အလှည့်ကျတော့ မနွဲ့ရပါ

Posted on

အလှည့်ကျတော့ မနွဲ့ရပါ(စ/ဆုံး)

———————–

ပင်စင်စား တယောက်၏ ဘဝကို ဘယ်လိုရင်ဆိုင်ရမည် ဆိုတာ ဦးချမ်းသာ အမြဲတွေးမိသည်။ သူသည် ယခုနှစ်ထဲတွင် အသက်ခြောက်ဆယ် ပြည့်ပြီ။ ပင်စင်စား ဆိုသည်က အင်္ဂလိပ်စကား Pension ဖြစ်သည်။ မြန်မာလို အငြိမ်းစား။ ဒါပေမဲ့ “ပင်စင်ယူပြီ” “ပင်စင်စား” ဟူသော စကားလုံးများသည် မြန်မာဝေါဟာရဖြစ်၍ နေပေသည်။

အစိုးရအမှုထမ်း ဘဝမှ သက်ပြည့်ပင်စင် ရခဲ့လျှင် အငြိမ်းစား ရပြီပဲ။ နာမည်ကတော့ “အငြိမ်းစား”၊ လှပငြိမ်းချမ်းလှသည်။ အမှုထမ်းတိုင်းသည် အသက် ၆၀ ပြည့် အငြိမ်းစားရလျှင် တကယ်ပဲ ငြိမ်းချမ်းသွားပြီလား။ “အငြိမ်းစား” ဘဝကို ရသွားပြီလား။ သူသည် ခဏခဏတွေး၍ သူ၏ လုပ်ဖော်လုပ်ဖက်များ အကြောင်းကိုလည်း တွေးသည်။

ဦးခဆိုလျှင် ရုံးအုပ်ဘဝက တော်လွန်း၍ အတွင်းဝန်လေး ဘဝကို ဘီစီအက်စ် မဖြေရဘဲ ရသူ။ ဒီတုန်းက သူက ဦးခ လက်အောက်မှာ စာရေးကြီးဘဝ။ ထိုခေတ်က ဖော့ဦးထုပ်လေးကို ရင်ဘတ်မှာခုရင်း ဦးခ အလုပ်လုပ်သည်ကို မြင်ရသည်။ အတွင်းဝန်များက ခေါ်လိုက်လျှင် အဆင်သင့် ဖြစ်အောင် ကြိုးကြိုးစားစား ပြင်ဆင်နေသည်မှာ ဖိုင်တွဲတွေကြားမှာ တကုန်းကုန်းနှင့် ဦးခ ခါးဆန့် နေသည်ကို မမြင်ရပေ။ အစားအသောက်ကိုပင် အချိန်မှန် ဦးခ မစားနိုင်။ ကြာတော့ လေနာရောဂါ ထလာသည်။ လေနာထက် အစာအိမ်ရောဂါ ဆိုလျှင် မှန်မည်။ အလုပ်လုပ်ရင်း ရင်အောင့်သည်ကို ဖော့ဦးထုပ်နှင့် ခုကာ အလုပ်ဆက်လုပ်သည့် ဦးခ။ ပင်စင်ယူပြီးတော့ ၃ နှစ်လောက် အကြာတွင် (?) မိတ်ဆွေတွေက ပြောကြသည်။ “ပင်စင်နာ” ဆိုတာ ဒါပဲတဲ့။ အမှန်တော့ “ပင်စင်”က အင်္ဂလိပ်စကား အငြိမ်းစားဟု အဓိပ္ပာယ်ထွက်သည်။ “နာ” က မြန်မာစကား၊ အနာရောဂါကို ဆိုလိုသည်။ ပင်စင်ရလျှင် သို့မဟုတ် အငြိမ်းစား ယူလျှင် ရသော ရောဂါ၊ “Pension disease” ကို ဆိုလိုရင်း ဖြစ်သည်။ အစိုးရအမှုထမ်း အဖြစ် နှစ်ပေါင်းလေးဆယ် ပတ်ဝန်းကျင်မှာ နေ့စဉ်ရုံးတက်၊ ဝမ်းတခါးနှင့် မိသားစုအတွက် အလုပ် လုပ်ရသည်မှာ သက်သာလှသည် မဟုတ်။ အရွယ်က နုပျိုဖျတ်လတ် နေသေး၍သာ ပင်ပန်းမှန်း မသိ၊ အချိန် ကုန်လွန်ခဲ့ရသည်။ ယခု အိုချိန် ရောက်လာပြီ။ တသက်လုံး တကုပ်ကုပ် လုပ်လာခဲ့ရသမျှ နားပါပြီ၊ အငြိမ်းစား နေရပါပြီ ဆိုကာမှ ဒီ “ပင်စင်နာ” ဆိုတာက ဘယ်လို ဖြစ်လာရတာလဲ။

ဦးခတွင် မဟုတ်။ သူ့အသိ စာရေးတွေ၊ ရုံးအုပ်ကြီးတွေ၊ အရာရှိတွေ များသောအားဖြင့် သက်ဆိုးမရှည်။ ပင်စင်ယူပြီး မကြာခင် ကွယ်လွန်ကြသည်။

ဒီအကြောင်းတွေ တွေးမိတော့ သူ မပျော်။ ပင်စင်ယူရမှာပင် ခပ်ကြောက်ကြောက် ဖြစ်လာသည်။

“အမှန်ကတော့ဗျာ စိတ်ပါပဲ။ နေ့စဉ် ကျွန်တော်တို့ ရုံးတက်၊ အလုပ် လုပ်၊ ဝင်ငွေမှန်မှန်နဲ့ အိမ်ထောင်ဦးစီးပေါ့ဗျာ။ ကျွန်တော်တို့ ဝင်ငွေနဲ့ အိမ်ထောင်ကို ကျွေးမွေးနေနိုင်တော့ ဒီအိမ်ထောင်ရဲ့ ဦးစီးအဖြစ် မိသားစုရဲ့ လေးစားမှုကို ခံရတာပေါ့ဗျာ။ ပင်စင် ယူလိုက်တယ် ဆိုရင်ပဲ ကျွန်တော်တို့မှာ ဝင်ငွေမရှိတော့ ကျွန်တော်တို့ဘာသာ စိတ်ဓာတ်အလိုလို ကျလာတာလည်း ပါတယ်။ အလုပ် တခုခုကို မိသားစုက သူတို့ဘာသာ လုပ်နေကျ လုပ်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့နှင့် စိတ်ချင်း အခန့်မသင့်တာ လုပ်မိရင် အရင်က ဘာမှမဖြစ်ပေမယ့် အခု ပင်စင်ယူပြီးတော့ ကျွန်တော်တို့ စိတ်ကိုက “ဒါ ငါ့ကို ကလန်ကဆန် လုပ်တာ၊ ပမာမခန့် လုပ်တာ၊ ငါ ငွေမရှာနိုင်တော့လို့” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျတာဗျ။ အဲဒါ ပင်စင်နာပဲ”

သူ့အရင် တနှစ်စောပြီး ပင်စင်ယူသွားသော ရုံးအုပ်ကြီး ကိုဘဦးက ပင်စင်နာကို ဒီလိုပဲ အနက်ဖွင့်ဆိုသွားသည်။

“လူဟာ အလုပ်လုပ်မှ နေတတ်တဲ့ သဘာဝ လူမှာ ရှိတယ်ဗျ။ နေ့စဉ် ကျွန်တော်တို့ ရုံးတက်၊ အလုပ်လုပ်နေရင်း ကျွန်တော်တို့ ဘဝတွေကို ဖြတ်သန်းလာရတာ၊ အချိန်ကုန်မှန်းမသိ ကုန်ရတာ၊ တော်ရုံတန်ရုံ နေမကောင်းလည်း ကုန်းထပြီး ရုံးတက်၊ အလုပ်လုပ်ရင်း ရောဂါက ပျောက်သွားရရော။ ပင်စင်ယူပြီး အလုပ်က နားလိုက်တော့ ငူတူတူ ငိုင်တိုင်တိုင် ကြောင်တက်တက်နဲ့ ဘာလုပ်ရမှန်း မသိ။ နေမကောင်းလည်း အိပ်ရာထဲက မထချင်တော့ဘူး။
တခါတည်း စိတ်ဓာတ် ကျသွားတော့တာပဲ။ အဲဒါကနေ ပင်စင်နာ ဖြစ်သွားတာ”

အငြိမ်းစား အတွင်းဝန်လေး ဦးစိန်မောင်ကတော့
တမျိုး အဓိပ္ပာယ်ပေးသည်။

သူတို့ ဘယ်လိုပဲပြောပြော အငြိမ်းစားဆိုသော ဘဝကို သူ နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့မည်။ ပင်စင်နာ ဆိုတာတော့ မဖြစ်ပါရစေနဲ့။

သူ ပင်စင်ယူရသည့်နေ့ ရောက်လာပြီ။ ရုံးမတက်ရသော နေ့။ ဟုတ်တော့ ဟုတ်သား။ ဟာတာတာနှင့် ဇနီးသည် ဒေါ်စိန်ရင် ထမင်းခူးကျွေးသည်ကို စားပြီး ဘာဆက်လုပ်ရမှန်း မသိ။ ယခင်ကဆို အဝတ်အစားလဲပြီး ရုံးကို ထွက်သွားနေကျ။ ယခုတော့ အိမ်ရှေ့ ဧည့်ခန်းတွင် ပက်လက်ကုလားထိုင်မှာ သူ ထိုင်နေသည်။

သူတို့အိမ်မှာ သားကြီး တယောက်ပဲ အစိုးရအမှုထမ်း လခစား လုပ်သည်။ သမီး နှစ်ယောက်က ၁၀ ရပ်ကွက်ဈေးမှာ အထည်ဆိုင် ဖွင့်ထားသည်။ ယခုအချိန် အားလုံး အိမ်မှာ မရှိကြ။ သူသည် ပျင်းရိသလား၊ ငြီးငွေ့ လေသလား တခုခုတော့ ဖြစ်နေသည်။

