ဟိုတယ်ပေါ်ကတစ္ဆေ

Posted on

ဟိုတယ်ပေါ်ကတစ္ဆေ(စ/ဆုံး)

—————————

ကြာတာကတော့ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ခန့်မှန်းကာလ​အား​ဖြင့် ခရစ်သက္ကရာဇ် ၂၀၀၇ ခုနှစ် ‘ရွှေဝါရောင် တော်လှန်​ရေး​’ မတိုင်မီ အနီး​ဝန်းကျင်လောက်က ဖြစ်ပေလိမ့်မည်။ ထိုစဉ်က ကြေး​ရတက်အနွယ်ထဲမှ သူငယ်ချင်းတစ်ဦးက စာရေးသူ၏ နေ​အိမ်သို့ ညနေစောင်းအချိန်၌ ပေါက်ချလာ​၍ ကျွန်တော်​က အကြောင်းကိစ္စ မေးမြန်းရာ သူက အဆိုပါ​ည၌ ကြေးကြီး ဖဲဝိုင်းတစ်ဝိုင်း ရှိကြောင်း ပြောပြီး သူ​နှင့်အတူ အဖော်လိုက်ခဲ့ရန် ဆိုပါသည်။ ဤတွင် ကျွန်တော်​သည် ဖဲကစား ဝါသနာမပါ​သော်လည်း အိမ်၌ လုပ်စရာ ကိုင်စရာ မည်မည်ရရ မရှိ၍ ပျင်းပျင်းရိရိ ရှိနေသည်နှင့်အညီ သူငယ်ချင်းနှင့်လည်း အပြင်သို့ လျှောက်မထွက်ရသည်​မှာ ကြာမြင့်ပြီဖြစ်၍ မဆိုင်းမတွပင် သူခေါ်ဆောင်ရာ ထလိုက်​လာ​ခဲ့ပါသည်။ သို့နှင့် တက္ကစီတစ်စီး ငှားစီး၍ ကျွန်တော်တို့​သည် နေရာတစ်နေရာသို့ ထွက်လာခဲ့ကြ၏။

ကနဦးတွင် သူတို့ လူကုံထံများ၏ ဖဲဝိုင်းအား လုံခြုံ စိတ်ချရ​သည့် နေအိမ်တစ်အိမ်အိမ် (သို့မ​ဟုတ်) တိုက်ခန်းတစ်ခန်း​ခန်း၌ လျှို့ဝှက်စွာ ပြုလုပ်ကြ​လိမ့်​မည်ဟု ထင်မှတ်ခဲ့သော်​လည်း တကယ်တမ်း ရောက်ရှိ​သွား​သည့် နေရာကို တွေ့မြင်​လိုက်​ရ​ချိန်တွင်​တော့ ကျွန်​တော့်​အ​နေဖြင့် အံ့အားသင့်​သွား​ခဲ့ပါသည်။ အ​ကြောင်း​မှာ အဆင့်မြင့် ဟိုတယ်ကြီးတစ်ခု ဖြ​စ်​နေခြင်း​​ကြောင့်​ပင်။

အဆိုပါဟိုတယ်မှာ နေ့စဉ်နှင့်အမျှ ကျွန်တော် ဖြတ်သန်း သွားလာနေကျ နေရာ၌ ရှိ၍ အတော်အတန် အတွေ့အမြင်​ဖြင့် ရင်းနှီး ကျွမ်းဝင်လျက် ရှိသော်လည်း ဟိုတယ်၏ အတွင်းပိုင်းသို့ ကျွန်တော် တစ်ခါမျှ မရောက်ဖူးခဲ့ချေ။ ယင်း​ဟိုတယ် မဖြစ်ခင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးကတ​ည်း​က ကျွန်တော် မြင်တွေ့နေကျ ထိုနေရာမှာ ယခင်က ရပ်ကွက်လေးတစ်ခု ရှိခဲ့ဖူးသည် (ထိုရပ်ကွက်၌ ကွယ်လွန်သူ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီးတစ်ယောက် သူသရုပ်ဆောင် မဖြစ်ခင်ဘဝ အိမ်ထောင်ကျကာစက နေထိုင်သွားဖူး၏)။

ထိုရပ်ကွက်ကို မြို့ပြစီမံကိန်း ရေးဆွဲကာ တိုက်တန်းလျား​များ​အဖြစ် ယင်း​ခေတ်အာဏာပိုင်များမှ ပြောင်းလဲ ဆောက်​​လုပ် နေရာချပေးပြီး​နောက် နှစ်ပေါင်းအတန်ငယ် ကြာမှ ယင်းနေ​​ရာ​အ​နီး ကားလမ်းကပ်​လျက် နေရာတစ်လျှောက် ဟို​တယ်ကြီး​နှင့်​တကွ စျေးဝယ်စင်တာတစ်ခုကိုပါ စီးပွား​ရေး လောကသား​များအား ဆက်လက် ခွင့်ပြုခဲ့သောကြောင့် စျေးဝယ်စင်တာနှင့် ဟိုတယ်ကြီးမှာ တွဲလျက် ဖြစ်လာခဲ့၏။ ထိုသို့ စီးပွားအဆောက်အဦကြီး ရုပ်လုံးမဖြစ်သေးမီ တည်​ဆောက်ဆဲကာလတုန်းကလည်း ၎င်း​နေရာ၌ ​ဆောက်လုပ်​ရေး​ယာဥ်​များ၊ ​ဆောက်လုပ်​ရေးအလုပ်သမား​များစွာဖြင့် ​နေ့​စဥ် အလုပ်ရှုပ်​လျက် ရှိသည်ကို ကြိမ်ဖန်များ​စွာ ကျွန်​တော် မြင်တွေ့ခဲ့ဖူးပြီး ဖြစ်ပါသည်။

သို့ဖြင့် စင်တာနှင့်အတူ တွဲလျက် ယခု ဖွင့်လှစ်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော အထပ်မြင့်ဟိုတယ်မှာ များ​စွာ ကြီးကျယ် ခမ်းနားလျက်ရှိသော အသွင်အပြင်ဖြင့် အ​တွင်း​၌ ကျွန်တော်တို့အား စောင့်မျှော်နေဟန် ရှိနေလျှင် ဤ​ဟိုတယ်၌ အထက်တန်းစား လူချမ်းသာများမှ လွဲ၍ မိမိလို အလယ်အလတ်တန်းပင် မရောက်တရောက် အောက်​ခြေလူတန်းစားများအဖို့ သက်ဆိုင်ခြင်းအလျဉ်း မရှိသလို ခံ​စားလိုက်ရ၏။ ဟိုတယ်၏ ခမ်းနား ကြီးကျယ်၍ အနောက်​တိုင်းဆန်သော ဧည့်ကြိုခန်းမအတွင်းရှိ ဧည့်ကြိုကောင်တာ​ဆီ ကျွန်တော်တို့ ရောက်ရှိလာကြပြီး၊ သူငယ်ချင်းက ဧည့်ကြိုဝန်ထမ်းမလေးတစ်ဦးအား လူနာမည်နှင့် အခန်းနံ​ပါတ်​အား မေးမြန်းပြီးနောက် ဓါတ်လှေကားမှတဆင့် အပေါ်​သို့ ကျွန်တော်တို့ တက်ရောက်သွားကြရာတွင် အလွှာ ၆ ထပ်​သို့ ရောက်ရှိသွားခဲ့ကြပါသည်။

ရောက်ရှိသွားရာ အလွှာ ၆ ထပ်က ဓါတ်လှေကားတံခါး​အ​ဖွင့် တိတ်ဆိတ်ငြိမ်သက် တည်ငြိမ်ရင့်ကျက်​သည့် ဣ​န္ဒြေ​ဖြင့် တစ်မျိုး စီးကြိုငံ့လင့်နေသည့် စင်္ကြံတွင် ခင်းကျင်းထားသည့် ကော်ဇောနီကြီး​ပေါ်​မှ ကျွန်တော်နှင့် သူငယ်ချင်းတို့မှာ မိမိ​တို့ သွားလိုရာ အခန်း​နံ​​ပါတ်​​ဆီ ဦးတည် လျှောက်လှမ်း​လာ​ခဲ့ကြသည်။ အ​ဆိုပါ​အခန်း​နံ​ပါတ်သို့ မရောက်ခင် လမ်း​ခုလပ် ရိုးရိုးလှေကားအ​တက်အ​ဆင်း ထောင့်တစ်နေရာတွင် ဝန်ထမ်းတစ်ယောက် ထိုင်နေ​သော ကောင်တာငယ်လေး​တစ်ခုကို ကျွန်တော်တို့ ဆက်လက်ရောက်ရှိသွားစဥ် မည်သည့်အ​ခန်း​ကို အဘယ်ကိစ္စအတွက် လာပါ​သ​နည်းဟု မေးမြန်းသည့် ဝန်ထမ်း​အား သူငယ်ချင်းက စကား​များ ပြော​ဆို ဖြေကြား​နေ​ခိုက် ကောင်တာ၏ အနောက်ရှိ စင်မြင့်တန်း​ကလေးဆီ ကျွန်​တော်သည် အမှတ်တမဲ့ လှမ်းကြည့်မိ​ရာ တစ်စုံတစ်ခု​ကို မထင်မှတ်ဘဲ တွေ့လိုက်ရချိန်တွင် စဉ်းစဉ်းစားစား ဖြစ်သွား​ရ​၏။ အကြောင်းမှာ ‘ပရိတ်ရေ’ ဟူ​သော ဆော့ပင်န်မှင်အ​ပြာ​ဖြင့် စာလုံးရေးထိုးထားသော စာရွက်ဖြူတစ်ရွက် ကပ်နှံ​ထားသည့် ရေပုလင်းတစ်လုံးကို တွေ့ရှိလိုက်ရ​သော​ကြောင့် ဖြစ်သည်။

