သားရဲနယ်မြေ

Posted on

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
သားရဲနယ်မြေ (အပိုင်း ၁)

(ပွဲမဝင်ခင်)

လေပြေကလေးသည် တဝှီးဝှီးတိုက်ခတ်လိုက်ပါသည်။ ဦးဘိုးဟန်ကြီးသည် သူ၏ရှေ့မှ ခြောက်လှမ်းကွာစီတွင် တစ်ယောက်ကျစီ ရင်ဘောင်တန်းကာ ရပ်နေကြသည့် သေနတ်သမား လေးဦး၏အရိပ်အကဲကို တစ်ချက်အကဲခတ်ကာကြည့်လိုက်ရင်း ညာဘက်လက်ကို စွေ့ခနဲမြှောက်၍ အချက်ပေးလိုက်တော့၏။

ရှောင်တခင်အတွင်းမှ သေနတ်သမားများနှင့် ကိုက်ငါးဆယ်အကွာ ချုံပုတ်အတွင်း၊ ဝါးရုံတန်းများအတွင်းဆီမှ ဝေါခနဲ, လျှောခနဲ အသံများဖြင့် ဆတ်ကြီးများသည် ရုတ်တရက်ပေါ်ထွက်လာတော့သည်။

သေနတ်ကိုင်လေးဦးကလည်း မိမိတို့ရှေ့ ကိုက်ငါးဆယ်အကွာမှ တစ်ဟုန်တည်း ဘေးတိုက်ဖြတ်ပြေးသော ဆတ်ကြီးများကို အရေးတကြီးပစ်ခတ် လိုက်ကြသည်။

လက်မြန်သူများက နှစ်ချက်သုံးချက်ထိအောင် . ၃ဝ၃ အင်္ဂလိပ်စစ်သုံးရိုင်ဖယ်ကို ဆင့်ကာဆင့်ကာ ပစ်ခတ်နိုင်ကြသည်။

ရိုင်ဖယ်သံများသည် ဆူညံပွက်လောရိုက်၍ ဟိန်းလျက် ပဲ့တင်ထပ်သွားစေတော့၏။

ကျော်လှိုင် နှစ်ချက်၊ မောင်ထွန်း တစ်ချက်၊ ဆရာသန်းထွန်း သုံးချက်၊ ဆရာမောင်ပု နှစ်ချက်။

စသည်ဖြင့် တပ်ကြပ်လေးဦးက သေနတ်ပစ်သမားများ၏ နောက်မှကပ်လျက် ပစ်ခတ်မှုအရေအတွက်ကိုအော်၍၊ မှတ်သားကြေညာလိုက်ပါသည်။

စက္ကန့်လေးဆယ် စေ့သွားသောအခါ ဆတ်ကြီးလေးကောင်သည် တောင်ဘက် ဝါးရုံတောထဲသို့ စွေ့ခနဲဝင်ရောက်ကွယ်ပျောက်သွားပါတော့သည်။

“အပစ်ရပ်”

အမိန့်သံတစ်သံ ထွက်ပေါ်လာပြီးနောက် သေနတ်သမားလေးဦးသည် ရိုင်ဖယ်သေနတ်များကို မြှောက်ကာ မောင်းလျှော့၊ သော့ပိတ်ခြင်း စသည့် သေနတ်ပစ်ခြင်းရပ်ဆိုင်းခြင်း၏ ပဏာမလုပ်ငန်း အစီအစဉ်များကို ပြုလုပ်လိုက်ပြီး၊ ရိုင်ဖယ်များကို ညာဘက်သို့ကပ်၍ ချလိုက်ပြီးနောက် သတိအနေအထားဖြင့် ရပ်လိုက်ကြသည်။

“တန်းဖြုတ် . . . ပြီးစေ”

ဟူသော ဒုတိယအမိန့်သံ ထွက်ပေါ်လာပြီးနောက် သေနတ်သမားလေးဦးသည် ရှေ့သို့ ခေါင်းအနည်းငယ်ငုံ့၍ အမိန့်ပေးသည့် တပ်ကြပ်ကြီးသောင်းထိုက်အား အလေးပြုလိုက်ပြီး တန်းဖြုတ်လိုက်ကြသည်။

“ပစ်တာပဲဟေ့၊ အားကြီးမြန်တယ်ဟေ့၊ ချိန်လို့တောင်မရ လိုက်ဘူး၊ ထိုးပစ် ပစ်လိုက်ရတယ်”

ရဲဘော်ကျော်လှိုင်သည် ရိုင်ဖယ်ကို ညာဘက်မှကိုင်ရင်း တုန်လှုပ်သည့်အသံကြီးဖြင့် အော်ကျယ်ဟစ်ကျယ်ပြောလိုက်ပါသည်။

“ဦးလေး . . ဘယ့်နဲ့၊ ခင်ဗျားဆတ်ကြီးတွေက ဒီလောက်မြန်ရင် ထိဖို့ဝေးသေးတယ်၊ လူကိုမောသွားတာပဲဗျ”

စိတ်မောကိုယ်မော တပ်ကြပ်ကြီးသန်းထွန်းသည် သူ ကောင်းစွာချိန်၍ မပစ်လိုက်ရသည့်အတွက် ဦးဘိုးဟန်ကို ရယ်မောရင်းအပြစ်တင်လိုက်ပါသည်။

“အမ်မာ . . . မင်းတို့က ဘာလဲကွ၊ သားကောင်ကို သေသေချာချာ ကြိုးနဲ့မလှုပ်နိုင်အောင် ချည်နှောင်ပြီးမှ ကြိုက်သလိုချိန်ပြီး အပိုင်ဖြုတ်ချချင်တာလား၊ အားကြီးခက်တဲ့ ကောင်ကလေးတွေပဲ။ ခုလို မြင်မြင် ထင်ထင်ပစ်ရတာ မင်းတို့အတွက် အင်မတန်ကံကောင်းတယ် အောက်မေ့ပါကွာ”

ဦးဘိုးဟန်သည် ခါးထောက်ရင်း ဖြေကြားလိုက်ပါသည်။ ကျွန်တော်သည် ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်ရင်း သေနတ်သမားလေးဦး၏ ပစ်ခတ်ပုံ၊ ပစ်ကွင်း ဆတ်ကောင်ကြီးများဆီသို့ မှန်ပြောင်းနှင့် လိုက်၍ကြည့်နေရင်း အဘိုးကြီးနှင့် တပ်ကြပ်ကြီးသန်းထွန်းတို့ အချီအချ ဆူပွက်ရယ်မောရင်း ပြောနေပုံတွေကို နားထောင်နေမိပါသည်။

“ကျော်လှိုင် တစ်ချက်၊ မောင်ထွန်း ဗလာ၊ ဆရာသန်းထွန်းနှစ်ချက်၊ ဆရာမောင်ပု ဗလာ”

စသည်ဖြင့် ဆတ်ကြီးများ ကွယ်ပျောက်သွားရာက တပ်တွင်းမှ တပ်ကြပ်တစ်ဦးက အော်ဟစ်၍ ပစ်ခတ်မှု အရှုံးအနိုင်စာရင်းကို ကြေညာလိုက်ရာ

“ဟေ့ . . . ဘာတဲ့တုန်းကွ”

တပ်ကြပ်ကြီးသန်းထွန်းသည် ရိုင်ဖယ်ကို ပခုံးတွင်ထမ်းရင်း ထခုန်လိုက်သလောက်၊ တစ်ချက်မှမထိမှန်သော ဆရာမောင်ပုအဖို့ ဟီးခနဲ အရှက်ပြေရယ်မောလိုက်ရင်း . . .

“ပစ်တော့ ချိန်ပစ်တာပဲဟေ့ . . . မလွယ်ဘူးကွာ… ချိန်ရတာ၊ နောက်တစ်ချီတော့လားကွာ မှန်ရစေ့မယ်”

အမှန်အားဖြင့် ကျွန်တော်သည် အထူးသေနတ်ပစ်လေ့ကျင့်ခန်း ဆင်းသည့်အနေဖြင့် ကျွန်တော်နှင့် တောတောင်ဒေသထဲသို့ အမြဲတမ်းခေါ်ကာ ကျွန်တော်၊ ဦးဘိုးဟန်တို့နောက်မှ သေမင်းနှင့် မကြာခဏ မျက်နှာချင်းဆိုင်ခဲ့ကြရသည့် ဖော်ပြပါ တပ်ကြပ်ကြီးသန်းထွန်း၊ တပ်ကြပ်ကြီး မောင်ပု၊ ရဲဘော်ကျော်လှိုင်၊ ရဲဘော်မောင်ထွန်းတို့ ရဲဘော်တစ်သိုက်အား “တောတွင်းအမြန်ပစ်နည်း” သေနတ်ပစ်လေ့ကျင့်ခန်း ဆင်းစေခြင်းသာ ဖြစ်ပေ၏။

ယခုပစ်နည်းမှာ ရှောင်တခင်ထွက်ပေါ်တတ်သော သားကောင်ကြီးများ၏ ဓလေ့ထုံးစံအတိုင်း ပေါ်ချင်ရာ ဘွားခနဲ ထွက်ပေါ် လာပြီး၊ ပြေးချင်ရာ ပြေးတတ်သော အလေ့အထအတိုင်း ပစ်ကွင်းများကို ဆတ်ကောင် ဆတ်ရုပ်ကြီးတွေသဖွယ် အပင်တပန်း အကုန်အကျခံ၍ စီမံပြီး၊ စက်ခလုတ်တပ်ကာ မြောက်ဘက်ကုန်းတန်းမှ တောင်ဘက်ဝါးရုံတောအတွင်းသို့ တစ်ပါတည်း တစ်နာရီ မိုင်လေးဆယ်နှုန်း အမြန်နှုန်းအရ ဖြတ်သန်းပြေးလွှားစေပြီး၊ ရဲဘော်လေးယောက်၏ လျင်မြန်မှု ဖျတ်လတ်မှု၊ ချိန်သားမိမှုတို့ကို လက်တွေ့စမ်းသပ် လေ့ကျင့်ခန်းဆင်းစေခြင်းသာ ဖြစ်ပေ၏။

စာဖတ်သူများအဖို့ မေးစရာမေးခွန်းတွေ ပေါ်လာကြလိမ့်မည်။ သံသယတွေလည်း ရှိကြလိမ့်မည်။ တွေးတောစဉ်းစားစရာတွေ ပေါ်လာကြလိမ့်မည်။

စစ်သားတွေအဖို့ လက်တည့်ခြင်း၊ လက်တန်းခြင်း၊ သေနတ်ပစ်ရာ၌ တည့်မှန်ခြင်း အမြဲတမ်းရှိနေကြသည်ဟူ၍ အရပ်သားတွေအဖို့ ယုံကြည်နေခဲ့ကြသည်။ ၎င်းမေးခွန်းကို ဖြေကြားရာ၌ စစ်သားတိုင်းသည် သေနတ်ပစ် လက်ဖြောင့်ကြသူများ မဟုတ်ပါ။

စစ်သားတစ်ရာလျှင် လက်ဖြောင့်သူ (Mark man) တစ်ဆယ်ရာခိုင်နှုန်းရှိရန် အင်မတန် ခဲယဉ်းပေသည်။ ငါးရာခိုင်နှုန်းရှိလျှင် တော်လောက်ပြီဟု ယူဆသည်။

မှန်ပေသည်။ ၎င်းလက်တည့်သူများအဖို့ စစ်မြေပြင်၌သာ ပစ်ခတ်ခြင်းအတွက် ခရီးရောက်ပေလိမ့်မည်။ ချိန်ပစ် (Aim Shooting) ၌သာ လက်ဖြောင့်သူများ များပြားခြင်း ရှိကြပေလိမ့်မည်။

ချိန်ပစ်ဆိုရာ၌ မိမိပစ်လိုရာပစ်ကွင်းကို ကျကျနနချိန်၍ စိတ်တိုင်းကျမှ ခလုတ်မောင်းကွင်းကို ဖြုတ်ချခြင်းသာ ဖြစ်ပေ၏။ ထိုသို့ စိတ်တိုင်းကျ အချိန်ယူကာ နေသားတကျ ပစ်ခတ်ရသော (Aim Shooting) ချိန်ပစ်ခတ်နည်းမျိုး၌ များစွာ ခက်ခဲသောလုပ်ငန်း မဟုတ်ချေ။

ကျွန်တော့်အနေနှင့် ပစ်ကွင်းစက်ကွင်းကို ချိန်၍ပစ်ခတ်နည်းမျိုး၌ လက်ဖြောင့်သူများကို လူတော် လက်တည့်သူဟူ၍ မခေါ်လိုပါ။ ဖြုန်းခနဲ, ဒိုင်းခနဲ ပစ်ခတ်စရာပစ်ကွင်းမျိုး၊ ရှောင်တခင်ပေါ်လာသည့် ပစ်ကွင်းမျိုး သို့မဟုတ် ခက်ခက်ခဲခဲ မမျှော်လင့် သောနေရာမှ အပြေးအလွှားပေါ်ထွက်လာသည့် ပစ်ကွင်းမျိုးကို မချိန်ဆရဘဲ လတ်တလောထိုး၍ပစ်ခတ်နည်း (Sanp Shooting) မျိုး၌ သုံးချက် နှစ်ချက်စွဲသူ ထိမှန်သူများကို ပိုမို၍ သဘောကျ၏။ ချီးကျူးလို၏။ လက်ဖြောင့်သူ၊ လက်တန်းသူဟူ၍ ခေါ်ဆိုလို၏။

ထိုသို့ပစ်ခတ်နည်းမျိုး၌ ကျည်ဆန် ခဲဆန်များစွာထွက်သော .၁၂ ဗို့ နှစ်လုံးပြူးများနှင့် ပစ်ခတ်ခြင်းထက် ကျည်ဆန်တစ်တောင့်တည်းသာထွက်သော ရိုင်ဖယ်များနှင့် ပစ်ခတ်ရာ၌ ထိမှန်သူများကို ချီးကျူးလိုပေ၏။

မလှုပ်တမ်းရပ်နေသော သားကောင် သို့မဟုတ် ချောင်ပိတ်မိသော သားကောင်များကို ပစ်ခတ်ခြင်းသည် အမဲလိုက်ခြင်း၊ တောပစ်ခြင်း စင်စစ်မဟုတ်ချေ။ သတ်ဖြတ်ခြင်းသာ ဖြစ်ပေ၏။

တကယ့်ဝါရင့်သော၊ မုဆိုးပီသသောသူများ၏ အပြုအမူ အလေ့အကျင့်မျိုး မဟုတ်ချေ။ ဤနေရာ၌ စစ်ရေးစစ်ရာသဘောနှင့် အမဲပစ်ခြင်းသဘောတရားမှာ ဆန့်ကျင့်နေခြင်းသာ ဖြစ်ပေ၏။ စစ်သဘောတရားသည် တစ်ဖက်ရန်သူကို မည်သည့်နည်းဖြင့်နိုင်နိုင်၊ တစ်ဖက်ရန်သူများ ကျဆုံးခြင်း၊ တပ်ပျက် ခြင်းဖြင့် မိမိဘက်က စစ်အောင်ပန်းကို ဆွတ်ခူးနိုင်ခြင်းသည် စစ်ဝါဒအရ မှန်ကန်သောသဘောထားဖြစ်ပေ၏။

သို့ရာတွင် အမဲပစ်ခတ်ခြင်းအဖို့၌ တစ်လမ်းစီ ဝါဒခြားနေတော့၏။

ကျွန်တော့်အဖို့ အချိန်အားလပ်တိုင်း ကျွန်တော်၏ ရဲဘော်ရဲဘက်များကို ဖော်ပြပါ အမြန်ပစ် ထိုးပစ်နည်းများကို ဂရုတစိုက် သင်ကြားပေးခြင်းဖြင့် သေနတ်တန်းသူ၊ လက်ဖြောင့်သူစစ်စစ်များဖြစ်ဖို့ လေ့ကျင့်ပေးခြင်းသာ ဖြစ်ပေ၏။

ဤသို့ ကျွန်တော်၏ ကြိုတင်ပြင်ဆင်ပေးသလို ထိုးပစ်,ပစ်ခတ်နည်းများကြောင့် ကျွန်တော်နှင့်တကွ ဦးဘိုးဟန် ဦးဆောင်သော စစ်သားတစ်ပိုင်း မုဆိုးတစ်ပိုင်း လူကြမ်းများ၏ အသက်ဘေးမှ မကြာခဏ လွတ်မြောက်ခဲ့ရပုံများကိုလည်း အကြောင်းဆိုင်လာ၍ ဖော်ပြရန် ဖြစ်ရပ်အမှန်များအဖြစ် မှတ်တမ်းများ၊ အတ္ထုပ္ပတ္တိများ၊ စာအုပ်များအဖြစ်နှင့် စာဖတ်ပရိသတ်များအတွက် လက်ဆောင်မွန်များအဖြစ် ပေါ်ထွက်နိုင်ခဲ့ခြင်း ဖြစ်တော့သည်။

“မင်းတို့မှတ်ထားကွ၊ မင်းတို့ကိုယ်တိုင်လဲ တို့နှစ်ယောက်နဲ့ ပွဲကြီးပွဲကောင်းတွေမှာ နောက်ကပါနေကြမို့ ကိုယ်တွေ့မျက်မြင်ပဲ။ ဘယ် ကြောက်စရာသားကောင်ဖြစ်ဖြစ်၊ ကျားကြီးဖြစ်ဖြစ်၊ ပြောင်ကြီးဖြစ်ဖြစ် ကျုပ် ပစ်စမ်းဆိုပြီး မင်းတို့ရှေ့မှ မလွတ်တမ်း မတ်မတ်ရပ်ခံနေတာ မြင်ရရဲ့လား။ ဝေးပါသေးတယ်ကွာ၊ ထွက်လာပါလိမ့်မယ်၊ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ လူဆီကို တန်းတန်းကြီးရင်ဆိုင်ပြေးတက်လာလား လာရဲ့၊ သစ်ပင်တွေ၊ ကမူတွေချုံတွေကို တတ်နိုင်သမျှ အကာအကွယ်ယူပြီး ပြေးလား ပြေးရဲ့၊ ဘယ့်နဲ့လဲဟေ့ . . . မောင်ကျော်လှိုင်”

ဦးဘိုးဟန်သည် ခေတ္တအနားပေးထားကြသူ ရဲဘော်ကျော်လှိုင်၊ တပ်ကြပ်ကြီးသန်းထွန်း အစရှိသည့် မုဆိုးပေါက်စများကို ပစ်ခတ်နည်း သဘောတရားပေးရင်း မေးခွန်းထုတ်လိုက်ရာ၌ …

“ဟုတ်တယ် ဦးကြီးဟန်ရေ၊ ဒါကတော့ ကျွန်တော်တို့ ငြင်းလို့ မရဘူး၊ တစ်ခါတစ်ခါများဗျာ . . . ရှေ့ကဖြတ်ပြေးလိုက်တဲ့ သားကောင်တွေတောင် ဘယ်လိုသတ္တဝါတွေရယ်လို့ မသိလိုက်ရဘူး။ ဒီလောက်တောင် မြန်တာဗျ။ ပြေးသံတွေ၊ ချုံတိုးသံတွေကြားမှ သားကောင်တစ်ကောင် ဖြတ်ပြေးတာ သိလိုက်ရတယ်”

ပွင့်လင်းရိုးသားစွာ ရဲဘော်မောင်ထွန်းက ဝန်ခံလိုက်ရှာပါသည်။

သူတို့သည် ကျွန်တော်တို့နောက်မှ ကပ်လျက် ပွဲကြီးပွဲကောင်း မှန်သမျှ တိုးခဲ့,တွေ့မြင်ခဲ့ရသူများပီပီ မုဆိုးဝါကား မသေးလှချေ။ ပင်ပန်းလှသလောက် ခက်ခဲလှသည့် မုဆိုးအတွေ့အကြုံများနှင့် သားကောင်တစ်ကောင်ကို ပစ်ခတ်ရရှိဖို့အရေး၏ အရံအတားများကိုလည်း ကောင်းစွာ သဘောပေါက်ကြသော ကိုယ်တွေ့ သမားများသာ ဖြစ်ကြပေ၏။

ကျွန်တော်သည် ငယ်စဉ်ကပင် လေသေနတ်ကစ၍ သေနတ်မျိုးစုံ မူလပထမ .၁၇၇ ဗို့ လေသေနတ် (နံပါတ်-၁) မှ ချီတက်၍ .၅၇၇ ဗို့ ရိုင်ဖယ်အထိ ပစ်ခတ်ရင်း တန်းထိုးပစ်နည်း (Sriap Shooting) ၏ သဘောတရားကို အကြိမ်ကြိမ်လက်လွှဲပြီး လက်ဆုံကျမှန်ခဲ့သူပီပီ အဘိုးကြီးဦးဘိုးဟန်နှင့် ရဲဘော်များ၏ ဆွေးနွေးပုံကို စိတ်ပါဝင်စားမိပါတော့သတည်း။

(တာဝန်ဟူသည်)

သိင်္ဂီရောင်ရွက်တွေကလည်း မြေသို့ ခ,စပြုချေပြီ။ ညောင်ပင်အိုထက်မှ ဥဩငှက်ကလည်း နွေတေးကို ဖွဲ့သီလျက် ချမ်းရာမှ ပူသယောင်ယောင်၊ အိုက်သယောင်ယောင်သမယသို့ တစ်ဆင့်လှမ်းခဲ့ချေပြီတကား . . . ။

သို့ရာတွင် ကျွန်တော်တို့ကဲ့ရဲ့သော တိုင်းပြည်အတွက် အသက်ခန္ဓာစည်းစိမ်ပါ ပေးသွားခဲ့ပြီးသော မြန်မာ့ တပ်မတော်ကြီး၏ သားကောင်းရတနာများအဖို့၌ ပူသော၊ အေးသော၊ စိုသော ရာသီဥတုဒဏ်ကို နားမလည်နိုင်ကြဘဲ တိုင်းပြည်တာဝန်ကို ကျေပွန်စေရန် နာရီလက်တံနှင့်ယှဉ်ပြိုင်ကာ အချိန်မှန်မှန် ကျေကျေပွန်ပွန် ချီတက်လုပ်ကိုင်နေခဲ့ကြခြင်းသာ ဖြစ်ပေသည်။

လက်မှတ်ထိုးစရာ အစီရင်ခံစာများကို ကျွန်တော်သည် တစ်ကြောင်းစီဖတ်ရင်း လက်မှတ်ထိုးကာ မှတ်ချက်ချသည့်အခါ မှတ်ချက်ရေး သတိပေးစရာများကို သတိပေးစာတမ်းများရေးရင်း ကျွန်တော့်အဖို့ တပ်ရင်းရုံးခန်းထဲ၌ ချွေးတစိုစိုနှင့် အလုပ်များနေမိတော့၏။

ဖြောင်းခနဲ အလေးပြုသည့်အသံကြောင့် ကျွန်တော်သည် စာရေးရာမှ အသာလှမ်း၍ကြည့်လိုက်ရာ၌ ရုံးအုပ်ဗိုလ်ကြီးမောင်မြင့်သည် ဖိုင်တွဲတစ်ခုကိုကိုင်ရင်း ကျွန်တော့်ဆီသို့ တွေ့ ဆုံခွင့်တောင်းနေ တော့သည်။

“လာဗျို့ . . . ဗိုလ်ကြီးမောင်မြင့်၊ အစီရင်ခံစာတွေပြီးရင် ကျုပ်တို့ လေ့ကျင့်ခန်းဇယားတွေအတွက် ဆွေးနွေးကြဦးစို့ရဲ့။ ပြီးတော့ ရိက္ခာစာရင်းတွေကရော ပြီးပြီလား”

“ရိက္ခာစာရင်းတွေထက် ပိုပြီးအရေးကြီးတဲ့ စစ်ဌာနချုပ်က အမိန့်တစ်ရပ်ကို ဗိုလ်မှူးကြီး ဖတ်ပြီး မှတ်ချက်ချပေးဖို့ပါပဲ။ ထိပ်က လျှို့ဝှက်နဲ့ အလျှင်အမြန်လို့ တပ်ထားတော့ ကျွန်တော် လက်ခံရယူပြီး ချက်ချင်း ဗိုလ်မှူးကြီးဆီ တင်ပြအစီရင်ခံတာပါပဲခင်ဗျာ”

ကျွန်တော်သည် ဗိုလ်ကြီးမောင်မြင့် ပေးအပ်သော ဖိုင်တွဲ အတွင်းမှ စစ်ဌာနချုပ်တံဆိပ်ခတ်နှိပ်ထားသည့် စာအိတ်အတွင်းပါ စာရွက်တစ်ရွက်ကို ဂရုတစိုက် တစ်ကြောင်းစီဖတ်ကြည့်လိုက်မိပါသည်။

“ဘယ့်နဲ့လဲ … ဘာသံမကြား ညာသံမကြားနဲ့ ဒီတာဝန်ကို ကျွန်တော်တို့တပ်ရင်း လာပေးလို့ဗျာ။ တပ်ရင်းမှာ တွဲဖက်အင်ဂျင်နီယာ တပ်ဖွဲ့လဲမရှိနဲ့၊ လမ်းဖောက်ဖို့အရေးဟာ ခက်နေပြီကပဲ”

ကျွန်တော်က ညည်းတွားလိုက်ပါသည်။

ညည်းတွားစရာလည်း ကောင်းလှသော စစ်ဌာနချုပ်မှ အရေးပေါ် အမိန့်တစ်ရပ်မှာ …

အလျှင်အမြန်လိုက်နာရန်

မြန်မာ့တပ်မတော် တပ်ရင်း (၆)၊ နယ်မြေ ပျဉ်းမနားတစ်ဝိုက်နှင့် တောင်တွင်းကြီးတစ်ဝိုက်ဒေသ နှစ်ဌာန နယ်နိမိတ်ကြားမှ ဖြတ်၍ ခရိုင်ကူးလမ်းတစ်လမ်း အမြန်ဆုံးဖောက်လုပ်နိုင်ရေးအတွက် ကြိုတင်စီစဉ်ပြင်ဆင်မှုများ ပြုလုပ်ရမည်။ လမ်းဖောက်လုပ်နိုင်ရေးအတွက် ဒေသနယ်နိမိတ်၏အကြမ်းကို တပ်ရင်းမှူးက တာဝန်ယူ၍ ကြိုတင်သတ်မှတ်ထားရမည်။

နောက်ထပ်လိုအပ်သော လုပ်ငန်းစဉ်နှင့်ပတ်သက်သော ကိစ္စများအတွက် စစ်ဌာနချုပ်မှ အမိန့်သစ်ကို စောင့်ကြိုရန် လမ်းဖောက်လုပ်ရေးအတွက် လိုမည့်ခန့်မှန်းချက်များနှင့် ပစ္စည်းကိရိယာတတ်ကျွမ်းသည့် အရာရှိများအတွက် တပ်ရင်းမှူးမှ လမ်းပန်းအကွာအဝေးအခြေအနေကို မျက်မြင်လေ့လာစစ်ဆေးပြီးနောက် စစ်ဌာနချုပ်သို့ ရက်ပေါင်းလေးဆယ်အတွင်း မပျက်မကွက် အစီရင်ခံရမည်။

ပုံ
ဦးစီးဗိုလ်ချုပ်
မြန်မာ့တပ်မတော် စစ်ဌာနချုပ်

ကျွန်တော်သည် စစ်ဌာနချုပ်မှ အမိန့်စာရွက်ကို သုံးလေးခေါက်မျှ အပြန်ပြန်အလှန်လှန် ဖတ်ရှုလိုက်မိပြီးနောက်၊ ကျွန်တော်တို့ စစ်ရေးသာမက ကျွန်တော်နှင့် တိုက်ရိုက်မဆိုင်သော လမ်းဖောက်လုပ်ရေးတာဝန်ကို ပေးအပ်သည့် ကျွန်တော်တို့၏ တပ်မတော်ခေါင်းဆောင်ပိုင်းကို အနည်းငယ်စိတ်ဆိုးမိပါသည်။

နောက်တစ်ဖန် အခြားအကြောင်းအရာများနှင့် နိုင်ငံရေးအခြေအနေများကို ထည့်သွင်း၍ လူကြီးစိတ်အရင်းခံ၍ တစ်ဖန် စဉ်းစားပြန်သည့်အခါ၌ ပျဉ်းမနား-တောင်တွင်းကြီး ခရိုင်ကူး လမ်းဖောက်လုပ်ရေးအတွက် အတွင်း၌ များစွာအရေးကြီးမည့် အကြောင်း အရာများရှိလာမည့် အရေးအခင်းနှင့်တကွ တပ်မတော်အတွက် တိုင်းပြည်အတွက် အဓိပ္ပာယ်မရှိဘဲ ကျွန်တော်တို့ကို အရေးတကြီးတာဝန်တစ်ရပ်အနေနှင့် မပေးကြောင်းကို စဉ်းစားမိသည်တွင် စိတ်ပြေသွားပြန်တော့၏။

သို့ရာတွင် . . . စစ်သားတို့မည်သည် အထက်မှပေးအပ်သည့် တာဝန်နှင့် အမိန့်ကို မိမိသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ လိုက်နာဆောင်ရွက်ရမည်သာတည်း။ အမိန့်သည် အမိန့်တာဝန်သည် တာဝန်သာ ဖြစ်ပေ၏။

ထို့ကြောင့် ကျွန်တော်သည် ပျဉ်းမနား-တောင်တွင်းကြီး-နတ်မောက် သုံးနယ်ဆုံမြေပုံကို ရုံးအုပ်ဗိုလ်ကြီးမောင်မြင့်သို့ ယူခဲ့ရန် အမိန့်ပေးလိုက်ရတော့သည်။

အရေးတကြီး ချီတက်ရမည့် အချိန်ကာလ ဆောင်းအကုန် နွေအကူး ချီတက်ရန်၊ ဒေသသည် ပျဉ်းမနား- တောင်တွင်းကြီးနယ်ဆုံရာ ပဲခူးရိုးမတောင်ကြောပေါ်ဖြစ်၍ ရင်ဆိုင်ရမည့် ရာသီဥတု၊ မြေမျက်နှာပြင် အခက်အခဲများကို တသီကြီးစဉ်းစားရင်း ရင်လေးမိပြန်ပါသည်။

စဉ်းစားရင်း ကျွန်တော်သည် ၎င်းဒေသတစ်ဝိုက်နှင့် ပတ်သက် သော ထူးဆန်းလှသည့် အဖြစ်အပျက်၊ အကြောင်းအရာများ အခြေခံ၍ လာရောက်ပူဆာရင်း ဆွေးနွေးတောင်းဆိုကြသူ ပုဂ္ဂိုလ်များ၏အကြောင်း နောက်ဆက်တွဲများကိုပါ ထည့်သွင်းစဉ်းစားမိပြန်ပါသည်။

လွန်ခဲ့သော သုံးလခန့်က ပျဉ်းမနားမြို့၌ ရုံးဖွင့်လှစ်ထားသော နိပွန်ဘားမားသစ်ထုတ်လုပ်ရေးလုပ်ငန်း တာဝန်ခံများက ဤသို့လာရောက်၍ အကူအညီတောင်းလာတော့၏။

ဂျပန်မန်နေဂျာ မစ္စတာ ကိုနိုရီနှင့် ဒု-မန်နေဂျာ ဦးသိန်းအောင်တို့အား မည်သူက ချောက်တွန်းသည့်သဘောမျိုးဖြင့် သတင်းပို့သည်မသိရသော ဥစ္စာသိုက်ရှာဖွေသည့် ပုံမျိုး ဝတ္ထုဆန်ဆန်အကြောင်းအရာများသာ ဖြစ်ပေ၏။

ပျဉ်းမနား-တောင်တွင်းကြီးနယ်စပ် ပဲခူးရိုးမ၏မြောက်ဘက်ဆွယ် တောင်ကြောပေါ်၌ ကြီးမားသော ကျောက်မြောင်းကြီးတစ်မြောင်း ရှိကြောင်း၊ ရေမှာ အလွန်နက်ပြီး ထိုကျောက်မြောင်းကြီးထဲ၌ အင်္ဂလိပ် အစိုးရလက်ထက်ကစ၍ ယခုအထိ အဖိုးတန်ကျွန်းသစ်လုံးများ ထောင်နှင့်ချီ၍ ကျနေကြောင်း၊ တချို့ကျွန်းသစ်လုံးများမှာ တစ်လုံးတွင် လုံးပတ် ဆယ်ပေမှ ပေနှစ်ဆယ်အထိ ကြီးမားကြောင်း၊ ထို့ကြောင့် ထိုအနှစ်နှစ် အလလက ကျရောက်နေသည့် ကျွန်းသစ်များသည် စုဘူးသဖွယ်ဖြစ်နေသည်။ ကျောက်မြောင်းကြီးဒေသသို့ ၎င်းတို့သွားရောက်၍ ကျွန်းသစ်များကို ရယူလိုကြောင်း အစီရင်ခံလာ၏။

ကျွန်တော့်အဖို့ အလုပ်ကမအား၊ တပ်တာဝန်တွေက များပြားရသည့်အထဲတွင် ပြောသံကြားနှင့် တရားနာသဘောမျိုး ယုံတမ်းသဘောမျိုးနှင့် အခြေအမြစ်မရှိတမ်း ကျွန်တော့်ဆီလာရောက် အကူအညီတောင်းလာကြသူ နှစ်ဦးစလုံးကို အခြေအမြစ်မရှိသော သတင်းဖြစ်ခြင်း အကြောင်းပြု၍ ခရီးလမ်းပန်း အခက်အခဲများ၊ အကယ်၍ ကျွန်းသစ်တွေ တွေ့ခဲ့ပါလျှင် ထုတ်ယူရရှိရေးအတွက် ခရီးလမ်းပန်းခက်ခဲမှု အကြောင်းပြကာ သွားလာရေးကိစ္စကို ပယ်ချခဲ့ရပေ၏။

သို့ရာတွင် လိုချင်မျက်စိရှိလှသော မစ္စတာကိုနိုရီသည် ကျွန်တော့်အား အကယ်၍ ခရီးထွက်ရန် အခွင့်ကြုံကြိုက်ခဲ့လျှင် ၎င်း၏တင်ပြချက်ကိုပါ ထည့်သွင်းကူညီပေးပါရန်အကြောင်း တောင်းပန်ပြန်ပါသည်။

ကျွန်တော်သည် ပြီးမှ မြန်မြန် ပြီးပါစေ သဘောမျိုးဖြင့် လွယ်လွယ်ကူကူ ၎င်း၏တောင်းဆိုချက်ကို ကတိပေး ဝန်ခံလိုက်မိခြင်း ဖြစ်၏။

ပျဉ်းမနား-တောင်တွင်းကြီးနယ်ဒေသသို့ အင်မတန်မှ သွားရောက်လိုသော ဒုတိယပုဂ္ဂိုလ်မှာ ရယ်စရာလည်းကောင်းသလောက်၊ သနားစရာလည်း ကောင်းလှပေသော ကျွန်တော်၏ဖခင်နှင့် ရင်းနှီးလှ သည့် အငြိမ်းစားဝန်ထောက်မင်း ဦးဘဝင်း ဖြစ်ပါသည်။

သူသည် ဘယ်လို ပုဂ္ဂိုလ်တွေနှင့်ရင်းနှီးပြီး မည်သို့ဆွယ်တရားဟောလိုက်ပြီး သိမ်းသွင်းလိုက်သည် မသိရဘဲ၊ မြန်မာရှေးပညာ အဂ္ဂိရတ်ကို အကြီးအကျယ် ဝါသနာပါနေခြင်း ဖြစ်၏။

သူသည် ‘လုပ်ရပ်ထွက်ရပ်ပေါက်ဆရာ သိဒ္ဓိ’ အစရှိသည့် စကားလုံးတွေပါသည့် အကြောင်းတွေကိုပြောရင်း တစ်နေ့တွင် ကျွန်တော့်ဆီသို့ အရေးတကြီး လာတွေ့၏။

“တူမောင်တို့ အနောက်နယ်နဲ့ ရိုးမခြေကိုများ ခရီးထွက်ဖို့ ကိစ္စရှိသလား။ ဦးလေးအတွက် အင်မတန်အရေးကြီးတဲ့ ဓာတ်သားလိုနေလို့ကွဲ့”

ကျွန်တော်သည် မဆီမဆိုင်သောကိစ္စတွေ လက်မခံလိုသည်ကြောင့် . . .

“သွားစရာကိစ္စနဲ့ တာဝန် မရှိပါဘူး ဦးလေး”

တုံးတိတိဖြေလိုက်ရာတွင် ဦးဘဝင်းသည် ရေးကြီးသုတ်ပျာ အမူအရာဖြင့် . . .

“ဦးလေးဆီမှာ အင်မတန်အဖိုးတန်တဲ့ သတင်းကောင်းတစ်ရပ် ရထားလို့ကွဲ့။ ရိုးမပေါ်မှာရှိတဲ့ အောင်လောင်ခေါင်းစခန်းနဲ့ ကျောက်မြောင်းတစ်ဝိုက်မှာ အဂ္ဂိယတ်သံ၊ ရေဇယံသံကောင်းတွေရှိတဲ့ သတင်း အခိုင်အမာရထားလို့ ဆောင်ကျဉ်းပေးနိုင်ခဲ့ရင်း အတိုင်းထက်အလွန်ပဲ”

ဤတွင် ဦးဘိုးဟန်သည် ကြားဝင်၍ . . .

“ဘယ်လိုသတင်းနဲ့ အဆက်ရသလဲ ဝန်ထောက်မင်း၊ ဒီလောက်အရေးကြီးရအောင် ရေဇယံသံက ဘယ်လောက်စွမ်းနိုင်လို့လဲဗျာ”

“ခက်ပါဘိ၊ ကျုပ်ဆရာတော် ဦးပညာဝံသ ဓာတ်လုံး မမြင်ဖူးဘူးထင်တယ်။ အရည်ကို လည်နေတာပဲ။ စ-ဓ-ဗ-ဝ အက္ခရာတွေတောင် ပေါ်နေတာဗျ။ ရွှေလဲ တစ်ဆယ်သားလောက်ကျွေးပြီးပြီ။ ကပ္ပိယကိုမောင် မလိမ္မာတာနဲ့ ဓာတ်လုံးဟာ ဘယ်ပျောက်သွားတယ်မသိဘူး။ ဘုန်းကြီးလဲ ဆွမ်းမစားနိုင်တာ ခုနစ်ရက်ရှိတော့မယ်။ နာလိုက်တာ လွန်ပါရော၊ ကိစ္စပြီးခါနီးမှာ”

ဦးဘိုးဟန်သည် မူလပထမ သူ၏မေးခွန်းကို စတင်ထုတ်စဉ်ကပင် စေတနာကောင်းနှင့် မေးသည်မဟုတ်ဘဲ ပရိယာယ်သုံးကာ နောက်ပြောင်ကျီစယ်လိုသောသဘောနှင့် ဦးဘဝင်းအား အဂ္ဂိရတ်အကြောင်း မေးမြန်းခြင်းသာ ဖြစ်သည့်အတိုင်း . . .

“ဘယ်လောက်အစွမ်းသတ္တိ တန်ခိုးရှိသလဲဗျ၊ မြေပေါ်ကနေပြီး မိုးပေါ်ပျံနိုင်သလား။ ကျွန်တော်တို့ရိုင်ဖယ်ကြီးတွေဒဏ်ကို ခံနိုင်ရဲ့လားဗျ ဝန်ထောက်ကြီးရဲ့၊ ဟဲ . . ဟဲ. . . ကျွန်တော်တို့ ဆရာတပည့်က သေနတ်ပြီးမှ ကြိုက်တာ”

ဆက်လက် ပညာစမ်းလိုက်ပြန်သည်တွင် . . .

“ကျုပ်ကိုယ်တိုင် နှစ်လုံးပြူးသေနတ်နဲ့ တေ့ပြီးပစ်တာ မီးမကူးဘူးဗျ။ ပြီးတော့ မြွေပွေးကိုက်တဲ့လူကို ဒီဓာတ်လုံး ရေစိမ်တိုက်တာနဲ့ ပျောက်တာပဲ”

“ဟုတ်ပါပြီ၊ မီးမကူးတာက ကျည်ဆန်ဟောင်းလို့ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က လက်တွေ့သမားတွေ၊ ပစ်ရပေါင်းများပြီ။ ကုန်လိုက်တဲ့ ကျည်ဆန်တွေ၊ ပြတ်သပ်ပြီးလွင့်စဉ်သွားတဲ့ လက်ဖွဲ့တွေလဲ အတော်များခဲ့ပြီပေါ့။ အလကားဟာတွေပါဗျာ . . . လုပ်ရပ်ဆိုတာ အဂ္ဂိရတ်လိုက်စားပြီး ပိုက်ဆံကုန် ဘိုင်ကျလို့ လုပ်ရင်း ရပ်နေရတာကိုပြောတာ။ ကျွန်တော်တို့ ဘာမှမယုံဘူး”

ဦးဘဝင်းသည် မျက်နှာကြီးနီလာတော့၏။ ဒေါသထွက်လာကြောင်းမှာ ပေါ်လွင်နေတော့၏။ သူ၏ အင်မတန်ယုံကြည်နေသော ဓာတ်လုံးပညာရပ်ကို ဦးဘိုးဟန်က စော်ကားပြောရမည်လားဟု မခံမရပ်နိုင်ဖြစ်လာပြီး …

“ကျုပ်လိုချင်တဲ့ဓာတ်သားသာ ရရင်တော့လားဗျာ ခင်ဗျားတို့ ဆရာတပည့်ကို လက်ဆွဲပြီး လက်တွေ့ပြချင်တယ်၊ ကျုပ်တို့ မြန်မာအစွမ်းကို သိပ်အထင်မသေးစမ်းပါနဲ့ဗျာ”

ဤတွင် အဘိုးကြီးနှစ်ယောက် တစ်စတစ်စနှင့် အငြင်းပွားမည့်အရေးကြောင့် . . .

“ကဲပါလေ . . . ဦးလေး၊ ကျွန်တော်တို့ တကယ်လို့ အဲဒီဒေသ ခရီးထွက်ခဲ့ရရင် ဦးလေး လိုက်နိုင်ပါ့မလား”

“ခုလား၊ လာ . . . သွားမယ်”

ဦးဘဝင်းသည် ဖျတ်ခနဲ ထိုင်ရာမှထလိုက်သည်ကြောင့် . . .

“ခရီးက ဝေးတယ်၊ ကြမ်းတမ်းတယ်နော်၊ ခြေလျင်သွားရမှာ၊ တောင်လဲ အမြင့်ကြီးတွေတက်ရမှာဗျ”

ကျွန်တော်က သတိပေးလိုက်ရာ၌ . . .

“ဦးဘဝင်း အရွယ်ကြီးပေမယ့် ငယ်ငယ်ကတည်းက ကျန်းမာခဲ့တယ်။ ခုအထိ တစ်နေ့ သုံးလေးမိုင် အမြဲတမ်းလျှောက်ခဲ့တယ်။ ကိစ္စမရှိဘူး၊ ကျုပ်နာမည် ရှေ့ဆုံးက ထားလိုက်ဗျို့”

ကျွန်တော်သည် “စကားနောက်က တရားပါ” ဆိုသည့်အတိုင်း ကျွန်တော်တို့ အောင်လောင်ခေါင်းစခန်းသို့ ချီတက်ခဲ့လျှင် ဦးဘဝင်းကို မခေါ် မဖြစ်အောင် စကားကျွံခဲ့နေပြီတကား။

(ရိုးမခေါ်သံ)

လူတစ်ရပ်သာသာမြင့်သော ပျဉ်းမနားခရိုင်၊ တောင်တွင်းကြီး နယ်တစ်ဝိုက် စုပေါင်းထားသော မြေပုံကြီးတစ်ချပ်ကို ကျွန်တော်တို့ လူသိုက်သည် ဂရုတစိုက် လေ့လာကြည့်ရှုမှတ်သားနေကြတော့၏။

တစ်လက်မ တစ်မိုင်နှုန်းအရ ကျယ်ဝန်းသောမြေပုံကြီးပေါ်၌ မြေမျက်နှာ အနိမ့်အမြင့်၊ ချောင်းမြောင်းများ၊ သစ်တောကြိုးဝိုင်းများ စသည့် အရေးပါအချက်အချာဌာနများ၏ မှတ်သားဖော်ပြထားသည်ကို အစိမ်း၊ အနီ၊ အဝါ၊ အပြာရောင်များ ခြယ်လှယ်ထားခြင်းဖြင့် ထင်ရှားကွဲပြားစွာ တွေ့နိုင်ပေ၏။

တောင်ထိပ်များပေါ်၌ တောင်ထိပ်များ၏ မြေမျက်နှာပြင်အမြင့် အမှတ်အသားဂဏန်းများကိုလည်း အပြီးတွေ့နိုင်ပေ၏။ သစ်တောကြိုးဝိုင်းများကိုလည်း ဂဏန်းနံပါတ် အမှတ်စဉ်အရ ပိုင်းခြားကာ လွယ်ကူစွာ လေ့လာနိုင်တော့သည်။

ပဲခူးရိုးမအခြေပြုလျှင် ပျဉ်းမနား-တောင်တွင်းကြီးနယ်စပ်တစ်လျှောက်၌ လူနေအိမ်ခြေကြီးမားသော ကျေးရွာဟူ၍ မတွေ့ရဘဲ၊ ပျဉ်းမနားနယ်၏ အနောက်ဘက်အစွန်ဆုံး လယ်တာကြီးကျေးရွာကိုသာ တွေ့ရပြီးနောက်၊ ပဲခူးရိုးမတောင်ကြောကြီးကျော်၍ တောင်တွင်းကြီးနယ်ထဲသို့ လူနေအိမ်ခြေရှိသော ဒေသ ရှာဖွေလိုက်ရာ၌ ငမင်းကြီးရွာကို ပဲခူးရိုးမ အနောက်ဘက်အခြေ၌ တွေ့ရတော့၏။