“လက်ဖက်လေး စားလိုက်ဦး”

ဒေါ်စိန်ရင်က စားပွဲခုံပုလေး သူ့အနား ရွှေ့လာကာ လက်ဖက်ခွက်နှင့် ရေနွေးကြမ်းအိုးကို တင်လိုက်သည်။ ပန်းကန်ထဲ ရေနွေးကြမ်းကို ငှဲ့ထည့်ပေး၏။ သူသည် အထူးအဆန်းသဖွယ် ဒေါ်စိန်ရင် မျက်နှာကို မော့ကြည့်၏။ တကယ်လည်း ထူးဆန်းပါသည်။ ရုံးတက်နေရစဉ်က ထမင်းစားပြီး ရုံးအမီ ပြေးတက်ရသည်။ ယခုလို စိတ်အေးလက်အေး နားနေချိန်မရ။

“ကိုချမ်းသာကို ကြည့်ရတာ တခုခု ဖြစ်နေသလိုပဲ။ ဘာကို စဉ်းစားနေတာလဲ”

သူသည် ရေနွေးကြမ်းပန်းကန်ကို မော့သောက်လိုက်ရင်း ပြုံးလိုက်၏။

“စဉ်းစားစရာ ဘာမှမရှိလို့”

သူ့စကားကြားတော့ ဒေါ်စိန်ရင်က ရယ်သည်။

“နေ့တိုင်း ဖိုင်တွဲတွေကြား တကုပ်ကုပ် အလုပ်ရှုပ်နေရတာ၊ ခုလို ရုတ်တရက် ဘာမှမလုပ်ရဘဲ နားလိုက်ရတော့ ကြောင်တက်တက် ဖြစ်မှာပေါ့။ လက်ဖက်လေး ဘာလေးစား၊ တရေးတမော အိပ်၊ အငြိမ်းစား ဆိုတဲ့အတိုင်း အငြိမ်းစားလိုက်” ဒေါ်စိန်ရင် ပြောသည်မှာ မှန်သည်။ သူသည် အငြိမ်းစား ရတော့မည်။

“ကိုချမ်းသာမှာ ဘာပူစရာရှိလဲ။ ပင်စင်ယူချိန်မှာ ကျွန်မတို့ သားသမီးတွေ အလုပ်ကိုယ်စီနဲ့။ ပြီးတော့ ဒီအိမ်လေးက ကျွန်မတို့ အပိုင်လေး။ ရုံးအုပ်တယောက် အငြိမ်းစား ယူချိန်မှာ ကိုယ်ပိုင်အိမ်နဲ့ နေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး”

ဟုတ်ပါ့။ တကယ်တော့ ဒေါ်စိန်ရင်သည် အားတက်ဖွယ် စကားကို ဆိုတတ်သူပါတကား။ စကားတင် ဆိုတတ်သူမဟုတ်၊ သူ ရှာရသမျှကို ကြံတတ်၊ ဖန်တတ်သော မိန်းမတယောက်။ ၉ တန်းမှာ ကျောင်းဆက်မတက်တော့ဘဲ သူ့အမေကုန်စုံဆိုင်ကို ကူထွက်ပေးရင်းမှ ကိုချမ်းသာ နောက်ကို လိုက်လာသူ။ အရောင်းအဝယ်ဗီဇ နဂိုကတည်းက ရှိသည်။ သူတို့ တောင်ဥက္ကလာ ၉ ရပ်ကွက်ကို ပြောင်းလာစဉ် ဒီမြေကွက်ပေါ်မှာ ဓနိမိုးထရံကာ တဲလေးနှင့်ပဲ နေရသည်။ ဒီကတည်းက ဒေါ်စိန်ရင် အိမ်ဆိုင်လေး ဖွင့်သည်။ အထည်တွေ လပေး ပေးသည်။ သူ ရုံးအုပ်ကြီး ဖြစ်လာတော့ ၁၀ ရပ်ကွက်ဈေးထဲ ဆိုင်တခန်း ယူကာ သမီးတွေနှင့် ဈေးအတူ ထွက်သည်။ သမီးတွေကို ဆယ်တန်းအောင်ပြီး ကျောင်းဆက်မထား။ သားတယောက်ကိုပဲ ဒီဂရီ ရအောင် ထားပေးသည်။ ခုမှ သမီးကြီးကို ဆိုင်လွှဲကာ သူ အိမ်မှာနေသည်။

သူသည် ကုလားထိုင်နောက်ကို မှီလိုက်၏။ မျက်နှာကြက်ကို မော့ကြည့်မိ၏။ မျက်နှာကြက်မှာတောင် ကျောက်ပြား ကပ်ထားသည်။ ယခုအိမ်လေးသည် သွပ်မိုးပျဉ်ထောင်ကာ ဖြစ်နေပေပြီပဲ။

