ရန်ငြိုးကြီးသော သရဲ

Posted on

” ရန်ငြိုးကြီးသော သရဲ ” (စ…ဆုံး)
~~~~~~~~~~~~~~~~~~~~
မိုးတွေတဖြိုက်ဖြိုက်နဲ့ရွာကောင်းနေသည့် ညအချိန်၌…

သာမောင် အိပ့်ရာဝင်ဖို့ အခန်းအတွင်းသို့ ရောက်နေခဲ့လေပြီ။
သာမောင့်ထံတွင် မိသားစုဆွေမျိုးမရှိ။
တစ်ယောက်ထဲ ရပ်တည်နေထိုင်ရင်းမှ သာမောင်ဟာ ယခုနေထိုင်သော ဆင်ခြေဖုံးရပ်ကွက်လေးတွင်ပြောင်းရွေ့လာခဲ့​လေ သည်။
ထို ရပ်ကွက်လေး၌ သာမောင်တစ်​ယောက်ထဲ နေထိုင်လာသည်မှာ ယခုဆို
တစ်နှစ်ခန့်ပင်ရှိခဲ့လေပြီ။
မိသားစု မရှိသည့်သာမောင့်အတွက်တော့ သူစုဆောင်းထားသည့် စာအုပ်များက အဖော်ပြုပေးလေသည်။
ထိုသို့ နေထိုင်လာသော သာမောင့် ဘဝတွင် မမေ့နိုင်သော အဖြစ်အပျက်တစ်ခုသည်လည်း တည်ရှိနေပြန်၏။
ထိုအဖြစ်အပျက်ကို သာမောင် မေ့ဖျောက်ရင်း ပုံမှန်အတိုင်းနေထိုင်လာခဲ့သည်မှာတစ်နှစ်ကျော်ခဲ့လေပြီ။

# # #

“ဂျိမ်း…….”

“ဝေါ…..ဝေါ….ဝေါ………”

ပတ်ဝန်းကျင်တွင်မိုးချိန်းသံများ၊လေပြင်းတိုက်သံများ၊မိုးရွာသံများဖြင့် ဆူညံနေခဲ့လေသည်။

တစ်နေကုန် မရွာဘဲအုံ့မှောင်းနေသောမိုးသည် ညအချိန်ကျမှအငြိုးတကြီး သည်းထန်စွာ ရွာသွန်းလို့ နေခဲ့၏။
မိုးသံများကြောင့် သာမောင် အိပ့်ရာထက်လူးလိမ့်ကာ အိပ့်မပျော်နိုင်သေး။
သူ၏ အခန်းအတွင်းရှိ တိုင်ကပ်နာရီသည်ပင် ဆယ်နာရီဆီကို ညွှန်ပြလို့နေပြီဖြစ်၏။
ခဏအကြာတော့ သာမောင်ရဲ့ အခန်းတွင်းရှိ မီးလုံးသည် အမှောင် ကျသွားတော့၏။
ထိုသည်ကား မိုးလေမသည်းလိုက်နှင့် သည်းလိုက်သည်နှင့် ပျက်တောက်သွားတတ်သော လျှပ်စစ်မီးကြောင့်ဖြစ်ပေသည်။

“ဒုန်း….ဒုန်း….ဒုန်း…….”

သာမောင် မီးပျက်သွား၍ ခဏမှေးခနဲအိပ့်ပျော်သွားချိန်မှာ သူ၏ အိမ်ရှေ့တံခါးထံမှ ထု့ရိုက်သံများ ထွက်ပေါ်လာသော်ကြောင့် နိုးလာခဲ့ရပြန်သည်။
မိုးလေကျ နေသည့်အချိန်၌ သာမောင့်ထံသို့ လာရောက် သော ဧည့်သည်ကြောင့် သာမောင် ချက်ချင်းမထသေးဘဲ အိမ်ရှေ့တံခါးဆီမှ အသံအား နားထောင်နေလိုက်၏။

” ဒုန်း….ဒုန်း…ဒုန်း…..ဒုန်း……..”

“ဝေါ…..ဝေါ……..ဝေါ……..”

မိုးလေသံနှင့်ရောနေ၍ မည်သူမှ မလာနိုင်ဟု သာမောင်တွေးရင်း ထိုအသံအား မေ့ထားလိုက်တော့လေသည်။
ထိုသို့ သာမောင် ပြန်မှေးရင်း အိပ့်ပျော်သွားခဲ့ရာ….

“ဝုန်း…..ဘုန်း……”

“ဟင်…”

သူ၏ အိပ့်ခန်းတံခါးအား ဖြိုဖျက်ခံလိုက်ရ၍ သာမောင် အလန့်တကြားနိုးလာခဲ့ရသည်။
သူနိုးလာ​တော့ မီးသည်လည်း ပြန်လာနေပြီဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမြင်လိုက်ရ၏။

“မင်း…..မင်း…..ဘယ်သူလဲ”

“ဟား….ဟား..ဟား…ဟား…ဟား..ဟား..ဟား…ဟား..ဟားး….ငါ့ကိုမေ့နေပြီလား…..”

ဖြိုဖျက်ခံလိုက်ရ၍ ကျိုးပျက်သွားသော အခန်းတံခါးအနီးတွင် ရပ်နေသော လူတစ်ယောက်။
ထိုလူသည် သူ၏ ရှည်လျားသော ဆံပင်ကြီးနှင့်ခေါင်းအား ငေါက်စိုက်ချကာ အော်ဟစ်ရယ်မောလိုက်၏။
သာမောင် မိမိကိုရန်မူဖို့လာလေသော သူကို စိုက်ကြည့်ရင်း ကြောက်လန့်နေမိခဲ့သည်။
ထိုလူသည်ကတော့ အော်ဟစ်ရယ်မောရင်း သူ၏ ခေါင်းအားမော့လာခဲ့လေရာ….

“ဟာ…….မင်း……မင်းက……မင်းက……”

“ငါ့ကို မမှတ်မိဘူးလား…..သာမောင်….မင်းကြောင့် ငါသေခဲ့ရတာ…..မင်းကြောင့်ငါသေခဲ့ရတာကွ……”

ခေါင်းမော့လာသည့် ထိုလူ့၏ မျက်နှာကို သာမောင်မှတ်မိလိုက်၏။
ထိုလူသည်က သူ၏အချစ်ရဆုံး သူငယ်အချင်း မင်းဆွေ ဖြစ်သည်။
ယခု မင်းဆွေသည် သူနှင့် ခင်မင်ခဲ့သောကကဲ့သို့ ပုံစံမျိုးမဟုတ် …။မင်းဆွေ ဝတ်ထားသော ဂျင်းဘောင်းဘီသည် စုတ်ဖွာ ကျဲနေပြီး အောက်မှ ပိန်ကပ်နေသော အသားများပင်ပေါ်နေလေပြီ။
အပေါ်မှ ဝတ်ထားသော အဖြူယောင် စပို့ရှပ်သည် မည်းညှစ်ထေးနေပြီး အရိအရွဲများဖြင့် စုတ်ပျက်သတ်လို့နေခဲ့၏။
ထိုထဲမှ ပို၍ ထူးခြားသည်က မင်းဆွေ၏ မျက်လုံးကြီးများသည် အပြင်သို့ပင်ထွက်ကျလု့အနေအထားဖြစ်နေခဲ့၏။
ထိုသို့ဖြစ်ရခြင်းက သာမောင်သိသော မင်းဆွေဟာ သေဆုံးပြီးသော လူဖြစ်နေသောကြောင့် ပင်။

“မင်း…..မင်း….ငါ့ဆီဘာလာလုပ်တာလဲ မင်းဆွေ။ မင်းသေတာဖြင့်ကြာပြီလေ…..”