ကျန်အပိုင်းများ ဒေသများသည် တောင်ထွတ်တောင်တန်းများနှင့် သစ်တောကြိုးဝိုင်းများကြား၌ ခွေကာရစ်ကာ လိမ်ကောက်ကာ စီးဆင်းနေသော ချောင်းကယ်များ၊ မြောင်များ၊ ချောင်းကြီးများကိုလည်း တွေ့ နိုင်ပေ၏။ အထင်ရှားဆုံးမှာ ပလွေးချောင်းကြီး၏အခြေခံရာ အစပြုသည့် အောင်လောင်ခေါင်းစခန်းနှင့် ကျောက်မြောင်းစခန်း၊ ပတ္တလားစခန်းများသာ ဖြစ်ပေ၏။

“ကျုပ် ဆင်ဦးစီးဘဝက နှစ်ကြိမ် အဲဒီဒေသတွေကို ရောက်ခဲ့ဘူးတယ်။ တောင်တန်း အားကြီး ကြီးမားပြီး ကျောက်ထူထပ်တယ်ဗျာ။ လမ်းဖောက်ရင် ပတ္တလားစခန်းရယ်၊ မြောက်ဘက်အဆွယ်က တောင် တန်းနိမ့်ရာက ကပ်ပြီးဖောက်မှ ဖြစ်နိုင်မယ်ထင်တယ်။ ခုအချိန်ဆိုရင် သိပ်နေလို့ကောင်းမယ်၊ မပူဘူး၊ ရေတော့ရှားမယ်။ ရွာတောင် လုံးဝမရှိလို့ ရိက္ခာအလုံအလောက် ယူခဲ့ကြဖို့လိုမယ်။ ရိက္ခာပြတ်ရင် ငတ်ဖို့ပဲရှိမယ်။ ဘယ်ဘက်ကမှ မနီးဘူး။

လယ်တာကြီးဆိုရင်လဲ အဲဒီစခန်းတွေနဲ့ အမြန်ဆုံး နှစ်ညဉ့်အိပ်ခရီး၊ မိုးစွေရွာဆိုရင်လဲ သုံးညဉ့်အိပ်ခရီးပဲ၊ တောင်တွင်းကြီးဘက်ဆိုရင် ဒီထက်ပိုဝေးတယ်”

ဦးဘိုးဟန်သည် ခရီးလမ်းပန်းနှင့် ချီတက်ရေးအခက်အခဲ ရိက္ခာပြဿနာတို့ကို သူ၏ အတွေ့အကြုံများ မူတည်၍ ပြောပြနေပါတော့၏။

ကျွန်တော်သည် အဓိကရအမှတ်အသားဖြစ်သည့် ပလွေးချောင်းကြီးအတိုင်း အောက်မှအထက်ပိုင်းသို့ လိုက်၍မှတ်သားကာ ချောင်းဖျားဒေသထိ အကွာအဝေး မှတ်သားတိုင်ထွာလိုက်ပါသည်။ ထို့နောက် အနီးဆုံးဖြတ်လမ်းမှနေ၍ ချောင်းဖျားအရောက် ဖြတ်တက်ရန် ခရီးစဉ်ကိုလည်း လေ့လာရှာဖွေလိုက်၏။

“ခရီးလမ်းပန်းကောင်းပြီး အဖြောင့်တန်းဆုံးခရီးကတော့ လယ်တာကြီးကနေပြီး ဖြတ်တက်ကြရအေင်။ မိုးစွေရွာဘက်ကဆိုရင် တံတောင်ဆစ်ချိုးကြီး ကွေ့တက်နေရမယ်။ အဲဒီစောင်းဘက်က တောင်ကမ်းပါး အားကြီးမတ်တယ်၊ ကြီးတယ်”

ဦးဟန်သည် ထ၍အကြံဉာဏ်ပေးလိုက်ပါသသည်။

ထို့ကြောင့် ကျွန်တော်သည် ကြိမ်လုံးသေးသေးနှင့် ဦးဘိုးဟန်၏ အကြံပေးချက် ခရီးစဉ်အတိုင်း တစ်စခန်းဆီ လေ့လာမှတ်သားကြည့်လိုက်ရာ၌ …

လယ်တာကြီးရွာမှ ပန်းညိုစခန်း (၆)မိုင် ပုလွေးချောင်းအတိုင်း အထက်ပိုင်းဆန်တက်သည့် ခရီးစဉ်အတိုင်း . . .

ပန်းညိုစခန်းမှ သဖန်းမျှောင်စခန်း (၅)မိုင်။

သဖန်းမျှောင်စခန်းမှ ဂွေးချိုစခန်း (၆)မိုင်။

ဂွေးချိုစခန်းမှ ဖျန်ချောင်းစခန်း (၆)မိုင်။

ဖျန်ချောင်းစခန်းသည် ပဲခူးရိုးမတောင်ပေါ်၌ ရောက်နေသော စခန်းစဉ်ဖြစ်သည်။

ဖျန်ချောင်းမှ အောင်လောင်ခေါင်းစခန်း (၆)မိုင်၊ အောင်လောင်ခေါင်း အောက်တည့်တည့်၌ ကျောက်မြောင်းစခန်း သို့မဟုတ် ကျောက်နှစ်ပြားစခန်း ကပ်လျက်ရှိသည်။

ကျောက်နှစ်ပြားစခန်းမှ ပတ္တလားစခန်းသို့ (၄)မိုင်။ ပတ္တလားစခန်းမှ ပဲခူးရိုးမအနောက်ဆွယ် (၈)မိုင်။

အနောက်ဆွယ်မှ တောင်တွင်းကြီးနယ် သပြေအိုင်ရွာဟောင်း၊ သပြေအိုင်ရွာဟောင်းမှ ငမင်းရွာကြီးသို့ စသည့်ခရီးစဉ် ဖြစ်ပါသည်။

ပျဉ်းမနားမှ ပထမစခန်းဖြစ်သော လယ်တာကြီးရွာသို့ မိုင် (၃၈)မိုင် ကွာထားသည်။ မြန်မာအတိုင်းအထွာသော် လေးတိုင် ကွာဝေးသည်။

ခရီးလမ်းပန်းအခြေအနေ ရေမရှိ သဲတွင်းတူးယူရမည်။ ချောင်းထဲအတိုင်း ချီတက်ကြရသည်။ ချောင်းဖျားကျလေလေ သောင်ကမ်းကြီးမားလာပြီး ကျောက်ထူထပ်လေလေ ဖြစ်သည်။

စသည့် အချက်အလက်များနှင့် ခရီးစဉ်များကို ကျွန်တော်သည် ဗိုလ်ကြီးမောင်မြင့်သို့ စနစ်တကျ ရေးမှတ်သားစေလိုက်သည်။ ထို့နောက် ရိက္ခာပြဿနာ သယ်ယူပို့ဆောင်ရေးပြဿနာများနှင့် ချီတက်ရာ၌ လိုက်ပါကြမည့် တပ်ဖွဲ့များ၊ တပ်သားအင်အားစုများကို ဆက်လက် စဉ်းစားဝေဖန်သည်။

အဓိကအရေးကြီးသော ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ကြက်သွန်၊ ကော်ဖီ၊ လက်ဖက်ခြောက်၊ ငါးခြောက်၊ ရေနံဆီ စသည် မပါလျှင်မဖြစ်သော ရိက္ခာနဲ့ ကိရိယာများကို အဓိကထား၍ ထောက်ပံ့ရေးတာဝန်ခံ ဗိုလ်ကြီးအေးကျော်သို့ တာဝန်ပေး မှတ်သားစေသည်။

သယ်ယူပို့ဆောင်ရေးအတွက် အဓိကများကိုသာ အသုံးပြုရန် သတ်မှတ်ကြပြီး၊ နွေဘက်သို့အရောက် သစ်လုပ်ငန်းများမှ ပြီးစီး၍ အနားရစပြုလာသော သစ်တောဆင်များကို အကောင်ရေသုံးဆယ်ထက် မနည်း ရက်ပိုင်းအတွင်း အသင့်ရှိစေရန် ဦးမင်းဒင်၊ ကိုကျော်အေးတို့ ဆင်တာဝန်ခံများဆီသို့ နှိုးဆော်စုရုံးထားစေရန် သယ်ယူပို့ဆောင်ရေးဌာန ဗိုလ်ကြီးထွန်းဖေသို့ တာဝန်ပေးအပ်လိုက်သည်။

