မြေဇာမြက်(စ/ဆုံး)
—————
ညကတည်းက ရွာကောင်းနေ
သည့်မိုးမှာအခုထိမတိတ်နိူင်သေးပေ။
ကျွန်မတို့ တဲလေးတစ်ခုလုံး အအေးဓာတ်များက
စိမ့်နေသည်။
အစိုးရစက်ရုံဝန်းကြီးတစ်ခု၏ အနောက်ဘက်
အုတ်တံတိုင်းကို အမှီပြု၍ ဝါးလုံးများဖြင့်
တဲထိုးထားသည့်နေရာမှာဖြစ်သည်။
တဲ ဟုသာအလွယ်တကူခေါ်လိုက်ပေမယ့်
တဲ အဆင့်လောက်ပင်မရှိသော အမိုးပါအဖီကလေးတစ်ခုဖြစ်သည်။.
သွပ်အဟောင်း ငါးချပ်ကို အပေါ်အောက်
ဝါးများဖြင့်ညှပ်ထားသည်ဆိုသော်ငြား ကျကျနနလုပ်ထားခြင်းမဟုတ်ပဲ လုပ်တတ်သလို ရှိသည့်ပစ္စည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
သွပ်များက အဟောင်း အစုတ်များဖြစ်၍
နေ့ဘက်ဆို အပေါက်များမှ နေပြောက်များ
ထိုးဝင်နေပြီး မိုးရွာသည့်အချိန်များတွင်
မိုးရေပေါက်များက တဲအတွင်းယိုကျလို့နေသည်။
သည်တဲကလေးမှာ ကျွန်မအပါအဝင်
အသက်ဆယ့်ခြောက်နှစ်အကို ကိုကိုမင်း၊
အသက်ဆယ့်လေးနှစ်အရွယ် အကို ကိုကိုဝင်း၊ အသက် ဆယ့်တစ်နှစ်အရွယ်ကျွန်မ နီနီဝင်း၊ အသက်ရှစ်နှစ်အရွယ်မောင်လေး ဖိုးတာ တို့
လေးဦးနေထိုင်ကြသည်။
စက်ရုံဝန်းကြီး၏ ဘေးဘက်ရေနုတ်မြောင်းမှ
တဆင့် စက်ရုံ၏အနောက်ဘက် ကို ခဲရာခဲဆစ်
ပတ်ဝင်လာမှ ရုတ်တရက်မမြင်နိူင်သော နေရာတွင် ကျွန်မတို့မောင်နှမနေထိုင်သော တဲကလေးရှိသည်။
အကယ်၍များ ရပ်ကွက်လူကြီးသော်လည်းကောင်း၊ စက်ရုံ၏တာဝန်ရှိသူတို့ကလည်းကောင်း
ကျွန်မတို့ကို နေထိုင်ခွင့်မပြုပဲ ဖယ်ရှားရန်
တောင်းဆိုပါက အချိန်မရွေး ကျွန်မတို့
ပြောင်းရွေ့ရမည်သာဖြစ်သည်။
ထိုကဲ့သို့ ပြောင်းရွေ့လာရသည်မှာလည်း နေရာပေါင်းမနည်းတော့ပေ။
မြန်မာနိူင်ငံ၏အခြေခံ အကျဆုံးနှင့်အနိမ့်ပါးဆုံးလူတန်းစားကို ပြပါဆိုလျှင် ကျွန်မတို့
မောင်နှမသည် ထိုလူတန်းစားတွင်ပါဝင်သည်။
ကျွန်မ ငါးနှစ်သမီးအရွယ်မှာ အမေဆုံးပါးခဲ့သည်။
အဖေမျက်နှာကို ကျွန်မသိပ်မမှတ်မိခဲ့ပေ။
မောင်လေး မမွေးခင်ကတည်းက အိမ်မှာ
အဖေမရှိတော့ပေ။
ဘယ်ရောက်လို့ ဘယ်ပေါက်သွားသည်ကို
ကျွန်မမသိ။ အမေလည်း မသိခဲ့။
ထိုကဲ့သို့ မသိခြင်းတရားများစွာမှာ
အမေနေမကောင်းဖြစ်ပြီး အရင်နေထိုင်ခဲ့သည့် ကျူးကျော်ရပ်ကွက်ကလေးမှာ ဆုံးပါးခဲ့သည်ကိုတော့ ကျွန်မ မှတ်မိနေသေးသည်။
မိဘတွေ မရှိသော်လည်း အကိုကြီးကိုကိုမင်းက
