အနွမ်းပန်းရဲ့နိဂုံး(စ/ဆုံး)
……………………………
“ဒီမှာ..အသွေးအသားနဲ့ စျေးကစားပြီး ဘဝဝမ်းစာ ရှာနေရတဲ့ ကျွန်မအတွက် ဂုဏ်သိက္ခာဆိုတာ မြောင်းထဲမှာပဲရှိတယ်။ အရှက်တရားဆိုတာလည်း
ဘာကိုပြောမှန်းကျွန်မမသိဘူး။ ကျွန်မ စိတ်ထဲမှာ တခုပဲရှိတယ်။ကျွန်မ ခန္ဓာကိုယ်နဲ့ ရင်းပြီးရှာထားတဲ့ ဒီငွေတွေက ကျွန်မ မောင်နှမတွေရဲ့ ဘဝမှာ အသက်ဆက်ဖို့အတွက် ရင်းနှီးလိုက်တာလို့ပဲ သဘောထားတာမို့ ကျွန်မ မေနှင်းဆီ ကျေကျေနပ်နပ်ကြီးလက်ခံနိုင်တယ်”
“မင်းဘဝကြီးတခုလုံး ဒီလိုဘဝကြီးမှာ မရှင်သန်စေချင်ဘူးမေနှင်းဆီ”
“ဟား..ဟား..ဟား..”
“ဘာမဟုတ်တဲ့.. အပျက်မတယောက်အတွက်နဲ့ ရှင် အချိန်ကုန်ခံမနေနဲ့ ကိုဇွဲနောင်..ရှင့်အလှည့်ပြီးရင် နောက်လူတွေ တန်းစီနေတာမို့ အချိန်ရှိတုန်း ရှင်..
အလုပ်စကားပဲပြောပါ..”
.”ဒီ မှာ..မေနှင်းဆီ ပြောင်းလဲ ခြင်းဆိုတာ လူတိုင်းမှာရှိတယ်ကွ။ဒီလိုဘဝကြီးမှာ နစ်မွန်းပြီး မင်းဘဝ
ရှင်သန်မှုဟာ အဓိပ္ပာယ် မဲ့နေမှာမို့ ငါရင်ထဲက ဆန္ဒအတိုင်းဖွင့်ပြောနေတာ မေနှင်းဆီ..မင်း ငါ့စကားကို
အလေးအနက်ထားပေးပါ..”
“အဓိပ္ပါယ် ရှိတဲ့ ဘဝ ..သိပ်ရှိတာပေါ့ ကိုဇွဲနောင်
အသွေးအသား ရောင်းစားပြီး လူတကာရင်ခွင်
အိုအို၊ပျိုပျို ယော်ကျားတကာရဲ့ ရင်ခွင်ထဲမှာ အသုံးတော်ခံပြီး ရလာတဲ့ ငွေကြေးတွေနဲ့ မိသားစုကို ထောက်ပံ့နေရသူပါ။အများအမြင်ကျွန်မဟာ
ရွံ့ရှာစရာ ကောင်းနေပေမယ့် ကျွန်မအတွက်ကတော့ မိသားစု အဆင်ပြေတယ် ကြားရတ်ိုင်း
အနစ်နာခံရကျိုးနပ်တယ်လို့ထင်မိတယ်”
“ကောင်းပြီလေ..ကိုယ်ပြောတဲ့စကားကို အချိန်ယူပြီးပြန်စဥ်းစားပေးပါ မေနှင်းဆီ..အချိန်မပြည့်ခင် က်ိုယ်သွားတော့မယ်..သည်မှာ မင်းအတွက်အခကြေးငွေ”
ပိုက်ဆံတထပ်ကြီးစားပွဲပေါ်တင်ပြီးထွက်သွားသော ကိုဇွဲနောင်ကို ကြည့်၍ မေနှင်းဆီ ခေါင်းရမ်းကာ ဟားတိုက်ရယ်မောလိုက်သည်။
………………….