ဆေးဝါးနှင့်ကုသရေးအတွက် ဆေးဌာန အရာခံဗိုလ် သို့မဟုတ် ဆေးဌာနအရာရှိတစ်ဦးနှင့် အကြပ်တပ်သား အစရှိသည့် ဆေးတပ်ဖွဲ့ငယ် တစ်ဖွဲ့နှင့် ဆေးဝါးပစ္စည်းအစုံအလင် အသင့်ပါရှိစေရန် ရုံးအုပ် ဗိုလ်ကြီးမောင်မြင့်သို့ တာဝန်ပေးအပ်စီစဉ်စေသည်။

စုပေါင်း၍ ချီတက်ပြီး အစိုးရလုပ်ငန်းများလုပ်ဆောင်ရမည့် အစီအစဉ်အရ သစ်တောဌာန၊ သစ်ထုတ်လုပ်ရေးဌာန၊ မြေတိုင်းဌာနများ ကိုယ်စားလှယ်ဦးရေ တစ်ဌာနတွင် ငါးယောက်ထက်မများသော အဖွဲ့အမှုထမ်းများ ပါရှိနိုင်ရေးအတွက် ဗိုလ်ကြီးလွမ်းဖေသို့ တာဝန်သီးခြား ပေးလိုက်သည်။

တပ်ရင်းနှင့် ချောင်းဖျားဒေသချီအဖွဲ့ တာစခန်းဆက်သွယ်နိုင်ရေးအတွက် ဒု-ဗိုလ်လှမောင်နှင့် ဝိုင်ယာလက်တပ်စုတို့ ပါဝင်ချီတက်နိုင်စေရန် စီစဉ်စေသည်။

လက်ရှိတပ်ရင်းမှူးနှင့် ရုံးအုပ်ဗိုလ်ကြီးတာဝန်များကို ခေတ္တ ဗိုလ်ကြီးအေးကျော်နှင့် ဗိုလ်ရွှေမောင်တို့အား တာဝန်ထမ်းဆောင်စေသည်။

ကျွန်တော်သည် ပြင်ဆင်မှုများ အစီအစဉ်များကို ဤအစည်းအဝေးမှပင် အပြီးအပြတ် အရေးတကြီး စီစဉ်မှတ်သားလိုက်ရပါသည်။

နိပွန်ဘားမားသစ်ထုတ်လုပ်ရေးမှ ပထမမန်နေဂျာ မစ္စတာကိုနိုရီနှင့် ဒု-မန်နေဂျာ ဦးသိန်းအောင်တို့ကိုလည်း လိုအပ်သောပြင်ဆင်မှုများ ရရှိစေရန် ချက်ချင်း စာပို့အကြောင်းကြားစေသည်။

ရန်ကုန်ရှိ စစ်ဌာနချုပ်သို့လည်း ကျွန်တော့်တပ်ရင်းသို့ လမ်းဖောက်ထွင်းနိုင်ရေးအတွက် အင်ဂျင်နီယာတပ်စုတစ်စုကို အမြန်စေလွှတ်၍ ကြေးနန်းနှင့် မှာကြားစေလိုက်ပါသည်။

ထို့နောက် ပိုတက်ရွာသို့ ခေတ္တပြန်သွားသော ဦးဘိုးရံကို ဆက်သားလွှတ်၍ ခေါ်လိုက်သည်။ သစ်တောဘက်ဌာနသို့ ကျွမ်းကျင်သော လမ်းပြသုံးဦးကို ကြိုတင်ရှာဖွေ၍ အဆင်သင့်စီစဉ်ထားရန် ညွှန်ကြားလိုက်ပါသည်။

လမ်းဖောက်လုပ်ရေးအဖွဲ့၌ ပါဝင်ကြမည့် ရဲဘော်များနှင့် အပြင်အစိုးရဌာနအဖွဲ့များမှ အင်အားစုအတွက် လိုအပ်သော အဝတ်အစား၊ ဖိနပ်၊ ကိရိယာ၊ ရေဘူး စသည်တို့ကို စုံလင်စေရန် သက်ဆိုင်ရာ ထောက်ပံ့ရေးတာဝန်ခံသို့ ထပ်မံခေါ်ယူသတိပေးလိုက်ရပါသည်။

ပဲခူးရိုးမတောင်ပေါ်ဒေသ၌ ဖြစ်ပေါ်တတ်သော ရာသီနာမျိုးအတွက် ဆေးဝါးများ၊ မျက်စဉ်း၊ ဝမ်းကိုက်ရောဂါ၊ ငှက်ဖျားရောဂါ၊ အအေးမိရောဂါနှင့် လတ်တလောဒဏ်ရာရရှိသည့်အခါ၌ ကုသနိုင်ရေး အတွက် ဆေးဝါးအပြည့်အစုံတို့ကို သက်ဆိုင်ရာ ရန်ကုန်စစ်ဌာနချုပ်ရှိ ဆေးဌာနသို့ အဆောတလျင် မှာယူစေရန်အတွက် ဆေးတာဝန်ခံသို့ ကြိုတင်၍ စီစဉ်ထားနှင့်စေပါသည်။

ထို့အပြင် လိုအပ်သောရိက္ခာအခြောက်အစိုများနှင့် ဆင်များအတွက် မန်ကျည်းမှည့်၊ ထန်းလျက် အစရှိသည့် ဆင်ဆေးဝါးများ ဝယ်ယူစေရန် ထောက်ပံ့ရေးဌာနတာဝန်ခံသို့ ကျွန်တော် ငွေသုံးသောင်းမှ ငါးသောင်းအထိ သုံးစွဲခွင့် အမိန့်တစ်ရပ်ကို ထုတ်ပေးလိုက်ရပါသေးသည်။

သုံးရက်မြောက်သောနေ့တွင် သစ်တောဌာနမှ ကျွန်တော်တို့ ချီတက်ကြရမည့် ဒေသတစ်ဝိုက်၌ တောတောင်ဒေသကျွမ်းကျင်သူ လမ်းပြသုံးဦးကို ကျွန်တော်၏တပ်ရင်းသို့ လာရောက်အပ်နှံပါသည်။ ဦးဘိုးဟန်နှင့် ကျွန်တော်သည် လမ်းပြသုံးဦးအား ကျွန်တော်တို့ သိလိုသော အချက်အလက်ကိစ္စများကို တစ်ခွန်းပြီးတစ်ခွန်း မေးခွန်းထုတ်လိုက်ကြပါသည်။

“ပျဉ်းမနားကနေပြီး အောင်လောင်ခေါင်းစခန်း၊ ပတ္တလားစခန်းအထိ ခရီးအကြမ်းဆန့်လိုက်ရင် မိုင်အကွာအဝေး ဘယ်လောက်ရှိမလဲ”

ကျွန်တော်၏မေးခွန်းကို လမ်းပြခေါင်းဆောင်လုပ်သူ ဦးခိုင်လေး ဆိုသူသည် အတန်ငယ်စဉ်းစားနေပြီးမှ …

“အကြမ်းဖျင်းပဲ မိုင်အကွာအဝေး ပြောနိုင်ပါလိမ့်မည် ဗိုလ်မှူးကြီး၊ သွားရမှာက ကွေ့ကွေ့ကောက်ကောက် တက်ချည်ဆင်းချည်နဲ့မို့ အဖျင်းဆုံး မိုင် ရှစ်ဆယ်နဲ့ တစ်ရာကြားမှာ ရှိမယ်ခင်ဗျား”

– ဆက်ရန် –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