ရေကြည်တစ်ပေါက်(စ/ဆုံး)
————————–
အချိန်ဆိုတာကို ရပ်ထားလို့ရရင်ဖြစ်စေ ပြန်လှည့်လို့ရရင်ဖြစ်စေ ကျွန်မရပ်ချင်တဲ့အချိန်၊ နေ့ရက်တွေကို ရပ်ထားလိုက်ချင်ပါတယ်။
ကျွန်မအတွက် သိပ်အများကြီး မလိုအပ်တာမို့ ဖြစ်နိုင်ရင် ကျွန်မသိပ်ကျေနပ်ခဲ့တဲ့၊ကြည်နူးခဲ့ရတဲ့ နေ့ရက်တွေကို ပြန်ပေးပါလို့ တောင်းဆိုပါတယ်။
ကျွန်မမှာ နောက်ဆုံးတွယ်ငြိစရာ ဒီကြိုးကလေးကိုမှ ရက်စက်စွာ ဖြတ်ပြစ်ခဲ့တဲ့ ကံကြမ္မာကြီးကို ကျွန်မမုန်းတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဒီနေရာကလေးကိုမှသားကနေချင်ခဲ့တာလားသားရယ်။သား ရဲ့မျက်နှာကလေးကို မေမေမြင်ချင်မိတယ်။
ကျွန်မရဲ့ တဦးတည်းသောသားလေး ၊သားလေးရဲ့မျက်နှာကလေးကို မေမေ ထိတွေ့ နေမိသလို ခံစားရင်း မေမေရင်တွင်းမှာနာကျင်နေပြီး မေမေနဲ့သားရဲ့ ပျော်စရာအချိန်တွေကို ပြန်မြင်ယောင်နေမိပါတော့တယ်။
သားရဲ့ဖေဖေဟာ နိုင်ငံခြားသင်္ဘောသားအရာရှိငယ်တဦးမို့ ကုန်းပေါ်မှာထက် ပင်လယ်ထဲမှာ အနေများရတဲ့သူတယောက်ပါ။ စားဝတ်နေရေးက ပူစရာမလိုပေမယ့် မေမေကလည်း ကျောင်းဆရာမတယောက်အဖြစ် တာဝန်ထမ်းဆောင်ရတာကို နှစ်သက်သူတစ်ယောက်မို့ အလုပ်မထွက်ပဲ တဦးတည်းသော မေမေ့သားလေးနဲ့အတူ တစ်ကျောင်းတည်းတက်ရအောင် မေမေလုပ်ခဲ့တယ်။
ငယ်ငယ်ကတည်းက စာတော်တဲ့သားလေး စွမ်းရည်ဟာ အတန်းတိုင်းမှာ ပထမ၊ ဒုတိယဆုတွေပဲ ရခဲ့တယ်။ မေမေကလည်း သားလေးကို ညတိုင်းစာပြပေးနိုင်သလို သားကိုယ်တိုင်ကလည်း ကြိုးစားချင်စိတ် ရှိခဲ့တာလေ။
သားဖေဖေ သငျေ်ဘာက ပြန်ဆင်းလာချိန် ၊သားနဲ့မေမေ ကျောင်းပိတ်ရက် ဆုံချိန်တွေမှာ မြန်မာပြည်က ဘုရားစုံလှည့်ဖူး၊ မရောက်ဖူးသေးတဲ့ ဒေသတွေသွားကြနဲ့ မေမေတို့ဘဝဟာ ပြည့်စုံပျော်ရွှင်ခြင်း အကောင်းဆုံးအချိန်တွေ ဖြစ်ခဲ့တာနော်။
ပထမဆုံး မေမေတို့ဘဝထဲကနေ သားဖေဖေ နှုက်မဆက် ထွက်ခွာသွားခဲ့တယ်။ ပင်လယ်ထဲမှာ အသက်နဲ့ရင်းပြီး မေမေနဲ့သားကို လုပ်ကျွေးခဲ့တဲ့ သားရဲ့ဖေဖေပါတဲ့ သငျေ်ဘာ ဟာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့အထဲ သားဖေဖေလည်း ကံဆိုးစွာ ပင်လယ်ထဲမှာ ပျောက်ဆုံးသွားခဲ့တယ်။ ဒီသတင်းဟာ မေမေနဲ့သားအတွက် ယူကျုံးမရ ဝမ်းနဲပူဆွေးရတယ် ဆိုပေမယ့် မေမေ့သားအတွက် မေမေဆက်အားတင်းထားမှ ဖြစ်မယ်ဆိုတဲ့အသိကြောင့် မေမေကြိုးစားရပ်တည်နိုင်ခဲ့တယ်။
( ၂ )
သားနဲ့မေမေနှစ်ယောက်တစ်ဘဝမှာ သားဟာအင်မတန်မှ လိမ္မာရေးခြားရှိပြီး
စာကြိုးစားခဲ့တယ်။
သူကြိုးစားမှုနဲ့တန်အောင်လည်း ဆယ်တန်းမှာ ဂုဏ်ထူးခြောက်ဘာသာထွက်ခဲ့တော့
သားကို ဘာဆက်တက်မလည်း၊ သားကြိုက်ရာဝါသနာပါတာကို ရွေးချယ်ပါလို့ မေမေကခွင့်ပြုလိုက်တဲ့အခါ
” သားဆေးတက္ကသိုလ်တက်မယ် မေမေ။
ဆရာဝန်တစ်ယောက်ဖြစ်အောင်လုပ်ချင်တယ် ”
” အင်း…ကောင်းသားပဲသားရဲ့ ၊ သားဆရာဝန်ဖြစ်ရင် မေမေလည်းပင်စင်ယူပြီး သားအနားမှာလိုက်နေမယ် ၊ သားဆေးခန်းထိုင်ရင် မေမေကပါကူပေးရမှာပေါ့ ”
သားက ရုတ်တရက် မျက်နှာကလေးတည်သွားပြီး
” ဒါပေမယ့် မေမေ သားဆရာဝန်လုပ်ချင်တာ ပိုက်ဆံတွေအများကြီးရှာနိုင်တဲ့ ဆရာဝန်မျိုးမဟုတ်ဘူး ၊ သားက တကယ်ရောဂါဝေဒနာခံစားနေရတဲ့လူနာတွေကို ကိုယ်တတ်ထားတဲ့ဆေးပညာနဲ့ကုသပေးနိုင်တဲ့ဆရာဝန်မျိုးဖြစ်ချင်တာ ”
” ဘယ်လိုပြောရမလဲမေမေရယ်.. သားကလေ ပိုက်ဆံယူပြီးမှ ကုပေးတဲ့ဆရာဝန်မျိုး မလုပ်ချင်တာ ”
” အေးပါ သားလေးရယ် မေမေသဘောပေါက်ပါသတဲ့တော်။ သားက ပရဟိတစိတ်နဲ့လူနာတွေကို ကုပေးချင်တာမဟုတ်လား။ သားသာဆရာဝန် ဖြစ်အောင်လုပ်နော်”
“သားကျောင်းပြီးသွားလို့ ဆရာဝန်ဆိုတဲ့ဘွဲ့ကိုယူပြီးတာနဲ့ အစိုးရက တာဝန်ပေးမယ့် ဆရာဝန်ဖြစ်ရင် ကျရာနေရာကနေ သားတာဝန်ကျေပြွန်အောင်သာလုပ်၊ သားဖြစ်ချင်တဲ့ဆန္ဒတွေ အကောင်အထည်ဖော်ပေါ့သားရယ် ”
သားရဲ့မျက်နှာ ရှင်းသန့်သန့်ကလေးကို ကြည့်ရင်း မေမေ့သားမှာ ဒီလိုစိတ်မျိုးရှိနေတာဂုဏ်ယူနေမိတယ်။
မေမေလည်း ကလေးတွေကိုပညာတတ်ကြီးဖြစ်အောင် စာသင်ပေးနေတဲ့ ကျောင်းဆရာမတစ်ဦးပေမယ့် မေမေ့အကျိုးစီးပွားအတွက် ပညာကိုအသုံးချပြီး စီးပွားမရှာခဲ့ဘူး။
ဒါကြောင့် သားဖြစ်ချင်တဲ့ဆရာဝန် ဘဝမျိုးဖြစ်ဘို့ မေမေအားပေးမယ်လို့ ဆုံးဖြတ်လိုက်မိပါတယ်။
သားဘွဲ့ယူတဲ့နေ့က မေမေငိုခဲ့မိတယ်။
သားဖေဖေကို သတိရ လွမ်းဆွတ်မိပြီး မေမေနဲ့ သားဘဝတလျှောက်လုံး မပုမပင်နဲ့နေနိုင်စားနိုင်အောင် သူ့ဘဝရဲ့နေ့ရက်များစွာကို ပင်လယ်ထဲမှာနေခဲ့တယ်။ သေဆုံးသွားတာတောင် ပင်လယ်ထဲမှာပဲမြုပ်နှံခဲ့တဲ့အပြင် သားဖေဖေရဲ့နစ်နာထောက်ပံ့ကြေးအဖြစ် ပိုက်ဆံတွေအများကြီးပေးခဲ့သေးတယ်နော်။