ဘဝမလှ၊အကြောင်းမလှခဲ့တဲ့ မေနှင်းဆီဆိုတဲ့မိန်းမဟာ မောင်နှမငါးယောက်မှာအကြီးဆုံးသမီးဖြစ်ခဲ့သည်။ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြတဲ့ အဖေနဲ့အမေမရှိတဲ့နောက်ပိုင်း ဇာတိမြို့လေးကို စွန့်ခွာပြီး ရန်ကုန်မြို့ကြီးကို အမေ့ညီမ ဒေါ်လေးခေါ်၍ မေနှင်းဆီရောက်လာခဲ့သည်။
မောင်နှမတွေအားလုံး အဒေါ်အိမ်ကိုရောက်လာခဲ့သည်။
မေနှင်းဆီအသက် ဆယ့်ရှစ်နှစ် ကျန်မောင်နှမလေးယောက်က အလယ်တန်းအရွယ်လေးတွေဖြစ်သည်။
ဒေါ်လေးက ကောင်းရှာပါသည်။မောင်လေးညီမလေးတွေကို ကျောင်းထားပေးပြီး မေနှင်းဆီကိုတော့ အိမ်ဆိုင်လေးမှာ ထိုင်ကူရောင်းစေသည်။
ဒေါ်လေးယော်ကျားက ပွဲစား၊အဒေါ်ကလည်း အနီးအနား အိမ်ပွဲစားလုပ်၍ အိမ်ဆိုင်လေးကို မေနှင်းဆီပဲ ဦးစီးလုပ်ကိုင်ပေးခဲ့သည်။
မောင်လေးညီမလေးတွေ ကျောင်းနေရ၍ ဒေါ်လေးကိုကျေးဇူးတင်ကာ မေနှင်းဆီ အိမ်ဝေယျာဝစ္စ၊ဆိုင်ကိစ္စအားလုံး အပင်ပန်းခံ တာဝန်ယူခဲ့သည်။
ဦးလေးနဲ့ ဒေါ်လေးကိုလည်း မိဘသဖွယ် လေးစားဆက်ဆံ ကာတန်ဖိုးထားနေလာခဲ့ကြသည်။
ကံကြမ္မာဆိုးသည် အလျင်အမြန်ရောက်လာခဲ့သည်ဟု မေနှင်းဆီထင်မိသည်။
မောင်လေးညီမလေးတွေ ကျောင်းသွားချိန်၊ဒေါ်လေးမရှိခိုက် ကျားချောင်းချောင်း နေသော
ဒေါ်လေး ယော်ကျားမှ မေနှင်းဆီရဲ့ အပျိုစင်ဘဝကို
ကာမအမှောင်ဖုံးလွှမ်းကာ သိမ်းပိုက်ခြင်းခံလိုက်ရသည်။
ရှက်လွန်း၍ ကိုယ်တိုင်အဆုံးစီရင်ဖို့ စဥ်းစားလိုက်တိုင်း ကျန်ခဲ့မယ့် မောင်၊ညီမလေးတွေကို သနားစိတ်ဝင်ကာ …ရှေ့ရပ်တည်ဖို့ အချိန်ကြာစဥ်းစားခဲ့ရသည်။
တကြိမ်ကျူးလွန်ပြီးလျှင် နောက်တကြိမ်ကျူးလွန်ဖို့ ဝန်မလေးတဲ့ လူယုတ်မာတွေမို့..ဒေါ်လေးပြန်လာတော့ အကြောင်းစုံဖွင့်ပြောရတော့သည်။
မီးဝင်းဝင်းတောက် အံကျိတ်နေတဲ့ ဒေါ်လေးကိုကြည့်၍ မေနှင်းဆီ ကြောက်ရွံလာသည်။
“ခွေး တိရစ္ဆာန်.ငါ့တူမလေးကို ပန်းကောင်းအညွှန့်ချိုးရက်တယ်။လူမဟုတ်ဘူး..”
“ဒင်းကို တသက်လုံးခွင့်မလွှတ်ဘူး..”
ညနေ သူ့ယော်ကျားပြန်လာတော့ ဘာမှမပြောပဲနေသည်။ ထမင်းခူးကျွေးကာ ထမင်းစားနေတုန်း
မီးဖိုချောင်မှ အသားလှီဓါးက လူယုတ်မာရဲ့ ကျောဝယ် အချက်ပေါင်းများစွာနဲ့ ထိုးစိုက်၍ သေပွဲဝင်ခဲ့သည်။ ဒေါ်လေးလည်း လူသက်မှုဖြင့် ထောင်ကျတော့ မေနှင်းဆီတို့မောင်နှမတွေပိုဒုက္ခရောက်ခဲ့ရသည်။
ဒီပတ်ဝန်းကျင်မှာလည်းမနေချင်၍ တခြားမြို့နယ်တခုမှာနေရင်း မောင်နှမတွေ ဆင်းရဲပင်ပန်းစွာနေခဲ့ရသည်။
စားဝတ်နေရေးအတွက် ကြုံရာအလုပ်တွေလုပ်နေပေမယ့် အဆင်မပြေမှုက ပို၍ ဆိုးလာခဲ့သည်။
နာကျည်းစရာဘဝမို့ မိမိရဲ့ ဘဝကိုလည်း စိတ်နာမိသည်။
ဝေဒနာကို ကျိတ်ခံစားရင်း ထွက်ပေါက်မရှိတဲ့ဘဝမှာ စဥ်းစားစရာ အတွေးတွေများလာခဲ့သည်။
အတန်းကြီးလာပြီဖြစ်တဲ့ မောင်တွေ၊ညီမတွေကို
ပညာရေးမှာ အဆုံးထိရောက်စေချင်သည်။
သူမလို ခက်ခဲတဲ့ဘဝကို ရင်မဆိုင်စေလိုပေ။
“မကြီး စာအုပ်ဖိုး.”
“မကြီး..ဆန်ကုန်နေပြီ”
“မကြီး ကျုူရှင်လခ”
.”မကြီး.အိမ်လခ”
“”မကြီး..မကြီး..မကြီး..”
အကြောင်းအမျိုးမျိုးသော လိုအပ်မှုတွေက သူမအပေါ်မှာပဲ မူတည်နေတော့သည်။
အလတ်မနဲ့ အငယ်ကောင် ကျောင်းထွက်အလုပ်လုပ်မယ်ပြောပေမယ့် သူမ လက်မခံခဲ့ပေ။
“မထွက်ပါနဲ့ ညီမနဲ့မောင်လေးရယ်..ပညာမတတ်ရင်
မျက်နှာအရမ်းငယ်ရတယ်၊ပင်ပန်းမှုလည်းခံရမှာမို့ ကျောင်းပညာရေးကို လက်မလွှတ်လိုက်ပါနဲ့နော်။မကြီးပင်ပန်းခံမယ်။မကြီးပင်ပန်းမှုကို ဖြေဖျောက်ဖို့
မောင်လေး၊ ညီမလေးတွေက စာကြိုးစားပေးပါနော်”
အားလုံးကို တောင်းပန်ကာ ကျောင်းတက်ခိုင်းခဲ့သည်။ စာကြိုးစားကြ၍ သူမ အမောတွေပြေခဲ့သည်။
အရောင်းအဝယ်လိုက်လုပ်သည်။ရှုံး၍ အကြွေးတင်သည်။ ပွဲစားလိုက်လုပ်သည်။သူများတွေလိုမကျွမ်းကျင်၍ အလုပ်မဖြစ်တာများခဲ့သည်။
အကြွေးတွေက နစ်သထက် နစ်လာ၍ စဥ်းစားစရာထွက်ပေါက်မရှိတော့ပေ။
လမ်းထိပ်က ဆံပင်ညှပ်ဆိုင်က မထိပ်ထားနဲ့ ရင်နှီးခဲ့ပြီး ကိုယ့်ပုံစံကို ဒီဇိုင်းပြောင်းကာ အပျိုမဖြစ်တော့တဲ့ ခန္ဓာက်ိုယ်က်ို ရင်းလို့ ငွေရှာဖို့ အမှောင်လမ်းကို လိုက်ခဲ့တော့သည်။
လှသွေးကြွယ်နေတဲ့ မေနှင်းဆီ၊လူချမ်းသာတွေရဲ့ ပါးစပ်ဖျား အသုံးတော်ခံဖို့ မေနှင်းဆီရဲ့ သတင်းက
တော်တော်နာမည်ကြီးသွားသည်။
ငွေကို ရေလိုသုံးနိုင်တဲ့ လူတွေသာ မေနှင်းဆီ အတွက် ငွေတံခါးပေါက်ကြီးဖြစ်ခဲ့သည်။
