ဝဋ်ကြွေး

Posted on

ဝဋ်ကြွေး(စ/ဆုံး)
—————
ဘူတာထဲကို ရထားဝင်လာသည်။

ရထားပေါ်က အသက် ၆၀ ကျော်ခန့်ရှိမည့် လူကြီးတစ်ယောက်ဆင်းလာသည်။ သူ့တွင် လွယ်အိတ်တစ်လုံးပဲ ပါလာသည်။

ဘူတာအပြင်ဘက်ကို ထွက်လိုက်သည်။ ညောင်ပင်အောက်တွင် ရပ်ထားသော ဆိုက်ကားတစ်စီးကို တွေ့သဖြင့် ဆိုက်ကားဆီသို့လာကာ

“ဆိုက်ကားအားသလား” ဟု မေးလိုက်သည်။

ဆိုက်ကားပေါ်တွင်ထိုင်ကာ စာအုပ်ဖတ်နေသည့် လူငယ်က

“အားပါတယ်ခင်ဗျာ … ဘယ်ကိုပို့ပေးရမလဲ” ဟု မေးလိုက်သည်။

“ဓမ္မရိပ်သာကျောင်းတိုက်ကို သွားချင်လို့ပါ”

“တက်ပါခင်ဗျာ”

“ဘယ်လောက်ပေးရမလဲကွယ်”

“ဘုန်းကြီးကျောင်းကို သွားမယ့်သူတွေကို ပိုက်ဆံမယူပါဘူးခင်ဗျာ … ကုသိုလ်ပဲယူပါတယ်”

“အားနာလိုက်တာကွယ် … ဝေးသလား”

“နည်းနည်းတော့ ဝေးပါတယ်ခင်ဗျာ … မြို့ပြင်မှာပါ”

“ဒါဆိုလည်း တန်ရာတန်ကြေးတော့ ယူပါကွယ်”

“ကုသိုလ်ဟာ အထိုက်တန်ဆုံး တန်ရာတန်ကြေးပါခင်ဗျာ … ဆရာတော်ကြီးကို တစ်မြို့လုံးက ကြည်ညိုကြ တာကြောင့် ဆရာတော်ဆီကိုလာတဲ့ မည့်သူ့ကိုမဆို ပိုက်ဆံမယူပါဘူး”

ထိုလူကြီးလည်း စကားမပြောဘဲ ဆိုက်ကားပေါ်တက်ထိုင်လိုက်သည်။ ဆိုက်ကားက ဖြည်းဖြည်းချင်း ထွက်လာသည်။ ဆိုက်ကားဆရာလေးက

“ဦးလေးကြည့်ရတာ တရားစခန်းဝင်ဖို့တော့ ဟုတ်ဟန်မတူပါဘူး”

“အင်းကွယ် … ဆရာတော်ကို လျှောက်ကြည့်ပြီး လက်ခံရင်တော့ သာသနာ့ဘောင်ကို အပြီးဝင်ဖို့ စိတ်ကူးထား ပါတယ်”

“ဆရာတော်ကြီးက စည်းကမ်းကြီးသလို တရားလည်း အလွန်ပြတာကောင်းတယ်ခင်ဗျ။ ဆရာတော်ကြီးနဲ့ သိသလား”

“ဆရာတော်ကြီး သတင်းကြားလို့ လာခဲ့တာပါကွယ်။ တစ်ကြိမ်မှ မတွေ့ဖူးပါဘူး။ မောင်ရင်က ဒီမြို့ခံလား”

“ဟုတ်ကဲ့ပါခင်ဗျာ … ဒီမြို့ခံပါ။ ဆရာတော်ကြီးရဲ့ တပည့်ရင်းဆိုရင်လည်း မမှားပါဘူး”

“ဘုန်းကြီးဝတ်ဖူးလို့လား”

“၁၅ ဝါ ဝတ်ဖူးပါတယ်”

“ဘာဖြစ်လို့ ပြန်ထွက်လိုက်သလဲ”

“အမေအိုကြီးကို ပြုစုစောင့်ရှောက်မယ့်သူ မရှိဘူးခင်ဗျာ။ ဘုန်းကြီးကျောင်းကိုလည်း ခေါ်ထားဖို့ မဖြစ်နိုင်တာနဲ့ ဆရာတော်ကြီးကို တောင်းပန်လျှောက်ထားပြီး လူထွက်လိုက်တာပါ။ အမေ့ကိုတလှည့် ပြုစုလုပ်ကျွေးချင် လို့ပါ”

