သားဇော(စ/ဆုံး)
————–
“ကောက်ညှင်းမုန့်ဖက်ထုပ်… သာကူမုန့်ဖက်ထုပ် ပူပူလေး…”
“မုန့်ဖက်ထုပ်သည် လာပါဦး…”
“ဘယ်နှထုပ်လဲ သမီး”
“နှစ်ထုပ် ဘယ်လောက်လဲ အန်တီ ”
“နှစ်ရာပဲပေးပါကွယ်…”
“အဲ့တာဆို နှစ်ထုပ်ပေးပါ…ဒီမှာပိုက်ဆံ ”
ဒေါ်ခင်ရီစျေးဝယ်သူ ကမ်းပေးသောပိုက်ဆံလေးကိုလှမ်းယူလိုက်ပြီးနောက် သူ၏
ကျော၌ လွယ်ထားသော ချည်လွယ်အိတ်လေးထဲသို့ထည့်လိုက်လေသည်။ ထိုမျှမပြီးသေး နောက်ဝယ်သူများလာလေမလားဟုအတွေးဖြင့် ဘေးဘီကိုငေးကြည့်ရင်း မုန့်ဖက်ထုပ်တောင်းလးအားခေါင်းပေါ်သို့ ပြန်၍ မတင်လိုက်လေသည်။
ဒေါ်ခင်ရီ၏ အသက်သည်က ခြောက်ဆယ်ကျော်မျှဖြစ်၏။
ဘဝတစ်ဝက်စာသည်က မုန့်ဖက်ထုပ်ရောင်းရင်း အချိန်ကုန်နေရသူလည်း ဖြစ်၏။
မနက်ပိုင်း၌ ပဲပြုတ်တောင်းခေါင်းပေါ်တင်ရောင်းရသကဲ့သို့
ညပိုင်းမှာလည်း မုန့်ဖက်ထုပ်တောင်းအားခေါင်းပေါ်တင်ပြီးရပ်ရွာထဲလှည့်၍ရောင်းချရလေသည်။
ဒေါ်ခင်ရီသည်ထိုသို့သော ဘဝအား ကျင့်သားရနေခဲ့သူတစ်ယောက်ပင်ဖြစ်သည်။
လွန်ခဲ့သောဆယ်နှစ်လောက်က ဒေါ်ခင်ရီ၏ ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့၏။ခင်ပွန်းဆုံးလေချိန်မှစ၍ ဒေါ်ခင်ရီ၏ ဝမ်ရေးရှာဖွေရမှုသည်က ပို၍ ပင်ပန်းလာခဲ့ရသည်။
ကျောထောက်နောက်ခံမရှိသောအခြေအနေဖြင့် သားဖြစ်သူအတွက် ဒေါ်ခင်ရီ ကြိုးစားရုန်းကန်ခဲ့ရ၏။
ဘဝကံသည်မကောင်းလှ။
ဒေါ်ခင်ရီ ကြိုးစားရုန်းကန်ပါသော်လည်း ဆင်းရဲနွံ့မှာနစ်မြုပ်နေစဲဖြစ်၏။
ကံဇာတ်ဆရာ၏အလိုကျ မနက်လေးနာရီမထိုးခင် အိပ်ရာမှထ ပြင်ဆင်စရာများပြင်ဆင်ပြီးလေမှ ပဲပြုတ်တောင်းရွက်ပြီးအရပ်တကာလှည့်လည်ရောင်းချ
ရ၏။
မနက်ခင်း၌ ပဲပြုတ်ရောင်းကုန်မှသာ အိမ်အသုံးစရိတ်လေး ဟင်းဖိုးလေးရလေသည်။
ညနေငါးနာရီကျပြန်တော့ဖြင့် မုန့်ဖက်ထုပ် တောင်းလေးတစ်လှည့်ရွက်ပြီး ရပ်ထဲရွာထဲလှည့်လည်ကာ ရောင်းရပြန်၏။
ထိုသို့ရောင်းလျှင်
ညတိုင်းဆယ်နာရီနီပါးမှအိမ်သို့ပြန်ရတတ်လေသည်။
အရပ်တကာလှည့်လည်ရောင်းချနေရသောဒေါ်ခင်ရီအတွက်
အသက်သည် စကားပြောလာခဲ့သည်။ထိုသည်ကဒေါ်ခင်ရီ၏ ခြေထောက်များမှာယခင်ကဲ့သို့သန်မာခြင်းမရှိတော့။
ဟိုက နာ ၊ဒီက ကိုက် အိုသည် နာသည် လောကအဖြစ်အပျက်များကို ခံစားနေရလေပြီ။
သားတစ်ယောက်ကို ငယ်စဥ်ကတည်းက အပင်ပန်းခံရှာကျွေးခဲ့သော ဒေါ်ခင်ရီဟာ ယခုအချိန်ထိ ကြီးကောင်ကြီးမား သားတစ်ယောက်ကို ဆက်လက်ကျွေးမွေးနေရစဲပင်။
မိခင်ဖြစ်သူ၏ ပင်ပန်းဆင်းရဲမှုကို သားဖြစ်သူ မောင်မျိုးဆွေတစ်ယောက် မသိကျေးကျွန်ပြုကာနေတတ်၏။
ပျက်စီးခြင်းအစုံဖြင့်.ဘဝကိုရေစုန်မျောနေခဲ့သော
မျိုးဆွေသည် ဖခင်ဖြစ်သူ မရှိသည့်နောက်ပိုင်း၌ ကျောင်းကိုပင် ကောင်းစွာမတက်။ရပ်ကွက်ရှိမကောင်းသော အပေါင်းအသင်းများနှင့်ပေါင်းသင်းပြီး ပျက်စီးခြင်းအစုံဖြင့် လူမိုက်လေးဖြစ်နေရှာ၏။
မိခင်ဖြစ်သူ ပြောဆိုဆုံးမသောစကားများသည်လည်း သူ၏ခေါင်းထဲသို့ မရောက်ခဲ့။
ယခုမှာတော့ ဒေါ်ခင်ရီတစ်ယောက် မျက်လုံးကိုဟိုသည်ကြည့်ရင်း မသိနားမလည်ရှာသော သားမိုက်ကို ရှာဖွေနေရ၏။
ခါတိုင်းညများ၌ အိမ်သို့ပြန်အိပ်တတ်သော်လည်း နှစ်ရက်မျှကြာသည်အထိပင် အိမ်သို့ပြန်မလာသေးသော သားဖြစ်သူအားဒေါ်ခင်ရီ စိတ်ပူနေခဲ့ရသည်။
ရပ်ကွက်ထဲ၌ လိုက်လံ မေးမြန်းရှာဖွေပါသော်လည်း အားလုံးသည်က သားဖြစ်သူအား မတွေ့မိကြဟုသာ ဖြေကြ၏။
ယခုလည်း ညနေဘက် မုန့်ဖက်ထုပ်ရောင်းရင်းသားဖြစ်သူအား ဒေါ်ခင်ရီရှာဖွေ နေခဲ့သည်။
“ကောက်ညှင်းမုန့်ဖက်ထုပ်… သာကူမုန့်ဖက်ထုပ် ပူပူလေး….”
“အရီး…လာပါဦးတော်……..”
တစ်ရပ်ကွက် ထဲ နေသော မိချိုကလှမ်းခေါ်လိုက်တော့…
“လာပြီ မိချိုရေ…ဘယ်လောက်ဖိုးယူမှာလဲသာပြော… ”
“အရီးကို ကျုပ်ပြောစရာရှိလို့အရီးရဲ့….”