အခုလို သားဆရာဝန်တစ်ယောက်ဖြစ်လာတာကို သားရဲ့ဖေဖေမြင်စေချင်မိတယ်။ ဖေဖေ့တာဝန်ကျေပြွန်ခဲ့သလို မေမေလည်းသားအပေါ် တာဝန်ကျေခဲ့ပါပြီ။
သားဖြစ်ချင်တဲ့ဆရာဝန် တစ်ယောက်ဖြစ်ဘို့ မေမေဆက်အားပေးရမှာပေါ့။
( ၃ )
” မေမေရေ သား လက်ထောက်ဆရာဝန်အဖြစ် အလုပ်ခန့်စာရပီ”
” ဟယ်.. ဟုတ်လားသားရေ.. ဘယ်နေရာလဲ၊ ဘယ်ဆေးရုံလဲသား ”
ကျွန်မဝမ်းသာအားရမေးမိပြီး သားဆီက အဖြေစကားကြားမိချိန်မှာတော့
မပျော်မရွှင်ဖြစ်သွားတဲ့ကျွန်မမျက်နှာကို သားကရိပ်မိသွားပုံနဲ့
” မေမေကလည်း.. သားက ကိုယ့်နိုင်ငံထဲမှာပဲ အလုပ်လုပ်ရမှာလေ၊ နိုင်ငံခြားထွက်သွားတာမှမဟုတ်တာ၊ မေမေပဲ သားကို အစိုးရဆရာဝန်ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းခဲ့တာပဲ ”
သားရဲ့တက်ကြွရွှင်လန်းနေတဲ့မျက်နှာလေးကြည့်ပြီး သားနဲ့ခွဲနေရတော့မှာပဲ ဆိုတဲ့အသိက ကျွန်မရင်ထဲနွမ်းနေမိတယ်။
ချင်းပြည်နယ်၊ဟားခါးပြည်သူ့ဆေးရုံကြီးကိုတာဝန်ကျတဲ့သားအတွက် ထည့်ပေးစရာရှိတာတွေ ၊ လိုအပ်တဲ့ပစ္စည်းတွေ မေမေ ပြင်ဆင်ပေးရပါအုန်းမယ်။
တကယ်တော့ သားရဲ့မေမေလည်း လူထဲကလူမို့ သားကိုအဝေးကြီးမှာတာဝန်မကျစေချင်ခဲ့မိတာအမှန်ပါ။
သားကိုရန်ကုန်နဲ့နီးနီး နေရာတွေမှာတာဝန်ကျမယ်လို့ ထင်ခဲ့မိတဲ့မေမေ့စိတ်ကို ပထမဆုံးအနေနဲ့
သားနဲ့ဝေးစေဖို့ ဖန်တီးပေးလိုက်ပါတယ်။
အအေးပိုင်းဒေသကို သွားရမှာမို့ အနွေးထည်ထူထူများထည့်ပေးရင်းသူ့ဖေဖေ သင်္ဘောကအပြန်မှာပါလာတဲ့သားရေဂျာကင်တထည်ကိုထုတ်ပြီး အမှတ်တရ ထည့်ပေးထားပါတယ်။
” ဒါ သားဖေဖေ အေးတဲ့နိုင်ငံတွေဘက်ရောက်တဲ့အခါ ဝတ်တတ်တဲ့အနွေးထည်ပါ၊ သားအဝေးကိုရောက်နေပေမယ့် သားအနားမှာ ဖေဖေပါရှိနေတယ်အမှတ်နဲ့
သားဝတ်နော်”
” ဟုတ်ကဲ့ပါ မေမေရယ်၊ မေမေထည့်ပေးလိုက်တဲ့ဟင်းတွေ၊ပုဇွန်ခြောက်ကြော်တွေထည်းစားရင်လည်း မေမေအနားမှာဟင်းတွေထည့်ပေးနေသလို သားစားမှာပါ ”
သားအပြောကြောင့် ကျွန်မမှာဝမ်းသာဝမ်းနဲဖြစ်မိရင်း မျက်ရည်များကျနေမိပါတယ်။
” ဟောဗျာ …မေမေရယ်မေမေ့သားကဆရာဝန်တစ်ယောက်အဖြစ်သွားရမှာလေ.. သားကလူကြီးဖြစ်နေပါပြီမေမေရဲ့..”
