ယတြာ(စ/ဆုံး)
——–
ပြသနာအစက စျေးထဲက ။
မနက်ကစျေးသွားတော့ အနောက်ဘက်ကနေ……
” ကလောင်လက်ဆေးတွေ ရမယ် ။
ကလောင်လက်ဆေးတွေ ”
ဆိုတဲ့အော်သံကြောင့် စာတိုပေစဝါသနာပါသူပီပီ အတွေးနယ်ချဲ့မိလိုက်တာက
” နောက်ဆုံးပိတ် ရှိသမျှ ကလောင်လက်ဆေး လက်ကုန်ရေးချထားတဲ့ စာအုပ်တွေရောင်းတာလားမသိဘူး ”
အတွေးနဲ့အသံလာရာကို လှည့်ကြည့်လိုက်မိတယ် ။
” ပိကျိ !!!!!!
ပိကျိ !!!!! ”
ဆိုပြီး စျေးသည်က သူ့လက်ထဲက အရာကို ညှစ်ပြရင်းကနေ ထပ်အော်ပြန်တယ် ။
” ဟေ့ ဒီမှာ ကလောင်လက်ဆေးတွေ ။
ကလောင်လက်ဆေးတွေ ”
ပူစီဖောင်းသည်က ကလောင်လက်ဆေးအော်လိုက် ပိကျိ ပိကျိ ညှစ်ပြလိုက် ။
ခက်ရချေရဲ့ !!!!!
.” ကလေးလက်ဆောင် ဆိုလဲ ကလေးလက်ဆောင် အော်ပါတော့လား ”
ဇောက်ထီးသည်ကြီးကို မအီမလည်ကြည့်ပြီး ဆက်လျှောက်လာလိုက်တော့ လမ်းဘေးက ဟီးထနေအောင်ပုံထားတဲ့ပြောင်းဖူးပုံကြီးမြင်မှ အမေမှာတာသတိရမိပြီး အပုံနောက်မှာထိုင်နေတဲ့ စျေးသည်အစ်မကြီးဆီပြောင်းဖူးဝယ်ဖို့ရပ်လိုက်မိတာနဲ့
” ဟေ့ ဒီမှာ ပြူးဖောင်းတွေရမယ် ။
ပြူးဖောင်းတွေ ။
အစီးကျိပေမဲ့ နတ်ဖု နေတဲ့ လတ်လတ်ဆတ်ဆတ် ပြူးဖောင်းတွေ ”
ဆိုတဲ့အော်သံကိုကြားရပြန်တယ် ။
” အစ်မရေ ပြောင်းဖူး တစ်ဖူး ဘယ်လောက်လဲ ”
” ညီမရေ ပြောင်းဖူးမခေါ်ပါနဲ့ ။
စျေးယတြာ အနေနဲ့ ပြူးဖောင်းပဲ ခေါ်ပါ ”
ဟမ်!!!!!
ဘာတွေ ဖြစ်ကုန်တာလဲ ။
မတတ်နိုင် ။
ရောမ ရောက်တော့ ရောမလိုပဲ ကျင့်ရမည်ပေါ့ ။
” ဟုတ်ပါပြီ ။
အဲ့ဒီ ပြူးဖောင်းက တဖောက်ဘလူးလဲ အစ်မ ”
” အေး အေး တဖာလေးရူး ညီမရေ ”
” များလိုက်တာ နှစ်ဖာငါးရူး မရဘူးလား အစ်မ ”
” ဟဲ့ အမယ်လေး ပြူးဖောင်းစျေးက အါ့လောက်မကျသေးဘူး ။
တဖာသုံးရူးနဲ့ယူသွား ”
ပြူးဖောင်သည်နဲ့ဟာမိုနီကျကျ စျေးဆစ်ပြီး တစ်ဖူးသုံးရာနဲ့စျေးတည့်သွားတယ် ။
ပြီးတာနဲ့ ဆောင်းတွင်းဆို ချဉ်ဖတ်အိုးတည်စားနေကြဆိုတော့ ချဉ်ဖတ်ထည့်ဖို့ ကုန်စိမ်းရောင်းတဲ့ဆိုင်ရှေ့ရပ်လိုက်ပြီး
” ညီမရေ မုန်လာဥ တစ်စည်း ဘယ်လောက်လဲ ”
” ဟမ် !!!!!