ပလုံကောက်ပြီး ရှာကျွေးခဲ့သည်။
အကိုကြီးကိုကိုမင်း နှင့်အတူ အကိုလေးကိုကိုဝင်းလည်း ပလုံကောက်အလုပ်လုပ်သည်။
ကျွန်မတို့လေးယောက်မှာ ချက်ပြုတ်
စားသောက်သည့်အလေ့အထမရှိပေ။
ချက်ပြုတ်စရာအိုးခွက်လည်းမရှိ။
ထမင်းထည့်စားသည့် ဇလုံ လေးလုံးတော့ရှိသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်က ယခုလောက်အထိ
မ ကြပ်တည်းခဲ့ပေ။
ပလုံကောက်သည့်အလုပ်က ဝင်ငွေကောင်း၍ ကျွန်မတို့မောင်နှမစားလောက်သည်။
ယခုတော့ ထမင်းဖြစ်ရုံစားခဲ့ရသည့်အနပ်ပေါင်းမနည်းတော့။
အကြောင်းမူကား အကိုကြီးဖြစ်သူ
ကိုကိုမင်းတစ်ယောက် ဘဝတူ အပေါင်းအသင်းတချို့နှင့် မူးယစ်ဆေးများသုံးနေခြင်းကြောင့်ဖြစ်သည်။
ဆေးပြားတွေသုံးသည်။ ကော်ရှုသည်။
ထမင်းကိုတူတူတန်တန်စားရဖို့ထက်
ဆေးသုံးဖို့ကိုသာ အာသီသရှိခဲ့သည်။
ဟိုစဥ်က ကျွန်မနှင့် ဖိုးတာလေးကို
ဂရုတစိုက်ရှိသည်။
ထမင်း၊ဟင်းသွားဝယ်လျှင် ကျွန်မတို့
ကြိုက်တတ်သည့် ဟင်းအမယ်လေးတွေ
ဝယ်ကျွေးတတ်သည်။
ယခုများမှာတော့…တခါတလေထမင်းတစ်ထုပ်ကို နှစ်ယောက် မျှစားရသည်။
စျေးအပေါဆုံး ချဥ်ပေါင်ကြော်၊ ပဲသီးကြော်တို့ကို စျေးသည်မရောင်းချင်သည့်
သုံးရာဖိုး၊ငါးရာဖိုးပေးဝယ်လာပြီး
ကျွန်မတို့ကို စားစေသည်။
ကိုကိုဝင်း ကတော့ မစားနိူင်ဟုဆိုကာ
သူ ရသည့်ပိုက်ဆံထဲမှ စားချင်တာ
ဝယ်စားလိုက်သည်။
အကိုကြီးနှင့်အကိုလေးလည်း
မကြာခဏ ငွေကြေးကိစ္စဖြင့်
စကားများရန်ဖြစ်ကြသည်။
တဲအိမ်လေးထဲမှာ ဆွဲမနိူင်၊လွှဲမနိူင်
သ တ် ပုတ်ကြသည်။
ကျွန်မနှင့်ဖိုးတာမှာ ကြောက်လွန်း၍
ချောင်ကပ်ပြီးငိုခဲ့ရလေသည်။
အကိုကြီးသည် နောက်ရက်များ၌
ကျွန်မနှင့်ဖိုးတာကို ကားမှတ်တိုင်များတွင်
လမ်းသွားလမ်းလာ များထံမှ ငွေကြေးတောင်းခံရန်စေခိုင်းလေသည်။
ထိုအလုပ်သည် တောင်းရမ်းရသည့်
အလုပ်ဖြစ်သဖြင့် ကျွန်မ မလုပ်ချင်ပေ။
မလုပ်လျှင် ထမင်းမကျွေးနိူင်ကြောင်း၊
အငတ်နေရမည့်အပြင် ညအိပ်ချိန်၌
တဲသို့ပင် ပြန်လာမအိပ်ရဟု အကြပ်ကိုင်စေခိုင်းလေသည်။
ရလာသည့်ငွေကြေးတို့ကို အကိုကြီးလက်သို့
တပြားမကျန်အပ်ရသည်။
ငွေများများရလျှင် ထမင်းဟင်းနှင့်မုန့်ကောင်းကောင်းစားရသည်။
ငြင်းဆန်ဖို့ မဖြစ်နိူင်သည့်အခြေအနေကြောင့် ကျွန်မနှင့်ဖိုးတာလေးမှာ တောင်းရမ်းသူဘဝသို့ ရောက်မှန်းမသိ ၊ ရောက်ခဲ့ရလေပြီ။
အကိုလေးကိုကိုဝင်း က ကျွန်မတို့နှင့် အတူတူ
မနေထိုင်လိုတော့ကြောင်းပြော၍
ထွက်သွားသည်မှာယနေ့ထက်တိုင်ပင်။
ဘယ်ကိုရောက်၍ ရောက်နေပြီကိုပင်
ကျွန်မ မသိရပေ။
ညကလည်း အကိုကြီးကိုကိုမင်းတစ်ယောက်
ပြန်မလာခဲ့ပေ။
တညလုံးနီးပါးရွာသွန်းနေသော မိုးကြောင့်
အအေးဓာတ်စိမ့်နေသော
သည်တဲကလေးအတွင်းမှာ ကျွန်မနှင့်ဖိုးတာလေး ကြောက်အားတွေပိုနေခဲ့ရပါသည်။
ကျွန်မကြောက်တာလည်းမပြောလေနှင့်။
ရံဖန်ရံခါ ဆေးသမား၊အရက်အမူးလွန်နေသော အရက်သမားများက ဤမျှလောက်
ချောင်ကြို့ချောင်ကြားကျသောကျွန်မတို့၏
တဲဝန်းကျင်သို့ ရောက်လာတတ်သောကြောင့်ဖြစ်သည်။
အကိုကြီးကိုကိုမင်းနှင့်ကိုကိုဝင်း တို့က
ထိုသို့ချဥ်းကပ်လာသောသူများကို
ရိုင်းစိုင်းသောဆဲဆိုမှု့များနှင့်တမျိုး၊
ခဲကျိုးတို့ဖြင့်တဖုံ ပစ်ခတ်ခြောက်လှန့်ပြီး
ထပ်မလာအောင်လုပ်ရသည်။
တညလုံး သည်တဲကလေးထဲမှာ
ကျွန်မနှင့်ဖိုးတာလေးသာ ကျန်ရှိနေ၍
ကျွန်မဘယ်လောက်ကြောက်လန့်နေခဲ့တာ
ကျွန်မသာအသိဆုံးပင်။
မနက်မြန်မြန်လင်းချင်လှပြီ။
ဖိုးတာလေးကတော့ ကလေးပီပီ
အိပ်မောကျနေပေမယ့် ကျွန်မမှာ တရေးမှပင်
အိပ်မပျော်ခဲ့ပေ။
လေတိုးသံ ခပ်ပြင်းပြင်းကြားလည်း
ကျွန်မကြောက်သည်။
ခြေနင်းသံလိုလို ကြားလည်း တုတ်တစ်ချောင်းကို လက်က ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း
သတိဖြင့်နေရသည်။
တဲအတွင်း မိုးယိုသည်ကတမျိုး ၊မြေကြီးက
အအေးဓာတ်ကြောင့်တဖုံ
ကျွန်မတို့ တဲကလေးအတွင်းမှာ
အအေးဓာတ်က လွန်လွန်ကဲကဲ ပိုလို့နေပါသည်။
နွေးထွေးမှု့မရှိပဲ အေးစက်စက်ဖြစ်နေသည့်
တရုတ်ဂွမ်းစောင်အဟောင်းထည်လေးကို
ကျွန်မတို့မောင်နှမခြုံရင်း မိုးအမြန်လင်းဖို့ကို ဆုတောင်းနေရပါတော့သည်။
@@@@@@@@@@@@@@@@@@@@@@
“”မိနီ…မိနီ…””
ကျွန်မအမည်ကို ခေါ်နေရင်းမှ လှုပ်နိူးလိုက်သည့်အတွက် ကျွန်မလန့်နိူးသွားတော့သည်။
မိုးလင်းခါနီးမှ ကျွန်မအိပ်ပျော်သွားပုံရပါသည်။
လာနိူးနေသူမှာ အခြားသူမဟုတ်ပေ။
အကိုကြီး ကိုကိုဝင်းသာဖြစ်တော့သည်။
ဖိုးတာလေးကတော့ ကျွန်မအနီးတွင်
အိပ်မှုန်စုတ်ဖွားဖြင့်ထိုင်နေသည်။
“”ဘယ်အချိန်ရှိနေပြီလဲ နင်ကိုယ်နင်
ဘာထင်နေလဲ
ရော့…ဒီမှာ အကြော်ဝယ်လာတယ်..
ထမင်းစားပြီး မီးပွိုင့် သွားဖို့ ပြင်တော့…
ဟိုရောက်ရင်လည်း နင်တို့နှစ်ယောက်
တံတားအောက်မှာ ဆော့နေတာများတယ်နော်
ငါ့ကို အောင်ပု ပြန်ပြောတယ်…
ဘာလဲ နင်တို့နှစ်ယောက် က
ထမင်းစားလောက်ရုံပဲ
ပိုက်ဆံတောင်းချင်တာလား…””
မနေ့ညနေက ပိုက်ဆံအရနည်းတာကို
ရည်ညွှန်းပြီးပြောနေခြင်းဖြစ်သည်။
ရသမျှပိုက်ဆံထဲမှကျွန်မတို့
ထမင်းဝယ်စားဖို့ လောက်သာ ပြန်ပေးခဲ့ပြီး
တစ်ညလုံးပျောက်နေသည့်အကိုကြီးပါ။
အကိုကြီး..အဖ ရာ ဟု ကျွန်မကြားဖူးသည်။
ကျွန်မတို့အဖို့ရာတော့။
“”မိနီနော် နင် စာသိပ်မတတ်နဲ့…
ပိုက်ဆံတွေလည်းကျစ်မထားနဲ့
သတိကောင်းကောင်းထား..ကိုကိုဝင်း အချိုး
ချိုးလို့ရတော့.. ငါက ကန်ထုတ်လိုက်မှာ။
ငါနဲ့မနေရရင် နင်တို့ကို လူဆိုးကြီးတွေ
ဖမ်းသွားမှာ…ခိုင်းစားမယ့်အပြင်
မဝရေစာကျွေးမှာ..
သူတို့ကို ကလန်ကဆန်လုပ်ရင် နင်တို့ကို
မိကျောင်းကန်ထဲ ပစ်ချလိမ့်မယ် ကြားလား…””
ဟုတ် ၊ မဟုတ် တော့ မသိ။
ထိုစကားလုံးတွေက ကျွန်မတို့မကြာခဏ
ကြားနေရသည့် စကားလုံးများသာဖြစ်သည်။
တကယ်တမ်းမှာတော့ အကိုကြီးကိုကိုမင်း ယခြောက်လှန့်နေသော မိကျောင်းကန်ကြီးထဲသို့သာ ကျွန်မ ခုန်ဆင်းပစ်လိုက်ချင်မိသည့်စိတ်များ
တဖွားဖွားဖြစ်နေတော့သည်။
ကိုကိုဝင်းက ကျွန်မတို့စားဖို့
အကြော်ထုပ်လေးပေးပြီး ပြန်ထွက်သွားလေပြီ။
မြန်မြန်စားပြီး မြန်မြန်သွားဖို့ရာ တတွတ်တွတ်မှာသွားသေးသည်။
ကျွန်မကိုယ်ခန္ဓာသည်ပုံမှန်မဟုတ်ပဲ
ပူနွေးနေသလို ခံစားရသည်။
ညောင်းညာကိုက်ခဲနေပြီး ခေါင်းတွေလည်းမူးနေသည်။
ထမင်းအကျန်လေးထဲ အကြော်ထုပ်ကိုသွန်ချ၍ မောင်နှမနှစ်ယောက် စားကြပေမယ့်
ပါးစပ်ကလည်းခါးနေသည့်အပြင်
စားချင်စိတ်မရှိ၍ ကျွန်မမစားတော့ပေ။
“”မနီ…မစားတော့ဘူးလား…””
“”အေး…မစားတော့ဘူး ဖိုးတာ ၊
ငါတော့ အအေးပတ်သွားလားမသိဘူး။
နင်ပဲစားလိုက်တော့
မြန်မြန်စားနော် အခုတောင်နောက်ကျနေပြီ။
သွားရအောင်..သွားရင်းနဲ့
လမ်းထိပ်ကဆေးဆိုင်မှာ
ဆေးတစ်လုံးဝယ်သောက်လိုက်မယ် ဟာ…””
ကျွန်မတို့ မောင်နှမ တောင်းရမ်းနေကျ
ဘုရင့်နောင်လမ်းဆုံ တံတားအောက် မီးပွိုင့်ကိုရောက်လာကြသည်။
ဝယ်လာသောဆေးကို သောက်ထားပြီးဖြစ်သည်။
မိုးက မရွာတော့ပေမယ့် ရွာချင်နေသေးသလို
မိုးရိပ်မိုးငွေ့များရှိနေသည်။
မီးပွိုင့်မိနေသောကားများအနီး လျှောက်သွားရင်း
တောင်းရမ်းနေကျ စကားလုံးများဖြင့်
တောင်းရမ်းသည့်အလုပ်ကိုစတင်ရတော့သည်။
“”ဦးဦး၊ ဒေါ်ဒေါ် ၊ကိုကို၊မမ တို့ရှင့် ထမင်းစားဖို့
တစ်ရာ၊နှစ်ရာလေး စွန့်ကြဲခဲ့ပါနော်…””
မိုးမရွာသည့်နေ့ဆိုလျှင် ငွေရများသည်။
တမနက်နှင့်ပင် လက်ထဲ တစ်သောင်းနီးပါး
ရလေပြီ။
ထမင်းစားချိန်လောက်တော့ ကိုကိုဝင်း လိုက်လာပြီး ခုနှစ်ထောင်လောက်ယူသွားလိမ့်မည်။
ကျန်သောငွေဖြင့် ကျွန်မတို့မောင်နှမ
ထမင်းစားရပေမည်။
နေ့လယ်ကနေ ညနေအထိ ထပ်တောင်းလျှင် အနည်းဆုံးတော့ ရှစ်ထောင်၊တစ်သောင်းရပေဦးမည်။
ညနေအိမ်ပြန်ချိန်လည်း ထမင်းစားဖို့ဖယ်ပြီး
ကိုကိုဝင်းထံ အကုန်အပ်နှံရပေမည်။
မိမိတို့၏ ဒုံရင်းသံသရာကြီးကို ပင့်သက်မောမောရှိုက်၍ သက်ပြင်းသဲ့သဲ့သာချနိူင်သည်။
ကျွန်မသည်အလုပ်တွေမလုပ်ချင်ပါ။
ဆင်းရဲသူဆိုပေမယ့် တောင်းရမ်း
စားသောက်ရသည့်မျိုးရိုးလည်း
မဟုတ်ပါပဲ..တောင်းရမ်းသူဘဝကို
ရောက်နေရသည့်အဖြစ်ကို ရှက်ရွံ့သိမ်ငယ်မိသည်။
မလုပ်ချင်ကြောင်း ငြင်းဆန်လျှင် အရိုက်ခံရမည်။
သည်ကနေ ထွက်ပြေးပါက ကိုကိုဝင်းပြောသည့်
လူဆိုးကြီးတွေက ဖမ်းခေါ်မည်လား…
ကျွန်မတို့ မောင်နှမကို မိကျောင်းကန်ကြီးထဲ
ပစ်ချမည်လား…
မမြင်ရပေမယ့် ထိုသို့သောအဖြစ်အပျက်နှင့်
ရင်ဆိုင်ရမည်ကို ကျွန်မကြောက်ရွံ့မိ ပြန်သည်။
ကျွန်မတို့မောင်နှမ မှာ ရွေးချယ်စရာ လမ်းမရှိပေ။
အကြောက်တရားတို့ကသာ ကျွန်မတို့ကို
ခြောက်လှန့်လို့နေတော့သည်။
ကျွန်မအတွေးလွင့်နေရာမှ သတိပြန်ဝင်လာတော့ ကျွန်မတို့ရပ်နေသည့်အခြမ်းဘက်တွင် မီးနီနေ၍ ကားများရပ်နေကြသည်။
ကျွန်မလည်း သနားစဖွယ် အသံလေးတစာစာဖြင့်
နေ့စဥ်လုပ်ရသည့်အလုပ်ကို လုပ်ရပြန်သည်။
ခုနက သက်သာသလိုရှိပေမယ့် လူက
ကိုယ်တွေပြန်ပူလာသည်။
သည်ကြားထဲ ရုတ်တရက် မိုးတွေက မိုးသီးမိုးပေါက်များဖြင့် ခပ်ကြမ်းကြမ်း
ရွာချလာသည်။
ကိုယ်ကပူနေပေမယ့် စိုရွှဲလာသည့်
မိုးရေစက်များကြောင့် လူကချမ်းတုန်လာသည်။
ခပ်လှမ်းလှမ်းမှာ ဖိုးတာလေးက မြူးတူးခုန်ပေါက်ပြီးမိုးရေထဲမှာ ပျော်နေသည်။
ကျွန်မ မှာတော့ မိုးရေထဲမှာ ပင် စီးကျလာသည့်မျက်ရည်များကို လက်ဖမိုးဖြင့်သုတ်နေမိသည်။
ထို စ ဥ်…
ကုန်ပစ္စည်း တင်သည့် ကွန်တင်နာလို
အလုပ်ပိတ်ကားလေးတစ်စီး မီးပွိုင့်မှာ
မီးပွီုင့်မိသွားသည်။
ကား၏ ကိုယ်ထည်ပုံမှာ မိကျောင်းပုံကို
ရေးဆွဲထားသည်။
ဖိနပ်ပုံလေးတွေလည်းရေးဆွဲထားသည်။
ကျွန်မ ထိုကားရှိရာသို့ ခပ်သောသောလေး
လျှောက်သွားလိုက်သည်။
မိုးအနည်းငယ်စဲသွားသည်မို့ ကားမောင်းသူနေရာမှာ မှန်ချထားသည်။
ကျွန်မ လာရပ်သည်ကို ကားမောင်းသူက
သတိပြုမိပြီးလှည့်ကြည့်လာသည်။
“”ကျွန်မကို မိကျောင်းကန်ထဲ ပစ်ချပေးပါလား
ဦးလေး…””
ကျွန်မ အသံက တိုးညှင်းလွန်း၍
သိတ်ကြားပုံမပေါ်ပေ။
သို့ပေမယ့် ဦးလေးကြီးက ငါးရာတန်တစ်ရွက်ကျွန်မကို ကမ်းပေးလာသည်။
ရုတ်တရက် ကျွန်မမယူသေးပဲ ဦးလေးကြီးကို
ကြည့်နေမိသည်။
“”ကျွန်မကို မိကျောင်းကန်ထဲ ပစ်ချပေးပါ..””
မီးစိမ်းသွားပြီမို့ ကားသမားဦးလေးကြီးက
ပိုက်ဆံငါးရာကို ကျွန်မရပ်နေရာ အနီး
လှမ်းပစ်ချ၍ ကားကိုမောင်းထွက်လို့
သွားခဲ့လေပြီ။
ကျွန်မလည်း ငါးရာတန်လေးကို
အမြန်ကောက်ယူလိုက်ရသည်။
#ယွန်းနှင်းဆီခိုင်
@@@@@@@@@@@@@@@@@@@@@@@
#ရွက်သစ်ဝေ (သုတရသစာပေပျိုးခင်း)
စာအုပ်မှာ ဖော်ပြပါရှိပြီးသား ဝတ္ထုတိုပါရှင့်
#ခွင့်ပြုချက်မဲ့
#စာကော်ပီပြန်ယူတင်ခြင်း
#ကလောင်ဖျောက်၍စာမူပြန်တင်ခြင်း
#Audio book များပြုလုပ်လွှင့်ခြင်း
#Vedio file ဖြင့် ဖတ်ပြခြင်း
#Vd short များ ရိုက်ကူးတင်ဆက်ခြင်း
လုံးဝ လုံးဝ ခွင့်မပြုပါကြောင်း
အသိပေးအပ်ပါတယ်။