မေမေ့ မျက်စိထဲမှာတော့ သားက အမြဲတမ်း ကလေးပါသားရယ်။
မေမေ ပင်စင်ယူပြီးသားနောက်ကို လိုက်ခဲ့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်မိပါတယ်။
( ၄ )
ချင်းပြည်နယ်ဟားခါးမြို့ရဲ့ ပြည်နယ်ဆေးရုံကြီးကို လက်ထောက်ဆရာဝန်ရာထူးနဲ့သားလေးတာဝန်ကျချိန်မှာ မေမေရဲ့နွေရာသီကျောင်းပိတ်ရက်တွေကို သားအနားမှာနေရင်း သူကြိုက်တတ်တာတွေချက်ကျွေးလို့သားကိုလွမ်းသမျှအတိုးချ နေပါတယ်။
သားကလည်းသူဂျူတီအားရက်ဆိုအမေမရောက်ဘူးသေးတဲ့နေရာတွေကို တစ်နေ့ဆီ လိုက်ပို့ပေးတယ်။
အေးမြလှတဲ့ ချင်းပြည်နယ်ရာသီဥတုမှာ နွားနောက်သားနဲ့ပြောင်းဖူးစေ့ရောကြိုထားတဲ့ဆာဘူးတီးဆိုတဲ့ ချင်းရိုးရာအစားအစာတစ်မျိုးကိုလည်းသားကလိုက်ကျွေးခဲ့ပေမယ့် ကျွန်မရန်ကုန်သူက မုန့်ဟင်းခါးလောက်မကြိုက်ခဲ့ပါဘူး။
ချင်းပြည်နယ်ရဲ့အလှဆုံးနေရာဖြစ်တဲ့ရိဗ် ရေကန်ကိုလိုက်ပို့ပေးတော့ သားလေးကြောင့်သာ ငါဒီလိုနေရာမျိုးတွေ ရောက်ဖူးရတာပါလားဆိုပြီး ပီတိဖြစ်မိတယ်။
တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ရိုးသားတဲ့လူနေမှုစရိုက်တွေနဲ့အတူ သားလေးအားတဲ့အချိန်ဆို ပရဟိတအဖြစ်ချို့တဲ့နွမ်းပါးသူတွေကို ကုသပေးနေတာကိုလည်း အမေတစ်ယောက်အနေနဲ့ကြည်နူးဝမ်းသာဖြစ်ရပါတယ်။
ကျွန်မလည်းပင်စင်ယူဘို့ငါးနှစ်လောက်လိုသေးတာမို့ သားလေးနဲ့အတူနေရဘို့ အချိန်စောင့်ရအုန်းမှာပေါ့။
မေမေ လုပ်သက်ပြည့်ပင်စင်ယူလိုက်မယ်ပြောတော့ သားက
” မလုပ်ပါနဲ့ မေမေရယ်၊ သားကလည်းချင်းပြည်နယ်မှာ အကြာကြီးနေရမှာမှ မဟုတ်တာ။ သားနောက်တစ်နေရာပြောင်းတော့မှ မေမေလိုက်နေနော်”
” ဒီကရာသီဥတုက အရမ်းအေးတာမို့ မေမေနေနိုင်မှာမဟုတ်လို့ပါ”
သားကချော့ပြောလေးပြောနေတာမို့ သားကျေနပ်အောင် ခေါင်းညိတ်ပြလိုက်ရပါတယ်။
ဒီလိုနဲ့ ကျွန်မနဲ့သားဟာ လူချင်းဝေးနေပေမယ့် ဖုန်းနဲ့အမြဲဆက်သွယ်ရင်း စကားပြောကြ v call ကြနဲ့နေလာရင်း သုံးနှစ်လောက်ကာလအရောက်မှာ သားကို ရန်ကုန်ဆေးရုံကြီးမှာ ပြန်လည်တာဝန်ချပါတယ်။
ကျွန်မကတော့ ပျော်နေရတာပါ့။
ကျွန်မသားလေးနဲ့ အတူတူပြန်နေရတဲ့နေ့ရက်တွေဟာ ကျွန်မအတွက် အင်မတန်ပျော်ရွှင် ကြည်နူးခဲ့ရပါတယ်။
သားဆရာဝန်ဖြစ်ရင် သားလုပ်ချင်တာတွေသားဖြစ်ချင်တာတွေဖြည့်ဆည်းပေးမယ်ပြောထားလို့ သားကလည်း ချို့တဲ့နွမ်းပါးတဲ့လူနာများအတွက် ဆေးဘိုးအကုန်အကျတွေကို ပရဟိတ အဖွဲ့တစ်ခုဖွဲ့စည်းပြီး အလှုခံလို့ရတာတွေကို လိုအပ်သလိုပြန်ပြီး အသုံးပြုကုသပေးကြပါတယ်။
” သားတို့ ပရဟိတအဖွဲ့အတွက် မေမေငွေအလှုပါဝင်ချင်တယ်သားရေ ”
” တကယ်လားမေမေ..သားကလည်းမေမေ့ဆီ အလှုခံမလို့ပဲ ၊ မေမေကဘယ်လောက်လှုချင်တာလည်း ”
” မေမေ့ပင်စင်က gratuiteရသမျှအကုန်လှုမယ်သား”
မေမေ့မှာ သားလည်းရှိတယ်။သားဖေဖေချန်ထားခဲ့တဲ့ငွေလည်းရှိသေးတယ်ဆိုတော့ သိပ်ပူစရာမလိုတော့ဘူးလေ”
” ဟုတ်ကဲ့ပါမေမေ..သားကမေမေ့ကိုတလှည့်ပြန်လုပ်ကျွေးရမယ့်အချိန်ရောက်ပါပြီ၊ မေမေနားနားနေနေ ဘုရားတရားသာလုပ်ပေါ့..”