မိချိုကပြောလိုက်တော့ဒေါ်ခင်ရီ မိချိုမျက်နှာအားတစ်ချက် အကဲခတ်ကြည့်လိုက်ပြီး…
“ဘာပြောမှာလဲ မိချိုရယ်…အရေးမကြီး ရင် နောက်မှပြောအေ…။ ငါ့သားတော်မောင်ကိုရှာရဦးမှာ…အဲ့ကောင်လေး အိမ်ကို ပြန်မလာတာနှစ်ရက်တောင်ရှိပြီအေ့…”
“အရီးကို ကျုပ်ပြောမှာကလည်း အရီးသားအကြောင်းပဲတော့…”
မိချိုစကားကြောင့် ဒေါ်ခင်ရီဝမ်းသာသွား၏။
“ဟင်…သားအကြောင်း ဟုတ်လား…ပြောပါဦးမိချိုရယ် ငါ့မှာ သူ့ကိုစိုးရိမ်နေရတာအေ့ ”
မိချိုက သူ့ရင်ထဲကအပူကို စာနာသယောင် မျက်နှာထားဖြင့်…
“အင်း…အရီးရေ အရီးသားက မိန်းမခိုးပြေးတာတဲ့တော့ ”
“ဟမ်…မိချို ညည်းပြောတာသေချာရဲ့လားအေ…
ငါ့သားကမိန်းမခိုးတယ်ဆိုတော့ ဘယ်က မိန်းမကိုများခိုးတာလဲ… ”
“အမယ်လေး…အရီးသားက
လူကသာလက်ကြောသာမတင်းတာ ခိုးပြေးတဲ့မိန်းကလေးက ဟိုဘက်ရပ်ကွက်က သူဌေး သမီးတော်ရေ့….အဲ့ သူဌေး သမီးအစ်ကိုတွေက သူတို့ ညီမကိုခိုးပြေးရကောင်းလားဆိုပြီး အရီးသားကိုတွေ့တဲ့နေရာမှာသတ်မယ်ဆိုပြီး ကြိမ်းမောင်း နေကြတယ်ဆိုပဲ ”
“ဟင်…ငါ့သားလေးကို…”
မိချိုပြောလိုက်တဲ့စကားများသည်က ဒေါ်ခင်ရီနားအတွင်းသို့ သံရည်ပူများ တစိမ့်စိမ့်လောင်းချခံနေရသည့်အလား…။
သားဖြစ်သူအတွက်
စိုးရိမ်စိတ်သည့် စိတ်များဟာ ဒေါ်ခင်ရီ စိတ်နှလုံးအား တဒုန်းဒုန်းခုန်လာစေခဲ့၏။
“မဖြစ်ပါဘူးအေ…ငါသွားတော့မယ် ငါ့သားကိုလိုက်ရှာရဦးမယ်…”
ပြောရင်း မိချိုဘေးနားကနေ ထထွက်လာခဲ့လိုက်တော့သည်။
“အရီး…မုန့်တောင်း ကျန်ခဲ့တယ်လေ ”
သားဖြစ်သူအတွက် စိုးရိမ်နေမိလေရာ မုန့်တောင်းကိုပင် ဒေါ်ခင်ရီ မေ့နေခဲ့၏။
“ယူထားလိုက် မိချိုရေ…ငါနောက်ရက်မှလာယူတော့မယ်အေ”
လမ်းသွားရင်း ဒေါ်ခင်ရီသားဖြစ်သူဘေးကင်းစေဖို့ရန်သာ ဆုတောင်းနေမိခဲ့၏။
မည်မျှပင်မိဘအပေါ် နားမလည် မသိတတ်သူဖြစ်ပါစေ မိဘများသည်က သားသမီးအပေါ် ချစ်ခင် ပူပန်မှုသည်က လျော့ကျမသွားကြ။
ထိုကဲ့သို့ ဒေါ်ခင်ရီ သားဖြစ်သူအတွက် စိုးရိမ်နေမိ၏။
“ဘုရား…ဘုရား…ငါ့သားလေး
ဘေးအန္တရာယ်ကင်းပါစေတော် ”
“ဂျိမ်း…”
“ဝေါ…ဝေါ……ဝေါ….”
ထိုစဉ်မိုးများရုတ်တရက် ရွာချလာလေသည်။
နေ့ခင်းက မိုးလေဝသားသတင်း၌ မုန်တိုင်းရှိသည်ဟု ကြော်ငြာတာကို ဒေါ်ခင်ရီ ကြားမိ၏။
ယခုတော့ လေကော မိုးပါ သည်းထန်နေလေပြီ။
ဆောင်းစရာမပါသော ဒေါ်ခင်ရီတစ်ယောက် လေကောမိုးပါသည်းထန်နေသည့်ကြားမှ
ဆက်လက်လျှောက်လာခဲ့၏။
ခန္ဓာကိုယ်ပိန်ပါးပါးနှင့်ဇရာကပင်ထောက်နေပါသော်လည်း သားဇောဖြင့် အားတင်းပြီး ဥတုဒဏ်အား အံတုကာ လျောက်လာခဲ့လေသည်။
“ငါ့သားလေး အဆင်ကောပြေရဲ့လား…သူခက်ခဲနေရင်တော့ ငါ့အိမ်ကို ပြန်လာရှာမှာပါလေ ”
“ဂျိမ်း…”
“ဝေါ…ဝေါ…”
ကောင်းကင်၌ လျှပ်စီးလျှပ်နွယ်များသည် ယှက်သန်းရင်း မိုးကြိုးသည်လည်း တဂျိန်းဂျိန်း ဖြစ်နေလေသည်။
လျှပ်စီးများ၏ တောက်ပမှုကြောင့် မှောင်ရိပ်ဝင်နေသော
ပတ်ဝန်းကျင်ကိုပင် မြင်နေရပေသည်။
လမ်း၌မိုးကောလေကောသည်းထန်နေ၍ လူသွား လူလာသည်ပင်မရှိ။
“ကောင်စုတ်လေး…ငါကတော့ ငါ့သားလေး ငယ်သေးတယ်အောင်းမေ့နေတာ ဒင်းလေးက မိန်းမတောင်ခိုးပြေးနေပြီ…”
စိတ်ထဲ၌ သားဖြစ်သူအား တွေးစပြောလိုက်၏။
လမ်းမထက်၌ လျှောက်လှမ်းနေရင်း
တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေများကြောင့် သူ၏ကိုယ်လေးပင် ယိုင်လု့မတတ်။သို့သော် ခြေထောက်များအား စုန်ကန်တိုးဝှေ့ရင်း သားဇောဖြင့် ရှေ့သို့ သွားနေခဲ့၏။
တဖြေးဖြေးနှင့် လျှောက်လှမ်းလာရင်း မိမိအိမ်ဘက်ဆီသို့သွားသော လမ်းချိုးလေးကိုချိုးအကွေ့၌…
“ဟင်…ရှေ့က ဘာလဲ…….”
လျှပ်စီးရောင်ကြောင့်မြင်လိုက်ရသော အရာတစ်ခု။
ဒေါ်ခင်ရီ လမ်းမထက်၌ လဲလျောင်း နေသောမည်းမည်းပုံပန်းသဏ္ဌာန်တစ်ခုကြောင့် သူ၏ စိတ်ထဲတွင်ဘုရားအား တမိလေသည်။
“ဟင်…အဝတ်အစားက…အလို…ဘုရား ဘုရား…”
သူ၏ဘယ်နှကြိမ်မြှောက်မှန်းမသိသော ဘုရားတသံသာ် ပါးစပ်မှပေါ်ထွက်လာပြန်၏။
လမ်းမထက်က မည်းမည်းသဏ္ဌာန်သည် တစ်ချက်မျှမလှုပ်ရှား ။မိုးရေများအကြား ပဂတိငြိမ်သက်လျှက်။
ဒေါ်ခင်ရီအနားဆီသို့ တိုးကပ်သွားလိုက်လေသည်။
ထိုသို့သွားရင်း လျှပ်စီးရောင်ဖြင့်
ထိုပုံပန်းသဏ္ဌာန် အားမြင်လိုက်ရချိန်၌….