“ကျွန်မတခု ပြောချင်တယ်”

​ဒေါ်စိန်ရင် ဆက်မည့်စကားကို သူ စူးစိုက်နားထောင် နေ၏။ အရောင်းအဝယ် တခုခု သူ့ကိုဆက်၍ လုပ်ခိုင်းလေမည်လား။

“ခု ၁၀ ရက်လောက်တော့ ဘယ်သွားချင်လဲ။ လည်ချင်၊ ပတ်ချင်တာ ရှိရင် သွားပေါ့။ ပြီးတော့ ကိုချမ်းသာအတွက် အကောင်းဆုံး အလုပ်တခု လုပ်စေချင်တယ်”

“ဘာလုပ်ရမှာလဲ”

“မဟာစည် သာသနာ့ရိပ်သာကို သွားစေချင်တယ်။ တလလောက် ဝိပဿနာတရားကို အားထုတ်ပေါ့။ ကိုချမ်းသာ တသက်လုံး တကုပ်ကုပ်နဲ့ သားကျွေးမှု၊ မယားကျွေးမှု ရှာဖွေလိုက်ရတာ၊ ပင်ပန်းခဲ့ရတာ ခုမှ နားရပြီလေ။ ခုမှ ကိုချမ်းသာ ဘဝအတွက် အသုံးချရမယ့် အချိန်ရောက်လာပြီ”

ဟုတ်ပါ့။ သူသည် မိုးလင်းလုထိ သူတို့မိသားစုဇာတ်များ ကပြလာခဲ့သည်။ ယခုတော့ ဒေါ်စိန်ရင် အခန်းကဏ္ဍ ရောက်လာပြီ။ ဒေါ်စိန်ရင် ဆက်လက် ကလိမ့်မပေါ့။

သူသည် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။ အလုပ် လုပ်စဉ်က ဒီတရားကို အားထုတ်ချင်တာ၊ ခွင့်မရ၍ အားမထုတ်ဖြစ်။ ဒေါ်စိန်ရင် အကြံဉာဏ်ကို လက်ခံလိုက်သည်။ ပင်စင်စားဘဝကို ဘယ်လို ရင်ဆိုင်ရမည်ကို ဒေါ်စိန်ရင်က လမ်းစ ဖော်ပေးလိုက်သည်။

ပြည်ဖုံးကား ချလိုက်သည် မဟုတ်သော်လည်း ဦးချမ်းသာ စခန်းကတော့ တခန်းရပ်သွားပြီ။ ဒေါ်စိန်ရင် ဆက်လက်လှုပ်ရှားမှုကို သမီးတွေက ဝေဖန်လာသည်။ ဒေါ်စိန်ရင်သည် ရိပ်သာကို သူကိုယ်တိုင်တော့ မသွား။ ဦးချမ်းသာ ကြိုက်တတ်သည်ကို
တခုခုလုပ်ကာ သားကြီးရုံးသွားလျှင် ပို့ခိုင်းသည်။ သားကြီးကိုဖြိုးက ယခင်နေ့တွေထက် အိမ်မှ စောစောထွက်ကာ ရိပ်သာ ဝင်၊ အစားအသောက် ပို့၊ ရိပ်သာမှတဆင့် ရုံးဆက်သွားရသည်။

သမီးကြီးက ဈေးထွက်ဖို့ အစောကြီး ထွက်သွားသည်။ သမီးငယ်က သူနှင့်အတူ ကူညီချက်ပြုတ်ပြီးမှ ထမင်းချိုင့်နှင့် ဈေးကို လိုက်သွားရသည်။

“အမေကလည်း ရိပ်သာက ကျွေးတယ်လည်း ဆိုသေးရဲ့၊ ကိုကြီးနဲ့ အစားအသောက်တွေ ပို့ရတာလည်း မနည်းဘူး”

မနက်စာ ဒေါ်စိန်ရင် အစောကြီး ထ၍ချက်လျှင် သူ့ သမီးကြီးက ပြောသည်။

“သမီးတို့ မသိပါဘူး။ တရားအားထုတ်တဲ့ ယောဂီဟာ သူ ကြိုက်နှစ်သက် အလျဉ်းသင့်တဲ့ အစားအစာကိုလည်း စားရတယ်။ ဒါမှ တရားတက်တယ်။ ရိပ်သာက ကျွေးတာ အများစာလေ။ ကြိုက်တာလည်း ပါ။ မကြိုက်တာလည်း ပါ”

သမီးများသည် ဒေါ်စိန်ရင်ကို ဘာမှ မပြောကြတော့။ တလ ပြည့်ခါနီး ရက်များမှာတော့ ဒေါ် စိန်ရင် လက်သမားများနှင့် အလုပ် ရှုပ်နေသည်။ သားတွေ၊ သမီးတွေက သိချင်လှပြီ။

“အမေ ဘာလုပ်မလို့လဲ”

“သမီးတို့အဖေ တလကြာရင် ပြန်လာမယ်လေ”

ခု တလပြည့်ခါနီးပြီ။ သူ့အိပ်ခန်းကို ခြင်ဆန်ကာ တပ်ပေးရမယ်။ သူ သက်သောင့်သက်သာ နေရတာပေါ့”

သမီးနှင့် သားတွေ တယောက်မျက်နှာ တယောက် ကြည့်ကြသည်။ ကိုဖြိုးမျက်နှာကတော့ ပြုံးရွှင်သွားသည်။ သူ့အတွက် ကောင်းကွက်ဆိုက်လာသည်။ ဒေါ်စိန်ရင်က သမီးများနှင့် ခြေရင်းဘက် အိပ်ခန်းမှာ အိပ်သည်။ သူက အဖေနှင့် ခေါင်းရင်းဘက် အခန်းမှာ အိပ်ရသည်။ အဖေက ကုတင်ပေါ်မှာ အိပ်လျှင် သူက ကြမ်းပေါ်မှာ အိပ်ရသောကြောင့် အိပ်ခါနီးမှ အိပ်ရာပြင်၊ ခြင်ထောင်ထောင်ရသည်။

“ငါတော့ ခြင်ထောင် ထောင်ဖို့ မလိုတော့ဘူး”

ကိုဖြိုးက ဝမ်းသာအားရ ပြောလိုက်၏။ သမီးကြီး စိုးစိုးက တစုံတရာ ပြောလိုဟန်နှင့် ပါးစပ်ပြင်ပြီးမှ ဘာမှမပြော။ တိုးတိုး ကမူ ဤအရေးအခင်းများတွင် ဘာမှ ပါဝင်စွက်ဖက် လိုဟန်မရှိ။ သူက အမေ့ကို ထမင်းကူချက်ပြီး ထမင်းချိုင့်ဆွဲကာ ဈေးသွားရတာ ပျော်သည်။ အထည်ဆိုင်မှာ ဝယ်သူတွေနှင့် ရောင်းရ၊ ဝယ်ရတာ ပျော်သည်။

ဦးချမ်းသာက တလပြည့်တော့ ပြန်လာသည်။

“ဉာဏ်စဉ်တော့ နာခဲ့ရပါပြီ။ ဒါပေမယ့် ဒီတရားက ဆီပွတ်ကျည်ပွေ့လို မပြတ်အားထုတ်ဖို့ လိုတယ်။ ငါ့မှာ ဘာအလုပ်မှ မရှိဘဲ။ ဒီတော့ နေ့ယောဂီ ဆက်လုပ်ချင်တယ်” ဦးချမ်းသာက သူ့ဆန္ဒကို ပြောပြ၏။ ဒေါ်စိန်ရင်က သဘောတူသည်။ နံနက်စောစော ပဲပြုတ်နှင့် ထမင်းစားပြီး ဦးချမ်းသာ ရိပ်သာကို ထွက်သွားသည်။ ညပိုင်း ၇ နာရီလောက်မှ အိမ်ပြန်ရောက်သည်။ သားကြီးကိုဖြိုးက ခါတိုင်းလိုပဲ ထမင်းချိုင့်ဆွဲကာ စောစော အိမ်မှ ထွက်၊ ရိပ်သာရှိ အဖေ့ဆီ ဝင်ပို့ခဲ့ကာ ရုံးဆက်သွားသည်။ ဦးချမ်းသာအဖို့ ယခုမှ ချမ်းသာတော့သည်။ ကိုဖြိုးတယောက် အဖေ့ကြောင့် သူ ခြင်ထောင် ထောင်ရသောအလုပ် ငြိမ်းသွားသည်ကိုပဲ အဖေ့ကို ကျေးဇူးတင်မိသည်။

တညတော့ ဦးချမ်းသာ ကောင်းကောင်းမအိပ်။ ကိုဖြိုးကလည်း အိပ်မရ။ နံနက်မိုးလင်းတော့ အဖေ ရိပ်သာထွက်သွားသည်။ အဖေ့ ကုတင်ကို ခြင်ထောင် မ’တင်၍ အိပ်ရာပြင်လိုက်သည်။ ခြင်ထောင်မှာ ကြမ်းပိုးတကောင်၊ ကုတင်ကို ကြည့်တော့ ဘောင်အစပ်မှာ ကြမ်းပိုးတွေ။ ဒါကြောင့် အဖေညက အိပ်မပျော်တာ။ သူလည်း ညက ခဏခဏ ယားသည်ကို သတိရသည်။

“အမေရေ အဖေ့ကုတင်မှာ ကြမ်းပိုးတွေ” ကိုဖြိုးက အော်ကြီးဟစ်ကျယ် ပြောသည်။

“ညက အဖေလည်း မအိပ်နိုင်ဘူး၊ သားလည်း ယားတယ်။ အဖေက ဘာမှ မပြောဘူးဗျာ။ ရိပ်သာ ထွက်သွားတာပဲ”

“ဥပုသ်ကြီးနဲ့ ဘယ်ပြောကောင်းမလဲ။ ဘာကိုက်ကိုက် သည်းခံရတာပေါ့။ ကိုဖြိုးက ရုံးကအပြန်မှဆို အချိန်မရဘူး။ အမေ ထမင်းချက်ပြီး လုပ်ချင်တယ်။ အခု သား ဈေးဘက် လျှောက်လိုက်၊ ပိုလို ကြမ်းပိုးသတ်ဆေး သွားဝယ်စမ်း၊ အမေနဲ့ တိုးတိုး ထမင်းချက်ပြီး လုပ်မယ်”

အမှန်တော့ ထမင်းချက်ပြီး ကုတင်ကိုသာ တိုးတိုးက ကူဖြုတ်ပေးသည်။ အသေးစိတ် လုပ်တာက ဒေါ်စိန်ရင် ဖြစ်သည်။ စဉ့်အင်တုံထဲ ရေထည့်၊ ပိုလို ကြမ်းပိုးသတ်ဆေး တပုလင်း ထည့်။ နှာခေါင်းကိုလည်း အဝတ်စီးထားသည်။ ဆေးရည်နံ့ကို မခံနိုင်၍ ဖြစ်သည်။

“အမေ့နှာခေါင်း မခံနိုင်ရင် သမီးလုပ်မယ်” တိုးတိုးက ပြောပေမဲ့ မရ။ တုတ်ချောင်းမှာ တပ်ထားသော အဝတ်စကို ဆေးရည်ထဲ နှစ်ကာ ကုတင်ဘောင်တွေ၊ အခင်းတွေကို သုတ်။ အခန်း၏ ကြမ်းပြင်၊ ဖျာတွေကိုပါ အကုန် ဆေးရည်ရွှဲရွှဲ သုတ်သည်။ ပြီးမှ တနာရီလောက် အခန်းတံခါး ပိတ်ထားလိုက်သည်။ ထမင်းစား ပြီးတော့မှ အခန်းထဲရှိ ပစ္စည်းတွေ နေပူထုတ်လှန်းသည်။ ည ဦးချမ်းသာ ပြန်လာ၍အိပ်လျှင် အနံ့အသက် မရှိအောင် ဖြစ်သည်။

တိုးတိုး ဈေးရောက်လျှင် အမေဘာတွေ လုပ်သည်ကို ဖောက်သည်ချကာ ညီအစ်မနှစ်ယောက် အမေအတင်း ပြောကြသည်။

နောက်တပတ်ကြာတော့ အမေရယ်၊ စောစောစီးစီး ကုလား တယောက်နှင့် စကားပြောနေသည်။ ဦးချမ်းသာက ရိပ်သာ ထွက်သွားသည်။ သားသမီး သုံးယောက်လုံး အပြင်မထွက်သေး။ အစုံရှိနေကြသည်။

“နင်ကိုယ်တိုင် လုပ်နော်”

အမေက ကုလားကို ပြောနေသည်။ သမီးတွေက သူတို့အမေနှင့် ကုလား ဘာလုပ်နေသည်ကို ကြည့်နေကြသည်။ ကုလားက ထမင်းကြမ်း တောင်း၍ သူ့လက်ထဲမှ ဆေးမှုန့်ထုပ်ကို ဖြေ၍ လောင်းထည့်ကာ ထမင်းကြမ်းနှင့် နယ်သည်။ ဆီးစေ့လောက် အလုံးလေးတွေ လုံးလိုက်၏။ အမေပြသော နေရာကို ကုလားက ထမင်းလုံးလေးတွေ လိုက်ထားသည်။ အဖေ့အခန်း၊ မီးဖိုချောင်၊ မီးဖို အပြင်ဘက် မြေကြီးပေါ်က ကြွက်တွင်းတွေထဲကိုပါ ထည့်သည်။

“မနက်ကျ နင်ကိုယ်တိုင် လာကောက်”

ကုလားကို ဒေါ်စိန်ရင်က မှာနေသည်။ နောက်နေ့ ကုလားလာတော့ ကြွက် ဆယ်ကောင်လောက်ကို အသေရသည်။ ကြွက်တွေ သူတို့အိမ်မှာ သောင်းကျန်းနေတာ ကြာပြီ။ အဖေ့အိပ်ခန်းထဲက စာအုပ်စင်မှာထားသော စာအုပ်တွေ ကြွက်ကိုက်တာ မြင်တော့မှ အမေက ထလုပ်သည်။ စိုးစိုးက အမေ့ကို ဝေဖန်ချင်လာပြီ။

“အမေကလည်း ကြွက်သတ်ဆေး ကုလားကို လုပ်ခိုင်းတော့ အမေ ငရဲမကြီးဘူးတဲ့လား”

“ကြီးတာပေါ့” ဟု ဒေါ်စိန်ရင်က ခပ်အေးအေးပဲ ပြောသည်။ တိုးတိုးနှင့် ကိုဖြိုးကတော့ သူ့အစ်မ စကားကို စူးစိုက်နားထောင် နေကြသည်။

“အမေသေရင် ယမမင်းကြီးဆီမှာ အစစ်ခံရမှာ။ အဖေ့အတွက် လုပ်တာပါဆို လွှတ်မယ် ထင်လို့လား”

“အို အမေ တယောက်တည်း အစစ်ခံရမှာမှ မဟုတ်ဘဲ အိမ်ရှင်မတိုင်း အစစ်ခံရမှာ”

စိုးစိုး အံ့အားသင့် သွားသည်။ သူ့အမေ အဖြေက အဆန်း။

“မိသားစုတခုမှာ ဘယ်အိမ်ရှင်မ လွတ်မလဲ၊ အနည်းဆုံး ပန်းကန်ဆေးတာတို့၊ သန့်ရှင်းရေးအတွက် မီးဖိုဆေးရင်ပဲ ပုရွက်ဆိတ်က ရေထဲ မျောပါသွားတာပဲ။ ထမင်းရည်ငှဲ့လည်း အေးအောင် အိုးထဲ အရင်ငှဲ့ပေမယ့် အိုးထဲမှာ ကပ်နေတဲ့ ပုရွက်ဆိတ် မမြင်ရင် သေရတာပဲ။ အမေတို့ငယ်ငယ်က ရေနွေးပူပူ မြေကြီးပေါ် သွန်ပစ်ရင် သတ္တဝါတွေ ရှောင်ကြ၊ ရှားကြလို့ အော်ရတယ်။ သေစေလိုတဲ့ စေတနာမရှိကြောင်း ပြတဲ့အနေပေါ့။ အိမ်သန့်ရှင်းအောင်၊ အိမ်သားတွေ သက်သောင့်သက်သာ နေရအောင် လုပ်ရတာ အိမ်ရှင်မတိုင်းလိုလို မလုပ်မဖြစ် လုပ်နေရတာပဲ။ ကိုယ့်လင်၊ ကိုယ့်သား စားဖို့ ငါးအရှင်လတ်လတ် ထုခိုင်းရတာလည်း ဒီအိမ်ရှင်မပဲ။ အမေက စကားအဖြစ် ပြောတာပါ။ တတ်နိုင်သလောက် အမေတော့ ငါးအရှင်ကို ဝယ်လည်း မဝယ်ဘူး။ ထုလည်း မထုခိုင်းဘူး”

စိုးစိုး ရယ်လိုက်၏။

“အမေက စကားလွှဲပြောတယ်။ ယမမင်းကြီးက မေးရင် ဘာပြောမလဲ။ သားတွေ၊ သမီးတွေနဲ့ လင်အတွက် လုပ်ရတာပါ ဆိုပေမဲ့ အမေ့ကိုသာ အပြစ်ပေးမှာပေါ့”

“အို… ဒါကတော့ ယမမင်းကြီးမှာလည်း အိမ်ရှင်မ ရှိမှာပဲ။ ယမမင်းကြီးရဲ့ အိမ်ရှင်မကို မေးကြည့်လို့ ပြောရမှာပဲ”

သားတွေ၊ သမီးတွေက ရယ်လိုက်သည်။

“ဒီလိုပါ။ စိုးစိုးက အမေ့အတွက် စိုးရိမ်လို့ပါ။ အဖေ့မှာတော့ နိဗ္ဗာန်ရောက်ကြောင်း အကျင့်တွေ အားထုတ်လို့၊ ကုသိုလ်တွေ ရလို့။ အမေကတော့ ကြမ်းပိုးသတ်၊ ကြွက်သတ်၊ ခြင်သတ်ရနဲ့ အကုသိုလ်တွေ”

ဒီတခါ စိုးစိုးက ဣန္ဒြေရရ၊ မျက်နှာပေး တည်တည်နှင့် ပြောနေသည်။ ဒေါ်စိန်ရင်ကလည်း ခပ်အေးအေး မျက်နှာနှင့်ပင် စကား စသည်။ သူ ဒေါသဖြစ်ပုံ မရ။

“မယ်ဘဒ္ဒလို နှမ်းတွေလှမ်းရင်း ပိုးကောင်တွေ ထွက်လာတာကို ကျီးတွေ ကောက်စားတာ မြင်တာနဲ့ သံဝေဂရပြီး တောထွက်နိုင်ရင်တော့ ကောင်းတာပေါ့။ မိသားစုအတွက် မလုပ်မဖြစ် လုပ်ရတဲ့ အိမ်ရှင်မတွေရဲ့ စေတနာကိုတော့ ယမမင်း နားလည်မှာပါ။ သမီးက အမေ လုပ်တာတွေ မြင်တော့ ကုသိုလ်၊ အကုသိုလ်တွေ ပြောလာလို့ အမေက ပြောရဦးမယ်”

