ဝေးလွင့်နှင်း(စ/ဆုံး)
————–
“မောင်ရယ် … နှင်းမိဘတွေကို လိုက်တွေ့ဖို့ ဘာဖြစ်လို့ ဒီလောက်တောင် ဖြစ်နေရတာလဲ။ ဖေဖေနဲ့ မေမေက လက်ခံမယ်ဆိုတာကို မောင့်ဘက်က ဘာဖြစ်နေတာလဲ”
“မဟုတ်ဘူး … မောင်တို့က ချစ်သူတွေဆိုပေမယ့် … တစ်ခုခုလွဲသွားမှာ စိုးရိမ်နေတယ်”
“ဘာလွဲမှာလဲမောင်”
“မောင်က စကားသိပ်မပြောတတ်တော့ … အဆင်မပြေမှာ စိုးရိမ်တယ်နှင်းရယ်”
“မပြောတတ်ရင် မပြောနဲ့လေ … လိုက်တော့ တွေ့နော် … ညနေ ထမင်းချက်ထားမယ်။ ညစာစားပြီးမှ ပြန်ရမယ်”
အမှန်တော့ ကျွန်တော်သည် ကျောင်းဆရာဖြစ်သော်လည်း စာမေးပွဲကို မုန်းသူဖြစ်သည်။ အိမ်ထောင်ရေး အတွက် ချစ်ရသော နှင်း၏ မိဘများထံ စာမေးပွဲသွားဖြေသလို အစစ်ဆေးခံရမည်ကို စိုးရိမ်နေမိသည်။ ပြီးတော့ ကျွန်တော်က နှင်းအဖေ့အကြောင်းကို ကြားဖူးထားသည်။ အလွန်ပြောရဆိုရခက်သော ခွစာကြီးဖြစ်သည်။
ကျွန်တော်ကလည်း စကားပြောလျှင် တုံ့ပြန်ချင်သလို တုံ့ပြန်တတ်ခြင်းက ပြဿနာတစ်ခုဖြစ်သည်။ ကျွန်တော့် စိတ်ထဲတွင် မကြိုက်လျှင် မကြိုက်သလို ပြောပစ်လိုက်သည်။ ထိုအကျင့်ကို ကျွန်တော် ပြင်မည် … ပြင်မည်ဟု စိတ်ကိုထိန်းထားပြီး ကျောင်းလွှတ်ချိန်တွင် လက်ဖက်ရည်ဆိုင်၌ ၂ နာရီခန့်အချိန်ဖြုန်းပြီးမှ နှင်းတို့အိမ်ကို လာခဲ့ သည်။
ခြံဝတွင် နှင်းကထွက်စောင့်နေသည်
“မောင်”
“ဘာလဲဟင်”
“ဖေဖေနဲ့ စကားပြောရင် သတိထားပါနော် … မောင့်စိတ်ကိုနှင်းသိတယ် … ဖေဖေနဲ့ အဆင်မပြေမှာ စိုးရိမ် တယ်ကွယ်”
“အဲဒါပြောဖို့ နှင်းကထွက်စောင့်နေတာလား”
“ဟုတ်တယ် … ဖြစ်နိုင်ရင် ဖေဖေပြောချင်တာပြော နားထောင်လိုက်ပါလားမောင် … ခဏလေး သည်းခံလိုက် ပါနော် … သူပြောချင်တာပြော … ခေါင်းညိတ်လိုက်နော်”
“နှင်း … နှင်းပြောနေတာက ယောက္ခမက ဘာလုပ်လုပ် ခေါင်းငုံ့ခံနေရမယ်ဆိုတဲ့သဘောဖြစ်နေတယ်”
“အဲဒီလို မပြောပါနဲ့မောင်ရယ် … နှင်းတို့လက်ထပ်ပြီးရင်လည်း အတူနေကြမှာမှ မဟုတ်တာ … မောင် စိတ်လျှော့ပါကွယ်”
“ကောင်းပြီလေ”
ဤသို့ဖြင့် ကျွန်တော် အိမ်ပေါ်ရောက်လာသည်။ ဧည့်ခန်းရှိ ဆက်တီတွင် ထိုင်ပြီး နှင်းလာချပေးသည့် လိမ္မော်ရည် အေးအေးလေးကို သောက်နေစဉ် အခန်းထဲက အဘိုးကြီးတစ်ယောက်ထွက်လာသည်။ နှင်းဖေဖေ ဖြစ်သည်။
“အဟမ်း”
ကျွန်တော်က မတ်တတ်ရပ်ပြီး သူ့ကိုနှုတ်ဆက်လိုက်သည်
“ဦးနေကောင်းတယ်နော်”
သူကကျွန်တော့်ကို ဘုကြည့် ကြည့်လိုက်ပြီး
