ရွှေမိုးညိုညိုအလွမ်းရယ်ပို

Posted on

ရွှေမိုးညိုညိုအလွမ်းရယ်ပို(စ/ဆုံး)

အရပ်လေးမျက်နှာကနေကြုံသလိုတိုက်တဲ့လေရယ် ရသလိုဝင်တဲ့မိုးရေတွေရယ်ကြောင့် အိမ်တံခါးတွေ ပြတင်းပေါက်တွေအကုန်ပိတ်ထားရတယ်။

ဟောဗျာ…စောစောက အားကြိုးမာန်တက်ရွာလိုရွာ တိုက်လိုတိုက်ပြီး အခုတော့လည်းသူတို့မဟုတ်တဲ့အလား ကြက်​ပျောက် ငှက်ပျောက်ပျောက်လို့။

အိမ်တံခါးကိုဖွင့်ပြီးကြည့်မိတော့

ဝင်လုဆဲဆဲနေအရောင်နဲ့လင်းလတ်နေတဲ့တိမ်တွေအောက်မှာ စိမ်းစိုနေတဲ့လယ်ကွင်းတွေမြင်ရတာကစိတ်အေးချမ်းစရာ။ လယ်ကွင်းတွေရဲ့အလွန်မှာမှိုင်းညို့ညို့ရွာတန်းရှည်တွေ ရွာတန်းတွေရဲ့အနောက်မှာ တောင်တန်းကြီးတွေအစီရရီနဲ့။

အဲ့ဒီတောင်တန်းကြီးတွေရဲ့ခြေရင်းမှာ ငါနေခဲ့တဲ့ရွာကလေးရှိတယ်ဆိုတဲ့အသိကဝင်လာတော့ လွမ်းလိုက်လေခြင်း။ ပြန်ချင်စိတ်တွေဖြစ်မိလေခြင်း။

ဒီလိုမိုးဦးကာလရောက်ပြီဆိုတိုင်း မွေးရပ်မြေကိုလွမ်းတဲ့အလွမ်းတွေဟာ ပေါ်ပေါ်လာမြဲ။ ရာသီတိုင်းရာသီတိုင်းမှာ တိုက်ဆိုင်မှုရှိလို့ လွမ်းတယ်ဆိုလေဦး မိုးဦကျလွမ်းတဲ့အလွမ်းကိုတော့မီမယ်မထင်ဘူး။

====++====

” အဘ.. အဘကျွဲအုပ်ထဲကျွန်တော့် ဗျိုင်းမတို့နှစ်ကောင်မပါလာဘူးလား ”

” မပါလာဘူး ကောင်လေးရ ”

” ဟုတ် ဟုတ် အဘ အဲ့ဒါဆိုသွားဦးမယ် ”

ဒီနေ့ကျွဲသွားလိုက်မယ်လုပ်မှ မိုးကကောက်ကာငင်ကာထရွာလိုက်တော့ အိမ်ကထွက်ရမှာပျင်းသွားတယ်။ ခဏနေစဲသွားမှာပါလေဆိုပြီး ထိုင်စောင့်နေတာ မိုးကတော်တော်နဲ့မစဲ။ သူများကျွဲတွေပြန်သွင်းတာတွေ့မှ ငါ့ဗျိုင်းမတစ်ရှဥ်းလည်းလိုက်မှပါလေဆိုပြီးလိုက်တော့ အင်းကွင်းထဲမှာ ဘာကျွဲအရိပ်အယောင်မှမတွေ့တော့ဘူး။

တစ်ရွာလုံးကကျွဲရှိတဲ့အိမ်တွေ လိုက်မေးတော့လည်း ဘယ်သူ့အိမ်မှပါမလာ။ ကျွဲမပါဘဲနဲ့အိမ်လည်းမပြန်ချင်။ အိမ်ပြန်ရင်လည်းအဖေဆူတာခံရဦးမယ်။ အဲ့ဒါနဲ့ အဖေ့မိဘ ကျွန်တော့်အဘိုးအဘွားတွေအိမ်ကို ထွက်ခဲ့လိုက်တယ်။

ကျွန်တော်ဘကြီးက ကလေးတွေကို ဆူတာငေါက်တာမကြိုက်ဘူး သူကိုယ်တိုင်လည်းမဆူမငေါက်ဘူး။ အဲ့ဒီတော့စ.စ် ကူရအောင် အဘကြီးအိမ်သွားတာပဲ။ အိမ်အပြင်မှာ လေတိုက်လို့ကျထားတဲ့သရက်ရွက်တွေ တံမြက်စည်းလှဲနေတဲ့ အမေကြီးကိုတွေ့တယ်

” အမေကြီး အဘကြီးရော ”

” ရှိတယ်လေကွာ ငါ့မြေးရလာလေ ”

အိမ်ထဲကနေ အဘကြီးက အသံပေးတာနဲ့ အိမ်ထဲဝင်ခဲ့လိုက်တယ်။ အိမ်ထဲရောက်တော့ အဘကြီးကို အကျိုးအကြောင်းပြောပြလိုက်တယ်

” ငါ့မြေးတစ်ရွာလုံးတော့ သေချာရှာပြီးသွားပြီလား ရွာဘေးတွေရော ”

” ရှာပြီးသွားပြီ အဘကြီးရဲ့ မတွေ့ဘူး ကျွဲမပါဘဲပြန်ရင်လည်း အဖေက သမဦးမယ် ဒုက္ခပါပဲ အဘကြီးရာ ”

အဘကြီးက ကျွန်တော့်အဖြစ်ကိုပြုံးပြီးကြည့်နေတယ်။ ပြီးမှ

” စိတ်မပူပါနဲ့ငါ့မြေးရာ ပြန်တွေ့မှာပါ မိုးဦးကျလေဦးကျဆိုတော့ မင်းကောင်မတွေ သူတို့ရွာကိုသတိရပြီးပြန်သွားတာနေမှာပါ နေပါဦးအဲ့ကောင်မတွေဝယ်ထားတာဘယ်နှစ်နှစ်ရှိပြီတုန်း ”

” သုံးနှစ်ကျော်ပြီ အဘကြီးရ တစ်ခါမှမပြန်ပါဘူး အမြဲဒီအတိုင်းပဲလွှတ်ထားတာကို ”

” အရင်ကသူတို့အိမ်သူတို့ အခုလောက်သတိမရလို့ပေါ့လူလေးရာ အခုလိုမိုးဦးကျလေဦးကျ သူတို့စိတ်ထဲငယ်ဘဝတစ်ခုခုကိုသတိရသွားတာနဲ့တန်းပြန်တာပဲနေမှာ တစ်ကောင်ကပြန်တာနဲ့ကျန်တစ်ကောင်ကလည်းလိုက်မှာပဲ ”

” အဲ့ဒါဆိုရင်တော့ မမှောင်ခင်လိုက်ဦးမယ် အဘကြီးရာ စက်ဘီးစီးသွားပြီ ”

ကျွန်တော်အဘကြီးစက်ဘီးဘားတန်းကြီးစီးပြီး ထွက်တော့ အဘကြီးနောက်ကနေတားနေသံကြားလိုက်တယ်။
ကျွန်တော်လှည့်မကြည့်တော့ ဗျိုင်းမတို့ကိုဝယ်ထားတဲ့ရွာဆီရောက်ဖို့က တစ်နာရီလောက်အားကုန်နင်းမှရောက်မှာ။

ခေါင်းကလေးကိုမော့လိုက် နှာထိပ်လေးကိုရှုံ့ချည်ပွချည်လုပ်လိုက် ရှေးကိုခပ်သုတ်သုတ်လျှောက်သွားလိုက်လုပ်နေတဲ့ဗျိုင်းမတို့တစ်ရှဥ်းကို ရွာအဝင်နားရောက်တော့ကျွန်တော်မီလာတယ်။

