မြေစာမြက်ပုခက်လွှဲ(စ/ဆုံး)
————————-
” အမေ…..ဟောဒီမှာ ရေခဲမုန့် …အမေ့ဖို့တဲ့..”
” အောင်မယ်…တယ်ဟုတ်ပါလား….ဘယ်သူကပေးတာလဲအေ့…”
” ကိုဖြိုးကကျွေးတာအမေ..”
” ဘယ်က ကိုဖြိုးလဲ…”
” မျက်နှာချင်းဆိုင်အိမ်က ကိုဖြိုးပေါ့အမေ..
အိမ်ထောင်ပြုတာ ကပ်ရောဂါနဲ့ဆိုတော့ မင်္ဂလာဧည့်ခံပွဲလုပ်လို့မရလို့ အိမ်နီးချင်းတွေကို ရေခဲမုန့်ဝေတာအမေ..”
” ဟင်….ဘာ….ကိုဖြိုးက မိန်းမယူတယ်…
ဟုတ်လား…အံမယ်လေး..လေး……
မြေစာမြက်ပုခက်လွှဲဆိုတာ ဒါမျိုးပြောတာ…
သူ့အသက်ဖြင့် ဘယ်လောက်ရှိသေးလို့တုန်းအေ..”
ကျွန်မအမေရဲ့အသက်က ကိုးဆယ်ကျော်ပြီဆိုတော့ ရှေးလူကြီးပေါ့။
အမေ့နှုတ်က ထူးထူးဆန်းဆန်းစကား ပြောလေ့မရှိခဲ့တာ ကျွန်မ အသိဆုံးပေါ့။
အခု၊ ဘာတဲ့ ၊ မြေစာမြက်ပုခက်လွှဲ…တဲ့။
ဒါ….အမေ့ရှေးစကားပေါ့။ မကြားစဖူး အကြားထူးလှချည်ရဲ့။
ကျွန်မဖြင့် သဘောကျလွန်းလို့ မေ့သွားမှာစိုးလို့ မြေစာမြက်ပုခက်လွှဲ ဆိုတဲ့စကားကိုအပြေးအလွှား ရေးမှတ်ရပါတယ်။
……………….
ဟုတ်ပါရဲ့။
ကျွန်မသားတွေရဲ့ကစားဖော်တစ်ဖြစ်လဲ ကျွန်မရဲ့ တပည့်လေး ကိုဖြိုးရဲ့အသက်က ဘယ်လောက်ရှိဦးမလဲ။အသက်ဖြင့် နှစ်ဆယ်တောင်မှ ပြည့်ရော ပြည့်သေးရဲ့လား။
ကျွန်မတို့ရဲ့မျက်စောင်းထိုးကအိမ်ကို ကိုဖြိုးရဲ့မိဘတွေက ဝယ်ယူပြီး ပြောင်းလာကာစမှာ ကိုဖြိုးက မူလတန်းပဲရှိပါသေးတယ်။
ခန္တီးဘက်မှာ ကျောက်စိမ်းအရောင်းအဝယ်လုပ်ရင်း ငွေကြေးပြည့်စုံလာပြီးတဲ့နောက် မိသားစုလိုက် မန္တလေးသို့ ပြောင်းရွှေ့လာကြပါတယ်။
” ဥစ္စာဟူသည် မျက်လှည့်မျိုး..” .တဲ့။
“ အသက်ဉာဏ်စောင့် ဥစ္စာကံစောင့် ”.တဲ့။
ရှိသမျှအရင်းအနှီးတွေနဲ့ အရိုင်းတုံးတွေကို ပုံအောဝယ်ထားလိုက်ပြီး ခန္တီးကနေ မန္တလေးသို့ ကျောက်စိမ်းတွေတရားဝင်သယ်ယူခွင့်ရအောင် ကြိုးစားအပြီးမှာ ထူးကဲမိုးရေချိန်နဲ့ ရေကြီးမှု ကြုံရပါတယ်။ သယ်ယူဖို့ ခက်ခဲနေစဉ် ဘုန်းကြီးကျောင်းတစ်ခုမှာ အပ်နှံထားခဲ့တဲ့ကျောက်တွေအားလုံးဟာ သူခိုးလက်ထဲ ပါသွားပါတယ်။
မိဘတွေရဲ့အိမ်ထောင်ရေးအခြေအနေ ကစဉ့်ကလျားဖြစ်နေချိန်မှာ ကိုဖြိုးဟာ လေးတန်းပဲရှိပါသေးတယ်။ စားဝတ်နေရေး ကျောင်းအကြိုအပို့ကအစ ကိုဖြိုးရဲ့ ဝေယျာဝစ္စအားလုံးကို အသေးစိတ်ဂရုစိုက်ပေးနေတဲ့ ဖခင်ကြီးဟာ ကိုဖြိုးခြောက်တန်းရောက်တဲ့နှစ်မှာပဲ ရုတ်တရက် သွေးတိုးမှုနဲ့ အသက်ဆုံးပါးသွားရှာပါတယ်။
ပစ္စည်းဥစ္စာကလည်းဆုံးပါး၊ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်ကလည်း အရောင်းအဝယ်ကျ၊ အိမ်ထောင်ရေးအဆင်မပြေပဲ အိမ်ပေါ်ကဆင်းရတဲ့အပြင် ငယ်ရွယ်သေးတဲ့ သားသမီးသုံးယောက်လုံးဟာ မျက်နှာမလွှဲရသေးတဲ့အတွက် ရိုက်ချက်ပြင်းပြင်းနဲ့ ဖြတ်ချသလိုခံရတဲ့ ကိုဖြိုးရဲ့အမေဟာ ယောက်ယက်ခတ်နေတဲ့စိတ်လှိုင်းရဲ့နောက် မျောပါနေတဲ့အဖြစ်သို့ ရောက်သွားရပါတယ်။
..……………….
” အမေ့နာမည် ဘယ်လိုခေါ်သလဲ ကိုဖြိုး….”
” ခင်ဗျာ…အမေ့နာမည်လား…ဟိုလေ…..ဟို….
အဲ……”
ကိုဖြိုးကို ကျွန်မ စာ စသင်ပေးရတဲ့ ရှစ်တန်းနှစ်တုန်းကပေါ့။
တာဝန်ယူတတ်တဲ့ အမျိုးတွေရဲ့စောင့်ရှောက်မှုကြောင့် ကျွန်မဟာ ရှစ်တန်း၊ ကိုးတန်းနဲ့ ဆယ်တန်း ၊သုံးနှစ်လုံးလုံး ကိုဖြိုးရဲ့ ဂိုက်ဆရာမပေါ့။
” ကျွန်တော်…..ကျွန်တော်..
အမေ…အမေ့နာမည် မသိဘူးခင်ဗျ….”
အိမ်ကသားတွေနဲ့အတူတူဆော့ကစားနေကျမို့လို့ ကိုဖြိုးရိုးမှန်းသိပေမယ့် ဒီလောက်အထိ အ လိမ့်မယ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။
ရှစ်တန်းကျောင်းသားဟာ သူ့အမေရဲ့အမည်ကို မသိဘူးတဲ့လား။
တကယ်တော့ ကိုဖြိုးရဲ့ ဉာဏ်ရည်က မနိမ့်ပါးပါဘူး။မန္တလေးမြို့ရဲ့အထင်ရှားဆုံးနာမည်ကြီးပုဂ္ဂလိကကျောင်းမှာတက်ရောက်သင်ကြားနေသူပီပီ အင်္ဂလိပ်စာအရမ်းတော်ပါတယ်။ ကျွန်မထက်ကို အများကြီး သာ ပါတယ်။
ရှစ်တန်းကျောင်းသားပေမယ့်လည်း ပေးထားတဲ့အချက်အလက်နဲ့စံမီအောင် အက်ဆေးကို နှစ်မျက်နှာခန့်ရေးနိုင်ပါတယ်။
ရှစ်တန်းကျောင်းသားပေမယ့်လည်း ကွန်ပြူတာကို ကိုင်တွယ်အသုံးပြုနိုင်နေပါပြီ။
……………………………..
