“သူ့ကျေးဇူး ကိုယ့်ကျေးဇူး” (စ/ဆုံး)
———————————-
“ကျေးဇူးပါ မမြင့်ရယ်….တကယ်ပါ ၊ဒီကျေးဇူးကို ဘယ်တော့မှ
မမေ့ပါဘူး ”
မဆွေရည်လွင်သည် လှိုက်လှိုက်လှဲလှဲ ပြောနေခြင်းဖြစ်သည်။ မုသားမပါ ။
မဆွေသည် ပိုက်ဆံကို ကိုင်လျက် လက်များပင် တုန်ယင်
နေသလား ထင်ရသည်။သိပ်ဝမ်းသာ နေပုံမျိုးပါ ။
“ရပါတယ် မဆွေရယ်၊ အရေးကြုံတုန်း ကူညီရတယ်ပဲ အောက်မေ့ပါတယ်၊ ပိုက်ဆံ ပေါလို့ မဟုတ်ဘူးနော်၊
မမြင့်မှာလည်း အသုံးတွေနဲ့ ”
“သိပါတယ် မမြင့်ရယ်၊ ဒီငွေ မကြာစေရပါဘူး တစ်လတည်းပါ၊
လက်လှည့်သုံး သဘောပါ ၊ အတိုးနဲ့ပြန်ဆပ်ပါ့မယ် ”
အတိုးမပေးနဲ့ လို့ မပြောဖြစ်လိုက်ပေမဲ့ အတိုးကိစ္စကို မမြင့်မြင့်ဦး
ခေါင်းထဲ မထား ။စီးပွားရေး သမား ပီပီ စကား မကျွံအောင်
နေလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း သည်ကိစ္စ မှာ လူမှုရေးသက်သက် စေတနာ သန့်သန့်
ဖြင့် ကူညီခဲ့ခြင်း ဖြစ်ပါသည်။
၂။
မမြင့်မြင့်ဦး နှင့် မဆွေရည်မွန် တို့က အတန်းမတူ အခန်းမတူပေမဲ့
အထက်တန်း ကျောင်းတက်ဖက် သူငယ်ချင်းတွေ။
အထူးသဖြင့် မမြင့်မြင့်ဦး က မဆွေရည်မွန် ကို လေးစားသမှု ရှိ
သည်။ ဆွေရည်မွန်က အနေအေးသည်။စကား သိပ်မပြော။
ချစ်စရာ ခင်စရာ ကောင်းသည့် မိန်းကလေး။ ကျောင်းမှာတုန်းက
မမြင့်က ပျော်ပျော်ရွှင်ရွှင် နေသည်။ ဟေးလား ဝါးလား အော်ကာ
ဟစ်ကာ နေသဖြင့် မမြင့်တို့က တစ်ဖွဲ့။ မဆွေရည်လွင်က မူ ငြိမ်ငြိမ် ကုတ်ကုတ် မို့ တသီးတခြား ။
စာသင်ခန်းမတူ ၊စရိုက်မတူ ။တစ်ဦးနှင့် တစ်ဦး ပြုံးပြ နှုတ်ဆက်ရုံ
လောက်သာ ရှိခဲ့သည်။
ထိုမှ ခုနှစ်နှစ်၊ရှစ်နှစ် ခန့် အကြာ အိမ်ထောင် ကိုယ်စီကျပြီး
နောက်ပြီး နောက်ပိုင်း ကွဲကွာသွားလိုက်တာ။ အခုတော့…ပြန်ဆုံ
ဖြစ်ခဲ့ပြီ။ အစကတော့ ကြုံလို့ အိမ််လည် ရောက်လာသည် ထင်ရ
သည်။
အခုတော့ ပိုက်ဆံပင် ချေးပြီ။ တစ်ခါမှ အကူအညီ တောင်းခဲ့ဖူးသူ
မဟုတ်ပါ။ မလွဲမသွေ ကူညီရမည်သူပင် ဖြစ်ပါသည်။ အတော်
လိုအပ်၍သာ ရောက်လာခြင်း ဖြစ်သဖြင့် တချက်ကလေးမျှ မတွေဝေဘဲ ကူညီလိုက်ပါသည်။
ပြောရလျင် မမြင့်မြင့်ဦး က စီးပွားရေးသမား လုံးလုံးလျားလျား
ဖြစ်နေခဲ့ပြီ။ အခါအခွင့် တိုက်ဆိုင်စွာ လုပ်ငန်းတစ်ခုမှ သင့်တင့်
သော အမြတ်အစွန်းငွေလေး လက်ထဲ ပိုက်မိသည့်နေ့လည်း ဖြစ်
သည်။
သည်ကိစ္စမျိုးမှာတော့ ငွေကြေးအမြတ် ထည့်တွက်နေ၍ မဖြစ်။
မဆွေရည်လွင်သည် တစ်ကြိမ်တခါမျှတော့ ကူညီထိုက်သူ
ပင် ဖြစ်ပါ၏။
ငွေက ငါးသိန်းမျှ ပမာဏ။ အဲသည့်ရက်ပိုင်းက လက်ထဲရှိ အမြတ်
ငွေကို လုပ်ငန်းတစ်ခုထံ အရင်းအနှီး ထည့်ဝင်ဖို့ပင်ဖြစ်သည်။
သို့သော် သည်ငွေထဲကပင် နှုတ်ယူလိုက်ရသည်။
“အရေးပေါ်ငွေ လို လို့ပါ မမြင့်ရယ် ၊ယောကျ်ားလေ ဆိုင်ကယ်
တိုက်မိတာ အခု လျော်ရမှာ ၊မလျော်နိုင်ရင် ထောင်ကျမလားပဲ”
နောက်တော့ မမြင့်သည် ယတိပြတ် ဆုံးဖြတ်ကာ “ရတယ်၊
ယူသွား “ဟု တွန်းထိုး ပေးလိုက်သည်။ တစ်လ ဟူသည် သိပ်ကြာ
လှသည်မှ မဟုတ်ဘဲ။
ကိုယ်ချင်းစာ ပါသည်။ လူမှုရေး ကိစ္စ၊ မတော်တစ ကိစ္စရပ်များကို
လူတိုင်းလိုလိုပင် တစ်ကွေ့မဟုတ် တကွေ့၊ တစ်နေ့မဟုတ် တစ်နေ့
တွေ့ရ ကြုံရတတ်ပါသည်။ အရေးပေါ် ဆိုတာမျိုး ဖြစ်တတ်ကြလေ
သည်။ ပြီးတော့ မဆွေမှာ သိရသလောက် ဆွေမျိုးနည်းသည်။
အားကိုးအားထား ပြုလောက်စရာ သိပ်ရှိဟန် မတူ။ မမြင့်ကမှ
အရေးအကြောင်းရှိလျင် ဆွဲလွဲစရာ အစ်ကိုအစ်မ ဆွေမျိုးညာ
တကာ တို့ ပေါသေးသည်။
၃။
တစ်လ တိတိ အကြာတွင်တော့ မမြင့်မြင့်ဦး က မဆွေရည်လွင် ထံ
ဖုန်းဆက်သည်။
“အားနာ နေပါပြီ မမြင့်ရယ် ၊ အခု မပြေလည်သေးလို့ပါ “ဟု
အကြောင်းပြန်သည်။ ဘာတတ်နိုင် မတုန်း။
“အေးပါ ၊နောက်လတော့……”
“အို..စိတ်ချ….စိတ်ချ ”
ဟု အသံကြားလိုက်ရသည်။
သို့သော်…နှစ်လ ကြာလည်း ထိုနည်း နှင်နှင်။
သုံးလ ကြာလည်း သည်အတိုင်း ။
လေးလ အကြာတွင် မပြောင်းလဲ။
ငါးလ အကြာတွင် မျှော်တလင့်လင့်။
ခြောက်လ အကြာတွင် ရောက်လာနိုးနိုး။
လူကိုတော့ တွေ့မြင်ရခြင်း မရှိတော့ ။ ဖုန်းအကြိမ်ကြိမ် ဆက်ရ
သည်။ ကံအားလျော်စွာ ဖုန်းကိုင်လျင်ပင် ဝမ်းသာ၍ မဆုံး။
“အမျိုးသားက ရပ်ဝေး မှာ အလုပ်လုပ်နေတာ ၊ သူ အဆင်ပြေလို့
ငွေပို့ရင် ချက်ချင်း ပြေးလာခဲ့ပါ့မယ်၊ ငါလည်း သူများငွေ ဆပ်ချင်
တာပေါ့ဟာ…”
သည်လိုနှင့် ဖုန်းချလိုက်ရသည်က များသည်။
မမြင့်မြင့်ဦး သည်လည်း လေး၊ငါးသိန်းကို မေ့မေ့ပျောက်ပျောက်
ထားရလောက်အောင်လည်း မချမ်းသာ။ ငွေလေးကို အရင်းအနှီး
ထည့်၍ ၊ စပါး ပဲ လှောင်၍ ၊ ထော်လာဂျီလေးထောင်၍ ကုန်တင်ကားလေး ငှား၍ ဟိုဝယ် သည်ပို့ဖြင့် ကြံဆကာ
အသက်မွေးမှု ဖန်တီးနေရတာ ဖြစ်သည်။
ယခုနှစ် ပဲ စပါး ဝယ်လှောင်ပြီးမှ ထိုးကျ သဖြင့် အရှုံးပေါ်သည်။
အထူးသဖြင့် အဖေ အမေ တို့ကို သုံးလေးသောင်း မျှပင် မကန်တော့
နိုင်တော့။ “ဒီငွေ လေး၊ငါးသိန်း ယူထား ၊ပေးချင်တဲ့ အချိန်မှ ပြန်ပေး”
ဟု မိဘကိုပင် တစ်ခွန်းတပါဒ မဆိုနိုင်ခဲ့ချေ။
သားငယ်အပြင်းဖျား၍ ဆေးခန်းပြရသည့်အခါ ထိုငွေ လေး၊ငါး
သိန်း လက်ထဲ ရှိလျှင် ဟူ၍ မကြာ မကြာ သတိရသည်။ တစ်နှစ်
တိတိ ကြာသည်အထိ ငွေပြန်ရဖို့ သတင်းအစ အန အသံသဲ့သဲ့
မျှပင် မကြားရသော အခါ ၊ သောက မှ ဒေါသ အဖြစ်သို့ ပြောင်း
လဲ လာတော့သည်။
“ငါ..မဆပ်နိုင်သေးလို့ပါလို့ ပြောပြီးပြီလေဟယ် ၊တကယ် အဆင်မပြေလို့ ပါ ၊ငါ့မှာ အခု စားစရာတောင် အနိုင်နိုင် ရယ်”
ဖုန်းဆက်မိတိုင်း မမြင့်၏ လက်သည်လည်း ဖုန်းကို ပင် အနိုင်နိုင် ဖြစ်ရ လေ သည်။တစ်ကိုယ်လုံးပင် တုန်ယင်လျက်။
ကူညီသဖြင့် ပြန်ရလိုက်သည်က သည်လိုလေသံ ၊သည်လိုအချိုး
လား ။စိတ် မတည်ငြိမ်နိုင်။
အိမ် အထိ လိုက်သော်လည်း မတွေ့ရသည်ကများသည်။
တကယ်တမ်း စုံစမ်း ကြည့်တော့လည်း သတင်းက အမှန်ပင်။
မဆွေရည်လွင် ခမျာ နဂို ကတည်းက အိမ်မှုကိစ္စ တွေ သိမ်းကျုံး
လုပ်နေခဲ့ရတာ ဖြစ်သည်။ ယောကျ်ား ဖြစ်သူက တခြားရပ်ဝေး
တစ်နေရာမှာ ကားမောင်း သလိုလို ၊စက်ရုံဒရိုင်ဘာလိုလို သတင်း
သဲ့သဲ့ ကြားရသည်။ အစက ငွေပြန်ပို့သော်လည်း အလုပ်အဆင်
မပြေ ဟူသော စကားဖြင့် ငွေလုံးဝ မပို့တော့ ဟု သိရသည်။
အသစ်တွေ့သလိုလို သတင်းကြားရပြန်သည်။ စိတ်မချမ်းမြေ့ဖွယ်
ရာ။
သို့သော်လည်း သူတို့ အိမ်ထောင်ရေး ကိစ္စ အပူတွေထဲ ငွေကြေး
စပ်ဆက်ကာ မမြင့်မှာ နှစ်နှင့်ချီ၍ ပူလောင်သောက ရောက်လျက်ရှိ
သည်။မမြင့်သည်ပင် ယောကျ်ားကို အော်နိုင် ဟစ်နိုင် ချော့နိုင်
နားဝင်အောင် ပြောနိုင်နေ၍ တော်တော့သည်။
စီးပွားရေးလေး လိပ်ပတ်လည်အောင် လုပ်နေရသူမှာလည်း ရှုံး
သည်လည်း ရှိ၊ မြတ်သည်လည်း ရှိသည်။ ရင်းနိုင်မှ မြတ်သည့်
သဘောပင်။ငွေပို ဟူ၍ မရှိ ၊ အသုံး အစား ကွက်တိ။
တစ်လောက မဆွေကို ဆံပင်ညှပ်ဆိုင်မှာ ဖျက်ကနဲ တွေ့လိုက်
ရသည်။ ခေါင်းလျှော်သည်လား၊ ဖြောင့်သည်လား သေချာမသိ
ရ။လှပ ကျော့မော့ ၍ ဆိုင်မှ ပြန် ထွက်သွားသောကျောပြင်ကို
ရိပ်ခနဲ မြင်ရ၏။
သည်တော့မှ မမြင့်သည် စီးပွားရေး အလုပ်တွင် ခေါင်းပူ ခေါင်ခြောက် လွန်းသဖြင့် ဆံပင်ဖြူထွက်လုပြီဖြစ်သော ခေါင်းကို စမ်းမိ
တော့သည်။
‘မဆွေရည်လွင် အနေနဲ့ နည်းနည်းချင်း ခွဲဆပ်သင့်ပါတယ်’ ဟု
အမြဲ တွေးနေမိမြဲ။
မဆွေကို ကိုယ်ချင်းစာပါသည်။ ထိုနည်းတူ….
အပြန်အလှန်ကိုယ်ချင်းစာတရား ထားသင့်ပါသည်။ မမြင့်သည် သည်ငွေကို စွန့်လှူ လိုက်တော့ရန် အကြိမ်ကြိမ် တွေးမိပါသည်။ သို့သော်လည်းလူတိုင်း ကိုယ့်အပူနှင့် ကိုယ်။ ကိုယ့်ဒုက္ခ နှင့်ကိုယ်။
သည်လ လည်း အဖေ့ကို ဆေးဖိုးကန်တော့ နိုင်မည် မထင်။ နှစ်နှစ်
ကြာတော့ သည်ငွေ ပြန်မရ နိုင်တော့ ဟု ခံစားမိလာသည်။အရင်က
မမြင့်သည် မိဘတို့နှင့်အတူ ၊အလှူ တချို့ကို အတူတကွ လုပ်ဖူး
ပါသည်။ လူတချို့ကို ဆန်၊ဆီ ၊ ပိုက်ဆံ အနည်းငယ် ယတိပြတ် ပေးလှူ ထောက်ပံ့ဖူးသည်။သို့သော် အလှူက အလှူပဲ ဖြစ်သည်။
ငွေချေး သည်နှင့် မဆိုင် ။
တခါတရံ ငါ သည်ငွေကို လှူတယ်ပဲ သဘောထားဟု ကိုယ့်ကိုယ်ကို
အကြိမ်ကြိမ် တရားပြ နားချ သည့်တိုင် ထိုငွေက အိပ်မက်ထဲ
အထိ ပါလာသည်။ ကြပ်တည်းချိန်ရောက်လာတိုင်း၊ အသုံးလို
လာတိုင်း သည်ငွေကို သတိရသည်။
အမှန်ဆို မျှော်လင့်စရာ သိပ်မရှိလှတော့။
၄။
သုံနှစ်စွန်းစွန်း ကြာပြီးနောက်။
အံ့အား သင့်ဖွယ်ရာ။
ထိုနေ့က သောကြာနေ့။ ရက်ရာဇာနေ့။ လပြည့် နေ့ထူးနေ့မြတ်နေ့။
ထိုအချိန်တွင် မဖြစ်မနေ သုံးရန်လိုသော ငွေးလေးငါးသိန်းအတွက်
အိမ်ထောင်ဦး ပစ္စည်းရွှေတိုငွေစလေးကို ရောင်းလိုက်ရတော့မည့်ဆဲ
ဆဲ။ဆွေမျိုး ညာတကာတို့ မှာလည်း သူတို့ ကိစ္စနှင့် သူတို့မို့
အကူအညီတောင်းဖို့ ခက်သော အခြေအနေ ဖြစ်နေချိန်။
အဲသည့်နေ့က မဆွေရည်မွန် ရောက်လာခဲ့ပါသည်။ လက်ထဲတွင်
ပိုက်ဆံအိတ် အနွမ်းလေးဖြင့်။ အရင်ကလို နွမ်းလျ နေသည်
ကတော့ သိသာ ပေါ်လွင်နေပြန်သည်။
“ငါ အကြွေးလာဆပ်တာပါ ၊ အတိုးမဆပ်နိုင်သေးတာတော့
ခွင့်လွတ်ပါ ”
မမြင့် ထိတ်ကနဲ ဝမ်းသာ သွားသည်။ သို့ပေမဲ့ မဆွေရည်လွင် တွင်
နားပေါက်ဟောင်းလောင်း ဖြစ်နေသည်ကို အကြည့်လွှဲလိုက်ရသည်။
သည်ငွေကို ဘယ်လို ရလာသလဲ။ယောကျ်ား ဖြစ်သူက ငွေလွှဲလို့
လား။ အခု ဘာအလုပ်တွေ လုပ်နေသလဲ ဆိုတာတွေ ဘာဆို
ဘာမှ မမေးမိတော့ပါ ။
တကယ်ဆို သည်ငွေကို ကူညီလိုက်နိုင်သူ ဖြစ်ချင်ပါသည်။
တောင်မင်း မြောက်မင်း မကယ်သာ ။ကိုယ့်အတိုင်း ကိုယ့်အထွာ
ကိုယ့်လိုအပ်ချက်များကို လည်း ပြောမပြဖြစ်တော့။
မဆွေကလည်း ကြားကာလမှာ ငွေပြန်မဆပ်နိုင်သည်ကို အားတုံ့
နာ နေရပုံမျိုးပါ။ စာနာမိပါသည်။သို့သော်
သုံးနှစ်ကျော်မျှ သောကရောက်ရသည့် စိတ်ပင်ပန်းမှုကို မဆွေ
တစ်ယောက် ခံစား စာနာတတ်မည်လားမသိ။
ယခုအချိန်မှာ မမြင့်သည်လည်း အရေးတကြီး ငွေလိုနေပြန်သည်မို့။
“အတိုး မဆပ်ပါနဲ့တော့ လေ၊ အသုံးအရမ်းလိုနေချိန်မှာ
ခုလို ပြန်ဆပ်တဲ့ အတွက်…… ”
မမြင့်သည် နှုတ်မှ ပြောမိပြောရာ ပြောရင်း ပြန်ဆပ်သော ငွေကို ကိုင်၍ လက်များပင် တုန်ယင်နေသလား ထင်ရ၏။
“ကျေးဇူးပါ မဆွေရယ် ၊တကယ်ပါ ဒီကျေးဇူးကို ဘယ်တော့မှ
မမေ့ပါဘူး”
မမြင့်မြင့်ဦး သည် လှိုက်လှိုက်လှဲလှဲ ပြောနေခြင်းဖြစ်သည်။
မုသားမပါ ။
ဆန်းငယ်သွေး( ပုတီးကုန်း)