လူ့သက်တမ်း

Posted on

လူ့သက်တမ်း(စ/ဆုံး)
—————-

ဘုရားသခင်က သတ္တဝါတွေကို ဖန်ဆင်းခြင်း ပထမနေ့မှာပင် ခွေးကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်က ခွေးအား

“သင့်အား ခွေးဟုခေါ်စေ။ တံခါးဝမှာ တစ်နေကုန်ထိုင်ကာ သင့်ရှေ့က ဖြတ်သွားသူမှန်သမျှကို ဟောင်စေ။ ထိုအလုပ်ကို လုပ်ရန်အတွက် သင့်ကို သက်တမ်း အနှစ် ၂၀ ပေးသနားတော်မူမည်” ဟု ပြောသည်။

ခွေးက

“အရှင် နှစ်ပေါင်း ၂၀ လောက် ဟောင်ရမည့်အလုပ်မှာ ရှည်ကြာလွန်းလှပါသည်။ ၁၀ နှစ်လောက်ဆို တော်ပါပြီ။ ၁၀ နှစ်ကို ပြန်ယူတော်မူပါ” ဟု ပြန်ပြော၏။

ဘုရားသခင်ကလည်း

“ကောင်းလှပေပြီ” ဟုဆိုကာ ခွေးထံမှ ၁၀ နှစ်ကို ပြန်ယူကာ ခွေးကို ၁၀ နှစ် ဟောင်ခိုင်းလိုက်သည်။

ဘုရားသခင်က ဒုတိယနေ့တွင် မျောက်ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူပြီးနောက် မျောက်အား

“သင်သည် လူတွေကို ပျော်ရွှင်အောင် လုပ်ပေးရမည်။ လူတွေကို ရယ်မောအောင် ဖျော်ဖြေပေးရမည်” ဟု ဆိုလိုက်သည်။ မျောက်က

“ကျွန်တော်မျိုး လူတွေကို မည်မျှကြာအောင် ပျော်တော်ဆက်ရမည်နည်း”

“နှစ်ပေါင်း ၂၀”

“နှစ်ပေါင်း ၂၀ ကတော့ များလွန်းပါသည်။ ခွေးကဲ့သို့ပင် ၁၀ နှစ် ပြန်ယူတော်မူပါ”

“ကောင်းပြီ”

ဘုရားသခင်က မျောက်သက်တမ်းကို ၁၀ နှစ် သတ်မှတ်ကာ ပိုသော ၁၀ နှစ်ကို သိမ်းထားလိုက်သည်။

တတိယနေ့တွင် ဘုရားသခင်သည် နွားကိုဖန်ဆင်းတော်မူသည်။ ဘုရားသခင်က

“သင်သည် တစ်နေကုန် လယ်ကွင်းထဲတွင် အလုပ် လုပ်ရမည်။ မိုးဒဏ်၊ နေဒဏ်ကို ခံရမည်။ နွားလေးတွေ မွေးပေးရမည်။ လူတွေကို နို့ပေးရမည်။ ထိုအလုပ်အတွက် သင့်ကို ငါသည် သက်တမ်း ၆၀ ပေးသနားတော် မူမည်” ဟု ဆိုလိုက်သည်။

နွားက

“နှစ်ပေါင်း ၆၀ ကြာအောင် လူ့တာဝန်ကို ထမ်းရမည်ဆိုခြင်းမှာ ကြာလွန်းလှပါသည်ဘုရား။ နှစ်ပေါင်း ၂၀ လောက်ဆို တော်လောက်ပါပြီဘုရား။ အရှင်ဘုရား နှစ်ပေါင်း ၄၀ ကို ပြန်သိမ်းတော်မူပါ”

ဘုရားသခင်ကလည်း ခွေးနှင့်မျောက်တို့ကို အလျှော့ပေးခဲ့ပြီးဖြစ်ရာ နွားကိုလည်း သူတောင်းဆိုသည့်အတိုင်း နှစ်ပေါင်း ၂၀ သာ လူတွေကို အလုပ်အကျွေးပြုရန် သဘောတူလိုက်လေသည်။

စတုတ္ထနေ့တွင် ဘုရားသခင်သည် လူသားကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်က လူသားအား

“အိပ် … စား … ကာမ ဤသုံးဝဖြင့် ဘဝတွင် ပျော်ရွှင်စွာနေလော့၊ သင့်ကို ထိုသို့ ပျော်ရွှင်နိုင်ရန်အတွက် နှစ်ပေါင်း ၂၀ နေခွင့်ပေးတော်မူမယ်” ဟု ဆိုလိုက်သည်။

 

လူက

“အရှင်ဘုရား နှစ်ပေါင်း ၂၀ ဆိုတာကတော့ နည်းလှပါသည်။ နွား၊ မျောက်၊ ခွေးတို့ထံမှ ပြန်အပ်ထားသော သက်တမ်းများ အရှင်ဘုရားထံတွင် ရှိကြောင်း သိရပါသည်။ ကျွန်တော်မျိုးကို နွားထံက သိမ်းထားသည့် နှစ် ၄၀၊ မျောက်ထံကသိမ်းထားသည့် ၁၀ နှစ်၊ ခွေးထံက သိမ်းထားသည့် ၁၀ နှစ် ၊ စုစုပေါင်း နှစ် ၆၀ နှင့် တပည့်တော်ကို ပေးသနားတော်မူသည့် နှစ် ၂၀ အားလုံး စုစုပေါင်း နှစ် ၈၀ နေထိုင်ခွင့် ပြုပါဘုရားသခင်”

ဘုရားသခင်ကလည်း သဘောတူကာ ပေးသနားတော်မူ၏။

ထို့ကြောင့်

လူသည် ပထမသက်တမ်း ၂၀ တွင်

အိပ် … စား … ပျော်ပါး … ဤသုံးပါးတွင် ပျော်ပျော်ကြီးခံစားကာ နေလေ၏။

နောက် နှစ် ၄၀ နွားထံမှ ယူထားသော သက်တမ်းအတွင်း

မိသားစုအတွက် နွားလိုရုန်းကာ နေရ၏။

မျောက်ထံမှ ယူထားသော ၁၀ နှစ်သက်တမ်းကာလသို့ရောက်ပြီ။

သူ့အသက် ၆၀ ကျော်သည့်အခါ မြေးတွေကို ထိန်းကာ ပျော်တော်ဆက်နေရသည့်ဘဝ ဖြစ်သွားသည်။

အသက် ၇၀ ကျော်ပြီ

ခွေးထံက ယူထားသော ၁၀ နှစ်ကာလကို ရောက်ပြီ

အိမ်ရှေ့တွင်ထိုင်ကာ တွေ့သမျှကို ဒိုင်ခံအော်နေသည့်ဘဝကိုရောက်လေ၏။

(Life Span from God ကို မြန်မာမှုပြုပါသည်)

တင်ညွန့်

၂၂.၁.၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *