သေမိန့်ကျပြီးသူတဦးနှင့် တွေ့ဆုံခြင်း

Posted on

“သေမိန့်ကျပြီးသူတဦးနှင့် တွေ့ဆုံခြင်း”📖📖📖

****************************************************
×××××××××××××××××××××××××××
မြသန်းစံ
တလောကပင် သူနှင့် ကျွန်တော်ဆုံတွေ့ခဲ့သေးသည်။ သည်တုန်းက သူသည် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ၊ သူ့မှာ ညှိုးငယ်နေသည့် သဏ္ဍာန် အလျဉ်းမရှိ၊ သူ့သူငယ်ချင်းတွေနှင့် ပြန်ဆုံသည့် အထိမ်းအမှတ် ယမကာဝိုင်းသို့ ကျွန်တော်တက်ခဲ့ရသေးသည်။ ကျွန်တော့်ရှေ့ ဖန်ခွက်ထဲမှ အချိုရည်တွေကို ကြည့်ကာ သူကပင် ရယ်ပွဲဖွဲ့လိုက်သေးသည်။
“ဟား-ဟား၊ ငါ့သူငယ်ချင်းကြီး ပြောင်းလဲသွားတာကတော့မယုံနိုင် လောက်အောင်ပါပဲ”
သူက အရက်ခွက်ကို မော့ချရင်းမှ ကျွန်တော့်ကို ပြောနေသည်။ ကျွန်တော့မှာသူတို့ကြားထဲတွင် သင်းကွဲငှက် တကောင်လို ဖြစ်နေသည်။ ကြာတော့ သူ အားနာလာပုံရသည်။ ကျွန်တော် တည်းခိုရာ နေရာအရောက် သူအသံတွေ လေးတွဲ့နေလေပြီ။
“ငါတို့ ဝိုင်းထဲမှာ မင်းတယောက်တည်း အချိုရည်သမားဖြစ်နေတော့ မင်းအနေရခက်နေမှာပဲ၊ ငါ့တော့ သူငယ်ချင်းတွေနဲ့ဆက်ဆွဲလိုက်ဦးမယ်ကွာ၊ ကျောင်းပြီးကတည်းက မဆုံဖြစ်တော့တာ၊ အခုဆုံတုန်းလေး လုပ်လိုက်ဦးမယ်”
ကျွန်တော်က အလိုက်သင့်နေပေးသော်လည်း သူတို့အနေဖြင့် ကျွန်တော့်အပေါ် ဆက်ဆံရခက်နေပုံရသည်။ ကျွန်တော့်အပေါ် ပြောစရာစကားလည်းမရှိ။ ကျွန်တော်ကလည်း သူတို့အပေါ် ပြန်ပြောစရာအကြောင်းလည်း မရှိလှပေ။ သူတို့၏ ရှေးဟောင်းနှောင်းဖြစ်ကိစ္စများတွင် ကျွန်တော်ကလည်း ပါ၀င်ပတ်သက်ခြင်းမရှိခဲ့။ သည်တော့ ကျွန်တော့်မှာ လူပိုလို ဖြစ်နေသည်။ သို့နှင့် ကျွန်တော့်ကို သူတို့ပြန်ပို့ကြခြင်းဖြစ်သည်။ သည်တုန်းက ရွှင်မြူးတက်ကြွနေသော သူ့ပုံသဏ္ဍာန်သည် ကျွန်တော့်မျက်စိထဲ စွဲထင်ကျန်ရစ်ခဲ့သည်။
တလလောက်ကြာတော့ သူ့အသံကို တယ်လီဖုန်းခွက်ထဲမှတဆင့် ကြားလိုက်ရသည်။ ဖုန်းခွက်ထဲတွင် သူ့အသံတွေ မှိန်ဖျော့နေသည်ကို ကျွန်တော် သတိထားမိသည်။ ထိုအသံမှတဆင့် ဖုန်းပြောနေသည့် သူ့ရုပ်သွင်ကို မှန်းဆပုံဖော်ကြည့်မိသည်။ ဘယ်လောက်များ ညှိုးလျော့နေမည်လဲ။ သူ့အသံခြောက်ကပ်ကပ်ကြီးတွင် လှိုင်းအနိမ့်အမြင့် မရှိတော့။ တကယ့် တန်းတန်းကြီး၊ သူ့အသံက အေးစက်သော်လည်း သူ့ရင်ထဲတွင် အဘယ်မျှ ပူလောင်ပြင်းထန်နေမည်ကို ကျွန်တော် ရိပ်မိနေသည်။ သူ့စိတ်တွေကော ဘယ်လောက်ဗြောင်းဆန် နေသလဲမသိ။ သူ့အပူသည် တယ်လီဖုန်း ကြိုးများမှတဆင့် ကျွန်တော့်ထံ ကူးစက်လာသည်ဟုပင် ထင်ရသည်။ ဟိုတုန်းက ရွှင်မြူးတက်ကြွ လန်းဆန်းနေသော အသံမျိုးနှင့် ကွားခြားလှပါဘိခြင်း။
ဌာနတွင်း တဆင့်မြင့်ရာထူးအတွက် သူ့ဆေးစစ်ခံရင်း ကု၍မရသော ရောဂါပိုးတခုကို သူ့သွေးထဲမှာ စစ်ဆေးတွေ့ရှိသွားသည်။
ကျွမ်းကျင်သူများဖြင့် နောက်တခါ စစ်ဆေးပြန်သည်။ အဖြေမပြောင်းလဲ၊ သူတုန်လှုပ်သွားသည်။ သည်ရောဂါပိုးသည် ဘယ်တုန်းကများ သူ့ခန္ဓာကိုယ်မှာ နေရာယူသွားသည်မသိ။ သူအလုပ်မှ ရုတ်တရက် အနားယူလိုက်ရသည်။ မောင်းနှင်နေသည့် စက်တလုံး လည်ပတ်ကောင်းနေစဉ်မှာ ခါးပတ်ကြိုး ပြတ်သွားသည်သို့ ဖြုန်းခနဲ။
မမျှော်လင့်ထားသော အခြေအနေတခု ရုတ်တရက်ရလာသူတိုင်း ကြောင်စီစီ ဖြစ်သွားတတ်တာအမှန်ပင်။ လက်ရှိလည်ပတ်နေသော အရှိန်အဟုန်နှင့် အကြာကြီးနေရမည်ဟု ထင်ထားတတ်ကြတာကလည်း ဓမ္မတာမဟုတ်လား။ အခြေအနေသစ်တခုသို့ ရုတ်ချည်းပြောင်းလိုက်ရသောအခါ ထိုအခြေအနေသစ်အတွက် ကိုယ့်ဘ၀ထဲမှာ ကိုယ့်စိတ်ထဲမှာ ဘာမှ ပြင်ဆင်ထားတာမရှိ၊ ထိုအခါ ပြင်ဆင်ထားမှုမရှိခြင်း၏ အခြေအနေကို ဒဏ်ရာဒဏ်ချက်အဖြစ် ပြင်းထန်စွာခံစားရစမြဲ။ ကျွန်တော့် သူငယ်ချင်းလည်း သည်လိုဖြစ်သွားပုံရသည်။ သူ့အသံကို ခန့်မှန်းကြည့်ရုံနှင့် ဆောက်တည်ရာမရ ဖြစ်နေသော သူ့စိတ်တွေကို ကျွန်တော် အထင်းသားမြင်နေရသည်။
ကျွန်တော် သူ့ကို အားပေးရသည်။ “ဘာမှ စိတ်မပျက်ပါနဲ့ သူငယ်ချင်းရာ၊ ငါတို့ရှိပါသေးတယ်။ မင်းကို ငါလိုလေသေးမရှိ ကူညီပါ့မယ်။ စိတ်အးအေးသာထား”
“စိတ်အေးအေးထားဖို့ဆိုတာက အပြောလွယ်သလောက် အလုပ်ခက်တယ်ကွ၊ အခု ငါ့စိတ်ကို ဘယ်လိုအေးအောင် လုပ်ရမလဲ၊ အဲဒါကို ငါသိချင်တယ်”
“ဒီလိုဆိုရင် ဖုန်းထဲမှာပြောဖို့က သိပ်အဆင်ပြေမှာမဟုတ်ဘူး။ မင်းအားရင် လာခဲ့ပါလား။ ဒါမျိုးက အချိန်ယူပြီး သေချာပြောမှ နားလည်မှာ မင်းလာနိုင်မလား”
“အေ-လာခဲ့မယ်ကွာ၊ ငါတော့ အခုစိတ်အေးတဲ့နည်းကလွဲလို့ တခြားဘာမှ မသိချင်ဘူး။ ကဲ-ငါအခုလာခဲ့မယ်။ မင်းဆက်စောင့်နေ”
သူ့ဘက်က ဖုန်းချသွားသည်။ စိတ်မြန်ကိုယ်မြန်ကြီးဖြစ်သည်။ သြော်-သူ့ခမျာ အရိပ်တခုခုကို ရှာနေရသည်ကိုး။ သူ့စိတ်ငြိမ်းချမ်းဖို့ ခိုလှုံစရာအရိပ်တခုရနိုင်ဖို့ သူသဘောပေါက်နားလည်သည်အထိ ကျွန်တော်ရှင်းပြရပေမည်။ သူ ကျွန်တော့်ထံသို့ ကားဖြင့်လာနေစဉ်အတွင်း ကျွန်တော့်မှာ သူ့ကို ပြောရမည့် စကားတွေကို ရှာဖွေစုဆောင်းရသည်။ စာအုပ်စင်မှ စာအုပ်တွေကို ရှာရသည်။ တိတ်ခွေစင်မှ တရားတိတ်ခွေများကို ရွေးချယ်ရသည်။ လတ်တလော သူနှင့်အကိုက်ညီဆုံးဖြစ်မည့် တရားစာအုပ် တရားတိပ်ခွေ။
ကျွန်တော်က ဆရာတော်ဦးဇောတိက (ပျဉ်းမနား)၏ တရားတိတ်ခွေတွေနှင့် အမြဲတစေ ထိတွေ့ယဉ်ပါးနေသူဖြစ်သဖြင့် ဘယ်လို စိတ်အခြေအနေဖြစ်နေသည့် ပုဂ္ဂိုလ်ဆိုလျှင် ဘယ်တိပ်ခွေထဲက ဘယ်ဟောချက်နှင့် အံ၀င်မည်ကိုပါ ခန့်မှန်းတတ် လာခဲ့သည်။ သို့နှင့် အချိန်မဆိုင်းဘဲ အဖြေရသည်။
“နကုလမာတာကို ဘုရားဟောဖူးတာရှိတယ်။
တခဏလောက်များ ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို့ပြောတဲလူဟာ အသိဥာဏ်နည်းလို့ ပြောတာပါတဲ့။ ဒီခန္ဓာကိုယ်ဆိုတာ အစဉ် အမြဲပဲ သူ့မှာ ဒုက္ခဝေဒနာတွေ ရှိနေတာပဲနော်၊ သွားလာလုပ်ကိုင်လို့ ဖြစ်နေသေးလို့သာ သူ့ကို ရောဂါလို့လဲ နာမည် တပ်မနေတော့ဘူး။ ဆေးရုံလည်းတက်စရာမလိုဘူး။
ဆရာ၀န်လည်းပြစရာ မလိုဘူး။ ဒါပေမယ့် မအီမသာဖြစ်တဲ့သဘောတွေဟာ ခန္ဓာကိုယ်မှာ အမြဲတမ်းရှိနေတယ်။ ရင်ထဲကပူသလိုလို မောသလိုလို တခါတလေ ခေါင်းထဲကမူးသလိုလို၊ ဒီလိုဟာတွေဟာ အနည်းနဲ့အများ လူတိုင်းမှာရှိနေတယ်။ ငယ်ရွယ်တဲ့ လူတွေက ဒီလောက် မသိသေးဘူး။ စိတ်တွေက တက်ကြွတဲ့လူတွေဆိုတော့ ခန္ဓာကိုယ်ကလည်း လှုပ်ရှားရတဲ့အရွယ်၊ Active ဖြစ်တဲ့အရွယ်ဆိုတော့ သတိမပြုမိလိုပါ။ လုပ်စရာ ကိုင်စရာတွေ များနေတယ်။ ကိုယ်လုပ်ချင် ကိုင်ချင်တာတွေကိုပဲ သိပ်အာရုံစိုက်ပြီးတော့ စိတ်၀င်စားပြီးတော့ Involve ဖြစ်ပြီးတော့ လုပ်နေရတာဆိုတော့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ မအီမသာမှုတွေကို သိပ်ပြီး အရေးမစိုက်နိုင်ကြဘူး။ မွေးခါစကတည်းက မအီမသာတဲ့သဘောက ရှိနေသေးသားပဲ။ ဒီမအီမသာဆိုတဲ့သဘော၊ မသက်မသာဆိုတဲ့သဘောကိုပဲ Disease လို့ ခေါ်တာပါ။ ရောဂါအမည် မတပ်သေးလို့သာ။ ဒီခန္ဓာကိုယ်ထဲက မအီမသာသဘောကို အမြဲတမ်းလိုလိုပဲ ပြုပြင်ပြောင်းလဲပေးနေလို့သာ နည်းနည်းလေး နေသာတာပါ”
ထိုစကားအပေါ် အခြေခံ၍ သူ့ကို ကျွန်တော် အားပေးရပေမည်။ သူက ရောဂါတခုရှိပြီဟု ဆိုင်းဘုတ်အတပ်ခံလိုက်ရသူ။ ကျွန်တော်တို့က ဆိုင်းဘုတ်မရှိသေးသည့် ပုဂ္ဂိုလ်တွေပဲဟု ဆိုကြပါစို့။ ဆိုင်းဘုတ်အတပ်မခံရသေးသည့် ကျွန်တော်တို့တွင်လည်း ရောဂါဝေဒနာပေါင်းစုံ ပိုးမွှားပေါင်းစုံတို့သည် ခန္ဓာကိုယ်ထဲ နေရာအနှံ့ရှိနေပေလိမ့်မည်။ သူ့ထက်လည်း ဆိုးလျှင် ဆိုးသွားနိုင်သည်။ ဘာမှ မသေချာ။