“သာဓုပါကွယ် … သာဓု … သာဓု”

ဆိုက်ကားလေးက ကုန်းတက် ကုန်းဆင်းများစွာကို ဖြတ်ကျော်လာပြီးနောက်

“ဟိုမှာ ဦးကြီးသွားမယ့် ဘုန်းကြီးကျောင်းခင်ဗျာ”

“ဪ ဟုတ်လား … ကျေးဇူးတင်ပါတယ် မောင်ရင်ရယ် … တော်တော်ဝေးတာပဲ … မောင်ရင်လည်း ချွေးတွေနဲ့ ပင်ပန်းနေပြီ”

“ရပါတယ်ခင်ဗျာ”

ဆိုက်ကားသမားလေးက ကျောင်းအောက်တွင် ဆိုက်ကားကို ရပ်လိုက်ပြီး

“ဒီအချိန်လောက်ဆိုရင် ဆရာတော်ကြီးက ပိဋကတ်တိုက်ထဲမှာ ရှိမယ်ထင်တယ် … ဒီဘက်က လာခဲ့ပါခင်ဗျာ။ ကျွန်တော်လိုက်ပို့ပါမယ်”

သူက ဦးဆောင်ပြီး ခေါ်သည့်နောက်သို့ ဧည့်သည်က လိုက်သွားသည်။ ပိဋကတ်တိုက်ဟု ရေးထားသည့် အဆောင်ထဲကို ဆိုက်ကားသမားလေးက တိတ်တိတ်လေး တက်သွားပြီး အထဲကို ချောင်းကြည့်သည်။ ထို့နောက် တိုးတိုးလေး နောက်လှည့် ပြောလိုက်သည်

“ဆရာတော်ရှိတယ်”

တံခါးကို အသားလေးခေါက်လိုက်သည်

“ဘယ်သူလဲ ဝင်ခဲ့လေ”

သူတို့ ဆရာတော်ရှိရာကို သွားကြပြီး ဦးချကြသည်။ ဆရာတော်က ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်ပြီး စာရေးနေသည်။

“ဪ ဝါယမပါလား”

“မှန်ပါ့ဘုရား … အရှင်ဘုရားဆီကိုလာတဲ့ ဧည့်သည်ကို ခေါ်လာတာပါဘုရား”

“ဘယ်သူများလဲ”

“တပည့်တော် ပဲခူးကပါဘုရား”

“ဟုတ်လား … ဘာကိစ္စများလဲ”

“တပည့်တော် သာသနာ့ဘောင်ကို ဝင်ချင်လို့ပါဘုရား”

ဆရာတော်က သေချာစွာကြည့်လိုက်ပြီး

“ဘာဖြစ်လို့ သာသနာ့ဘောင်ကို ဝင်ချင်ရတာလဲဒကာကြီး”

“တပည့်တော်ဟာ ဆန်စက်ပိုင်ရှင်တစ်ဦးပါဘုရား … မကြာသေးမီကပဲ တပည့်တော် ဇနီးဖြစ်သူ ကွယ်လွန် သွားပါတယ်ဘုရား”

“ရောဂါနဲ့လား”

“ကင်ဆာကြောင့်ပါဘုရား”

“ဖြစ်ရလေ … အဲဒီတော့”

“တပည့်တော် လူ့လောကကြီးမှာ ဆက်မနေချင်တော့ပါဘုရား။ ဒါကြောင့် လုပ်ငန်းတွေကို ဖျက်သိမ်းပြီး သာသနာ့ဘောင်ကို ဝင်ချင်လို့ အရှင်ဘုရားဆီကို ရောက်လာတာပါဘုရား”

“အင်း တစ်ပတ်တစ်လေ စိတ်ပြေလက်ပျောက် ဝတ်တာဝတ်ပေါ့”

“တစ်ပတ်မဟုတ်ပါဘုရား … တစ်သက်လုံးဝတ်မလို့ပါ”

“ဪ … တစ်သက်လုံး ဝတ်တော့မယ်ဆိုတော့ ဒကာကြီးကို မေးရဦးမယ် … ဘယ်လောက်များ ချမ်းသာသလဲ”

“တပည့်တော်မှာ ဘိုးစဉ်ဘောင်ဆက် ချမ်းသာလာခဲ့တာပါဘုရား။ ဒါကြောင့်လည်း လူချမ်းသာ စာရင်းတော့ ဝင်ပါတယ်ဘုရား”

