သခင်မ လှနိုင်ပါစေ

Posted on

#ဆင်ဖြူကျွန်းအောင်သိန်း
သခင်မ လှနိုင်ပါစေ

“အိုပြီ မင်းမစွမ်းတော့ဘူး၊ အဲဒါကြောင့် အိုမင်း မစွမ်းလို့ခေါ်တာကွ”

ဆိုတဲ့ လူတို့ဘာသာ ဝေါဟာရ စကားများသည် ကျုပ်တို့ ကျွဲတွေအတွက်လည်း အလွန်မှန်ကန်ပါတကား။

ကျုပ်သည် ကျုပ်ကိုကျုပ် ပြန်လည်ဆင်ခြင်ပြီး | သုံးသပ်မိသောအခါ များစွာတရားရသည်။ တစ်ချိန်က ကြောင်တစ်ရာကွင်းတွင် “စိုင်ကွက်ကြီး” ဟေ့ ဟု ဆိုလျှင် ကျွဲသာမက လူများပါ ထိတ်လန့်တုန်လှုပ်ရသော ကျုပ်။

ဗလာချီ ချိုသရမ်းလွန်းသောကြောင့် လူများ နွားများကပါ မုန်းတီးရသော ကျုပ်။

ကြောက်သည်ဟူသည်မှာ အဘယ်သို့သောအရာပါ နည်းဟု မေးခဲ့ရဖူးသော ကျုပ်သည် ယခုအခါ၌ ကြောက်တတ်ပြီ။ ကြောက်သေးတွေ တဖျန်းဖျန်းပါလျက်၊ ကြောက်ချေးတွေ တရဝေါသွန်ကျနေရလေပြီ။

ဟိုဘက် ကွင်းထဲတွင် စပါးရိုးပြတ်ပင်ကလေးတွေ က နှင်းရည်စို့ပြီး ရွက်နုချိုချိုကလေးတွေ ထွက်နေ လောက်ပြီ။

ဪ စားလိုက်ရ ဘယ်လောက်ချိုမြိန်လိုက် မည်နည်း။ အနံ့ရကာမျှဖြင့် သွားရည်ကျငြား ကျုပ် မသွား နိုင်ပါ။ ကျုပ်သခင်က တဲနားမှာ ချည်ထားသည်။

ချည်ထားသော လံကြိုးကို ကျုပ်ဖြတ်တတ်ငြား မဖြတ်ပါ။ ကွင်းထဲသွားသည့်တိုင်အောင် ကျုပ်သွားတွေက မကောင်းတော့ပါ။ မည်သည့် ကျွဲမကမျှလည်း ကျုပ်ကို ကျွဲရာ မသွင်းတော့ပါ။ သို့ဆိုလျှင် အဘယ်ကြောင့် ကျုပ် သခင် စေတနာကွက်အောင် လံကြိုးကို ဖြတ်နေရဦးမည်နည်း။

ကျုပ်သခင်က ကျုပ်ကို ပြောသည်။

“စိုင်ကွက်ကြီးရေ၊ ဒီတဲနားမှာပဲ အေးအေး ဆေး ဆေး လုံလုံခြုံခြုံ နေပေတော့ကွာ၊ ကွင်းထဲ မသွားချင်နဲ့ ဟဲ့”

ကျုပ်၏ နှာရောက်တွင်အကွက် ရှိပါသည်။ ကျုပ်
ကလည်း ချိုကားမျိုးမဟုတ်၊ ချိုကွေးဖြစ်သည်။ သို့ကြောင့် ကျုပ်ကို စိုင်ကွက်ဟု အမည်သညာတွင်ခြင်းဖြစ်ပေ၏။ ကျုပ်သခင်ပြောသည့် စကားထဲတွင် အေးအေးဆေးဆေး လုံလုံခြုံခြုံ ဟူ၍ ပါရှိ၏။

ဝန်လည်းမရုန်းနိုင်၊ ထွန်လည်းမထွန်နိုင်တော့ပြီ ဖြစ် သော ကျုပ်နှယ်ကျွဲအိုကြီးမှာ သူတစ်ပါးအား ရန်မပြုနိုင်တော့ပါ။ သို့သော် ကျုပ်တို့ကျွဲမှာ လူကဲ့သို့မဟုတ်ပါ။

လူမှာ မိဘကို ရိုသေရမှန်း သိ၏။ ဆရာသမားကို လေးစားရမှန်းသိ၏။ သက်ကြီး ရွယ်အိုများကို လေးစား ရိုသေခြင်းအပြင် ညှာတာထောက်ထားမှုပါရှိ၏။

ကျုပ်တို့ တိရစ္ဆာန်များမှာသော်ကား မိဘဆရာ သမားကို ရိုသေရမှန်း လေးစားရမှန်း မသိပါ။ မိဘဆရာသမားကို မရိုသေမလေးစားခြင်းမှာ ကျုပ်တို့ တိရစ္ဆာန်တွေ၏ အလုပ်ဖြစ်သည်။ ဤသို့ဆိုလျှင် သက်ကြီးဝါကြီးများကိုလည်း အဘယ်မှာ ရိုသေရမှန်း၊ ကိုင်းညွတ်ရမှန်း သိပါတော့မည်နည်း။

သို့ဖြစ်သောကြောင့် ကျုပ်သခင်က ကျုပ်ကို ကွင်း ထဲသို့ မလွှတ်ခြင်းဖြစ်ပါသည်။

အိုမင်းမစွမ်းဖြစ်သော ကျုပ်ကို “ပုစဉ်းလည်”ကျွဲကလေးချင်း အားစမ်းစဉ် ဝင်တိုက် ဝင်တိုးသွားမည် စိုးရိမ်ဟန်တူသည်။

သားဇောဖြင့် ပြေးသွားသော ကျွဲမတစ်ကောင်ကောင် ဝင်တိုးသွားမည်ကိုလည်း ကျုပ်သခင်က ပူပန်ဟန်တူပါသည်။ ကျုပ် လဲသွားလျှင် ကျိုးပဲ့ပြီး ပြန်မထနိုင်ဘဲ ဖြစ်သွားနိုင်သည် မဟုတ်လား။

သို့ကြောင့် တဲနားတွင် ဝါးနှစ်ပြန်ကျော်ရှည်သော ကြိုးဖြင့် ကျုပ်ကို လံထားခြင်းဖြစ်၏။ အသင့်အရိပ် ခို နေရပါလျက် ကျုပ် အဘယ်ကြောင့်ကြောက်နေရပါသနည်း။

အန္တရာယ်ကို မှုန်သီပြာဝေသော ကျုပ်မျက်စိတွေက မြင်နေသောကြောင့် ဖြစ်ပါသည်။ အန္တရာယ်လာ နေသည်။ အန္တရာယ်မှာ “ဘို့လေးထ” ကျွဲပေါက်တစ် ကောင် ဖြစ်သည်။

တစ်ခေါ်သာသာ ဝေးသော ကွင်းထဲတွင် ကျွဲအုပ် တွေ သူ့အုပ်နှင့်သူ အစာစားနေကြသည်။ တောင်ဘက် အစွန်ဆုံး ကျွဲအုပ်ထဲမှ ဘို့လေးထအရွယ် တစ်ကောင် ခွဲထွက်လာသည်။ သည်ကောင်တော့ ကျွဲကျောင်းသားရဲ့ တုတ်စာမိတော့မှာပဲ၊ ကျုပ်တွေးပူမိသည်။

ကျွဲကျောင်းသားသည် သူ့ကျွဲအုပ်ကို စုစုစည်းစည်း ထားလေ့ရှိ၏။ တစ်ကောင်တလေ၊ သို့မဟုတ် သုံးလေးကောင်သည် အုပ်နှင့်ဝေးသွားပါက လှမ်းငေါက်သည်။ ငေါက်လျှင် အုပ်စုရှိရာသို့ ချာခနဲ ပြေးရသည်။ မပြေးပါက သူစီးထားသော “ဘို့တင်”ကြီး၏ ချိုဖျားဖြင့် အကော်ရိုက်ခံရလေ့ရှိ၏။

“ဘို့တင်ကြီး”ဟူသည် ကျွဲအုပ်၏ ဗိုလ်ဖြစ်သည်။ သူ့ကျောပေါ်ကနေပြီး အော်ငေါက်လျှင် ဘို့တင်ကြီးကို ကြောက်သော အရှိန်ကြောင့် အုပ်ထဲပြန်ဝင်ရခြင်းဖြစ်၏။

အမှန်မှာ ဘို့တင်ကြီးကို စီးစီး မစီးစီး၊ ကျွဲကျောင်းသားကို ကျုပ်တို့ ကြောက်ရသည်။ သူ့လက်ထဲရှိ တစ်တောင်သာသာ ကျပ်လုံးရွယ် ကြခတ်ဝါးတုတ်သည် ကျုပ်တို့ အသက်ရှူမှားအောင် နှာဖျားကို တီးသည်။ ကြယ်တွေ လတွေ မြင်သွားစေရန် နဖူးကို တွယ်သည်။ ချိုဖျားကို နှံသောအခါတွင်ကား အသည်းတွေ ပြုတ်ကျပြီလား ထင်ရသည်။

ကျွဲကျောင်းသား အဘယ်သို့ သွားနေပါလိမ့်။ စီးသော ကျွဲ၏ ကျောပေါ်တွင် “ထောင့်ဖြတ်” လဲလျောင်းရင်းက အိပ်ပျော်နေလေသလော။ သို့ကြောင့်သာဘို့လေးထသည် ကျုပ်ဖက်ကို လာနိုင်ခြင်း ဖြစ်၏။

သည်ကျွဲ ပေါက်သည် ရိုးပြတ်နုတွေကို ငုံ့စားလိုက်၊ တရွေ့ရွေ့ ရှေ့တိုးလိုက်၊ မြက်သင်တုန်းတွေ၊ သုံးမြှောင့်မြက်တွေကို ချိုကစားလိုက်လုပ်နေသည်။

သည်ပုံကို မြင်ကတည်းက ကျုပ်တုန်လှုပ်ပြီ။ ကျုပ်က အိုမင်းမစွမ်းကြီးပါ။ သူ့အချစ်တော် ကျွဲမ ကလေးတွေကို ကျုပ် စိတ်မကူးပါ။ သို့ပါလျက်နှင့် ကျုပ်ကို အဘယ်ကြောင့် ရန်ပြုချင်ရသနည်း။

အေးလေ ကျွဲဆိုတာ တိရစ္ဆာန်ပဲ၊ တိရစ္ဆာန်မှာ ကရု ဏာတရား၊ ဂါရဝတရား ဘယ်လိုလုပ်ပြီး ရှိမှာတုံး။ သူနိုင်ရာကိုဖိပြီး အားစွမ်းပြမှာပေါ့။

ကျုပ်တို့ ကျွဲမှာက ခွေးများလို အင်အင်အီအီ မမြည် တတ်။ ဟိန်းဟောက် မာန်ဖီမှုလည်း မပြုတတ်။ ပြုတတ်လျှင်ကား ကျုပ်သခင် ကြားသိပြီး တဲတွင်းမှ ပြေးထွက်လာနိုင်ရာ၏။ ယခုသော်မူ ကျုပ်မှာ ပြေးရန်သာ ကြိုးစားရ၏။ ကြိုးစားငြား ကြိုးအရှည်ဆုံးရုံသာ ကျုပ်သွား၍ရ၏။ သို့အတွက် လှုပ်သာရုန်းသာ ရှိအောင် ကျုပ်ရှေ့ကို ပြန်တိုးသည်။ မုချ ရန်ပြုမည့် ဘို့လေးထဘက်ကို ခေါင်းတည်ထားလိုက်သည်။

(၂)

တိုက်ခိုက်သတ်ပုတ်မှုနှင့် ကျုပ်နှင့် ကင်းကွာခဲ့ သည်မှာ ငါးနှစ်ခန့်ရှိပြီ။ ကျုပ်တွင် ခွန်အားတွေရှိမှ ရှိပါသေးစ။ သည်ကျွဲပေါက်ကလေးပြေးဆောင့်သည့်အားကို ကျုပ် ခံမှ ခံနိုင်ပါဦးမည်လား။

ကျုပ် အလိုရှိသောအရာမှာ ခွန်အားသာ ဖြစ်ပါ သည်။ ဘို့လေးထကို တိုက်ခိုက်ရန်၊ ချေမှုန်းရန် မဟုတ်ပါ။ ကျုပ်လည်းပြိုမသွားစေရန် တောင့်ခံနိုင်သည့် ခံနိုင်ရည်အားသာ ကျုပ်အလိုရှိပါသည်။

ကျုပ်တွင် သဘာဝက ပေးထားသည့် ပစ္စည်း ကိရိယာများ ပြည့်စုံပြီး ဖြစ်သည်။ ကျုပ်က ချိုကွေး၊ ထိုသို့ချိုကွေးသောကြောင့် ကျုပ်နဖူးက ထူထဲမို့မောက် သည်။

ကျုပ်သခင်က “ဒီကောင်မလွယ်ဘူးဟေ့၊ အမွေးက ကြမ်းကြမ်း၊ ဒူးဆစ်က တုတ်တုတ်ခိုင်ခိုင်၊ ထိပ်က မောက်မောက်နဲ့တော့ ဆိုးလည်းဆိုး၊ ခိုင်းလို့လည်း ကောင်းမှာပဲ” ဟု မှတ်ချက်ချသည်။

ဟုတ်တော့လည်း ဟုတ်သည်။

ကျုပ် “လည်ကြီးထ” အရွယ်တွင် ကျုပ်တို့အုပ်စု ထဲရှိ “ဘို့တင်ကြီး” ကို ကျုပ်သွားစမ်းသည်။ စမ်းသည်ဆိုရာတွင်လည်း ပြောင်ပြောင်တင်းတင်း ဗိုလ်လုသည် အသွင်မျိုးမဟုတ်။ ယားသောကြောင့် အချင်းချင်း ကျီစားပုံမျိုးဖြင့် ဝင်ဆောင့်ခြင်း ဖြစ်သည်။

“ဘို့တင်ကြီး” ထိပ်ကျိန်းသွားဟန်တူသည်။ သည်အချိန်ကစပြီး “ငါ့ရန်သူ ဖြစ်လာမယ်ကောင်” ဟူသည့် သဘောဖြင့် ကျုပ်ကို အလစ်မပေးတော့ချေ။

ကျုပ်ကလည်း သူ့ကို အမြဲသတိထားသည်။ အစာ စားရာမှာပင် သူနှင့်လည်း ခွာသည်။ သတိလည်း ထားသည်။ ရေစိမ်လိုက်၊ အစာစားလိုက်ဖြင့် ကျုပ်အားမွေးလာခဲ့ရာ ကျုပ်သခင်ပင်လျှင် ကျုပ်အတွက် စိုးရိမ်လာရပြီ။

“စိုင်ကွက်နဲ့ ဘို့တင်ကြီးကို သတိမလစ်စေနဲ့ဟေ့။ ခြေခင်းလက်ခင်းသာမှတ်၊ တိုက်ပေးကြစို့ဟေ့”

ကျုပ်သခင်၏ အိမ်သားများမှာ ကျုပ်ကိုရော ဘို့ တင်ကြီးကိုပါ အလစ်မပေးဝံ့ကြပါ။ ကုန်းပေါ်တွင် ခတ်ပါက လုပ်ခင်းဆောင်တာများ ပျက်စီးနိုင်သည်။

ရေထဲတွင် ခတ်လျှင်လည်း နှစ်ကောင်စလုံး မဖော်နိုင်ဘဲ ရေနစ်သေနိုင်သည်။

သို့သော် အုပ်တစ်အုပ်တွင် ဘို့တင်ကြီး တစ်ကောင်
သာ ရှိရမည်။ ဘို့တင်ကြီးနေရာကို ကျုပ်လုနိုင်လျှင်လု၊ မလုနိုင်လျှင် အားမွေးပြီး နောက်နှစ်အထိ စောင့်ပေးဦး။

သို့ကြောင့် ကျုပ် အားမွေးရခြင်းဖြင့် ဗိုလ်လုချိန်ကို စောင့်နေခဲ့သည်။ တစ်ခုသော ဆောင်းနံနက်တွင် ကျုပ် ရေဆင်းစိမ်နေရာထိ ကျုပ်သခင် ရောက်လာပြီး ကုန်းပေါ်သို့ မောင်းတင်သည်။

ကျုပ်ရေထဲက တက်အလာတွင် ကျုပ်သခင်က ကျုပ်ကို ရိုးပြတ်ကွင်းထဲ ဆွဲခေါ်သွားသည်။

“ဒီအချိန်ဟာ နွားထီးတွေ ကျွဲထီးတွေ ဒုက္ခအရောက်ဆုံး သင်းကွပ်ချိန်ပဲ၊ မဟုတ်ပါစေနဲ့ ။ ဖွဟဲ့ .. လွဲပါစေ၊ ဖယ်ပါစေ”

ကျုပ်တို့ကိုမူ ကိုယ်ချင်းမစာချေ။ ဝက်တုပ် တုပ်လှဲ ပြီး အကြောကို ထုလိုထု၊ အဥကို ဖောက်ထုတ်လိုထုတ်၊ ချေလိုချေနှင့် ရက်စက်ကြပါဘိ။

သို့သော် သင်းကွပ်ဆရာ၏ ယုတ်မာသော ရနံ့ကို ကျုပ်မရချေ။ ရမည့်ရတော့ ဘို့တင်ကြီး။

ကျုပ်တစ်သက်လုံး ကြောက်ခဲ့ရငြား ယခုအခါ၌ ကျုပ်အာခံ အန်တုလိုသော ဘို့တင်ကြီး။

ကျုပ် “ကျောရေ” တစ်ခါခါဖြင့် ဝမ်းသာရပါဘိ။

ကျုပ်သခင်က ကျုပ်၏ နဖားကြိုးကို ဖြုတ်ယူပြီး ဘေးဖယ်သွားပြီ။ ကျုပ်ကို ဘို့တင်ကြီးက စိမ်းစိမ်းကြီး ကြည့်နေသည်။ သူ့ ချိုကားကြီးကလည်း အသည်းယားစဖွယ် တုတ်ခိုင်ပေစွ။ သို့တစေ ကျုပ် မကြောက်ပါ။ ဘဝတူ ရွယ်တူ လည်ကြီးထ ဆယ်ကောင်နှင့် ကျုပ် အားစမ်းပြီးပြီ။ ကျုပ် မည်သူ့ကိုမဆို ယှဉ်နိုင်သည်။

ဘို့တင်ကြီး ပြေးလာသည်။

မှားပြီ။ ဘို့တင်ကြီးမှားပြီ။ ဤသို့ ပြေးလာလေလေ။ ကျုပ် ကြိုက်လေလေ ဖြစ်သည်ကို သင်မသိသလော။ ကျုပ်နဖူးသည် သို့နှယ် ပြေးဆောင့်ရန်အတွက် သင်တို့ချိုကားတွေထက် ပိုပြီး မောက်နေသည်ကို သင်မသိသလော။

ကျုပ်အလိုက်သင့် ပြေးကြိုသည်။ ကွင်းထဲမှာ ညံ သွားသည်။ ကျုပ်ထိပ် ပူခနဲဖြစ်သွားပြီ။ ကျုပ်အဆစ်တွေ တင်းခနဲ ဖြစ်သွားပါပြီ။ ဘို့တင်ကြီး မိုက်ခနဲဖြစ်သွားမည် မုချ။

သူ အားပြန်ပြီး မယူနိုင်မီ ကျုပ်ထပ်မံဆောင့်ရန် ခွာသည်။ သူက ကျွဲနပ်ကြီးပါတကား၊ အခွာ မခံရပါ။ သို့ကြောင့် ကျုပ်ဗလာချိုယမ်းသည်။

“အဖေရေ .. အဖေ့စိုင်ကွက်ကြီးက တော်တော် မာတာပဲ၊ ဘို့တင်ကြီး နားထင်ပြဲသွားပြီ”

ကျုပ် ဝမ်းသာစွာဖြင့်

“မကန်းတာ ကျေးဇူးတင်ပါ” ဟု ပြောမိ၏။

ကျုပ်တို့ ချိုကွေးများသည် နားထင်နှင့် မျက်လုံးကို အန္တရာယ်ပေးတတ်ကြောင်း လက်တွေ့သိပြီ မဟုတ်လား။

ဘို့တင်ကြီးသည် နားထင်ပြဲသွားငြား အခွာမခံပါ။ ကျုပ်လက်နှစ်ချောင်းကြားသို့ သူ့ချိုဝင်အောင် ကြိုးစားသည်။

“ဘယ်ရမတုံး ဘို့တင်ကြီးရာ၊ ခင်ဗျားလောက်တော့ နပ်ပါသေးတယ်။ ကျုပ်လက်ကို ချိုနဲ့ ရိုက်ပြီးလှဲမလို့ မဟုတ်လား”

ကျုပ်က လည်ကြီးထ ဆယ်ကောင်နှင့်တိုက်ခိုက်ပြီး အတွေ့အကြုံ ယူလာသူပင်။ သည်ဆယ်ကောင်ထဲ တွင် ချိုထောင် ချိုကားနှင့် ချိုးကွေးတွေ ပါရှိခဲ့သည်။ သို့အတွက်ချိုကားတို့၏ လုပ်ပေါက်ကို ကျုပ်သိပြီးသား။

ကျုပ်ခြေကုပ်မမြဲပါ။ မကြာခဏ ချော်သည်။ ဖင် ယမ်း ယမ်းပြီး ခြေကုပ်မြဲအောင် ရှာရင်းက ဘို့တင်ကြီး၏ မျက်လုံးကို ထောက်မိအောင် ကြိုးစားရသည်။ ကြိုးစားရင်း ဗလာချို အယမ်း၌ ဘို့တင်ကြီးနားထင် ထပ်မံပြဲသွားပြန်သည်။

သူပိုပြီး ဒေါသကြီးလာ၏။ သူ့ဦးခေါင်းသည် ခုန ကထက် နှစ်ဆလေးလံလာ၏။ ကျုပ်ကလည်း ခံနိုင်ရုံသာမက ခြေကုပ်ကောင်းလျှင်..။

ပြောဆဲဆိုဆဲမှာပင် ကန်သင်းတစ်ခုလုံးကို ကျုပ် ဖင်ပေးမိပြီ။ သေပေရော့ ဘို့တင်ကြီး။

ခေါင်းချင်း ခွာခွင့်လည်းရ၊ ခြေကန်လည်းရသည်မို့ တစ်ကိုယ်လုံးအားဖြင့် ဆောင့်တွန်းတွန်းသည်။ ဘို့တင်ကြီး ယိုင်သွားသည်။ ကျုပ်က မရပ်မဆိုင်းဘဲ ဆက်ကျုံးလိုက်ရာ ဘို့တင်ကြီး ပြေးချေပြီတကား။

“ဆီးဟေ့ … ဆီးဟေ့၊ ဖိဖိစီးစီး ရိုက်ခွဲ”

ကျုပ်ကို မော်မကြည့်ရဲစေရန် သင်ခန်းစာ လှလှကြီး ပေးလိုက်မည် စိတ်ကူးငြား၊ ကျုပ်မှာ လိုက်ခွင့်မသာ ပါ။ ရှုံးကျွဲသေမည်စိုးသောကြောင့် ရန်ပွဲဖျက်ရန် မဓမတိုင်တွေ ကနစိုတိုင်တွေ ကိုယ်စီဖြင့် အသင့်စောင့်နေသူများကြောင့် ကျုပ် နောက်ဆုတ်နေလိုက်ရသည်။

ကျုပ်တစ်ကိုယ်လုံး ခွေနုန်းလျက် ချည့်နဲ့ ကျန်ခဲ့ငြား ကျုပ် ဝမ်းသာသည်ကား ပြောဖွယ်မရှိ။ ကျုပ်တို့ အုပ်တွင်းမှ ကျွဲမလေးတွေကို ကျုပ်ပိုင်ပြီ မဟုတ်လား။

သို့သော် ကျုပ်နာမည်ဆိုးဖို့ ကြုံလာသည်။ တစ်နေ့ တွင် ဟိုဘက်သုံးတဲကျော် ကျွဲအုပ်မှ ဘို့တင်ကြီး တစ်ကောင်သည် ကျုပ်လက်အောက်ခံ မောင်းမမိဿံကလေး မိနီကိုလာပြီး ချစ်ရေးဆိုသည်။ ကျုပ် အသည်းကို ခွဲဘိသို့ ကျုပ် နာသည်။

နာခြင်း မနာခြင်းထက် ကျုပ် သိက္ခာကို ကျုပ်ဆယ် ရန် ထိုဘွဲ့တင်ကြီးကို ခေါင်းချင်း ဝင်ဆောင့်ရ၏။ သူက လည်း ချိုကွေး၊ ကျုပ်ကလည်း ချိုကွေး။ သို့ရာတွင် ကျုပ်က ညစ်ဉာဏ်သာ၏။ ဗလာချို သုံးချက် အယမ်းတွင် ကျွဲမသား မျက်လုံးတစ်ဘက်ပေါက်ပြီး ပြေးလေ၏။

ပြေးပေမယ့် ကျုပ်အတင်းလိုက်ခတ်သည်။ သည် ကောင်ကြီးသာမဟုတ်။ တွေ့သမျှ အကောင်အားလုံး ကို ကျုပ် ရမ်းကားရာ ကျုပ်သခင်မှာ အတော်ကြီး တောင်းပန်လိုက်ရ၊ လျော်ကြေး ပေးလိုက်ရသည်။

ကျုပ် ဆိုးသော်ငြား ကျုပ်သခင်က ကျုပ်ကို ရောင်း မပစ်ပါ။ ကျုပ်ကလည်း ထမ်းပိုးထဲတွင် အနည်းငယ်မျှ “ထမ်းပိုးထမ်း” အနိမ့်မခံပါ။ တစ်ဖက်ကျွဲထက် အမြဲတမ်း ခေါင်းတစ်လုံးပိုအောင် လှမ်းသည်။ ထမ်းပိုးကျစ်မချိုး၊ စိတ်မကောက်။ သို့အတွက် ကျုပ်သခင် ကျုပ်ကို လက်မလွှတ်နိုင်။

(၃)

သို့တစေ ယခု ကျုပ်ထံသို့ နီးသည်ထက် နီး၍နီး၍ လာသော လည်လေးထမှာ ကျုပ်နှင့် ပတ်သက်ဖူးခြင်း မရှိပါ။ သူသည် ကျုပ်သားအရွယ်ပင် မမီ။ ကျုပ်မြေး အရွယ်သာရှိသည်။ ကျုပ်ကလည်း တိုက်ခိုက်သတ်ပုတ်မှုနှင့် ကင်းဝေးခဲ့သည်မှာ ငါးနှစ်ရှိပြီမို့ ပတ်သက်စရာ မရှိ။

မည်သို့ဖြစ်စေ၊ လာကား လာနေပြီ။ ဦးချိုသာလျှင် လက်နက်ရှိသူပီပီ ဦးချိုကို သူ့ဘက်လှည့်ကာ အသင့် နေရသည်။ လာပြီ … လာနေပြီ။

သူရပ်နေပြန်ပြီ။ သည်အခိုက်တွင် ကျုပ်စဉ်းစား၏။ သူက တက်ကောင်၊ ကျုပ်က ကျကောင်သာ မဟုတ် အိုမင်းမစွမ်း။ ခေါင်းချင်းတေ့ကာ “နှဲ” နေကြလျှင် ကျုပ် သက်သာဖွယ်မရှိ။

သူ့တွင် ခွန်အားတွေရှိသည်။ ကျုပ်မှာ မရှိ။ ခေါင်း ချင်းဆိုင်ပြီး နှဲနေကြလျှင် ကျုပ်ခွေလဲသွားမည်။ ဤမျှသာလော မဟုတ်သေးပါ။ ခွေလဲသွားသည့် ကျုပ် မထနိုင်မီပင် ကျုပ်ကို နံပွင့်အောင်၊ အူထွက်အောင် ညှဉ်းဆဲလိမ့်မည်။

ဪ… အိုမင်းမစွမ်း၍ ချောင်ခိုနေခါမှ ရန်ပြုခံရလေခြင်း။

မည်သို့ဖြစ်စေ၊ ဝမ်းနည်းနေ၍ မပြီးပါ။ လည်လေးထသည် ပြေးလာပြီ။

ကျုပ် နောက်ခြေများကို မြေကြီးထဲ နစ်နေအောင် ကန်ထားသည်။ ရှေ့ခြေများကို အတွင်းသွင်းလျက် ဟတ်ထိုး လဲလုလဲခင် အနေအထားဖြင့် စောင့်သည်။

မိုးကြိုးပစ်သည်ထက် ပြင်းထန်သော အသံကြီး။ တင်းပုတ်ကြီးဖြင့် ထုလိုက်သော အထိအတွေ့။ မူးဝေ နောက်ကျိကာ ချာချာလည်သွားသော ခံစားမှု။

အို…. ကျုပ် လေထဲသို့ လွင့်သွားခြင်းပါတကား။

အို.. မဟုတ်ချေ။ ကျုပ် ဖင်ထိုင်လဲကျသွားခြင်း ဖြစ် သည်။ သည်နှယ်ဖြစ်က ကျုပ် လဲတော့မည်။
လဲပြီဆိုပါက ကျုပ် သေရုံသာ ရှိတော့သည်။

လူသံတွေ ကြားရသည်။ ကျုပ် မျက်စိဖွင့်ကြည့် လက်သည်။ ရုတ်တရက် အမြင်မသဲကွဲ။ ကျုပ်၏ ဦးချိုကို ထွက်ဆွဲပြီး ကျုပ်ကို ကူညီကြသည်။
ကျုပ် တုန်ရင်စွာ ထရပ်ပါသည်။

ကျုပ်မျက်စိကို ကျုပ် မယုံနိုင်။ သို့အတွက် မျက်တောင်ကို အခါခါ ခတ်ရသည်။ အမြင်သည် အမှန်ပင် ကြည်လင်လာ၏။ မြင်ရသော မြင်ကွင်းသည် သံသယရှိစရာ မလိုတော့ပြီ။

“ဟယ်”ခနဲ ကျုပ် ဝမ်းသာအားရ အော်မိသည်။

ကျုပ်ကို လာရောက်ရန်ပြုသော လည်လေးထမှာ ဦးခေါင်းမှ သွေးတွေစီးယိုလျက် တုံးလုံးကြီးလဲနေသည်။ လူတို့မှာကား သူတစ်ပါးပျက်စီးလျှင် သံဝေဂပွားများကြငြား ကျုပ်မှာ တိရစ္ဆာန်မဟုတ်လား။ တိရစ္ဆာန်ပီပီ ဝမ်းသာမိသည်။
တစ်ဆက်တည်းမှာပင်

“မှတ်ထားကွ၊ လည်လေးထသန်လှ၊ ဘို့တင်ကျ အိမ်ဘေးကပ်နေသလောက် ရှိတယ်ဟေ့”

ဟု ဝင့်ကြွားလိုစိတ်ဝင်လာသည်။

သို့လျှင်ရှိဆဲ၌ စက်ဆုပ်ဖွယ် အနံ့တစ်ခုက ကျုပ်ကို နှောင့်ယှက်သည်။

နွားသတ်သမား၏ မသတီဖွယ်အနံ့။

ရေမည်မျှ ချိုးခဲ့ပါစေ၊ အမွှေးနံ့သာ အဘယ်မျှ ထုံမွှမ်းပါစေ ကျုပ်တို့သိသည်။ ကျုပ် ချာခနဲလှည့်ကာ နားရွက်ကို ပေးထားသည်။

“ရှင့်ကို ကျွန်မ ပြောတယ်မဟုတ်လား၊ ဘယ် လောက်ပဲ အိမ်မှာထားထား၊ သူနှိပ်စက်တာ ရမ်းကားတာ ခံခဲ့ရတဲ့ကျွဲတွေက လက်စားချေလိမ့်မယ် ဆိုတာလေ”

ကျုပ်သခင်မ၏ အသံ။ ရန်တွေ့ဟန်၊ အပြစ်တင်
ဟန်ပါသော အသံ။

“လည်လေးထ လည်ကြီးထဆိုတာ မြက်ပင်ကိုတောင် ခတ်တာပါကွာ၊ ကနေ့လည်း ငါလစ်သွားလို့ပါ”

ကျုပ်သခင်၏အသံ အဆုံးတွင်ကား

“ဆရာကြီး ခိုင်းလို့လည်း ရတော့တာမှ မဟုတ်တာ၊ ကျွန်တော့်ကိုရောင်းပါ၊ ငါးရာပေးပါ့မယ်”

ဟူသည့် အသံက ဆက်လက် ထွက်ပေါ်လာ၏။ မသတီဖွယ် ရနံ့ရှင်၏ ပါးစပ်မှထွက်သော အသံဖြစ်ကြောင်း ကျုပ် ကောင်းကောင်းသိပါသည်။

“ဘာမှ စဉ်းစားမနေနဲ့၊ ရောင်းသာ ရောင်းလိုက်။ ကျွန်မ အဝတ်အစား ဝယ်ရမယ်”

“ဒီကျွဲကြီးက စီးပွားဖက်လို ဖြစ်နေလို့…”

“ကျွန်မဖို့ အကြေသား ဝမ်းဆက် ဝယ်ပေးမယ်ဆို။ ဘာတုံး ကျွန်မလှတာ ရှင်မမြင်ချင်ဘူးလား”

“ကဲ … ကဲ မင့်သဘော၊ မင့်သဘော”

စက်ဆုပ်ဖွယ် ရနံ့ရှင်သည် ကျုပ်အနားသို့ ရောက် လာပါပြီ။

“ဪ- သခင်မရယ်။ သည်လိုမှန်းသာ သိလျှင် စောစောကလာခတ်တဲ့ ကျွဲပေါက်ကြီးရှေ့မှာ လည်စင်း ပြီး အသေခံလိုက်ပါတယ်။”

ကျုပ် ညည်းညူဆဲမှာပင် ရနံ့ဆိုးက ကျုပ်ကို ဆွဲခေါ်ပြီ။

ကျုပ် ခတ်ပစ်မည်စိတ်ကူးငြား အထမမြောက်ပါ။ ကြိုးကို ကိုင်ထားကြပြီလေ။ သို့ကြောင့် သခင်မအား အသနားခံသည့် အကြည့်ဖြင့် ကြည့်သည်။

“သခင်မရယ် ကျွန်တော် မခိုမကပ် အကျိုးဆောင်ခဲ့တာတွေ ထောက်ထားပါဦး သခင်မရယ်။ သခင်မ ပွဲသွားတဲ့အခါမှာ ကျွန်တော်ရုန်းတဲ့ လှည်းနဲ့ သွားတာ တွေ၊ သခင်မ မီးနေတုန်းက ကျွန်တော်သယ်ပေးတဲ့ ထင်းကို သုံးခဲ့တာတွေ ပြန်တွေးပါဦး သခင်မရယ်”

ကျုပ် မည်မျှပင် အသနားခံငြား သခင်မမှာ ငွေ စက္ကူတွေကြားဝယ် ရွှင်မြူးနေပါသည်။

ဪ- သခင်မကို ကျုပ် အပြစ်မတင်ရက်ပါ။ ကျုပ်၏ အသနားခံချက်များကလည်း လည်ချောင်းထဲမှ ထွက်မှမလာပေဘဲကိုး။

သွားပြီ သခင်မရေ၊ သွားပြီ ခင်ဗျာ့၊ ကျုပ် အသား ဖြင့် ချုပ်ဝတ်သည့် နောက်ဆုံးပေါ် အဆင်ဆန်းဖြင့် သခင်မ လှနိုင်ပါစေ။ ပို၍ ပို၍ လှနိုင်ပါစေ ခင်ဗျား။

ငွေတာရီ၊ ၁၉၈၇၊ စက်တင်ဘာ

– ပြီး –

စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