သုံးပွင့်ဆိုင်

Posted on

သုံးပွင့်ဆိုင်(စ/ဆုံး)

—————-

“””လူယုတ်မာ “””””””ဖြန်း””””
ခက်ထန်မာကြောသော စကားသံနှင့်အတူ သူ့ပါးပြင်တစ်ဖက်ကို ပြင်းထန်စွာကျရောက်လာသော လက်တစ်ဖက်…
မထင်မှတ်ပဲ လူတွေအများကြီးကြားမှာ ပါးကိုအရိုက်ခံလိုက်ရသဖြင့် သူရှက်ရွံ့ထူပူသွားရသည်..နေရာက ရုပ်ရှင်ရုံရှေ့ လူစည်ကားချိန်…
ဝတီကသူ့ရှေ့မှာရပ်ရင်း မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် သူနှင့်အဖြူ့ကိုစိုက်ကြည့်နေသည်…
“””ကိုကို”””
အဖြူက သူ့ကိုတလှည့် ဝတီ့ကိုတလှည့်ကြည့်ရင်း ထိတ်လန်အံ့သြနေဟန်ဖြင့်ခေါ်သည်
“””အဖြူ ကိုကိုနောက်မှသေချာရှင်းပြမယ် လောလောဆယ် အိမ်ပြန်လိုက်နော် ကိုယ်သူနဲ့စကားပြောစရာရှိလို့”””
အဖြူကသူ့ကို အံ့သြဝမ်းနည်းသောအကြည့်ဖြင့် တစ်ချက်ကြည့်ပြီး ချာခနဲလှည့်ထွက်သွားသည်..ဝတီက အဖြူ့လက်ကိုဖျတ်ခနဲဆွဲလိုက်ရင်း…
“””နင်ဘယ်မှမသွားရဘူး သူများရည်းစားကို ကြောင်တောင်နှိုက်တုန်းကနှိုက်ပြီး အခုမှဘယ်ပြေးမလို့လဲ စနိုက်ကြော်မရဲ့”””
“””ဝတီ မင်းဘာလုပ်တာလဲ”””
သူကဒေါသဖြင့်အော်ရင်း သူမလက်ကိုဆွဲဖြုတ်လိုက်သည်..ဝိုင်းကြည့်နေသောလူတွေကြား အဖြူကအလွန်အမင်းရှက်သွားဟန်ဖြင့် ဘယ်သူ့ကိုမှမကြည့်ပဲ ထိုနေရာမှပြေးထွက်သွားတော့သည်…
“””ဘာလဲ နင့်ကောင်မကိုထိလို့နာတာလား
နင်ကငါ့ကို အဲဒါကြောင့်ဇာတ်လမ်းဖြတ်လိုက်တာပေါ့လေ ဟုတ်လား အဲဒီကောင်မကြောင့် 4နှစ်သံယောဇဥ်ကိုဖြတ်ခဲ့တာပေါ့ “””
ဝတီက တခါမှမသုံးဖူးသော နင်တွေငါတွေသုံးကာ ငိုလဲငိုအော်လဲအော်ရင်း သူ့ရင်ဘတ်တွေ ပုခုံးတွေကို ဒေါသတကြီးရိုက်ပုတ်နေသည်..သူကဝတီ့လက်တွေကို အတင်းချုပ်ထားရင်း…
“””တော်တော့ဝတီ လူတွေအများကြီးနဲ့ မင်းမရှက်ဘူးလား””
“””ဘာ…ရှက်ရမယ်ဟုတ်လား ရှက်ရမှာက ဖောက်ပြန်တဲ့နင်တိုနှစ်ယောက်လေ ငါကဘာလို့ရှက်ရမှာလဲ””
“””တစ်နေရာမှာ အေးအေးဆေးဆေးစကားပြောကြမယ် လာ””
သူကဝတီ့လက်ကိုဆွဲကာ သူ့ကားရပ်ထားရာသို့ ခေါ်လာခဲ့သည်..ဝတီက ရုန်းရင်းကန်ရင်း အော်ရင်းငိုရင်းဖြင့် နောက်မှပါလာသည်…
သူကကားကို လူရှင်းသောမြို့ပြင်ဖက်ဆီသို့ မောင်းလာခဲ့သည်…
အရာရာကို ပြတ်သားဖို့အချိန်တန်လေပြီ…

🖤🖤🖤🖤🖤

အရာအားလုံး၏အစ…..
ဝတီနှင့်သူ ချစ်သူဖြစ်ကာစကတော့ အတော်ပျော်စရာကောင်းခဲ့ပါသည်.. သူဝတီ့ကို အမှန်တကယ်ချစ်မြတ်နိုးတာမို့ .ဘဝတစ်ခုလုံးစာအတွက် ရည်ရွယ်ထားခဲ့တာဖြစ်သည်..ဝတီကလည်း သူ့ကိုသိပ်ချစ်တာသူသိသည်
ကျောင်းတက်ရင်း ပထမနှစ်ကတည်းက မေဂျာတူသူမတို့အဖွဲ့နှင့် ခင်မင်ရင်းနှီးခဲ့သည်..သူမက အသားဝါညက်ညက် ခန္ဓာကိုယ်သွယ်သွယ် တင်ပါးထိရှည်သော ဆံပင်နက်နက်စင်းစင်းတွေနှင့် ကိုယ်လုံးအလှပေါ်လွင်သော မြန်မာဝတ်စုံလေးများကိုသာ ထည်လဲဝတ်ဆင်သူဖြစ်သည်..သူမရဲ့ရုပ်ရည်သွင်ပြင်ကို သူမြင်မြင်ချင်းသဘောကျမိခဲ့သော်လည်း ကိုယ့်ဖက်ကမသေချာရင် မစတင်ချင်သောသူ့အကျင့်ကြောင့် အချိန်ယူရင်းယူရင်းမှ တတိယနှစ်ရောက်မှဖွင့်ပြောဖြစ်ခဲ့သည်…
2နှစ်ကျော်ခင်မင်ရင်းနှီးလာခဲ့သည်မို့ သူမအကြောင်းကို သူသိသင့်သလောက်သိပြီးပြီဟု ထင်ခဲ့မိခြင်းလည်းဖြစ်သည်…သူ့အမြင်မှာ သူမကသိမ်မွေ့သည် မိန်းမဆန်သည်..တည်ငြိမ်ရင့်ကျက်သည်..တခြားမိန်းကလေးတွေနဲ့ယှဥ်လျင် လူကြီးဆန်ကာရင့်ကျက်သည်ဟု သူထင်ခဲ့မိ၍ဖြစ်သည်..တကယ်တော့ လူတစ်ယောက်အကြောင်းဆိုတာ ထဲထဲဝင်ဝင်ပေါင်းမကြည့်သ၍ သေချာမသိနိုင်ဘူးမဟုတ်လား…
ချစ်သူစဖြစ်ပြီဆိုကတည်းက မိန်းကလေးအများစုလိုပဲ တောင်းပါပြီ Fb password တဲ့ ပြီးတော့ Facebook မှာ rs ချိတ်ပေးရမတဲ့…
“””ဘာဆိုင်လို့လဲ ဝတီ ရာ ရည်းစားဖြစ်တာနဲ့ fb password ကဘာလို့လိုရတာတုန်း rs ချိတ်တာတော့ မောင်လဲတကူးတကမလုပ်ဖြစ်လို့ပါ တင်လိူက်ရင်ခနပဲဟာ”””
“””ဘာလဲ မောင်က ဘာတွေမဟုတ်တာလုပ်ထားလို့ password မပေးချင်ရတာလဲ ပြော”””
“””မဟုတ်ဘူးလေ အခုမောင့်ဖုန်းကို ဝတီကြိုက်သလိုကြည့် ရတယ် ဘာမှကန့်သတ်မထားဘူး ဒါပေမဲ့ password ပါပေးထားဖို့ကျ ဒါလူတစ်ဦးချင်းစီရဲ့ privacy လေ “””
“”ဟင်း မောင်တို့ယောကျ်ားလေးတွေကဒါပဲ privacy ဆိုတဲ့စကားကို ပါးစပ်ကမချဘူး ကိုယ်ရိုးသားတယ်ဆိုရင် မပေးစရာဘာအကြောင်းရှိလို့လဲ”””
ထိုကိစ္စနဲ့ သူမစိတ်ကောက်တာ တစ်ပတ်ခန့်ကြာသည်..သူဘာမှမဟုတ်တာမလုပ်သော်လည်း ကိုယ့် fb acc ကိုတခြားတစ်ယောက်ဝင်ကြည့်နေတာမျိုးမကြိုက်ပါ..ကိုယ့်အကောင့်မှာ Only me နဲ့ save ချင်တာရှိမည် သူငယ်ချင်းတွေနဲ့ ပေါက်ကရပြောတာ ရှိမည်..မိသားစုတွေ အမျိုးတွေနဲ့လည်း ပြောချင်တာပြောမည်..ဒါတွေကို လိုက်စောင့်ကြည့်ပြီး အထအနကောက်နေမှာမလိုချင်ပါ..
မည်သို့ပင်ဖြစ်စေ သူမတစ်ပတ်ခန့်စိတ်ကောက်အပြီးမှာတော့ သူ့ဖက်ကပဲလျှော့လိုက်ရပါတော့သည်..ပြသာနာက ခုမှစလာခြင်းဆိုတာ သူမသိခဲ့မိ…
သူ့အကောင့်ထဲ စစ်စစ်ပေါက်ပေါက်မွှေနှောက်ကြည့်ပြီး Messenger ကနေ စကားပြောထားမိသမျှ မိန်းကလေးတွေနဲ့ သဝန်တိုသည် ရစ်သည် Unfriend လုပ်ခိုင်းသည်..တကယ်ဆို အကုန်လုံးက ရိုးရိုးသားသားပြောထားကြသော သူငယ်ချင်း ဝမ်းကွဲညီမ ကွန်ပြူတာသင်တန်းက ဆရာမ စသည်တို့ဖြစ်သည်..ယောကျ်ားလေးသူငယ်ချင်းတွေနဲ့စနောက်ပြီးပြောထားတာတွေကိုလည်း အထအနကောက်ကာ ရစ်ပြန်သည်…ဟိုးအရင် သူမနဲ့မတွေ့ခင်က ကောင်မလေး 1/2 ယောက်နှင့် အီစီကလီပြောခဲ့မိသော chat တွေကိုလဲ ပြန်ဖတ်ကာရစ်ပြန်သည်..
ရည်းစားဖြစ်တာ တစ်လအတွင်းမှာ စိတ်ကောက်နေတာက 3 ပတ်လောက်မို့ သူတော်တော်စိတ်ညစ်သွားရသည်…ဒါအစပဲရှိသေးတယ်ဆိုတာ မွှန်နေတုန်းမို့ သူမသိခဲ့ပါ
မိန်းကလေးတွေဟာ ယောကျ်ားတစ်ယောက်နဲ့ ချစ်သူတွေဖြစ်တာနဲ့ အဲယောကျ်ားရဲ့အရာရာကို ပိုင်ဆိုင်သွားပြီ ထိန်းချုပ်နိုင်ခွင့်ရသွားပြီဟု ဘာကြောင့်ထင်ကြမှန်း သူမသိပါ..သူတို့အဲလိုထိမ်းချုပ်တားမြစ်တာတွေ နေရာတကာ ကန့်သတ်ချုပ်ချယ်တာတွေကိုလည်း ချစ်လို့ဟု ခေါင်းစဥ်တပ်ကြသေးသည်..
သူတို့ယောက်ျားတွေကတော့ရိုးရှင်းပါသည်..ဒီတစ်ယောက်ကိုသဘောကျရင်တွဲမည် ချစ်မည် ဘာစည်းမျဥ်းစည်းကမ်းတွေနဲ့မှ မထိမ်းချုပ်သလို ကန့်သတ်တားမြစ်တာတွေလဲမရှိ..အဆင်ပြေစေချင် ကောင်းစေချင်လို့ ပြောတာမျိုးပဲရှိလိမ့်မည်
..ကိုယ့်ချစ်သူဖြစ်လာပြီဆိုကတည်းက ကိုယ့်ဖက်ကတတ်နိုင်သလောက်ကောင်းပေးမည် ချစ်ပေးမည် သူမကြိုက်တဲ့အချက်တွေ အတတ်နိုင်ဆုံးပြုပြင်ဆင်ခြင်ပေးမည်..သူမဖက်ကလဲ ကိုယ့်အပေါ်တကယ်ချစ်ရင် ဒီလိုပဲဖြစ်လာလိမ့်မည်ဟုတွေးထားသည်
တွဲလာရင်းမှ ကိုယ်နဲ့အဆင်ပြေပြီး ဘဝလက်တွဲဖော်ဖြစ်သင့်သည်ဟုယူဆလျင် လက်ထပ်မည် အဆင်မပြေပဲ အတွေးအခေါ် အကျင့်စရိုက် စိတ်နေစိတ်ထားဘာမှမတူ ညှိမရအောင်ကွဲလွဲနေရင်တော့ လမ်းခွဲသင့်ရင်လမ်းခွဲကြမည်..ဘယ်လိုမှမစွန့်လွတ်နိုင်အောင် ချစ်မိနေရင်တော့ တစ်မျိုးပေါ့လေ…
🖤🖤🖤🖤🖤

