သင်္ချိုင်းမြေ မှာ အခြေချမိသူများ

Posted on

“ သင်္ချိုင်းမြေ မှာ အခြေချမိသူများ”

ပြောပြပြီနော် 👻
ကောင်းဇော်တို့ မိသားစု အိမ်အသစ်ကို ပြောင်းလာခဲ့ကြတယ်။
အဖေနဲ့အမေ နှစ်ယောက်လုံးက မိတ္ထီလာ ဇာတိပေမယ့် အဖေ့လုပ်ငန်း အတွက်ရော ၊ ကောင်းဇော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ရှေ့ရေး အလုပ်အကိုင်အခွင့်အလမ်း အတွက်ရော **** ကို ပြောင်းလာခဲ့ကြတယ် ။
ပြောင်းလာတာလည်း ဝုန်းဒုန်းဆိုပြီး ထပြောင်းခဲ့ကြတာတော့မဟုတ်ဘူး ။ ကောင်းဇော် ၈တန်းလောက်ကတည်းက အဖေက ****မှာ မြေ၀ယ်ပြီး ၊ နောက်ပိုင်းမှာလည်း ဖြည်းဖြည်းချင်း ပိုက်ဆံဖြည့်ရင်း အိမ်ဆောက်တယ် ။
အိမ်က လေးထပ်တိုက်ပေမယ့် အရမ်းခမ်းခမ်းနားနားကြီးလည်းမဟုတ်ဘူး ။ သာမန် ရိုးရိုးတိုက်ပုံစံပဲ ။ ဒါပေမယ့် အဖေက လုံးချင်း ၄ထပ်လိုပုံစံမဟုတ်ဘဲ ၊ တိုက်ခန်းပုံစံ ဆောက်ထားတယ် ။ လှေကားတွေကို ဘေးဘက်မှာထုတ်ထားပြီး တစ်ထပ်စီသီးသန့်ပုံစံပေါ့ ။ အဖေ ဒီလိုဆောက်တာကလည်း အကြောင်းရှိတယ် ။ ၄ထပ်မှာ အပေါ် ၂ထပ်ကိုပဲ လူနေပြီး အောက် ၂ထပ်ကို အငှားတင်ဖို့ ရည်ရွယ်ထားတာ ။
လောလောဆယ် အိမ်ဘေးမှာက ဓာတ်ဆီဆိုင်တစ်ဆိုင်နဲ့ ကွင်းပြင်ကြီးတစ်ခုပဲရှိသေးတာ ။ ဒါပေမယ့် အဲဒီကွင်းပြင်ကို စျေးနေရာအဖြစ် သတ်မှတ်ထားပြီးသားဆိုတော့ နောက်ပိုင်းမှာစည်ကားလာမယ့် အလားအလာပေါ့ ။ ပြောရရင် ကောင်းဇော်တို့ အိမ်က “စျေးနားနီးနီး တိုင်ကြီးကြီး”ပေါ့ ။ အနီး၀န်းကျင်မှာလည်း တချို့မြေကွက်တွေက အိမ်ကျိုးတို့ကြဲတဲနဲ့ လူသစ်တွေတော့ရောက်စပြုနေပြီ ။
ဒီတော့ အဖေက ဘေးမြေကွက်လပ်မှာ စျေးတည်ပြီဆိုတာနဲ့ အောက်ဆုံးထပ်ကို ဆိုင်ခန်းငှားစားမယ် ။ နှစ်ထပ်မြောက်ကို တော့ လူငှားငှား ၊ ဆိုင်ငှားငှား ၀င်ငွေရအောင်ငှားမယ် ..အဲဒီလိုပေါ့ ။ အဖေ့ အဆက်အစပ်တွေကြောင့် ငှားမယ့်သူတွေကလည်း အဆင်သင့်ရှိပြီးသား ။
ဒါနဲ့ သုံးထပ်မှာက အဖေတို့နေပြီး ၊ လေးထပ်မှာ ကောင်းဇော်တို့ ညီအစ်ကို နေမယ်ဆိုပြီး စီစဉ်ထားတယ် ။
သုံးထပ်လှေကားမှာလည်း သံပန်းတံခါးတပ်ထားတယ် ။ တကယ်လို့ အောက်ထပ်အခန်းတွေမှာ လူငှားရောက်ရင် ညရေးညတာ အပေါ်ထပ် ကို လက်လွတ်စပယ်တက်လာလို့မရအောင်ပေါ့ ။
အိမ်ပြောင်းခါစမှာ ကောင်းဇော်က ဆယ်တန်းအာင်ပြီးခါစ ၊ ကောင်းဇော် ရဲ့ အစ်ကို ဆက်ပိုင်က **** တက္ကသိုလ်မှာ ဂုဏ်ထူးတန်းတက်နေပြီ ။
ပြီးတော့ အပြောင်းအရွှေ့ကာလမှာ ဘာကအလုပ်ရှုပ်မှန်းမသိ အိမ်သားအားလုံး သွားလာ၀ယ်ခြမ်း ကြရင်း အလုပ်တွေရှုပ်နေတယ် ။ အဖေကလည်း သူ့အလုပ်ကိစ္စတွေနဲ့ ချာချာလည် ၊ အစ်ကိုကလည်း ကျောင်းသွားလိုက် ၊ ကျူရှင်တွေ ပြလိုက်နဲ့ အိမ်မှာသိပ်မကပ်ဘူး ၊ အမေနဲ့ကောင်းဇော်နဲ့က အိမ်အတွက်လိုတာတွေ ၀ယ်ခြမ်းလိုက် ၊ ရေမြေအသစ်မှာ လည်ပတ်လိုက်နဲ့ အိမ်မှာက တစ်ယောက်ရှိရင် တစ်ယောက်မရှိနဲ့ လူမစုံဘူး ။
အဲဒီလိုနဲ့ ရက်ပိုင်းလောက်ကြာတော့ အစစအရာရာ နေရာကျစပြုလာတယ် ။ အိမ်ငှားတွေလည်းရောက်လာပြီ ။ အောက်ထပ်ကလည်း လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ဖို့ လျာထားပြီး ငှားတာပေမယ့် လောလောဆယ်ထိတော့ လူပဲနေပြီး ဆိုင်အတွက်ပြင်ဆင်တုန်း ။
ဒုတိယထပ်မှာလည်း အိမ်ငှားတွေ စရောက်ပြီဆိုတာသိပေမယ့် အိမ်သားဘယ်နှယောက် ၊ ဘယ်သူတွေနေတယ် ဘာညာတော့ ကောင်းဇော်မသိဘူး ။ ယောက်ျားလေးမလို့ ဘာသိဖာသာ နေတတ်တဲ့အပြင် မိုးလင်းမိုးချုပ် အခန်းထဲမှာပဲ computer တစ်လုံးနဲ့ game ဆော့ပြီး အလုပ်ရှုပ်နေတော့ ပတ်၀န်းကျင် ကိုလည်း သတိထားမိချိန်မရှိဘူးပေါ့ ။
အဓိက အကြောင်းအရာကို စပြောတော့မယ် ။
ကောင်းဇော်တို့ အိမ် မှာ စရောက်ကတည်းက အိမ်တက်လုပ် ၊ မြေသန့် အိမ်သန့် ရွတ်ဖတ်ထားလို့လားမသိ အစပိုင်းမှာ ပုံမှန်မဟုတ်တဲ့အရိပ်အယောင်မျိုး လုံး၀မရှိဘူး ။
ဘယ်အချိန်ကတည်းက မသိမသာ အရိပ်အယောင်ပြနေတယ် မပြောတတ်ပေမယ့်… ပထမဆုံး ကောင်းဇော် စသတိထားမိသွားတဲ့နေ့
အဲဒီန့က ရေချိုးပြီး ရေချိုးခန်း ထဲကထွက်အလာ … ကိုယ့်အခန်းထဲကိုယ် ပြန်၀င်ဖို့ အသွား ရှေ့ခန်းက ဆိုဖာမှာ လူတစ်ယောက်ထိုင်နေတာမြင်လိုက်တယ် ။ မြင်လိုက်တယ်ဆိုပေမယ့် သေချာလှည့်ကြည့်မိတာမျိုး မဟုတ်ဘူး ။ စိတ်ထဲ ဆက်ပိုင် လို့ပဲ ထင်ပြီး အရေးတယူမလုပ်မိဘဲ ကိုယ်လုပ်စရာရှိတာကိုယ် လုပ်တယ် ။
အခန်းထဲမှာ အ၀တ်အစား၀တ်ပြီး အပြင်ပြန်ထွက်လာတော့ dryer မှုတ်နေရင်း မျက်လုံးထောင့်ကနေမြင်လိုက်တာက..
ခုန ခုံမှာထိုင်နေတဲ့ လူက ၀ရန်တာဘက်ထွက်သွားတာကို သေချာသတိထားမိလိုက်တယ် ။ ပြီးတော့ dryer ဖြုတ်နေတုန်း ရှိသေး အခန်းတံခါးပွင့်ပြီး ဆက်ပိုင်၀င်လာတယ် ။ ဒီတော့မှ ကောင်းဇော် နည်းနည်းမျက်ခုံးပင့်သွားပြီး
“အစ်ကို မင်း အခုမှ ၀င်လာတာလား”
“အေးလေ အခုမှ အောက်ထပ်ကနေ ထမင်းစားပြီး တက် လာ တာ…ဘာဖြစ်လို့လဲ”
ကောင်းဇော် ဆက်ပိုင် အမေးကိုမဖြေနိုင်သေးဘူး ။ ၀ရန်တာဘက်လိုက်ကြည့်တော့ ၀ရန်တာဘက်မှာလည်း ဘယ်သူမှမရှိဘူး ။ ကောင်းဇော်တို့ ၀ရန်တာက အပေါ်ပိုင်းမှာပါ သံပန်းတွေခတ်ထားတဲ့ အလုံပုံစံမျိုး ။ ဒီတော့ ခုန်ချသွားလားလို့တော့ တွေးစရာမရှိဘူးပေါ့ ။
ဒါပေမယ့် ခုနက လှုပ်ရှားသွားလာနေတဲ့ လူပုံရိပ်ကို ကောင်းဇော် သေချာပေါက်သတိထားလိုက်မိတာမလို့ စိတ်ထဲ မယုံနိုင်သလိုဖြစ်ပြီး
“အဖေရော တက်လာသေးလား အစ်ကို”
“မတက်ပါဘူး အဖေက ငါနဲ့အတူ ထမင်းစားနေတာ…မင်းလည်းသွားစားတော့လေ အမေက မင့်စောင့်နေတာ ”
ကောင်းဇော်က တွေတွေကြီးရပ်နေပြီး
“မဟုတ်သေးဘူး…ခုနက အခန်းထဲမှာ လူရှိနေတာ…ငါက မင်းလို့ထင်နေပြီး သေချာသတိမထားလိုက်မိတာ ”
” ဘာလူမှမရှိဘူး အောက်ထပ် သံပန်းတံခါးလည်း သော့ခတ်ထားတာ…ဘယ်သူမှတက်လာမှာမဟုတ်ဘူး … Game အဆော့လွန်ပြီး ကြောင်နေတာပဲနေမှာ … ထမင်းသွားစားချေတော့”
တကယ်လည်း အခန်းထဲမှာ ညီအစ်ကိုနှစ်ယောက်လွဲ ဘယ်သူမှမရှိတော့ ကောင်းဇော် စိတ်လျှော့လိုက်ရပေမယ့် စိတ်ထဲမှာတော့ နည်းနည်းလေးသွားတာ အမှန် ။
ထမင်းစားရင်း အမေ့ကိုပြောပြတော့ အမေကလည်း သိပ်အရေးတယူမရှိဘူး ။ တစ်ခါတလေ အမြင်မှားတာဖြစ်တတ်ပါတယ် အမေလည်းဖြစ်ဖူးတယ် ဆိုပြီး ပြောတယ် ။
အဲဒီလိုနဲ့ ရက်ပိုင်းလောက်နေတော့ … ဆက်ပိုင်က သူ စာသင်တဲ့ဝိုင်းတွေထဲက တစ်ဝိုင်းကို အိမ်ခေါ်သင်တယ် ။ ၉တန်းကျောင်းသား ၅ယောက်ဝိုင်း ။ ယောက်ျားလေး နှစ်ယောက်နေတဲ့အိမ်မှာ ခေါ်သင်တာဆိုတော့ မိန်းကလေးကျောင်းသူမပါဘူးပေါ့ ။
ညနေပိုင်း ဆက်ပိုင် က ရှေ့ခန်းမှာ စာသင်နေရင် ကောင်းဇော်က ထုံးစံအတိုင်း ကိုယ့်အခန်းထဲမှာကိုယ် Game ဆော့နေတာပေါ့ ။
တစ်ရက်ကျတော့ ညနေခင်း ကျောင်းသားတွေ စာသင်ဖို့ရောက်လာတဲ့အချိန် … ကောင်းဇော်ကလည်း ရှေ့ခန်းမှာရှိနေတော့ ဘာရယ်မဟုတ် လှည့်ကြည့်တဲ့အချိန် ကောင်လေးတွေနောက်ကနေ ကျောင်းစိမ်းနဲ့ ကောင်မလေးတစ်ယောက် ပါလာပြီး ၊ အိမ်သာရှိတဲ့ဘက်ကို ခပ်သုတ်သုတ်၀င်သွားတယ် ။ ဆံပင်ပခုံးကျော်ကျော်လောက်နဲ့ ခပ်ပိန်ပိန်ခပ်ဖြူဖြူ ပုံစံမျိုး ။ ကောင်းဇော်လှည့်ကြည့်တဲ့အချိန် ကောင်မလေးက အိမ်သာဘက်သွားလိုက်တာဆိုတော့ မျက်နှာကိုတော့ သေချာမမြင်လိုက်ရဘူး ။ အသားတော့တော်တော်ဖြူတယ်။
စိတ်ထဲ “ဆက်ပိုင်ကတော့ ယောက်ျားလေးတွေအများကြီးထဲ ကျောင်းသူတစ်ယောက်ထဲ ဇယားရှုပ်အောင် ခေါ်လာတယ်…”လို့တွေးပြီး ဆက်ပိုင် အခန်းထဲ ၀င်သွားလိုက်တယ် ။
“အစ်ကို…မင်း အမေဆူမယ်နော်…မိန်းကလေးကျောင်းသူ ခေါ်မလာဖို့ သေချာပြောထားတာကို…ပြီးတော့ ယောက်ျားလေး တွေကြား မိန်းကလေးကတစ်ယောက်ထဲ မသင့်တော်ဘူးနော် ” လို့ပြောတော့ အ၀တ်အစားလဲနေတဲ့ ဆက်ပိုင်က မျက်လုံးတွေ ဝိုင်းနေအောင် အံ့သြသွားပြီး
“ဟ…ငါ ဘယ်ကျောင်းသူမှ ခေါ်မထားပါဘူးဟ..အရင် ၅ဆယာက်ပဲလေ”
“အေး မင်းကသာမခေါ်ဘူးပြောနေ…မင်း ကောင်တွေနဲ့ ပါလာပြီ … ကျောင်းသူမှ ကျောင်းစိမ်းတောင်မလဲရသေးဘူး ”
ကောင်းဇော်အပြောကြောင့် ဆက်ပိုင် သုတ်တီးသုတ်ပြာထွက်သွားတော့ ကောင်းဇော် နောက်က မသိမသာလိုက်သွားတယ် ။
ကျောင်းသားတွေကို ဆက်ပိုင်မေးတော့ ချာတိတ်တွေကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး “ဘယ် မိန်းကလေးမှ မပါဘူး”လို့ တညီတည်းငြင်းတယ် ။
ဆက်ပိုင်က ကောင်းဇော်ဘက်လှည့်ပြီး ဘယ်လိုလဲ ဘာ လဲ ဆိုတဲ့ပုံစံနဲ့မေးဆတ်ပြတယ် ။ ဒါနဲ့ ကောင်းဇော်လည်း သက်သေပြမယ်ဆိုတဲ့ပုံစံနဲ့ အိမ်သာဘက်သွာပြီး အိမ်သာတံခါးဖွင့်ကြည့်တော့ အထဲမှာ ဘယ်သူမှ ရှိမနေဘူး ။
ကောင်းဇော် နည်းနည်းပြာသွားပြီး တခြားအခန်းတွေမှာပါ လိုက်ရှာသေးတယ်။ သက်ရှိနဲ့တူတာဆိုလို့ ကြောင်တစ်မြီးတောင် မရှိဘူး ။
ဆက်ပိုင်ကတော့ ဟန်မပျက် ကောင်းဇော်နားကပ်လာပြီး
“မင်း မစားနဲ့ကွာ…နောက်စရာမဟုတ်ဘူး ” လို့ပြောပြီး စာသွားသင်တယ် ။
ကောင်းဇော်က “ငါ အခန်းထဲ၀င်သွားတုန်း များ ပြန်ထွက်သွားလား”လို့ တွေးပြီး အပြင်ထွက်ကြည့်တော့လည်း အောက်ထပ်လှေကားတံခါးက သော့ပိတ်ထားတယ် ။ ဒီတော့မှ ကောင်းဇော်သတိရသွားတာက
ကျောင်းသားတွေလာရင် အမေက လှေကားတံခါးသော့ဖွင့်ပေးနေကျ ၊ ဒီတော့ မိန်းကလေးသာပါလာရင် အမေနဲ့အရင်တွေ့မှာပဲ ။ အမေကလည်း ဘယ်လိုမှ မိန်းကလေးကို အပေါ်ထပ်လွှတ်လိုက်မှာမဟုတ်ဘူး ဆိုတော့ ကောင်းဇော် ခေါင်းတွေရှုပ်လာတယ် ။ ဒါနဲ့ စိတ်ရှင်းသွားအောင် အမေ့ဆီသွားပြီး
“အမေ ဒီနေ့ အစ်ကို့ ကျောင်းသား ဘယ်နှယောက် လာလဲ အသစ်ပါသေးလား”လို့ မေးကြည့်လိုက်တော့
“အရင်အတိုင်းပဲလေ…ငါးယောက်ပဲ ဘယ်အသစ်မှမပါပါဘူး”ဆိုတော့ ကိစ္စကရှင်းပြီ … သရဲခြောက်တာပဲ ။
ဒါနဲ့ အမေ့ကိုပြောပြရနိုး ၊ မပြောရနိုး နဲ့ တွေတွေလေးလေးဖြစ်ရင်း အပေါ်တက်ဖို့ ပြန်ထွက်လာတော့ သံပန်းတံခါးက တစ်ယောက်ယောက်ဆွဲလှုပ်သလို တဂျုန်းဂျုန်းမြည်သွားတာနဲ့ လှည့်ကြည့်လိုက်တယ် ။ မြင်လိုက်ရတာက တံခါးအပြင်ဘက် လှေကားထစ်မှာ ခပ်ကုပ်ကုပ်ထိုင်နေတဲ့ (ခုနက) ကျောင်းစိမ်းနဲ့ ကောင်မလေး
ကျောပးထိုင်နေရာကနေ ကောင်းဇော်ကို လှည့်ကြည့်မလိုလုပ်ပြီးမှ ဆတ်ခနဲပြန်လှည့်သွားတယ် ။ ကောင်းဇော် ရင်တထိတ်ထိတ်နဲ့ကြည့်နေတုန်းမှာပဲ ထိုင်နေရင်းကနေ ကုန်းကုန်းကြီး မြွေလို လျှောခနဲဆင်းချသွားတယ် ။
ကောင်းဇော် ကြောက်ဒူးတွေတုန်ပြီး အမေတို့အခန်းထဲ ပြန်ပြေး၀င်တာပေါ့ ။ မျက်လုံးကြီးပြူးပြီး ဘာစကားမှမပြောနိုင်တဲ့ ကောင်းဇော်ကိုကြည့်ပြီး အမေကလည်း မထိတ်သာမလန့်သာနဲ့ပေါ့ ။ ကောင်းဇော် ဖြစ်သမျှအစအဆုံး ပြောပြတော့ အမေလည်း ယုံရခက် ၊ မယုံရခက်ဖြစ်နေတာ…ဒါပေမယ့် တကယ်ကတုန်တယင်တွေဖြစ်နေတဲ့ကောင်းဇော်ကိုကြည့်ပြီး အကြောက်ပြေအောင် ရေတိုက် ၊ တရားခွေတွေဖွင့်ပေးတယ် ။
အမေယုံ ၊ မယုံတော့ မသိပေမယ့် အဖေနဲ့ဆက်ပိုင်ကတော့ ကောင်းဇော်ပြောတာကို လုံး၀မယုံဘူး ။ ထွင်လုံးတွေ လုပ်နေတယ်ပဲ ထင်တာ …ဒီတော့ ကောင်းဇော်လည်း မယုံတဲ့သူကို အတင်းယုံခိုင်းမနေတော့ဘဲ အဲဒီကိစ္စကိုပဲ မေ့မေ့ပျောက်ပျောက်ဖြစ်အောင်နေတယ် ။ နဂိုက တစ်လနေလို့ တစ်ခါတောင် ဘုရားမရှိခိုးဖြစ်ပေမယ့် အဲဒီကိစ္စနောက်ပိုင်း ညတိုင်းဘုရားသေချာရှိခိုးပြီးမှ အိပ်တယ် ။
ဒီလိုနဲ့ ကြားထဲမှာ ရက်သတ္တပတ်တော်တော်ကြာကြီး ငြိမ်သွားပြန်ရော … ကိုယ်ကပဲ သတိမထားမိတာများလားတော့မသိ အဲဒီလို ယုန်ထင်ကြောင်ထင်ဖြစ်စရာမျိုးတွေ ဘာမှကိုမဖြစ်တော့ဘဲ ငြိမ်သွားတာ ။
တော်တော်ကြာသွားပြီးတဲ့တစ်ရက်
ည ၈နာရီလောက် ညီအစ်ကိုနှစ်ယောက် အပေါ်ထပ်အခန်းထဲမှာပဲ TV ကြည့်နေကြတဲ့အချိန် …
အမေတံခါးလာခေါက်တာနဲ့ ကောင်းဇော်ထဖွင့်ပေးတော့ … တံခါး၀မှာ အမေက မျက်မှောင်ကြီးကြုံ့ပြီး ခဏရပ်ကြည့်နေသးတယ် ။ ပြီးမှ အခန်းထဲ၀င်လာပြီး ဟိုကြည့်ဒီကြည့်ရင်း လုပ်ရင်း ဘာမှ တွေ့ပုံမရတော့မှ
“နင်တို့ မိန်းကလေးသူငယ်ချင်းတွေ ခေါ်ထားသေးလား … ငါမကြိုက်ဘူးလို့ပြောထားတယ်နော် ”
အမေ့ပုံက တကယ် စိတ်တိုနေသလိုပုံစံမလို့ ကောင်းဇော်လည်း နည်းနည်းကြောင်သွားတယ် ။ ဘယ်သူမှ မရှိဘူး ၊ ခေါ်လည်းမခေါ်ဘူးပြောတော့
ခုနက လှေကားမှာ အပေါ်ထပ်ကနေ အောက်ဆင်းလာသလို ခြေသံတွေနဲ့ မိန်းကလေးတွေ ရယ်မောလာကြသလိုအသံတွေဆူညံနေတဲ့ အသံတွေကြားတာ ၊ အမေ ပန်းကန်ဆေးလက်စတွေ ထားပြီး အပြင်ထွက်ကြည့်တော့ ဘယ်သူမှတော့မရှိတော့ပေမယ့် လှေကားတစ်ဆစ်ချိုးကနေ အပေါ်ကိုပြေးတက်သွားသလို ရိပ်ခနဲမြင်လိုက်လို့ ချက်ချင်းတက်လာကြည့်တာ
အမေ့စိတ်ထဲ ကောင်းဇော်နဲ့ ဆက်ပိုင် နှစ်ယောက်ထဲကတစ်ယောက်က ကောင်မလေးတွေကို လှေကားတံခါး လိုက် ဖွင့်ပေး ရင်း အမေ့ကိုမြင်မှ ပြေးတက်သွားတယ်ထင်ပြီး အမိဖမ်းဖို့ လိုက် လာ တဲ့ သဘောပဲ ။
ကောင်းဇော်တို့ ညီအစ်ကိုလည်း ” မဟုတ်တော့” မဟုတ်ဘူး ပဲ ငြင်းတာပေါ့ ။ အမေကတော့ နှစ်ယောက်တစ်ယောက် ငြင်းနေရတာဆိုတော့ ဆက်မငြင်းဘဲ ပြန်ဆင်းသွားပေမယ့် စိတ်ထဲဘ၀င်ကျလှပုံတော့မပေါ်ဘူး ။ နင်တို့နှစ်ယောက် ငါမကြိုက်တာတော့ မလုပ်နဲ့ လို့ ခပ်မာမာပြောပြီးပြန်ဆင်းသွားတယ် ။
အဲဒီညပဲ…
အမေဆင်းသွားပြီး သိပ်မကြာခင်မှာပဲ အခန်းတံခါးကို တဒုန်းဒုန်းလာထုသံကြားလို့ အမေပြန်တက်လာတယ်ထင်ပြီး ဆက်ပိုင် တံခါးသွားဖွင့်ပေးတော့ အပြင်မှာဘယ်သူမှမရှိဘူး ။
ဆက်ပိုင် နည်းနည်းမျက်နှာပျက်သွားတာတွေ့တော့ ကောင်းဇော်ပါ တံခါးနား ထသွားပြီး အခြေအနေ ကိုကြည့်တယ် ။
ဘာအသံမှမကြားရတော့တာနဲ့
တံခါးပြန်ပိတ်ပြီး ပြန်လှည့်လာမယ်လုပ်တော့ တံခါး ကို တဒုန်းဒုန်းထပ်ထုလာတာနဲ့ ဆက်ပိုင် ကျွတ်ခနဲ စုတ်သပ်ပြီး ပြန်ဖွင့်တယ်။ အပြင်မှာ ဘယ်သူမှမရှိပြန်ဘူး ။
ဒါနဲ့ ဆက်ပိုင်က “ငါ့ကို ဒါမျိုးလုပ်လို့မရဘူး”လို့ပြောပြီး အောက်ထပ်ဆင်းသွားတယ် ။တစ်ခါကြုံဖူးတဲ့ ကောင်းဇော်ကတော့ အခန်း၀ ကနေပဲစောင့်နေတာပေါ့။ ဒါပေမယ့် သိပ်မကြာဘူး ဆက်ပိုင်မျက်နှာခပ်ပျက်ပျက်နဲ့ ပြန်တက်လာတယ် ။ ကောင်းဇော် “ဘာဖြစ်လို့လဲ”လို့ မေးမလို့ ရှိသေး ဆက်ပိုင် (နောက်ကနေတစ်ယောကါယောက်ကဆွဲချလိုက်သလို)ဟန်ချက်ပျက်ပြီး ပြန်ပြုတ်ကျသွားတယ် ။ အကျတော်လို့ ဘာမှ သိပ်မထိခိုက်ပေမယ့် မတော်လေးနာသွားတာမလို့ ဆက်ပိုင် ဒေါသတွေထွက်ပြီး
“ငါ*မ သောက်သရဲတွေ …+ီးမှ မကြောက်ဘူး…ငါ##တဲ့မှ +ီးလား”ဆိုပြီး အသားကုန်အော်ဆဲတော့တာပဲ ။ ဆက်ပိုင် တကယ်ဒေါသထွက်နေတာမလို့ အသံကလည်း တော်တော်ကိုကျယ်တာ ။ ဒီတော့ အဖေနဲ့အမေပါ အပြင်ထွက်လာပြီး ဘာဖြစ်ကြတာလဲ လို့မေးတယ် ။
အစကတော့ ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်ကြတယ်မှတ်နေတာပေါ့ ။ ဆက်ပိုင်ပြောပြတာက …
“ငါ့ကို ဒါမျိုးလာလုပ်လို့ မရဘူး”လို့ပြောပြီး ဆက်ပိုင်အောက်ဆင်းသွားတော့…
လှေကားသံပန်းတံခါးက ထုံးစံသော့ခတ်ပြီးသားဖြစ်နေပြီ ။ အစကည်းက နည်းနည်းတော့ ဒွိဟဖြစ်နေပေမယ့် ဆက်ပိုင်ထင်တာက အောက်ထပ်အိမ်ငှားထဲက တစ်ယောက်ယောက်အပေါ်တက်လာပြီး စတယ်မှတ်နေတာ ။ အခုက သော့ခတ်ထားပြီးသားဆိုတော့ လူမဟုတ်နိုင်တာသေချာသွားပြီ ။ ဒါနဲ့ အမေတို့ကိုပြောပြမယ်ဆိုပြီး အခန်းဘက်အလှည့် လှေကားတံခါး အပြင်ဘက်ကနေ
“ဒါမျိုး လုပ်မရဘူးဆို ဟီးဟီး”ဆိုတဲ့ အသံဝါကြီးကြားတာနဲ့လှည့်ကြည့်လိုက်တော့
သံပန်းတံခါးမှာ မျက်နှာကြီး အတင်းကပ်ပြီး ပြူးပြဲကြည့်နေတဲ့ မျက်လုံးနီနီကြီးနဲ့ ခပ်မည်းမည်း အရိပ်ကြီး …
ဆက်ပိုင်လည်း ဘာဆိုတာသဘောပေါက်သွားပြီး ချာခနဲလှည့်ထွက်လာတာပေါ့ ။ စိတ်ရှိတိုင်းဆို အသားကုန်ပြေးမှာပေမယ့် အခုက ဒူးတွေတုန်ပြီး လမ်းတောင်မနည်းသတိထားလျှောက်နေရတာ ။
အဲဒီအချိန် အနောက်ကနေ ဆွဲချခံလိုက်ရတော့ ကြောက်ကန် ကန်တာကနေ လန့်ပြီး ထဆဲမိသွားတာပဲ ။
အဖြစ်ကအဲဒီလို
အဖေနဲ့အမေလည်း ဆက်ပိုင် အတည်ပြောနေတဲ့ပုံစံကြောင့် မယုံတာမျိုးမဖြစ်တော့ဘဲ ဒီတစ်ညတော့ အောက်ထပ်လာအိပ်ဖို့ခေါ်တယ် ။ ဒီလိုကျတော့လည်း ညီအစ်ကိုနှစ်ယောက်က မအိပ်ချင်ပြန်တော့
“ရတယ် ဒီလောက်ကတော့ မကြောက်ပါဘူး … ကိုယ်ကလူ ၊ သူက သရဲ … ဘုန်းကံကွာတယ်” ဘာညာနဲ့ နှစ်ယောက်သားအတိုင်အဖောက်ညီညီနဲ့ အပေါ်ပြန်တက်လာလိုက်ကြတယ် ။
အဲဒီညကတော့ အဲ့လောက်နဲ့ပဲပြီးသွားပေမယ့် … ကိစ္စတွေက ငြိမ်မသွားဘဲ ပိုဆိုးလာတယ် ။
တစ်ည…ည ၁နာရီကျော်ကျော်လောက်ကြီး
ကောင်းဇော် အခန်းပြတင်းပေါက်ဖွင့်ပြီး ဆေးလိပ်ခိုးသောက်နေတာ ။ အမေကလည်း ဆေးလိပ်သောက်ရင် အသားကုန်ဗြင်း ၊ အသားကုန်ဆူ ဆက်ပိုင်ကလည်း သူကိုယ်တိုင်က ဆေးလိပ် ၊ အရက်ဘာမှမလုပ်တော့ ကောင်းဇော် ဒါတွေလုပ်ရင် အမေ့ကိုပြန်တိုင်တာဆိုတော့
ဒီလို လူခြေတိတ်ချိန်မှပဲ ခိုးသောက်ရတာပေါ့ ။
ပြတင်းပေါက်နားမှာ ခုံတစ်လုံးနဲ့ထိုင်ပြီး ကိုယ့်အာရုံနဲ့ကိုယ် ဆေးလိပ်သောက်နေတုန်း အနောက်က စျေးနေရာ မြေကွက်လပ်မှာ မည်းမည်းလှုပ်လှုပ်တွေ စမြင်လာတယ် ။ အစကတော့ ခွေးတွေအုပ်လိုက်ကြီးလို့ထင်မိသေးပေမယ့် သေချာကြည့်ရင်း ခွေးမဟုတ်တာကို သတိထားလိုက်မိတယ် ။ အမှောင်ထဲမှာ လူ တွေ ရွစိရွစိသွားလာနေကြတာက ကြည့်လေ ပီပြင်လာလေမလို့
“ဒီအချိန်ကြီး ဒီလောက်လူတွေအများကြီး ဘာလုပ်နေကြပါလိမ့်”လို့ တွေးပြီး စပ်စုချက်စိတ်နဲ့ ပြတင်းပေါက်ကနေ ကိုယ်တစ်ပိုင်း ထွက်မတတ် ကုန်းကွကြည့်နေတုန်း
“ဘာ…တွေ…ကြည့်…နေ…တုန်း”လို့ တစ်လုံးချင်း ဖြည်းဖြည်းလေးလေးကြီးပြောတဲ့အသံကြားလို့ ငုံ့ကြည့်လိုက်တော့
“ဟာ..ဟာ”
ကောင်းဇော် ၃စက္ကန့်လောက်ငြိမ်သွားပြီးမှ အလန့်တကြားနဲ့ နောက်ကို ဖင်ထိုင်လျက်လဲကျသွားတယ် ။
ပြတင်းပေါက် အောက်နားလေးမှာ နောက်ပြန်ကြီးကားယားကြီးကပ်ပြီး အပေါ်ကိုမော့ကြည့်နေတဲ့ မိန်းမတစ်ယောက်
ဆံပင်က ကြက်တောင်နှစ်ဖက်ခွဲစည်းထားပြီး ဂျိုကြီးလို ကားနေပြီး မျက်နှာက တကယ်ကိုအရိုးခြောက်သာသာမှာ မျက်လုံးကအကြီးကြီး ၊ လျှာကလည်း ပါးစပ်အပြင်မှာလို့ ၊ နားရွက်ကားကားဝိုင်းဝိုင်းကြီးနဲ့ သေချာခြုံပြောရရင် တကယ်ကို ကြက်သီးထချင်စရာ ၊ ကျောချမ်းချင်စရာကြီး…
ကောင်းဇော် လဲကျသွားတာကနေ မြန်မြန်ထပြီး အခန်းပြင်ထွက်ပြေးတယ် ။ မအော်မိပေမယ့် ပါးစပ်ကနေ ဗလုံးဗထွေးနဲ့ ဘာတွေပြောမိနေမှန်းမသိဘူး ။ ဆက်ပိုင် အခန်းတံခါးကို ဖွင့်ကြည့်တော့လည်း တံခါးက လော့ခ်ချထားတယ် ။ အစကတော့ အော်နှိုးဦးမလို့ပေမယ့် လက်ထဲက ဆေးလိပ်ကိုသတိရသွားပြီး မနှိုးတော့ဘဲ ဘုရားစင်ရှေ့သွားထိုင်ပြီး ကြံရာမရဖြစ်နေတာပေါ့ ။
ခဏနေတော့ စိတ်နည်းနည်းငြိမ်တဲ့အချိန် အိမ်သာကြွေခွက်မှာ ဆေးလိပ်ပစ်ပြီး ရေဆွဲချခဲ့လိုက်တယ် ။လက်ဆေး ၊ ပလုတ်ကျင်းပြီး ဆက်ပိုင်အခန်းရှေ့ပြန်သွားတာပေါ့ ။ ၃/၄ခွန်း အော်နှိုးတော့ နိုးလာပြီး တံခါးလာဖွင့်ပေးတယ် ။
“အစ်ကို…ငါ ကြောက်လို့ မင်းအခန်းထဲလာအိပ်မလို့”လို့ပြောတော့ ဆက်ပိုင်က
“မင်းကတော့ကွာ…လာ…လာ”ဆိုပြီး အိပ် ချင် မူး တူးနဲ့ ပြန်လှည့်သွားပြီး ပြန်အိပ်တယ် ။ ဆက်ပိုင်ကတော့ တခေါခေါနဲ့ပြန်အိပ်သွားပေမယ့် ကောင်းဇော်က ကြောက်စိတ်ကြောင့် အိပ်မပျော်သေးဘူး ။ မနက်ကျရင် အမေတို့ကို ဘယ်လိုပြောပြမယ် ၊ ဘယ်လိုလုပ်ခိုင်းမယ် နဲ့ တွေးပြီး မျက်စိကြောင်နေတုန်း
“ဂျစ်…ဂျစ်..ဒေါက်”
ပြတင်းပေါက် မှန်ကို လာခြစ်သလို ၊ ခေါက်သလိုအသံကြားတာနဲ့ ခေါင်းနည်းနည်းထောင်ကြည့်တော့
“ဟ”
ပြတင်းပေါက်အပြင်မှာ ဘေးတစောင်းကြီး တွယ်ကပ်ပြီး စပ်ဖြဲဖြဲကြီး ကြည့်နေတဲ့ ခုန သရဲမ
ကောင်းဇော်လည်း အရမ်းလန့်သွားတာနဲ့ ခြေရင်းကစောင်ကို ဆွဲပြီးခေါင်းမြီးခြုံနေလိုက်တော့တာပဲ ။
ကြောက်တဲ့ကြားကနေ ကောင်းဇော်မှ နည်းနည်းအိပ်ပျော်မယ်ကြံသေး …
“ကောင်းဇော်…ထဦး..ထဦး”
နာမည်လည်းခေါ် လူကိုလည်း လှုပ်နှိုးခံလိုက်ရတော့ ကောင်းဇော်နိုးသွားတယ် ။ ချက်ချင်း စောင်ခြုံမဖယ်သေးဘဲ အသံကိုထပ်နားစွင့်တော့
“ကောင်း..ဇော်..လို့”
အသံကဆက်ပိုင်အသံ … ဒါနဲ့ စောင်ဖယ်မယ်လုပ်ပြီးမှ သတိထားမိသွားတာက
ကောင်းဇော်ဘေမှာ ဆက်ပိုင်ဟောက်သံကကြားနေရတုန်း … ခုနက နှိုးတဲ့အသံက တခြားတစ်ဖက်ကနေလာတာ … ဒါနဲ့ သွေးရိုးသားရိုးမဟုတ်တော့ဘူး ဆို တာ သတိထားမိသွားပြီး စောင်ကို တင်းတင်းခြုံပြီး ငြိမ်ကျသွားတုန်းရှိသေး
“ထ ဦး လို့ ပြော နေ တယ် လေ..အဟီး” ဆိုပြီး ပြောလည်းပြော စောင်ကြီးကိုလည်း ဆွဲချသွားတာ ။ စောင်လွတ်သွားတော့ မြင်ကွင်းထဲမြင်လိုက်ရတာက မိန်းမ နှစ်ယောက် နဲ့ ကျောင်းစိမ်း၀တ်မိန်းကလေး တစ်ယောက် ကုတင်ဘေးမှာ တန်းစီပြီး ငုတ်တုတ်ထိုင်နေတာ
တကယ်ကို ရုပ်ပျက်ဆင်းပျက်တွေ …ကောင်းဇော် သေချာတောင်မပြောတတ်ဘူး
ဘာပြောကောင်းမလဲ … အသားကုန်အော်တာပေါ့
ဆက်ပိုင်က လန့်နိုးလာပြီး အော်ဟစ်နေတဲ့ ကောင်းဇော်ကို ဘာဖြစ်တာလဲ မေးပေမယ့် မေးမရတော့ အခန်းမီး ပြေးဖွင့်တယ် … မီးလင်းသွားတော့ ခုနက သရဲမ ၃ကောင်က ကုတင်အောက်၀င်ပြေးတယ် ။ ဆက်ပိုင်မြင်လိုက် ၊ မမြင်လိုက်မသိပေမယ့် သိသိသာသာတွေကဆက်ဖြစ်တုန်းပဲ ။
ကုတင်ကြီးက တဒုန်းဒုန်းနဲ့လှုပ်လာပြီး အခန်းထဲက ခုံတွေကလည်း ဟိုရွေ့ဒီရွေ့ဖြစ်လာတယ် ။ မီးကတဖြပ်ဖြပ်ဖြစ်လာပြီး ပြတင်းပေါက်တွေကိုလည်း လာပြီး ထုရိုက်နေသလို အသံတွေ ၊ အပြင်ကနေ အတင်းဆွဲဖွင့်သလို မျိုး တွေ ရယ် ၊ လူငြီးသံလိုလို ငိုသံလိုလိုအသံတွေထွက်လာတာ တပြိုင်တည်းလိုလိုဖြစ်ပြီး တကယ်ကို ပုဏ္ဏက တိုက် နေ သလို ပဲ ။
ညီအစ်ကိုနှစ်ယောက် ဘာလုပ်လို့လုပ်ရမှန်းမသိ အော်ဟစ်နေပြီး နောက်ဆုံး ကောင်းဇော်က ကုတင်ပေါ်ကနေဆင်းပြီး အခန်းအပြက်ဘက်ပြေးတော့ ဆက်ပိုင်ကလည်း နောက်ကလိုက်ပြေးတယ် ။
နှစ်ယောက်သားဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးရင်း အောက်ထပ်ဆင်းလာတာပေါ့ ။ အမေတို့ ကိုအော်ခေါ်တော့ အမေတို့လည်းနိုးလာတယ် ။ ညီအစ်ကိုနှစ်ယောက်လုံး ဖြစ်ပျက်နေပုံကြည့်ပြီး မထိတ်သာမလန့်သာဖြစ်နေကြတာ ။
ကောင်းဇော်တို့ကတော့ ဘာမှသေချာမပြောနိုင်ဘူး ။ အပေါ်မှာ သရဲသောင်းကျန်းနေပြီ ပဲ ပြောနိုင်တော့တယ် ။ တကယ်လည်း အပေါ်ထပ်မှာ ဝုန်းဒိုင်းကြဲနေတဲ့ အသံတွေ က အောက်ကနေအတိုင်းသားကြားနေရတာ ။ အခန်းတံခါးကြီး အုန်းခနဲနေအောင်ဖွင့်လိုက် ၊ အောက်ထပ်အြေးဆင်းလာကြသလိုခြေသံတွေကြားလိုက် ၊ အောက်ထပ်တံခါးကြီး လာခေါက်လိုက်ကြနဲ့ တစ်ညလုံး လွှတ်သောင်းကျန်းကြတော့တာပဲ ။ ဒီကြားထဲ အဖေက ဒေါသတွေထွက်ပြီး အပေါ်ထပ် တက်ကြည့်မယ်လုပ်လို့ သားအမိတွေ မနည်းတားလိုက်ရသေးတယ် ။ သရဲခြောက်တယ်ဆိုတာထက် ပုဏ္ဏကတိုင်သလိုဖြစ်နေတော့ လူကိုထိခိုက်သွားမှာစိုးရိမ်တာလည်း ပါတာပေါ့ ။ ဘုရားစာတောင်မရွတ်နိုင်တော့ဘဲ မိသားစု ၄ဆယာက်သား ဧည့်ခန်းမှာ မို းလင်းပေါက်ငုတ်တုတ် ။
မနက်မိုးစင်စင်လင်းတဲ့အချိန်မှ သောင်းကျန်းသံတွေလည်းရပ်သွားတယ် ။ အသံတွေရပ်ပြီး အခြေအနေငြိမ်တာသေချာပြီဆိုမှ ကောင်းဇော်တို့လည်း အပြင်ထွက်ရဲတော့တာပဲ ။
အဲဒီလိုနဲ့ နီးစပ်ကနေ မေးမြန်း ပြီး အိမ်သန့်ဖို့လုပ်ရတာ ။ ဘုန်းကြီးတွေလည်း စုံနေတာပဲ ။ မနိုင်ဘူး ။ ငြိမ်သွားလည်း ခဏပဲ ။ ပြန်သောင်းကျန်းလာတာပဲ ။ နောက်ဆုံး အမေ့ကို ဘေးကပ်လျက် ဆီဆိုင်ပိုင်ရှင်ပြောပြတာက
ိဆီဆိုင် အပါအ၀င် ၊ ကောင်းဇော်တို့ အဆောက်အဦးမြေနဲ့ အနောက်က စျေးမြေ တစ်ခုလုံးက အရင်က သင်္ချီုင်းမြေနရာကြီးတဲ့ ။ သချင်္ီုင်းဖျက်ပြီး မြေကွက်လပ်ကြီးဖြစ်နေတာကြာပေမယ့် အခြောက်အလှန့်တွေက ရ်ှနေတုန်းပဲပြောတယ် ။ ဆီဆိုင် စဖွင့်ခါစကဆို လူတွေကြားထဲအထိလာပြီး ခဏတိုင်း လာခြောက်ကြလွန်းလို့ ဘယ်ဟာလူ ၊ ဘယ်ဟာသရဲ မှန်းတောင်ခွဲမရတော့ဘူးတဲ့
အဲဒီလိုသိတော့မှ အမေက အကြားအမြင်တွေ ၊ ရွှေရင်ကျော်အထက်လမ်းဆရာတွေ အိမ်ပင့်ပြီး ခိုင်းသမျှ လုပ်ပြီး အိမ်ကိုသန့်လိုက်ရတယ် ။ အစီအရင်အထပ်ထပ် ၊ အဆောင်အထပ်ထပ်နဲ့ပေါ့ ။ တစ်ဖက်ကလည်း ဘုရားတရားကို မပြတ်လုပ်နေရတာပေါ့လေ ။
အောက်ထပ်အငှားတွေကလည်း အဲဒီကျမှ အသက်ရှူချောင်တော့တာပဲ ။သူတို့မှာလည်း အားနာလို့သာမပြောတာ… သရဲဒဏ် က ခံနေရတာပဲဆိုတော့ ငှားခတွေပေးပြီးမှ ဒုက္ခများနေကြရရှာတာ ။
ကောင်းဇော်တို့ မိသားစုလည်း လက်လှမ်းမီသမျှ ၊ လုပ်နိုင်သမျှ အကုန်လုပ်ပြီး အိမ်သန့်အောင် အမြဲသတိထား ရွတ်ဖတ်ပေးနေရတာပေါ့ ။
အချိန်တစ်ခုကြာပြီးတဲ့အချိန်ကျမှ အိမ်ကပုံမှန်လိုပြန်ဖြစ်သွားတာ …
အခုတော့ လူနေထူထပ်လာတာရော ၊ ဘေးမှာ စျေးဖွင့်လိုက်တာရောကြောင့် စည်ကားတဲ့နေရာဖြစ်လာပြီး ဘာမှ ထူးဆန်းတာတွေ သိပ်မကြုံရတော့ဘူးပြောတယ် ။
လူနဲ့သရဲ ရောသောပေါသောဖြစ်နေလားတော့ မပြောတတ်ဘူးပေါ့လေ ။
ကဲ…ဒီညတော့ ဒီလောက်ပဲနော် …ကုတင်ဘေးမှာ ငုတ်တုတ်ဘေးတွေလာထိုင်နေဦးမယ်ဗျ 👻
GN,my Owls