီ၊ မီဟာ ဒီလိုပဲ၊ ခင်ဗျားလို၊ ကျုပ်လို လူမျိုးဟာ မီ့ကို ဝေးဝေးက ရှောင်မှ…”

 

“ခင်ဗျား မီ့အကြောင်းမသိဘူး။ ကျွန်တော်သိတယ်။ မီဟာ ပညာသည်လိုပဲ၊ လူကို သူ့အလှ၊ သူ့မာယာနဲ့ ပြုစား နိုင်တယ်။ ပြီးတော့ မီနဲ့ ရင်းရင်းနှီးနှီးတွေ့မိတဲ့ လူတိုင်းဟာ ဒုက္ခရောက် ရတာချည်းပဲ”

 

“ခင်ဗျား မီ့ကို…. စိတ်ထဲမှာ မထားပါနဲ့တော့၊ ကျွန်တော် ဒါသတိပေးတာပဲ၊ ကျွန်တော်လည်း မီ့လူတွေထဲက တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် သိတာပေါ့၊ ခုတော့ ကျွန်တော် မီ့ကိုကြောက်တယ်”

 

ကျွန်တော်သည် စကားပြောသူကိုပဲ ဆွဲထိုးရမလား၊ မီတို့နောက်ကိုပဲ ပြေးလိုက်ရမလားဟု တွေး၏။

 

ထိုလူကိုသာ စိုက်ကြည့်မိသည်။ ကျွန်တော့်မျက်နှာသာ မှောင်ရိပ်ထဲမှာ မရောက်နေခဲ့လျှင် ဒါမှမဟုတ် ညသာမဟုတ်ဘဲ နေ့ခင်း လင်းလင်းဖြစ်ခဲ့လျှင် သူသည် ကျွန်တော့်မျက်နှာ အမူအရာကို မြင်ကာ စကားရှိန်သတ်၍ မြန်မြန်ထွက်ပြေးလိမ့်မည် ထင်ပါ၏။

 

“မီ့မှာ ပုံတွေအများကြီး ရှိတယ်။ လူတစ်ယောက် ပုံတစ်မျိုးပြောတာပဲ၊ လူတိုင်း ယုံတာပဲ၊ လူတိုင်းဟာ သူ့နောက်ကို တကောက်ကောက် လိုက်တယ်။ ဒီအထဲမှာ သူရွေးတာပဲ၊ ဦးဘချစ်လို လူမျိုးပေါ့၊ သူ့ကို အစစအရာရာမှာ ဖောဖောပံ့ပိုးနိုင်မယ့် လူဆိုပါတော့၊ အဆိုးဆုံးတော့ဗျာ မီဟာ ဒီလိုလူမျိုးနဲ့ တွဲပြီး မိန်းမတွေကြောက်တဲ့ဟာ ဟူသမျှကို လျှောက်လုပ်တယ် ဒါပဲ”

 

မီ့မှာ ပုံတွေအများကြီးရှိတယ် ဆို၍ တစ်ခါ မီပြောပြတာ သတိရမိပါသည်။

 

မီသည် မွေးပြီးပြီးချင်း မိဘများသေကုန်သဖြင့် မြင်ပင် မမြင်ဖူးလိုက်ပေ။

 

ဆွေမျိုးလည်းမရှိ၊ ရှိလည်းမဆိုင်၊ မီသည် ခရစ်ယာန် ဘာသာထဲဝင်ကာ မယ်သီလရှင်ကျောင်းမှာနေရ၏။

 

ဆယ်တန်းအောင်၍ ကျောင်းထွက်သော် မီ့လက်ထဲတွင် ငွေအစိတ်သာ ရှိသည်။

 

အုပ်ထိန်းသူမရှိသဖြင့် စော်ကားလိုသူများ၏ရန်ကို ရွံကာ အလုပ်တစ်ခုမှ တစ်ခုသို့ ပြောင်းပြေးရသည်။

 

မီသည် စိတ်ညစ်လွန်းသဖြင့် ရှုပ်လှသောရန်ကုန်မြို့ ကြီးဝယ် တစ်ညလုံး ထင်ရာမြင်ရာ လျှောက်သွားနေသည့်အခါ ရှိခဲ့ဖူးသည်။

 

မီသည် သူ့အကြောင်းကို ပြောပြစဉ်က အသံသည် ခါတိုင်းလို ချိုမြမနေဘဲ အနားဆတ်သည့် ပန်းကန်လို အက်ကွဲ နာကျည်းနေ၏။

 

ပြီးတော့ သူ့ခေါင်းကို ကျွန်တော့်ပခုံးပေါ်တင်ကာ ရှိုက်၍နေသေးသည်။

 

မီ့ဆံပင်ကလေးများသည် ကျွန်တော့်ပါးပြင်ကို လာ၍ ပွတ်သပ်စဉ် သတိလက်လွတ် မဖြစ်ရလေအောင် အထိန်းကြီး ထိန်းခဲ့ရပါသေးတယ်။

 

“ခင်ဗျားသိတဲ့ မီ့ပုံက ဘယ်လိုလဲ”

 

ဟု ကျွန်တော်က မေးလိုက်၏။

 

မီ့ကို ငယ်ငယ်ကတည်းက အင်္ဂလိပ် မယ်သီလရှင်ကျောင်းမှာ အပိုင်အပ်ထားသတဲ့။ သူကျောင်းထွက်တော့ မအေနဲ့ နေရာမှာ ပထွေးရန်ကြောက်လို့ တစ်ယောက်တည်း နေရသတဲ့။

 

ကုလားသူဌေး တစ်ယောက်ဆီမှာ အလုပ်လုပ်တာ ကုလားက ကြာသမားတဲ့ဗျာ၊ ဒီကသွားရပြန်ပြီး ဆရာမလုပ်တယ်ဆိုလား။ ကျွန်တော်နဲ့မီ တွေ့ကြတဲ့ အချိန်တုန်းက မီက ဝတ်လုံတစ်ယောက် နဲ့ ယူတော့မလိုလိုပဲ၊ ခုတော့ ဦးတင်မောင်ဆီမှာ”

 

“ခင်ဗျားထွက်သွားပါ”

 

ဟု ကျွန်တော်က လူသတ်ချင်သည့်စိတ်နှင့် အော်လိုက်၏။

 

“ခင်ဗျားဘာဖြစ်သွားတာလဲ၊ ကျွန်တော်တစ်ခုမှ လိမ်မပြောဘူး၊ ခင်ဗျားကောင်းဖို့ စေတနာနဲ့ပြောတာ”

 

“ခင်ဗျားထွက်သွား”

 

ထိုလူသည် စောင်းငန်းစောင်းငန်းလုပ်နေရာ ကျွန်တော်သည် ကုပ်ပိုးမှဆောင့်ဆွဲပြီး လသာခန်းမှနေ၍ အတွင်းသို့ တွန်းသွင်းလိုက်၏။

 

ယခု မီ၏ လက်ရှိအလုပ်မှာ သူဌေးဦးတင်မောင်၏ စက္ကရီတေရီလုပ်ခြင်းဖြစ်၏။

 

မီသည် ဦးတင်မောင်အိမ်တွင် နေထိုင်၏။

 

ဦးတင်မောင်မှာ မိန်းမဘက်တွင် နာမည်ကျော်ဖြစ်လေရာ မီ့လို အလှကလေးကို တစ်လ နှစ်ရာ့ငါးဆယ် အလကား ပေးပြီး အိမ်ခေါ်ထားသည်မှာ ရူးသွပ်ခြင်းမဟုတ်ပေ။

 

ကျွန်တော်သည် ဦးတင်မောင်ကို မုန်း၏။ သို့သော် သူသည် မျက်ခုံးမျက်လုံးကောင်းကောင်း၊ နှာခေါင်းချွန်ချွန် သပ်သပ်ရပ်ရပ် ဝတ်စားတတ်၏။

 

သူ့ရုပ်၊ သူ့ပစ္စည်းနှင့် သူ့ကိုယ်သူ အထင်ကြီးသူ ဖြစ်လေရာ ဘယ်တော့မှ လမ်းပေါ်က အပေါစားမိန်းမများနှင့် မဆက်ဆံပေ။

 

ဦးတင်မောင်နှင့် မီသည် အများပြောလည်း ပြောစရာ ရင်းနှီးလွန်း၏။ သို့သော် ကျွန်တော် မီ့ကို ပထမဆုံးစတွေ့စဉ် ဦးတင်မောင်ကို မျက်နှာကြီး ပျက်နေအောင် ထားခဲ့ကာ ကျွန်တော်နှင့် ဆူးလေဘုရားလမ်းဘက် ထွက်လာသည်ကို တွေးမိသော် မီဟာ ဦးတင်မောင်ကို မုန်းတယ်။ မီသိတယ် ဦးတင်မောင်ကို အလုပ်ရှင်မို့ အလိုက်အထိုက် နေရတာ။

 

ဟု အကောင်းဘက်လှည့်တွေးလိုက်၏။

 

ဟိုတယ်တွင်…..(၁၁) နာရီခွဲသည်အထိ မီ့ကို စောင့်ပါသေးသည်။ မီပြန်မလာပါ။

 

မီဟာ ပြန်အိပ်နေပြီဆိုရင်တော့ ကောင်းပါရဲ့၊ ဒါပေမယ့် ဦးဘချစ်….။

 

မီ့အသံကို ကြားလိုက်၏။

 

မီဟာ ကြောက်စရာလား။

 

ကျွန်တော်သည် တစ်သက်နှင့်တစ်ကိုယ် ပထမဆုံး

မိန်းမအတွက် မောင်ကိုလေး ငိုသလို ငိုရကောင်းမလားဟု တွေးမိ၏။

 

နောက်တစ်နေ့ မိုးလင်းလင်းချင်း မီ့ထံ (ဦးတင်မောင်အိမ်ဝသို့) သွား၏။

 

မီရော ဦးတင်မောင်ရော မရှိဘဲ ဦးတင်မောင်လူယုံ ကုလားကပြားကိုသာ တွေ့ရ၏။

 

“မီ ညကပြန်မလာဘူးလား”

 

“လာတယ်၊ တစ်ချက်ကျော်ကျော်မှာ လာတယ်၊ ဦးတင်မောင်နဲ့ ရန်ဖြစ်ကြတာပေါ့၊ သူဌေးက မီ့ကို သိပ်သနားတယ် ဂရုစိုက်တယ် မိန်းကလေး ဖြစ်ချင်ရာဖြစ်မှာကို သိပ်ကြောက်တယ်”

 

ကုလားက သူ့အဓိပ္ပါယ်နှင့်သူ အားရပါးရ ရယ်လေ၏။ ထို့နောက် မျက်ခုံးတစ်ဖက်ပင့်ကာ… ။

 

“သူဌေးက အတော်စိတ်ဆိုးတယ်၊ မီကတော့ ဂရုတောင် မစိုက်ဖူး၊ ရှင်သဘောမကျရင် အလုပ်ကထွက်မယ် ထုတ်ပစ်လိုက် တဲ့၊ သူဌေးကပဲ ပြန်ချော့ရသေးချည်တော့တယ်ဗျို့၊ ကျုပ်ဖြင့် အတော်သဘောကျတယ်။ မီ့နေရာသာ ဖြစ်ချင်လာတော့တာပဲ၊ ကျုပ်သာ မီဆိုရင်လား”

 

ကုလားက ရွံစရာကောင်းစွာ ရယ်ပြန်၏။

 

ကျွန်တော်လည်း ဘယ်သူ့ကိုမှန်းမသိ၊ ဒေါသထွက်ကာ။

 

“ဟေ့- ဒါတွေ မကြားချင်ဘူး၊ ခုသူတို့ဘယ်မှာလဲ၊ ဘယ်သွားလဲ၊ နှစ်ယောက်အတူတူသွားတာလား”

 

ဟု ဟောက်လိုက်၏။

 

“အို-သူတို့ ဘယ်သွားတယ်ဆိုတာ ပြောလို့ ဖြစ်မလား၊ နှစ်ယောက်တည်းသွားတာကို ခင်ဗျားကလိုက်ပြီး သုံးယောက် မလုပ်ချင်ပါနဲ့”

 

“သူတို့ ဘယ်တော့ ပြန်လာမလဲ”

 

“မပြောတတ်ဘူး”

 

ကျွန်တော်သည် ကိုင်သာ ရိုက်လိုက်ချင်သောစိတ်ကို ချိုးနှိမ်ကာ ဒေါသကို သက်ပြင်းအဖြစ်သို့ ပြောင်းလဲမှုတ်ထုတ်ရင်း။

 

“ကဲကွာ- ဒါဖြင့်ရင် သူတို့ ဒီလိုသွားတဲ့အခါ ဘယ်လောက်ကြာတတ်သလဲ၊ ခါတိုင်း”

 

ဟု တစ်နည်း လှည့်ပြီး မေးရ၏။

 

“မီဟာ ဦးတင်မောင့် စက္ကတေရီပဲ၊ သူဘယ်သွားသွား ဘယ်လောက်ကြာကြာ မီက အမြဲသူနဲ့ ရှိရမှာပေါ့။ တစ်ရက်တည်း ကြာတတ်တာလည်း ရှိတယ်၊ တစ်လကြာတတ်တာလည်း ရှိတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ သိပ်မကြာပါဘူး၊ အလုပ်ကိစ္စနဲ့ သွားတာမှ မဟုတ်ဘဲ။ အပျော်သွားတာပဲ၊ သန်ဘက်ခါလောက်တော့ ပြန်လာလာကောင်းမယ်နဲ့ တူပါရဲ့”

 

ကျွန်တော်သည် ဘာကိုမျှမမြင်တော့ဘဲ၊ ခေါင်းအောက်စိုက်ကာ ထွက်အလာ လူပါးဝသည့် ကုလား၏ အော်သံကို ခပ်သဲ့သဲ့ကြားရပြန်သည်။

 

သို့သော် ပြန်ပြီး သတ်ချင်စိတ်လည်း မရှိတော့။

🌸🌸🌸🌸🌸

မီ့ကို မုန်းသည်ဟု ကျွန်တော်ပြောခဲ့ဖူးပေသည်။ သို့သော် ကျွန်တော်၏ အမုန်းသည် မီ ကျွန်တော် တစ်ယောက်နားသာ ကပ်နေစေလိုသည့် အမုန်းမှန်း ခုသိရပါပြီ။

 

မီသည် ကျွန်တော်က ဟန်လုပ်မနေ၊ ရှက်မနေတော့ဘဲ… “မင်းနဲ့ ငါယူကြစို့ကွယ်” ဟု သဘောသက်ရောက်သည့် စကားများကို ပြောလိုက်သည့်အခါ သူပြုံးနေကျ မထိတရိအပြုံးကလေးကို ပြုံးလိုက်၏။

 

“အင်း” လို့လဲ ခေါင်းမညိတ်၊ “ဟင့်အင်း” လို့လဲ မငြင်း။

 

ကျွန်တော်သည် မီ့ကို နှောက်ယှက်၏။ မီဘယ်သူနှင့်

 

“မီဟာ ကျားနာပဲ…. မီမြင်ရာလူကို ဒုက္ခပေးချင်တယ်”

 

ပထမ မီက ငြင်းဆန်၏။ ထေ့ပြုံးပြုံး၏။ “ရှင်က ဘာဆိုင် လို့လဲ” ဟုမေး၏။

 

သည်အခါများတွင် ကျွန်တော်က…

 

“ဘာဖြစ်လို့ မဆိုင်ရမှာလဲ၊ ကိုယ်က မီ့ကို ယူမယ့်လူ”

 

“ရှင် တိတ်လိုက်”

 

မီက သွားချင်ရာသွား၏။

 

ကျွန်တော်က မလျှော့ဘဲ မှီအန္တရာယ်တွေကို ဖယ်ပစ်၏။ လက်သီးကို မကြာခဏ အသုံးချရ၏။

 

ကျွန်တော့်မျက်နှာမေးရိုး စသည်တို့သည်လည်း မကြာခဏ ဖူးယောင်ရ၏။

 

မီသည် ကျွန်တော့်ဘက်ကနေနေ၊ သူတို့ဘက်က နေနေ မီ့ကို ကျွန်တော်အစွမ်းကုန် ကာကွယ်ပါ၏။

 

တစ်ခါတစ်ခါမူ မီသည် မျက်နှာကလေး မသာမယာနှင့် ကျွန်တော့်နောက်သို့ ပါလာ၏။

 

“မီတော့ဖြစ်ချင်ရာတွေ ဖြစ်ကုန်တော့မယ်။ မီအရင်တုန်းက မီထင်ရာလုပ်ခဲ့ပေမယ့် ခုမလုပ်ပါနဲ့တော့ ဒီ့အတွက် ကိုဆွေ ရှိပါပြီ၊ ကိုဆွေကို လက်ထပ်ပါဆိုတော့လည်း မဟုတ်ပြန်ဘူးတဲ့၊ မီဟာ ဒီလိုနေရတာ သိပ်ပျော်သလား။ ဒီလိုလုပ်ပုံ တွေနဲ့ မောင်ကိုလေးကိုလည်း သတ်ခဲ့ပြီနော်၊ ကိုဆွေတို့လို တကယ်ချစ်တတ်တဲ့ လူများဟာ ဟိုဦးဘချစ်တို့၊ ဦးတင်မောင် တို့လို လူတွေနဲ့ပြိုင်နေရတာ မသင့်ပါဘူး။ သူတို့မှာ ယုတ်မာချင်တဲ့ စိတ်သာရှိတာပဲ၊ မီနဲ့ ဝေးရလို့များ ကိုဆွေတို့လို ရူးကျန်မယ် ထင်သလား။ ဝေးလိုက်လေ မီရယ်”

 

ကျွန်တော်သည် ညည်းညူရာက ဒေါသထွက် ရွံရှာလာကာ။

 

“မင်းဟာ လှည့်စားနေတာပဲ၊ ကိုလေးနဲ့ကျတော့ တစ်မျိုး၊ ငါ့ကျတော့ တစ်မျိုး၊ ဟိုလူတွေကို တစ်မျိုးလုပ်နေတာပဲ၊ မင်းဟာ ဂျင်ပဲ”

 

ဟု ပြောပစ်မိလေ၏။

 

မီ… ဘာလုပ်ရမှန်းမသိသော အမူအရာဖြင့် တွေစိုက်ကာ နေရာမှ ကျွန်တော့်ခြေရင်းမှာ ထိုင်ချကာ…

 

“အို… မီ ဘာဖြစ်နေတယ် မသိဘူး။ ထင်ရာရမ်းချင်တဲ့ ရောဂါ မီ့မှာရှိတယ် ကိုဆွေ၊ မီ သေခါနီးမို့ ကယောင်ကတမ်း ဖြစ်နေတာလားမသိဘူး”

 

ဟု ငိုလိုက်၏။

 

“ငါတော့ ချီးမွမ်းပါတယ် မီ၊ မင်းဟာ ငါနဲ့ကျရင် ငိုတယ်။ သနားစရာလေးပဲ၊ ကိုလေးကျတော့ သူငိုတာ မင်းပြုံးတယ်။ မီဟာ ယောက်ျားတစ်ယောက်ကို အကြောကြံဖို့တော့ ထိပ်တန်းကပဲ”

 

မီက နာသွားသည်။ ထို့ကြောင့် ထလိုက်ကာ ကျွန်တော်နှင့် ယှဉ်ပြီးရပ်သည်။

 

ကျွန်တော့်မျက်နှာကို မီက ရိုက်လိုက်တော့မည်ဟုပင် ထင်လေသည်။

 

“အကြောကြံဖို့ ဟုတ်လား၊ နေပါဦး၊ အခု ဘယ်သူက ဘယ်သူ့ကို ချစ်တယ် ချစ်တယ် ပြောနေတာပါလိမ့် ဦးသော်ဆွေ၊ မီက အကြောကြံမယ် စိတ်ကူးပြီး ကိုဆွေ့ကိုများ ချစ်တယ် တစ်ခွန်း ပြောဖူးသလား၊ မီဘယ်သူ့ကိုမှ မပြောဘူး၊ မချစ်ဖူး၊ လူတိုင်းကို မုန်းတယ်”

 

သည်တစ်ခါ နာသူကတော့ မီမဟုတ်ချေ။

 

ကျွန်တော်သည် ဂရုမထားသလို ဟန်ဆောင်လိုက်၏။ ပြီးတော့ မီ့ကို ရယ်ပစ်ချင်စွာ သေသေချာချာ ကြည့်၏။

 

“အို… ကိုဆွေ ဒီလိုမကြည့်ပါနဲ့၊ မကြည့်ပါနဲ့၊ ကိုဆွေ သတ္တိကောင်းမှန်း သိပါတယ်။ မီ ဘာဖြစ်ဖြစ် ကြည့်နေနိုင်မှန်း သိပါတယ်”

 

မီက ကျွန်တော့်လက်ပေါ် ယိုင်ကျကာ ငိုယိုရင်း မူးဝေနေသူပမာ တစ်လုံးချင်း ပြောသေး၏။

 

“မီက အကြောမကြံရပါဘူး ကိုဆွေရယ်၊ လူများကြံတာ မီခံရတာပါ၊ အို… မီဘယ်လိုပြောရမလဲ၊ မီ ဘယ်ယောက်ျားတစ်ယောက် ဘယ်လိုယုတ်မာသလဲဆိုတာ သိခဲ့ပြီးပါပြီ မီ ကျောင်းထွက်စ အသက် ငယ်ငယ်လေးတုန်းက တွေ့ဖူးပါတယ်….သူတို့ ဒုက္ခရောက်ရုံ….. မီလုပ်တယ်….”