သာမောင် မင်းဆွေရဲ့ ပုံသဏ္ဍာန်​ကြောင့် ကြောက်လန့်ကာ စကားဆိုလိုက်လေသည်။

“အေး….ငါသေတာကြာပြီ….ငါ့ကို သတ်တဲ့မင်းကို ငါ ပြန်သတ်ချင်နေတာကြာပြီကွ…….”

မင်းဆွေက ကြောက်မက်ဖွယ် မျက်နှာထားဖြင့် သာမောင့်အား လှမ်းအော်လိုက်၏။

“ဘာ….ဘာဆိုင်လို့လဲ…ငါမင်းကို မသတ်ဘူး…..ငါမသတ်ဘူးလေ….မင်းဘာသာသေတာ”

“သာ…..မောင်…..ငါ မင်းကိုသတ်ဖို့အချိန်တွေစောင့်လိုက်ရတာ ငါသေတဲ့နေရာမှာ ငါ စွဲကပ်နေခဲ့ရတာ….အခု ငါ မင်းကို လိုက်ရှာဖို့ အချိန်ကျလို့ ငါမင်းဆီကိုလာတာ…..ငါမင်းကို သတ်မယ်……ငါသတ်မယ်…..”

“ဟာ…..မလာနဲ့…..မလာနဲ့လေ……….မလာနဲ့…..”

မင်းဆွေက သာမောင့်ထံသို့ အငြိုးကြီးစွာဖြင့် သတ်ဖို့ရန် ဒေါသတကြီးလျှောက်လှမ်းလာခဲ့လေရာ သာမောင် ကြောက်လန့်ကာ အော်ဟစ်လေတော့သည်။

****

“ဝုန်း…….”

“အ….”

သာမောင် အိပ့်ရာထက်မှ ပြုတ်ကျလာခဲ့၏။
ပြုတ်ကျသွားစဥ် ကြမ်းပြင်နှင့် တတောင်ဆစ် ရိုက်ခတ်မိတာကြောင့် အသည်းခိုက်မတတ် နာကျင်သွားရပြန်သည်။
နာကျင်သော တတောင်အား လက်ဖြင့် ကိုင်ရင်း ကြမ်းပြင်ပေါ် ထိုင်ကာငေးနေမိ၏။

သာမောင် အိမ်မက်တစ်ခုထဲအား အကြိမ်ကြိမ် မြင်မက်နေရသောကြောင့် စိတ်ဓာတ်များ ကျဆင်းလို့နေ၏။
အိပ့်ပျော်သွားလျှင် မြင်မက်လာသောအိမ်မက်အတွင်း မင်းဆွေ၏ ရန်ပြုသံများ၊ကြောက်မက်ဖွယ် အမူအရာများကို သာမောင် ထိတ်လန့်ကာ ညဘက်သို့ရောက်လျှင် မအိပ့်ဘဲ နေသော််လည်း မိုးလင်း ခါနီးတိုင်းမှာ အိပ့်ပျော်သွားခဲ့ရ၏။
ထိုသို့အိမ်မက်၏နှိပ့်စက်မှု့​တွေ​ကြောင့် လူသည်လည်း မျက်ကွင်းများပင် ညိုကာ ၊အစားအသောက်ပင် မှန်အောင် မစားနိုင်လောက်သည်အထိ စိတ်ဓာတ်များ ကျဆင်းလို့လာလေသည်။

###

“ငါ့တူ….မင်းကြည့်ရတာ ပိန်လိုက်တာကွာ…နေများမကောင်းလို့လား”

ဘေးအိမ်မှ အလည်လာတတ်သော.အဘမြိုင်က သူ့ထံသို့ရောက်လာခဲ့၏။
အဘမြိုင်အတွက်ရေနွေးနှင့်လက်ဖက်သုပ် ဧည့်ခံလေတော့
သူ့အားကြည့်ကာ အဘမြိုင်က မေးလိုက်ခြင်းဖြစ်သည်။

“နေကောင်းပါတယ်အဘရယ်….”

“ဟ….မင်းနေကောင်းတာကလည်း မင်းကိုယ်တိုင် မှန်ကြည့်ကြည့်ဦး သာမောင်ရ….