ကျွန်​တော်၏ စိတ်အတွင်း တစ်မျိုးတစ်မည် ဖြစ်သွာခဲ့​သော်​လည်း မိမိနှင့် မဆိုင်သည့် ကိစ္စဖြစ်၍ အဆိုပါကောင်တာမှ ဝန်ထမ်းမှာ ဘုရားတရား အတော်အတန် လိုက်စားသူ ဖြစ်​သောကြောင့် ယင်းသို့ ပရိတ်ရေကို အန္တရာယ်ရှင်း ဘေးကင်း​သဘောမျိုးဖြင့် ကိုယ်နှင့်မကွာ ဆောင်ထားရသည်ဟု သတ်မှတ်လိုက်ပြီး သူညွှန်ပြရာ အခန်းဆီသို့ ကျွန်တော်တို့ သွားရောက်ကြလေ၏။

သွားလိုရာ အခန်းဝသို့ ရောက်သောအခါ သူငယ်ချင်းက တံ​ခါးခေါက်လိုက်လျှင် အခန်းတံခါးအား လူတစ်ယောက်မှ လာ​ဖွင့်ပေးပြီး သူငယ်ချင်းအား အတွင်းသို့ ဝင်ရန် အချက်ပြရာ ကျွန်တော်တို့ ဝင်ရောက်သွား​ကြသောအခါ ဖဲဝိုင်းတည်ရန် စောင့်​စားနေကြသည့် လူအနည်းငယ်အား တွေ့ရှိလိုက်ရ​သည်။ ထိုလူအားလုံးမှာ ပိုက်ဆံရှိ သားသမီးများ ဖြစ်ပုံရပြီး ကျွန်တော်တို့ထက် အသက်ကြီးသူများသာ ပို၍ များလေ၏။ သူတို့သည် ရည်ရည်မွန်မွန် ရှိလှပြီး အတွင်းသို့ ရောက်ပြီးသ​ကာ​လ တံခါးပိတ်ပြီးနောက်မှ ကျွန်တော်တို့အား ဖက်လဲတ​ကင်း ကြိုဆိုကြ​လေသည်။

သူတို့နှင့် ကျွန်​တော်တို့ မိတ်ဆက်စကားများ အတန်ငယ် ပြော​ကြားပြီးနောက် ဖဲဝိုင်းစရန် သူတို့ဘာသာသူတို့ ဆက်​လက် တိုင်ပင်နေကြသည့်အခိုက်တွင် ဖဲရိုက်ဝါသနာ လုံးဝမ​ပါ​သူ မိမိမှာ ဟိုတယ်အခန်းအား ဘေးဘီဝဲယာ အကဲခတ် ကြည့်မိလျှင် ယင်းအခန်းမှာ မိသားစုအခန်းကြီးတစ်ခန်း ဖြစ်​နေပြီး ကွန်ဒိုတိုက်ခန်းတမျှ အတော်အတန် ကျယ်ဝန်းလှ​ကြောင်း ​တွေ့ရှိရ၏။ အခန်းအတွင်းပိုင်းမှာ သပ်ရပ် ကြော့​ရှင်း​​လှ​သော ဥရောပအပြင်အဆင်မျိုး ရှိသောကြောင့် ငွေ​ကြေးအဖိုးအခ အဆမတန်ပေးချေရမည့် ဤအခန်းကြီး​တွင် တစ်ညတာ တည်းခိုကာ ဖဲချိန်းရိုက်ကြသည့် ၎င်းတို့အား နားမလည်နိုင်အောင်ပင် ရှိနေတော့သည်။ ကျွန်တော်လည်း အပြင်ဝရံတာဘက်ကို အပျင်းပြေ လျှောက်သွားကြည့်ကာ မိမိတို့ ဗဟန်းမြို့ပြ ညအလှများကို ခဏတာ ယစ်မူးမိ​နေစဉ်​မှာ သူငယ်ချင်းနှင့် သူ၏ မိတ်ဆွေများ ဖဲဝိုင်းကောင်းနေကြ​ပြီ ဖြစ်လေ၏။

ဟိုတယ်ရေခဲသေတ္တာထဲမှ ထုတ်ယူ သောက်သုံးနေသော ဘီ​ယာနှစ်လုံးအား ကုန်ခမ်းသွားသည်အထိ ကျွန်တော် မော့​ချ​အပြီးမှာတော့ ည ၁၁ နာရီနီးပါး ရှိနေလေပြီ။ ဖဲဝိုင်းကို ကြည့်လိုက်၊ တယ်လီ​ဗေးရှင်းမှ ပြသ​နေသည့် ရုပ်သံအစီအ​စဉ်​များကို ကြည့်လိုက်၊ ဝရံတာအပြင်ဆီ ထွက်ကာ ညလေ​ညှင်းအေးကို ခံစားရင်း ဘီယာပုလင်းလေး ကောက်မော့​နေ​သည့် ကျွန်တော်​သည် ဟိုဒီရောက်ယှက် အ​တွေးနက်နေစဉ် အစောအစီး ဖဲရှုံးသွားသည့် လူတစ်ဦးက ဘီယာနှစ်ပုလင်း ဆွဲယူလာကာ ကျွန်တော့်ဆီ တစ်ပုလင်းဖောက်ကာ လှမ်း၍​ကမ်း​ရင်း ဖဲဝိုင်းကိစ္စ အာဘောင်သန်ရင်း ပြောဆိုနေပါ​တော့​သည်။

အတန်ကြာမှ သူက ဖဲရိုက်လောင်းကစား ဝါသနာမပါသည့် ကျွန်တော့်ကို အားနာသွားဟန် ဖြစ်သွားပြီးနောက်မှာ သူ့​အမည်နှင့် နေရပ်လိပ်စာ စတင်မိတ်ဆက်လေရာ သူ၏ နေ​ရာ​ကား ဤဟိုတယ်နှင့် မလှမ်းမကမ်းရှိ ကွန်ဒိုမီယံကြီး​တစ်​ခု​၌ ဖြစ်​ကြောင်း သိရှိရ​လေသည်။ သူက ထိုသို့ ဆိုသဖြင့် ကျွန်တော်​လည်း ပြီးခဲ့သည့် နှစ်က ထိုကွန်ဒိုအောက်​ရှိ စျေး​ဆိုင်​တန်းလျားမှာ ရှိသည့် ဘီယာဆိုင်တွင် ထိုင်​နေ​စဉ် ကွန်​ဒို ၁၂ လွှာပေါ်မှ ဆယ်ကျော်သက်ရွယ် မိန်းမငယ်​တစ်​ဦးသည် ကျောင်းစာပိ၍ စိတ်ဖိစီးမှုဖြစ်ပြီး ၎င်း၏ တိုက်​ခန်း​အလွှာမှ ခုန်ချရာ ဦးနှောက်များပင် ထွက်ကျ၍ မျက်စိ​ရှေ့မှောက် သေဆုံးရသည်ကို မြင်ဖူးသည်ဟု စကား​အလျဉ်း​သင့်သဖြင့် ပြောမိ ပြောရာ ပြောမိလေလျှင် သူသည် ထိတ်​လန့်သွားပုံ တစ်မျိုးဖြစ်သွားပြီးနောက် တစ်စုံတစ်ရာ​အား တွေးတောနေပုံ ထပ်ပေါက်သွား၏။ (ထိုစဉ်က G-Mail, G-Talk ခေတ် ဖြစ်ပြီး ထို Social Network များ​တွင်ပင် ကောင်မလေး၏ အရုပ်အဆင်းပျက်နေသော ရုပ်အ​လောင်း​ပုံများ အလွန်တရာ ပျံ့နှံ့ဖူးလေသည်။)

ခဏကြာမှ သူက အဆိုပါမိန်းကလေး ခုန်ချသည့် အလွှာမှာ​ပင် နေထိုင်သူ ဖြစ်ကြောင်း ပြောပြပြီး ယင်းမိန်းကလေး သေ​ဆုံး​စဉ်က သူကိုယ်တိုင် ဆင်းကြည့်ခဲ့ဖူး​ကြောင်း​၊ ထိုစဥ်​က ၎င်းဝတ်ဆင်ထားသည်မှာ​ ဂါဝန်အနီဝမ်းဆက်နှင့် ဖြစ်၍ ထိုမြင်​ကွင်း​ကို ယခုထက်တိုင် မေ့ပျောက်မရကြောင်း ပြောဆိုပြီး​နောက် ကျွန်တော့်အား တစ္ဆေသရဲ အယုံအကြည် ရှိပါ၏လော​ဟု အထူးအဆန်း မေးမြန်းလာခဲ့ပါသည်။

နဂိုကတည်းကမှ သဘာဝလွန် ကိစ္စရပ်များ၌ အလွန်တရာ ဝါသနာထုံမွှန်းလွန်းသူ ကျွန်တော်က သူ၏အမေးစကားအား ကြားသိလိုက်ရသောအခါ တစ်ခုခုတော့ ထူးပြီဟု စိတ်ထဲ အတပ်သိလိုက်ပြီးသည့်နောက် မေးနေစရာပင် မလိုအောင် ယုံကြည်သက်ဝင်သူ ဖြစ်ကြောင်း ပြောလိုက်ပါသည် (ထိုစဉ်ကတည်းက စာရေးသူမှာ ရုပ်နယ်လွန်ဆိုင်ရာ ကိစ္စရပ်​များကို ရောက်​လေရာ အရပ်ဒေသ၌ လေ့လာ စူစမ်းတတ်သူ​တစ်ဦး ဖြစ်ပြီး ယင်းကာလက ယခုလို စီကာပက်ကုံး စာမရေးတတ်သေးသော်လည်း တစ်နေ့ ဤအကြောင်းများ စာပြန်ရေးနိုင်ရမည်ဟု မိမိဝါသနာအရ သံဓိဋ္ဌာန် ပျိုးထားခဲ့​သူတစ်ဦးလည်း ဖြစ်ပါသည်)။

ဤသို့ ကျွန်တော် ဆိုလိုက်ပြီးနောက် သူက ယင်းမိန်းကလေး​မှာ ကွယ်လွန်ပြီး တစ်လကျော် နှစ်လနီးပါး မကျွတ်မလွတ်​သေး​ဘဲ ၎င်းတို့ကွန်ဒို ၁၂ လွှာ၏ စင်္ကြံလမ်းများအတွင်း၌ ပြီး​ခဲ့သည့် နှစ်က ခြောက်လှန့်ခဲ့ဖူးကြောင်း ပြောပြလေတော့​ရာ ကျွန်တော်လည်း စိတ်ဝင်တစား နားစိုက်ထောင်နေလိုက်​ပါတော့သည်။ သူ့ပြောပုံအရ မိန်းကလေးတို့ မိသားစုမှာ တရုတ်လူမျိုးစစ်စစ် မဟာရနကိုးကွယ်သူများဖြစ်ပြီး မိန်း​က​​လေးမှာ တက္ကသိုလ်ကျောင်းသူ စာကြမ်းပိုးတစ်ဦးဟု​လည်း ဆိုသည်။ အဆိုပါမိန်းကလေးမှာ တစ်ရက်တွင် စာမေး​ပွဲရ​မှတ် နည်းပါး၍ သူကြိုးစားသလောက် အရာမရောက်​​သော​အခါ ​နေ့စဥ်နှင့်အမျှ တငိုငိုတရယ်ရယ်ဖြစ်လာသော​ကြောင့် မိသားစုက စိတ်ကျန်းမာရေးဆရာဝန်များ ခေါ်ယူ တိုင်ပင် ကုသပေးနေရင်း တစ်နေ့ ပြတင်းတံခါးပေါက်မှတ​ဆင့် ​အောက်သို့ ခုန်ချကာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့​ခြင်း ဖြစ်​တော့သည် ဟူ၏။

ယင်းသို့ ဖြစ်ပျက်ခဲ့ပြီးနောက်ပိုင်း မိန်းကလေး၏ မိသား​စုတိုက်ခန်းမှ ရေချိုးခန်းအတွင်းရှိ ရေပန်းများ သူ့အလိုလို ခ​ဏခဏပွင့်ကာ မိန်းကလေး၏ အခန်းတံခါးချပ်မှာလည်း တကျွီကျွီနှင့် ပွင့်လိုက်ပိတ်လိုက် အကြိမ်ကြိမ်ဖြစ်နေသည့်​အပြင် တစ်ခါတရံ ကိုယ်ထင်ပြမှုများပါ ရှိကြောင်း၊ ထို့အ​ပြင် ၁၂ လွှာ ကွန်ဒိုစင်္ကြံများ၌ သန်းခေါင်ယံချိန် ရောက်​လျှင် ဟိုဟိုသည်သည် လမ်းလျှောက်သွားနေသည့် ကျယ်​လောင်​လှ​သည့် ဒေါက်ဖိနပ်သံများ ထွက်ပေါ်လာတတ်ပြီး တချို့အ​ခန်းများက သူခိုးကပ်သည်အထင်နှင့် တံခါးဖွင့်လှစ် ထကြည့်​ကြလျှင် မိန်းကလေးအား တွေ့မြင်ကြရသည့် အဖြစ်မျိုး နေ့​စဉ်ရက်ဆက်ဆိုသလို ပေါ်ပေါက်လာခဲ့တော့​သည်။

ထိုသို့ ဖြစ်စဉ်များ ဖြစ်ပွားနေခိုက် ယခု ကျွန်တော်နှင့် စကား​ပြောလျက်ရှိသူ မိတ်ဆွေမှာ တစ်ည​သောအခါ တစ်လွှာ​တည်း​ရှိ သူ့အခန်းသို့ အပြင်မှ ပြန်လာရာ ရုတ်တရက် ဂါဝန်​အ​နီဝမ်း​ဆက်ဝတ် မိန်းကလေးမှာ သူ၏ ပိတ်ထားသည့် တိုက်ခန်းတံ​ခါး​ချပ်မှ အပြင်သို့ တိုးလျှို​ပေါက် ထွက်လာ​သည်နှင့် ထိပ်တိုက်တိုးသဖြင့် တပ်အပ် မြင်တွေ့လိုက်ရလျှင် ထိတ်လန့်တကြားဖြစ်ကာ ​ကြောက်ဖျားပင် ဖျားခဲ့ဖူး​​ကြောင်း ဆို၏။

ထိုနောက်ပိုင်းများ၌လည်း အလွှာပတ်ဝန်းကျင်တစ်ဝိုက်၌ အလားတူ ပုံသဏ္ဌာန်မျိုး အကြိမ်ကြိမ်အလီလီ ကြုံတွေ့လာ​ကြရသောအခါ ကွယ်လွန်သူ မိန်းကလေးမှာ ကိုယ်ယောင်​ထင်ရှားပြ၍ ခြောက်လှန့်မှုလော၊ အမျှအတမ်း တောင်းခံမှု​လော ဝေခွဲမရကြသော်လည်း ထိုစိတ်ဆင်းရဲမှု ဒဏ်များကို ဆက်လက်မခံစားနိုင်ကြတော့သည့် အခြား​တိုက်​ခန်းနေ ထေရဝါဒများက မဟာရန သူတို့မိသားစုအား ကွယ်လွန်သူ​အတွက် ရည်စူး၍ မည်သို့သော ကိစ္စရပ်များ ဆောင်ရွက်ပေး​သနည်းဟု သွားရောက် လေ့လာ စူးစမ်းကြ​ရာ​ မဟာရနအ​ယူဝါဒ ထုံးတမ်းဓလေ့ဖြင့်သာ ပြုလုပ်ပေးခဲ့​သဖြင့် ယခုကဲ့​သို့ မ​ကျွတ်မလွတ်ဘဝဆိုးမှ မိန်းကလေး​မှာ ရုန်းမထွက်နိုင်​သေး​ကြောင်း သိရှိကြရသောအခါ သူ၏ မိသားစုအား ၁၂ လွှာ​ရှိ တိုက်ခန်းများမှ နေထိုင်သူ ထေရဝါဒလူကြီးလူ​ကောင်းတ​ချို့​က စိတ်ရှည်လက်ရှည် နားသွင်းကြည့်​ကြပါမှ တဖြည်း​ဖြည်း​နှင့် လက်ခံလာကြပြီး နောက်ဆုံး၌ ထေရဝါဒ​၏ နည်း​နာအရ ရဟန်းသံဃာတော်များ ပင့်ဖိတ်​၍ ကွယ်​လွန်​သူအတွက် သင်္ကန်းပရိက္ခရာ လှူဖွယ်အသွယ်သွယ်​အား ရည်​စူး လှူဒါန်းပေးသည့်အခါကျမှ ၁၂ လွှာတစ်ဝိုက်၌ ခြောက်​​​လှန့်မှုများ လုံးဝ ပျောက်ကွယ်​သွား​ရ​သည်ဟု သူ၏ စကားအား မိတ်ဆွေသည် ဤနေရာ၌ အဆုံး​သတ်လိုက်လေ​သည်။

သူ၏ စကား အဆုံးသတ်သွားပြီ ဖြစ်သော်လည်း စိတ်ပါဝင်​စား​စွာ တစ်ချိန်လုံး နားစိုက်ထောင်လာခဲ့သော ကျွန်တော်က ခေါင်းတညိတ်ညိတ်ဖြင့် ဖြစ်ရပ်ဆန်းကြယ် ထိုအကြောင်းအ​ရာ​အား ခေါင်းထဲ အဆုံးမသတ်နိုင်သေးဘဲ ဆက်လက်​တွေး​တောမိလျက် ရှိနေစဉ် မိတ်ဆွေက ဖဲဝိုင်းမှာ ကြာမြင့်ဦးမည် ဖြစ်၍ ယခုအချိန်တွင် နီးစပ်ရာ ကေတီဗွီတစ်ခု၌ နှစ်​ယောက်​သား သွားရောက် သီချင်းသီဆိုမည်ဟု ပြောဆိုလာ​သဖြင့် ကျွန်တော်မှာ အားနာပါးနာနှင့် အတန်တန် ငြင်းဆန်​ပါသော်လည်း မရသဖြင့် နောက်ဆုံး၌ မိတ်ဖြစ်ဆွေဖြစ် သူ​၏ တောင်းဆိုမှုကို လက်ခံလိုက်ရတော့၏။

ထိုသို့ဖြင့် မိတ်ဆွေနှင့် ကျွန်တော်မှာ ဖဲဝိုင်းရှိ လူများနှင့် သူ​ငယ်ချင်းအား ပြောဆို အသိပေးကာ ဟိုတယ်အခန်းထဲမှ ထွက်ခဲ့ကြပါသည်။ ဟိုတယ်စင်္ကြံမှ ဓါတ်လှေကားရှိရာ ကျွန်​တော်တို့ လျှောက်လှမ်းသွားကြစဉ် ရိုးရိုးလှေကား အတက်​အဆင်းနားမှ ပရိတ်ရေတစ်ပုလင်းနှင့် ဝန်ထမ်းတစ်ယောက် စောင့်နေသည့် ကောင်တာငယ်အား ဖြတ်ကျော်လာခဲ့သည့် အချိန်တွင် အနောက်မှ ထိုဝန်ထမ်းက ကျွန်တော်တို့အား လှမ်းခေါ်ကာ ဓါတ်လှေကားမှာ မကြာမီက စက်ချို့ယွင်းသွား​သဖြင့် ယခုညအဖို့ အလုပ်မလုပ်နိုင်တော့ကြောင်း၊ မနက်ပိုင်း ဆာ​ဗစ်ဆင်ဝင်ပြီးမှ ဆက်လက်အလုပ်လုပ်​နိုင်​မည် ဖြစ်​ကြောင်း အသိပေးသဖြင့် ကျွန်တော်တို့လည်း ဓါတ်​လှေကား​အစား ရိုး​ရိုးလှေကားမှသာ အောက်သို့ ဆင်းသက်​လာ​ခဲ့ကြ၏။

ကျွန်တော်တို့ တည်းခိုရာ ဟိုတယ်အလွှာ ၆ လွှာမှ အောက်ထပ် ၅ လွှာသို့ ရောက်သောအခါ ထိုအလွှာ၌လည်း အပေါ်လွှာနည်းတူ လှေကားအတက်အဆင်းနံဘေး၌ ဝန်ထမ်းတစ်ဦးနှင့် ကောင်တာငယ်တစ်ခု ထားရှိထားသဖြင့် ကျွန်တော်လည်း ကောင်တာ၏ အနောက်ရှိ စင်မြင့်အထက် အမှုမဲ့အမှတ်မဲ့ လှမ်းကြည့်မိစဉ်၌ ‘ပရိတ်ရေ’ ဟူ၍ စာတန်း ရေးထိုးထားသော ရေပုလင်းတစ်လုံးအား ထပ်မံ တွေ့ရှိလိုက်ရပြန်၏။ ထိုအခါ ကျွန်တော်မှာ တစ်ချက်မျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့မိသော်လည်း အပေါ်အလွှာက ဝန်ထမ်းနည်းတူ ယခုအလွှာမှ ဝန်ထမ်းလည်း ဘုရားတရား လိုက်စားပုံရသည်ဟု ဖြေတွေးကာ အောက်ထပ် ၄ လွှာသို့ ဆက်လက်ဆင်းသက်လာခဲ့ပြန်ပါသည်။ နောက်အလွှာသို့ ရောက်သောအခါ အပေါ်အလွှာများနည်းတူ ဝန်ထမ်းတစ်ဦး​နှင့် ကောင်တာငယ်တစ်ခုအပြင် ပရိတ်ရေပုလင်းတစ်လုံး ထပ်မံတွေ့ရှိရပြန်သဖြင့် လွန်စွာမှ ထူးဆန်းလှသည်ဟု ဆို​ရ​ပေတော့မည်။

ဆိုရသော် ကျွန်တော်တို့ တည်းခိုကြရာ ၆ လွှာမှ စ၍ ဆင်း​သက်လာကြရာတလျှောက် မြေညီထပ်သို့ ရောက်သည်အထိ အလွှာအားလုံး၏ ကောင်တာများအတွင်းရှိ ‘ပရိတ်ရေ’ ဟု ရေးထိုးထားသော ရေပုလင်းများမှာ ကျွန်တော့်အား အလွန်​အမင်းပင် ဆွဲဆောင်နေလေပြီ ဖြစ်၏။ မိမိ၏ စိတ်ဆန္ဒအရ ဝန်ထမ်းများအား ထိုရေပုလင်းများ ဆောင်ထားကြရသည့်​ကိစ္စ မေးမြန်းလိုက်ချင်သော်လည်း နံဘေးမှ မိတ်ဆွေမှာ မိမိအား အတော်အတန်ပင် စပ်စုနိုင်လွန်းသူဟု ထင်မှတ်မှား​မည် စိုးရိမ်သောကြောင့် ဘာမျှမပြောဘဲ နေလိုက်ရပါသည်။

ဤသို့ဖြင့် ဟိုတယ်အပြင်သို့ ရောက်ရှိသောအခါ လူသွား​လူ​လာ လွန်စွာ ရှင်းလင်းနေပြီး ညဉ့် ၁၂ နာရီ ထိုးပြီးနေပြီ ဖြစ်၏။ ဟိုတယ်အပေါက်ဝမှ ကျွန်တော်တို့ ထွက်လာခဲ့ကြ​တော့ ဟိုတယ်၏ မျက်နှာချင်းဆိုင်ရှိ လူနေကန်ထရိုက် တိုက်ခန်းများမှ အိမ်စီးကားများက ကြားအတွင်းရှိ လမ်း၏ တစ်ဖက်တစ်ချပ်၌ အပြည့်အဝ နေရာယူထားကြခြင်း​ကြောင့် မည်သည့်အငှားတက္ကစီယာဉ်မျှ ရပ်နားထား​ခြင်း​ကို မတွေ့ရှိရလျှင် ကျွန်တော်တို့မှာ ထိုလမ်းအပြင်​ရှိ မိန်းလမ်း​မကြီးဆီသို့ လျှောက်လှမ်းလာခဲ့ကြပါသည်။

ထိုကားလမ်းမကြီး၏ လမ်းဆုံလမ်းခွ မီးပွိုင့်အနားအရောက် ကျွန်တော်တို့ ရပ်တန့်ပြီး ဖြတ်သန်းလာမည့် တက္ကစီယာဉ်​များ​အား စောင့်မျှော်လျှက် ရှိနေစဉ်တွင် အရှိန်ပြင်းစွာ မောင်း​နှင်လာသော ပြိုင်ကားတစ်စီးမှာ မီးပွိုင့်မီးနီကို စည်း​ကမ်း​မဲ့စွာ ကျော်ဖြတ်သွားခဲ့လျှင် မိတ်ဆွေဖြစ်သူမှာ ယင်း​ပြိုင်ကားအား မြည်တွန်တောက်တီးလိုက်ပြီးနောက်တွင် ပြီး​ခဲ့သည့် လအနည်းငယ်က ထိုသို့ အရှိန်အဟုန် ပြင်းထန်စွာ မောင်းနှင်လာသော အိမ်စီးကားတစ်စီး ယခုမီးပွိုင့်ကပ်လျက်​ရှိ မော်တော်ပီကယ်ကင်းတဲနံဘေးရှိ အုတ်တံတိုင်းအား ဆ​လစ်​ရိုက်ကာ ညဉ့်သန်း​ခေါင်​ကျော် မနက် ၂ နာရီခန့်တွင် ဝင်​တိုက်ခဲ့ခြင်းကြောင့် ကားပေါ် လိုက်လံပါရှိသူ လူငယ်လူ​ရွယ်​အမျိုးသား လေးဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိုအချိန်က ယင်းအနီးအနား ကွန်ဒိုပေါ်တွင် နေထိုင်သော သူကိုယ်တိုင် ဆင်းကြည့်ခဲ့ဖူးကြောင်းအား ပြောဆိုလာပါသည်။ ထိုအခါ ကျွန်တော်က ထိုကားပေါ်မှ သေဆုံးသူများထဲမှ အငယ်ဆုံး တစ်ယောက်မှာ ကျွန်တော်နှင့် ခင်မင် ရင်းနှီးသူ ညီငယ်တစ်​ယောက် ဖြစ်ကြောင်း ပြောလိုက်လျှင် မိတ်ဆွေမှာ တစ်ချက်မျှ အံ့အားသင့်သွားခဲ့ပြီးသည့်နောက် ထပ်ဆင့်အား​နာသွားဟန် ဖြစ်နေသဖြင့် ဘာမျှ မဖြစ်ကြောင်း ပြောရ၏။

မှန်ပါသည်။ ထိုပွဲချင်းပြီး ကားအက်စီးဒင့်ဖြစ်၍ သေဆုံး​သွား​ကြသူ လေးဦးထဲမှ တစ်ဦးမှာ အမှန်တကယ်ပင် ကျွန်​တော်​နှင့် ခင်မင် ရင်းနှီးသူ ညီငယ်တစ်ဦးဖြစ်ပြီး ထိုညီငယ်မှာ ဗဟန်း​မြို့နယ်အတွင်း နေထိုင်သူတစ်ဦးပင် ဖြစ်၏။ ထိုအ​ခင်းဖြစ်ရပ်၏ အစအား ပြန်လည်ပြောပြရသော် ထိုညီငယ်​မှာ ကျွန်တော်၏ ညီအစ်ကိုများနှင့် ငယ်စဉ်ကတည်းက အတူတကွ ဘောလုံးကန်ရင်း ရင်းနှီးလာခဲ့သူ ဖြစ်ပါသည်။ ထိုညီငယ်မှာ သူဆုံးပါးသည့်အချိန် မတိုင်ခင်ကပင် မိန်းမရခဲ့​ပြီး ထိုဇနီးမယားနှင့်ပင် မိဘအိမ်၌ အတူတကွ နေထိုင်နေ​ကာ တစ်ရက် ပြည်ပမှ အလုပ်လုပ်၍ ပြန်ရောက်လာသော သူ၏ အစ်ကိုဝမ်းကွဲဆိုသူနှင့် ဆုံကြ၏။ ထိုရက်တွင် သူအပါ​အ​​ဝင် သူ့အစ်ကို၏ သူငယ်ချင်းနှစ်ယောက်ပေါင်း လေး​ယော​က်​​သား မြို့ထဲ ၁၉ လမ်းရှိ ဘီယာဆိုင်တစ်ဆိုင်၌ သွား​သောက်​ကြရာ၌ သူ၏ အစ်ကိုဖြစ်သူက နေအိမ်မှ ကားကို ကိုယ်တိုင် ယူဆောင် မောင်းနှင်ခဲ့၏။ ထိုသို့ ဘီယာဆိုင်၌ ပြန်လည်ဆုံဆည်းခြင်း အထိမ်းအမှတ်ဖြင့် အောင်ပွဲခံကြ​အ​ပြီး M3 ဟိုတယ်ရှိ ကေတီဗွီသို့ သီချင်းသွားဆိုကြကာ ထပ်​မံ​သောက်​စား​ကြပြန်သည်။

ဤသို့ ရေချိန်လွန်လာကြပြီးနောက် မနက် ၂ နာရီ ထိုးခါနီး၌ ပြန်လာကြရာ ယခု ကျွန်တော်တို့ ရပ်နေသည့် နေရာ၏ အရှေ့ တစ်ဖက်ကားလမ်း ပလက်ဖောင်းရှိ မော်တော်ပီကယ်​ကင်းတဲရုံး၏ နံဘေးနားမှ အုတ်တံတိုင်းကြီးအား ဆလစ်ရိုက်​ကာ အရှိန်ပြင်းထန်စွာဖြင့် တိုက်မိခဲ့ရာ ကားပေါ်ပါသမျှ လေးဦးသားစလုံး မရှုမလှ ပွဲချင်းပြီး သေဆုံးကြရတော့၏။ ထိုသို့ ကံဆိုးမိုးမှောင်ကျ ဇာတ်သိမ်းသွားကြရရှာသော သူတို့၏ နာရေးအသုဘအား ကျွန်တော်တို့ ညီအစ်ကိုများပါ လိုက်ပါ ပို့ဆောင်ကြပြီး ရေဝေးသို့ ရောက်သောအခါ အသုဘရှု ခန်းမတစ်ခုတည်း၌ လေးဦးစလုံး၏ အခေါင်း​ကိုယ်​စီ​ဖြင့် အလောင်းများအား စီတန်းထားရှိပြီး ဝတ်ပြုအဖွဲ့​မှ ဝတ်ရွတ်ဖတ်၍ သရဇ္စျာယ်နေကြစဉ် ကျွန်တော် အနီးကပ် သွားကြည့်စဥ် အခေါင်းများ၌ ကပ်ထားသည့် စာ​ရွက်များအထက် ကွယ်လွန်သူများ၏ အမည်ကင်ပွန်း​များအ​ရ နေ့နာမ်များ ကောက်ကြည့်သောအခါ လေးဦးသားစလုံး​မှာ ကြာဿပတေးသားများ ဖြစ်နေကြပြီး သေဆုံးသည့် နေ့​မှာလည်း ကြာဿပတေးနေ့ ဖြစ်နေကြောင်းအား အံ့အားသင့်ဖွယ်ရာ တွေ့ရှိရပါတော့သည်။ အဘယ်ကြောင့် သေဆုံးသူ လေးဦးသားစလုံးမှာ တူညီစွာ ကြာဿပတေး​သားများ ဖြစ်နေကြပြီး၊ အဘယ်ကြောင့် ကြာဿပတေးနေ့​၌ ကွယ်လွန်အနိစ္စ ရောက်ကြရသနည်း။

ဤသို့ဖြင့် ကွယ်လွန်သူများအား သင်္ဂြိုဟ်မှုများအပြီး နောက်​ရက်များမှ စတင်ကာ ကွယ်လွန်သူတို့၏ နေအိမ်များ၌ ကိုယ်​ယောင်ထင်ရှား ပြသမှုများ ပေါ်ပေါက်လာပါတော့​သည်။ ယင်းသို့ ဖြစ်လာကြရာမှ ကျွန်တော်နှင့် ခင်မင် ရင်းနှီးသည့် ညီငယ်၏ အိမ်၌ ဖြစ်ပျက်ခဲ့သမျှသာ အနည်းအကျဉ်း ကျွန်​တော် သိခွင့် ရရှိခဲ့ပါသည်။ သိရှိခဲ့ရသမျှမှာ ကွယ်လွန်​သူ ညီငယ်၏ ဇနီးသည် အိပ်စက်ရာ ခြင်ထောင်အပြင်၌ ညစဉ်​ညတိုင်းလိုလို ညဉ့်သန်းခေါင်ကျော် မနက် ၂ နာရီခန့်​ဆို​လျှင် လူပုံသဏ္ဌာန် အရိပ်နက်နက်တစ်ခု ပေါ်ပေါက်လာ​ပြီး ဘယ်ပြန်ညာပြန် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်း​လေ့ ရှိသည်ဟူ၏။ နေ့စဉ်ရက်ဆက် ထိုအဖြစ်အပျက်အား ခဏခ​ဏ ကြုံတွေ့ရသောအခါ ကွယ်လွန်သူ၏ ဇနီးဖြစ်သူခ​မျာ ထိုအိမ်၌ ဆက်လက်မနေဝံ့တော့သဖြင့် ယောက္ခမဖြစ်​သူ​တို့အား ခွင့်ပြုချက် တောင်းကာ သူ့မိသားစု နေအိမ်သို့ ပြန်​သွားလေ၏။

ထို့အပြင်ကို ကွယ်လွန်သူ ညီငယ် သက်ရှိထင်ရှား ရှိခဲ့စဉ်က ညစဉ် ဂစ်တာတီးနေကျ သူတို့ လမ်းထိပ်မှ အုပ်ခုံလေးပေါ်​မှာ ညဉ့်နက် လူပြတ်သည်နှင့် အရိပ်မဲမဲတစ်ခု ငုတ်တုတ်ထိုင်​လျှက် ရှိသည်ကို တစ်ရပ်ကွက်တည်း နေထိုင်သူအချို့မှ တွေ့မြင်ရမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပါသေးသည်။ ထိုကိ​စ္စ​များ၏ နောက်ပိုင်းဖြစ်ရပ်များအား ထပ်မံမစုံစမ်းရက်တော့​သဖြင့် ကျွန်တော် မသိရှိခဲ့သော်လည်း မိမိ၏ အာရုံအ​​တွင်း​​၌​မှု အဘယ်သို့ ကြဿပတေးသား လေးယောက်စ​လုံး​မှာ ကြာဿပတေးနေ့၌ အလွန်အမင်း ထူးဆန်း တိုက်​ဆိုင်​စွာ​​ဖြင့် အတူတကွ ကွယ်လွန် တိမ်းပါးကြကြောင်း​ကို မ​စဉ်း​စား​ဘဲ မနေနိုင်အောင် ဖြစ်ရ၏။

အထက်ဖော်ပြပါ ယခုအကြောင်းအရာများအား ကျွန်တော်​က စောစောက အခင်းဖြစ်ပွားရာ နေရာမှ ကေတီဗွီ​တစ်ခုသို့ ငှားစီးလာခဲ့သော တက္ကစီယာဉ်ပေါ်တွင် မိတ်ဆွေဖြစ်သူ၏ မေးမြန်းမှုကြောင့် ကွယ်လွန်သူ ညီငယ်​နှင့် မည်သို့မည်ပုံ ခင်မင် ရင်းနှီးကြောင်း ပြောကြားရာမှတ​ဆင့် အလျဉ်းသင့်၍ ထူးခြားဖြစ်စဉ်များကိုပါ ထပ်မံ​ပြောကြားလိုက်ရာ မိတ်ဆွေက ပါးစပ်အဟောင်းသားဖြင့် ဤသို့ တဆက်တည်း ဆိုလာပါတော့၏။ အကြောင်းကား အ​ဆိုပါကွယ်လွန်သူ ကြာဿပတေးသားများ၏ အခင်းဖြစ်​စဉ်များ ဖြစ်ပျက်ပြီး​ချိန်​မှ စ၍ အပတ်စဉ် ကြာဿပတေးနေ့ သန်းခေါင်ကျော် ၂ နာရီခန့် ရောက်လျှင် ကားအက်စီးဒင့် ဖြစ်ရာ နံဘေးကပ်လျက်က မော်တော်ပီကယ် ကင်းတဲရုံးမှန်​များမှာ အကျိုးအကြောင်းမဲ့စွာ သူ့အလိုလို တခွမ်းခွမ်းဖြင့် ကျယ်လောင်စွာ မြည်ဟီးကာ ကျကွဲလေ့ရှိကြောင်း ညကင်း​ကျ မော်တော်ပီကယ်များက ဖွင့်ဟ ပြောဆိုလာကြသည် ဟူ​၏။

အခင်းဖြစ်ချိန်တုန်းကလည်း ကားက ဆလစ်ရိုက်၍ အရှိန်​ဖြင့် အုတ်တံတိုင်းအား ဝင်တိုက်စဉ် နံဘေးကပ်ရပ်ရှိ ယင်းမော်တော်ပီကယ် ကင်းတဲရုံးကလေး၏ မှန်ပြတင်းများ​မှာ Wave နှင့် Vibrate ရိုက်ခတ်၍ ထိုအချိန်က ဤသို့ ကျကွဲခဲ့ဖူးကြောင်း မိတ်ဆွေက ထပ်မံ ပြောကြားလာလျှင် ထူးဆန်းလှစွာသော ၎င်းအဖြစ်အပျက်များအား ဆက်စပ် တွေးခေါ်ကြည့်သော် လွန်စွာ မအံ့သြဘဲ မနေနိုင်အောင် ရှိ​နေပေတော့သည်။

ထိုအချိန်၌တွင်ပင် တက္ကစီယာဉ်မှာ ကေတီဗွီတစ်ခု၌ ရပ်​လိုက်၍ ကျွန်တော်တို့၏ အတွေးမျဉ်များမှာ ပြတ်တောက်​သွား​ခဲ့ပြီး ကားပေါ်မှ ဆင်းကာ ကေတီဗွီထဲ ဝင်လျက် အခန်းတစ်ခန်းကို တစ်ဆက်ရှင်ယူကာ ဘီယာဂျားများနှင့် စားဖွယ်အမြည်းများ မှာယူ သောက်စားကြရင်း သီချင်းတကြော်ကြော် သီဆိုကြ၏။ ထိုသို့ ကေတီဗွီ၌ တစ်ဆက်ရှင် ပြည့်ပြီးနောက် ကျသင့်သမျှကို မိတ်ဆွေမှ အကုန်ဒကာခံ ရှင်းကာ မူရင်းဟိုတယ်ရှိရာသို့ တက္ကစီတစ်စီး ထပ်မံငှားစီး​လျက် ကျွန်တော်တို့ ပြန်လာကြ၏။

ဟိုတယ်နားအရောက် ဟိုတယ်အဝ တိုက်တန်းလမ်းကြားသို့ ကားက ဝင်မရသဖြင့် ကျွန်တော်တို့ အစအဦးက ကားတား​ခဲ့​ရာ နေရာတွင်ပင် ရပ်တန့်စေကာ ကားပေါ်မှ ဆင်းလာခဲ့​ကြပြီး​နောက် တက္ကစီယာဉ်လည်း သူ့လမ်းကြောင်း သူဆက်​လက်ကာ ထွက်ခွာသွားစဉ်၌ ပါတ်ဝန်းကျင်တဝိုက် ကားသွားကားလာနှင့် လူသူလေးပါး ကင်းမဲ့တိတ်ဆိတ်စွာဖြင့် ရှိနေလေ၏။

ထိုနေရာမှ ဟိုတယ်ဘက်ဆီသို့ ကျွန်တော်တို့ ခြေဦးစတင် လှည့်လိုက်ကြစဉ်မှာတင် တခွမ်းခွမ်းနှင့် မှန်ကျ​ကွဲ​သံများက ညဉ့်​နက်​သန်းခေါင်ကျော်၏ ဆိတ်ငြိမ်မှုများကို ဖြို​ခွင်း ဖျက်ဆီး​ကာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တော့​၏။ တဒ​င်္ဂအတွင်း ကျွန်တော်တို့ နှစ်ဦးသား အထိတ်တလန့် ဖြစ်သွား​ကြကာ အသံကြားရာ လှမ်းကြည့်မိတော့မှ သာလွန် အံ့အား​သင့်ရချေပြီတည်း။

မှန်သည်။ စာရှုသူ ပရိသတ်များ၏ အတွေး မှန်ကန်သည်ဟု ဆိုရပေမည်။ မှန်ကွဲသံများ လာရာ အရင်းအမြစ်ကား ဟိုမှာ​ဘက်ကမ်း ကားလမ်းတစ်ဖက်ခြမ်းရှိ မော်တော်ပီကယ် ကင်း​တဲရုံးကလေးမှ ဖြစ်ချေသည်။ ကင်းတဲရုံးအတွင်းမှ တာဝန်ကျသူများကလည်း ဖြစ်မည့် အရေးအား ကြိုတင် တွက်ဆထားကြပုံဖြင့် အတွင်းတစ်ယောက် အပြင်တစ်​ယောက် မအိပ်မငိုက်ဘဲ စောင့်ကြည့်နေပုံ ရပြီး တစ်ဦးနှင့် တစ်ဦးပင် ပခုံးများ လှုပ်၍ အချက်ပြကာ ဘေးပတ်ဝန်း​ကျင်​တဝိုက်အား အေးအေးလူလူ လှည့်ပတ် ကြည့်ရှုလျှက် ရှိလေ​သည်။

ဤအခြင်းအရာတို့အား တွေ့မြင်ရ၍ မော်တော်ပီကယ်များ​အကြား ထိုကိစ္စမှာ ဖြစ်နေကျ ပုံစံမျိုးဖြင့် ရှိနေခြင်းကို တွက်ဆမိချေသည်။ ထိုအချိန်၌ မှင်တက် အံ့သြလျက် မော်​တော်ပီကယ် ကင်းတဲရုံးဆီ ကြည့်နေသော ကျွန်တော့်​ကို နံဘေးကပ်လျက်က မိတ်ဆွေမှာ တဆတ်ဆတ်နှင့် လက်တို့ကာ သူ၏ နာရီကို ပြသနေကြောင်း တွေ့ရှိရ၍ ကျွန်တော်က ကြည့်မိရာ သန်းခေါင်ကျော် မနက် ၂ နာရီခန့်​သို့ နာရီလက်တံများက ​ရွေ့လျား ရောက်ရှိနေကြောင်း တွေ့​ရှိလိုက်ရ​သောအခါ ကျွန်တော့်အနေဖြင့် မည်သို့ ဖြစ်ပျက်​နေ​မည်ကို စာရှုသူများ စဉ်းစားကြည့်နိုင်၏။

ထို့နောက် ကျွန်တော့်ခေါင်းထဲ ယနေ့သည် ကြာဿပ​တေး​နေ့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း မှတ်ချက်ပြုမိ၍ ကြောက်ရွံ့မှု​အစား သနားကရုဏာစိတ်များ ဝင်ရောက်လာခဲ့ပါသည်။ သို့သော်ငြား မိမိအနေဖြင့် ထိုစိတ်ခံစားချက်မှတပါး ဘာမျှ မတတ်နိုင်သဖြင့် အံ့သြ ထိတ်လန့်နေသော မိတ်ဆွေကို ခေါ်ငင်ကာ ဟိုတယ်ဆီ လျှောက်လှမ်းခဲ့ပါတော့သည်။ (နောက် ရက်သတ္တပတ်ခန့်တွင် ကာယကံရှင် မိသားစုများမှ ထိုနေရာ၌ ရဟန်းသံဃာများအား ပင့်ဖိတ်ကာ ဘာသာရေး​ဆိုင်​ရာ လုပ်ဆောင်စရာ ရှိသည်များ လုပ်ဆောင်ခဲ့ပြီးနောက် ထိုအဖြစ်အပျက်များ ထပ်မံမဖြစ်ပွားတော့ကြောင်း နောင်​အခါမှ သိရှိခဲ့ရပါသည်။)

လမ်းလျှောက်ရင်းဖြင့် ကျွန်တော့်မှာ စိတ်မကောင်းခြင်းများ မင်းမူ ကြီးစိုးနေသော်လည်း မိတ်ဆွေဖြစ်သူခမျာ ကြားဖူးနားဝ ဖြစ်ရပ်ဆန်းတစ်ခုအား ကျွန်တော်နှင့်ကျမှ ကြုံတောင့်ကြုံခဲ ကြုံတွေ့လိုက်ရခြင်းကြောင့် လွန်စွာ ထိတ်​လန့်တုန်လှုပ်နေပုံ ရလေသည်။ နှစ်ဦးသား စကားတစ်ခွန်းမျှ မပြောနိုင်ကြဘဲ ဟိုတယ်အတွင်းသို့ ဝင်ရောက်လာကြပြီး​နောက် လှေကားမှ အပေါ်သို့ တက်မည်ပြုစဉ် ဝန်ထမ်းတစ်​ဦး​က ကျွန်တော်တို့အား တွေ့မြင်သွား၍ လှမ်းခေါ်ကာ မကြာမြင့်သေးမီက စက်ချို့ယွင်းသွားသော ဟိုတယ်ဓါတ်​လှေ​ကားမှာ သူ့အလိုလို ပြန်ကောင်းသွားပြီ ဖြစ်ကြောင်း ပြောဆိုရာ ကျွန်တော်တို့မှာ ၆ လွှာသို့ အပင်ပန်းခံကာ ရိုးရိုး​လှေကားမှ တက်မနေကြတော့ဘဲ အေးအေးလူလူ ဓါတ်လှေ​ကားမှ တက်ရန် ဆုံးဖြတ်လိုက်ကြပါသည်။

သို့နှင့် ဓါတ်လှေကားရှိရာ သွား၍ ကျွန်တော်တို့ အတွင်းသို့ ခလုတ်နှိပ်၍ ဝင်ကာ မိမိတို့ သွားမည့် ၆ လွှာသင်္ကေတ ခလုတ်အား ဆက်နှိပ်လိုက်လျှင် ဓါတ်လှေကား တံခါးနှစ်ချပ် ပြန်ပိတ်လာခဲ့၏။ ထိုအချိန်၌ လက်တစ်စုံမှာ တံခါးနှစ်ချပ်​အကြား ဝင်ရောက်လာခဲ့သောကြောင့် တံခါးများ ပြန်ပွင့်​သွား​ခဲ့လေသည်။ သို့နှင့် လက်ပိုင်ရှင်ကို ကျွန်တော်တို့ ကြည့်​လိုက်ကြသောအခါ စုတ်ပျက် နွမ်းလျလျက် ရှိသော အဝတ်အထည်များအား ဆင်ယင်ထားသည့် အမျိုးသမီးတစ်​ဦး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။

ထိုအမျိုးသမီးမှာ ဓါတ်လှေကားထဲ ဝင်ရောက်လာကာ ကျွန်​တော်တို့ နှစ်ဦး၏ အနောက်၌ နေရာယူလိုက်လျှင် ကျွန်တော်​တို့လည်း တစ်ဦးကို တစ်ဦးကြည့်ကာ မျက်ခုံးပင့်​၍ ဘာအတွက်ကြောင့် စုတ်စုတ်ပျက်ပျက် ထိုအမျိုးသမီးမှာ ဤဟိုတယ်သို့ ဝင်လာရကြောင်း မတွေးတတ်အောင် ရှိနေ​ကြပေတော့သည်။ သန့်ရှင်းရေးဟု ဆိုပါကလည်း ဤ​ကဲ့​သို့ ဟိုတယ်ကြီးမျိုးရှိ သန့်ရှင်းရေးများမှာ သပ်ရပ် ကြော့ရှင်းလှ​သော ယူနီဖောင်းများ ရှိနေရချေမည်။ သို့ကြောင့် ဟိုတယ် သန့်ရှင်းရေး မဖြစ်နိုင်ဘဲ စည်ပင်မှ ညတာဝန်ကျ အမျိုးသမီးတစ်ဦးအား အပေါ်လွှာတစ်ခုရှိ အမှိုက်များအား လာရောက် သိမ်းဆည်းရန် ဟိုတယ်မှ အခကြေးငွေ ပေးကာ ခေါ်ဆောင်ထားခြင်း ဖြစ်ရမည်ဟု ကျွန်တော်တို့ ဖြည့်တင်း တွေးမိလိုက်ကြပါသည်။

ထို့နောက် ကျွန်တော်လည်း မိမိတို့ တက်မည့် အလွှာ ၆ ခ​လုတ်ကို ထပ်မံနှိပ်ပြီးနောက် ဓါတ်လှေကားတံခါးများ ပိတ်ဆို့သွားပါတော့သည်။ သို့သော် ကျွန်တော်တို့အနောက်မှ ခပ်စုတ်စုတ်အမျိုးသမီးမှာ သူတက်ရောက်မည့် အလွှာအ​ထပ် နံပါတ်ခလုတ်အား မနှိပ်ပါဘဲ ငြိမ်ချက်သား ကောင်းနေ​ရာ သူတက်ရောက်မည့် အလွှာမှာ မိမိတို့ သွားမည့် ၆ အလွှာ​ပင် ဖြစ်လိမ့်မည်ဟု တွေးမိလိုက်ကြပါသည်။ ဓါတ်လှေကား​မှာ အပေါ်များသို့ တည်ငြိမ်စွာနှင့် တက်သွားနေချိန် ကျွန်​တော်​မှာ ကြေးမှုံပမာ အရိပ်ထင်ဟပ်လျက် ရှိသော အ​လူ​မီနီ​ယံ တံခါးချပ်များမှတဆင့် မိမိ၏ ပုံရိပ်နှင့် မိတ်ဆွေ၏ ပုံရိပ်တို့ကို မြင်တွေ့နေရပါသည်။ သို့သော်ငြား ကျွန်တော်တို့ အနောက်မှ အမျိုးသမီး၏ အရိပ်မှာ ပျောက်ဆုံးနေသဖြင့် ကျွန်တော့်အနေနှင့် တစ်ချက်မျှ စဉ်းစဉ်းစားစား ဖြစ်သွားခဲ့​၏။ သို့သော် အမျိုးသမီးမှာ အရပ်ပုကာ သေးသွယ်သည့်​ခန္ဓာရှိသူတစ်ဦး ဖြစ်သောကြောင့် ကျွန်တော် (သို့မဟုတ်) မိတ်ဆွေ တစ်ယောက်ယောက်၏ အနောက်၌ ကွယ်ပျောက်​နေ​ခြင်း ဖြစ်နိုင်ကောင်းသည်ဟုပင် ကျွန်တော် တွေးမှတ်​လိုက်​ပါ​သည်။

ဤသို့ဖြင့် ၆ လွှာသို့ ရောက်ရှိလာခဲ့၍ တံ​ခါး​နှစ်ချပ် ရှဲကာ ပွင့်လှစ်သွားသောအခါ ကျွန်တော်တို့​လည်း ထွက်လာခဲ့​ကြ​စဉ်သမယတွင် မလှမ်းမကမ်း ရိုး​ရိုးလှေကားနံ​ဘေး​ကပ်​လျက်နားရှိ အလွှာကောင်တာဆီမှ ဝန်ထမ်းမှာ ကျွန်​တော်​တို့အား ကြည့်​ကာ ခဏအကြာ မျက်လုံး​ပြူး မျက်ဆံ​ပြူး ဖြစ်သွား​ပြီးနောက် ကျွန်တော်တို့ဆီ လက်​ညိုး​ထိုးကာ သူ၏ ပါးစပ်ကို ဟလျက် တစ်စုံတစ်ရာ ပြော​မည့်​ဟန် ပြင်နေ​သော်လည်း အာစေးမိထားသည့်နှယ် ဖြစ်​နေပြီး မည်​သည့်​စကားအသံမျှ ထွက်ပေါ်မလာသော​ကြောင့် ကျွန်​တော်တို့​လည်း ဘာဖြစ်၍ ဘာပျက်နေမှန်း မ​သိ​ကြဘဲ နား​မ​လည်​နိုင်​စွာ ရှိနေကြ၏။

ထိုစဉ်၌ပင် ထိုဝန်ထမ်းအမျိုးသား ပါးစပ်ဖျားမှ ထစ်ငေါ့စွာ​ဖြင့် “သရဲ သရဲ” ဟူသည့် အသံများ မပီကလာ ပီကလာ ထွက်ပေါ်လာပြီးနောက် သူ၏ အနောက် စင်မြင့်အထက်မှ ‘ပရိတ်ရေ’ ဟု ရေးထိုးထားသော ပုလင်းကို အလျင်အမြန် လှမ်းယူလိုက်သောကြောင့် ကျွန်တော့်အနေဖြင့် ဟိုတယ်သို့ ရောက်စကတည်းက ခေါင်းထဲ ဖြေရှင်းမရခဲ့သော ပုဒ်စာတချို့​မှာ လျှပ်တပြတ်အတွင်း ရှင်းလင်းသွားခဲ့ပြီး​နောက် အလျင်အမြန် အနောက်လှည့်ကာ ကြည့်လိုက်စဥ်​မှာ​ပင် ဓါတ်လှေကား တံခါးချပ်များမှာ ပိတ်ဆို့သွားခဲ့ပြီ ဖြစ်​လေသည်။

ထိုအချိန် ကျွန်တော်တို့လည်း တို့ဆေးမိထားကြသူများပမာ ဓါတ်လှေကား တက်သွားရာပြ ဒစ်ဂျစ်တယ်ဖန်သားပြင်အား မလှုပ်မယှက် ကြည့်မိနေကြခိုက် အလွှာနံပါတ်ကုဒ်များမှာ ၇ လွှာ၌ ချက်ချင်း ရပ်တန့်သွားလေသည်။ ထို့နောက်တွင်​တော့ စက္ကန့်ပိုင်းတစ်ခုအကြာ၌ အပေါ် ၇ လွှာဆီမှ ဝန်ထမ်း​တစ်ဦးမှာ သူ၏ ပရိတ်ရေပုလင်းကို ကိုင်ပြီး ကျွန်တော်တို့ ရှိရာ ၆ လွှာသို့ အူယားဖားယား ပြေးဆင်းလာခဲ့တော့၏။ ထိုအခါကျမှ ကျွန်တော်တို့ သတိပြန်ဝင်လာပြီး ခဏ​စောင့်​ကြည့်ကြရာ အခြားအလွှာများ၌ ဘာမျှ ဆက်၍မဖြစ်​တော့​ကြောင်း သိရှိရ၏။

ဝန်ထမ်းနှစ်ဦးမှာ ယခုအဖြစ်အပျက်များအား မည်သူမျှအား မပြောပါရန် အသည်းအသန် တောင်းဆိုလာ၍ အကယ်၍​များ ယခုကိစ္စ အပြင်သို့ ပေါက်ကြားသွားပါက သူတို့ခမျာ အလုပ်ပြုတ်ရလိမ့်မည် ဖြစ်ကြောင်း ပြောဆိုကြသဖြင့် ကျွန်​တော်တို့ကလည်း သူတို့၏ တောင်းဆိုမှုကို လိုက်လျော​ပါ​မည်၊ သို့သော် ယခုကိစ္စအား ရှင်းလင်းအောင်​ပါ မိမိတို့​အား ရှင်းပြသင့်ကြောင်း ပြန်လည် ပြောဆိုကြရာ ကျွန်တော်​တို့ အလွှာမှ ဝန်ထမ်းမှာ သက်ပြင်းတစ်ချက် ချပြီး ဤသို့ ပြော​ပြပေ၏။

ဤဟိုတယ်ကြီး မဖြစ်သေးမီ ဆောက်လုပ်ရေးလုပ်ငန်း​ခွင်​ကြီး ဖြစ်ဆဲရှိတုန်းအခါက မဆလာအိတ်ထမ်း အလုပ်ကြမ်း​သမ အမျိုးသမီးတစ်ဦးမှာ မတော်တဆ ခြေချော်လက်ချော် ဖြစ်ကာ အလွှာတစ်ခုပေါ်မှ ပြုတ်ကျကာ ဘိလပ်မြေဖျော်​သည့် လှည့်စက်ကြီးအတွင်း ကျရောက်လျက် သေဆုံးသွားခဲ့​ဖူး​သည့် သမိုင်းရှိကြောင်း၊ ဤဟိုတယ်ကြီး ဖွင့်လှစ်ပြီးချိန်မှ စ၍ ထိုအမျိုးသမီးမှာ မကျွတ်မလွတ်သေးဘဲ တစ္ဆေသရဲ ဘဝဖြင့် အလွှာတိုင်းသို့ တက်ရောက်ကာ ဝန်ထမ်း​များ​​ကို​သာ ရံဖန်ရံခါ ခြောက်လှန့်မှုများ ရှိကြောင်း၊ သို့​ကြောင့် မန်​နေ​ဂျာသို့ ထိုအကြောင်းအား ဝန်ထမ်းများက တင်​ပြရာ မန်နေဂျာမှာ ဗုဒ္ဓဘာသာဝင်ဖြစ်၍ ဘုန်းကြီးပင့်​ကာ ပရိတ်​တ​ရားရွတ်ကာ အမျှအတမ်း ဝေပေးလိုသော်ငြား သူ၏ အ​ထက်မှ လူကြီးများမှာ ဘာသာခြား နိုင်ငံခြားသား​များ ဖြစ်​သောကြောင့် ဤကိစ္စအား တင်ပြသောအခါ လုံးဝ ခွင့်မပြု​ကြကြောင်း၊ အကယ်၍ နောက်တစ်ကြိမ် ဤသို့ သတင်းများ ထပ်မံထွက်ပေါ်ကာ အပြင်သို့ သတင်းပျံ့နှံ့သွား​ပါက ဝန်ထမ်းများမှာ အလုပ်ပြုတ်ကြရမည့်အပြင် ဟိုတယ်၏ ဂုဏ်ကျက်သရေအား ထိခိုက်စေမှုဖြင့် တရားစွဲဆိုခံထိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မန်နေဂျာမှ မိမိတို့ဘာသာ မိမိတို့ တိတ်တဆိတ် ဖြေရှင်းကြရန် တိုင်ပင်ခဲ့ပြီးနောက် အလွှာ​တိုင်း​၌ ပရိတ်ရည်ပုလင်းများအား ထားရှိခွင့် ပြုခဲ့ကြောင်း စသဖြင့် အကျဉ်းချုံ့ကာ စုန်ချည်ဆန်ချည် ပြောပြခဲ့ပါသည်။

ထိုအခါကျမှ ကျွန်တော်နှင့် မိတ်ဆွေတို့မှာ ဓါတ်လှေကားထဲ မကျွတ်မလွတ်သူ နာနာဘာဝ အမျိုးသမီးနှင့် အတူတကွ စီးခဲ့မိကြသည့် မိမိတို့၏ ဘူမသိကိုးမသိ အဖြစ်ကို တနုံ့နုံ့နှင့် တွေးတော ကြောက်ရွံ့လာခဲ့ကြသောကြောင့် ထိုဟိုတယ်၌ ဆက်လက်မနေဝံ့တော့သဖြင့် ဖဲကစား၍ မပြီးနိုင်ကြသေး​သော သူငယ်ချင်းနှင့် အခြားသူများအား အလျင်အမြန် နှုတ်​ဆက်ကာ ကိုယ်စီနေအိမ်များသို့ ချက်ချင်းပြန်အိပ်​ကြရ​လေ​တော့သတည်း။

ဇော်မင်းအောင် (နက်ရှိုင်းထက်)
​ဖေ​ဖော်ဝါရီလ၊ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်