လမ်းထိပ်အလှပြင်ဆိုင်မှာပဲ ဆံပင်ညှပ်နေသည်ပြောထား၍ မောင်နှမတွေ မေနှင်းဆိီ အလုပ်ကို ဘယ်သူမှမသိကြချေ။ မေနှင်းဆီအနေနဲ့လည်း မထိပ်ထားရဲ့ အဆက်အသွယ်နဲ့ လူချမ်းသာတွေနဲ့သာ အလုပ်လုပ်သူမို့ နာမည် သိပ်မထွက်ခဲ့ချေ။
ကိုယ်ပိုင်တိုက်ခန်းတခုပင်ဝယ်နိုင်ခဲ့သည်။
ချူရသည်။မြူရသည်။ငိုပြရသည်။ပေးဆပ်ရသည်။
အဆင်ပြေမှုတွေရဲ့နောက်မှာ နာကျင်ငိုကြွေးခဲ့ရတဲ့နေ့တွေက အများကြီးမို့ ကျစရာမျက်ရည်ခမ်းနေပြီဖြစ်သည်။
အေးအေးဆေးဆေး ကျောင်းတက်ပညာသင်နေကြတာ မြင်ရတော့ မေနှင်းဆီ ပေးဆပ်ရကျိုး၊အနစ်နာခံရကျိုးနပ်ရသည်။
…………………
“မကြီး..ဆံပင်ညှပ်ဆိုင်က အလုပ်ဖြစ်တယ်နော်””
“တော်တော် အဆင်ပြေတာပဲ”
ကိုယ်တိုင်လည်း ဝါသနာပါသူမို့ မထိပ်ထားနားက အားတဲ့ အချိန်တိုင်း အလှပြင်၊ဆံပင်ညှပ်၊ပေါင်းတင်၊ခေါင်းလျှော်အကုန်ရနေပြီမို့ ဆိုင်ခွဲဖွင့်လို့တောင်ရပြီဟု မထိပ်ထားပြောဖူးသည်။
ငွေကိုလွယ်လွယ်ရနေပေမယ့်လည်း ဒီအလုပ်ကြီးကို မေနှင်ဆီ ရွံ့ရှာမိတာအမှန်ပင်။
အတိတ်ကံအကျိုးပေးလို့ ဖြေသာနေရပေမယ့်..
ဘယ်လောက်ထိ ဖုံးဖိနိုင်မလည်းဆိုတာ တွေးပူနေရသည်။
ခုလည်း သူမဘဝကို ကယ်တင်ချင်သည်။လက်ထပ်ပြီး ဘဝတခုထူထောင်ချင်ပါသည်လို့ ပြောလာသော ကိုဇွဲနောင် စကားကြောင့် မေနှင်းဆီ အော်ဟစ်ရယ်မောကာ ကျန်ခဲ့သည်။
မထိပ်ထားနဲ့ ဆက်သွယ်မိပြီး ကိုဇွဲနောင်နဲ့ ခင်မင်ခဲ့သည်။ မေနှင်းဆီ ကြေးစားအနွမ်းပန်းလေးမှန်းသိသွားတော့ တမင်တကာ ချိတ်ဆက်ကာ ခေါ်ပြောခြင်းပင်ဖြစ်သည်။
“ဒီ မှာ မေနှင်းဆီ မင်းဘဝအစအဆုံး မထ်ိပ်ထားဆီက သိပြီးပြီ။က်ိုယ် နားလည်ခွင့်လွှတ်နိုင်တယ်။မင်းဘဝတခုလုံးကို တာဝန်ယူ ချင်တယ်။ ဒီဘဝကြီးမှာ မင်းဘဝမနစ်မွန်းစေချင်ဘူးကွာ။ကိုယ်ပြောနေတာ ရင်ထဲက အစစ်အမှန်စကားမို့ စကားထက် လက်တွေ့ပြဖို့ ကိုယ်မေနှင်းဆီကို အတည်လက်ထပ်ပါရစေကွာ”
ကြားလိုက်ရတဲ့ ခဏ မေနှင်းဆီ ခတ္တမျှကြောင်သွားမိသည်။ ပြီးနောက် သဘောကျစွာ အော်ရယ်လိုက်တော့သည်။
“မဖြစ်နိုင်တာ ကိုဇွဲနောင်ရယ်။ရှင့်ပညာ၊ရှင့်ဂုဏ်သိက္ခာနဲ့ ကျွန်မထက် အဆများစွာသာတဲ့ မိန်းမကိုယူလို့ရပါတယ်။ရှင် စိတ်ကူးယဥ်မဆန်နဲ့
လက်တွေ့မှာ ကျွန်မဟာ ရှင်းရှင်းပြောရရင် အများ
အသုံးတော်ခံတဲ့ အပျက်မပဲ။ ခန္ဓာနဲ့ရင်းပြီး ရှာစားနေတဲ့ မိန်းမတယောက်ကို ခဏပဲသာယာပါရှင်..ထာဝရအတွက်တော့ မဖြစ်နိုင်ပါဘူး..”
.”ကို..ပြောတဲ့ စကားက်ို သေချာစဥ်းစားပါ။မင်းဘဝအတွက်..ဒါပဲပြောချင်တယ် မေနှင်းဆီ..”
စဥ်းစားရင်း မျက်ရည်တွေနဲ့ ကျန်ခဲ့သူက မေနှင်းဆီပင်ဖြစ်သည်။
တခါမှ မခံစားဖူးတဲ့ နှလုံးသားက တဆတ်ဆတ်တုန်လာသည်။ နှစ်နှစ်ကာကာ သေချာပြောသွားမှန်းသိပေမယ့် မထိုက်တန်မှန်း စဥ်းစားမိသည်။
ခဏလေးအတွင်း ပျော်ဝင်သွားတဲ့ နှလုံးသားကို အမြန်ထိန်းချုပ်လိုက်သည်။
စားပွဲပေါ်တင်ထားသော ပိုက်ဆံတွေကို ယူ၍ မေနှင်းဆီထွက်လာခဲ့သည်။
“ကိုဇွဲနောင်ရယ်… မေနှင်းဆီ စဥ်းစားစရာမလိုပါဘူးရှင်..အဖြေက အစကတည်းက ထွက်ပြီးသားပါ
အများအသုံးတော်ခံ ပန်းတပွင့်က ရှင်တန်ဖိုးထားမြတ်နိုးဖို့ မထိုက်တန်ပါဘူးရှင်။
ဘဝတခုကို ထူထောင်တယ်ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူး။ကလေးကစားသလို လွယ်လွယ်ကူကူဖြေရှင်းလို့မရဘူး။ ကျွန်မရဲ့ အတိတ်၊အမည်းစက်ကြီးကို ဘယ်လောက်ထိ ဖုံးဖိပေးနိုင်မှာလည်း၊ဘယ်လောက်ထိ..ခွင့်လွှတ် အနစ်နာခံနိုင်မှာလည်းရှင်။ဘဝတခုလုံးလက်တွဲသွားဖို့ဆိုတာ ကိုဇွဲနောင်ရော ၊အခြား ဘယ်သူနဲ့မှ မဖြစ်နိုင်လို့ မေနှင်းဆီ ဆိုတဲ့ အနွမ်းပန်းရဲ့ နိဂုံးဟာ လက်တွဲဖော်ဆိုတာ ပေါ်လာဖို့ မဖြစ်နိုင်ပါဘူးရှင်”
စိတ်ထဲက ပြောနေရင်း ပြုံးနေပေမယ့် မေနှင်းဆီရဲ့ မျက်ဝန်းထဲက မျက်ရည်တွေက အတိုင်းအဆမရှိကျဆင်းနေပါသည်။
“ကိုဇွဲနောင်နဲ့ လိုက်ဖက်မယ့် အမျိုးသမီးတယောက်နဲ့
လက်တွဲလိုက်တာ ဘဝအတွက်အကောင်းဆုံးပါရှင်။အဖိုးမတန်တဲ့ ပန်းအတွက် ကိုဇွဲနောင်ဘဝက်ိုလည်း အနစ်မွန်းမခံစေချင်ဘူး။တချိန်ချိန်အက်ကွဲလာမယ့်.ထူထောင်မယ့်ဘဝတခုကို မေနှင်းဆီ အိမ်မက်တောင်မမက်ချင်ပါဘူးရှင်။
မျည်းပြိုင်နှစ်ခုလို့ ဖြစ်နေတဲ့ ကျွန်မတို့နှစ်ယောက် ကမ္ဘာဆုံးထိ လျှောက်သွားအုံး ဘယ်တော့မှ မဆုံနိုင်မှာမို့ မေနှင်းဆီရဲ့ နှလုံးသားတွေကို အချိန်မီ ထိန်းချုပ်လိုက်တာပါ။
အနွမ်းပန်းရဲ့..နိဂုံးဟာ…ခိုနားဖို့အရိပ်က အင်မတန်ရှားတယ် ကိုဇွဲနောင်ရယ်။အသိုင်းအဝိုင်း၊ဂုဏ်သိက္ခာတွေပါလာရင်…..ပြိုလဲပျက်စီးခံရမယ့်အတူတူ အထီးကျန်ဖြတ်သန်းပြီး ကိုယ့်ဘဝကို ရပ်တည်ပြီး အကောင်းဆုံးကြိုးစားတာက နိဂုံးလှလာမှာပါ”
မသန့်ရှင်းတော့တဲ့ ခန္ဓာကိုယ်ကြီးကို ကိုဇွဲနောင်ရဲ့ ဘဝထဲ ထိုးမပေးရက်ပေ။ ဇွဲကြီးလှတဲ့ ကိုဇွဲနောင်ကို
မေနှင်းဆီ မတွေ့အောင် ရှောင်နေလိုက်တော့သည်။
……………..
မေနှင်းဆီရဲ့ ရှောင်ခွာမှု့၊ငြင်းဆန်မှု့တို့ကြောင့်
နောက်ပိုင်း ကိုဇွဲနောင်လည်း ဂုဏ်ရည်တူ အမျိုးသမီးတယောက်နဲ့ အိမ်ထောင်ကျကာ ဘဝတခုကို ထူထောင်သွားတော့သည်။ မေနှင်းဆီကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း အမှောင်လောက၊
ကြေးစားဘဝမှ ရုန်းထွက်နိုင်ခဲ့သည်။
ခုတော့ အလှပြင်ဆိုင် ကို ကိုယ်တိုင်ဖွင့်နိုင်ခဲ့သည်။မောင်နှမများလည်း ဘွဲ့ရပညာတတ်တွေဖြစ်သွားကြပြီး အားလုံး တအိုးတအိမ်ထူထောင်သွားကြပြီ ဖြစ်သည်။ သူ့အိုး သူ့အိမ်ထောင်နဲ့အားလုံးအဆင်ပြေနေပြီမို့ မေနှင်းဆီကျေနပ်အားရမိသည်။မောင်နှမတွေအားလုံးအတွက် ကျေနပ်နေမိသည်။
အိမ်ထောင်ရေး၊စီးပွားရေးအဆင်ပြေလှ၍သူမကိုယ်တိုင်လည်း အလှပြင်သင်တန်းကိုယ်တိုင်ဦးစီးဖွင့်ကာ ပညာဒါနအလှူအဖြစ် ငွေးကြေးမတတ်နိုင်သူများကို သင်ပေးခဲ့သည်။ သူတို့ဘဝလေးတွေ မနစ်မွန်းပဲ ရှင်သန်ရပ်တည်ခွင့်ရအောင် ကူညီပေးရ၍ ကြည်နူးပီတိဖြစ်နေတော့သည်။ဒေါ်လေးလည်း ထောင်က လွတ်လာ၍ မေနှင်းဆီ ပဲ မိဘသဖွယ် အိမ်မှာပဲ ပြုစုလုပ်ကျွေးတော့သည်။
“ရင်ခွင်ရိပ်”အလှပြင်သင်တန်းရဲ့ ပိုင်ရှင် ဒေါ်မေနှင်းဆီရဲ့ နိဂုံးကတော့ ရွေးချယ်မှု့ မှန်ကန်ခဲ့လို့ တပည့်တွေရဲ့ ပြုစု၊ခြံရံမှု့နဲ့အတူ ထာဝရပျော်ရွှင်သွားရပေတော့သည်။
ပြီး
ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)
21.9.2020
Photo.Crd