” မေမေ့သားက အိမ်ထောင်မပြုတော့မှာကျနေတာပဲ၊ မေမေကမြေးထိမ်းပေးရအုန်းမယ် မဟုတ်လား ”
” အခုအထိတော့ သားမှာအိမ်ထောင်ပြုဘို့အတွက် သားချစ်ရမယ့်သူလည်း မတွေ့သေးပါဘူး မေမေရာ.. သားလုပ်ချင်တာတွေ အရင်လုပ်ချင်သေးတယ် ”
” ဟုတ်ပါပြီကွယ်..မေမေ့သားအလိမ္မာလေးရယ်..သားချစ်တဲ့သူတွေ့ရင်သာ..မေမေ့ကိုအရင်ပြောနော်”
ဒီလိုနဲ့ ကျွန်မသား ဆရာဝန်ဟာ သူလုပ်ချင်တဲ့ ပရဟိတအလုပ်များနဲ့သူတတ်တဲ့ပညာနဲ့ကုသိုလ်လုပ်လိုက်၊ တိုင်းပြည်ရဲ့တာဝန်ကိုလည်းဆောင်ရွက်လိုက်နဲ့ မေမေနဲ့သားဘဝ ဟာလူမချမ်းသာပေမယ့်စိတ်ချမ်းသာနေရပါတယ်။
ဒါပေမယ့်ပေါ့လေ
ဘဝဆိုတာ အမြဲတမ်း ကိုယ်ဖြစ်ချင်သလို မဖြစ်ဘူးဆိုတာ ကျွန်မအတွက် နောက်ထပ် တစ်ခါ ထပ်ကြုံရပြန်ပါပကောလား။
( ၅ )
သားကဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာကို မတားမိခဲ့တဲ့ကျွန်မကိုယ်တိုင်ပဲ
နောင်တတွေရင်ဝယ်ပိုက်ကာ ပူပင်သောကရောက်ခဲ့ရတဲ့ နေ့ရက်တွေများစွာကို ဖြတ်သန်းခဲ့ရတယ်။
ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရတာ မေမေအတွက် အရမ်းဂုဏ်ယူခဲ့ရပေမယ့်
ပြန်ပေးဆပ်ရခဲ့ရတာအတွက်တော့ ကျွန်မယူကျုံးမရ ဖြစ်ရပါပြီကောလေ။
ဒီရောဂါဆိုးကြီးသာ ပေါ်မလာခဲ့ရင် ကျွန်မနဲ့သားလေးဘဝက ဒီထက်ပိုပျော်ရွှင်စွာ နေနိုင်ကြမှာနော်။
ကမ္ဘာနိုင်ငံအသီးသီးမှာ ဒီကပ်ရောဂါဆိုးတွေဝင်နေကြချိန်မှာ သိပ်ပြီးမစိုးရိမ်ခဲ့မိဘူး။
သိပ်မကြာခင်မှာ ကာကွယ်ကုသနိုင်တဲ့ဆေးတွေပေါ်လာမှာပဲထင်ခဲ့မိပေမယ့် တကယ်က ကပ်ရောဂါကြီးက တစ်ကမ္ဘာလုံးကိခြိမ်းခြောက်လာခဲ့တယ်။
အင်အားကြီး ချမ်းသာကြတဲ့နိုင်ငံများတောင်
အသေအပျောက်နှုန်းတွေမြင့်သထက်မြင့်ပြီး ကျန်းမာရေးကုသပေးနေတဲ့ ဆရာဝန်တွေ၊သူနာပြုတွေပါမချန် ကူးစက်ပြီး သေကုန်ကြရတာဆိုတော့ ကျွန်မ အလွန်ပဲစိတ်ပူမိပါပြီ။
” သားရေ ဖြစ်ပါ့မလားသားရယ်…အခုအချိန်မီလေး အလုပ်ထွက်လိုက်ပါလားဟင် ”
” ဘယ်လိုပြောလိုက်တာလဲမေမေ..သားမေမေမှာအဲလိုစိတ်မျိုးမရှိခဲ့ပါဘူး”
” အရင်က မရှိခဲ့ပေမယ့် အခုအချိန် မေမေစိတ်ပူမိတယ်သား ၊ မေမေနဲ့သားသာရှိတဲ့ဘဝမှာ သားကိုမေမေ စိတ်မချဘူးလေ ”
” ဘာမှ မဖြစ်ပါဘူးမေမေရယ်၊ ဆရာဝန်တစ်ယောက်လုပ်နေပြီးတော့ ရောဂါတွေကို ကြောက်နေလို့မှမရတာ ၊ ရောဂါဖြစ်နေတဲ့သူတွေအတွက် ကုသပေးရမယ့် ကျန်းမာရေးဝန်ထမ်းတွေရှိကိုရှိနေရမှာလေ ”
သားကပြောပြနေတော့လည်း ကျွန်မ ရဲ့အတ္တ အတွက် ကျွန်မရှက်သွားမိတယ်။
မြန်မာပြည်ထဲကို ပြန်လာသူတွေဆီကနေ ဒီကပ်ရောဂါကြီးက တစ်စနဲ့တစ်စ ဝင်ရောက်လာခဲ့တော့တယ်။
အဲဒီအချိန်က မြန်မာပြည်ရဲ့နှစ်သစ်ကိုအားလုံးပျော်ရွှင်စွာ ကြိုဆိုကြမယ်လို့ ပြင်ဆင်ထးကြပေမယ့် မမျှော်လင့်ပဲ့ ကပ်ရောဂါဆို့ကပျံ့နှံလာလို့ မြန်မာတစ်ပြည်လုံးကို lock down ချပြီးstay home နေကြဘို့ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် ကျွန်မသားဆရာဝန်ကတော့ နားရက်မရှိသလောက် တာဝန်အပြည့်ယူပြီး ကျန်းမာရေးစောင့်ရှောက်မှုကိုပေးခဲ့ကြပါတယ်။
” မေမေ ဂရုစိုက်နေပါနော်၊ သားအိမ်ပြန်မလာတာကိုစိတ်မပူပါနဲ့..
သားဆီက မထင်မှတ်ပဲ ရောဂါပိုးပါလာရင်
မေမေ့ကိုကူးမှာစိုးလို့နော်”
“အေးပါ သားရယ်၊ မေမေအပြင်မထွက်ပါဘူး၊ဒီမယ် သားညီမလေးကပဲ လိုတာပြုတာသူဝယ်ပေးတယ်”
ကျွန်မရဲ့တူမကလေးနယ်ကနေ တက္ကသိုလ်လာတက်တော့ ကျွန်မလည်းအဖော်ရအောင် အိမ်မှာပဲနေပါဆိုပြီး ခေါ်ထားခဲ့ရာက သူဘွဲ့ရ အလုပ်အကိုင်ရတဲ့အထိ ကျွန်မတို့နဲ့ပဲအတူနေဖြစ်နေတာ တော်သေးတယ်ပြောရမယ်။
သားက ကျွန်မနားမယ်ရှိမနေပေးနိုင်ပေမယ့် တူမလေးတစ်ယောက် အဖော်ရှိနေလို့သာ ကျွန်မအားမငယ်မိတာပါ။
ဒါပေမယ့် သားကမြဝတီဘက်သွားပြီးကူညီမယ့်အဖွဲ့ထဲကို လိုက်ပါသွားခဲ့တော့ ကျွန်မမှာ အားနေ ဘုရားစင်ရှေ့ထိုင်ပြီး ပရိတ်ပဌာန်းရွတ်ဖတ်ပူဇော်လို့သတ္တဝါများကျန်းမာချမ်းသာကြပါစေ။ကပ်ရောဂါအန္တရယ်ကြီးလည်းအမြန်ဆုံးကင်းစင်လွင့်ပျောက်ပါစေနဲ့ဆုတောင်းရတာအမောပါပဲ။
ကံကောင်း ထောက်မစွာနဲ့ သားလေးတို့အဖွဲ့ ဘေးမသီရန်မခ ပြန်လာကြတော့မှ ကျွန်မရင်ထဲက အလုံးကြီးကျသွားခဲ့ပါတယ်။
သားမှာပင်ပန်းနေပေမယ့်ပျော်နေပုံရပါတယ်။
သူဖြစ်ချင်သလို လူနာတွေကို တကယ့်ပရဟိတစိတ်အပြည့်နဲ့ကုသ စောင့်ရှောက်ခွင့်ရတာကို ကျေနပ်နေတယ်။
သားပြန်လာတဲ့အချိန် သူကြိုက်တတ်တာတွေချက်ကျွေးပြီး သူပြောသမျှနားထောင်လို့ ဒီရောဂါဆိုးကြီးကို အတူတွန်းလှန်ပြီးစိတ်ရောကိုယ်ရောငွေအင်အားနဲ့ပါ ဝိုင်းကူကြတဲ့ မြန်မာနိုင်ငံကသူတွေကို အထူးမေတ္တာပို့ပေးနမိတယ်။
ဒါဆို မေမေတို့နိုင်ငံက သိပ်မဆိုးဘူးလို့ပြောရမှာပေါ့နော်သားရေ။
တူရကီတို့ဘရာဇီးတို့မှာဆို အလောင်းတွေကိုထပ်နေတာနော်။
ဒီရောဂါကို ကာကွယ်ကုသနိုင်တဲ့ဆေး အမြန်ပေါ်ပါစေ။
ဒီလိုနဲ့ မြန်မာပြည်ကြီး တစ်ကျော့ပြန်ရုန်းထလို့ စက်ရုံတွေ၊ကုမ္ပဏီတွေ၊တောင်သူလယ်သမားစိုက်ပျိုးရေးလုပ်ကိုင်ကြသူတွေနဲ့အစိုးရဝန်ထမ်းတွေ ပုံမှန်ပြန်လည်ပတ်နေခဲ့ကြပါပြီ။
သားတို့ ဆရာဝန်တွေလည်း နဲနဲတော့ အသက်ရှု ချောင်လာခဲ့ပြီ။
ဒီရောဂါဆိုးကြီးကင်းချိန် မေမေနဲ့သားမြစ်ကြီးနားဘက်ခရီးထွက်ကြမယ်ဆိုပဲ။
ရန်ကုန်မှာ ဝဝမရှုရဲတဲ့လေကို မြစ်ဆုံမှာသွားပြီး လေတစ်ဝကြီးရှု အနားယူချင်တယ်မေမေတဲ့လေ။
အေးပါသားရယ်။ မေမေလည်း အိမ်ထဲတင်နေရတာ ကျဥ်းကျပ် ငြီးငွေ့လှပြီ။ သားအားတဲ့တစ်နေ့ သွားကြတာပေါ့။
သို့ပေမယ့်
သားအားမယ့်တစ်နေ့ဆိုတာ အခုလိုဖြစ်ခဲ့မယ်ဆိုတာသိရင် မေမေသားလက်ကိုဆွဲပြီး အဝေးကြီးကို ထွက်ပြေးမှာပေါ့သားရယ်။
ဒီကပ်ရောဂါဆိုးကြီးက မထင်မှတ်ပဲ အရှိန်အဟုန်ပြင်းပြင်းထပ်ဝင်လာခဲ့ပြီး
သားတို့ ကျန်းမာရေးဝန်ထမ်းတွေအားလုံး
အပူတပြင်းနဲ့ ပြန်လှုပ်ရှားကြရပြန်ပြီ။
ဒီတစ်ခါတော့ မေမေ ပိုပူရတာပေါ့သားရယ်။
ရန်ကုန်တိုင်းကြီး တစ်ခုလုံးဟာ Ambulance ကားသံတွေဆူညံနေပြီး ရောဂါပိုးပြန်နံမှုက မယုံနိုင်စရာကောင်းလောက်အောင် ကူးစက်နေတယ်။
သားနဲ့မေမေလည်းမတွေ့ရတာ အတော်ကိုကြာနေပြီ။
ဖုန်းထဲ့မှာ v callပြောတာတောင် သားရဲ့PPEဝတ်စုံဖြဖြူတွေနဲ့မနေမနား လုပ်နေသူတွေကို လှမ်းမြင်နေရတယ်။
” သားရေ ကိုယ့်ကိုကိုယ်လည်းဂရုစိုက်အုန်း..အစားလည်းအားရှိအောင်စားနော်”
” သားလေ ဖေဖေရဲ့သားရေဂျာကင်လေး ဂျူတီနားချိန်မှာဝတ်တယ်၊ ဒါပေမယ့် ဒီနေ့ ဆေးရုံရောက်လာတဲ့ဦးလေးကြီးတစ်ယောက် အရမ်းချမ်းနေတာနဲ့သားချွတ်ပြီး လှုလိုက်တယ်မေမေ”
မေမေစိတ်မဆိုးနဲ့နော်။ သားပြန်လာရင် မေမေချက်ကျွေးတဲ့ဝက်သားနီချက်နဲ့ချဥ်ပေါင်ဟင်းစားချင်ပါတယ်တဲ့။
သားပြန်လာရင် မေမေချက်ကျွေးမယ်နော်လို့ ပြောတဲ့စကားဟာ နောက်ဆုံးတဲ့လားသားရယ်။
အဲဒီနေ့ကစလို့ သားလိုင်းမတက်၊ဖုန်းမဆက်တော့ သူမအားလို့နေရှာမယ်လို့တွေးပြီး မေမေလည်း ဘုရားစင်ရှေ့ကမခွာတမ်း မေတ္တာပို့ ဆုတောင်းပေးနေခဲ့တယ်။