“ဟင်…သား …..အမယ်လေး …ငါ့သားလေးပါလား…။သား…ထစမ်းမိုးတွေရွာနေတယ်လေ…
သားးးးးးးးးးးး”
မည်းမည်းပုံပန်းသဏ္ဌာန် သည်က သားဖြစ်သူဖြစ်နေ၍ ဒေါ်ခင်ရီတစ်ယောက်တုန်လှုပ်ခြင်းများစွာဖြင့် နှိုးလာစေရန် လှုပ်နှိုးနေမိ၏ ။
သို့သော် အခါခါ လှုပ်နှိုးနေသော်လည်း သားဖြစ်သူသည်က နှိုးထမလာခဲ့ပေ။
“သား…အမေ့သားလေး ထလေကွယ် မိုးတွေရွာနေတာသားရဲ့ တော်ကြာနေမကောင်းဖြစ်လိမ့်မယ် ကွယ်…။အို……..သွေးတွေပါလား ငါ့သားကို…ငါ့သားကို ဘယ်သူတွေရက်စက်ထားတာလဲသားရယ်…ငါ့သားလေးကိုကယ်ကြပါဦး…အီး…ဟီး…ဟီး…ဟီး……”
မိုးသံလေသံများကြောင့် သူ၏အော်ဟစ်ငိုကြွေးသံ ကိုမည်သူမှမကြားရ။
ဝမ်းဗိုက်မှသွေးများစီးကျနေပြီး မိုးရေထဲ၌ပင်အသက်မဲ့နေသော သားဖြစ်သူအားပွေ့ဖက်ထားရင်း ဒေါ်ခင်ရီခမျာ သားဇောနှင့် အရူးတပိုင်းဖြစ်နေလေတော့သည်။
” သူများသတ်ဖို့များ အမေမွေးပေးခဲ့ရတာလားသားရယ် အီး…ဟီး…ဟီး……..သားလေးးးးးးး…”
ထိုနေ့ညက မိုးရေထဲမှာ သားဇောဖြင့်ငိုကျွေးနေရသောဒေါ်ခင်ရီ၏ အဖြစ်ကို မိုးနတ်မင်းသည် စာနာမူမရှိခဲ့ပေ။
***
နှစ်လခန့်ကြာသော်…
“ကျွန်မသားလေးကို တွေ့မိကြလားဟင်…အဲ့ကောင်လေး ပြန်မလာတာကြာပြီတော့…
သူ့ကိုတွေ့ရင်ပြောပေးကြပါတော်.. အမေက လွမ်းလှပြီလို့ အိမ်ကိုမြန်မြန်ပြန်လာပါလို့ ပြောပေးနော်…”
ဆံပင်စုတ်ထောင်းထောင်း၊ခြေထောက်၌ဖိနပ်ပင်မပါရှိသောမိန်းမကြီးတစ်ယောက်
သည်လမ်း၌ရှိသောလူများအားတစ်ယောက်မကျန်လိုက်လံ မေးမြန်းပြီးမှ အဝေးကိုထွက်သွားလေသည်။
“ဟဲ့…အဲ့တာ ဒေါ်ခင်ရီမလား ဘယ်လိုဖြစ်ရတာလဲဟယ်…”
“ဘာဖြစ်ရမလဲအေ…သူ့သားအမိုက်ကောင် မိန်းမခိုးပြေးတာ ကစတာပေါ့။ သူခိုးပြေးတဲ့ကောင်မလေးရဲ့ အစ်ကိုတွေက မကျေနပ်ကြဘူးလေ…။အဲ့မှာပဲဟိုက ဝိုင်းသတ်လိုက်တာ။ဖြစ်ချင်တော့ အလောင်းကိုစတွေ့တာ ဒေါ်ခင်ရီဖြစ်နေတယ်လေ..သူ့ခမျာ သားဖြစ်သူအလောင်းကို မြင်ပြီး
သားဇောနဲ့ပဲစိတ်လွတ်သွားရှာတာ ”
“ဖြစ်မှဖြစ်ရလေဟယ်…
မိခင်မေတ္တာအတော်ကြီးမားတာပဲ။ ငါသာဆို သေပါစေပစ်ထားမှာ ဘယ့်နဲ့ ဆိုးသွမ်းနေတဲ့ကောင်ကို…”
“အော် အေ…ညည်းလည်းအမေနေရာရောက်ရင် သိလိမ့်မယ်…မိခင်ဆိုတာ သားသမီးတွေအတွက်အသက်ကိုတောင် စွန့်ပေးနိုင်သူတွေအေ့…။ဒါပေမယ့်… ဒေါ်ခင်ရီ ကိုတော့သနားပါတယ်ဟာ…”
“အေးနော်…သနားပါတယ်………”
လမ်းသွားလမ်းလာတွေဟာ ဒေါ်ခင်ရီအား သနားနေကြပါသော်လည်း ဒေါ်ခင်ရီကတော့ဆက်လက်ပြီး သားပျောက်ရှာပုံတော်ဖွင့်နေလေ၏။
(သား/သမီးတိုင်း မိဘမေတ္တာကိုနားလည်နိုင်ကြပါစေ)
ပြီးပါပြီ။
ကျုးရင့်သီ(ကန့်ဘလူ)