“ဘာလဲကွ … မင်းက ငါ့ကို လူမမာထင်နေလို့လား … နေကောင်းလို့ တွေ့ရတာပေါ့ … နေမကောင်းရင် ထွက်တွေ့မလား”
ကျွန်တော်က တစ်ခုခု ပြောချင်သည်။ သို့သော် နှင်းက အခန်းဝမှ မျက်စိမှိတ်ပြနေသဖြင့် ထိန်းလိုက်သည်။
“ထိုင်လေကွာ”
ကျွန်တော် ထိုင်လိုက်သည်။
“မင်းက သမီးပြောတဲ့ ကျောင်းဆရာလား”
“ဟုတ်ကဲ့”
“ဘွဲ့ရပြီးပြီလား”
“ဟုတ်ကဲ့”
“ဒီခေတ်က မေးသာမေးရတာပါ … ဘွဲ့ရပြီးလည်း အထင်ကြီးစရာ မရှိပါဘူး”
ကျွန်တော် ရင်ထဲက တက်လာသည်ကို မျိုချလိုက်သည်။ နှင်းမေမေထွက်လာသည်။ နှင်းနှင့်အတူ ကျွန်တော့်ဘေးတွင် ထိုင်နေသည်။ ကျွန်တော့်ရှေ့တည့်တည့်မှာက အဘိုးကြီးက ထိုင်နေသည်။
“မောင်ရင် လစာက တစ်လ ဘယ်လောက်များရသလဲ”
“လေးရာကျော်ပါခင်ဗျာ”
“ဒီလောက်ဝင်ငွေလေးနဲ့ အိမ်ထောင်တစ်ခု ထူထောင်နိုင်မယ်လို့ ထင်သလား”
“ကျောင်းဆရာတိုင်း ဒီလစာကြောင့် အပျို … လူပျိုတွေချည်း လုပ်မနေကြပါဘူးခင်ဗျာ။ ဒီလိုပဲ သူ့ဘာသာသူ ဖြစ်သွားကြတာပါပဲ”
“ငါပြောတာ … နောင်ရေးကွ … နေရေး ထိုင်ရေး စားရေး သောက်ရေး … နောက်ပိုင်း သားသမီးတွေ ရလာရင် ဖြစ်လာမယ့်အရေးတွေကို ထည့်မတွက်ထားဘူးလား”
“မတွက်ဘူးခင်ဗျ … အဲဒီလောက်အဆင့်အထိ လိုက်တွေးနေလည်း ဖြစ်လာတော့မှာ မဟုတ်ပါဘူး”
“မောင်ရင် … တွေးရမယ် … ငါ့သမီးကို ငါတို့ကို ရွှေပေါ်မြတင် ထားလာတာကွ … မင်းနဲ့ကျမှ ဆင်းရဲ ဒုက္ခ ရောက်ရမှာလား”
“ဦးခင်ဗျာ … အိမ်ထောင်တစ်ခု ထူထောင်တယ်ဆိုတာ ဘဝတစ်ခုကို နှစ်ယောက်အတူ လက်တွဲပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်ကြတာပါ။ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုတွေနဲ့ တည်ဆောက်ကြရမှာပါ။ အခက်အခဲတွေ ရှိလာရင်လည်း အတူရင်ဆိုင်ရမှာပါ”
“မင်းတို့ နှစ်ယောက်ပေါင်း လစာလောက်နဲ့ အိမ်ထောင်တစ်ခု မထူထောင်နိုင်ပါဘူးကွာ … ငါ့သမီးလေး ဆင်းရဲတော့မှာပဲ”
“ဦးလေးက ဦးလေးသမီးချစ်စိတ်နဲ့ ပြောတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ် … ဒါပေမဲ့ဦးရယ် … နှင်းက ကျွန်တော်နဲ့ လက်ထပ်လိုက်ရင် ဒုက္ခရောက်တော့မှာပဲ ဆိုတဲ့အတွေးကတော့ အဓိပ္ပာယ်မရှိဘူးထင်တယ်”
“ဟုတ်ပြီ … ဟုတ်ပြီ … မောင်ရင်နဲ့ ပြိုင်မပြောဘူး … ရှင်းရှင်းပဲ မေးမယ် … ငါ့သမီးကို ဘယ်လောက်တင် တောင်းမှာလဲ”
“ဘာလဲခင်ဗျာ … တင်တောင်းတယ်ဆိုတာ”
ကျွန်တော်ဘာကိုဆိုလိုမှန်းသိသည်။ သို့သော် မသိချင်ယောင်ဆောင်ပြီး မေးလိုက်ခြင်းဖြစ်သည်။