ဘုရား…ဘုရား
သားတို့ကျန်းမာရေးဝန်ထမ်းတွေ အရမ်းပင်ပန်းနေကြပြီဆိုပဲ။
ဝန်နဲ့အား မမျှလို့ အခြားတိုင်းနဲ့ပြည်နယ်တွေကတောင် စစ်ကူလာခဲ့ကြပြီ။
သားရေ တလှည့်နားပါအုန်းကွယ်ဆိုလည်း ပြောမရဘူး။
သားတို့ နားလို့မဖြစ်ဘူးမေမေ။ သားတို့ထက် ပိုအရေးကြီးတဲ့သူတွေချည်းပဲ။ ခုချိန်မှာသားတကိုယ်ကောင်း မဆန်ချင်ပါဘူးတဲ့လား။
မေမေ fighting လို့သူကတပြန်အားပေးသွားတဲ့ မေမေ့သားလေးကို ဒီကပ်ရောဂါကြီးက ကူးစက်သွားခဲ့သတဲ့။
သားဖေဖေရဲ့အင်္ကျီကိုချွတ်လှုပေးခဲ့တဲ့လူနာရဲ့ အသကျိရှုရခကျခဲနတောကို ခဲရာခဲဆစ် ကယ်တင်ရင်းနဲ့ အစားမမှန်အအိပ်မမှန်ဖြစ်ပြီး အားနဲနေတဲ့သားကိုကျမှ အပြင်းအထန် ဝေဒနာခံစားစေခဲ့ရသလား။
ကျွန်မ သားလေး အသက်ပေးပြီး တိုင်းပြည်တာဝန် ကျေပြွန်ခဲ့သတဲ့လား။
သား ဆုံးပါးသွားတာကို ကျွန်မကဖုန်းထဲကနေပဲ သားမျက်နှာကို တွေ့ခွင့်ရခဲ့တယ်။
သားရဲ့နောက်ဆုံးခရီးကို သားရဲ့လုပ်ဖော်ကိုင်ဖက်အနဲအကျဥ်းနဲ့ပဲ ပို့ဆောင်သဂြိုလ်လိုက်ကြပါတယ်တဲ့။
မေမေ့ အသည်းနှစ်လုံးတွေ တစ်စစီပြုတ်ထွက်ကုန်ပေါ့ သားရယ်။
ဒီရောဂါဆိုးကြီးက ကျွန်မလို အသက်ကြီးပြီး နေဝင်ချိန်ခြေလှမ်းပြင်နေသူကို ခေါ်ပါတဲ့လား။
သူ့ဖေဖေဆုံးပါးချိန်တုန်းကလည်းပင်လယ်ထဲမှာ၊ တစ်ဦးတည်းသော ကျွန်မသားလေးကျတော့လည်း နောက်ဆုံးခရီးမှာ အမေလိုက်ပါပို့ဆောင်ခွင့်မရဘူး။
ဆိုးလိုက်တဲ့ကျွန်မရဲ့ကံကြမ္မာပါ။
သားအတွက်ရည်စူးပြီး COVID ကာကွယ်ရေးအတွက်သိန်း၁၀၀မေမေလှုလိုက်ပါတယ်။
သားရောက်ရာဘဝကနေသာဓုခေါ် ပါနော်။
မေမေရဲ့ကျန်တဲ့အချိန်တွေကိုလည်း သားစိတ်ချပါကွယ်။
မေမေလည်း လူ့လောကရဲ့ဒုက္ခသစ္စာတွေကြားထဲကရုန်းထွက်ပြီး ဘုရားတရားအရိပ်အောက်မှာခိုလှုံပြီးနောက်ဆုံးအချိန်တွေကို ကျော်ဖြတ်ပါမယ်။
သားရဲ့ အေးချမ်းငြီမ်သက်နေတဲ့အုတ်ဂူကလေးဆီကိုတော့ မေမေ အသက်ရှင်နေသေးသ၍ မကြာမကြာ လာခဲ့မယ်နော်။
သားရဲ့အုတ်ဂူဖြူဖြူကလေးမှာ
စာတမ်းထိုးထားတဲ့
ဒေါက်တာစွမ်းရည်
အသက် ( ၃၀ )
၁၅.၉.၂၀၂၀
သားနာမည်လေးကိုမေမေတိုးတိုးလေးရွတ်ရင်းစကားပြောနေမိတယ်။
သားတို့ရုပ်ရည် သီတာမည်သား
ရေကြည်ချမ်းမြ တစ်ပေါက်ကလေးကျရုံမျှနဲ့
မိဘတို့ဝမ်းလွန်ငြိမ်းချမ်း၏။
#မြမြဦးခင်