မေတ္တာကျွန်

Posted on

မေတ္တာကျွန်(စ/ဆုံး)

——————-
`သက်ရေ’

သည်အသံကြားလိုက်ပြီဆို
လျှင်ကျွန်မ
ရင်တွင်းကလီစာများပြောင်းပြန်လန်
သွားသလိုခံစားနေမိသည်။လွန်ခဲ့သော
နှစ်များ၊တိတိကျကျဆိုရလျင် လွန်ခဲ့
သောနှစ်သုံးဆယ်ကျော်ကမူ၊
`သက်ရေ ဟူသည့်အသံသည် နားဝင်
ပီယံ ဂီတသံ ဖြစ်ခဲ့သည်။အသက်အရွယ်
အရ ခံစားချက်များပြောင်းလဲလာခဲ့လေ
သလား၊သောတအာရုံခံစားမှုများ ထုံ
ထိုင်းသွားလေသည်လား၊မည်သို့ပင်ဆို
စေ ကိုတိုးမောင် ၏ `သက်ရေ ဟူသော
ခေါ်သံသည် ကျွန်မနားတွင် ဗုံးတစ်လုံး
ကျသံကဲ့သို့ခံစားနေမိပါတေ့ာသည်။

**************

ကျွန်မနာမည် ခင်သက်ဆွေ ကို
အများတကာက `ဆွေဆွေ ဟုခေါ်ကြ
သည်။ချစ်သောကိုတိုးမောင်က မူ၊အများနှင့်မတူချင်ဟုဆိုကာ`သက် ဟုအမြတ်တနိုး
ခေါ်ခဲ့သည်။ချစ်သူစကား ပျားသကာသို့
ချိူခဲ့ကြသည့်အချိန်တွင် ကိုတိုးမောင် ၏
`သက်ရေ ဟူသောအသံ သည် ကျွန်မနားတွင်အချိူ
ပေါ်သကာလောင်းသကဲ့သို့နားသောတ
ချိူမြိန်ယုံမက၊ရင်တွင်းဟာဒယတွင်ပါ
တလှပ်လှပ်လွင့်စေသည်ထိပီတိဖြစ်ခဲ့သည်။

သည်လိုနှင့်နှစ်သားမွေးပြီးသည့်
အချိန်တွင်၊လူဦးရေအချိူးအစားနှင့်
ဝင်ငွေအချိူးအစားမမျှဖြစ်လာသည်။ရုံး
ဝန်ထမ်းလခစားနှစ်ယောက်၏ဝင်ငွေ
သည်စားလောက်သည်ဆိုရုံသာဖြစ်လာ
သည်။မိသားစုတစ်ဦးတစ်ယောက်ကျန်း
မာရေးပြသနာကြုံလာ၍ဆေးဘိုးဝါးခ
အနှုတ်ပြလိုက်ပါက၊တစ်လနှင့်တစ်လ
အလျင်မမီတေ့ာ။နှစ်ဘက်မိဘများက
လည်း ဗိန်မသာလိန်မသာ ၊ကိုယ်ကလွဲ
အားကိုးစရာမရှိသည်ဖြစ်ရာ၊တစ်ခါတစ်
ရံတွင် မျက်စိမှိတ် နားပိတ်နေလိုက်ရ
သည်မျိူးလည်းရှိသည်။သမီးလိမ္မာသားလိမ္မာ မဖြစ်ခဲ့။ကိုယ့်ဥ လေးများအတွက်
ကိုသာ ဂရုစိုက်နေခဲ့သည်။

`သက်ရေ … မောင်တို့ သည်လိုနေလို့
မဖြစ်တေ့ာဘူး….မောင့်သူငယ်ချင်း..
ကိုတင်ထွန်းကလေ..မောင့်ကိုအလုပ်
ထွက်ပြီး…သူ့ကုမ္မဏီမှာလာလုပ်ပါလား
လို့ခေါ်နေတာကြာပြီ…သူ့ဆီမှာလုပ်ရင်
လခ….တစ်သိန်းပေးမယ်တဲ့….သွား
လုပ်မှဖြစ်တေ့ာမယ်…

