” အရက်ကြိုက်တဲ့တစ္ဆေ ” (စ-ဆုံး)
===============================
1.
မြမြအေး အလုပ်မှ နေ့တစ်ဝက် ခွင့်ယူ၍ အိမ်ပြန်လာသည့် လမ်းသည် ယ္ခင်နေ့များနှင့်မတူ။ ခြောက်သယောင်း လွန်းသည်ဟု ထင်မြင်မိသည်။
စိတ်ထဲမှာ ဦးလေး ဦးချိုကြီးကိုပဲ မြင်ယောင် နေမိသည်။ ညီမဖြစ်သူ နီလာခိုင် ဖုန်းဆက် အကြောင်းကြား၍ သူမ ပြန်လာခဲ့ရခြင်းသည်။
” မမ ဦးလေးတော့ ခုနကပဲ ဆုံးသွားရှာပြီ ၊ အဲ့တာ ပြန်လာခဲ့အုံး”
သူမ လေးတိလေးကန် ခြေလှမ်းများကို ပျင်းတွဲ့စွာ သယ်ယူလာရင်း အိမ်ရှေ့သို့ ရောက်လာခဲ့သည်။
အိမ်ရှေ့တွင် ချစ်လှစွာသော ဦးလေး ဦးချိုကြီး၏ အလောင်းကို ရေခဲအခေါင်းနှင့် ကျနစွာ ပြင်ဆင်ထားပြီး ဖြစ်သည်ကို မြင်လိုက်ရသည်။
ရင်ထဲက ကြိတ်၍ မြိုသိပ်လာခဲ့သော ဝမ်းနည်းမှုကို အင့်ကနဲ တစ်ချက်မျှ ရှိုက်ရင်း ဦးလေး၏ အလောင်းရှိရာသို့ ပုံမှန်ပဲ လျှောက်သွားလိုက်သည်။
ဖြူဖျော့နေသော မျက်နှာနှင့် ဦးလေးချိုကြီးသည် ရေခဲအခေါင်းထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေရှာသည်။
အခေါင်း၏ နံဘေးတွင် ဦးလေးချိုကြီး
ကြိုက်သော အရက်ဖြူပုလင်းတစ်လုံး နှင့် အရက်ဖြူတစ်ဝက်ခန့် ထည့်ထားသော ဖန်ခွက်တစ်ခွက်ကို တွေ့ရသည်။
ကန္နားဖျင်တဲ တစ်နေရာတွင် အဖွား နှင့် အမေတို့နှစ်ယောက် ငိုရှိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။
အမေက ငိုသံကြီးဖြင့်…
“ဟဲ့ နင့်အချစ်ဆုံး တူမ ပြန်လာပြီလေ၊ ထပြီး နုတ်ဆက်ပါအုံးလား ချိုကြီးရဲ့ ”
အတင်းညှစ်ယူထားသော မျက်ရည်မဟုတ်။ ဝမ်းနည်းစိတ်ကြောင့် သူ့အလိုလို ကျလာသော မျက်ရည်တို့က ပါးပြင်ပေါ်သို့ လိမ့်ကာ စီးဆင်းလာသည်။
ဦးလေးသည် အရက်သမားကြီးမို့ အမျိုးများက ချစ်ခင်ကြင်နာခြင်း သိပ်မရှိလှ။
သို့ပေမယ့် ကျွန်မ မြမြအေးသည် ဦးလေး ဦးချိုကြီးအပေါ် အများတကာထက် ပို၍ ချစ်ခင်ပေးခဲ့သည်။ အလေးထား ဆက်ဆံ ပေးခဲ့သည်။
ဦးလေးချိုကြီးကလည်း တူ၊တူမများထဲတွင် ကျွန်မကို ပို၍ ချစ်ခင်၏။ချစ်ဆို ကျွန်မက သားဦး/သမီးဦး မဟုတ်လား။
ကျွန်မ ငယ်စဉ်တုန်းက ‘ နင့် ဦးလေးပဲ ထိမ်းကြောင်းချီပိုးခဲ့တာ’ ဟု အမေ ပြောပြ၏။
” ဒင်းက လူပျိုလေးသာ ဖြစ်တာ၊ သူ့တူမမြမြရဲ့ ချေးသေးကအစ မရွံမရှာပဲ ကိုယ်တိုင် သန့်ရှင်းပေးခဲ့တာလေ ၊ နောက်မွေးတဲ့ဟာတွေကျ အကြီးမလောက် မသည်းဘူးတော်ရေ ”
ဦးချိုကြီးသည် အမေ့မောင် အရင်းဖြစ်၏။အမေတို့တွင် မောင်နှမ ၄ယောက်ရှိပါ၏။အမေက အကြီးဆုံးသမီး ဖြစ်ပြီး ဦးချိုကြီးက အထွေးဆုံး မောင်ငယ် ဖြစ်ပါသည်။
အမေ နှင့် ဦးလေး ဦးချိုကြီး ကြားထဲက ညီအစ်မ ၂ယောက် ဖြစ်သော အန်တီ ရင်ရင်မြ နှင့် အန်တီစန်းစန်းလှတို့သည် တစ်ခြားသောနယ်တွေမှာ အိမ်ထောင်ကိုယ်စီဖြင့် သီးခြား နေထိုင်ကြ၏။
ကျွန်မတို့ နေထိုင်သော နှစ်ထပ် အုတ်ခံပျဉ်ထောင်အိမ်သည် အဖွား ဒေါ်တင်လှ၏ အိမ်ဖြစ်ပါသည်။
ဤအိမ်ကြီးတွင် အဖွားနှင့်အတူ ၊ ကျွန်မတို့ မိသားစု ၅ယောက်နှင့် လူပျိုဦးလေးဦးချိုကြီးတို့သာ နေထိုင်ကြသည်။
ဦးလေး ချိုကြီး၏ အမည်ရင်းသည် ချိုဌေးဖြစ်ပါသည်။ သို့သော် အစ်မသုံးယောက်က ချိုကြီးဟုသာ ခေါ်ကြသဖြင့် ထိုနာမည်သာ တွင်ခဲ့ခြင်း ဖြစ်သည်။
ဦးလေးသည် အရက်ကို နှစ်ခြိုက်စွာ သောက်လာသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်လေသည်။ တစ်နေကုန် စွပ်ကယ်စွပ်ကယ် သောက်တတ်သူဖြစ်သည်။
‘အရက်က သူ့ကို နိုင်သွားပြီလေ ‘ဟု အဖွားက ကျွန်မတို့အား ပြောတတ်သည်။
အရင်က ဦးလေးသည် လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းတစ်ဦး ဖြစ်သည်။
ဦးလေးသည် ဟိုအရင်က စက်မှုအထက်တန်းကျောင်းဆင်း ဖြစ်၏။
ကျွန်မတို့မောင်နှမတွေ မသိမမှီလိုက်သော အချိန်ကာလတစ်ခု၌ ဦးလေးချိုကြီးသည် ချစ်သူရည်းစား ရှိဖူးခဲ့သည်ဟု အမေက ပြောပြ၍ သိထား၏။
ထိုရည်းစား နှင့် လက်ထပ်ရန်အထိ ရည်မှန်း စုဆောင်း ခဲ့ဖူးသည်ဟု ကြားဖူးသည်။ သို့သော် အဘယ်အကြောင်းကြောင့် မသိရ။ ဖူးစာမပါ၍ ထိုရည်းစားနှင့် ဦးချိုကြီးတို့ လမ်းခွဲခဲ့ကြသည်။
လမ်းခွဲပြီး မကြာမီ ၊ ဦးချိုကြီး၏ ရည်းစားသည် တစ်ခြားသော အမျိုးသားနှင့် လိုက်ပြေးသွား၏။ ထိုသော်အခါမှ စ၍ ဦးချိုကြီးသည် အရက်ကို တစ်နေကုန်အောင် သောက်၍ မူးတော့လေသည်။
ဦးချိုကြီး အရက်သမားဖြစ်ရသည်မှာ ဤသို့သော အကြောင်းကြောင့်ပင်။
ဦးလေး ချိုကြီးသည် အစအနောက်လည်း အလွန်သန်၏။ဦးချိုကြီးသည် အစ်မနှင့်အမေကိုတော့ စနောက်လေ့ရှိပြီး ၊ တူ၊တူမများကိုတော့ ရံဖန်ရံခါမှသာ နောက်ပြောင်ကျီစယ်တတ်သည်။
ဦးချိုကြီးသည် အမေ၏ တောက်တိုမယ်ရ အလုပ်များကိုလည်း ကူညီလုပ်ကိုင်ပေးတတ်၏။သို့မှသာ အမေက ဦးချိုကြီးအတွက် အရက်ဖိုး ထုတ်ပေးလေ့ရှိသည်။
အမေက လမ်းထိပ် ဈေးဆိုင်ကို အချိုမှုန့်ဝယ်၊ ဆီဝယ် ၊ ဆားဝယ် ၊ ငါးပိဝယ် စသည့် တောက်တိုမယ်ရ ကိစ္စများကို ဦးချိုကြီးကိုသာ ခိုင်း၏။ ဒါတင်ပဲလား မဟုတ် ဦးချိုကြီးသည် အမေ၏ လျှပ်စစ်မီးပူပျက်လျင် ပြင်ပေး၏။ လျှပ်စစ်ထမင်းပေါင်းအိုး ပျက်လျင်လည်း ပြင်ပေး၏။ ပြင်ခကတော့ ထုံးစံအတိုင်း အရက်ဖြူ တစ်လုံးဖိုး ဖြစ်သည်။
” ဟဲ့ ချိုကြီး ငါ့ ဒယ်အိုးနီက ဟင်းချက်ရင်း မီးမပူတော့ဘူး ၊ လာကြည့်ပေးစမ်း ”
” ချိုကြီးရေ အစ်မကို ချန်နယ် ဆယ်ဗင်းလေး ပြောင်းပေးပါအုံး ”
” ချိုကြီး ..လာ အစ်မကို ဇက်ကြောလေးဆွဲပေးစမ်းဟယ် ၊ ညနေက တက်စာတွေ စားမိတယ်ထင်ပါရဲ့ ၊ အကြောတွေ တင်းနေတယ် ”
ထိုသို့ အသုံးဝင်သော ဦးလေးကို အမေသည် တစ်ခါတရံတော့ နင်ပဲငဆ ဆူပူတတ်သည်။
ဒါကလည်း အမေက သူ့မောင်ငယ် အသက်ရှည်စေချင်သော စေတနာသာ ဖြစ်ပါ၏။
ဦးချိုကြီးသည် အရက်ဖြူ ဟုခေါ်သော ဘီအီးအရက်ကိုသာ နေ့စဉ်သောက်ပေမယ့် ၊ သူ အကြိုက်ဆုံး အရက်သည် ဂရမ်းရွိုင်ရယ် ရွှေပတ် ဝီစကီ ဖြစ်သည်။
မြမြသည် သူမ လခချသည့်နေ့တွင် ဦးလေးအကြိုက် ဂရမ်းရွှေပတ် ဝီစကီတစ်လုံးကို မမေ့မလျော့ ဝယ်ပေးလေ့ရှိ၏။
ထို့ကြောင့်လား မသိ။ ဦးချိုကြီးသည် မြမြကို အချစ်ဆုံးပင်။
တစ်ခါတလေ အပေါင်းအသင်းများက တိုက်လိုက်၍ ရေချိန်ထက်ပိုကာ ဦးချိုကြီး ဒေါင်ချာစိုင်းလာသည့်နေ့များဆိုလျင် အမေက ၊
” ဟော .. ပုဆိုးတောင် မနိုင်အောင် သောက်လာပြန်ပြီ ၊ ခွေး မသောက်တဲ့
အဲ့ဒီအရည်တွေ မြိုဆို့ ၊ ပြီးရင် ထမင်း မစားပဲ အိပ်တော့မယ် ၊ နင့်ဗိုက်ထဲက ကလီစာတွေက ပြတ်ကျရောပေါ့ဟဲ့ သေနာရဲ့ ”
ထိုအခါမျိုးတွင် ဦးလေးချိုကြီးသည် အမေ့အား ပြန်ခံမပြောပေ။ ဟာဗျာ အစ်မကလည်း ဟူ၍သာ ရယ်ကျဲကျဲ လုပ်နေတတသည်။
အမေတို့ မောင်နှမသည် ချစ်လည်း ချစ်ကြ၏။ မကြာခဏလည်း စကားများကြ၏။ စကားများသည်ကလည်း အမေ့ဘက်တစ်ဘက်တည်းကသာ ။
ထိုအခိုက်၊
” အောင်မယ်လေး ချိုကြီးရဲ့ ၊ မင်းက ငါ့အရင် သွားနှင့်တာလားကွာ ၊ ဘာလို့ ငါတစ်ယောက်တည်း ထားခဲ့တာလဲဟ အစ်ဟီးဟီး”
မြမြ အတွေးတွေ လန့်ဖျန့် ပျောက်ကွယ်သွားသည်။ အသံဗြဲကြီးနဲ့ ငိုယိုဝင်လာသူက အခြားမဟုတ်။
ဦးလေးချိုကြီး နှင့် သောက်ဖော်စားဖက်။ မူးဖော်မူးဖက် ဦးကျော်ကြီးပင် ဖြစ်လေ၏။ ဦးကျော်ကြီးသည်လည်း ဆွေမျိုးတော်စပ်သူ ဖြစ်သည်။ အမေ့၏ မောင်ဝမ်းကွဲတော်၏။
ဖိနပ်ကို ခါးကြားထိုးကာ ရေခဲအခေါင်းအနီးသို့ ဦးကျော်ကြီး ကပ်သွားသည်။ သွားလေသူ ဦးချိုကြီး၏ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ပါးစပ်က တောင်စဉ်ရေမရတွေ ရှောက်ပြောကာ ငိုနေ၏။
အမေနှင့်အဖွားကတော့ ဦးကျော်ကြီးကို ကြည့်ကာ မျက်နှာကို မဲ့ကြလေ၏။ ဦးကျော်ကြီးကတော့ ပြောလည်း ပြော ၊ ငိုလည်းငို ၊ အခေါင်းဘေး ချထားသော အရက်ခွက်ကို အတည်ပေါက်ဖြင့် ယူ၍ သောက်နေပြသည်။
အဖွားက ဦးကျော်ကြီးအား အော်မည်အပြုတွင် အမေက လက်တို့၍ ..
” နေပလေ့စေ အမေ ၊ ဒင်းတို့က သောက်ဖော်မူးဖက်တွေ …”
ချိုကြီး နဲ့ ကျော်ကြီးဆိုတာ ရပ်ကွက်ထဲမှာ အတွဲဆုံး အရက်သောက်ဖော် ၂ဦးပင် ဖြစ်ကြသည်။
……………………
2.
” တောက် ! ဖဲကလည်း သေလိုက်တာကွာ ၊ ဒိုင်ကပဲ စားခံနေရတယ် ”
” ဒိုင်က ဖဲကောင်းချက်ဟေ့ ”
ဆူညံသံတွေကြောင့် မြမြ အိပ်ယာကနေ လန့်နိုးလာ၏။ အသံတွေက အောက်ထပ်က ဖြစ်သည်။
အမြဲတန်း မီးပိတ် အိပ်တတ်သည့် သူမအတွက် ယနေ့ညသည် အတော်ပင် ကသီးကအောက် နိုင်လှ၏။
မျက်ခွံတွေ ပိတ်ထားပေမယ့် သူမအပေါ်သို့ ကျနေသော အလင်းရောင်ကို သိရှိခံစားနေမိသည်။
ဟေးကနဲ ဆူညံသံက အိမ်အောက်ထပ် မသာစောင့်လာသော ဖဲဝိုင်းမှ ထပ်၍ ပေါ်လာပြန်သည်။
မီးလုံးမှ အလင်းရောင်က သူမကို ကောင်းစွာ အိပ်မပျော်စေသော အကြောင်းတစ်ခု ဖြစ်သလို၊ ဖဲဝိုင်းက လူတွေရဲ့ဆူညံသံကလည်း အိပ်ပျော်လုလု သူမအား လန့်နိုးစေ၏။
အိပ်မပျော်သည့်အတူတူတော့ ဖဲဝိုင်းဘေး သွားစပ်စုလိုက်အုံးမည်ဟု တွေးကာ အိပ်ယာမှ ထလာခဲ့သည်။
သူမ နံဘေးတွင် ညီမဖြစ်သူ နီလာခိုင်ကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။
နီလာခိုင်ကို ကျော်ခွ၍ ကုတင်ပေါ်မှ သူမ ဆင်းလာခဲ့သည်။
လှေကားမှတစ်ဆင့် အောက်ထပ်သို့ သူမ ရောက်လာခဲ့သည်။
အရပ်အခေါ် ရေခဲအခေါင်းဟူသည့် စတီးအခေါင်းမှ ကွန်ပရက်စာ လည်သံ တဂျီဂျီ ကြားနေရ၏။
ထိုအခေါင်းနှင့် မလှမ်းမကမ်းမှာ လူ၅ယောက် ဖဲကစားနေကြသည်။
အခေါင်း၏ နံဘေးတွင်၊ ဝမ်းကွဲဦးလေး ဦးကျော်ကြီး မူးပြီး အိပ်ပျော်နေ၏။
ဦးကျော်ကြီးသည် သေသူ ဦးချိုကြီးနှင့် သောက်ဖော်စားဖက် ညီအစ်ကို ဖြစ်၏။
ဦးကျော်ကြီး အိပ်ပျော်နေပုံက သနားစရာ ကောင်းနေ၏။
ပုဆိုးကို ခြုံအိပ်နေခြင်း ဖြစ်သည်။
မြမြ အခေါင်းထဲက ဦးလေး ချိုကြီး၏ အလောင်းကို တစ်ချက်မျှ အကဲခတ်လိုက်သည်။
သေသူ၏မျက်နှာသည် အေးချမ်းလှ၏။လောဘ၊ဒေါသတို့ ကင်းစင်နေသည်။
အော် သေတော့လည်း သူ့နောက် ဘာကိုမျှ သယ်ယူမသွားနိုင်ပါလား။
လွှမ်းခြုံထားသော အင်္ကျီနှင့်ပုဆိုးသည် အတန်ငယ် သစ်လွင်နေသေး၏။
မြမြ ဖဲဝိုင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ဖဲရိုက်နေသူများမှာ သူစိမ်းတစ်ယောက်မျှ မပါ။အမျိုးတွေကြည့်သာ။
မြမြ သူမအား ကျောပေးထားသော လူငယ်ကို အသေအချာ ကြည့်လိုက်သည်။
ဖဲချပ်ကို တစိမ့်စိမ့် ပွတ်ကြည့်နေသော လူငယ်ကို မြင်တွေ့လိုက်၍ သူမ အံသြသွားသည်။
ထိုလူငယ်သည် မြမြ၏ မောင်နှစ်ဝမ်းကွဲ၊ တက္ကသိုလ်ကျောင်းသား ကျော်စိုးဖြစ်၏။
ကျော်စိုးက ဟိုဘက် တစ်ရပ်ကွက်က မိဘများအိမ်မှာ နေသူ ဖြစ်သည်။
အနေဝေး၏။ဆွေမျိုးဟုသာ ဆိုသည်၊ ခပ်စိမ်းစိမ်းရှိသည်။
ပြီးတော့လည်း ကျော်စိုးက မြမြတို့အိမ်ကို အလည် လာတတ်သူမဟုတ်။
မောင်ဝမ်းကွဲသာ ဆိုသည်၊ အနေစိမ်း၏။မြမြထက် ၅နှစ်ခန့် ငယ်ပါ၏။
လမ်းမှာ ဆုံလို့ ကြုံလို့ ရှိရင်တောင် မေးထူးခေါ်ပြော စကားနည်းသူ ဖြစ်၏။
ယခုတော့ ညအိပ်ညနေတောင် ဖဲလာရိုက်နေပါပေါ့လား။
ကျော်စိုးသည် လောင်းကစားကို ခုံမင်သူ ဖြစ်လိမ့်မည်။မြမြ ကျော်စိုး၏ နံဘေးသို့ သွားထိုင်လိုက်သည်။
ကျော်စိုးက ဖဲပွတ်ကြည့်နေရာမှ မြမြဘက်သို့ ခေါင်းငဲ့ကြည့်သည်။ရှိုးတိုးရှန့်တန့် ဖြစ်သွားဟန်တူသည်။
ဘာမှတော့ စကားမဆိုချေ။
မြမြက အစ်မဆိုပေမယ့်၊ နည်းနည်း စိမ်းနေသည့် အစ်မဝမ်းကွဲ မဟုတ်လား။
မြမြက ကျော်စိုးအား ပြုံးပြလိုက်၏။
ကျော်စိုး၏ ဖဲချပ်ကို မြမြ လှမ်းကြည့်လိုက်တော့၊ စပိတ်တစ်ဆယ် နှင့် ဟပ်သုံး ဖြစ်နေသည်။
ကျော်စိုးက ဖဲချပ်တွေကို သူ့ပိုက်ဆံပုံပေါ် တင်လိုက်ရင်း၊ အပေါ်အင်္ကျီဇစ်ကို ဆွဲစေ့လိုက်သည်။
ခုမှာပဲ ချမ်းစိမ့်စိမ့် ဖြစ်သွားဟန်တူသည်။
ကျော်စိုးက ဒိုင်ဖြစ်သူကို လှမ်းပြောလိုက်သည်။
” ဖဲက သေချက်၊ တစ်လှည့်မှ အလျော်မရဘူး။ အစားပဲ ခံနေရတယ်၊
ကျွန်တော့် အလှည့်ရောက်ရင် ဖဲဆွဲဦးမယ်ဗျို့ ”
သူတို့ကစားနေသည်က တွမ်တီးဝမ်း၊နစ်ချပ်ဝေ၊ ကြိုက်သလောက်ဆွဲ။
ကျော်စိုးအလှည့် ရောက်လာတော့ ဖဲချပ် တစ်ချပ်ဆွဲလိုက်သည်။
တက်လာသည့် ဖဲက ဒေါင့်သုံး ဖြစ်၏။
ဖဲချပ်တွေ အားလုံးပေါင်းကြည့်လျင် ကျော်စိုးဖဲက ၁၆ ဖြစ်နေ၏။
ကျော်စိုး ဖဲကို ဆက်ဆွဲရကောင်းနိုးနိုး၊၁၆နှင့်ပဲ ချိုထားရမလိုလို ဇဝေဇဝါ ဖြစ်နေသည်။
ဒီတစ်လှည့် သူ့ လောင်းကြေးကများ၏။
ဒိုင်စားသွားလျင် သူ့အိပ် အတော်ပါးသွားမည် ဖြစ်သည်။
မြမြက ကျော်စိုးအား ခပ်တိုးတိုးလေး ပြောလိုက်သည်။
” နောက်တစ်ချပ် ထပ်ဆွဲလိုက် ”
ကျော်စိုး လန့်သွားသည်။
ထပ်ဆွဲလို့ ဖဲကြီး တက်လာလျင် သူ့ဖဲက သေမည်မဟုတ်လား။
ကျော်စိုး တွေဝေနေသည်ကို မြမြက အားမရ။
ထို့ကြောင့် ဖဲထပ်ဆွဲရန် ပေါင်ကို တို့၍ တိုက်တွန်းလိုက်ပြန်သည်။
ထိုအချိန် ဖဲဒိုင်က ကျော်စိုးအား ဖဲထပ် ဆွဲဦးမှာလားဟု မေးလာ၏။
ကျော်စိုး ခေါင်းငြိမ့်ပြလိုက်မိသည်။
ဒိုင်က ဖဲချပ်တစ်ချပ် ကျော်စိုးအား ပစ်ပေးလိုက်သည်။
ကျော်စိုး ဖဲချပ်ကို ယူ၍ ပွတ်ကြည့်လိုက်သည်။ စပိတ်၅ဖြစ်နေပါ၏။
ကျော်စိုး ထပ်မဆွဲတော့ပါဟု ဒိုင်လုပ်သူကို လှမ်းပြောလိုက်သည်။
ဒိုင်က ထိုးသားအားလုံးကို ဖဲဝေပြီးနောက် သူ့ဖဲကို အားရဝမ်းသာ လှန်ပြလိုက်ရင်း…
” ကဲ ၂၀ မရှိရင် အကုန်တင်။ ဒိုင်က ၂၀ မနိုင်ရင် အားလုံးစားမယ် ”
တစ်ဝိုင်းလုံးက ငြီးငြူသံများ ဆဲဆိုသံများ ူဆူညံစွာ ထွက်ပေါ်လာကြသည်။
တောက်ခေါက်သူက ခေါက်၏။ဖဲချပ်တွေ ပစ်ပေါက်သူက ပေါက်၏။
ထိုးသားတို့၏ ငွေပုံများမှာ ဒိုင် သိမ်းယူခြင်းကို ခံကြရလေ၏။
ထိုသားများသည် မကျေမနပ် ဆူဆူပူပူ ငြူစူလျက် ရှိလှ၏။
သို့ပေမယ့် ကျော်စိုးကတော့ ခပ်ပြုံးပြုံးဖြင့် သူ့ဖဲကို လှန်ပြလိုက်သည်။
” ဟာ တွမ်တီးဝမ်း ”
ဒီတစ်ခါတော့ ဒိုင်က ကျော်စိုး၏ဖဲ တွမ်တီးဝမ်း ဖြစ်နေတာကို ကြည့်၍ မျက်နှာ ရှုံ့တွသွား၏။မရှုံ့ပဲလားလေ။
ကျော်စိုး ထိုးထားသော လောင်းကြေးငွေက အထပ်လိုက်ကြီးမဟုတ်လား။
ကျော်စိုးကို အလျော်ပေးပြီး၊ ကျန်သည့် တစ်ဝိုင်းလုံးကို စားရပေမယ့် ဒိုင်က အိပ်စိုက် လိုက်ရသည်။
ကျော်စိုး ကစားလာသည်မှာ ညဦး ဝိုင်းစတည်ကတည်းက ဖြစ်၏။
တစ်ကြိမ်မှ အလျော်မရသေး။ယခုတစ်ကြိမ်က ပထမဦးဆုံး အလျော်ရခြင်း ဖြစ်သည်။
ကျော်စိုး မြမြဘက်သို့ လှည့်ကြည့်လိုက်သည်။ပြီးတော့ ပြုံးပြ၏။ မမြမြသည် ဒီညအတွက် လာဘ်ကောင်ပါလားပေါ့။
သို့သော် ထိုတစ်ပွဲသာ ကျော်စိုး ဒိုင်ကို အနိုင်ရလိုက်ခြင်း ဖြစ်ပြီး ၊ နောက်ပွဲများတွင် ဆက်တိုက်လိုလို ရှုံးနေပြန်၏။
မြမြကလည်း ကျော်စိုးနောက်မှ ပိုက်ဆံထုတ်၍ လိုက်ထိုးနေခြင်းဖြစ်သည်။သူမ၏ ပိုက်ဆံပင် နှစ်သောင်းလောက် အရှုံးထဲပါသွားပြီ ဖြစ်သည်။
နောက်က လာကြည့်နေသော မြမြပင် ကျော်စိုး၏ ဖဲကို စိတ်ပိန်လာသည်။
ထို့ကြောင့် မြမြက အခေါင်းရှိရာဘက်သို့ လှည့်လိုက်ပြီး…အော်ပြောလိုက်သည်။
” ဦးလေးချိုကြီးရေ ၊ သမီးတို့မောင်နှမကို ဒီအတိုင်း ကြည့်နေတော့မှာလား၊ နည်းနည်းပါးပါး ကူပါဦးနော် ”
ကျော်စိုးက အမဖြစ်သူ မြမြ၏ စကားကြောင့် ရယ်နေ၏။ မြမြက ထိုသို့ပြောပြီး၊ ကျော်စိုးဘက်သို့ လှည့်ကာ ၊
” နင့်နောက်က လိုက်နေတာ ၂သောင်း ပါသွားပြီ။ ဒီတစ်ခါ နောက်ဆုံးပဲဟာ ၊ ကျန်တဲ့ သုံးသောင်း အကုန်ထိုးလိုက်တော့မယ်။ ရှုံးရင်လည်း တက်အိပ်တော့မယ်။ မတတ်နိုင်ဘူး ”
မြမြ ပွဲကြမ်းပြီ။ နှစ်သောင်းပါသွား၍ သုံးသောင်း ချထိုးလိုက်သည်။
အံသြစရာပင် ၊ ထိုအလှည့်တွင် ကျော်စိုးဖဲက နှစ်ချပ်တည်းနဲ့ တွမ်တီးဝမ်း ပွင့်နေ၏။ သူတို့ အလျော်ရလိုက်သည်။
မြမြ အရှုံးကနေ ချက်ချင်း တစ်သောင်း အမြတ်ပေါ်သွားသည်။ မြမြ ထိုင်နေရာမှ ထကာ ထိုပိုက်ဆံဖြင့် အခေါင်းကို တဘုတ်ဘုတ် ပုတ်ကာ ၊
” ဦးလေး သမီးကို အနိုင်ရအောင် လုပ်ပေး ၊ နိုင်ရင် ဦးလေးအတွက် ဂရမ်း ရွှေပတ်တစ်လုံး လမ်းထိပ်က အလင်းဖွင့်တဲ့ စတိုးဆိုင် သွားဝယ်ပေးမယ်၊ အားကိုးမယ်နော် ဦးလေး ”
ဒီတစ်ခါ မြမြသည် ထပ်၍ အခေါင်းကို ပုတ်လာသော သုံးသောင်း ချထိုးလိုက်ပြန်သည်။
ကံကောင်းသည်လား ၊ ဦးချိုကြီးကပဲ ကူနေသလား မပြောတတ်။ မြမြနှင့်ကျော်စိုးတို့ အလျော်ရပြန်သည်။
ဤသို့ဖြင့် မြမြသည် အနိုင် ငါးသောင်းကျော်ရလာလေတော့သည်။ဖဲဝိုင်းက ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
ကစားသမားတွေ ငွေပိုထုတ်လာကြသည်။ ဒိုင်လည်း ဖောင်းလိုက် ပိန်လိုက် ဖြစ်လာ၏။ အလျော် ဆက်တိုက်ရနေသည်ကတော့ ကျော်စိုး နှင့် မြမြတို့ မောင်နှမပင်။
ရေခဲအခေါင်းက ကွန်ပရက်စာလည်သံသည် ပုံမှန်အတိုင်း တဂျီဂျီ အော်မြည်နေပါ၏။
အခေါင်းနံဘေးမှာ အိပ်ပျော်နေသော ဦးကျော်ကြီးသည် ဘယ်ဘက်စောင်းအိပ်နေရာမှ ညာဘက်သို့ ပြောင်း၍ တခူးခူးဖြင့် စက်တော်ခေါ်နေဆဲ ဖြစ်သည်။
ညသည် နက်သထက် နက်လာ၏။
ဖဲဝိုင်းမှာ ရှုံးမဲ မဲသူများကြောင့် လောင်ကြေးများကလည်း ပလူပျံလာသည်။ယခင်ကထက် လောင်းကြေးများကို ပို၍ ဆတိုး ထိုးလာကြ၏။
ထိုအခိုက် မည်သည့်အရပ်က ပေါ်လာသည်မသိ။
ကြောင်တစ်ကောင်သည် ဝုန်းကနဲ အအေးခေါင်းပေါ်သို့ ခုန်တက်လာ၏။
“ဝုန်း!…… ညောင်”
ရေခဲခေါင်းအဖုံးသည် ပါးလွှသော စတီးသားဖြင့် ပြုလုပ်ထားသဖြင့် အသံက လိုသည်ထက် ပို၍ ကျယ်လောင်သွား၏။
ကျော်စိုးဘေးက ထိုင်နေသော မြမြခမျာ သူ့နောက်ကြောဘက်က ဝုန်းကနဲ အသံကြောင့် ထိတ်လန့်ကာ မတ်တပ်ပင် ထရပ်လိုက်မိသည်။
ဖဲဝိုင်းက လူတွေလည်း ကြောင်၏ အလန့်တကြားပြုဟန်ကြောင့် ရေခဲအခေါင်းရှိရာသို့ ခေါင်းများ ငဲ့ကြည့်လိုက်မိသည်။
ထိုအခိုက် လျှပ်စစ်မီးက ပျက်သွားသည်။
ခွေးလေခွေးလွင့်များက မီးပျက်သွားမှပဲ
ရုတ်ချည်း ထအူကြလေသည်။
“ဝူ အု အူး ”
အားလုံးသည် မှောင်မည်းသွားသော အခြေအနေကြောင့် မိမိတို့ရှေ့က ပိုက်ဆံပုံများကို အသီးသီး လက်ဖြင့် အုပ်ထားလိုက်ကြသည်။
ခွေးအူသံကြီးက မသတီစရာ။ အားလုံး ကျောချမ်းသွားကြသည်။အားလုံး၏ မျက်လုံးတွေက ရေခဲအခေါင်းရှိရာသို့ ရောက်သွားကြသည်။
အမှောင်ထဲ၌ ရေခဲခေါင်းပေါ်က အရောင်တောက်ပနေသော မျက်လုံးတစ်စုံကို မြင်တွေ့လိုက်ကြသည်။ခုနက ကြောင်၏ မျက်လုံးများ ဖြစ်လိမ့်မည်။
အားလုံး၏ မျက်နှာတွေက ရေခဲခေါင်းပေါ်က ကြောင်၏ စိမ်းဖန့်ဖန့် မျက်လုံးအစုံကိုသာ ငေးကြောင် ကြည့်နေမိကြသည်။
ထိုမျက်လုံးအစုံသည် ရေခဲခေါင်းပေါ်မှနေ၍ အောက်သို့ ဆင်းချသွား၏။
ကြမ်းပြင် တစ်နေရာအရောက်တွင် ပျောက်ကွယ်သွားသည်။
ထိုအခိုက်၊ ရေခဲခေါင်းအနီးက အရိပ်မည်းကြီးတစ်ခု တဖြေးဖြေး မတ်မတ် ရပ်လာ၏။
ထိုအရိပ်မည်းကြီးက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။အားလုံးသည် အသံမထွက်ရဲ ။ ထိတ်လန့်သွားကြသည်။
အမှောင်ထဲမှာ ဝိုးတဝါး မြင်တွေ့နေရသော ထိုအရိပ်မည်းကြီးကို သူတို့ ကြောက်လန့်နေကြသည်။ဘာကြီးမှန်း မသိ။
ဖဲဝိုင်းထဲက ကြောက်တတ်သော ကိုနိုင်က ကျော်စိုးလက်တစ်ဖက်ကို ဆွဲကိုင်လိုက်ရင်း
” မည်းမည်းကြီးက ဘာကြီးလဲဟ ”
မည်းမည်းကြီးက သူတို့ဖဲဝိုင်းဘက်သို့ လှည့်ကြည့်ဟန်တူသည်။
သို့မဟုတ် ကိုနိုင်၏ အသံကြားရ၍ ထင်၏။သူတို့ ရှိရာသို့ တရွေ့ရွေ့ လှမ်းလာသည်။
အားလုံးက ဆက်ပဲ ထိုင်နေရမလိုလို၊ ထပြီးပဲ ပြေးရမလိုလို တလှုပ်လှုပ် တရွရွ ဖြစ်ကုန်ကြသည်။
ရွေ့လာသော အရိပ်မည်းကြီးကို ကြည့်ရင်း အားလုံး မှင်သက် ငေးမောနေကြစဉ်၊ လျှပ်စစ်မီးချောင်းများ ပြန်လင်းလာ၏။
အရိပ်မည်းကြီးသည် ပျောက်မသွားပါ။
၎င်းအရိပ်မည်းကြီးသည် အိပ်ပျော်နေရာမှ တရေးနိုးလာသော ဦးကျော်ကြီး ဖြစ်နေသည်။
” ဟင် ကျော်ကြီး ”
” ဟာ ဘာများလဲလို့ကွာ၊ ဦးကျော်ကြီးကိုး ”
” ကျော်ကြီးရာ ငါ×÷××× ”
အရိပ်မည်းကြီးသည်၊ အမူးသမား ဦးကျော်ကြီးမှန်း သိလိုက်ကြကာ တစ်ယောက်တစ်ပေါက် ဆဲဆို ရေရွတ်လိုက်ကြသည်။
ကျော်ကြီးက သူတို့ကို အရေးမလုပ်ချေ။သူ့ဗိုက် သူပွတ်၍ မအီမလည် ပြုံးဖြီးဖြီး လုပ်နေ၏။
ဦးကျော်ကြီးက အိမ်ထဲဝင်သွား၏။ခဏအကြာ အိုးသံ၊ပန်းကန်သံများ ကြားလိုက်ရသည်။
တစ်ရေးနိုး ဗိုက်ဆာလာသော အရက်သမား ဦးကျော်ကြီး ထမင်းခူးစားနေခြင်း ဖြစ်လိမ့်မည်။ဦးကျော်ကြီးကား သူ့အိမ် သူ့ယာလိုပင် ။
ဖဲဝိုင်းက ပြန်စလေပြီ။ ကျော်စိုးအနီးတွင် မြမြ မရှိတော့ချေ။
ကျော်စိုးက ပျောက်သွားသော အစ်မ မမြမြအား ဖဲဝိုင်းအနီးတစ်ဝိုက် ရှာကြည့်သေးသည်။မမြမြသည် ဘယ်ပျောက်သွားမှန်း မသိ။ မြမြ က အနိုင်ပိုင်း၍ အိမ်ပေါ်သို့ တက်သွားခြင်း ဖြစ်လိမ့်မည်။
မြမြ မရှိတော့ကတည်းက ကျော်စိုး ဖဲ ပြန်သေနေ၏။အလှည့်တိုင်း အစားခံနေရပြန်သည်။
ခုနက နိုင်ထားသော ပိုက်ဆံအထပ်လိုက်မှာ ခပ်ပါးပါးသာ ကျန်တော့သည်။
ကျော်စိုး အနားသို့ ထမင်းစားပြီး အိမ်ထဲမှ ထွက်လာသော အမူးသမား ဦးကျော်ကြီး ရောက်လာသည်။
ကျော်စိုး၏ နောက်မှ ဖဲလာကြည့်ခြင်း ဖြစ်လိမ့်မည်။
ကျော်စိုးက သူ့အနား လာထိုင်သော ဦးကျော်ကြီးကို လှည့်ကြည့်ရင်း ပြုံးပြလိုက်သည်။
ရေချိုးပျင်းသော ဦးကျော်ကြီး၏ ကိုယ်နံ့က ထောင်းကနဲ နံလာသည်။
မသေခင်က ပုပ်နေသော ဦးကျော်ကြီးအား နှာခေါင်းရှုံ့လိုက်မိသည်။
” ဦးကျော်ကြီး ကျွန်တော် ဖဲနိုင်ရင်၊ ဦးကျော်ကြီးကို အရက်ဖိုး ပေးမယ်နော်။
နောက်ကနေ ဘာဖဲညာဖဲဆိုပြီး အော်မနေနဲ့ဦးဗျ။
ဒိုင်ကြားသွားလို့ ကျွန်တော်ဖဲကို လာဖမ်းနေအုံးမယ်..”
ဦးကျော်ကြီးက ဘာမှ မပြောပဲ၊ ခေါင်းကိုသာ ငြိမ့်ပြသည်။
ဒိုင်က ဖဲဝေလေပြီ။ကျော်စိုး ဒီအလှည့်ကို သိပ်မထင်၍ ထိုးကြေးကို လျော့ထိုးလိုက်သည်။
အရှုံးက ဆက်တိုက်ဆိုသလို ဖြစ်နေတော့ ချွေတာသည့်သဘော။
ဤတွင် မထင်မှတ်ပဲ၊ဦးကျော်ကြီးက ကျော်စိုးအရှေ့က ငွေကိုယူ၍ လောင်းကြေးကို ထပ်တိုးလိုက်သည်။
ဖဲက ဝေပြီးသွားလေပြီ။ဦးကျော်ကြီး ထပ်တိုးထားသော ငွေတို့ကို နုတ်ယူ၍ မရတော့ချေ။ဤကား ဖဲဝိုင်း ထုံးစံပင်။
ကျော်စိုးက ဦးကျော်ကြီးကို ရှုပ်ရန်ကောဟူသော မကြည်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။
ဦးကျော်ကြီးက ပြုံးလည်း မပြုံး၊ အတည်ပေါက်ပင်။
ဝေထားသော ဖဲကို ကြည့်ရန်သာ မေးဆတ်ပြလိုက်သည်။
ကျော်စိုး ဖဲကိုယူ၍ စိတ်မပါစွာ ကြည့်လိုက်သည်။
စပိတ်တစ် နှင့် စပိတ်တစ်ဆယ်။ဖဲက ပွင့်နေ၏။
ကျော်စိုး ဖဲချပ်များကို ဒိုင်ဘက်သို့ လှန်ပြလိုက်သည်။
ဒိုင်က မျက်လုံးပြုး သွားသည်။
ကျော်စိုး ထိုးထားသော လောင်းကြေးငွေက များနေသည်မဟုတ်လား။
ထိုအလှည့် ကျော်စိုး အနိုင်ရကာ ဒိုင်ထံမှ အလျော်ရလိုက်သည်။
ကျော်စိုး သူ၏ နောက်က ထိုင်နေသော ဦးကျော်ကြီးကို အားနာပြုံးလေး ပြုံးပြလိုက်သည်။ပြီးနောက် လက်မလည်း ထောင်ပြလိုက်၏။
” ငါ ငါ့သူငယ်ချင်း ချိုကြီးကို တိုင်တည်လာခဲ့တယ်၊ဖဲနိုင်ရင်တော့ ငါနဲ့ချိုကြီးအတွက် ဂရမ်းရွှေပတ် တစ်လုံး ဝယ်တိုက်နော် ကောင်လေး ”
ကျော်စိုးက ပြုံးပြုံးကြီး ခေါင်းကို ငြိမ့်ပြလိုက်သည်။
နောက်တစ်လှည့်တွင်လည်း ဦးကျော်ကြီးက ထိုးကြေးကို နှစ်ဆတင် လောင်းစေ၏။
ထိုအလှည့်တွင်လည်း ကျော်ကြီးပဲ အနိုင်ရပြန်သည်။
ဤသို့ဖြင့် ကျော်စိုး ဖဲကံကောင်း လာပြန်သည်။အလှည့်တိုင်းနီးပါး အလျော်ရနေ၏။
ခုနက မမြမြ လာ၍ အနိုင်ရသည်။ယခုအခါ ဦးကျော်ကြီး လာထိုင်၍ အနိုင်ရနေပြန်သည်။ နှစ်ယောက်လုံးက သေသူ ဦးချိုကြီး၏ အချစ်ဆုံးတွေ မဟုတ်လား ။
…………….
3,
မြမြ မီးပျက်တော့ ခပ်တည်တည်နဲ့ အပေါ်ထပ်သို့ တက်လာခဲ့သည်။ လက်ထဲတွင် ငွေ ၇ သောင်းကျော် အနိုင်
ပိုက်လာခဲ့သည်။
ဆက်ကစားလျင် နိုင်မည်ဆိုတာ မသေချာ။ နိုင်နေတုန်း လစ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ နိုင်လျင် လမ်းထိပ်က အလင်းဖွင့်သော စတိုးဆိုင်ကနေ ဂရမ်း ရွှေပတ် ဝယ်ပေးမည်ဟူသော ဦးချိုကြီးအား ပေးခဲ့သော ကတိကိုပင် မေ့သွား၏။
အပေါ်ထပ် အခန်းထဲကို ဝင်ခဲ့တော့ အိပ်ယာပေါ်တွင် အတူအိပ်သော ညီမ နီလာခိုင်ကို မတွေ့ရ။ အပေါ့အပါး သွားတာ ဖြစ်လိမ့်မည်။
မြမြ ပိုက်ဆံတွေကို အသေအချာ ရေတွက်၍ ပြန်စီလိုက်သည်။ အရင်းရော အမြတ်ရော သူမ၏ ပိုက်ဆံသည် တစ်သိန်း နှစ်သောင်း ကျော်ရှိ၏။ ပိုက်ဆံများကို စနစ်တကျ စီ၍ ပိုက်ဆံအိတ်ထဲ ထည့်ကာ စားပွဲပေါ်တင်ထားလိုက်၏။
ပြီးနောက် မြမြသည် အိပ်ယာပေါ် ပက်လက်လှန် အိပ်လိုက်သည်။ မျက်နှာပေါ်သို့ မီးရောင်က စူးကနဲ ကျလာပြန်၏။
ခါတိုင်းဆို မြမြတို့ ညီအစ်မသည် မီးပိတ်၍ အိပ်မြဲဖြစ်၏။သို့သော် ယနေ့ည၌ အငယ်မ နီလာခိုင်က ကြောက်သည်ဟုဆိုသောကြောင့် မီးကို ဖွင့် အိပ်ကြခြင်း ဖြစ်သည်။
မြမြ တစ်ဖက်သို့ စောင်း၍ အိပ်လိုက်သည်။ မီးစူးသည့်ဒဏ် သက်သာသွားသည်။ ည၂နာရီခန့် ရှိနေပြီ ဖြစ်သည်။ဤအချိန် ခါတိုင်းဆို ညီအစ်မ ၂ယောက်လုံး သိုးကောင်းနေကြပြီ။ မြမြ၏ မျက်တောင်များက လေးလံလာပြီး ခပ်စင်းစင်း ဖြစ်လာသည်။
” ဖတ် ဖတ် ဖတ် ”
မြမြ မေ့ကနဲ အိပ်ပျော်သွားမလို ဖြစ်နေချိန် ၊ အခန်းတံခါး ဖွင့်သံနှင့်အတူ ခြေသံ တဖတ်ဖတ်ကို ကြားလိုက်ရ၏။
” ကျီ ကျီ ……”
တံခါးပြန်ပိတ်သံ ကြားလိုက်ရပြီး ၊ အခန်းမီးက ငြိမ်းသွားသည်။
” ချောက် ….”
မီးခလုပ် ပိတ်သည့် အသံ ဖြစ်မည်။ အခန်းသည် မှောင်မည်းသွား၏။ပြတင်းပေါက်က ဝင်နေသော လမ်းမီးတိုင်၏ အလင်းဖျော့ဖျော့သာ အခန်းထဲ ရှိတော့သည်။
“ဟွန်း ကောင်မလေး၊ သူလည်း မီးဖွင့်ထားတော့ အတော်နဲ့ အိပ်မရတာ နေမယ်” ဟု မြမြ တွေးလိုက်ရင်း အိပ်ပျော် အောင် ဆက်အိပ်နေလိုက်၏။နီလာခိုင် အခန်းမီးကို ပိတ်လိုက်ခြင်း ဖြစ်မည်။
သူမ၏ ကျောဘက်မှာ နီလာခိုင် ဝင်၍ လှဲလျောင်းလိုက်ဟန် တူသည်။ ကုတင်က သိမ့်ကနဲ တုန်သွား၏။
အမှောင်ထဲတွင် လက်တစ်ဖက်က မြမြ၏ ကျောမကို လာထိ၏။ မြမြ အိပ်ချင်နေတာတောင် တုန်ကနဲ ဖြစ်သွားသည်။ ဘာကြောင့်ဆိုတော့ မြမြ၏ ကျောမကို လာထိသော လက်သည် အေးစက်နေ၍ ဖြစ်သည်။
” ကောင်မလေး လက်ကို အကြာကြီး ဆေးနေပုံရတယ် ၊ သူ့ လက်က အေးစက်နေတာပဲ ..” ဟု တွေးလိုက်ပြန်၏။
ဆောင်းတွင်လည်း ဖြစ်သလို ၊ အိမ်သာတက်အပြီး ရေအကြာကြီး ထိတွေ့လာခဲ့သော လက်က အေးစက်နေ၏။
လက်ကို ကျောမနဲ့ မထိအောင် ဖယ်ရှားလိုက်ပြီး ဆက်အိပ်လိုက်ပြန်သည်။
တခဏ အကြာ ၊ မြမြ၏ နှာခေါင်းထဲသို့ ၊ အလွန်ဆိုးရွားသော အပုပ်နံ့ကြီး ဝင်ရောက်လာပြန်သည်။ အနံ့သည် ဆိုးဆိုးဝါးဝါး နံ့ဟောင်နေ၏။
မြမြ အော်ဂလီဆန်လာ၏ ။ စောင်ကို ခေါင်းပေါ် ယူခြုံ ပစ်လိုက်သည်။ တစ်ကိုယ်လုံး စောင် ခေါင်းမြီးခြုံထားလိုက်ခြင်း ဖြစ်သည်။ သို့သော် အနံ့ဆိုးကြီးက ပျောက်မသွားပေ။
မြမြ အသံထွက်၍ ပြောလိုက်မိသည်။
” ဟဲ့ နီလာ ၊ နင် အကျင့်ပုတ်လိုက်တာအေ။ နင် လေလည်တဲ့ အနံ့ကြီးက ပုပ်ဟောင်နေတာပဲ ၊ ခေါင်းတောင် မူးတယ် ၊သွား အိမ်သာ ပြန်တက်ချည် ”
မြမြကသာ ပြောနေ၏။ နီလာခိုင်က တုပ်တုပ်မျှပင် မလှုပ်ချေ။ ပြန်မပြောရကောင်းလားဆိုပြီး ၊ မြမြက စိတ်တိုစွာ နီလာခိုင့်ဘက်သို့ လှည့်လိုက်ပြီး စောင်ကို ဖွင့်ကြည့်လိုက်သည်။
နီလာခိုင်သည်လည်း သူမလိုပင် စောင်ကို ခေါင်မြီးခြုံ အိပ်နေ၏။ မျက်နှာကို မမြင်ရပေ။
” အေး ဒီတစ်ခါ လေလည်ရင် ၊ ငါ နင့်ကို ကုတင်ပေါ်က ကန်ချမှာနော် အငယ်မ ”
အနံ့က မပျောက်သေး ။ ပုပ်အဲ့အဲ့အနံ့ကြီးက ဆိုးဝါးလှ၏ ။
သူမ ပြောနေတာကို အငယ်မ နီလာခိုင်က အရေးမလုပ်သည့်အခါ မြမြ စိတ်တိုသွား၏။
အနံ့ကလည်း ပို၍ ပို၍ ဆိုးဝါးလာသည်မို့ မြမြ သည်းမခံနိုင်တော့ ။
နီလာခိုင် ထပ်၍ လေလည်သည်ဟု အောက်မေ့ကာ စိတ်တိုစွာဖြင့် စောင်ခြုံကြီးထဲက နီလာခိုင်ကို ကုတင်ပေါ်က ကန်ချလိုက်တော့သည်။
ကုတင်ပေါ်ကနေ အောက်သို့ ဘုတ်ကနဲ ပြုတ်ကျသွားသည်။
မြမြသည် လူကို ကန်သလို မခံစားရဘဲ၊ စောင်ပုံကြီးကို ကန်လိုက်မိသလို ခံစားလိုက်ရသည်။
လူကို မကန်မိပဲ စောင်ပုံကြီးကို ကန်မိတာလားဟု ဇဝေဇဝါ ဖြစ်သွားသည်။
အလန့်တကြား မြမြ ထထိုင်လိုက်ရင်း ကုတင်အောက် ကျသွားသော စောင်ပုံကြီးကို ကြည့်လိုက်သည်။
မြမြ ကြည့်လိုက်မှပဲ ကြမ်းပြင်ပေါ် ကျသွားသော စောင်ပုံကြီးသည် တဖြေးဖြေး ကြွတက်လာသည်။
စောင်ပုံကြီးသည် ခုနကလို ခေါင်မြီးခြုံထားသော လူတစ်ယောက်နှယ်။
မြမြ သည် စောင်ခြုံကြီးက သူမဘက်သို့ စူးစိုက်ကြည့်နေသလို ခံစားလိုက်ရ၏။
ရုတ်တရက် စောင်ခြုံကြီးသည် မြမြဘက်သို့ တိုးကပ်စွာ အက်ကွဲတိုးရှသောလေသံဖြင့် ၊
” နင်…ကတိ မတည်ဘူး ၊ငါ့ကို အရက် ဝယ်ပေးမယ်ဆို ၊ အရက် ဝယ်ပေးပါ ….”