” ဗျိုင်းမ ”

ကျွန်တော်အသံကြားတော့ ဆတ်ခနဲ ရပ်သွားတယ်။ ကျွန်တော့်ကိုတစ်ချက်ပြန်ကြည့်တယ်။ ပြီးတော့မပြေးရုံတမယ် အမြန်လျှောက်သွားတယ်။ ကျွန်တော်စက်ဘီးထောက်ထောက်ပြီးသူတို့ကို ရှေ့ကနေလိုက်မောင်းမယ်စိတ်ကူးပြီးကာမှ။

ဗျိုင်းမတို့ကိုဝယ်လာတုန်းက မတမ်းအရွယ်လေးတွေ ။ သူ့အမေနဲ့ခဲွဲပြီးလိုက်လာရတာ။ အခုသူတို့ပြန်ရင် သူတို့အမေနဲ့တွေ့ရင်တွေ့နိုင်တယ်။ သူ့အမေမရှိတော့လည်း သူ့ပေါက်ဖော်တစ်ကောင်ကောင်တော့ရှိမှာပါ။ ဒီနားရောက်နေမှတော့ မထူးတော့ပါဘူးဆိုပြီး ကျွန်တော်ပြန်မမောင်းတော့ပဲ သူတို့နောက်ကပဲစက်ဘီးနင်ပြီးလိုက်သွားလိုက်တယ်။

” အဖေရေ့ အိမ်ကိုဘယ်ကကျွဲတွေဝင်လာတာတုန်းပဲ ”

ကျွန်တော်နဲ့အသက်မတိမ်းမယိမ်း ကောင်လေးတစ်ယောက်အော်ခေါ်တော့ နောက်က ဖအေလုပ်တဲ့သူကထွက်ကြည့်တယ်။ ကျွဲလေးတွေကိုသေသေချာချာကြည့်ပြီး

” ငါ့သားရ ဒါအဖေတို့ရောင်းလိုက်တဲ့ကျွဲမလေးတွေကွ ချိုပေါက်ပုံကိုကြည့်လေကွာ သူ့အမေနဲ့တစ်ပုံစံတည်း ဝပြီးထွားလာလိုက်တာကွာ ”

သားအဖနှစ်ယောက်စကားပြောနေတုန်းမှာပဲ ဗျိုင်းမတို့နှစ်ကောင်က တင်းကုတ်ထဲဝင်သွားကြတယ်။

ကျွန်တော်လည်းခြံထဲ လိုက်ဝင်ပြီး

” ဒီကောင်မနှစ်ကောင် ပြန်ပြေးလာလို့လိုက်လာတာဦးလေးရာ ရွာဦးကျမှမီတယ် အဲ့ဒါနဲ့မထူးပါဘူးဆိုပြီး သူတို့ကျေနပ်အောင်ပြန်မမောင်းပဲ အိမ်အထိလိုက်လာခဲ့တာပဲ ”

” အေးကွာ ငါ့တူရာ တိရစ္ဆာန်ပေမဲ့ ကိုယ်မွေးထားတဲ့အကောင်ဆိုတော့အခုလိုပြန်လာတော့လည်းဝမ်းလည်းသာ စိတ်လည်းမကောင်းဖြစ်ရတယ် အခုလိုဝဝဖြိုးဖြိုးလေးမြင်ရတော့ ငါ့တူတို့ကိုလည်းကျေးဇူးတင်ပါတယ်ကွာ ”