အရက် ဘီယာ မသောက်ရ ဆေးလိပ်မသောက်ရ ကွမ်းမစားရ ဂိမ်းမဆော့ရ..တဲ့
အစကတည်းက အဲဒါတွေဝါသနာမပါသောသူ့အတွက် သူမရဲ့စည်းကမ်းချက်များကို လိုက်နာဖို့မခက်ခဲပါ သို့တိုင်အောင် အရက်ဘီယာ လုံးဝမသောက်ရဆိုတာတော့ ယောကျ်ားလေးတစ်ယောက်အတွက် မဖြစ်နိုင်တာ သူမသိသင့်ပါသည်..သူကိုယ်တိုင်လည်း ဗရမ်းဗတာ စည်းမဲ့ကမ်းမဲ့ သောက်တတ်သူမဟုတ်သလို သူ့သူငယ်ချင်းတွေလည်း အမြဲသောက်နေသူတွေမဟုတ်ပါ
တခါတလေ တစ်ယောက်ယောက်မွေးနေ့ ဒါမှမဟုတ် အထိမ်းအမှတ်တစ်ခုခုရှိသည့်အခါ
တစ်ယောက်ယောက်က ဘောပွဲနိုင်သည့်အခါ စသည်ဖြင့် တစ်လမှ 1/2 ခါ ပျှမ်းမျှသောက်ဖြစ်ကြသည်..ယောကျ်ားလေးတွေအတွက် ဘော်ဒါတွေစုံစုံညီညီနဲ့ သောက်ရင်းစားရင်း စကားဖောင်ဖွဲ့ရတာလည်း ဘာနဲ့မှမလဲနိုင်သော အရသာတစ်ခုပဲ မဟုတ်လား…
“”ဘီယာကတော့ လုံးဝမသောက်ရဘူးလို့တော့ ပြောလို့မရဘူးလေကွာ မောင် တို့ယောကျ်ားလေးတွေမှာ အပန်းဖြေစရာဒါပဲရှိတာ ပြီးတော့ မောင်ကအမြဲသောက်နေတာမှမဟုတ်တာ တခါတလေ သူငယ်ချင်းတွေနဲ့အပျော်သဘောသောက်တာလေ”””
“”အဲဒီလို အပျော် အပျော်နဲ့ ကြာရင်အပျက်ဖြစ်သွားတာပဲလေ အရက်သောက်တာ ဘာများပျော်စရာရှိလို့လဲ တခြားပျော်စရာတွေမှအများကြီး Shopping ထွက်မလား ရုပ်ရှင်သွားကြည့်မလား စာဖတ်မလား အဲလိုသာဆို ဝတီလဲဘေးကအဖော်လိုက်ပေးနိုင်တယ်”””
ဝတီ့စကားကြောင့် သူရယ်ရခက် ငိုရခက်…
ဖတ်သောစာပေ ကြည့်သောရုပ်ရှင် ဘာမှမတူသောသူမနှင့် ဘယ်လိုအပန်းဖြေရပါ့…
သူကအသစ်ထွက်သော Brad pitt ကားကြည့်ချင်ပေမဲ့ သူမက မြန်မာဟာသကားကြည့်ချင်သည်ဆို၍ စိတ်မပါလဲလိုက်ကြည့်ရသည်..ရုပ်ရှင်ကြည့်တိုင်း သူမ ကြည့်ချင်သောမြန်မာကား ထိုင်းကား ကိုရီးယားကား စသည်တို့ကိုလိုက်ကြည့်ပေးရသော်လည်း သူကြည့်ချင်သောနိုင်ငံခြားကားကြည့်မည်ဆိုလျင် ခေါ်လို့မရ ပျင်းဖို့ကောင်းသည် တဲ့..သူ့သူငယ်ချင်းတွေနဲ့သွားကြည့်မည်ဆိုတော့လည်း မသွားရ သူမနှင့်မှသွားရမည် တဲ့
သူဇွတ်ခေါ်၍ တစ်ခါတလေ နိုင်ငံခြားကားလိုက်ကြည့်လျင်လည်း နေကြာစေ့ခွာပေးရ မုန့်ထုပ်ဖောက်ပေးရ ဘေးကနေစကားတွေပြောတာ နားထောင်ပေးရနှင့် ကောင်းကောင်းမကြည့်ရ..
နောက်တော့ သူကြိုက်သောကားတွေဆို သူမနှင့်အတူကြည့်ဖို့ လက်လျှော့လိုက်ရသည်
ညဆိုလည်း Netflix က ဇာတ်ကားကြည့်နေတုန်း သူမက Messenger ကနေ Screen share လုပ်ပြီး ဇာတ်ကားကြည့်ရအောင် ဆိုပြီး link တွေပို့လာသည်က ကိုရီးယားဇာတ်လမ်းတွဲ တရုတ်/ထိုင်း Bl ဇာတ်လမ်းတွဲ…
အဲဒါတွေကိုတော့ သူဘယ်လိုမှသည်းခံမကြည့်နိုင်သည်မို့ အိပ်ချင်နေပြီ ဟုပြောကာ လိုင်းဇွတ်ပိတ်ရသည်..ဒါတောင် သူနဲ့အတူမကြည့်လို့ စိတ်ကောက်ခံရသေး..
စာအုပ်ဆိုလည်း မိန်းကလေးတွေဖတ်သင့်သည်ဟုသူထင်သော ဂျာနယ်ကျော်မမလေး မစန္ဒာ ဂျူး စသည့်စာအုပ်တွေကို ဖတ်စေချင်လို့ပေးသော်လည်း ကိုင်ကြည့်ပြီး “ဟွန့် ပျင်းစရာကြီး””တဲ့
တခါကတော့ ထူးဆန်းစွာပင် သူ့ကိုစာအုပ်ဝယ်ခိုင်း၍ သူအထင်ကြီးရသေးသည်..
“”မောင် မနက်ဖန်ကျ စာအုပ်လေးဝယ်ချင်လို့ သွားပြီးတန်းစီပေးပါလား မရမှာစိုးလို့ပါ””တဲ့
မရမှာစိုးလို့ဆိုတော့ သူ့တော့ ဘာစာအုပ်လဲပေါ့ ပြီးတော့ Wattpad ကနေ စာအုပ်အဖြစ်ရောက်လာတဲ့ မြန်မာ Bl ဝတ္ထု…အဲဒါကိုတန်းစီဝယ်ရဦးမတဲ့ ပြီးတော့ စာအုပ်စျေးကလဲမိုးပျံ…
ရှိသေးသည် လူမမှည့်သော နာမည်အဆန်းအပြားတွေနှင့် အပေါစားတရုတ်ဇာတ်လမ်းတိုဆန်ဆန်ရေးထားသော ဝတ္ထုတွေနှင့်
ပို့စ်မော်ဒန်လိုလို ဘာလိုလို အရေးအသားများနှင့် မွဲပြာပုဆိုးဇာတ်လမ်းကို တန်ဆာဆင်ထားသောဝတ္ထုများကို သူမအလွန်ဖတ်သည်..ထိုစာအုပ်တွေထဲမှ ကြောင်တောင်တောင် ဒိုင်ယာလော့ခ်တွေကိုလဲ ပုံရိုက်ကာ myday တင်ရတာအမော..
စာပေ ရုပ်ရှင် ဂီတ ဘာတစ်ခုမှအကြိုက်ချင်း ခံစားမူခြင်းမတူသောသူမနှင့် ဘယ်လိုညှိရပါမည်နည်း…
“””မသောက်ရဘူးနော်မောင် ဒါမောင့်အတွက်ပြောနေတာ ဘာကောင်းကျိုးမှမရှိ ဆိုးကျိုးပဲရှိတဲ့ဟာကို ဘာလို့သောက်ချင်ကြမှန်းမသိဘူး အရသာကလဲဆိုးသေး””
ဝတီက နှာခေါင်းရှုံ့ရင်းချစ်စဖွယ်ပြောတော့ သူရယ်မိသည်..
“””အဲဒါဆို ဝတီတို့စားနေတဲ့ Spicy ခေါက်ဆွဲတို့ ဘာတို့ကရော ဒီလောက်ပူစပ်ပြဲနေတာကို ဘာလို့စားကြတာလဲ ပိုက်ဆံလဲကုန်သေး ရောဂါလဲရဦးမယ်””
သူဒီလိုပြောတော့ သူမစိတ်ကောက်၍ ချော့ရပါသေးသည်..ဝတီက အပူအစပ် တို့ မူကထ ဟော့ပေါ့တို့ အလွန်ကြိုက်ပြီး သူကအဲလို ပူပူလောင်လောင်နှင့် အချိန်ပေးပြီး အလုပ်ရှုပ်ခံ စားရတာမျိုးကို သဘောမကျပါ..သို့တိုင်အောင် သူမစားချင်လျင် အဖော်လိုက်ပေးရမြဲ..ကိုယ်တိုင်တောင် အလုပ်အရှုပ်ခံပြီးမစားသောသူ့ကို အသားကင်ခိုင်းသည် ပုဇွန်အခွန်ခွာခိုင်းသည် ဟိုဟာယူပေးပါဦး ဒီဟာယူပေးပါဦးနှင့် ဖင်မထိုင်ရ.. သူ့မှာ သူမထံမှ “မူကထသွားစားရအောင်”ဟု ကြားရမှာကိုပင် သေမလောက်ကြောက်နေမိတော့သည်..မလိုက်ပြန်ရင်လည်း စိတ်ကကောက်သေးသည်လေ…
သူမမှာ သူ့ကိုစိတ်ကောက်စရာအကြောင်းများစွာ မထပ်အောင်ရှိနေသည် မအားလို့ သူမ ခေါ်တာမသွားမိလျင် စိတ်ကောက်သည်
..ဖုန်းခေါ်တာမကိုင်မိလို့စိတ်ကောက်သည် မအားလို့ message ပြန်မပို့မိရင် စိတ်ကောက်သည် Facebook မှာ Surprise ပေးတဲ့ post တွေ mention ထားတာ reply မပြန်လို့စိတ်ကောက်သည် ဖုန်းပြောရင်းအိပ်ပျော်သွားမိလို့ စိတ်ကောက်သည် သူငယ်ချင်းကောင်မလေးကို စကားပြောမိလို့စိတ်ကောက်သည်..
တခါတလေ စိတ်ကောက်ရသောအကြောင်းရင်းကိုပင် သူမသိ..တစ်ခါကလဲ သူဖုန်းဆက်တာကို ကောင်းကောင်းမပြော ဆူအောင့်နေသည်..လူချင်းတွေ့တော့လည်း မျက်နှာကသုန်မှုန်ကာ စကားကောင်းကောင်းမပြော..”ဘာဖြစ်လို့လဲ “ဟုမေးတော့လည်း “ဘာမှမဖြစ်ဘူး”တဲ့ နောက်မှပြန်သိရသည်က သူမသူငယ်ချင်း ဖူးဖူး ကို ဖူးဖူး၏ချစ်သူက ကျောင်းအထိ Surprise လာလုပ်သည့်ကိစ္စ..
ချစ်သူဖြစ်တာ ဘယ်နှစ်လပြည့် အမှတ်တရဆိုလား ပန်းစီးနှင့် အရုပ်တွေလာပို့ကာ Facebook မှာပါ video တွေ ဓာတ်ပုံတွေရိုက်တင်ထားတာတွေ့ရသည်..
“””သူများတွေကြည့်ပါဦး အချစ်ခံရတာများ
ဘယ်လောက်အားကျစရာကောင်းလဲ ကိုယ့်ချစ်သူပျော်သွားအောင် တခါတလေ အဲလိုလေးလုပ်ပေးမယ်များ မတွေးမိဘူးလား မွေးနေ့ရော anni ရော ပြီးသာသွားတယ် Surprise ဆိုတာ အချိုရည်လား မေးယူရမယ်”””
သူမကစိတ်ဆိုးမာန်ဆိုးပြောတော့ သူတကယ်အံ့သြသွားရသည်..တကယ်ဆို ဘာနေ့ညာနေ့မှမဟုတ်လည်း သူဟာသူမဘေးမှာအမြဲရှိပြီး သူမ လုပ်ချင်တာ လိုချင်တာ အကုန်လိုက်ဖြည့်ဆည်းပေးခဲ့သည်မဟုတ်လား အခုတော့ ဒါတွေအားလုံးဟာ အဲဒီ ပန်းစီးတစ်စီး အရုပ်တစ်ခုလောက်တောင် အရေးမပါဘူးတဲ့လား ဟု သူစိတ်မကောင်းစွာတွေးမိပါသည်..
သူမသည် အလွန်အချစ်ခံချင်သည် ဂရုစိုက်ခံချင်သည် ဦးစားပေးခံချင်သည်..အချစ်ခံရကြောင်း ဂရုစိုက်ခံရကြောင်းလည်း public မှာပြချင်သည်..မိန်းကလေးသဘာဝမို့ ဒါကိုသူနားလည်ပေးနိုင်သော်လည်း တမင်သက်သက်အနိုင်ယူတာ နိုင်ကြောင်းပြချင်တာကိုတော့ သူမကြိုက်ပါ..
ချစ်သူတွေသဘာဝ ပျော်စရာကောင်းတဲ့အချိန်တွေလဲ အများကြီးရှိခဲ့ပါသည်..အမှတ်တရတွေလည်းအများကြီးရှိခဲ့ကြသည်..မေ့မရနိုင်သော လှိုက်မောယစ်မူးစရာ ရင်းနှီးပတ်သက်မူတွေလည်းရှိခဲ့ကြသည် အချစ်သာရှိနေရင် တခြားဘာမှမလိုအပ်တော့ဟု ရူးရူးမူးမူးတွေးခဲ့မိသည့်အချိန်တွေပင်ရှိခဲ့ဖူးပါသည်
ဒီလိုအချစ်တွေကို တဖြည်းဖြည်း အငွေ့ပျံပျောက်ဆုံးသွားအောင် ဘယ်အရာတွေကဖန်တီးခဲ့ပါသလဲ…

🖤🖤🖤🖤🖤
“””မောင် အခုချက်ခြင်းပြန်လာခဲ့”””
ဖုန်းကိုင်ကိုင်ခြင်း ခက်ထန်စွာထွက်ပေါ်လာသော ဝတီ့စကားကြောင့် သူမျက်နှာပျက်သွားမိကာ သူငယ်ချင်းတွေကိုလှမ်းကြည့်လိုက်မိသည်..တော်သေးသည်..သူတို့က စကားပေါနေကြသည်မို့ သူ့ကိုအာရုံမစိုက်မိကြ.
သူကစားပွဲမှထကာ ခပ်လှမ်းလှမ်းသို့လျှောက်လာခဲ့ပြီးမှ…
“””ဘာဖြစ်နေတာလဲကွာ မောင် ဒီနေ့ သော်စစ် တို့နဲ့သွားတွေ့မယ်လို့ ပြောပြီးသားကို””
“””တွေ့တာကတွေ့လေ ဝတီဘယ်မှာတားလို့လဲ ဒါပေမဲ့ လုံးဝမသောက်ပါနဲ့လို့မှာထားတာကို ဂရုကိုမစိုက်တာပေါ့ ဟုတ်လား ခုနက သော်စစ် Facebook မှာပုံတင်လိုက်မှသိတယ် စားပွဲပေါ်မှာ ပုလင်းပေါင်းကိုစုံနေတာပဲ “””
ဝတီက ဒေါသတကြီးပြောနေသည်..သူကသက်ပြင်းမောတစ်ချက်ချလိုက်မိရင်း…
“””ယောကျ်ားလေးသူငယ်ချင်းတွေဆုံကြတာလေကွာ အသောက်အစားကတော့ ပါမှာပဲပေါ့ ကိုယ်လဲအရမ်းကြီးသောက်နေတာမှမဟုတ်တာ အပြန်ကားလဲမောင်းရဦးမှာလေ”””
“””ဟင့်အင်း နည်းနည်းလဲမရဘူး များများလဲမရဘူး ခုပြန်ခဲ့တော့ ဝတီမကြိုက်ပါဘူးလို့ ဒီလောက်ပြောထားတဲ့ဟာကို”””
“””အဲလိုထပြန်လို့မရဘူးလေကွာ ဒီကောင်က သုံးလေးလနေမှတစ်ခါ နယ်ကလာရတာ ကိုယ့်ဖက်ကဝတ္တရားတော့ကျေရမှာပေါ့ အခုသောက်တာစားတာတွေတောင် သူပဲအကုန်ဒကာခံတာ လူတော့ဧည့်ဝတ်ကျေဦးမှပေါ့”””
“””အဲလောက်ဧည့်ဝတ်ကျေချင်နေရင် ဝတီ မနက်ဖန်ကျ ထမင်းဖိတ်ကျွေးမယ် ဟုတ်ပြီလား အရက်အလကားတိုက်တိုင်းတော့ သောက်ပေးနေစရာမလိုဘူးလေ””
ဝတီ့စကားကြောင့် သူ့စိတ်တွေထောင်းခနဲတိုသွားရသော်လည်း ဘာမှမပြောမိအောင်ထိန်းလိုက်သည်..ဝတီကသာဆက်ပြီး..
“””ခုပြန်လာနော်မောင် ပြန်မလာရင် မောင်နဲ့ဝတီ ပြတ်ပြီလို့သာမှတ် နောက်နာရီဝက်နေလို့မှ မောင်အိမ်ပြန်မရောက်ရင်ပေါ့”””
ဝတီကပြောချင်တာပြောပြီး ဖုန်းချသွားသည်.
သူ့ဖုန်းကို ကိုင်ပေါက်လွှင့်ပစ်ချင်သောစိတ်ကိုမနည်းထိန်းပြီး စားပွဲဆီပြန်လာခဲ့သည်..ဖုန်းကိုတော့စက်ပိတ်ထားလိုက်တော့သည်..ဖြစ်ချင်တာဖြစ် သူဂရုမစိုက်ချင်တော့ပါ…
ထိုညက အိမ်ပြန်ရောက်တော့လည်း ဖုန်းဖွင့်မနေတော့ပဲ ရေချိုးပြီးအိပ်လိုက်ရာ မနက်နေမြင့်မှနိုးသည်..ထိုအခါကျမှ ဖုန်းဖွင့်ကြည့်လိုက်တော့ ညက 2 ခါခေါ်ထားတာတွေ့ပြီး ထပ်ခေါ်ထားတာမတွေ့ရ..သူမအကြီးအကျယ်စိတ်ဆိုးသွားပြီဆိုတာ သူသိသော်လည်း ခါတိုင်းလို ဖုန်းတွေခေါ် message တွေတသီကြီးပို့ပြီး ချော့ဖို့ သူစိတ်ကုန်နေသည်
အကြောင်းတစ်ခုခုနှင့် သူမစိတ်ကောက်တိုင်း စက်ပိတ်ထားသောသူမဖုန်းကို မကြာခနခေါ်ပေးရသည်..ဖုန်းပြန်ဖွင့်လို့ သူဖုန်းခေါ်ထားတာမတွေ့ရင်
“”””မောင်က ဖုန်းတောင်အားစိုက်ပါးစိုက်မခေါ်ဘူး တကယ်ပြတ်ချင်တာလား ဘာညာ ရစ်တာတွေကြောင့်ဖြစ်သည်..
“””မောင်မှားပါတယ် နောက်မဖြစ်စေရဘူး မောင့်ကိုခွင့်လွတ်ပါနော် စိတ်ဆိုးပြေတော့နော် မောင့်ကိုပစ်မထားပါနဲ့ကွာ”””
အဲလို ph message တွေကို စိတ်ကောက်မပြေမချင်း တောက်လျှောက်ပို့ရသေးသည်..သူမ ကြိုက်တတ်တဲ့မုန့်တွေ မသိအောင်မှာပြီး ပို့ခိုင်းရသေးသည်..တခါတလေတော့ ပန်းစီး အရုပ်ပေါ့..
သူအမှားလုပ်မထားပါပဲ ဒီလိုချော့တာတွေ တောင်းပန်တာတွေ ဘယ်ချိန်ထိလုပ်နေရမှာလဲ..ချစ်သူသက်တမ်း2 နှစ်နီးပါးရှိလာချိန် သူမရင့်ကျက်လာမလားဟုမျှော်လင့်ရင်း နားလည်အောင်ပြောပြခဲ့ အခါအခွင့်သင့်တိုင်း အေးအေးဆေးဆေးရှင်းပြခဲ့သော်လည်း အခြေအနေကထူးမလာပါ..
တစ်လမှ 10 ရက်လောက် သူမကိုချော့နေရတာ
ကျန်တဲ့အချိန်တွေမှာလည်း သူမသွားချင်တာတွေလိုက်ပို့ရတာ သူမကိုအချိန်ပေးရတာနှင့် သူလုပ်စရာရှိတာတွေကို အပြည့်အဝအာရုံမစိုက်နိုင်တော့..အချိန်မပေးနိုင်ရင် ဘာလို့ရည်းစားထားလဲ ဟုတချို့ကမေးလိမ့်မည်..အချိန်ပေးသည်ဆိုရာမှာ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတော့ ထိခိုက်ဖို့အထိမလိုအပ်ဟု သူတော့ထင်ပါသည်
..ကျောင်းတက်နေစဥ်ကတည်းက အားတဲ့အချိန်တွေမှာ ကွန်ပြူတာသင်တန်းတက်ရင်း အခုကျောင်းပြီးသွားတော့ LCCI ပါတက်နေသောသူ့မှာ သူမလောက်အချိန်တွေပိုမနေပါ သုမကိုအတူတက်ဖို့ စည်းရုံးခဲ့သော်လည်း လက်မခံခဲ့..
“””နောက်ကျ အဲဒီသင်တန်းတွေအလုပ်တွေက တောက်လျှောက်လာတော့မှာ ခုချိန်လေးပဲ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နေရတာလေမောင်ရဲ့”””တဲ့
တစ်နေ့တစ်နေ့ ကိုရီးယား တရုတ် ထိုင်း ဇာတ်လမ်းတွဲတွေ တစ်နေကုန်ကြည့်လိုက် ဆံပင်ဆိုင်သွားလိုက် အလှပြင်ဆိုင်သွားလိုက် လက်သည်းပြင်ဆိုင်သွားလိုက် စျေးဝယ်ထွက်လိုက်နှင့် သူမအချိန်တွေဖြုန်းသမျှ နောက်ကလိုက်ပေးနေရသော သူ့ဝဋ်ကြွေးများသည်
သူအလုပ်ရသောအခါမှပင် လုံးလုံးလျားလျားလွတ်သွားပေတော့သည် ရုံးပိတ်ရက်တော့ ချွင်းချက်ပေါ့လေ…
🖤🖤🖤🖤🖤

သူခါတိုင်းလိုစာမပို့ ဖုန်းမဆက်ပဲ အိမ်မှာပဲ စာဖတ်ရင်းအချိန်ဖြုန်းနေခဲ့ရာ ညနေလောက်ကျတော့ သူမဆီကဖုန်းဝင်လာသည် စကားများရန်ဖြစ်ကြတိုင်း ဘယ်တော့မှစမခေါ်တတ်သူမို့ သူနည်းနည်းတော့ အံ့သြသွားရသည်
“””ကိုမိုးထက်ယံ ရှင်ကဒီလိုပေါ့ ဟုတ်လား အသစ်တွေ့နေတော့ ကျွန်မကိုတောင် မချော့ချင်လောက်အောင် ဖြစ်နေတာပေါ့လေ”””
သူမရဲ့ဒေါသတကြီးလေသံကြောင့် သူ့အံ့သြစိတ်က ဖျတ်ခနဲပျောက်ကွယ်သွားရသည်..သူဖုန်းမဆက်တာကို မခံချင်စိတ်နဲ့ ရန်လာတွေ့ခြင်းသာ..
“””ဘယ်သူလဲ ရှင်တို့ရုံးက သက်သက်ဇင် ဆိုတဲ့တစ်ယောက်လား ဒါမှမဟုတ် ရွှေစင်ဖူး ဆိုတဲ့တစ်ယောက်လား ဒါမှမဟုတ် လက်ထောက်မန်နေဂျာဆိုတဲ့အစ်မလား ဟမ်”””
သူမစကားတွေကို ပါးစပ်အဟောင်းသားနှင့်နားထောင်ရင်း ရုံးကကောင်မလေးတွေနာမည်ကို သူပြန်စဥ်းစားနေမိသည်..အလုပ်ဝင်တာ 2 လလောက်ပဲရှိသေးတာမို့ သူတောင်နာမည်တွေကို သေချာမမှတ်မိသေးချိန် သူမကဘယ်လိုသိနေပါလိမ့်…
မည်သို့ပင်ဖြစ်စေ သူမဖုန်းဆက်လာတော့ ချော့ရမဲ့တာဝန်ရှိလာပြီမို့ ပါးစပ်အမြှုပ်ထွက်မတတ် ရှင်းပြခြင်းအလုပ်ကို လုပ်ရပါတော့သည် ပြီးလျင် သူမအရမ်းကြိုက်သော မာလာရှမ်းကော ဆိုင်သို့ဖုန်းဆက်ပြီး ပို့ခိုင်းရပါဦးမည်
“”စိတ်ဆိုးပြေပါတော့ အချစ်ကလေး အရမ်းချစ်တယ်နော်”” ဆိုတဲ့ စာရွက်လေးလဲ ထည့်ခိုင်းရပါဦးမည်…
သူ၏ ချစ်ဒုက္ခများပေါ့လေ..

>>>ဆက်ရန်<<<

May 🖤

#သုံးပွင့်ဆိုင်”(အပိုင်း 2)
သူ့ဘဝထဲကိုနောက်ထပ်ဝင်ရောက်လာသော အဖြူရောင် ဆိုသောသူမနှင့် တွေ့ဆုံမူအစက ဘာမှထူးဆန်းမနေခဲ့ပါ..အဖြူက သူတို့ကုမ္မဏီရဲ့ဝန်ထမ်းသစ်လေးဖြစ်ပြီး တစ်ရုံးတည်းအလုပ်လုပ်ရင်း အစပိုင်းတော့ မေးထူးခေါ်ပြော လောက်သာ ရင်းနှီးခဲ့ကြသည်..အဖြူဟာ အရမ်းထူးခြားလှပနေသူမဟုတ်သလို လူအများကြားထင်းထွက်နေသူလည်းမဟုတ်ခဲ့ပါ..
သို့တိုင်အောင် အဖြူ့ကိုမြင်တိုင်း သူသတိထားမိတာတစ်ခုတော့ရှိသည်..အမြဲတမ်းရေချိုးပြီးစလို ရှင်းသန့်ကြည်လင်နေသောမျက်နှာလေးနှင့် မျက်မှန်အကြည်လေးနောက်မှ တောက်ပစူးရှသောမျက်လုံးလေးများဖြစ်သည်.
ဆံပင်အနက်ရောင်များကို အမြဲသေသပ်စွာ ခပ်မြင့်မြင့်စည်းထားပြီး မိန်းမဆန်သောအဝတ်အစားများ သိပ်ဝတ်လေ့မရှိပဲ ရှပ်လက်ရှည် စတိုင်ပင် ဂျင်းဘောင်းဘီ စသည်တို့ကို ထည်လဲဝတ်လေ့ရှိသည်..
အားလပ်ချိန်များတွင် တခြားမိန်းကလေးတွေလို စကားတွတ်ထိုးတာ tiktok ကြည့်တာမျိုးမလုပ်ပဲ ကွန်ပြူတာရှေ့မှာ တစ်ကုပ်ကုပ်နှင့် ဘာတွေလုပ်နေမှန်းတော့မသိ..အလုပ်ကိစ္စလောက်သာ ဆက်ဆံမူရှိသော သူတို့နှစ်ယောက်ကြား စာအုပ်တစ်အုပ်ကြောင့် အခြေအနေတွေပြောင်းလဲခဲ့ရခြင်းဖြစ်သည်
…ထိုနေ့က သူမစားပွဲရှေ့မှဖြတ်သွားရင်း သူအရမ်းဖတ်ချင်နေပြီး ရှာမရသော ရှားပါးစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသဖြင့် သူမနေနိုင်ပဲ မေးလိုက်မိသည်…
“””ဒါညီမစာအုပ်လား ကျွန်တော်တော့ ဖတ်ချင်လို့ရှာနေတာကြာပြီ ရှာကိုမရဘူး”””
“””ဟုတ်တယ်အစ်ကို ညီမလည်းဖတ်ချင်လို့ စာအုပ်အဟောင်းရောင်းတဲ့အစ်ကိုတစ်ယောက်ကို အကူအညီတောင်းထားလို့ သူကရတာနဲ့လှမ်းပြောပေးတာလေ..
…အစ်ကိုဖတ်ချင်ရင် ညီမ ဖတ်ပြီးရင် ယူဖတ်လို့ရပါတယ်”””
“””ကျေးဇူးပါ ညီမရယ် အစ်ကိုဒီစာအုပ်ကို တော်တော်ဖတ်ချင်နေတာ ဘယ်မှာရှာမရလို့”””
အဲဒီနောက်ပိုင်း သူမနှင့်ခင်မင်ရင်းနှီးလာမှ တဖြည်းဖြည်းသိလာရသည်မှာ သူမက သူ့ထက်ပင်စာဖတ်သူတစ်ယောက်ဖြစ်သည်..သူမကလေးဘဝတုန်းက သူမ၏ဦးလေးဖြစ်သူက စာအုပ်အငှားဆိုင်ဖွင့်ထားတာမို့ စာအုပ်အတော်များများဖတ်ဖူးခဲ့သည်တဲ့..ဦးလေးဖြစ်သူ ဆိုင်ဆက်မဖွင့်ဖြစ်တော့တဲ့အချိန်မှာ သူမကစာအုပ်တွေအကုန်လုံးသိမ်းဆည်းထားပြီး မဂ္ဂဇင်းများနှင့်အချစ်ဝတ္ထုစာအုပ်များကိုတော့ လှူတာလှူ ပေးတာပေးပစ်လိုက်သည်…
အဲနောက်ပိုင်းတော့ သူဖတ်ချင်သည်ဆိုသော စာအုပ်များကို အဖြူကရှာကာယူလာပေးတတ်ပြီး သူကလည်း သူ့ထံမှစာအုပ်များကို ပြန်ငှားပေးကာ လဲလှယ်ဖတ်ကြသည်..ရုံးမှာအလုပ်အားချိန်ဆို ဖတ်ခဲ့သမျှစာအုပ်တွေအကြောင်း အပြန်အလှန်ပြောဖြစ် ဆွေးနွေးဖြစ်ကြသည်
ရုံးကလူတွေပင် နားကြားပြင်းကပ်သည့်အထိပင်…
အလုပ်ကိစ္စနဲ့ပတ်သက်ပြီး မသိတာရှိရင်လည်း အဖြူကသူ့ကိုမေးတတ်သလို သူကလည်းသေချာရှင်းပြ သင်ပြပေးတတ်သည်..များသောအားဖြင့် ဝန်ထမ်းတွေက “မသိဘူး နားမလည်ဘူး လုပ်ပေးပါဦး”စသည်ဖြင့် အလွယ်ဖြတ်ကျော်တတ်ကြသော်လည်း အဖြူကတော့ထိုသို့မဟုတ် …
..သူမက သင်ယူချင်စိတ် လေ့လာချင်စိတ်အပြည့်ရှိကာ အလုပ်ကို မခိုမကပ်လုပ်တတ်သူမို့ သူသဘောကျမိသည်..
“””အစ်ကို ဒါလေးဖတ်ကြည့်ပြီး အကြံညဏ်ပေးလို့ရမလား အဖြူဘယ်လိုမှ idea မရတော့လို့”””
အဖြူက သူ့ Laptop ကိုလာပြရင်းပြောသည်..သူကယူကြည့်လိုက်တော့ နည်းပညာ page တစ်ခုအတွက် content ရေးထားတာတွေ့ရ၍ သူအံ့သြသွားမိသည် လက်စသတ်တော့ အလုပ်အားချိန်တွေမှာ သူမတကုပ်ကုပ်လုပ်နေခဲ့တာ ဒါတွေကိုး..
“””အဖြူက Online ကလည်း အလုပ်တွေလုပ်နေတာပေါ့ ဟုတ်လား”””
“””ဟုတ်တယ်အစ်ကို content တွေရေးပေးတယ် Logo ဆွဲပေးတယ် အားတဲ့အချိန်လေး မုန့်ဖိုးရတာပေါ့”””
“””အဖြူက English class လည်း Online ကတက်နေတယ်ဆို ရုံးအလုပ်တစ်ဖက်နဲ့ အားတဲ့အချိန်ရောရှိလို့လား”””
“””ရှိတယ်လေအစ်ကို အခုလိုထမင်းစားနားချိန် ခနလုပ်လို့ရတယ် ညဖက်တွေလုပ်လို့ရတယ် နေ့တိုင်းတော့မလုပ်ပါဘူး တစ်ခါတလေတော့ စာဖတ်ဖို့ ရုပ်ရှင်ကြည့်ဖို့ အချိန်ပေးရသေးတယ်လေ”””
အဖြူကရယ်ကျဲကျဲနှင့်ပြောသည်..အဖြူ့ရဲ့အလုပ်လုပ်နိုင်စွမ်းကိုတော့ သူတကယ်အံ့သြရပါသည်..
“””အဖြူက ဘာဖြစ်လို့အဲလောက် အလုပ်တွေလုပ်နေရတာတုန်း လူငယ်ပဲကွာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးလေးနေပါဦးလား”””
သူကထိုသို့ပြောတော့ အဖြူကပြုံးကာ တည်တည်ငြိမ်ငြိမ်လေးပြန်ဖြေသည်..
“””အဖြူတို့က အစ်ကိုတို့လိုမပြည့်စုံဘူးအစ်ကိုရဲ့ ဖေဖေကလဲ ပင်စင်ယူလိုက်ရပြီ မေမေက ကျန်းမာရေးမကောင်းတော့ ဘာမှသိပ်မလုပ်နိုင်ဘူး အဖြူကျောင်းတက်တာတောင် အလုပ်တစ်ဖက်နဲ့ အဝေးသင်ပဲ တက်ခဲ့တာ LCCI တက်ဖို့တွေ အဖြူတက်ချင်တဲ့သင်တန်းတွေ တက်ဖို့တွေ အဖြူ့ဘာသာရှာခဲ့ရတာ”””
“””အဖြူ့မှာ အစ်ကိုနဲ့အစ်မ ရှိတယ်ဆို သူတို့တွေကရော ပြန်မကြည့်ကြဘူးလား”””
“”””ဖေဖေနဲ့မေမေ့ကိုတော့ သူတို့လစဥ်ထောက်ပံ့ပေးပါတယ် အဖြူ့အတွက်တော့ ဒုက္ခမပေးချင်တော့ဘူးလေ သူတို့လည်းမိသားစုကိုယ်စီနဲ့မို့”””
အဖြူ့စကားကြောင့် သူ့ကိုယ်သူပင် ရှက်သလိုဖြစ်သွားရသည်..ခုအသက်အရွယ်ထိ မိဘအကူအညီမယူပဲ လုပ်နိုင်ခဲ့တာဆိုလို့ စာကြိုးစားခဲ့တာတစ်ခုပဲ ရှိသည်လေ..ဒီအလုပ်ကိုတောင် အစ်ကိုဝမ်းကွဲရဲ့ကုမ္မဏီမို့ ရှောရှောရှူရှူရခဲ့ခြင်းပင်..
အဖြူနဲ့ခင်မင်ရင်းနှီးတာကြာလေ အဖြူ့စိတ်ဓာတ် အကျင့်စရိုက် အတွေးအခေါ်တို့ကို သဘောကျမိလာဖြစ်သည်..သို့တိုင်အောင် မရိုးသားသောစိတ်ဖြင့် သဘောကျမိခြင်းတော့မဟုတ်ပါ အဖြူကလည်း သူ့အပေါ် အစ်ကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို သဘောထားတာသူသိသည်..
အဖြူကပွင့်လင်းသည် တချို့မိန်းကလေးတွေလို ဟန်ဆောင်ပန်ဆောင်လုပ်တာမျိုး စိတ်ဆိုးစိတ်ကောက်တာမျိုး မရှိသလောက်ရှားသည် ရုံးကဝန်ထမ်းမိန်းကလေးတွေအချင်းချင်း မတည့်တာ ရွဲ့တာစောင်းတာ ပြသာနာတွေတက်တာ မကြာခနကြားရသော်လည်း အဖြူ့မှာအဲလိုပြသာနာမရှိ… ရှိရင်တောင် သူမအာရုံမစိုက်တာ ဖြစ်နိုင်သည်..
“””အဖြူရေ စနေနေ့ကျရင် အစ်မတို့စုပြီး မုန့်စား စျေးဝယ် လုပ်ကြမလို့ လိုက်မလား ရုပ်ရှင်ကောင်းရင်လဲ ဝင်ကြည့်မယ်လေ”””
“””လိုက်တော့ပါဘူးမမရယ် အဖြူလုပ်စရာလေးတွေရှိနေလို့ နောက်တစ်ခေါက်မှလိုက်ခဲ့မယ်နော် အဖြူ့ဖို့မုန့်ဝယ်ခဲ့””
ရုံးကအစ်မတစ်ယောက်ခေါ်တော့ အဖြူငြင်းလိုက်တာ ကြားရသည် သူမ ဝယ်စရာသုံးစရာ ပိုက်ဆံများများစားစားမရှိလို့ မလိုက်တာများလားလို့ သူစိတ်မကောင်းဖြစ်သွားမိသည်..
အဖြူက အလွန်ပါးနပ်သူမို့ သူ့အတွေးကိုရိပ်မိပုံရသည် သူ့ကိုကြည်လင်စွာပြုံးပြပြီး ခပ်တိုးတိုးပြောသည်…
“””ပိတ်ရက်လေး အိမ်မှာအေးအေးဆေးဆေးပဲနေချင်လို့လေ သူတို့က ဆံပင်ဆိုင် လက်သည်းဆိုင်တွေဝင်ကြ လုပ်ကြဦးမှာ အဖြူက အဲဒါတွေစိတ်မဝင်စားတော့ပျင်းတယ် အစ်ကိုရဲ့ ပြီးတော့ စျေးဝယ်ရင်လည်း အကြာကြီးပဲ “””
အဖြူကလေသံတိုးတိုးဖြင့် အတင်းတုတ်ရင်း ရယ်တော့ သူပါလိုက်ရယ်မိသည်..
“””အဖြူက အဲဒါတွေစိတ်မဝင်စားဘူးဆိုတော့ ပိတ်ရက်ကျဘာတွေလုပ်လဲ””
သူတကယ်သိချင်၍မေးမိသည်..
“””အဖြူလား ထမင်းဟင်းသေချာချက်စားတယ် ရုံးဖွင့်ရက်ကျ ရုံးချိနိအမှီ ကပျာကယာချက်ရတော့ ရေရေရာရာမစားရဘူးလေ ဖေဖေနဲ့မေမေလည်း အဖြူချက်ပေးတာပဲစားရတော့ သနားလို့ ပိတ်ရက်ဆို စျေးဝယ်ပြီး သေချာချက်စားတယ် ပြီးတော့ အိမ်သန့်ရှင်းရေးလုပ်တယ် “””
“””ပြီးတော့ ကောင်းကောင်းအိပ်တယ် ကောင်းကောင်းစားတယ် စာဖတ်တယ် ဇာတ်ကားကြည့်တယ်လေ”””
အဖြူ့ရဲ့အဖြေကို သူသဘောကျစွာပြုံးမိသွားသည်..ဟုတ်သည်ပဲလေ တစ်ချိန်လုံးအလုပ်တွေလုပ် ငွေတွေရှာနေပြီး ကောင်းကောင်းစား ကောင်းကောင်းအိပ်ဖို့ကလည်း အရေးကြီးသည်မဟုတ်လား…
သူမ၏ရိုးရှင်းအေးချမ်းသောဘဝနှင့် စိတ်နေစိတ်ထားလေးကို သူတဖြည်းဖြည်းနှင့် သဘောကျနေမိသည်..သူ့ချစ်သူ ဝတီသာ ဒီလိုမိန်းကလေးဆို ဘယ်လောက်ကောင်းလိုက်မလဲဟု ကလေးဆန်ဆန်တွေးမိပြန်သည်..အဲလိုသာဆို သူတို့ချစ်သူဘဝဟာ ဘာပြသာနာမှမရှိပဲ အေးချမ်းပျော်ရွှင်နေရလိမ့်မည်..
🖤🖤🖤

“””အဖြူ လာလေ အစ်ကိုလိုက်ပို့မယ်””
ရုံးမှာအလုပ်တွေရှုပ်ပြီး ရုံးဆင်းချိန်နောက်ကျသောနေ့က ဘတ်စ်ကားမှတ်တိုင်မှာရပ်နေသောအဖြူ့ကိုတွေ့၍ သူလှမ်းခေါ်လိုက်ခြင်းဖြစ်သည်…
“””နေပါစေအစ်ကို အဖြူ ဘတ်စ်နဲ့ပြန်နေကျပါ””
“””လာပါအဖြူရဲ့ ကိုယ်လည်းအဖြူ့ဆီက စာအုပ်လိုက်ငှားချင်လို့ ဒါနဲ့ အဖြူ့အိမ်က ယောကျ်ားလေးတစ်ယောက်နဲ့ပြန်လာတာမြင်ရင် ဆူတာတို့ဘာတို့တော့ မရှိပါဘူးနော်”””
သူ့စကားကြောင့် အဖြူကရယ်သည်
“””အဖြူ့ဖေဖေနဲ့မေမေက အမြင်ကျဥ်းတဲ့သူတွေမဟုတ်ပါဘူးအစ်ကိုရဲ့””
သို့နှင့် အဖြူ့အိမ်သို့ သူပထမဆုံးရောက်ဖူးခဲ့တော့သည်..အဖြူ့ဖေဖေက သူ့ကိုခင်မင်ရင်းနှီးစွာနှုတ်ဆက်ပါသည်..မျက်နှာချိုချိုနှင့်သဘောကောင်းပုံရသော အဖြူ့မေမေကို ဝှီးချဲပေါ်တွင်တွေ့ရ၍ သူအံ့သြသွားမိသည် အဖြူက မေမေကကျန်းမားရေးမကောင်းဘူးဟု ပြောဖူးသော်လည်း ထိုပုံစံမျိုးသူမထင်ခဲ့ပါ…ထို့ကြောင့်လည်း ထမင်းဟင်းချက်တာ အိမ်မူကိစ္စလုပ်တာ အကုန်အဖြူ့တာဝန်ချည်းဖြစ်နေတာဖြစ်မည်..
အဖြူတို့အိမ်က တစ်ထပ်တိုက်ကလေးဖြစ်ပြီး လူနေသည့်အခန်းတွေအပြင် စာအုပ်တွေထားဖို့ တစ်ခန်းသီးသန့်ထားတာတွေ့ရသည် ထိုအခန်းထဲမှာပဲ အဖြူ့ရဲ့ကိုယ်ပိုင် Laptop ကိုလည်းတွေ့ရတာမို့ အဖြူက ဒီအခန်းထဲမှာပဲ အလုပ်လုပ်ပုံရသည်
“””အစ်ကို စာအုပ်တွေ အေးဆေးကြည့်နော် အဖြူ ငြီးစီစီကြီးဖြစ်နေလို့ ရေချိုးလိုက်ဦးမယ်””
သူက စာအုပ်စင်တွေပေါ်မှစာအုပ်များကို တအံ့တသြငေးကြည့်နေမိသည်..စာအုပ်အရောင်းဆိုင်တွေပင် ဒီလောက်စုံမည်မထင်ပေ…
သူလျှောက်ကြည့်နေစဥ် အဖြူ့ဖေဖေက ကော်ဖီခွက်လေးလာပေး၍ သူအားနာသွားရသည်..
“””အားနာစရာမလိုပါဘူးကွယ် ဒီ့ထက်တောင် ဧည့်ခံချင်သေးတာ အိမ်မှာက ကော်ဖီပဲရှိလို့””
“””ရပါတယ်ဦး ဒုက္ခမရှာပါနဲ့”””
“””အဖြူလေးက သားအကြောင်းတွေ ခနခနပြောပြတယ် အလုပ်လုပ်တာတော်တဲ့အကြောင်း သူ့ကိုလဲအမြဲ သင်ပြဆုံးမပေးတဲ့အကြောင်း သူ့မှာအစ်ကိုတစ်ယောက် ထပ်ရလိုက်သလိုပဲ တဲ့”””
အဖြူ့ဖေဖေစကားကြောင့် သူပြုံးမိသွားရသည်
အဖြူကသူ့အကြောင်းကို အိမ်မှာပြန်ပြောပြသတဲ့လား…
“””အဖြူ့ကို ကိုယ့်ညီမတစ်ယောက်လို ချစ်ခင်စောင့်ရှောက်ပေးတဲ့အတွက် ဦးကကျေးဇူးတင်ကြောင်းပြောချင်တာပါ လုပ်ငန်းခွင်ဆိုတာက သိတဲ့အတိုင်း လူပေါင်းစုံဆိုတော့ သမီးလေးအဆင်ပြေပါ့မလား တွေးပူနေရတာ သူက အနေအထိုင်အေးတော့လေ”””
“””ဟုတ်ကဲ့ဦး ရပါတယ်ခင်ဗျ အဖြူကစိတ်ထားကောင်း သဘောဖြူတော့ ရုံးမှာလူချစ်လူခင်လည်းများပါတယ် အလုပ်လည်းအရမ်းကြိုးစားတယ် သူ့အတွက်စိတ်မပူပါနဲ့ဦး”””
အဖြူ့ဖေဖေထွက်သွားမှ သူလည်းကော်ဖီသောက်ရင်း စာအုပ်တွေကိုအေးအေးဆေးဆေးကြည့်နေမိသည်..စာအုပ်ကောင်းတွေအများကြီးမို့ ဝတီ့အတွက် ယူသွားပေးချင်သော်လည်း ဖတ်မှာမဟုတ်သောကြောင့် စိတ်လျှော့လိုက်ရသည်..
အဖြူတို့အိမ်လေးက တစ်ထပ်တိုက်ပုလေးပင်ဖြစ်သော်လည်း ခြံထဲတွင် သစ်ပင်ကြီးတွေရဲ့ အရိပ်ကောင်းကောင်းရနေသောကြောင့် သဘာဝအအေးဓာတ်ကိုခံစားရသည်..ရပ်ကွက်အတွင်းပိုင်းလည်းကျသည်မို့ ကားသံလူသံ အသံဗလံဆူညံနေခြင်းမရှိပဲ တိတ်ဆိတ်အေးချမ်းလှသည်..ကော်ဖီတစ်ခွက်နဲ့ စာအုပ်ပုံကြားတွင်ထိုင်ရင်း အချိန်တွေဘယ်လိုကုန်သွားမှန်းပင် မသိလိုက်ပေ..အဖြူရောက်လာမှပင် သူပြန်ဖို့သတိရတော့သည်..
သူကားမောင်းပြန်လာရင်း အဖြူတို့မိသားစုအကြောင်းကိုစဥ်းစားနေမိသည်..မချမ်းသာသော်လည်း ပြည့်စုံအေးချမ်းသောမိသားစုလေး..ဒီလိုမိဘ ဒီလိုအသိုင်းအဝိုင်းကြားမှာ ကြီးပြင်းလာသောအဖြူတစ်ယောက် ဒီလိုစိတ်နေစိတ်ထားရှိတာ မထူးဆန်းဟုပြောရမည်..ခနတဖြုတ်အလည်ရောက်သောသူပင် စိတ်ထဲသို့ အေးချမ်းမူတွေကူးစက်ရသည်မဟုတ်လား…
🖤🖤🖤🖤🖤

“””ရတယ် မောင်မလာနိုင်ဘူးဆိုလဲ ပြီးရော”””
သူမကပြောပြီးတာနဲ့ဖုန်းချသွားသည်.. သူကသက်ပြင်းမောတစ်ချက်ကိုချလိုက်မိရင်း လက်ကနာရီကိုငုံ့ကြည့်မိသည်…
ဝတီက (…)ဖက်မှာ ကားပျက်သွားလို့ သူမကိုလာခေါ်ပေးရန် ဖုန်းဆက်ခြင်းဖြစ်သည်..သူ့အလုပ်ကနေအဲဒီကိုရောက်ဖို့ တစ်နာရီလောက်ကားမောင်းရမည်ဖြစ်သည် အသွားအပြန် 2 နာရီနှင့် သူမကိုအိမ်ပြန်ပို့ချိန်နဲ့ဆို 3 နာရီလောက်ကြာမှ ရုံးကိုပြန်ရောက်မည်..အလုပ်ချိန်မှာ အဲလောက်ကြာအောင်အပြင်ထွက်ဖို့အဆင်မပြေကြောင်းပြောသော်လည်း သူမကလက်မခံပါ. နေ့တဝက်ခွင့်ယူရအောင်လည်း လချုပ်ရက်မို့ ဒီနေ့အပြီးလုပ်ရမည့်စာရင်းတွေက ရှိနေသေးသည်..
သူမနေရာနှင့်အနီးဆုံးက သူငယ်ချင်းဖြစ်သူ တေဇကို လာခိုင်းလိုက်မည်ဆိုတော့လည်း လက်မခံ..စိတ်ဆိုးပြီးဖုန်းချသွားလေပြီ..ဘာပဲဖြစ်ဖြစ် သူက တေဇကိုဖုန်းဆက်ပြီး အကျိုးအကြောင်းပြောတော့ သွားလိုက်မည်ဆို၍ စိတ်အေးသွားရသည်..
ဝတီသည် သူမကြည့်နေကျ ကိုရီးယားကားတွေထဲကလို မင်းသမီးဒုက္ခရောက်တိုင်း မင်းသားကချက်ချင်းရောက်လာရမည်ဟု တွေးနေလားသူမသိပါ..မင်းသားက ကုမ္မဏီမှာ CEO တို့ မန်နေဂျာချုပ်တို့လို အလုပ်အကြီးကြီးတွေလုပ်ရပြီး မင်းသမီးနောက်ကိုလည်း ထပ်ကြပ်မကွာလိုက်ချောင်းနိုင်သည်မှာလည်း ထူးဆန်းသည်..သူတို့ကုမ္မဏီက မန်နေဂျာအစ်ကိုကတော့ တစ်ချိန်လုံးအလုပ်ရှုပ်နေပြီး ဖင်နဲ့ကုလားထိုင် တွဲချုပ်ထားသလားထင်ရ…
ထိုနေ့က သူအလုပ်ကပြန်တာနောက်ကျသည်..သူမဆီဖုန်းပြန်ခေါ်ကြည့်တော့မကိုင်..တေဇကိုမေးကြည့်တော့ သူမတက္ကစီနှင့်အိမ်ပြန်သွားပြီး ကားကိုတော့ တေဇကိုယ်တိူင် ဝပ်ရှော့မှာအပ်ပေးခဲ့သည်တဲ့..သူလည်းစိတ်ပင်ပန်းလူပင်ပန်းမို့ ရေချိုး ညစာစားကာ အေးအေးဆေးဆေးအနားယူနေမိတော့သည်..
ခါတိုင်းဆို မနက်ရုံးမသွားခင် သွားမည့်အကြောင့် တစ်ခါဖုန်းဆက်ရ နေ့လည်စာစားချိန်တစ်ခါဆက်ရ ရုံးကပြန်ရောက်ချိန် ပြန်ရောက်ကြောင်းတစ်ခါဆက်ရ အိပ်ရာဝင်လျင် သူမမအိပ်မချင်း video call ပြောပေးနေရ သူမပြောသမျှ သတင်းပလင်း အတင်းအဖျင်းတွေကို နားထောင်ပေးရနှင့် သူ့ကိုယ်ပိုင်အချိန်တွေ ကုန်မှန်းမသိကုန်ဆုံးသွားရသည်..
အိမ်မှာအသီးခွဲစားရင်း လက်ဓားရှသွားတာကို တဖွဲ့တနွဲ့ပြောပြနေသောသူမက သူအလုပ်လုပ်ရတာအဆင်ပြေလား တစ်ခွန်းမမေးဖူး
ဇာတ်လမ်းတွဲတွေ မိုးလင်းပေါက်ကြည့်လို့ အိပ်ရေးပျက်ကာခေါင်းမူးသည်ဟု ညည်းပြနေသောသူမက သူ့ကိုဒီနေ့အလုပ်တွေများလား ပင်ပန်းလား တစ်ခွန်းမမေးဖူး
သူမကို ဘယ်သူတွေကမနာလိုနေကြောင်း နောက်ကွယ်မှာဘယ်လိုပြောကြောင်း ဝမ်းနည်းပြနေတဲ့သူမက သူ့အလုပ်ထဲကသူတွေနဲ့အဆင်ပြေရဲ့လား တစ်ခွန်းမမေးဖူး
သူမမျက်နှာမကောင်းတာမြင်တာနဲ့ စိတ်ပူကာ ပျာပျာသလဲမေးတတ်သောသူ့ကို သူမကတော့ စိတ်အဆင်ပြေလား ပင်ပန်းလား စိတ်ညစ်နေလား အလုပ်အဆင်ပြေလား ဘာဆိုဘာမှစိတ်မဝင်စားပဲ သူမ ပြောချင်တာ သူမ လုပ်ချင်တာ သူမစိတ်ဆန္ဒတွေကိုသာ အမြဲရှေ့တန်းတင်တတ်သူ..
အချစ်ဆိုသောအရာကို ပုံဖော်ရာမှာ “ယောင်္ကျားလေးကချစ်ပေးရမည် မိန်းကလေးကအချစ်ခံရမည်””ဟု ဘယ်သူကသတ်မှတ်ခဲ့ပါသလဲ..ကျား/မ ဘယ်သူမဆို တစ်ယောက်ကအမြဲယူနေပြီး တစ်ယောက်ကအမြဲပေးနေရရင် ဒါဟာအချစ်လို့ ခေါ်ပါဦးမလား…
တကယ်ဆို သူလိုအပ်တာ နားလည်မူ ဆိုတဲ့ အရာတစ်ခုတည်းရယ်ပါ…
🖤🖤🖤🖤🖤

သူက ဖုန်းကိုစက်ပိတ်ထားလိုက်ကာ
ဘီယာတစ်ဘူးနှင့်အာလူးကြော်ထုပ်ကိုယူပြီး တီဗီရှေ့ထိုင်ရင်း Netflix ကလာနေသော ဇာတ်ကားတွေကို တစ်ကားပြီးတစ်ကားရွေးကြည့်နေမိသည် ဇာတ်ကားတစ်ကားပြီးသွားတော့ အိပ်ချင်လာတာနဲ့ Westlife သီချင်းတွေကို ခပ်တိုးတိုးဖွင့်ရင်း အိပ်ရာထဲမှာလှဲကာ Facebook ခနသုံးရင်း အိပ်ပျော်သွားတော့သည်…

“””မောင်”””
ဝတီစိတ်ကောက်နေသော 4/5 ရက်အတွင်း နားအေးပါးအေးနှင့် စိတ်ချမ်းသာနေသောသူ ကြာကြာမပျော်လိုက်ရပါ..
ရုံးပိတ်ရက် သူခြံထဲကဒန်းပေါ်ထိုင်ကာ စာဖတ်နေစဥ် ဝတီကခြံရှေ့ထိရောက်လာ၍ဖြစ်သည်..
“””ဝတီ”””
သူကတအံ့တသြဖြင့် ခြံတံခါးဖွင့်ပေးလိုက်တော့ သူမကခြံထဲဝင်လာကာ သူ့ပုခုံးတွေရင်ဘတ်တွေကို လက်ဖြင့်ထုရိုက်တော့သည်..
“”လူဆိုးကြီး လူယုတ်မာကြီး သူများကိုစိတ်ဆိုးအောင်လုပ်ပြီးပစ်ထားတယ်ပေါ့ ဟုတ်လား ကျီးထိုးထိုးခွေးစားစားပေါ့ ဟုတ်လား ချော့ဖို့တောင်စိတ်မပါတော့ဘူးပေါ့ ဟမ်”””
သူကသူမလက်နှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကာ ဖမ်းချုပ်ထားရင်း…
“””မဟုတ်ပါဘူးဝတီရယ် ကိုယ်ခုရက်အလုပ်တွေရှုပ်နေလို့ပါ အလုပ်ကပင်ပန်း အိမ်ပြန်ကနောက်ကျနဲ့မို့ ဖုန်းဆက်ဖို့ မေ့မေ့နေမိတာပါ ပစ်ထားတာမဟုတ်ရပါဘူးကွာ”””
“””ဘယ်လောက်အလုပ်ရှုပ်ရှုပ် ဖုန်းဆက်ဖို့တော့အချိန်ရတယ်လေ တမင်ပစ်ထားတာမဟုတ်လား အသစ်တွေ့နေပြီမလား “””
ဝတီကပြောရင်းမှ မျက်ရည်တွေပိုးပိုးပေါက်ပေါက်စီးကျလာပြီး…
“””ဝတီ..ဝတီလေ မောင်တကယ်ပြတ်နိုင်ပြီလားဆိုပြီး ဝမ်းနည်းလိုက်ရတာ ငိုလိုက်ရတာ ဒီရက်တွေထဲ စိတ်ဆင်းရဲရလွန်းလို့ ဝတီထမင်းတောင်မစားနိုင်ဘူး အိပ်လို့လဲမပျော်ဘူး
မောင်ဝတီ့ကိုပစ်ထားရက်တယ် မောင်အရမ်းရက်စက်တာပဲ”””
ခုလိုကျတော့လည်း ဝတီ့ကိုသူသနားသွားမိပြန်သည်..သူမဟာသူ့အပေါ် ရစ်တာဆိုးတာကလွဲရင် သူ့ကိုတော့ တကယ်ချစ်ရှာသူမဟုတ်လား…
“””ကိုယ်တောင်းပန်ပါတယ်ကွာ မငိုနဲ့တော့နော်
အလုပ်တွေရှုပ်ပြီး စိတ်ပင်ပန်းလူပင်ပန်းဖြစ်သွားလို့ပါ နောက်ကိုပစ်မထားတော့ဘူးနော်”””
သူကသူမပါးပြင်ပေါ်မှ မျက်ရည်တွေကို လက်ဖြင့်ဖွဖွသုတ်ပေးရင်း…
“””အိမ်ထဲဝင်ပြီး ယောက္ခမကြီးနဲ့တွေ့ဦးမလား မေမေက ဟိုရက်ကတောင်မေးနေတာ ဖုန်းပြောသံမကြားလို့ စိတ်ကောက်နေတာလားတဲ့””
သူကပြုံးဖြဲဖြဲနဲ့ပြောတော့ ဝတီကမျက်စောင်းထိုးပြီး..
“””စိတ်ကောက်အောင်လုပ်ထားတာကိုးလို့ အခုတောင် ယမင်းတို့နဲ့ချိန်းထားတာလာရင်း စိတ်ထဲမှာဘယ်လိုမှမနေနိုင်လို့ မောင့်ဆီဝင်လာခဲ့တာ””
မျက်ရည်များသုတ်ပြီးကာစ မျက်နှာလေးက အနည်းငယ်ညှိုးနွမ်းနေတာမို့ သူတော်တော်စိတ်မကောင်းဖြစ်သွားရသည်..သူမတကယ်ကို ခံစားခဲ့ရသည်ဆိုတာ သိသာပါသည်..
“””အိမ်ထဲတော့မဝင်တော့ပါဘူး နောက်မှအန်တီ့ကို သီးသန့်လာတွေ့တော့မယ်လို့ပြောပေးနော် အခုဝတီ အပြင်သွားမလို့ မောင်လိုက်မှာလား”””
မလိုက်ဘူးဆိုရင် စိတ်ကောက်ဦးမှာမို့ သူအိမ်ထဲကို ဖုန်းနဲ့ပိုက်ဆံအိတ်ဝင်ယူလိုက်ရသည်
“””မေမေ သားအပြင်ခနသွားဦးမယ်နော်””
သူနှုတ်ဆက်တော့ မေမေကအကြောင်းသိနေဟန်ဖြင့် ပြုံးကာခေါင်းငြိမ့်ပြသည်..သို့တိုင်အောင် မေမေ့အပြုံးက အသက်မပါ…
မေမေက သူတို့နှစ်ယောက်အကြောင်းကို သိသင့်သလောက်သိသူမို့ ရစ်လွန်းဂျီလွန်းသောဝတီ့ကို သိပ်သဘောမကျပါ..ရုပ်ရည် ပညာ အသိုင်းအဝိုင်း ဘာမှပြောစရာမရှိသော်လည်း ကိုယ့်သားသမီးအပေါ် အနိုင်ယူတတ်သူကို ဘယ်မိဘက သဘောကျပါ့မလဲလေ…
သူတို့အကြောင်းသိနေသော သူငယ်ချင်းတွေကလည်းပြောကြသည်..ဝတီ့ရဲ့အကျင့်စရိုက်ကို သူရေရှည်သည်းခံနိုင်မှာ သေချာရဲ့လား တဲ့..လက်ထပ်ပြီးမှဆိုရင် ရုန်းထွက်ဖို့ ပိုခက်မှာမို့ ခုကတည်းက သူပြန်စဥ်းစားသင့်သည် တဲ့…
သူမစဥ်းစားပဲ ဘယ်နေခဲ့ပါ့မလဲလေ..အကြိမ်ကြိမ်အဖန်ဖန်ပြန်စဥ်းစားခဲ့ပေမဲ့ အဖက်ဖက်ကိုငဲ့ညှာပြီး နောက်ဆုတ်လို့မရတာမို့ ရှေ့ဆက်သွားနေခဲ့ရတာ သူကိုယ်တိုင်သာအသိဆုံး..4 နှစ်နီးပါး Relationship တစ်ခုကို သူ့ဖက်ကလွယ်လွယ်ဖြတ်တောက်နိုင်ခဲ့ရင်တောင် မိန်းကလေးဖက်က ထိခိုက်နစ်နာစရာတွေအများကြီးလေ…
ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ မီးစင်ကြည့်ကယုံပေါ့ ဟုသာ….

>>>>ဆက်ရန်<<<<

#May

#သုံးပွင့်ဆိုင် အပိုင်း 3
“””မောင် မလိုက်ရပါဘူး”””
ဝတီ့စကားအဆုံးမှာ သူစိတ်ပျက်စွာဖြင့် ကျစ်ခနဲစုတ်သပ်လိုက်မိသည်..
“””ကိုယ်မလိုက်လို့မရဘူးလို့ ဝတီ့ကိုပြောပြီးပြီလေကွာ ဒါ Personal ကိစ္စမဟုတ်ဘူး ကုမ္မဏီရဲ့နှစ်ပတ်လည်ပွဲ MD ကိုယ်တိုင်က တစ်ရုံးလုံးအကုန်လိုက်ရမယ်လို့ပြောပြီးသား”””
“””MD မပြောလဲ လိုက်ချင်နေတာပဲမဟုတ်လား ရုံးကကောင်မလေးတွေနဲ့ လွတ်လွတ်လပ်လပ်ကဲလို့ရအောင်လေ “””
ဝတီကမဲ့ကာရွဲ့ကာပြောသည်..
ဟိုတစ်နေ့က နေ့လည်ထမင်းစားနားချိန် ရုံးဘေးကကော်ဖီဆိုင်မှာ သူနဲ့အဖြူအတူထိုင်နေတာကို ဝတီမြင်သွားသည်..မတော်တဆပဲလား တမင်လာချောင်းတာလားတော့ သူလည်းမသိပါ..ခါတိုင်းလည်း နေ့လည်စာစားပြီးတိုင်း ထိုဆိုင်သို့ သူကော်ဖီသွားသောက်လေ့ရှိပြီး အဖြူလည်း တခါတလေ အတူသောက်တတ်သည်..
ထိုနေ့က ဝတီကဆိုင်ရှေ့မှာကားရပ်ကာ လှမ်းကြည့်နေသည်ကို သူရုတ်တရက်မြင်လိုက်ရသဖြင့် လက်လှမ်းပြကာနှုတ်ဆက်လိုက်သေးသည်..သို့သော် ဝတီကမျက်နှာကိုတည်တင်းကာ ကားကိုမောင်းထွက်သွားသည်မို့ စိတ်ဆိုးသွားပြန်ပြီဟု သူနားလည်လိုက်သည်
တကယ်ဆို ကော်ဖီဆိုင်ရဲ့လူမြင်ကွင်းမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း စကားပြောနေသည့်သူတို့နှစ်ယောက်ပုံက အထင်လွဲစရာဟု သူမထင်မိပါ..သို့တိုင်အောင်
“”အသိလား အစ်ကို””
ဟုမေးသည့်အဖြူ့ကို
“”အင်း သူငယ်ချင်းပါ ဖြတ်သွားတာမြင်လို့ လှမ်းနှုတ်ဆက်လိုက်တာ”””
ဟုပြန်ဖြေမိသောသူ့ကိုယ်သူ လိပ်ပြာမလုံ…သူ့ချစ်သူပါလို့ ဘာကြောင့်အတိအလင်းမပြောနိုင်ခဲ့ရတာလဲ…
ထိုကိစ္စနဲ့ပတ်သက်ပြီး ရုံးကလုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း တခြားသူတွေနဲ့လည်း တခါတလေဒီလိုအတူကော်ဖီသောက်ဖြစ်ကြောင်း
သူဝတီ့ကို အာပေါက်မတတ် ရှင်းပြတောင်းပန်ခဲ့ရသည် ဒါတောင်ဝတီ့ရဲ့ သံသယစိတ်တွေက ပြေပျောက်သွားဟန်မတူပါ..
“””လာပြန်ပြီကွာ ဝတီကဒါပဲ ဒါအပျော်ခရီးသက်သက်မဟုတ်ဘူးလေ အရင်နှစ်တွေကတော့ နှစ်ပတ်လည်ပွဲဆို ဟိုတယ်တစ်ခုခုမှာပဲလုပ်နေကျ အခုကထူးထူးခြားခြားဖြစ်အောင် ဝန်ထမ်းတွေလဲပျော်အောင်ဆိုပြီး ကမ်းခြေမှာစီစဥ်ပေးတာ ဆုရမဲ့ဝန်ထမ်းတွေထဲမှာ ကိုယ်လဲပါလို့ မလိုက်မဖြစ်လိုက်ရမယ်လို့ ဂျာကြီးက အစောကတည်းက ကပ်ပြောထားတာ””
“””အဲဒီဆုက လူကိုယ်တိုင်လိုက်ယူမှရတာလား ဆုရတယ်ဆို ပြီးတာပဲလေ ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ပွဲမို့လဲ ပြောပါဦး “””
ဝတီ့စကားကြောင့် သူထောင်းခနဲစိတ်တိုသွားရသည်..ဒေါသဖြင့်မတုံ့ပြန်မိအောင် စိတ်ကိုထိန်းရင်း…
“””ဟ ဒါကုမ္မဏီက ဝန်ထမ်းတွေအတွက် လုပ်ပေးတဲ့ပွဲလေ ကြီးကျယ်တာတွေခမ်းနားတာတွေ ပြောစရာလိုလို့လား ဆုပေးတယ်ဆိုတာ တန်ဖိုးကြီးတာတွေဘာတွေမဟုတ်လည်း ကိုယ့်အရည်အချင်း ကိုယ့်ကြိုးစားမူကို အသိအမှတ်ပြုပေးတာပဲ ကိုယ်က ဘယ်လိုအကြောင်းပြချက်နဲ့ မလိုက်ပဲနေခဲ့ရမှာလဲ””
“””လိုက်ချင်ရင်လည်း အကြောင်းပြချက်တွေအများကြီးရှိသလို မလိုက်ချင်ရင်လည်း အကြောင်းပြချက်တွေ ရှိနေတာပါပဲ မောင်ကတော့ လိုက်ချင်တဲ့သူဆိုတော့ လိုက်ရမဲ့အကြောင်းပြချက်ပဲ ပြောနေတော့တာပေါ့””
မဲ့ရွဲ့ကာပြောနေသော ဝတီ့စကားအဆုံးမှာ သူသက်ပြင်းမောတစ်ချက် ချလိုက်မိသည်..
“””ကိုယ်ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်မပြောချင်တော့ဘူးဝတီ အခုလည်း ဝတီ့ကိုခွင့်ပြုချက်တောင်းတာမဟုတ်ဘူး မဖြစ်မနေလိုက်ရမှာမို့ အသိပေးတာ”””
သူ့စကားကြောင့် ဝတီကစိတ်ဆိုးသွားဟန်ဖြင့် မျက်နှာက နီရဲတင်းမာသွားသည်
“””ကောင်းပြီလေ အဲလောက်လိုက်ချင်နေမှတော့လိုက်ပေါ့ တစ်ခုတော့ရှိတယ် လိုက်သွားပြီးရင်တော့ ဝတီ့ဆီဘယ်တော့မှ ပြန်မလာနဲ့”””
ဝတီကပြောပြီးတာနဲ့ ကားကို စိတ်ဆိုးမာန်ဆိုးမောင်းထွက်သွားတော့သည်..
သူရင်မောစွာဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်..
မတတ်နိုင်ပါ သူလည်းပြောရချော့ရတာ မောနေပြီမို့ ဖြစ်ချင်ရာဖြစ်စေတော့ဟု သဘောထားလိုက်တော့သည်..
🖤🖤🖤

ခရီးမသွားဖြစ်တာကြာပြီဖြစ်သောသူ့အတွက် ထိုခရီးက အတော်ပင်ပျော်စရာကောင်းခဲ့သည်..ကျောင်းပြီးလို့အလုပ်ဝင်ကတည်းက ဒီလိုလွတ်လပ်ပေါ့ပါးစွာ မပျော်ရတာကြာပြီလေ..တစ်လမ်းလုံး တစ်ယောက်နှင့်တစ်ယောက် စနောက်ရင်း ဆူညံစွာပြောဆိုရယ်မောကြရင်း တစ်စက်လေးမှ မပျင်းရ..
ထိုခရီးမှာ သူသတိထားမိသည်က အဖြူနှင့် ဘုန်းသစ် ကိုဖြစ်သည်..ဘုန်းသစ်သည် ရုံးမှာကတည်းက အဖြူ့ကိုမသိမသာပိုးပန်းနေခဲ့ပြီး အခုခရီးမှာတော့ မျက်စိနောက်လောက်အောင်ပင် အဖြူ့နား မကြာခနကပ်နေတော့သည်..တစ်ရုံးလုံးကပါ ဝိုင်းကာစနောက်ကြတော့ ဘုန်းသစ်ကပြုံးဖြီးဖြီးလုပ်နေခဲ့ပြီး အဖြူကတော့ မျက်နှာမအီမသာနှင့် သူ့ကိုမကြာခနလှမ်းကြည့်နေတာ သူသတိထားမိသည်..
သူ့ရင်ထဲ အဖြူ့ကိုနှမျောတသစိတ် ဘုန်းသစ်ကို ကြည့်မရသောစိတ်တို့နှင့် ပူလောင်နေမိသော်လည်း တဖက်ကလည်း ဘုန်းသစ်ဟာအဖြူနဲ့ လိုက်ဖက်သင့်တော်သူ ဟု သတ်မှတ်မိပြန်သည်..ဘုန်းသစ်ဟာ ရုပ်ရည် ပညာ အသိုင်းအဝိုင်း ဘာမှပြောစရာမလိုသလို အကျင့်စရိုက်အရလည်း အေးဆေးတည်ငြိမ်သူဖြစ်သည်..
ကမ်းခြေကို နေ့လည်ပိုင်းလောက်ရောက်တော့ နေ့လည်စာစားသောက်ပြီး ခေတ္တအနားယူကြသည်..ပါတီက ညနေပိုင်းမှစကြမည်ဖြစ်သည်
ယောကျ်ားလေးနှင့်မိန်းကလေး ဘန်ဂလိုတစ်ခုစီ ခွဲထားကြသည်မို့ ဘုန်းသစ်တစ်ယောက် အဖြူ့နားကပ်နေလို့မရတော့..
တခြားသူတွေက ခရီးပန်း၍ခနအိပ်နေကြသော်လည်း သူကမအိပ်ချင်၍ ကော်ဖီတစ်ခွက်ယူကာ ဝရန်တာထွက်လာခဲ့စဥ်..
ဟိုဖက်ဘန်ဂလိုဝရန်တာတွင် အဖြူ့ကိုတွေ့လိုက်ရ၍ သူအဖြူ့ထံလျှောက်လာခဲ့သည်..အဖြူသည် ပင်လယ်ဖက်သို့မျက်နှာမူကာ ငေးမောနေပြီး အနက်ရောင်ဆံပင်များက လေထဲမှာ တဖျတ်ဖျတ်လွင့်နေသည်..
“””အဖြူ အဆင်ပြေလား ဘာလိုသေးလဲ””
သူနှုတ်ဆက်လိုက်မှ အဖြူကငေးမောနေရာမှ သတိဝင်လာပြီး သူ့ကိုပြုံးပြသည်..
“””အဆင်ပြေပါတယ်အစ်ကို အစ်မတို့တော့ ပင်ပန်းလို့တဲ့ အိပ်နေကြတယ် “””
အဖြူကအောက်ကိုဆင်းလာကာ သူ့ဘေးနားလာရပ်သည်..သူတို့နှစ်ယောက် ထွေရာလေးပါပြောနေကြစဥ်မှာပင် ဘုန်းသစ်က သူတို့အနားရောက်လာပြန်သည်..
“””အဖြူ နေ့လည်မအိပ်ဘူးလား စားချင်တာရှိရင်ပြောလေ ကျွန်တော်သွားဝယ်ပေးမယ် အသုပ်တို့ဘာတို့”””
“””ရပါတယ်ကိုဘုန်းသစ် အဖြူဘာမှမစားချင်သေးလို့”””
အဖြူငြင်းလိုက်တော့မှ ကိုယ်တော်ချောက အနားကထွက်သွားသည်..သူကအဖြူ့မျက်နှာကို အကဲခတ်သလိုကြည့်ရင်း…
“””ဘုန်းသစ်က အဖြူ့ကို အရမ်းသဘောကျနေပုံပဲ”””
“””အဖြူကတော့ သဘောမကျပါဘူး”””
အဖြူကခပ်ပြတ်ပြတ် ပြောသည်..
“””ဘာဖြစ်လို့လဲအဖြူရဲ့ ဘုန်းသစ်က လူကောင်းလေးပါ ရုပ်ရည် ပညာ အသိုင်းအဝိုင်း ဘာမှပြောစရာမရှိတာ”””
သူ့စကားကြောင့် အဖြူကသူ့ကို ဖျတ်ခနဲလှည့်ကြည့်ရင်း မျက်နှာတည်တည်ဖြင့်..
“””အဲဒါနဲ့ပဲ အဖြူက သဘောကျရတော့မှာလား””
“””အစ်ကိုက အဲလိုဆိုလိုတာမဟုတ်ပါဘူး ဘုန်းသစ်လိုပြည့်စုံတဲ့သူတစ်ယောက်ကို အဖြူဘာကြောင့် သဘောမကျတာလဲ သိချင်မိလို့ပါ”””
အဖြူ့မျက်နှာ ညို့ခနဲဖြစ်သွားသလို သူထင်လိုက်မိသည်..အဖြူက ခပ်ဝေးဝေးကိုငေးကြည့်ရင်း…
“””အဖြူ့ဘဝမှာ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ ယှဥ်လာရင် ဖြစ်သင့်တာကိုပဲရွေးခဲ့ရတာ များနေပါပြီ အချစ်ရေးကိစ္စမှာတော့ ကိုယ့်စိတ်အလိုအတိုင်းပဲ ရွေးချယ်ချင်တယ် သူ့ဘာသူဘယ်လောက်ပြည့်စုံနေပါစေ အဖြူမှသူ့ကိုမချစ်တာ””
အဖြူက သက်ပြင်းလေးတစ်ချက်ရှိုက်လိုက်ရင်း…
“””အဖြူသွားနားတော့မယ်”””
ဟုပြောကာ ဘန်ဂလိုပေါ်ပြန်တက်သွားတော့သည်..သူနေရာမှာတင်ရပ်ရင်း အတွေးများစွာနှင့်ကျန်နေခဲ့သည်..
သူဝတီ့အပေါ် သစ္စာမဲ့လိုစိတ် လုံးဝမရှိသော်လည်း အဖြူ့အပေါ်မှာ တဖြည်းဖြည်းနှင့်သံယောဇဥ်တွယ်လာမိတာ ဝန်ခံပါသည်..သို့တိုင်အောင် သူနဲ့အဖြူ့ကြားမှာ စည်းတစ်ခုကို သူအလိုလိုထားမိလျက်သား ဖြစ်နေခဲ့သည်..ထိုစည်းမှာ “ထက်ဝတီ”ဆိုသော သူ့ရဲ့ချစ်သူဖြစ်သည်..သူ့မှာချစ်သူရှိသည်ဟူသောအသိသည် သူ့စိတ် သူ့ခံစားမူတွေကို အလိုလိုထိမ်းချုပ်ပြီးသားဖြစ်နေသည်..သူ့ခြေလှမ်းတို့ကို ရှေ့မတိုးနိုင်အောင် အလိုလိုရပ်တန့်ပြီးသားဖြစ်နေသည်..
သူ့အသိစိတ်ထဲမှာ အဖြူဟာ သူ့ညီမလေး သူ့သူငယ်ချင်းလိုသာဖြစ်သည် မသိစိတ်ထဲကိုတော့ သူတစ်ခါမှဝင်မကြည့်ခဲ့ အဖြူ့ရဲ့ကြည်လင်သောမျက်လုံးလေးတွေ ကလေးတစ်ယောက်လို ဟန်ဆောင်မူကင်းသောအပြုံးလေးတွေ ရိုးရှင်းသောစကားသံလေးတွေ အားလုံးကို သူ့မသိစိတ်ထဲမှာပဲ သိမ်းဆည်းထားခဲ့သည်လေ..

……….
ပါတီကို ညနေ 6 နာရီလောက်က စကြသည်
အဆောက်အဦးထဲမှာမဟုတ်ပဲ ကမ်းခြေသောက်ပြင်ပေါ်မှာ ပွဲကိုပြင်ဆင်ထားတာမို့ ပိုလွတ်လပ်ပျော်ရွှင်သော ခံစားချက်ကိုရသည်
ဆုရသောဝန်ထမ်းတွေကို ဆုတွေပေးကြသည် သီချင်းတွေဆိုကြသည် စားကြသောက်ကြသည် အကုန်လုံးအရမ်းပျော်နေကြသည်မို့ အမှတ်တရဖြစ်အောင် live လွှင့်နေစဥ် ဝတီတစ်ယောက် သူ့ live ကိုဝင်ကြည့်သွားတာတွေ့လိုက်သည်..သူမဘယ်လောက်စိတ်ဆိုးနေမည်လဲ သူမတွေးရဲ…
အဖြူတစ်ယောက်တော့ နေ့လည်ကနှင့်ကွာခြားစွာ အရမ်းပျော်နေပုံရသည် ဘီယာတွေသောက်လိုက် တဟားဟားရယ်လိုက် ကလိုက်ခုန်လိုက်လုပ်နေသည်..အဖြူ့ကိုဒီလိုပုံစံမျိုး မမြင်ဖူးတာမို့ သူအံ့သြသဘောကျမိကာ video ရိုက်ထားလိုက်သည် ဒီကောင်မလေးအမူးပြေမှ ပြန်ပြရဦးမည်..
“””ဒီတစ်ခါသီဆိုဖျော်ဖြေမှာကတော့ အငယ်ဆုံးလေး အဖြူရောင်ပဲဖြစ်ပါတယ်ခင်ဗျား”””
ရိုက်ထားတဲ့ video တွေပြန်ကြည့်နေစဥ် ကြေညာသံကြားလိုက်ရ၍ သူလှည့်ကြည့်လိုက်တော့ အဖြူက စင်ပေါ်မှာရောက်နေပြီ..
…အမယ် သူကသီချင်းဆိုဦးမယ်လား…
သူကတွေးရင်းပြုံးကြည့်နေမိသည်..နည်းနည်းမူးနေပုံရသော်လည်း သူမဟန်ပန်က ခပ်တည်တည်ပင်..သူကဖုန်းဖွင့်ကာ video ရိုက်ထားလိုက်သည်
…..အမှန်တကယ် ဖွင့်ပြောပြချင်ပါတယ် ကိုယ်ချစ်ခဲ့တာအမှန်ကွယ် ကိုယ့်စိတ်ကူးအိမ်မက်တွေထဲ…အမှန်တကယ် လှည့်စားဖို့ရာမရည်ရွယ်..မျှော်လင့်ချက်သာပြန်လည် ဟန်ဆောင်သိမ်းဆည်းကာရယ် …..
အဖြူက အသံအရမ်းမကောင်းသော်လည်း အဆွဲအငင်အဖြတ်အတောက်က အဆိုတော်တစ်ယောက်လို နားထောင်ကောင်းလှသည်…
…..တကယ်ဆို အသည်းကွဲမှာကိုယ်ကြောက်နေတယ် ဟိုအရင်လိုမင်းကိုလေ တိုက်ဆိုင်ရင်ကွယ်…မမြင်အောင်ပုန်းကာဝှက်ကာရယ် အကြင်နာဖုံးဖိထားပါတယ် ရင်ဆိုင်မင်းမျက်ဝန်းရဲ့အကြည့်တွေကိုနားလည်…..
ဘုရားရေ…အဖြူဆိုနေတဲ့သီချင်းနဲ့ သူ့ထံတစ်ချက်တစ်ချက်ရောက်လာတဲ့ သူမရဲ့အကြည့်တွေက ဘာကိုဆိုလိုနေပါလိမ့်..သူ့ကိုလှမ်းကြည့်လိုက်သော ရီဝေဝေမျက်ဝန်းတွေထဲမှာ သံယောဇဥ်တွေလား နာကျင်မူတွေလား သူမဝေခွဲတတ်တော့ပါ…
….အပြင်မှာမသိသလိုပဲနေမယ် ရင်မှာရှိတာမင်းပါကွယ် အစဥ်သာပေးဆပ်ရင်းမင်းနောက်ကွယ် တိတ်တိတ်လေးပဲချစ်သွားမယ်….
“”ဟေး ဒါမှတို့အငယ်ဆုံးလေးကွ”””
သီချင်းပြီးသွားတော့ အကုန်လုံးကလက်ခုပ်တီးကာ အားပေးကြသည်..မိန်းကလေးတစ်ချို့ကတော့ အဖြူ့အမူအရာကို အနည်းငယ်သတိထားမိကာ…
“””တို့အဖြူလေးတော့ တစ်ယောက်ယောက်ကြောင့်ခံစားနေရပြီထင်တယ်”””ဟု စနေကြသည်..ဘုန်းသစ် ကတော့ ဝေခွဲမရဟန်ဖြင့် အဖြူ့ကိုငေးကြည့်နေသည်

သူအဖြူ့နားသို့မသွားမိပဲ ဘီယာကိုသာ တစ်ဘူးပြီးတစ်ဘူးသောက်နေမိသည်..
သူ့ရင်ထဲ ဘာကြောင့်စို့စို့နင့်နင့်ကြီးခံစားနေရတာလဲ…ဘာကြောင့် ဝဲဖက်ရင်အုံဟာ နာကျင်နေရတာလဲ ဘာကြောင့်တစ်ခုခုကို နောင်တရသလို ခံစားနေရတာလဲ…
သူငူငူငိုင်ငိုင်နှင့်ထိုင်နေမိစဥ်မှာပင် ဖုန်းထဲ မက်ဆေ့ချ်ဝင်လာသံကြား၍ကြည့်လိုက်တော့ ဝတီ့ထံမှဖြစ်သည်..
“””We’re done””””တဲ့
“”S..it!
သူစိတ်ရှုပ်ထွေးစွာဖြင့် ခပ်တိုးတိုးဆဲရေးရင်း ဖုန်းကိုစက်ပိတ်ထားလိုက်တော့သည်
ပါတီပွဲပြီးသွားလို့ အကုန်ဘန်ဂလိုထဲ ဝင်သွားကြသည်အထိ သူထိုင်နေမိတုန်း..သန့်ရှင်းရေးကောင်လေးတွေ ခုံတွေလာသိမ်းမှ သူထိုင်ရာမှထကာ ကမ်းခြေဖက်လမ်းလျှောက်လာခဲ့သည်..
တဖြူးဖြူးတိုက်ခတ်နေသောလေကြောင့် သူအနည်းငယ်စိတ်ကြည်လင်သွားသလို ခံစားလိုက်ရသည်
ထိုစဥ်မှာပင် အမှောင်ထဲမှသဲသောင်ပြင်ပေါ် ထိုင်နေသူတစ်ယောက်ကိုမြင်လိုက်ရသည်..
“””အဖြူ တစ်ယောက်တည်းဘာလုပ်နေတာလဲ”””
သူ့အသံကြောင့် အဖြူကလှည့်ကြည့်ပြီး…
“””ဘာရယ်မဟုတ်ပါဘူးအစ်ကို မအိပ်ချင်သေးလို့”””
လေသံကဗလုံးဗထွေး..သူမသိပ်အမူးပြေသေးပုံမရ…
သူကအဖြူ့ဘေးနားမှာထိုင်လိုက်ရင်း..
“””အဖြူသီချင်းဆိုတာ အရမ်းကောင်းတာပဲ””
သူ့စကားကို အဖြူက…
“””အဖြူလည်းဆိုရတာအရမ်းကောင်းတာပဲ ရင်ထဲပေါ့သွားသလိုပဲ””
သူကဘေးတိုက်မြင်နေရသော အဖြူ့မျက်နှာလေးကိုငေးကြည့်ရင်း ရင်တွေတဒိန်းဒိန်းခုန်လာသည်..ငိုထားဟန်တူသော မျက်ခွံမို့မို့လေးကို သူကရုဏာသက်စွာ ငေးကြည့်နေမိသည်

…ကိုယ်တို့တွေ အတွေ့နောက်ကျခဲ့တာလား အဖြူရယ်…ကိုယ်တို့တွေ 4 နှစ်လောက်များစောပြီးတွေ့ခဲ့ရင် အခုလိုနာကျင်နေရမှာမဟုတ်ဘူး အခုလို နီးလျက်နဲ့ဝေးနေရမှာ မဟုတ်ဘူးနော်..အခုတော့ ကိုယ့်မှာလက်ရှိပိုင်ဆိုင်သူရှိနေရက်နဲ့ အဖြူ့ကိုချစ်တယ် လို့ ဘယ်လိုပြောရက်ပါ့မလဲကွယ် အဖြူ့အပေါ် ဘယ်တရားပါ့မလဲ…
“””အဖြူလေ အိမ်မပြန်ချင်တော့ဘူး အလုပ်လဲမလုပ်ချင်တော့ဘူး ဒီမှာပဲ ဒီလိုပင်လယ်ကြီးနားမှာ နေချင်တယ် စိတ်ထဲမှာအရမ်းကိုလွတ်လပ်ပေါ့ပါးနေတာပဲ”””
အဖြူ့ရဲ့ကလေးဆန်ဆန်စကားကြောင့် သူပြုံးလိုက်မိရင်း..
“””ဒီမှာပဲနေလေ အစ်ကိုလဲမပြန်တော့ဘူး အစ်ကိုကငါးဖမ်းမယ် အဖြူက ငါးကင်ရောင်း “””
သူ့စကားကြောင့် အဖြူကရယ်လိုက်သော်လည်း ရယ်သံကအသက်မပါ…
“””အစ်ကိုနဲ့နေချင်ပါဘူး အစ်ကိုနဲ့တွေ့ရမှာကြောက်လို့ မပြန်ချင်ပါဘူးဆိုမှ”””
“””ဟမ် ဘာဖြစ်လို့ အစ်ကိုကဘာအပြစ်လုပ်မိလို့လဲဗျ””
သူတအံ့တသြမေးမိတော့ သူမပြန်မဖြေပါ..အကြာကြီးတိတ်ဆိတ်နေသဖြင့် သူကအဖြူ့ပုခုံးလေးကိုကိုင်ကာ ဒီဖက်လှည့်လိုက်တော့ ပါးပြင်ပေါ်မှာ မျက်ရည်စများ…
အဖြူက ရှိုက်သံတဝက်ဖြင့်…
“””အဖြူ အစ်ကိုနဲ့မတွေ့ချင်တော့ဘူး အစ်ကိုနဲ့တွေ့ရတာပင်ပန်းတယ် နာကျင်တယ် အစ်ကို့ကိုမြင်နေရရင် အဖြူဝမ်းနည်းတယ် အဖြူလေ….
“””ကိုကို့ကိုမချစ်မိအောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်နေရတာ အရမ်းပင်ပန်းတယ်ကိုကိုရဲ့”””
ငိုရှိုက်ရင်း ဗလုံးဗထွေးပြောနေရှာသော သူမစကားများက သူ့နှလုံးသားကို တမြေ့မြေ့နာကျင်စေသည်….

“””အဖြူရယ်”””
..သူကအဖြူ့ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းကာ ခပ်တင်းတင်းပွေ့ဖက်ထားမိသည်…သူ့ရင်ဘတ်မှာ အဖြူ့ မျက်ရည်တွေစိုစွတ်လာတာ ခံစားရသည်..
“””ကိုယ်လဲ အဖြူ့ကိုသိပ်ချစ်တာပေါ့ကွယ်”””
..နောက်ဆက်တွဲစကားများကိုတော့ သူမပြောချင်တော့ပါ..ချစ်ရသူရဲ့နာကျင်မူတွေ ခဏတာပဲဖြစ်ဖြစ် သက်သာပျော်ရွှင်ပါစေတော့…
🖤🖤🖤

…….. ..
ကမ်းခြေခရီးမှပြန်လာတော့ သူနဲ့အဖြူရဲ့အခြေအနေတွေက မမျှော်လင့်ပဲပြောင်းလဲသွားခဲ့ရသည်..အခုမှပဲသူဟာ အဖြူ့ရဲ့ကြည်စင်သောမျက်နှာလေးကို ရဲရဲတင်းတင်းငေးရသည် ထိမ်းချုပ်ထားခဲ့ရသော ဂရုစိုက်ခြင်းတွေကိုလဲ အခုမှပဲရဲရဲပေးရသည်..ရှေ့မတိုးသာနောက်မဆုတ်သာ အနေအထားတစ်ခုမှာ ပိတ်မိလေးလံနေခဲ့သောသူ့စိတ်တို့သည် အခုမှပဲ တိမ်ကင်းစင်သွားသောကောင်းကင်လို ကြည်စင်သွားတော့သည်..
သို့တိုင်အောင် သူတို့နှစ်ယောက်ရဲ့ ပြင်ပဆက်ဆံရေးကတော့ အရင်အတိုင်းပဲဖြစ်သည်..တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းဖွင့်ဟဝန်ခံပြီးသည့်တိုင် အခြေအနေတွေကထူးခြားမသွားပါ ပုံမှန်အတိုင်းပဲ သူတို့အလုပ်အတူတူလုပ်သည်..အားလပ်ချိန်တွင် စာအုပ်တွေ ရုပ်ရှင်တွေအကြောင်းပြောသည်..နေ့လည်စာစားပြီးလျင် ကော်ဖီဆိုင်အတူထိုင်သည်..
အဖြူသည်သူ့ကို အထူးတလည်ထိမ်းချုပ်ထားမြစ်တာမျိုးမရှိသလို သူ့ဘဝထဲဝင်ရောက်စွက်ဖက်ကာ အူမချေးခါးမကျန်သိချင်တာမျိုးလည်းမရှိပါ..ထို့ကြောင့်လည်း ဝတီနဲ့သူ့အကြောင်းကိုမသိတာဖြစ်မည်..အလုပ်ကိစ္စအတွက် ဝန်ထမ်းတွေအားလုံး viber group သုံးကြရပြီး အဖြူနဲ့သူလည်း viber နဲ့ပဲပြောဖြစ်ကြသည်..အဖြူသာ သူ့ Facebook အကောင့်ကိုမေးပြီးဝင်ကြည့်လိုက်လျင် ဝတီ့အကြောင်းချက်ချင်းသိသွားမှာသေချာသည်..သို့တိုင်အောင် အဖြူကမမေးခဲ့ပါ..
ရုံးမှာအမြဲတွေ့နေရသည်မို့ တကူးတကလည်းဖုန်းမပြောဖြစ်ကြ..အဖြူကအမြဲတမ်း အလုပ်တစ်ခုမဟုတ်တစ်ခု လုပ်နေတတ်တာကြောင့် သူမနှောက်ယှက်ချင်တာလည်းဖြစ်သည်..
ပိတ်ရက်ဆိုရင်တော့ နှစ်ယောက်အချိန်ပေးကာတွေ့ဖြစ်ကြသည်..စာအုပ်အဟောင်းဆိုင်တွေ သွားဖွကြသည် ရုပ်ရှင်ကြည့်ကြသည် မြို့ပြင်ဖက်ကားလျှောက်မောင်းကာ စကားတွေပြောကြသည် မုန့်အတူစားကြသည်
သူနဲ့အဖြူဟာ ဝါသနာရောအကြိုက်ပါတူနေတာမို့ အထူးတလည်ညှိစရာမလိုခဲ့..အစားအသောက်ကအစ ကြည့်မဲ့ရုပ်ရှင်အဆုံး တခါတလေမတူတာရှိခဲ့ရင်တောင်
အဖြူကသူ့ကိုအမြဲဦးစားပေးနေလို့လည်းဖြစ်မည်..
အခုဆို နေ့လည်စာ ဆိုင်မှာစားနေကျသူ့ကိုမစားခိုင်းတော့.. ဆိုင်ချက်တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဟုဆိုကာ အဖြူကနေ့တိုင်းသူ့အတွက် ထမင်းဟင်းပိုချက်လာပေးသည်..သူကသူမ ပင်ပန်းမှာစိုး၍ ထည့်မလာဖို့ပြောသော်လည်း လက်မခံပါ..သူဘာကြိုက်တတ်လဲမေးကာ သူ့ အကြိုက်ဟင်းတွေ ချက်လာတတ်သေးသည်..အဖြူ့မေမေက လေဖြတ်ထားသူဖြစ်ပြီး အစ်ကိုအစ်မတွေကလည်း အိမ်ထောင်ကျပြီးအိမ်ခွဲသွားကြတာမို့ အထက်တန်းကျောင်းသူဘဝကတည်းက မီးဖိုချောင်တာဝန်ကိုယူခဲ့ရသောသူမ အချက်အပြုတ်ကျွမ်းကျင်သည်မှာ မဆန်းပါ..
တစ်ခုတော့ရှိသည် အဖြူကသူ့ကိုသိပ်ချစ် သိပ်ဂရုစိုက်တတ်သော်လည်း သူမဘာသာသီးသန့်နေချင်သော အချိန်တွေမှာတော့ လာနှောက်ယှက်ရင်မကြိုက်တတ်..သူအလုပ်တစ်ခုခုလုပ်နေချိန် ဒါမှမဟုတ် စာအုပ်ဖတ်နေချိန်ဆိုလည်း သူမကမနှောက်ယှက်ပဲ အလိုက်တသိငြိမ်နေပေးတတ်သည်..
တခါတလေ အဲဒီလိုအေးတိအေးစက်ပုံစံလေးကို သူကတမင် စ’ချင်လာသဖြင့်…
“”အဖြူကတစ်မျိုးပဲနော် ကိုယ့်ကိုချစ်တယ်သာပြောတယ် သဝန်လဲမတိုဘူး ဘာမှချုပ်ချယ်တားမြစ်တာတွေလဲမရှိဘူး အဖြူကိုယ့်ကိုတကယ်ရောချစ်ရဲ့လားလို့တောင် တွေးမိနေပြီ မူးနေတုန်း အပျော်ကြံလိုက်တာလား လို့”””
သူက စ’တော့ အဖြူက ဟက်ဟက်ပက်ပက်ရယ်ကာ…
“””ထိမ်းချုပ်ရအောင် ကိုကိုကဆယ်ကျော်သက်လေးမှမဟုတ်တော့တာ ကိုကိုကအဖြူ့ထက်တောင် အရာရာမှာ ပိုနားလည် ပိုရင့်ကျက်တဲ့သူပဲဟာ ပြီးတော့ တခြားသူကထိန်းချုပ်ပေးနေရအောင် မရင့်ကျက်တဲ့သူမျိုးဆို အစကတည်းက အဖြူကချစ်မိမှာတောင်မဟုတ်ဘူး”””
အဖြူက သူ့မျက်နှာကို ရွှန်းရွှန်းစားစားငေးကြည့်ရင်း…
“””အဖြူ့မျက်လုံးထဲမှာတော့ ကိုကိုက ဘာမှပြုပြင်ဖြည့်စွက်စရာမလို perfect ဖြစ်ပြီးသားလူတစ်ယောက်ပဲ ကိုကို့ရဲ့အတွေးအခေါ် အကျင့်စရိုက် ဝါသနာ အကုန်လုံးကို အဖြူသဘောကျလို့ချစ်ခဲ့တာပဲလေ”””
အဖြူ့စကားကြောင့် သူ့ကိုယ်သူမလုံမလဲဖြစ်သွားရသည်..အဖြူအထင်ကြီးလေးစားသောသူဟာ အဖြူ့အပေါ် ရိုးသားခြင်းမရှိခဲ့ဘူးမဟုတ်လား..ဝတီ့အကြောင့် အဖြူ့ကိုပြောပြမည်စဥ်းစားတိုင်း လက်ရှိအခြေအနေလေးကို ပျောက်ပျက်မှာကြောက်နေမိသောစိတ်ကြောင့် သူတွေဝေလေးလံနေမိမြဲ…
“””တကယ်လို့ ကိုကိုက အဖြူထင်သလို perfect မဟုတ်ခဲ့ရင်ရော ကိုကို့မှာအဖြူမသိတဲ့ ပြစ်ချက်တွေရှိနေခဲ့ရင်ရော””
“””ဒါကတော့ကိုကိုရယ် လောကမှာ ပြီးပြည့်စုံတဲ့သူဆိုတာ ရှိမှမရှိတာ အဖြူ့မှာလဲပြစ်ချက်တွေရှိတာပဲ ကိုကိုမသိသေးတာပဲရှိတာ”””
အဖြူကပေါ့ပေါ့ပါးပါးဟန်ဖြင့်ပြောသည်..
“””ဟုတ်လား ကိုကိုမသိသေးတာ ဘာတွေပါလိမ့် အိပ်ရင်ဟောက်တတ်တာလား ဒါမှမဟုတ် အီးခနခနပေါက်တတ်သလား”””
“””ဟာ ကိုကိုနော်”””
ဟန်ဆောင်မူကင်းမဲ့စွာ ရယ်မောနေသော အဖြူ့မျက်နှာလေးကိုငေးရင်း သူ့ရင်ထဲ အေးချမ်းမူများစီးဝင်လာရသည်..
ဒီမိန်းကလေးဟာ သူ့အနီးနားကလူတိုင်းကို အေးချမ်းမူတွေကူးစက်စေသူဖြစ်သည်..အဖြူသူ့နားမှာရှိရင် သူ့စိတ်တွေပေါ့ပါးလွတ်လပ်သည်..စကားမှားသွားမလား စိတ်ကောက်သွားမလား တွေးပူနေစရာမလို..သူ့ဖက်ကတစ်ခုခု အမှားလုပ်မိရင်တောင် ဖြည့်တွေးပေးတတ်တဲ့မိန်းကလေး..အရာရာကို အကောင်းဖက်ကတွေးကာ သူကိုယ်တိုင်ရော သူ့ပတ်ဝန်းကျင်ကိုပါ အေးချမ်းစေသူလေး…
ဒီလိုမိန်းကလေးတစ်ယောက်ကို သူစိတ်ဒုက္ခတွေပေးမိဦးမလားဟု တွေးမိတိုင်းရင်မောရပါသည်..တကယ်ဆို သူ့ဖက်မှာ မပြီးပြတ်သေးသော အခြေအနေတွေက ရှိနေသေးသည်မဟုတ်လား…

>>>ဆက်ရန်<<<

May ❤

#သုံးပွင့်ဆိုင် (ဇာတ်သိမ်းပိုင်း)
မိုးထက်ယံ သည် လူလည်ခေါင်မှာ ပါးရိုက်သောင်းကျန်းခြင်းကိုခံလိုက်ရပြီးနောက် ဝတီ့ကိုခေါ်ကာ လူရှင်းသောတစ်နေရာသို့ ကားကိုမောင်းထွက်လာခဲ့သည်..အချိန်ကား ဝတီသူ့ကို ပြတ်ပြီ ဟုစာလှမ်းပို့ပြီး နှစ်လခန့်အကြာဖြစ်သည်..ကြားထဲတွင် နှစ်ယောက်လုံးအဆက်အသွယ်မလုပ်ဖြစ်ကြပဲ ဒီနေ့မှ အဖြူနဲ့ရုပ်ရှင်ကြည့်ပြီးထွက်လာစဥ် တည့်တည့်တိုးခြင်းဖြစ်သည်..
ကားပေါ်ကဆင်းဆင်းခြင်းမှာပင် ဝတီကသူ့ကို ဒေါသတကြီး ရိုက်ပုတ်ကုတ်ဖဲ့ရင်း…
“””လူယုတ်မာ သစ္စာမရှိတဲ့ကောင် နင်ဘယ်လိုတောင်လုပ်ရက်ရတာလဲ ငါနင့်ကိုဒီလောက်ချစ်မှန်းသိရက်နဲ့ နင်ဘယ်လို ဖောက်ပြန်နိုင်ရတာလဲ”””
ဟု ငိုယိုအော်ဟစ်နေသည်..သူမ၏လက်သည်းများကြောင့် သူ့မျက်နှာနဲ့လည်ပင်းတွေ ပွန်းပဲ့နာကျင်လာသော်လည်း သူမစိတ်ကျေနပ်သည်အထိ ငြိမ်နေပေးလိုက်သည်..
“”ငါနင့်ကိုပြတ်ပြီလို့ မက်ဆေ့ချ်ပို့ခဲ့တာ ဘယ်လောက်ကြာသေးလို့ ချက်ချင်းနောက်တစ်ယောက်တွဲနိုင်ရတာလဲ ဟမ်! ဒါမှမဟုတ် ငါနဲ့မပြတ်ခင်ကတည်းက သူနဲ့ဖောက်ပြန်နေခဲ့တာလား””
သူဘာမှပြန်မပြောတော့ သူမကပဲ မနားတမ်းဆက်ပြောနေသည်..
“””ဟုတ်ပါတယ် ဟိုတလောက နင်နဲ့ကော်ဖီဆိုင်မှာအတူထိုင်တဲ့ကောင်မ မဟုတ်လား အဲကတည်းက နင်တို့ဖောက်ပြန်နေကြတာမလား ငါ့မှာတော့ လုပ်ဖော်ကိုင်ဖက်ဆိုလဲယုံ ရိုးရိုးသားသားပါဆိုလဲယုံ”””
“””မဟုတ်ဘူးဝတီ အဲတုန်းကကိုယ်တို့ တကယ်ကိုရိုးရိုးသားသားပါ ကမ်းခြေမှာတုန်းက ဝတီကပြတ်ပြီလို့ စာပို့ပြီးမှ ဒီလိုအခြေအနေဖြစ်သွားခဲ့တာပါ”””
သူ့စကားကြောင့် ဝတီကပိုဒေါသထွက်သွားဟန်ဖြင့်…
“””ငါကပြတ်ပြီဆိုတာနဲ့ နင်သူ့ကိုချက်ချင်းတွဲလိုက်တာပေါ့လေ ဟုတ်လား နင့်အတွက် နောက်တစ်ယောက်တွဲဖို့က အဲလောက်လွယ်လား ဟိုကောင်မကလဲ အဲလောက်အပေါစားဆန်ရလား သူများအကျကိုစောင့်နေရအောင်”””
“””ဝတီ မင်းစကားပြောတာမရိုင်းစမ်းပါနဲ့ သူကအဲလိုမိန်းကလေးမဟုတ်ဘူး ငါ့မှာချစ်သူရှိတာလဲ သူမသိခဲ့ဘူး””
“””အဟက် ! ဟုတ်လား သူမသိပေမဲ့ ငါကတော့သူ့အကြောင်းတွေ အကုန်သိထားတယ် နင်တို့ကိုကော်ဖီဆိုင်မှာတွေ့ကတည်းက သူ့အကြောင်းကိုစုံစမ်းခဲ့တာ…
….မိုးထက်ယံရယ် ငါ့ကိုထားပြီးဖောက်ပြန်တယ်ဆိုလဲ ငါ့ထက်သာတာတွဲစမ်းပါ အခုတော့ ငါ့လောက်မလှ ငါ့လောက်မချမ်းသာ ဘယ်က ကလေကဝအသိုင်းအဝိုင်းမှန်းမသိ”””
“””တော်တော့ ဝတီ”””
ဝတီ့ရဲ့အထိန်းအချုပ်မဲ့သောစကားတွေကြောင့် သူဒေါသထွက်လာသည်..
“””ဒီကိစ္စဟာ မင်းနဲ့ငါပဲရှင်းရမဲ့ကိစ္စပဲ သူ့ကိုဆွဲမထည့်နဲ့ သူဘာမှမသိဘူးလို့ ငါပြောပြီးပြီ ပြီးတော့ ဘာမဟုတ်တဲ့ကိစ္စနဲ့ လမ်းခွဲစကားစပြောတာ ဘယ်သူလဲ တဖက်သတ်လမ်းခွဲခဲ့တာရော ဘယ်သူလဲ “””
“””ဘာမဟုတ်တဲ့ကိစ္စ ဟုတ်လား ဟုတ်လို့ပဲ နင်တို့ဖောက်ပြန်ခဲ့ကြတာ မဟုတ်ဘူးလား အဲဒါကြောင့် နင်ငါ့ကိုခါတိုင်းလိုတောင် ပြန်မချော့ခဲ့ဘူးလေ နင်မတောင်းပန်ခဲ့ဘူးလေ ဖုန်းလေးတစ်ချက်တောင် နင်ဆက်မကြည့်ခဲ့ဘုးမဟုတ်လား”””
“””ငါအဲဒါတွေလုပ်ရတာ ပင်ပန်းနေပြီဝတီ အမြဲတမ်း အဲလိုမျိုးတွေလုပ်ရတာ ငါစိတ်ကုန်နေပြီ”””
သူ့စကားကြောင့် ဝတီကမယုံနိုင်သလို ပြူးကြည့်နေသည်..
“””အခုမင်းပြောသလို ငါဖောက်ပြန်တယ် ထားလိုက်တော့ အဲဒီအတွက် မင်းကြိုက်တဲ့အပြစ်ပေး ငါခံမယ် မင်းစိတ်ကျေနပ်အောင် ဘာလုပ်ပေးရမလဲ ငါအကုန်လုပ်ပေးမယ် ပြီးရင်တော့…”””
အံ့သြဝမ်းနည်းစွာ ငေးကြည့်နေသောဝတီ့မျက်လုံးများကို သူရင်မဆိုင်ချင်၍ မျက်နှာလွှဲရင်း…
“””ငါတို့လမ်းခွဲကြမယ်”””
“””ဘာ””””
ဝတီ့မျက်နှာက အံ့သြတုန်လှုပ်မူကြောင့် သွေးဆုတ်ဖြူလျော်သွားသည်..
“””လမ်းခွဲမယ် ဟုတ်လား အဲဒီစကားကို ငါပြောရမှာလေ ဖောက်ပြန်ခဲ့တာက နင်လေ နင့်ကိုငါခွင့်လွတ်အောင် နင်တောင်းပန်ရမှာလေ “””
ဝတီကပြောရင်း မျက်ရည်များတလိမ့်လိမ့်စီးကျလာသည်..
“””အရင်လိုနင်ရှင်းပြလေ တောင်းပန်လေ လမ်းခွဲဖို့ မခွဲဖို့ဆိုတာ ငါပဲဆုံးဖြတ်ရမှာ နင့်ကိုခွင့်လွတ်ဖို့မလွှတ်ဖို့ဆိုတာ ငါဆုံးဖြတ်ရမှာ”””
ဝတီ့ရဲ့သွေးရူးသွေးတန်းပုံစံကြောင့် သူသနားသွားမိကာ လေသံကိုပြန်လျှော့လိုက်ပြီး
“””အရာအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ်ဝတီ ကိုယ်မှားခဲ့ပါတယ် ဒါပေမဲ့ ဒီစကားတွေကို နောက်တစ်ယောက်တွေ့လို့ပြောတာမဟုတ်ပါဘူး သူနဲ့မတွေ့ခင်ကတည်းက အကြိမ်ကြိမ်ပြောဖို့ကြိုးစားခဲ့တာပါ ငဲ့ညှာရမှာ ထောက်ထားရမှာတွေကို ပြန်ပြန်တွေးရင်းနဲ့ ကိုယ်မပြောဖြစ်ခဲ့တာပါ”””
“””ဘာကြောင့်လဲ ဟမ်! လမ်းခွဲချင်တဲ့အကြောင်းပြချက်က ဘာများလဲ ငါဆိုးလို့လား ရစ်လို့လား ခနခနစိတ်ကောက်တတ်လို့လား နင်ငါ့ရဲ့ အဲဒီအကျင့်တွေကိုပဲ 4 နှစ်လုံးချစ်ခဲ့တာပဲ မဟုတ်လား အခုအသစ်တွေ့မှ ဒါတွေကအပြစ်တွေပေါ့ ဟုတ်လား”””
“””မဟုတ်ဘူးဝတီ ကိုယ်မင်းကိုအပြစ်မြင်တာမဟုတ်ပါဘူး မင်းကိုမချစ်တော့လို့လဲမဟုတ်ဘူး ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ရှေ့ဆက်ဖို့က အချိန်ကြာလာလေ မဖြစ်နိုင်တာသိလာလေပဲဝတီ လက်ထပ်ကြရင်လည်း သာယာတဲ့အိမ်ထောင်ရေးဖြစ်မှာမဟုတ်ဘူး ဘယ်အရာမှမတူညီ ညှိနှိုင်းမရတဲ့လူနှစ်ယောက်ဟာ ဘဝတစ်လျှောက်လုံး ဘယ်လိုရှေ့ဆက်သွားရမလဲ ဝတီ”””
ဝတီက ပြောစရာစကားကင်းမဲ့နေဟန်ဖြင့် ခေါင်းကိုခါရမ်းရင်း မျက်ရည်များသာစီးကျနေသည်..
“””ကိုယ်တတ်နိုင်သလောက်ညှိယူခဲ့တယ် ကိုယ်ပြင်လို့ရသလောက် ပြုပြင်ခဲ့တယ် ကိုယ်ချစ်နိုင်သလောက်ချစ်ပေးခဲ့တယ် ဒါပေမဲ့ ဝတီက ကိုယ်ဘယ်လောက်ဆွဲခေါ်ခေါ် နောက်ကလိုက်မလာခဲ့တာ…ကိုယ်ဘာပြောပြော နားမှမထောင်ခဲ့တာ..4 နှစ်လုံး ဝတီ့အတွက် ကိုယ်ကြိုးစားပြောင်းလဲနေပေးခဲ့ပေမဲ ဝတီ့ဖက်က ကိုယ့်အတွက် ဘာမှပြောင်းလဲပေးခဲ့တာမရှိခဲ့ဘူး…
“”” ဝတီ့ဆီက ကိုယ်ဘာတွေများများစားစား တောင်းဆိုခဲ့ဖူးလဲ တကယ်ဆို ကိုယ်ဝတီ့ဆီကလိုချင်တာက နားလည်မူ ဆိုတဲ့အရာတစ်ခုတည်း ဝတီအမြဲပြောခဲ့သလို “ချစ်တဲ့သူကတော့ ဘာဖြစ်ဖြစ်ချစ်နေမှာပဲ”ဆိုပေမဲ့ အဲဒီအချစ်ဟာ တဖက်သတ်ဖြစ်နေခဲ့ရင်တော့…
“””ငါနင့်ကိုချစ်တယ်လေ “”
ဝတီကအော်လိုက်သည်..
“””ငါနင့်ကိုသိပ်ချစ်လို့တောင် လက်ထပ်ဖို့ရည်ရွယ်ထားခဲ့တာလေ ငါ့မိသားစု အသိုင်းအဝိုင်းမှာပါ ချပြထားခဲ့တာလေ ငါနင့်ကိုချစ်တယ်ဆိုတာ တလောကလုံးသိတယ်”””
သူသက်ပြင်းတစ်ချက် ချလိုက်မိရင်း…
“””အချစ်ဆိုတာ ဝတီ့အတွက် ဘယ်လိုအဓိပ္ပါယ်လဲတော့ ကိုယ်မသိဘူး ကိုယ်သိတဲ့အချစ်ကတော့ ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် လုံခြုံစေချင်တယ် နွေးထွေးစေချင်တယ် ကိုယ့်အတွက်နဲ့ထိခိုက်ရတာ နာကျင်ရတာ လုံးဝမဖြစ်စေချင်ဘူး ကိုယ်ဟာသူ့အတွက် အထောက်အပံ့ကောင်း အကူအညီကောင်းတစ်ခုပဲဖြစ်ချင်တယ် အဲလိုဖြစ်ဖို့လဲ ကိုယ့်ဖက်က
တတ်နိုင်သလောက်ကြိုးစားခဲ့တာပဲ
ဒါပေမဲ့….
“””တော်ပါတော့”””
ဝတီက တုန်ယင်စွာပြောရင်း မတ်တပ်ရပ်နေဖို့အားမရှိတော့သလို မြက်ခင်းပေါ်ထိုင်ချလိုက်သည်..
“””အရာအားလုံးဟာ ငါ့အပြစ်တွေပဲပေါ့လေ ဟုတ်လား ငါဟာနင့်အတွက် စိတ်ဒုက္ခတွေပဲ ပေးခဲ့သူပေါ့ ငါဟာလူတစ်ယောက်ကို ဘယ်လိုချစ်ရမှန်းမသိခဲ့တဲ့ မိန်းမရိုင်းကြီးပေါ့”””
ဝတီကသူ့ကို မျက်ရည်ပြည့်နေသောမျက်ဝန်းများဖြင့် မော့ကြည့်ရင်း…
“””ငါ့ဖက်ကိုလဲ ကြည့်ပါဦး ငါ့မိသားစု ငါ့အသိုင်းအဝိုင်းကို ငါဘယ်လိုမျက်နှာပြရမလဲ ပတ်ဝန်းကျင်ကို ငါဘယ်လိုရင်ဆိုင်ရမလဲ ငါတို့တွဲခဲ့တာ 4 ရက်လဲမဟုတ်ဘူး 4လလဲမဟုတ်ဘူး 4 နှစ်လေ”””
သူကစိတ်မောစွာဖြင့် ဝတီ့အနီးကမြက်ခင်းပေါ်ထိုင်ချလိုက်ရင်း…
“””ကိုယ်လဲစဥ်းစားမိတာပေါ့ဝတီ ဒါတွေကိုယ်သိတာပေါ့ ဒါပေမဲ့ လက်ထပ်ပြီးမှ အဆင်မပြေဖြစ်ကြ ကွဲကြကွာကြတာထက် အခုအခြေအနေမှာနောတ်ဆုတ်လိုက်တာက ကိုယ်တို့နှစ်ယောက်လုံးအတွက် အဆင်အပြေဆုံးဖြစ်မယ်လို့ ကိုယ်ထင်တယ် အချိန်တွေဆွဲရင်း ဆွဲရင်းနဲ့ 4 နှစ်ကနေ 5 နှစ် 6 နှစ်ထိဖြစ်လာရင် ဝတီပဲ ပိုနစ်နာရမှာ”””
ဝတီကသူ့ကို တစ်ခါမှမမြင်ဖူးသောလူတစ်ယောက်လို အကြာကြီးငေးကြည့်နေသည် ထို့နောက်မှ ဝတီက ပါးပြင်ပေါ်မှမျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်ဖယ်လိုက်ပြီး…
“””နင်ငါ့ကိုတစ်ခုပဲ အမှန်အတိုင်းဖြေပေး “””
သူမက မျှော်လင့်ချက်အရိပ်အငွေ့တို့ အနည်းငယ်သန်းနေသောမျက်ဝန်းများဖြင့် သူ့ကိုမော့ကြည့်ရင်းပြောသည်..သူကခေါင်းငြိမ့်ပြလိုက်သည်..
“””နင်သူ့ကိုအပျော်တွဲတာလား တကယ်ချစ်တာလား””
သူမမေးခွန်းကို သူမဖြေရက်နိုင်ပါ..ကိုယ့်ကြောင့် ထိခိုက်နာကျင်နေရသူမိန်းကလေးရဲ့ရှေ့မှာ တခြားတစ်ယောက်ကို ချစ်တယ်လို့ သူဘယ်လိုပြောထွက်ပါ့မလဲ…
“””ဖြေလေ အဲဒါပဲငါသိချင်တယ်””
သူမကသူ့မျက်နှာကို စေ့စေ့ကြည့်လျက် ထပ်မေးသည်..သူက အကြည့်တွေကို အဝေးတစ်နေရာသို့လွှဲရင်း…
“””ကိုယ်သူ့ကို တကယ်ချစ်မိသွားတယ် ဝတီ ဒါပေမဲ့ ကိုယ်ဝတီ့ကိုလည်း…
“”””တော်ပါတော့”””
သူမက တိုးသဲ့နာကျင်စွာပြောသည်..
“””ငါဘာမှထပ်မကြားချင်တော့ဘူး”””
ဝတီ့မျက်ဝန်းထဲမှာ နာကျင်မူတွေကို သူမမြင်ရက်စွာ မျက်နှာလွှဲလိုက်သည်..ချစ်ခဲ့ကြသည့်အချိန်တွေကို ပြန်တွေးမိတော့ ရင်ထဲဆို့နင့်နာကျင်လာရသည်..သို့တိုင်အောင် ခနတာနာကျင်မူအတွက် တစ်ဘဝလုံးစာပျော်ရွှင်မူကို သူမစတေးနိုင်ပါ..
သူ့ကိုအတ္တကြီးတယ်ပဲ ဆိုရင်ဆိုပါတော့…
သူ့ဘဝတစ်လျှောက်လုံး အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီးအိမ်ပြန်လာချိန် ငြိုငြင်ဆူဆောင့်နေမည့် ဇနီးမျိုးနှင့် အတူတူနေမသွားချင်ပါ.. သဘောထားသေးသိမ်ကာ အမြဲတမ်းစွပ်စွဲရန်လိုနေတတ်သော အိမ်ထောင်ဖက်မျိုးမလိုချင်ပါ ခင်ပွန်းဖြစ်သူအပေါ် လူအားစိတ်အား ဘာကူညီအားပေးမူမှမရှိပဲ သူ့အတွက်သူသာကြည့် သူပျော်သလိုနေတတ်သော လက်တွဲဖော်မျိုး မလိုချင်ပါ..သူ့သားသမီးတွေအတွက် မိခင်ကောင်းဖြစ်ဖို့ ရင့်ကျက်ပြည့်ဝတဲ့အသိဉာဏ်မရှိသော ဇနီးမျိုးကို သူမလိုချင်ပါ…
ဝတီကားရပ်ထားခဲ့ရာ ရုပ်ရှင်ရုံနားသို့ သူ့ကားဖြင့်ပြန်လိုက်ပို့တော့ နှစ်ယောက်လုံး စကားတစ်ခွန်းမှမပြောပဲ တိတ်ဆိတ်နေမိကြသည်..ဝတီသည် ကားလမ်းဘေးကိုသာငေးကြည့်လျက် တိတ်ဆိတ်နေသလို ငိုလဲမငိုတော့..စကားလဲမပြောတော့..
သူမရဲ့ကားပေါ်တက်ပြီးသည်နှင့် သူ့ကိုတစ်ချက်ပင်လှည့်မကြည့်ပဲ ကားကိုမောင်းထွက်သွားတော့သည်..သူသည် တဖြည်းဖြည်းဝေးသွားသော ဝတီ့ရဲ့ကားလေးကိုငေးကြည့်ရင် သက်ပြင်းတစ်ချက်ကိုသာ လေးပင်စွာချလိုက်မိတော့သည်..
သူအိမ်ပြန်ရောက်ရောက်ချင်း အဖြူ့ထံဖုန်းခေါ်တော့ စက်ပိတ်ထားသည်..
သူမဘယ်လောက်တောင် အံ့သြတုန်လှုပ်သွားလိုက်မလဲ..ဘယ်လောက်တောင်စိတ်ထိခိုက်သွားရှာမလဲ…သူမ ယုံကြည်မျှော်လင့်ထားခဲ့တဲ့သူ့ပုံရိပ်ဟာ အဲဒီနေရာမှာတင် ပြိုကွဲပျက်စီးခဲ့ရသည်မဟုတ်လား..
ထပ်ခေါ်နေလည်း အကြောင်းမထူးတာမို့ မနက်ဖန် ရုံးမှာတွေ့မှပဲ စကားပြောတော့မည်ဟုတွေးလိုက်သည်..သူ့အတွက်လည်း အဖြူ့ကိုရှင်းပြဖို့အတွက် အချိန်ယူရပါဦးမည်…
❤❤❤

“””အဖြူက ထွက်စာတင်ထားတယ် ဟုတ်လား”””
ရုံးကိုရောက်ရောက်ခြင်း ဘုန်းသစ်ထံမှကြားရသောသတင်းကြောင့် သူမယုံနိုင်သလိုပြန်မေးလိုက်သည်…
“””ဟုတ်တယ်အစ်ကို ကျွန်တော်လည်း ဂျာကြီးပြောမှသိတာ သူဘာတွေလျှောက်လုပ်နေလဲမသိဘူး အလုပ်ထဲမှာလည်းအဆင်ပြေနေတာကို ဘာဖြစ်လို့ထွက်ချင်ရတာလဲ”””
ဘုန်းသစ်က စိတ်မကောင်းဟန်ဖြင့်ပြောသည်..သူကအလုပ်လုပ်နေသောအဖြူကို လှမ်းကြည့်တော့ ဘာမှမဖြစ်သလိုဟန်ဖြင့် Laptop ကိုသာအာရုံစိုက်နေတာတွေ့ရသည်..သို့တိုင်အောင် ကြာမြင့်စွာငိုထားဟန်ဖြင့် မျက်ခွံလေးများမို့ဖောင်းကာ မျက်လုံးများအနည်းငယ်နီနေသည်ကို သူသတိထားမိလိုက်သည်..
ထိုနေ့တစ်နေ့လုံး အဖြူသူ့ကိုစကားမပြောသလို မျက်နှာချင်းလဲမဆိုင်ပါ..သူစကားပြောချင်၍ သူမနှင့်နှစ်ယောက်တည်းတွေ့ရမည့်အချိန်ကိုစောင့်နေသော်လည်း အခွင့်အရေးမရ..သူမကခါတိုင်းလို နေ့လည်စာကိုသူနှင့်လာမစားပဲ တခြားဝန်ထမ်းများနှင့်သာ အတူစားသည်..သူအရင်စားနေကျထမင်းဆိုင်ကို သွားစားရင်း သူမကော်ဖီသောက်ရန် ထွက်လာမလားဟုမျှော်လင့်မိသော်လည်း ထွက်မလာပါ…
သူအဖြူနဲ့စကားပြောရမှဖြစ်မည်..သူ့ကိုခွင့်မလွတ်နိုင်ဘူးဆိုရင်တောင် သူ့ကြောင့်အလုပ်ထွက်ရတာမျိုးတော့ အဖြစ်မခံနိုင်ပါ..ဒီအလုပ်ကိုရဖို့ အဖြူ့အတွက်ဘယ်လောက်ခက်ခဲမှန်း သိနေတာမို့ သူပိုစိတ်မကောင်းဖြစ်ရသည်..
တစ်နေ့လုံးသူ့ကိုရှောင်နေသောအဖြူ့ကို ရုံးဆင်းမှပဲ နောက်ကနေအမှီလိုက်ရသည်..
“””အဖြူ”””
သူ့ခေါ်သံကြားသော်လည်း သူမကလှည့်မကြည့်ပါ..ဘတ်စ်ကားမှတ်တိုင်ဆီသို့ ဆက်သွားနေသဖြင့် သူကရှေ့မှပိတ်ရပ်လိုက်သည်..
“””အဖြူ ကိုယ်စကားနည်းနည်းပြောပါရစေ”””
“””အဖြူ့ဖက်ကတော့ ဘာမှပြောစရာမရှိဘူး “””
အဖြူက သူ့ကိုမကြည့်ပဲ လမ်းမပေါ်ငေးရင်း အေးစက်စက်ပြောသည်…
“””ခုချိန်မှာ ကိုယ်ဘာပြောပြော ဖြူမယုံဘူးဆိုတာ ကိုယ်သိပါတယ် ကိုယ့်ကိုချစ်သူရှိရက်နဲ့ဖောက်ပြန်တဲ့ကောင်လို့ထင်နေမှာပေါ့
မဟုတ်ဘူးလို့ ကိုယ်မငြင်းပါဘူးအဖြူ ဒါပေမဲ့ အခြေအနေတွေကို ကိုယ်နည်းနည်းရှင်းပြပါရစေ””””
သူ့စကားကြောင့် အဖြူကသူ့ကို နာကျည်းဟန်ဖြင့်စိုက်ကြည့်ရင်း..
“””လူလည်ခေါင်မှာ စနိုက်ကြော်မ ဆိုပြီး အော်ဟစ်ပြောဆိုခံခဲ့ရတာတောင် ဘာကိုရှင်းပြချင်သေးတာလဲအစ်ကို ဘာလဲ “”အစ်ကိုတို့က အဆင်မပြေတာကြာပါပြီ လမ်းခွဲတော့မှာပါ အစကတည်းက သူ့ကိုမချစ်ပဲတွဲခဲ့တာပါ””အဲလိုဖောက်ပြန်သူတွေရဲ့ လက်သုံးစကားတွေကိုပြောမလို့လား”””
“””အဖြူရယ် ခနလောက်လေးပဲဖြစ်ဖြစ် ကိုယ့်ကိုစကားပြောခွင့်ပေးပါလား နားထောင်ပြီးရင် အဖြူကြိုက်သလိုဆုံးဖြတ်ပါ ကိုယ်လက်ခံပါ့မယ်””
“””အဖြူဆုံးဖြတ်ပြီးသားပါ”””
အဖြူကပြတ်သားစွာပြောသည်…
“””အဲဒီအချိန်ကတည်းက အဖြူအစ်ကို့အပေါ်ထားခဲ့တဲ့အရာအားလုံး ပြိုကွဲပျက်စီးသွားပြီမို့ အဖြူ့ရင်ထဲမှာ ဘာမှမရှိတော့ဘူး”””
အဖြူ့အသံက အဆုံးသတ်မှာတုန်ခါသွားကာ မျက်ရည်အနည်းငယ်ဝဲလာသည်..မငိုမိအောင်ထိန်းထားဟန်တူသော မျက်နှာနီနီလေးကိုကြည့်ရင်း သူ့ရင်ထဲမှာလဲ ဝမ်းနည်းနာကျင်ရပါသည်..
“””ကိုယ်တောင်းပန်ပါတယ်အဖြူရယ် ကိုယ်ဘယ်လိုပဲတောင်းပန်တောင်းပန် ကိုယ့်အပြစ်တွေက ပြေမသွားဘူးဆိုတာလဲ ကိုယ်သိပါတယ် ကိုယ်အဖြူ့ကို တမင်လိမ်ညာခဲ့တာမဟုတ်ပါဘူး ကိုယ်အဖြူ့ကို တကယ်လေးလေးနက်နက်ချစ်တာပါ””
“””တော်ပါတော့ အဖြူဘာမှထပ်မကြားချင်တော့ဘူး အစ်ကို့မျက်နှာကိုလဲ ထပ်မမြင်ချင်တော့ဘူး ဒီနေရာ ဒီပတ်ဝန်းကျင်မှာလဲ အဖြူမနေချင်တော့ဘူး “””
ပြောရင်း အဖြူ့အသံက ငိုသံစွက်ကာ တုန်ယင်လာသည်..သူကမျက်ရည်များဝဲနေသော အဖြူ့မျက်နှာလေးကို ဝမ်းနည်းစွာငေးကြည့်ရင်းမှ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး…
“””ကောင်းပြီလေ အဖြူဆုံးဖြတ်ပြီးသားဆိုရင်လည်း ကိုယ်ဘာမှထပ်မပြောတော့ပါဘူး ဒါပေမဲ့ တစ်ခုပဲ…
….အဖြူအလုပ်မထွက်ပါနဲ့ ဒီမှာဆက်နေပါ ကိုယ့်ကြောင့် အဖြူဒီအလုပ်ကိုလက်လွှတ်ရမှာ မဖြစ်စေချင်ဘူး ကိုယ့်ကိုမတွေ့ချင်ဘူးဆိုရင် ကိုယ်ထွက်သွားပေးမယ်အဖြူ ကိုယ်အလုပ်ထွက်မယ် အဖြူဒီမှာဆက်နေပါ ကိုယ်တောင်းဆိုတာပါ”””
နာကျင်ဝမ်းနည်းနေသော်လည်း တည်ငြိမ်အေးစက်နေသော အဖြူ့မျက်နှာက ဆုံးဖြတ်ချက်ကို ပြောင်းလဲမည့်ပုံမပေါ်ပါ..
“””မလိုပါဘူးအစ်ကို အဖြူ့အရည်အချင်းနဲ့ နောက်ထပ်အလုပ်ရှာနိုင်ပါတယ် “””
အဖြူကပြောပြီးသည်နှင့် သူ့ရှေ့မှလှည့်ထွက်သွားသည်..သူက အဖြူ့ကျောပြင်ကို နာကျင်စွာငေးကြည့်နေရင်းမှ
“””အဖြူ”””
သူခေါ်လိုက်တော့ သူမခြေလှမ်းများ တုံ့ခနဲရပ်သွားသော်လည်း နောက်ကိုလှည့်မကြည့်ပါ..
“””အဖြူဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် ကိုယ်အဖြူ့ကိုသိပ်ချစ်တယ် ဆိုတာတော့သိထားပေးပါ အဖြူဟာ ကိုယ်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသောမိန်းကလေးပါအဖြူရယ်”””
သူ့စကားကို သူမကဘာမှမတုံ့ပြန်ပဲ ရှေ့သို့သာဆက်လျှောက်သွားသည်..သူမမြင်နိုင်သော အဖြူ့ပါးပြင်ပေါ်မှာ မျက်ရည်တွေများစီးကျနေရှာမလား…
သူသည် ရင်ဘတ်တစ်ခုလုံး လစ်ဟာသွားသော ခံစားချက်နှင့်အတူ ထိုနေရာမှာအကြာကြီး ရပ်နေမိတော့သည်….

❤❤❤

သူသည် လေဆိပ်ထဲက ထိုင်ခုံတွင်ထိုင်ရင်း ရှေ့မြင်ကွင်းကို အဓိပ်ပါယျမဲ့စှာငေးကွညျ့နမေိသညျ..ဖေဖေနှင့်မေမေကတော့ သူ့ကိုလိုက်ပို့ကာ ပြန်သွားကြပြီ..
ဘယ်သူမှရောက်မလာမှန်းသိရက်နဲ့ လေဆိပ်အပေါက်ဝကို လှမ်းကြည့်နေမိပြန်သည်..ရုပ်ရှင်တွေထဲကလို လေယာဥ်ထွက်ခါနီးမှ အပြေးရောက်လာပြီး “မသွားပါနဲ့”ဟုတားမည့်သူပေါ်လာမလား..
ဝတီသည် သူနှင့်လမ်းခွဲပြီးကတည်းက လုံးဝအဆက်အသွယ်ဖြတ်သွားကာ နှစ်လကျော်ကြာသည့်ခုချိန်ထိ သူမကိုမတွေ့ခဲ့ပါ..သူ့ကိုစိတ်အနာကြီးနာသွားပြီထင်ပါရဲ့..သူ့ဖက်ကတော့ အမုန်းတရားနဲ့လမ်းခွဲခဲ့တာမဟုတ်လို့ သူမကို မကြာခနသတိရမိသည်..သူမအဆင်ပြေလားသိချင်မိသည်..4 နှစ်တာသံယောဇဥ်ကြောင့် တိုက်ဆိုင်မူရှိတိုင်းသတိရမိသည်ဆိုလျင် သူမသူ့ကို လှောင်ရယ်မည်လား…
သူငယ်ချင်းတွေထံမှကြားရသည်ကတော့ သူမအဆင်ပြေပုံရပါသည် တဲ့..သင်တန်းတွေတက်ကာ အလုပ်လဲရှာနေသည်ဟုသိရသည်..ထို့အတွက်တော့ သူတကယ်ဝမ်းသာမိပါသည်..သူမကိုပျော်ရွှင်စေချင်သည် ရင့်ကျက်စေချင်သည် နောက်တစ်ခါ ချစ်သူရည်းစားထားတဲ့အခါ လကျတှဲဖောျဆိုတဲ့အဓိပ်ပါယျကို သေချာသိနားလည်ပါစေဟု သူမျှော်လင့်မိသည်…
သူက ဘောင်းဘီအိတ်ထဲမှဖုန်းကိုထုတ်ကာ msg အဝင်ကိုစစ်ကြည့်လိုက်သည်..သူပို့ထားသော
“””အဖြူ ကိုယ်စင်ကာပူသွားတော့မယ် အလုပ်လုပ်ဖို့သွားတာဆိုတော့ ဘယ်တော့ပြန်လာဖြစ်မလဲ မသိသေးဘူး နှုတ်ဆက်တယ်နော်””
ဆိုသော စာကြောင်းအောက်မှာ မည်သည့် msg မှ ပြန်ဝင်မလာပါ..သူသက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း ဖုန်းကိုပြန်သိမ်းလိုက်သည်..
အဖြူသည် အလုပ်ထွက်သွားပြီးကတည်းက သူ့ကိုအဆက်အသွယ်တွေ အကုန်ဖြတ်သွားသည်..ဖုန်းကို block မထားသော်လည်း သူမဆက်ဖြစ်ခဲ့ပါ..အခုချိန်မှာ သူနဲ့ပတ်သက်ပြီး နာကျင်မူ နာကျည်းမူတွေပဲ ခံစားနေရမှာမို့ သူမကိုထပ်ပြီး စိတ်အနှောက်အယှက်မပေးချင်ပါ
ရံဖန်ရံခါ အရမ်းသတိရလွန်းလို့ စာပို့ရင်တောင် သူမ ဝင်မဖတ်တော့..အဖြူသည် စိတ်ထားအေးချမ်းသိမ်မွေ့သလောက် ပြတ်သားလွန်းလှသည်..
သူသည် အဖြူ့ကိုတွေ့နေကျနေရာ ရှိနေကျနေရာ မှာမတွေ့ရတော့ အလုပ်လုပ်ရတာစိတ်မပါတော့..သူ့အပြစ်ကြောင့် အဖြူအလုပ်ထွက်ရသည်ဟူသောစိတ်ကြောင့် သူပို၍အနေရခက်လှသည်..နေ့စဥ်နေ့တိုင်းလုပ်နေကျအလုပ်တွေပင် သူ့အတွက် ပင်ပန်းခက်ခဲရသည်..သူ့ဘဝရဲ့လစ်ဟာမူက ဘယ်လောက်တောင်ကြီးမားလဲဆိုတာ သူအခုမှ သေချာသိလိုက်ရတော့သည်..
နောက်တော့ သူဘယ်လိုမှစိတ်နဲ့လူ မကပ်နိုင်သည့်အဆုံး အလုပ်ထွက်လိုက်တော့သည်..သူ့ကိုချစ်သောမိန်းကလေးနှစ်ယောက်ကို နာကျင်ထိခိုက်စေခဲ့၍ သူအပြစ်ဒဏ်ခံရသည်ထင်ပါသည်..နေရတာလည်း ဘယ်လိုမှမပျော်တော့တာမို့ စင်ကာပူကသူငယ်ချင်းထံ အလုပ်စုံစမ်းပြီး ထွက်ဖို့ပြင်သည်..မေမေက သူ့ကိုမသွားစေချင်သော်လည်း သူစိတ်ပင်ပန်းနေမှန်းသိနေတာမို့ ခွင့်ပြုပေးရှာသည်
…သားအကြာကြီးတော့ မနေရဘူးနော်..တဲ့
သူသွားဖို့စီစဥ်နေစဥ်အတွင်း အဖြူ့ကိုတွေ့ချင်လွန်း၍ အဖြူတို့အိမ်နားသွားချောင်းတော့ အိမ်အပြင်ထွက်ခဲသောအဖြူကြောင့် ရံဖန်ရံခါမှသာ မြင်ရတတ်သည်..စင်ကာပူသွားမည့်ကိစ္စပြောချင်၍ ဖုန်းဆက်သော်လည်းမကိုင်ပါ..မက်ဆေ့ချ်လည်း ဝင်မဖတ်ပါ..နောက်ဆုံးတော့သူပဲ လက်လျှော့လိုက်ရတော့သည်..
လေယာဥ်ပေါ်တက်ဖို့ ကြေညာသံကြားမှ သူအတွေးထဲမျောနေရာမှ သတိဝင်သွားသည်..သူက လပ်ဂေ့ချ်ကိုဆွဲကာ ထရပ်လိုက်ရင်း တံခါးဝဆီသို့ နှုတ်ဆက်သလိုကြည့်လိုက်မိသည်…
…သူပြန်လာမည့်အချိန်ကျရင်တော့ အဖြူသူ့အပေါ် စိတ်ပြေနိုင်ကောင်းရဲ့ဟု မျှော်လင့်မိသည်..ထို့အတူ လက်တွဲဖော်အသစ်နှင့်အတူ တွေ့ရမလားဟုလည်း စိတ်ပူနေမိပြန်သည်..
…ကံတရားပေါ့အဖြူရယ် ကိုယ်တို့ရဲ့အချစ် စစ်မှန်ရင်တော့ တစ်ချိန်ချိန်မှာ ပြန်ဆုံရမယ်လို့ ကိုယ်မျှော်လင့်ပါတယ်……

ပြီးပါပြီ ❤

May 🖤