“ငါ့သမီးကို မင်္ဂလာကြေးအဖြစ် ဘယ်လောက်တင်တောင်းမလဲလို့ မေးနေတာ”
“ကျွန်တော့်မှာ တင်တောင်းစရာ တစ်ပြားမှ မရှိဘူးခင်ဗျ”
“ဟာ … ငါ အဲဒါကြောင့်ပြောတာ … သမီးကို နှုတ်ခမ်းပဲ့ချင်း မမှုတ်ပါနဲ့လို့”
“ဦးလေးရာ … ဦးလေးစကားက …”
ကျွန်တော်ကဆက်ပြောမည်လုပ်ရာ နှင်းက မျက်ရိပ်ပြပြီး မပြောရန်တားသည်။ နှင်းက မျက်စိမျက်နှာတွေ ပျက်နေသည်။
“ငါ့တုန်းကဆိုရင် သမီးအမေကို စိန်တစ်ဆင်စာ၊ ငွေနှစ်သောင်း၊ မင်္ဂလာခန်းဝင်ပစ္စည်းအစုံနဲ့ တင်တောင်းခဲ့ တာကွ။ မင်္ဂလာဆောင်ကိုလည်း မြို့တော်ခန်းမမှာ လုပ်တာ။ ဒံပေါက်ကျွေးတယ် … ရေခဲမုန့်ကျွေးတယ်ကွ”
“ဦးရယ် … ကျွန်တော့်မှာ စုဆောင်းထားတဲ့ငွေက ငါးသောင်းပြည့်အောင် မရှိပါဘူး။ နှင်းကို စိန်တစ်ဆင်စာ မပြောနဲ့ လက်စွပ်လေးတစ်ကွင်းတောင် ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ ရှိတဲ့ ငွေလေးနဲ့ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းလေးကျွေးပါ့မယ်။ နှစ်ဘက်မိဘများနဲ့ မိတ်ဆွေတို့ရဲ့ အသိအမှတ်ပြုမှုကို ခံယူလိုက်လည်း ပြီးတာပဲ မဟုတ်လားခင်ဗျာ”
အဘိုးကြီးက မတ်တတ်ရပ်လိုက်ပြီး မျက်ထောက်နီကြီးနှင့် ကျွန်တော့်ကို စိမ်းစိမ်းကြည့်ကာ
“ဘာကွ … ငါက ငါ့သမီးကို မင်းစီစဉ်ချင်သလို စီစဉ်လိုက်တာကို လက်ခံမယ်လို့ ထင်နေသလား … ငါ့သမီးက လမ်းဘေးက မဟုတ်ဘူးကွ … ဆွေမျိုး အသိုင်းအဝိုင်းရှိတယ်။ မင်းက ဟင်းရွက် ကန်စွန်းလို ဈေးက လွယ်လွယ်လေး ဝယ်လိုက်ရင် ပြီးတာပဲလို့ထင်နေသလား”
“ဦးလေး … ဦးလေးစကားက အစွန်းရောက် …”
“ငါပြောနေတာ မပြီးသေးဘူးကွ … ဖြတ်မပြောနဲ့ … မင်း ငွေတစ်သိန်း အနည်းဆုံး တင်တောင်းရမယ်။ ခန်းဝင်ပစ္စည်းအစုံဝယ်ပေးရမယ်။ မြို့တော်ခန်းမမှာ မင်္ဂလာပွဲကို စီစဉ်ပေးရမယ် … ဒံပေါက်ကျွေးရမယ် … ရေခဲမုန့် ကျွေးရမယ် … လူလူသူသူဖြစ်အောင် စီစဉ်ကွ”
“နှစ်ဦးသဘောတူ ချစ်ခင်နှစ်သက်လို့ အိမ်ထောင်ပြုကြမှာပါဦးရယ် … ဦးတောင်းဆိုနေတာတွေကို ကျွန်တော့် ဘက်က လုပ်ပေးနိုင်တယ်ပဲထား … ကျွန်တော် အဲသည်လိုကြီး အကုန်ခံ … အကြွေးတင်ခံပြီးတော့ နှင်းနဲ့ လက်မထပ်နိုင်ဘူး။ နှင်းနဲ့ ကျွန်တော် နားလည်မှုယူပြီးသား။ ပကာသနတွေ မလိုဘူး။ မိဘတွေ သဘောတူရင် တစ်အိုးတစ်အိမ် ထူထောင်ကြရအောင်လို့ … ရှိတဲ့ ငွေလေးတွေကို စုဆောင်းထားပြီး နောင်ရေးအတွက် ထားမယ်လို့”
နှင်းမေမေက ကျွန်တော့်ကိုကြည့်နေသည်။ အဘွားကြီးကစကားနည်းပုံရသည်။ သမီးဖြစ်သူလက်ကို ဆုပ်ကိုင်ထားရင်း
“ကိုဘမြင့်ရယ် … မဖြစ်နိုင်တာတွေ ပြောမနေပါနဲ့”
“နင် ဝင်မပါနဲ့ တိတ်တိတ်နေ … ငါပြောနေတယ် … ဒီမှာမောင်ရင် … ငါပြောတဲ့အတိုင်း မင်းဘက်က မလုပ် ပေးနိုင်ဘူးဆိုရင် မစဉ်းစားနဲ့”
“ဦးခင်ဗျား … ဦးနဲ့ ကျွန်တော်နဲ့ လက်ထပ်မှာလား … ဦးသမီးနဲ့ လက်ထပ်မှာလား … ကျွန်တော် နှင်းကို မေးစမ်းပါရစေ … နှင်းက ဦးပြောနေ တောင်းဆိုနေတာကို သဘောတူလား … မောင် အဲဒီအတိုင်း လုပ်ပေးရမှာ လား”
နှင်းက မျက်နှာကိုအုပ်ပြီး ငိုနေသည်
“ဒီမှာ မောင်ရင် … ငါ့သမီးကိစ္စ … ငါတို့ကိစ္စပဲ … ငါတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ရမယ်”
“တောင်းပန်ပါတယ်ဦး … မဖြစ်နိုင်ပါဘူး … ကျွန်တော့်ဘက်က ဖြစ်နိုင်လည်း မလိုက်လျောနိုင်ပါဘူး။ ကျွန်တော်က အိမ်ထောင်တစ်ခုကို နှစ်ယောက်လက်တွဲပြီးရင်ဆိုင်ကြရအောင်လို့ သဘောတူထားတာ။ ဦးလေး ပြောတာတွေမပါဘူး”
“အဲဒါတွေက မင်းယူရမယ့် တာဝန်တွေလေကွာ”
“နှစ်ဦးသဘောတူ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ဆုံးဖြတ်တုန်းက ဦးလေးပြောသလို သူ့တာဝန် … ငါ့တာဝန်တွေ မပါဘူးဦး … ကျွန်တော်တို့ ဘဝတစ်ခုကို နှစ်ဦးတာဝန်နဲ့ ရင်ဆိုင်ကြမယ်လို့ပဲ ညှိနှိုင်းထားကြတာ … အေးလေ … ကောင်းပြီ … နှင်း ဖြေပါ။ မောင်က နှင်းဖေဖေတောင်းဆိုတဲ့အတိုင်း လုပ်ပေးမှ နှင်းက လက်ထပ်မှာလား”
နှင်းက ကျွန်တော့်အနေအထားကို အသိဆုံးဖြစ်သည်။ ကျွန်တော့်တွင် ရှိသည် မရှိသည်ကို သူအသိဆုံးဖြစ် သည်။ ကျွန်တော်တို့စတင်ပြီး အချစ်ကိုတည်ဆောက်ကြကတည်းက ကျောင်းဆရာဘဝများနှင့်ဖြစ်သည်။ ကျွန်တော်တို့ဘဝတွေက အရှိဘဝမဟုတ်။ မရှိဘဝတစ်ခုကို ရဲရင့်စွာဖြင့် ရင်ဆိုင်ကြရန် ဆုံးဖြတ်ပြီး အိမ်ထောင် တစ်ခုကို ထူထောင်ကြရန်ဖြစ်သည်။
“မောင်ရယ် … နှင်းဘာများ တတ်နိုင်မှာလဲကွယ်”
ကျွန်တော် မတ်တတ်ရပ်လိုက်သည်။
“မောင်နားလည်ပြီကွယ် … ပြန်ဦးမယ် … ဒီတွေ့ဆုံပွဲက မောင်နဲ့ နှင်း စီစဉ်ထားတဲ့အတိုင်း မဟုတ်ဘူး ဖြစ်သွား တယ်။ နှင်းဖေဖေ စီစဉ်သလိုတော့ မောင်လိုက်ပြီး မလုပ်ပေးနိုင်တာကို ခွင့်လွှတ်ပါ … ပြန်ဦးမယ်”
ကျွန်တော် ရှိုက်သံတွေကို ကျောခိုင်းခဲ့သည်။
“တောက်” ဆိုသည့် တောက်ခေါက်သံကိုပါ ကျွန်တော် မျက်ကွယ်ပြုပြီး အိမ်ပေါ်ကဆင်းခဲ့သည်။
ကျွန်တော်သည် ကျောင်းဆရာတစ်ယောက်ဖြစ်ပါသည်။
#တင်ညွန့်
၁၃.၄.၂၀၁၉