ကျွန်တော်ကိုစကားပြောရင်း တင်းကုတ်ထဲဝင်သွားတော့ ကျွန်တော်လည်းနောက်ကလိုက်ဝင်ခဲ့တယ်။ ဗျိုင်းမတို့ချိုပေါက်ပုံမျိုးနဲ့ နံရိုးတွေကျဲပီး အရေတွေတွဲကျနေတဲ့ ကျွဲမကြီးလည်ပင်းကို ဗျိုင်းမက လျှာနဲ့ယက်ပေးနေတယ်။ ကျွဲမကြီးကလည်းဗျိုင်းမတင်ပါးကို လျှာနဲ့ပြန်ယက်ပေးနေတယ်။

ဒီမြင်ကွင်းကိုမြင်တော့ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချမိသွားတယ်။

” ဦးလေး ”

” ရေ.. ”

” သူတို့နှစ်ကောင်ကို ဒီညဦးလေးဆီမှာပဲ ထားခဲ့တော့မယ် မနက်ဖြန်မနက်မှ ကျွန်တော်ပြန်လာဆွဲတော့မယ် ဒီမှာကြိုးတွေဦးလေး ”

” အေ အေ ထားခဲ့ငါ့တူ ကြိုးတွေတော့ယူထားလိုက်မယ် ဒါပေမဲ့ ဒီကောင်မတွေက ဒီညအဖို့ မောင်းထုတ်တောင် တင်းကုတ်ထဲကထွက်မဲ့သဘောမရှိပါဘူး ငါ့တူရာ အလွမ်းသယ်နေကြတာကြည့်ပါလား ”

ဟုတ်လည်းဟုတ်ပါတယ် ဗျိုင်းမက သူ့အမေလည်ပင်းတွေ ငယ်ထိပ်တွေကို လျှာနဲယက်ပေးနေသလို သူ့အမေကလည်း ဗျိုင်းမ တင်ပါးတွေ ဝမ်းဗိုက်တွေကိုပြန်ယက်ပေးနေတာမမောနိုင်မပမ်းနိုင်

” ဟုတ်ကဲ့ဦးလေး ကျွန်တော်လည်းမိုးတအားမချုပ်ခင်ပြန်ဦးမယ် တော်ကြာအိမ်ကစိတ်ပူနေမှာစိုးလို့ ”

” အေ..အေ.. အောက်ကိုလည်းသေချာကြည့်ပြီး ဂရုစိုက်သွားငါ့တူရေ့ မိုးတောင်အတော်ချုပ်နေပြီ ”

====+++=====

” အဖိုးကြီး အိမ်ရှေ့ငုတ်တုတ်ထိုင်ပြီးဘာတွေစဥ်းစားနေတာတုန်း ”

မိန်းမအသံကြားမှ သတိပြန်ဝင်လာတယ်

“ဘာမှမဟုတ်ပါဘူးဟာ မိုးဦးကျဆိုတော့ကိုယ့်ရွာကိုယ်သတိရသွားလို့ အငယ်တုန်းကဆို ဒီအချိန်နွားလိုက် ကျွဲလိုက်နဲ့ နွားပျောက်ရှာ ကျွဲပျောက်ရှာခဲ့ရတာတွေ ပြန်သတိရသွားလို့ တစ်နေ့တော့ရွာကိုအရောက်ပြန်ဦးမယ် ”

” သွားကြတာပေါ့ အဖိုးကြီးရယ် ကဲ ခုတော့ထ ထမင်းစားမယ် ”

တိရစ္ဆာန် ဖြစ်တဲ့ကျွဲတွေတောင် သုံးနှစ်သုံးမိုးကြာတဲ့အထိ သူ့မွေးရပ်မြေကိုလွမ်းဆွတ်သတိရသေးတာ ခင်ဗျားတို့ ကျွန်တော်ကလူသားပဲဗျာ ကိုယ့်မွေရပ်မြေကိုမလွမ်းပဲ ခံနိုင်ရိုးလား။ ။

#မန်ဒိန်း
၁၉၆၂၀၂၅
#မွေးရပ်မြေနဲ့ဝေးနေသူတွေတစ်ကြောင်းစီလောက်မန့်သွားကြဗျာ။
အလွမ်းပြေပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *