သတ်ပုံမှားတဲ့ည(စ/ဆုံး)
——————
ကျွန်တော်ကို ယနေ့ညမှ ချစ်သူက ချိန်းသည်။
“ည ၁၁ နာရီလောက် လာခဲ့ပါလားမောင်”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွယ် … ညမထွက်ရအမိန့်ကလည်း ထုတ်ထားတာ”
“မောင်ရယ် … ဖေဖေက ဒီညတစ်ညပဲ ပြန်မလာမှာ … မေမေကလည်း မနက်ဖြန်အလှူရှိတာကြောင့် ဘုန်းကြီးကျောင်း သွားအိပ်မှာ … တစ်ညလေး လွတ်လပ်ခွင့်ရတုန်း မောင်နဲ့ဆုံချင်လို့ပါ”
“သင်းမေမေက ဘယ်အချိန်အိမ်က ထွက်မှာလဲ”
“ညနေ ၆ နာရီလောက်သွားမှာ”
“မောင် စောစော လာခဲ့လို့ မရဘူးလားကွယ်”
“ဘယ်ဖြစ်မလဲ … ပတ်ဝန်းကျင်ကရှိသေးတယ်ကွယ် … ကဲပါ … လာမလား … မလာဘူးလားပြော”
“အေးလေ ဖြစ်အောင်တော့ လာရမှာပဲ … မောင်လည်းတွေ့ချင်တာပေါ့ … အခြေအနေ ပေးတုန်းလေး”
“တကယ်လာမှာနော်”
“လာခဲ့မယ်”
ကျွန်တော်က ည ၆ နာရီ နေဝင်မီးငြိမ်း အမိန့်မတိုင်မီ ချစ်သူသင်းသင်းနှင့် အနီးဆုံးရပ်ကွက်ထဲကို ရောက်နေရ သည်။ ထိုရပ်ကွက်ထဲတွင် သူငယ်ချင်းကိုကိုဦး အိမ်၌ တစ်ထောက်နားကာ အချိန်ဖြုန်းရသည်။
“ကိုဦး လိုက်ခဲ့ပါကွာ”
“မလိုက်ပါဘူး … သူများ သမီးရည်းစားချိန်းတွေ့တာ ငါကဘာလို့ လိုက်ရမှာလဲ”
“ည ၁၁ နာရီအချိန်ကို သင်္ချိုင်းဖြတ်ရမှာကွ ဒါကြောင့် မင်းကိုခေါ်တာ”
“အမလေး … အဲဒါပိုကြောက်တာ မလိုက်ရဲပါဘူး”
“သင်္ချိုင်းကဖြတ်လမ်းကွ … အဲဒီကဖြတ်မှ လွတ်မှာပေါ့ကွာ … လမ်းမကြီးအတိုင်းသွားရင် အဖမ်းခံရမှာ … ၆ နာရီထိုးတာနဲ့ စစ်တပ်ကလည်း ပိတ်မယ် … ဂိုဒေါင်တွေဘက်ကလည်း ဖြတ်လို့မရ … သင်းသင်းတို့ ရပ်ကွက်နဲ့ အနီးဆုံးက သင်္ချိုင်းပဲရှိတာ”
“မင်းက ၁၁ နာရီလောက်ကို သင်္ချိုင်းထဲဖြတ်မယ်ပေါ့”
“အေးလေ”
“မကြောက်ဘူးလား”
“မကြောက်တာတော့ မဟုတ်ဘူး … စိတ်ထဲတော့ တစ်မျိုးကြီးပဲ … ဒါပေမဲ့ ငါ့မှာ ရွေးစရာလည်း မရှိဘူး … သင်းနဲ့ ဒီတစ်ညပဲ အခွင့်အရေးကရမှာ”
“အဲဒါပဲ … ချစ်မကြောက်ဆိုတာ”
“ကြားဖူးပါဘူးကွာ”
ည ၁၀ နာရီထိုးတွင် လမ်းမပေါ်ကို အကဲခတ်ရင်း ကြည့်ရသည်။ တစ်ယောက်စ နှစ်ယောက်စ လမ်းထဲတွင် ဖြတ်နေသူများတွေ့ရသည်။ သို့သော် အပြေးအလွှား
“ရပ်ကွက်ထဲ ဖြတ်တာလောက်ကတော့ လာမဖမ်းပါဘူးကွာ … ဒါပေမဲ့ လမ်းမကြီးပေါ်တော့ ဘယ်သူမှ တက်တာ မတွေ့ရဘူး”
“အေးနော်”
“မင်းသွားရင် သတိတော့ထား … တစ်ခုတော့ရှိတယ် … လမ်းမကြီးဘေးအိမ်က ငါ့အဒေါ်အိမ် … အဲသည် အထိတော့ လိုက်ပို့ပေးမယ် … ခြံထဲက အခြေအနေကြည့်ပေါ့ … လွတ်မယ်ထင်ရင် သင်္ချိုင်းထဲ ပြေးဝင်သွားရုံပဲ … ဒါပေမဲ့ သင်္ချိုင်းထဲ ဖြတ်ဖို့ကတော့”
“ရပါတယ်ကွာ … ဒီည လသာတာပဲ … သင်္ချိုင်း အလယ်လမ်းအတိုင်းပြေး … ဂူတွေကြားထဲဝင် … အရိပ် အကဲကြည့် … ဇရပ်ဘေးက ဖောက်ထွက်လိုက်ရင် သင်းသင်းတို့ ရပ်ကွက်နဲ့ တန်းနေတာ”
“အေး … ငါတော့ မလိုက်ဘူးနော်”
“မလိုက်ပါနဲ့ … ရပါတယ် … မင်းက သူငယ်ချင်းကောင်း မပီသတာ”
“ဟေ့ကောင် … သရဲလိုက်လို့ သေမယ့်အတူတူ … မင်းဆဲတာပဲ ခံလိုက်မယ်”
သူငယ်ချင်းကိုဦးက လမ်းမကြီးဘေး သူ့အဒေါ်အိမ်အထိ လိုက်ပို့သည်။ ကျွန်တော်တို့နှစ်ယောက် ခြံဘေးရှိ ပုဏ္ဍရိက် ပင်တန်းအောက်၌ ခေတ္တခိုကာ လမ်းမပေါ်ကို ကြည့်နေသည်။ ကင်းလှည့်လာသူများ၊ ကားများ ကင်းသည်။
“သွားတော့ … သွားတော့ … ပြေး … ပြေး … ဟို ဂူဘေးကိုကပ်”
ကိုဦးကပြောလိုက်သည်နှင့် ကျွန်တော်က လမ်းမကြီးကို အရဲစွန့်ပြီး ဖြတ်ပြေးသည်။ ပထမဆုံးတွေ့သည့် အုတ်ဂူဘေးတွင် ကျောကပ်ပြီး အခြေအနေကို အကဲခတ်သည်။ မည်သည့် အသံမျှမကြားရသောကြောင့် အုတ်ဂူများ ၊ မြေပုံများကြားမှဖြတ်ကာ ဇရပ်ဆီကို ပြေးရသည်။
ဇရပ်လှေကားပေါ်တွင် လူအရိပ်လိုလိုတွေ့လိုက်ရသောကြောင့် ဂူတစ်ဂူနား ပြေးကပ်ရပြန်သည်။ ထိုအချိန်တွင် သင်္ချိုင်းထဲကို လက်နှိပ်မီးနှင့် ထိုးနေသူများအား လမ်းမကြီးပေါ်တွင် တွေ့လိုက်ရသည်။ ကျွန်တော်က အုတ်ဂူကို အကာအကွယ်ယူပြီးထိုင်နေသည်။
ကျွန်တော့်ဘေးကို စောစောက ဇရပ်လှေကားတွင် ထိုင်နေသူက ပြေးလာသည်။ ကျွန်တော့်ရင်တွေ ခုန်နေသည်
“ဘယ်သူလဲ”
“ဟေ့ … ဝပ်လိုက် … ဝပ်လိုက်”
သူက ကျွန်တော့်ခေါင်းကို နှိမ့်ချပြီး ကျွန်တော်နှင့်အတူ ဝပ်လိုက်သည်။
“တွေ့သွားရင် နှစ်ယောက်စလုံး အဖမ်းခံရမှာ”
“ခင်ဗျားက ဘယ်သူလဲ”
“ငါက ဟိုဘက်ရပ်ကွက်က”
“သင်္ချိုင်းထဲ ဘာလာလုပ်နေတာလဲ”
“ဟိုရပ်ကွက်မှာ … ကြက်သွားခိုးမလို့”
“ဟာဗျာ … ဒီလိုအချိန်ကြီးမှာ”
“ငါ့သာပြောနေ … မင်းကရော”
“ကျွန်တော်က ကောင်မလေးနဲ့ ချိန်းထားလို့”
“မင်းနဲ့ငါ အတူတူပါပဲကွာ … ခိုးကြောင်ခိုးဝှက်တွေ”
“ခင်ဗျားက ကြက်ခိုးမှာ ကျုပ်နဲ့ တူသလား”
“ဟိုကောင်တွေ ဝင်မလာဘူး … တော်သေးတယ် … လာ … သွားကြမယ်”
“ခင်ဗျားဘာသာသွားပေါ့”
“လာပါကွာ … တို့က လမ်းသင့်နေတာ … အတူတူသွားတာပေါ့”
ကျွန်တော်က သူခိုးနှင့်အတူ ဇရပ်အနီးကို ပြေးကပ်လိုက်သည်။
“လာကွ … ဒီအတိုင်းသွားရမှာ”
သူက ကျွန်တော့်ကို ဦးဆောင်ကာ လမ်းပြသွားသည်။ အုတ်ဂူတွေကိုကျော်ပြီး မြေပုံတွေ အစီအရီ တန်းထားသော နေရာကို ရောက်လာသည်။ အမည်မှတ်တိုင်လေးတွေက လရောင်အောက်တွင် တန်းစီ နေသည်မှာ ကြည့်၍ပင်လှနေသည်။
သူခိုးက ရှေ့ကသွားနေရာမှ ရပ်လိုက်သည်
“နေဦး”
“ဘာလဲ … ဘာဖြစ်လို့လဲ”
“ဟာ တော်တော် သောက်သုံးမကျတဲ့ကောင်တွေကွာ”
“ဘာဖြစ်လို့လဲ”
“မင်းစာတတ်လား”
“ဘွဲ့ရပြီးသားဗျ”
“ကြည့်စမ်းကွာ မိုက်ရိုင်းလိုက်တာ”
သူက မှတ်တိုင်တစ်တိုင်မှစာကို လက်ညှိုးထိုးပြကာ ပြောနေခြင်းဖြစ်သည်။
“ဘာလဲဗျ”
“ဒီကောင်တွေကွာ … တောက်”
သူလက်ညှိုးထိုးပြသည့်စာက လရောင်အောက်တွင် အတိုင်းသားပေါ်နေသည်
ဦးနေဝင်း – အသက် ၄၂ နှစ်
“ဘာမှားလို့လဲဗျ … မှန်နေတာပဲ”
“ဟာ … မင်း မသိဘဲနဲ့ ရမ်းပြောနေတယ် … ငါ့နာမည်က ဦးနေဝင်း မဟုတ်ဘူးကွ … ဦးနဝင်း … ဦးနဝင်း … ချီးတဲ့မှ … ငါ့ကိုများ ဦးနေဝင်းတဲ့ … ချီးတဲ့မှ … ငါးမြွေထိုးတွေ … ငါ့နာမည်ကို သဝေထိုးလာပြီး ထည့်ရသလား”
ကျွန်တော် သူ့ကိုကြည့်လိုက်သည်။ သူက ဒေါပွကာ မှတ်တိုင်ကို ကန်လိုက်သည်။ မှတ်တိုင်ကမလဲ။ သူက ဒေါသပိုထွက်ကာ ထပ်ကန်သည်။
“ချီးတဲ့မှ နေဝင်းတဲ့လား … နေချင်ဦး … နေချင်ဦး … ငါ့နာမည် နဝင်းကွ”
ကျွန်တော် သူ့ကိုလှည့်မကြည့်တော့ ပြေးမိ ပြေးရာ ပြေးလာလိုက်သည်မှာ ကိုဦးတို့ ရပ်ကွက်ထဲ ပြန်ရောက် လာသည်။
အိမ်ဝိုင်းထဲပြေးဝင်လာသော ကျွန်တော့်ကို ကိုဦးက
“ဟေ့ကောင်ဘယ်လိုဖြစ်လာတာလဲ … သင်းသင်းဆီသွားတာ ဘာဖြစ်လို့ ပြန်ရောက်လာတာလဲ”
ကျွန်တော်က စကားမပြောနိုင်။ သူတိုက်သော ရေတစ်ခွက်ကို သောက်ပြီး
“ငါ … ငါ သရဲနဲ့တွေ့လာလို့”
“ဘယ်ကသရဲလဲကွ”
ကျွန်တော်က အဖြစ်အပျက်များကို ပြောလိုက်သည်။
“ဟာ … ဟုတ်တယ် … ဦးနဝင်းဆိုတာ … ဟိုဘက်ရပ်ကွက်က … ဒီနေ့ပဲ မြေချလိုက်တာ”
ကျွန်တော် ထိုညက ကိုဦးတို့အိမ်တွင် အိပ်လိုက်ရသည်။ သင်းသင်းထံသို့လည်း မသွားတော့။ နောက်တစ်နေ့ မိုးအလင်းတွင် ကိုဦးက ကျွန်တော့်ကိုခေါ်ပြီး သင်္ချိုင်းထဲကိုလာကြသည်။
ဇရပ်အလွန် မြေပုံတစ်ခုတွင် မှတ်တိုင်ကလဲနေသည်။ ကိုဦးက သွားယူပြီး ကျွန်တော့်ကို ထောင်ပြလိုက်သည်။
ဦးနေဝင်း၊ အသက် ၄၂ နှစ်
(သူငယ်ချင်းကိုဦးပြောပြသည့် ဇာတ်လမ်းကို ဖော်ပြခြင်းဖြစ်ပါသည်)
တင်ညွန့်
၁၁.၄.၂၀၂၀