ပိန်လိုက်တာကွာ…ငါမတွေ့တာကြာလို့ လာမှ မင်းပုံစံကိုမြင်ရတော့တယ်…ဘာတွေဖြစ်နေတာတုန်း သာမောင်….”

အဘမြိုင်က သူ့အတွက် စိုးရိမ်စွာမေးနေလေတော့ သာမောင် ဟန်မဆောင်နိုင်တော့ဘဲ….

“အဘ….ကျုပ်….ကျုပ် အိပ့်မရဘူးအဘရာ….အီး..ဟီ…ဟီး…ဟီး…..”

“ဟေ….”

သာမောင် အဘမြိုင်ကို အားကိုးတကြီး ပြောရင်းဝမ်းနည်းစိတ်ကြောင့် ငိုချလိုက်တော့၏။
သာမောင့် ပုံစံကြောင့် အဘမြိုင် အံ့သြ သွားကာ…

“သာမောင်…ငါ့တူ မင်းဘာတွေဖြစ်နေလို့လဲ…အဘကိုပြောပါကွာ…မင်းကြည့်ရတာ ငါစိတ်မချမ်းသာလို့ပါ…ကဲ …ကဲ…သာမောင် မငိုတော့နဲ့ကွာ ဘာဖြစ်တယ်ဆိုတာသေချာ ပြောစမ်းအဘကို….”

သာမောင် ငိုရှိုက်နေတာကို ရပ်တန့်လိုက်ပြီး မျက်ရည်များကို သုတ်ကာ နှာတစ်ချက်ရှုံ့လိုက်၏။
ပြီးမှ အဘမြိုင်အမေးအား…

“ကျုပ် ညတိုင်း အိမ်မက် မက်တယ်အဘ….အဲ့အိမ်မက်ထဲမှာ ကျုပ်သူငယ်ချင်း မင်းဆွေက ဒေါသတကြီးနဲ့ သူ့ကို ကျုပ်သတ်လို့ဆိုပြီး အမြဲ သတ်မယ်တကဲကဲ ရန်ဆောင်တယ်……သူ့ပုံစံကြီးကလည်း ကြောက်ဖို့ကောင်းလိုက်တာအဘရာ….ကျုပ်..
ကျုပ်ကို သူသတ်ချင်နေတာဗျ…….”

“ဟေ……အိမ်မက်…..မင်းသူငယ်ချင်း……အဲ့အိမ်မက် ကတစ်ခါထဲမက်တာလား “

“ကျုပ်မက်နေတာ ညတိုင်းပဲအဘ….ကျုပ်အိပ့်မပျော်အောင်ကြိုးစားပေမယ့် မရဘူးဗျာ….ကျုပ် အိပ့်ပျော်သွားတိုင်းလည်း ကျုပ်ကို အမြဲ သတ်ဖို့ကြိုးစားနေပြန်ရော….ကျုပ်….ကျုပ် ကြာရင် အစားပျက် အအိပ့်ပျက်နဲ့ ရူးတော့မယ် အဘရာ..ကျူပ်ကိုကယ်ပါဦး….”

အဘမြိုင်က သာမောင့်စကားအားသေချာနားထောင်နေ၏။
သာမောင် စကားဆုံးသည်နှင့်မပြောသေးဘဲ ခဏငြိမ်နေခဲ့ပြီးမှ….

“ဒါဆို….မင်း သူ့ကိုသတ်လိုက်တာလား…သာမောင်….”

“ဟာ….ကျုပ်မသတ်ပါဘူး အဘရာ….သူ့ကြောင့် ကျုပ်တောင် သေမလိုဖြစ်ခဲ့ရတာဗျ…..ကျုပ်မသတ်ပါဘူးဗျာ….”

“ဟ…ဒါဆို မင်းကို သူက ဘာလို့ သတ်ချင်နေရတာတုန်း…”

အဘမြိုင်က အားမလိုအားမရ ဖြင့် သာမောင်အား အသံမြှင့်ကာပြောလိုက်လေ​တော့ သာမောင်က…

“ကျုပ်ပြောပြမယ် အဘရာ…အဘ ကျုပ်ပြောတာနားထောင်ပြီးရင်တော့ ကျုပ်ကို ကူညီပေးပါဗျာ….”

“အေး…မင်းသာသေချာပြောပြ….အဘကူညီနိုင်တာကူညီပေးမယ် စိတ်ချ “

အဘမြိုင်ဆီမှ စကားကြောင့် သာမောင် သူ မေ့ပစ်ထားသည့် နေ့ရက်များကို ပြန်အစဖော်လိုက်ရပြန်၏။

###

“မင်းဆွေရေ….ထမင်းစားကြမယ်လေ….”

“အေး…လာပြီ သာမောင်ရေ…ခဏနေဦး ဒီကားက ကိုင်လက်စမို့ ခဏစောင့်ကွာ….”

“ဟာ….မင်းကလည်း လာပါ ထမင်းစားပြီးမှ ဆက်လုပ်စမ်းပါကွာ….”

သာမောင် ကထမင်းစားဖို့အတင်းခေါ်နေလေတော့ မင်းဆွေ သာမောင် ခေါ်ရာဆီသို့ လာခဲ့လိုက်တော့သည်။

သာမောင်နှင့် မင်းဆွေတို့သည် မိဘမဲ့များဖြစ်ကြ၏။
မိဘမဲ့ဂေဟာတွင် အတူကြီးပြင်းလာကာ မခွဲအတူ အချစ်ဆုံးသူငယ်ချင်းများအဖြစ် အပြင်လောကတွင် အတူ ရုန်းကန်လာခဲ့ကြလေသည်။
ယခု သာမောင်နှင့် မင်းဆွေဟာ ဦးတင်စမ်းရဲ့ ကားပြင်ဆိုင်တွင် အတူလုပ်ကိုင်ကာ ကားနှင့်ပတ်သတ်သမျှ ပညာအား သင်ယူနေကြလေသည်။

“သာမောင်….”

“ဟေ…ဘာလဲ”

ထမင်းစားနေရင်း မင်းဆွေကခေါ်လေတော့ သာမောင် ခေါင်းကို တစ်ချက်မော့ကာ ပြောရင်း စားလက်စထမင်းကိုဆက်စားနေခဲ့၏။

” ငါ့တို့ ဖားကန့်သွားရအောင်လား….”

“ဖားကန့်…ဖားကန့်ဘာသွားလုပ်မှာလဲ “

“မင်းကလည်း …ရေမဆေးကျောက်ရှာမှာပေါ့ဟ….”

“ရေမဆေးကျောက်…”

“အေးလေ….ရေမဆေးကျောက်ရှာပြီး ကံကောင်းလို့ ကျောက်ကောင်းတွေ့ရင် တို့တွေချမ်းသာမှာဟ”

“မင်းဘယ်သူပြောတာလဲ ဒီအကြောင်းကို”

သာမောင် စိတ်ဝင်စားသွား၍ မင်းဆွေအားမေးလိုက်လေတော့…

“ဟိုတစ်နေ့ကဘောစိ့ဆီ ကားလာပြင်တဲ့ ဦးအောင်မောင်းဆိုတဲ့ လူကြီးက ပြောတာကွ..