အိုးကောင်းရချင်ရင် နာနာရိုက်မှ…တဲ့။
ဖြစ်ထွန်းစေချင်လွန်းလို့ အားမလိုအားမရတိုင်း ဆူပူကြိမ်းမောင်းတတ်တဲ့ဦးလေးဟာ ကိုဖြိုးကို ကျောင်းထားပေးသူ တာဝန်ယူထားသူ လူပျိုကြီးပါ။
” ဦးလေးက ကျွန်တော့်ကိုဆိုရင် နှိမ်တယ်…”
ဦးလေးရဲ့ဆူပူကြိမ်းမောင်းတာခံရတိုင်း ကျွန်မကို မျက်ရည်အဝဲသားနဲ့ ပြန်ပြောပါတယ်။
ကိုဖြိုးမျက်ရည်ကျတိုင်း အမေဖြစ်သူနဲ့ ကိုဖြိုးကို မွေးကတည်းကစောင့်ရှောက်ပေးတဲ့အညိုတို့နှစ်ယောက်စလုံးဟာ စိတ်မကောင်းဖြစ်ရှာကြပါတယ်။
ဖြစ်ထွန်းစေချင်လို့ မြည်တွန်တောက်တီးမှန်းလည်း နားလည်ကြပါတယ်။
နားမလည်နိုင်တာက အင်မတန် နုနယ်တဲ့အရွယ် ကိုဖြိုးပါ။
” ဦးလေးက ကျွန်တော့်ကို………”
………………………………
အထည်ကြီးပျက်လို့ ဆိုရပေမယ့်လည်း အိမ်ကောင်းနဲ့နေနိုင်ကြပါတယ်။ တရုတ်သွေးပါတဲ့ကိုဖြိုးဟာ ဖခင်လို အသားဖြူဖြူထောင်ထောင်မောင်းမောင်းအရပ်ကို ပိုင်ဆိုင်ပြီး မိခင်ရဲ့ မျက်ခုံးမျက်လုံးများကိုပိုင်ဆိုင်ပြီး ထူထူထဲထဲဆံပင်နဲ့..ဆိုတော့ ချောမောခန့်ငြားပါတယ်။ဒါကြောင့်လည်းနှစ်သက်တဲ့မိန်းကလေးတွေက အနားမှာ ဝိုင်းဝိုင်းလည်နေသူပေါ့။
စိတ်နှလုံးမချမ်းမြေ့တဲ့ကိုဖြိုးဟာ ကြည်မွေ့နှစ်လိုဘွယ်ရာတွေကို ဘယ်လိုရှောင်နိုင်ပါ့မလဲ။
ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်မြင်ခဲ့ပေမယ့်လည်း ရိုးရိုးသာမာန်ထက်ပိုပြီးမျှော်လင့်ချက်ထားခဲ့တဲ့ ဦးလေးရဲ့ဆန္ဒကိုတော့ မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။အားမလိုအားမရဖြစ်တိုင်း နင့်နင့်သီးသီးပြောတတ်တဲ့ဦးလေးကို မခံချင်စိတ်နဲ့ ကိုဖြိုးလေးဟာကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်ခဲ့ပါတယ်။
ရရာအလုပ်ကို မညည်းတမ်း မညူတမ်းလုပ်ခဲ့ပါတယ်။
ဟိုတယ်ဧည့်ကြိုအလုပ်၊
ခွေးသန့်ရှင်းရေးလုပ်ပေးတဲ့အလုပ်…စတဲ့ အောက်ခြေသိမ်းအလုပ်တွေ လုပ်နေရှာပါတယ်။
ကိုဖြိုးရဲ့ စာရိတ္တနဲ့ အရည်အချင်းကို ကျွန်မ အသိဆုံးပါ။ ဒီလိုနဲ့ ကိုဖြိုးဟာ ကျွန်မအစ်မတစ်ယောက်ရဲ့ဂိမ်းဆိုင်မှာ အလုပ်ရသွားပါတယ်။
ယုံကြည်မှုနဲ့ပေါ့။
ယုံကြည်မှုနဲ့ပဲ ဆယ်တန်းအောင်ပေမယ့် ဆိုင်တာဝန်ခံရာထူးနဲ့အလုပ်ရသွားပါတယ်။
ဘာကြာဦးမလဲ…
သဘောကောင်းပြီး အပေးအကမ်းလက်မတွန့်တဲ့ဂိမ်းဆိုင်မှာ အလုပ်ဝင်ပြီး တစ်နှစ်ကျော်ရုံပဲ ရှိပါသေးရဲ့။ ကပ်ရောဂါကြောင့် ဂိမ်းဆိုင်တွေ ပိတ်ထားရတဲ့အချိန်မှာပဲ ကိုဖြိုးတစ်ယောက် အိမ်ထောင်ကျသွားပါတယ်။
………………………..
မနေ့က……
မနေ့ကပေါ့။
ဈေးဝယ်ဖို့ အိမ်ရှေ့ထွက်လာတဲ့ကျွန်မ…
သူ့အိမ်ရှေ့မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ကိုဖြိုးနဲ့ ပက်ပင်းကြုံရပါတယ်။ ဒယီးဒယိုင်နဲ့ လမ်းလျှောက်တတ်ခါစ ကလေးလေးက လိမ့်နေတဲ့ ဘော့လုံးတစ်လုံးနောက်ကို ယိုင်ထိုးယိုင်ထိုးလိုက်လို့ ။
” ခလေးထိန်းနေတာလားကိုဖြိုး…”
” ဟုတ်….ဆရာမ…”
” ခလေးထိန်းရတာ ဘယ်လိုနေလဲ….”
” ဟီး…..မလွယ်ဘူးဆရာမ…..”
မချိသွားဖြဲလေသံနဲ့ ပြန်ဖြေတဲ့ ကိုဖြိုးကို ကြည့်ရင်း အမေပြောတဲ့စကားကို အပြေးသတိရမိသွားပါတယ်။
ဪ……..ပုခက်လွှဲနေတဲ့မြေစာမြက်ကလေး။
#ခင်မိမိ_နန်းတော်ရှေ့
#အမေ့စကား_မှတ်သားထားသမျှ