အမေ အေးအေးဆေးဆေး စကားစလာ၍ မောင်နှမသုံးယောက် ငြိမ်ကျသွားသည်။

“ဒီပျဉ်ထောင်အိမ် မဆောက်ခင်က ဒီမြေနေရာမှာ တဲလေး၊ မြေကွက်လေး ရတာနဲ့ ပြောင်းလာတာ။ အစက အမေတို့ အိမ်ခန်းကျဉ်းလေးမှာ ငှားနေရတယ်။ ထရံကာ၊ ဓနိမိုးပါ။ အဖေက ဟိုခေတ်က ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ စာရေး၊ လိုင်စင်ခေတ်ပေါ့။ နောက်မှ ရုံးအုပ် ဖြစ်တာ။ ခုလို ပျဉ်ထောင်အိမ်နဲ့ ဈေးထဲ ဆိုင်တခု ထူထောင်နိုင်အောင် သမီးတို့အဖေ လုပ်ခဲ့ရတာ သမ္မာအာဇီဝချည်းပဲလို့ မထင်နဲ့။ အဖေ အရင်းရအောင် လုပ်ပေးလို့ အမေက အိမ်ဆိုင်လေး ဖွင့်၊ အဖေ့အသိ ကုန်သည်တွေဆီက ရတဲ့အထည် အကြွေးယူ ရောင်းပြီး ပြန်ဆပ်နဲ့။ ဟိုခေတ်က လိုင်စင်ခေတ်မှာ အဖေ့အလုပ်က ကုန်သည်တွေနဲ့ ဆက်သွယ် နေရတာ၊ တရားသဖြင့်လည်း ပါတယ်၊ မတရားသဖြင့်လည်း ပါမှာပေါ့။ ဆိုးခိုးတိုက်ခိုက် ကျွေးတာမျိုး မဆိုလိုပါဘူး။ အလုပ်လုပ်ပေးလို့ ပေးတာဆိုပေမဲ့ လာဘ်သဘော ပါတာပေါ့။ ဒီလိုလုပ်လာရတဲ့ အဖေ့ကို ယမမင်းကြီး စစ်မှာတော့ သမီးတို့ ထည့်မတွေးဘူးလား။ တို့ကို နှစ်ပေါင်းလေးဆယ်နီးနီး အလုပ်ထဲမှာ သမ္မာအာဇီဝရော၊ သမ္မာအာဇီဝ မဖြစ်တာရော ကျုံးရုန်းပြီး လုပ်လာခဲ့ရတဲ့ သမီးတို့အဖေအတွက် ခုချိန်မှာ အေးအေးချမ်းချမ်း အနားယူနိုင်ဖို့ အမေ လုပ်ပေးတဲ့ အခါမှာလည်း ကုသိုလ်လည်း ပါပေါ့၊ အကုသိုလ်လည်း ပါမပေါ့။ အကုသိုလ် မဖြစ်အောင်တော့ ကြိုးစားရှောင်ပါတယ်။ တခုလည်း ရှိတယ်လေ။ သမီးတို့ဖေဖေက ‘ငါ ပင်စင်ယူပြီး အေးအေးဆေးဆေး ဖဲရိုက်ဦးမယ်’ ဆို ဖဲဝိုင်းထိုင်ရင် အမေ ဘာတတ်နိုင်မလဲ။ အိမ်မှာ ဣန္ဒြေရရ ပုလင်း မော့ချင်တယ် ဆိုရင် အမေ အမြည်းကြော်ပေး ရတော့မယ်။ ခုလို တရားထိုင်တာပဲ ကျေးဇူးတင်ရဦးမယ်။ ဒါပေမဲ့ အဖေ ရှာကျွေးစဉ်က ထိုင်စားလာခဲ့ရပြီ။ သမီးတို့ မပူမပင် နေရတာ အဖေ အလုပ်လုပ်ခဲ့လို့ပဲ။ အမေလည်း တဖက်က ရှာပါတယ်လို့လည်း ဆိုနိုင်ပါတယ်။ ခုတော့ လုံးလုံးလျားလျား အဖေ အနားယူပြီး သူ ကုသိုလ်ပဲ ရှာရတော့မယ်။ သူ အေးအေးလူလူ ကုသိုလ်ယူနိုင်အောင် အမေတာဝန်ယူတဲ့ အမေ့အချိန်၊ အမေ့အပိုင်းကို ရောက်တဲ့အခါ ‘အလှည့်ကျတော့ မနွဲ့ရဘူးပေါ့’ သမီး။ သားကျွေးမှု၊ မယားကျွေးမှုအတွက် သူ့ခမျာ ယမမင်းကြီးကိုတောင် သတိမရဘဲ အနှစ်လေးဆယ်လုံးလုံး လုပ်လာခဲ့ရတာ။ အမေ့အလှည့်ကျမှ ယမမင်းကြီး ကြောက်ပြီး ကိုယ်လွတ်ရုန်း ပြေးရင် တရားပါ့မလား”

စိုးစိုးသည် ပါးစပ်အဟောင်းသားနှင့် ဘာပြန်ပြောရမှန်း မသိတော့ပေ။

▪️▪️▪️
#ခင်နှင်းယု
#ကလျာ မဂ္ဂဇင်း၊ ဇွန်၊ ၁၉၉၃။