တစ်သိန်းဟူသောလစာသည် ထိုခေတ်
က မိသားတစ်စု ဝမ်းဝဝ အူစိုစို စား
နိုင်သည့်ငွေကြေးဖြစ်ရာ၊ကိုတင်ထွန်း၏
ကမ်းလှမ်းချက်ကို လက်သင့်ခံခဲ့သည်။
သားကြီး ငါးတန်း၊သားငယ် နှစ်တန်း
အရွယ်ဖြစ်သည်။ထို့ကြောင့်ပင်ကျွန်မ
တစ်ဦးတည်းဖြင့်အိမ်မှုကိစ္စ၊ရုံးအလုပ်၊
လူမှုရေးသာမှု နာမှုကိစ္စ၊ကလေးများ
ကျောင်းပို့ကျောင်းကြိုကိစ္စများနှင့်လုံး
ခြာလည်ခဲ့သည်။နှစ်ဘက်မိဘများ
ကလည်းနာမကျန်းဖြစ်ကြလျင်ကျွန်မ
ကိုပင် တ ကြသည်။အပြောသွက်သွက်
အလုပ်မြန်မြန်နှင့်လူရည်လည်သောသူ
ဟုကျွန်မကိုယ်ကျွန်မ အမွှန်းတင်ပါမည်။
ထို့ကြောင့်လည်း မည်သည့်ကိစ္စရှိရှိ
`ခင်သက်ဆွေ ခေါ်ပေးဟူ၍ နာမည်
ကောင်းလက်မှတ်ရထားသည်။ကျွန်မ
ကလည်းအမြှောက်ကြိုက်သည်။ခိုင်း
သမျှမညည်းမညူလုပ်ပေးပြီး ` ဆွေ
ဆွေကိုဘဲအားကိုးနေရတာ ဟူသော
စကားအောက်ဝယ် ပင်ပန်းသမျှအရည်
ပျော်ခဲ့ရသည်သာဖြစ်သည်။မမောမပန်း
လှုပ်ရှားလုပ်ကိုင်နေသောကျွန်မကို သူ
ငယ်ချင်းများက `လင်ရှိမုဆိုးမ ဟု
ကမ္ပည်းတပ်ကြသည်။ကျွန်မရုန်းကန်
နေရသောဘဝသည် မုဆိုးမ နှင့်မခြား
ဖြစ်နေသောကြောင့်ပင်။

***************

`အေး…..အေး…နေမကောင်းတာ
တောင်မနားဘဲ….လုပ်နေ….နင့်ကို
ဘယ်သူကမှ…ဘွဲ့ထူး ဂုဏ်ထူး မပေး
ဘူး…ရချင်းရရင်..မယားကြီး…ဆိုတဲ့
ရာထူးဘဲရမှာ…ကိုယ့်ကိုကိုယ်လည်း
သနားဦးမိဆွေဆွေရဲ့

သူငယ်ချင်း ဖြူဖြူ က၊ဂရုဏာဒေါသော
ဖြင့်ဆိုသည်။ကလေးများအတန်းကြီးလာသည့်အခါ မောင် ပို့သည့်ပိုက်ဆံနှင့်
ကျွန်မလခပေါင်းသည်၊အိမ်စားရိတ်ကာမိယုံသာဖြစ်လာသည်။ထို့ကြောင့်အပို
ဝင်ငွေရစေရန် မီးသွေးအိတ်များရောင်း
သည့်အလုပ်ကိုကျွန်မလုပ်သည်။မီးသွေး
မှာသောအိမ်များသို့သွားပို့သည့်အ ခါ
လမ်းတွင်ဖြူဖြူနှင့်တွေ့တတ်သည်။တွေ့တိုင်းလည်းဖြူဖြူကမန်မဲတတ်
သည်။ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်မို့
ဖြူဖြူဆိုသမျှ အပြုံးမြမြနှင့်သည်းခံရ
သည်။

`နင့်ကို….ငါအတန်တန်တားသားနဲ့..သည်ကောင်ကို..မယူပါနဲ့ဆိုတာ..
ဟင်း…ခုတေ့ာ….ငါ…မပြောလိုက်ချင်
ဘူး…မိဆွေ…မိဆွေ…နင့်ကြည့်ရတာ
ပင်ပန်းလိုက်တာဟာ

ကိုတိုးမောင်နှင့်ကျွန်မ စကြိုက်စဉ်
ဖြူဖြူ က၊သဘောမတူ။အသဲအသန်
တားခဲ့သည်။ကျွန်မကလည်းနောက်မ
ဆုတ်။လက်ကြောတင်းမည့်သူမဟုတ်
လက်မထပ်နှင့်ဟုဆိုခဲ့သည့်ဖြူဖြူ့
ကိုပင်ရန်လုပ်ခဲ့သည်။

`ငါ့မိဘ..ငါ့ဆွေမျိူးတွေကတောင်
မတားဘူး…နင်လာပြီး..ဆရာကြီးမ
လုပ်နဲ့…

`အေးပေ့ါဆွေရယ်..ခုချိန်တေ့ာ..မိုးမ
မြင်….လေမမြင်ဖြစ်နေတာလေ.ငါ့စကားနားခါးနေမှာပေါ့…ငါကတေ့ာ
လုံးဝဘဲ…လမ်းမှာတွေ့တောင်မခေါ်နဲ့

အချစ်ကြီးသည့်ဖြူဖြူက သူငယ်ချင်း
သံယောစဉ်ကိုပါဖြတ်တောက်ခဲ့သည်။
ကိုတိုးမောင်တစ်ယောက် ရန်ကုန်သို့အ
လုပ်သွားလုပ်သည့်အခါမှပင်၊ဖြူဖြူက
ပြန်ခေါ်ခဲ့သည်။ကျွန်မ ပင်ပင်ပန်းပန်း
လုပ်ကိုင်နေရသည်ကိုမြင်လျင်တဖျစ်ဖျစ်
တောက်တောက်ဖြင့်ပြောဆိုနေတတ်
သည်။ကျွန်မတို့ရုံးတွင်းရာထူးတိုးခေါ်
ချိန်တွင် ဝင်မဖြေဖြစ်ခဲ့ပါ။အပြောင်း
ရွှေ့ပြုလုပ်ရလျင်အဆင်မပြေဖြစ်မည်
စိုးသည့်အတွက်ကြောင့်ဖြစ်သည်။

မကြာမီပင်ဖြူဖြူတစ်ယောက်ရာထူး
တိုးကာပြောင်းရွှေ့သွားသည်။ရာထူးဟူသော
အရာကို၊အိမ်ထောင့်တာဝန်နှင့်လဲယူခဲ့
သည့်အတွက်မိုက်မဲသည်ဟုဖြူဖြူကဆို
ခဲ့သည်။အချစ်ရပ်ဝန်းတွင်နစ်မျောနေ
သည့်အတွက်ရာထူးဟူသည်ကိုမေ့ထား
ခဲ့သည်။မြို့ကလေးမှမပြောင်းရမှသာ
နေရေးထိုင်ရေးအဆင်ပြေမည့်အတွက်
ကြောင့်ပင်။ကိုယ့်မြို့ကိုယ့်ဒေသ၊ကိုယ့်
လူများနှင့် အမြင်မတော်သူများက ဝိုင်း
ဝန်းဆွဲကူတတ်ကြသည့်အတွက်မြို့က
လေးကိုသာခင်တွယ်နေမိသည်။ကလေး
နှစ်ယောက်ရှေ့တစ်ယောက်နောက်တစ်
ယောက်တင်ကာကျောင်းပို့ရင်း၊
ရှာဖွေစားသောက်ရင်းနှင့်မောပမ်း
ရန်ပင်သတိမရ။ကိုတိုးမောင်ကမူ တစ်နှစ်မှတစ်ခါသာပြန်လာဖြစ်သည်။ပြန်စားရိတ်ကိုထည့်တွက်ရင်းနှင့်ခဏ၊
ခဏမပြန်ဖြစ်ခဲ့၊လခလည်းထပ်တိုးပေးသဖြင့်အလုပ်ထွက်၍ပြန်လာရန်လည်း
မစဉ်းစားတေ့ာပေ။
သားများကိုရှင်ပြုရန်ရည်ရွယ်ချက်ဖြင့်
ငွေစုကြရင်း၊အစစအရာရာခြိုးခြံချွေ
တာခဲ့သည်။မှန်ရာဆိုရလျင်ကိုယ့်ပါးစပ်
ကိုပင်မသထာ၊သားများမျက်နှာမငယ်
ရစေရန်သာဦးစားပေးခဲ့သည်။သားများကိုရှင်ပြုပြီးသည့်နောက်တွင်လည်း၊
တက္ကသိုလ်ပို့ရန်ဟူသောစိတ်မှန်းဖြင့်
ကုန်းရုန်းရှာဖွေကာကိုယ့်ဘဝကိုယ့်
အိပ်မက်များအတွင်းပျော်မွေ့နေခဲ့သည်။

ဖြူဖြူတစ်ယောက် ကျွန်မတို့ရုံးသို့
အထက်အရာရှိအဖြစ်နှင့်ပြန်ရောက်
လာသည့်အချိန်တွင်အိပ်မက်ကလန့်နိုး
သည့်ပမာဖြစ်သွားသည်။တင့်တယ်လှပ
နေသောဖြူဖြူကိုမြင်မှ ကျွန်မကိုယ်
ကျွန်မ မှန်ပြန်ကြည့်ဖြစ်သည်။မှန်အတွင်းပေါ်နေသည့်ရုပ်ပုံသည်ကျွန်မ
မှ ဟုတ်ပါလေစ ဟုထင်မိသည်။
ဆံဖြူကျိူးကျဲ သနပ်ခါးဘဲကြားနှင့်
ဝဖိုင့်ဖိုင့်မိန်းမတစ်ယောက်ကိုသာမြင်
နေရသည်။ထိုအချိန်တွင်သားကြီးက
ဆယ်တန်းအောင်ပြီးဖြစ်သည်။သား
ကြီးကိုတက္ကသိုလ်ပို့နိုင်ရန်မနေမနား
ရှာဖွေနေဆဲဖြစ်သည်။ကျွန်မတစ်
ယောက်တည်းပင်ပန်းခံကာရှာဖွေနေ
ချိန်တွင်ကိုတိုးမောင်ကမူအေးအေးချမ်းချမ်းမပင်မပမ်းနေနေရသည်။
ရသည့်လခကိုချွေတာသုံးကာ မှန်မှန်ပို့
သည်။မဖောက်မပြန် ၊မသောက်မစား
ကောင်းကောင်းနေထိုင်နေသော
ကိုတိုးမောင်ကိုကျွန်မကကျေးဇူးတင်သည်။ဖြူဖြူကမူတစ်ကိုယ်ကောင်း
ဆန်လွန်းသည်ဟုဝေဖန်ပြစ်တင်သည်။

`နင်ကသာ…ကုန်းရုန်းရှာနေတာ….
ဟိုဆရာသမားက…ဒူးနန့်ပြီးအေးချမ်း
နေတာ..အလကားကောင်…သည်မှာ
ဘဲ…အတူတူရုန်းကန်ရှာပေါ့…ရတဲ့ပိုက်
ဆံချွေတာသုံးပြီး…အကုန်ပြန်ပို့တာနဲ့ဘဲ..သူ့ယောကျာ်းကို..သူရဲကောင်းလို
ကိုးကွယ်နေတာ…ဘော်ကြော့သမား..
အလကားလူ..နင် မကျေနပ်လည်းနေ၊
ငါကတေ့ာပြောမှာဘဲ…

ဖြူဖြူ ဆိုသမျှပြောသမျှ သည်းခံခွှင့်
လွှတ် ထားရသည်။အဘယ့်ကြောင့်ဆို
သော် ပါးစပ်ကြမ်းသကဲ့သို့၊အပေး
အကမ်းတွင်လည်း လက်ကြမ်း၍ဖြစ်
သည်။ကျွန်မ၏ဘဏ်တိုက်သည်ဖြူဖြူ
ဖြစ်သည်။ငွေပြတ်တိုင်းဖြူဖြူ့ဆီပြေး
ရသည်။ချေးသည့်အခါချေး၊ပေးသည့်
အခါပေးနှင့်ကူညီတတ်သည့်အတွက်ဖြူဖြူပြောသမျှပြုံးပြုံးလေးနှင့်နား
ထောင်တတ်အောင်လေ့ကျင့်ထားရသည်။မည်သို့ပင်ဆိုစေကျွန်မဘဝနှင့်
ကျွန်မကျေနပ်ပျော်ရွှင်ခဲ့သည်။ကျွန်မ
တို့မြို့လေးရှိတက္ကသိုလ်တွင်သားကြီး
ကိုတက်စေခဲ့သည်။

`ခုခေတ်မှာ..အလုပ်တွေ သည်လောက်
ပေါနေတာ..စာပေးစာယူတက်ခိုင်းပါ့
လားဟာ…တစ်ယောက်က..မကြာခင်
ဆယ်တန်းတက်တေ့ာမယ်…ကျူရှင်
စားရိတ်နဲ့..တက္ကသိုလ်ကျောင်းသားနဲ့
…ရှာရဖွေရတာ..မလွယ်တဲ့ခေတ်မှာ..
အလုပ်တစ်ခုခိုင်းပါလား..နင် အသက်
ရှူချောင်တာပေါ့

`ဟင့်အင်း..ငါ့သားတွေကို..တက္ကသိုလ်
ပို့ချင်တာ…ငါ့အိပ်မက်ဘဲ…သားတွေ
မျက်နှာမငယ်မရအောင်..ငါကျိူးစား
ရှာနေတာ

`အေး….ရှာ…ရှာ..နင့်ကိုယ်နင်လည်း
မှန်ထဲပြန်ကြည့်အုံး..စုတ်ပြတ်နေတာ
ဘဲ…အဝတ်ဆိုလည်း..သားတွေဦးစား
ပေး…စားစရာဆိုလည်း..သားတို့ဖို့နဲ့..
သားကိုသခင်…လင်ကိုဘုရားဆိုတာ..
နင်မှနင်အစစ်ဘဲ..အော့ကြောလန်ပါရဲ့..
အမေကတန်ဖိုးထားချစ်သလောက်..
သားတွေကဖြင့်..အမေကို..ဂရုမစိုက်
ဘူး…အဖေလို..ဘော်ကြော့ကောင်
တွေဘဲ..

