လွမ်းငွေ့လှိုင်လှိုင်(စ/ဆုံး)
————————
အဝေးပြေး လမ်းမကြီးမှ ကားအဖြူလေး တစ်စီး မြို့တစ်မြို့သို့ ဦးတည် သွားနေသည်။ ထိုကားထဲတွင် ယောက်ျားလေး နှစ်ယောက် မိန်းကလေး နှစ်ယောက်ပါလာ၍ လူငယ်လေးယောက်တို့၏ အပျော်ခရီးသွား ကားလေးဟု ဆိုရပေမည်။ မင်းလွင် နှင့် ဖြိုးပိုင် ကားအား တစ်လှည့်စီ မောင်းသည်။ နောက်ခန်းတွင် ဝတီနှင့် ကလျာ ထိုင်၍ ပတ်ဝန်းကျင်မှ ရှုခင်းများအား ကြည့်လျက် ပျော်ပါးနေသည်။ ငယ်စဉ်ကတည်းက အတူသွား အတူလာ သူငယ်ချင်းများ ဖြစ်လျက် အလုပ်အားလပ်ချိန် အပျော်ခရီး ထွက်လာခြင်း ဖြစ်သည်။
ညနေစာစားရန် ကားရပ်ပြီး၍ ဆက်လက် မောင်းနှင်လာသည်။ မောင်းရင်း ညမှောင်ရီပျိုးစ ပြုလာသည်။ ဝတီနှင့် ကလျာတို့မှာ အိပ်မောကျရင်း ကားပေါ်၌ ပါလာကြသည်။ ည၏တာဝန်အရ ဝန်းကျင်လောကကို အမှောင်ထုထဲသို့ တဖြည်းဖြည်းခော်ဆောင်လာသော ကြောင့် မှောင်သည်ထက်မှောင်လာလေတော့သည်။
**************
မွန်းတည့်ချိန် ရောက်သော် မင်းလွင်တို့ ကားလေး မြို့တစ်မြို့သို့ ဝင်လာနေပြီ ဖြစ်သည်။ သွားလိုသည့် မြို့သို့ ရောက်၍ တည်းရန် ဦးလေးဖြစ်သူအိမ် သို့ ဦးတည်ကာ မောင်းသွားသည်။
မကြာမီ အချိန်အတွင်း မင်းလွင်တို့ ကားလေး ခြံတစ်ခြံထဲတွင် ရပ်လိုက်သည်။ ကားပေါ်မှဆင်းကာ အိမ်အပေါက်ဝမှ ဆီးကြိုနေသော လေးလေးအား မင်းလွင် ပြုံးပြလိုက်၏။
“လေးလေး…. ကျွန်တော်တို့ ရောက်ပြီ”
“အင်းကွယ်.. လာ အိမ်ထဲဝင်ကြ”
မင်းလွင်တို့ သူငယ်ချင်းတစ်စု လေးလေး၏ ဧည့်ခန်းတွင် နေရာယူလျက် ထိုင်နေကြ၏။
“သားတို့က အလည် လာတာလား”
“ဟုတ်တယ်…လေးလေး၊ အလုပ်တွေ အားတုန်းလေး အလည်လာကြတာ”
“ကောင်းပါတယ်။ လေးလေး အိမ်စီစဉ်ပေးမယ်၊ ဒီအိမ်မှာက လေးလေးရဲ့ မိန်းမရယ် ကလေးတွေရယ် ဆိုတော့လေ”
“ဟုတ် နားလည်ပါတယ်”
“ကဲ….လေးလေး အိမ်လိုက်ပြပေးမယ်”
မင်းလွင်တို့ ထိုင်ရာမှထလျက် ကားပေါ်တက်ကာ လေးလေး၏ ကားအား မိမိတို့အရှေ့မှ သွားစေသည်။
သွားရင်း လေးလေး၏ ကား ခြံတစ်ခြံရှေ့သို့ ရပ်လိုက်၏။ ကားပေါ်မှ ဆင်းကာ ခြံတံခါးအား သော့ဖွင့်လျက် မင်းလွင်တို့အားလှမ်းခေါ်လိုက်သည်။ အိမ်ကြီးမှာ ရှေးဟောင်းကျ၍ အလွန်ကြီးမားသော နှစ်ဆောင်မြိုင် အိမ်ကြီး ဖြစ်သည်။ ခြံဝန်းမှာလည်း အလွန် ကျယ်ဝန်းလှ၏။ ရှေးခေတ် သူဌေးများနေသော အိမ်ကြီးဖြစ်သည်။
မင်းလွင်တို့ လေးလေးနှင့်အတူ ထိုအိမ်ကြီးသို့ ရောက်လာသည်ကို ပတ်ဝန်းကျင်မှ လူများ ထူးဆန်းစွာ ကြည့်နေမိသည်။ ထိုအကြည့်များအား မင်းလွင်တို့ သတိထားမိသော်လည်း အဘယ်ကြောင့် ကြည့်နေကြသည်ကို ခန့်မှန်းရန် ခက်ခဲသည်။
“ဒီအိမ်မှာ သားတို့ကော သမီးတို့ကော နေလို့ရတယ်”
“ဟုတ်ကဲ့ လေးလေး”
“ဒါနဲ့ ဘယ်လောက် ကြာကြာ နေမလဲ”
“ရက်ပိုင်းလောက်ပဲ”
“အင်းပါ… ဒီအိမ်က လေးလေး မိတ်ဆွေရဲ့အိမ်လေ၊ သူလည်း ဒီအိမ်ကို ရောင်းချင်နေတာ။ ဝယ်မယ့်သူ မရှိသေးတော့ ဒီအတိုင်းပဲ ထားထားရတယ်”
ထိုစဉ်ဝတီက…..
