အထင်နဲ့အမြင်(စ/ဆုံး)
—————————-
မြေလတ်ဒေသဖြစ်တဲ့ဒီပြည်မြို့လေးကိုပြောင်းလာရတော့ မိုးများပြီး ရွှံတောဗွက်တောကလာတဲ့မြစ်၀ကျွန်းပေါ်သူကျွန်မ စိတ်ချမ်းသာလိုက်တာဆိုတာလေ။ ဘယ်နေရာကြည့်ကြည့် ညှီု့ညှို့မှိုငိးမှိုင်းနဲ့ တောင်တန်းတွေ၊ ရသေ့တောင် ၊တန့်ကြည်တောင် ၊ဖိုးဦးတောင်တွေကိုသေချာမရောက်သေးပေမဲ့ စိတ်မှန်းနဲ့တင်လွမ်းမောနေခဲ့ရတာ။
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့တစ်ပြည်သူမရွှေထားကိုစွဲလန်းခဲ့သလို သရေခေတ္တရာကို ရှာဖွေချင်သူမို့ ပြည်မြို့လေးကို တာ၀န်လာကျတာ ကျွန်မအတွက်တော့ အတော်ပျော်ရွှင်မိတာပါ။ ပထမစစချင်းရက်တွေတော့ ရွှေဆံတော်ဘုရားကြီးတက်ဖူးလိုက်၊ ရွှေဘုံသာမုနိဖူးလိုက်၊တက်သစ်ကျွန်းသွားပြီး ကိုဘုန်းကြွယ်မမြစိမ်းရာဇ၀င်ကိုလွမ်းမောလိုက်နဲ့လည်ပတ်နေခဲ့တာ ကျွန်မတာ၀န်ကျတဲ့ ကစလ က ဆင်တဲဘက်ကမ်းမှာမို့ တစ်ဖက်ကမ်းကူးပြီး ကပစ(3)၀င်းထဲလည်းမနေချင်တာမို့ ဆင်တဲကမ်းနားမှာပဲအိမ်ငှားပြီးနေလိုက်တော့တယ်။
အမျိုးသားက အပြင်စီးပွားရေးလုပ်သူမို့လိုက်မလာနိူင်သေးတာနဲ့ကျွန်မတို့သားအစ်မိအထိုင်ကျေအာင်အိမ်ငှားေပး စီမံပေးပြီးတာနဲ့ ဧရာ၀တီကိုပြန်သွားလေရာ3နှစ်အရွယ် သမီးငယ်လေးနဲ့ကျွန်မနဲ့ ချာလပတ်ရမ်းပါလေရော။ မနက်သမီးလေးကိုမူကြိုပို့ဖို့၊ သားအစ်မိနှစ်ယောက်ထမင်းချိုင့်နဲ့ ရုံးချိန်အမှီရောက်ဖို့ လုံးပမ်းရတာ မောချက်ဆိုတာလျှာတောင်အပြင်ရောက်တယ်။
ဘေးအိမ်တွေနဲ့ကလည်းမသိသေးတော့ အလုပ်လုပ်နေတုန်း ခဏတစ်ဖြုတ် သမီးလေးကြည့်ခိုင်းဖို့တောင်လူမရှိတာမို့ အတော်စိတ်ပင်ပန်းရပါတယ်။ဒီနေ့တော့ပိတ်ရက်မို့သားအစ်မိနှစ်ယောက် ခြံရှေ့လေးထွက်ပြီးသမီးလေးကိုဆော့ပေးနေတုန်း **ညီမလေးရေ ဆိုပြီး ဟင်းပန်းကန်လေးကိုင်လို့အပြုံးချိုချိုလေးနဲ့၀င်လာတဲ့ ခေါင်းရင်းအိမ်ကအန်တီကိုတွေ့လိုက်ရတယ်။ ကိုယ်က သုံးဆယ်ပတ်၀န်းကျင် ထိုအန်တီကိုကြည့်ရတာ ငါးဆယ်ကျော်မို့ အန်တီအရွယ်လို့စိတ်ထဲတွေးပေမဲ့မကြိုက်မှာစိုးတာမို့ *ဪ ဟုတ် မကြီး လာလေ လို့ ခေါ်လိုက်မိတယ်*။
ညီမလေးရေ စပြောင်းလာထဲက လာကူညီချင်တာမကြိုက်မှာစိုးလို့သိလား။ သားအစ်မိတွေ အမျိုးသား ပြန်သွားထဲက ကသီနေတာမြင်တော့ မနေနိုင်တာနဲ့ထွက်လာတာ။ ကိုယ့်အစ်မလိုသဘောထား လိုတာပြော ကလေးအတွက်နောက်ဆံမတင်းနဲ့ ဝိုင်းကြည့်မယ်။ ပြောလည်းပြော လက်ထဲကိုင်ထားတဲ့ ငံပြာရည်ကြော်ပန်းကန်လေးကိုလှယ်၊ တစ်လက်စတည်းမီးဖိုခန်းမှာဆေးကြော၊ သမီးလေးကိုရင်းနှီးအောင်မြူနေတာမို့ ကျွန်မမှာကျေးဇူးတင်ရင်းခင်မိသွားတော့တယ်။
တစ်ဖြည်းဖြည်းနဲ့ထိုအမျိုးသမီးကအိမ်ကိုအ၀င်အထွက်စိပ်လာသလို အားလည်းကိုးရတာမို့ တတ်နိူင်သမျှကျွန်မဘက်ကလည်း လက်ဆောင်သဘောမျိုးအ၀တ်အစားအသုံးအဆောင်သာမက လခသဘောမျိုး သမီးလေးကန်တော့တာပါဆိုပြီးလစဉ်ပေးလာခဲ့ပါတယ်။။ ခြေရင်းအိမ်ကအဒေါ်ကြီးကတော့ အသားမည်းမည်းနှုတ်ခမ်းထူထူ ခပ်၀၀နဲ့ မျက်နှာကြီးက ခပ်ပုတ်ပုတ်မို့ ကျွန်မကလည်းအခေါ်အပြောသိပ်မလုပ်ဖြစ်ပါ။
ကျွန်မတို့ပိတ်ရက် ဧရာ၀တီတိုင်းကိုပြန်ဖြစ်ရင်တောင် ခေါင်းရင်းအိမ်အတွက်သာ ငါးပိ၊ငါးခြောက်လက်ဆောင်ပါပြီး ခြေရင်းအိမ်က အဒေါ်ကြီးအတွက်တော့ ဘာမှမယူလာဖြစ်ခဲ့ပါ။
တစ်ဖြည်းဖြည်းနှင့် ခေါင်းရင်းကအမျိုးသမီးမှာ ကျွန်မတို့အိမ်တွင် လိုချင်စရာရှိပါက သားသမီးများအတွက်ပါခပ်တည်တည်ယူငင်ခြင်း၊ အိမ်ကိစ္စတွေပိုင်စိုးပိုင်နင်းစီမံခြင်း၊ကလေးကိုသူ့သဘောသူ့အာဏာလုပ်လာခြင်းများပြုလုပ်လာရာကျွန်မမှာကိုယ်တင်တဲ့စစ်ကဲကိုယ်မချနိူင် တောင်းဆိုလာတဲ့အခွင့်အရေးမှန်သမျှလည်းပေးသာပေးရ အောင့်သက်သက်နဲ့မရှုနိုင်မကယ်နိုင်ဖြစ်လာပါတော့တယ်။
တစ်ညတော့ **မြွေကြီး မြွေကြီး ဟိုသားအစ်မိခြံ ထဲ၀င်သွားတာ ** လမ်းမကလူတွေ အုတ်အော် သောင်းတင်း အော်သံကြောင့် ပိတ်ရက်ကလေးသိပ်နေတဲ့ကျွန်မ အလန့်တကြား ထကြည့်မိတယ်။
ဟုတ်ပါ့ ၊၊ မအားတာနဲ့လူလည်းမခေါ်ဖြစ်၊ ကိုယ်တိုင်လည်းမရှင်းနိုင် ကျွန်မတို့ငှားနေတဲ့တစ်ထပ်တိုက်ပုလေးကို မြက်ရိုင်းတွေဝိုင်းနေတာ မြွေခို ချင်စရာဖြစ်နေတာပါလား။ ပိတ်ရက်မှ လူရှာပြီး ရှင်းမယ်လို့တွေးပြီးကျွန်မလည်းအိပ်ပျော်သွားတော့တယ်။
အိပ်ယာနိုးတော့ တရွှမ်းရွှမ်းအသံကြားတာနဲ့ထကြည့်မိတော့ ခြေရင်းအိမ်က မျက်နှာပေါက်ဆိုးတဲ့အန်တီကြီးနဲ့ သူ့သားနှစ်ယောက်တက်ညီလက်ညီ ကျွန်မတို့ခြံကို ကိုင်းခုတ်ဓါးနှစ်လက်နဲ့ရှင်းနေကြပြီး အန်တီကြီးက ဒိုင်ခံသယ်ထုတ်ပေးနေပါတော့တယ်။
ဟယ် အန်တီရယ်အား နာလိုက်တာ နောက်ရက်ကျွန်မရှင်းမှာပါလို့ ပြောမိတော့ အိုအေ ညည်းတို့ ကလေးတစ်ဖက်နဲ့လုပ်ဖြစ်မှာကျနေတာပဲ ၊၊မြွေပါးကင်းပါးနဲ့ကျုပ်တို့သားအစ်မိတွေရှင်းရင်တစ်မနက်မကုန်ပါဘူးတော်၊၊ ညည်းတို့ ဘောပင်ကိုင်တဲ့လက်တွေဒါမျိုးသုံးစားမရပါဘူးအေတဲ့။ စကားပြောမချို မျက်နှာပေါက်မလှပေမဲ့ချွေးတစ်လုံးလုံးကြားက စေတနာမေတ္တာအလှကို လှစ်ခနဲတွေ့ရတာမို့ ကျွန်မထမဆုံးအကြိမ် အဲအန်တီကြီးကို ခင်မင်စိတ်ပေါ်မိပါတော့တယ်။
တစ်ဖြည်းဖြည်းနဲ့ သမီးလေးကကြီးလာသလို စရိတ်တွေလည်းကုန်လာတာမို့ ကျွန်မသိပ်မပေးနိူင်တော့တဲ့အခါ ခေါင်းရင်းက မျက်နှာချိုတဲ့အစ်မကြီးက တစ်ဖြည်းဖြည်း ခပ်စိမ်းစိမ်းဖြစ်လာပြီး ခြေရင်းကအပေါက်ဆိုးတယ်လို့ကျွန်မထင်ခဲ့တဲ့အန်တီကတော့ အိမ်ကိုလည်းကျွန်မတို့မရှိစဉ်စောင့်ရှောက်တတ်သလို ကျွန်မသိတာမသိတာသိပ်ကရုမစိုက်လှဘဲ အလုပ်ကြမ်းမှန်သမျှ သားနှစ်ယောက်နဲ့လာလုပ်ထားလေ့ရှိလာပါတယ်။
တစ်ရက်ထဲ လမ်းပြုပြင်ဖို့ ရန်ပုံငွေအစည်းအဝေးရှိတာသိပေမဲ့ ကျွန်မကရုံးဆင်းမှလာရတာမို့ နောက်ကျနေတာနဲ့အနောက်လေးမှာ အသာလေး၀င်ထိုင်နေလိုက်ပါတယ်။
**ကဲကဲ အကုန်လုံးညီတူမျှတူခွဲပြီး ကိုယ့်အိမ်ရှေ့တော့ကိုယ်လုပ်အားပေးရမှာနော်။ ဟို၀န်ထမ်းသားအစ်မိကတော့ ကလေးအငယ်လည်းရှိအားတာလည်းမဟုတ်တော့ ဒေါ်စိမ်းမြ တို့အိမ်က ပိုလုပ်လိုက်ပါလား။ခင်များတို့ချင်းလည်းနှစ်အိမ်တစ်အိမ်ပဲဟာ လို့ပြောလိုက်တဲ့ လမ်းမှူးရဲ့စကားအဆုံးမှာ ကျွန်မလုံး၀မထင်ထားတဲ့ ခေါင်းရင်းကအစ်မကြီးရယ်လေ၊ *အို စိမ်းမြတို့တစ်ခါပဲခံမယ် နှစ်ခါမခံဘူး တစ်နှစ်ပတ်လုံး သူ့ကလေးကြည့်ရ ကူညီလိုက်ရတာ တစ်ပြားမှမရတဲ့အပြင် ဟိုရက်က သူ့စက်ရုံ ကနှစ်ကုန်စုကြေးထုတ်တာ လုံခြည်တစ်ထည်လာကန်တော့တယ်။ အလကား ကျေးဇူးကန်းတဲ့ဟာတွေတဲ့။ ဒီကတော့ ကလေးထိန်းလခ တစ်လ တစ်သိန်းခွဲဆိုရင်တောင် ဆယ်သိန်းကျော်မှန်းတာတဲ့။
**ဘုရားဘုရား *ကျွန်မဖြင့်နားနဲ့ဆတ်ဆတ်ကြားလို့သာယုံရတယ်။ တစ်လတစ်သိန်းခွဲမက ကျွန်မကူညီခဲ့တာတွေ ဟင်းစားကအစ ၀ယ်ပေး ဘာမှလိုလေသေးမရှိစေရ ကူညီခဲ့တာတွေ အားလုံးသဲထဲရေသွန်တစ်ခွန်းမှထည့်မပြောသွားပါလား။ အပေါ်ယံသကာဖုံး အတွင်းကနောက်ချေးခံတဲ့ကျီးအာသီးသဘောကို အတော်လေးစစ်ကြောမိသွားတော့တယ်။
ဒီအချိန်မှာလုံး၀ထင်မထားတဲ့ ခြေရင်းကမျက်နှာပေါက်ဆိုးတဲ့ဒေါ်လှရီကြီးက လေ *ဟေ့ ပိုက်ဆံလည်းမခွဲနဲ့ ငါပိုထည့်မယ် သူ့ခင်မျာ တစ်နယ်တစ်ကျေးက၀န်ထမ်း သွားရလာရစရိတ်စကနဲ့လွယ်တာမဟုတ်ဘူး။ လုပ်အားပေးလည်းမထည့်နဲ့ ငါနဲ့ငါ့သားနှစ်ယောက် သူတို့အိမ်ရှေ့ပါလုပ်ပေးမယ်တဲ့၊၊ ကလေးမကြည့်ရတာနုနုဖတ်ဖတ်ရုပ်ပါအေ သူတို့လုပ်အားထည့်လို့ဘာရမတုန်းတဲ့။
အို **ကျွန်မအထင်နဲ့အမြင်တက်တက်စင်အောင်လွဲပါပေါ့လား၊၊ သဘောဖြူအူစင်း စေတနာထားသူထင်ခဲ့သူက အကျိုးလိုလို့ညောင်ရေလောင်း လိုသလောက်မရတော့ ညောင်ကိုင်းခုတ်ချင်သူ။ စိတ်ကောင်းမရှိဘူးထင်ခဲ့သူက ကျွန်မကို စေတနာမေတ္တာ အပြည့်ထားသူဖြစ်နေပါရော့လား။
နောက်ဆို ဘယ်အရာကိုမှ အထင်နဲ့မဆုံးဖြတ်တော့ဘဲ လူ့သဘောကို သေချာအကဲခတ်ပေါင်းသင်းရမယ်။ပြီးတော့ မျက်နှာပေါက်ဆိုးတဲ့ဒေါ်လှရီကြီးကို စိတ်ချလက်ချ ဒွေးတော်မိကြီးလို ကျွန်မကလည်းချစ်ခင်အားကိုးစောင့်ရှောက်သွားရမယ်လို့ တွေးနေမိပါတော့တယ်၊၊
ခတ္တာဖူးငုံ