ကျွန်မအပေါ်သံယောစဉ်ကြီးသော
ဖြူဖြူ က၊သားများအပေါ်တွင်လည်း
အားမလိုအားမရဖြစ်ကာ၊ဆူပူကြိမ်း
မောင်းလေ့ရှိသည်။ထို့ကြောင့်ပင် သား
များကို ဖြူဖြူအိမ်သို့လွှတ်မရပေ။
ကိုတိုးမောင်ကလည်းထို့အတူ။ဖြူဖြူ့
ကိုမနှစ်သက်။ကျွန်မတို့လင်မယားကို
ဖြူဖြူကသွေးခွဲသည်ဟုစွပ်စွဲသည်။
မည်သို့ပင်ဖြစ်စေ၊ကျွန်မကမူ ကြားနှစ်
ကြားအတွင်းစိတ်လက်ပေါ့ပါးစွာနေ
ထိုင်တတ်ခဲ့သည်။

************

အသက်ခြောက်ဆယ်ပြည့်၍ပင်စင်
ယူချိန်တွင်၊သားကြီးက ပညာလည်းစုံ၊
ကြင်ယာလည်းစုံနေပေပြီ။သားငယ်
ကလည်းပညာစုံပြီး၍ကုမ္မဏီတစ်ခုတွင်
အလုပ်ဝင်နေသည်။အစိုးရဝန်ထမ်းဘဝ
အသက်ခြောက်ဆယ်ပင်စင်ယူရသော်
လည်းကုမ္မဏီဝန်ထမ်းများကမူ၊ဆက်၍
လုပ်ခွင့်ရသေးသည်။သို့သော်လည်း
ကိုတိုးမောင်သည်ကျန်းမာရေးအရ၊အနားယူလိုက်ရသည်။နှစ်များစွာ
ဆေးလိပ်သောက်သည့်အတွက်ကြောင့်
အဆုပ်တွင်ဒဏ်ပိလာသည်။လူမမာ
အဖြစ်နှင့်အိမ်ပြန်လာခဲ့ရသည်။

`ဟင်း….ပြောရင်လည်း…မိဖြူအဆိုး
ဖြစ်ဦးမယ်…နားနားနေနေဒူးနန့်နေရ
တဲ့ကောင်က…ရောဂါသယ်လာတယ်..
သည်မှာ..ပင်ပင်ပန်းပန်းလုပ်နေရတဲ့..ငါ့
သူငယ်ချင်းက..ဘာမှ..မဖြစ်ရဘူး…
လောကကြီးမတရားလိုက်တာ..

ထုံးစံအတိုင်း ဖြူဖြူတစ်ယောက်
ဒေါသစိတ်ဖြင့်ရေရွတ်နေပြန်သည်။

`သြော်…သူ့ခမျာလည်း..အရက်မ
သောက်..ကွမ်းမစား..ဆေးလိပ်လေး
ဘဲ..မပျင်းပြေဖွာရတာဆိုတေ့ာ..ခွင့်
လွှတ်ပေးရတာပေါ့ဖြူရယ်..သူများ
တွေလို..သောက်စား ဖြုန်းတီးနေတတ်
တဲ့သူလည်းမဟုတ်တေ့ာလေ..

`အေးပါ…အေးပါ…သူ့ယောကျာ်းထိ
ရင်ကို..မခံဘူး…နေရာတကာ..ရှေ့က
နေလိုက်ကာပေးနေတဲ့…အချစ်ရှေ့နေ
မကြီး..မေတ္တာရှင်မကြီး.အစဉ်ထာဝရ..
ကြည်သာရွှင်ပျစွာ…ချစ်နိုင်ပါစေတော်