သူတောင် ကျောက်အောင်လို့ ချမ်းသာလာတယ်ဆိုပဲနော်…”

“ဟာ…ဒါဆို ငါတို့လည်း ချမ်းသာနိုင်တာပေါ့ ဟုတ်လား မင်းဆွေ”

“အေးပေါ့…ငါတော့ သွားချင်တယ်ကွာ…ငါသွားရင် မင်းလည်း လိုက်မှာမလား”

“လိုက်မှာပေါ့ဟ…ဒါနဲ့ သွားဖို့က တို့ ဘယ်လို လုပ်မှာလဲ “

“ဒါတော့ မပူနဲ့ ဦးအောင်မောင်းက ငါ့ကို သူ့လိပ်စာပေးခဲ့တယ် သွားမယ်ဆို သူကူညီမယ်ပြောတယ်…”

“အေး….ဒါဆိုလည်း သွားကြမယ်ကွာ…”

ထိုသို့ဖြင့် ဦးအောင်မောင်း၏ အကူအညီဖြင့် သာမောင်တို့ သူငယ်ချင်းနှစ်ယောက် ဖားကန့်သို့ရောက်သွားတော့၏။
ဟိုရောက်တော့ အများနည်းတူ ရေမဆေးကျောက်ရှာဖွေရင်း သုံးနှစ်မျှကြာသွားခဲ့၏။
သုံးနှစ်မျှကြာပြီး တစ်နေ့မှာတော့ သာမောင် ယူလာသည့် ကျောက်ဟာ တန်ဖိုးကြီးသော ကျောက်ဖြစ်နေ၍ လောပန်းထံရောင်းရာမှ သာမောင်တို့ ချမ်းသာသွားစေသည့် ငွေကြေးအားရရှိခဲ့လေသည်။

ထိုငွေကြေးရပြီးနောက် သာမောင်တို့သူငယ်ချင်းနှစ်ယောက် နေထိုင်ရာမြို့သို့ပြန်လာခဲ့၏။
ထိုမြို့၌ပင် အိမ်ဝိုင်းဝယ် ပြီးနောက် ပိုသော ပိုက်ဆံထဲမှ အချို့အား ဦးအောင်မောင်း၏ အလုပ်များထဲတွင် ရှယ်ရာပါဝင်
လို​က်ကြတော့လေသည်။
ဦးအောင်မောင်းအလုပ်ထဲ ရှယ်ရာပါဝင်ပြီးနောက် သူတို့နှစ်ယောက်ဟာ ဦးအောင်မောင်း နေအိမ်သို့ မကြာခဏ အဝင်အထွက်များလာခဲ့၏။
အကြောင်းသည်ကား ဦးအောင်မောင်း၏ သမီး ချယ်ရီအား သဘောကျနေသောကြောင့်ဖြစ်၏။
သူတို့နှစ်ဦး ချယ်ရီအားသဘောကျနေသည်ကို တစ်ယောက်နှင့် တစ်ယောက် မပြောဖြစ်ကြပေမယ့် ဦးအောင်မောင်းက ရိပ့်မိလေသည်။
ဒါကြောင့် သမီးဖြစ်သူအား မေးမြန်းလေတော့ သူသည် သာမောင့်အပေါ်၌ သာ သံယောဇဥ်ရှိကြောင်းပြောလေတော့ ဦးအောင်မောင်းဟာ သာမောင်နှင့် လက်ထပ်ပေးဖို့ စီစဥ်တော့၏။
ဦးအောင်မောင်း၏ အစီအစဥ်အား သာမောင်တစ်ယောက် ဝမ်းသာနေသော်လည်း မင်းဆွေကတော့ မပျော်နိုင်တော့။
သူချစ်ခင်နေသော မိန်းကလေးနှင့် သူ့သူငယ်ချင်းတို့၏ ပျော်ရွင်နေသော မြင်ကွင်းများကိုမြင်ရတိုင်း မင်းဆွေ၏ ဒေါသများ ပိုမိုတိုးလာခဲ့လေသည်။

ထိုသို့ သာမောင်တို့ လက်မထပ်မီ တစ်ပတ်အလို၌ အခြားတစ်မြို့ရှိ ဦးအောင်မောင်း၏ မိတ်ဆွေထံ ဖိတ်စာပို့ဖို့ရန်အတွက် သာမောင်တို့သုံးယောက် ကားဖြင့် ထွက်လာခဲ့ကြ၏။
သာမောင်နှင့် မင်းဆွေက ကားရှေ့ခန်းမှာနေရာယူပြီး ချယ်ရီကတော့ ကားနောက်ခန်းမှ လိုက်ပါလာခဲ့လေသည်။
ဖိတ်စာပို့ပြီးအပြန်မှာတော့ နောက်ခန်းမှ ချယ်ရီအား သာမောင်က စနောက် ပြောဆိုနေရာ ကားမောင်း​နေရင်းမှ သူတို့နှစ်ဦးအားကြည့်နေသော မင်းဆွေတစ်​ယောက် မနာလိုသဝန်တိုစိတ်များဖြစ်ပေါ်လာကာ ကားအား အရှိန်တင်၍ မောင်းနှင်လာတော့လေသည်။

“မင်းဆွေ…ကားက အရှိန်လျော့ပါဦးဟ…မင်းမောင်းတာ အရမ်းမြန်လွန်းတယ်….ဒီလမ်းက ကားရှင်းပေမယ့် ရှေ့မှာ လမ်းကွေ့တွေပေါတယ်…။ မတော်ရင် ချောက်ထဲ ကျသွားနိုင််တယ်ကွ “

“ကျ…ကျကွာ….”

မင်းဆွေက အသံမာဆတ်ဆတ်ပြောလိုက်ပြီး ကားအရှိန်ကို ​ ထပ်တိုးလေတော့ နောက်ခန်းမှချယ်ရီက…

“အကိုမင်းဆွေ….ကားအရှိန်လျော့ပါ…ချယ်ရီတို့ကို စချင်ရင် အခြား စပါ….မတော်ရင်ဖြင့် ကားမှောက်သွားလိမ့်မယ်တော်….”

“ဘာ….စတယ်….ဟား…ဟားး…ဟားး…ဟား…
နင်တို့ကတော့ ပျော်နေကြတယ်ပေါ့….ငါ့မှာ​တော့ ….
ငါ့မှာ​တော့… နင်တို့ပျော်တာမြင်တိုင်း…. ဟောသည်….. ဟောသည်ရင်ဘက်ကြီးက ပူလောင်တာကို ခံနေရတာ….”

“ဘာ….”

“ဘယ်လို….”

“အေး….အံ့သြကြ…ဒီမှာ သာမောင်…ငါ ချယ်ရီကို ချစ်တယ်……ငါမရရင် မင်းလည်းမရစေရဘူး…..”

“ဟာ….မင်း…မင်း…ကားကိုအရှိန်လျော့ပါ မင်းဆွေ….မင်းဆွေ……”

“အမလေး……..”

“ဝုန်း……”

“ဘုန်း……”

“ဘုန်း…..”

“ဝုနှးးးးးးးးးးးးး”

မင်းဆွေဟာ လမ်းကွေ့ကို ကွေ့မချတော့ဘဲ ချောက်ထဲ သို့တန်းတန်းမောင်းသွားလေသည်။
ထိုချောက်ထဲသို့တလိမ့်ခြင်းလိမ့်ကာ ကျသွားသော ကားလေးသည်လည်းချောက်အောက်ခြေရောက်တော့ မီးများထတောက်ပြီး ထိုမီးသည် ကားလေးအားဝါးမြိုသွားတော့လေသည်။

###

“ဟာ….ဒါဆို မင်းက ဘယ့်နဲ့လွတ်လာရတာတုန်း…”

အဘမြိုင်က မေးလေတော့ သာမောင် မျက်ရည်လေးတွေဝဲပြီး….

“ကျုပ်က ကြောက်လန့်ပြီး ကားတံခါးကို ဖွင့် ခုန်ဆင်းလိုက်တာအဘရာ…ကျုပ်က ထိခိုက်မိယုံလောက်ပဲ ဖြစ်သွားပေမယ်လို့….ချယ်ရီနဲ့ မင်းဆွေတို့ကတော့ ကားနဲ့ပါသွားပြီး ချောက်ထဲမှာ ပဲ ကားမီးလောင်သွားခဲ့တာဗျာ….ကျုပ်….ကျုပ်မသတ်ပါဘူးအဘရယ်…..”