သို့သော် သူ့ဆိုင်းဘုတ်က ခေတ်ပေါ်ဆိုင်းဘုတ်။ တနည်းအားဖြင့် ကုစရာဆေးမရှိသေးသည့် ရောဂါဟုဆိုသည့်အတွက် ထိုအရှိန်ကြောင့် လူတွေ ကြောက်နေကြခြင်းပါပေ။ သို့သော် ကုစရာဆေးရှိသည့် ရောဂါများနှင့်ပင် ကွယ်လွန်သူတို့လည်း ရှိခဲ့ကြပြီးပေပြီ။ အသေအချာ ဂရုတစိုက်ကုစားလျက်ကပင် တိမ်းပါးခဲ့သူတွေလည်း ရှိခဲ့ကြပြီးပြီ။ လူတို့၏ ခန္ဓာကိုယ်ပေါ်မှ ရောဂါဘယတွေကို ကုစားပေးရင်း အသက်ကယ်နေကြသည့် ဆရာ၀န်တွေပင်လျှင် ထိုရောဂါဘယတွေ သူတို့ ခန္ဓာထဲ နေရာယူလာသောအခါ သူတို့အသက်ကို သူတို့ မကယ်နိုင်ကြတော့။ ဘာမျှမမြဲ၊ ဘာမျှအစိုးမရ၊ သူ့သဘောသူဆောင်လာသည့် သေခြင်းတရား၊ မရင်ဆိုင်လိုသော်လည်း ရင်ဆိုင်ရပေမည်။
ရုတ်တရက်ဆိုလျှင် ကျွန်တော့်သူငယ်ချင်းသည် သေမိန့်ကျပြီးသူဟု ထင်ရပေမည်။ သေဖို့ရက် အတိအကျ သတ်မှတ်ခံလိုက်ရသူကဲ့သို့ ရှိပေမည်။ ခန့်မှန်းခြေအရ သည်ရောဂါကြောင့် သည်နှစ်အပိုင်းအခြားအတွင်းမှာ သေရတော့မည်ဆိုလျှင်
မသေမီ ဘာလုပ်မည်နည်း။ ရသည့်အချိန်အတွင်း
ကိုယ့်ဘ၀ရဲ့ အချိန်တွေကို ဘယ်လို အကျိုးရှိအောင် အသုံးချသွားမည်နည်း။
“အဆိုးတွေကို ထိုင်တွေးပြီး စိတ်ဓာတ်ကျနေရင် စိတ်ဓာတ် အင်အားတွေကုန်မယ်။ ခန္ဓာကိုယ်အင်အားတွေကုန်မယ်။ မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး ညှိုးနွမ်းနေမယ်။ အဲဒီလို စိတ်ဓာတ်ကျနေတဲ့ သူနဲ့တွေ့ရရင် တခြားလူတွေပါ စိတ်ဓာတ်ကျတတ်တယ်။ တတ်နိုင်သလောက် အကောင်းဘက်ကနေ ကြည့်ပြီးတော့ လုပ်နိုင်သလောက်လုပ်နေရင် ကိုယ့်အတွက်လည်း အကျိုးရှိတယ်။ သူများအတွက်လည်း အကျိုးရှိတယ်။ တရားအားထုတ်တဲ့သူ ကိုယ့်စိတ်ကို ကိုယ်ကောင်းကောင်းသိတဲ့သူဟာ စိတ်ဓာတ်ကျခဲတယ်။ အဆိုးနဲ့တွေ့ရလည်း အဆိုးထဲက အကောင်းကိုရအောင် ယူတတ်တယ်။ ဒါကြောင့် အမြဲသတိနဲ့ နေတဲ့အကျင့်ကို လုပ်နေမှသာ ဘ၀အတွေ့အကြုံအမျိုးမျိုး အကောင်းအဆိုးအမျိုးမျိုး တွေ့ရတဲ့အခါ ခံနိုင်ရည်ရှိမယ်။ အကောင်းနဲ့တွေ့တဲ့အခါ ငါမှငါဆိုတဲ့ မာနဖြစ်မသွားဘူး။ အဆိုးနဲ့တွေ့ရတဲ့အခါ စိတ်ဓာတ်ကျ မသွားရဘူး။ ဘယ်လို လောကဓံနဲ့တွေ့ရတွေ့ရ အားလုံးဟာ ရင့်ကျက်မှုကို အထောက်အကူပြုမယ်”
ကျွန်တော်က ကျွန်တော့်သူငယ်ချင်းကို အားပေးရန် တရားစကားတွေ ရှာဖွေစုဆောင်းနေဆဲမှာပင် ကျွန်တော့် သူငယ်ချင်းကားက အိမ်ရှေ့မှာ ဆိုက်လာသည်။ သူ့ကို ဆရာတော်ဦးဇောတိက ဟောကြားသည့် ဗုဒ္ဓ၏ရင်ခွင်မှာ တရား တိပ်ခွေမှ အကြောင်းအရာများကို ဖောက်သည်ချရပါမည်။
သူနှင့် ကျွန်တော် စကားတွေ အများကြီး ပြောရပေလိမ့်ဦးမည်။
“လာသူငယ်ချင်းလာ”
အိမ်ပေါ်သို့ တက်လာသော သူ့ကို လှမ်းကြိုလိုက်ရသည်။ သူမျက်နှာမကောင်း၊ ခြေလှမ်းတွေက တုံ့နှေးနှေး၊ ဘိနပ်ချွတ်နေပုံက ဆုတ်ဆိုင်းဆိုင်း။
ခါတိုင်းဆိုလျှင် “ဟေ့ သူငယ်ချင်းကြီး ဘယ်လိုလဲကွာ ဘာညာ” ဟု ဆိုကာ ဝုန်းဒိုင်း ဘိနပ်ချွတ်၊ ကမန်းကတန်း အခန်းထဲ၀င်လာတတ်သော သူ့လှုပ်ရှားမှုတွေသည် ယခုတော့…။
ဧည့်ခန်းတွင်း ကုလားထိုင်ပေါ် ထိုင်လိုက်ပုံကလည်း အရုပ်ကြိုးပြတ်။ “ဟူး” ကနဲ မှုတ်ထုတ်လိုက်သော သက်ပြင်းကလည်း ရှည်လျားလှပါဘိ။ သူ့ခမျာ ကျွန်တော့်ကိုလည်း မျက်နှာချင်း မဆိုင်နိုင်ပြန်။ ပြူးတင်းပေါက်မှနေ၍ ခပ်ဝေးဝေးတနေရာကို ကြည့်နေသည့် သူ့မျက်လုံးတွင် မျှော်လင့်ချက်မဲ့နေသော အတွေးတွေ ထင်ဟပ်နေသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်ကပင် စကားစရသည်။
“ရုတ်တရက်ဆိုတော့ မင်းဘယ်လောက် ခံစားရမလဲဆိုတာ ငါကိုယ်ချင်းစာပါတယ် သူငယ်ချင်း။ တကယ်တော့ ငါ့အနေနဲ့က အားပေးရုံ နည်းလမ်း ပြောပြရုံဆိုတော့ ကာယကံရှင် မင်းလောက်တော့ မခံစားရဘူးလို့ မင်းပြောမယ်ဆိုရင်လည်း ငါခံရမှာပါပဲ။ ဟုတ်တယ် မင်းက ကာယကံရှင်ကိုး။ ငါက ဘေးလူဆိုတော့ ကိုယ်ချင်းစာရုံကလွဲလို့ ကာယကံရှင်လောက်တော့ ခံစားချက် မပြင်းနိုင်ဘူးပေါ့ကွာ”
သူဘာမျှ မပြော။ ငြိမ်နေသည်။ အဝေးတနေရာကို ကြည့်နေသည်။ သူ့မျက်လုံးတွင် ဘာကိုမျှ မမြင်မှာတော့ သေချာသည်။ သူ့စိတ်က ကျွန်တော့်စကားကို နားထောင်နေပေလိမ့်မည်။ သို့အတွက် မျက်လုံးကိုဖွင့်၍ ကြည့်နေသော်လည်း ဘာကိုကြည့်နေမိမှန်းသိမှာ မဟုတ်သဖြင့် သူ့ခမျာ မြင်နေသော်လည်း သိမည် မဟုတ်ပေ။ ကျွန်တော်က လက်ထဲတွင် ကိုင်ထားသော ဓမ္မဒါန စာအုပ်ငယ်ကလေးကို သူ့ထံ လှမ်းပေးလိုက်သည်။ ဆရာတော် ဦးဇောတိက (ပျဉ်းမနား) ဟောကြားချက်ကို ပြန်လည် ပုံနှိပ်ထားသည့် ဓမ္မဒါနစာအုပ်ကလေး။ (In the lap of the Buddha) ဗုဒ္ဓ၏ ရင်ခွင်မှာ။
သူက စာအုပ်ကလေးကို လေးလံလှသော သူ့လက်များဖြင့် လှမ်းယူနေသည်။
“ဒီစာအုပ်ကလေးကတော့ အိမ်ရောက်ရင် မင်းအေးအေး ဆေးဆေးဖတ်ပေါ့ကွာ၊ ဒါက တရားတိပ်ခွေ၊ ဒီထဲမှာကတော့ ဆရာတော်ဟောပြောချက် အပြည့်အစုံပါတယ်။ စာအုပ်ကတော့ နည်းနည်းချုံ့ထားတာပေါ့”
ကျွန်တော်က ကတ်ဆက်ထားရာနေရာသို့ လျှောက်သွားပြီး တိပ်ခွေကို အစမ်းသဘောဖွင့်ပြလိုက်သည်။ ယခုအချိန်တွင် ကျွန်တော်က သူ့ကို ပြောပြနေခြင်းထက် ဆရာတော်၏ အသံက သူ့အတွက် စိတ်အေးသက်သာရာရမှုကို ပိုဖြစ်စေမည်ဟု ယုံကြည်သည်။ ဆရာတော်၏ အေးမြသော အသံသည် အိမ်အတွင်း၌ ဖြန့်ကျက်လွှမ်းမိုးသွားတော့သည်။
“မဟာပရိနိဗ္ဗာနသုတ်မှာ ပါဠိလိုဟောခဲ့တဲ့ ဂါထာလေးတပုဒ်ကို ဒီမှာ အင်္ဂလိပ်လို ဘာသာပြန်ထားတယ်။ အဓိပ္ပါယ်ကလေးက အင်မတန်ရှင်းပါတယ်။ အင်မတန်ရိုးပါတယ် Be an island unto yourself.
ပင်လယ် သမုဒ္ဒရာ အလယ်ခေါင်မှာ ကျွန်းလေးရှိတယ်။ ပင်လယ် သမုဒ္ဒရာမှာလည်း မုန်တိုင်းတွေထ၊ လှိုင်းကြီးတွေထ နေတယ်။ အဲဒီမှာ လူတယောက်ကလည်း မျောနေတယ် ဆိုပါတော့၊ ကျွန်းကလေး
တကျွန်းမြင်ရင် သူဘယ့်နှယ်နေမလဲ၊ အင်မတန် ၀မ်းသာမယ်၊ ဒီကျွန်းကိုသာ ငါရောက်သွားရင်တော့ ငါဒီဒုက္ခကနေ လွတ်ကင်းပြီ၊ အားကိုးရာ အားထားရာရပြီ။ ဆောက်တည်ရာရပြီ။ အဲဒီလိုဖြစ်မှာနော်၊ မိမိကိုယ်ကိုလဲ အဲဒီ လှိုင်းတံပိုးတွေထနေတဲ့ ပင်လယ် သမုဒ္ဒရာထဲက ကျွန်းကလေး တကျွန်းသဖွယ်ဖြစ်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို လုပ်ယူရမှာနော်။ အလိုအလျောက်တော့ ဖြစ်မလာဘူး။ Be your own refuge…refuge ဆိုတာ အားကိုးရာ အားထားရာဖြစ်အောင်လုပ်ပါတဲ့။ ပြီးတော့ Make the Dhamma your island တရားကို မိမိအတွက် ဆောက်တည်ရာဖြစ်တဲ့ ကျွန်းကလေးသဖွယ် ဖြစ်အောင်လုပ်ပါ။ Make no other refuge တခြား ဘယ်အရာကိုမှ မိမိအတွက် ကိုးကွယ်ရာ အားထားရာ မဖြစ်အောင်လုပ်ပါ။ ဒီစကားတွေဟာ အင်မတန် လေးနက်တယ်နော်။ လူဆိုတာ ပြင်ပမှာပဲ ကိုးကွယ်ရာ အားထားရာရှာကြတာ။ အဲဒီလို ဖြစ်အောင် မလုပ်နဲ့။ ဒီစကားတွေဟာ အင်မတန်လေးနက်တယ်နော်။ လူဆိုတာ ပြင်ပမှာပဲ ကိုးကွယ်ရာ အားထားရာ ရှာလေ့ရှိတယ်။ ဗုဒ္ဓဘာသာတရားမှာ ဘုရားက မိမိကိုယ်ကိုပဲ အားကိုးတယ်။ ပြင်ပ ဘယ်သူ့ကိုမှ အားမကိုးဘူး။ အဲဒီတော့ အင်မတန် စိတ်ဓာတ် ခိုင်မာ ရင့်ကျက်တဲ့ သူမှသာလျှင် အဲဒီစိတ်ဓာတ်မျိုးထားလို့ရတယ်။ အဲဒီ အလုပ်ကို လုပ်လို့ရတယ်။ စိတ်ဓာတ်ပျော့ညံ့တဲ့သူဟာ ကိုယ့်ကိုယ်ကို အားမကိုးချင်ဘူး။ အားကိုးရာကိုပဲ ရှာနေတယ်။ ဘယ်သူ့ကိုများ အားကိုးရမလဲ။ ကယ်တင်ရှင်၊ တန်ခိုးရှင်၊ အဲဒီလို လိုက်ရှာနေတာနော်။ အဲဒီတော့ ဗုဒ္ဓဘာသာတရားက ကယ်တင်ရှင်၊ တန်ခိုးရှင် ကိုးကွယ်တဲ့တရား မဟုတ်ဘူး။ တကယ်ပြောမယ်ဆိုရင် ပုဂ္ဂိုလ်ကို ကိုးကွယ်တဲ့တရားမဟုတ်ဘူး။ ဒါကြောင့် မြတ်စွာဘုရားတောင်မှ “တရားကိုသိမှ ဘုရားကိုသိမယ်” “တရားကိုမြင်မှ ဘုရားကို မြင်မယ်” “မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်တော်တောင်မှာ သဗ္ဗညုတ ဥာဏ်တော်ရဲ့ ကိန်း၀ပ်ရာသာ ဖြစ်တယ်နော်”
ဧည့်ခန်းထဲတွင် သူနှင့်ကျွန်တော် တရားအတူတူနာနေရင်းမှ သူ့ကို အ့ကဲခတ်နေရသည်။ သူစိတ်၀င်စားဟန်မရှိလျှင် ကျွန်တော် ကက်ဆက်ကို သွားပိတ်လိုက်မယ်လို့ စိတ်ကူးသည်။ သို့သော် သူ စိတ်၀င်တစားရှိနေသဖြင့် ကျွန်တော် ဆက်၍ ငြိမ်နေလိုက်သည်။ ဆရာတော်၏ တရားသံကို ဆက်လက်ကြားနေရဆဲပင် –
“ဒီစာအုပ်ကို ရေးလိုက်တဲ့ တပည့် သူ့ဘ၀သူ့အခြေအနေက သူက အသက်လေးဆယ်ငါးနှစ်လောက်ရှိပြီ။ သူ့မှာ ကုလို့မပျောက်နိုင်တော့တဲ့ ရောဂါတခုလည်း ဖြစ်တယ်နော်၊ အဲဒါကတော့ သေချာတယ်။ ဒီရောဂါ ဘယ်လိုမှ မပျောက်နိုင်တော့ဘူး၊ ဆရာ၀န်တွေကလည်း နှစ်အပိုင်းအခြား၊ ခန့်မှန်းပြီးတော့ ဘယ်လောက်အထိအောင်နေရမလဲပြောတယ်။ အခု သူ ဆရာ၀န်တွေ ခန့်မှန်း ထားတာထက် နှစ်တော်တော်ကျော်သွားပြီး အသက်ရှည်ခဲ့တာနော်”
သည်နေရာအရောက်တွင် သူငယ်ချင်းဖြစ်သူ ပိုမို စိတ်၀င်စားဟန်ပြလာသည်။ ကုလားထိုင်ပေါ်မှာ ထိုင်နေသော ပုံစံကိုပြင်သည်။ ပိုမိုစူးစူးစိုက်စိုက် နားစွင့်နေပြန်သည်။
“ဆရာ၀န်တွေ ခန့်မှန်းထာက လေးငါးနှစ်လောက်ပဲ နေရတော့မယ်။ ခန့်မှန်းတာကိုး။ ဒီစာအုပ်ကို ကြည့်တော့ ခုနှစ်က ၁၉၉၄ ခုနှစ်၊ သူ မကျန်းမမာဖြစ်နေတာက ၁၉၈၁ ခုနှစ်ကတည်းက၊ ကြာပြီ။ ဆရာ၀န်တွေဟောတာထက် သူက အသက်ပိုရှည်နေတယ်။ အံ့သြစရာပဲ။ သူက ဘယ်လောက်ထိအောင် ယုံကြည်သလဲဆိုတော့ ဒီအတိုင်းသာ တရားကို ဆက်ပြီး အားထုတ်သွားမယ်ဆိုရင် သူသက်တမ်းစေ့ နေနိုင်လောက်တယ်တဲ့၊ ရောဂါတခုဖြစ်လာတာနဲ့ ငါတော့ သေတော့မယ်လို့ သူ မယုံကြည်ဘူးတဲ့။ သူ့ဟာသူ အခုနေခဲ့တာနဲ့ပဲ ဆရာ၀န်ပြောတဲ့အတိုင်း ဖြစ်မလာတော့ဘူးဆိုတာ သူတွေ့လာပြီပဲ။ သို့သော်လည်းပဲ ငါမသေတော့ဘူးဆိုပြီး ပေါ့ပေါ့နေတာလားဆိုတော့ မဟုတ်ဘူးနော်။ ငါမသေနိုင်သေးဘူးလို့ပဲ မျှော်လင့်ချက်ရှိတယ်နော်။ တရားကိုလည်း နေ့တိုင်း အားထုတ်သွားတယ်။ လုပ်သင့် လုပ်ထိုက်တာတွေလည်း အကုန်လုံး လုပ်သွားတယ်။ အဲဒီတော့ သေမယ်လို့တွေးပြီးတော့ စိတ်ညစ်ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ တရားရေးတွေကို မလုပ်ဘဲနေရင်လည်း ဘာမှ အကျိုးမရှိဘူး။ အဲဒီတော့ သေမှာကို တွေးပြီးတော့ စိတ်ဓာတ်ကျနေဖို့ မဟုတ်ဘူး။ သေမှာကို တွေးပြီးတော့ အချိန်ရှိတဲ့အခိုက် အဲဒီအချိန်ကို အကောင်းဆုံးအသုံးချသွားလိုက်ပါ။ သူကိုယ်တိုင် အဲဒါ လုပ်တယ်။”
သူလက်ကာပြရင်းမှ “ရပြီ သူငယ်ချင်း၊ ငါသဘောပေါက်ပြီ” ဟု ဆိုလာသည်။ တချိန်လုံး တိတ်ဆိတ်နေသော သူ့ထံမှ အသံထွက်ပေါ်လာခြင်းဖြစ်သည်
ကျွန်တော်နေရာမှထ၍ ကက်ဆက်ကို သွားပိတ်လိုက်ရသည်။ ပြီးတော့ ကက်ဆက်ခွေကို ပြန်ယူလာကာ သူ့ကို ပေးလိုက်သည်။ သူနေရာမှပင်ထ၍ သွားရန် ပြင်ဆင်နေပေပြီ။
“ကျေးဇူးပဲကွာ၊ သူငယ်ချင်း မင်းဆီလာတာ အားဆေးတခွက်သောက်လိုက်ရသလိုပဲ၊ ဒီစာအုပ်ကို ငါသေသေချာချာ ဖတ်မယ်။ ဒီတိတ်ခွေကို ငါသေသေချာချာ နားထောင်မယ်။ ပြီးတော့ ဒီထဲက ဆရာတော်ဟောထားတဲ့လူလို ငါဖြစ်အောင် ကြိုးစားမယ်။ လောကမှာ တခုလုပ်လို့မရတော့ရင် နောက်ထပ် လုပ်စရာ အများကြီး ရှိနေသေးတယ်ဆိုတာ ငါသဘောပေါက်ပြီကွာ”
သူ့အသံသည် လှိုဏ်သံပါ၍ အားကောင်းနေသည်။ ဟိုစဉ်တခါတုန်းကတည်းက အသံမျိုးမဟုတ်တော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ့စိတ်ကို တည့်လာအောင် အားကောင်းလာအောင် လုပ်ပေးရကျိုးနပ်ပေတော့မည်။ သူ ကျွန်တော့်ကို နှုတ်ဆက်၍ ထွက်သွားသည်။ သူ့ခြေလှမ်းများသည် လာတုန်းကလို မဟုတ်တော့၊ အတော်အတန် သွက်လက်သွားပေပြီ။
သည်တိပ်ခွေကို နားထောင်ရင်း တရားနာကြားခဲ့စဉ်က ကျွန်တော် သတိထားမိခဲ့သော စာပိုဒ်လေးတပိုဒ်ကို ကျွန်တော့် သူငယ်ချင်းဖြစ်သူသည် သူ့အိမ်မှာ နားထောင်ရင်းမှ အထပ်ထပ် အခါခါ ဆင်ခြင်နှလုံးသွင်းနိုင်ပါစေဟု ဆုတောင်းနေမိပါတော့သည်။
“I know that I would like to die with full elarity of mind. This feeling is very important.”
သေတဲ့အချိန်မှာ မတွေမဝေ၊ ကြည်ကြည်လင်လင် ပြည့်ပြည့်၀၀ သိနေတဲ့စိတ်နဲ့သေချင်တယ်ဆိုတာ ကျွန်တော် သေသေချာချာ သိပါတယ်။ ဒါဟာ သိပ် အရေးကြီးတယ်လို့ ခံစားရပါတယ်။
သေခါနီးမှာ သတိကောင်းကောင်းနဲ့ ခန္ဓာမှာဖြစ်တာ စိတ်မှာဖြစ်တာကို ရှုသိပြီး သေရတာအကောင်းဆုံးဖြစ်ပါတယ်။ အဲဒီလို သေခါနီးမှာ သတိကောင်းဖို့ဆိုတာက မသေခင် နှစ်ပေါင်းများစွာကတည်းက ကြိုတင်လေ့ကျင့်ထားမှ ဖြစ်နိုင်မယ်။ ဒါကြောင့် အမြဲတမ်း အတတ်နိုင်ဆုံး သတိကောင်းကောင်းနဲ့ ကြည်ကြည်လင်လင် သိနိုင်အောင်ကို သိနေတဲ့ အကျင့်ကိုလုပ်ထားရမယ်။ ဒါဟာ မသေခင်မှာ အကောင်းဆုံးနေနည်းဖြစ်ပြီး သေခါနီးမှာ အကောင်းဆုံး သေနည်းဖြစ်ပါတယ်။
သေခါနီးမှာ သတိကို အားကိုးရမယ်။ သတိရှိမှ ခန္ဓာမှာ ဖြစ်ပျက်တာကို သိနိုင်မယ်။ အနတ္တကိုသိရင်းနဲ့ သေရတာ ကောင်းတယ်။ အတ္တစွဲနဲ့သေရတာ ဆင်းရဲတယ်။ အမြဲတမ်း အနတ္တကို ဥာဏ်မှာ မြင်နေအောင် နှလုံးသွင်းတဲ့ အလေ့အကျင့်ရှိအောင် ကြိုးစားပါ။
မြသန်းစံ
ကိုကိုထွေး မှ
ချစ်ခြင်းများစွာဖြင့်