ခနဲ့သလို၊ရွှဲ့သလိုနှင့်ဆုတောင်းပေး
ခဲ့သည့်ဖြူဖြူ့ဆုတောင်းမပြည့်ခဲ့ပါ။ကျွန်မပင်စင်နှင့်သားငယ်ပေးသည့်
ငွေသည်ကျွန်မတို့စားအိုးကိုမဖြည့်နိုင်
ပါ။သားကြီးတို့လင်မယားသည်တစ်အိုး
တည်းစားသော်လည်း၊ပိုက်ဆံမပေး
သည်ကများသည်။မိဘဝတ္တရား မပြီးဆုံးသေး
သည့်အလား၊တင်ကျွေးနေရဆဲဖြစ်
သည်။မိသားစုစားအိုးကိုဖြည့်နိုင်ရန်အတွက်အိမ်ရှေ့တွင်မုန့်ဟင်းခါးဆိုင်လေး
ဖွင့်ဖြစ်သည်။လက်ကူမရှိသောကြောင့်
ပင်ပန်းလှသည်။သားကြီးနှင့်ချွေးမက
အလုပ်ကိုအကြောင်းပြကာ၊ကူညီမှု
မရှိ။သားငယ်အလုပ်ကခရီးခဏ၊ခဏ
ထွက်ရသည်။ကိုတိုးမောင်ကလည်း
ကျန်းမာရေးချူချာသည်။ကျွန်မတစ်
ယောက်တည်းလုပ်ကိုင်နေရသည်ကို
ကြည့်ပြီးတစ်ခါတစ်ရံသားငယ်ကလည်းစိတ်ဗွေဖောက်တတ်သည်။

`မေမေ…အဲလိုတင်ကျွေးမယ်ဆိုရင်..
သားလည်း..မိန်းမယူတေ့ာမယ်..ဇိမ်
ဘဲလေ…အိမ်အလုပ်လည်းမလုပ်ရဘူး
..အဆင်သင့်လေးလက်ဆေးစားယုံဘဲ
ဆိုရင်…ကောင်မလေးတွေ…လိုက်လာ
ကြမှာ..ဟားဟား..မိန်းမယူမယ်ဟေ့..

`အို….သားငယ်ရယ်…တိုးတိုးပြောပါ
ကွယ်..ကြားသွားရင်ပြသနာဖြစ်ဦး
မယ်…စကားဆိုတာ..သိတိုင်းမပြော
ရဘူးကွဲ့..

သားငယ်နှင့်သားကြီးကြား၊ပြသနာမ
ဖြစ်စေလို၍သားငယ်ကိုသာ ထိန်းရ
သည်။အမှန်ဆိုရလျင် ကျွန်မ အပြစ်
များလည်းပါပါသည်။မီးဖိုဆောင်ဝင်
ကြသည့်အခါ၊မီးသွေး ဆီ စသည်တို့
ဘုန်းပေါလအော သုံးကြသဖြင့်၊သူတို့
တတွေကို မီးဖိုဆောင်မဝင်ခိုင်းခဲ့။အ
ဝတ်လျှော်ပြန်လျင်လည်းရေ၊ဆပ်ပြာ
စည်းကမ်းမရှိသုံးကြသောကြောင့်မခိုင်း
ခဲ့။ဟိုလိုလုပ်ပါ၊သည်လိုလုပ်ပါသတ်မှတ်
ပေးသော်လည်းမလိုက်နာ။သူတို့ဖွခဲ့သမျှရှင်းနေရသည့်အတူ၊ပါးစပ်ညောင်း
သက်သာစေရန်၊ကိုယ်တိုင်သာလုပ်လိုက်
တေ့ာသည်။ထို့အတူ ကိုတိုးမောင် က
လည်းရေချိူးပြီးလျင်ပုဆိုးကို သည်တိုင်း
သာ ကွင်းလုံးပုံခဲ့သည်။ရေစင်အောင်
မညှစ်ဘဲလှန်းတတ်သည့်အတွက်၊သည်
တိုင်းသာထားခဲ့ရန်ပြောထားသော
ကြောင့်ပင်။လူကသာနေမကောင်းသော်လည်းဆေးလိပ်ကမဖြတ်။ဆေးလိပ်၊မီးခြစ်ရှာပေးရသည့်အလုပ်ပါတိုးလာခဲ့သည်။
အရာရာကိုစိတ်တိုင်းမကျတိုင်း
ကိုယ်တိုင်လိုက်လုပ်နေသည့်အတွက်
ကျွန်မ မိသားစုများသည်၊အလိုက်ကန်း
ဆိုးမသိသော၊တစ်ကိုယ်ကောင်းဆန်
သော သူများဖြစ်နေကြသည်။ငယ်ရွယ်
စဉ်ကျန်းမာရေးကောင်းကောင်းနှင့်
လုပ်နိုင်ကိုင်နိုင်ချိန်ကမူ၊သူတို့၏ဝေယျာ
ဝစ္စမှန်သမျှကို ချစ်ခင်ကြင်နာသော
မေတ္တာစိတ်ဖြင့်မပင်မပန်းလုပ်ပေးခဲ့
သည်။အရွယ်ထောက်လာသည့်အချိန်
တွင်တာဝန်ဝတ္တရားတို့သည် ပုခုံးပေါ်
ထမ်းထားရသည့်မနိုင်ဝန်များဖြစ်လာ
ခဲ့ပေပြီ။ကြည်သာရွှင်ပျစွာချစ်နိုင်ရန်
အားလုံးအပေါ်ခွှင့်လွှတ်စိတ်မွေးရပြန်
သည်။

ဖြူဖြူကမူ ပင်စင်ယူပြီးသည့်နောက်၊
တရားစခမ်းလှည့်လည်ဝင်ရင်းအေး
ချမ်းစွာနေထိုင်သည်။တရားစခမ်းလိုက်
ကြည့်ရန်ခေါ်သော်လည်း၊အိမ်အတွက်
မိသားစုအတွက်နောက်ဆံတင်းနေသည့်
ကျွန်မကို၊ဖြူဖြူကအားမလိုအားမရနှင့်ဆူခဲ့သည်။

`ဟင်း….အစိုးရမင်းများကတေ့ာ..
အသက်ကြီးပြီဆိုပြီး…ပင်စင်ပေးအနား
ခိုင်းလိုက်တာ…တို့ရဲ့မေတ္တာရှင်မကြီး
ကတေ့ာ..အသက်ခြောက်ဆယ်ကျော်
ထိ…ဈေးရောင်းပြီးရှာကျွေးတုံး.ဘုရား
မသိ…တရားမရှိတဲ့..အမိုက်တုံးကြီးအ
ဖြစ်ခံပြီး…သူယောက်ျားနဲ့သားတွေ
ကျွေးဖို့ရှာဖွေနေတုံးဘဲနော်.တာဝန်တွေ
လျော့ပါတေ့ာ..သူငယ်ချင်းရယ်..ဖြူ
လည်း…ဆွေနဲ့တွေ့တိုင်း…လူဆိုးမ
ဖြစ်နေရတယ်ကွယ်..

ဖြူ့စကားများက အမှန်ဖြစ်သော်လည်း
ကျွန်မ လိုက်နာရန်အားနည်းခဲ့သည်။
ဘုရားနေ့စဉ်ရှိခိုးနေယုံမျှနှင့်ဘဝတစ်ခု
မပြီးပြတ်နိုင်မှန်းလည်းသိပါသည်။မသိ၍
မလုပ်သောသူထက်၊သိလျက်နှင့်မလုပ်
သောကျွန်မပို၍မိုက်မဲသူဖြစ်ပါသည်။
ကျွန်မထမ်းထားရသည့်မေတ္တာဝန်ထုပ်
ကိုပစ်မချနိုင်သေးသရွေ့အမိုက်မှောင်
တွင်းဆက်၍တိုးဝင်နေဆဲပင်။

*****************

ဈေးရောင်းနေရင်း မိုက်ခနဲဖြစ်သွား
သည်။ကျွန်မသတိရလာချိန်တွင်ဆေးရုံ
ပေါ်ရောက်နေသည်။

`အသက်အရွယ်အရ…သွေးတိုးဖြစ်
လာတာပါ…ပင်ပင်ပန်းပန်းတွေသိပ်
မလုပ်ပါနဲ့…အနားယူပါ..နောက်ဆက်
တွဲလက္ခဏာအနေနဲ့..ဆီးချိူလည်း
ဖြစ်လာနိုင်ပါတယ်.သတိထားပါအမေ

`အမေ ဟု ကြင်ကြင်နာနာခေါ်ကာ
ကုသပေးလိုက်သည့်ဆရာဝန်ကလေး
စကားသည်၊နောက်တနေ့တွင်မေ့မေ့
ပျောက်ပျောက်ဖြစ်သွားသည်။လူမမာ
မဖြစ်ဖူးသည့်ကျွန်မ၊လူမမာတစ်ယောက်လိုမနေတတ်ခဲ့၊နိုင်သည့်ဝန်၊
မနိုင်သည့်ဝန်ဆက်ထမ်းရင်း၊ဒုံရင်း
ဒုံးရင်းဘဝပြန်ရောက်သွားသည်။သို့
သော်လည်း ခန္ဓာကိုယ်သည်စိတ်အလို
သို့မလိုက်နိုင်တေ့ာပါ။နာမကျန်းခြင်း
ကိုအံတုနေသော်လည်း၊မိသားစုတို့
သည် ကျွန်မ၏ဟန်ဆောင်မှုကို မသိ
ကြ။ဂရုစိုက်မှုမရှိကြသည်လည်းဖြစ်နိုင်
သည်။အသက်ခြောက်ဆယ်ကျော်ခြင်း
အတူတူဖြစ်သော်လည်း၊ကိုတိုးမောင်
ကပေါ့ပေါ့ပါးပါးမရှိ။ပျင်းသည့်အဖြစ်
လည်းပါပေမည်။ရေသောက်ချင်လျင်
ပင်ထိုင်ရာမှမထ။