“ဒီလို ဝတ်လိုက်တော့ နောက်ပိုင်းမှာ လုပ်ငန်းတွေကို ဘယ်သူက ဦးစီးမလဲ”

“သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ်ဘုရား”

“သူတို့က ဦးစီး ဦးဆောင်နိုင်တဲ့ အရွယ်တွေ ရောက်နေပြီလား၊ ဦးစီး ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေပြီလား … ဒီလို မေးရတာ တစ်မျိုး မထင်စေချင်ဘူး။ ဒကာကြီးရဲ့ နောက်ကြောင်းကို သိမှ သာသနာ့ဘောင်ကို ဝင်သင့် မဝင်သင့် အကြံပြုနိုင်မယ်ထင်လို့ပါ”

“သားနဲ့ သမီးကတော့ ခုမှ ကျောင်းပြီးကာစဆိုတော့ စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းတော့ ရှိဦးမယ် မထင်ပါဘူးဘုရား”

“ဒကာကြီး ဒီကို ထွက်လာတာ သူတို့သိသလား”

“စာရေးခဲ့ပါတယ်ဘုရား”

“ဒကာကြီးမရှိရင် ဒကာကြီး လုပ်ငန်းတွေအားလုံးဟာ ဆက်ပြီး လည်ပတ်နိုင်လိမ့်မယ်ထင်သလား”

“တပည့်တော် ဒါတွေ မတွေးနိုင်ပါဘူးဘုရား … ဇနီးကွယ်လွန်သွားပြီးကတည်းက အိမ်ကရော အလုပ်ကပါ ထွက်သွားချင်တဲ့စိတ် ပေါ်လာလို့ပါ”

“ကောင်းပါပြီ … သာသနာ့ဘောင်ဝင်မယ် … ပြီးတော့ အပြီးဝင်တော့မယ်ပြောလို့ မေးနေရတာပါ။ ဒကာကြီး မရှိတော့ရင် ဆန်စက်ကြီး ပိတ်လိုက်ရနိုင်တဲ့ အနေအထားမျိုးကို ရောက်သွားနိုင်သလား”

“သားက ဦးစီးနိုင်မှာ မဟုတ်ရင်တော့ ပိတ်လိုက်ရမှာပါဘုရား”

“ဒကာကြီး ဒီကို ထွက်လာပြီး သာသနာ့ဘောင်ကို အပြီးဝင်တော့မယ်ဆိုပါတော့ … ဒုက္ခချက်ချင်း ရောက်မှာ ဒကာကြီးရဲ့ သားနဲ့သမီး နှစ်ယောက်ပေါ့ … ဒါနဲ့ မေးပါရစေဦး … ဒကာကြီးဆန်စက်မှာ အလုပ် လုပ်နေတဲ့ အလုပ်သမား ဘယ်နှယောက်လောက်ရှိသလဲ”

“၅၀ လောက်တော့ ရှိမှာပါဘုရား”

“အဲဒီ အလုပ်သမားတွေကို မှီခိုနေတဲ့ မိသားစုတွေရော ဘယ်နှယောက်လောက် ရှိမယ်ထင်သလဲ”

ထိုသူက ပြန်မဖြေသဖြင့် ဆရာတော်က ဆက်ပြောသည်

“အလုပ်သမားတစ်ဦးမှာ မိသားစု သုံးဦးရှိတယ်ပဲထား … ဒကာကြီး ဆန်စက်ကြီး ပိတ်လိုက်ရရင် မိသားစု စုစုပေါင်း ၁၅၀ လောက်ဟာ ဒုက္ခဖြစ်သွားတော့မှာပေါ့နော်။ ဒကာကြီးက ဒီကို ထွက်လာတာ ဒုက္ခရောက်ရင် သားနဲ့ သမီးနှစ်ယောက်ပဲ။ လုပ်ငန်းကြီး ရပ်လိုက်ရရင်တော့ လူပေါင်းများစွာ ဒုက္ခရောက်ရတော့မယ်။ စဉ်းစား ပါဦး ဒကာကြီး။ ဒီတစ်ည စဉ်းစားခွင့်ပေးမယ်။ မနက်ဖြန်မှ ပြန်လာခဲ့။ မနက်ဖြန်မှာ ဒကာကြီး စိတ်မပြောင်းဘူး ဆိုရင် ဒကာကြီးသဘောအတိုင်းပဲ”

“မှန်လှပါဘုရား”

“ဟဲ့ ဝါယမ … ငါ့နှယ် ဘုန်းကြီးနာမည်ပဲ ခေါ်ခေါ်နေမိတော့တယ် … လှမောင်”

“ဘုရား”

“ဒကာမကြီး နေကောင်းရဲ့လား”

“ကောင်းပါတယ်ဘုရား”

“အေး … အေး … ဝဋ်ကြွေးတွေ ကုန်အောင် ဆပ်လိုက်ဦး … ကြားလား”

“မှန်ပါ့ဘုရား”

“ဟောဒီ ဒကာကြီး နေထိုင်ဖို့ စီစဉ်ပေးလိုက်”

သူတို့နှစ်ယောက်စလုံး ဆရာတော်အား ကန်တော့ပြီး ကျောင်းပေါ်မှ ဆင်းခဲ့ကြသည်။

“မောင်လှမောင်တဲ့လား”

“ဟုတ်ကဲ့ ဦးလေး … ဦးလေး ဘယ်မှာတည်းချင်ပါသလဲခင်ဗျာ။ ဘုန်ကြီးကျောင်းမှာ တည်းမယ်ဆိုရင် ဆွမ်းစား ကျောင်းကိုခေါ်သွားပါ့မယ်”

“ဦးလေး ဘုန်ကြီးကျောင်းမှာ မတည်းချင်ဘူးကွယ် … တည်းခိုခန်းကို ပို့ပေးပါလား”

“ဒီမှာ တည်းခိုခန်း မရှိဘူးခင်ဗျ။ တောသာသာမြို့လေးပါ”

“ဒါဆိုလည်း ဘူတာကို ပြန်လိုက်ပို့ပါလားကွယ် … ဘူတာမှာ ထိုင်ပြီး စဉ်းစားချင်လို့ပါ”

“ဦးလေး ဒီလိုလုပ်ပါလား … ကျွန်တော့်အိမ် လိုက်ခဲ့လေ … သားအမိနှစ်ယောက်တည်းဆိုတော့ ကျယ်ပါတယ်။ ပြီးတော့ ဦးလေးကြည့်ရတာ ဘာမှလည်း စားရပုံမပေါ်သေးဘူး။ ဒီမှာက ခုချိန်ဆို ဈေးမရှိတော့ဘူးခင်ဗျ။ ဈေးမရှိရင် ထမင်းဆိုင်လည်း မရှိတော့ဘူး”

“အေးပါကွယ် … မောင်ရင် ကောင်းသလိုသာ စီမံပါတော့”

ဤသို့ဖြင့် ဆိုက်ကားဆရာ အိမ်ကိုရောက်ခဲ့သည်။

မောင်လှမောင်၏ မိခင်မှာ မျက်စိမမြင်ပေ။ အမေအိုကြီးကို မောင်လှမောင်က ပြုစု ဂရုစိုက်ပုံတွေကိုကြည့်ပြီး ဧည့်သည်ကြီးက ပီတိဖြစ်နေမိသည်။ မောင်လှမောင်က သူ့ကိုလည်း ထမင်းပြင်ဆင်ကျွေးသည်။ သူလည်း စားသည်။

သူနေထိုင်ရန်အတွက် မောင်လှမောင်က အိမ်အပေါ်ထပ်တွင် ပြင်ဆင်ပေးသည်။ သူတို့အိမ်ကား ရှေးနှစ်ထပ် အိမ်ကြီးဖြစ်သည်။

သူက တစ်ညလုံး စဉ်းစားသည်။ အိပ်၍လည်းမရ။ သူအားလုံးကို စွန့်ခဲ့ပြီး လူ့ဘောင်ကိုပါစွန့်ရန် ဆုံးဖြတ်ခဲ့ သော်လည်း တကယ်စွန့်ရမည်ဟု စိတ်ကူးလိုက်သည့်အခါ သားသမီးတွေ မျက်နှာကို ပြန်မြင်လာသည်။ ဆန်စက်ကြီးကို ပိတ်ကြည့်လိုက်သည်။ အလုပ်သမားတွေဘဝကိုတွေးကြည့်လိုက်သည်။ သူတစ်ညလုံး အိပ်မပျော်နိုင်လောက်အောင် ဖြစ်နေသည်။

မနက်စောစော အောက်ထပ်မှ အမေအို၏ ဘုရားရှိခိုးသံကို ကြားလိုက်ရသည်။
သူက အိပ်ရာထဲမှ လူးလဲထလိုက်သည်။ အောက်ထပ်ကိုဆင်းလာသည်။ မောင်လှမောင်က မျက်နှာသစ်ရန် ပြင် ဆင်ပေးထားသည်။ ထို့ပြင် ရေနွေးကြမ်းနှင့် မုန့်များ စီစဉ်ပေးထားသည်။

“မောင်လှမောင်”

“ခင်ဗျာ ဦးလေး”

“ရန်ကုန်ကို ပြန်မယ့်ရထား ဘယ်အချိန်လောက် ဆိုက်မလဲကွယ်”

“၈ နာရီလောက် ဆိုက်ပါလိမ့်မယ်ခင်ဗျာ”

“ဦးလေးကို ဘူတာလိုက်ပို့ပေးပါကွယ်”

“ဟုတ်ကဲ့ခင်ဗျာ … အချိန်ရပါသေးတယ် … ရေနွေးကြမ်းနဲ့ မုန့်လေးများ သုံးဆောင်ပါဦးခင်ဗျာ”

အမေအို ဘုရားရှိခိုးပြီးသဖြင့် မောင်လှမောင်က သွားခေါ်လာသည်။ သူတို့ အတူတူ ရေနွေးကြမ်း သောက်ကြသည်။ မောင်လှမောင်က သူ့မိခင်ကို ရေနွေးပန်းကန်မှုတ်ပေးသည်။ မုန့်ကို လက်ထဲထည့်ပေးပြီး သေသေချာချာကျွေးသည်။ သူတို့ကို ကြည့်ပြီး သူဌေကြီးက ပီတိဖြစ်နေသည်။

“မောင်လှမောင်”

“ခင်ဗျာ”

“တစ်သက်လုံး ဆိုက်ကားနင်းဖို့ စိတ်ကူးထားသလား”

“ဒီမြို့မှာ အခြားအလုပ်တွေလည်း မလုပ်တတ်ပါဘူးခင်ဗျာ”

“ဟောဒီမှာ ဦးရဲ့လိပ်စာကတ်ယူထားပါကွယ် … ဦးပြန်တော့မယ် … ဆရာတော်ပြောတာ ညက တစ်ညလုံး စဉ်းစားကြည့်မိတယ်။ ဦး ဘုန်းကြီးအပြီးဝတ်သွားရင် ဘယ်သူတွေ ဒုက္ခရောက်ကုန်မလဲပေါ့။ ကိုယ်က ဒုက္ခကို လွတ်အောင်ဆိုပြီး ကိုယ်လွတ်ရုန်းလိုက်ပေမယ့် ဒုက္ခကိုရင်ဆိုင်ရမှာ ဘယ်လောက်များသလဲဆိုတာ တွေးမိပြီး ဦးလေ ဘုန်းကြီး မဝတ်ဖို့ဆုံးဖြတ်လိုက်တယ်။ မောင်လှမောင်ကို ဆရာတော် ဘုရားကြီး မိန့်လိုက်သလိုပေါ့။ ဝဋ်ကြွေးတွေ ကုန်အောင် ဆပ်လိုက်ဦးမယ်။ ခု ဦးပေးခဲ့တဲ့ လိပ်စာကတ်အတိုင်း ပဲခူးကို တက်လာခဲ့ပါကွယ်။ ဟောဒီက မင်း မိခင်ကြီးကိုလည်း ခေါ်လာနိုင်ပါတယ်။ ဦး ဆန်စက်မှာ မောင်လှမောင်ကို အလုပ်လည်း ပေးပါ့မယ်။ နေထိုင်ဖို့ရော တာဝန်ယူပါတယ်။ မျက်စိကိုလည်း ကုပေးပါ့မယ်”

အမေအိုက မျက်ရည်တွေ ကျလာပြီး

“သာဓု … သာဓု … သာဓု” ဟု ဆိုလိုက်သည်။

ရထားကြီး ဝင်လာသည်။

သူက ရထားပေါ်တက်လိုက်သည်။ ထိုင်ခုံတွင် ထိုင်လိုက်ပြီး အောက်တွင် သူ့ကို ရပ်ကြည့်နေသည့် မောင်လှမောင်ကို လက်ပြလိုက်ကာ

“မောင်လှမောင်ရေ … ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ကွာ” ဟု လေးတွဲ့စွာ ပြောလိုက်သည်။

ရထားကြီးက စထွက်သည်။ တဖြည်းဖြည်း ဝေးသွားသည်။ မောင်လှမောင်က လက်ပြပြီး ကျန်ခဲ့သည်။

#တင်ညွန့်

၂၆.၁၁.၂၀၂၂