 

“မီဟာ ကျားနာပဲ….မီ၊ မြင်ရာလူကို ဒုက္ခပေးချင်တယ်။ သူတို့ကို သနားစရာလား၊ မီ့ကို မကောင်းကြံနေတာတွေ သူတို့ ဂျောက်ထဲကျရင် မီကတော့ ဝမ်းသာလိုက်တာ၊ ဒါပေမယ့် လေးတို့လို လူကိုတော့ မီမရက်စက်နိုင်ပါဘူး၊ လေးကို မီတကယ် သနားပါတယ်…၊ အို… မီ့မှာ အသည်းနှလုံး မရှိတော့ဘူးလို့ ထင်သလား….”

 

ကျွန်တော်က မတုန်မလှုပ် အေးဆေးစွာ။

 

“ခက်တာကမီ သော်ဆွေဟာ ကိုလေးမဟုတ်ဘူး…. မီ စကားတစ်လုံးပြောရင် ပြောင်နေတာလား” လို့ တွေးတယ်….။ ငါကတော့ ဟန်ဆောင်နေတာလား….. လိမ်နေတာလား လို့ တွေးတယ်၊ အဲဒါ ကိုလေးနဲ့ ငါကွာတာပဲ…. မင်းဟာသိပ်မွှတ်တယ် …..ကိုလေးအပေါ် ငါဘယ်လိုစိတ်ထားမျိုး ထားတယ်ဆိုတာ သိတော့ ကိုလေးအပေါ် သနားပြတယ်… သူတော်ကောင်းကြီးပဲ”

 

မီက ကြက်သေသေသွားပြီးမှ မျက်ရည်များကြားက ပြုံးကာ မျှော်လင့်ချက် ပျက်ပြားသွားသလို ခေါင်းခါလေသည်။

 

မီသည် နောက်တစ်နေ့တွင် ချောင်းဆိုးပြီး အိပ်ရာထဲ လဲပြန်၏။

 

ကျွန်တော်က မီ့ကို ဦးတင်မောင်အိမ်မှာ မနေစေဘဲ ဆေးရုံပို့၏။

 

မီသည် ညက ကျွန်တော်ပြန်သွားသည့် အချိန်ကစ၍ အအေးထဲ မိုးလင်းအထိ ထိုင်နေသည်ဟု ဦးတင်မောင်က ပြောပြ၏။

 

မီသည် ဝရန်တာမှာ ကုလားထိုင်တစ်လုံးနှင့် ထိုင်၏။ အိမ်ထဲဝင်ဖို့ ပြော၍မရ။

 

ပက်လက်ကုလားထိုင် ပေးလည်း ရွှေ့မထိုင်၊ စောင်ပေးလည်း မခြုံဘဲနေသည်။

 

မိုးလင်းသော် မီ့တစ်ကိုယ်လုံးသည် ရေခဲလို အေးစက်ကာ သွေးချောင်းသာ ဆိုးကာနေလေသည်။

 

သည်အထဲမှာ သောက်လိုက်သည့် စီးကရက်၊ ဒါကို မဖြတ်နိုင်လျှင် အသက်တိုမည်ဟု ဆရာဝန်က ပြောသည်ကို မီက အားကြီးသဘောကျနေပေသည်။

 

မီသည် ကျားနာမှ တကယ့်ကျားနာ၊ သူ့အမြီး သူ ပြန်ခဲနေပြီး လောကမှာ မီသည် ဂြိုဟ်ကောင်သက်သက်၊ ဘယ်သူ့ကိုမဆို သူ့ကိုယ်သူပင် ကောင်းကျိုးမပေး။

 

ကျွန်တော်က မီသောက်နေသော စီးကရက်ကို ယူလွှင့်ပစ်သည့်အခါ မီက တစ်မျိုးလေးပြုံးရှာ၏။

 

ကျွန်တော်သည် သူ့အပြုံးမှာ မူးနောက်သလိုလို ဖြစ်သွားကာ ကိုလေးနဲ့ဖြင့် တူ တူလာပါပြီဟု ကိုယ့်ကိုယ်ကို ထင်မြင်လိုက်ပေသည်။

 

ကျွန်တော်သည် မီသေရင် မနေတော့ဘူးဟု တွေးလိုက် မိသော ကြောင့်ဖြစ်၏။

 

မီဆေးရုံကဆင်းလာသည့်အခါ ကျွန်တော်သည် တယုတယတည်းသာ ယုယနေမိသည်။

 

မယုယဘဲ နေနိုင်ပါ့မလား၊ ဒီဆေးရုံတက်ရတာဟာ ကျွန်တော့်ကြောင့်ပဲ၊ မီ့မှာ အသည်းနှလုံးရှိသည် ဆိုတာကို ကျွန်တော်ယုံပြီ။ မီ၏ အသည်းနှလုံးသည် ကျွန်တော်လို့ လုံးလုံးဖြစ်ချင် ဖြစ်မည်ဟုပင် အထင်ကြီး၏။

 

ရက်စက်သည် ဆိုချင်ဆိုပါ၊ မီဆေးရုံတက်ရခြင်းကို ကျွန်တော်ကျေနပ်၏။ မီလုပ်ပုံကို သဘောကျလျက်ရှိ၏။

 

မီစကားတစ်ခွန်းပြောလျှင်လည်း အရင်လို သံသယမပွားတော့ ယုံချင်စရာမကောင်းတောင် မေ့လက်ကလေး ဖြူဖြူဖျော့ဖျော့ကို ဆုပ်ကိုင်ကာ ထိုအထိအတွေ့ဖြင့် တုန်လှုပ်လာသော စိတ်ဖြင့် မယုံနိုင်ခြင်းကို မေ့ပစ်လိုက်သည်။

 

မီကမူ အတိုင်းထက်အလွန် မတုန်မလှုပ် ပမာမခန့်နိုင်လာ၏။

 

ကျွန်တော်က “မီ…. မီ… မီ” ဟု ဒရောသောပါး ဖြစ်သမျှကို ခါးထောက်မပျက် အေးစက်စက် ပြုံးပြီးကြည့်၏။ တစ်ခါတစ်ခါ အောင့်သက်သက်ဖြစ်စရာ တရားကျသည့် ပညာရှိဟန်နှင့် ခေါင်းတညိတ်ညိတ် လုပ်သေး၏။ ကျွန်တော့်ကို ရှိသည်ပင် မအောက်မေ့ဘဲ မီဖြစ်ချင်သလိုဖြစ်၏။

 

စီးကရက်ကို အနားမရှိသောက်၏။

 

ကျွန်တော်က မီ့ကို ထင်တိုင်းဖြစ်ပါစေဟု ပစ်ထားကာ စားပွဲမှာ ထိုင်ငိုလျက် ပထမ အီးဗနင်းအင်ပဲရစ်နံ့ကလေးရမည်။ ပေါ့တော့တော့ အေးစက်စက် လက်ကလေး ပခုံးပေါ် ကျလာမည်။

 

မေ့မျက်နှာကလေး တစ်ဝက် ပါးပြင်နားသို့ ကပ်လာမည်။

 

ကျွန်တော်သည် သည်အခါများတွင် ဖြုန်းခနဲထကာ…

 

“မီ… မီ… ကိုဆွေ့ကို တစ်နေရာရာနှင်ပြီးတော့ လှေခါးအရှည်ကြီးပါတဲ့ အိပ်မက်အကြောင်း စာရေးပြီး သေတော့ မခိုင်းပါနဲ့ ကွယ်”

 

ဟု ပြောမိသည်။

 

မီသည် မျက်နှာပျက်သွားတတ်၏။

 

“အော်……. ကိုဆွေကအစ မီ့ဘက်မှာ မရှိဘူးနော်…. ကိုဆွေဟာ လေးဘက်က သိပ်နာနေတာကိုး”

 

ဟုပြောကာ အခန်းက တန်းထွက်သွား၏။

 

“မီဟာ… ကျွန်တော့်ကွယ်ရာမှာ ငိုရအောင် ထွက်သွားတာပဲ”

 

🌸🌸🌸

 

တစ်ညနေမှာ မီ့ကို တွေ့ချင်၍ သူသွားနေကျ ဟိုတယ်သို့ လိုက်သွား၏။

 

စားပွဲတစ်ခုမှာ မီ့ကို အလယ်က ထား၍ ဦးဘချစ်နှင့် ဦးတင်မောင်တို့ ထိုင်နေသည်ကို တွေ့ရသည်။ ဦးဘချစ်နှင့် ဦးတင်မောင်တို့သည် လူကြားကောင်းသော ရန်စကားများကို ပြောနေဟန်တူ၏။

 

ဘာပဲဖြစ်ဖြစ် မျက်နှာက အတွင်းသဏ္ဌာန်ကို မဖုံးနိုင်ပေ။ မီက ကလေးငယ်ပမာ အပြစ်ကင်းစင်သည့် မျက်နှာဖြင့် ပြုံးနေ၏။

 

ကျွန်တော်ကမူ အပြုံး၏နောက်ကွယ်က ရက်စက်သည့်အရိပ်ကို လှမ်းမြင်သည်။

 

ခဏကြာသော် ဟိုတယ်တို့ထုံးစံအတိုင်း တစ်ထောင့်က ဒုံး၊ ဒိုင်းနှင့် ဆူညံသတ်ပုတ်ကြ၏။

 

အရက်ပုလင်းချင်း ရိုက်သံဖန်ခွက်ကွဲသံ၊ ကုလားထိုင်ဖြင့် ပေါက်သံစသည်ဖြင့် ရုပ်ရှင်စတန့်ကားဆန်လှ၏။

 

ဦးတင်မောင်မွေးထားသည့် လူမိုက်များနှင့် ဦးဘချစ် တပည့် Police များရန်ဖြစ်ကြသည်။

 

အကြောင်းရင်းကတော့ ထင်ပေါ်လွန်းလှပါသည်။

 

ဦးဘချစ်က ရန်ဖြစ်သူများထံသွားကာ ဖျင်၏။

 

ဦးတင်မောင် မသိချင် ဟန်ဆောင်နေသော်လည်း သူ့လူ များကို “မကြောက်နဲ့” ဟူသော အဓိပ္ပါယ်ဖြင့် လှမ်းပြီး ခေါင်းငဲ့ပြ၏။ မီကမူ ဘာကိုမှ မမှုဘဲ အေးအေးဆေးဆေးပင် စားသောက်မြဲ စားသောက်နေသည်။

 

မီမတုန်လှုပ်သည်ကိုကြည့်ကာ ကျွန်တော့်ရင်တွင် ကျပ်လာ၏။

 

ကျွန်တော့်ဘေးက အင်္ဂလိပ်အိမ်က ဒရိုင်ဘာလိုလို၊ ဘိလပ်ပြန်လိုလို တစ်ယောက်က ပေါင်မုန့်ကို တစ်ချပ်ပြီး တစ်ချပ် စားရာက…..

 

ဦးဘချစ်နဲ့ ဦးတင်မောင် ဖြစ်ကြပြန်ပြီ ခင်ဗျား နားသာထောင်နေ၊ ဒါနဲ့ မဆုံးသေးဘူးမှတ်၊ အရင်းခံတရားခံ ကြည့်မလား၊ ဟောဟိုမှာ မီတဲ့ မလှလား…”

 

ဟု မီ့ကို မေးငေါ့ပြကာ ကျွန်တော့်ကို မျက်စေ့တစ်ဖက် မှိတ်ပြ၏။

 

“အဲဒီမိန်းမဟာလေ“

 

မီ့အကြောင်းကို သူများပြောသံကြားရတာ များလှပြီ၊ ကြားရတိုင်း ကျွန်တော် စိတ်မသက်သာဖြစ်ရ၏။

 

ထိုသူ ဘာမှ ထပ်ပြောဖို့ မလိုပါ၊ လုံလောက်ပါပြီ ကျွန်တော်သည်။

 

“တော်ဗျာ”

 

ဟု ငေါက်ပစ်လိုက်၏။

 

ဦးဘချစ်ပြန်လာသော် မီနှင့်ဦးတင်မောင်တို့ မရှိတော့ပေ။ ထသွားသည်ကို ကျွန်တော်မမြင်လိုက်။

 

ဦးဘချစ်က အံတစ်ချက်ကြိတ်ပြီး အခန်းပြင်သို့ ထွက်သွား၏။

 

ကျွန်တော်လည်း မယောင်မလည် လိုက်၏။

 

ဦးတင်မောင်ရော၊ မီရော၊ ဦးဘချစ်ရော ရပ်နေသည်ကိုတွေ့ကာ တံခါးဝမှာ သူတို့ကို ကျောပေး၍ ရပ်လိုက်၏။

 

“ခင်ဗျားတို့ လစ်ပြေးတာကိုးဗျ”

 

ဦးဘချစ်၏ ရယ်ရယ်မောမောအသံ…

 

“မီက ကြောက်လို့တဲ့ဗျာ”

 

ဦးတင်မောင်၏ ဆင်ခြေ။

 

“မီကြောက်တယ် ပြောပါဘူး”

 

ဟု မီ ပြောသံကိုကြားရ၍ သူတို့ဘယ်လိုဖြစ်နေမည်ကို လှည့်ကြည့်ချင်လာ၏။ ဦးဘချစ်က…

 

“ကျုပ်တို့ သုံးယောက် ဂလုပ်သွားမယ် ပြောတာနော်၊ နှစ်ယောက်တည်းတော့ မသွားပါနဲ့၊ ကျုပ်လည်း ကြည့်ချင် ပါသေးတယ်”

 

ဟု ခပ်ရွှင်ရွှင် ပြောသံကို ကြား၏။

 

“ခင်ဗျား ကြည့်ချင်ရင် လက်မှတ်ဝယ်ပေးပါ့မယ်ဗျာ တစ်ညလုံး ရုံထဲက မထွက်ပါနဲ့၊ တစ်ရုံပြီး တစ်ရုံဆက်ကြည့်ပါ၊ ကျွန်တော်တို့ကတော့ မကြည့်ပါဘူး၊ မီက ကားလျှောက်စီးမယ် ပြောတယ်”

 

ဦးဘချစ်ကတော့ မျက်မှောင်ကုတ်သွားမှာပဲ၊ ဦးတင်မောင်က မဲ့ရွဲ့ပြီးနေမလား။

 

ဤသို့ တွေးမိခိုက် မီသည် ကျွန်တော့်ဘေးနားသို့ ဖြုတ်ခနဲ ပေါက်လာ၏။

 

“လာ… ပြေးရအောင်”

 

မီနှင့် ကျွန်တော်သည် အခန်းတွင်းသို့ ပြန်ဝင်ကာ ဟိုတယ်ဘေးပေါက်မှ ခပ်သုတ်သုတ်ဆင်း၏။

 

မြင်းရထားတစ်စီးပေါ်တက်ကာ အမြန်မောင်းခိုင်းရင်း ဘေးက တရုတ်ကပ်ကလေးများကို ကျွန်တော် ပိတ်၏။

 

မီက… “မပိတ်နဲ့ ဂရုစိုက်လို့” ဟုပြော၏။

 

မြင်းရထားကလည်း အတော်ပြေးသည်၊ ဟိုတယ်သည် နောက်မှာကျန်ခဲ့၏။

 

ဦးဘချစ်တို့နှစ်ယောက်လည်း ကျန်ခဲ့ပြီ။ ထိုးသတ်များ နေလေမလား။

 

သို့သော် နှစ်ယောက်စလုံးသည် ဗြောင်ရန်ဖြစ်လောက်အောင် မိုက်ကန်းမည်မဟုတ်ပေ။

 

နှစ်ယောက်လုံး ကျော်ကြားသည့် လူကြီးလူကောင်းများ ဖြစ်ပေသည်။

 

ကျွန်တော်လည်း မီ့ကို ငေးမောပြီး ကြည့်၏။

 

“မီရယ်…..ကိုဆွေကိုလက်ထပ်ပါတော့၊ ကိုဆွေတို့နှစ်ယောက် ရန်ကုန်ကထွက်ပြီး တောထဲတောင်ထဲသွားနေရအောင်”

 

ဟု ကျွန်တော်သည် ပျော့ပျောင်းညင်သာစွာ အောက်ကျခံ၍ တောင်းပန်လိုက်သည်။

 

မီက ဘာလုပ်သလဲ၊ မီက ပြောင်ချော်ချော်ရယ်ကာ…

 

ကျွန်တော်က မသိလိုက်မသိဘာသာ…

 

“ပျော်ရအောင်ပေါ့မီ၊ လက်ထပ်ပါလို့ဆိုတာ”

 

မီက… “ဟင့်အင်း” ဟု ရှင်းရှင်းပင်ငြင်း၏။ ကျွန်တော်က…

 

“မီရယ်…… ကိုဆွေကို ဒီလောက်ပဲ မုန်းသလား”

 

ဟု မချိမဆန့် မေးလျှင် မီက ကျွန်တော်တစ်ဆင့် ကြားဖူးသော အဖြေကို ဖြေ၏။

 

“မမုန်းပါဘူး မချစ်ပါဘူး”

 

ကျွန်တော်၏ ခေါင်းတွင်းသို့ အကြောက်တစ်မျိုး ဝင်လာပြီး မီ့ကို ငေးကြည့်မိသည်။

 

မီက ဒါကို ကျေနပ်ဟန်ဖြင့် ချိုမြစွာ ပြုံးလိုက်၏။

 

🌸🌸🌸

 

စနေတစ်ညမှာ မီ့ထံမှာ “ဦးတင်မောင်ဆုံးပြီ အမြန် လာပါ” ဟု အဓိပ္ပါယ်ရသော စာတစ်စောင်ရ၏။

 