မြမြ ကြောင်အမ်းအမ်း ဖြစ်နေသည်။ အိပ်မက်လိုလို တကယ်လိုလို ဝေတိဝေဝါး ခံစားနေရသည်။
စောင်ပုံကြီးသည် ထိုသို့ သတိပေးပြီး မြမြကို ဘာမှ မလုပ်ပဲ အခန်းဝသို့ လူတစ်ယောက် လမ်းလျှောက်သွားသကဲ့သို့ ရွေ့လျားသွားသည်။
စောင်ခြုံကြီးသည် အခန်းတံခါးကို ဖွင့်လိုက်ဟန်တူသည်။ တံခါးသည် တကျီကျီနှင့် ပွင့်သွား၏။
ထိုအခါမှ စောင်ခြုံကြီးသည် ဝုတ်ကနဲ ကြမ်းပြင်ပေါ်သို့ အတိုင်းသား ပုံကျသွားပြီး ၊ အခန်းတံခါးလည်း ပြန်ပိတ်သွားလေ၏။
မြမြ အော်ပါလေတော့သည် ။
” အံမယ်လေး သရဲ သရဲ ၊ အမေရေ ကယ်ပါအုံး ”
……………………….
4.
မြမြ သရဲ အခြောက်ခံရသည်။ တစ်အိမ်လုံး အိပ်မရတော့ပေ။ မြမြအား ဘုရားကျောင်းဆောင်မှ ရေတော်ဖြင့် မျက်နှာကို ပက်ဖျန်းကြသည်။
သိမ်းထားသော ပရိတ်ရေတို့ကို တိုက်ကြသည်။ မြမြကား ငိုနေဆဲပင်။
” အငယ်မ (နီလာခိုင်)က ကြောက်တတ်တယ်လေ ၊ တရေးနိုးလာတော့ သူ့ အစ်မကို မတွေ့ရတော့ ကြောက်ပြီး၊ အမေတို့အိပ်ယာထဲ လာအိပ်တယ်လေ။ မကြောက်တတ်တဲ့ အကြီးမကိုမှ ခြောက်ရတယ်လို့ဟယ် ၊ နေပါအုံး ညည်းက ညဦးပိုင်းက ဘယ်ထသွားတာတုန်း”
မြမြက ငိုရှိုက်ရင်း ၊
” သမီးက အဲ့တုန်းက အောက်ထပ်က ဖဲဝိုင်းမှာ ၊ ကျော်စိုး နောက်ကနေ ပိုက်ဆံလိုက်နေတာ ။ မီးပျက်တော့မှ အိမ်ပေါ် ပြန်တက်လာတာ အင့်ဟစ်ဟီး ”
ဤတွင် အရက်သမား ကျော်ကြီးက ဝင် ပြောလိုက်သည်။
” အစ်မသမီး သရဲ ခြောက်ခံရမှာပေါ့၊ ကတိမှ မတည်ပဲလေ ။ ချိုကြီး အခေါင်းကို ပိုက်ဆံတွေနဲ့ ပုတ်ပြီး ၊ သူ ဖဲနိုင်အောင် လုပ်ပေးပါ ၊ ဖဲနိုင်ရင် ဂရမ်း ရွှေပတ် တစ်ပုလင်း ဝယ်တိုက်ပါ့မယ်လို့ ကတိပေးသွားတာလေ ။ ဖဲနိုင်တော့ ဘယ်ပျောက်သွားမှန်းတောင် မသိလိုက်ဘူး ၊ အဲ့တာ ချိုကြီး လာခြောက်တာနေမှာ အစ်မ ”
ထိုအခါမှ မြမြသည် သူမ၏ ကတိကို သတိရသွားပြီး ၊
” ဟင် ! ဒါကြောင့်ကိုး …၊ သရဲက သူ့ကို အရက် ဝယ်တိုက်ပါလို့ သမီးကို ပြောသွားတယ် အမေ ”
အမေက ကျော်ကြီးဘက်ကို မျက်စောင်းထိုးကြည့်ရင်း …
” ဟယ် သရဲက အရက်တိုက်ပါလို့တော့ ပြောမယ်မထင်ပါဘူး သမီးရယ် ၊ ညည်း အိပ်မက် မက်တာ နေမှာပါ ”
မြမြက ခေါင်းတခါခါဖြင့် ၊
” မဟုတ်ဘူး မေမေ ၊ သမီး သေချာ ကြားလိုက်တာ ၊ သမီး ဦးလေးချိုကြီးကို ဖဲနိုင်ရင် အရက်တိုက်မယ်လို့ ကတိပေးထားတယ် ၊ ဟုတ်တယ် ဟုတ်တယ်၊
(မြမြက သူ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို ထုတ်ယူ၍ ) ရော့ ဦးကျော်ကြီး လမ်းထိပ်က စတိုးဆိုင်ကနေ ဦးလေးချိုကြီးအကြိုက် ဂရမ်း ရွှေပတ် တစ်လုံး သွားဝယ်ပေးလိုက်နော် …”
မြမြသည် ဦးကျော်ကြီးအား အရက်ဖိုး ထုတ်ပေးပြီးနောက် ၊ ရေခဲအခေါင်းရှိရာသို့ သွား၍
” သမီး ခုနက မေ့သွားတာကို ဗွေမယူနဲ့နော် “လို့ တောင်းပန်နေ၏။
အရက်သမား ကျော်ကြီးကတော့ မြမြပေးသော ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်သွားရင်း လမ်းထိပ်ဘက်ကို အရက်ဝယ် ထွက်သွားလေ၏။
အကယ်၍များ အရက်ဝယ်ထွက်သွားသော ဦးကျော်ကြီးရဲ့ ကျေနပ်နေသော အပြုံးကို တမလွန်က သူ့ သူငယ်ချင်း ဦးချိုကြီးသာ တွေ့နိုင်မယ်ဆိုရင် ဖြင့် …
အောက်ပါအတိုင်း ပြောလိမ့်မည် ထင်ရပါလေ၏။
” တတ်လည်း တတ်နိုင်ပါ့ ကျော်ကြီးရာ”
ပြီးပါပြီ ။
ပီပီ(မန္တလေး)
၂၃၊၇၊၂၀၂၀
လေးစားစွာဖြင့်
#Credit……..
#crd