“အိမ်က ရှေးဟောင်းအိမ်ပဲနော် လေးလေး”
“ဟုတ်တယ် သမီးရဲ့၊ လေးလေး မိတ်ဆွေရဲ့ ဘိုးဘွားလက်ထပ်ကတည်းက အိမ်ကြီးပေါ့။ ဒီအိမ်ကို လေးလေးဆီ ခဏအပ်ခဲ့ပြီး တခြားမြို့ ပြောင်းနေတာ။ ဝယ်မယ့်သူ ရှိရင်ဖြစ်ဖြစ်၊ ငှါးမယ့်သူ ရှိရင်ဖြစ်ဖြစ် လေးလေးက စီစဉ်ပေးရတာ”
“ဟုတ် လေးလေး…”
အိမ်အထဲ ဝင်၍ လေးလေး အခန်းများ လိုက်ပြပေးသည်။ အပေါ်ထပ်ရော အောက်ထပ်ပါ ပြပေး၍ စိတ်ကြိုက်အခန်းများ၌ နေစေသည်။ အပေါ်ထပ်ရှိ အခန်းများထဲမှ အခန်းတစ်ခန်းအား လေးလေး လက်ညှိုးထိုးပြ၍….
“အဲ့ဒီ အခန်းမှာ မနေနဲ့။ သွားလည်း မသွားနဲ့။ အဲ့ဒီ အခန်းကလွှဲပြီး ကျန်တဲ့အခန်းတွေ နေလို့ရတယ်”
“ဘာဖြစ်လို့လဲ လေးလေး…”
သိချင်စိတ်ဖြင့် လေးယောက်သား ပြိုင်တူမေးမိသည်။ လေးလေး တစ်ခုခုအား စဉ်းစား၍ ဖြေရခက်ပုံ ရသွားသည်။
“သြော်… ဘာမှတော့ မဖြစ်ပါဘူး၊ ဒါပေမယ့် မနေကြပါနဲ့ အဲ့ဒီအခန်းမှာ။”
“ဟုတ်ကဲ့ပါ”
ရိုးရှင်းလှသော လေးလေး အဖြေအား လက်မခံချင်သော်လည်း ခေါင်းငြိမ့်လိုက်ရသည်။
“ကဲ….အိမ်ထဲဝင်ပြီး နားကြဦး၊ ခဏနေ အိမ်အကူ အမျိုးသမီး တစ်ယောက် လာလိမ့်မယ်၊ သူကပဲ အိမ်အလုပ်တွေ အကုန် လုပ်ပေးလိမ့်မယ်”
“ဟုတ်ကဲ့ပါ..အခုလို စီစဉ်ပေးတာတွေ လေးလေးကို ကျေးဇူးအများကြီးတင်တယ်”
“ရပါတယ်ကွာ….လေးလေးသွားတော့မယ်နော်”
ထိုအိမ်ကြီး၏ အပေါ်ထပ်၌ နှစ်ယောက်တစ်ခန်း နေကြသည်။ အချိန် အနည်းငယ် ကြာသော် လေးလေး လွှတ်လိုက်သော အိမ်အကူ အမျိုးသမီး ရောက်လာ၏။ ထိုအမျိုးသမီးမှာ အိမ်ပတ်လည်အား ကြည့်ကာ တစ်ခုခုအား စိုးရိမ်လျက် ရှိ၏။
ထိုစဉ် မင်းလွင်က…
“လေးလေး လွှတ်လိုက်တာလား”
“ဟုတ်ပါတယ်…. ဒီတစ်အိမ်လုံးရဲ့ အလုပ်တွေကို တာဝန်ယူထားပါတယ်”
“ဟုတ်ပါပြီ… ဒါနဲ့ ဘယ်အခန်းမှာ နေချင်လည်း၊ ကြိုက်တဲ့အခန်းမှာ နေနိုင်ပါတယ်။ ကျွန်တော်တို့က အိမ်အကူမို့ ဘယ်အခန်းမှာနေ ဆိုပြီး မခွဲခြားတတ်ပါဘူး”
“ဟို…ကျွန်မက နေ့ပဲ အလုပ်လာလုပ်ပြီး ပြန်မှာပါ၊ ည မနေပါဘူး။ နေ့မှာသာ အလုပ်တွေအကုန် ပြီးအောင် လုပ်သွားမှာ”
“လေးလေးက နေ့ပဲ လာခိုင်းတာလား”
“မဟုတ်ပါဘူး….ကျွန်မ ကိုယ်တိုင်က နေ့ပဲ လာချင်တာပါ။ ညတော့ ကျွန်မ ပြန်ပါရစေ”
မည်သည့် အကြောင်းကြောင့် ည မလာချင်သည်ကို မသိသော်လည်း အမျိုးသမီး၏ သဘောကိုသာ လက်ခံလိုက်ရသည်။
အမျိုးသမီးလည်း ဝတီတို့ အိတ်များကူသယ်ပေးလျက် လုပ်စရာရှိသည့် အိမ်အလုပ်များသာ လုပ်နေသည်။ မင်းလွင်တို့လည်း ခရီးပန်းလွန်းသောကြောင့် မိမိတို့ အခန်း၌သာ အနားယူနေသည်။
အိမ်အကူ အမျိုးသမီးမှာ သန့်ရှင်းရေးမှ အစ အကုန်လုပ်ပြီး၍ အိမ်ပြန်ခဲ့သည်။ မင်းလွင်တို့ လေးယောက် ညစာစားပြီး၍ အခန်းကိုယ်စီ သွားကာ အိပ်ရာဝင်ခဲ့သည်။
ကလျာမှာ ဘေးအစွန်၌ အိပ်၍ ဝတီမှာ ထောင့်တွင် အိပ်သည်။ ခရီးပင်ပန်းသော်လည်း ကလျာ မအိပ်နိုင်သေး။ မိမိတွင် ပါလာသော စာအုပ်အား ဖွင့်၍ ဖတ်နေသည်။ အတော်အတန် ကြာသော် မျက်ခွံများလေးလာ၍ စာအုပ်ပိတ်ကာ လုံးဝ အိပ်ပျော်သွားသည် မဟုတ်ပဲ မှေးလျက် ရှိနေသည်။ လေအေးတိုက်ခတ်မှုနှင့် အတူ လူတစ်ယောက် ခြင်ထောင်အား လာလှပ်သကဲ့သို့ ဝတီ ခံစားရသည်။ ထိတ်လန့်စွာဖြင့် မျက်လုံး ဖွင့်ကြည့်လိုက်ရာ ဘေးတွင်အိပ်နေသော ဝတီမှလွှဲ၍ မည်သူမျှ မရှိပေ။
“ဟူး…. စိတ်ထင်တာ ဖြစ်မှာပါလေ…”
စိတ်ထင်သည်ဟုသာ တွေးလျက် ပြန်မှေးနေလိုက်သည်။ မှေးသည်မှ မကြာသေး ယခင်အတိုင်း ခြင်ထောင် လာလှပ်သကဲ့သို့ ခံစားရပြန်သည်။ မျက်လုံးဖွင့်ကြည့်သော်လည်း မတွေ့ပြန်ပေ။ ကလျာ အလွန် တုန်လှုပ်ကာ ထိုအစွန်တွင် မအိပ်ရဲ၊ ဝတီအား နိုးရန် ဆုံးဖြတ်လိုက်သည်။
“ဝတီ….ဝတီ…ထပါဦး…ဝတီ”
ဝတီ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်သည်။
“ဘာလဲ…ကလျာရဲ့၊ မအိပ်သေးဘူးလား”
“နေရာ လဲရအောင်၊ ငါ အစွန်မှာ မအိပ်ရဲဘူး၊ ငါကြောက်တယ်”
“ဘာမှ ကြောက်စရာ မရှိတာကို…”
“ခြင်…ခြင်ထောင်ကို လာလှပ်သလို ခံစားရလို့၊ ငါ မအိပ်ရဲဘူး.. နေရာ လဲမယ်လေနော်..”