အချိန်မှာ ၁၁ နာရီကျော်ပြီ။ စာမှာ အရေးတကြီး လွှတ်လိုက်သဖြင့် ချက်ချင်းထပြီး သွားရသည်။

 

ရောက်သော် အိမ်ခန်းတွင်းဝယ် ခုတင်ကို ကန့်လန့် ဖြတ်ကာ…. လဲလျက် သေဆုံးနေသော ဦးတင်မောင်ကို တွေ့ရ၏။

 

ညအဝတ်အစားကို ဝတ်ထားသည်။ လက်တွင်

သက္ကလပ်လက်အိတ် စွပ်ထားသည်။

 

ဘယ်လက်မှာ သေနတ်ကို ခပ်လျော့လျော့ကိုင်ထား၏။ ညာဘက်ရင်ဘတ်မှာ သွေးများ ခဲနေသော သေနတ်ဒဏ်ရာ ရှိသည်။

 

ကျွန်တော်၏ဘေးတွင် မီသည် ရင်ကလေးပင့်ကာ ဦးတင်မောင် အလောင်းကိုတစ်လှည့်၊ Police မင်းကြီးကို တစ်လှည့်၊ ကျွန်တော့်ကိုတစ်လှည့် လှည့်ပတ်ကာ ကြည့်နေလေ၏။ လူယုံ ကုလားကပြားမှာ အိမ်ထဲဝင်လိုက် အိမ်ပြင် ထွက်လိုက်ဖြင့် ပျာယာခတ်နေ၏။

 

အစေခံများမှာ အိမ်ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်နေ ကြသည်။

 

ဦးတင်မောင်ဟာ ဘာကြောင့် သတ်သေပါလိမ့်၊ သည်လိုလူစား သတ်သေသည်ကို ကျွန်တော်မယုံနိုင်ဖြစ်မိ၏။ ဦးတင်မောင်သည် ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေသူ ပီပီ အင်မတန် သတ္တိကြောင်ပေသည်။

 

ကျွန်တော်သည် ဦးတင်မောင်သေနေပုံကို စေ့စေ့စပ်စပ် ကြည့်ရင်းက ခုတင်၏ အနောက်ဘက်အနီး မှောင်ရိပ်ကျကျမှာ ပုလဲရင်ထိုးကလေးကို ကောက်ရသည်မှာ မလွယ်လှချေ။

 

သည်အမှုကို မိမိကိုယ်ကို သတ်သေမှုဟု မီက တိုင်၏။ Police မင်းကြီးက စစ်စရာ မေးစရာများကို စစ်မေး၏။ သည်အတွင်း… “ကျွန်တော့်ကားက အရေးရှိရင် ပျက်ပြီ” ဟူသော အညည်းနှင့် အစိုးရစုံထောက် ရောက်လာ၏။

 

စုံထောက်တို့ထုံးစံအတိုင်း ကြည့်သည်။ သူသည် မီ့တိုင် ချက်ကို ဂရုမစိုက်ပေ။

 

မီသည် ယခုမှ ဟိုတယ်ကပွဲက ပြန်လာသည်။

 

သူသည် အိမ်က အခေါ်လွှတ်မှ ပြန်လာကာ အားလုံး သိရသည်။

 

မီသည် ဤသို့ ကျွန်တော့်အားပြောပြနေစဉ် ကျွန်တော်သည် မီ့မျက်နှာကိုသာ စိမ်းစိမ်းကြည့်နေမိ၏။ ထို့နောက် မီသည် အဝတ်သွားလဲ၏။

 

စုံထောက်က စစ်ဆေးကြည့်ရှုပြီးနောက်…. ကျွန်တော်နှင့် မင်းကြီးအကြားတွင် လာရပ်ကာ…..

 

“ဒါဟာ လူသတ်မှုပဲ”

 

ဟု တထစ်ချ လေးနက်စွာ ပြောလေသည်။

 

ကျွန်တော်သည် ရှပ်နာရီအိတ်အတွင်းမှ ရင်ထိုးကလေးကို ယောင်ယမ်းပြီး စမ်းသပ်လိုက်မိ၏။

 

စုံထောက်ကိုလည်း ဆွဲထိုးချင်လာ၏။

 

မီခုနေရှိနေရင် ဘယ်လိုနေမလဲ ဟု တွေး၏။ သို့သော် မီဆင်းလာသည့်အခါ ကျွန်တော်က လူသတ်မှု ဖြစ်ကြောင်းပြောလျှင် မီက “အို” ဟု အံ့သြသွားရုံမှ ပိုမဖြစ်ချေ။ နောက်တစ်နေ့တွင် ဦးဘချစ်ကို ဖမ်းလိုက်၏။

 

သေသည့်ညက သေနတ်သံပင်မကြားကြ၊ သေပြီး အတော်ကြာမှ သိရသည်။

 

အမှုသည် အနည်းငယ် . ပတ်ချာလည်နေစဉ် ကျွန် တော်သည် တက္ကစီတစ်စီးကို တစ်နေ့တွက်ငှားကာ မီ့ကို ခေါ်လာ၏။ ပြည်လမ်းတစ်လျှောက် ဖြေးလေးစွာမောင်းလာ၏။ မီသည် ကျွန်တော့်ဘေးမှာ ငြိမ်ပြီး ထိုင်လိုက်၏။ ဘယ်သူမှ စကားပြောဖို့ စိတ်မကူး။ မီ့စိတ်ထဲက ဘာဖြစ်နေမည်ကို တွေးမိ၏။ ကျွန်တော်ကမူ တုန်လှုပ်၍နေ၏။ သတ္တိကြောင်၍၊ ကြောင်၍ လာသည်။ သည်ကားနှင့်ပင် လွတ်ရာကျွတ်ရာ မောင်းပြေးချင်လာ၏။ မီက တိတ်ဆိတ်ခြင်းကို ထိတ်လန့်လာသည့် သဖွယ်…

 

“ပျင်းစရာကြီး”

 

ဟု ကျွန်တော့်အား…. စကားပြောရန် ခိုင်းလိုက်၏။ ကျွန်တော့်မှာ ဘာဖြစ်သွားမှန်း မသိဘဲ စိုက်ကြည့်မိရာ မီက ဟန်မပျက်အောင် သူ့ကိုယ်သူထိန်း၍နေ၏။ မျက်နှာတစ်ချက်ပျက်သွား၏။ နောက်ဆုံးတွင်ကား…..သူပြုံးနေကျ အေးစက်စက်အပြုံးကလေး ပေါ်လာသည်။

 

ကျွန်တော် ဒေါသထွက်ကာ…

 

“ရယ်လိုက်ပါ… မီ၊ ပစ်ပြီးရယ်လိုက်စမ်းပါ”

 

ဟု အော်မိရာ….

 

“ကိုဆွေ ဘာဖြစ်နေသလဲ…..”

 

ဟု ဝမ်းနည်းသွားသလို မေး၏။

 

“မီ ဦးတင်မောင်သေတဲ့ညက အင်္ကျီတစ်ထည် မစုတ်ဘူးလား၊ မေ့ပုလဲရင်ထိုးကလေးကော မပျောက်ဘူးလား”

 

မီသည် ဘာဖြစ်သွားသည်ကို ဖော်ပြနိုင်ဖို့ရာ စကားလုံး အတော်များများ သုံးရပေမည်။

 

မီသည် ကြောက်သွား၏။

 

ပြီးတော့…. ကျွန်တော့်အား ရွံ့မုန်းသွားပြီး အရှုံးပေးလိုက်၏။

 

သို့သော် သတ္တိဆောင်လိုက်၏။

 

မီသည် ဝိုင်းလည်နေသော မျက်လုံးများဖြင့် ကြည့်ရာ အားယူပြီး ပြုံးလိုက်ရာ အပြုံးသည် အမဲ့ဖြစ်၍နေလေသည်။

 

“မီဟာ ကိုလေးကိုတော့ သေခိုင်းလို့ရတယ်၊ ဦးတင်မောင်ကတော့ ဒီလိုလူစားမဟုတ်ဘူး၊ ဒီတော့ မင်းကိုယ်တိုင် ကိုယ်ထိလက်ရောက် သတ်လိုက်တယ်၊ မီငြင်းချင် ငြင်းဦး”

 

ကျွန်တော်က ပုလဲရင်ထိုးကလေးကို ပြလိုက်၏။ ရင်ထိုး၏ အပ်တွင် ပဒုမ္မာအင်္ကျီ အစုတ်စကလေးသည် ညပ်မြဲညပ်နေသေးသည်။

 

“ရင်ထိုးမှ ပုလဲပွင့်ခိုင်ကလေးမှာ ကျိုးလုကျိုးချင် ဖြစ်နေသည်။

 

“ဦးတင်မောင်နဲ့မင်း သူ့အခန်းထဲမှာ ဟိုညကရှိတယ်၊ မင်းတို့ဘာဖြစ်သလဲတော့ ငါမသိဘူး၊ နပန်းလုံးချင်လည်းလုံးမယ် ဟား….ဟား”

 

ပြီးတော့ မင်းဟာ တစ်ခုခုဖြစ်ပြီး ဦးတင်မောင်ကို ပစ်သတ်တယ်၊ ပြီးတော့ သူ့ကိုယ်သူ သတ်သေပါတယ် ဖြစ်အောင် မင်းသွေးအေးအေးနဲ့ လုပ်တယ်”

 

“ငါမြင်မိသေးတယ်မီရယ်။ မိန်းမလှလှနွဲ့နွဲ့ကလေး တစ်ယောက်ဟာ ယောက်ျားကြီးတစ်ယောက်ကို ပစ်သတ်၊ သေနတ်က လက်ရာတွေသုတ်ပစ်၊ သေသူ့လက်ကို လက်အိတ် စွပ်ပေးပြီး သေနတ်ထည့်ပေး၊ ဒါမှ လက်ရာမရှိတာ ယုတ္တိတန်မှာကိုး သိပ်ဉာဏ်သွားတာပဲနော်….”

 

“အဲဒီမိန်းကလေးမျိုး မီမဖြစ်ချင်ဘူးလား….. ဘယ်လောက် သတ္တိကောင်းသလဲ၊ အလောင်းကောင်ကြီးနားမှာ ညကြီးမင်းကြီး တကုပ်ကုပ် လုပ်နေတာလေ”

 

မီသည် မျက်စေ့များ မှိတ်၍ လက်လေးနှစ်ဖက်ကို သူ့ပါးမှာအပ်ကာ.. “ဘုရား…. ဘုရား”ဟု မပီမသ တ,နေ၏။

 

မျက်နှာမှာလည်း အိုစာသွားကာ နဂိုက ဖျော့ရာတွင် ခု ဘာရောင်မှ မရှိတော့ဘဲနေ၏။

 

“မီကြောက်ဟန်ဆောင်ပြန်ပြီ၊ မီ တ,လိုက်တာက ဘုရား တ,တုန်း၊ ကိုင်း ဒါတွေ တော်ပါတော့ကွယ်။ မင်း ဦးတင်မောင်ကို သတ်ပုံကလေး ပြောပြပါဦး နားထောင်ရအောင်”

 

မီက ကျွန်တော့်လက်ဝါးပေါ်က ပုလဲရင်ထိုးကလေးကို လုယူတော့မလို ကြည့်ရင်းက မူးဝေသွားသလို ခေါင်းနောက်လန်သွားကာ….

 

“ကိုဆွေ မီ့ကို police လက်အပ်တော့မလား”

 

ဟု အားနည်းစွာ မေး၏။

 

“တစ်ယောက် အသတ်ခံရရင် တစ်ယောက် ကြိုးစင် တက်ရတာပဲမီ”

 

“အို ကိုဆွေရယ် မီ့ကိုမချစ်တော့ဘူးပေါ့နော်…. မီသေမှ အေးမယ့် အမုန်းကြီးနဲ့ပေါ့နော်”

 

“အင်း… ကိုဆွေကို ချစ်တယ်လို့ တစ်ခါမှ မပြောဘူးတာ ခုပြောတော့မယ်ထင်ပါရဲ့ ဟင်…. မီ၊ မင်းဟာ တိတ်ဆိတ်လွန်းတယ်နဲ့ တူတယ်၊ လည်ပေမယ့် ငါ့အကြောင်းတော့ မင်း ကောင်းကောင်း မသိသေးပါဘူးမီ… မင်းဟာ သိပ်ရယ်စရာကောင်းတယ်၊ ရယ်စရာမှ တကယ့်ရယ်စရာ”

 

ကျွန်တော်က တဟားဟားရယ်ပစ်လိုက်ရာက မီ့အကဲကို ကြည့်လိုက်၏။

 

ကျွန်တော့်စကားနှင့် ရယ်သံသည် မီ့ကို ထိသွား၏။ မီ့မာနကို ထိသွား၏။

 

ထို့ကြောင့် မတည်ငြိမ်လှသောအသံဖြင့် ကျွန်တော် ရယ်တာကို လိုက်ပြီး ပဲ့တင်ထပ်ရန် ကြိုးစား၏။

 

သို့သော် ကြိုးစားမှုသည် အလကား၊ မီ့ရယ်သံသည် အ,အ စကားပြောသလို မဆုံးခင် ရပ်တန်းမှာ ရပ်သွား၏။ မီစကားပြောနိုင်သေး၏။

 

“ကိုဆွေဟာ ဘယ်လောက် မုန်းစရာကောင်းတယ် ဆိုတာ မီသိပါတယ်။ ဘယ်လောက်များ ကိုဆွေ့ကို မီမုန်းဖို့ သင့်လိုက်ပါလိမ့် အို…. သေလုအောင်ကို မုန်းပစ်လိုက်ဖို့ သင့်ပါတယ်”

 

ဟု ခါးသည်းစွာ ညည်းကာ…

 

“ဒါပေမယ့် ဒါဟာ မလုပ်နိုင်ဆုံးအလုပ်ပဲ၊ သူ့ကို မုန်းဖို့ရာ မီ မလုပ်နိုင်ပါဘူး”

 

ဟု တီးတိုးစွာ ကျွန်တော်မကြားအောင် …သူ့ကိုယ်သူ ပြော၏။

 

“ဘာ”

 

ဟု ကျွန်တော် ပြန်မေးလိုက်သည်ကို ပြန်မပြောတော့ချေ။

 

ထို့ကြောင့် ကြောက်လည်းမကြောက်၊ မှုလည်းမမှုဟန်ဖြင့် ဦးတင်မောင်ကို သတ်ပုံ ပြောပြ၏။

 

“သူ့ကို မုန်းတယ်၊ သတ်ပစ်ချင်လောက်အောင်ကို မုန်းတယ်၊ မီ့ကို သူမကောင်းကြံနေတယ်၊ မီ လူဖြစ်ရှုံးအောင် လုပ်ချင်တဲ့သူ့ကို ကြောက်အောင်လုပ်ချင်တယ်….. ,,

 

“အဲဒီညက ဝီစကီသောက်ပါဦးလား တဲ့၊ မီ့ကို ခေါ်တယ်၊ ကောင်းသားပဲလို့ မီကလိုက်သွားတယ်။ ….ထမင်း စားခန်းကို သွားတာပဲ၊ သူ့အိပ်ခန်းကို ဖြတ်သွားရတယ်၊ သူ့အခန်းဝရောက်တော့ အတင်းဆွဲခေါ်ပြီး တံခါးပိတ်တယ်၊ သူ့ဗလကြီးကိုလည်း ကိုဆွေသိသားနဲ့၊ သူကပြောသေးတယ်၊ မီ ကျုပ်ကိုကြိုက်တယ် မဟုတ်လား… ဟန်ဆောင်မနေပါနဲ့ တဲ့၊ ထွီ ရွံစရာကောင်းလိုက်တဲ့ ပါးစပ်’’

 

“မီက အကြံယူပြီး သူ့အိပ်ရာပေါ်လှဲလိုက်တယ်၊ သူကတော့ တကယ်အောက်မေ့တာပေါ့၊ ဒီလိုနဲ့ မီက သူ့ခေါင်းအုံးနဲ့ သူ့ခေါင်းကိုလှမ်းအပေါက်မှာ ခေါင်းအုံးအောက်က သေနတ်ကလေး ထွက်လာပါလေရော၊ ပစ်စတိုလေး သိပ်လှတာပဲ၊ သူ့လက်ထဲမှာ ကိုဆွေမြင်တယ်မဟုတ်လား….

 

မီက ပစ်မယ်ချိန်လိုက်တော့ အမယ်လေး….သူ့မှာ ကြောက်လိုက်တာ၊ ယောက်ျားမဟုတ်သလိုဘဲ၊ ကြောက်လိုက်တာ မီ့ကို ရှိခိုးမလို ဘာလိုလိုနဲ့ တောင်းပန်လိုက်တာကလဲ၊ စကားတောင် မပီတော့ဘူး၊ မီကဖြင့်….သဘောကျကျလာတာနဲ့ ခုတင်ပေါ်က ဆင်းပြီးသူ့အနားကပ်တယ်၊ သူက လှည့်ပတ်ပြီးပြေးတာပဲ၊ နောက်ဆုံး မီက ပိတ်ထားတဲ့တခါးဝကို ကျောမီရပ်ပြီး….. သူ့ကို သေသေချာချာချိန်တယ်”

 

“သူက တုန်ချိပြီး ခုတင်ကိုမှီရပ်ရင်း “မလုပ်လိုက်ပါနဲ့ မီရယ်… မလုပ်လိုက်ပါနဲ့ တဲ့၊ ဟင် ကိုဆွေ၊ မီသာ ဒီသေနတ်ကို မတွေ့ရင် မီကတောင်းပန်ရမယ့် စကားမဟုတ်လား၊ ဟာ ဟ မီကတော့လက်ယားလာတာပဲ၊ သူဖြစ်ပုံကြည့်ပြီး အရသာရှိလိုက်တာ ကိုဆွေရယ်၊ သူလည်း အသံမထွက်နိုင်တော့ဘူး၊ နောက်ဆုံး ပြူးပြဲပြီးအကြည့်မှာ မီက ပစ်လိုက်တာပါပဲ”

 

မီသည် ယခုပင် ပစ်လိုက်ရသလို စိတ်အားထက်သန်ကာ ဝမ်းမြောက်ဝမ်းသာဖြစ်လာ၏။

 

ကျွန်တော်လည်း ကားမောင်းရင်း ထင်ရာမြင်ရာ ဝင်မဆောင့်မိအောင် ကိုယ့်ကိုကိုယ် ချော့ရပါ၏။

 

ကျွန်တော်တို့သည် အင်းလျားကန်စောင်းသို့ ရောက်ကာ မီ့ကိုခေါ်ပြီး ရေစပ်သို့ ဆင်းလာ၏။

 

မီက မတိုက်တွန်းရဘဲ…. စကားဆက်ပြန်၏။

 

“သေနတ်ဟာ အတော်မြည်သားနော် ကိုဆွေ၊ မီဖြင့် တန်းလျားက အစေခံတွေ ပြေးလာမယ်လို့အောက်မေ့တာ၊ ဒါပေမယ့် သူ့အခန်းက သူချမ်းသာသမျှ လုပ်ထားတဲ့ အခန်းဆိုတော့ သိပ်လုံတယ်၊ အုတ်က မီးခံကျောက်ပြားတွေ၊ တိုက်ကြီးကလည်း ဟိန်းသာနေတာပဲ၊ တော်ရုံအသံ အပြင်မထွက်ဘူး…. တန်းလျားကလည်း ဟိုအစွန်းမှာ”

 

“မီကလည်း သူ့ကိုယ်သူ သတ်သေတယ် ထင်အောင် ကိုဆွေပြောသလိုပဲလုပ်ပြီး၊ အဝတ်အစားလဲပြီး ဟိုတယ်ထွက်လာတာပေါ့၊ မီသူ့ကိုသတ်တော့ ၁၀ နာရီလောက်ရှိပြီ၊ မီ ၉ နာရီခွဲအထိ ဟိုတယ်မှာရှိတယ်၊ ဒါကြောင့် သူသေတော့ ချက်ချင်း ဟိုတယ်ပြန်ပြီး လူတွေနဲ့ ရောနေလိုက်တာပေါ့၊ ဘယ်သူမှ မီ အိမ်ခဏပြန်သွားမှန်း မသိဘူး၊ သူ့ကိုသတ်ခဲ့မှန်း မသိဘူး၊ ပုလိပ်စစ်တော့ လူတိုင်းက မီဟာ အိမ်ကလာခေါ်တဲ့အထိ တစ်ညလုံး ဟိုတယ်မှာ ရှိတယ်လို့ထွက်လာတာ ကြားတယ်မဟုတ်လား…”

 

မီသည် ကန်ရေပြင်ကို ငေးနေ၏။

 

ကျွန်တော့်စိတ်သည်လည်း ဟိုသည်ခုန်ပေါက်ကာရှိပြီး ကန်ရေသည် ဆောင်းလေအသုတ်မှာ လှိုင်းနုကလေးများ ဘောင်ဖွဲ့နေ၏။

 

ကမ်းစပ်သို့ လာ၍ ရိုက်သော ရေလုံးကလေးများသည် ခြေဆင်းထိုင်နေသော မီ့ခြေဖျားနှင့် ထဘီစကလေးကို စိုစွတ်စေသည်။

 

ကျွန်တော်သည် ဒါကိုစိုက်ကြည့်ရင်း စိတ်အနည်းငယ် တည်ရာရလာ၏။

 

ဤသို့ ကြာမြင့်စွာပင် စိတ်မကောင်းဖွယ်ရာ ငြိမ်နေကြစဉ်မှာ မီက…

 

“အတော်တော့ မွန်းမှာပဲ”

 

ဟု ရေကိုကြည့်၍ သူ့စိတ်ကူးနှင့် သူပြော၏။

 

ကျွန်တော်က တည်ကြည်စွာ….

 

“မီတော့ဖြင့် ဘာပြောပြော သေနတ်ပဲကြိုက်တယ်၊ မီလေ သေရရင်…. သေနတ်ပစ်ခံရပြီးပဲ သေပါရစေ ဆုတောင်း လာတယ်၊ ဖြုန်းခနဲ လွယ်လွယ်လေး သေသွားတာပေါ့၊ ချောင်းလည်းမဆိုး သွေးလည်းမအန်ရဘူး။ မီ သိပ်အသက်မပြင်းပါဘူး၊ သေနတ်တစ်ချက်နဲ့ သေပါတယ်၊ အင်း ကိုဆွေကတော့ သိပ် ကျေနပ်နေပြီပေါ့လေ၊ သူငယ်ချင်းအတွက် ကောင်းကောင်း လက်စားချေလိုက် ရပြီပဲ၊ ကိုဆွေဟာ လေးကို သိပ်ချစ်တယ်နော် မီ့ထက် ဆယ်ဆချစ်တယ်၊ ဆယ်ဆ… ဆယ်ဆ… ,,

 

မီသည် မျက်ရည်ဝေ့လာကာ….ကျွန်တော့်အား စိုက်ပြီး ကြည့်ရှာ၏။

 

ကျွန်တော်ကမူ သန္နိဋ္ဌာန်ချထားသော မျက်နှာဖြင့် ထ,လိုက်၏။

 

“အပိုတွေပြောမနေပါနဲ့စို့ မီ….. အလုပ်ဟာ အလုပ်နဲ့တူအောင်လုပ်ရမှာပဲ၊ မင်းဘယ်လိုဆက်ပြီး ချော့ချော့မြူမြူ ငါမကျတော့ဘူး မီရေ”

 

“ကိုဆွေ ခုမီ့ကို ဘယ်လိုမုန်းမုန်း တစ်ခါတုန်းကတော့ ချစ်ခဲ့ဖူးပါတယ်…. မဟုတ်လား”

 

“ကိုယ့်ကိုပြောစမ်း မီ”

 

“မီ့ကို Police လက်ထဲခုမအပ်ပါနဲ့၊ ဌာနကို သွားတိုင်နှင့်ပါ၊ မီ အိမ်ကစောင့်ပါတယ်၊ မီ့ကို သေနတ်တစ်လက် ရှာပေးပါ၊ ကိုဆွေလိုချင်တာက ဒါပဲမဟုတ်လား….. မီလည်းမလွမ်းပါဘူး၊ မီ ဒါနဲ့ မသေရလို့ နေရရင်လည်း နေရလှ သုံးလပေါ့၊ ခု မီ့အဆုပ်ဟာ…. တစ်ခြမ်းပဲကျန်တော့တယ် ပြောတယ်”

 

“အေး ငါစဉ်းစားမယ်”

 

မီသည် သည်တစ်ခါတော့ ဟန်ဆောင်နေခြင်း၊ ကျွန်တော့်ကို လှိမ့်နေခြင်း မဟုတ်တော့ဟု စွမ်းအားရှိသမျှ တွေးရပါသည်။

 

မီ သည်လောက် ပဲ့ကိုင်နိုင်လျှင် ကိုင်ပါစေတော့၊ သည်လောက် မီတတ်နိုင်လျှင် အရှုံးပေး အညံ့ခံပါတော့မည်။

 

ကျွန်တော်သည် ပုလဲရင်ထိုးလေးကို မီ့လက်ထဲထည့် လိုက်၏။ မီက ဒါကိုနားမလည်သေးဘဲ တွေဝေနေ၏။

 

တစ်ခုခုပြောချင်ပြီး မပြောနိုင်၊ နှုတ်ခမ်းလေးများ တုန်နေ၏၊

 

ကျွန်တော်သည် သူ့ရင်ထိုးကလေးကို ယူကာ အင်းလျား ရေကန်လယ်သို့ လွှင့်ပစ်လိုက်၏။

 

ပြီးတော့ ချစ်သူမီကို မထိရက်မကိုင်ရက် သနားယုယစွာ ပွေ့ဖက်၍

 

“မီ…. မီ…. ”

 

ဟု တသလိုက်မိပါသည်။

 

“မီ………မီဟာ…. မီမဟုတ်ဘူး။ မီးပဲ…. မီးပဲ၊ ငါ့ကို ရှို့နေတဲ့ မီးပဲ … မီလေးရယ်”

 

မီလည်း သည်တွင်မှ အကြီးအကျယ် ထိခိုက်သွားဟန်ဖြင့် ကလေးတစ်ယောက် ငိုသလို လွတ်လွတ်ကျွတ်ကျွတ်ပင် ရှိုက်ကြီးတငင် ငိုလေ၏။

 

ညနေသည် လှပ၏။ နှင်းမလွှမ်းသေးပေ။

ကျွန်တော်သည် သန့်စင်လန်းဆန်းသောစိတ်ဖြင့် မီ့အိမ်သို့ ကုန်ကြောင်း လျှောက်လာ၏။

 

မီသည် ဦးတင်မောင်အိမ်မှာမနေတော့ပေ၊ အဒေါ်ကြီး တစ်ယောက်နှင့် အခန်းငှားပြီးနေ၏။

 

တိမ်တောက်သဖြင့် အတော်လင်းသော်လည်း နေကျသည်နှင့် အမှောင်သည် ဖြုတ်ခနဲဝင်လာရာ လမ်းကို မြင်နိုင်အောင် စီးကရက်ကို ကြမ်းကြမ်းဖွာရပါ၏။

 

လူတယောက်သည် မြန်ဆန်စွာ ရှေ့သို့ရောက်လာ၏။ ရှေ့တူရှုကလာတာလား၊ နောက်ကလာတာလားတောင် မသိပေ။

 

“မီး- ခဏညှိပါရစေ”

 

ဟု ပြော၏။

 

သူက ရဲခနဲ စီးကရက်ညှိလိုက်ရာ နှာခေါင်းတိုတို မေးရိုးကြီးကြီး ကြမ်းတမ်း၍ အောက်တန်းစား မျက်နှာပြားကို တွေ့ရပေသည်။

 

ထိုလူကို အလိုလို မကြည့်ချင်ဖြစ်ကာ စီးကရက် ပြန်ရလျှင်ရခြင်းထွက်လာရာ ဘေးကကပ်ပြီး ပါလာသဖြင့် စိတ်တိုတိုနှင့်….

 

“ဟေ့လူ ဒါက ဘာသဘောလဲ”

 

ဟု ဟောက်လိုက်မိ၏။

 

“ခင်ဗျားနောက် လိုက်လာတဲ့ သဘောပေါ့”

 

ဟု ဖြေရင်း အသံမထွက်အောင် တိုးတိတ်စွာ ရှိုက်၍ရယ်ရာက…

 

“ခင်ဗျား…. မီ့ကို သိပ်ချစ်သလား”

 

ဟု ခပ်တည်တည်မေး၏။

 

“ခင်ဗျား ဘာပြောစရာရှိလဲ”

 

“ရွှေဓားမြောင်ဆိုတာ ကျုပ်ပဲ”

 

ရွှေဓားမြောင်သည် နာမည်ကြီး၊ လူမိုက်တစ်ယောက် ဖြစ်၏။

 

သို့သော်- အလိမ္မာရှိသဖြင့် လူထဲသူထဲဝင်ဆန့်၏။ အစိုးရနှင့်တည့်၏။

 

ခေတ်ဟောင်းက အမျိုးမျိုး ဆိုးသွမ်းရမ်းကားခဲ့သော်လည်း အေးအေးဆေးဆေးပင် နေ၏။

 

ကျွန်တော်သည် စီးကရက်ကို ဒေါသတကြီးလွှင့်ပစ် ပစ်ရာက….

 

“ရွှေဓားမြောင်ရယ်….မီရယ်….သော်ဆွေရယ် ဒီသုံးယောက်ဟာ ဘယ်လိုသက်ဆိုင်နေတယ်ဆိုတာ စဉ်းစားလို့ မရဘူး”

 

ဟု အံကြိတ်၍ ပြောမိ၏။

 

“အင်း ခင်ဗျား….ရူးနေတယ်လို့ မီပြောသွားတာ အမှန်ပဲ”

 

ဟု သူ့ကို သူပြောကာ…

 

“သိပ်စိတ်မတိုပါနဲ့ ကျွန်တော်ပြောချင်တာက ခင်ဗျားရော ကျုပ်ရော မီ့စက်အလှည့်ကို ခံနေရတယ်လို့”

 

ဟုပြော၏။

 

သူ့စကားကို ဂရုမစိုက်ဟန်ဆောင်လိုက်သော်လည်း …

 

ဟု ပွဲတောင်းလိုက်မိပြီးသားဖြစ်ရ၏။

 

“ဦးဘချစ်ကို နေ့လည်က လွှတ်လိုက်တယ်၊ ခုPolice တွေကျုပ်နောက်ကို လိုက်နေတယ်၊ တရားခံကျုပ်မှန်းသိသွားပြီ၊ ကျုပ်မရှိတုန်း အိမ်ဝင်ရှာသွားတယ်၊ ဦးတင်မောင် ဘယ်လောက် ချမ်းသာတယ်ဆိုတာ ခင်ဗျားသိသလား ကျုပ်သိတယ်။ မေ့ကိုဦးတင်မောင်က တစ်ခါတစ်ခါ ဆင်ပေးတယ်၊ ကျုပ်က…“ဟေ့မီ တယ်ပွနေပါလား”လို့ မေးတော့၊ မီက “ရှင်ကော မပွချင်ဘူးလား” တဲ့။

 

ရွှေဓားမြောင်က အကဲခတ်ကြည့်- ကြည့်၏။

 

“မီ့ကို ကျုပ်လိုလူတောင်ကျတာ အံ့သြစရာမကောင်းဘူးလား၊ ကျုပ် မီ့ကို သိပ်တော့မယုံပါဘူး၊ ဒါပေမယ့် မီဟာ သဘောတွေ့စရာတော့အတော်ကောင်းတယ်၊ မီက ဦးတင်မောင်ဆီမှာ အလုပ်လုပ်တော့ ကျုပ်ကဆူသေးတယ်၊ ကျုပ်တို့ ခဏ အဆက်ပြတ်သွားသေးတယ်၊ တစ်နေ့တော့ မီက ကျုပ်ကို ပြောပြ တယ်။ ဦးတင်မောင်ကို သူနှပ်နေတဲ့အကြောင်း၊ ဦးတင်မောင် ပစ္စည်း ဘယ်မှာရှိတဲ့အကြောင်း။

 

“ကျုပ်အေးအေးနေတာကို လူတိုင်းသိပါတယ်၊ ဒါပေမယ့် ဝါသနာဟာ အစွန့်နိုင်ခဲသားပဲ၊ မီနဲ့ တွေ့တော့ ကျုပ်စိတ်ပါ လာတယ်၊ ဒါနဲ့ ကောင်းပြီဆိုပြီး ကျုပ်တို့ ကြံတယ်၊ ကျုပ်တို့ ကြံတယ် ဆိုပေမယ့် မီက ကြံတာပါ၊ ကျုပ်နောက်ကလိုက် “ငအ’ ပေါ့၊ ကျုပ်ဟာ မီနဲ့ကျတော့ ‘ငအ’ ဖြစ်သွားတာပဲ”

 

အင်း- မီဟာ လှလွန်းတယ်၊ ပြီးတော့ ရဲတယ်၊ ရက်ရောတယ်၊ ဒီတော့ ကျုပ်ဟာ အနိုင်ခံရတာပေါ့၊ ယောက်ျား တစ်ယောက်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို ပိုင်လိုက်ရရင် နိုင်လိုက်ပြီထင်ကြတာပဲ၊ မီနဲ့ဆိုရင်တော့ မီ့ကို ပိုင်လိုက်ရင် မီ့အနိုင်သာ ခံပေတော့။

 

မီကပြောတယ် “လွယ်လွယ်ကလေးပါ”တဲ့၊ ဒါနဲ့ ကျုပ် ဟိုညမှာ ဦးတင်မောင်အိမ်ကို သွားတာပေါ့၊ မီက အသင့်စောင့် နေတယ်၊ ပြီးတော့ ကျုပ်ကိုသူ့အခန်းထဲ ဖွက်ထားပြီး ဦးတင်မောင် ရှိရာ အိမ်ရှေ့ကိုသွားတယ်၊ ကျုပ်ဆီကို တစ်ခါပြန်လာပြီး “ငနဲကြီးကို ဖြီးခဲ့ပြီ၊ မီနဲ့သူ သူ့အခန်းထဲသွားမယ်၊ နောက်ကလိုက်ခဲ့ပြီးတော့ အခန်းပြင်က စောင့်၊ မီတံခါး ဖွင့်ပေးမယ်” တဲ့ ပြောတယ်။ ကျုပ်က ဦးတင်မောင်အခန်းဝက စောင့်တယ်၊ မီနဲ့ဟိုလူက အခန်းထဲမှာပေါ့၊ ကျုပ်က လူဆိုးဆိုပေမယ့် မနာလိုတတ်တာပေါ့၊ မယားအတွက်တော့ နာသေးတာပဲ၊ ကျုပ်အတင်းဝင်မယ် စိတ်ကူးတုန်း တံခါးကပွင့်လာတယ်။

 

“ဦးတင်မောင်က ပြူးတူးပြဲတဲနဲ့ ကုတင်ပေါ်မှာ မီက သေနတ်ကို ကိုင်ပြီးချိန်ထားတယ်။ ကျုပ်ဝင်သွားတော့ မီက သေနတ်လှမ်းပေးပြီး သော့တောင်းခိုင်းတယ်။ ဒီလို စိန်နဲ့ ပတ္တမြားချည်း ရှိတဲ့ဘူးကို ကျုပ်တို့ရတယ်။ ဦးတင်မောင်ဟာဗျာ သူ့ကို သတ်မယ်ကြံတော့ ကြောက်လွန်းလို့ တောင်းပန်လိုက်တာ ကျုပ်တောင် ပျော့သွားတယ်၊ မီက ပြုံးပြတယ်၊ “သူ့ပါးစပ်ဟာ သေမှ ပိတ်လို့ရမှာ’ တဲ့ ပြောလိုက်ချေသေး”

 

“ဟုတ်တာပဲ၊ အဲဒီလို ဓာတ်သိချင်း လူသိချင်းလုပ်ရတာ မကောင်းဘူး၊ ဒါနဲ့ ကျုပ်ပစ်သတ်လိုက်တယ်။ မီက သူ့ကို လက်အိတ်စွပ်တယ်၊ သေနတ်ကို သေသေချာချာသုတ်ပြီး သူ့လက်ထဲထည့်ဖို့ မီက ပြောသေးတယ်၊ ကြည့်ရတာတော့ သူ့ကိုယ်သူသတ် သေပုံနဲ့ အတော်တူတာပဲ”

 

“မီက ဟိုတယ်ပြန်သွားတယ်။ ကျုပ်လည်းအိမ်ပြန် တာပေါ့၊ စိန်ဘူးက ကျုပ်ဆီမှာ ၊ မီက သူကြည့်ပြီးလုပ်မယ်လို့ ပြောတယ်။ ဦးတင်မောင်သေတာမြင်ပြီး Police က လူသတ်မှုမှန်း သိအောင် မီဟာ ဘာမှမပေါ်အောင်ဖုံးဖိနိုင်တယ်”

 

“ဦးဘချစ်ကို ပထမဖမ်းမှာပဲ၊ ဦးဘချစ်ကိုလွှတ်ရရင်လည်း မီက တစ်မျိုးကြံမတဲ့၊ မီ့အကြံဟာ ခင်ဗျားကို တွယ်ဖို့တဲ့ ဗျား၊ ခင်ဗျားကို သူသတ်ပါတယ် ပြောခိုင်းပြီး အစားသွင်းမယ်” တဲ့ “သော်ဆွေ ဆိုတဲ့လူက မီ့အတွက်ရူးနေတာပါ၊ မီ မျက်ရည်ခံထိုးလိုက်ရင် သူကျမှာပါ။ ဒီ့အတွက် သူစက်တိုင်တက်လိမ့်မယ်” တဲ့၊ ဒီတော့ လုပ်ရတာ အဖြူးသားဗျ။

 

ကျွန်တော်သည် အကယ်၍များ အမှုပေါ်သွားလျှင် “ကျွန်တော် သတ်တာပါ” ဟု ဝင်ပြီး ဓားစာခံမည်ဟု စိတ်ကူးမိဖူးပေသည်။

 

“ခုတော့ ပုလိပ်ကို မီက တိုင်လိုက်ပြီ၊ ကောင်းသေးသလား၊ ဦးတင်မောင်သေပေမယ့် စိန်ဘူးပျောက်သွားမှန်း ဘယ်သူမှ မသိဘူး။

 

ဒီစိန်ဘူး ဦးတင်မောင်ဆီမှာ ရှိမှန်း သိတောင်မသိကြဘူး၊ သူ့လူယုံကုလားတောင် မသိဘူး၊ မီသာ သိတာပဲ။ ကျုပ် ခု စဉ်းစားနေတယ်၊ကျုပ်အဖမ်းခံပြီး မီ့ကို ဖော်ရ ကောင်းမလား၊ ဒါမှမဟုတ် ကျုပ်လွတ်အောင် ပြေးရမလားလို့ ကျုပ်စီစဉ်ထားတာ ရှိတယ်၊ ရခိုင်ကို ပထမပြေးမယ်၊ ရခိုင်ကျမှ အိန္ဒိယသွားမယ်လို့၊ ဒါပေမယ့် ငွေမရှိဘူး

 

မီဟာ ကျုပ်ကို ဖော်လိုက်ပြီး အေးတော့နေမှာ မဟုတ်ဘူး၊ သူ့အန္တရာယ်လည်း သူသိမှာဘဲ၊ ကျုပ်ကို မဖော်နိုင်ခင် သတ်ဖို့များ စိတ်ကူးမလားမသိဘူး။

 

ခု ထွန်းမောင်ဆိုတဲ့ကောင်နဲ့ ပျာယာခတ်နေကြတယ် ကြားတယ်၊ ထွန်းမောင်ဆိုတာ ကျုပ်နဲ့ဗိုလ်လုဘက်ပဲ၊ ကျုပ်ဟာ အဖမ်းခံလိုက်ဖို့ကောင်းတယ်ထင်ပါရဲ့နော်၊ မီကို ဖော်လိုက်၊ မီလည်းထောင်ကျ၊ ကျုပ်လည်း အို – လူသတ်မှုတိုင်း စက်တိုက်မတက်ရပါဘူး၊ ကျုပ်ကြံမယ် ထောင်ကျရုံ တကျွန်းကျရုံထက် မပိုအောင် ကြံမယ်၊ ကျုပ်မသေရင်တော့ မီနဲ့ တွေ့ဦး မှာပေါ့”

 

“မီကိုဖော်လိုက်မယ်”

 

သည်နောက်ဆုံးစကားကို ရွှေဓားမြောင်က ကျွန်တော့် အသည်းထဲဝင်သွားစေရန် ရည်သန်၍ ဆောင့်ဆောင့်ပြီး အော်လိုက်ပေသည်။

 

ရွှေဓားမြောင်သည် ဘာကြောင့် ကျွန်တော့်ကို သည်ဟာတွေ ပြောပြနေပါသနည်း။

 

သူသည် မီ့ကိုစွဲကာ၊ မီသစ္စာအဖောက်မှာ ရူးနေသူ၊ မဟုတ်၊ သူသည် Police ထံသွားချင်သွား၊ အိန္ဒိယပြေးချင်ပြေး…

 

သည်နှစ်ခုထဲက တစ်ခုခုကို အမြန်ဆုံး လုပ်ဖို့သာ မရှိပေဘူးလား။

 

ရွှေဓားမြောင်က ကျွန်တော့်အပြောကို စောင့်၏။

 

ကျွန်တော်က သူ့အပြောကို စောင့်၏။

 

နောက်ဆုံးတွင် အရင်လိုနေသော လူသတ်မှုတရားခံက..

 

“ခင်ဗျား မီ့ကို ချစ်သလား”

 

ဟု သွေးဆောင်သည့် အမူအရာနှင့် ဖြည်းညှင်းစွာ မေးလေရာ ကျွန်တော်သည် စီးကရက်တစ်လိပ်ကို မီးညှိရင်း သူ့ကို မကြည့်ဘဲ…

 

“ခင်ဗျား ဘယ်လောက်သိချင်သလဲ”

 

ဟု ပမာမခန့် မေးလိုက်၏။

 

ရွှေဓါးမြှောင် လိပ်ပြာမလုံဖြစ်သွားပြီး–

 

“ဦး… ဦးသော်ဆွေ”

 

ဟု စကားထစ်နေ၏။

 

ပြီးတော့..

 

“ခင်ဗျားဟာ ပါးသားပဲ၊ မီပြောသလောက် မရူးပါဘူး’’

 

ဟု ချီးမွမ်းလိုက်သေးသည်။

 

“ငွေတစ်သောင်းလောက် လိုချင်တယ်။ ဒါပေမယ့် ဈေး တက်တယ် မထင်ပါနဲ့၊ ကျုပ်လွတ်အောင်ပြေးဖို့ကို သိပ်ဂရုမစိုက်ပါဘူး။ မီ့ကို နှံချင်တယ်၊ မီဟာ အခု အရိုးတွန်နေပြီ၊ သူ့မှာ တစ်ယောက်တည်း”

 

“မီ့ဘက်မှာ ကျုပ်ရှိပါသေးတယ်။ ခုနေ ကျုပ် ခင်ဗျား လည်ပင်းညှစ်သတ်၊ မီ့ကိုသွားသတ်ပြီးတော့ ကျုပ်ဘာသာကျုပ် ပစ်သတ်၊ အဲသည်လိုဆိုရင် ဘယ့်နှယ်နေမလဲ”

 

ကျွန်တော်က ရွှေဓားမြောင်လိုလူစားနှင့် ပြိုင်၍ လူမိုက် စကားပြောလိုက်ရာ သူက ရယ်မောလိုက်သော်လည်း ကြောက်ဟန်တော့ ရှိသည်။

 

နှစ်ယောက်စလုံး စကားမပြောဘဲ ဆယ်မိနစ်လောက် နေရာ… ကျွန်တော်တို့ လမ်းလျှောက်လာနေမှန်းသိလာပါသည်။

 

ဘယ်ရောက်နေပြီလဲတော့မသိ၊ မြို့စွန်မြို့ဖျားနှင့်လည်း တူသည်။

 

အိမ်တဲပုတ်ကလေးတွေ၊ မီးမှိတ်တုတ်နှင့် မှောင်လှပါကလား။

 

ခုလို လမ်းကြမ်းကြမ်းကလေးတွေကို မှောင်မှောင်မည်းမည်းနှင့် သူခိုးဂျပိုးပမာ လျှောက်ခဲ့ကြသည်မှာ မီနှင့် တွေ့ကတည်းက ဖြစ်၏။

 

သို့ပေမယ့် ဦးတင်မောင်တို့ ဦးဘချစ်တို့လို အထက်တန်းစား လူဂုဏ်ထံတွေနဲ့လည်း တွေ့ရပါသေးသည်။ အင်း- မီ၏ ကျေးဇူးအတော်ကြီးမားပေပြီ။

 

“အော်- မဆိုင်တဲ့ ခင်ဗျားကို ချောက်တွန်းရတာသိပ်မကောင်းလှပါဘူးလို့ ကျွန်တော်လည်း တွေးနေပါတယ် ဦးသော်ဆွေ၊ တကယ်ပါ။ ဒါပေမယ့် ဒီတစ်နည်းပဲရှိတော့တယ်။ ပြီးတော့ ခင်ဗျားကို သတိပေးချင်တယ်”

 

“မီ့ကိုရှောင်ပါတော့၊ မီဟာ ခင်ဗျားလိုလူနဲ့ မတန်ပါဘူး။ မီ လူကောင်းတွေ အတော်တွေ့သားပဲ၊ ဒါပေမယ့် သူက ဒုက္ခ ချည်းပေးလွှတ်လို့ ကြောက်လန့်ပြီး ပြေးကြရတယ်”

 

“ခင်ဗျားကိုတောင် ခုလောက်ပေါင်းနေတာ သိပ်အံ့ဩ စရာကောင်းတယ်။ မီနဲ့ ပတ်သက်သမျှ လူဟာ ဘယ်တော့မှ ကြာကြာမခံဘူး၊ သေရင်သေ၊ ဒုက္ခရောက်ရင်ရောက်…”

 

“မီဟာ လူစားတယ် ပြောရမှာပဲ၊ မီဟာ လူစားနေတယ်။ မီဟာ ယောက်ျားတစ်ယောက်မြင်ရင် အနားကပ်မြူ၊ လိုချင်တာပေး၊ အဲဒီလူရူးပြီဆိုရင် စားလိုက်တာပဲ”

 

“တစ်နှစ်ကတုန်းက ယစ်မျိုးဝန်ထောက်တစ်ယောက် ထောင်ကျသွားပါပကော၊ မီ ညှင်းလို့ ညှင်းမှန်းမသိ၊ မီ့အလိုကျအောင် လာဘ်စားပြီးတော့ မီက တစ်ဖက်လှည့်နဲ့ ဖော်လိုက်တယ်”

 

“သူဌေးတစ်ယောက်ကဖြင့် ကြိုးဆွဲချပြီး သေသွားတယ်လို့တောင် ကြားဖူးတာပဲ၊ မီ့ကို ပစ္စည်းတွေ ခိုးပေးသတဲ့၊ နောက် အိမ်ကမယားကြီးနဲ့ စကားများ အရှက်ကွဲပြီး သေတယ်လို့ ပြောတာပဲ”

 

“အို’ အများကြီးပဲ။ ပြောရင်ခင်ဗျား ယုံချင်မှယုံမယ်၊ ဒါပေမယ့် မီဟာ ယောက်ျားတွေကို ဒုက္ခပေးရတဲ့ အရသာ တော်တော်ပေါ်နေတယ်။ သူဖောဖော နေနိုင်အောင်တော့ တကယ့်လူတွေနဲ့မှ ချည်းပဲပေါင်းတယ်။ ပေါင်းနိုင်အောင် ရုပ်ကလဲ မက်စရာ။ အင်္ဂလိပ်ပညာကလည်း တတ်တယ်။ ဒါထက် အလိမ္မာ ကြီးတယ်”

 

“ဘာကြောင့်သူဒီလိုလုပ်ရသလဲဆိုတာ ကျုပ်စုံစမ်းဖူးတယ်။ ဘာမှ မထင်ရှားပါဘူးဗျ၊ မီဟာ စင်စစ်တော့ သွေးဆာနေတာပါပဲ။ သူဟာ ငယ်ငယ်တုန်းက ယောက်ျားတစ်ယောက်ယောက်ရဲ့ အလိမ်အညာ အဖျက်အဆီးကို ခံရတယ်လို့ ပြောဖူးတယ်၊ ဒီအကြောင်းကို သူလူတိုင်းကိုပြောတယ်၊ ဒါပေမယ့် တစ်ယောက်ကို တစ်မျိုးစီ ပြောတာပါဗျ၊ ဟုတ်တယ်မထင်ပါဘူး”

 

ကျွန်တော်သည် တစ်ချိန်လုံး ရွှေဓားမြောင်ပြောနေသည်ကိုသာ နားထောင်နေရာမှ…

 

“ခင်ဗျားနောက်ကို Police တွေ လိုက်နေတယ်ဆိုတာ မေ့သွားပြီလား၊ ခင်ဗျား ခု-အချိန်တွေ ဖြုန်းနေတာပဲ”

 

ဟု သတိပေးလိုက်ရာ…

 

“မမေ့ပါဘူး”

 

ဟု ရွှေဓားမြောင်က ဗြောင်လိမ်၏။ ပြီးတော့….

 

“ဘယ့်နှယ်လဲ ကျွန်တော်တို့ အရောင်းအဝယ်”

 

မေးရာ ကျွန်တော်က အေးစက်စက်ပင်….

 

“စဉ်းစားဦးမယ်”

 

ဟုပြောသည်။

 

“သိပ်တော့ မကြာစေနဲ့ဗျ”

 

“မနက်ဖြန် အကြာဆုံးပေါ့၊ ကျုပ်ညနေတိုင်း မီ ခုနေတဲ့ အိမ်ဘက်ကို လမ်းလျှောက်တယ်။ မနက်ဖြန် ကျုပ်ငွေရရင် ယူခဲ့မယ်”

 

“ခေါ်ရင်လည်းခေါ်ခဲ့မယ်ပေါ့”

 

“Police တော့မခေါ်ပါဘူး၊ နောက်ပြောတာပါ”

 

“ကျုပ်ကတော့ အပြစ်မခံချင်သေးဘူး။ ကျုပ်ကိုမိတောင် လွတ်အောင်တော့ ရုန်းရဦးမှာပဲ။ ခင်ဗျားက မိဘလည်းရှိတယ်။ ချမ်းချမ်းသာသာလည်းနေရတယ်။ အရွယ်လည်းကောင်းတယ်။ ဘာ့ကြောင့် သေချင်ရတာတုန်း”

 

ကျွန်တော်က မချိသွားဖြဲရယ်လိုက်၏။

 

“ကျုပ်တကယ်ပြောတာ မီလည်း ဂရုမစိုက်ဖူး။ ငွေတစ်သောင်းနဲ့ မီ့ကို တန်းတူထားပြီးလိုချင်တယ်။ နှစ်ခုစလုံးယူလို့ မရလို့သာပေါ့။ ဒါပေမယ့် Police နဲ့တော့ ကျုပ်မတွေ့ချင်သေးပါဘူးဦးသော်ဆွေ”

 

“ခင်ဗျား ငွေတစ်သောင်း ပေးရပေမယ့် မီ့ကို မရှောင် မချင်းတော့ အေးမှာမဟုတ်ဘူးဆိုတာ သိရဲ့လား၊ မီဟာ ခင်ဗျား ဒီလောက် သူ့အကြောင်း သိပြီဆိုရင် သတ်ဖြစ်အောင် သတ်လိမ့် မယ်’

 

“ဖြစ်ချင်ရာဖြစ်”

 

ဟု ကျွန်တော်က အော်လိုက်ပြီး….

 

“ဒါပေမယ့်ဗျာ၊ ကျုပ်ဟာ မသေချင်သေးပါဘူး၊ မီ့ကိုလည်း မသေစေ့ချင်ပါဘူး၊ အားလုံးအေးအောင်များ လုပ်လို့ရရင် ကျုပ် မီ့ကိုလက်ထပ်ပြီး လွတ်ရာကျွတ်ရာ ခေါ်သွားမယ် စိတ်ကူးတယ်”

 

ဟု လှိုက်လှဲစွာ ပြောမိ၏။

 

ရွှေဓါးမြှောင်လည်း ကျွန်တော့်ကို သနားသလို စုတ်သတ် သက်ပြင်းချလေ၏။

 

ထို့နောက် ကျွန်တော့်လက်ကို ဖျစ်ညှစ်ကာ….

 

“ခင်ဗျားဟာ လူကောင်းတစ်ယောက်ပဲ၊ ကျုပ်လည်း လူကောင်းတစ်ယောက်ဖြစ်ဖူးတယ်”

 

ဟုသဒ္ဒါဝါကျ အနည်းငယ်မှားသော်လည်း ပီသသွက်လက်သော အင်္ဂလိပ်စကားကို ပြောပြီး ကြွားသေးသည်။

 

ရွှေဓားမြောင်သည် ဖြုတ်ခနဲ လျင်မြန်စွာ ကျွန်တော့် အနားက ပျောက်သွား၏။

 

ကျွန်တော်သည် လမ်းမှား၍နေသေးသည်။ သည်ရပ်ကွက်ကို တစ်ခါမှလည်း မရောက်ဘူးပေ။

 

သည်ကမ္ဘာပေါ်မှာ ရှိလိမ့်မည်ဟု မထင်၊ လမ်းကွေ့ လမ်းကောက်များသည် မီ့လိုပင် ပလီပလာနိုင်၏။ မူယာမာယာ ကြွယ်၏။

 

ကိုယ့်ကိုယ်ကို ဘယ်ရောက်မှန်းမသိပေ။

 

နောက်ဆုံးတွင် ပေတစ်ရာလမ်းမပေါ် ရောက်လာ၏။

 

“မြို့ထဲကို မြို့ထဲကို”

 

ဟု အော်သော ကားတစ်စီးကို တက်စီးလာ၏။

 

မြို့ထဲရောက်မှ မီ့အိမ်ကိုတစ်ဆင့်သွားရ၏။

 

မီက…

 

“မိုးချုပ်လှချည်လား ၁၀ နာရီခွဲပြီ”

 

ဟူသော စကားဖြင့် ကြိုသည်။

 

မီသည် မီးရောင်မှိန်မှိန်မှာပင် လှနေပြန်၏။

 

လှပဲလှနိုင်လွန်းသည်။ ပါးလွှာပျော့ရော့သော အဝတ်အစားကို ဝတ်ထားသည်။ အခန်းမှာ မီ့အလှနှင့်ပဲ အရောင်ဖျော့ဖျော့တစ်မျိုး လင်းနေသလိုလို။

 

ကျွန်တော်က မီးလျှံထွက်တော့မလို မျက်လုံးပြူးကာ သူ့ကို ကြည့်၏။

 

မီက မှုံမှိုင်းအေးစက်စွာသာ ပြန်ကြည့်လေရာ…. သူ့ပခုံးကို ဖိနှိပ်ညှစ်ပြီး ဆောင့်ဆွဲကာ ဝရန်တာသို့ ထွက်လာ၏။ မီက ရုန်းတော့မလို တွန့်ကာ လိမ်ကာ ပါလာ၏။ မီ့ကို ကြိမ်ကုလားထိုင်ပေါ် တွန်းလှဲပစ်ကာ ကုလားထိုင်လက်ရမ်းပေါ် ကျွန်တော်တက်ထိုင်ပြီး…

 

“ရွှေဓားမြောင်နဲ့ ငါ စကားပြောလာတယ်”

 

ဟု မောပန်းလေးလံစွာ ပြောပြလိုက်၏။

 

“ရွှေဓားမြောင်”

 

အကြည့်စိမ်းစိမ်းကြီးနှင့် မီ၏အော်သံ….

 

“အေး- ရွှေဓားမြောင် မင်းရဲ့….လင်တစ်ယောက်”

 

ကျွန်တော်က ကြမ်းတမ်းစွာ သည်လိုပြောလိုက်ပြီး….

 

“မင်းအကြောင်း ငါအကုန်သိပြီ၊ ရွှေဓားမြောင်ဟာ မင်းသစ္စာမရှိတာနဲ့ ငါ့လူဖြစ်သွားပြီ၊ မင့်လူ မဟုတ်တော့ဘူး”

 

ဟု ကိုယ်ဟာကိုယ် ပြန်ကြောက်မိသေးသည့် အသံနက်ကြီးဖြင့် ပြောလိုက်၏။

 

မီသည် ခုန်ကာ၊ ထလာကာ…. ကျွန်တော့်ရှေ့တွင် ရပ်ပြီး အရူးမျက်လုံးဖြင့် ကြောင်တောင်တောင် ငေးကြည့်၏။

 

“ကြည့်လိုက်စမ်းမီ….ကြည့်လိုက်စမ်း၊ အကြံတစ်ခုထုတ်၊ အေး….ငိုလိုက်၊ ခုငိုလိုက်”

 

ပြီးတော့…

 

မီက ငိုတော့မလို ကျွန်တော်၏ ပေါင်ပေါ် ခွေကျလာသည်ကို ကျွန်တော်က ဦးဆောင်ပြောပြီး ရယ်ပစ်၏။

 

“ကိုဆွေ… ကိုဆွေ …ကိုဆွေ… ဆွေ”

 

ဟု မီသည် ရှိုက်ကာ….

 

“မီဘာကြောင့် မသေသေးပါလိမ့်၊ မီဘာကြောင့် အသက် ဒီလောက် ပြင်းရပါလိမ့်”

 

ဟု အထပ်ထပ် မြည်တမ်း နေလေသည်။ မီ၏ လျော့ပြေနေသည့် ဆံနွယ်ကွေ့ကွေ့ကောက်ကောက်မှ တချို့တစ်ဝက်သည် မေ့မျက်နှာကိုအုပ်ကာ မျက်ရည်များဖြင့် ပါးပြင်မှာ ကပ်နေ၏။

 

သည်ဆံပင် ညိုဖျော့ဖျော့မွှေးပျံ့ပျံ့ကို ဘေးသို့ဖယ်ကာ သူ့မျက်နှာကို လက်နှစ်ဖက်နှင့်ညှပ်၍ မော့စေပြီး…

 

“မင်းဟာ ဘာကြောင့် ဒါလောက်ယုတ်မာရတာလဲ…. ယုတ်မာရတာလဲ”

 

ဟု သွားစေ့ကာ ပြောမိသည်။

 

မီသည် ကျွန်တော့်အား မကြည့်ဘဲ မျက်တောင်များ စင်းကာ မျက်စေ့လွှဲ၍နေ၏။

 

ကျွန်တော်က မီ၏ ခါးနွဲ့လေးကို လက်နှစ်ဖက်ပြောင်း၍ ဖြစ်ညှစ်ဆုတ်ကာ အတင်းမ,ပြီး ရပ်စေရာ မီက နာကျင်တွန့်လိမ်ကာ ကျွန်တော်၏ ပခုံးကို လက်တင်ကာ မှေးပြီးရပ်၏။

 

“ငါမင်းကို ဟောဒီလို ညှစ်သတ်ချင်တယ်’’

 

ဟု သူ့ခါးမျှင်မျှင်လေးကို တအားဖျစ်လိုက်ရာ မီသည် မအော်ဘဲ အောင့်ခံပြီး မူးမိုက်သွား၏။ လွှတ်လိုက်လျှင် ဒူးထောက်လျက်ကျကာ ကျွန်တော့်ပေါင်ပေါ်ကို သူလက်ပိုက်လျက် ခေါင်းကလေးကို တင်၏။

 

“ငါဟာ သိပ်ချစ်တယ်မီ၊ ချစ်သူကို မရှိခင်ကတည်းက ကြိုပြီး ချစ်နှင့်တယ်၊ မင်းကိုလည်း မမြင်ဖူးခင်ကတည်းက စွဲပြီး ရှာခဲ့တယ်၊ ငါ့စိတ်ကူးတွေကတော့ ပျော်စရာပဲ၊ ငါနဲ့ ငါ့ချစ်သူဟာ တစ်ယောက်နဲ့ တစ်ယောက် အကြွင်းမဲ့ ယုံကြည်မယ်”

 

“လိမ်တာတွေ ဟန်ဆောင်တာတွေ မကောင်းကြံတာတွေ တို့ကြားထဲမှာ မရှိဘူး။ မင်းရဲ့ ဖြစ်ချင်ရာ ဖြစ်နေတဲ့ ရောဂါကို ငါ့အချစ်ဆေးနဲ့ ကုမယ်လို့ တွက်ထားတယ်။ မင်းကတော့ ငါ့ကို မကောင်းကြံတယ်။ မင်းအပေါ် ငါစေတနာ ဘယ်လောက် ထားသလဲ၊ ဒီစေတနာအတွက် ငါဘာရသလဲ”

 

“ဦးတင်မောင်တို့၊ ကိုလေးတို့ သေသွားတာဟာ အမှန်တော့ ကံကောင်းလို့ပဲ၊ သူတို့ဟာ တစ်ခါပဲ မကောင်းကြံတာ ခံရပြီး တစ်ခါပဲသေတယ်၊ ငါကတော့ အကြိမ်ကြိမ် မကောင်းကြံ ခံရတယ်၊ ခု- ငါ့ဘဝသေပြီ မင်းကြောင့်”

 

မီသည် အသက်ရှူမှားသွားသလို ချောင်းတဟွပ်ဟွပ် ဆိုးလာ၏။

 

ခေါင်းကို မထူနိုင်ဘဲပေါင်ပေါ်မှာ လိမ့်နေသည်။

 

ကျွန်တော်က ဒါကို ကျေနပ်သလိုဖြစ်ကာ ရက်စက်စွာ ပြုံးရင်းက…

 

“မင်းဟာ ကျိန်စာတွေ ထိနေတာပဲ၊ ကျိန်စာတွေထိပြီး သွေးချည်းပဲ အံနေတာပဲ”

 

ဟု မိန်းမစကားပြောလိုက်မိ၏။ ထို့နောက် မီ့ခေါင်းကို ပါးနှင့်အပ်ရင်း….

 

“ကိုဆွေ သေချင်ပြီ မီ ကိုဆွေ ဘာတွေများ ပြောမိပါလိမ့်၊ မင်းကို ဘယ်လောက်မုန်းမုန်း ဒီလိုပြောမိပြန်တော့လည်း အသည်းကွဲရပါလား”

 

ဟု ရှိုက်ငင်လိုက်မိ၏။

 

ကျွန်တော်လည်း အတန်ကြာ စိုက်ကြည့်နေပြီး မျက်လုံး မပွင့်သည်ကို တွေ့၍ သူ့အဖော် မိန်းမကြီးအား လှမ်းခေါ်ပေးကာ ထွက်လာ၏။

 

ကျွန်တော်သည် မီ့ထံက ထွက်ပြေးခဲ့၏။ ဆိုလိုသည်မှာ ရန်ကုန်က ထွက်ပြေးခဲ့၏။

 

နဂိုက ရန်ကုန်မြေကို မချစ်ရသည့်အထဲမှာ ယခုလို ဖြစ်ရပြန်တော့ တစ်တောဝင် တစ်တောင်တက်နှင့် အားလုံးကို ဖျောက်ပစ်ရသည်။

 

သို့သော်… ယခုထိ မှတ်မိသေးသည့် ကျွန်တော်သည် “မီများပါလာရင် ဘယ်လောက်ကောင်းမလဲ” ဟုတွေးသေးသည်။ သည်လိုခဏခဏပင် တွေးသည်ဖြစ်ရာ… ရန်ကုန်ကို ထင်သလို မပစ်နိုင်ကြောင်းသိရ၏။ ထို့ကြောင့် တစ်လမျှ မကြာခင် ပြန်လာခဲ့ပြန်၏။

 

သို့သော် မီထံသို့ မသွားတော့ချေ။ အိမ်ပြင်ပင် မထွက်တော့ချေ။

 

မီ့သတင်းများကိုတော့ ကြားရ၏။

 

မီသည် ဆေးရုံမှ မဆင်းရသေးချေ၊ အိပ်လည်းမအိပ်၊ စားလည်းမစား၊ ဆေးလည်းလက်မခံဘဲ စီးကရက်ချည်းသာ သောက်နေသည်တဲ့…. ။

 

ဆရာဝန်ကိုလည်း နှင်လွှတ်သည်တဲ့၊ ထို့ကြောင့် သူထင်သလို နေနိုင်ရန် အိမ်ပြန်ခေါ်လာရသည်။

 

ကျွန်တော်ကမူ မီ့ကို သနားသည်ထက် ကိုယ့်ကိုယ်ကို ပိုသနားကာ ဖျားချင်နေ၏။

 

အားလုံးကို ပြီးလိုက်စေချင်သော်လည်း မပြီးသေးချေ။

 

အမှုသည်လည်း စစ်နေဆဲ၊ ရွှေဓါးမြောင်ကို ဖမ်းမိပြီး သို့ပေမယ့် ကံကောင်းလို့ပဲဆိုပါ။

 

ရွှေဓားမြောင်က မီ့အကြောင်းကို မဖော်ပေးမီ သူ့ရောဂါနှင့် သေလုလု ဖြစ်နေသည်ကိုသိ၍ ဖြစ်ချင်ဖြစ်မည်၊ ဒါမှမဟုတ်….သည်ငွေကြောင့် ရွှေဓားမြောင် လွတ်ချင်လည်း လွတ်ပစေ…

 

ကျွန်တော်တို့မျိုးရိုးမှာ ဂတ်နှင့် ရုံးနှင့် ကင်းရှင်းစွာနေသည့် ကုန်သည်မျိုးရိုးဖြစ်သည်။

 

ဂုဏ်စစ်ဂုဏ်မှန်ကိုသာ မြတ်နိုးကာ… အေးချမ်း သာယာစွာနေ၏။

 

မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ရိုသေသည့် အကျင့်ကို လိုက်နာဂုဏ်ယူ၏။

 

ကျွန်တော့်ကျမှ မီနှင့်တွေ့ကာ ယခုလို ရှုတ်ရှုတ်ယှက်ယှက် ဖြစ်ရပေရာ မိဘများသည် ကျွန်တော်တောင်းသော ငွေကို အဓိပ္ပါယ်နားလည်စွာ ပေးလိုက်၏။

 

“မီ ဒီတစ်ခါတော့ သွားရှာတော့မယ်ထင်တယ်”

 

ဟု သူ့အဖော်မိန်းမကြီးက လာပြော၏။

 

“ညကျရင် စောင်မခြုံဘူး၊ နှင်းထဲထွက်ထိုင်တယ်။ ခိုက်ခိုက်တုန်နေတာပဲ။ မနက်ကျတော့ လူမှန်းမသိတော့ဘူး။ နည်းနည်းလည်း သွပ်တွတ်တွတ်ဖြစ်နေတယ်ထင်တယ်။ ရယ် ရယ်နေတယ်။ ဆေးပုလင်းတွေကို ခွဲပစ်တာပဲ၊ ဆရာဝန်က ပြောတယ်၊ ဆေးသာ အခုလိုအထိုးမခံပဲနေရင် တစ်ပတ် နှစ်ပတ် ထက် ပိုမခံဘူးတဲ့”

 

ကျွန်တော်က…

 

“ခု ကျွန်တော်သွားရင် သူ့အတွက်လည်း မကောင်းဘူး။ ကျွန်တော့်အတွက်လည်း မကောင်းဘူး။ ဒါပေမယ့် ကိုယ်ကိုယ်ကို မညှင်းပါနဲ့လို့ ကျွန်တော်မှာလိုက်တယ်လို့ ပြောပါ၊ နေကောင်းအောင် နေပါလို့”

 

ဟု ပြောလိုက်မိ၏။

 

မီသည် ကျွန်တော့်အမှာကို ရသည့်အခါကစ၍ ဆေးထိုးစရာရှိထိုး သောက်စရာရှိ သောက်ကာ ကျန်းမာအောင်နေသည် ဟု ကြားရ၏။

 

ကျွန်တော့်မှာ ဝမ်းသာရမလို၊ ဝမ်းနည်းရမလို ရင်တလှပ်လှပ်ဖြစ်ကာ….

 

“မီ ….မီ ….မီ”

 

ဟု တ,မိပါသည်။

 

မီ အနည်းငယ် ထူထူထောင်ထောင် ရှိလာသည် ကြားသောကျွန်တော်က စာတစ်စောင်ထည့်လိုက်၏။

 

မီကလည်း စာတစ်စောင် ပြန်လာ၏။

 

သူ နေထိုင်ကောင်းပါပြီ ဆိုသည်ကလွဲ၍ ဘာမှမပါချေ။ မီ့စာများကိုနောက်ထပ် မျှော်နေမိ၏။ တစ်စောင်မှ မလာချေ။

 

ကျွန်တော်ကလည်း ထပ်မရေး၍ ကျွန်တော်တို့ နှစ်ယောက်သည် တစ်မြို့တည်းနေကာ ကွာဝေးခဲ့ကြ၏။

 

မီ့ကို အရိပ်အရောင်တောင် မမြင်ရသည်မှာ သုံးလ ရှိသွား၏။

 

သို့ပေမယ့် နှစ်ပေါင်းများစွာလိုထင်မိသည်။ မီ့ကို တွေး၏။ အိပ်မက်မက်၏။ တစ်ကိုယ်တည်း ယောင်ယမ်းအူချာ လည်ကာနေ၏။

 

မီနှင့်ကွဲနေသည့် အချိန်ရှိသမျှမှာ ကိုယ့်ကိုယ်ကို လူစဉ် မမီတော့ ဟု ထင်နေသည်။

 

ဝေး … ဝေး ….ဝေး…. အဝေးကြီးကို ဝေးခဲ့ပါပြီ ထင်၏။ မီနှင့် နီးစပ်ဖို့လမ်း တစ်ခုတစ်လေကလေးတောင် မရှိတော့ဟု ထင်၏။

 

ခုထ,သွားလိုက်လျှင် မီ့ဆီရောက်မည်ကို သိပါသည်။

 

သို့သော် ဒါကိုလုံးလုံး မတွေးဘဲ တငေးတမော ထိုင်ကာသာ ညည်းမိသည်။

 

မီနဲ့ ဘဝခြားခဲ့ပါပြီ။

မီ – အပိုင်း (၅) ဇာတ်သိမ်းပိုင်း

 

ကြည်အေး

 

🌸🌸🌸🌸🌸

 

သုံးလ… သုံးလတဲ့ ….သုံးလဆိုတာ ကြာတဲ့အချိန်မှ မဟုတ်ဘဲ၊ တစ်နှစ် တစ်နှစ်ဆိုသည့်အချိန်တောင် ခဏလေးနှင့် တစ်ပတ်လည် လာသည် မဟုတ်ပါလား။

 

ပိတောက်ပန်းတွေ သင်္ကြန်ရေတွေကို မနေ့တစ်နေ့ကလို မြင်လိုက်ရပြီ ခုပြန်ပြီးမြင်ရတတ်သည်။ ခုတော့ သုံးလတဲ့ ….သုံးလကို နှစ်တွေ ရှည်ခဲ့ပြီထင်၏။

 

ကျွန်တော်သည် နာတာရှည် လူမမာပမာ တစ်နေ့ တစ်နေ့ကို အရှည်ကြီး ထင်မြင်နေပါတကား၊ ကျွန်တော်၏ မှန်ကန်သော အမြင်များသည် တကယ်ပင် ပျောက်ကုန်ပြီ။ မီသည် အသစ်မွေးဖွားလာသည်။

 

လူတွေက မီသည် သူ၏ တိတ်တိတ်ပုန်းယောက်ျား ဦးတင်မောင်သေဆုံးသဖြင့် နောင်တရပြီး ပြောင်းလဲသွားပြီဟု ပြောကြသည်။

 

ထိုအခါမှာ ကျွန်တော့်တွင် မီ့ကို ရွံစိတ်၊ မုန်းစိတ်၊ ကြောက်စိတ်တွေ ပျောက်ပြီး သနားစိတ်၊ ချစ်စိတ်သာ သက်သက် ရှိတော့၏။

 

မီသည် ကျွန်တော့်ကို မြင်လျှင်…..တွေ ကျသွား၏။

 

ပြီးတော့ ဘာအမူအရာမှ မရှိသော လဟာပြင်လို မျက်နှာထားဖြင့် ငေးပြီးကြည့်၏။

 

နဂိုက ညိုဖျော့ဖျော့ ဆံပင်သည် ခပ်လဲ့လဲ့နေကာ အလင်းရောင်အရိုက်မှာ ဖြူနေသည်။

 

မျက်နှာမှာ ပါးသွယ်လေးများ ကျပြီး၊ စပယ်ပမာ ဖြူနေရာ အသွေးအရောင်ဟူ၍ ပန်းနုနှုတ်ခမ်းလေးသာ၊ ကျွန်တော်၏ မျက်လုံးမှာ ပြာမှိုင်းကာ ဘာကိုမှ မမှုသည့် မခံချိ မခံသာ ဖြစ်စရာ အကြည့်များလည်း မရှိတော့ပြီ။

 

မီ့မှာ လူစားချင်သည့် သွေးမရှိတော့သဖြင့် သိမ်မွေ့ နေ၏။ အပြစ်ကင်းနေ၏။ အရင်တုန်းက မီ့အလှသည် ဖျော့တော့သော အလှဆိုလျှင် အခု မီ့အလှသည် ဖြူလဲ့သောအလှ။ ဖျော့တော့သော အလှသည် မူယာမာယာများ၏။ ဖြူလဲ့သော အလှက သန့်ရှင်းနူးညံ့သည်။

 

မီ၏ အဓိပ္ပါယ်ကင်းမဲ့သော မျက်နှာကို မြင်၍ ကျွန်တော် အားငယ်သွားကာ….

 

“မီ…. ကိုဆွေလာတာ မကြိုက်ဘူးလားဟင်”

 

ဟု မေး၏။

 

“မီပျော်လည်းသွားတယ်။ ဝမ်းလည်းနည်းသွားတယ်။ တစ်မျိုးပဲ၊ မတွေ့ရတာကြာလို့ထင်တယ်၊ ခုန ကိုဆွေ့ဆီ မီပြေးလာ မလို့ဘဲ၊ ဒါပေမယ့်….”

 

ကျွန်တော်က စောင့်နေရာ….

 

“ဒါပေမယ့်….. မီ…. ဟန်…. ဆောင်တယ် ထင်ဦး မလားလို့”

 

ဟု ဝမ်းနည်းစွာဖြေ၏။

 

ကျွန်တော့်မှာ သနားစိတ်နှင့်ပဲ အရည်ပျော်ရမလိုဖြစ်ကာ…

 

“မီရယ်…. မီရယ်”

 

ဟုသာ ရေရွတ်နေမိသည်။

 

မီသည် ကျွန်တော်တလွဲထင်မှာကို ကြောက်နေကာ စကားလည်း သိပ်မပြောမိသည့် အမူအရာကိုလည်း တစ်ဝက် တစ်ပျက်နှင့် ထိန်းချုပ်ကာ စိမ်းတိမ်းတိမ်း ဖြစ်နေ၏။

 

“မီ ကိုဆွေပြန်လာတာ အံ့ဩနေလား”

 

“မအံ့ဩပါဘူး”

 

“ကိုဆွေ မီ့ဆီ တစ်နေ့ပြန်လာမှာပဲ ဆိုတာ သိတယ် မဟုတ်လား မီ”

 

“မီသိပါတယ် .…..မီစောင့်နေတာပဲ”

 

သည်နေရာမှာ စကားရပ်သွားပြန်၏။

 

“မီ ဘာဖြစ်လို့ ငြိမ်နေတာလဲ”

 

“ဘာပြောရမှာလဲ”

 

“မီနဲ့ ကိုဆွေလက်ထပ်ပြီး လျှောက်လည်မယ့်အကြောင်းတွေပေါ့ မီရဲ့”

 

ကျွန်တော်လည်း စိတ်မကောင်းသလိုလိုဖြစ်ကာ နောက်ထပ်စကားပြောရအောင် မကြိုးစားတော့ချေ။

 

သို့သော် မီသည် တဖြည်းဖြည်းနှင့် မျက်နှာအသွေးအရောင်ကလေးရလာကာ စပြီးပြော၏။

 

“မီ့ကို မေ့ပစ်စရာကောင်းတာတွေ မှန်သမျှ မေ့ပစ်လိုက်ရအောင် ဟင်… နော် ကိုဆွေ ဘာမှ စိတ်မကောင်းမဖြစ် နဲ့တော့”

 

ကျွန်တော်က နှစ်သိမ့်ချိုအေးစွာ….

 

“ဒါဟာ ကိုဆွေက တောင်းပန်ရမယ့် စကားပါမီရယ်”

 

🌸🌸🌸

 

မီနှင့် ကျွန်တော် လက်ထပ်လိုက်ကာ မြစ်ဝကျွန်းပေါ် လယ်ခင်းများသို့ အလည်သွားကြပါသည်။

 

ကျွန်တော်တို့သည် လူကို အရှောင်ကြီး ရှောင်လျက်ရှိ၏။ တောသူ တောင်သားများကိုပင် ရှောင်၏။

 

လောက၏ တကယ့်အဖြစ်ကို လှစ်မကြည့်ဝံ့ဘဲ၊ သစ်ပင် ပန်းမာန် ကောင်းကင်၊ တိမ်၊ ဥဩ၊ ချိုး စသည့် အပေါ်ယံ ဟန်ပြလောကကြီး၏ အလှကိုသာ စိတ်ဝင်စား၏။

 

သို့သော်တွေ့ခဲ့ရသော အဖြစ်အပျက်များသည် အနာရွတ် လိုပင် တစ်ခါတစ်ရံ အခွင့်အရေးကြုံလျှင် ယားယံပြီး ပြန်ထ,သေး သည်။

 

လမိုက်သော်လည်း ကြယ်များ စုံလှ၍ လင်း၏။

 

ကြယ်များသည် ကောင်းကင်မှ ပြစ်ခဲနေတာ သက်ရှိ သတ္တဝါများလို လှုပ်ရွနေသည်။

 

ကြယ်တိုင်းသည် အလွန်ဖြတ်လတ်လျင်မြန်စွာ မျက်တောင် ခတ်နေကြ၏။

 

ထို့ကြောင့် ကောင်းကင်ကြီးသည် တုန်လှုပ်နေသလို ထင်ရလေသည်။

 

မီသည် တစ်ကိုယ်လုံး တုန်လာရာ ပထမ ချမ်း၍ ထင်မိသည်။

 

နောက်တော့ နေမကောင်းချင်လို့လားဟု ပူကာ ဗိုလ်တဲပေါ်သို့ တက်ရအောင် ခေါ်သည်။

 

မီက ရပ်မြဲရပ်နေ၏။

 

“မီ့ကို ကြည့်ပါဦး ကိုဆွေ”

 

“ကြယ်တွေ စုံလိုက်တာ သိပ်လှတာပဲ”

 

“မလှဘူး၊ ကြောက်စရာကြီး ကောင်းကင်ကြီးက အနက်ကြီးနက်လို့ မျက်နှာနဲ့ တူလိုက်တာ၊ ကြယ်တွေကတော့ မျက်လုံးတွေ မီ့ကိုကြည့်နေတာ…. ပြီးတော့ မျက်စေ့မှိတ်ပြတယ်။ ဒီမျက်နှာကြီးက မျက်လုံးတွေ သိပ်များလွန်းလို့ မီကြောက်တယ်”

 

ကျွန်တော်သည် ရယ်ရမလိုနှင့် မီ့ကို နားမလည်နိုင်ဘဲကြည့်ရာ တကယ်ပြောပြီး တကယ်ပင် ကြောက်နေမှန်းသိရ၏။

 

“ရူးတာလားတော့ မသိဘူး၊ မီကြောက်တယ်…. လသာရင်လည်း ကြောက်တာပဲ၊ မီ လသာရင် မအိပ်နိုင်ဘူး။ လကိုပဲ သေသေချာချာကြည့်တယ်။ ကြည့်လေ ကြည့်လေ ကြောက်စရာကြီး၊ လ, ဟာ ပြိတ္တာကြီးနဲ့ တူတယ်၊ ခြေလည်းမရှိ၊ လက်လည်းမရှိ၊ လုံးလုံးဝိုင်းဝိုင်းကြီး၊ ပြီးတော့…. သရဲလိုပဲ၊ ပုံအမျိုးမျိုးပြောင်းတယ်”

 

“မဟုတ်ကဟုတ်ကတွေ မီရယ်”

 

ဟု ကျွန်တော်က ရယ်ပစ်ကာ ဗိုလ်တဲပေါ်သို့ ဆွဲခေါ်လာ၏။

 

မီသည် အတော်ပင် ကြောက်ကာ နှုတ်ခမ်းများပင် ဖြူနေလေ၏။

 

ကျွန်တော့်မှာ သနားလည်းသနား၊ စိတ်လည်းမကောင်း ဖြစ်ရ၏။

 

မီနေမကောင်းဘူးထင်တယ်။ ကယောင်ချောက်ချား ဒါကြောင့်ဖြစ်တာ။

 

“နေကောင်းပါတယ်.. မီကြောက်တာ ခုမှမဟုတ်ဘူး၊ ငယ်ငယ်ကတည်းကပဲ၊ ဒီ့မှာ အကြောက်နဲ့ အရဲတွဲနေတယ်၊ အဆန့်ကျင်ဆုံးနှစ်ခု တွဲနေတယ်၊ ဒါကြောင့် ထင်ရာတွေ ဖြစ်ခဲ့တာလား မသိဘူး၊ မီကျောင်းမှာနေတုန်းက သူငယ်ချင်းတွေက ကြောက်တတ်လိုက်တာလို့ လှောင်ကြတယ်”

 

“တစ်နေ့တော့ မီတို့ကျောင်းရှေ့ ကားတိုက်ပါရော ကျောင်းကားက လူကိုဝင်တိုက်တာ ကောင်မလေးတွေ ခုန်ပေါက်ပြီး ငိုပြေးတာပဲ၊ လူက ရုပ်ပျက်ဆင်းပျက်သေတာကိုး လူကိုနင်းလိုက်လို့ အသံကလည်း ဖောင်းဆိုမြည်တာပဲ၊ မီကတော့ အဲဒီလူသေကြီးကို ရပ်ကြည့်နေလိုက်တာ၊ မီ ဖိနပ်တောင် သွေးတွေ စီးလာပြီး ပေကုန်တယ်၊ မီမကြောက်ဘူး၊ သနား လည်းမသနားဘူး၊ မီဟာ ဘာဖြစ်သလဲဆိုတာ သိချင်ပါတယ်”

 

မီ့မျက်နှာလေးက မသာယာလှပေ၊ ကျွန်တော်ကလည်း….

 

“ကဲပါကွယ် မီရယ် အလကားဟာတွေ ….တွေးမနေ စမ်းပါနဲ့ အပင်ပန်းခံလို့”

 

ဟုပြောပြီး တခြားစကားလှည့်ပြောရ၏။

 

“မီ အာဋာနာဋိယ သုတ်ရပြီလား၊ ဆိုစမ်းပါဦး”

 

မီသည် ဗုဒ္ဓဘာသာလိုလို၊ ခရစ်ယာန်လိုလိုနှင့် ဘာကို မှ မကြည်ညိုဘဲ၊ သူကိုယ်တိုင်သာ သူ၏ဘုရားဖြစ်ခဲ့ရာ ယခုမှာမူ ကျွန်တော့်အလိုလိုက်ကာ….ဘုရားတရား ရှိခိုးသည်။ သုတ်များ ပရိတ်များ ကျက်သည်။

 

သို့သော် မီသည် အများအားဖြင့် ဝတ္ထု၊ မဂ္ဂဇင်းများ၊ ကဗျာများကို ဖတ်ပြ၏။

 

ကဗျာဆိုလျှင် အနုပညာအတွေးလွန်သွားတာမျိုးကို ကြိုက်၏။

 

ဝတ္ထု၊ ဆောင်းပါးဆိုလျှင်တော့ စုံထောက်ခန်းများ…. ညှင်းဆဲသတ်ဖြတ်မှုများကို သဘောကျသည်။ ကျွန်တော်တို့နှစ်ယောက်သည် လယ်ကန်သင်းရိုးပေါ်မှာ ထိုင်ကာ ရောက်တတ်ရာရာပြောတတ်သေး၏။

 

“မီတို့ မိဘမဲ့ကျောင်းသူတွေကို ကျွေးမွေးထားရတဲ့ စရိတ်ကျေအောင်လေ၊ သိုးမွေးထိုးတာတို့၊ အင်္ကျီချုပ်တာတို့ အဲဒီအလုပ် ကျောင်းမှာပေးထားတယ်၊ မီက အချုပ်အလုပ်ဆို နည်းနည်းမှ ဝါသနာမပါဘူး၊ သိပ်စိတ်ညစ်တာပဲ”

 

“ကောင်းတယ်”

 

ဟု ကျွန်တော်က ပြောပြီး ရယ်လိုက်၏။

 

“တစ်နေ့ စစ္စတာတစ်ယောက်က ပြောတယ်၊ အတန်းထဲကအတော်ဆုံးလူကို စက်ချုပ်တဲ့အလုပ်က လွှတ်မယ်တဲ့၊ မီက အတန်းထဲမှာ အင်္ဂလိပ်စာတစ်ခုတည်း ပထမရတယ်၊ ဒိပြင် ဘာသာတွေတော့ တစ်တန်းလုံးက ပထမပေါ့၊ ဖတ်မှ မဖတ်ဘဲ၊ ပစ်ပစ်ထားလွန်းလို့၊ စာမေးပွဲနီးပြီဆိုရင် ကျက်စရာစာအုပ်မရှိ တော့ဘူး…. ပျောက်ကုန်တာကိုး”

 

“ဒါနဲ့ ကြိုးစားလိုက်တာ ထိပ်ဆုံးက ကျပါရောလား”

 

ကျွန်တော်က နောက်လိုက်သည်။

 

“ဒါနဲ့ မီလည်း စိမ်လိုက်ဆိုပြီး ၅ ရက်ဆက်ပြီး မအိပ်ဘဲ စာကြည့်တာ၊ ဘာသာတိုင်း ပထမထွက်တာပေါ့၊ ဒါပေမယ့် ဒုတိယပဲ ပေးတယ်၊ ခါတိုင်းရနေကျ ကောင်မလေးက ပိုက်ဆံရှိတဲ့သူသမီးမို့ ပထမပေးလိုက်တယ်၊ မီ စက်တော့ မချုပ်ရတော့ပါဘူး”

 

“မီ ဆယ်တန်းအောင်တော့ ဘယ်နှစ်နှစ်ရှိပြီလဲ”

 

ဟု မေးရာ…

 

“၁၅ နှစ်” ဟု ဖြေသည်။

 

”မီက သည်လိုထပ်ပြောရာက ငေးစိုက်သွားလေ၏။ ကျွန်တော်က စကားပြောင်းကာ…

 

“၁၅ နှစ် ကတည်းက မီ သံသရာ ကျင်လည်ခဲ့တာပေါ့”

 

“ကဲ မီရယ် ဘာဂျာကို အလကားကိုင်ထားမယ့်အစား တီးတာက ကောင်းသေးတယ်၊ ကိုဆွေဆိုမယ် မီက တီး၊ ကိုင်း ဘာသီချင်းလဲ”

 

ဟု ပြောရ၏။

 

မီသည် “ကွန်ဆက်တီနာ”ခေါ် လက်ဆွဲဘာဂျာကို ကောင်း ကောင်း တီးမှုတ်တတ်သည်။

 

မီက မတီးဘဲ…

 

“လက်တောင်ပျက်နေပါပြီ၊ နားထောင်လို့ မကောင်း ပါဘူး”

 

ဟုဖြေသည်။

 

“ကောင်းပါတယ်၊ ဘာဖြစ်လို့မကောင်းရမှာလဲ၊ မီက ဂီတဘက် တော်တော်သန်တယ်၊ သီချင်းဆိုလည်း သိပ်ကောင်းတာ၊ ပီယာနိုလည်း တတ်တယ်ဆို”

 

“နည်းနည်းပါးပါး”

 

“တီးပါ မီရဲ့ ကိုဆွေကောင်းကောင်းနားမထောင်ဖူးသေးဘူး၊ မီ တီးတတ်မှန်းတောင် အ,စက မသိဘူး၊ ဘာဖြစ်လို့ မပြောတာလဲ”

 

“မီ ဘာဂျာလည်းမတီးတော့ဘူး၊ သီချင်းလည်း မဆိုတော့ဘူးလို့ နေခဲ့တာ ၇ နှစ်ရှိသွားပြီ၊ ကျောင်းထွက်စ ကတည်းကပဲ”

 

မီက ကျွန်တော်မသိသော သူ့အကြောင်း သူတွေးနေဟန် ဖြင့် မျက်လုံးမှုန်မှိုင်းလာပြန်၏။

 

ကျွန်တော်လည်း စကားကိုဖြတ်ကာ…

 

“ကိုဆွေ အပါလေးလိုချင်တယ်”

 

ဟု အလွယ်ဆုံးတွေ့သော စကားကို ကောက်ကာ မှီကို စလိုက်၏။

 

မီကမူ မျက်ရည်တွေ လည်လာ၏။

 

“ကိုဆွေ မီ့အကြောင်းမသိဘူး…. မီ ကိုဆွေ့ကို အပါလေးလည်းမပေးနိုင်ဘူး၊ အမာလေးလည်း မပေးနိုင်ဘူး၊ ဒါဟာ မီ့အပြစ် မဟုတ်ပါဘူး၊ ဘယ်သူ့အပြစ်လဲဆိုတာ အို…..မီဘယ်လို ပြော….”

 

“တော်တော့မီ”

 

ဟု ကျွန်တော်က မီ့နှုတ်ခမ်းကို ပိတ်လိုက်၏။

 

“ဟိုမှာကြည့်စမ်းမီ ဘယ်လောက်လှသလဲ၊ လောကကြီးမှာ သာသာယာယာတွေ၊ ပျော်စရာတွေရှိသေးတယ်၊ စိတ်ညစ်တယ် ပျော်တယ်ဆိုတာ ကိုယ်ကဖြစ်တာပါ။ မီ ကြည့်လိုက်စမ်း မြင်လား။ ကမ္ဘာသစ်ကြီး မီနဲ့ကိုဆွေနှစ်ယောက်ထဲ အဲဒီကမ္ဘာမှာ မွေးထားတယ်။ အဲဒီမှာ “အရင်က” ဆိုတဲ့ စကားလုံးမရှိဘူး”

 

မီသည် မျက်ရည်မကျဘဲ ငိုကာ

 

“ကိုဆွေ မီ့ဘက်မှာနော်”

 

ဟုမေး၏။

 

“ကိုဆွေ မီ့ဘက်မှာ”

 

ဤသို့လျှင် စကားများကို ဘယ်လိုပြောင်းပြောင်း နောက်ဆုံး စိတ်မချမ်းမသာ ဖြစ်ရသည်နှင့်သာ ကြုံရသည်။

 

ကျွန်တော်သည် အတိတ်ကို လွယ်ကူစွာမမေ့တတ်နိုင်ပေ။ မိုးဦးကလေးကျသော် ကျွန်တော်တို့ ဟန်းနီမွန်းမှ ပြန်လာ၏။

 

“မီတို့ဟာ အခုပျော်နေတယ်မဟုတ်လား။ ဒီအချိန်ဟာ မီ့ဘဝမှာ အထွတ်အထိပ်ပဲ၊ အထွတ်အထိပ်မှာ ဘယ်သူမှ အကြာကြီး မနေနိုင်ဘူး။ အထွတ်အထိပ်ဆိုတာ ရောက်တာသာ လိုရင်း စွဲပဲ မဟုတ်လား။ ခုရောက်တုန်းမှာ အေးအေးနေရအောင်၊ ကိုဆွေ မီ့မှာ အချိန်များများမရှိတော့ဘူး”

 

ဟု ပြောတတ်ပေ၏။

 

မီသည် အသက်အစိတ် မပြည့်ခင် သေရမည်ဟု တထစ်ချ အယူသည်း၏။

 

ကျွန်တော်တို့သည် အလကားပင် အား၍နေသဖြင့် မိုးရွာသည်ကိုပင် အဆန်းလုပ်ပြီး ကြည့်ကြ၏။

 

မိုးဖွဲကလေးများ ကျစဆိုလျှင် ကြည့်၍ကောင်းသည်။ လှပသည်၊ မီသည် မိုးတွင်းကို အဓိပ္ပါယ်မရှိပင် ချစ်၏။ မိုးရွာလျှင် မီ စိတ်တစ်မျိုးဖြစ်၏။

 

သို့ပေမယ့် တိတိကျကျမရှိ လွမ်းတယ်လည်းမခေါ်နိုင်၊ ပျော်တယ်လည်း မခေါ်နိုင်။

 

မီသည် မိုးပေါက်ကလေးများကို ပြတင်းဝက ငေးကြည့်ရင်း တွေးချင်ရာ တွေးရာက…

 

“နောင်တဆိုတာဟာ လူမိုက်များရဲ့ နောက်ဆုံးခိုလှုံရာပဲ”

 

ဟု စကားအဆက်အစပ်မရှိ ပြော၏။

 

ကျွန်တော်က ဘာပြောရမှန်းမသိသဖြင့် ဘာမှ မပြောဘဲ နေလိုက်၏။

 

မီလည်း မိုးရွာသည်ကို ငေးနေပြန်၏။

 

မိုးပေါက်များသည် ကြီးကြီးလာကာ ကြမ်းတမ်း သည်းထန်လာ၏။

 

လေသံများလည်း ညံလာ၏။ သစ်ပင်ကိုင်းခက်များ၏ ညည်းသံများကို ကြားလာရ၏။

 

ကျွန်တော်သည် ပြတင်းပေါက်ကို ပိတ်ကာ မီ့ကို အိမ်တွင်းသို့ ခေါ်လည်းမရသေး။

 

မီသည် ပြတင်းမှန်သားကိုထိုးဖေါက်၍ ပိန်းနေသော မိုးရေများကိုကြည့်နေ၏။

 

“သိပ်သည်းတာပဲနော်၊ ကိုဆွေ လမ်းလျှောက်ရရင် ကောင်းမယ်”

 

“ရွှဲကုန်မှာပေါ့မီရဲ့၊ ပြီးတော့ မိုးတွင်းဟာ ဖျားချင်စရာ၊ ကောင်းတဲ့ ရာသီမဟုတ်ပါဘူး”

 

“မီလေ အရင်တုန်းကဆိုရင် မိုးသည်းသည်းမှာ ထွက်ပြီး လမ်းလျှောက်တာပဲ၊ မိုးပေါက်တွေ ကျတာဟာ သိပ်စပ်တယ်။ နည်းနည်းကြာသွားပြီဆိုရင် အေးလာစိမ့်လာရော၊ နောက်တော့ ကိုယ်ပူလာရော၊ သိပ်အရသာရှိတာပဲ ကိုဆွေရယ်။ စမ်းကြည့် ပါလား၊ ကိုယ်ထဲက ပူပူရှိန်ရှိန်နဲ့ ပြီးတော့ အိပ်ရာထဲဝင်၊ စောင်ခြုံ ပြီး ဖျားပစ်၊ ချောင်းဆိုးပစ်ရော”

 

မီက သူ့စကား ကလေးဆန်ပုံ၊ မိုက်မဲပုံကို သတိ မထားဘဲ၊ စိတ်ထဲရှိရာသာ လျှောက်ပြော၏။

 

မီသည် စိတ်ထဲမရှိဘဲ ပါးစပ်ကသာ ပြောလျှင် စကားကို လည်ပတ်စွာ ပြောနိုင်၏။

 

ကျွန်တော်နှင့်မူ စိတ်ရင်းက ကြောင်လည်လည်အယူများဖြင့် ဘာမှ နားမလည်သည့် ကလေးတစ်ယောက်လို ပြော၏။

 

“လောကကြီးမှာ လူဖြစ်လာရတာမီရယ် လိမ္မာဖို့သက် သက်လည်း ဘယ်ဟုတ်မလဲ၊ မိုက်ဖို့လည်းပါသေးတာပဲ၊ လူဟာ အစုံပဲ တွေ့ခဲ့ရ ဖြစ်ခဲ့ရမှာပဲ၊ လူတိုင်းဟာ အပြစ်နဲ့ချည်းပဲပေါ့၊ ကိုဆွေဖြင့် ဘယ်သူဘာဖြစ်ဖြစ် သူ့စိတ်ကပါလို့ပဲဆိုဆို၊ ခွင့်လွှတ်ဖို့ပဲ ပထမစဉ်းစားတယ်။ ကိုဆွေလေ အဲဒီလောက် သဘောထားတွေ ဘာတွေ ကြီးနေပြီ…. မီရဲ့”

 

ကျွန်တော်က တစ်ခါတစ်ခါ ဤသို့ပြောလျှင် မီက သက်သာသွားသလို သက်ပြင်းကလေး ရှိုက်၏။

 

“လောကကြီးဟာ ရူးနေတာပဲနော်”

 

“ဒါပေါ့… မီ၊ ဒီတော့ လူတစ်ယောက်ဟာ ဘာပဲလုပ်ခဲ့၊ လုပ်ခဲ့ တစ်နေ့မှာ ပြန်တောင်မတွေးတော့ဘူးဆိုရင် ပြီးတာပဲ၊ မီအရင်က ဟာတွေကို မေ့လိုက်ပါတော့၊ ကိုဆွေဖြင့် တကယ့်ကို သတိတောင် မရတော့ဘူး”

 

မီကခေါင်းညိတ်၏။

 

မီသည် အတိတ်ကို မေ့ပစ်လိုက်ပါမည်ဟု ပြောပြီး သည်ကစ၍ သူ့ဘဝမှာ အသာအယာတွေချည်းပဲရှိခဲ့ဘူးသလို ပျော်စရာ၊ ရယ်စရာတွေချည်းသာ ပြော၏။

 

သူ့စိတ်တွင်းကိုတော့ ဝင်မကြည့်နိုင်ပါ။

 

မီသည် သူ့ကိုယ်သူလိမ်နေတာ ဖြစ်ချင်လည်း ဖြစ်မည်။ ကျွန်တော့်ကို လိမ်နေတာလည်း ဖြစ်မည်။ သို့ပေမယ့် မီ မေ့မေ့ပျောက်ပျောက် ဖြစ်လာတာတော့ မှန်၏။

 

မီသည် သူ့စိတ်အတွင်းမှာ ကျွန်တော်တစ်ဦးတည်းကိုသာ ထားတော့သည်။

 

ကျွန်တော်ကမူ…

 

“လေးကို သတိရတယ် မီ”

 

ဟု ယောင်၍ ပြောမိရသေး၏။ မီက မျက်နှာထားကြီးဖြင့်…

 

“ဘာလေးလဲ ဘာပြောတာလဲ”

 

ဟု မျက်မှောင်တွန့်ပြီး မေးတတ်၏။

 

သည်လိုနှင့် နေသားကျလာလျှင် ကျွန်တော်တို့သည် လူထဲတိုးစပြုလာ၏။

 

ခက်သည်မှာ လူတွေဖြစ်ပေ၏။

 

လူတွေသည် တဆိတ်တော့ လွန်လွန်းပြီနှင့်တူသည်။ ကာယကံရှင်ကိုယ်တိုင် မေ့လိုက်နိုင်သည့် အရာတစ်ခုကို ဘာကြောင့် သူတို့မပြီးနိုင်အောင် ပြောနိုင်၊ သတိရနိုင်ပါသေး သလဲ။

 

ပြီးတော့ ကျွန်တော်တို့ မကြိုက်မှန်း သိလေလေ၊ သူတို့ အရသာရှိရှိနှင့် အဆင်းတွန်း လေလေပင်။

 

နောက်ဆုံးမှာ သည်လူ့လောကကြီးတွင် ဖြစ်ခဲ့တာ တစ်ခုခုကို ဘယ်လောက် မေ့ပစ်နိုင်တယ်ဆိုဆို ပျောက်တော့ ပျောက်မသွားနိုင် ဟူသော ပညာရပ်ရလာပေသည်။

 

ကမ္ဘာကြီးမှာ လူတွေ များလွန်းသည်။

 

ဒါထက် သိဟောင်းကျွမ်းဟောင်းတွေ များလွန်းသည်။

 

ကျွန်တော်တို့သည် ရုပ်ရှင်ရုံတစ်ရုံအောက်မှာ လူတစ်ယောက်နှင့် တွေ့ရ၏။

 

“ဟဲလို- မီ”

 

ဟု ကလက်သည့် မိန်းမမျက်နှာပေးနှင့် နှုတ်ဆက်ကာ ကျွန်တော့်ကို ပြောင်ပျက်ပျက်စွေစောင်းပြီး ကြည့်၏။

 

အဓိပ္ပါယ်ပါသည့် အကြည့်…

 

မီက သူ့ကို လုပြေးတော့မှာကို ကြောက်သလို ကျွန်တော့်နားကပ်ကာ ငေးမောရှက်ရွံ့ပြီး နေသည်။

 

“ပျောက်နေတာ အတော်ကြာပါပကော၊ ဘယ်သွားနေသလဲ၊ ကိုင်း လာပါ တွေ့တုန်းစကားလေး ပြောရအောင် သွားနေကျ ဘားသွားရ မကောင်းဘူးလား”

 

မီသည် သံသေးသံကြောင်နှင့် အော်ဟစ်ခုန်ပေါက်တော့မလို ရူးလုလုမျက်နှာထားဖြင့် ယိမ်းယိုင်လာသည်။

 

ကျွန်တော်က မီကို ပွေ့ထိန်းရင်း စေ့စေ့ပါအောင်သာ ကြည့်၏။

 

ထိုလူက ဒါနှင့်တောင် နုံအ နေသေးကာ…

 

“မီ သဘောထားကြီးပါတယ်၊ ကျုပ်တို့နှစ်ယောက် ရန်သူ မဟုတ်နိုင်ပါဘူးနော်”

 

ဟု ပြုံးစေ့စေ့နှင့် မိတ်ဖြစ်၊ဆွေဖြစ်ပြော။

 

“ဒီမှာ လူတွေသာမရှိရင် ခင်ဗျားနားရင်းကို ဘယ်လောက်နာနာ ကျုပ်ရိုက်နိုင်တယ်ဆိုတာ ခင်ဗျားသိမယ်’’

 

ကျွန်တော်က ထိုလူ့စကားကို သည်လိုပြန်၍ နှုတ်ဆက် လိုက်ရာ မီက ကြားဝင်ပြီး…

 

“ဒါ မီ့ယောက်ျား”

 

ဟုသာ ပြောနိုင်၏။

 

မီသည် ငိုချလိုက်၏။

 

လူတွေ ဝိုင်းလာ၏။ ထိုလူလည်း ပျောက်သွား၏။

 

ကျွန်တော်သည် မီ့ကို ဖေးကိုင်ကာ အမေး၊ အဖြေ အဆူအညံလုပ်နေသည့် ကြားထဲက ထွက်ကာ အိမ်ပြန်လာ၏။ ထိုနေ့တွင် မီသည် မလှုပ်မယှက် တစ်နေရာတည်းမှာ ထိုင်ကာနေ၏။

 

ကျွန်တော်ကမူ ထိုလူကို တစ်နှစ်လောက် မေ့မျောသွားအောင် လည်ပင်းမညှစ်ခဲ့ရသည်ကို နောင်တရနေ၏။ သည်အထဲ အကြင်နာပိုသူများက လာကြသေး၏။

 

“အော်- မောင်သော်ဆွေတို့ မီတို့ လာပြီကိုး၊ တွေ့ရ တာဝမ်းသာပါတယ်ကွယ်၊ ဒေါ်ဒေါ်ဖြင့် အဟုတ်ပါပဲ၊ မီတစ်ယောက် အခုလို လင်နဲ့သားနဲ့ တည်တည်တံ့တံ့ မိန်းမမြတ် ကလေး ဖြစ်နေတာတွေ့ရစေလို့ ဆုချည်းတောင်းခဲ့တယ်၊ မင့်ဦးကဖြင့် “မောင်သော်ဆွေဟာ အင်မတန်တော်တယ်’ ပြောနေတာပဲ”

 

တကယ့်စေတနာပဲဆိုရင်တော့ ကျေးဇူးတင်ပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် မသိလိုက် မသိသာ တိတ်တိတ် နေကြရင်မကောင်းပေဘူးလား။ ဘာ့ကြောင့် သူများလင်မယား အေးအေးနေတာကို အစ,ဖော်ဆွရတာလဲ။

 

ကျွန်တော်သည် ဘာလုပ်ရကောင်းမလဲတွေး၏။ လူတစ်ယောက်ကို ကျွန်တော် ပြိုင်နိုင်၏။ လူအများကို မပြိုင်နိုင်ချေ။ နိုင်နိုင် မနိုင်နိုင် ပြိုင်မည်ထားပါဦး၊ မီ့ကိုငဲ့စရာ ရှိသေးသည်။ ထို့ကြောင့် အရှုံးပေးပြီး တောပြန်ရကောင်း မလား စဉ်းစား၏။

 

🌸

 

တောသည် အေး၏။ မိုးကလည်းအေးလှပါသည်။ မီ့ ရောဂါနှင့် အအေးနှင့် နည်းနည်းမှမတည့်၊ ယခုတလော မိုးအေးရသည့်အထဲ မီသည် စိတ်မကောင်းစရာတွေ တွေ့ရ၍ အိပ်ရာထဲမှာသာ ခွေခွေနေ၏။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သည့် လူတွေထံမှ မုန်းနေရန်သာ စိတ်ကူး၍ ရလေသည်။

 

မီ့ကိုသာစောင့်၍ကြည့်မိရာ ညတိုင်ကျလျှင် မီ ကောင်းကောင်းမအိပ်သည်ကို တွေ့ရ၏။ တစ်ညမှာ မီသည် စာဖတ်၏။ သန်းခေါင်ကျော်ခဲ့ပြီ။ ကျွန်တော်က ထိတ်လန့်သွားကာ “မီ” ဟု ခေါ်လိုက်သည်ကို “မီ အိပ်မပျော်ဘူး” ဟု ပြောပြ၏။

 

“မီ ဘာတွေ တွေးနေပြန်ပြီလဲ”

 

“ဒါကြောင့် မဟုတ်ပါဘူး။ ညအိပ်မပျော်တာ မီ့အကျင့်ပဲ၊ မီ တစ်ခါတစ်ခါ တစ်ညလုံး ထိုင်နေတာပဲ၊ ရောဂါ ပြန်ထချင်ပြန်ပြီနဲ့တူတယ်။ မျက်လုံးဟာ ကြောင်ကြောင်နေတယ်”

 

“အတင်းကြိတ်ပြီး အိပ်လည်း မပျော်ဘူး၊ စိတ်သာ ညစ်ရတော့တယ်။ ဒီတော့ အိပ်ရာထဲလူးလှိမ့်နေမယ့်အစား ထ, စာဖတ်တာက ကောင်းသေးတယ်”

 

မီသည် အစားအသောက်ကလည်း နည်းလှ၏။ ထမင်း တစ်နေ့ နှစ်နပ်မှန်မှန်စားသည့်နေ့ အင်မတန်ရှားသည်။ ကျွန်တော့်ကို အားနာပြီး ကြိတ်မှိတ်စားသော်လည်း မဖြစ်ပေ၊ ကျွန်တော်သည် မီ့ဖို့ နွားနို့များ၊ အဖျော်များ လုပ်ပေးရသည်။

 

မောကလည်း အမြဲတမ်းမောနေ၏။ ဆွယ်တာကိုလည်း မချွတ်ရ၊ ချောင်းဆိုး၍ သွေးပါ၍လာ၏။

 

ထို့ကြောင့် ဆေးအမြဲထိုးရတော့သည်။

 

မီ့ရောဂါအတွက် ဆရာဝန်ပြောစကားများသည် အားရစဖွယ်မကောင်းလှချေ။

 

မီ့ကိုကြည့်ရသည်မှာ မသက်သာလှ၍ အရူးထ,ကာ….

 

“ကိုဆွေ” ဟု မီက ရယ်သည်။

 

“သေရမှာတော့ မကြောက်ပါဘူး။ ဒါပေမယ့်” ဟု မီသည် စကားစပြီး…

 

“အို…. တူတူပေါ့လေ၊ မသေချင်တာဟာ သေရမှာ ကြောက်လို့ပေါ့”

 

ဟု သူ့စကားကိုလျှော့ချလိုက်၏။

 

“သေရမှာ မကြောက်ဘူး၊ ဒါပေမယ့် ကိုဆွေနဲ့ ခုလို နေရတဲ့ ဘဝကို နှမြောတယ်မဟုတ်လား”

 

“နှမြောတယ်ဆိုရင်တော့ နှမြောစရာပေါ့။ ကိုဆွေနော် ခုမီဟာ ပျော်နေတုန်းအချိန်ကိုး၊ ဒါပေမယ့် ပျော်တုန်းပဲသေချင်ပါတယ်၊ ပျော်နေတုန်း သေရတာဟာ အနိုင်နဲ့ပိုင်းလိုက်တာ ပေါ့နော်”

 

“မီဟာ ငယ်ငယ်လေးပဲရှိသေးတယ်။ ဘာလို့ သေရမှာလဲ၊ ခုပျော်နေတယ်မဟုတ်လား။ နောင်လည်း ပျော်ရမယ်။ ကိုဆွေတို့ဟာ ခုအလင်းဘက် ရောက်လာပြီ၊ ပျော်စရာတွေ အများကြီး တွေ့ရဦးမှာပဲ”

 

“ဟုတ်ချင်ဟုတ်မှာပဲ၊ ဒါပေမယ့်တော်လောက်ပါပြီ၊ မီ ငယ်ပေမယ့် စုံအောင်တွေ့ခဲ့ပါပြီ၊ လူ့ဘဝမှာ တွေ့စရာ ကြုံစရာတွေ အစုံတွေ့ပြီးရင် သေရမှာဟာ ဝတ္တရားမဟုတ်လား”

 

မီသည် ခုလို သေမင်းကို သွေးအေးအေးနဲ့ တွေ့ဆုံရဲပုံ မရပေ။

 

မီသည် သူ့ကိုသူ တစ်မျိုးစီ လှည့်ပြီးပြောကာ အားပေး နေ၏။

 

ကျွန်တော်က သနားကြင်နာစွာ…

 

“မီ…. ခုလိုပဲ ခဏခဏဖြစ်တာပဲ မဟုတ်လား၊ ဒါပေမယ့် ပြန်နေကောင်းတာပဲ၊ ဟိုအရင်ဆေးမသောက်ဘဲနဲ့တောင် နေကောင်းသွားတာပဲ၊ ခုဆေးတွေထိုး၊ ဆရာဝန်နဲ့ကုနေတာ ဘာဖြစ်လို့ မပျောက်ရမှာလဲ”

 

“ဟုတ်ပါတယ်၊ မီ ခဏခဏဖြစ်တာပဲ၊ ဖြစ်တိုင်း သေမယ်ချည်း မီ ထင်နေတယ်။ ဒါပေမယ့် ပြန်နေကောင်းတာပဲ၊ ခုတော့….မီ တော်တော်ထင်နေတယ်။ သေဖြစ်ပါပြီလို့၊ အင်း…. မီလည်း တော်တော်ကြောင်လာပြီ၊ သေမယ်ချည်းပဲ .. အရမ်း ထင်နေတာပဲ”

 

“မဟုတ်တာကွယ်”

 

မီက အနည်းငယ်ရှက်ကိုးရှက်ကန်းနှင့် ပျော့နွဲ့စွာ ပြုံးလိုက်၏။ မီ- ကျွန်တော့်စကားကို ယုံလာပြီ၊ နေကောင်းမည့် အချိန်များကို မီမျှော်ကာနေသည်။

 

မီသည် အားနည်းနည်း လာသော်လည်း လန်းလန်း ဆန်းဆန်းပင် နေသည်။ စကားတော့ သိပ်မပြောနိုင်ချေ၊ မီသည် အလကားနေရင်း မောကာ ချွေးများပြန်နေ၏။ သို့သော် သွေး အပါ လျော့သွား၍ စိတ်ကျေနပ်စရာကောင်း၏။

 

သည်လိုနေရင်း ခဏမှာမှ မီသည် သတိလစ်၏။ မီ့ လက်သည်းများ ပြာမည်းလာပြီး နှုတ်ခမ်းသည် အထက်သို့ လန်တက်နေပြီ။

 

အသားရောင်ကလည်း ကြည်လောင်လောင် နိုင်လာ၏။ ပခုံးတစ်ဖက်သည် စောင်းရွဲ့ကာ မကြာခဏပင် ပင့်လိုက် ပင့်လိုက်ဖြစ်နေ၏။ သေမင်း၏ လက်ရာ…

 

မီသည် ထိတ်လန့်စရာတွေကို တွေ့ခဲ့တာများပါပြီ။

 

သက်သက်သာသာမျှ သေရပါ့မလား ဟု ကျွန်တော်ပူပန်ကာ ဘဝ ကူးကောင်းအောင်သာ မီ့နားရွက်ကို နှုတ်ခမ်းနှင့်ထိကာ ဘုရား ဂုဏ်တော်ကို ညင်သာတိုးတိတ်စွာ ရွတ်ပေး၏။

 

မီက သေငယ်ဇောမှာ တစ်ယောက်တည်း ရုန်းကန်ငြင်းဆန်၏။

 

“ဟင့်အင်း…. ဟင့်အင်း’’

 

နောက်တစ်ခါ…

 

“မီးကလည်း လင်းလိုက်တာ”

 

နောက်တစ်ခါ…

 

“လိမ်ပြောရင်တော့ယုံပြီ”

 

ထို့နောက် အခါပေါင်းများစွာကိုမူကား နားမလည် တော့ချေ။ မီသည် တဖြည်းဖြည်း ပျော့လာ၊ အနည်းငယ်မျက်နှာ ချိလာ၏။ မျက်လုံးပွင့်လာကာ ဟိုဟိုသည်သည် ကြည့်၏။ ကျွန်တော့်ကိုမှ မြင်မိသေးရဲ့လား၊ သို့ပေမယ့် သတိကောင်းကောင်း ရနေသည်။ မီက အပြုံးမဟုတ်သော အပြုံးကို ပြုံးကာ “ဘုရားစာတွေတောင် ရွတ်ပေးနေပြီလား” ဟုမေးရာက ကြောက်ရွံ့တုန်လှုပ်သွား၏။

 

မီသည် တစ်ဖက်သို့လှည့်ကာ ဖြတ်ခနဲ ငြိမ်ကျ သွား၏။ စိတ်လျှော့လိုက်တာလား၊ အသက်လွှတ်လိုက်တာလား။

 

ကျွန်တော်သည် အလန့်တကြား စမ်းကြည့်လိုက်ရာ ဝိညာဉ်လွင့် စပြုနေသည်ကို သိရလေသည်။

 

“ဘလှဝင်း”

 

ကျွန်တော် တစ်ခါမျှ မကြားဘူးသော ထိုနာမည်သည် မီ၏ အနည်းငယ်ရှုံ့မဲ့နေသော နှုတ်ခမ်းမှ အသက်နှင့်အတူ ပွင့်ပြီးထွက်လာ၏။

 

မီ့ဆီမှာ ကျွန်တော်မသိတာတွေ အများကြီးရှိပါသည်။

 

မီ မရှိတော့ အလောင်းသာ ကျန်ခဲ့ပြီ၊ ကျွန်တော်သည် မီ မဟုတ်တော့သော မီ့ခန္ဓာကိုယ်နားက ထ,လာကာ ပြတင်းပေါက်မှာ ရပ်သည်၊ မီ ဒီကထွက်သွားသလားမသိ၊ မီ ဝေးဝေးတော့ မရောက်သေးဘူးထင်သည်။ အိမ်ပြင်သို့ ပြတင်းပေါက်မှ ကိုယ်တစ်ဝက်ထုတ်ကာ ဇနီးသည် မီကိုလှမ်း၍ နှုတ်ဆက်လိုက်မိ၏။

 

“သွားပေအုံးတော့ မီလေးရယ်၊ သွားပေဦးတော့၊ နောင်ဘဝမှာ မီထပ်မဖြစ်ရအောင်သာ မောင်ဆုတောင်းလိုက်ပါရဲ့”

 

🌸🌸🌸🌸🌸

 

ကြည်အေး

 

မေတ္တာဖြင့်

ရှေးရှေးတုန်းက ဝတ္ထုကောင်းလေးတွေ စာပေပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်။