အမယ်လေး အမယ်လေးးး
အစ်မရေ မုန်လာဥ လို့မခေါ်ပါနဲ့ ။
မုလုံအာလို့ ခေါ်ပါ ။
စျေးမှာ ယတြာချေ နေကြတာမလို့ပါ ”
ထူးတော့ထူးဆန်းနေသား ။
ဒီနေ့မှ အထူးအဆန်းတွေ ။
” ဟုတ်ပါပြီ !!!!!
အဲ့ဒီ မုလုံအာ တစ်စည်း ဘယ်လောက်လဲ ညီမ ”
” ဟုတ်ကဲ့ အစ်မ ။
တစ်စာသုံးရီး ပါအစ်မ ”
” ဟဲ့ သူးဗံ တော့ စစ်ပါတယ်နော် ။
မုလုံအာက သူးဗံမဟုတ်ရင် ရော်ထင့်နေကော ”
လျှာက အတော်သွက်စပြုလာပြီ ။ ရောမရောက်ရင် ရောမလို ကျင့်ရမှာပ ။
စျေးသည်ညီမလေးကလဲ အားကျမခံ
” စချိတ် အစ်မ ။
ဒါ သူးဗံ စစ်စစ် နတ်ဖု နေတာပဲ ။
မယုံရင် အစ်မ ဥကို စိကြိတ် လိုက် ”
သူပြောတာနဲ့လိုက်ပြီး စိကြိတ်လိုက်တော့ ဥတွေက နတ်ဖုနေတာတော့ အမှန် ။
” ညီမရေ နှစ်စာငါးရီးတော့ထား ”
” ယအမူ
ယအမူ ”
မုလုံအာကို ၂ စာငါးရီးနဲ့ဝယ်ပြီး ဆိုင်ကပြန်ထွက်လာလိုက်တယ် ။
အမေက ကြက်သားငါးပိချက် ချက်စားမယ်ပြောတာကြောင့် သားငါးတန်းဘက် ဆက်သွားလိုက်သည် ။
” ငါးဖစ်ခြယ်တွေ ရမယ်
ငါးဖစ်ခြယ်စစ်စစ်တွေ ”
” ဟဲ့ ပဇုတ်ထွန် ဘယ်စျေးတုန်း ”
” မြန်ငါးဒစ်တွေနော် ရေမြင်ခုန်ချ မြန်ငါးဒစ်တွေ ”
သားငါးစျေးမှာလဲ အော်ရောင်းနေကြ ဝယ်နေကြတာ ဇောက်ထိုးတွေ ။
ဝယ်နေကြ ကြက်သားဆိုင်ရှေ့ရောက်တာနဲ့ အထာနပ်နေပြီ ဖြစ်တာမလို့…………
” အစ်မရေ တက်ကြောတွေ ဘယ်စျေးလဲ ”
” အမယ်လေး တက်ကြောက တက်တာ ပြန်ကို မကျတော့ဘူး ညီမရေ နှစ်သေးဇောင်း ”
” ဘုရား ဘုရား နှစိသေးဇောင်းဆို တွက်ချေ မကိုက်ဘူး ။
စက်ပက်ကြီ ကကော ဘယ်စျေးတုန်း ”
” အဲ့ဒါက ရုံပင်ဆို ကာရိုးစျေး ညီမ ”
” ဒါဆို ပါးသောင်ကကော ”
” ပါးသောင်က ရှာရစ်နဲ့ယူ ”
” ဒါဆို စက်ပက်ကြီ ပါးသောင် ခြယ်ဆောက်သား ။
ရိုးထေမှာနဲ့ တစ်ဝင်တက်ရုံ ရှိမယ် ”
” အမယ်လေး ညီမရယ် ။
အါ့လောက် ရိုးမထေ ပါဘူး ။
နဂိုထဲက စက်ပက်ကြီ အသားက ပြဲစိပွနေတဲ့ဟာကို ညီမပြောသလောက်သာ ရိုးထေ ရရင် ဘိုင်လဘတ်တွေ ဖြစ်ကုန်မှာပေါ့ ”
ကြက်သားဝယ်ပြီးမှသတိရသွားတယ် ။
ငပက်ချိအတွက်ဆို ငရီးသုတ်က လိုအုန်းမှာ ။
စျေးထိပ်မှာ ဗန်းလေးနဲ့ထုပ်ရောင်းနေတဲ့ ငရီးသုပ်သည်ဆီကို သွားလိုက်ပြီး
” ဟဲ့ ခလမေး !!!!
နင့် ငရီးသုတ်က တစ်ထုပ်ဘယ်လောက်လဲ ”
” အီတန်ရေ !!!!
တစ်ထာတရုပ်နဲ့သာယူသွား ”
” အေး အေး
တထေးပုပ် ”
အင်းးး
စုံလောက်ပါပြီ ။
အိမ်ရောက်တာနဲ့အမေကထွက်လာကြိုပြီး
” ဟဲ့ ငါမှာလိုက်တာတွေ ပါလား ”
” ပယ်တာ ပယ်တာ အမေရေ !!!!
ငါးပက်ချိ ချက်ဖို့ ကော ။
ချတ်ဖင်ထည့်ဖို့ကော ”
” ဟဲ့ ဘာ ငါးပက်ချိ ဘာချတ်ဖင်လဲ ”
” အမေကလဲ ဒေးဝုန်း ဒုန်းဝေးပါ့ ။
စျေးထဲက စျေးသည်တွေက ခုဆို အါ့လိုစကားတွေပဲပြောကြတာ ”
” ဟေ အဲ့ဒါ ဘာစကားလဲ ”
” ဇောက်ထိုးပြောတဲ့စကားလေ အမေရဲ့ ။
ကုန်စျေးနှုန်းတွေက အရမ်းကြီးတော့ ဇောက်ထိုးပြောရောင်းကြ ဝယ်ကြရင် အထက်တက်နေတဲ့စျေးတွေက ဇောက်ထိုးကို ပြန်ကျလာမှာဆိုပြီး နာမည်ကြီး ဗေဒင်ဆရာကြီး တစ်ဦးက ဟောထားလို့တဲ့ ။
အခု တစ်စျေးလုံး ဇောက်ထိုး ဇိုးထောက်ပဲ ပြောကြတော့တာ အမေရဲ့ ”
” ဟေ
ဟုတ်လား ”
” ဟုတ်ပါတယ်ဆို အမေရဲ့ ”
…………………………………
ချက်ပြုတ်ပြီး ဖုန်းပွတ်နေရုံ ရှိသေး
” သေမရီး !!!!!
မဲမလွန်းခင် ဆပ်ကွမ်းရမယ်နော် !!!!
ဖွတ်ပဲပုံးမနေနဲ့ ။
ဇက်တွေကတေးနေရတဲ့ထဲ ကောက်ပုံတွေပဲ လုပ်မနေနဲ့။ ကျမရိဘူး ”
ဖုန်းထဲ အာရုံရောက်နေတာမလို့ မနက်က ကိစ္စက ခေါင်းထဲမပေါ်တော့ ။
” အမေ ဘာတွေပြောနေတာလဲ ”
” ဟဲ့ နင်ပဲ ဇောက်ထိုးပြောရင် ကုန်စျေးနှုန်းက ဇောက်ထိုး ဇိုးထောက် ကျလာမယ်ဆို ။
ဒီနေ့ကစ ယတြာချေတဲ့အနေနဲ့ ဇိုးထောက်ပဲ ပြောကြမယ် ။
ဖွတ်ပုံးမနေနဲ့ ဆပ်ကွမ်းတော့ မဲမလွန်းခင် ။
ငါ ပရွတ်ရိတ်နေတာ အက်ရုံပျာတယ် ။
အချိကျိန်ပြီး မလူးဘုတ် ”
အမေ့ကို ဘာမှ ထပ်အထွန့်မတက်ရဲတော့ ။
ကုန်စျေးနှုံးမကျမချင်း အမေ ဒီလိုသာ ယတြာချေနေရင် ခက်ရချေရဲ့ ။ ။
ယဉ်ယဉ် ( ရွှေခယ်မြေ )