“စိတ်ထင်တာ နေမှာပါဟယ်၊ ကဲပါ စိတ်ချမ်းသာအောင် ငါလဲပေးမယ်”
နေရာ လဲပြီးမှသာ ကလျာ အိပ်ပျော်နိုင်သည်။ အစွန်၌ ဝတီ စအိပ်၍ မျက်လုံးစမှိတ်ခြင်းတွင် ကလျာ ခံစားရသကဲ့သို့ ခြင်ထောင် လာလှပ်ခြင်းအား ခံစားရပြန်သည်။ မျက်လုံးဖွင့်ကြည့်သော်လည်း မည်သည်ကိုမျှ မတွေ့ရ။ ထိုအချိန်မှသာ ကလျာပြောသည်ကို လက်ခံနိုင်သည်။ ယခင်က အိပ်ချင်စိတ်များပင် မည်သို့ ရောက်သွားရသည်မသိ။ ကလျာဘက်လှည့်ကာ ကြိတ်မှိတ်၍ အိပ်လိုက်ရသည်။
******************
မင်းလွင်တစ်ယောက် တစ်ရေးနိုး၍ ရေထသောက်မည့်ဟန် ပြင်နေစဉ် အခန်းအတွင်း လူတစ်ယောက် ဝင်လာသယောင် ခံစားမိသည်။ တံခါး အပေါက်ဝသို့ လှမ်းကြည့်သော်လည်း မည်သူမျှ မရှိ။ ထိုအဖြစ်အား ဥပေက္ခာပြုလျက် အခန်းအပြင်သို့ ရေသောက်ရန် ထွက်ခဲ့သည်။ ရေဘူးထဲမှ ရေအား ခွက်ထဲထည့်၍ သောက်ပြီးစဉ် အခန်းထဲသို့ ဦးတည်၍ လျှောက်လာသည်။ မင်းလွင် မဝင်မှီ လူတစ်ယောက် အခန်းထဲ ဝင်သွားသည်ကို လျှပ်တစ်ပြတ် တွေ့လိုက်ရ၍ ခြေလှမ်းများ ရပ်တန့်မိသည်။
ထိုသို့ ဝင်သွားသော သူမှာ ဖြိုးပိုင်လော၊ ဖြိုးပိုင် အပြင်ထွက်၍ ပြန်ဝင်သွားသည်လော၊ ဝင်သွားသော သူမှာ ဖြိုးပိုင်နှင့်မတူ။ ရပ်တန့်နေသော ခြေလှမ်းများ ပြန်လည် လှုပ်ရှားကာ အခန်းတွင်းသို့ ဝင်ခဲ့သည်။ ဖြိုးပိုင်မှာ အိပ်နေမြဲ ဖြစ်သည်။ အခန်းထဲတွင်လည်း သူနှင့် ဖြိုးပိုင်မှလွှဲ၍ အခြား မည်သူမျှမရှိ။ ဖြိုးပိုင်အား နိုး၍ မေးမည်ဟု ဆုံးဖြတ်မိသည်။
“ဖြိုးပိုင်…. ထဦး…ဖြိုးပိုင်”
“ဘာလဲကွာ….အိပ်ချင်နေပါတယ်ဆို…”
“ခဏလောက် ထပါဦးကွာ…
“ခုနကလည်း ငါ့ကိုနိုးပြီးပြီ။ ကဲ ထပြီ ပြော”
ဖြိုးပိုင် မထချင် ထချင်ဖြင့် ထ လိုက်သည်။
“ခုနက..မင်းကို လာနိုးတယ် ဟုတ်လား”
မင်းလွင်၏ အမေးကြောင့် ဖြိုးပိုင် ခေါင်းကုတ်ကာ….
“ဟုတ်တယ်လေ…အခုအတိုင်းပဲ မင်းလာနိုးတာလေ”
“ငါ အခုမှ လာနိုးတာပါ၊ ခုနက မင်းကို လာနိုးတာ ငါ သေချာလို့လား”
“ဒီအခန်းထဲမှာ မင်းနဲ့ငါ နှစ်ယောက်ပဲ ရှိတာပါကွာ၊ မင်းမနိုးရင် ဘယ်သူနိုးမှာလဲ။ ကလျာတို့လည်း သူတို့အခန်းနဲ့ သူတို့လေ”
“မင်းကို လာနိုးတော့ မျက်လုံး ဖွင့်ကြည့်သေးလား”
“ငါလည်း အရမ်း အိပ်ချင်နေတာနဲ့ မျက်လုံး မဖွင့်ကြည့်မိဘူး”
မင်းလွင် ခေါင်းထဲ အတွေးများစွာ ဝင်လာသည်။ စောစောကပင် လူတစ်ယောက် အခန်းထဲ ဝင်သွားသည်ကို တွေ့လိုက်ရသည်။ ယခုသည်လည်း ဖြိုးပိုင်အား လာနိုးသည်ဟု ဆိုသည်။
“တစ်ခုခုတော့ တစ်ခုခုပဲ၊ ခုနကလည်း ငါ ရေသွားသောက်ပြီး ပြန်လာတော့ အခန်းထဲ လူတစ်ယောက် ဝင်သွားတာ တွေ့လို့ မင်း အပြင်ထွက်ပြီး ပြန်ဝင်တာလားလို့ မေးမလို့”
“မဟုတ်ပါဘူး၊ ငါ အပြင်မထွက်ဘူး”
“ငါလည်း မင်းကို လာမနိုးဘူးလေ…”
“မင်းလွင်… ဒါဆို ဒီအိမ်က…”
“ကဲ…ငါတို့ စိတ်ထင်တာ ဖြစ်မှာပါ။ ဘာမှမတွေးနဲ့တော့၊ ငါလည်း အိပ်တော့မယ်”
ဖြိုးပိုင် စကားမဆုံးခင် မင်းလွင် စကားဖြတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ဖြိုးပိုင်အား နှစ်သိမ့်ပေးလိုက်သော်လည်း မင်းလွင်ကိုယ်တိုင် အတွေးပေါင်းစုံဖြင့် အိပ်ရာ ဝင်ခဲ့သည်။
*************
နံနက်မိုးသောက်ချိန် ရောက်သော် နံနက်စာ စားပြီး၍ မြို့အတွင်း လျှောက်လည်ရန် ပြင်ကြသည်။ အိမ်အကူ အမျိုးသမီးမှာ မင်းလွင်တို့ မထခင် ရောက်နေ၏။ မင်းလွင်တို့ အပြင်သွားမည်ဟု ဆိုသော် အမျိုးသမီးလည်း သူမအိမ်သို့ ပြန်ချင်ကြောင်း၊ မင်းလွင်တို့ ပြန်ရောက်ကာမှ လာမည်ဖြစ်ကြောင်း ခွင့်တောင်းသည်။ စိတ်သဘောထား ကောင်းသူများ ပီပီ မင်းလွင်တို့ ခွင့်ပြုလိုက်ရသည်။
မင်းလွင်တို့ ထိုအိမ်မှ ထွက်သည်မှ စ၍ ပြန်လာသည်အထိ ပတ်ဝန်းကျင်မှသူများ ထူးဆန်းစွာ ကြည့်နေကြပြန်သည်။ ထိုအကြည့်အား ဂရုမထားဘဲ ခြံတံခါးအား ဖွင့်၍ ထို နှစ်ဆောင်ပြိုင် အိမ်ကြီးဆီသို့ ဦးတည်၍ လာကြသည်။ အပေါ်ထပ်မှ လူတစ်ယောက် မင်းလွင်တို့ လေးယောက်အား စိုက်ကြည့်ကာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
“မင်းလွင်…. အပေါ်ထပ်မှာ ဘယ်သူလဲ မသိဘူး၊ နင်တို့အားလုံး တွေ့လိုက်လား”
ကလျာ၏အမေးအား ဝတီက….
“အင်း…တွေ့တယ်….ငါတို့ကို ကြည့်နေတယ်ကော”
“အဲ့ဒါ အိမ်အကူ နေမှာပါ၊ ငါတို့ ပြန်မရောက်ခင် သူအရင် ရောက်နေတာ နေမှာပေါ့”
“မဟုတ်လောက်ဘူး ဖြိုးပိုင်၊ သော့က ငါတို့ဆီမှာလေ၊ သော့အပိုလည်း သူ့ကို မပေးထားဘူး။ သော့အပို ရှိတယ်ပဲထား အောက်ထပ်က အိမ်ရှေ့တံခါးကို ဖွင့်ထားမှာပေါ့”
“အင်း အဲ့ဒါလည်း ဟုတ်တယ်”
ဝတီ၏ စကားအား ကျန်သုံးယောက် ထောက်ခံကြသည်။
“ကဲ… အိမ်ထဲဝင်ရအောင်”
အိမ်ထဲသို့ တက်ညီလက်ညီ ဝင်သွားကာ သူတို့ တွေ့လိုက်သော သူအား ရှာကြည့်ပြန်သည်။ မည်မျှပင် ရှာသော်လည်း မတွေ့။ မောပန်းစွာ ဧည့်ခန်းထဲသို့ ပြိုင်တူ ထိုင်လိုက်သည်။ ထိုင်သည်ပင် မကြာသေး ပြတင်းပေါက်အား အပြင်မှ ခေါက်သံ၊ ကြောင်ခြစ်သော အသံများ ကြားရသည်။ အိမ်ရှေ့ တံခါးမှာလည်း ပြင်းထန်စွာ ပိတ်သွား၏။ မင်းလွင်တို့ ကြက်သီးထကာ မည်သည်ကို လုပ်ရမှန်း မသိ။ ကလျာနှင့် ဝတီ တစ်ယောက်ကိုတစ်ယောက် ဖတ်ကာ ခေါင်းငုံ့လျက် နေနေသည်။
“ဟာ… အပြင်မှာ ဘာတွေ ဖြစ်နေလည်း မသိဘူး”
“ဖြိုးပိုင်…မင်းနဲ့ငါ သွားကြည့်ရအောင်”
“အင်း…သွားမယ်”
မင်းလွင် အနောက်မှ ဖြိုးပိုင် လိုက်ခဲ့သည်။ ပြင်းထန်စွာ ပိတ်သွားသော တံခါးအား ဖွင့်လျက် ကြည့်သော်လည်း အပြင်တွင် မည်သူမျှမရှိ။ နှစ်ယောက်သား သက်ပြင်းချ၍ အထဲ ပြန်ဝင်လာ၏။
“ဘာတွေ ဖြစ်ပျက်နေတာလဲ မင်းလွင်ရယ်”
ကလျာ ဝမ်းနည်းစွာဖြင့် မေးလိုက်၏။
“စိတ်အေးအေး ထားပါ၊ ကလျာရော ဝတီရော မကြောက်နဲ့။ ငါတို့ရှိတယ်”
နောက်ထပ် အသံများ ကြားရဦးမလားဟု မင်းလွင်တို့ ခေတ္တ စောင့်ကြည့်ရာ မည်သည့်အသံမှ မကြားရတော့ပေ။ ထိုအခါမှ အနည်းငယ် စိတ်အေး၍ နေနိုင်သည်။
ညစာစားပြီး၍ လေးယောက်သား အပေါ်ထပ် ဧည့်ခန်းတွင်စုကာ စကားဝိုင်းဖွဲ့ ပြောကြသည်။ အောက်ထပ်မှ လူတစ်ယောက် အပေါ်သို့ တက်လာသည့် ခြေသံများ ကြားရပြန်သည်။ မင်းလွင်တို့ စကားပြောသံများ တိတ်ဆိတ်၍ ထိုခြေသံအား နားစွင့်နေကြသည်။ ခြေသံမှာ ပို၍ကျယ်လာ၍ အပေါ်ထပ်သို့ အသံများ နီးလာသည်။
“ခြေသံတွေ ကြားနေရတယ်….”
ဖြိုးပိုင် စကားအဆုံးမှာပင် အပေါ်ထပ် ကြမ်းပြင်ပေါ်သို့ ခြေသံများ ရောက်လာ၏။ အသံသာ ကြားနေရ၍ မည်သည့် တစ်စုံတစ်ခုမျှ မတွေ့ပေ။ မကြာခင်အတွင်း အောက်ထပ်မှ တံခါးပိတ်သံများ ကြားရပြန်သည်။ တစ်ဖန် လှေကားပေါ်သို့ တက်လိုက်ဆင်းလိုက် အသံများပါ ကြားရ၏။ ဝတီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လျက် ကြက်သီးများ ထနေကြသည်။ ထိုညတွင်လည်း တုန်လှုပ် ချောက်ချားစွာဖြင့် ဖြတ်သန်းလိုက်ကြရသည်။
****************
မိုးသောက်ချိန်၌ နံနက်စာ စားရင်း မင်းလွင် စကားစလိုက်သည်။
“ဟူး…. ဒီအိမ်ကြီးက တစ်ခုခုတော့ တစ်ခုခုပဲနော်”
“ဟုတ်တယ် မင်းလွင်ရ၊ မင်း လေးလေးကို မေးကြည့်ပါလား ဒီအိမ်အကြောင်း”
“အင်း… ငါလည်းမေးမလို့..”
ဝတီမှ အိမ်အလုပ်များ လုပ်နေသော အိမ်အကူ အမျိုးသမီးအနားသို့သွားကာ မေးလိုက်သည်။
“ဟို… တစ်ခုလောက် မေးလို့ရမလား”
“ဟုတ် မေးပါ”
“ဒီအိမ်မှာ အရင်က ဘာတွေ ဖြစ်ပျက်သေးလဲ”
အမျိုးသမီး၏ အဖြေအား မင်းလွင်တို့ လေးယောက် စိတ်ဝင်စားစွာ နားထောင်နေသည်။ အမျိုးသမီးမှာ ခေါင်းငုံ့လျက် ဖြေရခက်ဟန် တူနေသည်။
” တကယ်တော့ ဒီအိမ်ကြီး အကြောင်းကို ဧည့်သည် ရောက်လာတဲ့ သူတွေကို ပြောခွင့်မရှိလို့ပါ။”
“ပြောပြပါလား… ကျွန်မတို့ အစ်မပြောတယ် ဆိုတာ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး”
“မရလို့ပါ၊ ပြောပြလိုက်ရင် ဒုက္ခ ရောက်ကုန်မှာ စိုးလို့”
“ဟူး…အင်းပါ…”
ဝတီလည်း ဆက်မမေးဘဲ လက်လျှော့လိုက်သည်။ အမျိုးသမီး ပြောပုံအရ အိမ်ကြီးတွင် အကြောင်းတစ်ခုခု ရှိရမည်မှာ သေချာသည်။ ဧည့်သည်အား ထိုအကြောင်း ပြောလျှင် ဒုက္ခရောက်မည် ဟူသည်မှာလည်း ထူးဆန်းလှ၏။
ညရော နေ့ပါ ခြောက်လန့်သော အသံများ အမြဲ ကြားနေရသည်။ ညဆိုလျှင်လည်း အိပ်ရေးပျက်ပေါင်း များလှသည်။ အလည်လာသည် ဟု ဆိုသော်လည်း မလည်နိုင်ကြပေ။
*********************
ညတစ်ညတွင် မင်းလွင်တို့ လေးယောက် ထိုအဖြစ်များအား ခေတ္တ လျစ်လျူရှုနိုင်ရန် အပေါ်ထပ် ဝရန်တာ တွင် ဂစ်တာတီး၍ သီချင်းဆိုကြသည်။ ဖြိုးပိုင်မှာ ဂစ်တာတီးလျက် ကျန်သုံယောက်နှင့် သီချင်းဆိုကြ၏။
“ငွေသော်တာ ရောင်ခြည်…. ထိန်လင်းတော့မည် ×××× ”
ထို သီချင်းအား ဆိုလိုက်ရာ ကျယ်လောင်လှသော ရှိုက်ငင်သံ ကြားလိုက်ရသည်။
“အဟင့်…..ဟင့်…..ဟင့်…..”
မိန်းကလေး တစ်ဦး၏ ရှိုက်သံပင် ဖြစ်သည်။ ထိုသီချင်းဆိုနေသည်ကို ရပ်၍ ရှိုက်ငင်သံအား နားစွင့်နေကြသည်။
ခဏ အကြာ ရှိုက်သံ ရပ်သွားခဲ့သည်။ အခြား သီချင်း ဆိုသော် အောက်ထပ်မှ အိုးခွက်သံများ ဆူညံစွာ ကြားရသည်။ မင်းလွင်တို့ ကြက်သီးများ ထလျက် သီချင်း ဆက်ဆိုရမလိုလို မဆိုရ မလိုလို ဖြစ်ခဲ့သည်။ ထိုအချိန် ဖြိုးပိုင်က..
“ထူးတော့ ထူးဆန်းနေပြီ၊ ဆရာမ သီချင်းကို ပြန်ဆိုကြည့်ရအောင်”
“အင်း…ဟုတ်ပြီ”
“ငွေသော်တာ ရောင်ခြည်….ထိန်လင်းတော့မည်×××××××× ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီ ×××××”
ထိုသီချင်းဆိုလျှင် ရှိုက်သံ ကြားရပြန်၏။ ယခင်ထက် ရှိုက်သံများ ပို၍ ကျယ်လောင် လာခဲ့သည်။
“ဒီသီချင်းဆိုရင် ဘာလို့ ရှိုက်သံ ကြားရလည်း မသိဘူး…”
“အင်း…. ထူးတော့ ထူးဆန်းနေပြီ”
“ငါတို့ ဟို အခန်းထဲ သွားကြည့်ရအောင်”
မင်းလွင်ပြသော အခန်းအား ကြည့်လိုက်ရာ ထိုအခန်းမှာ လေးလေး မဖွင့်ရန် မှာထားသော အခန်းဖြစ်၏။
“အင်း… သွားကြည့်မယ်၊ ငါတို့ သိချင်တဲ့ အကြောင်းအရာတွေ အဲ့ဒီအခန်းထဲ ရှိရမယ်”
ဖြိုးပိုင်၏ အပြောအား လက်ခံ၍ ထိုအခန်းထဲ ဝင်ရန် ဆုံးဖြတ်လိုက်သည်။ မဖွင့်ရဟု ပြောထားသော်လည်း လူငယ်များပီပီ စူးစမ်းချင်မိသည်။ ထိုအခန်းတံခါးနား ရောက်သော် တံခါးဖွင့်ဟန် ပြင်လိုက်၏။ သော့မခတ်ထားမှန်း သိ၍ ညင်သာစွာ တံခါးဖွင့်လိုက်ရာ ခန်းဆီးအား ဦးစွာ တွေ့ရသည်။ ခန်းဆီးအား လှပ်ကာ စိတ်လှုပ်ရှားမှုနှင့် အတူ ခြေလှမ်းဖွဖွလှမ်း၍ ဝင်ခဲ့သည်။ အခန်းတွင်းသို့ ရောက်သော် သင်းပျံ့သော ရနံအား ရလိုက်သည်။ ထိုအနံ့ မည်သည်၌ လာသည်မသိ။ ရေချိုးခန်းထဲမှလည်း ညည်းသံများ ကြားနေရသည်။ ညည်းသံနှင့်အတူ ရယ်သံများပါ ကြားရ၏။ ကလျာနှင့် ဝတီ ရှေ့သို့ ဆက်မတိုးရဲပေ။ ကြမ်းပြင်ပေါ်၌ ထိုင်ချပစ်လိုက်၏။ မင်းလွင်နှင့် ဖြိုးပိုင် ယောက်ျားလေးပီပီ ရေချိုးခန်း၌ တစ်စုံတစ်ယောက် ရှိလေမလားဟု သွားကြည့်ရာ မည်သူမျှမရှိ၊ အသံများပင် တိတ်သွားသည်။ ရေချိုးခန်းထဲ၌ ထွက်လာမှသာ အသံများ ထပ်ကြားရသည်။ အရိပ်မည်းများလည်း တစ်ချက်တစ်ချက် ပေါ်လာ၏။ အခန်းထဲရှိ မှန်တင်ခုံမှ မှန်များ အပ်ကွဲလာ၏။ မှန်စများ ကလျာတို့အနား လွှင့်စင်လာသည်။ ထိုလွှင့်စင်သော မှန်စများမှ ဖြိုးပိုင်၏ လက်မောင်းထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားသည်။
“ဟာ…..ဖြိုးပိုင်…”
ဖြိုးပိုင်အနား ကျန်သုံးယောက် အပြေးအလွှား သွားခဲ့သည်။ အခန်းပြင် ထွက်ကာ ဖြိုးပိုင်၏ လက်အတွင်းမှ မှန်စအား ဆွဲထုတ်ပေးကြသည်။
“အား….”
“အားတင်းထား ဖြိုးပိုင် ခဏလေးပဲ”
ဆွဲထုတ်ပြီး၍ လက်အား အဝတ်ဖြင့် ပတ်ထားပေးသည်။ ဖြိုးပိုင်မှာ သူ၏ ဒဏ်ရာအား မျက်နှာလွှဲ၍ မျက်လုံးမှိတ်ကာ နာကျင်မှုဒဏ် ခံစားနေရ၏။ မှန် ရုတ်တရက် ကွဲသွားမှုကိုလည်း အံ့သြမိသည်။
“မနေ့ဖြန် ငါတို့ ပြန်ကြမယ်”
မင်းလွင်စကားကြောင့် ဝတီနှင့် ကလျာ ဝမ်းသာသည်။
“အင်း… ပြန်ကြမယ်လေ… မဟုတ်ရင် နှလုံးရောဂါ ရလိမ့်မယ်”
အိမ်ပြန်ရန် ပြောနေကြရင်း ဖြိုးပိုင် မြင်ကွင်းတစ်ခုကြောင့်
မင်းလွင်တို့အား….
“ဟို….. ဟိုမှာ ကြည့်….”
ဖြိုးပိုင် လက်ညှိုးထိုးရာ နေရာသို့ ကြည့်လိုက်ရာ ဒူးထိဖုံးသော ဂါဝန်အား ဝတ်ထား၍ ရှည်လျားသော ဆံပင်နှင့် နောက်ကျောပေးကာ အောက်ထပ်သို့ ဆင်းသွားသည့် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးမှာ မည်သူနည်း၊ ထိုအိမ်နှင့် မည်သို့ပတ်သတ်နေသနည်း အတွေးများစွာဖြင့် မင်းလွင်တို့ မိမိကိုသာ မေးခွန်းများ မေးနေမိတော့သည်။
***************
နံနက် မိုးလင်းသော် အိမ်ပြန်ရန် ခရီးဆောင်အိတ်များ ကားပေါ်သို့ တင်ပြီး လေးလေး အိမ်သို့ ဦးစွာ မောင်းနှင်ခဲ့သည်။
ခြံဝင်းသို့ ဝင်လာသော မင်းလွင်တို့ ကားအား လေးလေးတွေ့၍ ဆီးကြိုသည်။
“လာ… အိမ်ထဲဝင်”
ဖိနပ်ချွတ်၍ လေးလေး၏ အိမ်ထဲသို့ ဝင်သွားလိုက်သည်။ လက်မောင်းတွင် ဒဏ်ရာ ရလာသော ဖြိုးပိုင်အား လေးလေး သတိထားမိသည်။
“လေးလေးကို သော့လာအပ်တာ… ကျွန်တော်တို့ ဒီနေ့ပဲ ပြန်ကြတော့မလို့”
“ဟေ…ပြန်တော့မှာလား…”
“ဟုတ်တယ် လေးလေး၊ ကျွန်တော်တို့ အဲ့ဒီအိမ်မှာ ဆက်မနေနိုင်တော့ဘူး”
လေးလေး တစ်ခုခုအား စဉ်းစား၍ သက်ပြင်းချမိသည်။ ထိုစဉ် ဝတီက
“အဲ့ဒီ အိမ်က နေ့ရော ညရော အရမ်းခြောက်တယ် လေးလေးရ၊ ဖြိုးပိုင်မှာတောင် ဒဏ်ရာ ရလာတယ်”
“အင်း…. လေးလေး ပြောတဲ့အခန်းကို သွားဖွင့်ကြတယ်မလား”
“ဝန်ခံပါတယ်၊ ကျွန်တော်တို့ ဖွင့်မိတယ်”
“အဲ့ဒီလို ဒဏ်ရာတွေ ဖြစ်လာမှာ စိုးလို့ လေးလေး သတိပေးတာ။ ဒီထက် ဆိုးတဲ့ အခြေအနေ ဖြစ်မလာတာ တော်သေးတယ်။ ဖွင့်တာ လေးလေး အပြစ်မပြောပါဘူး”
“ကျွန်တော်တို့ကို အဲ့ဒီအိမ်အကြောင်း ပြောပြပါလား”
“အင်း…. လေးလေး ပြောပြမယ်၊ တကယ်တော့ အဲ့ဒီအိမ်အကြောင်းကို လေးလေး တစ်ယောက်ပဲ ပြောခွင့်ရှိတယ်။ တခြားသူက ပြောရင် ပြောတဲ့သူရော နားထောင်တဲ့သူပါ ဒုက္ခ ရောက်ကြတာ။ လေးလေးက ဟိုးအရင် ကတည်းက အဲ့အိမ်ပိုင်ရှင်တွေနဲ့ မိသားစုလို နေခဲ့တာ။ အိမ်ပိုင်ရှင်က အရမ်း ချမ်းသာတယ်။ အရင်ကဆို တစ်မြို့လုံးမှာ အချမ်းသာဆုံးပေါ့။ အိမ်ပိုင်ရှင်မှာ တစ်ဦးတည်းသော သမီးလေး တစ်ယောက်ရှိတယ်။ ပြည့်ပြည့်စုံစုံနဲ့ လိုလေသေးမရှိ ထားတာပေါ့။ နှလုံးရောဂါ ဝေဒနာကို ခံစားနေရတယ်။ ကျောင်းဆရာမ အလုပ်ကို အရမ်းဝါသနာပါတော့ သူ့မိဘကလည်း လုပ်ခွင့်ပေးလိုက်ရတယ်။ ကျောင်းဆရာမ အဖြစ် တာဝန်ထမ်းဆောင်ပြီး နှစ်နည်းနည်း ကြာတော့ စစ်ဗိုလ် တစ်ယောက်နဲ့ အိမ်ထောင် ပြုလိုက်တယ်။ သိပ်မကြာဘူး ရှေ့တန်း ထွက်ရတော့ သူ့အမျိုးသား တိုက်ပွဲကျပြီး ဆုံးသွားရှာတယ်။ လေးလေး မိတ်ဆွေရဲ့ သမီးလည်း သူ့အမျိုးသား အဲ့ဒီလို ဖြစ်တော့ နေ့တိုင်း ထမင်းမစား ကျန်းမာရေးတွေ ထိခိုက်လာတာပေါ့။ နှလုံးရောဂါ လည်း ရှိထားတော့ ရက်နည်းနည်း ကြာတဲ့အချိန် အဲ့ဒီ ကောင်မလေး ဆုံးသွားတယ်၊ မကျွတ်မလွတ်ပဲ အဲ့ဒီအိမ်မှာ အခုထိ ရှိနေခဲ့တယ်”
မင်းလွင်တို့ စိတ်ဝင်စားစွာ နားထောင်နေမိသည်။
“သူ ဆုံးသွားတော့ အမျှ မဝေဘူးလား”
“လေးလေးလည်း ပြောပါတယ်၊ ဒါပေမယ့် သူ့မိဘတွေကို အိပ်မက်ပေးတယ်တဲ့။ အမျှ မဝေပါနဲ့ပေါ့။ အိမ်ထဲမှာ နေချင်သေးလို့ပါတဲ့။ မိဘတွေကလည်း သမီးနဲ့ မခွဲနိုင်။ နောက်တော့ သူ့မိဘတွေ ဒီအိမ်ကို လေးလေးဆီအပ်ပြီး တစ်ခြားမြို့ ပြောင်းသွားကြတာ။ မပြောင်းခင် လေးလေး ခရီးထွက်သေးတယ်။ ပြန်ရောက်မှ အပ်သွားတာ။ အိမ်ကိုလည်း ရောင်းချင်တယ်တဲ့။ ဒီအိမ်အကြောင်းကို ဒီမြို့ကလူ တော်တော်များများ သိနေကြတယ်။ ဒါကြောင့်လည်း ဝယ်မယ့်သူ မရှိတာလေ”
မင်းလွင် တစ်ခုခုအား သတိရဟန်ဖြင့်…
“ဟိုလေ ကျွန်တော်တို့ ညတစ်ညမှာ ဆရာမ အဲ့သီချင်း ဆိုတာ ရှိုက်သံတွေ ကြားနေရတယ်”
လေးလေး စိတ်မကောင်း ဖြစ်သွားပုံရသည်။
“အဲ့ဒါ လေးလေး မိတ်ဆွေရဲ့ သမီး အိမ်ထောင်မပြုခင် တိုက်ပွဲ ကျသွားတဲ့ သူုအမျိုးသားက ခြံရှေ့ ညတိုင်း လာဆိုနေကျလေ၊ အိမ်ထောင် ကျပြီးပြန်တော့လည်း အပေါ်ထပ်မှာ ဂစ်တာလေးတီးပြီး ဆိုပြတယ်။ သားတို့လည်း အဲ့သီချင်း ဆိုလိုက်တော့ သတိရသွားတာပေါ့”
မင်းလွင်တို့လည်း လေးလေးပြောသည်ကို အာရုံစိုက်လျက် နားထောင်ကာ ထိုမိန်းကလေးအတွက် စိတ်မကောင်း ဖြစ်မိသည်။
“ဒါနဲ့… လေးလေး ပြောတဲ့ မဖွင့်နဲ့ ဆိုတဲ့ အခန်းက သူ့အခန်းလား…”
“ဟုတ်တာပေါ့…. သူ့အခန်းထဲ ဝင်ရင် တစ်စုံတစ်ယောက် ထိခိုက် နာကျင်တတ်တယ်”
မင်းလွင်တို့ နားလည် သဘောပေါက်၍ ထိုအိမ်သို့ ခေတ္တပြန် သွားရန် ဆုံးဖြတ်ခဲ့သည်။ လေးလေးပါ လိုက်ခဲ့ရန် တောင်းဆိုသည်။ ထိုအိမ်သို့ ပြန်ရောက်သော် အိမ်အတွင်းမှ ခြေသံများ ကြားရပြန် သည်။ ရှိုက်သံများပါ ကြားနေရသည်။ မင်းလွင်တို့ ကလျာ အား
ပုံမှန်မဟုတ်သည့် အဖြစ် တွေ့လိုက်ရသည်။
“ကလျာ….. ဘာဖြစ်တာလဲ”
ကလျာမှာ အောက်ကို စိုက်ကြည့်၍ မင်းလွင်တို့ဘက် လှည့်လိုက်သည်။ ကလျာ ဝင်ပူးခံရသည်ကို လေးလေး သိလိုက်သည်။
“သမီး… ဘာအလိုရှိလဲ သမီး ဖြစ်ချင်တာ ပြောပါ”
ဖြိုးပိုင်တို့ ဝတီတို့လည်း ကလျာအား ကြည့်ကာ…
“ကလျာ… သတိထားဦးလေ..”
” အဲ့ဒါ သမီးတို့ သူငယ်ချင်း ကလျာကို ဝင်ပူးနေတာ”
“ရှင်…..”
“ဗျာ…..”
ထိတ်လန့်စွာဖြင့် ကြည့်နေမိသည်။ ထို့နောက် ဝင်ပူးခံရသော ကလျာက….
“ကျွန်မကို အမျှ ဝေပေးပါ…. ကျွန်မ ဒီမှာ မနေချင်တော့ဘူး၊ အရင်ကသာ အမျှ မလိုချင်ပေမယ့် အခု အမျှဝေဖို့ လိုနေပြီ။ ဒီအိမ်ကနေ ထွက်ခွာ သွားတော့မယ်။ ဆက်နေရင် ကျွန်မပဲ အတိတ်က အကြောင်းတွေကို ပြန်ခံစားနေရမှာ”
“မှန်တာပေါ့ သမီးရယ်၊ လေးလေးတို့ အမျှဝေပေးပါမယ်၊ ဘဝသစ်ကို ပျော်ပျော်သွားပါ”
“ကျေးဇူးတင်ပါတယ်”
ထိုသို့ ပြောပြီး၍ ကလျာ၏ ခန္ဓာကိုယ်မှ ထွက်သွား၏။ မိန်းကလေးအား အမျှဝေရန် အားလုံး သဘောတူလိုက်သည်။ နောက်တစ်နေ့ နံနက် ဘုန်းကြီးများပင့်ကာ အမျှပေးဝေ၏။ ကောင်းမှု ကုသိုလ်များ လုပ်ပေး၏။ ထိုအချိန်မှ နှစ်ဆောင်ပြိုင်အိမ်ကြီး ယခင်ကဲ့သို့ ခြောက်လှန့်မှုများ ကင်းဝေးသွား၏။ မင်းလွင်တို့ ကျေနပ်ကာ ထိုနေ့ ညနေပင် မိမိတို့ နေထိုင်ရာ မြို့သို့ ပြန်လာခဲ့ကြသည်။
နှစ်ဆောင်မြိုင် အိမ်ကြီးမှ မိန်းကလေး၏ အဖြစ်လည်း သနားမိသည်။ မည်သို့ပင် ဖြစ်စေ ကောင်းမှုကုသိုလ်လုပ်ပေးကာ အမျှဝေပေးလိုက်သည်ကို ကျေနပ်မိသည်။
မြို့တစ်မြို့သို့ အပျော်ခရီး ထွက်လာသော်လည်း မြို့အတွင်း တစ်ရက်သာ လည်ပတ်လိုက်ရ၍ နှစ်ဆောင်မြိုင် အိမ်ကြီး၌သာ တုန်လှုပ် ချောက်ချားစွာဖြင့် ကျော်ဖြတ်လိုက်ကြရသည်။ ထိုခရီးသည် မင်းလွင်တို့အတွက် အမှတ်ရစရာ များစွာ နှင့် ချောက်ချားစရာ
ခရီးဖြစ်နေခဲ့သော်လည်း အားလုံး၏ ရင်ထဲ၌ နှစ်ဆောင်မြိုင်
အိမ်ကြီးအား လွမ်းဆွတ်တမ်းတနေကြမည်မှာ အမှန်ပင်ဖြစ်ကြောင်း မျက်ဝန်းကိုယ်စီက ဝန်ခံနေကြလေတော့သည်။
ကျေးဇူးတင်လျက်…….
မြူအလင်္ကာ(လားရှိုး)
“ခြား” စာအုပ်လေးထဲက တခြား ဆရာ ဆရာမတွေရဲ့ ဝတ္ထုလေးတွေလည်း ဖတ်ရှုနိုင်ပါတယ်နော်။ မြူရဲ့ ကျန်တဲ့စာမူတစ်ပုဒ်လည်း “ခြား” ဆိုတဲ့ စာအုပ်လေးထဲ ရှိနေပါသေးတယ်။ စာအုပ်လေးတွေ အားပေးလို့ ရပါသေးတယ်နော်။