`သက်ရေ….ရေတစ်ခွက်လောက်
`သက်ရေ….မောင့်ဆေးလိပ်နဲ့မီးခြစ်
`သက်ရေ…ထမင်းစားမယ်
`သက်ရေ…မောင်ရေချိူးမယ်
`သက်ရေ….ဆေးသောက်မယ်
`သက်ရေ….မောင်..အပြင်သွားလိုက်
ဦးမယ်..တံခါးလာပိတ်ဦး
`သက်ရေ
`သက်ရေ

နှင့်စေစားကောင်းဆဲဖြစ်သည်။ဟိုယခင်
ကတည်းကပင်၊နေရာတကာအရံသင့်
ဖြစ်အောင်လုပ်ပေးတတ်သည့်ကျွန်မ
ကြောင့် ဘာမှမလုပ်တတ်တေ့ာသည်
လား။ရောဂါသည်ချင်းအတူတူ တစ်မူး
ပိုရှူနေသည့် မောင့် ကို ဖြူဖြူ ကြည့်
မရဖြစ်နေခဲ့သည်။

`ရှင့်….အချစ်တုံးကြီးက…ကျူပ်အ
တွက်တေ့ာ…တုံးနေတဲ့..အတုံးကြီး..
ရှင့်အတွက်တေ့ာ..အနှစ်တုံးကြီးပေါ့
လေ…အင်း….သူတော်ကောင်းမကြီး
ပေးဆပ်ခြင်းတွေနဲ့ချစ်တတ်တဲ့မေတ္တာ
ရှင်မကြီး…သာဓုသုံးကြိမ်ပါတော်..

ခနိုးခနဲ့ပြောနေသည့်ဖြူ့စကားများ
ကိုစိတ်မဆိုးရက်ပါ။ဖြူပြောသမျှစကား
များကလည်းအားလုံးအမှန်ဖြစ်သည်။

`သက်ရေ

`ဟော…ခေါ်တော်မူပါပြီ…ပြေးတော်
မူပါ…အချစ်တုံးကြီးထံ..အခစားဝင်
တော်မူပါ…

ပြောပြောဆိုဆိုနှင့်ဖြူပြန်သွား
သည်။ကျွန်မရင်ထဲက စကားများကိုမူ
ဖြူတစ်ယောက် ကြားမသွားနိုင်ခဲ့ပါ။

`ဖြူရယ်….အခုလေ…အဲ့ဒီ…အသံလေ
….သက်ရေ….လို့ခေါ်လိုက်တဲ့အသံကို
…ကြားလိုက်ရင်…ကိုယ့်ရင်တွေတုန်
ပြီး……ကိုယ့်အသဲနှလုံးတွေပြောင်း
ပြန်လန်သွားလောက်အောင်..ကြောက်
နေတတ်ခဲ့ပြီဆိုရင်….ဖြူ..ယုံမှာပါနော်..
ငါအစကမပြောလားလို့…မျက်လုံးပြူး
ပြူးနဲ့မန်မဲမှာကိုလည်း…သိနေတယ်
ဖြူ….ခုတေ့ာ..ကိုယ့်အပြစ်တွေ..ကျေ
အောင်ဆပ်လိုက်ဦးမယ်ကွယ်…ဟင်း..
လူမှမောရတဲ့အထဲ..အနားမနေရဘူး..
သည်လူကြီး…ဘာများခိုင်းမလို့ပါလိမ့်..
ဖြူပြောတဲ့..အချစ်တုံးကြီးဖြစ်ဖြစ်လာပြီ
စိတ်ထဲရှိသမျှပြောလိုက်ရရင်..မကောင်း
ဘဲရှိရော့မယ်..

စိတ်ကူးထဲကသာရှိနေသည်။ကျွန်မပါးစပ်က
ထွက်သွားသည့်စကားကမူပြောနေကြ
အတိုင်းသာဖြစ်ပေတော့သည်။

` လာပြီမောင်ရေ…လာပြီ…လာပြီ

သည်စကားအပြင်ဘာစကားမျှမပြောနိုင်၊
ပြောနိုင်ရန်လည်းမကြိုးစား။
သည်သံသရာဝဲသြဎ အတွင်း၌
မေတ္တာကျွန်တစ်ယောက်အဖြစ်ပျော်မွေ့နေဆဲဖြစ်နေ၍သာ….။

ယုယုမော် (စစ်ကိုင်း)
ရွှေကလောင် ၅နှစ်ပြည့်မဂ္ဂဇင်း – ၂၀၂၀