သာမောင် ဝမ်းနည်းစွာငိုလေတော့ အဘမြိုင်က သာမောင့်ကျောပြင်အား လက်ဖြင့် ပုတ်ကာ နှစ်သိမ့်ပေးရှာ၏။

“အင်း….ငါ့တူအဖြစ်ကလည်း ဆိုးဝါးလိုက်တယ်ကွယ်…အချစ်ကြောင့် သူငယ်ချင်းတွေ စိတ်ဝမ်းကွဲပြီး ဖြစ်ကြရတယ်လို့…….ဟူး……..”

အဘမြိုင်က စိတ်မကောင်းဖြစ်ကာ ပြောလိုက်လေသည်။

“ကျုပ်…ဘယ်လိုလုပ်ရမလဲအဘ….ကျုပ်ကို မင်းဆွေက ခုချိန်ကျမှ ပေါ်လာပြီး သတ်ချင်နေတာ ကျုပ်ဘာလုပ်ရမလဲမသိတော့ဘူးဗျာ…..”

“အင်း….မင်းဆွေက ကိုယ့်မိုက်ပြစ်ကို ကိုယ်မသိဘူးပဲကွယ်…သေပြီးတာတောင် သူခမျာ တလွဲအမှားတွေနဲ့ ငါ့အတူအပေါ် အမုန်းထားနေတာ သူ့အတွက် ကျွတ်ဖို့ လမ်းမရှိဘူးထင်ပါတယ်….”

“ဟာ…ကျုပ်…ကျုပ်သူငယ်ချင်းကို ကျွတ်လွတ်စေချင်တယ်အဘ…ကျုပ်သူ့ကို ကျွတ်လွတ်ပြီး ဒီဘဝက လွတ်အောင် ဘယ်လို လုပ်ပေးရမလဲ အဘ…”

“နည်းကတော့ တစ်နည်းပဲရှိတယ် ငါ့တူ…။ မင်းလည်း သူ့ကြောင့် ဒုက္ခမရောက်အောင် သူလည်း လက်ရှိ ဘဝကနေ ကျွတ်လွတ်အောင်ဆိုရင်တော့ ငါ့တူ သာသနဘောင်ကို ဝင်မှဖြစ်မယ်….”

“ဗျာ….သာသနဘောင်….”

“ဟုတ်တယ်ငါ့တူ…တစ်သက်လုံးမဟုတ်ပါဘူးကွာ…။မင်းစိတ်တွေတည်ငြိမ်တဲ့အထိပေါ့”

“ဝင်မယ်ဗျာ အဘ….ကျုပ် သာသနဘောင်ဝင်မယ်…”

ဒီလိုဖြင့် အဘမြိုင်ရဲ့ တိုက်တွန်းမှု့ကြောင့် သာမောင်ဟာ သာသနဘောင်၌ တရားအားထုတ်ကာနေလေတော့သည်။
သာသနဘောင်ဝင်လေမှ မက်နေသော အိမ်မက်ဆိုးများ ဆက်မမက်တော့ဘဲ သာမောင် အဖြစ်တလဲ ကိုရင်ကြီး၏ စိတ်များဟာလည်း အေးချမ်းလာခဲ့ရ၏။
ထိုသို့ သာသနဘောင် ဝင်ရင်း ပြုသမျှကုသိုလ်များအား မင်းဆွေအတွက် အမျှအတန်းပေးဝေခဲ့လေသည်။

ထိုသို့ ကုသိုလ်များ​ကြောင့် မင်းဆွေတစ်ယောက် စိတ်အမှောင်များကွယ်၍ မကောင်းသော ဘုံဌာနမှ လွတ်ငြိမ်းသွားလိမ့်မယ်လို့ အဘမြိုင်ကော ကိုရင်ကြီးကော ယုံကြည်ကြလေသည်။

စာဖတ်သူတွေရဲ့အတွေးကရော?

ဆက်လက်ကြိုးစားပါဦးမည်။

ပြီးပါပြီ။

ရေးသားသူ..ကျုးရင့်သီ(ကန့်ဘလူ)