သျှရီခင်(စ/ဆုံး)
——————–
အချိန်က လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလတစ်ခု။
ဆောင်းအကုန်နွေအကူး ရော်ရွက်တို့ ကြွေနေလေရဲ့။
ဆောင်း၏သရုပ်ကို ညဖက်တွင် အချမ်းဓါတ်နှင့်ဖော်ကြူးသလို နွေ၏သရုပ်ကိုလည်း နေ့ဖက်တွင် အပူဓါတ်နှင့်ဖော်ကြူးနေလေရဲ့။
”ဧရာဝတီတိုင်း မှ ကြိုဆိုပါ၏”ဆိုသည့်ဆိုင်းပုဒ်ကို ခပ်လှမ်းလှမ်းမှ လှမ်းမြင်နေရသည်။
ရန်ကုန်မြို့ပြ၏ မွန်းကြပ်မှုကို ကျော်လွန်လာခဲ့ပေမယ့် စိတ်တို့သည် အရင်လို လန်းဆန်းမနေပေ။
ဖုန်းသံထပ်မြည်လာခဲ့ပြန်သည်။
ကားကို လက်တစ်ဖက်ဖြင့် ဂရုတစိုက်မောင်းရင်း ဖုန်းကို အခြား လက်တစ်ဖက်မှ လှမ်းကိုင်လိုက်သည်။
အမေ့ဖုန်းဖြစ်နေလေသည်။
“သားကြီး နင် ပြန်လာလည်း နင့်အဖေကို မပေါင်းနိုင်ဘူးနော်”
အမေ၏ဒေါသတကြီးအသံကို ကြားရ၍ စိတ်တို့ ပို၍ မွန်းကြပ်လာခဲ့သည်။
“ကျွန်တော်ညောင်တုန်း ဆားမလောက် နား ရောက်နေပြီအမေ”
“သားသမီးကို ဒုက္ခပေးတဲ့နင်တို့အဖေကို နင်တို့ စိတ်နာသင့် တယ်။သင်္ဘောက ဆူးလေ မှာ ကပ် ထားတာလား”
“ဟုတ်တယ်အမေ။သန်ဖက်ခါမှ ထိုင်း ကိုပြန်ထွက်မှာ”
“လာရင်လည်း နင့်အဖေဆီကို တန်းမသွားနဲ့ အိမ်ကိုအရင်ဝင်ခဲ့။ကားကို ဂရုတစိုက်မောင်းအုံး”
“ဟုတ်အမေ”ဟုပြော၍ ဖုန်းချလိုက်သည်။
အဖေနှင့်အမေ ဒီလိုပင် စကားများနေကျပင်။ဒါပေမယ့် ဒီတခါတော့ အဖေသည် အမေ့ကို စိတ်နာ၍ ဘုန်းကြီး ၅ရက်သွားဝတ်နေသည်။ဒီညနေ အဖေ ဦးပဉ္ဇင်းထွက်မည့်နေ့ဖြစ်သည်။
စကားများရခြင်းအကြောင်းအရင်းသည် အဖေ့၏အကျင့်အတိုင်း သူ့သူငယ်ချင်းတစ်ယောက်ကို ငွေ ၅သိန်းအမေ မသိအောင် ကူညီလိုက်သည့်ကိစ္စပင်ဖြစ်သည်။
အဖေသည် သူ့လက်ထဲပိုက်ဆံရှိလျှင် အကူအညီလာတောင်းသူများရှိက ကူညီပေးနေကျပင်ဖြစ်သည်။
ပြန်ရသည်များရှိသလို မရ သည်က များသည်။
ထိုကိစ္စကြောင့်ပင် အဖေနှင့်အမေ ခဏခဏ စကား များကြသည်။ဒီတခါတော့
“သားသမီးတွေ ဒုက္ခပေးတဲ့ မိဘ”ဆိုပြီး အဖေ့ကို အမေပြော၍ အဖေ စိတ်နာ သွားပုံရသည်။
“အမေ၊အဖေ့ကို ဘာလို့အဲ့လိုပြောရတာလဲ”ဟု သင်္ဘောကပ်ပြီးပြီးချင်း လှမ်း ပြောပေမယ့်
“သားကြီးရယ် နင် စဉ်းစားကြည့်လေ။ဟိုတခေါက်က ငါတို့အတွက် နင်ကန်တော့တဲ့ ပိုက်ဆံထဲက သူများကို ချေးလိုက်တာလေ။ပြီးတော့ ပြန်ဆပ်မယ့်သူလည်းမဟုတ်ဘူး။သားသမီးကန်တော့တဲ့ပိုက်ဆံနဲ့ ပြန်မဆပ်နိုင်တဲ့ လူကို ချေးတာ ဒါ သားသမီးကို ဒုက္ခပေးတဲ့မိဘ မဟုတ်လို့ ဘာလဲ”
“အမေ ရယ် ပုံကြီးချဲ့မနေပါနဲ့ ။အဖေ သူများကို ကူညီတယ်ဆိုတာအခုမှမဟုတ်တာ။ကျွန်တော်တို့ ငယ်ငယ်လေးကတည်းကဘဲ”
ဟု အမေ့ဆီကိုဖုန်းဆက်တော့ နှစ်သိမ့်မိသည်။
အဖေ့ဆီဖုန်းဆက်ပြန်တော့လည်း။ဦးပဉ္ဇင်း ဝတ်နှင့်
“ဒကာကြီး။ဒီတခါတော့ ဒကာကြီးအမေကို လုံးဝ မပေါင်းနိုင်တော့ဘူး။ဒကာကြီးစဉ်းစားကြည့်ပါ။ဒကာကြီးတို့ငယ်ငယ်လေးကတည်းက ဦးပဉ္ဇင်း အရက်သောက်၊ဖဲရိုက် လုပ်ခဲ့ဖူးသလား။ဒကာကြီးတို့ အရွယ်ရောက်တဲ့အထိ မရှိတဲ့ကြားထဲက ပညာတွေ တတ်အောင် သင်ပေးခဲ့တယ်။ဒကာကြီးအမေကိုလည်း ပင်ပင်ပန်းပန်း အခုချိန်ထိ ဘာတွေလုပ်ခိုင်းခဲ့ဖူးလဲ။ဦးပဉ္ဇင်းဘဲ ပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးခဲ့တာပါ။အခုမှ ဒကာကြီးအမေက သားသမီးကို ဒုက္ခပေးတဲ့ မိဘ လို့ပြောတာ ဦးပဉ္ဇင်း မခံနိုင်ဆုံးဘဲ။ဒကာကြီးတို့ကို ဦးပဉ္ဇင်း အခုချိန်ထိ ဘာတွေ ဒုက္ခ ပေးခဲ့ဖူးလို့လဲ”
“တင်ပါ့ဘုရား။ဦးပဉ္ဇင်း မှန်ပါတယ်။တစ်သက်လုံးတော့ မဝတ်ပါနဲ့။ဒီညနေ လူထွက်ဖို့ တပည့်တော် တောင်းဆိုပါတယ်။ပြီးရင် အမေ့ဆီပြန်ပါ ဦးပဉ္ဇင်း”
ဆိုပြီး တော်တော်ချော့လိုက်မှ ဒီညနေ လူထွက်ပါမယ်ဟု ဂတိစကားတစ်ခွန်းရခဲ့လေသည်။
ဒါပေမယ့် အမေ့ဆီမပြန်ဘူး။ဘုန်းကြီးကျောင်းမှာဘဲနေမယ်။ဒကာကြီး လာခေါ်မှ အိမ်ပြန်မယ် ဆို၍ ကျွန်တော် မြောင်းမြသို့ ကားကိုဒုန်းဆိုင်း၍ မောင်းလာခဲ့ခြင်းဖြစ်သည်။
အဲ့ဒီ့အချိန်တုန်း က ကျွန်တော်စီးနေသည့် သင်္ဘောသည် ရန်ကုန်နှင့် ထိုင်းနိုင်ငံ အတွင်းရှိ ဘိလပ်မြေ ဆိပ်ကမ်း တစ်ခုနှင့် ပြေးဆွဲနေသည့်အချိန်ဖြစ်သည်။
ရန်ကုန်ဆူးလေ ဆိပ်ကမ်းကို တစ်လ တစ်ခေါက်ဝင်သည်။
ကျွန်တော်သည် ထိုသင်္ဘောပေါ်တွင် Second Engineer ရာထူးနှင့်တာဝန်ထမ်းဆောင်နေသည်။
ကျွန်တော့်အထက်တွင် Chief Engineer နှင့် First Engineer တို့ရှိသည်။
သင်္ဘောရောက်ပြီးနောက်ရက် တွင် Company မှ လူကြီးများ စစ်ဆေးရေး လာဖို့ ရှိပေမယ့် Chief Engineer နှင့် First Engineer တို့သည် မိဘ ကိစ္စဖြစ်နေသဖြင့် ကျွန်တော့်ကို မြောင်းမြပြန်ဖို့ ခွင့်ပြုခဲ့ကြသည်။
ကျွန်တော်ကိုယ်တိုင်လည်း မနက်ဖြန် စစ်ဆေးရေးအမှီ ပြန်မောင်းလာခဲ့မည်ဟုပြော၍ လည်း ခွင့်ပြုလိုက်ကြခြင်းဖြစ်သည်။
ထိုအချိန်တုန်းက ကျွန်တော်စီးနေသော ကားသည် စင်္ကာပူဖင်ထောင် ဆလွန်းကားအဟောင်းလေးဖြစ်သည်။ယခုလို ကားအသစ်တွေမပေါသေးပေ။
ရန်ကုန် မြောင်းမြလမ်းသည် ကျောင်းကုန်းအထိသာ ကောင်းသေးသည်။ကျောင်းကုန်း-အိမ္မဲ-မြောင်းမြလမ်းသည် ဂဝံလမ်းသာ ရှိနေသေးသည်။
လမ်းသည်ကြမ်းသည်။တစ်ချို့နေရာများတွင် ဂဝံတုံးကြီးများကို မနည်းရှောင်၍ မောင်းရသည်။
ခရီးသည် သိပ်မတွင်ပေ။
ရန်ကုန်မှ ထွက်လာတုန်းက ဇနီးမခိုင်လေးသည် လိုက်ပေးမည်ပြောသော်လည်း သားသားနှင့်သမီး လေး ငယ်သေး၍ နေခဲ့ဖို့ပြောခဲ့သောကြောင့် တစ်ယောက်တည်းခရီး ကို ပျင်းရိစွာ မောင်းလာခဲ့တော့သည်။
မြောင်းမြရောက်သောအခါ ဆောင်းတွင်းဖြစ်သောကြောင့် မိုးစွတ်စွတ်ချုပ်နေလေတော့သည်။
အဖေ့ကို ဘုန်းကြီးကျောင်းတွင်သွားခေါ် အမေ့ဆီပြန်ပို့၍ အဖေနှင့်အမေအား ပြန်ပေါင်း ထုတ်ခိုင်းခဲ့ပြီး ပြန်ဖို့အလုပ်တွင် သူငယ်ချင်း ကိုရဲမှ
“ဆိုင်တစ်ဆိုင်မှာ ခဏသောက်ရအောင်ကွာ”
“ငါ အပြန်နောက်ကျမယ်။”
အဖေနှင့်အမေ သည် ရန်ကုန်ကိုတစ်ယောက်တည်းညဖက်ကြီးပြန်မောင်းရမည်ဖြစ်၍ လိုက်ပေးမည်ဟုပြောပေမယ့်
“ကျွန်တော်မနက် သင်္ဘောကို တန်းသွားရမှာ။စစ်ဆေးရေးရှိလို့ဟု ငြင်းဆန်ခဲ့သည်။
ဒီလိုနှင့် သူငယ်ချင်းကိုရဲတို့လင်မယား လည်း အတင်းခေါ်နေသဖြင့် မြောင်းမြ ဂေါက်ကွင်းနားမှဆိုင်တွင်ကားထဲမှာ အသင့်ပါလာသည့် Black သုံးပုံနှစ်ပုံလောက်ကျန်သည့်ပုလင်းကို ယူ၍ သောက်ကြလေတော့သည်။
ပင်ပန်းနေ၍ ထင်သည်။ပုံမှန်ထက်တော့ ပို၍ မူးနေသည်ကို သတိထားမိသည်။
ဒီလိုနှင့် သောက်စားပြီး တစ်ယောက်တည်း ရန်ကုန်သို့ပြန်မောင်းလာခဲ့လေသည်။
ကမ်းရိုးတန်းဖုန်း ပါလာ၍ တော်သေးသည်။
လမ်းတစ်လျှောက် ထိုအချိန်က GSM ဖုန်းသည်လည်းလိုင်းမမိပေ။
မြောင်းမြကြိုးတံတားပေါ်အရောက်တွင် အဖေနှင့်အမေ့ထံရန်ကုန်ပြန်ပြီဖြစ်ကြောင်း ဖုန်းဆက်လိုက်သည်။
ကားကို ဖြေးဖြေးနှင့်မှန်မှန် မောင်းလာခဲ့သည်။
အမြန်မောင်း၍ လည်းမရ။လမ်းသည်မကောင်းပေ။
ကားမီးသည် မှိန်နေသေးသည်။
လမ်းတစ်လျှောက် မောင်းလိုက်။အပေါ့သွားချင်၍ ကားရပ်ပြီးသွားလိုက်နှင့် တစ်ယောက်တည်း ညမှောင်မှောင်ထဲ အလုပ်ရှုပ်နေလေတော့သည်။
ညနက်လာသည်နှင့် နယ်မြို့လေး၏အချမ်းဓါတ်သည် ခိုက်ခိုက်တုန်နေလေသည်။
ကားမှန်များကိုလည်း အကုန်မချရဲ၍ ဖွင့်သည်ဆိုရုံလောက်သာ ဟ ထားလိုက်၍ မောင်းလာခဲ့သည်။
ညမှောင်မှောင် တွင် ကားမီးရောင်သည်မှိန်နေ၍ ဂဝံတုံးများအား ကားအောက်ပိုင်းနှင့်ထိမိသည့် “ဂလုံး၊ဂလွမ်”ဆိုသည့် အသံတို့သည် ဆက်တိုက်မြည်နေလေတော့သည်။
မောင်းနေရင်းမှ အပေါ့သွားချင်လာ၍ ကားကိုရပ်ပြီး တောစောင့်နတ်၊တောင်စောင့်နတ်တို့အား မူးမူးနှင့်တောင်းပန်၍ အပေါ့စွန့်ခဲ့လေသည်။
ထိုအချိန်တွင် ကြာဖူးငုံရွာနှင့် အခြားရွာတစ်ရွာရှိ ဘုရား ဖြူစေတီလေးများဆီမှ မီးလုံးအနီများ ထွက်လာကြသည်ကို အပေါ့သွားရင်းမြင်လိုက်သည်။
မူးနေ၍ လားထင်ပြီး မျက်လုံးကို ပွတ်ကြည့်သော်လည်း ထိုမီးလုံးအနီကြီးများသည် ဘုရားနှစ်ဆူကြား ကူးလားခေါက်ပြန်ရှိနေလေတော့သည်။
ကြောက်ကြောက်နှင့်ကြည့်နေပြီးမှ အသိဝင်လာခဲ့သည်။
ငယ်ငယ်တုန်းက လူကြီးတွေပြောဖူးသည့် ဥစ္စာစောင့် များ သိုက်ပြောင်းနေကြတာဖြစ်မည်ဟု တွေးလိုက်မိသည်။
ကြောက်ကြောက်နှင့် ကားကို ဒုန်းဆိုင်း၍ မောင်းလာခဲ့တော့သည်။
ကားသည် လမ်းကြမ်းကိုဒုန်းဆိုင်း၍ မောင်းလာသောကြောင့်ထင်သည်။ကားအောက်ပိုင်းမှ အသံတို့ပိုထွက်လာခဲ့တော့သည်။
ဒီလိုနှင့် ကံကြီးရွာကျော်လာခဲ့သည်။
ကားလမ်းနဘေးရှိစျေးဆိုင်တန်းများလည်း မီးတို့မှိတ်၍ အိပ်နေကြလေပြီ။
တဖြေးဖြေး ကားမောင်းရင်း ကြောက်လာခဲ့သည်။
ယခုမှနောင်တရတော့သည်။
အဖေနှင့်အမေကို ခေါ်လာရ ကောင်းသားဟုတွေးမိသည်။
မတတ်နိုင် ခရီးကဆက်ရပေအုံးမည်။
ညဉ့်ငှက်တို့ကား မီးရောင်ရှေ့ဖြတ်ပျံနေကြလေသည်။
ငှက်ဆိုးထိုးသည့်အသံတို့သည်လည်း ကြားနေရပြန်သည်။
ကြောက်စိတ်သည်သာ ပို၍ ကြီးစိုးလာလေတော့သည်။
ယခုခေတ်လို လမ်းလည်ကတ္တရားလမ်းမဟုတ်၍ ကားအသွားအလာလည်းကျဲနေလေသည်။
ဆိုင်ကယ်တစ်စီးစ နှစ်စီးစ သွားနေသည်ကိုတွေ့ရသည်။
ကြောက်ကြောက်နှင့်တစ်ယောက်တည်းမောင်းလာရင်း ကမ်းရိုးတန်းဖုန်းမှ ထမြည်လာ၍ လန့်သွားမိသေးသည်။
အဖေ့ဆီမှ ဖုန်းဖြစ်သည်။
အဖေနှင့်ကားမောင်းရင်းစကားပြောလာ၍ အကြောက်တို့နည်းနည်းပြေစ ပြုလာခဲ့သည်။
“ရွာသစ် စံပြကျေးရွာ မှ ကြိုဆိုပါ၏”ဆိုသည့် ဆိုင်းပုဒ်ကိုတွေ့၍
“ရွာသစ်ရောက်ပြီ ဖေကြီး”ဟု ဖုန်းပြောရင်း ဆက်မောင်းလာခဲ့သည်။
“တူ တူ တူ”
အဖေ့ဖက်မှလား ကျွန်တော့်ဖက်မှလားမသိ လိုင်းမကောင်း၍ ဖုန်းကျသွားလေတော့သည်။
စကားပြောဖော်မရှိ၍ ပို၍ ကြောက်လာပြန်သည်။
မူးနေသည့်အရသာ အားလုံး ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်လေပြီ။
“ဒုန်း “ဆိုပြီး ကားအောက်ပိုင်းကို ကျောက်တုံးကြီးနှင့်ထိ၍ ကား သည် လမ်းဘေးမှာ ထိုးရပ်သွားလေပြီ။
ကားရပ်သွား၍ ဆီကုန်ပြီထင်၍ဆီGauge ကိုကြည့်တော့လည်းဆီက ရှိနေသေးသည်။
ကား စက်ပြန်နှိုးသောအခါ နှိုး၍ ရလေသည်။
သို့ပေမယ့် ကားသည်မရွေ့တော့ပေ။
ဒီလိုနှင့်
ကြောက်ကြောက်နှင့်ပင် ကား တံခါးဖွင့်၍ ကားအောက်ပိုင်းအား ဖုန်းမီးနှင့်ဖွင့်ကြည့်လိုက်လေသည်။
“ဟာ သွားပြီ”ဆိုပြီး အာမေဋိတ် အသံပါထွက်သွားလေတော့သည်။
ကားချုပ်တန်း ကျိုးပြီး ကား ရှေ့ဘီး နှစ်ဘီးလုံး ဘေးသို့ကား ထွက်သွားလေပြီ။
ရှေ့ဆက်၍ လည်းမရတော့ပေ။
“ခလုပ်ထိမှအမိတ”ဆိုသည့်စကားပုံလေးအတိုင်း
အဖေနှင့်အမေ့ဆီသို့ဖုန်းခေါ်လိုက်သည်။
ကံဆိုးစွာပင်ဖုန်းလိုင်းသည်မမိပေ။
ဒီလိုနှင့်စိတ်ရှည်စွာ ဖုန်းခေါ်ရင်း အဖေ့ဆီသို့ဖုန်းဝင်သွားသည်။နာရီကြည့်လိုက်သောအခါ မနက် ၂နာရီထိုးနေလေပြီ။
“ဘယ်ရောက်ပြီလဲ”
“အိမ္မဲမြို့တော့နီးပြီထင်တယ် ဖေကြီး”ဟုပြန်ဖြေလိုက်ပြီး ကားပျက်သည့်အကြောင်းပြောလိုက်သည်။
“စိတ်မပူနဲ့ ကိုရဲကိုခေါ်ပြီးဆိုင်ကယ်နဲ့ကားပျက်တဲ့နေရာကို အခုလာခဲ့မယ်”ဟု ပြောလေသည်။
အခုလာမယ်သာပြောပေမယ့် မြောင်းမြမြို့နှင့်အိမ္မဲမြို့ကို ဆိုင်ကယ်နှင့်လာရသည်မှာ လမ်းမကောင်း၍ ၃နာရီလောက်မောင်းရမည်။
မိုးလင်းခါနီးမှ ရောက်မည်ကိုတွေး၍ စိတ်တို့မွန်းကြပ်သွားခဲ့ရသည်။
ဖုန်းလိုင်းမိသည်နှင်ဇနီးမခိုင်လေးဆီ လှမ်းဆက်လိုက်သည်။ကလေးလေးတွေနိုးမှာစိုး၍ သူမအသံသည်တိုးနေလေသည်။
“ကားပျက်နေတဲ့အကြောင်းလှမ်းပြောလိုက်သည်။စိတ်မပူဖို့နှင့်ဖေကြီးနှင့်ကိုရဲ လာနေပြီဆိုသည့်အကြောင်းပါလှမ်းပြောလိုက်သည်။
မခိုင်လေးသည် စိတ်ပူတတ်သူပီသစွာ
“မနက် သင်္ဘောလာစစ်ရင် လူမရှိရင် ပြသနာ မဖြစ်အောင် မိုးလင်းတာနှင့် C/E နှင့် 1/E ဆီကို လှမ်းဆက်ဖို့သတိပေးလေသည်။
ဒီလိုနှင့်
လရောင်၏မပီဝိုးတဝါး အလင်းရောင်အောက်မှာ ကားကို မှီရင်း အချမ်းဓါတ်ကို အံတုဖို့ စီးကရက်တစ်လိပ်အား ကားကို မှီရင်း သောက်နေခဲ့မိတော့သည်။
ထိုအချိန်တွင်
လူရိပ်တစ်ခုကိုတွေ့ခဲ့သည်။
ထိုအရိပ်သည် တဖြည်းဖြည်းနီးလာသောအခါ အမျိုးသမီးတစ်ဦးတည်း ရေအိုးတစ်လုံးရွက်၍ လာနေသည်ကိုတွေ့ရတော့သည်။
အဖော်တွေ့ပြီဆိုသည့်အသိတို့ကြောင့် ကြောက်စိတ်တို့ လျော့လာခဲ့သည်။
ထိုအမျိုးသမီးသည်တဖြည်းဖြည်း ကျွန်တော့်ကားနား ရောက်လာလေသည်။
ဆာလီ ဝတ်ထားသော ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးဖြစ်နေလေသည်။
“အစ်မ မင်္ဂလာပါ”ဟု ကျွန်တော် စ ၍ နှုတ်ဆက်လိုက်သည်။
“ဟုတ်။ကားပျက်နေတာလား”ဟု သူမပြန်မေးသည်။
သေသေချာအနီးကပ်ကြည့်မှ မျက်လုံးမျက်ဖန် ကောင်းကောင်းနှင့် အသားညိုညို ရုပ်ရည်အသင့်အတင့်ရှိသည့် မိမိထက် သုံးလေး နှစ်ခန့်ကြီးမည်ဟု ထင်ရသော ဟိန္ဒူ ဘာသာဝင်အမျိုးသမီး တစ်ဦးဖြစ်မှန်းသိခဲ့ရသည်။
သူမ ခန္ဓာကိုယ်မှာ အနံ့တစ်မျိုးရနေလေသည်။
အမွှေးတိုင် လိုအနံ့တစ်မျိုးဖြစ်မည်။အမွှေးတိုင်အနံ့လို ခပ်စူးစူးအနံ့မျိုးတော့လည်းမဟုတ်ပြန်။
“ဒီနေရာမှာ ကားတွေဆိုင်ကယ်တွေ ခဏ ခဏ ပျက်တတ်တယ်”ဟု ရယ်ရယ်မောမော သူမပြောနေလေသည်။
“ကားပြင်တဲ့ လူတွေများ အသိ ရှိလား”
“အိမ္မဲ ဖက်မှာတော့ ဝပ်ရှော့တွေရှိတယ်။”
“ဟုတ်။ကျေးဇူးပါ။ဒါနဲ့ အမ က ဒီအချိန်ကြီး ဘယ်သွားမလို့လည်းဗျ။ဒီအနားမှာနေတာလား”
“ဘုရားကျောင်းကို သွားမလို့”ဟု
ဟိုးအဝေးပြပြမှာ မြင်နေရသည့် အဆောက်အဦးကို လက်ညှိုးထိုးပြရင်း သူမ ပြောလေသည်။
“အော်။ဒါနဲ့ အိမ္မဲ နဲ့အခုနေရာနဲ့ ဘယ်လောက်ဝေးသေးလဲ”
“သိပ်မသွားရတော့ပါဘူး။တအောင့်လောက်သွားရင်ရောက်ပါပြီ”
ကျွန်တော်လည်း တစ်ယောက်တည်း ကြောက်တာနဲ့ စကားပြောဖော်ရရင်ပြီးရောဆိုပြီး သူမနှင့် စကားများပြောနေဖြစ်သည်။
“ကျွန်မ သွားလိုက်ပါအုံးမယ်။ဘုရားကျောင်းဖွင့်ခါနီးပြီ”
“ဟုတ် အမ။ဒါနဲ့ အမ လက်ထဲက ဘာလဲဗျ”
“ဘုရားကျောင်းက ဆွာမိကြီးအတွက် ကောက်ညှင်းပေါင်းယူလာတာပါ။ခွင့်ပြုပါအုံးနော်”
“ဟုတ်”ဟု ကျွန်တော်ပြန်ပြောလိုက်မိသည်။
ထို့နောက် သူမ ကျောခိုင်းထွက်သွားသည်ကို ဘာရယ်မဟုတ်ဘဲ လရောင်၏မပီဝိုးတဝါး အလင်းရောင်လေးနှင့် ငေးကြည့်နေမိသည်။
ဆံနွယ်ထူထူတို့ကို ကျစ်ဆံမြီး ကြီးကြီး ကျစ်ထား၍ အဖျား တွင် ပုဝါ စ အဝါရောင်လေးနှင့်ချီထားသော သူမ၏နောက်ပိုင်း အလှကို ဘာရယ်မဟုတ်ငေးကြည့်နေမိခဲ့သည်။
ထို့နောက်အပြင်မှာ ရာသီဥတုသည် အေး လာ၍ ကားထဲ ဝင်ပြီး ခဏလောက်မှေးလိုက်လေသည်။
ကားအပြင်ဖက်တွင် လူသံနှင့်ခြေသံများကြား၍ မသိမသာ ချောင်းကြည့်လိုက်သည်။
စစ်သား ၁၀ဦးလောက် လမ်းလျှောက်လာသည်ကို တွေ့ရလေသည်။
သူတို့ပုစံသည် ရန်သူကို ရှာနေပြီး တောင်ကြည့်မြောက်ကြည့်နှင့် သေနတ်နှင့်ဟိုချိန်ဒီချိန်လုပ်နေသည်ကိုလည်းတွေ့ရလေသည်။
ကျွန်တော်လည်း နိုင်ငံခြား ရုပ်ရှင်တွေထဲကလို ရန်သူ ကျွန်တော့်ကားနားမှာ ပုန်းနေပါက စစ်သားတွေ ပစ်လိုက်၍ မိမိကားရော မိမိပါ ထိခိုက်မည်ကို တွေးမိ၍ ကားအပြင်သို့ ထွက်လာလိုက်သည်။
“ဆရာကြီး တို့ ဘာရှာနေတာလဲဗျ”
“ကား ဘာဖြစ်လို့လဲ”
မေးရိုးရိုးကားကား နှင့် အရပ်ခပ်မြင့်မြင့် ခေါင်းဆောင်ဟု ထင်ရသူမှ မေးလေသည်။
“ကားပျက်လို့ဗျ။”ဟုပြန်ဖြေလိုက်သည်။
“ဒီနားမှာ နယ်မြေ မအေးချမ်းဘူး။ဒါနဲ့ ခင်ဗျား ဒီနားမှာ ကားပျက်နေတာ ဘယ်လောက်ကြာပြီလဲ”
“၂နာရီလောက်တော့ရှိပြီဗျ။မိုးလင်းတာနဲ့ ကျွန်တော့်အဖေနဲ့ သူငယ်ချင်း ရောက်လာတော့မှာပါ။သူတို့က မြောင်းမြ ကနေ လာ နေတာဗျ”
“ဒီအနားကို ဆာလီ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် လာတာ တွေ့မိလား”ဟု ခေါင်းဆောင် သည် မေးလေသည်။
ကျွန်တော်လည်း ပါးစပ်မှ ယောင်၍
“တွေ့မိတယ်ဗျ။ဟို ဖက် ဘုရားကျောင်းကို သွားမယ်လို့ပြောသွားတယ်”
“ကျိန်းသေတယ် ဗိုလ်ကြီး။အဲ့ဒါ သျှရီခင် ဘဲ ဖြစ်မယ်။ရန်သူတွေကို ဘုရားကျောင်းမှာ ဖွက်ပြီး မိုးမလင်ခင် အစာနဲ့ ရေ သွားပို့တာဖြစ်မယ်”ဟု သူတို့အထဲမှ တစ်ယောက် မှပြောလေသည်။
“ကျေးဇူးဘဲ ငါ့ညီ။ အကိုတို့ ဘုရားကျောင်းဖက် လိုက်သွားပြီး နယ်မြေ စီးနင်း လိုက်အုံးမယ်”
ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့လေတော့သည်။သူများ ဒုက္ခရောက်အောင် ပြောမိပြီဟု လည်း နောင်တတို့ ရသွားမိသည်။
မတတ်နိုင် ပြောပြီးမှတော့ ဟု စိတ်ကိုလည်း ပြန်ဖြေမိပြီး စီးကရက်တစ်လိပ်ကို မီးညှိ ပြီး နှင်းမှုန်တွေကြားထဲ ဖွာရှိုက်နေမိတော့သည်။
စစ်သားကြီးတွေ ပြောသွားသည့်အထဲမှာ ထိုအမျိုးသမီးနာမည်ကို ကောင်းကောင်းကြားလိုက်မိသည်။
“သျှရီခင်”
နာမည်က ကြီးကျယ်မြင့်မြတ်သည့်အဓိပ္ပါယ် ပါလားဟု မှတ်ချက်ချမိခဲ့သည်။
ဒီနယ်ဒီဒေသကို ကျောင်းတက်ကတည်းက ကားနှင့်ဖြတ်နေကျပင်။
နယ်မြေ မအေးချမ်းဘူးဟု တခါမှ မကြားမိပေ။
ဒါပေမယ့် ကျွန်တော်တို့ငယ်ငယ်အချိန်တုန်းက ကရင်နီ သောင်းကျန်သူတို့ ဘာတို့ ရှိခဲ့ဖူးသည်ဟုတော့ ကြားဖူးသည်။အခုလို အချိန် မှာတော့ အေးချမ်းနေပြီဟု သာ ထင်ခဲ့မိသည်။ကျွန်တော် ထင်တာတွေတွေးတာတွေ တခါတခါ အလွဲတွေရှိတတ်ပါလားဟု လည်း စဉ်းစားမိပြီး မီးငြိမ်းသွားသည့် စီးကရက်တိုကို ဖိနပ်နှင့် ထိုးချေမိခဲ့လေသည်။
ထို့နောက် တိုက်ပွဲတွေ ဘာတွေများ ဖြစ်နေကြပြီလားဆိုသည့်အသိတို့ဝင်လာပြီး “သျှရီခင်”ညွှန်ပြသွားသည့် ဘုရားကျောင်းဖက်ကို လှမ်းကြည့်မိလိုက်သေးသည်။
အားလုံးသည် ဆောင်း၏အအေးဓါတ်အောက်မှာ တိတ်ဆိတ် ငြိမ်သက်အေးချမ်းနေလေတော့သည်။
ထိုအချိန်တွင် ဆိုင်ကယ်သံ ကြားလိုက်ရ၍ အဖေတို့လားဆိုသည့်အတွေးလေးနှင့်ကြည့်နေလိုက်မိသည်။
မြှု၊နှင်းတို့ကျနေ၍ မသဲကွဲ ။
ဆိုင်ကယ်သံ တဖြေးဖြေးနီးလာလေပြီ။
သေသေချာချာ ကြည့်လိုက်မှ အဖေတို့ ဖြစ်နေမှန်းသိ၍ လက်လှမ်းပြလိုက်သည်။
အဖေနှင့်သူငယ်ချင်း ကိုရဲသည် ဆိုင်ကယ်ကိုရပ်၍ ကားကို သေချာကြည့်လိုက်သည်။ထို့နောက်
“သားကြီးရေ ၊မင်း ကား တံခါးတွေသေချာပိတ်၊အိမ္မဲ မှာ ဝပ်ရှော့ရှိတယ်။ဒီအချိန်ဖွင့်ပြီလားမသိဘူး။သွားကြည့်ရမှာဘဲ။”
“ဟုတ်ဖေကြီး”ဆိုပြီး ကားတံခါးတွေကို လော့ချလိုက်သည်။
ထို့နောက် ဆိုင်ကယ်တစ်စီး သုံးယောက်စီး၍ အိမ္မဲဖက်သို့ မောင်းလာလိုက်ကြသည်။
ဝပ်ရှော့များသည် ၇နာရီလောက်မှ ဖွင့်မည်ပြောလေသည်။
နာရီကြည့်လိုက်သောအခါ စောနေသေးသည်။
“အဖေ ကျွန်တော့်ကားကို အဖေနဲ့ကိုရဲ ဝပ်ရှော့မှာ ပြင်ထားလိုက်တော့။ကောင်းမှဘဲ ရန်ကုန်လာပို့ပေတော့။ကျွန်တော် အိမ္မဲကနေ ဆိုင်ကယ်ကယ်ရီဌားပြီး ဒါးက လမ်းဆုံအထိ သွားမယ်။ပြီးတာနဲ့ ပုသိမ်က လာတဲ့ ကားစီးပြီး ရန်ကုန်ကို အချိန်မှီပြန်မှဖြစ်မယ်။သင်္ဘောမှာ ဒီနေ့ စစ်ဆေးရေး လာမယ်ပြောတယ်။မှီတောင်မှီပါ့မလားမသိဘူး။”
“အေး အဲ့လိုသာ လုပ်လိုက်တော့”
ဒီလိုနှင့်ကျွန်တော် ဆိုင်ကယ် ကယ်ရီဌားပြီး ဒါးက ဖက်သို့ မောင်းခိုင်းခဲ့လေသည်။
ဆိုင်ကယ် ကယ်ရီအကိုသည်သဘောကောင်းသည်။
ကျွန်တော်ဆိုင်ကယ်ပေါ်တက်တက်ချင်း စကားတွေ စ ပြောတော့သည်။
သွားနေရင်း ည က “သျှရီခင် “ဆိုသော အမျိုးသမီး ညွှန်ပြရာ ဘုရားကျောင်းနားသို့ ရောက်လာခဲ့သည်။
“ဆိုင်ကယ် ခဏရပ်ပေးပါအကို။ဘုရားကျောင်းထဲ ခဏဝင်ချင်လို့”
ဘုရားကျောင်းအဝအရောက်တွင် ခေါင်းလောင်းထိုးသံကြားရသည်။ဆိုင်ကယ်ကယ်ရီအကိုလည်း အဖော်လိုက်လာခဲ့သည်။
ဘုရားကျောင်းထဲအရောက်တွင် မယ်တော်ဆီမှာ ကန်တော့ခဲ့သည်။
အသက်ကြီးကြီး ဘုရား လူကြီးဖြစ်ဟန်တူသော အဖိုးကြီးတစ်ဦးမှ ကျွန်တော့်နဖူးအား သူ့လက်နှင့်ထိပေးလေသည်။
ရေမန်းခွက်အသေးလေးလည်းပေးလေသည်။
ရေမန်းခွက်ကို ယူပြီး ဦးခေါင်းမှစ၍ ခန္ဓာကိုယ်အား ကျွန်တော်သပ်လိုက်သည်။
ဘုရားလူကြီးသည် ကျွန်တော့်အား သံပုရားသီးတစ်လုံးပေးလေသည်။
“အန္တရာယ်ကင်းတယ်”
“ဟုတ်”ဟု ဆိုပြီး ကျွန်တော် အိတ်ထဲမှ တစ်ထောင်တန်တစ်ရွက်ထုတ်၍ လှူလိုက်လေသည်။
ဘုရားလူကြီးသည် ဆုများပေးနေလေသည်။
ဘုရားလူကြီးဆုပေး၍ အပြီးတွင်
“အဘ ကျွန်တော်တစ်ခုလောက်မေးချင်လို့”
“မေးပါ လူလေး”
“အဘ တို့ဘုရားကျောင်းကို ဒီမနက် ၃နာရီလောက်မှာ သျှရီခင် ဆိုတဲ့ အမျိုးသမီးလာသေးလား”
ဟု စိတ်ထဲတွင်မတင်မကျဖြစ်နေသည့် မေးခွန်းအား မေးလိုက်မိသည်။
“ဘယ်သူ ဘယ်သူ”
ဘုရားလူကြီးသည်အသက်ကြီး၍ နား ကောင်းပုံမပေါ်။နည်းနည်းလေး အော်ပြောမှ
“သျှရီခင် ကို ပြောတာလား”
“ဟုတ်တယ်အဘ”
“ဒီကောင်မလေး အခုထိ မကျွတ်မလွတ်သေးဘူးထင်တယ်။ ဒီလိုကွဲ့ လူလေးရဲ့ အဘ တို့ နယ်မြေက အရင်တုန်းကမအေးချမ်းဘူး။သောင်းကျန်းသူတွေနဲ့ စစ်တပ်နဲ့ အမြဲ ထိတွေ့ပြီး တိုက်ပွဲတွေဖြစ်လေ့ရှိတယ်။
သောင်းကျန်းသူတွေထဲက တစ်ယောက်နဲ့ သျှရီခင်နဲ့ ရည်ငံသွားကြတယ်။
တစ်နေ့မှာ စစ်တပ် လမ်းကြောင်းကို တိုက်ခိုက်ဖို့ဆိုပြီး သျှရီခင်က လက်နက်ကိုင် သောင်းကျန်းသူတွေကို ဒီဘုရားကျောင်းမှာ လာဖွက်ထားတယ်။
နောက်နေ့မနက် စောစောမှာ သျှရီခင်က လက်နက်ကိုင် သောင်းကျန်သူတွေအတွက် ရေနဲ့အစာလာပို့တဲ့အချိန် စစ်တပ်ကလည်း သတင်းရပြီ သျှရီခင်နောက်ကို လိုက်လာရင်း ဒီဘုရားကျောင်းမှာ တိုက်ပွဲ အသေးလေးဖြစ်ခဲ့ဖူးတယ်။စစ်သား တွေလည်း ဆယ်ယောက်လောက်သေတယ်။သောင်းကျန်းသူတွေလည်း သေကြတယ်။
သျှရီခင်ကတော့ နှစ်ဖက်တိုက်ပွဲကျည်ဆံတွေကြောင့်အသက်ဆုံးရှူံးခဲ့ရတယ်။”ဟုအတိတ်ကို ပြန်ပြောင်း၍ ပြောပြနေလေသည်။
ဘုရားလူကြီးနှင့်ကျွန်တော် စကား ပြောနေသည့် အနီးမှ ခုံပေါ်တွင် ဖက်နှင့်ထုတ်ထားသော ကောက်ညှင်းပေါင်းထုပ်သည် အငွေ့တစ်ထောင်းထောင်းရှိနေလေရဲ့။
သျှရီခင်နှင့်ကျွန်တော် မနက်က တွေ့တုန်းက သူမကိုင်ထားသည့် ကောက်ညှင်းပေါင်းထုပ်လား ဆိုတာ ကိုတော့ ဘုရားလူကြီးအားမမေးမိခဲ့ပေ။
ဘုရားကျောင်းမှ အထွက်တွင် ပဝါ စ အဝါ လေး တစ်ခု ကျွန်တော့်ခြေထောက်နားသို့ လွင့်လာခဲ့သည်။
ထိုပုဝါစ လေးအား ကောက်ယူ၍ နမ်းရှိုက်မိခဲ့သည်။
မနက်က သျှရီခင် ၏ ဆံနွယ်ထူထူ ကျစ်ဆံမြီးအဖျားမှာ ချီထားသည့် ပုဝါစ အဝါ လေးနှင့်တစ်ပုစံတည်းဖြစ်နေလေသည်။
ပုဝါလေး၏အနံ့သည်လည်း မနက်က သျှရီခင်ထံမှ ရသော အမွှေးတိုင်အနံ့လိုမျိုး ဖြစ်နေသည်ကို ထူးခြားစွာ ရခဲ့လေသည်။
ဘုရားကျောင်းမှာ အမွှေးတိုင်အနံ့ရသည်မှာ မထူးခြားပေမယ့် ထိုအနံ့သည် သာမန်အမွှေးတိုင်နှင့်မတူသည့်အနံ့တစ်မျိုးဖြစ်သည်ကိုတော့ ဘာသာ သတိထားမိခဲ့သည်။
ဒီလိုနှင့်
ဘုရားကျောင်းမှ ဆိုင်ကယ်ပေါ်အတက်တွင်
“သျှရီခင်နှင့်အတူ ဒီနေရာမှာ မကျွတ်မလွတ်သေးသူများ အားမိမိဘဝတလျှောက် ပြုခဲ့သမျှကုသိုလ်ကောင်းမှုတို့အတွက် အမျှပေးဝေခဲ့သည်။
အမျှဝေပေးပြီးသည်နှင့် လေတစ်ချက်အဝှေ့တွင် ကျွန်တော် ကောက်ယူခဲ့သော ပုဝါစ အဝါ လေသည် ကျွန်တော့်လက်မှ လွတ်၍ လေနှင့်အတူ ပါသွားခဲ့လေတော့သည်။
သျှရီခင်နှင့်စစ်သားကြီးဆယ်ယောက်သည် ကျွတ်လွတ်ချင်၍ ကျွန်တော်နှင့်မနက်ပိုင်းတွေ့ခဲ့သည်လား????
ဒါမှမဟုတ်
ကျွန်တော့်အမျှပေးသံကို ကြား ချင်၍ ကျွန်တော့်ကို ဒီဘုရားကျောင်းသို့ တွန်းပို့ လိုက်သလား ဆိုသည်ကိုတော့
ငြိမ်းချမ်း(IMT)