အပြစ်မဆိုရက်ပါ

Posted on

အပြစ်မဆိုရက်ပါ(စ/ဆုံး)
———————-

ကျောင်းအတွက် စာအုပ်တချို့လိုတာကြောင့် အိမ်ကို မှာလိုက်တာ ဒီနေ့မော်တော်ဆိပ်ကို ရောက်မယ်တဲ့။ အတန်းပြီးတော့နာရီကို ကြည့်လိုက်တယ်။ လေးနာရီတောင်ခွဲနေပြီပဲ။ မော်တော်က ပုံမှန် ငါးနာရီလောက်ဆိုရောက်ပြီ။ ဒါနဲ့ပဲ အဆောင်ကို မပြန်ဘဲ မော်တော်ဆိပ်ဘက်ကို တစ်ခါတည်းထွက်လာခဲ့လိုက်တယ်။ ကျွန်တော်ရောက်တော့ ဆိပ်ကမ်းကပ်ဖို့ မော်တော်က ဉဩဆွဲနေပြီ။ ဆိုင်ကယ်ကို အပင်အောက်မှာရပ်ပြီး ကမ်းစပ်ကို ဆင်းလာခဲ့တယ်။ မော်တော်ကို စောင့်နေကြတဲ့ ခရီးသည်တွေ၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ် ကယ်လီသမားတွေက ကမ်းတစ်ခုလုံး ပြည့်လျှံလို့။ မော်တော်ဆိုက်တော့ ဆင်းသူတက်သူနဲ့ ပျားပန်းခတ်လို့နေတယ်။ အမေဖုန်းဆက်ပြီးပါးခဲ့တဲ့ လူကြုံကို တွေ့ဖို့ တော်တော်လေး မျက်စိရှင်ရှင်ထားရတယ်။ ဖုန်းနံပါတ်သိထားပေမဲ့လည်း မတွေ့တဲ့အဆုံးမှ ဆက်တော့မယ်လို့တွေးထားလိုက်တယ်။ ခရီးဆောင်အိတ်ကို မနိုင်မနင်းနဲ့မလာတဲ့ လူတစ်ယောက် ကျွန်တော့်ဆီကို ဦးတည်ပြီးလာနေလို့ သတိထားပြီးကြည့်လိုက်တော့ အမေဖုန်းဆက်တုန်းကပြောလိုက်တဲ့ လူပုံပါပဲ။

“ဇော်ဇော်နော်”

လို့ လာပြောတော့ ကျွန်တော့နာမည်ဇော်ဇော်ပါလို့ ပြောလိုက်တယ် ဆိုရင်ပဲ စာအုပ်ထုတ် ကျွန်တော့်ကို လှမ်းပေးတယ်။

“ငါ့ညီ အမေပါးခဲ့တာ”

ကျေးဇူးတင်စကားပြောပြီး သူ့ကို လိုက်ပို့ပေးချင်ကြောင်းပြောတော့ သူ့မိတ်ဆွေ လာကြိုမယ်တဲ့လေ။ ဒါနဲ့ပဲ နှုတ်ဆက်ပြီး ဆိုင်ကယ်ရပ်ထားတဲ့ အပင်အောက် ထွက်လာခဲ့လိုက်တယ်။ လသားအရွယ်ကလေးလေးကို ရင်ခွင်ပိုက်ထားတဲ့ အမျိုးသမီးတစ်ဦး ကျွန်တော့်ဆိုင်ကယ်အနားမှဦ ရပ်နေလေရဲ့။ အမျိုးသမီးကို ကြည့်ရတာ ငယ်ငယ်ရွယ်ရွယ်လေးပဲ ရှိဦးမယ်။ သူ့ဘေးမှာကလည်း ပစ္စည်းပစ္စယတွေက အများကြီး။

“အစ်ကို ကျွန်မကို တစ်ခုလောက်ကူညီပါလား”

သူ့စကားကြောင့် နိုးထားတဲ့ဆိုင်ကယ်ကို စက်ရပ်လိုက်တယ်။

“ဘာများဖြစ်လို့လဲဗျ”

“ကျွန်မ ဒီလိပ်စာကို သွားချင်လို့ပါ။ အဲ့ဒါ ဘယ်လို သွားရမလဲ မသိလို့ပါ။”

ကျွန်တော် သူပေးတဲ့လိပ်စာကို ကြည့်လိုက်မိတယ်။ ကျွန်တော်နေတဲ့ အဆောင်လိပ်စာပဲ။ အဆောင်မှာက ယောက်ျားလေး ငါးယောက်တောင်နေတာ ဘယ်သူ့ဆီလာတဲ့ ဧည့်သည်ပါလိမ့်။

“ဒါ ကျွန်တော်တို့နေတဲ့ အဆောင်ပဲ။ ဘယ်သူ့ဆီသွားချင်တာလဲ”

“ကိုသော်ဇင်ဆီပါ”

“ဪ သော်ဇင့်မိတ်ဆွေပဲ။ ကျွန်တော်သူ့သူငယ်ချင်းပါ။ ကျွန်တော်နဲ့လိုက်ခဲ့ပေါ့”

သူနဲ့စကားပြောလို့ မပြီးခင် ကျွန်တော်တို့မြို့က အဘွားလေးလေးထွေးကြည် ကျွန်တော့်ဆီ လျှောက်လာတယ်။ သော်ဇင့်မိတ်ဆွေ အမျိုးသမီးကို ခဏစောင့်ခိုင်းပြီး အဘွားလေးဆီ ကျွန်တော် လျှောက်သွားလိုက်တယ်။

“အဘွားလေးက ဘယ်လာတာလဲ”

“နင့် အစ်ကို ဆေးရုံတက်နေတာလေ”

“ကျွန်တော်လည်း မသိရပါလား။ အမေနဲ့ ဖုန်းပြောတော့လည်း ဘာမှ ပြောမလာဘူး”

“မနေ့ကမှ လာတက်တာ။ ဒီမှာ ဝယ်စရာရှိလို့ လာခဲ့တာ”

“ဝယ်ပြီးသွားပြီလား”

“အခုပဲဝယ်ခဲ့တာ။ ပြန်တော့မလို့။”

“ကျွန်တော်လိုက်ပို့ပေးမယ်လေ။ ခဏနော်အဘွားလေး”

သော်ဇင့်မိတ်ဆွေ အမျိုးသမီးကို ခဏစောင့်ပေးဖို့၊ အဘွားလေးကို သွားပို့ပြီးအပြန် လာခေါ်မယ်လို့ ပြောပြီး ထားခဲ့လိုက်တယ်။

အဘွားလေးကို သွားပို့ပြီး ပြန်လာတော့ စောစောက သော်ဇင့််မိတ်ဆွေမရှိတော့ဘူး။ သော်ဇင်လာကြိုသွားတာ ဖြစ်မှာပါလေလို့တွေးပြီး အဆောင်ကို ကျွန်တော်ပြန်လာခဲ့လိုက်တယ်။ အဆောင်ပြန်ရောက်တော့ ကျွန်တော့်သူငယ်ချင်း သုံးယောက်ပဲ ရှိသေးတယ်။ သော်ဇင်ပြန်ရောက်မလာသေးဘူးလားလို့မေးတော့ ပြန်မလာသေးဘူးတဲ့လေ။

ရေချိုးပြီး ရေချိုးခန်းထဲက ထွက်တော့မှ သော်ဇင်ပြန်ရောက်လာတယ်။

“သော်ဇင် မင့်မိတ်ဆွေ မော်တော်ဆိပ်မှာ တွေ့လိုက်တယ်။”

“အခုပဲ သွားကြိုပြီး ပြန်လာခဲ့တာ”

“သူတို့သားအမိက ဘယ်ကလဲ”

“ငါတို့ရွာကလေ”

လို့ပြောပြီး သူ့အခန်းထဲဝင်သွားတယ်။ ဒီကောင့်မျက်နှာ ဘာလို့များ ပျက်သွားရတာပါလိမ့်။ သူနဲ့ကျွန်တော် ခင်လာတာ နှစ်နှစ်ကျော်လို့ သုံးနှစ်သာရောက်လာတယ်။ ခင်တာကလည်း သူနဲ့ကျွန်တော်က တစ်မဂျာတည်း။ အခုလည်းနှစ်ယောက်လုံး တတိယနှစ်။ ကျောင်းတက်လာကြရင်းတစ်ဆောင်တည်း တူတူနေကြတာ။ မြို့ချင်းကလည်းမတူတော့ တစ်ယောက်အကြောင်းကို တစ်ယောက်ကောင်းကောင်းမသိကြဘူး။ သော်ဇင်က သိပ်ကို လျှို့ဝှက်တဲ့ကောင်။ ပထမနှစ်စတက်ကြတုန်းက ကျွန်တော့်မှာ သူ၍ငယ်ချင်းရယ်လို့ အများကြီးမရှိခဲ့ဘူး။ ပြစရာသူငယ်ချင်းဆိုလို့ သော်ဇင်ရယ်၊ ခက်ခက်မာရယ် နှစ်ယောက်ပဲရှိတာ။ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေဆိုတော့ ကျောင်းတက်ရက်ကလည်း နည်းတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သိရုံသာသိပြီး ဒီအဆင့်ကနေတက်မလာကြပါဘူး။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ကတော့ တစ်ခုံတည်းမှာ ထိုင်ခဲ့ကြတော့ ပထမနှစ်က ရင်းနှီး၊ ဒုတိယနှစ်က ရင်းနှီးနဲ့ တဖြည်းဖြည်းရင်းနှီးလာကြတာ။

အခုက တတိယနှစ်ဆိုတော့ သူတို့နဲ့ကျွန်တော် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေး တစ်ခုပြောပြမယ်။ ကျွန်တော်တို့ သုံးယောက်သားရဲ့အဖြစ်က တတိယနှစ်မြန်မာစာမှာ သင်ရတဲ့ ဆရာလင်္ကာရည်ကျော်ရဲ့ “ကြိုးကြာတောင်ပံ ခတ်သံ” ဝတ္ထုနဲ့တောင် ခပ်ဆင်ဆင်ပဲ။ ဝတ္ထုထဲမှာ လတ်ငြိမ်း၊ သိန်းမိုး၊ သွယ်စုလှိုင်တို့က အချစ်ဆုံးသူငယ်ချင်းသုံးယောက်။ လတ်ငြိမ်းက သွယ်စုလှိုင်ကို ချစ်တယ်။ ချစ်လို့လည်း သွယ်စုလှိုင်ကို ရည်းစားစကားပြောတယ်။ သွယ်စုလှိုင် လတ်ငြိမ်းကို ငြင်းပြီး သိန်းမိုးကို ရွေးချယ်လိုက်တယ်။ ကျွန်တော်တို့ သုံးယောက် အဖြစ်လည်း ဘာထူးမလဲ။ ကျွန်တော်က ခက်ခက်မာကို ချစ်တယ်။ ခက်ခက်မာက သော်ဇင့်ကို ချစ်တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား သမီးရည်းစားတွေ ဖြစ်သွားကြတယ်။ အခုထိပဲ ဆိုပါတော့။ သော်ဇင်နဲ့ခက်ခက်မာ ချစ်သူတွေ ဖြစ်သွားကြပြီဆိုတာ သိလိုက်ရတဲ့ နေ့က ကျွန်တော် အကြီး အကျယ်ခံစားလိုက်ရတယ်။ မြစ်ကမ်းနားဘေးကိုသွားပြီး တစ်ယောက်တည်း အော်ဟစ်ပြီး ငိုကြွေးနေတာများ တကယ့်ကို ရောဂါရင့်နေတဲ့ အရူးကြီးတစ်ယောက်လိုပဲ။ ကျွန်တော် ရှက်ဖို့လည်းမသိတော့ဘူး။ ကြောက်ဖို့လည်း မသိတော့ဘူး။ ဘယ်လောက်တောင် မူးရူးပြီး သောင်းကျန်းလိုက်လည်းဆိုတော့ ကျွန်တော် အချုပ်ခန်းထဲရောက်တဲ့အထိပဲ။ အချုပ်ခန်းတဲ့ရောက်ပြီးနောက်တစ်နေ့ သော်ဇင်နဲ့ခက်ခက်မာ ရောက်လာပြီး ကျွန်တော် အချုပ်ခန်းထဲက ထွက်ရဖို့ အာမခံလာလုပ်ပေးတယ်လေ။

ခက်ခက်မာကို ကျွန်တော် သိပ်ချစ်တယ်။ သူများတွေလိုမျိုး မပိုင်ဆိုင်ရချင်နေ ချစ်နေရရင်ကို ကျေနပ်ပြီ ဆိုတာမျိုးမဟုတ်ဘူး။ ခက်ခက်မာကို ကျွန်တော် ပိုင်ဆိုင်ချင်တယ်။ ဒါပေမဲ့ဗျာ သူ့ဘဝတစ်ခုလုံးကို ပိုင်ဆိုင်ရဖို့မပြောနဲ့ သူ့အချစ်ကကိုတောင် ပိုင်ဆိုင်ခွင့်မရတဲ့ ကျွန်တော်၊ ကျွန်တော့် အချစ်ကံ ဘယ်လောက်ခေလိုက်လဲဗျာ။ ဒါကြောင့် ကျွန်တော် ရူးသွပ်ခဲ့တာပေါ့။ ကျွန်တော် ချစ်ခင်စုံမက်နေတဲ့သူက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း သော်ဇင်နဲ့ ချစ်သူတွေ ဖြစ်သွားတာပဲလို့ ပြန်တွေးမိတော့လည်း ကျွန်တော့်ရောဂါ တစ်ဝက်သက်သာသွားရတာပေါ့။ ကျွန်ယောက်လုံးဟာ ကျွန်တော် အချစ်ရဆုံး၊ တန်ဖိုးအထားရဆုံးသူတွေပဲ။

ခက်ခက်မာက ကျွန်တော်တို့ တက္ကသိုလ်တက်နေတဲ့မြို့ကပဲ။ သော်ဇင်နဲ့ ခက်ခက်မာကြိုက်နေကြတာကို ခက်ခက်မာရဲ့ မိဘတွေလည်း သိကြတယ်။ ခက်ခက်မာရဲ့မိဘတွေကလည်း သော်ဇင့်ကို လိုလားကြပါတယ်။ သော်ဇင့်ကို ထမင်းစားဖိတ်ကျွေးတဲ့ အဆင့်ထိတောင် ရောက်လာတာ။ ခက်ခက်မာကတော့ သော်ဇင်နဲ့အတူတူ ကျွန်တော်ရောလိုက်ခဲ့ဖို့ခေါ်ကြပါတယ်။ ကျွန်တော်တစ်ခေါက်တော့ လိုက်သွားဖူးတယ်။ နောက်တော့ လိုက်မသွားတော့ဘူး။ ဘာလို့လဲဆိုတော့ နှလုံးသားတစ်ခြမ်းရဲ့ ဒဏ်ရာက ပြန်ပြန်ထလာလို့ပါပဲ။

ဒီလိုနဲ့ ခက်ခက်မာနဲ့ကျွန်တော်၊ သော်ဇင်နဲ့ကျွန်တော် အခုချိန်ထိ အချစ်ရဆုံးသူငယ်ချင်းတွေအဖြစ် ရှိနေဆဲပါပဲ။

“သော်ဇင် အခုမှ အပြင်က ပြန်ရောက်တယ်။ ပြန်ထွက်ဦးမလို့လား”

“ခဏက ယူစရာရှိလို့လာတာ။ အခုပြန်သွားရမှာ။”

သော်ဇင် အပြင်ပြန်ထွက်သွားတယ်။ ဟိုကောင်တွေကတော့ အခန်းထဲမှာ ဖဲဆော့နေလေရဲ့။

သော်ဇင်ထွက်သွားပြီးမကြာဘူး။ ကျွန်တော့်ဆီကို ဖုန်းဝင်လာတယ်။ ကြည့်လိုက်တော့ ခက်ခက်မာရဲ့ဖုန်း။

“ဇော်ဇော်။ အဆောင်မှာ အစ်ကို ရှိလား”

ခက်ခက်မာ သော်ဇင်နဲ့ချစ်သူဖြစ်ကတည်းက သော်ဇင့်ကို အစ်ကိုလို့ပဲခေါ်တော့တာ။

“အခုပဲ အပြင်ထွက်သွားတယ်။ ဘာဖြစ်လို့လဲ အမာ”

“သူ့ဖုန်းဆက်တာ မကိုင်လို့”

“သူမအားလို့ ဖြစ်မှာပေါ့။ ကိစ္စရှိလို့လား”

“သူနဲ့သွားဖို့ချိန်းထားလို့”

“ငါအားတာပဲ ငါ့ခေါ်သွားပေါ့”

“အစ်ကိုနဲ့မှ ဖြစ်မှာ ဇော်ဇော်ရဲ့”

“နင်တို့နော် ရိုးကော ရိုးရဲ့လား”

“ဇော်ဇော်နော်။ နင်မနှောက်နဲ့။ ငါစိတ်ညစ်နေတာ”

အမာစိတ်ညစ်တယ်ပြောတော့ ကျွန်တော်လည်း မဆီမဆိုင် ရင်ဘတ်တွေအောင့်လာတယ်။ ငါ သူ့ကို မမေ့နိုင်သေးဘူးပဲ။ ငါနင့်ကို အခုချိန်အထိ ချစ်နေဆဲပဲအမာ။ ငါနင့်ကို ချစ်နေသေးတယ်။ ဒါပေမဲ့ စိတ်ချ နင့်ကို သော်ဇင့်လက်ထဲက ဘယ်တော့မှ လုမယူဘူး။ သော်ဇင့်လက်ထဲကမှ မဟုတ်ဘူး။ ပိုင်ရှင်ရှိနေပြီးသားအရုပ်တစ်ရုပ်ကိုလည်း ပိုင်ဆိုင်ခွင့်ရအောင် ငါမလုပ်ယူဘူး။ ပိုင်ရှင်မဲ့ နေတဲ့ အရုပ်တစ်ရုပ်ရဲ့ ပိုင်ရှင်ဖြစ်လာဖို့တော့ ငါအစွမ်းကုန် ကြိုးစားမယ်။ ငါတရားတယ်၊ မဟုတ်လား အမာ။

“ငါက ဒီအတိုင်းစတာပါ အမာ။ သော်ဇင်ရောက်လာမှ ပြောပေးလိုက်မယ်။”

အဲ့ဒီညက သော်ဇင်အဆောင်ကို ပြန်လာမအိပ်ဘူး။ ဖုန်းဆက်တော့လည်း စက်ပိတ်ထားပါတယ်။ အမာ့ကို ဖုန်းဆက်ပြီး မေးတော့လည်း သူမသိဘူးတဲ့လေ။

မနက်မိုးလင်းတော့ မော်တော်ဆိပ်မှာတွေ့ခဲ့တဲ့ အမျိုးသမီး အဆောင်ရှေ့ကို ရောက်လာတယ်။

“ကိုသော်ဇင်ရှိလားရှင့်”

“သော်ဇင် ညက အိမ်ပြန်မအိပ်ဘူး”

“သူနဲ့ကျွန်မ ညက စကားများသွားကြတာ။ ကျွန်မကို လိုက်မလာနဲ့လို့ပြောတာကို ကျွန်မ အတင်းလိုက်လာလို့ သူ ကျွန်မကို စိတ်ဆိုးနေတာ။”

“ဒါနဲ့ ကိုသော်ဇင်နဲ့က ဘယ်လိုပတ်သက်တာလဲ”

“ကျွန်မ ကိုသော်ဇင်ရဲ့ဇနီးပါ”

“ဗျာ”

သော်ဇင့်ဇနီးဆိုပါလား။ ဘာတွေ ဘယ်လိုဖြစ်ကုန်ပြီလဲ။ ကျွန်တော်တို့တတွေ သိထားတာက သော်ဇင်ဟာ လူပျိုလူလွတ်တစ်ယောက်ပါ။ ဘယ်က ဘယ်လို သူ့မိန်းမကပေါ်လာတာလဲ။ ဒီအမျိုးသမီးကတော့ မိန်းကလေးတန်မဲ့ သိက္ခာအကျခံပြီး မဟုတ်တာ ပြောမှာ မဟုတ်ဘူး။

“ကျွန်တော် နားမလည်တော့ဘူး။ လာပါ အိမ်ထဲမှာ စကားအေးအေးဆေးဆေးပြောရအောင်”

ကျွန်တော် အိမ်ထဲခေါ်လာခဲ့လိုက်တယ်။ ကျန်တဲ့ သုံးယောက်ကလည်း မိန်းမလေးဧည့်သည်လာတယ်ဆိုလို့ ထွက်လာကြတယ်။ ကျွန်တော်ကပဲ သူတို့သုံးယောက်ကို သူက သော်ဇင့်မိန်းမလို့ပြောပြလိုက်တယ်။ ကျွန်တော့်လိုပဲ သူတို့လည်း အံ့ဩသွားကြတယ်။

“ထိုင်ပါဦး။ ကျွန်တော်လိုပဲ သူတို့တွေလည်း အံ့ဩသွားပြီ။ ကျွန်တော်တို့ကို ခင်ဗျားအကြောင်း ဘာဆိုဘာမှ ပြောမပြထားဘူး”

“သူနဲ့ကျွန်မ လက်ထပ်တာ နှစ်နှစ်ကျော်ပါပြီ။ ဒီကလေးကလည်း သူ့ကလေးပါပဲ။ ကျောင်းတက်လာရင်း ကိုသော်ဇင် သူတို့မေဂျာက ကျောင်းသူတစ်ယောက်နဲ့ တွဲနေတယ်လို့ ဖုန်းဆက်ပြောလို့ ကျွန်မ အရဲစွန့်ပြီး လိုက်လာရတာပါ။ သူနေတဲ့လိပ်စာကိုတောင်‌ သူမပြောပြဘူး။ ကျွန်မဘာသာ စုံစမ်းလာခဲ့ရတာ”

ဪ ….. သော်ဇင် သော်ဇင်။ မိန်းမရှိတာ ငါတို့သိမှာကြောင့် အိမ်လိပ်စာတောင် သူ့မိန်းမကို မပေးတာကိုး။

“သော်ဇင်မှာ မိန်းမရှိတာကို ခက်ခက်မာကော မသိဘူးလား” လို့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို မေးတော့ သော်ဇင့်မိန်းမကပဲ စကားစတယ်။

“သူ သိပါတယ်။ သူနောက်မဆုတ်ပေးနိုင်ပါဘူးတဲ့”

ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲ။ ခက်ခက်မာလည်း သိတယ်ဆိုပဲ။ ကျွန်တော်ပဲ ဘာလို့ မသိနေရတာလဲ။ ခက်ခက်မာကကော ဘာကြောင့် မိန်းမရှိတဲ့ သော်ဇင့်ကို ရွေးရတာလဲ။ ဒီအမျိုးသမီးပြောတဲ့ စကားတွေသာ အမှန်ဆိုရင် သော်ဇင်နဲ့ခက်ခက်မာတို့ရဲ့ လုပ်ရပ်တွေဟာ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိ။ သူတို့ရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ မဖြစ်သင့်တာ မဖြစ်ရလေအောင် ကျွန်တော် ကြားထဲက ဖြေရှင်းပေးမှ ဖြစ်တော့မယ်။ လောကမှာ ဖောက်ပြန်တာကို ကျွန်တော်အမုန်းဆုံး။ သော်ဇင်တို့ အိမ်ထောင်ရေးသာ ပြိုကွဲသွားကြည့် အရွယ်မရောက်သေးတဲ့ ကလေးက ကြားထဲကနေ ဓားစာခံဖြစ်မှာ။ မိမစုံ၊ ဖမစုံဘဲ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ရဲ့ ရင်တွင်းဝေဒနာကို ကျွန်တော်ကောင်းကောင်းကြီး နားလည်တယ်။ ဒီကလေး မိမဲ့ဖမဲ့ မဖြစ်အောင် ကျွန်တော့်အသက်စွန့်သင့်ရင်တောင် စွန့်ဖို့ ဝန်မလေးဘူး။

“ကျွန်တော် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းကို ရှာကြည့်ပါဦးမယ်။”

ကျွန်တော် ကျောင်းဘက်ကို ထွက်လာခဲ့လိုက်တယ်။ ကျွန်တော့် ရင်ဘတ်ကြီးတစ်ခုလုံး ဗလောင်ဆူနေပြီ။ သူတို့နှစ်ယောက် ကျောင်းဝန်းထဲက အပင်ကြီးအောက်မှာ ထိုင်နေတာကို တွေ့လိုက်တယ်ဆိုရင်ပဲ သူတို့အနားသွားပြီး သော်ဇင့်ကို လက်ထိုးနဲ့တစ်ချက်ပြီးတစ်ချက်ဆင့်ထိုးလိုက်တယ်။ သော်ဇင်က ဘာမှ မသိသလို ပြူးကြောင်ကြောင်နဲ့ ကြည့်မေပေမဲ့ ခက်ခက်မာကတော့ ကျွန်တော့်ကို လာဆွဲတယ်။

“ဇော်ဇော်။ နင် ဒါဘာလုပ်တာလဲ။”

“ငါ သူ့ကို ထိုးနေတာလေ။ နင်မမြင်ဘူးလား”

“ငါမြင်လို့ နင့်ကို မေးနေတာဇော်ဇော်။ နင်ထိုးနေတာ နင့်သူငယ်ချင်း အရင်းကြီးနော်”

“အစကတော့ ဟုတ်ချင်ဟုတ်ခဲ့မှာပေါ့။ အခုမဟုတ်တော့ဘူး။”

“နင်ဘာတွေ ဖြစ်နေတာလဲ”

“ငါမြတ်နိုးတဲ့ နင့်ကို၊ ဒီကောင်က မိန်းမရှိရဲ့သားနဲ့ကြိုက်တာ။”

“သူ့မှာ မိန်းမရှိတာ ငါသိတယ်ဇော်ဇော်။”

“ဒါလည်း နင်က ကြိုက်တာပဲလား။ လောကမှာ နင်ကြိုက်စရာ အဲ့သလောက်တောင် ရှားနေလား အမမာ။ ကလေးတစ်ယောက်ရှိတဲ့သူကိုမှ နင်က တမ်းတမ်းစွဲဖြစ်နေရတယ်လို့။”

“နင့်ကို မကြိုက်လို့ နင် ဒီစကားမျိုးပြောတာပါ။”

“အမာ။ နင် ငါ့စေတနာကို မစော်ကားနဲ့။” လို့ အမာ့ကို ဒေါသတကြီး အော်ပလိုက်တယ်။

“သော်ဇင်။ မင့်မိန်းမ ငါတို့အဆောင်ရောက်လာတယ်။ မင်းနဲ့အမာ ကြိုက်နေတာကို သိလို့ လိုက်လာတာတဲ့။ မင်းကွာ ကိုယ့်မှာ တရားဝင်ဇနီးနဲ့ သားလေးရှိနေရဲ့နဲ့ အမာ့ကို ချစ်ခွင့်ပန်ရတယ်လို့ကွာ။ ငါတို့ သူငယ်ချင်းတွေကြားထားသင့်တဲ့ စည်းကို မင်းမို့လို့ဖောက်ရက်တယ်။ မင်း လုပ်ရက်လိုက်တာ သော်ဇင်ရာ”

“အမာ။ သော်ဇင့်မိန်းမပြောတာတော့ အမာက အလျှော့မပေးဘူးဆိုပဲ။ နင့်လုပ်ရပ်ကြောင့် သူများမိသားစု ပြိုကွဲတော့မှာ။ ငါတော့ ဘယ်မိသားစုကိုမှ မပြိုကွဲစေချင်ဘူး။ ငါကိုယ်တိုင်က အဖေတစ်ယောက်ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတယ်။ အဖေတစ်ယောက်လုံးရှိပါရဲ့နဲ့ အဖေလို့ ခေါ်ခွင့်မရတဲ့၊ အဖေဆီက မေတ္တာတရားတွေမရတဲ့ သားတစ်ယောက်ရဲ့ ခံစားချက်ကို မင်းတို့လို မိစုံဖစုံနဲ့ ကြီးပြင်းခဲ့တဲ့သူတွေ ဘယ်နားလည်ပါ့မလဲ။ အဖေမရှိလည်း အသက်မသေပါဘူး။ ဘာမှ မဖြစ်ပါဘူးလို့ တခြားသူတွေက ပြောကောင်းပြောကြလိမ့်မယ်အမာ။ အသက်မသေပေမဲ့ ငါတို့တွေ မလုံခြုံဘူး။ အကြောင်းတိုက်ဆိုင်တိုင်း သူ့အဖေက ဖောက်ပြန်လို့ သူ့အမေနဲ့ ကွဲသွားကြတာလေလို့ပြောတိုင်း ငါဝမ်းနည်းမိတယ်။ တစ်ခါတလေ ငါတို့တွေကို ပစ်သွားတဲ့ အဖေ့ကို ငါတို့ကို ပစ်သွားရမလားဆိုပြီး အဖေ့ကို ပြစ်မှားမိတယ်။ နင့်သာ သော်ဇင်နဲ့ဆက်တွဲကြည့် နင့်ဘဝကော ငြိမ်းချမ်းမယ်မှန်းထင်လား။ နင့်ကို ဝိုင်းပြီး အပြစ်တင်ကြလိမ့်မယ် အမာ။ ငါတော့ ရှင်လျက်နဲ့ နင့်ဘဝလေး မသေစေချင်ဘူး။”

“သော်ဇင် မင်းကို ငါထိုးမိတဲ့အတွက်လည်းတောင်းပန်ပါတယ်။ ငါစိတ်မထိန်းနိုင်ပဲ ဖြစ်သွားတာပါ။”

အမာနဲ့သော်ဇင် ကျွန်တော့်စကားကိုသာ နားထောင်နေကြတယ်။ နှစ်ယောက်လုံးခေါင်းတော့ မော့မလာကြဘူး။ မြေကြီးကိုသာ တွေတွေ ဝေဝေကြီး စိုက်ကြည့်နေကြတယ်။

“အစ်ကို အမာတို့ လမ်းခွဲကြရအောင်”

ကျွန်တော် သူတို့ကိုကျောပေးပြီး ထွက်လာတုန်း ကြားလိုက်ရတဲ့ စကားပဲ။ လမ်းလျှောက်နေရာက ရပ်ပြီး သူ့တို့ကို လှည့်ကြည့်လိုက်တယ်။ အမာ ကျွန်တော့်ဆီကို လာနေတယ်။

“ငါတို့တွေမှားခဲ့ပါတယ် ဇော်ဇော်။ အစက အစ်ကို့မှာ မိန်းမရှိခဲ့တာကို မသိခဲ့ဘူး။ ဟိုနေ့ကမှသိရတာ။”

“ဒီကိစ္စတွေ အကုန်လုံး ငါ့ကြောင့်ဖြစ်ရတာပါ။ မင်းတို့နှစ်ယောက်လုံးကို ငါတောင်းပန်ပါတယ်။ မနက်ဖြန်ပဲ ငါ့မိန်းမနဲ့သားလေးနောက် လိုက်သွားတော့မယ်”

ကျွန်တော်ဝမ်းသာသွားတယ်။ သူတို့နှစ်ယောက် အချိန်မလွန်ခင် ရပ်တန်းက ရပ်နိုင်သွားခဲ့လို့။ ဒါပေမဲ့ စိတ်မကောင်းမိတာတော့ ရှိတယ်။

“မင်းက ကျောင်းဆက်မတက်တော့ဘူးလား”

“အခုတော့ မတက်ချင်တော့ဘူး ဇော်ဇော်။ စိတ်ချပါ ငါ့သားလေးအတွက် ငါဘွဲ့တော့ ရအောင်ယူမှာပါ။ ငါသွားတော့မယ်ဇော်ဇော်။ အမာ အစ်ကို သွားပြီ”

အမာကို ကြည့်လိုက်တော့ ရှိုက်ကြီးတငင်ငိုနေတယ်။ သူ သော်ဇင့်ကို တကယ်ချစ်ခဲ့တာကိုး။

“ငါနောက်နှစ်ကျောင်းပြောင်းတော့မယ် ဇော်ဇော်”

“အခုလို ကိစ္စတွေ ဖြစ်သွားလို့လား အမာ”

“ငါ့အမှားက ငါ့ကို တချိန်လုံး အရိပ်မည်းကြီးတစ်ခုလို ခြောက်လှန့်နေတော့မှာ။ ငါလိပ်ပြာမလုံးဘူး ဇော်ဇော်။”

အဲ့ဒီနေ့ကစလို့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် ကွဲသွားကြတယ်။ သော်ဇင် ကျောင်းဆက်တက်လား မတက်လားဆိုတာ မသိပေမဲ့ ခက်ခက်မာကတော့ တခြားတက္ကသိုလ်မှာ တက်နေတာကိုတော့ သိလိုက်ရတယ်။ သူတို့နဲ့ ကျွန်တော် ခွဲခွာလိုက်ရပေမဲ့ ခွဲခွာလိုက်ရခြင်းဟာ ကောင်းသော ခွဲခွာခြင်းနဲ့မို့ ကျွန်တော်ကျေနပ်ပါတယ်။

ချစ်ခြင်းများဖြင့် ~~~~~သိုက်(ရွှေကူ)

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
#ဝေဖန်အကြံပြုပေးဖို့မေတ္တာရပ်ခံပါသည်
#စာဖတ်ပရိတ်သတ်များရွှင်လန်းချမ်းမြေ့ကြပါစေ
#စာဖတ်သူများအားအစဉ်လေးစားလျက်ပါ
#နှစ်သက်ပါကမျှဝေနိုင်ပါသည်
#ဝါသနာအရဝတ္ထုတိုဖန်တီးမှု
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